ရှေးခေတ်ပုံစံ တားမြစ်အချစ်လား
Vol. 28 Ch. 278
ချန်ဟွိုက်အန်က အားလုံးထက် ထူးပြီး ဉာဏ်မကောင်းလှသော်လည်း...
သူကိုယ်တိုင် ရိပ်မိသည်မှာ လီချင်းရန်စိတ်ကောက်နေပြီ ဆိုသည်ပင်။
သူ၏အသံမှာ တည်ငြိမ်နေသော်လည်း သူ၏ မျက်ဝန်းများကို ကြည့်လိုက်ပါ။ မြူနှင်းများ ဖုံးနေသော ပြတင်းပေါက်တစ်ခုလို ဝေဝါးနေ၏။ လက်ချောင်းလေးများက ဓားရိုးကို မသိမသာ ပွတ်သပ်နေပြီး ပတ်ပတ်လည်တွင် မမြင်ရသော ဓားစွမ်းအင်များ ဝဲပျံနေသည်။ အခင်းအကျင်း ဘေးနားမှ ဒူးခေါင်းလောက် မြင့်သော မြက်ပင်များမှာလည်း ဓားချီကြောင့် မြေပြင်နှင့် ကပ်အောင်အထိ အကုန် ပြတ်တောက်သွားပြီ ဖြစ်သည်။
ထိုအတိုင်းသာဆိုလျှင် သူက အချိန်မရွေး ဓားကို ဆွဲထုတ်လိုက်တော့မည့် ပုံစံပင်။
“ဆရာ့မိန်းမ။ ကျွန်မလား။” လင်းလင်လင်က သူ့ကိုယ်သူ လက်ညှိုးထိုးပြရင်း ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် မေးလိုက်သည်။
သူက ချန်ဟွိုက်အန်နှင့် လီချင်းရန်ကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက် ရုတ်တရက် အခြေအနေကို သဘောပေါက်သွားသည်။
သြော်... ဒါဆို လီချင်းရန်ဆိုတာ အုပ်ချုပ်ရေးမှူး ပြုစုပေးနေရတဲ့ အစ်မကြီးပေါ့။ အခု သူတို့က ဇာတ်လမ်းဆင်ပြီး ကစားနေကြတာလား။
ဆရာနဲ့ တပည့်ကြားက ရှေးဟောင်းပုံစံ တားမြစ်ထားတဲ့ အချစ်ဇာတ်လမ်းပေါ့ ဟုတ်လား။
ဘယ်လိုပဲ ပြောပြောပါ။ အမှန်အတိုင်း ပြောရရင်...
ဒီအစ်မလှလှက အသက် ဘယ်လောက်ရှိနေပြီလဲ မသိပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ တကယ် ထိန်းသိမ်းနိုင်တာပဲ။ ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အရှိန်အဝါက လုံးဝကို ပျောက်မသွားဘူး။ သူတို့ အခုလို ခေတ်ဟောင်းပုံစံ တားမြစ်အချစ် ဇာတ်လမ်းမျိုး ခင်းနေတာတောင် ဘယ်နေရာမှာမှ အံချော်မနေဘူး။
“ငါတို့က အဲဒီလို မဟုတ်ပါဘူး၊ တကယ်ပါ။ ချင်းရန်... မင်း အထင်လွဲနေပြီ။”
ချန်ဟွိုက်အန်က လက်ကာပြရင်း အသည်းအသန် ရှင်းပြလိုက်ရသည်။ “သူက... အင်း၊ ဂိုဏ်းတူ ညီမလေးတစ်ယောက်လို့ ပြောလို့ရတာပေါ့။”
“ဟုတ်တယ်။ ဟုတ်တယ်... အစ်မ အချောလေးရေ... ကျွန်မက အသက် ၁၂နှစ်ပဲ ရှိသေးတာပါ။ အုပ်ချုပ်ရေးမှူးနဲ့ အဲဒီလို ပတ်သက်မှုမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ စိတ်မပူပါနဲ့...” လင်းလင်လင်မှာ မိန်းမလှ အရှေ့တွင် ခါတိုင်းလို စက်ရုပ်လို အေးစက်၍ မနေတော့ဘဲ တက်တက်ကြွကြွဖြင့် ဖော်လံဖားလာတော့သည်။
လီချင်းရန်က လင်းလင်လင်ကို အာရုံစိုက်ကြည့်လိုက်သောအခါ သူ၏ ကျင့်ကြံခြင်းအဆင့်က ချီစွမ်းအင်သန့်စင်ခြင်း တတိယအဆင့်သာ ရှိသည်ကို သတိထားမိလိုက်သည်။
ထို့ပြင် သူ၏ အရိုးသက်တမ်းအရ တကယ်ပင် အသက် ၁၂နှစ်သာ ရှိသေးသည်။
ဆရာက အသက် ၁၂နှစ်အရွယ် ကလေးမလေးကို မိန်းမအဖြစ် ထားစရာ အကြောင်းမရှိပါဘူး။ အဲဒါက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။
ကြည့်ရတာ ငါပဲ အတွေးလွန်သွားတာ နေမှာပါ။
အထင်လွဲမှု ပြေလည်သွားသောအခါ သူ၏ မျက်ဝန်းထဲမှ ဝေဝါးမှုများ ကွယ်ပျောက်သွားသည်။ သူ မျက်တောင်ခတ်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု တဖြည်းဖြည်း ပေါ်လာ၏။
လီချင်းရန် ပြုံးလိုက်သည်ကို မြင်ရမှသာ ချန်ဟွိုက်အန်လည်း သက်ပြင်းချနိုင်တော့သည်။
သူ ဖုန်းကို ခိုးကြည့်လိုက်သောအခါ အကြောင်းကြားစာ အများအပြား တက်နေသည်ကို တွေ့လိုက်ရ၏။
[ သင့်ရဲ့ ပုံရိပ်ယောင်ကောင်မလေး တစ်မိနစ်အတွင်း ဆင်းသက်လာပါမယ် ]
[ ကျေးဇူးပြု၍ သင်အလိုရှိသော အထူးအကျိုးသက်ရောက်မှု ပက်ကေ့ချ်ကို ရွေးချယ်ပါ ]
(၁) အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံဆင့် (လီချင်းရန်အတွက်သာ အကျုံးဝင်သည်) – ၉၉၉၉ယွမ်
(၂) ဆံပင်ဖြူဖြင့် ကိုယ်ပွားဆင်းသက်ခြင်း – တစ်ရက်လျှင် ၆၆၆ယွမ်
(၃) ဝတ်စုံတူဖြင့် ကိုယ်ပွားဆင်းသက်ခြင်း – တစ်ရက်လျှင် ၈၈၈ယွမ်
(၄) ယာယီ စကားပြောဟန် ပြင်ဆင်ခြင်း – တစ်နာရီလျှင် ၁၉၉၈ယွမ်
...
[ သင့်ရဲ့ ပုံရိပ်ယောင်ကောင်မလေး ၁၀စက္ကန့်အတွင်း ဆင်းသက်လာပါမယ်... ]
...
[ သင်ရဲ့ ပုံရိပ်ယောင်ကောင်မလေး ဆင်းသက်လာပါပြီ ]
[ အထူးအကျိုးသက်ရောက်မှု ပက်ကေ့ချ်ကို ပိတ်လိုက်ပါပြီ။ ကံကောင်းပါစေ... ]
ချန်ဟွိုက်အန် - “...”
နေပါဦး။ ခဏလေး။
တစ်ခုခုကို မေ့နေတာ မဟုတ်ပါဘူးနော်။
ငါက အခု တီရှပ်၊ ဘောင်းဘီတိုနဲ့ ဆံပင်တိုတိုနဲ့လေ။ တကယ့် ခေတ်မီတဲ့ ယောက်ျားလေးပုံစံ။
ဒါဆိုရင် ငါ့ရဲ့ မူလပုံစံက ပေါ်သွားမှာပေါ့ မဟုတ်ဘူးလား...
လီချင်းရန်က ချန်ဟွိုက်အန်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသောအခါ သင်းပျံ့သော ရနံ့လေးတစ်ခု လွင့်ပျံ့လာသည်။ သူ၏ ခြေလှမ်းတိုင်းက တောအုပ်ထဲတွင် စူးစမ်းနေသော သမင်လေးတစ်ကောင်လိုပင်။
အစပိုင်းတွင် သူက ချန်ဟွိုက်အန်၏ ဘေးနားတွင် အေးအေးဆေးဆေး ရပ်နေသော်လည်း သူ့ဘေးတိုက်မျက်နှာကို ခိုးခိုးကြည့်နေသည်။ သူ၏ တောက်ပသော မျက်ဝန်းလေးများမှာ စူးစမ်းလိုစိတ်ဖြင့် တဖျတ်ဖျတ် တောက်နေ၏။
မရည်ရွယ်သလိုမျိုးဖြင့် သူက ချန်ဟွိုက်အန်ဘေးနားကို ကပ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ အနံ့ခံလိုက်သည်။
ဟုတ်တယ်။ ဒါက ဆရာ့မှာပဲ ရှိတဲ့ ထူးခြားတဲ့ ရနံ့ပဲ။
လီချင်းရန်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး နှုတ်ခမ်းလေးကို ပြုံးယောင်သန်းလိုက်သည်။
“ဆရာ... ဆရာ့ရဲ့ ဆံပင်တွေက ပြန်ရှည်လာနေတုန်းပဲလား။”
“သြော်...အင်း။ ဒီကမ္ဘာက ငါ့ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားလို့ ဆံပင်ပေါက်တာ နည်းနည်း နှေးနေတာ။”
ချန်ဟွိုက်အန်က ကြိုတင်ပြင်ဆင်ထားသော ဆင်ခြေကို ချက်ချင်း ထုတ်သုံးလိုက်သည်။
သူ ၎င်းကို ကြိုစဉ်းစားထားမိ၍ တော်သေးသည်။
“နားလည်ပါပြီ။ ဒါကြောင့်လည်း ဆရာ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ချီစွမ်းအင်သန့်စင်ခြင်း နဝမအဆင့်လို့ပဲ ပြနေတာကိုး။”
လီချင်းရန်က ဘာမှ ထပ်မမေးတော့ပေ။
ဘာပဲဖြစ်ဖြစ် ဒါက ကမ္ဘာအသစ်တစ်ခု မဟုတ်လား။ ဒီကမ္ဘာက စိတ်ဝိညာဉ် ချီစွမ်းအင်တွေက အရမ်းကို ပါးလွှာလွန်းလို့ ငါကိုယ်တိုင်တောင် နေမထိထိုင်မသာ ဖြစ်နေရတယ်။ ဆရာ့ရဲ့ ထူးဆန်းတဲ့ အဝတ်အစားတွေကလည်း ဒီကမ္ဘာနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ဝတ်ထားနေမယ်။
ထူးဆန်းတာ ဘာမှ မရှိပါဘူး။
“ဟူး။ အဲဒါကြောင့်လည်း မင်းကို ဆင့်ခေါ်လိုက်ရတာပေါ့။”
ချန်ဟွိုက်အန်က ဟန်ဆောင်ပြီး သက်ပြင်းချလိုက်ရင်း တည်ကြည်စွာ ပြောလိုက်သည်။ “ဒီကမ္ဘာက ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်တဲ့ပုံစံက တကယ့်ကို ကြောက်စရာကောင်းတယ်။ မဟာတက်လှမ်းခြင်းအဆင့်ဆိုရင် ချီသန့်စင်ခြင်း အောက်အထိ အဖိခံရတယ်။ ဟင်းလင်းပြင် ပေါင်းစည်းခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်း အောက်ကို ရောက်သွားတယ်။ ပေါင်းစည်းခြင်းအဆင့်က ရွှေရောင်အနှစ်သာရ အဆင့်ထိ ကျဆင်းသွားတယ်... ဒါပေမဲ့ အခြေတည်ဝိညာဉ်အဆင့်အောက်ဆိုရင်တော့ ဖိနှိပ်မှု မရှိဘူး။ ငါက အခု အန္တရာယ်ရှိတဲ့ နေရာကို သွားတော့မှာမို့လို့ တခြားနည်းလမ်း မရှိတော့လို့။”
လီချင်းရန်၏ မျက်နှာမှာ ချက်ချင်း တည်ကြည်သွား၏။
“နားလည်ပါပြီ။ ဒါဆိုရင် ဆရာ ကျွန်မကို ခေါ်လိုက်တာ တကယ် မှန်သွားတယ်... ဆရာ့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးရမှာက တပည့်တစ်ယောက်ရဲ့ တာဝန်ပဲလေ...”
လင်းလင်လင်၏ အကြည့်မှာ သူတို့နှစ်ယောက်ကြားထဲတွင် ဘောလုံးလေး တစ်လုံးလို ဟိုဘက်ဒီဘက် ကူးလူးနေပြီး ပါးစပ်ကလည်း အနည်းငယ် ဟနေသည်။
ဒါတွေက ဘာတွေလဲ။
ကောင်းကင်တာအိုက ကျင့်ကြံဆင့်ကို ဖိနှိပ်တာတွေ... ဟင်းလင်းပြင်ပေါင်းစည်းခြင်းနဲ့ ပေါင်းစည်းခြင်း အဆင့်တွေ...
ဒါတွေက ဘာကြီးတွေလဲ။
ဒီနှစ်ယောက်ကတော့ ဇာတ်လမ်းထဲကို တော်တော်လေး စီးဝင်နေကြတာပဲ...
“ဟို... အုပ်ချုပ်ရေးမှူး။ ရှင် ဇာတ်လမ်းထဲကို အရမ်း စီးဝင်နေတယ်လို့ မထင်ဘူးလား...။”
“ဇာတ်လမ်းထဲ စီးဝင်တယ်။ အဲဒါက ဘာကို ဆိုလိုတာလဲ။” လီချင်းရန်က လင်းလင်လင်၏ စကားကို နားမလည်ဘဲ အပြစ်ကင်းစင်စွာ မျက်တောင်ခတ်ရင်း မေးလိုက်သည်။
ချန်ဟွိုက်အန်က လင်းလင်လင်၏ ပါးစပ်ကို အမြန် ပိတ်လိုက်ပြီး ဟန်ဆောင် ရယ်မောလိုက်ရသည်။ “အဟားဟား။ ဘာမှမဟုတ်ပါဘူး... ဒီကလေးက တစ်ခါတလေကျရင် တောင်စဉ်ရေမရတွေ ပြောတတ်လို့ပါ။ သူ ဘာတွေ လျှောက်ပြောနေလဲ ဆိုတာကို ငါကိုယ်တိုင်တောင် နားမလည်ဘူး။ အဟားဟားဟား...”
လင်းလင်လင် - “အွန်း... အွန်း... အွန်း... (ကျွန်မက ကလေး မဟုတ်ဘူး...)”
“အဟမ်း။ တပည့်... သူ့အတွက် ကာကွယ်ရေးအခင်းအကျင်း တစ်ခုလောက် ချပေးလိုက်ဦး။”
ချန်ဟွိုက်အန်က လင်းလင်လင်၏ ပုခုံးကို လက်ဖြင့် ဖိထားရင်း လီချင်းရန်ကို တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
“သူ့ကို ခေါ်သွားဖို့က အန္တရာယ်များလွန်းတယ်။ အန္တရာယ်နဲ့တွေ့ရင် သူ့ကို ကာကွယ် ပေးနိုင်မှာ မဟုတ်ဘူး။ အခင်းအကျင်း ချပြီးတာနဲ့ ငါတို့ ထွက်ကြတာပေါ့။”
သူက လီချင်းရန်နှင့်အတူ အမြန် ထွက်ခွာချင်နေပြီ ဖြစ်သည်။
ထိုကလေးမလေး၏ ဘေးနားတွင် ကြာကြာနေလေလေ သူ၏လျို့ဝှက်ချက် ပေါက်ကြားရန် အခွင့်အရေး ပိုများလေလေ မဟုတ်ပါလား။
မှန်ပေသည်။ လီချင်းရန်က သူ့ကို အပြည့်အဝ ယုံကြည်သည်။ သူ ဘာပြောပြော ယုံပေမည်။
သို့သော် သူလည်း သိက္ခာတော့ ရှိပါသေးသည်။ ဟုတ်တယ်မလား...
“နားလည်ပါပြီ။ ကျွန်မတာဝန် ထားလိုက်ပါ...”
လီချင်းရန် ခေါင်းညိတ်ပြီး မျက်နှာကို တည်ငြိမ်အောင် ထားလိုက်သည်။
သူက ဝိညာဉ်ပုံဆောင်ခဲများကို ချက်ချင်းထုတ်ယူကာ ရွှေရောင်အနှစ်သာရအဆင့် ရှိသော ကိုယ်ယောင်ဖျောက်အခင်းအကျင်းကို စတင်ခင်းကျင်းလိုက်ပြီး အထဲတွင် လျို့ဝှက်ချပ်ကာ အခင်းအကျင်းကိုပါ အထပ်ထပ် ထည့်သွင်းလိုက်သည်။
သူ အခင်းအကျင်း ရေးဆွဲရန် ဒူးထောက်လိုက်သော ပုံစံလေးမှာပင် ကြည့်ကောင်း လွန်းလှသည်။
“အုပ်ချုပ်ရေးမှူး... ရှင်ကတော့ တကယ့် ဒဏ္ဍာရီပဲ...” လွတ်လပ်သွားသော လင်းလင်လင်က ချန်ဟွိုက်အန်ကို လက်မထောင်ပြလိုက်သည်။
“ရှင်က အသက်တစ်ထောင်ကျော်တဲ့ အစ်မကြီးကိုတောင် မျက်စိမှိတ်ယုံအောင် ပြောနိုင်ပြီး အခုဆိုရင် မိစ္ဆာနှိမ်နင်းသူဗျူရိုအတွက် အရင်းအမြစ်တွေတောင် ရအောင် လုပ်ပေးနေပြီ။ ရှင်က ကျွန်မရဲ့ အိုင်ဒေါပဲ...”
“မင်း ပါးစပ်မပိတ်ထားရင် မင်းကို ဒီချောက်ထဲ ပစ်ချလိုက်မယ်...” ချန်ဟွိုက်အန်၏ မျက်နှာ မည်းမှောင်သွားတော့သည်။
ကံကောင်းစွာဖြင့် ကိုယ်ယောင်ဖျောက်အခင်းအကျင်းမှာ အလုပ်လုပ်နေပြီ ဖြစ်သည်။
သူနှင့် လင်းလင်လင်မှာ အခင်းအကျင်း၏ အပြင်ဘက်တွင် ရှိနေခြင်းဖြစ်သည်။ မဟုတ်လျှင် လီချင်းရန်၏ ရွှေရောင်အနှစ်သာရ အစွမ်းနှင့်ဆိုလျှင် ထိုကလေးမလေး၏ တိုးတိုးလေး ပြောသံကို သေချာပေါက် ကြားသွားပေလိမ့်မည်။
“အသက်တစ်ထောင်ကျော်တဲ့ အစ်မကြီး။ မိစ္ဆာနှိမ်နင်းသူဗျူရို။”
အခင်းအကျင်းထဲတွင် လျို့ဝှက်ဝတ်စုံအခင်းအကျင်းကို ထည့်သွင်းနေရင်း လီချင်းရန် ခေါင်းလေးကို စောင်းလိုက်သည်။
ထို့နောက် ပြုံးပြီး ခေါင်းခါလိုက်သည်။
“ကလေးတွေဆိုတာ ကလေးတွေပါပဲ။ ပါးစပ်ထဲ ရှိရာ လျှောက်ပြောနေတာ...”
“စိတ်ချရအောင်လို့ အလယ်အလတ်အဆင့် သတ်ဖြတ်ခြင်းအခင်းအကျင်းတစ်ခုပါ ထပ်ပြီး ထည့်လိုက်ဦးမယ်။”
ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ အခင်းအကျင်းမှာ အပြည့်အစုံ ဖြစ်သွားခဲ့လေပြီ။
ချန်ဟွိုက်အန်က လင်းလင်လင်ကို တင်းတင်းကျပ်ကျပ် မှာလိုက်သည်။
အခင်းအကျင်းနယ်မြေထဲကနေ မထွက်ကြောင်း ကတိပေးမှသာ သူက လီချင်းရန်နှင့်အတူ ထွက်ခွာခဲ့တော့သည်။
ရှေ့ဆက်ရမည့် ခရီးမှာ သူ၏ ချစ်စဖွယ် တပည့်မလေးနှင့်အတူ လှပသော တောတောင် စွန့်စားခန်းလေးပင်...
ထိုခရီးတွင် မည်သူ၏ အနှောင့်အယှက်ကိုမျှ မခံနိုင်ပေ။
C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ တောင်ထိပ်အနီးတွင်...
လင်းဟောက်သည် မှန်ပြောင်းကို အောက်ချလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ “နောက်ဆုံးတော့... အဲဒီ ချန်ဟွိုက်အန်ဆိုတဲ့ကောင် ထွက်သွားပြီ။”
“သခင်လေး... အခုပဲ စလှုပ်ရှားကြမလား။” လင်းမိသားစုမှ နိုးထသူ အချို့က သူ့ဘေးတွင် ကြွက်များကဲ့သို့ စုရုံးရောက်ရှိလာကြသည်။
“မလုပ်သေးနဲ့။ ခဏလောက် ထပ်စောင့်ဦး...” လင်းဟောက်က ပုန်းကွယ်ရာနေရာသို့ ပြန်ဝင်လိုက်ပြီး စက္ကန့်တွေကို တိတ်တဆိတ် ရေတွက်နေသည်။
လွန်ခဲ့သော သုံးရက်က သူသည် C ပြည်နယ်ဗျူရိုဆီမှ ကျန်းမာရေး ဆေးလုံးများ၊ ဓားဓာတ်လုံးများ၊ အဆောင်များနှင့် အထူးသဖြင့် အရိုးသန့်စင်ဆေးလုံးများကို ဝယ်ယူရန် ကြိုးစားခဲ့သေးသည်။
အရိုးသန့်စင်ဆေးလုံး၏ အစွမ်းကို သိလိုက်ရသောအခါ သူ အတော်လေး အံ့ဩသွားခဲ့ရသည်။
၎င်းက လျို့ဝှက်ဂိုဏ်းများ အသုံးပြုသော ဆေးလုံးများကဲ့သို့ အစွမ်းထက်လှသည်။
ထိုပစ္စည်းများက တကယ့်ကို တန်ဖိုးရှိလှကြောင်းကို လူအထူးအဆန်း မဟုတ်သူပင် သိနိုင်သည်။
သို့သော် ကျောက်ရင်းဆိုသော မိန်းမက သူ၏ ကမ်းလှမ်းချက်တွင် စိတ်ရင်းမပါဘူးဆိုပြီး အေးစက်စွာ ငြင်းလွှတ်ခဲ့သည်။
ဘာလဲ... ဆေးလုံးတစ်လုံးအတွက် သိန်းသုံးရာက မလုံလောက်သေးလို့လား...
အစပိုင်းတွင် သူသည် သားရဲဖမ်းပြိုင်ပွဲအတွင်း ကျင့်ကြံသူတစ်ဦးဦးနှင့် ရင်းနှီးအောင်လုပ်ပြီး အရင်းအမြစ်အချို့ကို ရယူရန် စိတ်ကူးထားခဲ့ခြင်း ဖြစ်သည်။
သို့သော် တက်လှမ်းသူများက သူ့ကို လှည့်ပင် လှည့်မကြည့်ကြပေ။
သူတို့က သူ့ထက် ဆယ်နှစ်စောပြီး ကျင့်ကြံခဲ့ရုံသာ မဟုတ်ပါလား။
သူ့တွင် ဆယ်နှစ်လောက် အချိန်ပိုရှိခဲ့လျှင် သူတို့အားလုံးကို နင်းခြေပစ်လိုက်ပေမည်။
သို့သော် သူ ဝန်ခံရမည့်အရာ တစ်ခု ရှိသည်။
စိတ်ဝိညာဉ်ချီစွမ်းအင်များ ပြန်နိုးထလာခြင်းက အလွန် မြန်ဆန်လွန်းလှသည်။ နေ့စဉ်နှင့်အမျှ အသစ်အသစ်များ ပြောင်းလဲနေသည်။ သူက အနောက်တွင် ကျန်ရစ်နေခဲ့လေပြီ။
ထိုအချိန်မျိုးမှာ ခြေလှမ်းတစ်လှမ်း မှားရုံနှင့်တင် အနာဂတ် ပျက်စီးသွားနိုင်၏။
တကယ့် ထိပ်တန်းလူတစ်ယောက် ဖြစ်လာရန် အကောင်းဆုံးနှင့် အသစ်ဆုံး အရင်းအမြစ်များ လိုအပ်သည်။
သားရဲဖမ်းပြိုင်ပွဲတွင် ထိုအရာများ ရှိသော်လည်း သူ မရနိုင်ပေ။
C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် ထိုအရာများ ရှိသော်လည်း သူတို့ကို မပေးပေ။
ဒါပေမဲ့ တောက်... ငါ အရိုးသန့်စင်ဆေးလုံးကို တကယ် လိုချင်တာ...
တစ်လုံးလောက်ပဲ ရောင်းပေးဖို့ မဖြစ်နိုင်ဘူးလား။
တကယ်လို့ ငါ့မှာ တစ်လုံးရှိရင် ဘယ်လောက်တောင် နေလို့ကောင်းလိုက်မလဲ။ အသစ်တစ်ဖန် ပြန်မွေးဖွားလာသလိုမျိုးပေါ့...
သူတို့က ငါ့ကို မပေးဘူးဆိုမှတော့...
ဒါဆိုရင်တော့ ငါလည်း လူပြန်ပေးဆွဲပြီးမှ လဲယူရတော့မှာပေါ့။
...