← Chapters

ပိုးကောင်များ

Vol. 28 Ch. 279

ပိုးကောင်များ

Vol. 28 Ch. 279

ချန်ဟွိုက်အန် ထွက်သွားပြီး ၁၅မိနစ်အကြာတွင်။

“ကဲ... အချိန်ကျပြီ။ ထွက်သွားသင့်တဲ့သူတွေလည်း အဝေးကြီး ရောက်လောက်ပြီ...”

လင်းဟောက်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ “လှုပ်ရှားကြစို့...”

သူက မွေးရာပါ အင်မတန် သတိကြီးသူတစ်ယောက် ဖြစ်သည်။

ယခုလို ၁၅မိနစ် စောင့်လိုက်ခြင်းက ချန်ဟွိုက်အန် တစ်ခုခုကြား၍ ဖြစ်စေ၊ အကူအညီ တောင်းသော အချက်ပြချက် ရ၍ဖြစ်စေ၊ အချိန်မီ ပြန်မလာနိုင်တော့ကြောင်း သေချာစေခဲ့ပြီ။

ထို့အပြင် သူတို့ အလုပ်ပြီးသည်နှင့် သားရဲဖမ်းပြိုင်ပွဲတွင် ဆက်နေစရာ မလိုတော့ပေ။ သူ့အဖွဲ့နှင့်အတူ ချက်ချင်း ဆုတ်ခွာသွားမည် ဖြစ်သည်။

လင်းဟောက် အပါအဝင် စုစုပေါင်း လူ ၅ယောက်က လင်းလင်လင်ရှိရာ ချောက်ကမ်းပါးကို ဝိုင်းရံလိုက်ကြသည်။ သူတို့က တောင်ပေါ်သို့ လမ်းကြောင်း ၅ခုမှနေ၍ အရှိန်အကုန်တင်ကာ တက်လာခဲ့ကြသည်။

ထိုအချိန်တွင် လင်းလင်လင်က ချဉ်းကပ်လာနေသော အန္တရာယ်ကို လုံးဝ သတိမထား မိသေးပေ။

သူက မန်ဂါစာအုပ်တစ်အုပ်ကို ပိုက်ကာ မုန့်များကို အရသာရှိရှိ ဝါးနေ၏။

သူ့ဆီတွင် ရှိနေသော မုန့်များတင် ဧရာမ ရေခဲသေတ္တာကြီး တစ်လုံးစာလောက် ရှိနေသည်။ အစားအသောက်များကတော့ အလျှံပယ်ပင်။

“ထူးဆန်းလိုက်တာ။ တောင်ထိပ်ပေါ်က တဲလေးက ဘယ်ရောက်သွားတာလဲ။ ခုနတင် ငါ မြင်လိုက်ပါသေးတယ်...”

လင်းဟောက်က သူ့လူများနှင့်အတူ တောင်ထိပ်ပေါ်တွင် ရပ်ရင်း ရှေ့က ကွင်းပြင်ဗလာကြီးကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။

တဲလေးကို ထားလိုက်ဦး။ ကျောက်ခဲတစ်လုံးတောင် ကျန်မနေခဲ့ဘူး။

ချန်ဟွိုက်အန်က မထွက်ခင် တဲကိုပါ တစ်စစီဖြုတ်ပြီး ယူသွားတာလား။ အနည်းဆုံးတော့ အပျက်အစီးလေးတွေ ကျန်ရမှာ မဟုတ်ဘူးလား။

“သခင်လေး... အဲဒါ ပုံရိပ်ယောင် တစ်ခုခုများလား။” သူ့လူတစ်ယောက်က အကြံပြုသည်။ “ဟိုတစ်ခေါက် အင်မော်တယ် လီကျိုက်ထျန်နဲ့တုန်းက မှတ်မိလား။ သခင်လေး သူ့အခန်းကို ရှာချင်တာကို စင်္ကြံလမ်းမှာပဲ ပတ်ချာလည်နေခဲ့တာလေ။ အဲဒီလိုမျိုးများလား...”

“ပါးစပ်ပိတ်ထား...”

လင်းဟောက်၏မျက်နှာ မည်းမှောင်သွား၏။ သူက ကွင်းပြင်ကို မျက်မှောင်ကြုတ်ကြည့်ကာ အော်ဟစ်လိုက်သည်။ “ဟေ့... C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက ကောင်မလေး... မင်း အထဲမှာ ရှိနေတာ ငါတို့ သိတယ်။ ကောင်းကောင်းမွန်မွန် ထွက်လာခဲ့။ ဒါမှ သိပ်ပြီးတော့ မနာကျင်ရမှာ...”

တဲထဲတွင်တော့ မုန့်များကို ပါးစပ်ထဲ အတင်းထိုးထည့်နေသော လင်းလင်လင်မှာ ဆတ်ခနဲ တောင့်သွား၏။

သူတို့က ငါ့ရဲ့အိမ်ကို သူတို့ ပစ္စည်းလုမယ့် နေရာလိုမျိုး လာလုပ်နေကြတာလား။

တောက်။ ဒါကို သည်းခံနေရမှာလား။

ငါက ရွေးချယ်ခံရသူလေ...

လင်းလင်လင်က ဘာမှ စဉ်းစားမနေတော့ဘဲ အာလူးကြော်ထုပ်ကို ဘေးပစ်လိုက်ကာ သူ၏ လှံကိုဆွဲပြီး ဝုန်းဒိုင်းကြဲကာ ထွက်လာခဲ့သည်။

သူ ကိုယ်ယောင်ဖျောက် အခင်းအကျင်း အပြင်ဘက်ကို ခြေချလိုက်သည်နှင့် လင်းဟောက်နှင့် သူ့လူများ၏ ရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။

“ငါ့ကို လာစိန်ခေါ်ချင်တာလား။ ဘယ်သူက အသက်မရှင်ချင်တာလဲ ကြည့်ကြသေးတာပေါ့...”

မကြာသေးမီက ကျင့်ကြံခြင်းအဆင့် အတော်လေး တိုးတက်လာခဲ့သဖြင့် လင်းလင်လင်မှာ အတော်လေး လေကြီးနေ၏။

သူ ဘယ်ညာကို ဝှေ့ကြည့်လိုက်သည်။ ဗိုလ်ချုပ်အဆင့် နှစ်ယောက်၊ ဘုရင်အဆင့် သုံးယောက်။ အားလုံးက သူဌေးသား အလေအလွင့်များချည်းပင်။

ထို့ပြင် ခေါင်းဆောင်က တခြားသူ မဟုတ်။ “မီးတောက်လက်သီး”ဟူ၍ လူသိများသော လင်းမိသားစု၏သားကြီး လင်းဟောက် ဖြစ်နေသည်။

သူတို့ကို ချမှာလား။ ဆုတောင်းလေ..

လင်းလင်လင် အူကြောင်ကြောင် ရယ်လိုက်ပြီး လှံကို ကျောတွင်လွယ်ကာ တဲထဲသို့ ချက်ချင်း ပြန်ဝင်ပြေးတော့သည်။

“အုပ်ချုပ်ရေးမှူး... ကယ်ပါဦး... လူသတ်သမားတွေ လာနေပြီ...”

သူ အထဲကို ပြေးဝင်သွားပြီး မိစ္ဆာနှိမ်နင်းသူဗျူရို၏ အထူးလက်ပတ်နာရီကို သုံးကာ ချန်ဟွိုက်အန်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။

[ တောင်းပန်ပါတယ်။ သင်ခေါ်ဆိုသော အသုံးပြုသူမှာ ဖုန်းပိတ်ထားပါတယ်။ နောက်မှ ထပ်မံ ခေါ်ဆိုကြည့်ပါ ]

“သွားပြီ...”

လင်းလင်လင်၏ ခြေထောက်များ ပျော့ခွေသွားပြီး ဒူးထောက် ရက်လျက်သား လဲကျသွား၏။

ငါ သိထားသင့်တယ်။ အုပ်ချုပ်ရေးမှူးချန်နဲ့ အသက်တစ်ထောင် အစ်မကြီးတို့က နှစ်ယောက်တည်း ဒိတ်လုပ်နေကြတာလေ။ ငါ့လို လူပိုတစ်ယောက်ကို အနှောင့်အယှက် ပေးခွင့်ပြုမှာ မဟုတ်ဘူး။

“ဒါ ပုံရိပ်ယောင်အစစ်ပဲ...”

အပြင်ဘက်တွင် လင်းလင်လင် ပြန်ပျောက်သွားသောအခါ လင်းဟောက် ပို၍ စိုးရိမ်လာသည်။

သူက စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်သည်။ သူ၏ လက်သီးနှစ်ဖက်စလုံးမှာ တောက်လောင်နေသော မီးတောက်များဖြင့် ဖုံးလွှမ်းသွားပြီး သူ့လူများကို လှည့်ပြီး အော်လိုက်သည်။ “ရိုက်ခွဲပစ်ကြ...”

ပုံရိပ်ယောင်အခင်းအကျင်းက သူတို့ရှေ့တည့်တည့်တွင် ရှိနေသည်မှာ သေချာသည်။

အတိအကျ ရှာမတွေ့လျှင် အကုန်လုံးကို ရိုက်ခွဲပစ်လိုက်ရုံပင်။

လက်အောက်ငယ်သား လေးယောက်က တိုက်ခိုက်လိုက်ကြသည်။ စွမ်းအင်ပေါက်ကွဲမှုများက ကိုယ်ယောင်ဖျောက်အခင်းအကျင်းပေါ် ကျရောက်သွားသော်လည်း လှိုင်းတွန့်လေးတစ်ခုပင် မပေါ်ခဲ့ပေ။

“အသုံးမကျတဲ့ အမှိုက်တွေ၊ ဖယ်စမ်း။ ငါလုပ်မယ်...”

လင်းဟောက် ကိုယ်တိုင် ရှေ့ထွက်လာသည်။ သူ၏ တောက်လောင်နေသော လက်သီးများက အခင်းအကျင်းကို ထိမှန်သွားပြီး သူ၏ တစ်ကိုယ်လုံး အခင်းအကျင်းထဲသို့ တိုးဝင်သွားသည်။

ကျယ်လောင်သော အသံကြီးနှင့်အတူ သူသည် အခင်းအကျင်းကို ဖောက်ထွက်ကာ အထဲသို့ ထိုးဝင်သွားခဲ့၏။

ဖုံးကွယ်ထားသော တဲလေးမှာ သူ့ရှေ့တွင် ပြန်ပေါ်လာပြီး အထဲတွင် ကလေးမလေးမှာ တုန်တုန်ရင်ရင်ဖြင့် ဝပ်နေသည်ကို တွေ့လိုက်ရသည်။

လင်းဟောက် ချက်ချင်း သဘောပေါက်သွားကာ ယုတ်မာစွာ ပြုံးလိုက်၏။

“ဒါကြောင့်ကိုး။ ဒါက ကိုယ်ယောင်ဖျောက်ရုံနဲ့ ကာကွယ်ရုံ လုပ်ထားတဲ့ အခင်းအကျင်းပဲ။ လူဝင်လာတာကိုတော့ မတားနိုင်ဘူး... ဟဲဟဲဟဲ...”

“အုပ်ချုပ်ရေးမှူး၊ ကယ်ပါဦး...”

လင်းလင်လင်က အော်ဟစ်ရင်း သူ၏ လှံကို မြှောက်ကာ လင်းဟောက်ကို တစ်ခုခု ပြန်လုပ်ရန် ပြင်လိုက်သည်။

“အော်စမ်းပါ... မင်း အာခေါင်ကွဲအောင် အော်လည်း ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး...”

လင်းဟောက်က ကြောင်က ကြွက်ကို ကစားသလိုမျိုး တစ်လှမ်းချင်း ရှေ့တိုးလာသည်။

လင်းလင်လင် မျက်မှောင်ကြုတ်လိုက်၏။

တကယ့် မုဆိုးများက သားကောင်အယောင်ဆောင်ပြီး ပေါ်လာတတ်သည်။

ပြိုင်ဘက် ၅ယောက်ကို တိုက်ရန်က ခက်ခဲသော်လည်း ဘုရင်အဆင့် လင်းဟောက် တစ်ယောက်တည်း ဆိုရင်လျှင်...

အဟက်... သူ့ကို လွင့်ထွက်သွားအောင် လုပ်ပစ်ရမယ်။

လင်းဟောက် ရှေ့ကို နောက်ထပ် သုံးလှမ်း တိုးလာသည်။ လင်းလင်လင်က တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေလေပြီ။

ထိုအချိန်မှာပင် အခင်းအကျင်းတစ်ခုလုံး တုန်ခါသွား၏။

လင်းဟောက်၏ ခြေထောက်က အခင်းအကျင်း၏ အစွန်းပေါ်ကို နင်းမိသွားခဲ့သည်။

“ဘာကြီးလဲဟ...”

သေစေနိုင်သော သတ်ဖြတ်ခြင်း အငွေ့အသက်များက သူ့အပေါ် လွှမ်းခြုံလာသဖြင့် လင်းဟောက် တုန်လှုပ်သွားသည်။

သူ ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်ရာ သူ့ခေါင်းပေါ်တွင် မရေမတွက်နိုင်သော ဝိုးတဝါး ဓားပျံများ ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ဓားသွားများမှာ အေးစက်သော အလင်းရောင်များဖြင့် တောက်ပနေပြီး တဖြည်းဖြည်းနှင့် တကယ့်ဓားများအဖြစ် ပြောင်းလဲလာသည်။

လင်းဟောက် အပေါ်သို့ ထိတ်လန့်တကြား မော့ကြည့်ရင်း အခင်းအကျင်း၏ အစွန်းဘက်သို့ မသိမသာ ဆုတ်လိုက်သည်။

သို့သော် အပေါ်က ဓားပျံများကလည်း သူ၏လှုပ်ရှားမှုနောက် လိုက်ပါလာပြီး ဦးတည်ချက်ကို ပြင်ဆင်လိုက်ကြ၏။

သူ ချက်ချင်း သဘောပေါက်သွားသည်။

ဒီဓားတွေက ငါ့ကို ပစ်မှတ်ထားထားတာပဲ။

သတ်ဖြတ်ခြင်းအငွေ့အသက်တွေက အဲဒီဓားတွေဆီက လာတာ။

ပြေးမှ...

လင်းဟောက် ချက်ချင်း လှည့်ကာ အခင်းအကျင်း အစွန်းဘက်သို့ အစွမ်းကုန် ပြေးတော့သည်။

ဒီအချိန်မှာ ကောင်မလေးကို ဖမ်းဖို့က အရေးမကြီးတော့ဘူး။

ကိုယ့်အသက်ကို အရင်ကယ်ဖို့က ပဓာနပဲ။

သို့သော် သူ အခင်းအကျင်း အစွန်းကို ရောက်သောအခါ...

ဒုန်း...

မမြင်ရသော မှန်တံတိုင်းကြီးကို တိုက်မိလိုက်သလိုမျိုးပင်။

လင်းဟောက်က နှာခေါင်းကို ကိုင်ကာ နာကျင်စွာဖြင့် မြေကြီးပေါ်တွင် လူးလိမ့်နေတော့သည်။

“တောက်... ဒါ ဘယ်လို အခင်းအကျင်းကြီးလဲ။ ဝင်လို့ရပြီး ပြန်ထွက်လို့ မရဘူးလား...”

သူ့မျက်လုံးထောင့်မှ အခင်းအကျင်း အပြင်ဘက်ရှိ လက်အောက်ငယ်သားတွေကို အထင်သား မြင်နေရသည်။

သူတို့က မီတာဝက်လောက်သာ ဝေး၏။ သို့သော် သူက သူတို့ကို လုံးဝ ထိမရပေ။

အစတွင် လက်အောက်ငယ်သား လေးယောက်က ကူညီရန် ပြေးဝင်ချင်ကြသည်။

သို့သော် လင်းဟောက်ခေါင်းပေါ်က ဓားများကို မြင်လိုက်ရပြီး သူ ပိတ်မိနေသည်ကို ကြည့်ကာ သူတို့ ခြေလှမ်းများ ရပ်သွားကြသည်။

သူတို့ ရသော လစာက အသေခံရန်အထိတော့ မတန်ပေ။

“သခင်လေး... အားတင်းထားပါ... ကျွန်တော်တို့ သခင်လေးကို ကူညီနိုင်မယ့်သူ သွားပြီးတော့ ရှာလိုက်ဦးမယ်...”

“သခင်လေး... အားတင်းထား...”

“သခင်လေး... သခင်လေး လုပ်နိုင်ပါတယ်... QAQ...”

ထိုသို့ဖြင့် လက်အောက်ငယ်သားများ အကုန် ထွက်ပြေးသွားကြတော့သည်။

လင်းဟောက် မည်မျှပင် အော်နေစေကာမူ အပိုသာ ဖြစ်ခဲ့ရသည်။

“သစ္စာဖောက်တွေ... သစ္စာဖောက် အမှိုက်တွေ...”

လင်းဟောက် ဒေါသကြောင့် တုန်ရီနေပြီး သူ၏ မျက်နှာမှာ ကြောက်စရာ ကောင်းလောက်အောင် မည်းမှောင်နေသည်။

“နေဦး... ငါသာ အသက်ရှင်ပြီး ထွက်သွားနိုင်လို့ကတော့....”

ရွှီး...

ဓားသံများ အပေါ်ကနေ မြည်ဟည်းလာ၏။

သူ့စကား မဆုံးခင်မှာပင် မရေမတွက်နိုင်သော ဓားပျံများမှာ မိုးရွာသလို အောက်သို့ ကျဆင်းလာပြီး သူ့ကို လမ်းကြောင်းပေါင်းစုံမှ ဖောက်ထွက်သွားကြတော့သည်။

တဲထဲတွင်တော့ လင်းလင်လင်မှာ အစွမ်းထက်လှသော ဘုရင်အဆင့် လင်းဟောက်က စက္ကန့်ပိုင်းအတွင်း လူသားမျှားစင် ဖြစ်သွားသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။

သူ ရုန်းကန်ရန်ပင် အခွင့်အရေး မရခဲ့။

ဓားပျံမိုးများ နောက်ဆုံး ပျောက်ကွယ်သွားမှသာ သူ သတိပြန်ဝင်လာ၏။

“ဟာ... တကယ် ကြောက်စရာကောင်းလိုက်တာ...”

လင်းလင်လင်က သူ့ကိုယ်သူ မယုံနိုင်သလို ပေါင်ကို ဆိတ်ကြည့်ရင်း ကြောင်ကြည့်နေဆဲပင်။

အုပ်ချုပ်ရေးမှူးချန်က အသက်တစ်ထောင်အစ်မကြီးနှင့် ထွက်သွားခဲ့စဉ်တုန်းက သူ့အတွက် အခင်းအကျင်း ချပေးရန် ပြောခဲ့တာကို ရုတ်တရက် သတိရသွားသည်။

သူက သာမန် ကိုယ်ယောင်ဖျောက်နှင့် ကာကွယ်ရေးအခင်းအကျင်းဟူ၍သာ ထင်ခဲ့၏။

ထိုမျှအထိ သေစေနိုင်သော ဓားအခင်းအကျင်းကြီး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“လျို့ဝှက်ဂိုဏ်းက အသက်တစ်ထောင် အပျိုကြီးဆိုတော့လည်း မခေဘူးပဲ...”

လင်းလင်လင်က မေးစေ့ကို ပွတ်ရင်း မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။

အုပ်ချုပ်ရေးမှူးနောက်လိုက်ရင် အရင်းအမြစ်တွေ ရမယ်။

အုပ်ချုပ်ရေးမှူးရဲ့ အရင်းအမြစ်တွေက အသက်တစ်ထောင်အစ်မကြီးဆီကနေ လာတာ။

အုပ်ချုပ်ရေးမှူးရဲ့ ဓားကို ကာကွယ်တာက အသက်တစ်ထောင်အစ်မကြီးရဲ့ ပျော်ရွှင်မှုကို ကာကွယ်တာပဲ။

အဲဒါကြောင့် အရင်းအမြစ်တွေ ရချင်ရင် အသက်တစ်ထောင်အစ်မကြီးရဲ့ ပျော်ရွှင်မှုကို ကာကွယ်ရမယ်။

“ငါ ဆုံးဖြတ်လိုက်ပြီ...”

လင်းလင်လင်၏ မျက်ဝန်းများ တောက်ပသွားပြီး လက်သီးကို လက်ဝါးနှင့် ရိုက်လိုက်သည်။

“ဒီနေ့ကစပြီး ငါက အသက်တစ်ထောင်အစ်မကြီးရဲ့ ပျော်ရွှင်မှုကို ကာကွယ်ပေးမယ်... အသက်တစ်ထောင်အစ်မကြီးကလွဲရင် ဘယ်သူမှ အုပ်ချုပ်ရေးမှူးရဲ့ အစွမ်းထက်ဓားကို မထိစေရဘူး...”

...

ထိုက်ရှန်းတောင်၏ အနက်ရှိုင်းဆုံး နေရာတစ်ခုတွင် လူနှစ်ယောက်က တောအုပ်ထဲသို့ အပြေးအလွှား သွားနေကြသည်။

ချန်ဟွိုက်အန်က သူ့ဘေးမှ လီချင်းရန် အနည်းငယ် နှေးသွားပြီး လှပသော မျက်ခုံးလေးများ တွန့်ချိုးသွားသည်ကို သတိပြုမိလိုက်သည်။

သူက စိုးရိမ်တကြီး မေးလိုက်သည်။။

“ဘာဖြစ်လို့လဲ။ နေလို့ မကောင်းဘူးလား။”

“ဘာမှမဟုတ်ပါဘူး။ ပိုးကောင်လေး တစ်ကောင်ကြောင့်ပါ...”

လီချင်းရန်က ပြုံးလိုက်သည်။ သူက ဓားအခင်းအကျင်းတွင် ဖြစ်ပျက်ခဲ့သည်ကို မြင်နိုင်သည်။

လင်းဟောက် သေသွားပြီ ဖြစ်သော်လည်း သူက အခင်းအကျင်း၏ အတိုင်းအတာကို သူ၏ စိတ်ဝိညာဉ်ချီစွမ်းအားနှင့် အနည်းငယ် ထပ်ချဲ့လိုက်သည်။

သူ့ဆရာ ကာကွယ်ချင်သူ ဖြစ်နေရာ သူကလည်း ကာကွယ်ပေးရပေမည်။

ထို့အပြင် သူက ထိုကလေးမလေးကိုလည်း သဘောကျမိသည်။

“ပိုးကောင်လား။ ဘယ်မှာလဲ။”

ချန်ဟွိုက်အန်က စိုးရိမ်တကြီးဖြင့် ဟိုကြည့်ဒီကြည့် လုပ်ဟန်ဆောင်လိုက်သော်လည်း တကယ်တော့ လီချင်းရန်ကို စိုက်ကြည့်ဖို့ အကြောင်းပြချက် ရှာနေခြင်းသာ ဖြစ်သည်။

“အဲဒါက...”

လီချင်းရန် ခေတ္တရပ်လိုက်ပြီး ခေါင်းလေးကို စောင်းကာ တောက်ပသော မျက်ဝန်းလေးများကို မှိတ်ပြလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် လည်ပတ်သော အပြုံးလေးတစ်ခု ပေါ်လာ၏။

“ကျွန်မရဲ့ မျက်လုံးထဲမှာပါ... နည်းနည်းတော့ နေရခက်နေတယ်...”

သူက မျက်လုံးကို ပွတ်ရင်း စိတ်မသက်မသာ ဖြစ်ဟန်ဆောင်နေသော်လည်း နှုတ်ခမ်းလေး ကွေးညွတ်သွားပုံမှာ ပျားရည်စားထားတဲ့ မြေခွေးလေးတစ်ကောင်နှင့် တူနေ၏။

ချန်ဟွိုက်အန်က စိုးရိမ်လွန်းသဖြင့် သူ စနောက်နေသည်ကို သတိမထားမိပေ။

“မျက်လုံးထဲ ဝင်သွားတာလား။ ငါ ကြည့်ပေးမယ်...”

လီချင်းရန် သူ၏ လက်ကို အသာအယာ ချလိုက်သည်။ အနည်းငယ် နီမြန်းနေသော သူ၏ မျက်ဝန်းအစုံသည် အရည်လဲ့နေလျက် သူ့ကို မော့ကြည့်နေ၏။

လီချင်းရန်က နှုတ်ခမ်းလွှာကို အသာအယာ ကိုက်လိုက်ရင်း တိုးညင်းသော လေသံလေးဖြင့် ပြောလိုက်သည်။

“အင်း... ဆရာ... တပည့်ကို အနာသက်သာအောင် မှုတ်ပေးလို့ ရမလား။”

...

All Chapters