← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 10 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 10 Ch. 187-188

အပိုင်း (၁၈၇) ဒါ ကျွန်းမဟုတ်ဘူး

သို့သော် အပင်နားရောက်သည်အထိ မည်သည့်အန္တရာယ်မှ မတွေ့ရပေ။

လင်းယွမ်နှင့် ဆုန့်ဝမ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။

ဆုန့်ဝမ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အစ်ကိုလင်း... ဒီကျောက်တုံးကြီးတွေက ဘာသတ္တဝါကြီးတွေလဲ မသိဘူး... အရင်တွေ့ဖူးတဲ့ အရောင်နဲ့လည်း မတူဘူး... ပြီးတော့ လူတွေကို အရင်စပြီး တိုက်ခိုက်မယ့်ပုံလည်း မပေါ်ဘူးနော်"

"လူတွေက သူတို့ကို အရင်စတိုက်ခိုက်မှပဲ တုံ့ပြန်တဲ့အနေနဲ့ စုပ်ခွက်တွေ ရေလက်တံတွေ ထုတ်ပြီး ပြန်တိုက်ခိုက်တာ ဖြစ်မယ်"

လင်းယွမ် ခေါင်းခါလိုက်ပြီး "ငါလည်း မသိဘူး... ဒီအကောင်မျိုး တစ်ခါမှ မမြင်ဖူးဘူး... အဓိကအချက်က သာမန်လူတွေကို ရူးသွပ်သွားအောင် လုပ်နိုင်တဲ့ စွမ်းအားတစ်ခုခု ဒီနေရာမှာ ရှိနေတာပဲ... အဲဒီစွမ်းအားကြောင့် လူတွေက ဒီကျောက်တုံးတွေကို စပြီး တိုက်ခိုက်ချင်စိတ် ပေါ်လာကြတာ"

"အဲဒီစွမ်းအားက သာမန်လူတွေကိုပဲ သက်ရောက်နိုင်ရှိပြီး သန္ဓေပြောင်းလူသားတွေအပေါ် သိပ်မသက်ရောက်ဘူး ထင်တယ်... ဟမ်"

လင်းယွမ် စကားမဆုံးခင်မှာပင် သန္ဓေပြောင်းအသီးကို ခူးပြီးကာစ ရန်ဆန်းမင်မှာ ချက်ချင်း ပြန်မရောက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ရန်ဆန်းမင်သည် အသီးခူးပြီးသည်နှင့် ရုတ်တရက် ခေါင်းငဲ့ကာ အနီးနားရှိ ကျောက်တုံးကြီးတစ်ခုကို စိုက်ကြည့်လိုက်သည်။

ထို့နောက် လက်ထဲမှ ဓားကို မြှောက်ကာ ကျောက်တုံးအောက်ခြေရှိ မြေကြီးများကို "ခွပ်... ခွပ်" နှင့် အားကုန် ခုတ်ထစ်တော့သည်။

သူလည်းပဲ ဒီကျောက်တုံးသတ္တဝါတွေနဲ့ ပြဿနာတက်ကုန်ပြီ ဖြစ်သည်။

လင်းယွမ် ထိတ်လန့်သွားပြီး ချက်ချင်း အော်ပြောလိုက်သည်။ "ဆုန့်ဝမ်... သူ့ကို အမြန်ပြန်ဆွဲခေါ်လိုက်"

ဆုန့်ဝမ်လည်း သတိဝင်လာပြီး အနီးနားရှိ မြက်ပင်ငယ်လေးများကို ချက်ချင်း အသက်သွင်းလိုက်သည်။ မြက်ပင်များသည် လျင်မြန်စွာ ကြီးထွားလာပြီး ကြိမ်နွယ်ပင်များကဲ့သို့ ရှည်လျားကာ ရန်ဆန်းမင်ရှိရာသို့ တိုးဝင်သွားကြသည်။

ထို့နောက် နွယ်ပင်များသည် ရန်ဆန်းမင်၏ ကိုယ်လုံးကို ရစ်ပတ်ကာ အနောက်သို့ အားကုန် ဆွဲယူလိုက်သည်။

ထိုသို့ဆွဲယူနေစဉ်တွင် ရန်ဆန်းမင်မှာ ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ အော်ဟစ်ကာ နွယ်ပင်များကြားမှ ရုန်းထွက်ပြီး ကျောက်တုံးများကို ခုတ်ထစ်ရန် ကြိုးစားနေသေးသည်။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်ပြီး တွေဝေမနေဘဲ နွယ်ပင်ကို ကူဆွဲကာ အားစိုက်လိုက်သည်။

သူ၏ ခွန်အားဖြင့် ဆွဲလိုက်သောအခါ ရန်ဆန်းမင်မှာ အနောက်သို့ လွင့်ပါလာတော့သည်။

မြက်ခင်းပြင်ပေါ်တွင် ရှည်လျားသော မြေကြီးရာကြီး ထင်ကျန်ရစ်သည်အထိ တရွတ်တိုက် ပါလာပြီးနောက် ရန်ဆန်းမင်ကို ကျောက်တောအပြင်ဘက်သို့ အတင်းအဓမ္မ ဆွဲထုတ်နိုင်ခဲ့သည်။

ကျောက်တောဧရိယာနှင့် ဝေးသွားသည့်တိုင် ရန်ဆန်းမင်၏ မျက်လုံးများမှာ နီရဲနေဆဲဖြစ်ပြီး အသိပြန်ဝင်လာပုံ မရသေးပေ။ သူသည် ကုန်းရုန်းထကာ ကျောက်တောထဲသို့ ပြန်ပြေးဝင်ရန် ကြိုးစားနေပြန်သည်။

လင်းယွမ်က သူ့ကို မြေကြီးပေါ်သို့ ဖိချထားပြီး စူးရှစွာ အော်ဟစ်လိုက်သည်။ "သတိထားစမ်း... ဒေါက်တာရန်"

ရန်ဆန်းမင်က ဒေါသတကြီး အော်ဟစ်ကာ လက်ထဲမှ ဓားဖြင့် လင်းယွမ်ကိုပါ ရွယ်၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။

လင်းယွမ် မျက်လုံးပြူးကျယ်သွားပြီး "စိတ်ဝိဉာဉ်ရိုက်ခတ်သိုင်း" ဖြင့် ရန်ဆန်းမင်၏ စိတ်ပင်လယ်ကို ချက်ချင်း တိုက်ခိုက်လိုက်သည်။

"အား"

ရန်ဆန်းမင်၏ နှာခေါင်းမှ သွေးများ ပန်းထွက်လာပြီး ခေါင်းကိုအုပ်ကာ စူးဝါးစွာ အော်ဟစ်လိုက်သည်။

လင်းယွမ်၏ စိတ်စွမ်းအင်မှာ အမှတ် ၃၀ နီးပါး ရှိနေပြီဖြစ်ရာ သန္ဓေပြောင်းသတ္တဝါများကို တိုက်ခိုက်လျှင် အပြတ်အသတ် မနိုင်နိုင်သော်လည်း ရန်ဆန်းမင်ကဲ့သို့ စိတ်စွမ်းအင်မရှိသော သန္ဓေပြောင်းလူသားများအတွက်မူ အသေအလဲ ခံစားရစေနိုင်သည်။

ဝမ်ဝေတုန်း၏ ပုံရိပ်ယောင်အစွမ်းနှင့် ချင်ကျင်း၏ ကောက်ကျစ်မှုတို့ပင် လင်းယွမ်၏ စိတ်ဝိဉာဉ်ရိုက်ခတ်မှုအောက်တွင် တောင့်ခံနိုင်ခြင်း မရှိခဲ့ပေ။

ယခုအချိန်အထိ သူ့တိုက်ခိုက်မှုကို ခုခံနိုင်သူဟူ၍ ဟင်းလင်းပြင်အစွမ်းပိုင်ရှင်နှင့် ထူးဆန်းသော အခိုးအငွေ့အစွမ်းပိုင်ရှင်တို့သာ ရှိသေးသည်။

စိတ်ဝိဉာဉ်ရိုက်ခတ်မှုကို ခံလိုက်ရပြီးနောက် ရန်ဆန်းမင်၏ ဦးနှောက်ထဲတွင် "ဝီ" ခနဲ မည်သွားပြီး မျက်လုံးများမှာ ရူးသွပ်မှုများ ပျောက်ကွယ်ကာ ကြည်လင်လာသည်။

သူက နှာခေါင်းမှစီးကျလာသော သွေးများကို လက်ဖြင့်စမ်းကြည့်ရင်း ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ "ငါ... ငါ ဘာဖြစ်သွားတာလဲ"

လင်းယွမ်က သူ့လက်ထဲမှ သန္ဓေပြောင်းအသီးကို ယူလိုက်ပြီး ဝမ်အန်းထံသို့ ပစ်ပေးလိုက်ကာ "မင်း ဒါကို အရင်စားလိုက်... မှတ်ထားနော်... စိတ်ထဲမှာ ကိုယ်လိုချင်တဲ့ အစွမ်းကို ပြင်းပြင်းပြပြ တောင့်တနေရမယ်"

ဝမ်အန်းလည်း အချိန်ဆွဲမနေရဲတော့ဘဲ ခေါင်းညိတ်ကာ အသီးကို တစ်ကိုက်တည်း ဝါးစားလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင် ဒဏ်ရာရနေသော ထန်ယင်းကို ကုသချင်သည့် အတွေးများ ဖြတ်ပြေးသွားသည်။

သို့သော် သူ့ရင်ထဲ အနက်ရှိုင်းဆုံးနေရာ၌ အလိုချင်ဆုံးဆန္ဒမှာ ထန်ယင်းကို ကယ်တင်ရန် မဟုတ်ပေ။

သွေးကင်ဆာရောဂါ ခံစားနေရသော သူ့သမီးလေးကို ကယ်တင်ချင်စိတ်သာ ဖြစ်သည်။

"ငါသာ ကုသနိုင်တဲ့ အစွမ်းရလာရင်... ငါ့သမီးလေးကို ရောဂါပျောက်အောင် ကုပေးနိုင်မှာ"

"ငါ ကုသနိုင်တဲ့အစွမ်း လိုချင်တယ်... ငါ့သမီးလေးကို ကယ်တင်နိုင်မယ့် အစွမ်းမျိုး ငါပိုင်ဆိုင်ရမှ ဖြစ်မယ်"

သူ့စိတ်ထဲတွင် အော်ဟစ်နေပြီး ပြင်းပြသော ဆန္ဒများ တရိပ်ရိပ် တက်လာသည်။

ထိုအချိန်တွင် ရန်ဆန်းမင်လည်း သတိပြန်ကပ်လာပြီး ဘာဖြစ်ခဲ့သည်ကို သဘောပေါက်သွားသည်။

သူက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ "ကျွန်တော်... ကျွန်တော် ခုနက ရူးသွားတာလား"

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ မေးလိုက်သည်။ "မင်း အထဲဝင်သွားတုန်းက ဘယ်လို ခံစားရလဲ"

ရန်ဆန်းမင် ပြန်စဉ်းစားလိုက်ပြီး "အသံတစ်ခု ကြားလိုက်ရသလိုပဲ... အဲဒီ ကျောက်တုံးသတ္တဝါတွေကို ဖျက်ဆီးပစ်ဖို့ ကျွန်တော့်ကို မရပ်မနား တိုက်တွန်းနေတဲ့ အသံမျိုး"

"ကျွန်တော်လည်း ဘာဖြစ်သွားမှန်း မသိလိုက်ဘူး... တခြားတစ်ယောက်ရဲ့ ဒေါသနဲ့ နာကျင်မှုတွေကို ဝေဝေဝါးဝါး ခံစားလိုက်ရတယ်... အဲဒီ ကျောက်တုံးသတ္တဝါတွေအပေါ် ထားတဲ့ ဒေါသနဲ့ အမုန်းတရားတွေပဲ"

"အဲဒါနဲ့... အဲဒါနဲ့ပဲ ကျွန်တော် အကုန်လုံးကို ဖျက်ဆီးပစ်ချင်စိတ် ပေါက်လာပြီး ဝင်ခုတ်မိတော့တာပဲ"

သူ့စကားကို နားထောင်ရင်း လင်းယွမ်၏ မျက်နှာထားမှာ အလွန်လေးနက်သွားသည်။

"ဒီကျွန်းပေါ်မှာ ဆက်နေလို့ မဖြစ်တော့ဘူး"

သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်။

ဆုန့်ဝမ်က မနေနိုင်ဘဲ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

"ဒီနေရာမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု ပုန်းအောင်းနေတာ သေချာတယ်... အဲဒီအကောင်က အပြင်က သက်ရှိတွေကို ကျွန်းပေါ် ဆွဲခေါ်လာပြီး သူ့အစား ဒီကျောက်တုံးသတ္တဝါတွေကို ရှင်းခိုင်းနေတာပဲ"

"ဒီကျောက်တုံးတွေက ဘာအသုံးဝင်လဲ... သူနဲ့ ဘာရန်ငြိုးရှိလဲ ဆိုတာ မသိရပေမဲ့... သူ ငါတို့ကို အသုံးချနေတာကတော့ သေချာတယ်"

"ငါတို့သာ သူ့ဆန္ဒအတိုင်း မလုပ်ပေးရင် နောက်ထပ် ဘာအန္တရာယ်တွေ ကြုံရမလဲ မသိနိုင်ဘူး"

ဆုန့်ဝမ်လည်း သဘောပေါက်သွားပြီး "ဒါဆို အခုပဲ သွားကြမလား"

"ခဏနေဦး... ဝမ်အန်း ဘာအစွမ်း ရလာလဲ အရင်ကြည့်ရအောင်... ထန်ယင်းကို ကယ်နိုင် မကယ်နိုင် ကြည့်ရဦးမယ်"

အားလုံး ဝမ်အန်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။

ဝမ်အန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါနေပြီး မိနစ်အနည်းငယ်ကြာသောအခါ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာသည်။

သူ့ခန္ဓာကိုယ်မှ နွေးထွေးသော အဖြူရောင် အလင်းတန်းများ ဖြာထွက်လာသည်။

ထိုမြင်ကွင်းကို ကြည့်ပြီး လင်းယွမ် စိတ်ပျက်သွားသည်။ ဒါ ရေခဲအစွမ်းနှင့် မတူပေ။

ရန်ဆန်းမင်လည်း မျက်နှာပျက်သွားပြီး မေးလိုက်သည်။ "ဝမ်အန်း... မင်း ဘာအစွမ်း ရလိုက်တာလဲ"

ဝမ်အန်းက ရန်ဆန်းမင်ကို ကြည့်ပြီး အားနာစွာဖြင့် ပြောလိုက်သည်။ "တောင်းပန်ပါတယ် ဒေါက်တာရန်... ကျွန်တော် ရေခဲအစွမ်း မရလိုက်ဘူး... ကျွန်တော်... ကျွန်တော် ရလိုက်တာက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အစွမ်းတစ်ခု ဖြစ်နေတယ်"

သူ စဉ်းစားလိုက်ပြီး ကျောပိုးအိတ်ထဲမှ ရေဗူးကို ထုတ်လိုက်သည်။

သူ့လက်နှစ်ဖက်ဖြင့် ရေဗူးကို အုပ်ကိုင်လိုက်သောအခါ အဖြူရောင် စွမ်းအင်တစ်မျိုး ရေဗူးထဲသို့ စိမ့်ဝင်သွားသည်။

ဗူးထဲရှိ ရေများသည် ရုတ်တရက် အဖြူရောင် အလင်းဖျော့ဖျော့ တောက်ပလာသည်။

သူက ရေဗူးကို ကမ်းပေးလိုက်ပြီး "ကျွန်တော့်အစွမ်းက စားစရာ သောက်စရာတွေကို ပြုပြင်မွမ်းမံပြီး ကုသနိုင်စွမ်းရှိတဲ့ အာနိသင် ပါလာအောင် လုပ်ပေးနိုင်တာနဲ့ တူတယ်"

ထိုစကားကို ကြားလိုက်သည်နှင့် မျှော်လင့်ချက်မဲ့နေသော ရန်ဆန်းမင် မျက်လုံးပြူးသွားသည်။

သူ ရေဗူးကို အမြန်ဆွဲယူလိုက်ပြီး "ငါ စမ်းကြည့်မယ်"

သူ ရေတစ်ခွက် ငှဲ့ကာ မော့သောက်လိုက်သည်။

ထိုခဏချင်းမှာပင် သူ့ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စွမ်းအင်များ စီးဝင်သွားသည်ကို ခံစားလိုက်ရပြီး ခုနက ကျောက်တုံးများကို အားကုန်ခုတ်ထစ်ထား၍ ကုန်ခမ်းနေသော အားအင်များ လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာသည်။

သူ့စိတ်အခြေအနေပါ ကြည်လင်လန်းဆန်းလာသည်။

လင်းယွမ်က မေးလိုက်သည်။ "ဒေါက်တာရန်... ဘယ်လိုနေလဲ"

ရန်ဆန်းမင် ဝမ်းသာအားရ ပြောလိုက်သည်။ "ထိရောက်တယ်... တကယ် ထိရောက်တယ်... ကိုဝမ်အန်း... နောက်ထပ် တစ်ခွက်လောက် လုပ်ပေးပါဦး... ထန်ယင်းကို တိုက်လိုက်ရင် သက်သာသွားမှာပါ... ပြီးရင် သစ်ဖောင်ဆီ အမြန်ပြန်သွားကြတာပေါ့... မိန်းကလေးဆုန့်ဝမ်နဲ့ ကိုဝမ်အန်းတို့ အလှည့်ကျ ကုပေးရင် သူ အသက်ဆက်နိုင်လောက်ပါတယ်"

အားလုံး ခေါင်းညိတ် သဘောတူလိုက်ကြသည်။

ဝမ်အန်းက ရေတစ်ခွက် ထပ်မံပြုလုပ်ပေးလိုက်သည်။

ရန်ဆန်းမင်သည် ထန်ယင်းကို ရေတိုက်လိုက်ရာ ဖြူဖပ်ဖြူရော် ဖြစ်နေသော သူမ၏ မျက်နှာသည် သိသိသာသာ ပန်းရောင်သန်းလာပြီး အခြေအနေ ကောင်းမွန်လာသည်။

ထို့နောက် ဆုန့်ဝမ်က လက်လွှဲယူလိုက်ပြီး အစိမ်းရောင် အလင်းတန်းများဖြင့် ထန်ယင်း၏ ဒဏ်ရာကို ကုသပေးသည်။

ရန်ဆန်းမင်က ထန်ယင်းကို ပွေ့ချီပြီး ပြေးရန်ပြင်လိုက်ရာ လင်းယွမ်က ပြောလိုက်သည်။ "ငါပဲ ချီလိုက်မယ်"

သူ့ခွန်အားနှင့်ဆိုလျှင် လူတစ်ယောက်ကို ပွေ့ချီခြင်းသည် စာအုပ်တစ်အုပ် ကိုင်ထားသလောက်သာ ရှိသည်။

ထိုအချိန်တွင် ဟွမ်ဟန်က ဝင်ပြောလိုက်သည်။ "အစ်ကိုလင်း ချီမနေပါနဲ့တော့... အားဟွမ်ပေါ် တက်လိုက်ကြတာ ပိုကောင်းမယ်... ဒီနေရာက မြေပြင်အနေအထား ရှုပ်ထွေးပြီး ရွှံ့နွံတွေလည်း ရှိတော့ မြွေကြီးနဲ့သွားတာ ပိုမြန်လိမ့်မယ်"

ပြောပြောဆိုဆိုနှင့် သူမ၏ ညာဘက်လက်အင်္ကျီလက်စကို ပင့်တင်လိုက်ရာ ရွှေရောင်စပါးအုံးမြွေလေး ထွက်လာသည်။

မြေကြီးပေါ်သို့ ရောက်သည်နှင့် မြွေလေးမှာ မျက်စိရှေ့မှောက်တွင်ပင် လျင်မြန်စွာ ကြီးထွားလာသည်။

ဟွမ်ဟန်က မြွေ၏ ကျောကုန်းပေါ် လက်တင်လိုက်သောအခါ မြွေကြီးမှာ လူတစ်ရပ်စာမျှ တုတ်ခိုင်ကြီးမားလာတော့သည်။

သူမက လှည့်ကြည့်ပြီး ပြောလိုက်သည်။ "အမြန်တက်ကြ"

ထို့နောက် သူမ အရင်ဆုံး မြွေပေါ်သို့ ခုန်တက်လိုက်သည်။

လင်းယွမ်နှင့် အခြားသူများလည်း တွန့်ဆုတ်မနေဘဲ မြွေကြီးပေါ်သို့ အမြန်တက်လိုက်ကြသည်။

အားလုံး နေရာယူပြီးသည်နှင့် တပြိုင်နက် ကျောက်တောဘက်မှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

လင်းယွမ်တို့ လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်ကြသည်။

ကျောက်တောအတွင်းတွင် လီချင်းဟွာသည် ရူးသွပ်နေသကဲ့သို့ ဟင်းလင်းပြင်ပူပေါင်းများ ဖန်တီးကာ ကျောက်တုံးများကို ဗုံးခွဲသလို ဖောက်ခွဲပစ်နေသည်။

ပေါက်ကွဲသံများနှင့်အတူ ဟင်းလင်းပြင်အက်ကြောင်းများ ဖြစ်ပေါ်လာပြီး ကျောက်တုံးသတ္တဝါအများအပြား အပိုင်းပိုင်းအစစ ကွဲထွက်ကုန်သည်။

ကျောက်တောအပြင်ဘက် အဝေးတစ်နေရာတွင် အဖြူရောင်မြူခိုးများ လူပုံစံ စုစည်းသွားပြီး ကျိုးကျားချောင် ပေါ်လာသည်။ သူက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။ "အစ်ကိုဟွာ... ထွက်ခဲ့တော့... အမြန်ထွက်ခဲ့တော့"

ကျောက်တောကြီး ဆက်တိုက် ပေါက်ကွဲသွားသည်နှင့်အမျှ ကျွန်းကြီးတစ်ခုလုံး ငလျင်လှုပ်သလို ပြင်းထန်စွာ တုန်ခါသွားသည်။

လင်းယွမ်တို့ ထိတ်လန့်သွားကြသည်။ ဟွမ်ဟန်က မြွေကြီးကို ပုတ်ပြီး အော်ပြောလိုက်သည်။ "အားဟွမ်... မြန်မြန်ပြေးစမ်း"

အားဟွမ်သည် မြက်ခင်းပြင်ပေါ်တွင် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ တွားသွားပြေးလွှားတော့သည်။

သို့သော် ကျွန်းကြီးတုန်ခါမှုမှာ အစပျိုးရုံသာ ရှိသေးသည်။ နောက်တစ်ခဏတွင် ကျွန်းကြီးတစ်ခုလုံး ရေအောက်သို့ လျင်မြန်စွာ နစ်မြုပ်သွားတော့သည်။

ဆုန့်ဝမ် အလန့်တကြား အော်လိုက်သည်။ "ဒုက္ခပါပဲ... ကျွန်းကြီး နစ်တော့မယ်"

"မြန်မြန် သွား... မြန်မြန်" ရန်ဆန်းမင်လည်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သို့သော် ကျွန်းကြီး နစ်မြုပ်သည့်နှုန်းမှာ အလွန်မြန်ဆန်လှသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်း၏ တစ်ဝက်ခန့် ရေထဲရောက်သွားပြီ ဖြစ်သည်။

မြက်ပင်များ၊ ချုံပုတ်များအားလုံး ရေလှိုင်းလုံးကြီးများအောက်တွင် ပျောက်ကွယ်သွားကြသည်။

စပါးအုံးမြွေကြီး မည်မျှပင် မြန်မြန်သွားစေကာမူ ကျွန်းကြီး နစ်မြုပ်သည့်နှုန်းကို မမီနိုင်ပေ။

ခဏအတွင်းမှာပင် သူတို့အားလုံး ရေထဲသို့ ကျသွားကြသည်။

ကံကောင်းသည်မှာ စပါးအုံးမြွေကြီးသည် ရေကူးတတ်သော သတ္တဝါဖြစ်သည်။

လူအများက မြွေကျောကုန်းပေါ်တွင် မတ်တပ်ရပ်ရင်း ကျွန်းနစ်မြုပ်နေသည့် နေရာနှင့် ဝေးရာသို့ အမြန်ဆုံး ထွက်ခွာလာခဲ့ကြသည်။

ကျွန်းပေါ်တွင် ကျန်ရစ်ခဲ့သော အိမ်ရာပိုင်ရှင်များသည် ကြောက်လန့်တကြား အော်ဟစ်ကာ ထွက်ပြေးနေကြသော်လည်း ရေလှိုင်းများအောက်တွင် ပျောက်ကွယ်ကုန်ကြသည်။

လင်းယွမ် ထိုမြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်ရုံမှတပါး ဘာမှမတတ်နိုင်တော့ပေ။ ယခုအချိန်တွင် သွားကယ်လျှင်လည်း မမီတော့ပါ။

ကံကောင်းသည်မှာ ချိုင်ကြည်၊ ဦးလေးမာနှင့် အခြားသူများကို တင်းယန်တို့အဖွဲ့က ကြိုတင်ခေါ်ထုတ်သွားပြီ ဖြစ်သည်။

"ဟေ... ဟိုမှာ ကြည့်စမ်း... ကျွန်းကြီး နစ်နေတဲ့ပုံစံက တစ်မျိုးပဲ"

ရုတ်တရက် ဝူချင်းက အာမေဋိတ်သံဖြင့် လှမ်းပြောလိုက်သည်။

လူတိုင်း သတိထားမိလိုက်ကြသည်။

ကျွန်းကြီးသည် ရေအောက်သို့ တည့်တည့်မတ်မတ် နစ်မြုပ်သွားခြင်း မဟုတ်ဘဲ ခပ်စောင်းစောင်း လျှောဆင်းသွားခြင်း ဖြစ်သည်။

ပုံစံမှာ ကုန်းဆင်းတစ်ခုမှ လျှောကျသွားသကဲ့သို့ ဖြစ်နေသည်။

ထူးဆန်းသော မြင်ကွင်းကြောင့် အားလုံး အံ့အားသင့်သွားကြသည်။

လင်းယွမ်ပင် အံ့သြသွားသည်။ "မြေပြိုတာများလား"

"ဒီတောင်ထဲမှာ ကြောက်စရာ သတ္တဝါကြီးတစ်ကောင် ပုန်းနေပြီး ခုနက ကျောက်တုံးတွေ ကွဲသွားတော့ အဲဒီအကောင်ကြီး ရုန်းထွက်လာတာများလား" ဟွမ်ဟန်က သူမ၏ စိတ်ကူးယဉ်ဆန်ဆန် အတွေးများကို ထုတ်ပြောလိုက်သည်။

သူမက ဝတ္ထုဖတ်ရတာ ဝါသနာပါသူမို့ စိတ်ကူးဉာဏ်ကွန့်မြူးတတ်သည်။

အားလုံး သံသယဖြစ်နေကြစဉ် ရေထဲသို့ နစ်မြုပ်သွားသော ကျွန်းကြီးမှာ ရုတ်တရက် ပြန်ကြွတက်လာသည်။

ကျွန်းကြီးမှာ ပို၍ပို၍ မြင့်တက်လာပြီး မူလအမြင့်ထက် နှစ်ဆခန့် မြင့်တက်လာသောအခါ ရေမျက်နှာပြင်ပေါ်တွင် ဧရာမ တိုင်လုံးကြီး လေးခု ပေါ်လာသည်။

ထိုတိုင်လုံးကြီးများ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ကြီးမားသော ရေလှိုင်းလုံးကြီးများ ကောင်းကင်သို့ ထိုးတက်သွားကြသည်။

ထို့နောက် ရေမျက်နှာပြင်အောက်မှ တိုက်အိမ်တစ်လုံးပမာ ကြီးမားသော ခေါင်းကြီးတစ်ခု ဖြည်းညှင်းစွာ ကြွတက်လာသည်။

ရေများသည် ထိုခေါင်းကြီးပေါ်မှ တဝေါဝေါ စီးကျနေပြီး ခေါင်းပေါ်တွင် ရေညှိများ ထူထပ်စွာ ပေါက်ရောက်နေသည်။

ကတ္တရာစေးကဲ့သို့ မည်းနက်နေသော ဧရာမ မျက်လုံးလုံးကြီး နှစ်လုံးမှာ ဖြည်းညှင်းစွာ လှုပ်ရှားသွားသည်။

လင်းယွမ်တို့ဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ခေါင်းကြီးကို တစ်ဖက်သို့ ဖြည်းညှင်းစွာ လှည့်သွားသည်။

လင်းယွမ်နှင့် အခြားသူများအားလုံး မျက်လုံးများ ပြူးကျယ်ကုန်ကြပြီး ရင်ထဲ၌ တုန်လှုပ်ခြောက်ခြားသွားကြသည်။

ယခုအချိန်ကျမှ သူတို့ သဘောပေါက်လိုက်ကြသည်။ ဒါ ကျွန်းတစ်ကျွန်း မဟုတ်ပေ...။

ဤသည်မှာ ဧရာမ လိပ်ကြီးတစ်ကောင် ဖြစ်နေသည်။

သူတို့ ကျွန်းဟု ထင်ခဲ့သော အရာကြီးမှာ ရေပေါ်တွင် ပေါ်နေသော လိပ်ခွံကြီးသာ ဖြစ်သည်။

အချိန်ကာလ မည်မျှကြာအောင် နေခဲ့သည်မသိ၊ လိပ်ခွံပေါ်တွင် နှုန်းမြေများ၊ သစ်ပင်များ၊ ချုံပုတ်များ ပေါက်ရောက်နေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အဝေးက ကြည့်လျှင် ကျွန်းတစ်ကျွန်းသဖွယ် ထင်မှတ်မှားစရာ ဖြစ်နေခဲ့သည်။

"ဒါကြောင့်ကိုး... မြေပုံထဲမှာ ရှာတုန်းက ဒီလိုတောင်မျိုး ရှာမတွေ့တာ... တကယ်တော့ ဒါက တောင်မှ မဟုတ်ဘဲ" ရန်ဆန်းမင်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

ဆုန့်ဝမ်လည်း ပါးစပ်အဟောင်းသား ဖြစ်နေပြီး ငှက်ပျောသီးတစ်လုံး ဝင်ဆံ့လောက်အောင်ပင် အံ့သြမှင်သက်နေသည်။ သူမ၏ မျက်ဝန်းလှလှလေးများတွင် တုန်လှုပ်မှုများ အပြည့်ရှိနေသည်။

"ဒါ တောင်မဟုတ်ဘူး... ကျွန်းလည်း မဟုတ်ဘူး... သန္ဓေပြောင်း လိပ်ကြီးတစ်ကောင်ပဲ... ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ လိပ်ကြီးလဲ"

"ဒါကြောင့်... ဒါကြောင့်မို့ အပေါ်မှာ ပင်လယ်ရေမှော်ပင်တွေ ပေါက်နေတာကိုး... ကျွန်းပေါ်မှာ ခရုကြီးတွေ၊ ပင်လယ်ငါး သေကောင်တွေ တွေ့နေရတာ အခုမှ သဘောပေါက်တော့တယ်"

"တကယ်တော့ ဒါက ကျွန်းမဟုတ်ဘဲ ဧရာမ ပင်လယ်လိပ်ကြီး ဖြစ်နေတာကိုး"

ယခုအချိန်တွင် ဆုန့်ဝမ်သည် ကျွန်းပေါ်ရောက်စဉ်က ကြုံတွေ့ခဲ့ရသော ထူးဆန်းမှုများကို ပြန်ဆက်စပ်ကြည့်မိပြီး အဖြေရှာတွေ့သွားပြီ ဖြစ်သည်။

ထိုအရာများသည် လိပ်ကြီး ရေအောက်တွင် သွားလာစဉ် မတော်တဆ ပါလာခဲ့သော အရာများသာ ဖြစ်ပေလိမ့်မည်။

ဟွမ်ဟန်၊ ဝူချင်းနှင့် ဝမ်အန်းတို့လည်း ကြောင်အကာ စကားပင် မပြောနိုင်တော့ပေ။

ဘောလုံးကွင်း နှစ်ကွင်းစာမက ကြီးမားသော လိပ်ခွံကြီး ပိုင်ဆိုင်သည့် ဤမျှ ကြီးမားသော လိပ်ကြီးမျိုးကို မြင်ဖူးဖို့နေနေသာသာ ကြားပင် မကြားဖူးခဲ့ပေ။

သို့သော် ယခုအချိန်တွင် ထိုလိပ်ကြီးမှာ သူတို့မျက်စိရှေ့မှောက်တွင် အမှန်တကယ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

အရင်တွေ့ခဲ့ဖူးသော ပေ ၄၀၊ ၅၀ ခန့် ရှည်သည့် ရေဘဝဲကြီးသည်ပင် ဤလိပ်ကြီးနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။

"ဒီကမ္ဘာကြီးက ဒီလောက်အထိတောင် ဆင့်ကဲပြောင်းလဲနေပြီလား"

လင်းယွမ်လည်း စိတ်ထဲတွင် တုန်လှုပ်သွားသည်။

ဇီဝဆင့်ကဲပြောင်းလဲမှုတွင် လူသားများ နောက်ကျကျန်နေခဲ့သည်ဟု သူ ထင်ခဲ့ဖူးသည်။

သို့သော် ကျွန်းတစ်ကျွန်းပမာ ကြီးမားသော ဤလိပ်ကြီးကို မြင်လိုက်ရသောအခါ လူသားများသည် နောက်ကျကျန်ရစ်ခဲ့ရုံသာမက ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းပေါ်မှ ကန်ထုတ်ခံရလုနီးပါး ဖြစ်နေပြီကို သဘောပေါက်လိုက်သည်။

စိုးရိမ်ထိတ်လန့်မှုများက သူ့စိတ်အာရုံကို လွှမ်းမိုးလာသည်။

ထိုအချိန်တွင် သူသည် ကျောက်တောကြီးကဲ့သို့ ဖြစ်နေသော ကျောက်တုံးသတ္တဝါများကို သတိရလိုက်သည်။

၎င်းတို့၏ ခြေတံတိုများသည် မြေကြီးထဲသို့ စိုက်ဝင်နေသယောင် ရှိသော်လည်း...

ယခု ပြန်စဉ်းစားကြည့်လျှင် ထိုအရာများသည် မြေကြီးထဲတွင် ပေါက်နေခြင်း မဟုတ်ဘဲ လိပ်ခွံကြီးပေါ်တွင် ကပ်တွယ်နေခြင်းသာ ဖြစ်သည်။

ရုတ်တရက် လင်းယွမ် သတိရလိုက်သည်။

"လိပ်ခွံပေါ်မှာ ကပ်နေတယ်... ကျောက်တုံးလိုမျိုး အခွံမာတွေ ရှိတယ်... ဒါ... ဒါဆိုရင်... ကပ်ပါးခရုတွေပဲ မဟုတ်လား"

ကျောက်တောဟု ထင်ရလောက်အောင် များပြားလှသော ထိုအရာများက ဘာတွေလဲဆိုတာ သူ သဘောပေါက်သွားပြီ ဖြစ်သည်။

မည်းနက်သော ကျောက်တုံးပုံသဏ္ဌာန် အစုအဝေးများသည် ကြီးမားစွာ ဖွံ့ဖြိုးနေသော ကပ်ပါးခရု များပင် ဖြစ်သည်။

ကမ္ဘာပျက်ကပ် မတိုင်မီက သူသည် ပင်လယ်စာရှာဖွေသည့် ဗီဒီယိုများကို ကြည့်လေ့ရှိသည်။

ထိုဗီဒီယိုများတွင် ငါးဖမ်းသမားများက ပင်လယ်လိပ်ကြီးများကို ဖမ်းမိပြီး လိပ်ကျောခွံပေါ်တွင် ကပ်ပါးခရုများ ပြည့်နှက်နေသည်ကို တွေ့ရတတ်သည်။ ကပ်ပါးခရုများ ကပ်တွယ်ခြင်း ခံရသော လိပ်များသည် အလွန်နာကျင်ခံစားရသည်။

ထို့အပြင် ကပ်ပါးခရုများ များပြားလာသည်နှင့်အမျှ လိပ်၏ ကိုယ်အလေးချိန်မှာ ပိုမိုလေးလံလာပြီး နောက်ဆုံးတွင် ရေပေါ်မတက်နိုင်တော့ဘဲ ရေအောက်သို့ နစ်မြုပ်ကာ အသက်ဆုံးရှုံးရတတ်သည်။

ထို့ကြောင့် ငါးဖမ်းသမားအများစုသည် ထိုကဲ့သို့ လိပ်များကို တွေ့လျှင် ကျောခွံပေါ်မှ ကပ်ပါးခရုများကို ခွာချပေးလေ့ရှိသည်။

ထိုသို့ ခွာချပေးသည့် ဗီဒီယိုများကို လင်းယွမ် ကြည့်ဖူးသည်။

(Barnacles လို့ခေါ်တဲ့ ကပ်ပါးခရုတွေက ပင်လယ်လိပ် ကျောပေါ်တင်မဟုတ်ပါဘူး ဝေလငါးတို့လို ပင်လယ်သတ္တဝါတွေအပြင် သင်္ဘောတွေမှာပါ တွယ်ကပ်လေ့ရှိပါတယ်။ သင်္ဘောတွေပေါ်တွယ်ကပ်ပြီး အိပ်ဆောက်တဲ့အခါ သင်္ဘောက အလေးချိန်တိုးလာတဲ့အတွက် လောင်စာပိုကုန်တဲ့အပြင် တိုက်စားတဲ့အာနိတင်လည်းရှိပါတယ်တဲ့။ သူတို့ရှိနေရင် အကောင်ရေများရင်များသလောက် သင်္ဘောရုန်းဖို့ လောင်စာကို ၄၀% ထိ ပိုကုန်စေတယ်တဲ့။ ပင်လယ်လိပ်အိုတွေ ဒါမှမဟုတ် နေမကောင်းဖြစ်နေတဲ့ ပင်လယ်လိပ်တွေကတော့ သူတို့ကျောပေါ်ကပ်နေတဲ့အဲ့ခရုတွေကို ကိုယ့်ဟာကိုယ်မခွာနိုင်ကြဘူးတဲ့ ကျန်းမာသန်စွမ်းတဲ့ လိပ်တွေကတော့ အခွံအပေါ်ရံလွှာ လဲတာ ဒါမှမဟုတ် ကျောက်ဆောင်တွေနဲ့ပွတ်တိုက်တာလုပ်ပြီး ခွာပစ်နိုင်တယ်တဲ့။ အနောက်နိုင်ငံတွေမှာ လူတွေက အဲ့တာတွေကပ်နေတဲ့ လိပ်တွေတွေ့ရင်တော့ ဌာနကို သတင်းပေးလို့ရပြီး ဌာနက လူလွှတ်ပြီး အဲ့လိပ်ကိုဖမ်း၊ သေချာခွာ၊ ဆေးထည့်ပြီး ပြန်လွှတ်လေ့ရှိတယ်)

သို့သော် ဤဧရာမ ကျွန်းကြီးမှာ သန္ဓေပြောင်း လိပ်ကြီးတစ်ကောင်၏ ကျောခွံဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ထိုကျောက်တောများသည် တကယ်တော့ သန္ဓေပြောင်း ကပ်ပါးခရုများ ဖြစ်နေသည်။

"ဒီ သန္ဓေပြောင်း လိပ်ကြီး ရေပေါ်တက်လာတာက... လူတွေကို ဆွဲဆောင်ပြီး သူ့ကျောပေါ်က ကပ်ပါးခရုတွေကို ဖယ်ရှားပေးစေချင်လို့များလား"

"ဒါဆိုရင် ကပ်ပါးခရုတွေ ပေါက်ရောက်နေတဲ့ နေရာမှာ... လူတွေရဲ့ စိတ်ကို လွှမ်းမိုးထားတဲ့ စွမ်းအားဆိုတာက ကပ်ပါးခရုတွေဆီက လာတာမဟုတ်ဘဲ ဒီလိပ်ကြီးရဲ့ စွမ်းအား ဖြစ်နေတာပေါ့"

လင်းယွမ် အားလုံးကို ဆက်စပ်တွေးမိပြီး သဘောပေါက်သွားသည်။

ကျောက်တုံးကဲ့သို့သော ကပ်ပါးခရုများ ကွာကျသွားသောအခါ မြေကြီးအောက်မှ သွေးများ ပန်းထွက်လာသည်မှာလည်း မဆန်းတော့ပေ။

ထိုသွေးများသည် ကပ်ပါးခရု၏ သွေးမဟုတ်ဘဲ လိပ်ကြီး၏ သွေးများ ဖြစ်နေသောကြောင့်ပင်။

"ဝုန်း"

လိပ်ကြီးသည် ရေမျက်နှာပြင်ပေါ်တွင် အနည်းငယ် လှုပ်ရှားလိုက်ရာ မိုးထိအောင် မြင့်သော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။

နောက်ဆုံးတွင် ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ လှည့်ပြီး ရေနက်ရာသို့ ဦးတည် ကူးခပ်သွားတော့သည်။

လင်းယွမ်နှင့် အဖွဲ့သားများသည် စပါးအုံးမြွေ၏ ကျောပေါ်တွင် ရပ်ရင်း ထိုမြင်ကွင်းကို ငေးကြည့်နေမိသည်။

ကျွန်းငယ်တစ်ကျွန်းပမာ ကြီးမားသော လိပ်ကြီး အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း အားလုံး၏ စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားနေကြသည်။

လူသားတွေက ဒီလို ကြောက်မက်ဖွယ် ကောင်းတဲ့ သတ္တဝါကြီးတွေကို ကျော်လွန်ပြီး ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းမှာ ရှေ့ရောက်နိုင်ပါဦးမလား...။

အချိန်အတော်ကြာမှ လင်းယွမ် အရင်ဆုံး သတိပြန်ဝင်လာသည်။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများ အရောင်တောက်လာသည်။

"တခြားလူတွေ ဘယ်လိုနေမလဲတော့ ငါ မသိဘူး... ဒါပေမဲ့ ငါကတော့ ဒီ ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းရဲ့ အမြင့်ဆုံးထိပ်ဖျားမှာ မားမားမတ်မတ် ရပ်တည်နိုင်ရမယ်"

သူ့မျက်လုံးများတွင် မီးတောက်များ တောက်လောင်နေသကဲ့သို့ ပြင်းပြသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။

သူ့တွင် စနစ် ရှိနေသဖြင့် အမှတ်များ စုဆောင်းနိုင်သည်၊ ကံစမ်းမဲများ နှိုက်နိုင်သည်၊ အရည်အသွေးမှတ်များ တိုးမြှင့်နိုင်သည်။

အချိန်သာ လုံလောက်စွာ ရလျှင် သူသည် သက်ရှိသတ္တဝါ အားလုံး၏ ရှေ့ဆုံးသို့ တစ်နေ့ ရောက်ရှိလာမည်မှာ သေချာသည်။

"ဟွမ်ဟန်... အချိန်မဆွဲနဲ့... ထန်ယင်း တောင့်ခံနိုင်မှာ မဟုတ်ဘူး... ကျောက်ခိုင်ဆီ အမြန်သွားရအောင်"

လင်းယွမ် လှမ်းအော်လိုက်သည်။

ထိုအခါမှ ကျန်လူများလည်း အိပ်မက်မှ လန့်နိုးသကဲ့သို့ သတိဝင်လာကြသည်။ ရန်ဆန်းမင်လည်း ဟွမ်ဟန်ကို လှည့်ကြည့်ပြီး "ညီမဟွာ... ကျေးဇူးပြုပြီး အမြန်သွားပေးပါ" ဟု ပြောလိုက်သည်။

ဟွမ်ဟန်လည်း ခေါင်းညိတ်လိုက်ပြီး စပါးအုံးမြွေကို ပုတ်ကာ လမ်းကြောင်း ပြောင်းခိုင်းလိုက်သည်။

ဝမ်အန်းနှင့် ဆုန့်ဝမ်တို့သည် ထန်ယင်းကို အလှည့်ကျ ကုသပေးနေကြသည်။

လင်းယွမ်က အဝေးသို့ ထွက်ခွာသွားသော လိပ်ကြီးကို လှမ်းကြည့်လိုက်သည်။ လိပ်ကြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လှိုင်းလုံးကြီးများ ဆူပွက်နေသည်။

ရေစီးနှင့် မျောပါမသွားသော တိုက်အိမ်တချို့သည် လိပ်ကြီးနှင့် မတော်တဆ ထိခိုက်မိရုံဖြင့် ဝုန်းခနဲ ပြိုကျပျက်စီးသွားကြသည်။

ထိုမြင်ကွင်းကို ရန်ဆန်းမင်တို့လည်း မြင်လိုက်ရသည်။

ဝူချင်းက သက်ပြင်းချလိုက်ပြီး "အစ်ကိုလင်း ဘာလို့ တိုက်ပေါ်ကနေ ထွက်ခွာဖို့ ဒီလောက် တိုက်တွန်းခဲ့လဲဆိုတာ ကျွန်မ အခုမှ နားလည်တော့တယ်"

"ဒီလို ဧရာမ သတ္တဝါကြီးတွေ ရှေ့မှာ ကွန်ကရစ်တိုက်အိမ်တွေက သိပ်ကို ပျက်စီးလွယ်လွန်းတယ်"

"တကယ်လို့ တိုက်ပေါ်မှာပဲ ပိတ်မိနေရင် အန္တရာယ်ကြုံလာတဲ့အခါ ဘာမှပြန်လုပ်နိုင်မှာ မဟုတ်ဘူး"

ရန်ဆန်းမင်လည်း သက်ပြင်းချလိုက်ပြီး "အမှန်ပဲ... တိုက်ပေါ်မှာ ပုန်းနေတာက သေလမ်းပဲရှိတယ်... အမြန်ဆုံး ထွက်ခွာပြီး ကုန်းမြင့်ဒေသတွေဆီ သွားမှပဲ အသက်ရှင်နိုင်မယ့် လမ်းစ ရနိုင်မှာ"

"ဒါပေမဲ့ လင်ကျောင်းမြို့မှာ တောင်ကုန်းတွေက သိပ်မရှိဘူး... ရေကလည်း ဆက်တိုက် တက်နေတော့ ငါတို့ ဘယ်ကို ပြေးရမှာလဲ"

ရန်ဆန်းမင်၊ ဝူချင်း၊ ဝမ်အန်း၊ ဟွမ်ဟန်နှင့် ဆုန့်ဝမ်တို့အားလုံး စိတ်ထဲတွင် မျှော်လင့်ချက်မဲ့သလို ခံစားရသော်လည်း တစ်ဖက်တွင် ကံကောင်းသည်ဟု တွေးမိလိုက်ကြသည်။

ကံကောင်းသည်မှာ သူတို့သည် လင်းယွမ်ကို ယုံကြည်ပြီး မိန်တုဥယျာဉ်မှ ထွက်ခွာကာ ထိုက်ယန်တောင်သို့ လိုက်လာခဲ့ကြခြင်း ဖြစ်သည်။

ခရီးစဉ် မရောက်သေးသော်လည်း၊ လမ်းတွင် အန္တရာယ်မျိုးစုံ ကြုံတွေ့ခဲ့ရသော်လည်း...

ယခုအချိန်တွင် မိန်တုဥယျာဉ်မှ ထွက်ခွာလာခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း သူတို့အားလုံး ယုံကြည်လက်ခံလိုက်ကြပြီ ဖြစ်သည်။

"ကဲ... ငါတို့ သစ်ဖောင်တွေကို ရှာကြစို့"

လင်းယွမ်က တိုက်တွန်းလိုက်ပြီး စပါးအုံးမြွေ၏ ခေါင်းပေါ်သို့ ခုန်တက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

မိုးရေများကြားတွင် လှိုင်းဒဏ်ကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသော သစ်ဖောင်သုံးစင်းကို မကြာခင် သူ တွေ့လိုက်ရသည်။

သစ်ဖောင်များသည် လှိုင်းဒဏ်ကြောင့် ယိမ်းထိုးနေသော်လည်း တည်ဆောက်ပုံ ကောင်းမွန်သဖြင့် မှောက်သွားခြင်း မရှိပေ။

ထိုမြင်ကွင်းကို ကြည့်ပြီး လင်းယွမ် သက်ပြင်းချနိုင်တော့သည်။

အားဟွမ်သည် ရေပြင်ပေါ်တွင် လှိုင်းခွဲကာ လျင်မြန်စွာ ကူးခပ်ပြီး သစ်ဖောင်များအနီးသို့ ရောက်ရှိသွားသည်။

ကျောက်ခိုင်နှင့် အခြားသူများသည် အားဟွမ်ကို မြင်လိုက်ရသောအခါ သန္ဓေပြောင်းသတ္တဝါကြီး ထင်ပြီး ထိတ်လန့်သွားကြသည်။

သို့သော် မြွေပေါ်တွင် လင်းယွမ်နှင့် အဖွဲ့သားများ ပါလာသည်ကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။

ဆက်ရန်...

အပိုင်း (၁၈၈) ချန်ညီအစ်ကို

"အစ်ကိုလင်း"

"မောင်လေး"

"လင်းယွမ်"

ရန်မေ၊ တင်းယန်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ယှက်သန်းလာကာ လှမ်းအော်ခေါ်လိုက်ကြသည်။

လင်းယွမ်က ရွှေအိုရောင် စပါးအုံးမြွေကြီးပေါ်မှ သစ်ဖောင်ပေါ်သို့ ခုန်ဆင်းလိုက်ပြီး လူအများကို ဝေ့ဝဲကြည့်ရှုရင်း မေးလိုက်သည်။

"အားလုံး အဆင်ပြေကြရဲ့လား"

"ပြေပါတယ်... ပြေပါတယ်... နင်တို့ရော အဆင်ပြေကြရဲ့လား... ဆုန့်ဝမ်ရော"

ရန်မေက အလျင်စလို မေးလိုက်သည်။

"အမမေ... ကျွန်မ ဒီမှာပါ"

ဆုန့်ဝမ်က စပါးအုံးမြွေကြီးပေါ်မှ လျှောဆင်းလာကာ ပြုံးရွှင်စွာ လက်လှမ်းပြလိုက်သည်။

အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြရာ လင်းယွမ်က ကျောက်ခိုင်ကို ချက်ချင်း လှမ်းခေါ်လိုက်သည်။

"ကျောက်ခိုင်... မြန်မြန်လာ... လူကယ်ရမယ်"

ကျောက်ခိုင်မှာ ကြောင်အမ်းအမ်းဖြစ်သွားပြီး အပြေးအလွှား ရောက်ရှိလာသည်။

"လူကယ်ရမယ်... ကျွန်တော်မှ မကယ်တတ်တာ... ဘာတွေဖြစ်ကုန်တာလဲ"

"ထန်ယင်းရဲ့ ဒဏ်ရာက သွေးမတိတ်ဘူး... မင်းရဲ့ ရေခဲအစွမ်းနဲ့ ကူပြီး သွေးတိတ်အောင် လုပ်ပေးမှရမယ်... ဒဏ်ရာကို ရေခဲနဲ့ ပိတ်ပေးလိုက်"

"သူ့ဒဏ်ရာတွေက အပေါ်ယံတွေ... သွေးတိတ်သွားတာနဲ့ ဆုန့်ဝမ်နဲ့ ဝမ်အန်း နှစ်ယောက်ပေါင်းပြီး ကုပေးရင် အသက်ပြန်ရှင်ဖို့ မျှော်လင့်ချက်ရှိတယ်"

ရန်ဆန်းမင်က အလျင်စလို ရှင်းပြလိုက်သည်။

ကျောက်ခိုင်က ခေါင်းတစ်ချက် ဆတ်လိုက်သည်။

"သိပြီ... လူကို ခဲစေတဲ့ နေရာမှာတော့ ငါကျွမ်းတယ်"

ဝမ်အန်းက ဘယ်လိုနည်းဖြင့် ကုသပေးနိုင်သည်၊ ရွှေအိုရောင် စပါးအုံးမြွေကြီးက ဘယ်လိုဖြစ်လာသည် ဆိုသည်တို့ကို သူ မေးမြန်းမနေတော့ပေ။

ထို့နောက် သူ၏ လက်နှစ်ဖက်ဖြင့် ထန်ယင်း၏ ကျောပြင်မှ ဒဏ်ရာကို ဖိကပ်လိုက်ပြီး ရေခဲအစွမ်းကို ထုတ်ဖော်လိုက်လေသည်။

ချက်ချင်းပင် ရေခဲမြူမှုန်အများအပြား မှုတ်ထုတ်လာပြီး ဒဏ်ရာကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။ သွေးသံရဲရဲ ဒဏ်ရာသည် မျက်စိရှေ့မှောက်၌ပင် ရေခဲဖုံးသွားလေသည်။ သွေးစီးဆင်းမှု ရပ်တန့်သွားပြီး ဒဏ်ရာမှ သွေးမထွက်တော့ပေ။

ဆုန့်ဝမ်ကလည်း ချက်ချင်းပင် သူမ၏အစွမ်းကို ထုတ်ဖော်၍ ကုသမှု စတင်ပေးသည်။ ဝမ်အန်းကမူ ရေခွက်ထဲရှိ ရေကို ကုသမှုအာနိသင် တိုးမြှင့်အောင် ဆက်လက်ပြုလုပ်ပေးနေသည်။

ထိုနှစ်ယောက် ပူးပေါင်းလိုက်သောအခါ မူလက မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော ထန်ယင်း၏ မျက်နှာတွင် သွေးရောင်အနည်းငယ် ပြန်လည် လွှမ်းမိုးလာသည်။

လူအုပ်ကြီးထဲတွင် လူတိုင်းက တီးတိုး ပြောဆိုနေကြသည်။

"ဝမ်အန်းလည်း အစွမ်းနိုးလာတာလား... သူ့လက်နှစ်ဖက်က အလင်းတွေ ထွက်နေတယ်"

"ဟွမ်ဟန်လည်း အစွမ်းနိုးလာပုံပဲ... ကြည့်ပါဦး... သူ့ရဲ့ ရွှေအိုရောင် စပါးအုံးမြွေကြီးက ကြီးလိုက် သေးလိုက် လုပ်လို့ရနေတယ်"

"အဲ့ဒီကျွန်းပေါ်မှာ တကယ် သန္ဓေပြောင်းအသီးတွေ ရှိတာပဲ"

"ခေါင်းဆောင်မာနဲ့ ခေါင်းဆောင်ချိုင်တို့ကတော့ အစွမ်းနိုးထမလာဘူး ထင်တယ်"

"ဟုတ်တယ်... သူတို့ ဒဏ်ရာတောင် ရလာသေးတယ်... ကျွန်းပေါ်မှာ တော်တော် အန္တရာယ်များပုံပဲ"

"ဒါပေါ့... ဘာပဲဖြစ်ဖြစ် လိုချင်ရင် ပြန်ပေးဆပ်ရတာကိုး"

"ဒါနဲ့ ဒီတစ်ခေါက် ကျွန်းပေါ်တက်သွားတာ လူအယောက် (၃၀) (၄၀) လောက်ရှိမယ်... ပြန်ရောက်လာတာ (၁၀) ယောက်ကျော်ပဲ ရှိပါလား"

"ကျန်တဲ့လူတွေ သေကုန်ကြပြီလား"

ခဏမျှကြာသော် လူအများမှာ တိတ်ဆိတ်သွားကြသည်။ ထိုဧရာမ လိပ်ကျွန်းကြီး ရေအောက်သို့ ရုတ်တရက် နစ်မြုပ်သွားခြင်းကြောင့် လူအများအပြား ထိုနေရာ၌ပင် သေဆုံးခဲ့ကြရပုံ ပေါ်သည်။

ဤသန္ဓေပြောင်းအသီးကို ရယူရန်မှာ ထင်သလောက် မလွယ်ကူလှချေ။

ထန်ယင်း၏ ဒဏ်ရာ အခြေအနေ တည်ငြိမ်လာသည်ကို မြင်မှ လင်းယွမ်က သစ်ဖောင်ကို ငြိမ်အောင် ထိန်းခိုင်းကာ ခရီးဆက်ရန် ညွှန်ကြားလိုက်သည်။

ဦးလေးမာ၊ ချိုင်ကြည်နှင့် အခြားသူများမှာ စိတ်ဓာတ်ကျနေသည့်အလား ထောင့်တစ်နေရာတွင် မှိုင်တွေစွာ ထိုင်နေကြသည်။

လျှိုဖိန်ဖိန်၏ ဘေးတွင် ဟူဝေမင်၏ ဇနီးဖြစ်သူ လျှိုရှုချင်းက မျက်လုံးများ နီရဲနေပြီး မျက်ရည်များကို မရပ်မနား သုတ်ဖယ်နေရှာသည်။ သားဖြစ်သူ ဟူတုတုမှာ အသက်အရွယ် ငယ်သော်လည်း အလိုက်သိတတ်သော အရွယ် ရောက်နေပြီ ဖြစ်သည်။ မိခင်ဖြစ်သူ လျှိုရှုချင်း ငိုကြွေးနေသည်ကို မြင်သောအခါ သူလည်း ရှိုက်ကြီးတငင် အော်ဟစ်ငိုကြွေးလေတော့သည်။

"အီး... ဟီး... ဟီး... မေမေ... ဖေဖေရော... ဖေဖေ ပြန်မလာတော့ဘူးလား"

သူ၏ ကလေးသံ ပါသော မေးခွန်းကြောင့် လျှိုရှုချင်း၏ မျက်ရည်များ ပိုမို စီးကျလာကာ သားဖြစ်သူ၏ ကိုယ်လုံးသေးသေးလေးကို ဖက်လျက် အသည်းကွဲမတတ် ငိုကြွေးလေသည်။

လျှိုတနန်က ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ရည်စများ ဝဲလာကာ လျှိုဖိန်ဖိန်ကို လှမ်းကြည့်လိုက်သည်။ လျှိုဖိန်ဖိန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ ဖခင်ကို တားဆီးထားခဲ့မိသည်မှာ ကံကောင်းလေစွ။

ထိုအချိန်က ဟူဝေမင်သည် ကံစမ်းရန် ကျွန်းပေါ်သို့ တက်ချင်ခဲ့သည်။ သူမ၏ ဖခင်ကလည်း လိုက်သွားချင်ခဲ့သော်လည်း သူမက တားဆီးထားခဲ့ခြင်း ဖြစ်သည်။ မိသားစုတစ်စုအနေဖြင့် သူမတွင် သန္ဓေပြောင်းစွမ်းရည် နိုးထလာပြီးဖြစ်ရာ ဖခင်ဖြစ်သူအနေဖြင့် စွန့်စားရန် မလိုအပ်တော့ဟု ခံယူထားသည်။ အချိန်တန်လျှင် သဘာဝအတိုင်း အစွမ်းနိုးထလာမည်ကို စောင့်ဆိုင်းရုံပင်။

ဟူဝေမင်မှာမူ မိသားစုတစ်ခုလုံးကို ရှာဖွေကျွေးမွေးရသူ ဖြစ်သောကြောင့် ဤကပ်ဘေးကာလတွင် မတတ်သာဘဲ ခေါင်းမာမာဖြင့် ထွက်ကာ စွန့်စားခဲ့ရခြင်း ဖြစ်သည်။

ဝမ်းနည်းပက်လက် ဖြစ်နေသူများမှာ သူတို့တင် မဟုတ်ပေ။

တာအိုဆရာလင်း၏ ဘေးတွင်လည်း ကျူးလင်လင်မှာ မျက်လုံးများ နီရဲနေပြီး တရှုံ့ရှုံ့ ငိုကြွေးနေသည်။ သူမ၏ သူငယ်ချင်းကောင်းများဖြစ်သော ယွီရှောင်ယန်နှင့် လျန်မင်ရှုတို့ ပြန်မလာကြပေ။ ထိုရေလွှမ်းမိုးမှုကြီးထဲတွင် သေဆုံးသွားကြပြီဟုသာ ယူဆရသည်။

တာအိုဆရာလင်းက သူမ၏ ခါးလေးကို ဖက်လျက် အခွင့်ကောင်းယူကာ နှစ်သိမ့်ပေးနေသည်။ ကျူးလင်လင်က သူ၏ ရင်ခွင်ထဲသို့ တဖြည်းဖြည်း မှီတွယ်ကျသွားသည်။

ထောင့်တစ်နေရာတွင် ဦးလေးမာ၏ မျက်နှာမှာ ညှိုးငယ်နေပြီး ရုတ်တရက် အသက်အများကြီး ပိုကြီးသွားသကဲ့သို့ ဖြစ်နေသည်။ သူက ဇနီးသည် အဒေါ်ကြီးလီ၏ လက်ကို ဆုပ်ကိုင်ထားရင်း သက်ပြင်းချလိုက်သည်။

"အသက်ကြီးသွားပြီ... အသက်ကြီးသွားပြီ... ဘာမှ သုံးမရတော့ဘူး"

အဒေါ်ကြီးလီက နှစ်သိမ့်လိုက်သည်။

"ကိုမာရယ်... ဒါတွေက ကံတရားပါ... ရှေးလူကြီးတွေ ပြောသလို အသက် (၇၀) ဆိုတာ ရှားပါးတဲ့အရွယ်ပါ... ကျွန်မတို့နှစ်ယောက်လုံးလည်း အသက် (၅၀) ကျော်နေပြီပဲ... မရှုံးပါဘူး"

"ကျွန်မတို့ အဖေ၊ အဘိုးတွေ ခေတ်ကို ပြန်စဉ်းစားကြည့်လေ... အဲ့ဒီခေတ်က အငတ်ဘေးတွေ၊ ရေဘေးတွေနဲ့ အသက် (၅၀) အထိ နေရတဲ့သူတောင် ရှားတယ်... သူတို့နဲ့ ယှဉ်ရင် ကျွန်မတို့က ကံကောင်းလွန်းနေပါပြီ"

"ကျွန်မဘဝမှာ လက်ပတ်နီ ဝတ်ခဲ့ဖူးတယ်... ယောက်ျားကောင်း တစ်ယောက်နဲ့ ပေါင်းဖက်ခွင့် ရခဲ့တယ်... ဒါဆို လုံလောက်ပါပြီ"

သူမ၏ မျက်နှာပေါ်တွင် မေတ္တာရိပ်သမ်းသော အပြုံးတစ်ခု ပေါ်လာပြီး ဦးလေးမာနှင့်အတူ လူငယ်ဘဝက ချစ်ခင်စုံမက်ခဲ့ရပုံများကို ပြောပြနေလေသည်။

ဦးလေးမာ၏ စိတ်ပျက်အားငယ်နေမှုများမှာလည်း ထိုအမှတ်တရများကြားတွင် တဖြည်းဖြည်း ပြေပျောက်သွားသည်။ သူ၏ မျက်နှာပေါ်တွင်လည်း အပြုံးရိပ်များ ပြန်လည် ထင်ဟပ်လာသည်။

အတိုင်းအဆမဲ့ ရေပြင်ကျယ်ကြီးနှင့် သည်းထန်စွာ ရွာသွန်းနေသော မိုးကို ငေးကြည့်ရင်း၊ ဘေးပတ်ဝန်းကျင်မှ လူငယ်မျက်နှာလေးများကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် ရုတ်တရက် ဖြေသာသွားသည်။

အနည်းဆုံးတော့ သူသည် အသက် (၅၀) ကျော်အထိ နေခဲ့ရပြီ။ လိပ်ကျွန်းကြီးပေါ်တွင် သေဆုံးသွားခဲ့ကြသူများထဲတွင် အသက် (၂၀) ကျော် လူငယ်လေးများ ဘယ်လောက်တောင် ပါသွားလိုက်မလဲ။

သူက စုတ်သပ်ကာ ခေါင်းခါလိုက်ပြီး ချိုင်ကြည် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ချိုင်ကြည်မှာ ခေါင်းငိုက်စိုက်ကျလျက် စိတ်ပျက်လက်ပျက် ဖြစ်နေဆဲပင်။ သူ၏ ဇနီး ဝူချင်းနှင့် သမီး ချိုင်ယောင်တို့က ဘယ်ပြန်ညာပြန် ဝိုင်းဝန်း နှစ်သိမ့်ပေးနေကြသည်။

သို့သော် သူက ပို၍ မွန်းကြပ်ဒေါသထွက်လာပုံ ရသည်။ ရုတ်တရက် မျက်နှာကို အုပ်ကာ ငိုကြွေးလိုက်ပြီး မိမိပါးကို ပြန်ရိုက်လိုက်လေသည်။

ဦးလေးမာက သက်ပြင်းချလိုက်သည်။ ချိုင်ကြည်၏ ခံစားချက်ကို သူ နားလည်သည်။ သားမယားကို ကာကွယ်မပေးနိုင်သည့် မိမိကိုယ်ကိုမိမိ အသုံးမကျဟု ယူဆကာ နာကြည်းနေခြင်း ဖြစ်ပေလိမ့်မည်။ ထိုခံစားချက်ကို သူ နားလည်ပေးနိုင်သည်။

သစ်ဖောင်ပေါ်ရှိ လူအမျိုးမျိုး စိတ်အထွေထွေကို လင်းယွမ်က ကြည့်ရှုရင်း အတွေးများ များပြားကာ ခံစားချက်များ ရှုပ်ထွေးနေသည်။

ဘဝဆိုသည်က ဤသို့ပင် ဖြစ်သည်။

သူ၏ စိတ်ထဲတွင် လုတရုံကို သတိရသွားသည်။ ထိုဖခင်သည် သမီးဖြစ်သူအတွက် သန္ဓေပြောင်းအသီး တစ်လုံး ရရှိရန် ရည်ရွယ်ချက်ဖြင့် ကျွန်းပေါ်သို့ ပြတ်ပြတ်သားသား တက်လှမ်းသွားခဲ့သူ ဖြစ်သည်။

နွံအိုင်ထဲ ကျွံကျဖူးသလို သေဘေးနှင့်လည်း ကြုံခဲ့ရသော်လည်း လက်မလျှော့ခဲ့ပေ။ တစ်ကိုယ်တော် တိုက်ပွဲဝင်ရင်း ကျွန်း၏ အခြားတစ်ဖက်သို့ ဝင်ရောက်သွားခဲ့ရာ ယခုလောက်ဆိုလျှင်....

လင်းယွမ်က နောက်သို့ လှည့်ကြည့်လိုက်ရာ လူအုပ်ကြားထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသော လုယွီယန်ကို တွေ့လိုက်ရသည်။ သူမသည် ကျွန်းပေါ်မှ ပြန်လာသော သူများကို ဆွဲကာ "အ... အ..." ဟု အသံပြုရင်း လက်ဟန်ခြေဟန်ဖြင့် တစ်စုံတစ်ခုကို မေးမြန်းနေရှာသည်။

သို့သော် လူများက သူမ၏ အသံအ,အ နှင့် လက်ဟန်များကို နားမလည်ကြပေ။ သူမသည် လူအုပ်ထဲတွင် မျက်ရည်များ စီးကျလျက် အလွန်အမင်း အားကိုးရာမဲ့နေရှာသည်။

လင်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘေးနားရှိ တုံယန်ကို စကားအနည်းငယ် ပြောလိုက်သည်။ တုံယန်က လုယွီယန်ကို ကြည့်လိုက်၊ လင်းယွမ်ကို ကြည့်လိုက်ဖြင့် ခေါင်းညိတ်ပြသည်။

"ကျွန်မကို လွှဲထားလိုက်ပါ အစ်ကိုလင်း"

"အင်း... သွားလိုက်ပါဦး"

တုံယန် ထွက်သွားသည်ကို ကြည့်ရင်း လင်းယွမ်က လူအများကို ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်တွေ... လူဦးရေ စစ်ကြည့်ကြပါ... လူဘယ်လောက် ပျောက်နေလဲဆိုတာ ကြည့်လိုက်ပါဦး"

ခေါင်းဆောင်အသီးသီးမှာ လေးလံသော မျက်နှာထားများဖြင့် လူဦးရေ စစ်ဆေးကြသည်။ မကြာမီတွင် လင်းယွမ်ထံသို့ တိကျသော စာရင်း ရောက်လာသည်။

ဒီတစ်ခေါက်တွင် လူပေါင်း (၂၀) ကျော် ဆုံးရှုံးခဲ့ရသည်။ ထိုလူများ၏ အလောင်းများကိုပင် ပြန်ရှာမတွေ့နိုင်တော့ဘဲ ဧရာမလိပ်ကြီးနှင့်အတူ ရေစီးကြမ်းထဲတွင် အပြီးအပိုင် ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ထိုအထဲတွင် လင်းယွမ် သိကျွမ်းသော ဝမ်လီလီ၊ ကျန်းဖုန်း၊ လျန်မင်ရှု၊ ယွီရှောင်ယန် အစရှိသူတို့ ပါဝင်သည်။

လင်းယွမ်က လှိုင်းလေထန်နေသော ရေပြင်ကြီးကို ငေးကြည့်ရင်း စိတ်နှလုံး လေးလံနေသည်။

"သူတို့ကို စွန့်စားပြီး ကျွန်းပေါ် မတက်ခိုင်းလိုက်ရမှာ"

တင်းယန်က သူ၏ ဘေးသို့ ရောက်လာပြီး သူ ဘာတွေးနေသည်ကို နားလည်ဟန် ရှိသည်။

"ဒါ သူတို့ရဲ့ ရွေးချယ်မှုပဲလေ... ကျွန်းပေါ်မှာ အန္တရာယ်များတယ်၊ အသက်အန္တရာယ် ရှိနိုင်တယ်လို့ ရှင် အစကတည်းက သတိပေးခဲ့ပြီးသားပဲ"

"ပြီးတော့ ကျွန်မတို့ကိုယ်တိုင် ကျွန်းပေါ်တက်ပြီး လိုက်ကယ်ခဲ့ကြတာပဲ... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့"

လင်းယွမ်က သက်ပြင်းချလိုက်သည်။

"ငါက လူတွေ သိပ်ပြီး လောဘကြီးခဲ့ကြတာကို တွေးမိပြီး စိတ်မကောင်းဖြစ်ရုံပါ"

"ဒီလောက် ဘာမှန်းမသိရတဲ့ ကျွန်းတစ်ကျွန်းကို ဘယ်လိုများ လွယ်လွယ်ကူကူ ယုံကြည်လိုက်ကြတာလဲ"

"ပြောရရင်တော့ ငါတို့ရဲ့ သတိတရားကို လောဘက အနိုင်ယူသွားခဲ့တာပဲ"

"ငါ့ကိုယ်ငါ ပြန်သုံးသပ်နေတာပါ"

တင်းယန်ကလည်း သက်ပြင်းချလိုက်သည်။

"ဟုတ်တယ်... လောဘစိတ်ကြောင့်ပဲ... ကျွန်းပေါ်မှာ ပြဿနာရှိမှန်း သိရက်နဲ့ ဘယ်သူမှ ကိုယ့်စိတ်ဆန္ဒကို မထိန်းချုပ်နိုင်ခဲ့ကြဘူး... အားလုံးက အစွမ်းတွေ နိုးထချင်နေကြတာကိုး"

"အခုကစပြီး ထိုက်ယန်တောင်ကို မရောက်မချင်း ဘယ်နေရာမှာမှ မရပ်နားကြနဲ့တော့"

လင်းယွမ်က တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။ အားလုံးက ခေါင်းညိတ်ထောက်ခံကြသည်။ မည်သူမျှ မလိုလားအပ်သော ပြဿနာများကို ထပ်မကြုံချင်ကြတော့ပေ။

ရေလွှမ်းမိုးမှု လှိုင်းလုံးကြီးများမှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ဧရာမလိပ်ကြီး ပျောက်ကွယ်သွားသည်နှင့်အမျှ အနီးနားရှိ ရေပြင်မှာလည်း တည်ငြိမ်သွားခဲ့သည်။ ကောင်းကင်ယံတွင် တိုက်ခတ်နေသော မိုးသက်လေပြင်းများသာ ကျန်ရစ်တော့သည်။

သစ်ဖောင် သုံးစင်းသည် ထိုက်ယန်တောင် ရှိရာသို့ ဦးတည် ရွေ့လျားနေကြသည်။

သစ်ဖောင်များ ဝေးကွာသွားသည်နှင့်အမျှ ငြိမ်သက်နေသော ရေပြင်အောက်မှ ရုတ်တရက် ရေပန်းတစ်ခု ထိုးထွက်လာသည်။ ထို့နောက် ရေအောက်မှ လူသုံးယောက် ပေါ်လာကြသည်။

သူတို့သည် ရေပန်းကို နင်းလျက် ဝေးကွာသွားသော သစ်ဖောင်များကို ကြည့်ကာ အော်ဟစ်လိုက်ကြသည်။

"နေဦး... နေကြပါဦး"

"ဆရာလင်း... ဆရာလင်း... ကျွန်မတို့ မသေသေးဘူး... ကျွန်မတို့ မသေသေးပါဘူးရှင်"

"မြန်မြန်... လျန်မင်ရှု... မြန်မြန် လိုက်ပါဟ"

ရေပန်းကို ထိန်းချုပ်ထားသော လျန်မင်ရှုက အံကိုကြိတ်၍ ရေပန်းကို တွန်းပို့ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်လာပြီး ခန္ဓာကိုယ်အတွင်းမှ အားကုန်ခမ်းသော ခံစားချက်များ ဝင်ရောက်လာသည်။

"မဖြစ်တော့ဘူး... ကျွန်မအစွမ်းတွေ ကုန်နေပြီ... ကျွန်မ ဆက်မထိန်းနိုင်တော့ဘူး... တစ်နေရာရာမှာ အရင် နားကြရအောင်"

လျန်မင်ရှုက အလျင်စလို အော်ပြောလိုက်သည်။

ဝမ်လီလီက မျက်နှာပျက်ယွင်းစွာဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ရာ ရုတ်တရက် ရှေ့တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။

"ဟိုမှာ ရေလွှာလျှောစီးဘုတ်ပြား တစ်ခု ရှိတယ်"

လျန်မင်ရှုက ဘာမှပြန်မပြောတော့ဘဲ ရေစီးကြောင်းကို ထိန်းချုပ်ကာ သူတို့သုံးယောက်ကို တွန်းပို့လိုက်ပြီး ဘုတ်ပြားရှိရာသို့ အမြန်သွားလိုက်သည်။

သုံးယောက်သား ဘုတ်ပြားပေါ်သို့ အလျင်စလို တက်လိုက်ကြသည်။

လုတရုံက ဘုတ်ပြားပေါ် ရောက်သည်နှင့် လက်နှစ်ဖက်ဖြင့် ရေကို ယက်ခပ်ကာ အမည်းစက်ကလေး ဖြစ်လုနီးပါး ဝေးကွာသွားသော သစ်ဖောင်ကို စိတ်လှုပ်ရှားစွာ လှမ်းကြည့်လိုက်သည်။

"မြန်မြန်... မြန်မြန်... အခုလိုက်ရင် မီသေးတယ်... မြန်မြန်လုပ်"

သူက စိတ်လောကြီးစွာ အော်ပြောသည်။

သို့သော် ဝမ်လီလီက ရုတ်တရက် အော်ဟစ်လိုက်သည်။

"မသွားရဘူး... ကျန်းဖုန်းကို ရှာမတွေ့သေးဘူး... ငါ သူ့ကို ပစ်မထားခဲ့နိုင်ဘူး"

လုတရုံက ဒေါသတကြီး ပြန်ပြောသည်။

"ငါ့သမီး သစ်ဖောင်ပေါ်မှာ ပါသွားတယ်... ငါလည်း သူ့ကို တစ်ယောက်တည်း ပစ်မထားနိုင်ဘူး"

ဝမ်လီလီက ဒေါသဖြင့် အော်ဟစ်သည်။

"သွားချင်ရင် နင်တစ်ယောက်တည်း သွား... ဒီဘုတ်ပြားက ငါတွေ့တာ"

လုတရုံမှာ ဒေါသအလွန်ထွက်သွားပြီး လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်နှစ်ဖက်ပေါ်တွင် အစိမ်းရောင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။

ဤအစိမ်းရောင် အလင်းတန်းသည် ဆုန့်ဝမ် အစွမ်းထုတ်စဉ်က မြင်ရသော အလင်းနှင့် အလွန်တူညီသည်။ သူသည်လည်း တစ်စုံတစ်ရာသော အစွမ်း နိုးထလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ဝမ်လီလီကလည်း အလျှော့မပေးပေ။ သူမ၏ ကိုယ်ပေါ်မှ အစိမ်းရောင် အလင်းနုများ ထွက်ပေါ်လာသည်။ သူမ၏ ပတ်လည်တွင် လေစီးကြောင်းများ ဝေ့ဝဲတိုက်ခတ်လာသည်။

ထိုအခြေအနေကို မြင်သောအခါ လျန်မင်ရှုက မျက်လုံးကို ကစားလိုက်ပြီး အလျင်စလို ဝင်ပြောလိုက်သည်။

"နှစ်ယောက်လုံး... နှစ်ယောက်လုံး... စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့... ကျွန်မအမြင် ပြောရရင် အခုချိန်မှာ သစ်ဖောင်ကို လိုက်မီဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"

"ကျွန်မတို့ရဲ့ အမြန်နှုန်းနဲ့ဆိုရင် မောသေတဲ့အထိ လိုက်ရင်တောင် ဆရာလင်းတို့ကို မီတော့မှာ မဟုတ်ဘူး... အရေးကြီးတာက ခြေချစရာ နေရာတစ်ခု အရင်ရှာဖို့ပဲ"

"အစ်ကိုလု... ဆရာလင်းတို့ရဲ့ ပန်းတိုင်က ထိုက်ယန်တောင်လေ... သူတို့ ဘယ်သွားမလဲဆိုတာ သိနေတာပဲ... နောက်ကျရင် ရှာတွေ့မှာပါ"

"အစ်ကို့သမီးက ဆရာလင်း အနားမှာဆိုရင် အနိုင်ကျင့်ခံရမှာ မဟုတ်ပါဘူး... ဆရာလင်းက လူကောင်းတစ်ယောက်ပါ... သေချာပေါက် စောင့်ရှောက်ထားပေးမှာပါ"

"ကျွန်မတို့ နားခိုစရာ နေရာရှာတွေ့ပြီး သစ်ဖောင်တစ်စင်းလောက် လုပ်နိုင်ရင် ထိုက်ယန်တောင်ကို တန်းသွားပြီး သူတို့ကို ရှာလိုက်ရုံပဲ မဟုတ်လား"

"လီလီ... နင်လည်း စိတ်မလောပါနဲ့... ကျန်းဖုန်းက အဲ့ဒီကျွန်းပေါ်မှာ အစွမ်းနိုးထလာတယ်ဆိုရင် အသက်ရှင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်... ငါတို့ ထပ်ရှာကြတာပေါ့... စိတ်လိုက်မာန်ပါ လုပ်ပြီး ဘုတ်ပြားမှောက်သွားရင် ရေအောက်က သန္ဓေပြောင်းသတ္တဝါတွေနဲ့ တိုးပြီး အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်"

တင်းမာနေသော အခြေအနေကို လျန်မင်ရှုက ဖြန်ဖြေပေးလိုက်သည်။

ဝမ်လီလီက ဒေါသကို လျှော့ချလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ လုတရုံကို ဂရုမစိုက်တော့ဘဲ ရေပြင်ကို စူးစိုက်ကြည့်ရှုရင်း အံ့ဖွယ်တစ်ခု ဖြစ်လာမည့်အရေးကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည်။

လုတရုံက အံကိုကြိတ်၍ ဝမ်လီလီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ရေထဲသို့ ခုန်ချလိုက်လေသည်။

ထို့နောက် ရေလွှမ်းမိုးမှုကြီးထဲတွင် ကူးခတ်သွားလေတော့သည်။

မကြာမီတွင် မျောပါလာသော သစ်သားပြား တစ်ချပ်ကို ဖမ်းဆွဲမိပြီး အပေါ်သို့ တက်ကာ လက်ခြေလေးဖက်ဖြင့် အားကုန်ခတ်၍ သစ်ဖောင်နောက်သို့ လိုက်လေသည်။

လျန်မင်ရှုက မနေနိုင်ဘဲ လှမ်းအော်လိုက်သည်။

"အစ်ကိုလု... အလကား အပင်ပန်းမခံပါနဲ့တော့... အဲ့ဒီလိုသွားလို့ ဆရာလင်းတို့ကို မီမှာ မဟုတ်ဘူး"

လုတရုံက မကြားချင်ယောင်ဆောင်ကာ ဒေါသတကြီး ဆက်လက် ကူးခတ်နေသည်။ သို့သော် ရေလှိုင်းများ နိမ့်လိုက်မြင့်လိုက် ဖြစ်နေပြီး ကိုက် (၂၀) ခန့် ရောက်အောင် မနည်းသွားလိုက်ရသော်လည်း လှိုင်းတစ်လုံး ပုတ်လိုက်သည်နှင့် မူလနေရာသို့ ပြန်ရောက်လာသည်။

လုတရုံမှာ ဒေါသထွက်လွန်းသဖြင့် ရေပြင်ကို လက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး မျက်လုံးများ နီရဲလျက် အော်ဟစ်လိုက်သည်။

"နည်းနည်းလေးပဲ လိုတော့တာ... နည်းနည်းလေးပဲ လိုတော့တာကွာ"

သူက သစ်သားပြားပေါ်တွင် မှောက်လျက် လျန်မင်ရှု၏ ခေါ်သံကို ဂရုမစိုက်တော့ဘဲ ရေစီးအတိုင်း မျောပါသွားလေတော့သည်။

ရေစီးနှင့်အတူ သုံးယောက်သားမှာ လမ်းခွဲလျက် တဖြည်းဖြည်း ဝေးကွာသွားကြသည်။

လျန်မင်ရှုက ဝမ်လီလီကို ကြည့်ကာ ဖျောင်းဖျလိုက်သည်။

"လီလီရေ... ဒီလောက်ကြာနေပြီဆိုတော့ ကျန်းဖုန်းလည်း ပြန်တက်မလာနိုင်တော့လောက်ဘူး... ငါတို့ ရေထဲမှာ ဆက်နေရင် အရမ်း အန္တရာယ်များတယ်"

ဝမ်လီလီက မျက်လုံးများ နီရဲနေပြီး သူမကို ဂရုမစိုက်ပေ။

လျန်မင်ရှုမှာ မတတ်သာသဖြင့် ထပ်မံ ပြောဆိုရပြန်သည်။

"ဟိုဖက်မှာ လူနေရပ်ကွက်တစ်ခု ရှိပုံရတယ်... ငါတို့ ဟိုဖက်သွားပြီး နားခိုစရာ ရှာကြမလား... ကျန်းဖုန်းသာ အသက်ရှင်နေသေးရင် အနီးဆုံး တိုက်ခန်းတွေဆီ ကူးသွားမှာ သေချာတယ်"

"ဒီအချိန်ဆို ဟိုဖက်ကို ရောက်နေလောက်ပြီ"

ထိုစကားကြောင့် ဝမ်လီလီ၏ စိတ်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်သမ်းလာပြီး မော့ကြည့်လိုက်သည်။

"နင်... နင်ပြောတာ ဟုတ်တယ်... ဟုတ်တယ်... ကျန်းဖုန်းက အနီးအနားက တိုက်တွေဆီ ကူးသွားမှာပဲ"

"သွားမယ်... ငါတို့ အဲ့ဒီတိုက်တွေဆီ သွားရှာကြမယ်"

လျန်မင်ရှုမှာ သက်ပြင်းချလိုက်နိုင်ပြီး အလျင်စလို ပြောလိုက်သည်။

"ရေစီးကြောင်းကို ငါထိန်းလိုက်မယ်"

သူမက လက်နှစ်ဖက်ကို ရိုက်ခတ်လိုက်ရာ ရေစီးကြောင်းများ ရုတ်တရက် လှုပ်ရှားလာပြီး ရေလမ်းကြောင်း နှစ်ခုက သူမ၏ လက်ဟန်အတိုင်း အရှိန်ပြင်းပြင်း စီးဆင်းလာသည်။ ရေစီးကြောင်းက ဘုတ်ပြားကို တွန်းပို့လိုက်ရာ အရှိန်ဖြင့် ရှေ့သို့ ရွေ့လျားသွားသည်။

လေကိုခွင်း ရေကိုခွင်းလျက် အဝေးမှ တိုက်မြင့်ကြီးများဆီသို့ လျင်မြန်စွာ ဦးတည်သွားကြလေသည်။

......

သုံးနာရီခန့် ကြာပြီးနောက် မိုးကုပ်စက်ဝိုင်းမှာ တဖြည်းဖြည်း မှောင်ရီပျိုးလာသည်။ မူလကပင် မှိုင်းညို့နေသော ကောင်းကင်ကြီးသည် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ညအမှောင်ထု အတွင်းသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သစ်ဖောင် သုံးစင်းပေါ်တွင် နေကြာပန်း နှစ်ပွင့်သည် ရေပြင်ပေါ်မှ မီးပြတိုက်သဖွယ် ထွန်းလင်းနေသည်။ နွေးထွေးသော အလင်းရောင်သည် သစ်ဖောင်များနှင့် အနီးနားရှိ ရေပြင်ကို လင်းထိန်စေသည်။

လင်းယွမ်က မြေပုံကို ထုတ်ကြည့်ရင်း မျက်မှောင်ကြုတ်ထားသည်။ ရံဖန်ရံခါ အနီးနားရှိ အဆောက်အဦးများကို မော့ကြည့်သည်။ သို့သော် ထိုက်ယန်တောင်နှင့် နီးကပ်လာလေ အနီးဝန်းကျင်၌ အထပ်မြင့် အဆောက်အဦး နည်းပါးလေ ဖြစ်သည်။

လမ်းကြောင်းအတွက် အမှတ်အသား ပြုစရာ သိပ်မရှိလှပေ။

သူ စဉ်းစားနေစဉ်မှာပင် ဘေးနားမှ ရန်မေက ပြောလိုက်သည်။

"မောင်လေး... ဟိုဖက်ကို ကြည့်လိုက်... ဟိုမှာ မီးရောင်တွေ့တယ်"

လင်းယွမ်က ချက်ချင်း မော့ကြည့်လိုက်သည်။

ဝေးကွာလှသော ရေပြင်ပေါ်တွင် ငါးဖမ်းလှေတစ်စင်း ရှိနေသည်ကို တွေ့လိုက်ရသည်။

ငါးဖမ်းလှေပေါ်တွင် ဆီမီးခွက် တစ်လုံး ထွန်းထားပြီး လှေဦးတွင် လူငယ်နှစ်ယောက် ထိုင်နေသည်။ သူတို့က လင်းယွမ်တို့၏ သစ်ဖောင်ကို သတိကြီးစွာဖြင့် ကြည့်နေကြသည်။ နှစ်ဖက်အကွာအဝေးမှာ ကိုက် (၁၀၀) ကျော်ခန့် ဝေးသည်။

ကျောက်ခိုင်က အလျင်စလို လှမ်းအော်လိုက်သည်။

"ဟေး... ခင်ဗျားတို့ ဘယ်ကလာတာလဲ"

လှေပေါ်မှ လူငယ်က သတိထားရင်း ပြန်မေးသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ... ဘယ်ကလာတာလဲ"

ကျောက်ခိုင်က လင်းယွမ်ကို ကြည့်လိုက်ရာ လင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်မှ ကျောက်ခိုင်က ပြန်အော်လိုက်သည်။

"ကျွန်တော်တို့က မိန်တုဥယျာဉ်ဘက်ကနေ ထွက်ပြေးလာတာပါ... ခင်ဗျားတို့ကရော ဘယ်ကလဲ"

"မိန်တုဥယျာဉ်... အစ်ကို... အဲ့ဒါ လင်ကျောင်းတက္ကသိုလ် ဘက်က မဟုတ်လား"

လူငယ်နှစ်ယောက်အနက် ကိုယ်ခန္ဓာ တောင့်တင်းပြီး စွပ်ကျယ်အင်္ကျီ ဝတ်ထားသော လူငယ်က ခပ်တိုးတိုး မေးလိုက်သည်။

တီရှပ်အနက်ရောင် ဝတ်ဆင်ထားပြီး ဆံပင်တိုတိုနှင့် သွက်လက်ချက်ချာပုံရသော အခြားလူငယ်တစ်ဦးက ခေါင်းညိတ်လိုက်သည်။

"အေး... အဲ့ဒီဘက်က လင်ကျောင်းတက္ကသိုလ်နဲ့ နီးတယ်... ငါမှတ်မိသလောက် ဦးလေးတို့ အိမ်ဝယ်ထားတာ အဲ့ဒီနားမှာပဲ"

"ချန်ချိုင်... သတိထားဦး... ဒီလူတွေက အင်အား မနည်းဘူး... အခုချိန်မှာ ကိုယ့်လူကလွဲရင် ဘယ်သူ့ကိုမှ မယုံရဘူး"

"အစ်ကို... စိတ်ချပါ... ကျွန်တော် သိပါတယ်"

ချန်ချိုင်က ခေါင်းညိတ်ပြီးနောက် လင်းယွမ်တို့ဘက်သို့ လှမ်းအော်လိုက်သည်။

"ခင်ဗျားတို့ ဘယ်သွားကြမလို့လဲ"

ကျောက်ခိုင်ကလည်း ဘာမှ ဖုံးကွယ်မနေတော့ဘဲ တဲ့တိုး ပြောလိုက်သည်။

"ကျွန်တော်တို့ ထိုက်ယန်တောင်ကို သွားမလို့ပါ... အခု နေရာတိုင်း ရေကြီးနေတော့ မြင့်တဲ့နေရာကို သွားပြီး ခိုလှုံကြမလို့... ခင်ဗျားတို့က ဒီနားကပဲလား... ဘယ်သွားကြမလို့လဲ"

ချန်ချိုင်က အံ့သြသွားပြီး အစ်ကိုဖြစ်သူ ချန်ကျွင်းကို လှည့်ကြည့်လိုက်သည်။

"သူတို့လည်း ထိုက်ယန်တောင်ကို သွားမလို့တဲ့... အစ်ကို... ငါတို့ သူတို့ကို သတိပေးလိုက်ရမလား"

ချန်ကျွင်းက လင်းယွမ်တို့၏ သစ်ဖောင်သုံးစင်းကို ကြည့်လိုက်ရာ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး တိုးတိုး ပြောလိုက်သည်။

"ထိုက်ယန်တောင်ကို ဟိုလူစုက သိမ်းထားပြီးပြီ... ငါတို့ သွားတုန်းက မောင်းထုတ်ခံခဲ့ရတယ်"

"အခု ဒီလူစုက လူအင်အား မနည်းဘူး... သူတို့အင်အားကို အသုံးချနိုင်ရင် ထိုက်ယန်တောင်ပေါ် အတူတူ တက်လို့ရလောက်တယ်"

ချန်ချိုင် မျက်လုံးများ အရောင်တောက်လာပြီး ပြောလိုက်သည်။

"ဒါဆို ကျွန်တော်တို့ အမှန်အတိုင်း ပြောလိုက်မလား"

ချန်ကျွင်းက စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

"မဖြစ်ဘူး... ငါတို့ ပြောလိုက်ရင် သူတို့ ယုံချင်မှ ယုံမှာ... ငါတို့လည်း ထိုက်ယန်တောင် သွားမလို့ပါဆိုပြီး သူတို့နဲ့ ရောလိုက်သွားမယ်... တောင်ပေါ်ရောက်လို့ တိုက်ကြခိုက်ကြပြီဆိုမှ ငါတို့လည်း ဝင်လုံးကြတာပေါ့"

"သိပြီ"

ချန်ချိုင်က ခေါင်းညိတ်လိုက်သည်။ သူက လင်းယွမ်တို့ဘက်သို့ လှမ်းအော်လိုက်သည်။

"မိတ်ဆွေတို့... ကျွန်တော်တို့လည်း ထိုက်ယန်တောင်ကို သွားမလို့ပဲဗျ... တိုက်ဆိုင်လိုက်တာ... ကျွန်တော်တို့ အတူတူ သွားကြမလား"

ကျောက်ခိုင် အံ့သြသွားသည်။ ဘေးနားမှ တင်းယန်က ဝင်ပြောသည်။

"ထိုက်ယန်တောင် ဘယ်နားမှာလဲဆိုတာ သိလားလို့ မေးကြည့်ပါဦး"

ကျောက်ခိုင်က ခေါင်းညိတ်ကာ ချက်ချင်း မေးလိုက်သည်။

"အစ်ကိုတို့... ကျွန်တော်တို့ လာတုန်းက လမ်းပျောက်လုနီးပါး ဖြစ်ခဲ့လို့ပါ... ထိုက်ယန်တောင် ဘယ်နားမှာလဲဆိုတာ ခင်ဗျားတို့ သိလားဗျ"

ချန်ကျွင်း သဘောပေါက်သွားသည်။ အရင်တုန်းကဆိုလျှင် ထိုက်ယန်တောင်လောက် ကြီးမားသည့်တောင်ကို ဘယ်သူမမြင်ဘဲ နေမလဲ။

သို့သော် ယခု ရေကြီးနေသောကြောင့် ထိုက်ယန်တောင်၏ အစိတ်အပိုင်း တော်တော်များများလည်း ရေမြုပ်နေပြီ ဖြစ်သည်။ အဝေးမှ ကြည့်လျှင် မြင်ချင်မှ မြင်ရတော့မည်။

သူက လှမ်းအော်လိုက်သည်။

"သိပါတယ်... ကျွန်တော်တို့က ဒီနားမှာ နေတာပါ... ထိုက်ယန်တောင်ကို သွားမလို့ပဲ... အတူတူ သွားကြမယ်... အပြန်အလှန် စောင့်ရှောက်လို့ ရတာပေါ့"

ကျောက်ခိုင်နှင့် အခြားသူများ ဝမ်းသာသွားကြသည်။ ထိုက်ယန်တောင် ဒေသခံ လမ်းပြကို တွေ့ရခြင်းက သူတို့ဘာသာ စမ်းတဝါးဝါး ရှာဖွေရခြင်းထက် များစွာ သာလွန်ပေသည်။ အဓိကမှာ မိုးချုပ်တော့မည် ဖြစ်ရာ အချိန်ဆွဲ၍ မဖြစ်တော့ပေ။ အမှောင်ထုထဲတွင် ရေကြီးနေခြင်းက ပို၍ အန္တရာယ်များလှသည်။

နှစ်ဖက်အဖွဲ့သားများ တဖြည်းဖြည်း နီးကပ်လာသော်လည်း မည်သူကမျှ တစ်ဖက်လူ၏ ယာဉ်ပေါ်သို့ ချက်ချင်း တက်မလာကြပေ။

ကျောက်ခိုင်က မိတ်ဆက်လိုက်သည်။

"ကျွန်တော့်နာမည် ကျောက်ခိုင်ပါ... ဒါက ကျွန်တော်တို့ ခေါင်းဆောင် လင်းယွမ်"

လင်းယွမ်က ထိုလူနှစ်ယောက်ကို အကဲခတ်ကြည့်ရာ အပေါ်ယံကြည့်ရုံဖြင့် အစွမ်းရှိသူများ ဟုတ်မဟုတ် မသိနိုင်ပေ။ သို့သော် ရေကြီးနေချိန်တွင် လှေတစ်စင်း၊ လူနှစ်ယောက်တည်းဖြင့် ဗြောင်ကျကျ သွားလာရဲသည်ကို ထောက်ဆလျှင် တခြားအားကိုးစရာ မရှိပါက အစွမ်းရှိသူများ ဖြစ်လောက်သည်။

ထိုနှစ်ယောက်တွင် ဘာအစွမ်းများ ရှိနေသည်ကိုသာ မသိနိုင်ခြင်း ဖြစ်သည်။

ချန်ကျွင်းက စကားစပြောသည်။

"ကျွန်တော့်နာမည် ချန်ကျွင်းပါ... ဒါက ကျွန်တော့်ညီ ချန်ချိုင်တဲ့... ကျွန်တော်တို့ ညီအစ်ကိုက ချိုင်ရှီကန်နားမှာ နေတာ"

"ရေကြီးပြီးတော့ ကျွန်တော်တို့အိမ် မြုပ်သွားလို့ လှေပေါ် ပြောင်းနေကြတာပါ"

လင်းယွမ်က ရုတ်တရက် မေးလိုက်သည်။

"ခင်ဗျားတို့ နှစ်ယောက်တည်းလား... မိသားစုတွေရော"

ချန်ကျွင်းက လင်းယွမ်ကို တစ်ချက်ကြည့်ပြီး ဖြေလိုက်သည်။

"ဒီနားက တိုက်ခန်းမြင့်တွေပေါ်မှာ နေရာချထားခဲ့ပါတယ်"

လင်းယွမ်က စဉ်းစားဟန်ဖြင့် မေးလိုက်သည်။

"ထိုက်ယန်တောင်နားမှာ တိုက်တွေ ရှိလို့လား"

"သိပ်တော့ မနီးဘူးဗျ... ၆ မိုင်လောက် ဝေးမယ်... အနီးဆုံးကတော့ ကျုံးကျန်ဟွာထင် ရပ်ကွက်ပဲ"

ကျောက်ခိုင်က မနေနိုင်ဘဲ မေးလိုက်သည်။

"အစ်ကိုတို့... ဒီနေရာကနေ ထိုက်ယန်တောင် ရောက်ဖို့ ဘယ်လောက်လိုသေးလဲ... ကျွန်တော်တို့ မိန်တုဥယျာဉ်ကနေ လာတာ အချိန်တော်တော် ကြာနေပြီ... ရေကြီးနေတော့ ဂျီပီအက်စ် လည်း သုံးမရဘူး ဖြစ်နေလို့"

ချန်ကျွင်း သဘောပေါက်သွားသည်။ ဒီလူတွေ လမ်းပျောက်နေကြခြင်း ဖြစ်သည်။

သူက ပြုံးလိုက်ရင်း ပြောလိုက်သည်။

"ဒါဆို ခင်ဗျားတို့ ကံကောင်းတယ်... ဒီကနေ ရှေ့ကို ၃ မိုင်လောက် ဆက်သွားရင် အရင်တုန်းက ထိုက်ယန်တောင် ပန်းခြံကို ရောက်ပြီ"

ချန်ချိုင်ကလည်း ဝင်ပြောသည်။

"အခုက မိုးချုပ်နေလို့... နေ့ခင်းဖက်သာဆိုရင် ခင်ဗျားတို့ ထိုက်ယန်တောင်ကို လှမ်းမြင်ရလောက်ပြီ"

ဆက်ရန်...

All Chapters