← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 10 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 10 Ch. 181-182

အပိုင်း (၁၈၁) မရှိသင့်သော ကျွန်း

ကျိုးယဲ့လည်း ဤအခြေအနေမျိုးနှင့် ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ရာ ရွေးချယ်စရာမရှိဘဲ လုပ်အားပေးအဖြစ် ဝင်ရောက်ကာ လှော်တက်များကို ကူညီလှော်ခတ်ပေးရတော့သည်။

လူငါးယောက် ပေါင်းလိုက်သည့်အခါ သစ်ဖောင်၏ အရှိန်မှာ သိသိသာသာ မြင့်တက်သွားခဲ့၏။

သူတို့အားလုံးမှာ အစွမ်းပိုင်ရှင်များ ဖြစ်ကြသော်လည်း ဤမျှ ပြင်းထန်သော အလုပ်ကြမ်းမျိုးကို ခံနိုင်ရည်ရှိသည့် ခန္ဓာကိုယ်ကြံ့ခိုင်မှု မရှိကြပေ။ ရေရှည်တောင့်ခံနိုင်ရန် မဖြစ်နိုင်ချေ။

ဆိုရလျှင် ဤလူငါးယောက်စလုံးမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားသန်သူများ မဟုတ်ကြ။

ကျိုးချင်းမင်က "အစ်ကိုဟွာ... ဒီအတိုင်း ဆက်သွားနေလို့တော့ အဆင်မပြေဘူးထင်တယ်" ဟု မနေနိုင်စွာ ညည်းတွားလိုက်သည်။

လီချင်းဟွာလည်း ပြောစရာစကားမဲ့နေသည့် မျက်နှာထားဖြင့် ရှေ့ခပ်လှမ်းလှမ်းရှိ လက်သီးဆုပ်အရွယ်အစားမျှသာ မြင်ရတော့သည့် လင်းယွမ်တို့အဖွဲ့ကို မော့ကြည့်လိုက်ပြီး...

"နည်းနည်းလောက် ထပ်သည်းခံလိုက်ပါဦး... ဟိုကျွန်းနဲ့ သိပ်မဝေးတော့ပါဘူး"

ကျိုးချင်းမင်လည်း အံကိုကြိတ်ကာ ခေါင်းညိတ်လိုက်ပြီး အားလုံးနှင့်အတူ ခေါင်းငုံ့၍ ဆက်လက် လှော်ခတ်နေလိုက်တော့၏။

ခန့်မှန်းခြေ နှစ်မိနစ်ခန့် ကြာသောအခါ အမြင်အာရုံအစွမ်းပိုင်ရှင် ကျိုးယဲ့၏ မျက်နှာထက်တွင် ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး "သူတို့ အရှိန်လျှော့လိုက်ပြီ"

လီချင်းဟွာလည်း ချက်ချင်း ပြုံးလိုက်မိသည်။ "ကြည့်ရတာ သူတို့ ဟိုကျွန်းကို တွေ့သွားကြပြီ ထင်တယ်"

"လိုက်သွားကြစို့... သူတို့ ကျွန်းပေါ် တက် မတက် သွားကြည့်ရအောင်"

သူတို့အဖွဲ့ ဆက်လက် လှော်ခတ်လာခဲ့ရာ ကိုက်ရာပေါင်းများစွာ အရောက်တွင် ရေပြင်ကျယ်ထက်၌ ကျွန်းငယ်လေးတစ်ကျွန်း ပေါလောပေါ်နေသည်ကို တွေ့လိုက်ရ၏။

ထိုကျွန်းမှာ သိပ်မကြီးလှပေ။ ခန့်မှန်းခြေအားဖြင့် ဘောလုံးကွင်း နှစ်ကွင်းစာခန့် ကျယ်ဝန်းပြီး ကျွန်းပေါ်တွင် စိမ်းလန်းသော ပေါင်းပင်များ၊ သစ်ပင်များဖြင့် ပြည့်နှက်နေသည်။

သစ်ပင်များမှာ အလွန်နိမ့်ပြီး အမြင့်ကြီး မဟုတ်ကြချေ။

လူလုပ် အဆောက်အအုံဟူ၍ တစ်ခုမျှ မရှိဘဲ အဝေးမှ လှမ်းကြည့်လျှင် ရေမျက်နှာပြင်ထက် ပေ ၂၀၀ ခန့် မြင့်မားကာ မျှောပါနေသော မြေကမူလေး တစ်ခုအလား ထင်မှတ်ရသည်။

ထိုကျွန်းလေးမှာ ရေပြင်ထက်တွင် ငြိမ်သက်စွာ မျောပါနေပြီး ၎င်း၏ ပတ်ဝန်းကျင်တွင်မူ ဟာလာဟင်းလင်း ဖြစ်နေ၏။ အနီးဆုံး တိုက်မြင့်တစ်လုံးပင်လျှင် ထိုကျွန်းနှင့် မိုင်ဝက်ခန့် ကွာဝေးလေသည်။

သစ်ဖောင်ပေါ်ရှိ လင်းယွမ်တို့ လူစုမှာ ထိုကျွန်းကို ကြည့်ကာ အံ့အားသင့်နေကြသည်။

လင်းယွမ်က ဘေးနားရှိ ရန်မေဘက်သို့ လှည့်ကာ မေးလိုက်သည်။ "အမမေ... ဒီနားမှာ တောင်မရှိဘူးဆို... ဒီတောင်က ဘယ်ကနေ ရောက်လာတာလဲ"

ရန်မေမှာလည်း မျက်နှာတစ်ခုလုံး အံ့သြမှင်သက်နေပြီး ခေါင်းကို တွင်တွင်ခါကာ "မဖြစ်နိုင်တာ... ဒီနေရာမှာ တောင်ရှိတယ်လို့ အမ မမှတ်မိပါဘူး... ဒါ ဘယ်နေရာလဲ"

ပတ်ဝန်းကျင်တွင် ထင်ရှားသော အမှတ်အသားဟူ၍ ဘာမှမရှိသဖြင့် မည်သည့်နေရာ ရောက်နေမှန်း မည်သူမျှ မသိနိုင်ကြပေ။

ဦးလေးမာတို့ လူစုလည်း အံ့သြတကြီး ဖြစ်နေကြသည်။ ဦးလေးမာက လင်းယွမ်ဘက်သို့ လှည့်ကာ "ထူးဆန်းတယ်ကွ... ဒီမှာ ဘယ်လိုလုပ်ပြီး တောင်တစ်လုံး ရှိနေရတာလဲ... ပြီးတော့ ဒီအမြင့်ကြီးကို ဦးလေး ဘယ်လိုမှ စဉ်းစားလို့ မရဘူး"

"မြေပုံ ပါလာလား... ဘယ်သူ့ဆီမှာ မြေပုံ ပါလဲ" ရန်ဆန်းမင်က အလျင်စလို လှမ်းအော်လိုက်သည်။

လင်းယွမ်က မြေပုံကို ထုတ်ထားပြီးဖြစ်ရာ... "ခင်ဗျားတို့အားလုံး လာကြည့်ကြ... မြေပုံပေါ်က ဒီနေရာကို ကျွန်တော် လေ့လာနေတာ ဆယ်ခေါက်မကတော့ဘူး... ဟန်လုံစင်တာ အနီးတဝိုက်မှာ ဘာကုန်းမြင့်မှ မတွေ့မိပါဘူး"

တင်းယန်နှင့် အခြားသူများလည်း ဝိုင်းအုံလာကြပြီး မျက်လုံးပြူးကာ မြေပုံပေါ်တွင် ရှာဖွေကြည့်ကြသည်။

သို့သော် တစ်ခေါက်ပြီးတစ်ခေါက် ရှာကြည့်သည့်တိုင် ဤအနီးအနားတွင် မည်သည့် ကုန်းမြင့်မှ မရှိကြောင်းသာ တွေ့ရ၏။

"အမြင့်က အရမ်းနိမ့်နေလို့ မြေပုံထဲ ထည့်မဆွဲထားတာများလား" ဦးလေးမာက ဝင်ပြောလိုက်သည်။

တင်းယန်က မျက်မှောင်ကြုတ်လိုက်ကာ "ဒီအမြင့်က သာမန် ၃၂ ထပ်တိုက်ထက်တောင် ပိုမြင့်နေသေးတာ... မြေပုံထဲ မပါဘဲ ဘယ်နေမှာလဲ"

ဆုန့်ဝမ်က စိမ်းလန်းစိုပြေနေသော အပင်များကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ "ဟိုမှာ သွားကြည့်ကြမလား... အပေါ်မှာ စိမ်းစိမ်းစိုစိုနဲ့ဆိုတော့ သန္ဓေပြောင်းအသီးတွေ ရှိရင်ရှိမှာ"

သူမက ထိုစိမ်းလန်းသော အပင်များကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် ရင်းနှီးသလို ခံစားလိုက်ရသဖြင့် မနေနိုင်ဘဲ ဖွင့်ပြောလိုက်မိခြင်း ဖြစ်သည်။

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ ဆိုလိုရင်းကို သဘောပေါက်လိုက်သည်။

ကျောက်ခိုင်နှင့် အခြားသူများလည်း သန္ဓေပြောင်းအသီးဟူသော အသံကို ကြားလိုက်ရသည်နှင့် စိတ်လှုပ်ရှားသွားကြ၏။

အထူးသဖြင့် ဦးလေးမာ၊ ချိုင်ကြည်တို့မှာ လင်းယွမ်နောက်သို့ လိုက်လာသည်မှာ ကြာပြီဖြစ်သော်လည်း ယခုထက်ထိ သန္ဓေပြောင်းအစွမ်းများ မနိုးထသေးသဖြင့် မစိုးရိမ်ဘဲ နေမည်ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။

ယခုလို သန္ဓေပြောင်းအသီး တွေ့နိုင်မည့် အခွင့်အရေးမျိုး ကြုံလာရသည့်အခါ သူတို့အဖို့ စိတ်လှုပ်ရှားမိသည်မှာ အမှန်ပင်။

သူတို့တင်မက ဝူယင်၊ ဝမ်အန်း၊ ဟွမ်ဟန်၊ ကျန်းဖန်၊ ဝမ်လီလီ စသည့် ကင်းလှည့်အဖွဲ့ဝင်များလည်း မျှော်လင့်တကြီး ဖြစ်လာကြသည်။

သို့သော် မည်သူမျှ ဖွင့်မပြောရဲကြဘဲ လင်းယွမ်ကိုသာ မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေကြ၏။

ကျွန်းပေါ် တက်သင့် မတက်သင့် ဆုံးဖြတ်ပေးမည့်သူမှာ လင်းယွမ်သာ ဖြစ်ကြောင်း သူတို့ ကောင်းစွာ နားလည်ထားကြသည်။

လင်းယွမ်က ထိုအခြေအနေကို မြင်သော် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး "အားလုံးပဲ... ဒီလို ပုံမှန်မဟုတ်တဲ့ အခြေအနေတိုင်းမှာ မမြင်ရတဲ့အန္တရာယ်ဆိုတာ ရှိတတ်တယ်... ဒီကျွန်း ပေါ်လာတာက အရမ်း ထူးဆန်းလွန်းနေတယ်"

"မြေပုံပေါ်မှာ မတွေ့ရရုံတင်မကဘူး... ကျွန်တော့်ဖုန်းထဲက အော့ဖ်လိုင်းမြေပုံမှာလည်း ဒီလိုမြေအနေအထားမျိုး မတွေ့ရဘူး... ပြဿနာတစ်ခုခု ရှိနေမှာ ကျွန်တော် စိုးရိမ်တယ်"

တင်းယန်လည်း ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်လည်း ပြဿနာရှိမယ် ထင်တယ်... သတိထားတာတော့ အကောင်းဆုံးပဲ"

ရန်ဆန်းမင်က စကားဝင်မပြောသော်လည်း သဘောတူကြောင်း ခေါင်းညိတ်ပြသည်။

တာအိုဆရာလင်းကတော့ အေးအေးဆေးဆေးပင်။ ဤကိစ္စကို သူ စိတ်မဝင်စားလှပေ။

မည်သို့ပင်ဖြစ်စေ သူက အစွမ်းနိုးထပြီးသား ဖြစ်ရာ ဤကျွန်းပေါ်တွင် သန္ဓေပြောင်းအသီး ရှိခြင်း မရှိခြင်းက သူ့အတွက် ဆွဲဆောင်မှု မရှိလှ။

သို့သော် သူ့ဘေးနားရှိ ကျူးလင်လင်မှာမူ စိတ်လှုပ်ရှားနေလေပြီ။ သူမဘေးရှိ လျန်မင်ရူနှင့် ယွီရှောင်ယန်တို့ နှစ်ယောက်က သူမနားနား ကပ်ကာ တိုးတိုးတိုးတိုး ပြောလိုက်ကြသဖြင့် သူမ ပို၍ စိတ်လှုပ်ရှားလာရခြင်း ဖြစ်သည်။

ထို့နောက် ကျူးလင်လင်က တာအိုဆရာလင်း၏ အင်္ကျီလက်မောင်းကို ဆွဲကာ တိုးတိုးလေး မေးလိုက်သည်။ "တာအိုဆရာ... အပေါ်မှာ သန္ဓေပြောင်းအသီးတွေ ရှိလောက်လား... တကယ်လို့ ရှိနေပြီး ကျွန်မသာ စားလိုက်ရရင် အစွမ်းထက်တဲ့ အစွမ်းတွေ နိုးထလာနိုင်တယ်လေ... ဒါဆိုရင် ဆရာ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူးပေါ့"

တာအိုဆရာလင်းက နှာဘူးမျက်လုံးများဖြင့် သူမ၏ တင်ပါးကို ပွတ်သပ်လိုက်ရင်း လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။ "ကြည့်ရတာ ဒီကျွန်းက သိပ်တော့ မသေးဘူး... ဘောလုံးကွင်းလောက် ရှိတယ်ဆိုတော့ သန္ဓေပြောင်းအသီး တစ်လုံးနှစ်လုံးလောက်တော့ ရှိနိုင်လောက်တယ်"

"ဒါဆို တက်ကြည့်ကြမယ်လေ" ကျူးလင်လင်က စိတ်လောကြီးစွာဖြင့် "ကျွန်မတို့ဆီမှာ အစွမ်းပိုင်ရှင်တွေ ပိုများလေလေ အင်အားတောင့်တင်းလေလေ မဟုတ်ဘူးလား"

တာအိုဆရာလင်းက ခေါင်းခါလိုက်ပြီး "ဒါ ငါ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ... လင်းယွမ် ခေါင်းမညိတ်ရင် ဒီဖောင်က ကမ်းကပ်မှာ မဟုတ်ဘူး"

"ဆရာရယ်... အားလုံးက တက်ချင်နေကြတာကို... လင်းယွမ်ကို နည်းနည်းလောက် ပြောပေးကြည့်ပါလား" ကျူးလင်လင်က တိုက်တွန်းပြန်သည်။

တာအိုဆရာလင်းက ခေါင်းခါပြလိုက်၏။ "မလုပ်ပါနဲ့... ရှေ့ထွက်တဲ့ ငှက်က အပစ်ခံရတတ်တယ်... ပြီးခဲ့တဲ့တစ်ခေါက် ဝမ်ဝေတုန်းတို့ အဖွဲ့နဲ့ တိုက်တုန်းကလည်း ငါက ဘာမှ ဝင်မကူညီခဲ့ရတော့ ဒီအချိန်မှာ ဆရာကြီးဂိုက် သွားမဖမ်းတာ ကောင်းတယ်"

သူက နှာဘူးအဘိုးကြီး၊ မျက်နှာပြောင်တိုက်ပြီး နေတတ်သူ ဖြစ်သော်လည်း ဤမျှလောက် ဉာဏ်တော့ ရှိပေသည်။

ဤအချိန်တွင် ဆရာလုပ်ကာ လင်းယွမ် ငြိုငြင်မည့်အလုပ်ကို သူ လုပ်မည် မဟုတ်ပေ။

ကျူးလင်လင်၏ မျက်နှာတွင် စိတ်ပျက်ရိပ်များ လွှမ်းသွားသလို ဘေးနားရှိ လျန်မင်ရူနှင့် ယွီရှောင်ယန်တို့လည်း စိတ်ပူပန်သွားကြသည်။

အကယ်၍သာ သန္ဓေပြောင်းအစွမ်းများ နိုးထလာပြီး အစွမ်းပိုင်ရှင် ဖြစ်လာခဲ့လျှင် သူမတို့အနေဖြင့် သူများမျက်နှာ ကြည့်နေစရာ မလိုတော့သလို တာအိုဆရာလင်းကဲ့သို့ နှာဘူးအဘိုးကြီးကို မှီခိုနေစရာလည်း မလိုတော့ပေ။

ဤသို့ တွေးနေကြသူများမှာ နည်းနည်းနောနော မဟုတ်။ လူအတော်များများက ထိုကျွန်းပေါ်တက်၍ အခြေအနေကို ကြည့်ရှုချင်နေကြသည်။

နောက်ဆုံးတွင် ချိုင်ကြည်က စိတ်မရှည်တော့ဘဲ ဖွင့်ပြောလိုက်သည်။ "လင်းယွမ်... ဒီလိုလုပ်ရင် ရော... ငါတို့အကုန်လုံး တက်စရာမလိုဘူးလေ... လူနည်းနည်းလောက် လွှတ်ပြီး အခြေအနေ အရင်ကြည့်ခိုင်းရင် မကောင်းဘူးလား"

"အန္တရာယ် မရှိဘူးဆိုမှ အားလုံး အတူတူတက်ပြီး သန္ဓေပြောင်းအသီး ရှိမရှိ ရှာကြတာပေါ့"

သူ့စကားကြောင့် ကျွန်းပေါ်တက်၍ ကံစမ်းလိုသူများ အားလုံး ဝိုင်းဝန်း ထောက်ခံလာကြတော့သည်။

"ကိုလင်းယွမ်... ခေါင်းဆောင်ချိုင် ပြောတာ အဓိပ္ပာယ်ရှိတယ်ဗျ... လူနည်းနည်းလောက် လွှတ်ပြီး အရင် လမ်းရှင်းခိုင်းကြည့်တာပေါ့"

"ဟုတ်တယ် ကိုလင်းယွမ်... ဒီနည်းလမ်းက မဆိုးဘူးဗျ"

"ကိုလင်းယွမ်... ဆုံးဖြတ်ချက် တစ်ခုလောက် ချပေးပါဗျာ"

......

လူအများ၏ တောင်းဆိုမှုကို ရင်ဆိုင်နေရသော လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ရတယ်... ဒါပေမဲ့ ဘယ်သူ တက်ကြည့်မှာလဲ"

သူများ အခွင့်အရေးကို ပိတ်ပင်ခြင်းက မိဘကို သတ်ဖြတ်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း လင်းယွမ် ကောင်းစွာ နားလည်သည်။

အကယ်၍ အပေါ်တွင် တကယ်တမ်း အစွမ်းနိုးထမည့် အခွင့်အရေးများ ရှိနေပြီး သူက တားဆီးလိုက်မိလျှင် လူတိုင်းက သူ့ကို စိတ်ထဲတွင် အငြိုးထားကြပေလိမ့်မည်။

ထိုအငြိုးအတေးကို သူ ဂရုမစိုက်သော်လည်း ကိုယ်ပိုင် အင်အားစု တည်ထောင်မည်ဆိုလျှင် ထိုသူများ၏ သစ္စာရှိမှုကို ရယူထားရန် လိုအပ်သည်။

ထို့ကြောင့် အကျိုးအပြစ်ကို ချိန်ဆကြည့်လိုက်ရာ ချိုင်ကြည် ပြောသည်မှာ မှန်ကန်ကြောင်း တွေ့ရသည်။ လူတိုင်း တက်စရာမလို၊ လူအနည်းငယ် လွှတ်၍ စမ်းသပ်ကြည့်လျှင် အဆင်ပြေသည် မဟုတ်ပါလော။

ဘယ်သူ သွားချင်လဲဟု သူက လူအုပ်ကြီးကို မေးလိုက်သည်။

လူအများ ခေတ္တမျှ တိတ်ဆိတ်သွားသော်လည်း ဝူယင်က လက်ကို ပထမဆုံး ထောင်လိုက်သည်။ "ကျွန်တော် သွားမယ်... ကိုလင်းယွမ်... ကျွန်တော် သွားချင်တယ်"

သူ ပြောပြီးသည်နှင့် ချိုင်ကြည်ကလည်း ချက်ချင်း လက်ထောင်လိုက်သည်။ "ငါလည်း လိုက်မယ်... လင်းယွမ်... ငါ့ကိုပါ ထည့်တွက်ပေးပါ"

ဘေးနားရှိ ချိုင်ကြည်၏ မိန်းမ ဝူချင်းက သူ့ကို အလျင်စလို ဆွဲကာ "ရှင် အသက်မရှင်ချင်တော့ဘူးလား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။

ချိုင်ကြည်ကမူ ပြတ်သားသော မျက်လုံးများဖြင့် "ငါသွားမှဖြစ်မယ်... ငါတို့သာ အစွမ်းပိုင်ရှင် မဖြစ်လာရင် လင်းယွမ်က ဘယ်လောက်ပဲ ကြည့်ရှုစောင့်ရှောက်ပါစေ... နောက်ပိုင်းကျရင် ငါတို့က အဓိကအသိုင်းအဝိုင်းထဲကနေ တဖြည်းဖြည်း ကန်ထုတ်ခံရမှာ"

သူက လေသံတိုးတိုးဖြင့် ပြောပြီးနောက် လင်းယွမ်ကို အသနားခံသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

လင်းယွမ်က သူ့ဆိုလိုရင်းကို သဘောပေါက်သဖြင့် စိတ်ထဲတွင် သက်ပြင်းချရင်း ခေါင်းညိတ်ပြလိုက်သည်။

အမှန်စင်စစ်တွင်လည်း နောက်ပိုင်း တိုက်ပွဲအများစု၌ ချိုင်ကြည်၊ ဦးလေးမာ စသည့် အဖွဲ့သားဟောင်းများမှာ ဝင်ရောက် ကူညီနိုင်ခြင်း မရှိတော့ပေ။

သူတို့ကို ထောက်ပံ့ရေး အလုပ်ကြမ်းများသာ ပေးထားနိုင်တော့သဖြင့် အဓိကအဖွဲ့နှင့် တဖြည်းဖြည်း ဝေးကွာလာကြသည်။

ဘေးရောက်သွားခြင်းက မကြာခင် ဖြစ်လာတော့မည့် ကိစ္စပင်။

ဒါက လင်းယွမ် သဘောဆန္ဒကြောင့် ဖြစ်ရခြင်း မဟုတ်ဘဲ သူတို့၏ တစ်သီးပုဂ္ဂလ စွမ်းဆောင်ရည်အပေါ် မူတည်နေခြင်း ဖြစ်သည်။

ဥပမာအားဖြင့် မနေ့ညက ဟန်လုံစင်တာ ဂုဏ်ပြုပွဲတွင် တိုက်ပွဲ၌ စွမ်းဆောင်ခဲ့သူများကိုသာ သူ ဖိတ်ကြားခဲ့သည်။

အကြောင်းမဲ့သက်သက် ဦးလေးမာနှင့် ချိုင်ကြည်ကို ခေါ်လိုက်လျှင် ရန်ဆန်းမင်၊ ရှီဟိုင်ကျူးတို့က မည်သို့ ထင်မြင်ကြမည်နည်း။

ချိုင်ကြည်လည်း ထိုအန္တရာယ်ကို အာရုံခံမိသဖြင့် ယခုကဲ့သို့ အသည်းအသန် တောင်းဆိုလာခြင်း ဖြစ်သည်။

ချိုင်ကြည် ပြောပြီးသည်နှင့် ဦးလေးမာက လက်ကိုမြှောက်ကာ "လင်းယွမ်... ဦးလေးပါ လိုက်သွားမယ်"

လင်းယွမ် ကြောင်သွားသည်။ ချိုင်ကြည်က အသက် ၄၀ ကျော်၊ တိုက်ရည်ခိုက်ရည် ရှိသေးသည့် အရွယ်ဖြစ်သော်လည်း ဦးလေးမာက အသက် ၅၀ ကျော်နေပြီဖြစ်ရာ ခွန်အားပိုင်းတွင် လူငယ်များကို မယှဉ်နိုင်တော့။

ကျွန်းပေါ်တွင် အမှန်တကယ် အန္တရာယ်ရှိခဲ့လျှင် ဦးလေးမာ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် အသက်ဆုံးရှုံးသွားနိုင်သည်။

လင်းယွမ်က ဦးလေးမာကို လေးလေးနက်နက် ကြည့်ကာ "ဦးလေးမာ သေချာလို့လား"

"အင်း... လင်းယွမ်... ငါ တစ်ခုခုဖြစ်သွားခဲ့ရင် မင်းရဲ့ အဒေါ်ကြီးလီကို စောင့်ရှောက်ပေးဖို့ အကူအညီတောင်းပါရစေကွာ" ဦးလေးမာက ခေါင်းညိတ်ရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။

လင်းယွမ် သက်ပြင်းချလိုက်ပြီး "စိတ်ချပါ... အဒေါ်ကြီးလီ ထမင်းမငတ်စေရပါဘူး"

"ဟားဟား... မင်းဆီက ဒီစကားကြားရတာ ဦးလေး စိတ်အေးသွားပြီ"

သူတို့နှစ်ယောက်လုံး ကျွန်းပေါ်တက်ရန် ဆန္ဒပြင်းပြနေသည်ကို မြင်လိုက်ရသဖြင့် လင်းယွမ်လည်း ကျန်လူများကို မတားဆီးတော့ပေ။

ထို့ကြောင့် လူအုပ်ဘက်သို့ လှည့်ကာ "အောက်ကလူတွေကို မေးကြည့်လိုက်... ကျွန်းပေါ်တက်ပြီး ကံစမ်းချင်တဲ့လူ ရှိလားလို့"

"တွေ့လာတဲ့ သန္ဓေပြောင်းအသီးတွေကို ကိုယ့်သဘောအတိုင်း စီမံခွင့်ပေးမယ်"

ခေါင်းဆောင်အသီးသီးက ခေါင်းညိတ်ကာ ကျွန်းပေါ်တက်လိုသူများကို ဆင်း၍ ရွေးချယ်ကြတော့သည်။

ထို့နောက် လင်းယွမ်က ချိုင်ကြည်အား "သစ်ဖောင်ကို ဒီနားမှာပဲ ရပ်လိုက်တော့... ရေလှိုင်းစီးဘုတ်ပြားတွေ ချဖို့ ပြင်ထားလိုက်"

"သိပြီ"

ချိုင်ကြည်က ခေါင်းညိတ်ကာ သစ်ဖောင်၏ မော်တာကို ပိတ်လိုက်သည်။

သစ်ဖောင်ကြီး တဖြည်းဖြည်း ရပ်တန့်သွားသည်နှင့် ကင်းလှည့်ခေါင်းဆောင်များက သစ်ဖောင်ဘေးနှစ်ဖက်မှ ရေလှိုင်းစီးဘုတ်ပြားများကို ဆွဲထုတ်လိုက်ကြသည်။

ဤဘုတ်ပြားများကို ဟန်လုံစင်တာမှ လင်းယွမ် ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး တစ်ခုလျှင် လူနှစ်ယောက် သုံးယောက်ခန့် ကောင်းကောင်း စီးနင်းလိုက်ပါနိုင်သည်။

မကြာမီတွင် ခေါင်းဆောင်အသီးသီးက ကျွန်းပေါ်တက်၍ လမ်းရှင်းပေးရန် ဆန္ဒရှိသူများကို ခေါ်ဆောင်လာကြသည်။

လင်းယွမ် တစ်ချက်ဝေ့ကြည့်လိုက်ရာ အတော်လေး အံ့သြသွားမိသည်။ လူအတော်များများကိုး။

ဝူယင်အဖွဲ့၊ ချိုင်ကြည်၊ ဦးလေးမာတို့အပြင် လင်းယွမ် ကောင်းစွာ မှတ်မိနေသော လုတရုံ၊ လျန်မင်ရူ၊ ယွီရှောင်ယန်၊ ဟူဝေမင်၊ ကျန်းဖန်၊ ဝမ်လီလီ စသည်တို့ ပါဝင်နေသည်။

အကြမ်းဖျင်း ကြည့်လိုက်ရုံဖြင့် လူ ၄၀ ကျော် ရှိလေသည်။

သစ်ဖောင်ပေါ်ရှိ လူဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့် ရှိပေသည်။

သန္ဓေပြောင်းအသီးကို ရှာဖွေလိုစိတ်ဖြင့် လူအများ စိတ်လှုပ်ရှားကြမည်ဟု လင်းယွမ် ထင်ထားခဲ့သော်လည်း ဤမျှလောက် များပြားလိမ့်မည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။

"ခင်ဗျားတို့... တကယ် ဆုံးဖြတ်ပြီးကြပြီလား... ဒီကျွန်းပေါ်မှာ သန္ဓေပြောင်းအသီး ဘယ်လောက်ရှိလဲ ကျွန်တော် မသိဘူး... ဒါပေမဲ့ မသိနိုင်တဲ့ အန္တရာယ်တွေ ရှိနေနိုင်တယ်... ခင်ဗျားတို့ တကယ်ပဲ အသက်စွန့်ပြီး တက်ကြမလို့လား"

လင်းယွမ် မနေနိုင်ဘဲ မေးလိုက်မိသည်။

ထိုလူ ၄၀ ကျော်၏ မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များ တွေ့နေရ၏။

ဝူယင်က ဘေးနားရှိ ဟွမ်ဟန်ကို ကြည့်လိုက်သည်။ အစွမ်းပိုင်ရှင် မဖြစ်လာသရွေ့ ဒီမိန်းကလေးကို ချဉ်းကပ်ခွင့် ရနိုင်မည်မဟုတ်ကြောင်း သူ ကောင်းစွာ နားလည်ထားသဖြင့် တစ်ခေါက်လောက် စွန့်စားကြည့်ချင်သည်။

ဟွမ်ဟန်ကတော့ သိပ်အများကြီး တွေးမနေပေ။ သူမက သူမ၏ ရွှေစပါးအုံးမြွေကြီးကိုသာ ကြည့်နေသည်။

ရွှေစပါးအုံးမြွေကြီးက သန္ဓေပြောင်းလဲပြီးနောက် ဉာဏ်ရည်ဉာဏ်သွေး ရှိလာကာ သူမ၏ အမိန့်အချို့ကို နားလည်သလို ရှိသည်။

သို့သော် သူမ ဒီလောက်နှင့် မကျေနပ်နိုင်။ သန္ဓေပြောင်းအစွမ်းကို နိုးထစေချင်သည်။

အကောင်းဆုံးကတော့ အားဟွမ်နှင့် စိတ်ချင်းဆက်သွယ်နိုင်မည့် အစွမ်းမျိုး ဖြစ်သည်။

ဤကမ္ဘာကြီးတွင် အားဟွမ်ကသာ သူမ အယုံကြည်ရဆုံး သက်ရှိ ဖြစ်ပေလိမ့်မည်။

(ရှေ့မှာမပြောမိလိုက်လို့ အဲ့အားဟွမ်က Burmese Python လို့ခေါ်တဲ့ မြန်မာ့စပါးအုံမြွေတဲ့။ အများအားဖြင့် အရှေ့တောင်အာရှမှာ အဓိက တွေ့ရလေ့ရှိပြီး အမေရီကန်နဲ့အင်္ဂလိပ်တွေ မြန်မာနိုင်ငံကနေစမြင်ဖူးတာမို့လို့Burmese Python ဆိုတဲ့နာမည်ပေးလိုက်ရာကနေ အဲ့ဒီနာမည် တွင်သွားတာပဲ။ ဒုတိယကမ္ဘာစစ်တုံးက အမေရီကန်တွေ Burmese Python တွေကို ဝယ်/ဖမ်း ပြီး သူ့နိုင်ငံမှာ အလှမွေးဖို့လေယာဉ်တို့ သင်္ဘောတို့နဲ့ သယ်သွားကြတယ်။ မျိုးစိတ်သုသေသနလုပ်ဖို့အတွက်လည်းပါတယ်။ ဒါပေမဲ့ ဆိုင်ကလုန်းမုန်တိုင်းတိုက်ပြီး Burmese Python တွေ ထည့်ထားတဲ့ ဓာတ်ခွဲခန်းတစ်ခု ပျက်စီးသွားရာကနေ အကောင်ရေ အရမ်းများတဲ့ Burmese Python တွေ အကုန်လွတ်ကုန်ပြီး အခုဆို အမေရီကန် ဖလော်ရီဒါပြည်နယ်မှာ ဒေသခံမိကျောင်းတွေပါ အကောင်လိုက်မျိုနေလို့ ကျူးကျော်မျိုးစိတ်စာရင်းသွင်းပြီး ဆုငွေထုတ် ဖမ်းခိုင်းနေရတယ်။ Burmese Python မျိုးစိတ်က ကမ္ဘာပေါ်က အရှည်ဆုံးမြွေကြီးတွေထဲမှာ တတိယ အဆင့်ဖြစ်ပြီး မှတ်တမ်းအရ အရှည်ဆုံးက 2023ခုနှစ်က ဖလော်ရီဒါပြည်နယ်မှာ ဖမ်းမိခဲ့တဲ့ ၁၉ပေရှည်တဲ့အကောင်တဲ့။ အဲ့ထက်ရှည်တာတော့ မတွေ့သေးဘူး။ ကမ္ဘာပေါ်က နံပါတ်တစ် အရှည်ဆုံးမြွေကတော့ မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ အများဆုံးတွေ့ရတတ်တဲ့ Reticulated Python လို့ခေါ်တဲ့ စပါးကြီးမြွေမျိုးတဲ့။ ပုံမှန် ပေ၂၀ ကနေ အရှည်ဆုံးမှတ်တမ်းက ၃၂ပေထိ ရှိတယ်တဲ့။)

ဝမ်အန်းက အဒေါ်ကြီးလီ လက်ဆွဲထားသော ခလေးမလေးကို စိုက်ကြည့်နေသည်။ ထိုကလေးမလေးမှာ သူ့သမီးပင်။

ဤရေလွှမ်းမိုး ကမ္ဘာပျက်ကပ်ကြီးထဲတွင် သန္ဓေပြောင်းအစွမ်းသာ မရှိလျှင် သမီးဖြစ်သူကို သူ မည်သို့ ကာကွယ်နိုင်မည်နည်း။

ထို့ကြောင့် သမီးဖြစ်သူကို အဒေါ်ကြီးလီထံ အပ်နှံထားခဲ့သည်။ အကယ်၍ သူ ပြန်မလာနိုင်တော့လျှင် သမီးလေးကို အဒေါ်ကြီးလီ၏ မွေးစားမြေးအဖြစ် သတ်မှတ်လိုက်ပါစေတော့။

အဒေါ်ကြီးလီ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲနေပြီး အဖွဲ့ထဲ ဝင်သွားသော ဦးလေးမာကို ငေးကြည့်နေသည်။

သူမ၏ ခင်ပွန်းဖြစ်သူ ဦးလေးမာ ဘာတွေးနေသည်ကို သူမ အသိဆုံးပင်။

ဦးလေးမာ ကျွန်းပေါ်တက်သည်မှာ ကိုယ်တိုင် အစွမ်းနိုးထရန် မဟုတ်ဘဲ သူမအတွက် သန္ဓေပြောင်းအသီး ရှာပေးရန် ဖြစ်ကြောင်း သူမ သိသည်။ သူမ အစွမ်းပိုင်ရှင် ဖြစ်လာမှသာ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်တက်လာပြီး ဆီးချိုရောဂါ အမြစ်ပြတ် ပျောက်ကင်းနိုင်မည် မဟုတ်ပါလော။

ဝမ်အန်းနှင့် အတွေးတူနေသူ နောက်တစ်ယောက်မှာ လုတရုံ ဖြစ်သည်။

သူက တုံယန်၏ ဘေးနားရှိ လုယွီယန်ကို ကြည့်လိုက်ရာ သူ့မျက်လုံးများက ကြင်နာမှုမှသည် ပြတ်သားမှုသို့ ပြောင်းလဲသွားသည်။

"ဘယ်လိုပဲဖြစ်ဖြစ်... ဒီတစ်ခေါက်တော့ ယွီယန်လေးအတွက် သန္ဓေပြောင်းအသီး ရအောင် ရှာပေးရမယ်"

"သန္ဓေပြောင်းအသီးစားပြီး အစွမ်းပိုင်ရှင် ဖြစ်လာမှသာ ဒီကမ္ဘာကြီးမှာ သမီးလေး ဆက်ပြီး အသက်ရှင်နိုင်မှာ"

"ဒါမှသာ ငါဆိုတဲ့ အဖေတစ်ယောက် မရှိတော့ရင်တောင် သူ ဆက်ပြီး အသက်ရှင်သွားနိုင်မှာ"

ဝမ်လီလီနှင့် ကျန်းဖန်တို့က အတူတူ ရပ်နေကြသည်။ ဝမ်လီလီ၏ မျက်ဝန်းများ နီရဲနေသော်လည်း ဘေးနားရှိ ကျန်းဖန်ကမူ ရိုးအအ အပြုံးလေးဖြင့် ရှိနေသည်။

"နင် လိုက်စရာ မလိုပါဘူးဆိုနေ... သန္ဓေပြောင်းအသီး လိုချင်တာ ငါလေ... ငါ့ဘာသာ သွားမှာပေါ့" ဝမ်လီလီက သက်ပြင်းချကာ ပြောလိုက်သည်။

ကျန်းဖန်က "ငါတို့ ပြောထားပြီးသားလေ... နောက်ဆို ဘာပဲဖြစ်ဖြစ် နင်သွားတဲ့နေရာ ငါလိုက်မယ်လို့"

"ပြီးတော့ နင်က ပိုပိုပြီး တော်လာတာ... ငါက သာမန်လူပဲ ဖြစ်နေမယ်ဆိုရင် ငါတို့နှစ်ယောက် ကြားက ကွာဟချက်က ကြီးသထက် ကြီးလာမှာပေါ့"

ဝမ်လီလီက သူ့ကို ချက်ချင်း မျက်စောင်းထိုးလိုက်ပြီး"ကျန်းဖန်... နင် ဘာစကားပြောတာလဲ... ငါက အစွမ်းပိုင်ရှင် ဖြစ်လာတာနဲ့ နင့်ကို လမ်းခွဲမယ်လို့ နင် ထင်နေတာလား"

သူမ မျက်ရည်ဝဲလာပြီး ဒေါသတကြီးဖြင့် "နင် ငါ့ကို ဒီလိုလူမျိုးလို့ ထင်နေတာလား"

ကျန်းဖန်က လက်ကာပြရင်း "မဟုတ်ပါဘူး... မဟုတ်ပါဘူးဟာ... ငါက နင့်နဲ့ မတန်တော့မှာ စိုးလို့ပါ... နင်လည်း သိသားပဲ... ကမ္ဘာကြီးက ပြောင်းလဲသွားပြီ... သဘောတရားတွေ မရှိတော့ဘူး... ငါက သာမန်လူ၊ နင်က အစွမ်းပိုင်ရှင်ဆိုရင် နင့်အတွက် သိက္ခာကျစရာ ဖြစ်နေမှာပေါ့"

"တခြားလူတွေ နင့်ကို ဘယ်လိုမြင်ကြမလဲ... ငါ နင့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး"

"လီလီရယ်... ငါ့ကို နင့်နဲ့အတူ လိုက်ခွင့်ပြုပါနော်"

ဝမ်လီလီ နှာခေါင်းရှုံ့လိုက်ပြီး နောက်ဆုံးတွင် "ဟွန်း" ဟု အသံပြုကာ "ဒါဆိုလည်း ဟိုရောက်ရင် ငါပြောတာ နားထောင်... လျှောက်မပြေးနဲ့"

"နင်က လူကသာ ကြီးတာ စိတ်မြန်လက်မြန် လုပ်တတ်တယ်... အဲ့ဒီကျွန်းက ထူးထူးဆန်းဆန်း ပေါ်လာတာ... လင်းယွမ်တို့တောင် ပြဿနာရှိနိုင်တယ် ပြောထားတာ... ငါတို့ သတိထားမှ ဖြစ်မယ်"

"အေးပါ... ငါသိပါတယ်" ကျန်းဖန် ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။

......

ထိုကဲ့သို့ မြင်ကွင်းမျိုးစုံက လူအုပ်ကြီးထဲတွင် ဖြစ်ပျက်နေကြသည်။

လင်းယွမ်က ထိုအရာများကို ကြည့်ရင်း စိတ်ထဲတွင် လှုပ်ရှားသွားမိသည်။

ဤလူများသည် မိန်တုဥယျာဉ်မှ သူ့နောက်လိုက်ကာ အသက်စွန့်ပြီး ထိုက်ယန်တောင်ဘက်သို့ လိုက်ပါလာကြသူများ ဖြစ်သည်။

ယင်းက သူတို့၏ စရိုက်ကို ဖော်ပြနေခြင်းပင်။ အားလုံးက အန္တရာယ်ကို ကြိုတင်တွေးဆတတ်ပြီး ရဲရဲဝံ့ဝံ့ စွန့်စားရဲကြသူများ ဖြစ်သည်။

ယခု ဤကျွန်းပေါ်တွင် စိမ်းလန်းသော အပင်များ ပေါများစွာ ရှိနေသဖြင့် သန္ဓေပြောင်းအသီး ရှိနိုင်ချေ များစွာ ရှိနေ၏။

သူတို့အားလုံးက သာမန်လူအဖြစ်နှင့် မနေလိုကြသူများ ဖြစ်ရာ စွန့်စားရမည့် အကြောင်းပြချက် ကိုယ်စီ ရှိနေကြသည်။

နောက်ဆုံးတွင် လင်းယွမ် ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "လူကြီးမင်းတို့... ကျွန်တော် အာမခံရဲတယ်... ရေမကြီးခင်တုန်းက ဒီနေရာမှာ တောင် လုံးဝ မရှိဘူး"

"ဒါကြောင့် ရုတ်တရက် ပေါ်လာတဲ့ ဒီတောင်ကုန်းမှာ သေချာပေါက် ထူးဆန်းတာတွေ ရှိနေလိမ့်မယ်"

"ဒါပေမဲ့ ခင်ဗျားတို့အားလုံး စွန့်စားပြီး သန္ဓေပြောင်းအသီး ရှာချင်တယ် ဆိုမှတော့ ကျွန်တော် မတားတော့ပါဘူး"

"ကိုယ့်အသက်က ကိုယ့်လက်ထဲမှာပဲ ရှိတာပါ... လူဆိုတာ ကံပဲလေ... ကံတရားအတိုင်း ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်"

"ခင်ဗျားတို့အားလုံး လက်ဗလာနဲ့ ပြန်မလာရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်... သွားကြတော့"

အားလုံးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လုတရုံက လှမ်းအော်ပြောလိုက်သည်။ "ကိုလင်းယွမ်... ဘာပဲရရ မရရ... ကျွန်တော် လုတရုံက ခင်ဗျားကို ကျေးဇူးတင်ပါတယ်... တိုက် (၇၆) က အိမ်ပိုင်ရှင်တွေကို ဘေးကင်းတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးခဲ့တာ ခင်ဗျားပါ... အားလုံးကို ဒုက္ခတွင်းထဲကနေ ဆွဲထုတ်ပေးခဲ့တာလည်း ခင်ဗျားပါပဲ"

"တခြားလူတွေ ဘယ်လိုနေနေ... ကျွန်တော် လုတရုံကတော့ ခင်ဗျားကို လေးစားတယ်... ခင်ဗျားကို လက်ခံတယ်... နောက်ပိုင်း အစွမ်းပိုင်ရှင် ဖြစ်လာခဲ့ရင်တောင် ခင်ဗျား မငြိုငြင်သရွေ့ ခင်ဗျားနောက်ပဲ လိုက်မှာပါ"

အခြားသူများလည်း အော်ဟစ်ကာ ကိုယ်စီ သစ္စာခံကြသည်။

လင်းယွမ်က လက်ကာပြရင်း ပြုံးလိုက်သည်။ "ခင်ဗျားတို့ ဒီလိုစိတ်ဓာတ်ရှိတာ ကျွန်တော် ဝမ်းသာပါတယ်... ကဲ... မိုးချုပ်တော့မယ်... ဒီမှာ အချိန်အကြာကြီး ဖြုန်းလို့ မဖြစ်ဘူး... သွားကြတော့"

ထိုအခါမှ လူအများ လှုပ်ရှားကာ ရေလှိုင်းစီးဘုတ်ပြားများဆီသို့ သွားကြသည်။

ဘုတ်ပြား တစ်ချပ်ပြီးတစ်ချပ် ရေထဲချကာ အားလုံးက စိမ်းလန်းစိုပြေနေသော ကျွန်းဆီသို့ သတိထားပြီး ကပ်သွားကြသည်။

လင်းယွမ်က သစ်ဖောင် အမှတ် (၁) ၏ ဒုတိယထပ်တွင် ရပ်ကာ ထိုမြင်ကွင်းကို ကြည့်နေသည်။

သူကတော့ အသက်စွန့်ပြီး ကျွန်းပေါ်တက်မည် မဟုတ်ချေ။ စနစ်ကြီး ရှိနေပါလျက်နှင့် အဘယ်ကြောင့် အသက်စွန့်ကာ စွန့်စားရမည်နည်း။ ဒါက အရူးလုပ်ရပ် မဟုတ်ပါလော။

အချိန်သာ ပေးမည်ဆိုလျှင် သူက အမှတ်ပေါင်း များစွာကို စုဆောင်းနိုင်ပေလိမ့်မည်။

ထိုအချိန်ကျလျှင် သန္ဓေပြောင်းအသီးက ဘာများ ပြောစရာ ရှိတော့မည်နည်း။

သူ မဲနှိုက်ချင်သလောက် နှိုက်၍ ရနေပြီ။

ဒီလို စွန့်စားခန်းမျိုး လိုအပ်ဦးမည်လား။

ဆက်ရန်...

အပိုင်း (၁၈၂) ပြည့်စုံလွန်းတဲ့ အစွမ်းဆိုတာ မရှိဘူး

"သူတို့ အပေါ်တက်သွားကြပြီ"

ကျိုးယဲ့က ချက်ချင်း သတိပေးလိုက်သည်။

သို့သော် သူက စကားပြန်ပြင်ပြီး ဆက်ပြောလိုက်သည်။

"မဟုတ်သေးဘူး... အကုန်လုံး တက်သွားကြတာ မဟုတ်ဘူး... ဖောင်တွေက အဝေးကြီးမှာ ရှိသေးတယ်... သုံးပုံတစ်ပုံလောက်ပဲ ရေလွှာလျှောစီးဘုတ်တွေနဲ့ လှော်ခတ်သွားကြတာ"

လီချင်းဟွာက မတ်တပ်ရပ်လိုက်ပြီး ပြုံးကာ ပြောသည်။

"တော်တော် သတိရှိတာပဲ... လင်း ဆိုတဲ့ကောင် အပေါ်တက်သွားပြီလား မသိဘူး"

"ငါတို့ ဘယ်လိုလုပ်ကြမလဲ... အခုပဲ လိုက်သွားကြမလား" ကျိုးချင်းမင်က မေးလိုက်သည်။

လီချင်းဟွာက ရယ်မောရင်း ပြန်ဖြေသည်။

"လိုက်သွားကြတာပေါ့... ဒီလူတွေက ကျွန်းပေါ်အရင်တက်ပြီး လမ်းရှင်းပေးထားတာပဲ... ငါတို့မသွားရင် ကောင်းတာတွေ သူတို့ချည်း ရကုန်မှာပေါ့"

သူ့အမိန့်သံအဆုံးတွင် လူအများအပြားက ဖောင်ကို တစ်ပြိုင်နက် လှော်ခတ်လိုက်ကြသည်။

လင်းယွမ်တို့အဖွဲ့က ကျွန်းပေါ်တက်သွားသူများကို စောင့်ကြည့်နေစဉ် တုံယန်က တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကာ ချက်ချင်း လှည့်ကြည့်လိုက်သည်။

သူမသည် မလှမ်းမကမ်းတွင် ရောက်ရှိနေသော လီချင်းဟွာတို့၏ ဖောင်ကို တွေ့လိုက်ရသဖြင့် မျက်နှာပျက်သွားပြီး လင်းယွမ်ကို အလျင်အမြန် လှမ်းဆွဲကာ ပြောလိုက်သည်။

"အစ်ကိုလင်း... ဟိုမှာ ကြည့်လိုက်ပါဦး"

လင်းယွမ်က သူမ ညွှန်ပြရာဘက်သို့ ကြည့်လိုက်ရာ ထိုသစ်သားဖောင်ကို မြင်လိုက်ရသည်။

သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

"အမိန့်ပေးလိုက်... တိုက်ပွဲဝင်ဖို့ ပြင်ကြ"

တင်းယန်က မေးလိုက်သည်။

"ရန်သူတွေလား"

လင်းယွမ်က အေးစက်စက် လေသံဖြင့် ပြောသည်။

"ဝမ်ဝေတုန်း လက်အောက်က အမြင်အာရုံအစွမ်းပိုင်ရှင် အဲဒီအပေါ်မှာ ပါတယ်"

တင်းယန် မျက်နှာပျက်သွားသလို ကျောက်ခိုင်၊ လျှိုဖေးဖေး၊ ရန်ဆန်းမင်တို့လည်း ထိုနေရာသို့ လှမ်းကြည့်လိုက်ကြပြီး အသင့်ပြင်လိုက်ကြသည်။

ဖောင်က ပိုမိုနီးကပ်လာသည်နှင့် လင်းယွမ်က ပြောလိုက်သည်။

"တုံယန်... သူတို့ကို သတိပေးလိုက်"

တုံယန် ခေါင်းညိတ်လိုက်ပြီး စိတ်ချင်းဆက်သွယ်မှုကို လျင်မြန်စွာ ဖြန့်ကျက်ကာ တစ်ဖက်လူ၏ စိတ်အာရုံထဲသို့ တိုက်ရိုက် လှမ်းပြောလိုက်သည်။

"ရပ်လိုက်... ရှင်တို့ ဘယ်သူတွေလဲ"

လီချင်းဟွာတို့အဖွဲ့ ကြောင်အမ်းသွားကြသည်။ သူတို့ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာသော အသံကြောင့် အနည်းငယ် အံ့အားသင့်သွားကြ၏။

လီချင်းဟွာ မျက်ခုံးပင့်လိုက်မိသည်။

"စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ပဲ... မိန်းမတစ်ယောက် ဖြစ်မယ်"

သူက တဲ့တိုးပင် ပြန်ပြောလိုက်သည်။

"မိန်းကလေး... ဒီကျွန်းက မင်းတို့ပိုင်တာမှ မဟုတ်တာ... ငါတို့ တက်လို့မရဘူးလား"

တုံယန် ဘာပြန်ပြောရမှန်း မသိတော့သဖြင့် ဘေးနားရှိ လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

လင်းယွမ်၏ မျက်နှာထားက တည်ငြိမ်နေပြီး တုံယန်၏ စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် သူ့အသံကို ပို့လွှတ်လိုက်သည်။

"ဒီကျွန်းက ကျုပ်တို့ပိုင်တာ မဟုတ်ပေမယ့် ကျုပ်လူတွေ အရင်ရောက်နေတာ... ခင်ဗျားတို့ တက်ချင်ရင်တော့ စောင့်ရလိမ့်မယ်"

"ဟားဟား... ဘာသဘောနဲ့လဲ"

လီချင်းဟွာက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သော်လည်း ဖောင်ကိုမူ ရပ်တန့်မသွားပေ။

လင်းယွမ်၏ မျက်နှာထား တင်းမာသွားပြီး စကားဆက်မပြောတော့ချေ။

သူ လက်ကို ဆန့်ထုတ်လိုက်ရာ သံပိုက်လုံးတစ်ချောင်း လက်ထဲ ရောက်လာသည်။

ယခင်က အလူမီနီယမ်ချောင်းများကို သုံးစွဲခဲ့ပြီးဖြစ်ရာ ဟန်လုံစင်တာကို ဝင်ရောက်ရှင်းလင်းစဉ်က ကုန်ပစ္စည်းစင်များသာမက ဆိုင်ခန်းသုံး စင်များကိုပါ ဖြုတ်ယူသိမ်းဆည်းခဲ့သည်။

ယခုအချိန်တွင် ပစ္စည်းသိုလှောင်ခန်းထဲ၌ ပစ်ပေါက်စရာ လက်နက်များ ပေါများနေပြီဖြစ်သည်။

လင်းယွမ်က အေးစက်စက် ပြုံးလိုက်ပြီး လက်ကို မြှောက်ကာ ထိုသံပိုက်လုံးကို အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်သည်။

"ဝှီး"

အတွင်းခေါင်းပွ သံပိုက်လုံးသည် ကြီးမားသော ခွန်အားဖြင့် ပစ်လွှတ်လိုက်သည့်အတွက် ကျည်ဆန်တစ်စင်းပမာ ထွက်ခွာသွားသည်။

အတွင်းဘက်သို့ လေထု အတင်းတိုးဝင်သွားသဖြင့် စူးရှသော လေတိုးသံများ မြည်ဟည်းနေသည်။

လီချင်းဟွာက ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။

"ဟားဟား"

သူက လေထုထဲသို့ လက်ချောင်းဖြင့် တစ်ချက် တို့ထိလိုက်ရာ ရုတ်ချည်းပင် ဖောင်းကားနေသော ပူပေါင်းတစ်ခု ပေါ်လာသည်။

ဗုန်းခနဲ အသံနှင့်အတူ ထိုသံပိုက်လုံးသည် ပူပေါင်းထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

လီချင်းဟွာက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် ပူပေါင်းသည် ချက်ချင်း ပျောက်ကွယ်သွားသည်။

ထိုသံပိုက်လုံးမှာမူ အစကတည်းက မရှိခဲ့ဖူးသကဲ့သို့ အစအနပင် ရှာမရတော့ပေ။

လီချင်းဟွာက ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။

"ဒီလောက်ပဲလား"

လင်းယွမ်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး သူ့ဘေးနားရှိ တင်းယန်၊ ကျောက်ခိုင်တို့လည်း မျက်နှာ အရောင်ပြောင်းသွားကြသည်။

"အဲဒါ ဘာအစွမ်းလဲ"

"အဲဒီ ပူပေါင်းက ဘာကြီးလဲ"

"ဒါ... ဟင်းလင်းပြင် အစွမ်းလား"

ဆုန့်ဝမ်၏ စကားကြောင့် အားလုံး မျက်နှာပျက်သွားကြသည်။

ဟင်းလင်းပြင် အစွမ်း...

အစ်ကိုလင်းယွမ်ကလည်း ဟင်းလင်းပြင် အစွမ်းပိုင်ရှင် မဟုတ်ဘူးလား။

လူတိုင်းက လင်းယွမ်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။

လင်းယွမ် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စိတ်ထဲတွင်လည်း အံ့သြသွားသည်။

ကမ္ဘာပျက်ကပ် ရေကြီးမှု စတင်ချိန်မှစ၍ သူသည် အမျိုးမျိုးသော အစွမ်းပိုင်ရှင်များကို တွေ့ဖူးခဲ့ပြီး ထူးဆန်းအံ့သြဖွယ် စွမ်းရည်များကို မြင်ဖူးခဲ့သည်။

သို့သော် ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

စနစ်၏ ပစ္စည်းသိုလှောင်ခန်းကို အသုံးပြုပြီး ဟင်းလင်းပြင် အစွမ်းပိုင်ရှင် အယောင်ဆောင်ထားသော သူနှင့်မတူဘဲ တစ်ဖက်လူကမူ စစ်မှန်သော ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်သည်။

စောစောက ပူပေါင်းသည် တစ်ဖက်လူ ဖန်တီးလိုက်သော အခြားဟင်းလင်းပြင် လေဟာနယ်တစ်ခု ဖြစ်လောက်သည်။

"စိတ်ဝင်စားစရာပဲ... ဟင်းလင်းပြင် အစွမ်းပိုင်ရှင်က ဘယ်လိုတိုက်ခိုက်လဲ ကြည့်ရအောင်"

လင်းယွမ် စိတ်ဝင်စားသွားပြီး ဟင်းလင်းပြင် အစွမ်းအကြောင်း သိချင်စိတ် ပြင်းပြလာသည်။

သူ စကားဆက်မပြောတော့ဘဲ သံပိုက်လုံး အများအပြားကို ထုတ်ယူလိုက်ပြီး ရေရွတ်လိုက်သည်။

"သံပိုက်လုံး ဘယ်နှချောင်းလောက် သူ တစ်ခါတည်း ဖမ်းနိုင်မလဲ ကြည့်ကြတာပေါ့"

"ဝှီး... ဝှီး... ဝှီး..."

နောက်တစ်စက္ကန့်တွင် လင်းယွမ်က လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး သံပိုက်လုံးများကို မနားတမ်း ပစ်လွှတ်လိုက်သည်။

လေထုကို ခွင်းသွားသံများ ဆက်တိုက် ထွက်ပေါ်လာပြီး စူးရှသော အသံများ ဆူညံသွားသည်။

တစ်ဖက်မှ ဖောင်သည် အရှိန်မြှင့် မောင်းနှင်လာပြီး လီချင်းဟွာက ခေါင်းခါရမ်းလိုက်သည်။

"လုပ်မနေနဲ့... ဒီလို ကလေးကစားစရာတွေက ငါ့ရှေ့မှာ ဘာမှ အသုံးမဝင်ဘူး"

သူက လေထုကို တစ်ချက် ထပ်တို့လိုက်ရာ ဟင်းလင်းပြင်ကြီး ရုတ်တရက် ဖောင်းကားလာပြီးနောက် အပေါက်တစ်ပေါက် ကွဲအက်သွားသကဲ့သို့ ဖြစ်ပေါ်လာသည်။

အပေါက်က မကြီးလှသော်လည်း ပစ်လွှတ်လိုက်သော သံပိုက်လုံးအားလုံးကို တိကျစွာ စုပ်ယူမျိုသိပ်လိုက်သည်။

လင်းယွမ် အံ့သြသွားသည်။ ဒီဟင်းလင်းပြင် အစွမ်းက တကယ်ပဲ အစွမ်းထက်လှသည်။

"အစ်ကိုလင်း... ကျွန်တော် ရှင်းလိုက်မယ်"

ကျောက်ခိုင် ရုတ်တရက် ပြောလိုက်ပြီး လင်းယွမ် ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ လေပေါ်သို့ ခုန်တက်ကာ ရေပြင်ပေါ်သို့ ဒိုင်ဗင်ထိုးချလိုက်သည်။

"ဗုန်း... ဗုန်း... ဗုန်း..."

သူ့ခန္ဓာကိုယ် ရေပြင်ပေါ် ကျရောက်သွားချိန်တွင် နစ်မြုပ်မသွားဘဲ မြေကြီးပေါ် နင်းလိုက်သကဲ့သို့ လေးလံသော အသံများ ထွက်ပေါ်လာသည်။

ထို့နောက် သူက ခုန်ပျံလိုက်ပြီး တစ်ဖက်ဖောင်ဆီသို့ ပြေးဝင်သွားသည်။

သူ ခြေချလိုက်သည့် နေရာတိုင်းတွင် ထူထဲသော ရေခဲလွှာများ ဖြစ်ပေါ်လာပြီး ရေပြင်ပေါ်တွင် ပေါလောပေါ်နေကြသည်။

သူသည် ရေထဲကျသည့် တစ်ခဏအတွင်း ရေခဲအစွမ်းကို ကြိုတင်အသုံးပြုပြီး ရေပြင်ကို ခဲစေကာ ထူထဲသော ရေခဲပြင် ခင်းကျင်းလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ရေခဲပြင်ပေါ်တွင် နင်းလျှောက် ခုန်ပျံနိုင်ခြင်း ဖြစ်၏။

အကြိမ်ရေအနည်းငယ် ခုန်ပျံလိုက်ရုံဖြင့် တစ်ဖက်ဖောင်နှင့် ပေ ၂၀ ခန့်အကွာသို့ ရောက်ရှိသွားသည်။

လီချင်းဟွာက ကျောက်ခိုင်ကို အံ့သြစွာ ကြည့်လိုက်သည်။

"ရေခဲ အစွမ်းပိုင်ရှင်လား"

ကျောက်ခိုင်က အေးစက်စွာ ပြုံးလိုက်သည်။

"ကျွန်းပေါ်တက်ချင်တာလား... ဖောင်ကို ရပ်လိုက်... တက်ချင်ရင် လမ်းလျှောက်သွားကြ"

သူက လက်ဝါးနှစ်ဖက်ဖြင့် ရေပြင်ကို ရိုက်ချလိုက်ရာ ရေခဲပြင်ကြီး အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။

"ဂျစ်... ဂျစ်... ဂျစ်..."

ရေခဲပြင် လျင်မြန်စွာ ဖြစ်ပေါ်လာပြီး ရေပြင်ကို အေးခဲစေကာ မျက်စိတစ်မှိတ်အတွင်း ကျယ်ပြန့်သော ရေခဲပြင်ကြီးက လီချင်းဟွာတို့၏ ဖောင်သွားလမ်းကို ပိတ်ဆို့လိုက်သည်။

ကျောက်ခိုင်သည် ရေခဲပြင်ပေါ်တွင် ရပ်ရင်း အေးစက်စက် ပြုံးနေသည်။

သူ့တိုက်ခိုက်မှုက မပြီးသေးပေ။ ရေခဲပြင်ပေါ် ပြေးလွှားရင်း လက်ထဲတွင် ရေခဲဓားများကို ဖန်တီးကာ အားကုန် ပစ်ပေါက်လိုက်သည်။

"ရွှမ်း... ရွှမ်း... ရွှမ်း..."

ရေခဲဓားများသည် လီချင်းဟွာထံသို့ ချိန်ရွယ်ပြီး ပြေးဝင်သွားကြသည်။

ဒီတစ်ကြိမ်တွင်တော့ လီချင်းဟွာ လှုပ်ရှားစရာ မလိုလိုက်ပေ။ သူ့ဘေးနားရှိ ကျိုးယဲ့က ရုတ်တရက် ရှေ့ထွက်လာသည်။

သူ့လက်ထဲတွင် ဖန်ဂေါ်လီတစ်ဆုပ်ကို ကိုင်ထားပြီး အားကုန် ပစ်ပေါက်လိုက်သည်။

"ဗုန်း... ဗုန်း... ဗုန်း..."

ဖန်ဂေါ်လီများနှင့် ရေခဲဓားများ လေထဲတွင် ထိပ်တိုက်တွေ့ကာ ပေါက်ကွဲသံများ ဆူညံသွားသည်။

ကျောက်ခိုင်၏ ရေခဲဓားများသည် ဖန်ဂေါ်လီများနှင့် ထိမှန်ပြီး တစ်စစီ ကွဲကြေကုန်သည်။

ကျောက်ခိုင် မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်းဆီမှာ ဖန်ဂေါ်လီ ဘယ်လောက်များများ ရှိလဲ ကြည့်ကြသေးတာပေါ့"

သူက ရေပြင်ကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်ရာ ရေပန်းများ ဗုန်းခနဲ ပေါက်ကွဲထွက်လာသည်။

ထို့နောက် ရေပန်းများကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ရေပန်းများ အေးခဲသွားပြီး ရေခဲတုံးကြီးများ ဖြစ်သွားသည်။

သူက အားကုန် ကန်ထုတ်လိုက်ရာ ပေါက်ကွဲသံနှင့်အတူ ရေခဲတုံးကြီးများသည် တစ်ဖက်ဖောင်ဆီသို့ ဝင်ဆောင့်တော့သည်။

ကျိုးယဲ့ မျက်နှာပျက်သွားသည်။ သူ့ဖန်ဂေါ်လီများက ဒီလောက်ကြီးမားတဲ့ ရေခဲတုံးကြီးတွေကို မဖျက်ဆီးနိုင်ပေ။

လီချင်းဟွာက သူ့ပခုံးကို လှမ်းပုတ်ရင်း ပြုံးလိုက်သည်။

"ငါ ရှင်းလိုက်မယ်"

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင် ပူပေါင်းတစ်ခု ရေခဲတုံးကြီးများ ရှေ့တွင် ပေါ်လာသည်။

ရေခဲတုံးကြီးများ ဝင်တိုက်မိသည်နှင့် ထိုပူပေါင်း ရုတ်တရက် ပေါက်ကွဲသွားသည်။

ဝုန်းခနဲ အသံကြီးနှင့်အတူ ရေခဲတုံးကြီးများမှာ ဟင်းလင်းပြင် ပူပေါင်း၏ ပေါက်ကွဲမှုဒဏ်ကြောင့် အမှုန့်အမွှား ဖြစ်ကုန်သည်။

ဟင်းလင်းပြင် တုန်ခါမှု ဂယက်များ ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

တိုက်ရည်ခိုက်ရည် ဝါရင့်နေသော ကျောက်ခိုင်ပင်လျှင် မျက်နှာပျက်သွားပြီး အရှိန်သတ်ကာ ထိုဂယက်များကို ရှောင်တိမ်းလိုက်ရသည်။

ဟင်းလင်းပြင် တုန်ခါမှု ဂယက်များသည် အလွန်ပြင်းထန်ပြီး ထိမိသမျှ အရာအားလုံးကို အလွယ်တကူ ခြေမွပစ်နိုင်စွမ်း ရှိသည်။

ရေခဲပြင် အများအပြားသည် ဟင်းလင်းပြင် ပေါက်ကွဲမှု ဂယက်ကြောင့် အက်ကွဲကုန်သည်။

လီချင်းဟွာတို့၏ ဖောင်မှာ အတားအဆီးမရှိတော့ဘဲ ဆက်လက် ရွေ့လျားလာသည်။

ကျောက်ခိုင် နောက်ဆုတ်လိုက်ရပြီး လီချင်းဟွာတို့ နီးကပ်လာသည်ကို မျက်လုံးပြုး ကြည့်နေမိသည်။

"အစ်ကိုခိုင်"

နံပါတ် (၁) ဖောင်ပေါ်မှ လျှိုဖေးဖေး စိတ်ပူသွားပြီး ဘာစကားမှ မပြောတော့ဘဲ လီချင်းဟွာရှိရာသို့ စိတ်ဝင်္ကပါ အစွမ်းကို ထုတ်သုံးလိုက်သည်။

"ဝုန်း..."

စိတ်စွမ်းအင်များ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လီချင်းဟွာ၏ စိတ်ပင်လယ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားလိုက်သည်။

သို့သော် စိတ်စွမ်းအင်များက လီချင်းဟွာ၏ ရှေ့ ပေအနည်းငယ် အကွာသို့ ရောက်သည်နှင့် ဟင်းလင်းပြင်ထဲတွင် မမြင်ရသော အတားအဆီးတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရပြီး ရှေ့ဆက်တိုးမရ ဖြစ်သွားသည်။

လီချင်းဟွာက ခေါင်းမော့ကာ နံပါတ် (၁) ဖောင်ကို ကြည့်ပြီး နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

"စိတ်စွမ်းအင် သမားတောင် ပါသေးတာပဲ... စိတ်မကောင်းစရာက စိတ်စွမ်းအင် ပို့လွှတ်မယ်ဆိုရင်တောင် ဟင်းလင်းပြင်ကို ဖြတ်သန်းလာရဦးမှာလေ"

"ငါ့ရှေ့က ဟင်းလင်းပြင်ကို ငါပဲ ထိန်းချုပ်ထားတာ"

လျှိုဖေးဖေး မျက်နှာပျက်သွားပြီး လင်းယွမ်ကို စိတ်ပူစွာ ကြည့်လိုက်သည်။

"အစ်ကိုလင်း... ကျွန်မရဲ့ စိတ်စွမ်းအင်က သူ့နားကို ကပ်လို့မရဘူး"

လင်းယွမ်က တွေးတောရင်း ပြောလိုက်သည်။

"ရန်သူကို စိတ်စွမ်းအင်နဲ့ တိုက်ခိုက်ဖို့ဆိုတာ ရန်သူ့ဦးနှောက်ထဲ ရောက်ဖို့ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားရတာပဲ"

"ဟင်းလင်းပြင်ကို ပိတ်ဆို့ထားရင် စိတ်စွမ်းအင်လည်း ဖြတ်မရတော့ဘူးပေါ့"

လင်းယွမ် စဉ်းစားလိုက်သည်။ ဒီဟင်းလင်းပြင် အစွမ်းပိုင်ရှင်က တကယ်ပဲ ကြောက်စရာ ကောင်းသည်။

ဒီလက်တစ်ကွက်တည်းနှင့်ပင် အခြားအစွမ်းပိုင်ရှင် အများအပြားကို အနိုင်ယူနိုင်နေပြီ။

အထူးသဖြင့် ဟင်းလင်းပြင် ပူပေါင်းကို ဖောက်ခွဲပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းများ ဖန်တီးကာ သတ်ဖြတ်နိုင်သည့် နည်းလမ်းက ပို၍ ကြောက်စရာကောင်းသည်။

ထိုဖျက်ဆီးနိုင်စွမ်းက လူသားတို့ လုပ်ဆောင်နိုင်သော အတိုင်းအတာ မဟုတ်တော့ပေ။

လင်းယွမ် မြင်ဖူးသမျှ အစွမ်းပိုင်ရှင်များထဲတွင် ဟင်းလင်းပြင်ကို ဖျက်ဆီးပြီး တိုက်ခိုက်နိုင်သူ တစ်ဦးမှ မရှိသေး။

ဒါက သာမန်အသိကို ကျော်လွန်နေသော ဖြစ်တည်မှုမျိုး ဖြစ်သည်။

မိမိရှေ့မှ ဟင်းလင်းပြင် အစွမ်းပိုင်ရှင်က ကြောက်ခမန်းလိလိ စွမ်းအားကြီးပြီး အားနည်းချက်ပင် မရှိဘဲ ပြီးပြည့်စုံနေသယောင် ရှိသည်။

"မဖြစ်နိုင်ဘူး... ဒီလောကမှာ ပြည့်စုံလွန်းတဲ့ အစွမ်းဆိုတာ မရှိဘူး... အားနည်းချက်မရှိတဲ့ လူဆိုတာလည်း မရှိနိုင်ဘူး"

လင်းယွမ် စိတ်ထဲမှ ရေရွတ်လိုက်သည်။

အရည်အသွေးမှတ် စနစ်ကို ပိုင်ဆိုင်ထားသော သူပင်လျှင် ဘက်စုံ အရည်အသွေးများ မြှင့်တင်ရသဖြင့် အားနည်းချက် ရှိနေသေးသည်။

သူ့အားနည်းချက်မှာ တိုးတက်မှုနှုန်း နှေးကွေးခြင်း ဖြစ်သည်။ အရည်အသွေးမှတ် အားလုံးကို မျှတအောင် ပေါင်းထည့်နေရသောကြောင့် ဖြစ်၏။

ထိုသို့လုပ်ခြင်းဖြင့် ရရှိလာသော အမှတ်များကို ခွဲဝေသုံးစွဲလိုက်ရသည်။

ရေထဲမှ သန္ဓေပြောင်း သတ္တဝါများ၊ လူသားများထဲမှ သန္ဓေပြောင်းရာတွင် ကျရှုံးပြီး ဘီလူးအဖြစ် ပြောင်းသွားသူများနှင့် ယှဉ်လျှင် သူ့တိုးတက်မှုနှုန်းက နှေးကွေးသည်ဟု ခံစားရသည်။

သို့သော် သာမန် အစွမ်းပိုင်ရှင်များနှင့် ယှဉ်လျှင်မူ မည်သည့်ကဏ္ဍတွင်မဆို သူ့ကို မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ပေ။

ယခု တွေ့နေရသော ဟင်းလင်းပြင် အစွမ်းပိုင်ရှင်က ဟင်းလင်းပြင် အစွမ်းတစ်ခုတည်းနှင့်ပင် တိုက်စစ်ရော ခံစစ်ပါ အားနည်းချက်မရှိ ကောင်းမွန်နေသည်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုရော၊ စိတ်စွမ်းအင် တိုက်ခိုက်မှုပါ သူ့ရဲ့ ဟင်းလင်းပြင် အတားအဆီးကို ဖောက်ထွင်းနိုင်ပုံ မရပေ။

"မဖြစ်နိုင်ဘူး"

လင်းယွမ် စိတ်ထဲတွင် တွေးလိုက်သည်။ မည်သည့်အစွမ်းမဆို ပြီးပြည့်စုံနေသည် ဟူ၍ မရှိပေ။

ဟင်းလင်းပြင် အစွမ်းက အစွမ်းထက်သည် မှန်သော်လည်း ဒီအဆင့်ထိ လုပ်ဆောင်နိုင်စရာ အကြောင်းမရှိ။

သူ့စိတ်စွမ်းအင်ကို အရှိန်အဟုန်ဖြင့် ဖြန့်ကျက်လိုက်ပြီး တစ်ခဏချင်းတွင် ပေ ၆၀ ကျော် ဝေးသော ဖောင်ဆီသို့ လှမ်းပို့လိုက်သည်။

ကြီးမားသော စိတ်စွမ်းအင် အရှိန်အဟုန်သည် လျှိုဖေးဖေး၏ စိတ်စွမ်းအင်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သည်။

မျက်စိတစ်မှိတ်အတွင်း လီချင်းဟွာရှိရာ ဖောင်ဆီသို့ ရောက်ရှိသွားသည်။

လီချင်းဟွာ၏ ဖောင်ပတ်လည်ရှိ ဟင်းလင်းပြင်သည် အတားအဆီးတစ်ခုသဖွယ် ဖြစ်ပေါ်နေပြီး စိတ်စွမ်းအင် အနည်းငယ်မျှပင် စိမ့်ဝင်မရကြောင်း သူ ချက်ချင်း ခံစားလိုက်ရသည်။

"စိတ်စွမ်းအင်က စိတ်ပင်လယ်ကို ပစ်မှတ်ထားတာ... ရုပ်ဝတ္ထုပစ္စည်းတွေကို စိတ်စွမ်းအင်နဲ့ သက်ရောက်မှု ဖြစ်စေဖို့ဆိုတာ အရမ်း အားစိုက်ရတယ်"

"အရင်တုန်းက ငါ့စိတ်စွမ်းအင် အမှတ် ၂၀ ကျော် ရှိတုန်းကတောင် ကုတင်ဘေးက စားပွဲခုံလောက် လေးတဲ့ဟာကိုပဲ မနိုင်ခဲ့တာ"

"ဒါပေမယ့် ခွန်အားအမှတ် ၂၀ ဆိုရင်တော့ တန်ချီလေးတဲ့ အားကို ထုတ်သုံးနိုင်တယ်"

လင်းယွမ် တွေးတောလိုက်ပြီးနောက် တစ်ဖက်လူ၏ လုံခြုံလှသော ဟင်းလင်းပြင် အတားအဆီးကို ဖျက်ဆီးမည့် နည်းလမ်းကို ရှာတွေ့သွားသည်။

သူ့လက်ထဲတွင် သံပိုက်လုံးတစ်ချောင်းကို ဆွဲကိုင်လိုက်ပြီး လူတိုင်းက နားမလည်နိုင်စွာ ကြည့်နေကြစဉ် လက်ကို မြှောက်ကာ အားကုန် ပစ်လွှတ်လိုက်သည်။

"ဝှစ်"

ကြောက်မက်ဖွယ် ကောင်းသော လေခွင်းသံနှင့်အတူ သံပိုက်လုံး ပြေးထွက်သွားသည်။

တစ်ဖက်မှ လီချင်းဟွာက ခေါင်းခါရမ်းလိုက်သည်။

"အလကား အပင်ပန်းခံနေတာပဲ"

သူက ဟင်းလင်းပြင်ကို တစ်ချက် ထပ်တို့လိုက်ရာ ပူပေါင်းအသေးစားလေး ထပ်မံ ပေါ်ပေါက်လာသည်။

သံပိုက်လုံးနှင့် ဟင်းလင်းပြင် ပူပေါင်း ထိပ်တိုက် တွေ့ကြသည်။

ပူပေါင်းက ကွဲအက်သွားပြီး သံပိုက်လုံးကို ချက်ချင်း မျိုချလိုက်သည်။

သို့သော် ထိုအချိန်တွင် လင်းယွမ် ရုတ်တရက် ရယ်မောလိုက်သည်။

နောက်တစ်ခဏတွင် သူက လက်နှစ်ဖက်ဖြင့် သံပိုက်လုံး နှစ်ချောင်းကို တစ်ပြိုင်နက် ဆွဲထုတ်လိုက်ပြီး လက်မောင်းကို ဝှေ့ယမ်းကာ ပစ်လွှတ်လိုက်သည်။

"ဝှစ်" "ဝှစ်"

လက်ထဲမှ သံပိုက်လုံးများ ဆက်တိုက် ပစ်လွှတ်လိုက်ရာ လီချင်းဟွာ မျက်မှောင်ကြုတ်သွားပြီး ဟင်းလင်းပြင် ပူပေါင်း နှစ်ခု ထပ်မံ ဖန်တီးလိုက်သည်။

သို့သော် ထိုအချိန်မှာပင် သူ့ခေါင်းထဲ၌ ရုတ်တရက် ဝီခနဲ မြည်ဟည်းသွားသည်။

ကြီးမားသော စိတ်စွမ်းအင် အရှိန်အဟုန်က သူ့ဦးနှောက်ထဲသို့ အတင်း ဝင်ဆောင့်လိုက်ခြင်း ဖြစ်သည်။

"စိတ်ဝိဉာဉ် ရိုက်ခတ်သိုင်း"

လီချင်းဟွာ မျက်လုံးပြာသွားပြီး ခန္ဓာကိုယ် ယိမ်းယိုင်ကာ ထိုင်ခုံပေါ်သို့ ပြန်လည် ထိုင်ကျသွားသည်။

သူက လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အကာအကွယ် ပြန်လည် ပေါ်ပေါက်လာပြီး ထိုကြောက်မက်ဖွယ် စိတ်စွမ်းအင် တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။

ထို့နောက် သူက လင်းယွမ်ကို မော့ကြည့်လိုက်ရာ မျက်လုံးထဲတွင် ထိတ်လန့်ဒေါသထွက်မှုများ ပေါ်လာသည်။

လင်းယွမ်ကမူ ဟားတိုက် ရယ်မောလိုက်ပြီး လက်ထဲတွင် သံပိုက်လုံး အသစ်များ ထပ်မံ ပေါ်လာကာ အားကုန် ပစ်လွှတ်လိုက်ပြန်သည်။

ထို့နောက် အော်ပြောလိုက်သည်။

"ဟင်းလင်းပြင် အစွမ်းက တကယ်ပဲ အစွမ်းထက်ပါတယ်... ဒါပေမယ့် မင်းက ဟင်းလင်းပြင် အတားအဆီးရော၊ ဟင်းလင်းပြင် ပူပေါင်းကိုရော တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်လို့လား"

"တိုက်စစ်ရော ခံစစ်ပါ ပါဝင်ပြီး အားနည်းချက်မရှိတဲ့ အစွမ်းဆိုတာ မရှိဘူး"

"မင်းရဲ့ စိတ်စွမ်းအင် ပမာဏနဲ့ ဟင်းလင်းပြင် အတားအဆီးရော၊ ဟင်းလင်းပြင် ပူပေါင်းကိုပါ တစ်ပြိုင်နက်တည်း ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး"

"ဝုန်း"

သူ့လက်ထဲမှ သံပိုက်လုံးများ ဆက်တိုက် ပစ်လွှတ်လိုက်ရာ စိတ်စွမ်းအင်ကို ကာကွယ်ပေးထားသော ဟင်းလင်းပြင် အတားအဆီးကြီး ဝုန်းခနဲ ပေါက်ကွဲသွားသည်။

မျက်စိဖြင့် မမြင်နိုင်သော ဟင်းလင်းပြင် အတားအဆီးသည် သံပိုက်လုံးများ၏ ထိုးဖောက်မှုကို ခံလိုက်ရပြီး ပေါက်ကွဲသွားခြင်း ဖြစ်သည်။

သိသာသည်မှာ ဟင်းလင်းပြင်ကို အတင်းအဓမ္မ ပိတ်ဆို့ထားခြင်းသည် ယခုအချိန်တွင် လီချင်းဟွာ လုပ်ဆောင်နိုင်သော အရာ မဟုတ်ပေ။

သူ ဟင်းလင်းပြင်ကို ပိတ်ဆို့နိုင်သည် ဆိုသော်လည်း ပါးလွှာသော အတားအဆီးတစ်ခုသာ ဖန်တီးနိုင်ခြင်း ဖြစ်သည်။

ထို ဟင်းလင်းပြင် အတားအဆီးသည် စိတ်စွမ်းအင် စိမ့်ဝင်မှုကို ကာကွယ်နိုင်သော်လည်း ရုပ်ဝတ္ထုပစ္စည်းများ၏ ကြမ်းတမ်းသော ဖျက်ဆီးမှုကိုတော့ တောင့်မခံနိုင်ပေ။

ဟင်းလင်းပြင် အတားအဆီး၏ ခံနိုင်ရည်သည် ဟင်းလင်းပြင် ပူပေါင်း အစွမ်းနှင့် လုံးဝ မတူညီပေ။

ဟင်းလင်းပြင် အတားအဆီး ပေါက်ကွဲသွားသည်နှင့် လီချင်းဟွာ မျက်နှာပျက်သွားသည်။

သူက လက်နှစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို ဖိချလိုက်ရာ ကြီးမားသော ပူပေါင်းကြီးတစ်ခု ပေါ်လာသည်။

ထိုပူပေါင်းကြီးက ဖောင်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ရာ သံပိုက်လုံးအားလုံးသည် ပူပေါင်းကြီးပေါ်သို့ တဝုန်းဝုန်းနှင့် ဝင်ဆောင့်ကုန်သည်။

ဒီတစ်ကြိမ်တွင်တော့ ဟင်းလင်းပြင် ပူပေါင်းသည် ကွဲအက်ပြီး သံပိုက်လုံးများကို မျိုချခြင်း မပြုတော့ဘဲ အစွမ်းကုန် ကြံ့ကြံ့ခံပြီး ကာကွယ်နေရသည်။

အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင် ပူပေါင်းထဲတွင် ရှိနေသည်မှာ လီချင်းဟွာနှင့် သူ့လူများ ဖြစ်နေသောကြောင့် ဖြစ်သည်။

လင်းယွမ် အံ့သြသွားသည်။

"ဒီ ဟင်းလင်းပြင် ပူပေါင်းကို ဒီလိုလည်း သုံးလို့ရတာလား"

သူ့စိတ်ထဲတွင် ချီးကျူးမိလိုက်သည်။ အစွမ်းတစ်ခုတည်း ဖြစ်သော်လည်း ယခုမြင်နေရသော လီချင်းဟွာသည် ဟင်းလင်းပြင် ပူပေါင်းကို နည်းလမ်းစုံ အသုံးပြုပြနေသည်။

ဟင်းလင်းပြင် ပူပေါင်းသည် ရန်သူ၏ လက်နက်ကို မျိုချနိုင်သလို၊ ပေါက်ကွဲစေပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းများ ဖန်တီးကာ ရန်သူကို သတ်ဖြတ်နိုင်သည်။

ယခုအခါ အကာအကွယ် အမိုးခုံးတစ်ခုအဖြစ် ဖန်တီးပြီး ကိုယ့်လူများကို ကာကွယ်ပေးနိုင်ပြန်သည်။

တကယ့်ကို တိုက်စစ်ရော ခံစစ်ပါ ကောင်းမွန်လှသည်။

သို့သော် လင်းယွမ်က အားနည်းချက်ကို ချက်ချင်း ရှာတွေ့သွားသည်။

"သူ့ရဲ့ ဟင်းလင်းပြင် ပူပေါင်းက သိပ်ပြီး ခံနိုင်ရည်မရှိဘူး"

လင်းယွမ် သေချာကြည့်လိုက်ရာ သူပစ်လွှတ်လိုက်သော သံပိုက်လုံး တစ်ဆယ်ကျော် ထိမှန်ပြီးနောက် ဟင်းလင်းပြင် ပူပေါင်းပေါ်တွင် အက်ရာများ ထင်လာသည်ကို တွေ့လိုက်ရသည်။

သိသာသည်မှာ ထိုဟင်းလင်းပြင် ပူပေါင်းသည် သူပစ်လွှတ်လိုက်သော သံပိုက်လုံးများ၏ ထိုးဖောက်အားကို ခံနိုင်ရည်မရှိပေ။

"သူ့ စိတ်စွမ်းအင် အနေအထားနဲ့ဆိုရင် ဒီလောက်ပဲ ခံနိုင်ရည်ရှိတဲ့ ပူပေါင်းကိုပဲ ဖန်တီးနိုင်မှာ... ငါ့ရဲ့ အားကုန်တိုက်ခိုက်မှုကို လုံးဝ တောင့်မခံနိုင်ဘူး"

လင်းယွမ် သဘောပေါက်သွားသည်။ စောစောက သူ့သံပိုက်လုံးကို ကာကွယ်ရာတွင် ပူပေါင်းအက်ကွဲကြောင်း ဖန်တီးပြီး ဘာကြောင့် မျိုချလိုက်ရသလဲ ဆိုတာ နားလည်သွားသည်။

ပူပေါင်းက ပြင်းထန်သော တိုက်ခိုက်မှုကို တောင့်မခံနိုင်မှန်း သူသိသောကြောင့် ပူပေါင်းကို ဖျက်ဆီးပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ သံပိုက်လုံးကို ပစ်ထည့်လိုက်ခြင်းဖြင့် မျိုချလိုက်သကဲ့သို့ ဖြစ်အောင် လုပ်ပြခြင်း ဖြစ်သည်။

ထိုလုပ်ရပ်က ကြည့်ရတာ အထင်ကြီးစရာ ကောင်းပြီး အစွမ်းထက်ပုံ ပေါက်သော်လည်း တကယ်တမ်းတွင်မူ လီချင်းဟွာ၏ စွမ်းအား မလုံလောက်မှုကြောင့် မတတ်သာဘဲ လုပ်လိုက်ရခြင်း ဖြစ်သည်။

ဟင်းလင်းပြင် ပူပေါင်းပေါ်တွင် အက်ရာများ ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လီချင်းဟွာ မျက်နှာ အတော်လေး ပျက်သွားသည်။

ထိုအချိန်တွင် ဘေးနားမှ ကျိုးချင်းမင်က ရှေ့ထွက်လာပြီး လေထုထဲသို့ လက်ဝါး ရိုက်လိုက်သည်။

သူ့လက်နှစ်ဖက် ရုတ်တရက် ပြိုကွဲသွားသကဲ့သို့ ဖြစ်သွားပြီး အဖြူရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

မျက်စိတစ်မှိတ်အတွင်း ရေပြင်ပေါ်တွင် မြူခိုးများ ဖုံးလွှမ်းသွားပြီး သူတို့၏ ဖောင်ကို လုံးဝ ဖုံးကွယ်လိုက်သည်။

မြူခိုးဖြူများ ဆက်လက် ပျံ့နှံ့နေပြီး ရေကြီးနေသော ရေပြင်ပေါ်တွင် ပေ ၆၀၊ ၇၀ ခန့် ကျယ်ဝန်းသော မြူခိုးထုကြီး ပေါ်လာသည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေများပင်လျှင် ဒီမြူခိုးထုကြီးကို ပျက်ပြယ်အောင် မလုပ်နိုင်ပေ။

"ပလုံ... ပလုံ... ပလုံ..."

သံပိုက်လုံးများသည် မြူခိုးထုထဲသို့ ဝင်ရောက်သွားပြီးနောက် ရေထဲသို့ ကျသွားသော အသံများ ထွက်ပေါ်လာသည်။

သို့သော် မည်သူမျှ မြူခိုးထုထဲမှ အခြေအနေကို မမြင်ရတော့ပေ။

လင်းယွမ် မျက်ခုံးပင့်လိုက်ပြီး ပြုံးကာ ပြောသည်။

"ကုဖုန်း... ဒီလူရဲ့ အစွမ်းက မင်းနဲ့ နည်းနည်းတူတယ်"

နံပါတ် (၁) ဖောင်ပေါ်ရှိ ကုဖုန်းက ထိုစကားကို ကြားသောအခါ အံ့သြသွားပြီး ရယ်မောကာ ပြောသည်။

"တကယ်ပဲဗျ... အစ်ကိုလင်း... ကျွန်တော်လည်း မီးခိုးမှုတ်ထုတ်ပြီး ကျွန်တော်တို့ ဖောင်ကို ဖုံးလိုက်ရမလား"

လင်းယွမ်က ပြုံးပြီး မေးလိုက်သည်။

"မင်း ဘယ်လောက်အကွာအဝေးထိ မီးခိုးမှုတ်ထုတ်နိုင်လို့လဲ"

"အာ... ကျွန်တော်က ပေ ၄၀၊ ၅၀ လောက်ပဲ လုပ်နိုင်တာ"

သိသာသည်မှာ သူ့မီးခိုးမှုတ်ထုတ်နိုင်စွမ်းက သူ့စိတ်စွမ်းအင် အားကောင်းမှုနှင့် သက်ဆိုင်နေသည်။

လင်းယွမ် ပြုံးလိုက်သည်။ ဖောင်သုံးစင်း ချိတ်ဆက်ထားသည်မှာ ပေ ၁၀၀ ကျော် ရှည်လျားသဖြင့် ကုဖုန်း ဖုံးကွယ်ပေးနိုင်မည် မဟုတ်ပေ။

တစ်ဖက်လူ ဖန်တီးလိုက်သော မြူခိုးထုကမူ အတော်လေး ကျယ်ဝန်းသည်။

သူတို့ဖောင်က သေးငယ်သဖြင့် ဒီမြူခိုးထုထဲတွင် စိတ်ကြိုက် ပုန်းအောင်းနေနိုင်သည်။

လင်းယွမ် စိတ်စွမ်းအင်ဖြင့် အလျင်အမြန် စူးစမ်းကြည့်လိုက်သည်။

သူ့စိတ်စွမ်းအင်က အမှတ် ၃၀ နီးပါး ရှိနေပြီဖြစ်ရာ ပေ ၁၀၀ ပတ်လည်လောက်ထိ လွှမ်းခြုံနိုင်စွမ်း ရှိသည်။

မျက်စိတစ်မှိတ်အတွင်း သူ့ရဲ့ ကြီးမားသော စိတ်စွမ်းအင်က တစ်ဖက်လူ၏ မြူခိုးထုကို လွှမ်းခြုံသွားသည်။

သို့သော် သူ့ကို အံ့သြသွားစေသည်မှာ ဒီမြူခိုးထုသည် အစိုင်အခဲ တစ်ခုကဲ့သို့ ဖြစ်နေပြီး စိတ်စွမ်းအင်ဖြင့် ထိတွေ့လိုက်သည်နှင့် တွင်းနက်ကြီး တစ်ခုနှင့် တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

စိတ်စွမ်းအင်များ ချက်ချင်း စုပ်ယူခံလိုက်ရပြီး အာရုံခံနိုင်စွမ်း ပျောက်ဆုံးသွားသည်။

"ဒီလို ခံစားချက်မျိုးက"

လင်းယွမ် အနည်းငယ် အံ့သြသွားသည်။ ဒီမြူခိုးထုက သာမန် မြူခိုးမဟုတ်ဘဲ တွင်းနက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။

စိတ်စွမ်းအင်က ဖြတ်သန်းသွားနိုင်သော်လည်း အာရုံခံနိုင်စွမ်း ပျောက်ဆုံးသွားသည်။

ဒါက ကုဖုန်းရဲ့ မီးခိုးငွေ့နဲ့ မတူပေ။

ကုဖုန်း မှုတ်ထုတ်လိုက်သော မီးခိုးငွေ့က စိတ်စွမ်းအင်ကို ဖြတ်သန်းခွင့်မပြုဘဲ ကာကွယ်ပေးထားခြင်း ဖြစ်သည်။

တစ်ဖက်လူ၏ မြူခိုးထုကမူ ကာကွယ်ခြင်း မဟုတ်ဘဲ စုပ်ယူပစ်ခြင်း ဖြစ်သည်။

လင်းယွမ်က စိတ်စွမ်းအင်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပြီး တင်းယန်ဘက် လှည့်ကာ ပြောလိုက်သည်။

"တင်းယန်... နင် စမ်းကြည့်လိုက်"

တင်းယန်က စောင့်နေသည်မှာ ကြာပြီဖြစ်ရာ ချက်ချင်း ပြန်ဖြေသည်။

"သိပြီ"

သူမ လက်နှစ်ဖက်တွင် စွမ်းအင်အလင်းတန်းများ စုစည်းလိုက်ပြီးနောက် လေထဲသို့ လက်သီးဖြင့် ထိုးချလိုက်သည်။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော လေဖိအားအမြောက်လက်သီးသည် အမြောက်ဆံတစ်စင်းပမာ ပြေးထွက်သွားသည်။

ဝုန်းခနဲ...

လေဖိအားအမြောက်သည် မြူခိုးထုထဲသို့ ဝင်ရောက်သွားပြီး ပေါက်ကွဲသွားသည်။

လေလှိုင်းများ လှိမ့်ဝင်သွားပြီး မြူခိုးဖြူများကို ၆ ပေ၊ ၇ ပေခန့် စုတ်ဖြဲပစ်လိုက်သည်။

မြူခိုးများကြားထဲမှ ရေလှိုင်းများကို ရေးရေးမျှ မြင်လိုက်ရသည်။

သို့သော် နောက်တစ်ခဏတွင် ဘေးပတ်ဝန်းကျင်မှ မြူခိုးများ ပြန်လည် စုစည်းလာပြီး ပေါက်ကွဲသွားသော နေရာကို လျင်မြန်စွာ ပြန်ဖုံးလွှမ်းသွားသည်။

အားလုံးက ဘာမှ မဖြစ်ခဲ့ဖူးသကဲ့သို့ပင်။

လင်းယွမ် တွေးတောလိုက်သည်။ ဒီမြူခိုးထုက ကုဖုန်းရဲ့ မီးခိုးငွေ့နဲ့ မတူတာ သေချာသွားပြီ။

ကုဖုန်း မှုတ်ထုတ်လိုက်သော မီးခိုးငွေ့ဆိုလျှင် ဒီလောက် လွယ်လွယ်ကူကူနဲ့ လွင့်စင်သွားမည် မဟုတ်ပေ။

ဆက်ရန်...

All Chapters