← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 10 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 10 Ch. 185-186

အပိုင်း (၁၈၅) ကျောက်တုံးသတ္တဝါနှင့် မေ့ဆေးဆရာဝန်

"မဟုတ်ပါဘူး... ဘယ်ကလာ... ဒါတွေက ကျောက်တုံးတွေ မဟုတ်ဘူး... သန္ဓေပြောင်းအသီးတွေကွ... မင်းတို့ ကြည့်လိုက်စမ်းပါ... အသီးက အကြီးကြီးပဲ"

"အသီးတွေက လင်းလက်နေတာပဲ... မင်းတို့ မမြင်ကြဘူးလား"

ဦးလေးမာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး လင်းယွမ်ကို တွန်းထုတ်ကာ အသည်းအသန် ပြန်တူးနေလေသည်။

လင်းယွမ်၏ မျက်နှာထားက တည်ကြည်လေးနက်သွားကာ ဘေးပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်သည်။

လူတိုင်းက ကျောက်တုံးပုံများကို အသည်းအသန် တူးဆွနေကြ၏။

ဤနေရာရှိ ကျောက်တုံးပုံများမှာ မြင့်သည်က ၇ ပေခန့် ရှိပြီး နိမ့်သည်က ၂ ပေခန့် ရှိကြသည်။

လင်းယွမ်က ချိုင်ကြည်ဘေးသို့ အမြန်သွားကာ သူ့ကို ဆွဲမလိုက်ပြီး "အစ်ကိုချိုင်... ရပ်လိုက်" ဟု အော်ဟစ်လိုက်သည်။

ချိုင်ကြည် မော့ကြည့်လိုက်ရာ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသည်။ လင်းယွမ်ကို မြင်လိုက်ရသည့်အခါ သူက ဝမ်းသာအားရ ဖြစ်သွားလေသည်။

"လင်းယွမ်... မင်း လာတာ အတော်ပဲ... ဟိုမှာ ကြည့်စမ်း... ကြည့်ပါဦး... ငါ တွေ့ပြီ... ငါ သန္ဓေပြောင်းအသီး တွေ့ထားပြီ... ဒါကို တူးထုတ်ပြီးတာနဲ့ ငါ အစွမ်းတွေ နိုးထလာတော့မှာ"

"အဲဒီကျရင် ငါလည်း မင်းတို့လိုပဲ လူတိုင်းကို ကာကွယ်ပေးနိုင်ပြီ... အဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး"

"ဖယ်စမ်းပါ... ငါ တူးပါရစေဦး... ငါ စားလိုက်တာနဲ့ အစွမ်းပိုင်ရှင် ဖြစ်လာတော့မှာ"

သူက စိတ်လှုပ်ရှားစွာဖြင့် လင်းယွမ်ကို တွန်းထုတ်ပြီး ခေါင်းငုံ့ကာ အသည်းအသန် ပြန်လည် တူးဆွနေပြန်သည်။

ဆုန့်ဝမ်၊ တင်းယန်၊ ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့သည်လည်း အခြားသူများကို အသီးသီး လိုက်ဆွဲနေကြသည်။

သို့သော် ထိုသူများမှာ စုန်းပြုစားခံထားရသကဲ့သို့ ကျောက်တုံးတူးရန်သာ စိတ်ရောက်နေပြီး ဖျောင်းဖျမှုကို နားမဝင်ကြပေ။

ထိုအခြေအနေကြောင့် လင်းယွမ်တို့အဖွဲ့မှာ မျက်နှာပျက်လာရသည်။

သူတို့အားလုံး တစ်နေရာတည်း ပြန်စုလိုက်ကြ၏။

ရန်ဆန်းမင်က "တစ်ခုခုတော့ မှားနေပြီ... ဒီနေရာက ပုံမှန် မဟုတ်ဘူး" ဟု လေးနက်စွာ ဆိုသည်။

ရှီဟိုင်ကျူးက "ဘာလို့ ငါတို့ကျ ဘာမှမဖြစ်တာလဲ" ဟု တွေးတောနေသည်။

ဆုန့်ဝမ်ကလည်း "ငါတို့က အစွမ်းနိုးထပြီးသားမို့လို့များလား" ဟု ဝင်ပြောသည်။

လင်းယွမ်က ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး "အရင်ဆုံး သူတို့ကို ဒီကျောက်တုံးတောထဲကနေ အပြင်ခေါ်ထုတ်သွားရအောင်... ပြီးမှ အခြေအနေ ကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။

တင်းယန်က "ဟုတ်တယ်... အားလုံးပဲ လူခွဲပြီး သူတို့ကို အပြင်ခေါ်ထုတ်ကြစို့" ဟု ထောက်ခံသည်။

ထိုအကြံပြုချက်ကို အားလုံးက သဘောတူလိုက်ကြပြီး ချက်ချင်းပင် လူခွဲကာ အသီးသီး လူဆွဲထုတ်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် ကျောက်တုံးတူးနေသူများကို ဆွဲခေါ်မည့်ပြုသည့်အခါ ရူးမတတ် ရုန်းကန်ကြတော့သည်။

လက်ကာခြေကာဖြင့် ကျောက်တုံးများကို ဖက်တွယ်ထားကြပြီး လိုက်ဖို့ လုံးဝ ဆန္ဒမရှိကြပေ။

တော်သေးသည်က လင်းယွမ်တို့အဖွဲ့မှာ အစွမ်းပိုင်ရှင်များ ဖြစ်ကြသဖြင့် သာမန်လူထက် ခွန်အားကြီးနေခြင်း ဖြစ်သည်။

သူတို့ကို ကျောက်တုံးပုံများမှ အလွယ်တကူ ဆွဲခွာပြီး ကျောက်တုံးတောအပြင်ဘက် မြက်ခင်းပြင်ဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားလိုက်ကြသည်။

ကျောက်တုံးတောနှင့် ဝေးသွားသည်နှင့် တစ်ပြိုင်နက် ထိုသူများမှာ ဘောလုံးလေလျှော့လိုက်သလို ချက်ချင်းပင် နွမ်းနယ်ခွေယိုင်သွားကြသည်။

အသက်ကြီးသည့် ဦးလေးမာဆိုလျှင် မောလွန်းသဖြင့် မျက်ဖြူလန်ကာ မြေကြီးပေါ်တွင် အိပ်ပျော်သွားလေသည်။

လင်းယွမ်က ကျောက်တုံးတောဘက်သို့ လှမ်းကြည့်လိုက်ရင်း "ဒီထဲမှာ တကယ်ပဲ ပြဿနာ တစ်ခုခု ရှိနေတယ်... သူတို့တွေ တစ်ခုခုရဲ့ လှုံ့ဆော်တာခံရလို့ စိတ်လွတ်ပြီး ကျောက်တုံးတူးဖို့လောက်ပဲ သိကြတော့တာ" ဟု ပြောလိုက်သည်။

"ကျောက်တုံးအောက်မှာ မိစ္ဆာကောင်တွေ ရှိနေလို့များလား" တင်းယန်က ချိုင်ကြည်ကို ဖိထားရင်း ဝင်ပြောသည်။

အခြားတစ်ဖက်တွင် ဆုန့်ဝမ်က စပျစ်နွယ်ပင်များဖြင့် လူ နှစ်သုံးယောက်ကို ရုန်းမရအောင် မြေကြီးပေါ်တွင် ချည်နှောင်ထားလိုက်သည်။

တင်းယန်၏ စကားကို ကြားသောအခါ သူကလည်း "ဘယ်လို မိစ္ဆာကောင်မို့လို့ သူတို့ကို ကျောက်တုံး တူးခိုင်းနေရတာလဲ" ဟု မေးခွန်းထုတ်သည်။

"မိစ္ဆာကောင်က မြေအောက်မှာ ပိတ်မိနေပြီး သူ့ကို ကယ်ထုတ်ဖို့ လူတွေကို စိတ်နဲ့ လှမ်းထိန်းချုပ်နေတာများလား" ရှီဟိုင်ကျူးက ရုတ်တရက် အကြံဉာဏ်ရကာ ပြောလိုက်ခြင်း ဖြစ်သည်။

သူ့စကားမှာ မဖြစ်နိုင်စရာ အကြောင်းမရှိသဖြင့် အားလုံး၏ မျက်နှာထားများမှာ လေးနက်သွားကြသည်။

လင်းယွမ်က "ဘာပဲဖြစ်ဖြစ်... အရင်ဆုံး လူကုန်အောင် ဆွဲထုတ်ကြတာပေါ့... သွားစို့" ဟု ပြောလိုက်သည်။

သူတို့ ယခုတစ်ခေါက်မှ လူ ၇-၈ ယောက်လောက်သာ ဆွဲထုတ်လာနိုင်သေးပြီး အထဲတွင် နောက်ထပ် ၆-၇ ယောက်လောက် ကျန်နေသေးသည်။

သူတို့ ပြန်ဝင်ရန် ပြင်လိုက်စဉ် ကျောက်တုံးတောထဲမှ ဝုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာသည်။

လင်းယွမ်တို့အဖွဲ့လည်း အလောတကြီး လှမ်းကြည့်လိုက်ကြသည်။

ကတော့ပုံစံ ကျောက်တုံးပုံကြီးတစ်ခု ရုတ်တရက် လဲပြိုသွားသည်ကို တွေ့လိုက်ရ၏။

ဘေးနားရှိ အိမ်ပိုင်ရှင် သုံးယောက်က လက်မြှောက်ခြေမြှောက်ဖြင့် ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။

"ဟားဟား... အောင်မြင်ပြီကွ... ငါတို့ တူးနိုင်ခဲ့ပြီ"

"မြန်မြန်... မြန်မြန် စားကြည့်ရအောင်... ဘာအစွမ်း ရမလဲလို့"

"မလုနဲ့... မလုနဲ့... ငါ အရင် တူးမိတာ"

သူတို့ သုံးယောက်မှာ မြေကြီးပေါ် ဝပ်တွားကာ တစ်စုံတစ်ခုကို အတင်းအဓမ္မ လုယူ၍ ပါးစပ်ထဲ အငမ်းမရ ထိုးထည့်နေကြသည်။

လင်းယွမ်တို့ ၅ ယောက်၏ မျက်နှာထားများ ပျက်ယွင်းသွားကာ အချင်းချင်း ကြည့်လိုက်မိကြသည်။

"ငါ သွားကြည့်လိုက်မယ်... မင်းတို့ ဒီမှာပဲ နေခဲ့" လင်းယွမ်က ပြောပြောဆိုဆိုဖြင့် ထွက်သွားရန် ပြင်လိုက်သည်။

"ကျွန်မလည်း လိုက်မယ်"

"ကျွန်မရောပဲ"

ဆုန့်ဝမ်နှင့် တင်းယန်တို့ နှစ်ယောက်လုံး တစ်ပြိုင်နက် ပြောလိုက်ကြပြီး ခြေလှမ်းကိုယ်စီ လှမ်းလိုက်ကြသည်။

ထိုမိန်းကလေးနှစ်ယောက် ကြောင်အမ်းသွားပြီး အချင်းချင်း ကြည့်လိုက်မိကြ၏။

သူတို့၏ အကြည့်ချင်း ဆုံသွားရာမှ ချက်ချင်း ပြန်လွှဲလိုက်ကြပြီး လင်းယွမ်ကို ပြိုင်တူ ကြည့်လိုက်ကြသည်။

လင်းယွမ် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသော်လည်း မျက်နှာထားက တည်ငြိမ်မြဲ တည်ငြိမ်နေပြီး "နင်တို့ လိုက်စရာ မလိုဘူး... အထဲမှာ အန္တရာယ် ရှိတယ်... ဘာအခြေအနေမှန်းလည်း မသိရသေးတော့ ငါပဲ သွားကြည့်လိုက်မယ်"

"လူများရင် လှုပ်ရှားရတာ ပိုခက်လိမ့်မယ်"

ထိုသို့ ပြောပြီးနောက် သူက ချက်ချင်း လှည့်ထွက်သွားပြီး ကျောက်တုံးတောထဲသို့ သတိထား၍ ဝင်ရောက်သွားသည်။

ကျောက်တုံးတောထဲတွင် တူးဖော်သံများ ဆက်တိုက် ထွက်ပေါ်နေဆဲ ဖြစ်သည်။

အခြားသူများမှာ အားကုန်သုံး၍ တူးဆွနေကြဆဲ ဖြစ်ပြီး ကျောက်တုံးပုံ ဖြိုချနိုင်ခဲ့သည့် အိမ်ပိုင်ရှင် သုံးယောက်ကတော့ တစ်စုံတစ်ခုကို လုယက်နေကြသည်။

လင်းယွမ် အနီးကပ် သွားကြည့်လိုက်သောအခါ မျက်လုံးအိမ် ကျဉ်းမြောင်းသွားရသည်။

မြေကြီးထဲတွင် တွင်းကြီးတစ်တွင်း ဖြစ်ပေါ်နေပြီး ထိုထဲမှ သွေးရောင်အရည်များ စီးကျနေသည်။

ဘေးသို့ လဲပြိုနေသော ကတော့ပုံ ကျောက်တုံးပုံကြီးမှာ အပြင်ပန်း၌ ကျောက်တုံးအခွံ ဖြစ်သော်လည်း အတွင်း၌ ကျောက်တုံးမရှိဘဲ ဖြူဖွေးအိစက်နေသော အသားတုံးများသာ ရှိနေ၏။

အိမ်ပိုင်ရှင်များ လုယက်နေသည်မှာ ထိုအသားတုံးများပင် ဖြစ်သည်။

သူတို့သည် ထိုအသားများကို လက်ဖြင့် အတင်း ဆွဲဖဲ့လုယူနေကြပြီး တစ်ယောက်ဆိုလျှင် ပါးစပ်ဖြင့်ပင် တိုက်ရိုက် ကိုက်ခဲနေလေသည်။

ဝါးစားသံများနှင့်အတူ အသားတုံးများက နာကျင်မှုကို ခံစားရသကဲ့သို့ တွန့်လိမ်လာပြီး အရည်များ အများအပြား ထုတ်လွှတ်လိုက်သည်။

ထိုသို့ အရည်များ ထွက်လာသည်နှင့်အတူ တိုတောင်းသော နှာမောင်းငယ်လေးများ ထွက်လာပြီး ထိုလူများ၏ လက်မောင်း၊ ပေါင်နှင့် ကျောပြင်များကို တွယ်ကပ်လိုက်သည်။

သို့သော် သူတို့က နာကျင်မှုကို မသိဘဲ ဆက်လက်၍ အငမ်းမရ စားသောက်နေကြသည်။

ထိုနှာမောင်းတိုလေးများက လူ့ခန္ဓာကိုယ်တွင် တွယ်ကပ်ကာ သွေးများကို မျက်စိရှေ့မှောက်ပင် စုပ်ယူနေသည်ကို လင်းယွမ် အထင်သား မြင်လိုက်ရသည်။

ထိုလူသုံးယောက်၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း ခြောက်ကပ်လာသော်လည်း ကိုယ့်ကိုယ်ကိုယ် သတိမမူမိဘဲ အသားများကို ဆက်လက် ကိုက်ဝါးနေကြသည်။

ထိုအသားများမှာ ပြိုင်ဘက်ကင်း ရှားပါးအစားအစာများ ဖြစ်နေသည့်အလား ပါးစပ်ထဲမှ ပြန်မထုတ်ချင်လောက်အောင် ဖြစ်နေပုံရသည်။

လင်းယွမ် ကြက်သီးထသွားပြီး ရှေ့သို့ အမြန်တိုးကာ လူနှစ်ယောက်ကို လှမ်းဆွဲလိုက်ရင်း "ခင်ဗျားတို့ ရူးနေကြပြီလား" ဟု အော်ဟစ်လိုက်သည်။

သူက အားကုန်သုံး၍ ထိုနှစ်ယောက်ကို ဆွဲခွာလိုက်သည်။

သို့သော် အားစိုက်လိုက်မှု ပြင်းထန်သွားသဖြင့် 'ဗြစ်' ခနဲ အသံနှင့်အတူ နှာမောင်းများ တွယ်ကပ်ထားသော နေရာမှ အသားစိုင်များ ပြတ်ထွက်ပါလာလေသည်။

သို့တိုင်အောင် ထိုနှစ်ယောက်မှာ နာကျင်မှုကို လုံးဝ မခံစားရဘဲ ဖြူဖွေးသော အသားများကိုသာ ပါးစပ်ထဲ အတင်း ထိုးထည့်နေကြဆဲ ဖြစ်သည်။

လင်းယွမ် အံ့အားသင့်သွားပြီး ထိုသူနှစ်ယောက်ကို လွှတ်ချကာ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ဖြင့် ထိုအသားတုံးကြီးကို ဝင်ဆောင့်လိုက်သည်။

"ဝုန်း"

စိတ်စွမ်းအင် ရိုက်ခတ်မှုကြောင့် ထိုအသားတုံးကြီးမှာ ဆတ်ခနဲ တုန်ခါသွားပြီး အရည်များ ပန်းထွက်လာသည်။

"ဘုန်း"

အသံအုပ်အုပ်တစ်ချက် ထွက်ပေါ်လာပြီး မာကျောသော ကျောက်တုံးအခွံကြီး ကွဲအက်သွားကာ ပျစ်ချွဲသော အရည်များ စီးကျလာသည်။

နှာမောင်းတိုလေးများလည်း ချက်ချင်း ပျော့ခွေကျသွားပြီး မည်သည့်အရာကိုမျှ မစုပ်ယူနိုင်တော့ပေ။

လင်းယွမ် နောက်သို့ ချက်ချင်း ဆုတ်လိုက်ပြီး ထူးဆန်းသော ကျောက်တုံးသတ္တဝါကို အသေအချာ ကြည့်လိုက်သည်။

ယခုဆိုလျှင် ဒါက ကျောက်တုံးပုံ မဟုတ်ဘဲ ကျောက်တုံးပုံစံ အခွံပါရှိသော သတ္တဝါတစ်ကောင် ဖြစ်ကြောင်း သူ သေချာသွားပြီ ဖြစ်သည်။

လင်းယွမ်အနေဖြင့် ၎င်းက ဘာသတ္တဝါလဲ ဆိုသည်ကို ခွဲခြားမရနိုင်သေးသဖြင့် အခြေအနေအရ စဉ်းစားမနေတော့ဘဲ "မြန်မြန် ဆုတ်ကြ" ဟု အော်ဟစ်လိုက်သည်။

သူက ကျောပြင်တွင် အသားစများ ပဲ့ပါသွားသော လူနှစ်ယောက်ကို ဆွဲမလိုက်ပြီး ကျန်တစ်ယောက်ကို ခြေထောက်ဖြင့် ချိတ်ကာ အမြန် ဆုတ်ခွာလိုက်သည်။

ကျောက်တုံးတော အပြင်ဘက် ရောက်သည်အထိ ဆုတ်ခွာလာပြီးမှ ထိုသုံးယောက်ကို ချလိုက်သည်။

ဆုန့်ဝမ်၊ တင်းယန်တို့က အမြန် ဝိုင်းလာကြသည်။

"အစ်ကိုလင်း... အဆင်ပြေရဲ့လား" ဆုန့်ဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။

တင်းယန်ကမူ လင်းယွမ်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရှုနေပြီ ဖြစ်သည်။

လင်းယွမ်က လက်ကာပြလိုက်ပြီး "ငါ ဘာမှမဖြစ်ဘူး... ဆုန့်ဝမ်၊ ဒေါက်တာရန်... မင်းတို့ သူတို့သုံးယောက်ကို အရင်ကြည့်ပေးလိုက်ကြပါဦး... ငါ အထဲကို တစ်ခေါက်လောက် ပြန်ဝင်ဦးမယ်... အဲဒီ ကျောက်တုံးပုံတွေက သာမန် ကျောက်တုံးတွေ မဟုတ်ဘဲ ထူးဆန်းနေတယ်"

ရန်ဆန်းမင်က ခေါင်းညိတ်လိုက်ပြီး ထိုသုံးယောက်ကို အမြန် ပြုစုကုသပေးလေသည်။ အထူးသဖြင့် အသားစများ ပဲ့ပါသွားသော နှစ်ယောက်ကို ဦးစားပေး ကုသပေးလိုက်သည်။

လင်းယွမ်က မတ်တတ်ပြန်ရပ်ပြီး ကျောက်တုံးတောထဲသို့ ပြေးဝင်လိုက်သည်။

ယခုတစ်ကြိမ်တွင် တင်းယန်လည်း နောက်မှ လိုက်ပါလာသည်။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်သော်လည်း သူ စကားမပြောရသေးခင် တင်းယန်က "ကျွန်မကို ပြန်မသွားခိုင်းနဲ့... ကျွန်မဒီတိုင်း ထိုင်ကြည့်မနေချင်ဘူး" ဟု ဦးအောင် ပြောလိုက်သည်။

လင်းယွမ်လည်း တားမရမှန်း သိသဖြင့် "သတိထားနော်" ဟုသာ မှာလိုက်ရသည်။

"အင်း" တင်းယန်က ပြုံးပြလိုက်သည်။

နှစ်ယောက်သား အတူယှဉ်တွဲ၍ ပြေးဝင်လာကြသည်။

ထို့နောက် လင်းယွမ်က စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို ဆက်တိုက် ထုတ်သုံးပြီး ကျောက်တုံးသတ္တဝါ အများအပြားကို သတ်ဖြတ်လိုက်သည်။

သူ့လက်ချက်ဖြင့် သေဆုံးသွားသော ကျောက်တုံးသတ္တဝါများမှာ အက်ကွဲသွားပြီး ဖြူဖွေးအိစက်သော အသားများကို ဖော်ပြလာကြသည်။

လင်းယွမ်က ကျန်ရှိနေသော အိမ်ပိုင်ရှင်များကို ပြန်လည် ဆွဲထုတ်သွားပြီးမှ တင်းယန်နှင့်အတူ ကျောက်တုံးသတ္တဝါများကို လေ့လာကြည့်လိုက်သည်။

"ဒါ ဘာအကောင်ကြီးလဲ... အခွံက ကျောက်တုံးလိုပဲ... အတွင်းသားကတော့ ဂျယ်လီလို အိစက်နေတာပဲ" တင်းယန်က မျက်မှောင်ကြုတ်ကာ ပြောသည်။

လင်းယွမ်က ရန်ဆန်းမင် ကုသပေးနေသော လူနှစ်ယောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ သူတို့မှာ အသက်ရှင်နေဆဲ ဖြစ်ပြီး ဆက်တူးရန် ရုန်းကန်နေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူက "ဒီအကောင်ရဲ့ အသားက အဆိပ်မရှိလောက်ဘူး... ဟိုလူနှစ်ယောက် အစိမ်းလိုက် အများကြီး စားထားတာတောင် မသေသေးဘူး" ဟု သုံးသပ်လိုက်သည်။

"ဒါဆို... ဒီဟာကြီးက စားလို့ရတာပေါ့" တင်းယန်က မေးလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ရလောက်တယ်... သူတို့ ဘာစားပြီး အသက်ရှင်လဲတော့ မသိဘူး... ဒါပေမဲ့ ဒီလူတွေ ကျောက်တုံးတောထဲ ရောက်နေတာ ကြာပြီ... အစားမခံရသေးဘူးဆိုတော့ ဒီကောင်တွေက လူကို တမင်တကာ ဖမ်းစားတဲ့ အကောင်မျိုးတော့ မဟုတ်လောက်ဘူး"

"အဲဒီ နှာမောင်းတွေကျတော့ရော... သွေးစုပ်နေတာလေ"

"အဲဒါက လူတွေက သူတို့ကို အရင် တူးဆွပြီး နာကျင်အောင် လုပ်လို့ တုံ့ပြန်တဲ့အနေနဲ့ ထွက်လာတာ နေမှာ"

နှစ်ယောက်သား သုံးသပ်တိုင်ပင်ပြီးနောက် လင်းယွမ်က ထိုအသားတုံးများကို ပစ္စည်းသိုလှောင်ခန်းထဲ ထည့်သိမ်းလိုက်သည်။

စားလို့ရမှတော့ အလဟဿ အဖြစ်မခံနိုင်ပေ။ သိမ်းထားလိုက်ခြင်းက အကောင်းဆုံးပင်။

ထို့နောက် သူတို့နှစ်ယောက် တူးဖော်ထားသော တွင်းကြီးတစ်ခုနားသို့ သွားလိုက်ကြသည်။

တွင်းနှုတ်ခမ်းဝ၌ မြေစာများ ပုံနေပြီး မြက်ပင်များ ညှိုးနွမ်းနေသည်။

တွင်းအောက်ခြေတွင် သွေးကန်တစ်ကန် ဖြစ်တည်နေ၏။

လင်းယွမ်က "ဒီကောင်တွေဆီမှာလည်း သွေးရှိတာပဲ" ဟု ရေရွတ်လိုက်သည်။

တင်းယန်က သစ်ကိုင်းတစ်ချောင်း ရှာပြီး တွင်းထဲသို့ မွှေနှောက်ကြည့်သော်လည်း အမြစ်သဏ္ဌာန်အရာများ မတွေ့ရပေ။

"အပင်တော့ မဟုတ်လောက်ဘူး... အမြစ်မှ မရှိတာ"

"ဒီကောင်တွေရဲ့ ကာကွယ်နိုင်စွမ်းက ဘယ်လိုနေလဲ မသိပေမဲ့... စိတ်စွမ်းအင်တော့ တော်တော် နိမ့်တာပဲ"

"အပင်သာဆိုရင် ဆုန့်ဝမ် အစကတည်းက အာရုံခံမိမှာ"

လင်းယွမ် ခေါင်းယမ်းလိုက်ပြီး မတူးရသေးသော ကျောက်တုံးပုံတစ်ခုကို ရွေးကာ လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။

ထို့နောက် အားကုန်သုံး၍ တွန်းလိုက်သည်။

ကျောက်တုံးပုံကြီး ယိမ်းခါသွားသော်လည်း လဲမကျသွားပေ။

တင်းယန်လည်း ချက်ချင်း ဝင်ကူပြီး နှစ်ယောက်သား အားပေါင်းကာ တွန်းလိုက်ကြသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

ဆယ်ချက်ခန့် ဆောင့်တွန်းလိုက်သောအခါ ကျောက်တုံးပုံကြီး ဝုန်းခနဲ လဲကျသွားလေသည်။

ကျောက်တုံးအခွံ ကွဲသွားခြင်း မဟုတ်ဘဲ အောက်ခြေမှ ပြိုလဲသွားခြင်း ဖြစ်သည်။

လင်းယွမ် အံ့သြသွားပြီး "ဒီကောင်တွေက အခွံသာ မာတာ... အောက်ခြေက တော်တော် ပျော့ပါလား... တွန်းလိုက်တာနဲ့ လဲသွားတာပဲ" ဟု ပြောလိုက်သည်။

တင်းယန်က အက်ကွဲနေသော ကျောက်တုံးအခွံများကို ကြည့်ပြီး "ဒီအခွံတွေကို ဒိုင်းကာ လုပ်ရင် မကောင်းဘူးလား" ဟု အကြံပြုသည်။

လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး "မဆိုးဘူး... နင့် အကြံကောင်းတယ်" ဟု ထောက်ခံလိုက်သည်။

သူက မိန်တုဥယျာဉ်တွင် တွေ့ခဲ့ရသော လင်းယာ ဆိုသည့် အမျိုးသမီးကို သတိရသွားသည်။

ထိုအမျိုးသမီး၏ အစွမ်းမှာ မာကျောအစွမ်း ဖြစ်ပြီး မည်သည့်အရာဝတ္ထုကိုမဆို မာကျောသည့် ဂုဏ်သတ္တိ ထည့်ပေးနိုင်လေသည်။

ထိုအစွမ်းမှာ ရန်ဆန်းမင်၏ ထက်မြက်အစွမ်း နှင့် ဆင်တူသည်။

အကယ်၍ ထိုအမျိုးသမီးသာ ဒီကျောက်တုံးအခွံကို မာကျောအစွမ်း ထပ်ထည့်ပေးလိုက်မည် ဆိုပါက မည်မျှပင် မာကျောသွားမည်ကို တွေးကြည့်၍ပင် မရနိုင်ပေ။

"အရင် စုထားလိုက်ရအောင်... နောင်ကျ အသုံးဝင်လာနိုင်တယ်"

လင်းယွမ်က ကျောက်တုံးအခွံအားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲ ထည့်လိုက်သည်။

တင်းယန်က ဘေးမှ ကူညီပေးရင်း "ဒီ သန္ဓေပြောင်းသတ္တဝါတွေရဲ့ အခွံတွေက သိပ်မာတာပဲ... ကျည်ဆံတောင် ဖောက်နိုင်မယ် မထင်ဘူး... စစ်တပ်တွေ ရှိနေရင်တောင် ကျွန်မတို့လူသားတွေ ပြန်ပြီး အသာစီးရပါ့မလား" ဟု ညည်းတွားလိုက်သည်။

ထိုစကားကြောင့် လင်းယွမ် ဆွံ့အသွားပြီး တိုက်ခေါင်မိုးပေါ်တွင် တွေ့ခဲ့ရသည့် ရှူးပျံကြီးကို ပြန်သတိရသွားသည်။

ထိုကဲ့သို့သော ကြောက်မက်ဖွယ် သန္ဓေပြောင်းသတ္တဝါများ ကောင်းကင်ပေါ်တွင် ဘယ်နှကောင်လောက် ရှိနေမည်နည်း။

လူသားများသာ ထိုသတ္တဝါများကို ယှဉ်နိုင်စွမ်းရှိလျှင် စောစောစီးစီး လှုပ်ရှားခဲ့လောက်ပြီ။

ကယ်ဆယ်ရေးတပ်ဖွဲ့များလည်း စောစောကတည်းက ရောက်လာခဲ့သင့်ပြီ။

ယခုအချိန်ထိ ပေါ်မလာသေးခြင်းက အကောင်းဆုံး အဖြေတစ်ခု ဖြစ်နေပြီ မဟုတ်ပါလော။

လင်းယွမ် သက်ပြင်းချလိုက်မိပြီး လူသားများ၏ အနာဂတ်အပေါ် သိပ်မျှော်လင့်ချက် မထားတော့ပေ။

"အရင်ဆုံး အသက်ရှင်အောင် နေကြတာပေါ့... ကျန်တာတွေက ငါတို့ ဆုံးဖြတ်လို့ရတာမှ မဟုတ်တာ"

တင်းယန်လည်း သက်ပြင်းချလိုက်ပြီး ကျောက်တုံးတောကို ဆက်လက် ဖျက်ဆီးကာ ကျောက်ခွံများကို စုဆောင်းလိုက်သည်။

ထူးခြားသည်မှာ ထိုကျောက်တုံးအခွံများက အပြင်ပန်းတွင် ကျောက်သားကဲ့သို့ မာကျောပုံရသော်လည်း အလေးချိန်မှာမူ ကျောက်တုံးကဲ့သို့ မလေးလံပေ။

လူတစ်ရပ်စာ ကျောက်ခွံကြီးတစ်ခုလုံးမှ ပေါင် ၂၀ ခန့်သာ လေးသည်။

သန္ဓေမပြောင်းလဲထားသော သာမန်လူပင်လျှင် လက်တစ်ဖက်တည်းဖြင့် မနိုင်၏။

ထို့ကြောင့် ဤအရာမှာ မဟာဗျူဟာမြောက် ပစ္စည်းတစ်ခု ဖြစ်လာနိုင်ကြောင်း လင်းယွမ် သဘောပေါက်လိုက်သည်။

"သိပ်သည်းဆ နည်းမယ်ဆိုရင် ရေပေါ် ပေါ်လောက်တယ်... သံမဏိထက် မာကျောတဲ့ သင်္ဘောကိုယ်ထည် လုပ်လို့ရမလားပဲ"

ဒီအရာက သံမဏိထက် ပိုမာကျောသည် မဟုတ်ပါလော။

လင်းယွမ် စိတ်ထဲတွင် တိတ်တဆိတ် ကြံစည်နေမိသည်။

ကျောက်တုံးတောမှ ထွက်ခွာပြီး ရန်ဆန်းမင်တို့ရှိရာ ပြန်ရောက်သောအခါ လူတိုင်း၏ စိတ်အခြေအနေမှာ တည်ငြိမ်စ ပြုနေပြီ ဖြစ်သည်။

ဦးလေးမာ၊ ချိုင်ကြည်တို့လည်း အသိစိတ် ပြန်ဝင်လာကြသော်လည်း ချက်ချင်းကြီး မလှုပ်ရှားနိုင်ဘဲ ငေးငိုင်နေကြဆဲ ဖြစ်သည်။

လင်းယွမ်က ရန်ဆန်းမင်ကို အခြေအနေ မေးကြည့်လိုက်သည်။

"သူတို့ အခြေအနေ ဘယ်လိုလဲ"

ရန်ဆန်းမင်က "အသိစိတ် ပြန်ဝင်လာကြပါပြီ... ဒါပေမဲ့ စောစောက စိတ်လှုပ်ရှားလွန်းသွားတော့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေကြပုံရတယ်" ဟု ဖြေသည်။

"ဒဏ်ရာရတဲ့ နှစ်ယောက်ကရော"

ထိုအကြောင်း ပြောလိုက်သည်နှင့် ရန်ဆန်းမင်က ရုတ်တရက် စိတ်လှုပ်ရှားလာပြီး "သူတို့ က အဆင်ပြေတယ်... အရေပြား ပွန်းပဲ့ဒဏ်ရာလောက်ပါပဲ... ဒါပေမဲ့ ကျွန်တော် အံ့သြစရာကောင်းတာ တစ်ခု တွေ့ထားတယ်"

"ဒီကျောက်တုံးသတ္တဝါတွေရဲ့ နှာမောင်းထဲမှာ အာရုံကြောတွေကို ထုံသွားစေတဲ့ ဓာတ်ပစ္စည်းတွေ အများကြီး ပါတယ်"

"ဒီလူနှစ်ယောက် အသားတွေ စုတ်ပြတ်သွားတာတောင် နာကျင်မှုကို မခံစားရဘူး... သွေးတွေ တရစပ် ထွက်နေတာတောင် ကျွန်တော် ဆေးထည့်ပေးတော့ နာတယ်လို့ တစ်ခွန်းမှ မအော်ကြဘူး"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "အဲဒါ ကျွန်တော်လည်း သတိထားမိတယ်... ဘာဖြစ်လို့လဲ"

ရန်ဆန်းမင်က "ဒါက သဘာဝ မေ့ဆေးဆရာဝန်ပဲ... သူတို့ကိုသာ ထိန်းချုပ်ထားနိုင်ရင် နောင်ကျ ဒဏ်ရာရတဲ့သူတွေ ခွဲစိတ်ကုသတဲ့အခါ လူနာတွေရဲ့ နာကျင်မှုကို အများကြီး လျှော့ချပေးနိုင်လိမ့်မယ်"

"ကလေးမွေးတာမျိုးတွေမှာဆိုရင် ပိုတောင် အသုံးဝင်ဦးမယ်"

"မေ့ဆေး တီထွင်နိုင်ခဲ့တာက ဆေးပညာလောကတစ်ခုလုံးအတွက် ကြီးမားတဲ့ အောင်မြင်မှုပဲ"

"အခု ခေတ်ပျက်သွားတော့ မေ့ဆေးဆိုတာ တကယ့် ရှားပါးပစ္စည်း ဖြစ်သွားပြီ"

"ဒီသတ္တဝါတွေကသာ မေ့ဆေးနေရာမှာ အစားထိုးနိုင်မယ်ဆိုရင် တကယ့် ရှာဖွေတွေ့ရှိမှုကြီးပဲ"

လင်းယွမ် သဘောပေါက်သွားပြီး ဤသတ္တဝါများ၏ အရေးပါမှုကို နားလည်လိုက်သည်။

နောင်လာမည့် ရေကြီးမည့် ကမ္ဘာပျက်ကာလတွင် သန္ဓေပြောင်းလဲမှုများနှင့်အတူ ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှုများ များပြားလာမည် ဖြစ်သည်။

အကယ်၍ လူများကို နာကျင်မှုမရှိဘဲ ခွဲစိတ်ကုသနိုင်မည်၊ သို့မဟုတ် နာကျင်မှုမရှိဘဲ သေဆုံးစေနိုင်မည် ဆိုပါက ကြီးမားသော ကုသိုလ်ထူး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လင်းယွမ်က "ဟုတ်ပြီ... ဒါဆိုရင် ကျွန်တော်တို့ အကောင်အရှင် ဥထားတဲ့ဟာ တချို့ကို ဖမ်းသွားကြတာပေါ့" ဟု ဆုံးဖြတ်လိုက်သည်။

ရန်ဆန်းမင်က ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် "ဟုတ်တယ်... ဟုတ်တယ်... မဖြစ်မနေ ယူသွားရမယ်... ဒီသတ္တဝါတွေက ဆေးဖက်ဆိုင်ရာ တန်ဖိုး အရမ်းကြီးတယ်"

ကျောက်တုံးသတ္တဝါများမှာ ကြည့်ရသည်သာ ကြီးမားသော်လည်း အခွံက မလေးဘဲ အတွင်းသားကသာ လေးလံခြင်း ဖြစ်သည်။

လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်းထဲတွင် သက်ရှိများကို ထည့်မရသဖြင့် လောလောဆယ်တွင် ရှီဟိုင်ကျူးနှင့် ရန်ဆန်းမင်ကို တစ်ယောက်တစ်ကောင်စီ ကုန်းပိုးခိုင်းထားလိုက်သည်။

ထိုအချိန်တွင် ချိုင်ကြည်၊ ဦးလေးမာတို့လည်း အတော်လေး သက်သာလာကြပြီ ဖြစ်သည်။

"လင်း... လင်းယွမ်"

ချိုင်ကြည်က လင်းယွမ်ကို မြင်သောအခါ တုန်ယင်စွာ လှမ်းခေါ်လိုက်သည်။

လင်းယွမ် အနားလျှောက်သွားပြီး "အစ်ကိုချိုင်... ဘယ်လိုနေသေးလဲ" ဟု မေးလိုက်သည်။

"ငါ... ငါ စောစောက သန္ဓေပြောင်းအသီးတွေ အများကြီး တွေ့လိုက်တယ်... ငါ အစွမ်းနိုးထလာပြီလား" ချိုင်ကြည်က ချက်ချင်းပင် မေးခွန်းထုတ်လေသည်။

လင်းယွမ် ခေါင်းယမ်းလိုက်ပြီး "အစ်ကိုချိုင်... ခင်ဗျားတို့ သန္ဓေပြောင်းသတ္တဝါတွေရဲ့ ထောင်ချောက်ထဲ ကျသွားတာ"

"ဒီကျောက်တုံးတွေက ခင်ဗျားတို့ကို စိတ်ထွေပြားအောင် လုပ်နိုင်တဲ့ စွမ်းအား ရှိတယ်"

သူက စောစောက ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြလိုက်ရာ ချိုင်ကြည်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

ဦးလေးမာလည်း နားထောင်နေရင်း မျက်နှာပျက်သွားသည်။

နောက်ဆုံးတွင် ခါးသီးစွာ ပြုံးလိုက်ပြီး "ဟုတ်သားပဲ... သန္ဓေပြောင်းအသီးက ဘယ်လိုလုပ်အဲ့လောက် ရှာလို့လွယ်မှာလဲ" ဟု ညည်းတွားလိုက်သည်။

လင်းယွမ်က "ဒါက ကံတရားပဲလေ... ဦးလေးမာ... စိတ်မပျက်ပါနဲ့... အရင်ဆုံး ပြန်လိုက်ခဲ့ပါ... သန္ဓေပြောင်းအသီး တွေ့ဖို့ အခွင့်အရေး ရှိလာမှာပါ" ဟု နှစ်သိမ့်လိုက်သည်။

ရန်ဆန်းမင်က "ထန်ယင်းကို ရော တွေ့မိလား... သူ ခင်ဗျားတို့နဲ့အတူ မပါဘူးလား" ဟု ဝင်မေးလိုက်သည်။

ဦးလေးမာ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး "ငါတို့ ကျောက်တုံးတောထဲ မဝင်ခင်တုန်းကတော့ ငါတို့နဲ့ အတူတူ လာတာပဲလေ... သူ မရှိဘူးလား" ဟု ပြန်မေးသည်။

လုတရုံ ပြောပြချက်အရ ထန်ယင်းက သူတို့နှင့်အတူ ရှိနေသည်မှာ သေချာသဖြင့် ရန်ဆန်းမင် စိတ်ပူလာသည်။

လင်းယွမ်က "ဒီလိုလုပ်... တင်းယန်နဲ့ ရှီဟိုင်ကျူးက လူတွေကို သစ်ဖောင်ပေါ် အရင် လိုက်ပို့ပေးလိုက်... ငါနဲ့ ဒေါက်တာရန်၊ ဆုန့်ဝမ်တို့ ဆက်ရှာကြည့်လိုက်မယ်"

"ဒီကျွန်းက သိပ်မကျယ်ပါဘူး... ဝေးဝေးရောက်မှာ မဟုတ်ဘူး"

တင်းယန် မျက်မှောင်ကြုတ်လိုက်ပြီး ဆုန့်ဝမ်ကို လှမ်းကြည့်သည်။

ဆုန့်ဝမ်က ခေါင်းငုံ့ထားပြီး သူမကို ပြန်မကြည့်ပေ။

တင်းယန်က ဆုန့်ဝမ်၏ အစွမ်းအကြောင်း စဉ်းစားကြည့်လိုက်ရာ သူမထက်စာလျှင် ဤနေရာ၌ ဆုန့်ဝမ် ကျန်ခဲ့သည်က ပိုသင့်တော်မှန်း နားလည်လိုက်သည်။

နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီး "သိပြီ... ကျွန်မ သူတို့ကို ပို့ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်" ဟု ပြောလိုက်သည်။

ရှီဟိုင်ကျူးကလည်း "ဟုတ်တယ်... ကျွန်တော်လည်း အမြန်ဆုံး ပြန်လာခဲ့မယ်" ဟု ဝင်ပြောသည်။

လင်းယွမ် ခေါင်းယမ်းလိုက်ပြီး "မင်းတို့ ပြန်မလာနဲ့တော့... ဒီကျွန်းက မကျယ်ပေမဲ့ မြေမျက်နှာသွင်ပြင် ရှုပ်ထွေးတယ်... ပြီးတော့ ထူးဆန်းတဲ့ သန္ဓေပြောင်းသတ္တဝါတွေက ဘယ်ကနေ ထွက်လာမယ်မှန်း မသိရဘူး"

"မင်းတို့နှစ်ယောက်မှာ စိတ်စွမ်းအင်နဲ့ ပတ်သက်တဲ့ စွမ်းရည်မရှိတော့ ပြန်မလာတာ အကောင်းဆုံးပဲ"

"စိတ်ချပါ... ဒီမှာ ငါတို့သုံးယောက် ရှိရင် လုံလောက်တယ်"

တင်းယန်မှာ လက်လျော့လိုက်ရပြီး သူမ၏ အစွမ်းသွင်းခြင်း စွမ်းရည်တွင် အားနည်းချက်ကြီး ရှိနေသည်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

ထို့နောက် သူတို့ လူစုခွဲလိုက်ကြသည်။ လင်းယွမ်က စိတ်စွမ်းအင်ကို ဖြန့်ကျက်ထားပြီး ရှေ့မှ ဦးဆောင် လမ်းပြလေသည်။

ရန်ဆန်းမင်နှင့် ဆုန့်ဝမ်တို့က သူ့နောက်မှ လိုက်ပါလာကြသည်။ ကျောက်တုံးတောကို ဖြတ်ကျော်လာပြီးနောက် ရှေ့တွင် ပိုမိုထူပ်သော ကျောက်တုံးတောအုပ်ကြီး ပေါ်လာလေသည်။

ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ချုံနွယ်များမှလွဲ၍ ကျွန်းအလယ်ပိုင်းသို့ ရောက်လေ ကျောက်တုံးတော ပိုများလေ ဖြစ်သည်။

ထိုကျောက်တုံးသတ္တဝါများသည် ကျွန်းအနှံ့တွင် နေရာယူထားကြပုံရသည်။

ဤကျောက်တုံးတောထဲတွင် အရိုးစုများစွာ လဲလျောင်းနေသည်ကို လင်းယွမ် သတိထားမိလိုက်သည်။

ထိုအရိုးစုများမှာ အရေပြားနှင့် အရိုးသာ ကျန်တော့ပြီး အဝတ်အစားများကမူ ရှိနေဆဲ ဖြစ်သည်။

လွယ်အိတ်ထဲတွင် မုန့်အချို့ပင် ကျန်နေသေးသည်။

သို့သော် အလောင်းများတွင် အသားဟူ၍ လုံးဝ မကျန်တော့ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်ရော၊ ရန်ဆန်းမင်နှင့် ဆုန့်ဝမ်ပါ မျက်နှာပျက်သွားကြသည်။

လင်းယွမ်က စောစောက မြင်ခဲ့ရသည့် နှာမောင်းတိုလေးများဖြင့် သွေးစုပ်သည့် မြင်ကွင်းကို ပြန်သတိရသွားပြီး မျက်နှာအမူအရာ တင်းမာသွားသည်။

"ဒီလူတွေက ကျောက်တုံးသတ္တဝါတွေရဲ့ စုပ်ယူစားသောက်တာကို ခံလိုက်ရတာ နေမှာ"

"အားလုံး သတိထားကြ... ငါတို့ ကျောက်တုံးတွေကို ရှောင်သွားမယ်"

ရန်ဆန်းမင်နှင့် ဆုန့်ဝမ်တို့ ခေါင်းညိတ်လိုက်ကြပြီး သုံးယောက်သား ကျောက်တုံးတောကို ရှောင်ကွင်းကာ မြက်ပင် ထူထပ်သော နေရာမှ လျှောက်လာခဲ့ကြသည်။

သိပ်မကြာခင်မှာပင် ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။

"တိရစ္ဆာန်ကောင်... ထွက်သွားစမ်း"

ထို့နောက် လူရိပ်တစ်ခု မြက်တောထဲမှ ပြေးထွက်လာလေသည်။

ဆက်ရန်...

အပိုင်း (၁၈၆) ဟွမ်ဟန်နှင့် ဝူယင်၏ အစွမ်းများ

ထိုလူက မြက်ခင်းတောထဲမှ လျှပ်တစ်ပြက် တိုးထွက်လာ၏။

သူ၏ ခန္ဓာကိုယ်မှာ အလွန်လျင်မြန်စွာ ပြေးလွှားနေပြီး လင်းယွမ်တို့ သုံးဦးနှင့် ပက်ပင်းတိုးလေသည်။

လင်းယွမ်က အကြည့်ကို စူးစိုက်လိုက်ရာ အံ့အားသင့်သွားပြီး "ဝမ်အန်း"

ဝမ်အန်းက လင်းယွမ်ကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရ ဖြစ်သွားပြီး အော်ဟစ်အကူအညီတောင်းတော့သည်။

"ဆရာလင်း... ကယ်ပါဦး"

လင်းယွမ်က ကိုယ်ကိုလှစ်ခနဲ လှုပ်ရှားလိုက်ကာ သူ့ကို ဖမ်းဆွဲထားလိုက်ပြီး ချက်ချင်း မေးမြန်းလိုက်သည်။

"ဘာဖြစ်တာလဲ"

"အစွမ်းပိုင်ရှင်သုံးယောက် ဒီနားကို ရုတ်တရက် ရောက်လာတယ်... ဝူယင်နဲ့ ဟွမ်ဟန် နှစ်ယောက်က တားထားပေးပြီး ကျွန်တော့်ကို အရင်ပြေးခိုင်းလိုက်တာ"

လင်းယွမ် အံ့ဩသွား၏။ ဝူယင်နှင့် ဟွမ်ဟန်ကို သူ သိသည်။

ထိုနှစ်ယောက်စလုံးမှာ သာမန်လူများ ဖြစ်ကြရာ အစွမ်းပိုင်ရှင် သုံးဦးကို မည်သည့်အရာနှင့် ခုခံတားဆီးနေကြသနည်း။

သို့သော် ယခုအချိန်သည် တွေးတောနေရမည့်အချိန် မဟုတ်ပေ။ သူက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

"ငါ့ကို အဲ့ဒီနေရာလိုက်ပို့"

ဝမ်အန်းက ခေါင်းကို တရစက်ငြိမ့်ကာ မြက်ခင်းတောထဲသို့ ချက်ချင်း ပြန်လှည့်ပြေးသည်။

သူတို့သုံးဦးလည်း အနောက်မှ ကပ်လျက် လိုက်ပါသွားကြ၏။ နှစ်လှမ်း၊ သုံးလှမ်းခန့် လှမ်းလိုက်မိသည်နှင့် တဝေါဝေါ မြည်ဟည်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ပေါက်ကွဲသံများလည်း ဆူညံနေ၏။

လင်းယွမ်တို့အဖွဲ့ မြက်ခင်းတောထဲသို့ တိုးဝင်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်သွားကြရသည်။

ဟွမ်ဟန်က ရွှေအိုရောင် စပါးအုံးမြွေကြီးပေါ်တွင် ထိုင်လိုက်ပါလာသည်ကို တွေ့လိုက်ရ၏။ ထို ရွှေအိုရောင် စပါးအုံးမြွေကြီး၏ ကိုယ်ထည်မှာ ယခင်က တွေ့ခဲ့ဖူးသည်ထက် သုံးဆမက ပိုမိုကြီးမားနေသည်။

မူလက (၁၀) ပေ၊ (၁၂) ပေခန့်သာ ရှည်လျားသော စပါးအုံးမြွေသည် ယခုအခါ ပေ (၅၀) ကျော်အထိ ကြီးထွားလာလေသည်။

ရွှေရောင်အဆင်းရှိသော ခန္ဓာကိုယ်ကြီးမှာ ရွှေရောင်တဖျပ်ဖျပ် လက်နေသော အကြေးခွံများ ဖုံးအုပ်ထားပြီး လုံးပတ်မှာ လူလေးငါးယောက် ဖက်ထားရလောက်အောင် တုတ်ခိုင်လေ၏။

ဟွမ်ဟန်က မြွေကြီး၏ ကျောကုန်းပေါ်တွင် ထိုင်လိုက်ပါလာပြီး ရွှေရောင်အကြေးခွံကြီး နှစ်ခုက သူမ ပြုတ်မကျစေရန် ဘေးမှ ကာရံပိုက်ထွေးထားသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင် ဖျော့ဖျော့လေး ထွက်ပေါ်နေပြီး ထိုအရာမှာ အစွမ်းမှ ထွက်ပေါ်လာသော အလင်းရောင် ဖြစ်သည်။

ထိုအလင်းရောင်သည် ရွှေအိုရောင် စပါးအုံးမြွေကြီးနှင့် ပေါင်းစပ်သွားပြီး သူမနှင့် မြွေကြီးမှာ တစ်သားတည်း ဖြစ်ကာ အတူတကွ တိုက်ခိုက်နေသယောင် ရှိလေ၏။

သူမ၏ မျက်နှာချင်းဆိုင်တွင်မူ ဟင်းလင်းပြင် အစွမ်းပိုင်ရှင် လီချင်းဟွာ ရှိနေသည်။

လီချင်းဟွာသည် နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရပြီး ဟင်းလင်းပြင် ပူပေါင်းများကို ဆက်တိုက် ပစ်လွှတ်ကာ ဖောက်ခွဲနေ၏။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ဟင်းလင်းပြင် အက်ကွဲကြောင်းများ ပျံ့နှံ့လာသဖြင့် စပါးအုံးမြွေကြီးမှာ အလျင်အမြန် ရှောင်တိမ်းနေရသည်။

တစ်ချိန်တည်းမှာပင် စပါးအုံးမြွေကြီးကလည်း အမြီးဖြင့် လီချင်းဟွာကို ရိုက်နှက်ရန် မမေ့လျော့ပေ။

လီချင်းဟွာက ဟင်းလင်းပြင် ပူပေါင်းထဲတွင် ပုန်းအောင်းရင်း စပါးအုံးမြွေကြီး၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ခုခံနေရသည်။

သို့သော် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည့် တစ်ခဏမှာပင် စပါးအုံးမြွေကြီး၏ ကြီးမားသော အမြီးဖြင့် ရိုက်ခတ်ခြင်းကို ခံလိုက်ရ၏။

ချက်ချင်းပင် ဟင်းလင်းပြင် ပူပေါင်းမှာ ပေါက်ကွဲကြေမွသွားသည်။

ထို့နောက် လီချင်းဟွာ၏ ခန္ဓာကိုယ်မှာ လွင့်စင်ထွက်သွားတော့သည်။

သို့သော် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဟင်းလင်းပြင် ပူပေါင်းအသစ်တစ်ခု ထပ်မံ ပေါ်ပေါက်လာပြီး ဘေးပတ်ဝန်းကျင်မှ ရိုက်ခတ်မှု အားလုံးကို ထိုပူပေါင်းက ကာကွယ်ပေးလိုက်သည်။

လူတစ်ယောက်နှင့် သားရဲတစ်ကောင်မှာ အပြန်အလှန် တိုက်ခိုက်နေကြပြီး အလျင်မှာလည်း အလွန်မြန်ဆန်လှ၏။

မလှမ်းမကမ်းတွင်မူ ကျိုးယဲ့ ဆိုသူသည် ဝက်အူလှည့် နှစ်ချောင်းကို လက်နှစ်ဖက်တွင် ဆုပ်ကိုင်ထားပြီး ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။ တစ်စုံတစ်ခုကို ကာကွယ်နေပုံ ရသော်လည်း သူ၏ ပတ်ဝန်းကျင်တွင် လူဟူ၍ တစ်ယောက်မျှ မရှိချေ။

အနည်းဆုံးတော့ လင်းယွမ် ကြည့်လိုက်သည့် အချိန်၌ မည်သူ့ကိုမျှ မတွေ့ရပေ။

လင်းယွမ်က များများစားစား တွေးမနေတော့ဘဲ ထို ဟင်းလင်းပြင် အစွမ်းပိုင်ရှင်ထံသို့ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းဖြင့် တိုက်ရိုက် ပစ်လွှတ် တိုက်ခိုက်လိုက်တော့သည်...

"ဝုန်း"

ပြင်းထန်လှသော စိတ်စွမ်းအင် လှိုင်းလုံးကြီးက ချက်ချင်းပင် ဝင်ရောက် ရိုက်ခတ်သွား၏။

လီချင်းဟွာသည် လင်းယွမ်တို့ လူစုကို စောစီးစွာကပင် သတိထားမိလိုက်သဖြင့် မျက်နှာပျက်သွားပြီး ဟင်းလင်းပြင် အကာအကွယ်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။

ထိုစိတ်စွမ်းအင် တိုက်ခိုက်မှုကို အပြင်ဘက်တွင် တားဆီးထားလိုက်နိုင်၏။

သို့သော် ထိုအချိန်မှာပင် ရွှေအိုရောင် စပါးအုံးမြွေကြီးက အခွင့်ကောင်းကို အရယူကာ အမြီးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

"ဝုန်း"

ဟင်းလင်းပြင် အကာအကွယ်မှာ ချက်ချင်း ကွဲအက်သွား၏။ လီချင်းဟွာ၏ စိတ်စွမ်းအင်သည် ဟင်းလင်းပြင် အကာအကွယ်နှင့် ဟင်းလင်းပြင် ပူပေါင်း နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ဖန်တီးနိုင်စွမ်း မရှိပေ။

ဟင်းလင်းပြင် အကာအကွယ် ကွဲကြေသွားသည်နှင့် သူက ဟင်းလင်းပြင် ပူပေါင်းကို အလျင်အမြန် ထုတ်ဖော်လိုက်ရသည်။

သို့သော် ဟင်းလင်းပြင် ပူပေါင်း အပြည့်အဝ မဖြစ်ပေါ်လာသေးခင်မှာပင် ထပ်ချပ်မကွာ လိုက်ပါလာသော လင်းယွမ်က (စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း) ဖြင့် ထပ်မံ ဖြတ်တောက် တိုက်ခိုက်လိုက်ပြန်သည်...

တစ်ခဏချင်းမှာပင် ဟင်းလင်းပြင် ပူပေါင်းမှာ ပေါက်ကွဲကြေမွသွားပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာတော့သည်။

ထိုအချိန်၌ လီချင်းဟွာ၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့် ရိပ်များ ပေါ်ပေါက်လာ၏။

သူသည် ဟင်းလင်းပြင် ပူပေါင်း ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ရောက်ရှိနေပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းများက သူသည် ရန်သူ ဟုတ်၊ မဟုတ် ဂရုစိုက်မည် မဟုတ်ပေ။

"ချင်းမင်"

လီချင်းဟွာက အလျင်စလို အော်ဟစ်လိုက်သည်။

မြေပြင်ပေါ်မှ မြူခိုးများ ရုတ်တရက် ထွက်ပေါ်လာပြီး ရစ်ပတ်လွှမ်းခြုံသွားတော့၏။

လင်းယွမ်ရော ရွှေအိုရောင် စပါးအုံးမြွေကြီးပါ အမြင်အာရုံ ကွယ်ပျောက်သွားကြသည်။

ထိုမြူခိုးတိမ်တိုက်မှာ လျင်မြန်စွာ လွင့်ပါးသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေရာပေါင်းများစွာ အကွာသို့ ရောက်ရှိသွားလေသည်။

ထို့နောက် မြူခိုးများ ကွယ်ပျောက်သွားရာ ရင်ဘတ်တွင် သွေးများ ပေကျံနေသော လီချင်းဟွာကို တွဲထူထားသည့် ကျိုးချင်းမင်ကို လှမ်းမြင်လိုက်ရသည်။

လင်းယွမ်က အကြည့်ကို စူးစိုက်လိုက်ပြီး ကျိုးချင်းမင်ကို လေးလေးနက်နက် ကြည့်လိုက်၏။

ထိုလူ၏ မြူခိုးအစွမ်းမှာ အလွန်ထူးဆန်းသည်။ စိတ်စွမ်းအင်ကို ဝါးမြိုနိုင်သလို လျင်မြန်စွာလည်း လွင့်ပါးသွားနိုင်သည်။

တကယ်ကို ဆန်းကြယ်လွန်းလှ၏။ အကယ်၍ သူသာ ဟင်းလင်းပြင် အစွမ်းပိုင်ရှင်နှင့် ပူးပေါင်းလိုက်ပါက အတော်လေး ဒုက္ခပေးနိုင်မည့်သူ ဖြစ်သည်။

လင်းယွမ်က လိုက်မသွားတော့ပေ။ မြူခိုးအသွင် ပြောင်းလဲနိုင်သော ထိုအစွမ်းပိုင်ရှင်ကို မည်သို့ တုံ့ပြန်ရမည်ကို လောလောဆယ် သူ မစဉ်းစားရသေးချေ။

ကျိုးချင်းမင်ကလည်း လင်းယွမ်ကို ဖြုံသွားသည့်ပုံစံဖြင့် တစ်ချက်ကြည့်ပြီးနောက် ကျိုးယဲ့ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ့မျက်မှောင်များ ကြုတ်သွား၏။ စက္ကန့်ပိုင်းလေး အတွင်းမှာပင် ကျိုးယဲ့၏ ခြေလက်လေးဖက်စလုံး ဖြတ်တောက်ခံလိုက်ရပြီး မြေပြင်ပေါ်တွင် လဲကျနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

"သွားစို့"

လီချင်းဟွာက တိုးတိုးလေး ပြောလိုက်သည်။

ကျိုးချင်းမင်က တုန်လှုပ်သွားပြီး ကျိုးယဲ့ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်ယောင်ဖျောက်ကာ မြူခိုးအသွင်ဖြင့် မြက်ခင်းတောနက်ထဲသို့ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

လင်းယွမ်က လိုက်မသွားဘဲ ကျိုးယဲ့ ရှိရာဘက်ကိုသာ သတိဖြင့် ကြည့်လိုက်၏။

ကျိုးယဲ့ မည်သို့မည်ပုံ ခြေလက်များ အဖြတ်ခံလိုက်ရသည်ကို သူလည်း သတိမထားမိလိုက်ပေ။

"ဟွမ်ဟန်... ငါတို့ပါ"

ဆုန့်ဝမ်က လင်းယွမ်၏ ဘေးတွင် ရပ်လျက် ရွှေအိုရောင် စပါးအုံးမြွေကြီးပေါ်မှ ဟွမ်ဟန်ကို လှမ်းအော်လိုက်သည်။

ဟွမ်ဟန်က ခေါင်းမော့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ ရွှေအိုရောင် စပါးအုံးမြွေကြီးကဲ့သို့ပင် ဒေါင်လိုက် သူငယ်အိမ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

လင်းယွမ်တို့ကို သေချာမြင်လိုက်ရပြီးနောက်မှ သူမက ပြုံးလိုက်ပြီး လက်များကို ရုပ်သိမ်းလိုက်၏။

ခန္ဓာကိုယ်ပေါ်မှ အစွမ်းအလင်းရောင်များ ပျောက်ကွယ်သွားပြီး ရွှေအိုရောင် စပါးအုံးမြွေကြီးမှာလည်း မျက်စိရှေ့မှောက်တင် လျင်မြန်စွာ သေးငယ်သွားကာ မူလ (၁၀) ပေ၊ (၁၂) ပေခန့် အရွယ်အစားသို့ ပြန်ရောက်သွားလေသည်။

ဟွမ်ဟန်က မြွေကြီး၏ ခေါင်းကို ပုတ်လိုက်ရာ နောက်တစ်ခဏတွင် သူမလက်၌ အစွမ်းအလင်းရောင်များ လက်ခနဲ ဖြစ်သွားပြန်သည်။

စပါးအုံးမြွေကြီးမှာ ထပ်မံ သေးငယ်သွားပြီး (၁၀) ပေ အရှည်မှ ကြိုးတစ်ချောင်း အရွယ်အစားအထိ ကျုံ့ဝင်သွားကာ သူမ၏ လက်မောင်းတွင် ရစ်ပတ်လျက် အင်္ကျီလက်ထဲသို့ လျင်မြန်စွာ တိုးဝင်သွားလေတော့သည်...

ထိုကဲ့သို့ ဆန်းကြယ်လှသော မြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြရ၏။

လင်းယွမ်က မနေနိုင်ဘဲ မေးလိုက်သည်။

"မင်း အစွမ်း နိုးလာတာလား"

ဟွမ်ဟန်က ပြေးလာပြီး စိတ်လှုပ်ရှားစွာဖြင့ "ဆရာလင်း... အမဆုန့်ဝမ်... ဒေါက်တာရန်... ကျွန်မလည်း အစွမ်း နိုးလာပြီ"

ဆုန့်ဝမ်က အံ့ဩတကြီး မေးလိုက်၏။

"နင် နိုးလာတာ ဘာအစွမ်းလဲ... ဟို ရွှေအိုရောင် စပါးအုံးမြွေကြီးကို ဘယ်လိုလုပ် ထိန်းချုပ်လိုက်တာလဲ"

ဟွမ်ဟန်က ခေါင်းခါရင်း "ဒီအစွမ်းကို ဘယ်လိုခေါ်ရမလဲ ကျွန်မ မသိဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အစွမ်းက အားဟွမ်နဲ့ စိတ်ချင်းဆက်သွယ်လို့ရတယ်... ဆက်သွယ်လို့ရရုံတင်မကဘူး... အားဟွမ်ရဲ့ စွမ်းအားကိုလည်း ယူသုံးလို့ရသလို အားဟွမ်ကိုလည်း စွမ်းအားတွေ ပေးလို့ရတယ်... သူ့ကို ကြီးအောင်၊ သေးအောင် လုပ်ပေးလို့ရတယ်"

လင်းယွမ် စိတ်ဝင်စားသွားပြီး မေးလိုက်သည်။

"နင့်ရဲ့ အားဟွမ် တစ်ကောင်တည်းနဲ့ပဲ ဆက်သွယ်လို့ ရတာလား... တခြား တိရစ္ဆာန်တွေရော ရလား"

ဟွမ်ဟန်က မျက်မှောင်ကြုတ်ကာ "အဲဒါတော့ ကျွန်မလည်း မသိဘူး... ဒါပေမဲ့ မရလောက်ဘူး ထင်တယ်... အနည်းဆုံးတော့ လောလောဆယ် မရသေးဘူး... အားဟွမ် တစ်ကောင်တည်းနဲ့ ပူးပေါင်းဖို့ကိုပဲ ကျွန်မ စိတ်စွမ်းအင်တွေ အကုန်သုံးနေရတာ"

လင်းယွမ်က စဉ်းစားဟန်ပြုရင်း ပြောလိုက်၏။

"နင့်ရဲ့ အစွမ်းက သိုင်းဝတ္ထုတွေထဲက သားရဲထိန်းချုပ်တဲ့ အစွမ်းနဲ့ တော်တော်တူတာပဲ"

"ဒါပေမဲ့ နင့်ရဲ့ စိတ်စွမ်းအင်က လောလောဆယ် မလုံလောက်သေးလို့ စပါးအုံးမြွေ တစ်ကောင်တည်းကိုပဲ ထိန်းချုပ်နိုင်သေးတာ ဖြစ်မယ်... စိတ်စွမ်းအင် မြင့်လာရင်တော့ သတ္တဝါအများကြီးကို ထိန်းချုပ်နိုင်မလား မသိဘူး"

ထို့နောက် သူက ပြုံးလျက် ဆက်ပြောလိုက်သည်။

"နင့်ရဲ့ အစွမ်းက မဆိုးဘူးပဲ... ရွှေအိုရောင် စပါးအုံးမြွေရဲ့ တိုက်ခိုက်စွမ်းရည်က အတော်လေး ကောင်းတယ်... စောစောက အကြီးကြီး ဖြစ်သွားတုန်းကဆိုရင် ခွန်အားချင်း ယှဉ်ရင် အပြတ်အသတ် အသာစီးရတာပဲ... ပြီးတော့ သူက ရေကူးတတ်သေးတယ်လေ"

"နောက်ဆို နင် ရေထဲမှာ သွားချင်ရာ သွားလို့ရပြီပေါ့"

ဟွမ်ဟန် ကြားလိုက်ရသည့်အခါ ဝမ်းသာသွားပြီး "ဟုတ်သားပဲ... အားဟွမ် ရေကူးတတ်တာကို ကျွန်မ မေ့နေတာ"

သူမက လက်ကို ဆန့်ထုတ်လိုက်ရာ စပါးအုံးမြွေ အသေးလေးက အင်္ကျီလက်စွပ်ထဲမှ ထွက်လာသည်။

သူမက စပါးအုံးမြွေ၏ ပြောင်ချောနေသော ခေါင်းလေးကို ချစ်စနိုးဖြင့် တို့ထိလိုက်ပြီး ရယ်မောကာ "အားဟွမ်... အားဟွမ်... နင်က တကယ်တော်တာပဲ"

ရန်ဆန်းမင်လည်း သတိပြန်ဝင်လာပြီး သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ဒီလောကကြီးက တကယ်ကို နားလည်ရခက်လာပြီ... သတ္တဝါတစ်ကောင်က ဘယ်လိုလုပ် ကြီးလိုက် သေးလိုက် ဖြစ်နိုင်မှာလဲ... ဒါ ဇီဝဗေဒ သဘောတရားတွေနဲ့ လုံးဝ ဆန့်ကျင်နေတာပဲ"

လင်းယွမ်က ပြုံးလိုက်ပြီး "ဒေါက်တာရန်... ကမ္ဘာကြီးက ပြောင်းလဲနေပြီ... အရင်တုန်းက သိပ္ပံနည်းကျ စည်းမျဉ်းတွေက အခုခေတ်မှာ အသုံးမဝင်တော့ဘူး ထင်ပါရဲ့"

ထို့နောက် ဟွမ်ဟန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ဒါနဲ့ ဝမ်အန်း ပြောတော့ နင်နဲ့ ဝူယင် ဒီနားမှာ အစွမ်းပိုင်ရှင်တွေကို တားထားတယ်ဆို... ဝူယင် ဘယ်ရောက်သွားလဲ"

"ဆရာလင်း... ကျွန်တော် ဒီမှာပါ"

လင်းယွမ် စကားဆုံးသည်နှင့် သူ့ဘေးနားမှ ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

လင်းယွမ် ထိတ်လန့်သွားပြီး ဘေးပတ်ဝန်းကျင်ကို ချက်ချင်း ကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။

သို့သော် စောစောက အသံမှာ သူ့ဘေးနား ကပ်လျက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆုန့်ဝမ်နှင့် ရန်ဆန်းမင်တို့လည်း မျက်နှာပျက်သွားကြပြီး ဘေးဘီဝဲယာကို အလျင်အမြန် ရှာဖွေကြည့်သော်လည်း ဘာမျှ မတွေ့ရချေ။

လင်းယွမ် စိတ်ထဲ ထင့်သွားပြီး စိတ်စွမ်းအင်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

တစ်ခဏချင်းမှာပင် အနီးပတ်ဝန်းကျင် ပေ (၁၀၀) အတွင်းရှိ အရာအားလုံး သူ့စိတ်စွမ်းအင် လွှမ်းခြုံမှုအောက်သို့ ရောက်ရှိသွား၏။

သူ့ခြေထောက်အောက်မှ မူမမှန်မှုတစ်ခုကို ချက်ချင်း သတိပြုမိလိုက်သည်...

ခြေဖဝါးအောက်တွင် စိတ်စွမ်းအင် လှုပ်ရှားမှုကို သူ ခံစားလိုက်ရခြင်း ဖြစ်သည်။

"ဒီမှာ"

သူက ခြေရင်းကို ငုံ့ကြည့်လိုက်ရာ မျက်နှာတွင် အံ့ဩမှုများ အထင်းသား ပေါ်သွား၏။

ခြေထောက်အောက်တွင် မြက်ပင်များနှင့် မြေကြီးသာ ရှိပြီး လူဟူ၍ တစ်ယောက်မျှ မရှိပေ။

ထိုအချိန်၌ ဆုန့်ဝမ်ကလည်း ရုတ်တရက် အာမေဋိတ်သံ ပြုလိုက်သည်။

"အရိပ်ပဲ"

မြေပြင်ပေါ်ရှိ အပင်များမှတစ်ဆင့် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် သူမ အော်ဟစ်လိုက်ခြင်း ဖြစ်၏။

လူတိုင်း လန့်ဖျပ်သွားကြပြီး နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်လိုက်ကြသည်။

သူတို့ နောက်ဆုတ်လိုက်သည့်အခါ ဆုန့်ဝမ်နှင့် ရန်ဆန်းမင်တို့၏ အရိပ်များကလည်း နောက်သို့ လိုက်ပါသွားကြသည်။

သို့သော် လင်းယွမ်၏ အရိပ်မှာမူ နောက်သို့ ပါမသွားဘဲ ရှည်ထွက်လာလေသည်။

ထို့နောက် ရှည်ထွက်လာသော အရိပ်ထဲမှ တစ်စုံတစ်ခု တွန့်လိမ်လှုပ်ရှားလာ၏။

အရပ် (၅) ပေ (၆) လက်မခန့်ရှိသော ပိန်ပိန်ပါးပါး လူရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုလူမှာ ရုပ်ရှင်များထဲမှ စက္ကူလူသားကဲ့သို့ ပြားကပ်နေရာမှ တဖြည်းဖြည်း လေထိုးသွင်းလိုက်သကဲ့သို့ ဖောင်းပွလာပြီး သုံးဖက်မြင် လူသားတစ်ဦး အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။

ထိုလူမှာ အခြားသူ မဟုတ်၊ ပျောက်ဆုံးနေသော ဝူယင်ပင် ဖြစ်၏။

သူ့မျက်နှာတွင် ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာများဖြင့် လင်းယွမ်ကို ပြုံးပြလိုက်သည်။

"ဆရာလင်း... ကျွန်တော်ပါ... ခင်ဗျားတို့ကို လန့်အောင် လုပ်မိသွားလား"

လင်းယွမ် အလွန်အံ့ဩသွားပြီး "မင်းလည်း အစွမ်း နိုးထလာတာလား... မင်း အစွမ်းက"

ဝူယင်က ဝမ်းသာအားရဖြင့် "အရိပ်ပါ... ကျွန်တော် အရိပ်အစွမ်း နိုးလာတယ်... အရိပ်အသွင် ပြောင်းနိုင်တယ်"

ခန့်မှန်းမိသော်လည်း ဝူယင် ကိုယ်တိုင် ဝန်ခံပြောကြားလိုက်သည့်အခါ လူတိုင်း အံ့ဩသွားကြရသည်။

လင်းယွမ်က မနေနိုင်ဘဲ ရယ်မောလိုက်ပြီး... "ကောင်းပါ့ကွာ... မင်းနာမည်က ဝူယင် (အရိပ်မဲ့) ဆိုတော့ အခု တကယ်ပဲ အရိပ်အစွမ်း နိုးထလာပြီပေါ့"

ဆုန့်ဝမ်ကလည်း အံ့ဩတကြီးဖြင့် "ဒါဆို ရှင် စောစောက အရိပ်ထဲမှာ ပုန်းနေတာပေါ့... ဒါကြောင့် ကျွန်မတို့ ရှင့်ကို မတွေ့တာကိုး"

ရန်ဆန်းမင်လည်း အံ့ဩမဆုံး ဖြစ်နေပြီး "မင်း ဘယ်လိုလုပ်လိုက်တာလဲ" ဟု မေးလိုက်သည်။

ဝူယင်က ဟီးခနဲ ရယ်လိုက်ပြီး "ကျွန်တော်နဲ့ ဟွမ်ဟန် သန္ဓေပြောင်း အသီးတစ်လုံးစီ စားလိုက်ကြတယ်လေ... ဘယ်လိုဖြစ်သွားမှန်းတော့ ကျွန်တော်လည်း မသိဘူး... အဲဒီတုန်းက ဓားပျံပစ်တဲ့ကောင် လိုက်ဖမ်းနေတော့ ကျွန်တော်လည်း မြန်မြန် ပုန်းချင်နေတာ... ဒါပေမဲ့ ပတ်ဝန်းကျင်က မြက်ခင်းတောဆိုတော့ လူပုန်းစရာနေရာ မရှိဘူးလေ"

"ကျွန်တော်က အရိပ်လိုမျိုး အရိပ်ထဲမှာ ပုန်းလို့ရရင် ကောင်းမှာပဲလို့ တွေးလိုက်မိတာ... မထင်မှတ်ဘဲ အဲဒါက အစွမ်း နိုးထလာဖို့ လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားပြီး တကယ်ပဲ အရိပ်အသွင် ပြောင်းသွားတော့တာပဲ"

"ပြီးတော့ ကျွန်တော် မြက်ခင်းအရိပ်ထဲမှာ ပုန်းလိုက်၊ ဟိုအရိပ် ဒီအရိပ် ကူးလိုက် လုပ်နေတာ... စောစောက ဓားပျံပစ်တဲ့ကောင် အာရုံလွင့်သွားတုန်း အရိပ်ထဲက ထွက်ပြီး သူ့ခြေလက်တွေကို ရိုက်ချိုးပစ်လိုက်တာ"

ဝူယင်က သူ၏ စွမ်းဆောင်ချက်များကို စိတ်လှုပ်ရှားစွာဖြင့် ပြောပြနေတော့သည်။

ယခင်က ကင်းလှည့်အဖွဲ့များထဲတွင် သူသည် အားအနည်းဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူး၏။

ယခုအခါ သူလည်း အစွမ်းနိုးထလာပြီ ဖြစ်သလို အလွန်ဆန်းကြယ်သော အစွမ်းမျိုးလည်း ဖြစ်သည်။

သူ၏ တိုက်ခိုက်စွမ်းရည် မည်သို့ရှိသည်ကို မဆိုထားနှင့်၊ အသက်အန္တရာယ်မှ လွတ်မြောက်နိုင်စွမ်းမှာမူ လင်းယွမ်တို့အဖွဲ့ထဲတွင် ထိပ်ဆုံး၌ ရှိနေသည်မှာ သေချာသည်။

လင်းယွမ်က သဘောကျစွာ ရယ်မောလိုက်ပြီး "ငါတို့အဖွဲ့ထဲမှာ အစွမ်းထက်တဲ့ အစွမ်းပိုင်ရှင် နှစ်ယောက် ထပ်တိုးလာတာပေါ့"

ရန်ဆန်းမင်က အံ့ဩမဆုံး ဖြစ်နေလေသည်။ ဤ ထူးခြားဆန်းကြယ်သော အစွမ်းများမှာ ပို၍ ဆန်းကြယ်လာပြီး သူ၏ သိပ္ပံဆိုင်ရာ အသိပညာနှင့် ယူဆချက်များကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်ပြီ ဖြစ်သည်။

ဝမ်အန်းက လင်းယွမ်တို့အနောက်တွင် ရပ်လျက် အားကျသော မျက်လုံးများဖြင့် ကြည့်နေရှာ၏။

"ဟူး... ကျွန်တော်ကလည်း အဲဒီအချိန်ကျမှ ဗိုက်နာပြီး အိမ်သာတက်ချင်နေရတယ်လို့ဗျာ... ခင်ဗျားတို့နဲ့ လူစုကွဲမသွားရင် ကျွန်တော်လည်း သန္ဓေပြောင်း အသီးတစ်လုံးလောက် ရှာတွေ့နိုင်လောက်တယ်"

ဟွမ်ဟန်က ထိုစကားကို ကြားသောအခါ "အစ်ကိုဝမ်အန်း... ကျွန်မတို့ စောစောက အစွမ်းပိုင်ရှင် သုံးယောက် လိုက်ဖမ်းလို့ ပြေးရင်းလွှားရင်း ဟိုဘက်နားမှာ အသီးတွေ ရှိသေးတာ တွေ့ခဲ့တယ်"

လင်းယွမ်တို့အဖွဲ့ ထိုစကားကြောင့် အံ့ဩသွားကြသည်။

လင်းယွမ်က အလျင်အမြန် မေးလိုက်၏။ "ဘယ်နားမှာလဲ"

ဝူယင်က "ကျွန်တော် လိုက်ပြပေးမယ်" ဟု တာဝန်ယူလိုက်သည်။

ထို့နောက် သူက ချုံပုတ်များထဲသို့ လျင်မြန်စွာ တိုးဝင်သွားလေသည်။

လင်းယွမ်တို့လည်း အနောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။

ချုံပုတ်များကို ဖြတ်ကျော်သွားပြီးနောက် မြေမျက်နှာသွင်ပြင်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး မကြာမီ ကျောက်တောတစ်ခု၏ အစွန်းသို့ ရောက်ရှိသွားကြသည်။

ထိုနေရာရှိ ကျောက်တိုင်များမှာ အနီရင့်ရောင် အခွံများ ဖုံးအုပ်ထားသည်ကို တွေ့ရ၏။

ကျောက်တောအနီးရှိ မြက်ခင်းထဲတွင် စတော်ဘယ်ရီသီးနှင့် တူသော အပင်ပုလေးများ၌ အသီးများ သီးနေသည်။

အသီးများမှာ သိပ်မများလှဘဲ ဟိုတစ်စ ဒီတစ်စသာ ရှိသည်။

အပြင်ဘက်နားတွင် ရှိသော အသီးများမှာ တစ်စုံတစ်ခု စားသောက်ထားပုံ ရလေ၏။

ကျောက်တော အတွင်းပိုင်းနား ကပ်နေသော နေရာ၌သာ အနီရောင် အသီး နှစ်လုံး၊ သုံးလုံးခန့် ကျန်ရှိနေပြီး သစ်ကိုင်းများပေါ်တွင် ယိမ်းထိုးနေကြသည်။

ရန်ဆန်းမင်က တစ်ချက် ဝေ့ကြည့်လိုက်ရာ ရုတ်တရက် မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်တော့သည်။

"ထန်ယင်း"

ကျောက်တော၏ အစွန်းတွင် ဂျင်းဘောင်းဘီ၊ တီရှပ်အဖြူ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အနီရောင် ကျောက်တုံးပုံကို ဆက်တိုက် ထိုးနှက်နေသည်ကို တွေ့လိုက်ရ၏။

သူမ၏ လက်သီးချက် ကျရောက်သွားတိုင်း မာကျောပုံရသော အနီရောင် ကျောက်တုံးပုံကြီးမှာ ဝုန်းခနဲ တုန်ခါသွားပြီး အတွင်းမှ အရည်များ ပန်းထွက်လာကာ ကျောက်ခွံများမှာ 'ကလပ်' ခနဲ ကွဲအက်သွားတော့သည်။

လင်းယွမ် အံ့ဩသွား၏။ ဤ ကျောက်တုံးသတ္တဝါများ၏ အခွံမှာ မည်မျှ မာကျောကြောင်း သူကိုယ်တိုင် စမ်းသပ်ဖူးသည်။

သူ၏ ခွန်အားဖြင့် ကြွက်သားပေါက်ကွဲသိုင်း သုံးလျှင်ပင် အကြေအမွ ဖြစ်အောင် ထိုးခွဲ၍ မရနိုင်ပေ။

ထန်ယင်းက ဘယ်လိုလုပ်ပြီး ခွဲနိုင်ရတာလဲ...

ထို ဂျင်းဘောင်းဘီ၊ တီရှပ်အဖြူ ဝတ်ထားသော မိန်းကလေးမှာ ရန်ဆန်းမင် စိတ်ပူနေသော ထန်ယင်းပင် ဖြစ်သည်။

ယခုအချိန်တွင် သူမသည် ရန်ဆန်းမင်၏ အော်ခေါ်သံကို မကြားရသကဲ့သို့ ထို အနီရောင် ကျောက်တုံးများကို အစွမ်းကုန် ထိုးခွဲနေလေသည်။

သူမ၏ ပတ်ဝန်းကျင်တွင် ကျောက်တုံးပုံ ဆယ်ခုခန့် ကွဲကြေနေပြီဖြစ်ပြီး အတွင်းမှ အဖြူရောင် အသားပျော့များ ပေါ်ထွက်နေသည်။

သို့သော် ထို အသားပျော့များမှာ သေဆုံးသွားခြင်း မရှိပေ။

ထန်ယင်းက အခွံကို ထိုးခွဲလိုက်ပြီးနောက် ၎င်းတို့ထံမှ အရည်များ စစ်ထုတ်လာပြီး လက်တံများ ဆန့်ထုတ်ကာ ထန်ယင်းကို ဖမ်းဆွဲထားကြသည်။

ထန်ယင်း၏ ကျောကုန်းတွင် လက်တံများစွာက တွယ်ကပ်နေသော်လည်း သူမက သတိထားမိပုံ မရဘဲ စက်ရုပ်တစ်ရုပ်ကဲ့သို့ နောက်ထပ် ကျောက်တုံးပုံများကို လိုက်လံ ထိုးခွဲနေပြန်သည်။

ထိုလက်တံများက သူမ၏ သွေးများကို ဖြည်းဖြည်းချင်း စုပ်ယူနေကြ၏။

သူမ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ပိန်လှီသွားသည်ကို တွေ့မြင်နေရသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရန်ဆန်းမင်မှာ ဘာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ လင်းယွမ်ကို အလျင်အမြန် အကူအညီ တောင်းလိုက်သည်။

"ဆရာလင်း... ထန်ယင်းကို ကယ်ပါဦး"

လင်းယွမ်က စကားများမနေတော့ဘဲ "ကျွန်တော့် တာဝန်ထားလိုက်" ဟု ပြောကာ စိတ်စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။

စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။

"ဖောင်း... ဖောင်း... ဖောင်း..."

ထန်ယင်းကို သွေးစုပ်နေသော ကျောက်တုံးသတ္တဝါ အကောင်အချို့ ချက်ချင်း ပေါက်ကွဲသွားပြီး အရည်များ လွင့်စဉ်ကုန်၏။

ထိုလက်တံများမှာ ချက်ချင်းပင် လှုပ်ရှားမှု ရပ်တန့်သွားပြီး ထန်ယင်း၏ ကျောကုန်းပေါ်တွင် တွဲလောင်းကျကျန်ရစ်သည်။

ထန်ယင်းမှာမူ သတိထားမိပုံမရဘဲ နောက်ထပ် ကျောက်တုံးပုံ တစ်ခုကို ဆက်လက် ရှာဖွေနေဆဲပင်။

ရန်ဆန်းမင်က ပြေးဝင်သွားရန် ပြုလိုက်သော်လည်း ဆုန့်ဝမ်က လှမ်းဆွဲထားလိုက်သည်။

"ဒေါက်တာရန်... ဒီ ကျောက်တုံးသတ္တဝါတွေက အရင်အကောင်တွေထက် ပိုပြီး ရန်လိုတယ်... ဝင်မသွားနဲ့... ကျွန်မ လုပ်လိုက်မယ်"

သူမက လက်ကို မြေကြီးပေါ် တင်လိုက်ရာ မြက်ခင်းနှစ်ခုမှ နွယ်ပင်များ ရုတ်တရက် ကြီးထွားလာပြီး ကျောက်တောထဲသို့ လျင်မြန်စွာ တိုးဝင်သွားလေသည်။

ထို့နောက် နွယ်ပင်များက ထန်ယင်း၏ ခါးကို ရစ်ပတ်လိုက်ပြီး အားဖြင့် ဆွဲယူလိုက်၏။

ထန်ယင်းမှာ အနောက်သို့ ပါလာတော့သည်။

သူမ ပါလာသည်နှင့်အတူ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေသော လက်တံများလည်း ပါလာကြသည်။

လင်းယွမ်က ထန်ယင်းကို ကြည့်လိုက်ရာ ထိုကောင်မလေးသည် ကျောက်တောအပြင်ဘက်သို့ ရောက်လာသည်နှင့် ရုန်းကန် အော်ဟစ်နေပြီး ကျောက်တောထဲသို့ ပြန်ဝင်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။

ဆုန့်ဝမ်က သူမကို အလျင်အမြန် ချည်နှောင်ထားလိုက်ပြီး ရန်ဆန်းမင်က အရေးပေါ် ကုသမှုကို စတင်လိုက်သည်။ လက်တံများ၏ စုပ်ခွက်များကို ဓားဖြင့် လှီးထုတ်ပစ်ရ၏။

သူ၏ ထက်ရှအစွမ်း ပေါင်းစပ်ထားသော ဓားမြှောင်မှာ ကမ္ဘာပေါ်တွင် အထက်မြက်ဆုံး ဓားတစ်လက် ဖြစ်နေလေပြီ။

သူက သွေးဆက်မစုပ်နိုင်စေရန် လက်တံများကို အရင်ဆုံး ဖြတ်တောက်လိုက်သည်။

ထို့နောက် စုပ်ခွက်များကို ခွာထုတ်လိုက်သောအခါ ထန်ယင်း၏ ကျောပြင်မှာ သွေးစုပ်ခံထားရသဖြင့် အရိုးပေါ် အရေတင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဒဏ်ရာများမှ သွေးများ မရပ်မနား စီးကျနေပြီး တားဆီး၍ မရနိုင်ပေ။

ထန်ယင်း၏ မျက်နှာမှာ စက္ကူလို ဖြူဖျော့နေပြီး အသက်ငွေ့ငွေ့သာ ကျန်တော့မည့် အခြေအနေသို့ ရောက်ရှိနေ၏။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ ဆုန့်ဝမ်က သူမ၏ ကုသခြင်း အစွမ်းကို အသုံးပြုလိုက်သည်။

သူမ၏ ကုသခြင်း အစွမ်းသည် ကိုယ်တိုင်မှလွဲ၍ အခြားသူများအပေါ် သက်ရောက်မှု အားနည်းသော်လည်း အတိုင်းအတာ တစ်ခုအထိတော့ အထောက်အကူ ပြုနိုင်ပေသည်။

လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။

"ဒေါက်တာရန်... ဆေးလိုလား"

ရန်ဆန်းမင်က စိုးရိမ်တကြီးဖြင့် "ဒီလက်တံတွေမှာ သွေးမတိတ်စေတဲ့ အဆိပ်တွေ ပါတယ်... သွေးခဲတွေ စုစည်းပြီး အနာဖေးတက်ဖို့ ခက်ခဲနေတယ်... သွေးအရင် တိတ်အောင် လုပ်မှ ရမယ်"

ဤအခြေအနေမှာ လင်းယွမ် လက်ထဲရှိ သာမန်ဆေးဝါးများဖြင့် ကုသ၍ ရနိုင်မည့် အနေအထား မဟုတ်ပေ။

သူ့မျက်နှာ တည်သွားပြီး "သွေးတိတ်ချင်ရင် ကျောက်ခိုင်ကို သွားရှာမှ ရမယ်... သူ့ရဲ့ ရေခဲအစွမ်းက အသုံးဝင်ကောင်း ဝင်နိုင်တယ်"

"ဒါပေမဲ့ ကျောက်ခိုင်က ဖောင်ပေါ်မှာလေ... ဒီလောက်ဝေးတဲ့ ခရီးကို သွားခေါ်နေရင် ဒီကောင်မလေး... ခံနိုင်မှာ မဟုတ်ဘူး" ဆုန့်ဝမ်က ဝင်ပြောသည်။

လင်းယွမ် မျက်မှောင်ကြုတ်သွား၏။ ဒီအခြေအနေက ဖြေရှင်းရ ခက်နေသည်။

ထိုအချိန်၌ ဟွမ်ဟန်က ရုတ်တရက် ဝင်ပြောလိုက်သည်။

"ကျွန်မဆီမှာ မဖြစ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်"

"ဘာနည်းလမ်းလဲ" လင်းယွမ်က သူမကို ချက်ချင်း လှမ်းကြည့်လိုက်သည်။

ရန်ဆန်းမင်ကလည်း "ဟွမ်ဟန်... နင့်မှာ ဘာနည်းလမ်းရှိလို့လဲ" ဟု စိတ်အားထက်သန်စွာ မေးလိုက်၏။

ဟွမ်ဟန်က ကျောက်တောကို လက်ညှိုးထိုးပြပြီး "အထဲမှာ သန္ဓေပြောင်း အသီး သုံးလုံး ရှိသေးတယ်... အဲဒါတွေကိုသာ ရအောင် ယူနိုင်ရင် အစ်ကိုဝမ်အန်းကို တစ်လုံး ကျွေးကြည့်လို့ ရတယ်... ကံကောင်းရင် ရေခဲအစွမ်းလိုမျိုး အစွမ်းတစ်ခုခု နိုးထလာနိုင်တယ်... အဲဒါဆို အချိန်မီလောက်တယ်"

ထိုစကားကို ကြားသောအခါ လင်းယွမ်တို့ လူစု ကြောင်သွားကြသည်။

ဝမ်အန်းကလည်း အနည်းငယ် တွန့်ဆုတ်သွားပြီး "အဲဒါ... ကျွန်တော် ဘာအစွမ်း နိုးထလာမလဲဆိုတာ သေချာမှ မသေချာတာ"

လင်းယွမ်က စဉ်းစားဟန်ဖြင့် "ငါ လေ့လာမိသလောက်ဆိုရင် လူတစ်ယောက် ဘာအစွမ်း နိုးထလာမလဲ ဆိုတာက အဲဒီအချိန်မှာ သူ့စိတ်ထဲက ပြင်းပြင်းပြပြ လိုချင်နေတဲ့ ဆန္ဒနဲ့ အများကြီး သက်ဆိုင်နေတယ်"

"လူတွေက သေရေးရှင်ရေး ကြုံလာရင် နိုးထလာတတ်တာက... အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ အစွမ်းမျိုးတွေပဲ"

"ရန်သူကို ပြန်သတ်နိုင်တဲ့ တိုက်ခိုက်ရေး အစွမ်းမျိုး ဖြစ်ရင်ဖြစ်... ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ ခံစစ်အစွမ်းမျိုး ဖြစ်ရင်ဖြစ်မယ်"

"အခုက ရန်သူ မရှိဘူး... ဝမ်အန်း... မင်းသာ အစွမ်းတစ်ခုခု နိုးထလာချင်စိတ် ပြင်းပြနေရင် လိုချင်တဲ့ အစွမ်းမျိုး နိုးထလာနိုင်မယ့် အခွင့်အလမ်း ရှိတယ်"

ဝမ်အန်း အံ့ဩသွားပြီး "အဲဒါ... ဖြစ်ပါ့မလား"

ဝူယင်က ပထမဆုံး လက်ထောင်လိုက်သည်။

"ကျွန်တော်တော့ ဆရာလင်း ပြောတာ ဟုတ်တယ်လို့ ထင်တယ်... ကျွန်တော် အစွမ်းနိုးထလာတုန်းက ပုန်းချင်စိတ်ပဲ ရှိနေတာ... ဒါကြောင့် (အရိပ်) အစွမ်း နိုးလာတာ... ဒီလောကကြီးမှာ အရိပ်ထဲ ဝင်ပုန်းတာလောက် လုံခြုံတာ ဘာရှိဦးမလဲ"

ဟွမ်ဟန်ကလည်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

"ကျွန်မတုန်းကလည်း သေရင်တောင် အားဟွမ်နဲ့ အတူသေမယ်လို့ တွေးနေခဲ့တာ... မထင်မှတ်ဘဲ အားဟွမ်နဲ့ စိတ်ချင်းဆက်သွယ်နိုင်ပြီး အပြန်အလှန် အားဖြည့်ပေးနိုင်တဲ့ သားရဲထိန်းချုပ်ခြင်း အစွမ်း နိုးထလာခဲ့တာပဲ"

အသင်းဖော်ဟောင်း နှစ်ယောက်စလုံးက ထိုသို့ ပြောလာကြသည့်အခါ ဝမ်အန်းက လင်းယွမ်ကို ကြည့်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။

"ဆရာလင်း... သူတို့တောင် ဒီလို ပြောနေကြမှတော့... ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါ့မယ်... ညီမထန်ယင်းကို ကယ်နိုင်မယ့် အစွမ်းမျိုး နိုးထလာအောင် စိတ်နှစ်ထားလိုက်မယ်"

"ကျွန်တော် သန္ဓေပြောင်း အသီး သွားယူလိုက်မယ်"

ရန်ဆန်းမင်က အချိန်ကြာသွားမည် စိုးသဖြင့် ချက်ချင်း ထရပ်ကာ ကျောက်တောထဲသို့ အရင်ဆုံး ပြေးဝင်သွားတော့သည်။

လင်းယွမ် လှမ်းတားရန် ပြုလိုက်သေး၏။ ဤ ကျောက်တောသည် ယခင် ကျောက်တောများနှင့် မတူသဖြင့် အန္တရာယ် ရှိနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ရန်ဆန်းမင်၏ အလျင်က မြန်လွန်းသဖြင့် လင်းယွမ် ပါးစပ်မဟရသေးခင်မှာပင် အတွင်းသို့ ရောက်ရှိသွားလေပြီ။

မကြာမီမှာပင် သူက သန္ဓေပြောင်း အသီးတစ်လုံးကို ခူးဆွတ်နိုင်ခဲ့လေသည်။

ဆက်ရန်...

All Chapters