အခန်း (၁၈၃-၁၈၄)
Vol. 10 Ch. 183-184
အပိုင်း (၁၈၃) ရွှံ့နွံတောထဲမှ သန္ဓေပြောင်း လယ်ခရု
"အစ်ကိုလင်း... ဟိုမြူတွေ ဒီဘက် ရောက်လာပြီ"
ကျောက်ခိုင်က လှမ်းအော်လိုက်သည်။
သစ်ဖောင်ကို လွှမ်းခြုံထားသည့် မြူခိုးများသည် လျင်မြန်စွာ လိမ့်တက်လာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က စကားပင်မဆိုသာဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်။
"အစွမ်းရှိသူတွေ အားလုံး... အတူတူ ဝိုင်းတိုက်ကြ"
ထိုခဏ၌ ရန်ဆန်းမင်၊ ကျောက်ခိုင်၊ တင်းယန်၊ ဆုန့်ဝမ်နှင့် အခြားသူများအားလုံး လက်နက်ကိုယ်စီဖြင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ဝေးလံသော ပစ်မှတ်ကို တိုက်ခိုက်နိုင်စွမ်းမရှိသည့် ကျောက်တုံးလူသား ရှီဟိုင်ကျူးကဲ့သို့သော သူများကလည်း ဘေးနားရှိ လက်နက်များကို ဆွဲယူကာ ဒေါသတကြီး အော်ဟစ်လျက် ပစ်ပေါက်ကြလေသည်။
အစွမ်းမရှိသည့် သာမန်လူများကလည်း အိုးခွက်ပန်းကန်များကို ကောက်ယူကာ ထိုမြူထုကြီးထဲသို့ အားကုန် ပစ်ပေါက်ကြသည်။
ချက်ချင်းပင် မြူထုကြီးမှာ ပစ်ပေါက်ခံရမှုကြောင့် အပေါက်အပြဲများ ဖြစ်ပေါ်သွားပြီး မြူခိုးများကြားထဲမှ ကျိန်ဆဲသံအချို့ ထွက်ပေါ်လာသည်။ မကြာမီ ထိုမြူထုကြီးသည် အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားလေသည်။
လင်းယွမ်သည် သူ၏ စိတ်စွမ်းအင်ဖြင့် မြူထုအတွင်းပိုင်း အခြေအနေကို စုံစမ်း၍ မရပေ။ သူသည် ထပ်မံ လိုက်လံတိုက်ခိုက်ခြင်း မပြုတော့ဘဲ တစ်ဖက်လူများ ထွက်ခွာသွားသည်ကိုသာ စိုက်ကြည့်နေလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်၌ သူ၏ မျက်နှာထား ပြောင်းလဲသွားသည်။
ထိုမြူထုအနီးရှိ သစ်ဖောင်တစ်စင်းသည် တိတ်တဆိတ် ခွဲထွက်သွားပြီး ကျွန်းရှိရာဘက်သို့ ဦးတည် မောင်းနှင်သွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
သူတို့နှစ်ဖွဲ့ကြား အကွာအဝေးမှာ အတော်လေး ဝေးကွာနေပြီဖြစ်သည်။ အကွာအဝေးအားဖြင့် ပေ ၁၆၀၀ ကျော် ရှိနေပြီဖြစ်ရာ လင်းယွမ်တို့ လိုက်မည်ဆိုလျှင်ပင် မမီနိုင်တော့ပေ။
"မဖြစ်ဘူး... သူတို့ ပစ်မှတ်က ဟိုကျွန်းပဲ"
ရန်ဆန်းမင်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။
ရှီဟိုင်ကျူးကလည်း မနေနိုင်ဘဲ ဝင်ပြောသည်။
"သူတို့က အစကတည်းက ကျွန်းပေါ် တက်ချင်နေကြတာ... ငါတို့လူတွေ အရင်တက်ပြီး လမ်းရှင်းပေးတာကို စောင့်နေကြတာပဲ"
ကျောက်ခိုင်ကလည်း အလျင်အမြန် ပြောလိုက်သည်။
"အစ်ကိုလင်း... ကျွန်တော် လူနည်းနည်းခေါ်ပြီး ကျွန်းပေါ် တက်လိုက်မယ်လေ... ချိုင်ကြည်နဲ့ ဦးလေးမာတို့လည်း အပေါ်မှာဆိုတော့ အခုလောက်ဆို ဘာတွေဖြစ်နေလဲ မသိရဘူး"
သစ်ဖောင်ပေါ်ရှိ လူများအားလုံး စိုးရိမ်ပူပန်လာကြသည်။ ကျွန်းပေါ်သို့ ဦးစွာတက်သွားသူများမှာ သာမန်လူများသာဖြစ်ပြီး အစွမ်းရှိသူ တစ်ဦးမှ မပါဝင်ပေ။
အကယ်၍ တစ်ဖက်လူများထဲမှ ဟင်းလင်းပြင်အစွမ်းရှိသူသာ ကျွန်းပေါ် အရင်ရောက်သွားပါက ကျွန်းပေါ်တွင် သန္ဓေပြောင်းအသီးများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုလူက အကုန်သိမ်းယူသွားပေလိမ့်မည်။
လင်းယွမ်၏ မျက်နှာထား တည်သွားပြီး ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သည်။
"ဒီလိုလုပ်မယ်... ကျောက်ခိုင်၊ မင်းရယ်... လျှိုဖိန်ဖိန်၊ တာအိုဆရာလင်းနဲ့ ဒေါက်တာရန်တို့ ဒီမှာ နေခဲ့ကြ... ငါက တင်းယန်၊ ဆုန့်ဝမ်၊ ရှီဟိုင်ကျူးနဲ့ ကုဖုန်းတို့ကို ခေါ်ပြီး ကျွန်းပေါ်တက်မယ်"
ကျောက်ခိုင်က အလျင်အမြန်ပင် တားလိုက်သည်။
"အစ်ကိုလင်း... ကျွန်တော် လိုက်ခဲ့ပါရစေ"
လင်းယွမ်က ခေါင်းခါလိုက်သည်။
"မင်းရဲ့ ရေခဲအစွမ်းက ရေပြင်ပေါ်မှာဆိုရင် အရမ်းထိရောက်တယ်... ဒီမှာ လူတွေအများကြီး ကျန်ခဲ့မှာဆိုတော့ စောင့်ရှောက်မယ့်သူ မရှိလို့ မဖြစ်ဘူး"
ကျောက်ခိုင်လည်း မတတ်သာဘဲ ခေါင်းညိတ်လိုက်ရသည်။ ဘေးနားရှိ လျှိုဖိန်ဖိန်က သူ့လက်မောင်းကို တွဲလိုက်ပြီး နှစ်သိမ့်သည်။
"အစ်ကိုခိုင်... အစ်ကိုလင်းကို ယုံလိုက်ပါ"
ထိုစဉ် ရန်ဆန်းမင်က ဝင်ပြောလိုက်သည်။
"ဆရာလင်း... ကျွန်တော် ရှီဟိုင်ကျူးနဲ့ နေရာလဲပြီး လိုက်ခဲ့လို့ ရမလား... ကျွန်တော် ခင်ဗျားနဲ့ လိုက်ချင်တယ်"
လင်းယွမ် အံ့သြသွားပြီး ရန်ဆန်းမင်ကို တစ်ချက်ကြည့်လိုက်သည်။
"ဒေါက်တာရန်... ကျွန်းပေါ်မှာ ဘာတွေရှိမှန်း မသိရသေးဘူး... ရှီဟိုင်ကျူးရဲ့ ကျောက်ခဲအစွမ်းက ခံစစ်ကောင်းတော့ သူ့ကိုယ်သူ ကာကွယ်နိုင်တယ်"
ရန်ဆန်းမင်က ပါးစပ်ဟကာ တစ်စုံတစ်ခု ပြောချင်သော်လည်း ပြောရခက်နေပုံရသည်။
ထိုစဉ် ရှီဟိုင်ကျူးက ရုတ်တရက် မေးလိုက်သည်။
"ဒေါက်တာရန်... ခင်ဗျား ထန်ယင်းဆိုတဲ့ ကောင်မလေးကို စိတ်ပူနေတာမလား"
ရန်ဆန်းမင် မျက်နှာ ရဲခနဲဖြစ်သွားပြီး လက်ကာပြလိုက်သည်။
"မဟုတ်... မဟုတ်ပါဘူးဗျာ... ကျွန်တော်က အားလုံးကို စိတ်ပူလို့ပါ"
ထိုအခါမှ လင်းယွမ် သဘောပေါက်သွားသည်။ ရန်ဆန်းမင်တွင် စိတ်ပူနေရသူ ရှိနေသည်ကိုး။ သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆို ဒေါက်တာရန် လိုက်ခဲ့... ကုဖုန်း နေခဲ့လိုက်"
"အစ်ကိုလင်း... ကျွန်မလည်း လိုက်မယ်"
ထိုစဉ် တုံယန်က ရုတ်တရက် ထပြောသည်။ သူမ၏ မျက်နှာထားမှာ ပြတ်သားနေသည်။
"ကျွန်းပေါ်က အခြေအနေကို မသိရသေးဘူး... ကျွန်မရဲ့ စိတ်အာရုံချိတ်ဆက်မှု အစွမ်းနဲ့ဆိုရင် တခြားသူတွေကို ရှာရတာ ပိုလွယ်သွားလိမ့်မယ်"
သူမ၏ စိတ်အာရုံချိတ်ဆက်မှုသည် ပေ ၁၆၀၊ ၂၀၀ ဝန်းကျင်အထိ ဖြန့်ကျက်နိုင်စွမ်းရှိသည်။ ဤကျွန်း၏ အကျယ်အဝန်းမှာ ဘောလုံးကွင်း နှစ်ကွင်းစာခန့်သာ ရှိသဖြင့် လူရှာရန် မခက်ခဲပေ။
သို့သော် သူမတွင် တိုက်ခိုက်နိုင်စွမ်း မရှိသလောက် နည်းပါးသဖြင့် လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။
"နင် မလိုက်နဲ့... ကျွန်းပေါ်က အခြေအနေ မကောင်းဘူး"
လင်းယွမ်က ခေါင်းခါကာ ငြင်းပယ်လိုက်သည်။
နောက်ဆုံးတွင် လင်းယွမ်သည် ဆုန့်ဝမ်၊ တင်းယန်၊ ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူး လေးယောက်ကို ခေါ်ဆောင်သွားရန် ရွေးချယ်လိုက်သည်။
ခြုံငုံကြည့်လျှင် ဤအဖွဲ့အစည်းပုံစံသည် တိုက်စစ်ရော ခံစစ်ပါ မျှတမှုရှိပြီး တိုက်ခိုက်ရန်ဖြစ်စေ၊ ဆုတ်ခွာရန်ဖြစ်စေ အဆင်ပြေပေသည်။
"အား"
ရုတ်တရက် ကျွန်းပေါ်မှ စူးစူးဝါးဝါး အော်သံကြီး ထွက်ပေါ်လာသည်။
ထို့နောက် "ကယ်ကြပါဦး" ဟူသော သနားစဖွယ် အော်ဟစ်သံများ ဆက်တိုက် ကြားလိုက်ရသည်။
လင်းယွမ် မျက်နှာ ပျက်သွားပြီး ချက်ချင်း အော်ပြောလိုက်သည်။
"မြန်မြန်လုပ်... ကျွန်းပေါ်မှာ ပြဿနာတက်ပြီ... ခုနက ရွေးထားတဲ့သူတွေ ငါ့နောက်လိုက်ခဲ့"
လင်းယွမ်သည် စကားဆက်မပြောတော့ဘဲ သစ်ဖောင်ပေါ်မှ ဆင်းကာ လှိုင်းစီးဘုတ်ပြားတစ်ခုကို ဆွဲယူပြီး ခုန်တက်လိုက်သည်။
တင်းယန်နှင့် ဆုန့်ဝမ်တို့သည်လည်း ဘေးတစ်ဖက်တစ်ချက်စီမှ အလျင်အမြန် လိုက်ပါလာကြသည်။
"မောင်လေး... ဂရုစိုက်နော်"
သစ်ဖောင်ပေါ်မှ ရန်မေက ရေစပ်သို့ ပြေးဆင်းလာပြီး လှမ်းအော်သည်။
လင်းယွမ်က သူမအား 'စိတ်ချပါ' ဟူသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သစ်သားလှော်တက်ကို အားကုန် လှော်ခတ်လိုက်သည်။
ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့သည်လည်း လှိုင်းစီးဘုတ်ပြားများကို ထုတ်ယူကာ အမီလိုက်ပါလာကြသည်။
လူအများ၏ လှော်ခတ်မှုကြောင့် လှိုင်းစီးဘုတ်ပြားများသည် မြားတစ်စင်းပမာ ရေပြင်ပေါ်တွင် ပြေးထွက်သွားသည်။
မကြာမီတွင် လှိုင်းလုံးများကို ဖြတ်ကျော်ကာ ကျွန်းအနားသို့ ရောက်ရှိသွားကြသည်။
လင်းယွမ်က အရှိန်မသတ်ဘဲ ကိုယ်ကို လှမ်းခုန်ကာ ကျွန်းပေါ်သို့ တက်လိုက်သည်။
တင်းယန်က ခြေထောက်ကို အစွမ်းသွင်းကာ ခုန်တက်လိုက်သဖြင့် လွယ်ကူစွာပင် ရောက်ရှိသွားသည်။
ဆုန့်ဝမ်မှာမူ ခန္ဓာကိုယ်ကြံ့ခိုင်မှု နည်းပါးသဖြင့် ခုန်လိုက်ရာ၌ အနည်းငယ် အားနည်းသွားပြီး ကမ်းစပ်နှင့် မရောက်တစ်ရောက် ဖြစ်သွားသည်။
လင်းယွမ်က လက်လှမ်းကာ သူမကို လှမ်းဖမ်းလိုက်ရာ ဆုန့်ဝမ်၏ ကိုယ်သင်းနံ့က ရင်ခွင်ထဲ ပြည့်နှက်သွားသည်။
သူသည် ကိုယ်ကို လှည့်ကာ သူမအား ညင်သာစွာ ချပေးလိုက်သည်။
တင်းယန်က ထိုမြင်ကွင်းကို မြင်လိုက်ရာ ဆုန့်ဝမ်အား တစ်ချက် စိုက်ကြည့်လိုက်သည်။
ဆုန့်ဝမ် မျက်နှာ ရဲသွားပြီး "ကျေးဇူးပါ" ဟု တိုးတိုးလေး ပြောသည်။
လင်းယွမ်က လက်ကာပြလိုက်ပြီး လှိုင်းစီးဘုတ်ပြားကို သိမ်းဆည်းလိုက်သည်။
ထိုအချိန်တွင် ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့လည်း ကျွန်းပေါ်သို့ ရောက်ရှိလာကြသည်။
ကျွန်းပေါ် ရောက်ရောက်ချင်း ရန်ဆန်းမင်က မနေနိုင်ဘဲ ရေရွတ်လိုက်သည်။
"ထူးဆန်းလိုက်တာ"
လင်းယွမ်က မေးလိုက်သည်။ "ဘာထူးခြားလို့လဲ"
ရန်ဆန်းမင်က ခေါင်းခါလျက် "ဒီကျွန်းက အရမ်းထူးဆန်းနေတယ်... ကျွန်းအစပ်မှာ ကမ်းခြေလို ကြားခံနယ်မြေ လုံးဝမရှိဘူး... အောက်မှာ ရေတွေချည်းပဲ... ပုံမှန်ဆို ရေလွှမ်းခံထားရတဲ့ ကုန်းမြေ အစပ်လေးတွေ ရှိသင့်တာပေါ့"
လင်းယွမ်လည်း ရေစပ်သို့ သွားကာ ကျွန်းအစွန်းကို သေချာ ကြည့်လိုက်သည်။
သူပြောသည့်အတိုင်းပင် ကျွန်းအစပ်တွင် ကမ်းခြေမရှိဘဲ နက်ရှိုင်းလှသော ရေပြင်ကြီးနှင့် တိုက်ရိုက် ထိစပ်နေသည်။
"ကမ်းပါးပြတ်ကြီး ဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ" တင်းယန်က ဝင်ပြောသည်။
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... ထားလိုက်တော့... အခု ဘာတွေဖြစ်နေလဲ အရင်သွားကြည့်ရအောင်... လူကယ်ဖို့က အရေးကြီးတယ်" ဟု ပြောလိုက်သည်။
အားလုံးက စကားဆက်မပြောကြတော့ဘဲ ကုန်းမြင့်ပေါ်သို့ စတင် တက်ရောက်ကြသည်။
ဤကျွန်းပေါ်တွင် စိမ်းလန်းသော မြက်ရိုင်းများ ပေါက်ရောက်နေပြီး အချို့နေရာများတွင် ခါးလောက်အထိ မြင့်ကာ၊ အချို့နေရာများတွင် လူတစ်ရပ်ကျော်သည်အထိ မြင့်မားလေသည်။
မြက်ရိုင်းများကြားတွင် ချုံပုတ်များလည်း ပေါက်ရောက်နေပြီး စိမ်းလန်းစိုပြေကာ သက်ရှိဓာတ်များ ပြည့်ဝနေသည့်အသွင် ဆောင်သည်။
တိုက်အမြင့်ကြီးများပေါ်တွင် ပိတ်မိနေသည်မှာ နှစ်ဝက်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုကဲ့သို့ သစ်ပင်ပန်းမန်များကို မြင်လိုက်ရသောအခါ လင်းယွမ်ပင်လျှင် စိတ်ထဲ ကြည်နူးသွားမိသည်။
"အပင်တွေ အများကြီးပဲ... ဆုန့်ဝမ်ရေ ဒီနေရာကတော့ နင်အစွမ်းပြဖို့ အကောင်းဆုံးပဲဟေ့"
ရန်ဆန်းမင်က ပြောလိုက်သည်။
ဆုန့်ဝမ်လည်း ပြုံးလိုက်မိသည်။ သူမသည် စိမ်းလန်းသော အပင်များကို လက်ဖြင့် ပွတ်သပ်လိုက်ရာ စိတ်ထဲ ကြည်နူးသွားရုံသာမက သူမ၏ ခန္ဓာကိုယ်ထဲမှ အစွမ်းများကလည်း ပတ်ဝန်းကျင်ရှိ အပင်များနှင့် တုံ့ပြန်မှုရရှိသကဲ့သို့ တက်ကြွလာသည်ကို ခံစားလိုက်ရသည်။
"ဒီနေရာလေးက တကယ်ကောင်းတာပဲ... ကျွန်မတို့သာ ဒီမှာနေပြီး ဟင်းသီးဟင်းရွက်တွေ၊ ဆန်တွေ စိုက်စားကြရင် စားရေးသောက်ရေး ပူစရာမလိုတော့ဘူးနော်"
လင်းယွမ်က ပြောလိုက်သည်။ "လူသားတွေက ကုန်းမြေပေါ်မှာ နေရတာ ပိုသင့်တော်ပါတယ်... ဒါပေမယ့် ဒီနေရာက... ဟမ်"
စကားမဆုံးခင် သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရှေ့နားရှိ ချုံပုတ်ကို စိုက်ကြည့်လိုက်သည်။
ထိုချုံပုတ်ပေါ်တွင် ပင်လယ်ရေမှော်များ ချိတ်နေပြီး အဝေးမှကြည့်လျှင် အစိမ်းရင့်ရောင် အဝတ်စများ ချိတ်ထားသကဲ့သို့ ဖြစ်နေသည်။
လင်းယွမ်က အမြန်သွားရောက်ကာ ထိုရေမှော်များကို ဆွဲယူကြည့်လိုက်ပြီး "ဒီမှာ ဘယ်လိုလုပ် ပင်လယ်ရေမှော်တွေ ရောက်နေတာလဲ" ဟု အံ့သြစွာ မေးလိုက်သည်။
"ဟုတ်သားပဲ... ရေမှော်တွေက ခြောက်တောင်ခြောက်နေပြီ"
"ဒါပေမယ့် အမြစ်တွေက မြေကြီးထဲ စိုက်ဝင်နေတုန်းပဲဟ"
ဆုန့်ဝမ်လည်း အံ့သြသွားသည်။
တင်းယန်လည်း လျှောက်လာပြီး ချုံပုတ်အောက်ခြေကို ငုံ့ကြည့်လိုက်သည်။
"ဒီမှာကြည့်ပါဦး... ငါးအသေတွေလည်း ရှိသေးတယ်"
ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့လည်း ဘေးနားသို့ ရောက်လာပြီး မြက်ခင်းများကို ဖယ်ရှားကြည့်လိုက်ကြသည်။
မြေကြီးပေါ်ရှိ ရေအိုင်ငယ်များထဲတွင် ငါးအသေ၊ ပုစွန်အသေ အများအပြား ရှိနေသည်။ ကြည့်ရသည်မှာ သေဆုံးသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ခြောက်သွေ့နေကြပြီ ဖြစ်သည်။
"ဒီနေရာက တောင်ထိပ် ဖြစ်သင့်တာလေ... ဘာလို့ ငါးအသေ၊ ပုစွန်အသေတွေ ရောက်နေရတာလဲ" ရှီဟိုင်ကျူးက မေးခွန်းထုတ်သည်။
ရန်ဆန်းမင်က စဉ်းစားပြီး ပြောလိုက်သည်။
"ပင်လယ်ထဲမှာ ရေနဂါးမုန်တိုင်းလို့ခေါ်တဲ့ လေဆင်နှာမောင်းတွေ တိုက်ခတ်ရင် ရေအောက်က အရာတွေကို ပေ ၃၀၀၊ ၄၀၀ အမြင့်လောက်အထိ စုပ်ယူပြီး ပင်လယ်စာမိုး ရွာချတတ်တယ်လို့ ကြားဖူးတယ်"
"ဒီနေရာကရော အဲဒီလို ရေနဂါးမုန်တိုင်းမိပြီး ရောက်လာတာများလား"
လင်းယွမ်လည်း ထိုဖြစ်နိုင်ချေကို သဘောတူလိုက်သည်။
"မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ထားလိုက်ပါတော့... အဲဒါတွေ ခဏထားပြီး လူအရင်ရှာကြတာပေါ့... ခုနက အော်သံက ဟိုဘက်က လာတာမလား"
သူက လက်ညှိုးထိုးပြပြီး မေးလိုက်သည်။
တင်းယန်က ခေါင်းညိတ်သည်။ "ဟုတ်တယ်... အဲဒီဘက်က"
"သွားကြစို့... သွားကြည့်ရအောင်"
လင်းယွမ် ဦးဆောင်၍ ရှေ့ဆက်သွားကြသည်။
မကြာမီ ရှေ့တွင် ရေအိုင်များ ပိုမိုများပြားလာပြီး ရွှံ့နွံတောအသွင် ပြောင်းလဲလာသည်။
ရေမြက်များ ထူထပ်လာပြီး ရွှံ့နွံများလည်း ပိုနက်လာသည်။
ရုတ်တရက် ရှီဟိုင်ကျူးက ရှေ့ဖက်ရှိ မြက်ခင်းကို လက်ညှိုးထိုးပြလိုက်သည်။ "ဟိုမှာ"
အားလုံး လှမ်းကြည့်လိုက်ရာ မြက်ခင်းထဲတွင် မြက်ပင်များ ယိုင်လဲနေပြီး လူတစ်ယောက် ရေအိုင်ထဲ မှောက်နေသည်ကို တွေ့လိုက်ရသည်။
တင်းယန်က ချက်ချင်း လျှောက်သွားပြီး အော်ခေါ်လိုက်သည်။
"ဟေ့လူ... ဘာဖြစ်တာလဲ... အဆင်ပြေရဲ့လား"
သူမက အော်ခေါ်ရင်း လူကယ်ရန် ပြင်လိုက်သည်။
လင်းယွမ် ရုတ်တရက် အော်ဟစ်လိုက်သည်။
"နေဦး... ပြန်လာခဲ့ တင်းယန်"
တင်းယန် ကြောင်သွားပြီး ခြေလှမ်းရပ်ကာ လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"
သူမစကား ဆုံးသည်နှင့် ခြေထောက်အောက်ရှိ မြေကြီး ကျွံကျသွားတော့သည်။
နောက်တစ်စက္ကန့်တွင် သူမတစ်ကိုယ်လုံး ရွှံ့နွံထဲသို့ နစ်ဝင်သွားလေသည်။
"အား"
တင်းယန် လန့်ဖျပ်သွားပြီး လက်နှစ်ဖက်ကို အားစိုက်ကာ ထောက်လိုက်သည်။ လက်မောင်းပေါ်တွင် အစွမ်းများ လင်းလက်လာသည်။
"ဘုန်း" ခနဲ အသံနှင့်အတူ ကြီးမားသော ပေါက်ကွဲအားကြောင့် ရွှံ့နွံများ ပွင့်ထွက်သွားပြီး သူမ၏ ခန္ဓာကိုယ်သည် ရွှံ့နွံထဲမှ ကန်ထွက်လာကာ ဘေးရှိ မြက်ခင်းပေါ်သို့ လှိမ့်ဝင်သွားသည်။
သူမမှာ ကြောက်လန့်တကြားဖြစ်နေပြီး တစ်ကိုယ်လုံးတွင်လည်း ရွှံ့များ ပေကျံနေသည်။
"သတိထား... ရေအောက်မှာ တစ်ခုခု ရှိ... အား"
စကားပင် မဆုံးသေး၊ သူမ ရောက်ရှိနေသည့် မြက်ခင်းအောက်မှ မြေကြီးများ လှုပ်ခါသွားပြီး သူမ ထပ်မံ နစ်မြုပ်သွားပြန်သည်။
တင်းယန်သည် ယခင်နည်းအတိုင်း လက်ဝါးနှစ်ဖက်ကို အစွမ်းသွင်းကာ ရွှံ့နွံကို ရိုက်ချလိုက်သည်။
ပေါက်ကွဲသံကြီးနှင့်အတူ သူမခန္ဓာကိုယ် ပြန်ကန်တက်လာသည်။
သို့သော် ရွှံ့နွံထဲမှ မလွတ်မြောက်ခင်မှာပင် ရွှံ့နွံအောက်မှ အရိပ်မည်းတစ်ခု ပစ်လွှတ်လိုက်သကဲ့သို့ ထွက်ပေါ်လာသည်။
ထိုအရာက သူမ၏ ခြေမျက်စိကို ရစ်ပတ်လိုက်ပြီး အောက်သို့ အတင်းအဓမ္မ ဆွဲချလိုက်တော့သည်။
ထိုအချိန်၌ပင် လင်းယွမ်၊ ရန်ဆန်းမင်၊ ဆုန့်ဝမ်နှင့် ရှီဟိုင်ကျူး လေးယောက်စလုံးလည်း အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသည်။
လေးယောက်စလုံး၏ ခြေထောက်အောက်မှ ရွှံ့နွံများ လှုပ်ရှားလာပြီး ရွှံ့ရေများ တက်လာကာ သူတို့ကို ဝါးမျိုရန် ပြင်လိုက်သည်။
လင်းယွမ်၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှသည်။ သူသည် ပစ္စည်းသိုလှောင်ခန်းထဲမှ လှိုင်းစီးဘုတ်ပြားတစ်ခုကို ချက်ချင်း ထုတ်ယူလိုက်သည်။
လက်နှစ်ဖက်ဖြင့် ဘုတ်ပြားကို ဖိအားပေးကာ ရွှံ့နွံထဲမှ ရုန်းထွက်လိုက်ပြီး ဘုတ်ပြားပေါ်သို့ လှိမ့်တက်လိုက်သည်။
သို့သော် ကျန်လူများမှာမူ ပစ္စည်းသိုလှောင်ခန်း မရှိသဖြင့် လှိုင်းစီးဘုတ်ပြားကို ချက်ချင်း မထုတ်ယူနိုင်ကြပေ။
ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့ နှစ်ဦးစလုံး ရွှံ့နွံ၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်း ပေါင်လယ်လောက်အထိ မြုပ်သွားကြသည်။
နှစ်ယောက်စလုံး မျက်နှာပျက်သွားပြီး အရှေ့သို့ လှမ်းကာ ဝပ်လိုက်ကြသည်။ ကိုယ်ခန္ဓာ ဧရိယာကျယ်အောင်ပြုလုပ်ပြီး နစ်မြုပ်မှုကို လျှော့ချရန် ကြိုးစားခြင်းဖြစ်သည်။
သို့သော် ရွှံ့နွံများက လှိုင်းထသကဲ့သို့ ဖြစ်နေပြီး နှစ်ယောက်သား ရွှံ့ထဲတွင် ဝပ်နေလျက်နှင့် ပို၍ လျင်မြန်စွာ နစ်မြုပ်သွားကြသည်။
ဒီတစ်ခါတော့ နှစ်ယောက်စလုံး ထိတ်လန့်သွားကြပြီး အော်ဟစ်ကုန်ကြသည်။
"ကယ်ကြပါဦး"
"ရေအောက်ကနေ တစ်ကောင်ကောင် ဆွဲနေတယ်... အ..."
နှစ်ယောက်စလုံး၏ ခေါင်းများ ရွှံ့ထဲသို့ မြုပ်လုနီးပါး ဖြစ်သွားသည်။
ထိုအချိန်၌ ရန်ဆန်းမင်၏ ဂုတ်ပိုးကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်သည်။
ထို့နောက် ကြီးမားသော အားတစ်ခု သက်ရောက်လာပြီး မုန်လာဥ နုတ်လိုက်သကဲ့သို့ ရွှံ့နွံထဲမှ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။
မျက်နှာတစ်ခုလုံး ရွှံ့များ ပေကျံနေသော ရန်ဆန်းမင်က မော့ကြည့်လိုက်ရာ သူ့ကို ဆွဲတင်ပေးသူမှာ လင်းယွမ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူသည် အမောတကြီးဖြင့် ပြောလိုက်သည်။
"အောက်မှာ တစ်ခုခု ရှိတယ်... တစ်ခုခုက ကျွန်တော့်ကို ဆွဲနေတာ"
"ဟာ... ရှီဟိုင်ကျူး"
သူ အခြေအနေကို သဘောပေါက်သွားပြီး ရှီဟိုင်ကျူးကို အော်ခေါ်လိုက်သည်။
သို့သော် ထိုအချိန်၌ ရှီဟိုင်ကျူးရော တင်းယန်ပါ ရွှံ့နွံထဲသို့ ဆွဲချခံနေရပြီး အခြေအနေမှာ အလွန်စိုးရိမ်ရသည်။
လင်းယွမ်၏ မျက်နှာထား တည်သွားပြီး လှိုင်းစီးဘုတ်ပြား နှစ်ချပ်ကို ပစ်ပေးကာ အော်ပြောလိုက်သည်။
"ဘုတ်ပြားကို ဆွဲထား"
တင်းယန်က ဘုတ်ပြားကို လှမ်းဆွဲလိုက်သော်လည်း ရွှံ့နွံအောက်မှ အကောင်က သူမခြေထောက်ကို မြဲမြံစွာ ဆွဲထားသဖြင့် တက်၍မရပေ။
ရှီဟိုင်ကျူးလည်း ထိုနည်းတူပင်ဖြစ်ပြီး မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများ အထင်းသား ပေါ်နေသည်။
နှစ်ယောက်စလုံး ရွှံ့နွံထဲ နစ်မြုပ်တော့မည့်ဆဲဆဲ ဖြစ်နေသည်။
ရုတ်တရက် မြက်ခင်းထဲမှ သစ်နွယ်ကြိုးနှစ်ချောင်း လျင်မြန်စွာ ထွက်ပေါ်လာသည်။
ထိုသစ်နွယ်ကြိုးများသည် စပါးအုံးမြွေကြီးများပမာ တရိပ်ရိပ် တိုးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ဦး၏ ကိုယ်ကို ရစ်ပတ်ကာ အပြင်သို့ အတင်း ဆွဲထုတ်လိုက်လေသည်။
လင်းယွမ် လှည့်ကြည့်လိုက်ရာ ဆုန့်ဝမ်သည် မသိလိုက်ဘာသာ ရွှံ့နွံထဲမှ လွတ်မြောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမသည် ရွှံ့နွံထဲတွင် ရပ်နေခြင်းမဟုတ်ဘဲ ထူထဲသော မြက်ဖျာကြီးတစ်ခုပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။
ထိုမြက်ပင်များသည် သူမ၏ ခြေထောက်အောက်တွင် အလိုအလျောက် စုဝေးရောက်ရှိလာပြီး ဘုရင်မတစ်ပါးကို ပင့်မြှောက်ထားသကဲ့သို့ သူမကို ရွှံ့နွံနှင့် ဝေးရာသို့ သယ်ဆောင်ပေးနေသည်။
သူမသည် မြက်ဖျာပေါ်တွင် ရပ်လျက် လက်နှစ်ဖက်မှ အစိမ်းရောင် အလင်းတန်းများ ဖြာထွက်နေသည်။
ပတ်ဝန်းကျင်မှ သစ်နွယ်များသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး လူများကို ကယ်တင်နေခြင်း ဖြစ်သည်။
လင်းယွမ် ဝမ်းသာသွားပြီး "မိုက်တယ်ဟေ့... ဆုန့်ဝမ်" ဟု လှမ်းပြောလိုက်သည်။
ဤကဲ့သို့ အပင်များ ထူထပ်သောနေရာသည် ဆုန့်ဝမ်အတွက် အမှန်တကယ်ပင် အားသာချက် ဖြစ်နေသည်။
သူသည် လှိုင်းစီးဘုတ်ပြား နှစ်ခုကို ထပ်မံ ပစ်ချလိုက်ပြီး တင်းယန်ရှိရာ ဘေးသို့ ပေါ့ပါးစွာ ခုန်ကူးလိုက်သည်။
ထို့နောက် တင်းယန်၏ လက်မောင်းကို လှမ်းဆွဲကာ "ကိုင်ထား" ဟု အော်ပြောလိုက်သည်။
တင်းယန်က အံကြိတ်ကာ လင်းယွမ်၏ လက်မောင်းကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။
လင်းယွမ်၏ ကြွက်သားများ တင်းရင်းလာပြီး အားကုန် ဆွဲတင်လိုက်ရာ ကြီးမားသော ခွန်အားကြောင့် တင်းယန်တစ်ကိုယ်လုံး ရွှံ့နွံထဲမှ ကျွတ်ထွက်လာတော့သည်။
တင်းယန်၏ ခန္ဓာကိုယ် ရွှံ့နွံထဲမှ ထွက်လာသည်နှင့် သူမခြေထောက်ကို ရစ်ပတ်ထားသည့် အရာကိုပါ အတိုင်းသား မြင်လိုက်ရသည်။
ထိုအရာသည် အညိုရင့်ရောင် ပျော့ပျောင်းသော ပိုက်ချောင်းကဲ့သို့ အရာတစ်ခုဖြစ်ပြီး တစ်ဖက်က တင်းယန်၏ ခြေထောက်ကို ရစ်ပတ်ထားကာ ကျန်တစ်ဖက်က ရွှံ့နွံထဲတွင် နက်ရှိုင်းစွာ မြုပ်ဝင်နေသည်။
လင်းယွမ်၏ မျက်လုံးများ အေးစက်သွားပြီး ထိုပိုက်ချောင်းပျော့ကို လှမ်းဆွဲကာ အားကုန် ဆောင့်ဆွဲလိုက်သည်။
ရွှံ့နွံပြင်ကြီးတစ်ခုလုံး "ဗွက်" ခနဲ အသံမြည်ကာ ကြွတက်လာသည်။
ထိုပိုက်ချောင်းပိုင်ရှင် အကောင်ကြီးသည် အန္တရာယ်ကို အာရုံခံမိပုံရပြီး တင်းယန်၏ ခြေထောက်ကို လွှတ်ကာ ပြန်လည် ကျုံ့ဝင်သွားရန် ကြိုးစားသည်။
ပိုက်ချောင်းပေါ်တွင် စေးကပ်သော အရည်များ ထွက်ပေါ်လာပြီး ချောကျိကျိ ဖြစ်လာသည်။
လင်းယွမ် လက်ချော်လုနီးပါး ဖြစ်သွားသည်။ "တော်တော်ချောတာပဲ"
လင်းယွမ်က နောက်လက်တစ်ဖက်ဖြင့် အင်္ကျီတစ်ထည်ကို ဆွဲထုတ်ကာ ပိုက်ချောင်းကို အုပ်ကိုင်လိုက်ပြီး ပွတ်တိုက်အားကောင်းအောင် ပြုလုပ်ကာ ထပ်မံ ဆောင့်ဆွဲလိုက်ပြန်သည်။
"ဗွက်"
ရွှံ့နွံများ ပွင့်ထွက်သွားသည်။
ထို့နောက် ၃ ပေ၊ ၄ ပေ ပတ်လည် ခန့်ရှိသော စိမ်းညိုရောင် အကောင်ကြီးတစ်ကောင် ရွှံ့နွံထဲမှ ပါလာသည်။
ထိုအကောင်ကြီး တစ်ကိုယ်လုံး ရွှံ့များ ပေကျံနေပြီး ပေါ်လာသော အစိတ်အပိုင်းများမှာ စိမ်းညိုရောင် ထူထဲသော အခွံမာကြီးများ ဖြစ်သည်။
လင်းယွမ် ဆွဲထားသော ပိုက်ချောင်းပျော့မှာ ထိုအခွံမာကြီး၏ ထိပ်ပိုင်းတွင် ချိတ်ဆက်နေသည်။
ထိုအကောင်၏ ခေါင်းပိုင်းတွင် နောက်ထပ် ပိုက်ချောင်းပျော့ တစ်ခုလည်း ရှိနေသေးသည်။
သို့သော် ထိုနောက်ထပ် ပိုက်ချောင်းတစ်ခုတွင် လူတစ်ယောက်ကို ရစ်ပတ် ချည်နှောင်ထားသည်။
"ဝမ်ရှောင်လီ"
လင်းယွမ်က ပိုက်ချောင်းဖြင့် ရစ်ပတ်ခံထားရသူကို မှတ်မိလိုက်သည်။ တိုက် (၇၆) မှ အခန်းပိုင်ရှင် တစ်ဦးပင်။
ယခုအခါ ဝမ်ရှောင်လီသည် တစ်ကိုယ်လုံး ရွှံ့များ ပေကျံနေပြီး အသက်မရှိတော့ပေ။
တင်းယန်လည်း အကြောက်တရားများ ပျောက်ကင်းသွားပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာသည်။
"ဒီကောင်ကများ ငါတို့ကို လာကစားနေတယ်ပေါ့"
သူမ ဒေါသတကြီးဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အစွမ်းများ စုစည်းကာ ထိုးချလိုက်သည်။
"ဝုန်း"
အစွမ်းသွင်း လက်သီးချက် ပေါက်ကွဲထွက်သွားပြီး ထိုသတ္တဝါ၏ အခွံကို ပြင်းထန်စွာ ရိုက်ခတ်မိသည်။
"ဒုန်း"
လေးလံသော မြည်ဟည်းသံနှင့်အတူ ထိုသတ္တဝါ၏ အခွံပေါ်မှ ရွှံ့များ လွင့်စင်ထွက်သွားသည်။
ရွှံ့များ ကွာကျသွားသောအခါ စိမ်းညိုရောင် အခွံမာကို တွေ့လိုက်ရသည်။
ထိုအခွံမာသည် ကျောက်စိမ်းကဲ့သို့ အလင်းပြန်နေပြီး အလွန်ထူထဲသည်။ ခရုပတ်ပုံစံရှိပြီး ထိပ်ပိုင်းတွင် ချွန်ကာ အောက်ခြေတွင် ကားထွက်နေသည်။
မည်သူမျှ ဤကဲ့သို့ သတ္တဝါမျိုး မမြင်ဖူးကြသော်လည်း လင်းယွမ်နှင့် တင်းယန်တို့ နှစ်ယောက်စလုံး ဘာအကောင်ဖြစ်သည်ကို တန်းသိလိုက်ကြသည်။
"လယ်ခရု"
နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့သြသွားကြသည်။
၃ ပေ၊ ၄ ပေ ခန့် မြင့်မားသည့် လယ်ခရုကြီး။ စားပွဲခုံလောက်ရှိသည့် အခွံကြီးကို လွယ်ထားပြီး ဤမျှလောက် တိုက်ခိုက်နိုင်စွမ်း ရှိနေသည်တဲ့လား။
ပိုက်ချောင်းပျော့နှင့်တူသော လက်တံများမှာ သူ၏ နှာမောင်းအာရုံခံ အမျှင်များ ဖြစ်နေသည်။
တစ်ချိန်က လူသားတို့၏ စားပွဲဝိုင်းပေါ်မှ ဟင်းတစ်ခွက်ဖြစ်ခဲ့သော လယ်ခရုသည် သန္ဓေပြောင်းလဲပြီးနောက် ဤမျှအထိ ကြောက်စရာကောင်းလာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ဤရွှံ့နွံတောသည် သူတို့၏ ပိုင်နက်နယ်မြေ ဖြစ်နေသည်။
တင်းယန်၏ အစွမ်းသွင်း လက်သီးချက်ဖြင့် ထိုးနှက်တာတောင်မှ ဤအကောင်၏ အခွံမာကို အက်ကွဲအောင် မလုပ်နိုင်ပေ။
သူ့ခံစစ်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။
တင်းယန်က မကျေမနပ်ဖြင့် လက်သီးကိုမြှောက်ကာ ထပ်မံ၍ အကြိမ်ကြိမ် ထိုးနှက်လိုက်သည်။
"ဒုန်း... ဒုန်း... ဒုန်း" ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာသော်လည်း လယ်ခရု၏ အခွံပေါ်တွင် ဖျော့တော့သော ကယ်လ်စီယမ် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အခွံကို ကာကွယ်ပေးထားသဖြင့် မကွဲနိုင်ဘဲ ဖြစ်နေသည်။
လင်းယွမ်က ပြောလိုက်သည်။ "ဖယ်စမ်း... ငါ စမ်းကြည့်မယ်"
သူ လက်ကို မြှောက်လိုက်ရာ ကြွက်သားများ ဖောင်းကြွလာပြီး သန္ဓေပြောင်း လယ်ခရု၏ အခွံပေါ်သို့ အားကုန် ဆောင့်ထိုးလိုက်သည်။
"ဝုန်း"
လယ်ခရုအခွံကြီး ပြင်းထန်စွာ တုန်ခါသွားသော်လည်း ကွဲမသွားသေးပေ။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ကြွက်သားပေါက်ကွဲသိုင်း အစွမ်းကို ထုတ်သုံးလိုက်သည်။
ထပ်မံ ထိုးချလိုက်သည်။
"ဝုန်း"
ကျယ်လောင်သော အသံကြီးနှင့်အတူ လယ်ခရုအခွံပေါ်မှ အလင်းတန်းများ တုန်ခါသွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားသော်လည်း နောက်ဆုံးတွင် တောင့်ခံထားနိုင်ဆဲပင်။
လင်းယွမ် စိတ်ထဲ အံ့သြသွားသည်။
"ခံစစ်က တော်တော်မာတာပဲဟ"
သူ မချီးကျူးဘဲ မနေနိုင်တော့ပေ။
သူ၏ ကြွက်သားပေါက်ကွဲသိုင်း အစွမ်းဖြင့်ဆိုလျှင် ခွန်အားမှာ မူလထက် နှစ်ဆဖြစ်နေပြီ ဖြစ်သည်။
နံရံတစ်ခုကို ထိုးလျှင်ပင် တစ်ချက်တည်းနှင့် ကြေမွသွားနိုင်သည့် အားမျိုးဖြစ်သည်။
ဤလယ်ခရုခွံက ဤမျှအထိ မာကျောနေသည်မှာ မယုံနိုင်စရာပင်။
လင်းယွမ် မကျေနပ်တော့ဘဲ နောက်တစ်ကြိမ် ထပ်မံ ထိုးချလိုက်သည်။
"ဝုန်း"
ဒီတစ်ကြိမ်တွင် သူ အားလုံးဝ မလျှော့တော့ပေ။ ကြွက်သားပေါက်ကွဲသိုင်း အစွမ်းကြောင့် သူ၏ ခွန်အားသည် ၃၂ မှတ်နီးပါးအထိ မြင့်တက်လာသည်။
"ဖောင်း"
အသံအကျယ်ကြီး မြည်ဟည်းသွားပြီး ခရုခွံပေါ်မှ အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။
ကယ်လ်စီယမ် အလင်းတန်းများ ကွဲကြေပျောက်ကွယ်သွားပြီး စိမ်းညိုရောင် ခရုခွံပေါ်တွင် အက်ကြောင်းများ "ကနွတ်" ခနဲ ထင်လာသည်။
အန္တရာယ်ကို ခံစားမိသွားပုံရသော ခရုခွံထဲမှ ဧရာမ လယ်ခရုကြီးသည် နှာမောင်းများကို ချက်ချင်း လွှတ်ချလိုက်သည်။
ဘယ်ညာ နှာမောင်းများ လျော့ရဲသွားပြီး ဘယ်ဘက်နှာမောင်းက လင်းယွမ်လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားသည်။
ညာဘက် နှာမောင်းတွင် ရစ်ပတ်ထားသော အလောင်းမှာမူ ရွှံ့နွံထဲသို့ ပြုတ်ကျသွားသည်။
ဧရာမ လယ်ခရုကြီးသည် ကိုယ်ကို ခရုခွံထဲသို့ လုံးဝ ဝင်ရောက် ပုန်းအောင်းလိုက်ပြီး ရွှံ့နွံအောက်သို့ လျင်မြန်စွာ တိုးဝင် ထွက်ပြေးရန် ပြုလုပ်လေသည်။
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။
"ဝုန်း"
စိတ်ဝိဉာဉ်ရိုက်ခတ်သိုင်း အစွမ်းဖြင့် လယ်ခရုကြီးကို ဝင်ဆောင့်လိုက်သည်။
"ကျီ"
စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်ခံလိုက်ရသဖြင့် လယ်ခရုကြီးမှာ ထူးဆန်းသော အသံများမြည်ကာ အော်ဟစ်လိုက်ပြီး အခွံအောက်ခြေမှ ကြည်လင်သော အရည်များ စီးကျလာသည်။
ထိုအခွင့်အရေးကို အသုံးချကာ လင်းယွမ်က ခြေထောက်ဖြင့် အားကုန် ကန်ချလိုက်သည်။
"ဝုန်း"
ခဏချင်းမှာပင် ခရုခွံကြီး ပေါက်ကွဲကြေမွသွားပြီး အပိုင်းအစများ တဖျစ်ဖျစ် လွင့်စင်ကျကုန်သည်။
အခွံကွဲသွားသော အောက်တွင် ဧရာမ တီကောင်ကြီးသဖွယ် ဖြစ်နေသော လယ်ခရုအသားတုံးကြီး ပေါ်လာသည်။
အသားအရောင်မှာ ဖြူဖျော့ဖျော့ဖြစ်ပြီး ခေါင်းပိုင်းတွင် စိမ်းညိုရောင်၊ အမြီးပိုင်းတွင် အမည်းရောင် သမ်းနေသည်။
ယခုအခါ လင်းယွမ် ကန်လိုက်သည့် နေရာတွင် အသားများ ချိုင့်ဝင်သွားသည်။
သိသာသည်မှာ ကယ်လ်စီယမ် အလင်းတန်း အကာအကွယ် မရှိတော့သည်နှင့် ၎င်း၏ အခွံသည် လင်းယွမ်၏ ကြမ်းတမ်းသော ခွန်အားကို မခံနိုင်တော့ခြင်း ဖြစ်သည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၄၀၀ ရရှိပါသည်]
လင်းယွမ် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ ဒီလယ်ခရုက အမှတ် ၄၀၀ တောင် တန်ကြေးရှိတာလား။
ဒါက သူကြုံဖူးသမျှ သတ္တဝါတွေထဲမှာ အမှတ်အများဆုံး ထိပ်ဆုံး ၅ ကောင် စာရင်းဝင်သွားပြီ ဖြစ်သည်။
အရင်တုန်းက အသားတောင်ကြီးလို သတ္တဝါကတော့ အမှတ် ၁၀၀၀ တန်ကြေးရှိခဲ့ဖူးသည်။ ပြီးတော့ သီချင်းသည် လျှိုဟုန်၊ ခေါင်းကြီးခလေး ရန်ရွှယ်တို့ပြီးလျှင် ဒီလယ်ခရုက အမှတ်အများဆုံးပင်။
သေချာတာကတော့ ဟို ဧရာမ ရေဘဝဲကြီးကိုသာ သတ်နိုင်လျှင် အမှတ်တွေ ဒီထက်မက ရနိုင်ပေလိမ့်မည်။
ခြုံပြောရရင် ဒီသန္ဓေပြောင်း လယ်ခရုရဲ့ အမှတ်ကို ကြည့်ခြင်းအားဖြင့် ဒီကောင်ရဲ့ သန္ဓေပြောင်းလဲမှု အဆင့်က ဘယ်လောက် မြင့်မားလဲဆိုတာ သိသာနေသည်။
ဆက်ရန်...
အပိုင်း (၁၈၄) လုတရုံနှင့် ထူးဆန်းသော ကျောက်တိုင်တောအုပ်
ပရိုတိန်းဓာတ်များ ပြည့်ဝနေသည့် အသားပုံကြီးကို ကြည့်ကာ လင်းယွမ်က သိပ်မစဉ်းစားတော့ဘဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ခရုအသားအားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။
ထို့နောက် ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့ ရှိရာဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။
လင်းယွမ် မထင်မှတ်ထားသည်မှာ ထိုနှစ်ယောက်က အန္တရာယ်ကြားမှ လွတ်မြောက်နေကြပြီ ဖြစ်သည်။
အဖြစ်မှန်မှာ ရန်ဆန်းမင်က ဓားမြှောင်ကို ကိုင်ဆောင်ထားပြီး ထက်မြက်ခြင်း အစွမ်းကို အသုံးပြုလိုက်ရာ ဓားသွားမှ ပေအနည်းငယ် ရှည်လျားသော အလင်းတန်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရွှပ်... ရွှပ်... ဟူသော အသံနှင့်အတူ မူလက အလွန်မာကျောလှသော ခရုလက်တံကြီးများသည် သူ၏ ဓားချက်အောက်တွင် ပြတ်တောက်သွားခဲ့ရသည်။
ထို့ကြောင့် သူနှင့် ရှီဟိုင်ကျူးတို့ လွတ်မြောက်လာနိုင်ခဲ့ပြီး ဆုန့်ဝမ် ထိန်းချုပ်ထားသော စပျစ်နွယ်ပင်များအတိုင်း တွယ်တက်ကာ ဆုန့်ဝမ်ရှိရာ မြက်ခင်းဖောင်ပေါ်သို့ ကမန်းကတန်း တက်လိုက်ကြသည်။
နှစ်ယောက်စလုံး ထိတ်လန့်နေဆဲဖြစ်ပြီး ရှီဟိုင်ကျူးက ဒေါသတကြီး ဆဲရေးလိုက်တော့သည်။
"သေစမ်း... အဲ့တာ ဘာကောင်ကြီးလဲဟ"
ရန်ဆန်းမင်က မြက်ခင်းပေါ်တွင် ထိုင်ချလိုက်ပြီး လင်းယွမ်တို့ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် လင်းယွမ်က ခရုကြီးကို ရှင်းလင်းပြီးသွားပြီ ဖြစ်သည်။
ရန်ဆန်းမင်က ထိုမြင်ကွင်းကို ကြည့်ရင်း မနေနိုင်ဘဲ ရေရွတ်လိုက်သည်။
"ကြည့်ရတာတော့ ခရုတစ်ကောင်လိုပဲ"
ရှီဟိုင်ကျူးက အံ့သြတကြီးဖြင့် ဝင်ပြောသည်။
"၃ ပေကျော်လောက်ရှိတဲ့ ခရုကြီးလား ဟာ... ဒီကောင်တွေ ပွဆေးစားထားတာများလား ဒီလောက် အကောင်ကြီးရအောင်"
ရန်ဆန်းမင်က ခါးသက်သက် ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
"ရေဘဝဲတောင် ပေ ၁၀၀ ကျော်လောက်အထိ သန္ဓေပြောင်းသွားသေးတာပဲ ခရုက ၃ ပေလောက် ကြီးလာတာ ဘာဆန်းလို့လဲ"
ဆုန့်ဝမ်က လင်းယွမ်နှင့် တင်းယန်တို့ကို လှမ်းကြည့်လိုက်ရာ ဘေးကင်းကြောင်း တွေ့လိုက်ရသဖြင့် သက်ပြင်းချနိုင်သွားသည်။
ရန်ဆန်းမင်၏ ညည်းတွားသံကို ကြားသောအခါ သူမကလည်း ဝင်ရောက် ပြောဆိုလိုက်သည်။
"ဘာလို့ ကျွန်မတို့ လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲနှုန်းက အနှေးဆုံး ဖြစ်နေရတာလဲ မသိဘူးနော်"
ရန်ဆန်းမင်က ခေါင်းခါလိုက်သည်။
"ကျုပ်တို့ လူသားတွေက ဆင့်ကဲပြောင်းလဲနှုန်း နှေးတာ မဟုတ်ဘူး... ဒီပြောင်းလဲတဲ့ ဖြစ်စဉ်ထဲကို ဝင်တာ နောက်ကျသွားလို့ပါ"
"ကျုပ်တို့က ရေကြီးပြီးမှ သန္ဓေပြောင်းကြတာလေ... ရေထဲက သတ္တဝါတွေကတော့ အစောကြီးကတည်းက ပြောင်းလဲကုန်ကြပြီ"
ရှီဟိုင်ကျူးနှင့် ဆုန့်ဝမ်တို့ကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ ထိုစကားက အတော်လေး အဓိပ္ပာယ်ရှိသည်။
အမှန်တကယ်ပင် လူသားများ အားနည်းခြင်းကြောင့် မဟုတ်ဘဲ ဤဆင့်ကဲပြောင်းလဲမှု ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် နောက်ကျသွားသဖြင့် များစွာ နောက်ကောက်ကျ ကျန်ခဲ့ရခြင်း ဖြစ်သည်။
ရန်ဆန်းမင်က လင်းယွမ်ကို မော့ကြည့်ရင်း လေးစားစွာ ပြောလိုက်သည်။
"ဆင့်ကဲပြောင်းလဲနှုန်းနဲ့ ပတ်သတ်လာရင်... ဘယ်သူက လင်းယွမ်ကို ယှဉ်နိုင်မှာလဲ"
"သူက အခုချိန်ထိ ကျွန်တော်တွေ့ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး သန္ဓေပြောင်း လူသားပဲ"
ရှီဟိုင်ကျူးကလည်း မနေနိုင်ဘဲ ဝင်ပြောသည်။
"ဟုတ်တယ်နော် လင်းယွမ်က စိတ်စွမ်းအင် အသုံးပြုတာ ကျွမ်းကျင်ရုံတင်မကဘူး ခွန်အားလည်းသန်သလို မြန်လဲမြန်တယ်... သူ ဘယ်လိုအစွမ်းမျိုး ရထားလဲဆိုတာ တကယ် စဉ်းစားလို့မရဘူး"
ဆုန့်ဝမ်က နှုတ်ခမ်းကို စေ့ကာ ကျိတ်ပြုံးလိုက်မိသည်။ သူမ ရင်ထဲတွင် ကြည်နူးသွားသည်။
အဘယ်ကြောင့်ဆိုသော် လင်းယွမ် မည်သည့်အစွမ်း ရရှိထားသည်ကို သူမ သိနေပြီး ကျန်လူများက မသိကြသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် လင်းယွမ်နှင့် တင်းယန်တို့သည် ဆုန့်ဝမ်တို့ ဘေးကင်းကြောင်း အတည်ပြုပြီးနောက် စိတ်သက်သာရာ ရသွားကာ ဝမ်ရှောင်လီ၏ အလောင်းကို ရေလွှာလျှောစီး ဘုတ်ပြားပေါ်သို့ အမြန် သယ်ဆောင်လိုက်ကြသည်။
နှစ်ဦးသား စစ်ဆေးကြည့်လိုက်ရာ တင်းယန်က လေးနက်သော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။
"အသက်မရှူတော့ဘူး"
လင်းယွမ်က သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။
"သူ့မှာ မိသားစု ရှိလား"
တင်းယန်က ခေါင်းညိတ်ပြသည်။
"သူ့မိန်းမ ဖောင်ပေါ်မှာ ကျန်ခဲ့တယ်... နာမည်က လျှိုမေဖန်းလို့ ထင်တာပဲ"
လင်းယွမ် ပြန်စဉ်းစားကြည့်လိုက်ရာ လျှိုဖိန်ဖိန်တို့ အဖွဲ့ထဲတွင် ရုပ်ရည် မဆိုးလှသော အမျိုးသမီးတစ်ဦး ရှိသည်ကို သတိရလိုက်သည်။
လင်းယွမ်က သက်ပြင်းချကာ ပြောလိုက်သည်။
"အလောင်းကို ဒီမှာပဲ ခဏထားခဲ့ရအောင်... ကျန်တဲ့လူတွေကို အရင်သွားကယ်ကြမယ်"
"သိပြီ"
တင်းယန်က သဘောတူလိုက်သည်။ နှစ်ဦးသား အလောင်းကို သေချာ ထုပ်ပိုးလိုက်ပြီး နွံအိုင်ထဲ ပြန်မကျစေရန် ဘုတ်ပြားပေါ်တွင် တင်ထားလိုက်ကြသည်။
အကယ်၍ အခွင့်အရေး ရပါက သူ့အလောင်းကို ပြန်လာသယ်ပေးမည်ဟု စိတ်ကူးထားသည်။
လင်းယွမ်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ နေရာတိုင်းတွင် မြက်ပင်များသာ ရှိနေသဖြင့် အဝေးကို လှမ်းမြင်ရန် ခက်ခဲနေသည်။
သူက ချက်ချင်းပင် မြက်ခင်းဖောင်ပေါ်ရှိ ဆုန့်ဝမ်ကို လှမ်းအော်ပြောလိုက်သည်။
"ဆုန့်ဝမ်... အမြင့်ကနေ ပတ်ဝန်းကျင်ကို ကြည့်ပေးလို့ရမလား စောစောက အကူအညီတောင်းသံက ရှေ့ဘက်က လာတာ"
ဆုန့်ဝမ်က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောသည်။
"ကျွန်မလုပ်ကြည့်လိုက်မယ်"
ပြောပြီးသည်နှင့် သူမက ပတ်ဝန်းကျင်ရှိ အပင်များကို ထိန်းချုပ်ကာ သူမ ခြေထောက်အောက်ရှိ မြက်ခင်းဖောင်ကို အပေါ်သို့ မြှင့်တင်လိုက်သည်။
ရေတက်လျှင် လှေမြင့်သကဲ့သို့ သူမ၏ ခန္ဓာကိုယ်ကလည်း အမြင့်သို့ တရိပ်ရိပ် တက်သွားလေသည်။
မကြာမီ သူမသည် ၁၅ ပေခန့် မြင့်တက်သွားပြီး ရှေ့ကို မျှော်ကြည့်လိုက်သည်။
ထိုအခါ ရှေ့ဘက်တွင် သိသာထင်ရှားစွာ ပြောင်ရှင်းနေသော နေရာကွက်လပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုနေရာတွင် သစ်ပင်မြက်ပင် သိပ်မရှိဘဲ မြေကြီးထဲမှ ထိုးထွက်နေသော ကျောက်တိုင်များသာ ရှိနေသည်။
လူတစ်ဒါဇင်ခန့် ထိုနေရာတွင် စုဝေးနေကြပြီး တစ်စုံတစ်ခုကို တူးဆွနေကြသည်ကို ဆုန့်ဝမ် တွေ့လိုက်ရသည်။
သူမက အလျင်အမြန် လှမ်းအော်ပြောလိုက်သည်။
"အစ်ကိုလင်း... ဟိုဘက်မှာ လူတွေအများကြီး ကျောက်တုံးတွေ တူးနေကြတယ်"
လင်းယွမ် အံ့သြသွားသည်။
"ကျောက်တုံးတွေ တူးနေတာလား"
ရန်ဆန်းမင်က ဝင်ပြောသည်။
"စွမ်းအင်ကျောက်တုံးတွေများလား"
လင်းယွမ် စိတ်ဝင်စားသွားကာ ပြောလိုက်သည်။
"သွားကြည့်ရအောင်"
ဆုန့်ဝမ်က ခေါင်းညိတ်ပြီး "ကျွန်မနောက်က လိုက်ခဲ့" ဟု ပြောလိုက်သည်။
လင်းယွမ်နှင့် တင်းယန်တို့က ချက်ချင်းပင် ခုန်ပျံလိုက်ပြီး မြက်ခင်းဖောင်ပေါ်သို့ ရောက်ရှိသွားကြသည်။
ထို့နောက် ဆုန့်ဝမ် ခြေလှမ်းလိုက်သည်နှင့် ရှေ့မှ မြက်ပင်များက ရူးသွပ်စွာ ကြီးထွားလာကာ မြက်ခင်းလမ်းအဖြစ် ခင်းကျင်းပေးပြီး နွံအိုင်များကို ဖုံးအုပ်သွားလေသည်။
လူအများက မြက်ခင်းပေါ် နင်းလျှောက်လာကြရာ နူးညံ့အိစက်နေသော်လည်း နွံအိုင်ထဲသို့ ကျွံကျခြင်း မရှိတော့ပေ။
ရန်ဆန်းမင်က မနေနိုင်ဘဲ ချီးကျူးလိုက်သည်။
"ဆုန့်ဝမ်... ခင်ဗျားအစွမ်းက ဒီလိုနေရာမျိုးနဲ့ တော်တော်ကိုက်ညီတာပဲ"
ရှီဟိုင်ကျူးကလည်း ဝင်ပြောသည်။
"ဒီအစွမ်းက တကယ်ကောင်းတယ်နော်... နောက်ဆို ထိုက်ယန်တောင် ရောက်ရင် မြေစိုက်ပြီး ဟင်းသီးဟင်းရွက်တွေ စိုက်လို့ရပြီပေါ့"
ဆုန့်ဝမ်က ပြုံးလိုက်သည်။
"ကျွန်မ ရည်မှန်းချက်က... ဟင်းသီးဟင်းရွက်တွေ အများကြီးစိုက်ပြီး... အားလုံးကို အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ ကျွေးချင်တာ"
ရှီဟိုင်ကျူးက ဟားတိုက် ရယ်မောလိုက်သည်။
"ဒါဆို ခင်ဗျားတော့ ဈေးဦးပေါက်ပြီပဲ... အခု ရေလွှမ်းမိုးနေတော့ နေရာတိုင်းမှာ ငါးတွေ ပုစွန်တွေချည်းပဲ အသားငါးက မရှားဘူး... ဒီအသီးအရွက်ကမှ တကယ့် ရှားပါးစာ ဖြစ်နေတာ"
ရန်ဆန်းမင်က လင်းယွမ်ကို ကြည့်ကာ မေးလိုက်သည်။
"လင်းယွမ်... ဒီကျွန်းကို ဘယ်လိုမြင်လဲ"
လူအားလုံးက လင်းယွမ်ကို ဝိုင်းကြည့်လိုက်ကြသည်။
လင်းယွမ်က ရန်ဆန်းမင်၏ သဘောကို နားလည်သည်။ ရန်ဆန်းမင်က ဤကုန်းမြေကို သိမ်းပိုက်လိုနေခြင်း ဖြစ်သည်။
လင်းယွမ် စဉ်းစားပြီး ပြောလိုက်သည်။
"ဒီနေရာက မဆိုးပါဘူး... ဒါပေမဲ့ မသိရသေးတဲ့ အန္တရာယ်တွေ အများကြီး ရှိနေနိုင်တယ်... နေထိုင်ဖို့ သင့်မသင့်ဆိုတာ သေသေချာချာ စစ်ဆေးကြည့်ရဦးမယ်"
"နောက်ပြီး ဒီမှာ သစ်ပင်တွေ ရှိပေမယ့် သစ်လုံးအိမ် ဆောက်လို့ရမယ့် အပင်မျိုး သိပ်မရှိဘူး... ဆောက်လုပ်ရေး ပစ္စည်း ရှားတယ်"
"အရေးကြီးဆုံး အချက်တစ်ချက်က... ဒီကျွန်း ဘယ်လို ပေါ်လာလဲဆိုတာ ကျွန်တော်တို့ မသိရသေးဘူး"
"အဲဒီကိစ္စ ရှင်းရှင်းလင်းလင်း မသိရသရွေ့ ကျွန်တော် သိပ်စိတ်မချဘူး"
သူ့စကားကြောင့် ရန်ဆန်းမင်လည်း ခေါင်းညိတ်လိုက်မိသည်။
"ဒါက တကယ့် ပြဿနာကြီးပဲ... သေသေချာချာ စုံစမ်းကြည့်မှ ဖြစ်မယ်"
"ဒီနေရာအကြောင်း ကျွန်တော်တို့ သိတာ သိပ်နည်းလွန်းတယ်... ကျန်တဲ့လူတွေကို အရင်သွားကြည့်ရအောင်"
ခဏမျှ ဆက်လျှောက်သွားပြီးနောက် အကူအညီ တောင်းခံနေသူများကို တွေ့လိုက်ရသည်။
အမျိုးသား နှစ်ယောက်ဖြစ်ပြီး တစ်ယောက်မှာ သူတို့နှင့် ရင်းနှီးသူ လုတရုံ ဖြစ်နေသည်။
လုတရုံဆိုသည်မှာ ယခင်က စွန်းရှု အနိုင်ကျင့်ခြင်း ခံခဲ့ရသည့် စကားမပြောနိုင်သော သမီးလေး လုယွီယန်၏ ဖခင်ဖြစ်သည်။
လုတရုံနှင့် အခြား လူငယ်တစ်ဦး နွံအိုင်ထဲတွင် ပိတ်မိနေကြခြင်း ဖြစ်သည်။
လုတရုံက ကံကောင်းစွာဖြင့် အနီးရှိ ချုံပုတ်တစ်ခုကို မိမိရရ ဆွဲကိုင်ထားနိုင်သည်။ ချုံပုတ်ရှိ ဆူးများကြောင့် သူ့လက်ဖဝါးများ စုတ်ပြတ်နေသော်လည်း လွှတ်မပေးရဲပေ။
သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့် နွံအိုင်ထဲ နစ်မြုပ်နေပြီး ခါးအထိ ရောက်နေပြီ ဖြစ်သည်။
သူ့ဘေးမှ လူငယ်ကမူ လုတရုံ၏ ခါးပတ်ကို အသေအလဲ ဆွဲကိုင်ထားပြီး နွံအိုင်က ထိုလူငယ်၏ ရင်ဘတ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုလူငယ်၏ မျက်နှာမှာ ဖြူဖျော့နေပြီး ထိတ်လန့်တကြား အော်ဟစ်နေသည်။
"ကယ်ကြပါဦး... ကယ်ကြပါဦး"
လုတရုံက ဒေါသထွက်လွန်း၍ ရူးမတတ် ဖြစ်နေသည်။ တစ်ဖက်က အကူအညီ လှမ်းအော်တောင်းရင်း တစ်ဖက်ကလည်း ဆဲဆိုနေသည်။
"မင်း ငြိမ်ငြိမ်နေ... နွံအိုင်ထဲမှာ မင်းလှုပ်လေ နစ်လေပဲကွ"
"သောက်ကျိုးနည်း... ငါ မင်းကို ဆင်းမကယ်ပဲ ထားလိုက်ရမှာ... ငါ့ကို ဆွဲမနေနဲ့တော့"
လုတရုံက ဒေါသတကြီး ဆဲဆိုနေပြီး မျက်နှာတစ်ခုလုံး နီရဲနေသည်။
သို့သော် ထိုလူငယ်က မည်သို့နားဝင်မည်နည်း။ ဤသို့သော အချိန်တွင် လက်လှမ်းမီရာ အရာအားလုံးသည် သူ့အတွက် အသက်ကယ်ဆေး ဖြစ်နေသည်။
သူက လုတရုံ၏ ခါးပတ်ကို ဆွဲကိုင်ထားပြီး သူ့ကိုယ်သူ နွံအိုင်ထဲမှ ဆွဲထုတ်ရန် အသည်းအသန် ကြိုးပမ်းနေသည်။
ကံကောင်းသည်မှာ သူတို့နှစ်ဦးသည် နွံအိုင် အစွန်းပိုင်းတွင် ရှိနေပြီး နွံအောက်တွင် သန္ဓေပြောင်း ခရုများ မရှိပေ။
မဟုတ်ပါက အကူအညီ တောင်းရန်ပင် အချိန်မရဘဲ နွံအိုင်ထဲသို့ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရမည် ဖြစ်သည်။
လတ်တလောတွင် နှစ်ဦးသား ရုန်းကန် အော်ဟစ်နေကြသော်လည်း နစ်မြုပ်နှုန်းမှာ သိပ်မမြန်လှပေ။
လုတရုံက အလွန် စိတ်လှုပ်ရှားနေပြီး ချုံပုတ်ကို ဆွဲကာ ရှေ့သို့ တက်ရန် ကြိုးစားနေသည်။
သို့သော် နွံများက ကော်ကပ်ထားသကဲ့သို့ သူ့ခြေထောက်များကို မြဲမြံစွာ ဆွဲထားသဖြင့် အားစိုက်လိုက်သည်နှင့် တစ်ကိုယ်လုံး နစ်မြုပ်သွားတော့မလို ဖြစ်နေသည်။
ထို့အပြင် နောက်မှ လူငယ်ကပါ ဆွဲထားသဖြင့် သူ ပြန်တက်မလာနိုင်ဘဲ အောက်သို့သာ တရွေ့ရွေ့ နစ်မြုပ်နေရသည်။
လင်းယွမ်တို့ ရောက်လာပြီး ထိုမြင်ကွင်းကို တွေ့သည်နှင့် ချက်ချင်း ကယ်ဆယ်လိုက်ကြသည်။
"ဦးလေးလု... တောင့်ထား" ဟု ဆုန့်ဝမ်က အော်ပြောလိုက်သည်။
သူမ၏ လက်နှစ်ဖက်မှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ချုံပုတ်များကို လျင်မြန်စွာ ကြီးထွားလာစေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် တုတ်ခိုင်သန်မာသော သစ်ကိုင်းကြီးများ ထွက်ပေါ်လာသည်။
လုတရုံနှင့် လူငယ်တို့သည် ထိုအရာကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်သွားကြသည်။
ထိုလူငယ်က လုတရုံကို ချက်ချင်း လွှတ်ပေးလိုက်ပြီး သစ်ကိုင်းကြီး တစ်ခုကို လှမ်းဆွဲကာ အပေါ်သို့ အတင်း ဖက်တက်လိုက်သည်။
လုတရုံလည်း ထိုနည်းတူပင် ဖြစ်သည်။ လူငယ်၏ ဆွဲထားခြင်းမှ လွတ်ကင်းသွားသည်နှင့် သူက ပိုမြန်ဆန်သွားပြီး သစ်ကိုင်းပေါ်သို့ လျင်မြန်စွာ တွယ်တက်လိုက်နိုင်သည်။
ထို့နောက် ဆုန့်ဝမ်၏ ထိန်းချုပ်မှုဖြင့် သစ်ကိုင်းများ ပြန်လည် ရုပ်သိမ်းသွားကာ သူတို့နှစ်ဦးကို ကုန်းပေါ်သို့ ဆွဲတင်ပေးလိုက်သည်။
ကုန်းပေါ်သို့ ရောက်သည်နှင့် လုတရုံက ထိုလူငယ်အပေါ် ခွစီးလိုက်ပြီး ပါးကို ဘယ်ပြန်ညာပြန် ရိုက်ချလိုက်တော့သည်။
"ဖြောင်း... ဖြောင်း..."
"ခွေးကောင်... ငါက စေတနာနဲ့ ကယ်တာကို မင်းက ငါ့ကိုပါ သေအောင်လုပ်တယ်"
"လက်လွှတ်ပါလို့ ပြောနေတာ မင်း နားမကြားဘူးလား"
"ငါ အပေါ်ရောက်ရင် မင်းကို ကယ်ဖို့ တခြားနည်းလမ်း ရှာမှာပေါ့ကွ... ငါလွတ်သွားမှာ ကြောက်နေတာလား ခွေးမသားရဲ့"
"အား... အား... ဦးလေးလု... ကျွန်တော် မရည်ရွယ်ပါဘူးဗျာ... ကျွန်တော် ကြောက်လွန်းလို့ပါ"
ထိုလူငယ်က ခေါင်းကို အုပ်ကာ ကိုယ်ကို ကျုံ့ထားပြီး တောင်းပန်နေသည်။
သူ့အပြစ်နှင့်သူမို့ ပြန်မလုပ်ရဲပေ။
လုတရုံက ဒေါသထွက်နေဆဲပင်။ မိမိက စေတနာဖြင့် ကယ်ဆယ်ခဲ့သော်လည်း ဤလူယုတ်မာကြောင့် အသက်ဘေး ကြုံခဲ့ရသည်။
လင်းယွမ်တို့ ကုန်းပေါ်သို့ တက်လာမှ လုတရုံက လက်စသတ်လိုက်ပြီး လင်းယွမ် ရှေ့သို့ အပြေးအလွှား ရောက်လာသည်။
စကားတစ်ခွန်းမှ မဆိုဘဲ သူတို့ရှေ့တွင် ဒူးထောက်ကာ ဦးချလိုက်သည်။
"ကျေးဇူးတင်ပါတယ်... ကျွန်တော့်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"
"လင်းယွမ်... မင်းက ငါ့ကို ထပ်ကယ်လိုက်ပြန်ပြီ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး... ငါ ကန်တော့ပါရစေ ကျေးဇူးတင်ပါတယ်ကွာ"
သူက ဆက်တိုက် ဦးချနေသဖြင့် လင်းယွမ်က သူ့ကို ဆွဲထူလိုက်ပြီး ပြောလိုက်သည်။
"ဦးလေးလု... ထပါ... ခင်ဗျားတို့နှစ်ယောက် ဘယ်လိုဖြစ်ပြီး ဒီရောက်နေကြတာလဲ"
လုတရုံက ဒေါသတကြီးဖြင့် ထိုလူငယ်ကို လက်ညှိုးထိုးကာ ပြောပြသည်။
"လင်းယွမ်... ငါပြောမလို့ပဲ ဒီကောင်နဲ့ ငါ ကျွန်းပေါ် အတူတူ တက်လာကြတာ... ဒီကောင်က သတ္တိရှိရှိ ကျွန်းပေါ်တက်ရဲတယ်ဆိုတော့ ယောက်ျားကောင်း တစ်ယောက်လို့ ထင်ခဲ့တာ"
"ဒါပေမဲ့ ဒီခွေးကောင်က လူယုတ်မာ ဖြစ်နေမယ်လို့ ဘယ်သူ ထင်မှာလဲ"
"ငါတို့နှစ်ယောက် ဒီနွံအိုင်နား ရောက်လာတော့ ဟိုဘက်မှာ အလင်းရောင် ထွက်နေတဲ့ အပင်တစ်ပင် တွေ့တယ်... အဲဒီအပင်မှာ အသီးတစ်လုံး ပါတယ်"
"ငါတို့နှစ်ယောက် အသီးခူးဖို့ ပြေးတက်သွားကြတာ"
"သူက ငယ်တော့ အသီးကို အရင်ရသွားတယ်... ဒါက ကိစ္စမရှိပါဘူး ငါ နှေးလို့ မရတာပဲလေ ငါ ဝန်ခံပါတယ်"
"နောက်ထပ် ဆက်ရှာရင် ရမှာပဲလို့ တွေးထားတာ... ဒါပေမဲ့ ရုတ်တရက် လူနှစ်ယောက် ထွက်လာပြီး ငါတို့ကို တားတယ်... တစ်ယောက်က အသီးကို လုယူပြီး ဒီကောင်ကိုလည်း နွံအိုင်ထဲ ကန်ချလိုက်တယ်"
"အခြေအနေ မကောင်းမှန်းသိတော့ ငါ ရပ်လိုက်တယ်... ဟိုနှစ်ယောက်က သန္ဓေပြောင်းအသီးကို ယူပြီး ထွက်သွားကြတယ်"
"ဒီကောင်က သူ့ကို ကယ်ပါဆိုပြီး အသနားခံတယ်လေ... ငါလည်း ဒီတိုင်းကြည့်မနေနိုင်လို့ သစ်ကိုင်းတစ်ချောင်း ရှာပြီး လှမ်းပေးလိုက်တာ"
"သူက အားကုန်ဆွဲလိုက်တော့ ငါပါ နွံထဲ ပြုတ်ကျရော"
"ငါက ကမ်းစပ်နား ရောက်နေတော့ ချုံပုတ်ကိုဆွဲပြီး တက်လို့ရတယ်... ဒါပေမဲ့ ဒီခွေးကောင်က အသက်ရှင်ချင်လွန်းလို့ ငါ့ခါးပတ်ကို အသေဆွဲထားတာ"
"မင်းသာ ရောက်မလာရင် ငါ့သမီးလေးနဲ့ တွေ့ရတော့မှာ မဟုတ်ဘူး"
ပြောရင်းနှင့် လုတရုံ မျက်ရည်ဝဲလာသည်။ ဒေါသနှင့် ဝမ်းနည်းမှု ရောထွေးနေသည်။
အသက် ၄၀ ကျော် လူကြီးတစ်ယောက် ဒေါသထွက်လွန်း၍ မျက်ရည်ကျမတတ် ဖြစ်နေသည်။
လင်းယွမ် မျက်နှာ တည်သွားပြီး ထိုလူငယ်ဘက် လှည့်ကာ မေးလိုက်သည်။
"သူပြောတာ အမှန်ပဲလား"
ထိုလူငယ်က ကြောက်လန့်တကြား ထပြီး ပြောသည်။
"လင်းယွမ်... မဟုတ်ရပါဘူးဗျာ ကျွန်တော် အဲဒီတုန်းက ကြောက်လွန်းလို့ ဘာဖြစ်သွားမှန်းတောင် မသိလိုက်ပါဘူး... တစ်ခုခု ကိုင်မိတာနဲ့ လွှတ်မပေးရဲတော့တာပါ"
"ဦးလေးလုကို ဒုက္ခပေးချင်တဲ့ စိတ်မရှိပါဘူးဗျာ... ကျွန်တော် အသက်ရှင်ချင်ရုံ သက်သက်ပါ"
သူက လုတရုံဘက် လှည့်ပြီး ဒူးထောက်ကာ ငိုယို တောင်းပန်ပြန်သည်။
"ဦးလေးလု... ယုံပေးပါဗျာ... ကျွန်တော် တကယ် ဘာမှ မတွေးမိပါဘူး အလိုလို ဖြစ်သွားတာပါ"
"တောင်းပန်ပါတယ် ကျွန်တော် မှားသွားပါတယ် အဲဒီတုန်းက စိတ်ကို မထိန်းနိုင်လို့ပါ"
"ကျွန်တော်က လူယုတ်မာပါ ကျွန်တော်က တိရစ္ဆာန်ပါ... ခွင့်လွှတ်ပေးပါဗျာ"
သူ့ပါးသူ အကြိမ်ကြိမ် ပြန်ရိုက်ကာ တောင်းပန်နေသည်။
တကယ် နောင်တရနေပုံ ပေါက်နေသည်။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူငယ်က ဟန်ဆောင်နေတာလား တကယ် မှားမှန်းသိတာလား ခွဲခြားရ ခက်နေသည်။
ထိုစဉ် ရန်ဆန်းမင်က ဝင်ပြောလိုက်သည်။
"လင်းယွမ်... ဒါက လူ့ဗီဇနဲ့ဆိုင်တယ်"
"ရေနစ်နေတဲ့သူလိုပဲ ရေထဲကျသွားရင် အသက်ရှင်ဖို့အတွက် ဘေးနားက မိရာကို ဆွဲတော့တာပဲ"
လင်းယွမ်က ထိုလူငယ်ကို ကြည့်လိုက်သည်။
လူငယ်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံသည်။
"ဟုတ်တယ် ဟုတ်တယ်... ဗီဇပါ... တကယ် အလိုလို ဖြစ်သွားတာပါ"
ရန်ဆန်းမင်က ဆက်ပြောသည်။
"ဒါပေမဲ့ ဒါက ရေမဟုတ်ဘူး နွံအိုင်ကွ"
"ရေထဲမှာဆိုရင်တော့ မင်း စဉ်းစားဖို့ အချိန်မရဘဲ နစ်သွားမှာ မှန်တယ်"
"ဒါပေမဲ့ နွံအိုင်ထဲမှာ မင်း ငြိမ်ငြိမ်နေရင် စဉ်းစားချိန် ရသေးတယ် မင်းအကြာကြီး နေခဲ့ရတာပဲ တည်ငြိမ်မလာဘူးဆိုတာ ငါမယုံဘူး"
ရန်ဆန်းမင်၏ စကားကြောင့် ထိုလူငယ် မျက်နှာ ဖြူဖျော့သွားပြီး ကမန်းကတန်း ဖြေရှင်းချက် ထုတ်လေသည်။
"ကျွန်တော် တကယ် သိပ်မစဉ်းစားမိဘူး ဒေါက်တာရန်... ယုံပေးပါ"
လင်းယွမ်က အေးစက်စွာ ပြောလိုက်သည်။
"တော်ပြီ... မင်း ဘယ်လိုတွေးလဲ ငါ ဂရုမစိုက်ဘူး... ဦးလေးလုက ဒီတစ်ခါ မင်းကို ကယ်လိုက်ပြီ နောက်ထပ်တွေ့မယ့် သန္ဓေပြောင်းအသီးကို သူ့ကို ပေးရမယ်... မင်းကန့်ကွက်စရာ ရှိလား"
"ဗျာ... အဲ... အသီးက ကျွန်တော့်ဆီမှာမှ မရှိတာ" လူငယ်က ကြောင်တောင်တောင်ဖြင့် ပြောသည်။
လင်းယွမ်က "ငါသိတယ်... နောက်ထပ် သန္ဓေပြောင်းအသီး ရှာတွေ့ရင် မင်း ဦးလေးလုကို ပေးရမယ်" ဟု ပြောလိုက်သည်။
"အဲဒါက..."
လူငယ်က တွန့်ဆုတ်သွားသော်လည်း လင်းယွမ်တို့ အဖွဲ့လုံးက သူ့ကို စိုက်ကြည့်နေကြသဖြင့် မတတ်သာဘဲ ခေါင်းညိတ် လိုက်နာလိုက်ရသည်။
လင်းယွမ်က လုတရုံ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ဦးလေးလု... ဒီကျွန်းက အန္တရာယ်များတယ် သန္ဓေပြောင်း သတ္တဝါတွေလည်း များတယ် ပြန်သွားတာ ကောင်းမယ်ထင်တယ်"
လုတရုံက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
"လင်းယွမ်... ငါ ပြန်လို့မဖြစ်ဘူး သန္ဓေပြောင်းအသီးကို မတွေ့ဖူးရင်တော့ မင်းပြောတာ ငါ လက်ခံမိမှာ"
"ဒါပေမဲ့ ခုနက ငါ့မျက်စိရှေ့တင် တွေ့လိုက်ရပြီလေ လက်တစ်ကမ်း အကွာအဝေးမှာတင် လွဲသွားတာ... ငါ ဘယ်လိုမှ ပြန်ဖို့ စိတ်မပါတော့ဘူး"
"ငါ့အခြေအနေကို မင်းလည်း သိတာပဲ... သမီးလေးက စကားမပြောနိုင် နားမကြားနိုင်ဘူး... ငါသာ မရှိရင် သူ အသက်ရှင်ဖို့ ခက်လိမ့်မယ်"
"ဒီ ရေကြီးတဲ့ ကပ်ဘေးကြီးထဲမှာ ငါ ကိုယ်တိုင်လည်း ဘယ်တော့သေမလဲ မသိနိုင်ဘူး"
"ငါမသေခင် သူ့အတွက်... ရှန်သန်နိုင်တဲ့ အစွမ်းတစ်ခုလောက်တော့ ရှာပေးခဲ့ချင်တယ်"
"သန္ဓေပြောင်းအသီးကို ငါ လက်လျှော့လို့ မဖြစ်ဘူး"
သူ့မျက်နှာထားက ခိုင်မာပြတ်သားနေပြီး မျက်ဝန်းများက အရာအားလုံးကို ဖော်ပြနေသည်။
လင်းယွမ်လည်း သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ဟုတ်ပြီလေ... ဦးလေး ဆုံးဖြတ်ပြီးပြီဆိုတော့ ကျွန်တော် မတားတော့ပါဘူး"
"ဂရုစိုက်ပါ"
လုတရုံက ပြုံးလိုက်သည်။
"စိတ်ချပါ... ငါက အသက်ပြင်းပါတယ် မသေပါဘူး"
လင်းယွမ်က ပြန်မပြုံးနိုင်ဘဲ မေးလိုက်သည်။
"ခင်ဗျားတို့ဆီက အသီးလုသွားတဲ့ နှစ်ယောက်က ဘယ်သူတွေလဲ ဘယ်လိုပုံစံလဲ"
ထိုကိစ္စ ပြောလိုက်သည်နှင့် လုတရုံ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းသွားသည်။
"လူငယ်တစ်ယောက်နဲ့ လုံခြုံရေး ဝန်ထမ်းဝတ်စုံ ဝတ်ထားတဲ့သူ... ဟန်လုံစင်တာက လုံခြုံရေး ဝန်ထမ်းလို့ ထင်တာပဲ"
လင်းယွမ် ကြားသည်နှင့် မည်သူဆိုတာ ချက်ချင်း သိလိုက်သည်။
တင်းယန်က "သူတို့ တက်လာကြပြီပဲ" ဟု ပြောလိုက်သည်။
ရန်ဆန်းမင်က စိုးရိမ်တကြီးဖြင့် လုတရုံကို မေးလိုက်သည်။
"အစ်ကိုလု... အသက် ၂၀ ကျော်လောက် ထန်ယင်းဆိုတဲ့ ကောင်မလေးကိုရော တွေ့မိသေးလား... အရပ်က ဒီလောက်ရှိမယ်"
သူက လက်ဖြင့် အရပ်အမောင်းကို ခန့်မှန်းပြလိုက်ရာ လုတရုံက ချက်ချင်း သတိရသွားသည်။
"အရင်က ဆုန့်ဝမ်တို့နဲ့အတူ ဖောင်ပေါ်မှာ လူကယ်တဲ့ ကောင်မလေးကို ပြောတာလား"
"သူက ချိုင်ကြည်၊ ဦးလေးမာတို့နဲ့အတူ ထွက်သွားကြတယ်"
ရန်ဆန်းမင်က "ဘယ်ဘက်ကိုလဲ" ဟု အလျင်အမြန် မေးလိုက်သည်။
လုတရုံက ကျွန်းအလယ်ဘက်သို့ လက်ညှိုးထိုးပြသည်။
"ဟိုဘက်ကို သွားကြတာ"
ဆုန့်ဝမ်က "ကျောက်တုံးတွေ တူးနေတဲ့ နေရာပဲ" ဟု ပြောလိုက်သည်။
တင်းယန်က "သွားကြည့်ရအောင်... ဟို ဟင်းလင်းပြင်အစွမ်းပိုင်ရှင်တွေလည်း အဲဒီဘက် ရောက်လောက်ပြီ" ဟု ပြောလိုက်သည်။
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။
"သွားကြစို့... ဦးလေးလု... ကျွန်တော်တို့နဲ့ လိုက်မလား"
လုတရုံ တွန့်ဆုတ်သွားပြီး ခေါင်းခါလိုက်သည်။
"နေပါစေတော့... ငါမလိုက်တော့ဘူး ဟိုဘက်မှာ လူများတယ် သန္ဓေပြောင်းအသီး ရှိရင်တောင် ငါ့အလှည့် ရောက်မှာ မဟုတ်ဘူး ငါ တခြားဘက် သွားကြည့်လိုက်မယ်"
သူက ရိုးသားသော်လည်း မအပေ။
ဦးလေးမာ၊ ချိုင်ကြည်၊ ထန်ယင်းတို့က ဟိုဘက်မှာ ရှိနေသည်။
လင်းယွမ်တို့က သေချာပေါက် ထိုလူများကို ဦးစားပေး စောင့်ရှောက်မည် ဖြစ်သည်။ ထို့ကြောင့် တခြားဘက်တွင် ကံစမ်းတာက ပိုကောင်းပေလိမ့်မည်။
လင်းယွမ်လည်း မတားတော့ပေ။ လူစုခွဲလိုက်ကြသည်။
လင်းယွမ်တို့ လေးယောက် အရှိန်မြှင့်ကာ သွားလိုက်ကြသည်။ ကျွန်းက မကျယ်သဖြင့် ကျောက်တိုင်များ ထိုးထွက်နေသည့် နေရာသို့ မကြာမီ ရောက်ရှိသွားကြသည်။
ထိုနေရာရှိ ကျောက်တိုင်အားလုံးသည် အစုလိုက် အပြုံလိုက် ကော့ချွန်ထွက်နေကြသည်။
ကြည့်ရသည်မှာ အနက်ရောင် သလင်းကျောက်တုံးများ စုပုံနေသကဲ့သို့ ရှိသည်။
သို့မဟုတ် အနက်ရောင် ထင်းရှူးပင်ငယ်လေးများ တစ်ပင်နှင့်တစ်ပင် ခပ်ခွာခွာ ပေါက်ရောက်နေသကဲ့သို့လည်း ထင်ရသည်။
မြေပြင်ပေါ်တွင် မြက်ရိုင်း အနည်းငယ် ပေါက်ရောက်နေသည်။
သို့သော် သိသာသည်မှာ ဤမြက်ပင်များသည် အာဟာရ မလုံလောက်သဖြင့် စောစောက နွံအိုင်အနီးရှိ မြက်ပင်များလောက် သန်စွမ်းခြင်း မရှိပေ။
ယခုအချိန်တွင် လူတစ်ဒါဇင်ကျော်ခန့် ကျောက်တိုင်တောအုပ်ထဲတွင် တစ်စုံတစ်ခုကို တူးဆွ ရှာဖွေနေကြသည်။
ထိုအထဲတွင် ချိုင်ကြည်၊ ဦးလေးမာ၊ ထန်ယင်းတို့ ပါဝင်သည်။
လင်းယွမ်က တစ်ချက်ဝေ့ကြည့်လိုက်ပြီး တင်းယန်တို့ကို မေးလိုက်သည်။
"ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ကို တွေ့လား"
"မတွေ့ဘူး... ဒီမှာ ရှိပုံမရဘူး" တင်းယန်က ခေါင်းခါလိုက်သည်။
ရန်ဆန်းမင်က "သတိထားနော် ပုန်းနေတာ ဖြစ်နိုင်တယ်" ဟု သတိပေးလိုက်သည်။
"သူတို့ ဘာတူးနေကြတာလဲဆိုတာ သွားမေးကြည့်မယ်" ဟု ဆုန့်ဝမ်က တိုးတိုးလေး ပြောလိုက်သည်။
"သွားမယ်... အတူတူ သွားမေးကြမယ်"
သူတို့အားလုံး အတူတူ လျှောက်သွားလိုက်ကြသည်။
"ဦးလေးမာ"
လင်းယွမ်က မာကောချိုင်၏ ပခုံးကို ပုတ်ကာ ခပ်တိုးတိုး ခေါ်လိုက်သည်။
မာကောချိုင် ကြောင်သွားပြီး လင်းယွမ်ကို မော့ကြည့်လိုက်သည်။
သူ မော့ကြည့်လိုက်သည့် အခိုက်အတန့်တွင် လင်းယွမ် အကြီးအကျယ် ထိတ်လန့်သွားသည်။
ဦးလေးမာ၏ မျက်နှာမှာ စိတ်ကြွဆေး သုံးစွဲထားသကဲ့သို့ တက်ကြွနေပြီး မျက်လုံးများ နီရဲနေသည်။
"လင်းယွမ်... မင်း... မင်း ဘယ်လို ရောက်လာတာလဲ မင်းလည်း သန္ဓေပြောင်းအသီး လာတူးတာလား"
လင်းယွမ် စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။
"ဘာ သန္ဓေပြောင်းအသီးလဲ... ဘယ်မှာလဲ"
ဦးလေးမာက မည်းနက်နေသော ကျောက်တုံးပုံကို လက်ညှိုးထိုးပြသည်။
"ဒီလောက် အလုံးကြီးတဲ့ သန္ဓေပြောင်းအသီးကို မင်း မမြင်ဘူးလား"
"မြန်မြန်... ငိုင်မနေနဲ့ လာတူးလေကွာ ဒါတွေ တူးသွားပြီး တစ်ယောက်တစ်ကိုက် စားလိုက်ရင် အားလုံး အစွမ်းတွေ နိုးထလာတော့မှာ"
ဦးလေးမာက စိတ်လှုပ်ရှားစွာဖြင့် လင်းယွမ်ကို ဆွဲကာ အတူတူ တူးခိုင်းနေသည်။
လင်းယွမ် မျက်နှာ ပျက်သွားပြီး ဆုန့်ဝမ်၊ တင်းယန်၊ ရန်ဆန်းမင်၊ ရှီဟိုင်ကျူးတို့ကို ကြည့်လိုက်သည်။
ရှီဟိုင်ကျူးက မနေနိုင်ဘဲ ပြောလိုက်သည်။
"သူတို့အားလုံး ဒီကျောက်တုံးတွေကို တူးနေကြတာပဲ"
"အစ်ကိုလင်း... အခြေအနေ မဟန်ဘူး သူတို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေပုံရတယ်" ဟု ဆုန့်ဝမ်က တိုးတိုး ပြောလိုက်သည်။
ဘေးနားရှိ တင်းယန်ကလည်း လေးနက်သော အမူအရာဖြင့် ဦးလေးမာ၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။
"ဦးလေးမာ... ဘာဖြစ်နေတာလဲ ဒါတွေက ကျောက်တုံးတွေလေ"
ဆက်ရန်...