← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 10 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 10 Ch. 191-192

အပိုင်း (၁၉၁) ထိုက်ယန်တောင်ပေါ်ရှိ စခန်းကြီးလေးခု

"ဟုတ်... ဟုတ်... ဟုတ်ကဲ့... ကျွန်တော် ပြောပါ့မယ်... အကုန် ပြောပါ့မယ်"

ကျန်းကျစ်ဟောင်က တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလေသည်။

"လက်ရှိမှာ ထိုက်ယန်တောင်နဲ့ မိန်တောင်ကြားက လမ်းတွေကို ရေလွှမ်းသွားပါပြီ... တောင်တစ်ခုလုံးကို အဖွဲ့ကြီး လေးခုက ခွဲဝေအုပ်စိုးထားကြပါတယ်"

"ကျွန်တော်တို့ဘက်ခြမ်းက ထိုက်ယန်တောင် မြောက်ဘက်ခြမ်းပါ... အရင် ထိုက်ယန်တောင် ရပ်ကွက်ကလူတွေ အဓိက စုနေကြတာဖြစ်ပြီး ညွှန်ကြားရေးမှူးဟုန်နဲ့ အစ်ကိုကြီးထူတို့က ဦးဆောင်ပါတယ်"

"ပြီးတော့ ထိုက်ယန်တောင် အရှေ့ဘက်မှာ သိုင်းဘုရင်ဂေဟာ ရှိပါတယ်... အဲဒီနေရာကို ဝူမုန့်ရဲ့ လူတွေက သိမ်းပိုက်ထားပါတယ်"

"ထိုက်ယန်တောင် အနောက်ဘက်ကိုတော့ အရင် ချင်ယွီအပန်းဖြေစံအိမ်က ဗီလာပိုင်ရှင်တွေ နေရာယူထားကြပြီး ခေါင်းဆောင်က လီယွဲ့ဖုန်းလို့ခေါ်တဲ့ သူဌေးကြီးတစ်ဦးပါ"

"နောက်ဆုံးတစ်ခုကတော့ ထိုက်ယန်တောင် တောင်ဘက်ခြမ်းပဲ... သူ့ကို ကျုံးယွဲ့ဟုန်ထီက လူတွေ သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီရပ်ကွက်က အိမ်ရာစီမံခန့်ခွဲရေးသူဌေး ထျန်ဝေက ဦးဆောင်ပါတယ်"

လင်းယွမ်၏ မျက်နှာတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး...

"သူတို့မှာ သန္ဓေပြောင်း အစွမ်းရှိသူ ဘယ်နှစ်ယောက်ရှိလဲ... ဘာအစွမ်းတွေလဲဆိုတာ ပြောပြစမ်း"

"မင်းတို့ဆီက အစ်ကိုကြီးထူ ဆိုတဲ့ ထူလုံနဲ့ ဟို ညွှန်ကြားရေးမှူးဟုန် အကြောင်း အရင်ပြော"

"ညွှန်ကြားရေးမှူးဟုန်ရဲ့ အစွမ်းကို ကျွန်တော်တို့ ဘယ်သူမှ မသိကြပါဘူး... ဒါပေမဲ့ အစ်ကိုကြီးထူက သူ့ကို အရမ်းယုံကြည်တယ်... ကိစ္စတော်တော်များများကို ညွှန်ကြားရေးမှူးဟုန်ကိုပဲ လွှဲပေးထားတတ်လို့ ကျွန်တော်တို့ ဘယ်သူမှ မငြင်းဆန်ရဲကြဘူး"

"အစ်ကိုကြီးထူ အတွက်ကတော့ သူ့အစွမ်း ဘာလဲဆိုတာ ကျွန်တော်တို့ အတိအကျ မခေါ်တတ်ပေမယ့် သူ အသွင်ပြောင်းနိုင်တာကိုတော့ လူတိုင်း မြင်ဖူးကြပါတယ်"

"အသွင်ပြောင်းတာ ဟုတ်လား"

လင်းယွမ်က မျက်ခုံးပင့်လိုက်မိသည်။ ထိုအရာက မည်သို့သော အစွမ်းမျိုး ဖြစ်မည်ကို သူ သိပ်သဘောမပေါက်ပေ။

"ဟုတ်ပါတယ်... အသွင်ပြောင်းတာပါ... သူက ကျားအဖြစ် ပြောင်းလဲနိုင်သလို သိမ်းငှက်အဖြစ်တောင် ပြောင်းလဲနိုင်ပြီး ပျံသန်းနိုင်ပါတယ်"

"အရင်တုန်းက ရိက္ခာပြတ်လပ်တုန်းကဆိုရင် သူက သိမ်းငှက်အဖြစ် ပြောင်းပြီး တခြားနေရာတွေအထိ ပျံသန်း ပစ္စည်းတွေ သွားရှာခဲ့တာပါ"

"အစ်ကိုကြီးရာ... ကျွန်တော် တကယ်ပဲ အကုန်ပြောပြပြီးပါပြီ... တောင်းပန်ပါတယ်... ကျွန်တော့်ကို လွှတ်ပေးပါနော်"

ကျောက်ခိုင်က ဝင်မပြောဘဲ မနေနိုင်တော့ချေ။

"ဒီလိုအစွမ်းမျိုး ရှိတယ်ဆိုတာ ပထမဆုံး ကြားဖူးတာပဲ... အစ်ကိုလင်း... ဒါ ဘာအစွမ်းမျိုးလဲ"

လင်းယွမ်က ခေါင်းဖြည်းညှင်းစွာ ခါရမ်းလိုက်ရင်း...

"ငါလည်း မသိဘူး... ဇီဝကမ္မ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွေက ဆန်းကြယ်လွန်းတော့ အစွမ်းတွေကလည်း အမျိုးမျိုး ကွဲပြားနေတာပဲ"

"ဒါပေမဲ့ သူ့မှာ ဘာအစွမ်းပဲ ရှိရှိ... ငါတို့ တောင်ပေါ်တက်တာကို တားဆီးရင် ငါတို့ရဲ့ ရန်သူပဲ"

ကျောက်ခိုင်က ချက်ချင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ်... ငါတို့ကို တောင်ပေါ် အတက်မခံဘူးဆိုတာ ငါတို့ကို အသေသတ်တာနဲ့ အတူတူပဲ... အဲဒါဆို ရန်သူပဲပေါ့"

တင်းယန်နှင့် ရန်ဆန်းမင်တို့လည်း ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။

လင်းယွမ်က ကျန်းကျစ်ဟောင်ကို ငုံ့ကြည့်လိုက်ပြီး...

"ဒီ ထူလုံရဲ့ လက်အောက်မှာ လူဘယ်နှစ်ယောက် ရှိလဲ... သန္ဓေပြောင်း အစွမ်းရှိသူကရော ဘယ်နှစ်ယောက်လဲ"

"ဒီလူတွေထဲမှာ အစွမ်းရှိသူ ဘယ်နှစ်ယောက်ပါလဲ"

ကျန်းကျစ်ဟောင်က အလျင်အမြန်ပင် ပြန်ဖြေလေသည်။

"ကျွန်တော်တို့ စုစုပေါင်း လူ (၃၀၀) ကျော် ရှိတယ်... အားလုံးက ရေဘေးကြီး စဖြစ်တုန်းက ထိုက်ယန်တောင် ရပ်ကွက်ကနေ ပြောင်းလာကြတဲ့ သူတွေပဲ"

"ထိုက်ယန်တောင် ရပ်ကွက်က ရပ်ကွက်ဟောင်း ဖြစ်နေတော့ ရေလွှမ်းလာတဲ့အခါ ပြေးစရာမရှိလို့ တောင်ပေါ်ကိုပဲ တက်ပြေးခဲ့ကြရတာ"

"အဲဒီတုန်းက လူတွေက အစွမ်းတွေ မနိုးထသေးတော့ အခြေအနေက ထိန်းထိန်းသိမ်းသိမ်း ရှိပြီး အဆင်ပြေနေသေးတယ်"

"ဦးဆောင်တာကလည်း ရပ်ကွက်ကောင်စီ လူကြီးဖြစ်တဲ့ ညွှန်ကြားရေးမှူးဟုန် ပဲ... အားလုံးက သူ့စကား နားထောင်ကြတယ်"

"သူကပဲ လူတွေကို စုစည်းပြီး ထိုက်ယန်တောင်ပေါ် တက်ပြေးဖို့ စီစဉ်ပေးသလို စားစရာတွေ သယ်ဖို့လည်း ဦးဆောင်ခဲ့တာ"

"ကျွန်တော်တို့ တောင်ပေါ်ကို တရွေ့ရွေ့ တက်လာကြရင်း လမ်းမှာ ရေထဲကနေ သန္ဓေပြောင်း သတ္တဝါဆိုးကြီးတွေ ထွက်လာတာ တွေ့ခဲ့ရတယ်"

"အစတုန်းက ရပ်ကွက်ထဲက ထွက်လာတာ လူ (၇၀၀၊ ၈၀၀) လောက် ရှိပေမယ့် လမ်းမှာ လူပေါင်း (၁၀) ဂဏန်းလောက် သေဆုံးခဲ့ရတယ်... တောင်ပေါ်ရောက်ပြန်တော့လည်း စားစရာ သောက်စရာ ရှားပါးလာတာနဲ့ စည်းကမ်းတွေ ပျက်ပြားကုန်ပြီး လူသတ် လုယက်မှုတွေ မကြာခဏ ဖြစ်လာတယ်"

"ဒါ့အပြင် ထိုက်ယန်တောင်ပေါ်က သစ်တောအုပ် ထူထပ်တဲ့ နေရာတွေမှာလည်း ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ရှိနေပြီး လူတွေကို ခဏခဏ ဝင်ဆွဲလေ့ရှိတယ်"

"အဲ့ဒီလိုနဲ့(၆) လလောက် ကြာတော့ အစက ပါလာတဲ့ လူ (၇၀၀၊ ၈၀၀) ထဲကနေ အခုဆို (၃၀၀) ကျော်လောက်ပဲ ကျန်တော့တယ်"

"အဲဒီအထဲမှာ အစွမ်းနိုးထလာသူ (၃၀) ကျော်ရှိပြီး အများစုက ခွန်အားအမျိုးအစားနဲ့ အလျင်အမျိုးအစား အစွမ်းတွေပဲ"

"စိတ်စွမ်းအင် နိုးထလာသူကတော့ အနည်းဆုံးပေါ့... အခြေခံအားဖြင့် စိတ်စွမ်းအင် အစွမ်းနိုးထလာသူတိုင်းက အတော်လေး စွမ်းအားကြီးကြသလို အစ်ကိုကြီးထူရဲ့ အလေးပေးတာကိုလည်း ခံကြရတယ်"

"ကျွန်တော်တို့လို အလျင်အစွမ်းနဲ့ ခွန်အားအစွမ်း ရှိသူတွေကျတော့ ကင်းလှည့်ခေါင်းဆောင်တွေ အဖြစ် တာဝန်ပေးခံရပြီး စခန်းလုံခြုံရေးကို တာဝန်ယူရတယ်"

"စောစောက စုန်ယိဆိုရင် ညဘက်မြင်နိုင်တဲ့ အစွမ်း ရထားတာ... သူက ညဘက်မှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရရုံတင်မဟုတ်ဘူး အမြင်အာရုံ စူးရှတဲ့ ထူးခြားချက်ပါ ရှိနေတော့ မြှားပစ် အရမ်းတိကျတယ်"

လင်းယွမ်က သူ့စကားကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။

"စောစောက စုန်ယိ ပစ်လိုက်တဲ့ မြှားတွေက ဘာလို့ ပေါက်ကွဲနိုင်ရတာလဲ"

ကျန်းကျစ်ဟောင်က ပြာပြာသလဲ ဖြေလေသည်။

"အာ... အဲဒါ ပေါက်ကွဲမြှားတွေပါ... စခန်းက စစ်တပ် ရေဒီယိုလိုင်းကနေ ရထားတဲ့ ပေါက်ကွဲစေတဲ့ အစီအရင်နည်းပညာ တစ်မျိုးပဲ"

"ညွှန်ကြားရေးမှူးဟုန် ပြောတာတော့... ဒီလို အစီအရင် သင်္ကေတတွေကို စွမ်းအင်ကျောက်တုံးပေါ်မှာ ရေးဆွဲလိုက်ရင် စွမ်းအင်ကျောက်တုံးရဲ့ အကူအညီနဲ့ ထူးခြားတဲ့ သက်ရောက်မှုတွေ ထွက်ပေါ်လာစေနိုင်တယ်တဲ့"

လင်းယွမ်၏ မျက်လုံးအစုံ တောက်ခနဲ ဖြစ်သွားကာ သူ့ကို လှမ်းဆွဲလိုက်ပြီး...

"မင်းတို့ စစ်တပ်နဲ့ အဆက်အသွယ် ရနေတာလား"

လင်းယွမ်သာမက တင်းယန်၊ ရန်ဆန်းမင်နှင့် ကျောက်ခိုင်တို့ပါ စိတ်လှုပ်ရှား သွားကြသည်။

ရှီဟိုင်ကျူးက အော်မေးလိုက်သည်...

"စစ်တပ်က ဘယ်မှာလဲ... မင်းတို့ စစ်တပ်နဲ့ အဆက်အသွယ် ရထားပြီလား"

"စစ်တပ်က ထုတ်ပေးတဲ့ အစီအရင် နည်းပညာဟုတ်လား... ဒါ ဘယ်လိုဖြစ်ရတာလဲ... ရှင်းရှင်းလင်းလင်း ပြောစမ်း... မြန်မြန်ပြော"

ကျောက်ခိုင်ကလည်း ထပ်ဆင့် မေးလေသည်။

ကျန်းကျစ်ဟောင်က မဖုံးကွယ်ရဲတော့ဘဲ အလျင်အမြန် ဖြေရှာသည်။

"ညွှန်ကြားရေးမှူးဟုန်ပါ... ညွှန်ကြားရေးမှူးဟုန်က ရေဒီယိုကနေ စစ်တပ်ရဲ့ လှိုင်းကို ဖမ်းမိထားတာပါ"

"စစ်တပ် ရေဒီယိုလိုင်းက နေ့တိုင်း အချိန်မှန် ထုတ်လွှင့်ပါတယ်... စွမ်းအင်ကျောက်တုံးတွေ၊ အစွမ်းတွေ၊ အစီအရင် နည်းပညာတွေ၊ နေရာအနှံ့က ဘေးအန္တရာယ် အခြေအနေတွေနဲ့ ကယ်ဆယ်ရေး သတင်းတွေကို ကြေညာပေးနေတာပါ"

"ဒါ့အပြင် သန္ဓေပြောင်း သတ္တဝါတွေရဲ့ အမျိုးအစားတွေ၊ အားနည်းချက်တွေကိုပါ အလေးထား ပြောပြပေးပြီး လူတွေကို ဘယ်လို ပြန်တိုက်ခိုက်ရမလဲ ဆိုတာ သင်ပေးပါတယ်"

"အဲဒီ အစီအရင် နည်းပညာကတော့ လူတိုင်းသင်ယူလို့မရဘူး... နက်နဲတဲ့ စိတ်စွမ်းအင် လိုအပ်သလို သက်ဆိုင်ရာ အစွမ်းမျိုးအစား ရှိသူတွေမှ ရေးဆွဲနိုင်တယ်"

"လောလောဆယ် ကျွန်တော်တို့ဆီမှာ ထုတ်လုပ်နိုင်တာဆိုလို့ ပေါက်ကွဲစေတဲ့ အစီအရင် တစ်မျိုးပဲ ရှိသေးတယ်... ဦးလေးယန် ရေးဆွဲထားတာ... ကျွန်တော်တို့ဆီမှာ ဒီလို အစီအရင်ကို ရေးဆွဲနိုင်တာ သူတစ်ယောက်ပဲ ရှိတယ်"

လင်းယွမ်မှာ စိတ်လှုပ်ရှားကာ တုန်လှုပ်သွားမိသည်။ အစီအရင် နည်းပညာ ဆိုသည့် အရာကို သူ အတော်လေး အံ့သြနေသည်။

သူသည်လည်း လိပ်ခွံတစ်ခုပေါ်တွင် အစီအရင် သင်္ကေတတစ်ခု ရခဲ့ဖူးသည်။ ထိုအရာက စိတ်စွမ်းအင် အကာအကွယ်ဆိုင်ရာ စွမ်းရည်တစ်ခု ဖြစ်သည်။

သို့သော် သူသည် စိတ်စွမ်းအင်ဖြင့် အကြိမ်ကြိမ် ပုံတူကူးရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် အဖျားအနားလေးသာ တုပနိုင်ခဲ့ပြီး ခဏအတွင်း ပြန်လည် ပျက်စီးသွားလေ့ရှိသည်။

သူ့စိတ်စွမ်းအင် မလုံလောက်၍ ဖြစ်မည်ဟု အမြဲ ထင်မှတ်ခဲ့သော်လည်း ယခုမှပင် ၎င်းတွင် အခြား လျှို့ဝှက်ချက် နည်းစနစ်များ ရှိနေမှန်း သိလိုက်ရတော့သည်။

ထိုနည်းစနစ်ကို စစ်တပ်က ရှာဖွေတွေ့ရှိထားပြီး ရေဒီယိုမှတစ်ဆင့် လူထုကို ဖြန့်ဝေပေးနေခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် သူ ရေဒီယိုလိုင်း မဖမ်းမိခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။

သူသည် တုံကျဲကို ရေဒီယိုပေးထားပြီး အားရင် လိုင်းရှာခိုင်းထားခဲ့သည် မဟုတ်ပါလား။

ထိုအကြောင်း တွေးမိသည်နှင့် သူက ချက်ချင်း မေးလိုက်သည်။

"မင်းတို့ ဒီမှာ စစ်တပ်ရေဒီယိုလိုင်း ဖမ်းမိတယ်ပေါ့... ဘယ်လို ဖမ်းမိတာလဲ"

ကျန်းကျစ်ဟောင်က သိထားသည်များ မနည်းလှပေ။ သူက ချက်ချင်းပင်...

"မိပါတယ်... ဖမ်းမိပါတယ်... ထိုက်ယန်တောင်က မြင့်တော့ လိုင်းဆွဲအား ကောင်းပါတယ်... ကျွန်တော်တို့က စစ်တပ်ရေဒီယိုလိုင်း ဖြန့်ကြက်ဧရိယာထဲမှာ ရှိနေတော့ စစ်တပ်က လွှင့်တာကို ဖမ်းမိတာပါ"

လင်းယွမ်က စကားဆက်မပြောတော့ဘဲ ရင်ဘတ်ထဲမှ ပစ္စည်းတစ်ခုခုကို နှိုက်ယူသယောင် ဟန်ရေးပြလိုက်သည်။

နောက်တစ်ခဏ၌ ပစ္စည်းသိုလှောင်ခန်းထဲမှ ရေဒီယိုတစ်လုံးကို ထုတ်ယူလိုက်သည်။

ရေဒီယိုဆိုသည့် ပစ္စည်းကို သူ့သိုလှောင်ခန်းထဲတွင် အများအပြား စုဆောင်းထားခဲ့ဖူးသည်။

မိန်တုဥယျာဉ်တွင် သက်ကြီးရွယ်အိုများစွာ နေထိုင်ကြသည်။ ထိုလူကြီးများမှာ မျက်လုံးမကောင်းကြဘဲ တိမ်စွဲခြင်းကဲ့သို့ ရောဂါဝေဒနာများ ရှိတတ်ကြသည်။

ထိုလူကြီးများသည် ဖုန်းမသုံးနိုင်၊ တီဗီမကြည့်နိုင်ကြသဖြင့် အများစုက ရေဒီယို နားထောင်လေ့ ရှိကြသည်။

ထို့ကြောင့် လင်းယွမ်က ရေဒီယို အများအပြားကို ရှာဖွေ စုဆောင်းမိခဲ့ခြင်း ဖြစ်သည်။

ရေဒီယိုကို ထုတ်လိုက်ပြီးနောက် လင်းယွမ်က ကျန်းကျစ်ဟောင်ကို ကြည့်ကာ...

"လိုင်းနံပါတ် သိလား"

"ဗျာ... ကျွန်... ကျွန်တော်လည်း မသိဘူး... ကျွန်တော့်မှာ ရေဒီယို မရှိဘူးလေ... ရေဒီယိုတွေ အကုန်လုံးကို ညွှန်ကြားရေးမှူးဟုန်တို့က သိမ်းထားကြတာ"

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ညွှန်ကြားရေးမှူးဟုန်နှင့် ထူလုံတို့၏ အကြံအစည်ကို ချက်ချင်း ရိပ်မိလိုက်သည်။

သူတို့က သတင်းအချက်အလက်များကို ပိတ်ပင်ထားချင်ကြမှန်း သိသာလှသည်။ စစ်တပ်က ထုတ်ပြန်လိုက်သည့် အရေးကြီး သတင်းအချက်အလက်များကို သူတို့လို စခန်းခေါင်းဆောင်ပိုင်းတွေပဲ သိခွင့်ရချင်ကြသည်။

ဒါမှသာ စခန်းက လူတွေကို ထိန်းချုပ်ရ လွယ်ကူမည် မဟုတ်ပါလား။

လင်းယွမ် ဆက်မမေးတော့ပေ။ ရေဒီယိုလိုင်း ဆိုသည်မှာ ရှာရခက်သည့်အရာမဟုတ်... တစ်ပတ်လောက် လှည့်ရှာလိုက်လျှင် တွေ့မည်ပင် ဖြစ်သည်။

သူက မေးလိုက်သည်။

"စစ်တပ်က ဘယ်အချိန် ထုတ်လွှင့်တာလဲ"

"ကျွန်တော် မသိပါဘူး... တကယ် မသိတာပါ... ကျွန်တော့်မှာ ရေဒီယိုမှ မရှိတာ... ဒီသတင်းတွေကိုလည်း တခြားလူတွေ ပြောနေတာ ကြားဖူးရုံပါပဲ"

လင်းယွမ်က ပါးစပ်က မေးနေရင်း လက်ကလည်း ရေဒီယိုလိုင်းကို လှည့်ကာ ရှာဖွေနေသည်။

ရေဒီယိုထဲမှ တရှဲရှဲ မြည်သံများ ဆက်တိုက် ထွက်ပေါ်နေသည်။

ရုတ်တရက်... လျှပ်စစ်စီးသံ တစီစီ မြည်လာပြီးနောက် နူးညံ့သိမ်မွေ့သော အမျိုးသမီး တစ်ဦး၏ သီချင်းဆိုသံ ထွက်ပေါ်လာသည်။

"မိန်းမပျို ပန်းတစ်ပွင့်" သီချင်းဖြစ်သည်။

လင်းယွမ်ခမျာ ထိုသီချင်းကို ဆိုသည့် အဆိုတော် ဘယ်သူလဲ ဆိုတာတောင် မမှတ်မိတော့ပေ။ သို့သော် ထိုခဏ၌ သူ့နှလုံးသားမှာ ဒိန်းခနဲ ဆောင့်ခုန်သွားသလို ခံစားလိုက်ရသည်။

(၆) လ... (၆) လတိတိ ကြာခဲ့ပြီ... ရေဒီယိုထဲမှ အသံလွှင့်သံကို သူ ပထမဆုံးအကြိမ် ပြန်ကြားလိုက်ရခြင်း ဖြစ်သည်။

"ဒီနေရာက တကယ် လိုင်းဖမ်းမိတာပဲ"

"အသံ... အသံလာပြီ... အစ်ကိုလင်း... အသံ ကြားရပြီဗျ"

ကျောက်ခိုင်လည်း ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လင်းယွမ်ဘေးသို့ ပြေးကပ်လာကာ ရေဒီယိုကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

တင်းယန်၊ ရန်ဆန်းမင်နှင့် ရှီဟိုင်ကျူးတို့လည်း ဝမ်းသာလွန်း၍ မျက်နှာများ ဝင်းပနေကြသည်။

စစ်တပ်ဆိုသည်မှာ အတိုင်းအတာ တစ်ခုအထိ နိုင်ငံတော် အစိုးရကို ကိုယ်စားပြုသည်။

သူတို့မှာ ပိတ်မိနေခဲ့သည်က (၆) လ... အပြင်လောကနှင့် အဆက်ပြတ်နေခဲ့သည်က (၆) လ ရှိခဲ့ပြီဖြစ်ပြီး အပြင်လောကတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို လုံးဝ မသိခဲ့ကြရပေ။

ယခုတော့ ပြင်ပသတင်းများကို သိရှိနိုင်မည့် လမ်းစတစ်ခု တွေ့ပြီဖြစ်သည်။

"ကြည့်ရတာ အခုချိန်က စစ်တပ်က သတင်းထုတ်ပြန်တဲ့ အချိန် မဟုတ်သေးဘူးနဲ့ တူတယ်... နောက်ပိုင်း ဒီလိုင်းကို အမြဲ စောင့်နားထောင်မှ ရမယ်"

လင်းယွမ်က ရေဒီယိုကို ပိတ်ကာ ပြန်သိမ်းလိုက်ပြီး ကျန်းကျစ်ဟောင် ဘက်သို့ လှည့်ကာ ဆက်လက် စစ်ဆေးမေးမြန်းလိုက်သည်။

"အစီအရင် နည်းပညာနဲ့ ပတ်သက်ပြီး မင်း ဘယ်လောက် သိထားလဲ"

"အဲ... အဲဒါတော့ ကျွန်တော် တကယ် မသိပါဘူး... ကျွန်တော်တင် မကဘူး... ညွှန်ကြားရေးမှူးဟုန်တို့၊ အစ်ကိုကြီးထူတို့တောင် မသိကြပါဘူး... တစ်စခန်းလုံးမှာ ဦးလေးယန် တစ်ယောက်ပဲ နားလည်တာပါ"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင်က ရာထူးသိပ်မကြီးတော့ အခြေခံအရာများလောက်သာ သိထားသည်။

သူက ထိုကိစ္စကို ဆက်မမေးတော့ဘဲ ခေါင်းစဉ်ပြောင်းလိုက်သည်။

"ဒီစခန်းရဲ့ အကြမ်းဖျင်း ဧရိယာအကျယ်အဝန်းကို ပြောစမ်း... ပြီးတော့ အနီးအနား သစ်တောထဲမှာ ဘာသတ္တဝါဆန်းတွေ ရှိလဲ"

ကျန်းကျစ်ဟောင်က ဖြေလေသည်။

"စခန်းရဲ့ အဓိက ဧရိယာက ဒီတောင်တက်လမ်း အတိုင်း တက်သွားရင် ဖုန်းဟွမ်ဘုရားကျောင်းနား တစ်ဝိုက်ပါပဲ"

"အစ်ကိုကြီးထူတို့၊ ညွှန်ကြားရေးမှူးဟုန်တို့ အကုန်လုံး ဖုန်းဟွမ်ဘုရားကျောင်းထဲမှာ နေကြတာပါ... အနီးအနားမှာ နောက်ထပ် ဇရပ်တွေ ရှိသေးတယ်... အဲဒါတွေကိုလည်း နေစရာအိမ်တွေအဖြစ် ပြောင်းလဲထားကြတယ်... ပြီးတော့ အရင်က ဖွင့်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်တို့၊ မုန့်ဆိုင်တို့လို ဆိုင်ခန်းတွေကိုလည်း အဲဒီနေရာကို ရွှေ့ထားကြပါတယ်"

"လောလောဆယ် အစ်ကိုကြီးထူက လူတွေကို ဦးဆောင်ပြီး တောင်နံရံထဲကို ထွင်းနေကြတယ်... အဲဒီနေရာကမှ တကယ့် ဘေးကင်းလုံခြုံတဲ့ နေရာစစ်စစ် ဖြစ်လာမှာမို့လို့ပါ"

"ကျွန်တော်တို့လည်း တောင်နံရံကို ထွင်းပြီး ဂူလုပ်နေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်... အပြင်က သတ္တဝါဆိုးတွေ ရန်ကနေ ကာကွယ်နိုင်အောင်လို့ပါ"

"သတ္တဝါဆိုးတွေကတော့ အများကြီးပါပဲ... သစ်တောထဲက မြွေ၊ ကြွက်၊ ပိုးမွှားတွေ အကုန်လုံး သန္ဓေပြောင်းကုန်ကြတာ... အပင်တွေတောင် သန္ဓေပြောင်းကုန်ကြပြီ"

"ပုံမှန်ဆို သူတို့က အတွင်းပိုင်းထိ ဝင်မလာရဲကြပါဘူး... ဒါပေမဲ့ ဗိုက်ဆာလွန်းပြီး မျက်စိလည်လာတဲ့ သန္ဓေပြောင်းသတ္တဝါ တချို့ကတော့ ကျွန်တော်တို့ကို လာတိုက်ခိုက်တတ်တယ်"

"အဲဒီကောင်တွေက ခြေသည်းလက်သည်းတွေ ထက်မြက်ပြီး သန္ဓေပြောင်းပြီးနောက်ပိုင်း အားတွေ အရမ်းကြီးလာသလို အရမ်းလည်းမြန်တော့ သာမန်လူတွေ ယှဉ်နိုင်ဖို့ ခက်တယ်"

"အစတုန်းကဆို ဒီကောင်တွေကို နှိမ်နင်းဖို့ ကျွန်တော်တို့လို အစွမ်းရှိသူတွေကိုပဲ အားကိုးခဲ့ရတာ"

"နောက်ပိုင်း ဦးလေးယန်က ပေါက်ကွဲစေတဲ့ အစီအရင်ကို ဖော်ထုတ်နိုင်ခဲ့တယ်... ပြီးတော့ တခြား အဖွဲ့တွေကလည်း စစ်တပ်က မျှဝေတဲ့ နည်းပညာတချို့ကို သုံးပြီး လက်နက်တွေ ဖန်တီးလာကြတော့ သာမန်လူတွေလည်း အစွမ်းမရှိပေမယ့် ဒီလက်နက်တွေနဲ့ဆိုရင် တိုက်ခိုက်နိုင်စွမ်း မြင့်တက်လာပြီး သန္ဓေပြောင်းကောင်တွေကို ရင်ဆိုင်နိုင်လာကြတယ်လေ"

"အဲ့တော့မှ အားလုံး အခြေအနေ တည်ငြိမ်သွားပြီး လက်ရှိ စခန်းကို တည်ဆောက်နိုင်ခဲ့ကြတာပါ"

"ဒါပေမဲ့ လ အလယ်ရက်တွေ ရောက်လို့ ဒီရေ အမြင့်ဆုံး တက်လာပြီဆိုရင်တော့ ပင်လယ်ဒီရေလှိုင်းကို သတိထားရတယ်... ရေကြီးတဲ့အထဲက သတ္တဝါဆိုးကြီးတွေ တောင်ပေါ်ကို တွားတက်လာတတ်ကြလို့ပါ... အဲဒီအချိန်ကျရင် အစွမ်းရှိသူ ဟုတ်ဟုတ် မဟုတ်ဟုတ် အကုန်လုံး ဂူထဲမှာ ပုန်းနေရတာ ဒါမှမဟုတ် တောင်ထိပ်ကို ပြေးတက်ရတာမျိုး လုပ်ရပါတယ်"

"နို့မို့ဆိုရင် ဒီရေနဲ့အတူ ပါလာတဲ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ တိုက်ခိုက်တာ ခံရမှာ သေချာတယ်"

လင်းယွမ်က ကျန်းကျစ်ဟောင်၏ စကားကို နားထောင်ရင်း စိတ်ထဲတွင် အံ့သြနေမိသည်။

ဒီရေတက်လာရင် ရေထဲက သတ္တဝါတွေ ကုန်းပေါ်တက်လာကြတယ် ဟုတ်လား။

အဆောက်အအုံပေါ်မှာ နေတုန်းက ဘာလို့ ဒီလိုဖြစ်စဉ်မျိုး မကြုံခဲ့ရတာပါလိမ့်။

လင်းယွမ်က ဤအချက်ကို မှတ်သားထားလိုက်ပြီး တောင်ပေါ်စခန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဆက်လက် မေးမြန်းနေလိုက်သည်။

သူ မေးမြန်းနေစဉ်မှာပင် လျှိုဖိန်ဖိန်၊ ဝူယင်၊ ဟွမ်ဟန်တို့ ဦးဆောင်သော ဖောင်အဖွဲ့ကြီးလည်း ကမ်းပေါ်သို့ အောင်မြင်စွာ ဆိုက်ရောက်လာကြသည်။

လင်းယွမ်က လူများကို အလျင်အမြန် ညွှန်ကြားလိုက်သည်။

"ဝူယင်၊ ဟွမ်ဟန်၊ လျှိုဖိန်ဖိန်၊ ကုဖုန်း၊ ဦးလေးမာ၊ ချိုင်ကြည်... ခင်ဗျားတို့ အမြန်ဆုံး လူတွေကို ဦးဆောင်ပြီး ပြန့်ကျဲနေတဲ့ လက်နက်တွေကို လိုက်ကောက်ခိုင်းလိုက်... အထူးသဖြင့် လေးနဲ့မြှားတွေပဲ... ခဏနေရင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်လာဖို့ ရှိတယ်"

"ဟုတ်ကဲ့... ဆရာလင်း"

ဝူယင်က ခေါင်းညိတ် လိုက်သည်။

ကျန်သူများလည်း ခေါင်းညိတ်ကာ သက်ဆိုင်ရာ အဖွဲ့များကို ဦးဆောင်ပြီး ပစ္စည်းကိရိယာများ လိုက်ကောက်ကြတော့သည်။

တင်းယန်က တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် စုန်ယိ၏ အလောင်းနားသို့ အမြန်သွားကာ အလောင်းအောက်တွင် ဖိမိနေသော မြှားကျည်တောက် တစ်ခုကို ရှာတွေ့လိုက်သည်။ အထဲတွင် မြှား (၇) ချောင်း၊ (၈) ချောင်းခန့် ကျန်သေးသည်။

ထို့အပြင် သူမက အလောင်းကို ဆက်လက် စမ်းသပ်ရှာဖွေရာ ရင်ဘတ်ထဲမှ စွမ်းအင်ကျောက်တုံး အများအပြားကို ရှာတွေ့လိုက်သည်။

တင်းယန် တွေးဆလိုက်မိသည်... ဒီလူက စွမ်းအင်ကျောက်တုံးတွေကို ဒီလောက်တောင် ဂရုတစိုက် သိမ်းဆည်းထားတာကို ကြည့်ရင် ဒါတွေက မရှိမဖြစ် အရေးပါတဲ့ အရင်းအမြစ်တွေ ဖြစ်နေပြီ ဆိုတာ သေချာသည်။

လင်းယွမ်က အကြမ်းဖျင်း အကဲခတ် ကြည့်လိုက်သည်။ သူ့ဘက်တွင် ရှိသည့် မိန်တုဥယျာဉ်မှ လူများနှင့် ဟန်လုံစင်တာမှ ကယ်လာသည့် လူများ ပေါင်းလိုက်လျှင် စုစုပေါင်း လူ (၆၀)၊ (၇၀) ခန့် ရှိမည်။

အစွမ်းရှိသူများ အနေဖြင့် တင်းယန်၊ ကျောက်ခိုင်၊ လျှိုဖိန်ဖိန်၊ ဆုန့်ဝမ်၊ ရန်ဆန်းမင်၊ ရှီဟိုင်ကျူး၊ တုံယန်၊ တုံကျဲ၊ ကုဖုန်း၊ ဝူယင်၊ ဟွမ်ဟန်၊ ဝမ်အန်း တို့ ရှိသည်။

အော်... တာအိုဆရာလင်းကိုပါ ထည့်တွက်မည် ဆိုလျှင်၊ ပြီးတော့ သူ့ကိုပါ ပေါင်းမည်ဆိုလျှင် (၁၃) ယောက် ရှိသည်။

နေဦး... ဒဏ်ရာရထားတဲ့ ထန်ယင်း ကျန်သေးသည်။ လိပ်ကျွန်းပေါ်တုန်းက ထိုကောင်မလေး အစွမ်းနိုးထလာခဲ့သည်မှာ သိသာထင်ရှားလှသည်။ လက်သီးတစ်ချက်တည်းနှင့် ခရုတစ်ကောင်ကို ထိုးသတ်နိုင်ခဲ့သည်မှာ သာမန် မဟုတ်ချေ။

"အတင်းကာရော ရေတွက်လိုက်ရင် အစွမ်းရှိသူ (၁၄) ယောက် ရှိတယ်... ဒါပေမဲ့ အဲဒီအထဲမှာ တုံကျဲနဲ့ တာအိုဆရာလင်းက တိုက်ခိုက်နိုင်စွမ်း မရှိလို့ ထည့်တွက်လို့ မရဘူး"

"နောက်ပြီး အမမေရဲ့ ခန္ဓာကိုယ်ထဲက အစွမ်းကလည်း... အခုထိ ဘာမှန်း ရှင်းရှင်းလင်းလင်း မသိရသေးတော့်... လောလောဆယ် ထည့်မတွက်ထားတာ ကောင်းမယ်"

"ငါ့ဘေးက တိုက်ခိုက်ရေး အင်အားစုကလည်း မနည်းပါဘူး"

လင်းယွမ်က ကိုယ့်အင်အားကို တွက်ချက်ကြည့်ပြီး စိတ်ထဲ ကျေနပ်သွားသည်။ ဒီလောက် လူအင်အား ရှိနေမှတော့ ဟိုဘက်စခန်းက လူတွေနဲ့ ယှဉ်ရမယ် ဆိုရင်တောင် သူ လုံးဝ မကြောက်ပေ။

မကြာမီ အားလုံးက ပစ္စည်းကိရိယာများနှင့် လက်နက်များကို ရှာတွေ့သွားကြသည်။ မြေပြင်တွင် လေးများနှင့် လှံရှည် အများအပြား ပြန့်ကျဲနေသည်။

ထိုအထဲမှ လေးများသည် မာကျောသော ဝါးတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ထူးဆန်းသည်မှာ လင်းယွမ် ဤဝါးမျိုးကို တစ်ခါမျှ မမြင်ဖူးခြင်းပင်။

ဝါးအရောင်မှာ အစိမ်းရောင်တွင် အနီရောင် သမ်းနေပြီး ရင့်မှည့်ခါနီး ငရုတ်သီးနီတောင့် အရောင်မျိုးနှင့် ဆင်တူသည်။

"သန္ဓေပြောင်း ဝါးပင်တွေလား"

သူ တွေးတောရင်း ဝါးကို ဆွဲကြည့်လိုက်ရာ ဝါးသားက အရည်အသွေး ကောင်းမွန်ပြီး ကြံ့ခိုင်မှု ကောင်းနေသည်ကို တွေ့လိုက်ရသည်။

လေးကြိုးကိုလည်း လျှော်ပင်တစ်မျိုး၏ အမျှင်ဖြင့် ကျစ်ထားခြင်းဖြစ်ပြီး သေးသွယ်ကာ မာကျောသည်။

လေးကြိုးကို ဖွဖွလေး ပုတ်လိုက်သည့်အခါ ဂီတကြိုးတစ်ချောင်းကဲ့သို့ တဝီဝီ မြည်သံ ထွက်ပေါ်လာသည်။

"လေးကောင်း တစ်လက်ပဲ"

လင်းယွမ် ချီးကျူးလိုက်ပြီးနောက် ပြန့်ကျဲနေသော မြှားတံများကို ကြည့်လိုက်သည်။

အခြေခံအားဖြင့် ဝါးချောင်း အသေးများကို ပြုလုပ်ထားခြင်း ဖြစ်ပြီး မြှားခေါင်း မပါရှိဘဲ ထိပ်ချွန်ကာ မီးမြှိုက်၍ မာအောင် ပြုလုပ်ထားခြင်း ဖြစ်သည်။

လင်းယွမ်က စမ်းသပ်သည့်အနေဖြင့် မြှားတစ်စင်းကို ကောက်ယူကာ ပစ်လွှတ်လိုက်သည်။

ဝှစ်ခနဲ မြည်သံနှင့်အတူ...

"ဒုတ်"

မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်ကို တည့်တည့်ထိမှန်သွားပြီး ဝါးမြှားတံက သစ်ပင်ထဲသို့ ပေအနည်းငယ်ခန့် နက်ဝင်သွားသည်။

လင်းယွမ် မျက်ခုံးပင့်လိုက်မိသည်။

"ဒီလောက်တောင် မာတာလား"

ဒီလောက် မာကျောမှုက သံမြှားတစ်စင်းနှင့် မခြားနားပေ။

အဓိက အချက်က သံမဏိထက် ပိုကောင်းသည်မှာ ပျော့ပျောင်းမှု ရှိနေခြင်း ဖြစ်သည်။

လင်းယွမ် ချက်ချင်း သဘောပေါက်လိုက်သည်... ဒီဝါးပင်တွေက နောက်ပိုင်းမှာ အလွန်အရေးပါတဲ့ သယံဇာတ တစ်ခု ဖြစ်လာတော့မှာပဲ။

လူတိုင်း ကိုယ်စီ လက်နက်အသီးသီး ကိုင်ဆွဲပြီးကြပြီ ဖြစ်သည်။ လက်နက် မကောက်ရလိုက်သူများကလည်း ကိုယ်တိုင် ယူလာသော သံပိုက်လုံး၊ ဓားမ၊ ဓားမြှောင် စသည်တို့ကို ကိုင်ဆောင်ကာ လင်းယွမ်ဘေးတွင် စီတန်း ရပ်လိုက်ကြသည်။

တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

"ဆရာလင်း... ပြောပါ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

"ဟုတ်တယ် ဆရာလင်း... ကျွန်တော်တို့ ခက်ခက်ခဲခဲနဲ့မှ ခြေချစရာနေရာ ရှာတွေ့ထားတာ... သူတို့ မောင်းထုတ်တိုင်း ပြန်ဆင်းပေးလို့ ဘယ်ဖြစ်မလဲ"

"ဒီနေရာက အစကတည်းက သူတို့ပိုင်တာမှ မဟုတ်တာ... ဘာကိစ္စ ကျွန်တော်တို့ကို ပေးမနေရမှာလဲ... ဆရာလင်း... ကျွန်တော်တို့ကို ဦးဆောင်ပြီး တောင်ပေါ်ထိ တက်သိမ်းပစ်ပါ"

"ခွေးမသားတွေ... ဆရာလင်း... စကားတစ်ခွန်းပဲ ပြော... ကျွန်တော်တို့ အကုန် ခင်ဗျားစကား နားထောင်မယ်... ဒီနေ့ သေရင်လည်း ဒီထိုက်ယန်တောင်ပေါ်မှာပဲ အသေခံမယ်... ရေထဲပြုတ်ကျပြီး ရေသရဲ ဖြစ်ရတာထက် စာရင်တော့ ပိုကောင်းသေးတယ်"

"ဟုတ်တယ်... ဒီမှာ မြေမြှုပ်ခံရတာက ရေအောက်ရောက်ပြီး သန္ဓေပြောင်းကောင်တွေ အစာအဖြစ် အစားခံရတာထက် ပိုကောင်းတယ်"

လူအုပ်ကြီးမှာ စိတ်ဓာတ်များ တက်ကြွနေကြပြီး တိုက်ပွဲဝင်လိုစိတ်များ ပြင်းထန်နေကြသည်။

လင်းယွမ်က လက်ကာပြလိုက်ရာ လူအများ ငြိမ်သက်သွားကြသည်။

ဒီလူအုပ်ကြားထဲတွင် သူ့သြဇာအာဏာက မည်သူမျှ မယှဉ်နိုင်အောင် ကြီးမားနေပြီ ဖြစ်သည်။

ဟန်လုံစင်တာမှ အသစ်ပါလာသော အသက်ရှင်ကျန်ရစ်သူများ ဆိုလျှင်လည်း မိန်တုဥယျာဉ်မှ လူများ၏ ပြောစကားများကြောင့် လင်းယွမ်အပေါ် အလွန်အမင်း ယုံကြည်အားကိုးနေကြပြီ ဖြစ်သည်။

လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်...

"ခင်ဗျားတို့... ကျွန်တော်တို့တွေ မိန်တုဥယျာဉ်ကနေ ထိုက်ယန်တောင်ကို ရောက်ဖို့ ခက်ခက်ခဲခဲ လာခဲ့ရတာ... နောက်ပြန်လှည့်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"

"ဒီထိုက်ယန်တောင်ကို ဘယ်သူပိုင်တယ်လို့ ဘယ်တုန်းကမှ သတ်မှတ်ထားတာ မရှိဘူး... အရင်တုန်းကဆိုရင် ကျွန်တော်က လင်ကျောင်းဒေသ အပန်းဖြေကတ်တောင် လုပ်ထားခဲ့တာ... ဒီလင်ကျောင်းတစ်ဝိုက်က နေရာတွေ၊ တောင်တန်းတွေ ဘယ်နေရာကို ကျွန်တော် ဝင်မရဘူး ရှိလို့လဲ"

"လတ်တလော အခြေအနေနဲ့ ပြောရရင်... သူတို့တောင် တက်နေနိုင်သေးတာ... ကျွန်တော်တို့က ဘာကိစ္စ မတက်နိုင်ရမှာလဲ"

"ကျွန်တော် တစ်ခွန်းပဲ ပြောမယ်... ဒီနေ့ ကျွန်တော်တို့ တောင်ပေါ်တက်တာကို ဘယ်ကောင်ပဲ လာတားတား... အသေခံချမယ်"

"ဒီတောင်က နိုင်ငံပိုင်တဲ့တောင်... ပြီးတော့ ကျွန်တော်တို့ ပိုင်တဲ့တောင်ပဲ"

"ကျွန်တော်တို့ကို တောင်ပေါ် အတက်မခံဘူးဆိုရင်... အဲဒီကောင်တွေကို သေအောင်သတ်မယ်"

လင်းယွမ် ပြောပြီးသည်နှင့် ကျောက်ခိုင်က မိုးဟိန်းသံပမာ အော်ဟစ်လိုက်သည်။

"သေအောင်သတ်မယ်"

ခဏချင်းမှာပင် အိမ်ပိုင်ရှင်များ အားလုံး ထပ်တူလိုက်၍ အော်ဟစ်ကြတော့သည်။

"သေအောင်သတ်မယ်"

"သေအောင်သတ်မယ်"

အော်ဟစ်သံလှိုင်းများက ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားပြီး သည်းထန်စွာ ရွာသွန်းနေသော မိုးသံများပင် ဖုံးလွှမ်းသွားခြင်း မရှိပေ။

ပတ်ဝန်းကျင်မှ မီးတုတ်များသည် မိုးရေကြောင့် ငြိမ်းသွားခဲ့သော်လည်း ကင်းမျှော်စင်ပေါ်မှ မီးခွက်များက ပတ်ဝန်းကျင်ကို အနိုင်နိုင် လင်းစေလျက် ရှိသည်။

လင်းယွမ်က အော်ပြောလိုက်သည်။

"ထိုက်ယန်တောင်က ဒီလောက် ကျယ်တာ... လူနေထိုင်ဖို့ လုပ်ထားတဲ့ နေရာတွေအပြင် တခြား မြေလွတ်မြေရိုင်းတွေ အများကြီး ကျန်သေးတယ်... ငါတို့က လူဘယ်နှစ်ယောက် ရှိလို့လဲ... ငါတို့လေး နေတာတောင် သူတို့က လက်မခံနိုင်ဘူးတဲ့လား"

"လာ... အားလုံး... ငါနဲ့လိုက်ခဲ့... တောင်ပေါ်တက်ပြီး သူတို့ကို သွားရှင်းကြမယ်"

"ဆရာလင်း နောက်က လိုက်ကြဟေ့"

"သွားကြမယ်"

လူအုပ်ကြီးက ဟစ်ကြွေးကာ လင်းယွမ်နောက်သို့ လိုက်ပါလာကြသည်။

လင်းယွမ်က ရှေ့ဆုံးမှ ဦးဆောင်၍ လူအုပ်ကြီးမှာ တောင်တက်လမ်းအတိုင်း တရွေ့ရွေ့ တက်လာကြလေသည်။

လင်းယွမ်သည် စိတ်စွမ်းအင်ကို ထုတ်လွှတ်ကာ ရှေ့ဘက် ပေ (၁၀၀) ဝန်းကျင်အကွာအဝေးကို ဖြန့်ကြက် ထောက်လှမ်းထားလိုက်သည်။ ရန်သူများ၏ ချုံခိုတိုက်ခိုက်မှုကို ကာကွယ်ရန် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူက ကုဖုန်းကို ခေါ်လိုက်သည်။

"ကုဖုန်း... မင်း ရှေ့ကသွားပြီး မီးခိုးတွေမှုတ်ထုတ်... တစ်ဖက်လူတွေ ငါတို့ကို မမြင်ရအောင် ကာကွယ်မယ်"

"ဝူယင်... မင်း ကိုယ်ဖျောက်ပြီး အပေါ်ကို အရင်တက် ထောက်လှမ်းကြည့်... ခြုံခိုတိုက်မယ့်သူ ရှိမရှိ ကြည့်ပေး"

"ကျန်တဲ့လူတွေ... ပစ္စည်းတွေ ရှာပြီး မီးတုတ်တွေ လုပ်ကြ... လက်နှစ်ဖက်လုံးမှာ မီးတုတ် တစ်ချောင်းစီ ကိုင်ထား... ငါတို့အင်အား ဘယ်လောက်များလဲဆိုတာ သူတို့ကို ပြလိုက်ကြရအောင်"

လင်းယွမ်၏ အမိန့်များ ဆက်တိုက် ထွက်လာသည်နှင့် လူတိုင်း ကိုယ်စီ လှုပ်ရှားကြတော့သည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်နေသဖြင့် မီးတုတ်ရှို့ရန် မလွယ်ကူပေ။ မီးထတောက်သည်နှင့် ချက်ချင်း ပြန်ငြိမ်းသွားတတ်သည်။

ကံကောင်းသည်က လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်းထဲတွင် ခြောက်သွေ့သော အဝတ်အစားများနှင့် သစ်တုံးများ အများအပြား ရှိနေခြင်းပင်။ လူတိုင်းကလည်း ထီးကိုယ်စီ ပါလာကြသဖြင့် မီးတုတ်များကို အောင်မြင်စွာ မီးညှိနိုင်လိုက်ကြသည်။

တစ်ခဏအတွင်းမှာပင် လူတိုင်း၏ လက်နှစ်ဖက်တွင် မီးတုတ်များကိုယ်စီ ကိုင်ဆောင်ထားကြပြီး တောင်တက်လမ်းတစ်လျှောက် မီးတန်းကြီး ရှည်လျားစွာ ဖြစ်ပေါ်လာကာ အလွန် ထင်ရှားနေတော့သည်။

ဆက်ရန်...

အပိုင်း (၁၉၂) တက်တူးဝိညာဉ်အစွမ်း

လွန်ခဲ့သော (၁၀) မိနစ်ခန့်ဆီသို့ ပြန်သွားရလျှင်....

ဖုန်းဟွမ်းဘုရားကျောင်း အတွင်း၌ ရယ်မောသံများ ဆူညံလျက်ရှိ၏။

မူလက ဘုရားကျောင်းအတွင်း ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များအားလုံးကို ဖယ်ရှားရှင်းလင်းထားပြီး နေရာလွတ်ကြီးတစ်ခု ဖြစ်အောင် ဖန်တီးထားသည်။

ထိုခန်းမဆောင်ကြီး၏ အလယ်ရှိ ပူဇော်ပွဲကျင်းပရာ စားပွဲဝိုင်းတွင် လူနှစ်ယောက် ထိုင်နေကြသည်။

ထိုလူနှစ်ယောက်အနက် တစ်ယောက်မှာ ခန္ဓာကိုယ်တစ်ခုလုံးတွင် တက်တူးများဖြင့် ပြည့်နှက်နေပြီး ဘယ်ဘက်လက်မောင်းတွင် နဂါးပြာပုံ၊ ညာဘက်လက်မောင်းတွင် ကျားဖြူပုံနှင့် လည်ပင်းမှ ပခုံးနှစ်ဖက်ဆီသို့ အတောင်ပံတစ်စုံ ဖြန့်ကားထွက်နေသည့်ပုံစံ တက်တူးထိုးထားသည်။

ထိုသူသည် အရပ် (၆) ပေခန့်ရှိပြီး တောင့်တင်းသန်မာသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိသည်။ ဆံပင်ကို ကတုံးဆံတောက် ပုံစံညှပ်ထားပြီး ရွှေဆွဲကြိုးကြီးကို ဝတ်ဆင်ထားရာ လူမိုက်ခေါင်းဆောင် တစ်ယောက်၏ စရိုက်လက္ခဏာမျိုး အပြည့်အဝ ရှိနေပေသည်။

သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာမူ ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးကာ သဘောကောင်းမည့်ပုံစံ ပေါက်နေသည်။ ထိုသူသည် အရာရှိအင်္ကျီကို ဝတ်ဆင်ထားပြီး မျက်မှန်ကို တပ်ဆင်ထားရာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦး၏ အငွေ့အသက်များ လွှမ်းခြုံနေလေ၏။

သူတို့နှစ်ဦး၏ ရှေ့ရှိ စားပွဲပေါ်တွင် အရက်ပုလင်း အများအပြား တင်ထားသော်လည်း ပန်းကန်ထဲ၌မူ ကြက်ခြေထောက်နှင့် ခေါက်ဆွဲခြောက်ကဲ့သို့သော သရေစာ အနည်းငယ်သာ ရှိသည်။

သူတို့၏ ဘေးနားတွင် ငယ်ရွယ်ချောမောသော အမျိုးသမီးအချို့သည် ဟိုပေါ်ဒီပေါ် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး အရက်ငှဲ့ပေးကာ ပြုစုနေကြသည်။

တက်တူးနှင့် လူကောင်ကြီးက အရက်တစ်ငုံ သောက်လိုက်ပြီးနောက် ကြက်ခြေထောက်တစ်ချောင်းကို ကောက်ယူလိုက်သည်။ ထို့နောက် ပါးစပ်ထဲသို့ ထည့်ကာ တပြွတ်ပြွတ် စုပ်ယူလိုက်ရာ ချက်ချင်းပင် ကြက်ခြေထောက်မှာ အရိုးနှင့်အသား ကွာသွားတော့၏။

သူက စားပြီးသား အရိုးကို ဘေးနားရှိ ကြမ်းပြင်ပေါ်သို့ ပေါ့ပေါ့ဆဆ ပစ်ချလိုက်သည်။

အောက်ဘက်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးသည် ချက်ချင်းပင် ကုန်းထလိုက်ပြီး ခွေးတစ်ကောင်အလား ထိုအရိုးကို ကောက်ယူကာ ပါးစပ်ထဲသို့ အငမ်းမရ ထည့်သွင်းစားသောက်လေတော့သည်။

တက်တူးနှင့် လူကောင်ကြီးက ထိုမြင်ကွင်းကို ကြည့်ရင်း သဘောကျကာ ဟားတိုက် ရယ်မောလိုက်သည်။

မျက်မှန်တပ်ထားသော လူဝကြီးသည် ထိုအခြေအနေကို မြင်သောအခါ မသိမသာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ပြောဆိုလေသည်။

"ထူလုံ... သူတို့ကို ဒီလောက်ကြီး နှိပ်စက်မနေပါနဲ့... ဒီလူတွေက အရင်တုန်းက အိမ်နီးနားချင်းတွေပဲကို... ဒီလိုလုပ်စရာ မလိုပါဘူး"

ထူလုံက သူ့ကို စောင်းငဲ့ကြည့်လိုက်ပြီး ပြောသည်။

"ဟုန်ဖူ... ခင်ဗျား ဟန်ဆောင်မနေစမ်းပါနဲ့... ခင်ဗျားဂူထဲမှာ ဝှက်ထားတဲ့ ကောင်မလေးသုံးယောက်က ခင်ဗျားသမီးအရွယ်တွေလေ... ကျုပ်ရှေ့လာပြီး လူလိမ္မာကြီး လုပ်မနေနဲ့"

ဟုန်ဖူ၏ မျက်နှာထားမှာ တောင့်တင်းသွားပြီး မတတ်သာသည့်ပုံစံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်သဘောက... ပျော်ပါးတာက ပျော်ပါးတာပေါ့... ဒါပေမဲ့ အပြင်လူတွေကို မမြင်စေတာ အကောင်းဆုံးပဲလို့ ပြောချင်တာ"

"ရှေးစကားတောင် ရှိတယ်လေ... ဆင်းရဲဒုက္ခရောက်နေတဲ့အချိန်ဆို လူတွေက ရိုင်းစိုင်းလာတတ်တယ်တဲ့... ကျွန်တော်တို့က အခုလို ကောင်းကောင်းစား ကောင်းကောင်းသောက်ပြီး သူတစ်ပါးကို နှိပ်စက်နေတာက... သိပ်တော့ မကောင်းလှဘူး"

"တော်ကြာ နွမ်းပါးတဲ့လူတွေ မနာလိုဖြစ်လာရင်... မကောင်းဘူးလေ"

ထူလုံက အေးစက်စက် ပြုံးလိုက်သည်။

"ဘာများ မကောင်းစရာ ရှိလို့လဲ... ဟုန်ဖူရာ... ခင်ဗျားက ခေတ်ဟောင်း အတွေးအခေါ်တွေနဲ့... ပြည်သူ့အသံ နားထောင်နေတုန်းလား"

"အခု ဘယ်လိုအချိန် ရောက်နေပြီလဲဆိုတာ မကြည့်ဘူးလား... ကမ္ဘာပျက်ကပ်ကြီးလေ... ရေကြီးနေတာလေ"

"ဒီခေတ်ကြီးမှာ... လက်သီးမာရင် အရာရာပိုင်တယ်"

"အရင်တုန်းကဆို ငါက ဘားဖွင့်တယ်... ကေတီဗီ ဖွင့်တယ်... သောက်ကျိုးနည်း... စီးပွားရေးဌာနကို လိုင်းကြေးပေးရ... ရဲစခန်းကို လိုင်းကြေးပေးရနဲ့... ငါ့မှာ ဘာမှ အဖတ်မတင်ဘူး"

"အခု ကြည့်လိုက်စမ်း... ငါက နေ့တိုင်း မိန်းမတွေကို ပုံစံမျိုးစုံ လဲပြီး ပျော်ပါးနေတာ... ဘယ်ခွေးကောင်က မကျေနပ်ဘူး ပြောရဲလို့လဲ"

"မနာလိုဘူးလား... မနာလိုရင် ဘာဖြစ်လဲ... ငါ့ရှေ့လာပြီး မနာလိုပြလိုက်စမ်းပါ"

"အဲ့ဒီကောင်ရဲ့ မျက်လုံးတွေကို ချက်ချင်း ကလော်ထုတ်ပစ်လိုက်မယ်... ယုံလား"

"မနာလိုဖြစ်ရအောင်... သူတို့ ဦးနှောက်မရှိကြဘူးလား... ငါသာ မရှိရင် သူတို့တွေ ဒီတောင်ပေါ်မှာ အေးအေးဆေးဆေး နေနိုင်ပါ့မလား"

"တောထဲက သန္ဓေပြောင်း သတ္တဝါတွေက... စောစောစီးစီး သူတို့ကို အဆာပြေ စားသွားလောက်ပြီ"

ဟုန်ဖူမှာ ပြောစရာ စကားမရှိ ဖြစ်သွားသည်။ ခေတ်ကာလက ပြောင်းလဲသွားပြီ ဖြစ်ရာ ယခုအချိန်တွင် အားနည်းသူက အားကြီးသူကို ခိုလှုံရသည့်ခေတ် ဖြစ်နေပေပြီ။

အစွမ်းပိုင်ရှင်များ၏ ကာကွယ်ပေးမှုသာ မရှိပါက ဤစခန်းသည် တောထဲရှိ သန္ဓေပြောင်း သတ္တဝါများ၏ စားသောက်ခြင်းကို ခံရသည်မှာ ကြာပေပြီ။

အထူးသဖြင့် ထူလုံသည် တက်တူးဝိညာဉ် ဟု ခေါ်သော အစွမ်းကို ပိုင်ဆိုင်ထားပြီး သူ၏ ခန္ဓာကိုယ်ကို ပြောင်းလဲကာ ခန္ဓာကိုယ်ပေါ်တွင် ထိုးထားသော တက်တူးပုံ သန္ဓေပြောင်း သတ္တဝါအဖြစ် ပေါင်းစပ် ပြောင်းလဲနိုင်လေသည်။

ဤကဲ့သို့သော အစွမ်းမျိုးကို ဟုန်ဖူတစ်ယောက် စဉ်းစား၍ပင် မရနိုင်ပေ။

ထူလုံ စိတ်ဆိုးသွားသည်ကို မြင်သောအခါ သူက အလျင်အမြန်ပင် အရက်ခွက်ကို မြှောက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ကြည့်ပါဦး... စိတ်ဆိုးပြန်ပြီ... ကျွန်တော်က သဘောပြောပြတာပါ"

သူက အရက်ခွက်ကို မြှောက်လိုက်ရာ မမြင်ရသော စွမ်းအင်တစ်ခု ပျံ့နှံ့သွားလေသည်။

စောစောက ဒေါသထွက်နေသော ထူလုံသည် ရုတ်တရက် တည်ငြိမ်သွားသည်။

ထူလုံက သူ့လက်ထဲမှ အရက်ခွက်ကို ယူလိုက်ပြီး တစ်ရှိန်ထိုး မော့ချလိုက်၏။

ထို့နောက် ခွက်ကို ပြန်ချလိုက်ပြီး ပြောသည်။

"အစားအစာအကြောင်း ပြောမှ သတိရတယ်... ငါတို့တောင်ပေါ်မှာ စားစရာ ဘယ်လောက် ကျန်သေးလဲ"

ဟုန်ဖူက ထိုစကားကို ကြားသောအခါ သက်ပြင်းချလိုက်သည်။

"သိပ်မကျန်တော့ဘူး"

"လွန်ခဲ့တဲ့ (၆) လလောက်က... လူတိုင်း သယ်နိုင်သလောက် ပစ္စည်းတွေ သယ်ပြီး တောင်ပေါ်တက်လာကြတယ်... ဒါပေမဲ့ လူဦးရေက များတော့ စားစရာတွေက မလောက်ငတော့ဘူး"

"အခု ဂိုဒေါင်ထဲမှာ... တစ်လစာလောက်ပဲ စားစရာ ကျန်တော့တယ်"

ထူလုံက စိတ်တိုတိုဖြင့် ပြောလိုက်သည်။

"သောက်ကျိုးနည်း... စားစရာ ကုန်ပြန်ပြီလား... သူတို့ကို ငါးဖမ်းထွက်ခိုင်းထားတယ် မဟုတ်လား... သူတို့ မသွားကြဘူးလား... ဒီအသုံးမကျတဲ့ကောင်တွေ"

"သွားတော့ သွားပါတယ်... ဒါပေမဲ့ ငါးချည်းပဲ စားလို့ ဘယ်ဖြစ်မလဲ... လူဆိုတာ ထမင်းစားမှ ဖြစ်မှာပေါ့"

"ကျွန်တော် ကြားတာတော့ စစ်တပ်ဘက်က စပါးစိုက်ပျိုးနည်းပညာ အသစ်တစ်မျိုး ရှာတွေ့ထားတယ်တဲ့... ဒါပေမဲ့ အပင်အမျိုးအစား အစွမ်းပိုင်ရှင်တွေ လိုအပ်တယ်လို့ ပြောတယ်... ချင်းယွီတောင်ကြားစခန်းက လူတွေထဲမှာ အပင်အမျိုးအစား အစွမ်းပိုင်ရှင် ရှိတယ်လို့ ကျွန်တော် မှတ်မိနေတယ်... သူတို့ စပါး စစိုက်နေလောက်ပြီ"

ထူလုံက မျက်မှောင်ကြုတ်လိုက်သည်။

"စပါးစိုက်မယ်... ဒီတောင်ပေါ်မှာ စပါးစိုက်လို့ ရမလား"

ဟုန်ဖူက ခေါင်းညိတ်လိုက်သည်။

"စစ်တပ်ရဲ့ နည်းပညာအသစ်က... စွမ်းအင်ကျောက်တုံးတွေကို သုံးပြီး အထူးစွမ်းအင်နယ်ပယ်တစ်ခု ဖန်တီးရတယ်လို့ ပြောကြတယ်"

ထူလုံက မကျေမနပ် ဖြစ်သွားသည်။

"ငါတို့ဆီမှာ အပင်အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်မှ မရှိဘူးလား"

"အင်း... မရှိလို့ပဲ ကျွန်တော် စိတ်ပူနေရတာပေါ့"

"ရှိသာရှိရင်... ကျွန်တော်တို့နှစ်ယောက် အခုလို စိတ်ညစ်ပြီး ဒီသရေစာတွေပဲ ထိုင်စားနေမလား"

"လောလောဆယ် အသားနဲ့ငါးအတွက်ကတော့ ရေထဲဆင်းပြီး ငါးဖမ်းလို့ရတယ်... တောထဲဝင်ပြီး သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းလို့ရတယ်"

"ဒါပေမဲ့ ဆန်တို့ ဂျုံတို့လို ကာဗိုဟိုက်ဒရိတ် မရှိရင်တော့... တကယ် မလွယ်တော့ဘူး"

"ထူလုံ... ခင်ဗျား အနီးနားက ရပ်ကွက်တွေကို သွားရှာကြည့်ပါလား"

ထူလုံက ခေါင်းခါလိုက်သည်။

"အနီးနားက ရပ်ကွက်တွေကို ငါသွားပြီးပြီ... သယ်လို့ရတာတွေ အကုန် သယ်လာပြီးပြီ"

"အခု ရေကြီးတာက (၁၅) ထပ် (၁၆) ထပ် အမြင့်လောက်ထိ ရောက်နေပြီ... ဘယ်နေရာမှာမှ စားစရာ ကျန်စရာ အကြောင်းမရှိတော့ဘူး... နည်းနည်း ဝေးဝေးသွားမယ် ဆိုရင်တော့ ဟန်လုံစင်တာ ဘက်ကို သွားမှ ရမယ်"

"ကြည့်ရတာ ငါတို့လည်း စိုက်ပျိုးရေး လုပ်နိုင်မယ့် နည်းလမ်းကို ရှာမှဖြစ်တော့မယ်" ဟုန်ဖူက သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒါပေမဲ့ အပင်အမျိုးအစား အစွမ်းပိုင်ရှင် မရှိရင်... စစ်တပ်က နည်းပညာ ပေးရင်တောင်... ကျွန်တော်တို့ လုပ်နိုင်မှာ မဟုတ်ဘူး"

ထူလုံက ခေတ္တမျှ စဉ်းစားလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"ငါတို့ဆီမှာ မရှိရင်... တခြားစခန်းသုံးခုမှာ ရှိတယ် မဟုတ်လား"

"ခင်ဗျား ဆိုလိုတာက"

"ဟမ့်... တစ်ယောက်လောက် သွားဖမ်းလာလိုက်ရင် ပြီးတာပဲ" ထူလုံက အေးစက်စက် ပြုံးလိုက်သည်။

ဟုန်ဖူက အလျင်အမြန်ပင် တားမြစ်လိုက်သည်။

"စိတ်မြန်လက်မြန် မလုပ်ပါနဲ့ဦး... လီယွဲ့ဖုန်း ဆိုတဲ့လူက ပင်လယ်ဓားပြဘုရင် လို့ နာမည်ကြီးတယ်... သူ့ရဲ့ ရာဘာခန္ဓာကိုယ် အစွမ်းက ဝမ်းပိဇာတ်လမ်းထဲက လူဖီလိုပဲ... ခင်ဗျားရဲ့ တက်တူးဝိညာဉ် နဲ့ ယှဉ်ရင် သူက အသာစီး ရနိုင်တယ်... ဝူမုန့် တောင်မှ သူ့ကို မနိုင်ဘူး"

ထူလုံက မကျေမနပ် ရေရွတ်လိုက်သည်။

"ဘယ်သူပြောလဲ... လီယွဲ့ဖုန်းရဲ့ အစွမ်းက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကို မကြောက်ပေမဲ့... မီးနဲ့ တိုက်ခိုက်ရင်တော့ ကြောက်တယ်"

"အရင်တုန်းက ထျန်ဝေ နဲ့ တိုက်တုန်းက... သူ မီးလောင်ပြီး သေလုနီးပါး ဖြစ်ဖူးတယ်... အဲ့ဒီတုန်းက ရေတံခွန်နားမှာမို့လို့... မဟုတ်ရင် အဲ့ဒီကောင် သေတာ ကြာပြီ"

"ငါသွားတဲ့အခါ ဓာတ်ဆီတစ်ပုံး ယူသွားရင်... သူ့ကို ကြောက်နေစရာ လိုဦးမလား"

ဟုန်ဖူက ခါးသက်သက် ပြုံးလိုက်သည်။

"သေချာပေါက် နိုင်မယ်လို့ အာမခံချက် မရှိရင်တော့... မစွန့်စားတာ အကောင်းဆုံးပါပဲ... ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ရန်သူက တခြားစခန်းတွေ မဟုတ်ဘူး... နောက်တစ်ပတ်ကျရင် ရောက်လာမယ့် ဒီရေလှိုင်းတွေပဲ"

"ခင်ဗျား မမေ့နဲ့ဦး... ရေကြီးတဲ့အထဲပါလာတဲ့ သန္ဓေပြောင်း သတ္တဝါတွေက တစ်ခါထက်တစ်ခါ ပိုပြီး ကြမ်းတမ်းလာတယ်... နောက်တစ်ခေါက် သန္ဓေပြောင်း သတ္တဝါတွေ ကုန်းပေါ်တက်လာရင်... ကျွန်တော်တို့ တော်တော် ကာကွယ်ရခက်လိမ့်မယ်"

ဒီရေလှိုင်း အကြောင်း ပြောလိုက်ရာ မောက်မာလှသော ထူလုံပင်လျှင် မျက်နှာပျက်သွားတော့သည်။

"တောင်ပေါ်က ဂူအောင်းခိုလှုံရေးစခန်း တူးတာ ဘယ်လိုနေပြီလဲ"

"အလုပ်သမားတွေ နားချိန်မရှိ လုပ်နေကြပါတယ်" ဟုန်ဖူက ဖြေလိုက်သည်။

"အပေါ်ဘက်ကို တူးနေတာ ဟုတ်တယ်မလား... မမှားစေနဲ့ဦး... အောက်ဘက်ကို တူးမိလို့ ရေထပ်ကြီးလာရင်... စခန်းတစ်ခုလုံး သွားပြီပဲ"

"စိတ်ချပါ... ကျွန်တော် ကြီးကြပ်နေပါတယ်"

ထူလုံက ခေါင်းညိတ်လိုက်ပြီးနောက် စကားလမ်းကြောင်းက အစောပိုင်း ပြောခဲ့သည့် စားနပ်ရိက္ခာ ပြဿနာဆီသို့ ပြန်ရောက်သွားသည်။

သူက မေးလိုက်သည်။

"ဒါဆို ရိက္ခာကိစ္စနဲ့ ပတ်သက်ပြီး... ဟုန်ဖူ... ခင်ဗျားမှာ ဘာအကြံကောင်း ရှိလဲ"

ဟုန်ဖူက စဉ်းစားလိုက်ပြီး ပြောသည်။

"နှစ်လမ်း ခွဲလုပ်ကြတာပေါ့... တစ်ဖက်က ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အပင်အမျိုးအစား အစွမ်းပိုင်ရှင်ကို အမြန်ဆုံး မွေးထုတ်မယ်... နောက်တစ်ဖက်ကတော့... တခြား စခန်းသုံးခုနဲ့ အရောင်းအဝယ် လုပ်လို့ရမလား ကြည့်မယ်... ရိက္ခာနဲ့ လဲလှယ်လို့ရမလား ပေါ့"

ထူလုံက မျက်လုံးမှေးလိုက်သည်။

"အစွမ်းပိုင်ရှင် မွေးထုတ်မယ်... သိပြီ... မနက်ဖြန်ကျရင် ငါကိုယ်တိုင် ရှာဖွေရေးအဖွဲ့ ဖွဲ့ပြီး တောထဲ သွားကြည့်မယ်"

"ဒီတစ်ခေါက် သေချာ ကြပ်မတ်လိုက်... အကုန်မသေစေနဲ့ဦး... ကျွန်တော်တို့ စခန်းတူးဖို့အတွက် လူအင်အား လိုသေးတယ်"

"စိတ်ချပါ... ငါသိပါတယ်" ထူလုံက လက်ကာပြလိုက်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ် အပြင်ဘက်မှ လျင်မြန်သော ခြေသံများ ကြားလိုက်ရသည်။

ထို့နောက် တောင်အောက်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။

ထူလုံက မျက်မှောင်ကြုတ်လိုက်ပြီး အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။

"အာကျူး... အပြင်မှာ ဘာဖြစ်နေတာလဲ"

သူ့အသံ ဆုံးသည်နှင့် လူနှစ်ယောက် အတင်း ပြေးဝင်လာကြသည်။

တစ်ယောက်မှာ ပုပုလုံးလုံးနှင့် ဖြစ်ပြီး ဘောင်းဘီဇစ်ကိုပင် ဆွဲဖို့ အချိန်မရလိုက်ပေ။ သူက အော်ဟစ်လိုက်သည်။

"ဆရာကြီးထူလုံ... ပြဿနာတက်ပြီ... အပြင်မှာ ပြဿနာတက်ပြီ"

နောက်တစ်ယောက်မှာမူ ကြောက်လန့်တကြား ဖြစ်နေပြီး ထူလုံကို မြင်သည်နှင့် ဒူးထောက်ချလိုက်ကာ အော်ပြောလေသည်။

"ကိုကြီးလုံ... ကိုကြီးလုံ... ဒုက္ခပါပဲ... တောင်အောက်မှာ လူတွေ အများကြီး ရောက်နေတယ်... ကင်းလှည့်အဖွဲ့နဲ့ တိုက်ခိုက်နေကြပြီ"

"အဲ့ဒီလူအုပ်စုထဲမှာ အရမ်းတော်တဲ့ အစွမ်းပိုင်ရှင် တစ်ယောက် ပါလာတယ်... စုန်ယိတို့ တားမရတော့ဘူး... သူတို့ တောင်ပေါ်ကို တက်လာတော့မယ်"

"ခွမ်း"

ထူလုံက ရုတ်တရက် ထရပ်လိုက်ပြီး ဖန်ခွက်ကို ပေါက်ခွဲလိုက်သည်။ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

"မင်း ဘာပြောလိုက်တယ်... မင်း သောက်စကား နောက်တစ်ခေါက် ပြန်ပြောစမ်း"

"ကိုကြီးလုံ... အပြင်လူတွေ တောင်ပေါ်တက်လာပြီး... သတ်ဖြတ်နေကြပြီ"

ထူလုံက သည်းမခံနိုင်တော့ဘဲ ဆဲဆိုလိုက်သည်။

"တောက်... ခွေးမသား... စုန်ယိတို့က အသုံးမကျလိုက်တာ... ဒီလောက်ကိစ္စလေးတောင် ကောင်းကောင်း မလုပ်နိုင်ဘူး"

"အာကျူး... လူသွားခေါ်လိုက်... အစွမ်းပိုင်ရှင်တွေ အကုန်လုံးကို နှိုးလိုက်စမ်း"

"ခွေးမသား... ဘယ်ကောင်က မျက်လုံးမပါဘဲ ငါ့ပိုင်နက်ထဲ လာရမ်းကားတာလဲဆိုတာ ကြည့်ရသေးတာပေါ့"

ထူလုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။ စိတ်လွတ်သွားသဖြင့် အရင်တုန်းက ဘားဖွင့်စဉ်က သုံးနှုန်းလေ့ရှိသည့် စကားလုံးများ ထွက်လာတော့သည်။

ထို့နောက် သူက ချက်ချင်း ထွက်သွားရန် ပြင်လိုက်ရာ ဟုန်ဖူလည်း မတ်တတ်ရပ်လိုက်သည်။

ဟုန်ဖူ၏ မျက်နှာထားမှာလည်း တည်ငြိမ် လေးနက်နေသည်။ သူက သတင်းလာပို့သူကို မေးလိုက်၏။

"ရန်သူတွေ ဘယ်နား ရောက်နေပြီလဲ"

"တောင်အောက်မှာ ရှိပါသေးတယ်" သတင်းပို့သူက အလျင်အမြန် ဖြေလိုက်သည်။

"တစ်ဖက်မှာ လူဘယ်နှစ်ယောက်လောက် ပါလဲ သိလား" ဟုန်ဖူက ထပ်မေးလိုက်သည်။

သတင်းပို့သူက ခေါင်းခါလိုက်သည်။

"မိုးချုပ်နေတော့ သေချာ မမြင်ရဘူး... သစ်ဖောင် သုံးစီးလောက် တွေ့တယ်... အနည်းဆုံး လူ (၁၀၀) ဝန်းကျင်လောက်တော့ ရှိမယ်"

"အစက ကျွန်တော်တို့ မြှားမိုးရွာချလိုက်တော့ သူတို့ ထွက်ပြေးသွားကြပြီးပြီ"

"ကျွန်တော်တို့က လှမ်းပြီး ဆဲဆို လှောင်ပြောင်လိုက်တော့... ဖောင်ပေါ်က အစွမ်းပိုင်ရှင်က ဒေါသထွက်သွားပြီး... အစွမ်းပိုင်ရှင် သုံးလေးယောက်ကို ခေါ်ပြီး အတင်း တက်လာတာ"

"စုန်ယိက လူတွေကို ဦးဆောင်ပြီး ပြန်တိုက်ပေမဲ့... ဟိုလူတွေက အရမ်း စွမ်းလွန်းတယ်... မျက်နှာချင်းဆိုင်လိုက်တာနဲ့ လူဆယ်ယောက်လောက် သေသွားတယ်"

"တစ်ဖက်လူက ဘာအမျိုးအစား အစွမ်းပိုင်ရှင်လဲ"

"ခေါင်းဆောင်လုပ်တဲ့လူက ခွန်အားအမျိုးအစားနဲ့ တူတယ်... အားအရမ်းကြီးတယ်... လက်နဲ့ ရိုက်လိုက်တာနဲ့ ဦးခေါင်းခွံ ကွဲထွက်သွားတာ"

"ကျွန်တော် ထွက်ပြေး... သတင်းလာပို့တဲ့အချိန်မှာ... ကိုကြီးစုန်ယိကို အဲ့ဒီလူ နင်းသတ်လိုက်တာ မြင်လိုက်ရတယ်"

ဟုန်ဖူက အံ့သြသွားသည်။

"ခွန်အားအမျိုးအစား တစ်ယောက်တည်းလား"

ထူလုံသည်လည်း ခြေလှမ်းတုံ့သွားပြီး သတင်းပို့သူကို လှည့်ကြည့်လိုက်သည်။

"မင်းအမေ... မင်း ဘာပြောလိုက်တယ်... ခွန်အားအမျိုးအစား တစ်ယောက်တည်းနဲ့ မင်းတို့ကို အပြတ်ချေမှုန်းသွားတယ် ဟုတ်လား"

"မဟုတ်ပါဘူး... အဲ့ဒီလူက တကယ် ကြမ်းတာပါ... သူတစ်ယောက်တည်း မဟုတ်ဘူး... သူ့ဘေးမှာ အစွမ်းပိုင်ရှင် အများကြီး ပါသေးတယ်... အကုန်လုံးက တော်တော် ကြမ်းကြတယ်"

ထူလုံက ဆဲရေးလိုက်ပြီး ဆက်မမေးတော့ဘဲ ဖုန်းဟွမ်းဘုရားကျောင်း တံခါးဝသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ထိုနေရာမှနေ၍ တောင်အောက်ဘက်သို့ လှမ်းကြည့်လိုက်၏။

အပင်များ ဖုံးကွယ်နေသော်လည်း တောင်လမ်းတစ်လျှောက်တွင် မီးရောင်များ လင်းထိန်နေပြီး နဂါးတစ်ကောင်အလား ရှည်လျားစွာ တန်းစီနေသည်ကို မြင်လိုက်ရသည်။

အကြမ်းဖျင်း ကြည့်လိုက်ရုံဖြင့် မီးတုတ် အရေအတွက်မှာ (၂၀၀) နီးပါး ရှိနိုင်ပေသည်။

သူက လှည့်ကြည့်ပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။

"ဒါကို လူ (၁၀၀) လောက်လို့ ခေါ်သလား... မင်းအမေ... မင်း ဘယ်လို ရေတွက်လိုက်တာလဲ"

ဟုန်ဖူလည်း မျက်နှာ ပျက်သွားသည်။ လူ (၂၀၀) နီးပါး ဆိုသည်မှာ သူတို့ဘက်ရှိ လူအင်အားနှင့် ယှဉ်လျှင် လူ (၁၀၀) ဝန်းကျင်လောက်သာ လျော့နည်းခြင်း ဖြစ်သည်။

သို့သော် ဤမျှ များပြားသော လူအုပ်ကြီးသည် အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်မှာ သေချာပေသည်။

ဟုန်ဖူက လေးလေးနက်နက် ပြောလိုက်သည်။

"ဒါက နဂါးတစ်ကောင် နယ်မြေကျော်လာတဲ့အတိုင်းပဲ... ဒီလောက်များတဲ့ လူအုပ်ကြီး ဘယ်ကနေ ရောက်လာတာလဲ"

ထူလုံက အေးစက်စက် ပြုံးလိုက်သည်။

"နဂါးလား... တီကောင်လား ဆိုတာ... ယှဉ်ကြည့်ရင် သိမှာပေါ့"

ဟုန်ဖူက မနေနိုင်ဘဲ တားမြစ်လိုက်သည်။

"ထူလုံ... မတိုက်ဘဲ နေလို့ရရင် မတိုက်ပါနဲ့... တကယ်တမ်း တိုက်ခိုက်ကြရင် ငါတို့ဘက်က အသာစီးရမှာ မဟုတ်ဘူး... နှစ်ဖက်စလုံး အထိနာသွားရင်... တခြား စခန်းသုံးခုက အခွင့်ကောင်း ယူသွားလိမ့်မယ်"

ထူလုံက ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း ထိုအချက်ကို စိုးရိမ်မိသည်။

ဟုန်ဖူက ဆက်ပြောသည်။

"ခင်ဗျား မမေ့နဲ့ဦး... ဝူမုန့်တို့အဖွဲ့က ငါတို့ဆီက ပေါက်ကွဲစေတဲ့ အက္ခရာအစီအရင် ပြုလုပ်နည်းကို အမြဲတမ်း လိုချင်နေကြတာ"

ထိုစကား ကြားလိုက်ရသောအခါ ထူလုံသည် တိုက်ခိုက်လိုစိတ် လျော့ကျသွားပြီး မေးလိုက်သည်။

"ဟုန်ဖူ... ခင်ဗျားသဘောက ဒီကိစ္စကို ဘယ်လို ဖြေရှင်းချင်လဲ"

"ကြိုပြောထားမယ်နော်... ငါတို့စခန်းက နေရာကျဉ်းတယ်... ဒီလူတွေကို လက်ခံထားလို့ မရဘူး"

ဟုန်ဖူက ခေတ္တမျှ စဉ်းစားပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

"ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိတယ်... ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လို့ ရနိုင်တယ်... ဒီလူတွေကိုလည်း နေရာချပေးလို့ရမယ်... ဝူမုန့် ကိုလည်း ခေါင်းကိုက်အောင် လုပ်လို့ရမယ်"

ထူလုံက ချက်ချင်း မေးလိုက်သည်။

"ပြောစမ်းပါဦး"

"ဒီလိုလုပ်ကြတာပေါ့... ကျွန်တော်တို့က"

ဟုန်ဖူက တီးတိုး ပြောလိုက်ရာ ထူလုံ၏ မျက်လုံးများ အရောင်တောက်လာသည်။

ဟုန်ဖူ ပြောပြီးသွားသောအခါ သူက ဟားတိုက် ရယ်မောလိုက်လေသည်။

"ဟားဟားဟား... အကြံကောင်းပဲ... ဟုန်ဖူ... ခင်ဗျားက တကယ့် မြေခွေးအိုကြီးပဲ... ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာ တကယ် ပိုင်နိုင်လွန်းတယ်"

ဟုန်ဖူက ဘာမှ ပြန်မပြောဘဲ လျှို့ဝှက်နက်နဲစွာ ပြုံးနေလိုက်သည်။

ရုတ်တရက် ထူလုံက အပြုံးကို ရုပ်သိမ်းလိုက်ပြီး ပြောသည်။

"ဒါပေမဲ့ နည်းလမ်းကတော့ ကောင်းပါတယ်... ဒီလူစုက ဘယ်လောက် အစွမ်းအစ ရှိလဲ ဆိုတာတော့ ကြည့်ရသေးတာပေါ့... ငါတို့ ဒီလောက် အပင်ပန်းခံပြီး လုပ်ရကျိုး နပ်မနပ် ဆိုတာလေ"

"အာကျူး... လူတွေ ရောက်ပြီလား"

သူက အပြင်ဘက်မှ ရောက်လာသော လူအုပ်ကြီးကို လှမ်းအော်မေးလိုက်သည်။

ခေါင်းဆောင်ဖြစ်သူ ပုပုလုံးလုံး လူက အော်ပြောလိုက်သည်။

"ညီအစ်ကိုတွေ ရောက်ပါပြီ... ကိုကြီးလုံ"

ထူလုံက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။

"သွားမယ်... လိုက်ခဲ့ကြ... ဒီနယ်မြေကျော်လာတဲ့ကောင်တွေက ဘယ်လောက် ပေါင်ချိန်စီးလဲ ဆိုတာ သွားကြည့်ကြတာပေါ့... ငါ့ပိုင်နက်ထဲ လာရမ်းကားရဲတယ်"

"ခွေးမသားတွေ... ငါတို့ပိုင်နက်ထဲ လာရဲမှတော့... ချပြီကွာ"

"သွားမယ်... ဒီကောင်တွေကို သတ်ပစ်ကြ"

"နယ်မြေကျော်လာတဲ့ကောင်တွေကို သတ်"

......

ထူလုံ၏ လက်အောက်ငယ်သား အစွမ်းပိုင်ရှင်များက ဒေါသတကြီး အော်ဟစ်ကြွေးကြော်ကြသည်။

ထူလုံက ထိုမြင်ကွင်းကို ကြည့်ပြီး နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။

"သွားမယ်"

လူအုပ်ကြီးသည် တောင်အောက်သို့ တရုန်းရုန်း ဆင်းသွားကာ လမ်းပိတ်ဆို့ရန် ပြင်ဆင်လိုက်ကြသည်။

ဟုန်ဖူက လူအုပ်၏ နောက်ဆုံးမှ လိုက်ပါသွားပြီး တည်ငြိမ်သော အမူအရာ ရှိနေသည်။

လူအုပ်စု နှစ်စုသည် အထက်နှင့်အောက် မျက်နှာချင်းဆိုင်အနေအထားဖြင့် တောင်ပေါ်လမ်းတွင် ဆုံတွေ့ကြလေသည်။

လင်းယွမ်သည် ရှေ့ဆုံးမှ ဦးဆောင်လာပြီး သူ၏ ခေါင်းပေါ်တွင် စိတ်စွမ်းအင်ဖြင့် ထီးတစ်ချောင်း ဖန်တီးကာ မိုးဒဏ်လေဒဏ်ကို ကာကွယ်ထားသည်။

တောင်ပေါ်မှ လှုပ်ရှားမှုများကို ကြားလိုက်ရသဖြင့် သူက မော့ကြည့်လိုက်ရာ လူအုပ်ကြီး တောင်အောက်သို့ ဆင်းလာသည်ကို တွေ့လိုက်ရသည်။

ခေါင်းဆောင်ဖြစ်သူမှာ တီရှပ်ကို ဝတ်ဆင်ထားပြီး လက်မောင်းနှစ်ဖက်လုံးတွင် ပန်းပုံစံ တက်တူးများ အပြည့် ရှိနေသည်။

သူ့ဘေးတွင် လူတစ်ယောက်က ထီးမိုးပေးကာ မိုးဒဏ်လေဒဏ်ကို ကာကွယ်ပေးထားသည်။

လင်းယွမ်က ဘေးနားရှိ ကျန်းကျစ်ဟောင် ကို ဆွဲခေါ်လိုက်ပြီး မေးလိုက်သည်။

"ဟိုလူက ထူလုံ လား"

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... သူက ထူလုံ ပါ... ဆရာ... ကျွန်တော့်ကို လွှတ်ပေးမယ်လို့ ကတိပေးထားတယ်နော်... ကျွန်တော် သိသမျှ အကုန် ပြောပြပြီးပြီလေ"

ကျန်းကျစ်ဟောင်က သနားစဖွယ် တောင်းပန်လိုက်သည်။

လင်းယွမ်က သွားဖြဲပြီး ပြုံးလိုက်သည်။

"ငါ ကတိပေးထားရင် သေချာပေါက် တည်စေရမယ်"

ပြောပြီးသည်နှင့် သူက ရုတ်တရက် ကျန်းကျစ်ဟောင်၏ ခါးဘောင်းဘီစကို ဖမ်းဆွဲလိုက်ပြီး ခြေလှမ်းတစ်လှမ်း ပစ်ကာ ခန္ဓာကိုယ်ကို လှည့်၍ ကျန်းကျစ်ဟောင်ကို ခဲလုံးတစ်လုံးပမာ အပေါ်ဘက်ရှိ ထူလုံတို့ လူအုပ်ဆီသို့ အားကုန် လွှဲပစ်လိုက်လေသည်။

ထူလုံက မျက်လုံးကျဉ်းမြောင်းသွားသည်။ သူ လှုပ်ရှားမှု မပြုလုပ်ရသေးခင်မှာပင် ဘေးနားရှိ လူငယ်တစ်ဦးက ရှေ့ထွက်လာပြီး အော်ဟစ်လိုက်သည်။

"ကိုကြီးလုံ... ကျွန်တော် ဖမ်းလိုက်မယ်"

ထိုလူငယ်၏ လက်မောင်းကြွက်သားများ ဖောင်းကြွလာပြီး ခြေတစ်လှမ်း ပစ်ကာ လက်ဆန့်ထုတ်၍ ကျန်းကျစ်ဟောင်ကို ဖမ်းယူလိုက်သည်။

"ဘုန်း"

ကျန်းကျစ်ဟောင်သည် လူသား ခဲလုံးကြီး တစ်လုံးအလား ထိုလူငယ်၏ ရင်ခွင်ထဲသို့ ပြင်းထန်စွာ ဝင်ဆောင့်လေသည်။

လူငယ်က မျက်လုံးပြူးသွားပြီး အားကုန်သုံးကာ ဖမ်းထိန်းထားလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ကျန်းကျစ်ဟောင်၏ ခန္ဓာကိုယ်မှ ပါလာသော ကြီးမားလှသည့် အရှိန်အဟုန်ကြောင့် သူသည် ချက်ချင်းပင် နောက်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

တစ်ခဏတာမျှ သူသည် ကုန်တင်ကားကြီးတစ်စီး ဝင်တိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

"သောက်ကျိုးနည်း"

လူငယ်က စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ညာဘက်ခြေထောက်ကို နောက်သို့ ဆုတ်ကာ မြေကြီးကို အားကုန် ကန်ထားလိုက်ရသည်။

"ကျွီ——"

သူ၏ ခန္ဓာကိုယ်သည် ထိုကြီးမားသော အားအရှိန်ကြောင့် နောက်ဘက်သို့ (၁၀) ပေခန့် ပါသွားပြီးမှ ရပ်တန့်သွားလေသည်။

သူ၏ လက်မောင်းများမှာ ထုံကျဉ်နေပြီး သွေးလေ လည်ပတ်မှု မြန်ဆန်လာသဖြင့် မျက်နှာတစ်ခုလုံး နီရဲလာသည်။

"တောက်... သူ့ရဲ့ ခွန်အားက ငါ့ထက်တောင် များနေသေးတယ်" လူငယ်က ခေါင်းလှည့်ပြီး ထူလုံကို အလျင်အမြန် ပြောလိုက်သည်။

ထူလုံ၏ မျက်လုံးများ အေးစက်သွားသည်။

"စိတ်ဝင်စားစရာပဲ... မုခိုင်... မင်းရဲ့ ခွန်အားက ငါတို့ဆီက ခွန်အားအမျိုးအစားတွေထဲမှာ ထိပ်ဆုံးပဲ... ဒီကောင်က မင်းထက်တောင် အားပိုကြီးနေတယ် ဆိုတော့... စခန်းကို လာတိုက်ရဲတာ မဆန်းပါဘူး"

သူက လင်းယွမ်ကို စိုက်ကြည့်လိုက်ပြီးနောက် လင်းယွမ်၏ နောက်ဘက်ရှိ မည်းမှောင်နေသော လူအုပ်ကြီးကို ကြည့်လိုက်သည်။

မိုးသည်းထန်စွာ ရွာသွန်းနေသော အချိန်တွင် လူအုပ်စု နှစ်စုသည် တောင်လမ်းပေါ်၌ ထိပ်တိုက် တွေ့နေကြပြီး စစ်ပွဲတစ်ခု ဖြစ်ပွားတော့မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။

"ဟေ့ကောင်လေး... အစွမ်းပိုင်ရှင်တွေရဲ့ တိုက်ပွဲမှာ... ခွန်အားတစ်ခုတည်းနဲ့ အရာရာကို ဆုံးဖြတ်လို့ မရဘူးကွ"

"မင်းက ထူလုံလား" လင်းယွမ်က ထိုတက်တူးနှင့် လူကောင်ကြီးကို ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။

ထူလုံက ခပ်တည်တည်ဖြင့် ပြန်ဖြေသည်။

"ဟုတ်တယ်... ငါပဲ"

လင်းယွမ်က စကားအများကြီး မပြောတော့ဘဲ တဲ့တိုးပင် မေးလိုက်သည်။

"ဒီတောင်က မင်းပိုင်တာလား"

"အရင်တုန်းကတော့ မဟုတ်ဘူး... အခုတော့ ငါပိုင်သွားပြီကွ"

"ဟက်... ဒါဆို ငါလည်း ပြောလိုက်မယ်... အခုကစပြီး ဒီနေရာကို ငါ ပိုင်သွားပြီ"

"ဟားဟားဟား" ထူလုံက ဟားတိုက် ရယ်မောလိုက်ပြီး ချက်ချင်းပင် မျက်နှာ ပြန်တည်သွားကာ...

"မင်းတို့လောက်နဲ့များ"

"ခွေးကောင်လေး... ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်ရုံလောက်နဲ့... ငါ့ရှေ့လာပြီး ဆရာလုပ်ရဲတယ်ပေါ့"

"ဒီနေ့ မင်းတို့က ငါ့လူတွေကို သတ်ခဲ့တယ်... ငါက မင်းတို့လူတွေကို နှစ်ဆပြန်သတ်ပြမယ်"

"စကားတော်တော်များတာပဲ... ဒီရေကြီးနေတဲ့အထဲမှာ တစ်ဝက်လောက်က ခင်ဗျားရဲ့ တံတွေးတွေ ဖြစ်မယ်ထင်တယ်" လင်းယွမ်က ခနဲ့လိုက်သည်။

ထူလုံက ဒေါသတကြီး လက်ဝှေ့ယမ်းလိုက်သည်။

"ချကွာ"

"တက်ဟေ့"

"သောက်ကျိုးနည်း... ချကြ"

"သတ်ပစ်"

......

ခဏချင်းပင် နှစ်ဖက်လူအုပ်စုသည် ဝင်ရောက် တိုက်ခိုက်ကြလေသည်။

ထူလုံသည်လည်း ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့ တက်လာပြီး သူဝတ်ထားသော အနက်ရောင် တီရှပ်ကို ဆွဲဖြဲလိုက်သည်။

သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် တက်တူးများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ဘယ်ဘက်တွင် နဂါးပြာ၊ ညာဘက်တွင် ကျားဖြူ၊ ရင်ဘတ်တွင် အတောင်ပံဖြန့်နေသော လင်းယုန်၊ ဝမ်းဗိုက် ဘေးနှစ်ဖက် နံရိုးများပေါ်တွင် အရိုးစုလက်များ၊ ဗိုက်သား အလယ်တည့်တည့်တွင် ဦးခေါင်းခွံပုံ တစ်ခု ရှိလေသည်။

ထိုလူက အင်္ကျီချွတ်လိုက်သောအခါ တစ်ကိုယ်လုံး တက်တူးများဖြင့် ပြည့်နေသဖြင့် အတွင်းခံအင်္ကျီ နောက်တစ်ထပ် ဝတ်ထားသည်ဟုပင် ထင်မှတ်ရသည်။

သူက လင်းယွမ်ဆီသို့ ပြေးဝင်လာရာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင် အလင်းတန်းများ ဖြာထွက်လာသည်။

လင်းယွမ်က သူ့ကို စိုက်ကြည့်နေပြီး တုံ့ဆိုင်းမနေဘဲ ပြေးဝင်သွားလိုက်သည်။ ပြေးနေရင်း သူ၏ လက်ထဲတွင် သံချောင်းတစ်ချောင်း ရောက်ရှိလာသည်။

"ဝုန်း——"

ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ကြားလိုက်ရပြီး ထူလုံက လမ်းတစ်ဝက်အရောက်တွင် သူ၏ ညာဘက်လက်မောင်းပေါ်ရှိ ကျားဖြူပုံမှ ရုတ်တရက် ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် အနက်ရောင် အလင်းတန်းများသည် ထိုကျားဖြူပုံပေါ်သို့ စုစည်းသွားပြီး ကျားဖြူပုံသည် သူ၏ အရေပြားပေါ်မှနေ၍ ကြောက်မက်ဖွယ် ကောင်းစွာ လှုပ်ရှားလာသည်။

ထူလုံသည် မြေကြီးပေါ်သို့ လှိမ့်ချလိုက်ရာ အနက်ရောင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး သူသည် ချက်ချင်းပင် ကျားဖြူကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။

ဤမျှ အံ့သြဖွယ်ကောင်းသော မြင်ကွင်းကြောင့် လင်းယွမ်ဘက်မှ လူများမှာ အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။

လင်းယွမ်ကမူ ကြိုတင်သတင်း ရထားပြီးဖြစ်၍ ထူလုံတွင် ဤကဲ့သို့သော ထူးဆန်းသည့် အစွမ်း ရှိကြောင်း သိထားပြီး ဖြစ်သည်။

သို့သော် သိထားသည် ဆိုဦးတော့ ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသောအခါ မနေနိုင်ဘဲ အံ့သြမိလေသည်။

ဆင့်ကဲပြောင်းလဲခြင်း ဆိုသည်မှာ တကယ်ကို ဆန်းကြယ်နက်နဲလှပေသည်။ မည်သည့် အစွမ်းမျိုးမဆို ပေါ်ထွက်လာနိုင်ပေ၏။

ကျားဖြူအဖြစ် ပြောင်းလဲသွားသော ထူလုံသည် အမြန်နှုန်းရော ခွန်အားပါ အဆမတန် တိုးတက်လာသည်။

သူက ရုတ်တရက် ခုန်အုပ်လိုက်ရာ လေတိုးသံများ ထွက်ပေါ်လာသည်။

လင်းယွမ်က လက်ထဲမှ သံချောင်းကို ဝှေ့ယမ်းလိုက်ပြီး ကျားဖြူကို အားကုန် ရိုက်ချလိုက်သည်။

သို့သော် ထူလုံ ပြောင်းလဲထားသော ကျားဖြူမှာ အလွန် လျင်မြန်လှသည်။ လေပေါ်တွင် ရှိနေစဉ် လူတစ်ယောက်ကို နင်းကာ အရှိန်ယူ ခုန်ပျံလိုက်ပြီး လင်းယွမ်၏ သံချောင်းရိုက်ချက်ကို ပါးပါးလေး ရှောင်တိမ်းလိုက်သည်။

ထို့နောက် လင်းယွမ်၏ လက်မောင်းကို အတင်း ဝင်ကိုက်လိုက်လေတော့သည်။

ဆက်ရန်...

All Chapters