← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 10 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 10 Ch. 197-198

အပိုင်း(၁၉၇) အစွမ်းကိုယ်စီထုတ်၍ လိုဏ်ဂူတူးဖော်ခြင်း

ကျိဖုန်းက ကျောပိုးအိတ်ထဲမှ ပေါက်ကွဲမြားနှစ်ချောင်းကို အလျင်အမြန် ယူထုတ်ကာ လင်းယွမ်အား ကမ်းပေးလိုက်သည်။

လင်းယွမ်က အိုင်ဘူပရိုဖန် ဆေးပြားနှစ်လုံးကို ချက်ချင်း ညှပ်ထုတ်ပေးလိုက်ပြီး ထိုပေါက်ကွဲမြားနှစ်ချောင်းကို သိမ်းဆည်းလိုက်သည်။ သူက ပြုံးလျက် "နောက်နောင် လိုအပ်တာရှိရင် ငါ့စခန်းမှာ လာပြီး လဲလှယ်လို့ရတယ်" ဟု ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာလင်း" ကျိဖုန်းက ကျေးဇူးတင်စကား ဆိုသည်။

လင်းယွမ်က ပြုံး၍ လက်ကာပြလိုက်ပြီး "မျှတတဲ့ ကုန်သွယ်မှုပဲ... ကိုယ်လိုတာ ကိုယ်ယူကြတာပဲလေ" ဟု ပြောလိုက်သည်။

ကျိဖုန်းက လင်းယွမ်ကို နှုတ်ဆက်ပြီး ဟန်ပန်းနှင့် ဝမ်ရှောင်တို့ကို ခေါ်ဆောင်ကာ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

လင်းယွမ် သတိထားမိလိုက်သည်မှာ ထိုလူသုံးယောက်၏ အလျင်က တကယ်ပင် မြန်ဆန်လှပေသည်။

သို့သော် တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ ကျိဖုန်းက ခြေလှမ်းစိပ်စိပ်နှင့် မြန်ဆန်ခြင်း ဖြစ်သည်။ ဝမ်ရှောင်၏ ခြေလှမ်းနှုန်းက သိပ်မမြန်သော်လည်း ခြေလှမ်းအကွာအဝေးက အလွန်ကျဲပြီး ခုန်ပျံကျော်လွှားနိုင်စွမ်း အားကောင်းပုံရသည်။

အောက်သွားခေါနေသော လူငယ် ဟန်ပန်းမှာမူ ကျိဖုန်းနှင့် အမျိုးအစားတူပြီး ခြေလှမ်းစိပ်စိပ်နှင့် အလျင်မြန်သူ ဖြစ်သည်။

လင်းယွမ်က အနည်းငယ် တွေးတောမိသွားသည်။ အလျင်အစွမ်း သုံးသူချင်း အတူတူပင် ဖြစ်သော်လည်း တစ်ယောက်ချင်းစီ၏ အားသာချက်များက ကွဲပြားနေကြသည်။

"အစ်ကိုလင်း... ဘာလို့ သူတို့ကို ဒီလောက် ယဉ်ကျေးနေရတာလဲ... မနေ့ကပဲ ဒီလူတွေက အသေအကြေ တိုက်ခိုက်ခဲ့ကြတာလေ" ကျောက်ခိုင်က မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ငါတို့ရဲ့ ရန်သူက ထူလုံစခန်းက သာမန်အစွမ်းပိုင်ရှင်တွေ မဟုတ်ဘူး... အဲဒီနေရာကို အုပ်ချုပ်နေတဲ့သူတွေပဲ"

"ငါတို့က နောက်မှရောက်လာတဲ့သူတွေ... ဒီနေရာမှာ တည်ငြိမ်ချင်ရင်... ဆက်ပြီး အင်အားကြီးထွားချင်ရင် အပြင်ကလူတွေကို လက်ခံရမယ်"

"ဒါမှမဟုတ်ရင် ငါတို့လူတစ်ရာလောက်နဲ့ ကိုယ့်ဖာသာ ဖူလုံဖို့ဆိုတာ ခက်ခဲတယ်"

"ဒါတင်မကဘူး... နောက်ပိုင်းကျရင် ငါတို့က ကုန်သွယ်ရေးဈေးကွက် တည်ထောင်ပြီး ပတ်ဝန်းကျင်က တခြားစခန်းတွေနဲ့ ကုန်သွယ်တာတွေ လုပ်ရဦးမှာ"

လင်းယွမ်သည် မည်သူ့ကိုမျှ ရန်သူလုပ်ရန် ရည်ရွယ်ချက် မရှိပေ။

သူသည် တည်ငြိမ်သော စနစ်တစ်ခုကို တည်ဆောက်လိုပြီး လူတိုင်းက ထုတ်လုပ်ရေးနှင့် ငါးဖမ်းခြင်းကိုသာ အာရုံစိုက်စေလိုသည်။

သို့မှသာ သူသည် အမှတ်များကို လျင်မြန်စွာ စုဆောင်းနိုင်ပြီး အင်အားတိုးတက်စေနိုင်မည် ဖြစ်သည်။

တိုက်ခိုက်နေရုံဖြင့် ဘာအဓိပ္ပာယ် ရှိမည်နည်း။ ထိခိုက်သေဆုံးမှု တိုးလာရုံသာ ရှိသည်။ လူတွေသေကုန်လျှင် သူ့အတွက် ငါးဖမ်းပေးမည့်သူ၊ အမှတ်ရှာပေးမည့်သူ ဘယ်သူရှိတော့မည်နည်း။

ထို့ကြောင့် သူ၏ မဟာဗျူဟာသည် ကိုယ်ပိုင်ခိုလှုံရာစခန်း တည်ဆောက်ပြီး အာဏာရှင်လုပ်ချင်သူများနှင့် မတူညီခြင်း ဖြစ်သည်။

လင်းယွမ် ကောင်းစွာ နားလည်ထားသည်မှာ စကားပြောပိုင်ခွင့် ရှိမရှိဆိုသည်က ကိုယ်ပိုင်အင်အားပေါ်တွင်သာ မူတည်ကြောင်း ဖြစ်သည်။

သူ၏အင်အားက စနစ်ထံမှ လာပြီး အမှတ်များထံမှ လာသည်။

ထို့ကြောင့် သူသည် အမှတ်ရှာဖွေနိုင်မည့် ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ဖန်တီးရမည် ဖြစ်သည်။

ကံကောင်းသည်မှာ သူ၏စနစ်က ပစ္စည်းများကို အဆက်မပြတ် ထုတ်ယူနိုင်စွမ်း ရှိနေခြင်းပင်။

သူသည် ဤပစ္စည်းများကို အသုံးပြုပြီး ထိုလူများကို သူ့အတွက် အလုပ်လုပ်ပေးရန် ဆွဲဆောင်နိုင်သလို ယန်ဆန်း ခိုလှုံရာစခန်းတစ်ခုလုံးကို အသက်ဝင် လှုပ်ရှားလာအောင် လုပ်ဆောင်နိုင်သည်။

တကယ်တော့ ဤအကြောင်းအရာများကို ကျောက်ခိုင်တို့ကို ပြောပြ၍ မရပေ။ သို့သော် လူသားများသည် စည်းလုံးမှသာ အရေအတွက်အားဖြင့် သန္ဓေပြောင်းသတ္တဝါများကို အနိုင်ယူနိုင်မည် ဆိုသည်ကို သူတို့ နားလည်ကြလိမ့်မည်ဟု ယုံကြည်သည်။

ကျောက်ခိုင်သည် လင်းယွမ်၏ စကားကို နားထောင်ရင်း အတွေးနက်သွားသည်။

ထိုစဉ် ရန်ဆန်းမင်က ဝင်ပြောလိုက်သည်။ "ဆရာလင်း... ခုနက ကြားလိုက်လား... ဒီကျိဖုန်းက သတ္တုတွင်းဧရိယာအကြောင်း ပြောသွားတယ်"

လင်းယွမ်ကလည်း ခေါင်းညိတ်လိုက်ပြီး "ကြည့်ရတာ ဒီယန်ဆန်းတောင်ပေါ်မှာ ငါတို့မသိတဲ့ အပြောင်းအလဲတွေ အများကြီး ရှိနေပုံရတယ်"

"အချိန်ရရင် ယန်ဆန်းတောင် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ လိုလိမ့်မယ်"

တင်းယန်ကလည်း ဝင်ပြောသည်။ "ဒီပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ လိုအပ်တယ်... ဒီဒါရိုက်တာဟုန်က ဒီလောက် စိတ်သဘောထားပြည့်ဝပြီး လုံခြုံတဲ့နေရာတစ်ခုကို ငါတို့ကို ဖယ်ပေးမယ်လို့ မယုံဘူး"

လူအများက ခေါင်းညိတ်ထောက်ခံကြပြီး ဤအချက်ကို သံသယဖြစ်နေကြသည်။

ဤမီးသတ်ရေကန် ပတ်ဝန်းကျင်က မဆိုးလှပေ။ အနည်းဆုံးတော့ ပြန့်ပြူးသော မြေနေရာကျယ်ကြီး ရှိနေသဖြင့် သူတို့အတွက် အလုပ်ရှုပ် သက်သာစေသည်။

ထူလုံနှင့် ဟုန်ဖူတို့က တကယ်ပဲ စိတ်သဘောထားပြည့်ဝစွာဖြင့် ဤနေရာကို ခိုလှုံရာစခန်း တည်ဆောက်ရန် ဖယ်ပေးလိုက်ခြင်းလော။

လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒီမှာ ဘယ်လိုပြဿနာတွေပဲ ရှိနေပါစေ... အနည်းဆုံးတော့ တစ်ချက်သေချာတာက ဒီနေရာက ခိုလှုံရာစခန်း တည်ဆောက်ဖို့ တကယ် သင့်လျော်တယ်"

"ဒါကြောင့် ဘာပြဿနာပဲရှိရှိ... ငါတို့ ဒီမှာနေချင်ရင် ရင်ဆိုင်ရမှာပဲ"

လူအများက သဘောတူ ခေါင်းညိတ်လိုက်ကြပြီး ဤနေရာတွင် ခိုလှုံရာစခန်း တည်ဆောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

တောထဲတောင်ထဲနှင့် ယှဉ်လျှင် ဤနေရာက ကားလမ်းမနှင့် နီးပြီး ကားပါကင်ကွင်းငယ် တစ်ခုလည်း ရှိသဖြင့် နေရာကောင်း ဖြစ်သည်။ အနည်းငယ် ပြုပြင်မွမ်းမံလိုက်ရုံဖြင့် တည်ဆောက်ရေးအတွက် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်လာနိုင်သည်။

အသေးစိတ် အချက်အလက်များကို ဆက်လက် ဆွေးနွေးကြပြီး လင်းယွမ်က တစ်ခုချင်းစီ အတည်ပြုပေးလိုက်သည်။

စိုက်ပျိုးရေးအပိုင်းကို ဆုန့်ဝမ်အား တာဝန်ပေးလိုက်သည်။ သူမက အဒေါ်ကြီးလီတို့နှင့် ပူးပေါင်းကာ သင်တန်းပေးရမည်။

ဤအခြေခံ သင်တန်းကို အခမဲ့ ပေးနိုင်သော်လည်း နောက်ပိုင်း နည်းပညာပံ့ပိုးမှုအတွက် အခကြေးငွေ ယူမည်ဖြစ်သည်။

ဒါကလည်း အဒေါ်ကြီးလီတို့လို သက်ကြီးရွယ်အိုများကို ကူညီရာ ရောက်သည်။

အစည်းအဝေးက တစ်နာရီကျော် ကြာမြင့်သွားသဖြင့် လင်းယွမ် ခေါင်းပင် ကိုက်ချင်လာသည်။

လူတစ်ရာကျော် ရှိသော ခိုလှုံရာစခန်း အသေးလေး တစ်ခုကို တည်ဆောက်ရေး၊ စီမံခန့်ခွဲရေး စသည်ဖြင့် စဉ်းစားစရာ အများအပြား ရှိနေသည်။

သာမန်လူ လုပ်နိုင်သော အလုပ်မဟုတ်ပေ။ တချို့စခန်းများက ခေါင်းဆောင်တစ်ယောက်တည်း အမိန့်ပေးသည့် စနစ်ကို ကျင့်သုံးကြသည်မှာ မဆန်းပေ။ ထိုသို့လုပ်ခြင်းက အလုပ်ရှုပ် သက်သာပြီး စိတ်ညစ်စရာ နည်းပါးသည်။

လင်းယွမ် ခေါင်းခါလိုက်သည်။ ဒီအစည်းအဝေးတွင် သူတွေ့ရှိလိုက်သည်က ဦးလေးမာတို့လို အခြေခံလူတန်းစားဘဝက လာသော ဝါရင့်လူကြီးများတွင် တကယ့်အရည်အချင်းများ ရှိနေခြင်းပင်။

အနည်းဆုံးတော့ အလုပ်တာဝန် ခွဲဝေရာတွင် စနစ်ကျပြီး လက်တွေ့ကျသော အကြံဉာဏ်များစွာ ပေးနိုင်ကြသည်။

အိမ်တစ်အိမ်တွင် သက်ကြီးရွယ်အို တစ်ယောက်ရှိခြင်းက ရတနာတစ်ပါး ရှိသကဲ့သို့ပင် ဆိုစကား ရှိသည်။

အသက်ရှင်ရပ်တည်ရေး လှုပ်ရှားနေရစဉ်က ဤလူကြီးများသည် ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့သော်လည်း တည်ဆောက်ရေး လုပ်ရမည့်အချိန်တွင် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံရှိသော ဤလူများသည် တန်ဖိုးရှိလှသည်။

လင်းယွမ်က ဦးလေးမာကို အတွေ့အကြုံရှိသော လူတစ်စု ဖွဲ့စည်းစေပြီး အစွမ်းပိုင်ရှင်များကို ကူညီကာ စခန်းစီမံကိန်း ဆွဲခိုင်းလိုက်သည်။

လက်ရှိ အရေးအကြီးဆုံး ကိစ္စမှာ မြေရိုင်းများ ရှင်းလင်းစိုက်ပျိုးခြင်း အပြင် လိုဏ်ဂူများ ချက်ချင်း တူးဖော်ကာ နေထိုင်မှု လုံခြုံရေးကို အာမခံချက်ပေးရန် ဖြစ်သည်။

လင်းယွမ် အစည်းအဝေး ပြီးဆုံးသည်နှင့် ဝါးအိမ်ပြန်ကာ အပေါ်ဆုံးထပ်သို့ တက်ခဲ့သည်။

ရန်မေ အိမ်တွင် မရှိပေ။ လင်းယွမ် အောက်ထပ်မှ လူတချို့ကို မေးကြည့်ရာ ရန်မေက အဒေါ်ကြီးလီတို့နှင့်အတူ အောက်ဘက် ဝါးတောအနီးတွင် တောဟင်းရွက် သွားခူးကြောင်း သိလိုက်ရသည်။

ထိုနေရာတွင် ဝါးခုတ်နေသူ အများအပြား ရှိသဖြင့် လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပေ။

လင်းယွမ်က "ဗွီ" ပုံသဏ္ဌာန် ရှိသော တောင်နံရံကို ကြည့်ပြီး စိတ်ထဲ၌ ကျောက်ခန်းပုံစံကို အကြမ်းဖျင်း ရေးဆွဲလိုက်သည်။

"အရင်ဆုံး ကျောက်ခန်းတစ်ခန်း တူးလိုက်မယ်... ညကျရင် အမမေနဲ့ လိုဏ်ဂူထဲမှာ အိပ်ရင် အောက်ထပ်ကို အသံမကြားရတော့ဘူးပေါ့"

"ထမင်းချက်တာကတော့ ဝါးအိမ်ထဲမှာပဲ လုပ်တာပေါ့... ဒီဘက်က လေဝင်လေထွက် ကောင်းတော့ ဆီခိုးတွေ သိပ်ရှိမှာ မဟုတ်ဘူး"

တွေးပြီးသည်နှင့် သူ ချက်ချင်း အလုပ်စလုပ်တော့သည်။

သံချောင်းနှင့် တူကို ကိုင်ကာ တောင်ကို ဖြိုပြီး လိုဏ်ဂူ စတူးသည်။

အရင်ဆုံး သံချောင်းနှင့် တူကိုသုံးပြီး တံခါးပေါက်ပုံစံ အရာပေးကာ တူကြီးဖြင့် ထုခွဲပြီး အပေါက်ဖောက်သည်။

သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခွန်အား အရည်အသွေးများကြောင့် မနက်ပိုင်း တစ်ပိုင်းလုံးတွင် (၁၆) ပေခန့် အနက်၊ (၆) ပေခန့် အကျယ်ရှိသော လိုဏ်ဂူတစ်ခုကို တူးဖော်နိုင်ခဲ့သည်။

သို့သော်လည်း သူ အတော်ပင် မောပန်းသွားသဖြင့် ခေတ္တမျှ နားလိုက်ရသည်။

"ဒီလို လက်နဲ့ တူးရတာ အရမ်းပင်ပန်းလွန်းတယ်... ငါတောင် ဒီလောက် မောနေရင် တခြားသူတွေ ဘယ်လိုတူးကြမလဲ"

လင်းယွမ် စိတ်ထဲ တွေးနေစဉ် အောက်ထပ်မှ ဝုန်းခနဲ အသံကျယ်ကြီး ကြားလိုက်ရပြီးနောက် ဝေါခနဲ ကျောက်တုံးများ ပြိုကျသံကို ဆက်တိုက် ကြားလိုက်ရသည်။

လင်းယွမ် လန့်သွားပြီး အလျင်အမြန် ပြေးထွက်ကြည့်လိုက်သည်။

အောက်ထပ် ဝါးအိမ်တွင် လူအများအပြား ဝိုင်းအုံနေကြပြီး မီးခိုးလုံးများ ထွက်ပေါ်နေသည်။

တစ်ယောက်က အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "အစ်ကိုခိုင်က တကယ်မိုက်တာပဲ"

"ခေါင်းဆောင်... မိုက်တယ်ဗျာ... ခဏလေးနဲ့ ဒီလောက်ကြီးတဲ့ လိုဏ်ဂူကြီး ဖြစ်လာပြီ"

"ဟုတ်ပ... ဒါက စတုရန်းပေ (၂၀၀) ကျော်လောက်တောင် ရှိမယ်... လူနေဖို့ လုံလောက်နေပြီ"

"ဒီလောက် မြန်တာကတော့ လွန်လွန်းတယ်"

"ခေါင်းဆောင်ကျောက်... ကျွန်တော်တို့ အိမ်အတွက်လည်း ကူတူးပေးလို့ ရမလား... ပစ္စည်းတွေနဲ့ ငှားပါ့မယ်"

အောက်ဘက်မှ ကျောက်ခိုင်၏ ရယ်သံ ထွက်ပေါ်လာသည်။ "ရပါတယ်... ရပါတယ်... ဒါပေမဲ့ အားလုံး တန်းစီရမယ်... ကျွန်တော်က ခေါင်းဆောင်လျှိုတို့ အိမ်ကို အရင်ကူတူးပေးရဦးမယ်"

"ဒါပေါ့... ဒါပေါ့"

"ကျွန်တော် ပထမဆုံး စာရင်းပေးမယ်"

လင်းယွမ် ကြားလိုက်ရသည်နှင့် အံ့ဩသွားသည်။ ကျောက်ခိုင်က ခွန်အားအစွမ်းပိုင်ရှင်လည်း မဟုတ်ဘဲ ဘယ်လိုလုပ် လိုဏ်ဂူတူးတာ ဒီလောက်မြန်ရတာလဲ။

သူ့မှာတော့ မနက်ခင်း တစ်ပိုင်းလုံး သေလုမတတ် လုပ်တာတောင် လိုဏ်ဂူပေါက် သေးသေးလေးပဲ ရသေးသည်။ ကျောက်ခိုင်က စတုရန်းပေ (၂၀၀) ကျော် လိုဏ်ဂူတူးပြီးသွားပြီတဲ့လား။

သံသယစိတ်များဖြင့် သူ အောက်ထပ်သို့ အမြန်ဆင်းကြည့်လိုက်သည်။

အောက်ရောက်သည်နှင့် ကျောက်ခိုင်က လက်နှစ်ဖက်ကို လိုဏ်ဂူနံရံပေါ် ကပ်ထားလိုက်သည်ကို တွေ့လိုက်ရသည်။

ရေခဲမြူများ အလျင်အမြန် ပျံ့နှံ့သွားပြီး နံရံတစ်ခုလုံး အေးခဲသွားသည်။

"ဂျစ် ဂျစ်" မြည်သံနှင့်အတူ ရေခဲမြူများ၏ အပူချိန်လျော့ကျမှုကြောင့် ကျောက်နံရံတွင် အက်ကွဲသံများ ပေါ်လာသည်။

ထို့နောက် ကျောက်ခိုင် ထုနှက်စရာပင် မလိုဘဲ ကျောက်လွှာအများအပြား ဝေါခနဲ ကွာကျလာသည်။

ကျောက်ခိုင်က လိုဏ်ဂူထဲမှ အမြန်ခုန်ထွက်လိုက်ပြီး ကျောက်တုံးများ ပြိုကျလာသည်ကို ကြည့်နေလိုက်သည်။ ကျောက်လိုဏ်ဂူက ချက်ချင်းပင် တစ်ပတ်လည် ပိုကျယ်သွားသည်။

လင်းယွမ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ "ဘာတွေ ဖြစ်နေတာလဲ"

ထိုအချိန်တွင် လူတချို့က လင်းယွမ်ကို တွေ့သွားပြီး နှုတ်ဆက်ကြသည်။

"ဆရာလင်း လာပြီဟေ့"

"မင်္ဂလာပါ ဆရာလင်း"

"ဆရာလင်းက ခေါင်းဆောင်ကျောက်ကို လာရှာတာလား"

လင်းယွမ်က ကျောက်ခိုင်ဆီ လျှောက်သွားပြီး လှမ်းအော်လိုက်သည်။ "ကျောက်ခိုင်... ဒါဘယ်လို ဖြစ်တာလဲ... မင်းရဲ့ ရေခဲအစွမ်းက ဒီလောက်တောင် ကြမ်းသွားပြီလား... ကျောက်တုံးတွေကိုတောင် အက်ကွဲအောင် လုပ်နိုင်နေပြီပေါ့"

ကျောက်ခိုင်က လင်းယွမ်အသံ ကြားသည်နှင့် လက်ကိုရပ်လိုက်ပြီး လှည့်ကြည့်ကာ ရယ်မောလိုက်သည်။ "အစ်ကိုလင်း လာပြီလား... ကျွန်တော် အေးခဲအောင်လုပ်ပြီး ခွဲလိုက်တာ မဟုတ်ဘူးဗျ... ဒီမှာကြည့်"

သူက ကြမ်းပြင်ပေါ်ရှိ မီးကျွမ်းနေသော ပြာပုံကို လက်ညှိုးထိုးပြသည်။

လင်းယွမ် တစ်ချက်ကြည့်လိုက်သည်နှင့် ဘာဖြစ်ပျက်ခဲ့သည်ကို ချက်ချင်း သဘောပေါက်သွားသည်။

သူက မနေနိုင်ဘဲ ပြောလိုက်သည်။ "မင်းက အရင်ဆုံး ဂူထဲမှာ မီးဖိုပြီး ကျောက်တုံးတွေကို အပူပေးတယ်... ပြီးတော့မှ မင်းရဲ့ ရေခဲအစွမ်းနဲ့ ချက်ချင်း အပူချိန်ချလိုက်ပြီး အပူအအေး ဓာတ်ပြုတဲ့ သဘောတရားနဲ့ ကျောက်တုံးတွေကို ကွာကျအောင် လုပ်လိုက်တာပေါ့"

ကျောက်ခိုင်က ချက်ချင်း လက်မထောင်ပြပြီး "အစ်ကိုလင်း... တကယ်ပဲ အစ်ကို့ကို ဘာမှ ဖုံးကွယ်ထားလို့မရပါလား... ဟီးဟီး... ဒီနည်းလမ်းကို ထန်ယင်း သင်ပေးတာ... တက္ကသိုလ်ကျောင်းသူပီသတယ်... ဒီလိုနည်းလမ်းမျိုးတောင် စဉ်းစားမိတယ်... တကယ်တော်တာပဲ"

လင်းယွမ် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ တကယ်ပါပဲ... ဒီကမ္ဘာပေါ်မှာ လူညံ့ရယ်လို့ မရှိပါလား။

ကိုယ့်မှာတော့ မနက်ပိုင်း တစ်ပိုင်းလုံး ပင်ပန်းကြီးစွာ လုပ်လိုက်ရတာ... သူတို့ကျတော့ ခဏလေးနဲ့ ဒီလောက်ကြီးမားတဲ့ လိုဏ်ဂူကြီး တူးနိုင်ခဲ့ကြတယ်။

သင်္ချာ၊ ရူပ၊ ဓာတု တွေကို သေချာလေ့လာထားရင် ကပ်ဘေးကာလမှာတောင် ဘာမှ ကြောက်စရာ မလိုတော့ပါလား။

"ပြီးရင် ငါ့အိမ်ကို လာခဲ့ဦး" လင်းယွမ်က တိုတိုပြတ်ပြတ် ပြောလိုက်သည်။

ကျောက်ခိုင်၏ အပြုံးက တန့်သွားသည်။ "အမ်... အစ်ကိုလင်း... ဖိန်ဖိန်တို့ဘက်ကိုလည်း လိုဏ်ဂူ မတူးပေးရသေးဘူးဗျ"

လင်းယွမ် ဆွံ့အသွားပြီး ပြောလိုက်သည်။ "မိန်းမမြင်ရင် အကုန်မေ့တော့တာပဲ... မင်းကို လာတူးခိုင်းမှာ မဟုတ်ဘူး... ရေခဲတုံးတွေ လာလုပ်ပေးခိုင်းမလို့... ရေခဲရေ ရရင်ရပြီ... ကျောက်နံရံတွေကို မီးနဲ့ အပူပေးပြီး ရိုးရိုးရေခဲရေနဲ့ လောင်းချရင်လည်း အပူချိန်ကျပြီး အလုပ်ဖြစ်တာပဲ"

ကျောက်ခိုင်က ချက်ချင်း ပြန်ရယ်မောလိုက်သည်။ "ဟီးဟီး... အစ်ကိုလင်းကလည်း စောစောက ပြောပါလား... ရေခဲတုံး လုပ်တာက လွယ်လွယ်လေးပါ... ရေရှိရင် ရပြီ... အခုပဲ လာခဲ့မယ်"

သူက လင်းယွမ် စိတ်ဆိုးသွားမည် စိုးသဖြင့် လင်းယွမ်ကို ဆွဲကာ အပေါ်ထပ်သို့ အမြန်တက်သွားသည်။

လင်းယွမ်လည်း အားမနာတော့ဘဲ ပစ္စည်းသိုလှောင်ခန်းထဲမှ နေရောင်ခြည်စွမ်းအင်သုံး ရေပုံးကြီးများကို ထုတ်ယူကာ ကျောက်ခိုင်ကို တစ်ပုံးချင်းစီ အေးခဲခိုင်းလိုက်သည်။

ထို့နောက် ရေခဲများ အရည်မပျော်စေရန် ပစ္စည်းသိုလှောင်ခန်းထဲသို့ ပြန်ထည့်သိမ်းဆည်းလိုက်သည်။

ကျောက်ခိုင်မှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားသည်။ လင်းယွမ်ဆီတွင် တစ်နာရီခန့် နေလိုက်ရပြီး သန္ဓေပြောင်းအစွမ်းများ ကုန်ခမ်းသွားမှသာ လင်းယွမ်က သူ့ကို ပြန်လွှတ်ပေးလိုက်သည်။

ကျောက်ခိုင်က လင်းယွမ်ကို သနားစဖွယ် ကြည့်ပြီး အော်ပြောသည်။ "အစ်ကိုလင်း... အမြတ်ထုတ်မယ်ဆိုရင်လည်း ကျွန်တော်တစ်ယောက်တည်းကိုပဲ မဲမနေပါနဲ့ဗျာ... ထန်ယင်းရဲ့ 'ပဲ့တင်ထပ်ခြင်း' အစွမ်းက ကျောက်တုံးတူးတဲ့နေရာမှာ ကျွန်တော့်နည်းလမ်းထက်တောင် ပိုမြန်သေးတယ်"

"သူ လက်ဝါးနဲ့ နံရံကို ဖိလိုက်ရင် လွန်ပူလိုမျိုးပဲ... ကျောက်တုံးတွေက ဝေါခနဲ ပြိုကျလာတာ"

လင်းယွမ် အလုပ်စရန် စိတ်အားထက်သန်နေခိုက် ဤစကားကို ကြားလိုက်ရသဖြင့် အပြုံးများ တောင့်ခဲသွားသည်။

သောက်ကျိုးနည်း... ထန်ယင်းမှာ 'ပဲ့တင်ထပ်ခြင်း' အစွမ်း ရှိတာကို မေ့နေလိုက်တာ။

ကျောက်တုံးတူးတာက တို့ဟူးတုံးလှီးတာထက်တောင် လွယ်ကူနေမှာပေါ့။

လင်းယွမ်က သူ့ကိုယ်ပိုင် ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို ပြန်ကြည့်လိုက်ပြီး ရုတ်တရက် သူ့အစွမ်းက သိပ်အသုံးမဝင်သလို ခံစားလိုက်ရသည်။

အသက်အန္တရာယ်နှင့် မကြုံရသရွေ့ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို ထုတ်သုံးလို့ မရနိုင်ဘူးလား။

သူ သက်ပြင်းချလိုက်ပြီး "မင်းရဲ့ ညီမလေးဖိန်ဖိန်ဆီကိုသာ အမြန်သွားလိုက်ပါတော့ကွာ" ဟု ပြောလိုက်သည်။

ကျောက်ခိုင်ကို မောင်းထုတ်ပြီးနောက် သူ လိုဏ်ဂူပြန်တူးလေသည်။

လင်းယွမ် ခံစားမိသည်မှာ သူ၏ ဆင့်ကဲပြောင်းလဲခြင်း အစွမ်းသည် သက်တောင့်သက်သာ ရှိသော ပတ်ဝန်းကျင်တွင် ဆင့်ကဲပြောင်းလဲနိုင်မည် မဟုတ်ပေ။

သို့သော် စွန့်စားတိုက်ခိုက်ခိုင်းပြန်လျှင်လည်း အန္တရာယ် များလွန်းသည်။

"ထားလိုက်ပါတော့... ရိုးရိုးသားသားပဲ အမှတ်ရှာပြီး အရည်အသွေးမှတ်တွေ တိုးအောင်လုပ်တာပဲ ကောင်းပါတယ်"

"အရည်အသွေးမှတ်တွေ အကုန်ပြည့်သွားရင် ငါ့ကို ဘယ်သန္ဓေပြောင်းသတ္တဝါက သတ်နိုင်မှာမို့လို့လဲ"

ဆင့်ကဲပြောင်းလဲခြင်း အစွမ်းကို စွန့်စားပြီး မြှင့်တင်မည့် အကြံကို စွန့်လွှတ်လိုက်ကာ လိုဏ်ဂူထဲတွင် မီးစတင်ရှို့လိုက်သည်။

မီးရှို့လိုက်သည်နှင့် သန္ဓေပြောင်းဝါးများက မီးလောင်လွယ်ပြီး အတော်ပင် ခံသည်ကို တွေ့လိုက်ရသည်။

ဤသန္ဓေပြောင်းဝါးများတွင် မီးနီရောင် သမ်းနေသော ဝါးများက ပို၍ မီးတောက်ပြင်းပြီး ကြာရှည်ခံသည်။

"ဒီဝါးတွေက ဘယ်လိုလုပ် ဒီလို ပြောင်းလဲသွားတာလဲ"

လင်းယွမ် စိတ်ထဲ သံသယဝင်မိသော်လည်း စူးစမ်းရန် အဖြေမရှိပေ။ မီးပုံကြီး တောက်လောင်လာသောအခါ လိုဏ်ဂူအတွင်း မီးခိုးများ အူထွက်လာပြီး ကျောက်နံရံများ မီးခိုးမှိုင်းတိုက်ခံရကာ အပူချိန် မြင့်တက်လာသည်။

မီးငြိမ်းလုနီးပါး ဖြစ်သောအခါ လင်းယွမ်က ရေခဲရေများကို ထုတ်ယူပြီး နံရံပေါ်သို့ တစ်ပုံးပြီးတစ်ပုံး ပက်ချလိုက်သည်။

ချက်ချင်းပင် နံရံများ အက်ကွဲသွားပြီး ကျောက်ပြားများစွာ ကွာကျလာသည်။

လင်းယွမ်က တူကို ချက်ချင်းကောက်ကိုင်ကာ အားကုန်ထုနှက်လိုက်ရာ ကျောက်တုံးအများအပြားကို တူးထုတ်နိုင်ခဲ့သည်။

ထိုနည်းအတိုင်း ထပ်ခါထပ်ခါ လုပ်ဆောင်လိုက်ရာ ညနေ (၄) နာရီ (၅) နာရီခန့် ရောက်သောအခါ လိုဏ်ဂူတစ်ခုလုံးကို တူးဖော်ပြီးစီးသွားပြီး ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုချောင်နှင့် ရေချိုးခန်းပါဝင်ကာ စတုရန်းပေ (၆၀၀) ကျော်ခန့် ကျယ်ဝန်းသည်။

ထို့အပြင် မီးဖြင့် အပူပေးထားသဖြင့် ကျောက်လိုဏ်ဂူတစ်ခုလုံး ခြောက်သွေ့နေပြီး ပိုးမွှားများလည်း ကင်းစင်နေသည်။

လင်းယွမ်က အမြန် သန့်ရှင်းရေးလုပ်လိုက်ပြီး ဖုန်များကို ရှင်းလင်းကာ ကြမ်းပြင်ကို ညီညာအောင် ညှိလိုက်သည်။ ထို့နောက် ပစ္စည်းသိုလှောင်ခန်းထဲမှ သစ်သားကြမ်းခင်း အများအပြားကို ထုတ်ယူလိုက်သည်။

သူသည် အိမ်ပေါင်းများစွာကို မွှေနှောက်ခဲ့သဖြင့် သစ်သားကြမ်းခင်းများကို မနည်းမနော ရရှိထားသည်။

စတုရန်းပေ (၆၀၀) ကျယ်သော လိုဏ်ဂူကို ခင်းရန် လွယ်ကူလှသည်။ ထို့နောက် ဗီရိုများ၊ မွေ့ရာပါသော ကုတင်ကြီးတို့ကို ထုတ်ယူကာ အနည်းငယ် ပြင်ဆင်လိုက်သည်နှင့် နွေးထွေးသော အိပ်ခန်းကျယ်ကြီးတစ်ခု ဖြစ်လာသည်။

"နံရံဆေးသုတ်ဖို့ ပတ်တီးမှုန့်တွေ အများကြီး ရှိသေးတယ်... နောက်မှ နံရံကို ဆေးသုတ်ရမယ်"

"ထားလိုက်ပါတော့... နောက်ထပ် ထပ်တူးရဦးမှာဆိုတော့ ပတ်တီးမှုန့်တွေ နှမြောစရာ... နံရံကပ်စက္ကူနဲ့ပဲ ကပ်လိုက်တော့မယ်"

ဘက်စုံသုံး ပင်လယ်မျှော့ကော်ရည် ရှိနေသဖြင့် နံရံကပ်စက္ကူကပ်ရန် အလွန်လွယ်ကူသည်။

မည်သို့ပင်ဖြစ်စေ သူ ဖြိုဖျက်ခဲ့သော အိမ်များမှ နံရံကပ်စက္ကူ အစုံလိုက်များကို ပစ္စည်းသိုလှောင်ခန်းထဲတွင် သိမ်းဆည်းထားသည်။

အိမ်တွင်း အလှဆင်ပစ္စည်းများအတွက် ကုန်ကြမ်းမရှိမည်ကို ပူစရာမလိုပေ။

"နောက်ကျရင် လျှပ်စစ်မီးရအောင် နည်းလမ်းရှာရမယ်... ဒါပေမဲ့ မီးစက်က အရမ်းဆူညံတော့ မသင့်တော်ဘူး"

"ဒါနဲ့... ဟို နေကြာပန်းနှစ်ပင်က အလင်းထုတ်ပေးနိုင်တယ်... နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ထုတ်လို့ ရမရ နောက်မှ စမ်းကြည့်ရမယ်"

"အပင်နှစ်ပင်နဲ့ အလင်းရောင် မလုံလောက်ရင် ဆုန့်ဝမ်ကို နည်းလမ်းရှာခိုင်းပြီး မျိုးပွားစိုက်ပျိုးခိုင်းရမယ်... နေကြာပန်းစိုက်ခင်း တည်ဆောက်ပြီး နေကြာပန်းရဲ့ အလင်းစွမ်းအင်နဲ့ လျှပ်စစ်ထုတ်ရမယ်"

လင်းယွမ် စဉ်းစားလေ အလားအလာရှိလေဟု ခံစားရပြီး အနာဂတ် တည်ဆောက်ရေးအတွက် ယုံကြည်မှု ပိုရှိလာသည်။

ညနေဘက်တွင် ရန်မေ တောဟင်းရွက်တစ်ခြင်း လွယ်ပြီး ပြန်ရောက်လာသောအခါ အသစ်တူးဖော်ထားသော ဤအခန်းတစ်ခန်း ဧည့်ခန်းတစ်ခန်းပါ အိမ်လေးကို မြင်လိုက်ရပြီး အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်သည်။

"မောင်လေး... ဒါ... ဒါက မောင်လေး တူးထားတာလား"

လင်းယွမ်က ခါးထောက်လျက် ပြုံးကာ "ဘယ်လိုနေလဲ" ဟု မေးလိုက်သည်။

ရန်မေက ချက်ချင်းပင် သူ့ရင်ခွင်ထဲသို့ တိုးဝင်လာပြီး ဝမ်းသာအားရ ပြောလိုက်သည်။ "မောင်လေးက တကယ်တော်တာပဲ"

လင်းယွမ်က သူမကို ပွေ့ချီကာ လေထဲတွင် တစ်ပတ် လှည့်လိုက်ပြီး "ညကျရင် ဂူထဲမှာ အိပ်ကြမယ်... သူတို့တွေ အတင်းပြောနိုင်ဦးမလား ကြည့်ရသေးတာပေါ့" ဟု ရယ်မောပြောဆိုလိုက်သည်။

ရန်မေ၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး "မောင်လေး မဟုတ်တာတွေ မလုပ်နဲ့နော်... အမ ဒီရက်ပိုင်း ဓမ္မတာလာတော့မှာ" ဟု ကပျာကယာ ပြောလိုက်သည်။

"ဟာ... အခုမှ အိမ်သစ်တက်တာ... အောင်ပွဲခံရမှာပေါ့"

"အောင်ပွဲခံတယ်ဆိုတာ ဒီလိုလုပ်စရာ မလိုပါဘူး"

"ဒါဆို ဘယ်လို အောင်ပွဲခံမှာလဲ"

"အမ ညကျရင် ဟင်းကောင်းကောင်း ချက်ကျွေးမယ်လေ"

လင်းယွမ် ခေါင်းခါလိုက်သည်။ "မီးဖိုချောင်ဘက်မှာ မီးခိုးခေါင်းတိုင် မဖောက်ရသေးဘူး... ချက်ပြုတ်ဖို့ အဆင်မပြေသေးဘူး... ပြီးတော့ ဘယ်အစားအစာကများ အမရဲ့ မုန့်လုံးလေးတွေလောက် စားကောင်းပါ့မလဲ"

သူက ရန်မေ၏ ကိုယ်လုံးလေးကို အသာညှစ်လိုက်ရာ ရန်မေ ရှက်သွေးဖြာသွားပြီး အကြိမ်ကြိမ် တောင်းပန်မှသာ လွှတ်ပေးလိုက်သည်။

"အဲ့ကိစ္စနောက်မှဆက်မယ်... လာ... အိပ်ခန်းကို လာကြည့်"

"နံရံမှာ နံရံကပ်စက္ကူတွေ ကပ်ဖို့ စဉ်းစားထားတယ်... ပြီးရင် မီးသွယ်လိုက်မယ်ဆိုရင် လုံခြုံပြီး နွေးထွေးသွားမှာ"

ရန်မေက အခန်းထဲတွင် တစ်ပတ်လျှောက်ကြည့်ပြီး လင်းယွမ်၏ ရှင်းပြချက်များကို နားထောင်ကာ တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ "အခန်းက နည်းနည်း ကျဉ်းနေသလားလို့"

လင်းယွမ် အံ့သြသွားသည်။ "ဒါက စတုရန်းပေ (၂၀၀) ကျော်လောက် ရှိနေပြီ... ဗီရိုကြီးတစ်လုံးရယ် (၆) ပေကုတင်ကြီးတစ်လုံးရယ် ထည့်ရင်တောင် ဆံ့သေးတယ်... သေးတယ်လို့ ပြောဦးမလို့လား"

ရန်မေက သူ့ကို ဖက်တွယ်လိုက်ပြီး ပြုံးစစဖြင့် ပြောသည်။ "အမ တစ်ယောက်တည်းဆိုရင်တော့ လောက်ပါတယ်... ဒါပေမဲ့ တစ်ယောက်ယောက်က အမ တစ်ယောက်တည်း နေမယ်လို့ သေချာလို့လား"

လင်းယွမ် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသော်လည်း မျက်နှာတွင် တည်ငြိမ်နေပြီး "ဒါပေါ့... အမ တစ်ယောက်တည်းပဲလေ... ဘယ်သူကများ ဝင်ချင်နေလို့လဲ... နောက်တာပါ... ဒီနေရာက အမအတွက်ပဲ သီးသန့်ပါ" ဟု ဟန်ဆောင်မေးလိုက်သည်။

"ခစ်ခစ်... မောင်လေးကလေ ပါးစပ်ကတော့ သိပ်ချိုတာပဲ... ထားလိုက်ပါတော့... မစတော့ပါဘူး... နောက်ထပ် အိပ်ခန်း (၃) ခန်းလောက် ထပ်ချဲ့ဖို့ စဉ်းစားပါဦး... မလောက်မှာ စိုးလို့ပါ"

လင်းယွမ် ချောင်းဟန့်လိုက်သည်။ "မလိုပါဘူး"

ရန်မေက လက်ပိုက်လိုက်ပြီး "သုံးခန်းနဲ့ မလောက်ဘူးပေါ့လေ... တင်းယန်၊ ဆုန့်ဝမ်၊ တုံယန် ပြီးရင် ဘယ်သူရှိသေးလဲ"

တကယ်တော့ သူမ အကုန်ရိပ်မိနေပြီ ဖြစ်သည်။

လင်းယွမ်တွင် သူမကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း ရှိပြီးသားဖြစ်သည်။ ရှေ့သို့ တစ်လှမ်းတိုးကာ သူမကို ပွေ့ချီလိုက်ပြီး ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။

"အိုး... မောင်လေး... မောင်လေး... မလုပ်... မလုပ်နဲ့..."

"အ့... အွန်း..."

ခဏအကြာတွင် ရန်မေမှာ အားကုန်သွားပြီး မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။

သူမက ခေါင်းထောင်၍ အားအင်အပြည့် ရှိနေသေးသော ထိုလူကို ကြည့်ပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ "အမက အစွမ်းနိုးလာပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေ ဒီလောက်တိုးလာတာတောင် မောင်လေးကို မကျေနပ်စေနိုင်သေးဘူးလား"

လင်းယွမ်က သွားဖြဲ၍ ရယ်မောလိုက်သည်။ "ဟဟ... ဒါက အစပဲရှိသေးတာ... နောက်ဆို အမ ခံနိုင်ရည်ရှိဖို့ ပြင်ထားပေတော့"

ရန်မေက မျက်စောင်းထိုးလိုက်ပြီး ကိုက်ခဲနေသော ခါးကို နှိပ်နယ်ကာ ညည်းတွားလိုက်သည်။ "အမနားပါရစေဦး... တကယ် ပင်ပန်းနေပြီ"

လင်းယွမ်လည်း မတတ်သာတော့ဘဲ "အမ ခဏအိပ်လိုက်ဦး... ကျွန်တော် သွားပြီး စားစရာ တစ်ခုခု လုပ်လိုက်မယ်" ဟု ပြောလိုက်သည်။

"မသွားပါနဲ့... ခဏနေ နိုးရင် အမပဲ လုပ်ပါ့မယ်... အမကို ဖက်ပြီး အိပ်ပေးပါ" ဟု သူမက ချွဲလိုက်သည်။

လင်းယွမ်လည်း သူမကို ရင်ခွင်ထဲ ထည့်ပြီး ဖက်ထားလိုက်သည်။ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး အလင်းရောင် မှိန်ဖျော့နေသဖြင့် လိုဏ်ဂူထဲတွင် ပို၍ မှောင်မိုက်နေသည်။

လင်းယွမ်က လိုဏ်ဂူပေါက်မှ ဝင်လာသော အလင်းရောင်ကို ကြည့်ရင်း မီးရရုံဖြင့် မဖြစ်၊ လေဝင်လေထွက် ကောင်းရန်လည်း လိုအပ်သည်ဟု တွေးလိုက်သည်။

ကြည့်ရတာ လိုဏ်ဂူကို အတွင်းဘက်ချည်းပဲ တူးနေလို့မဖြစ်၊ ဘေးတိုက်လည်း တူးပြီး လေဝင်လေထွက် ကောင်းအောင် အပေါက်ဖောက်မှ ရမည်။

နောက်ပြီး မီးဖိုချောင် မီးခိုးခေါင်းတိုင်နှင့် အခန်းရေဆင်းပေါက် ကိစ္စများကိုလည်း စဉ်းစားရမည်။

တော်သေးသည်က ဒီနေရာရှိ ဝါးများက လုံလောက်အောင် တုတ်ခိုင်ပြီး ရှည်လျားသဖြင့် ပိုက်လိုင်းများ ပြုလုပ်ရန် အသုံးပြုနိုင်သည်။

"စွန့်ပစ်ပစ္စည်းတွေကို တစ်နေရာတည်း စုစည်းပြီး ဇီဝဓာတ်ငွေ့ကန်လိုမျိုး လုပ်ရင် ကောင်းမလား"

လင်းယွမ် စိတ်ထဲတွင် စီမံကိန်းများ ချမှတ်ရင်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားသည်။

မကြာခင်မှာပင် သူ ပြန်နိုးလာသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေး မြင့်မားလွန်းသဖြင့် ခဏတာ အိပ်စက်လိုက်ရုံဖြင့် အားအင်များ ပြန်လည်ပြည့်ဖြိုးလာသည်။

ဘေးနားတွင် အိပ်မောကျနေသော ရန်မေကို ကြည့်ပြီး လင်းယွမ် ခြေသံမကြားအောင် ကုတင်ပေါ်မှဆင်းကာ လိုဏ်ဂူအပြင်သို့ ထွက်လာခဲ့သည်။

အပြင်ဘက်တွင် မိုးချုပ်နေပြီ ဖြစ်သည်။ ဝါးအိမ်များတွင် အိမ်တိုင်းလိုလို မီးဖိုများ မီးညှိထားကြပြီ ဖြစ်သည်။

ကွေ့ပတ်နေသော တောင်ပေါ်လမ်းမကြီးဘက်ရှိ ကားပါကင်တွင်လည်း ကင်းမျှော်စင်မြင့်ကြီး တည်ဆောက်ထားပြီး မီးခွက်များ ထွန်းညှိကာ ကင်းလှည့်အဖွဲ့များ ကင်းစောင့်နေကြသည်။

ကားပါကင်ကွင်းပြင်တွင် မီးပုံများ ဖိုထားကြပြီး လူအများအပြား မီးလှုံရင်း စကားစမြည် ပြောဆိုနေကြသည်။

တစ်ခဏတာမျှ ကပ်ဘေးမတိုင်ခင်က ကျေးလက်တောရွာ ခံစားချက်မျိုး ပေးစွမ်းနေသည်။

ထိုစဉ်က လယ်လုပ်ငန်းခွင် ပြီးဆုံးချိန်တွင် အိမ်ရှေ့၌ မီးဖိုကာ ရင်းနှီးသော အိမ်နီးချင်းများ ရောက်လာပြီး စကားစမြည် ပြောဆိုတတ်ကြသည်။ ရံဖန်ရံခါ မြေပဲ၊ ကြက်သွန်ဖြူ၊ ကန်စွန်းဥ စသည့် သရေစာများကို မီးဖိုထဲ ပစ်ထည့်ပြီး ဖုတ်စားတတ်ကြသည်။

ဤမြင်ကွင်းက ငြိမ်းချမ်းမှုနှင့် တည်ငြိမ်သော ပျော်ရွှင်မှုမျိုးကို ခံစားရစေသည်။

တကယ်တော့ သည်းထန်စွာ ရွာသွန်းနေသော မိုးသာ မရှိလျှင် ပတ်ဝန်းကျင် လေထုက ပို၍ သာယာကောင်းမွန်နေမည် ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၁၉၈) မာလာဟင်းအိုးဝိုင်းနှင့် သန္ဓေပြောင်း ပိုးကောင်ပျံများ

ကားပါကင်ကွင်းရှိ မီးပုံအပေါ်ဘက်တွင် မိုးဒဏ်ကာကွယ်ရန် ရိုးရှင်းသော တဲအမိုးအကာတစ်ခုကို ဆောက်လုပ်ထားသည်။

လူအများမှာ ထိုနေရာ၌ ငါးကင်ခြင်း၊ ရေနွေးကြိုခြင်းများကို ပြုလုပ်ရင်း ဝါးမျှော်စင် အဆောက်အအုံဘက်သို့ သယ်ယူပို့ဆောင်နေကြ၏။

လင်းယွမ် အောက်ထပ်သို့ ဆင်းလာသောအခါ တင်းယန်၊ ဆုန့်ဝမ်၊ တုံယန်၊ တုံကျဲ၊ ကုဖုန်း၊ လျှိုဖိန်ဖိန်နှင့် ကျောက်ခိုင်တို့မှာ ကျောက်လိုဏ်ဂူထဲ၌ မာလာဟင်းအိုး တည်ခင်းစားသောက်နေကြသည်ကို တွေ့လိုက်ရသည်။

လင်းယွမ် ရောက်လာသည်ကို မြင်လျှင် ကျောက်ခိုင်က လှမ်းအော်လေသည်။

"အစ်ကိုလင်းယွမ်... ဒီမှာလာစားပါဦး"

လင်းယွမ်လည်း ဗိုက်ဆာနေသည်နှင့် အတော်ဖြစ်သွားကာ ဂူထဲသို့ ဝင်လိုက်သည်။

တင်းယန်နှင့် ဆုန့်ဝမ်တို့နှစ်ဦးစလုံးက သူ့ကို လှမ်းကြည့်လိုက်ကြပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် ဘေးသို့ အနည်းငယ်စီ ရွှေ့ပေးလိုက်ကြ၏။

ထိုအမူအရာ၏ အဓိပ္ပာယ်မှာ ပြောစရာပင် မလိုချေ။ လင်းယွမ်ကို သူတို့အနားတွင် ဝင်ထိုင်စေလိုခြင်း ဖြစ်သည်။

ထိုသို့ ကိုယ်စီ နေရာဖယ်ပေးလိုက်ပြီးနောက် နှစ်ဦးစလုံး အခြေအနေကို သဘောပေါက်သွားကာ အကြည့်ချင်းဆုံသွားကြပြီးမှ ချက်ချင်း အကြည့်လွှဲလိုက်ကြပြီး လင်းယွမ်ကိုသာ မော့ကြည့်လိုက်ကြတော့သည်။

လင်းယွမ် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။ ဘယ်ဘက်ကို သွားထိုင်ထိုင် အဆင်ပြေမည့်ပုံ မပေါ်ချေ။

ထို့ကြောင့် သူက မျက်လုံးကို ကစားလိုက်ပြီး ကျောက်ခိုင်နှင့် တုံကျဲ ကြားရှိ နေရာလွတ်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး ပြောလိုက်သည်။

"ငါ ဒီနားမှာပဲ ထိုင်လိုက်မယ်... တုံကျဲနဲ့ ကျောက်ခိုင်ကို ပြောစရာကိစ္စလေး ရှိနေတာနဲ့ အတော်ပဲ"

သူ့မျက်နှာထားက လေးနက်တည်ကြည်နေပြီး အရေးကြီးကိစ္စ ရှိပုံရသဖြင့် တင်းယန်နှင့် ဆုန့်ဝမ်တို့၏ အာရုံမှာ လမ်းကြောင်းပြောင်းသွားကြကာ စိတ်ထဲမှ အားပြိုင်မှုများလည်း ချက်ချင်း ပျောက်ကွယ်သွားကြတော့၏။

တုံကျဲနှင့် ကျောက်ခိုင်တို့က ဘေးဘက်သို့ အမြန်တိုးပေးပြီး နေရာဖယ်ပေးကြသည်။

ကျောက်ခိုင်က ထရပ်လိုက်ပြီး ပြောသည်။

"အစ်ကိုလင်းယွမ်... ကျွန်တော်ထိုင်တဲ့ ကျောက်တုံးပေါ်မှာ အရင်ထိုင်လိုက်ပါ... ကျွန်တော် အပြင်ကနေ နောက်ထပ် ကျောက်တုံးတစ်တုံး သွားသယ်လိုက်မယ်"

လင်းယွမ် တစ်ချက်ဝေ့ကြည့်လိုက်ရာ သူတို့အားလုံး ကျောက်တုံးများပေါ်တွင် ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။

သူက စိတ်မကောင်းဖြစ်သွားပြီး ပြောလိုက်သည်။

"မသွားပါနဲ့တော့... ငါ့မှာ ထိုင်ခုံပါတယ်"

ပြောပြောဆိုဆိုဖြင့် သူက ပစ္စည်းသိုလှောင်ခန်းထဲမှ ခေါက်ထိုင်ခုံ အသေးလေးတစ်လုံးကို ဝှစ်ကနဲ ထုတ်ယူလိုက်သည်။

ဤပစ္စည်းမျိုးမှာ အိမ်တိုင်းလိုလိုတွင် အနည်းဆုံး တစ်လုံးနှစ်လုံး ရှိတတ်ကြပြီး ခရီးထွက်သည့်အခါမျိုးတွင် အလွန်အသုံးဝင်သော ပစ္စည်းဖြစ်သည်။

လင်းယွမ် ပစ္စည်းရှာထွက်စဉ်က ဤကဲ့သို့သော ပစ္စည်းမျိုး မနည်းမနော တွေ့ရှိခဲ့ရသည်။

မျက်စိရှေ့၌ပင် ခေါက်ထိုင်ခုံတစ်လုံး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အားကျသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

ကျောက်ခိုင်က နဖူးကို ရိုက်လိုက်ပြီး ပြောသည်။

"ကျွန်တော့်မှတ်ဉာဏ်ကတော့... အစ်ကိုလင်းမှာ ပစ္စည်းသိုလှောင်ခန်း ရှိတာကို မေ့နေတယ်"

"ဝိုး... အစ်ကိုလင်းယွမ်... အစ်ကို့ရဲ့ ပစ္စည်းသိုလှောင်နိုင်စွမ်းက တကယ် မိုက်တာပဲနော်... အထဲမှာ ပစ္စည်းတွေ ဘယ်လောက်တောင် ထည့်ထားတာလဲ"

တုံကျဲကလည်း မနေနိုင်ဘဲ အံ့သြတကြီး ဝင်ပြောလေသည်။

လင်းယွမ်က ပြုံးစစဖြင့် ပြန်ဖြေလိုက်၏။

"ပစ္စည်းတွေကတော့ အများကြီးပဲ... မင်းတို့ ဘာလိုချင်လဲ ငါ့ကိုပြော"

သူ့စကားဆုံးသည်နှင့် တင်းယန်က ချက်ချင်း ဝင်ပြောသည်။

"ကျွန်မအခန်းမှာ ကုတင်တစ်လုံး လိုနေတယ်... ဝါးပေါ်မှာ အိပ်ရတာ ကျွန်မမအိပ်တတ်ဘူး"

ဆုန့်ဝမ်ကလည်း ဝင်ပြောချင်သော်လည်း လူအများကြီး ရှိနေသဖြင့် အားနာကာ နှုတ်ဆိတ်နေလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည်။

"ဒါက လွယ်ပါတယ်... နောက်ကျရင် တစ်ယောက်ကို ကုတင်တစ်လုံးစီ ပေးမယ်"

ထိုစကားကြောင့် လူတိုင်း ဝမ်းသာအားရ ဖြစ်သွားကြပြီး လက်ခုပ်လက်ဝါးတီးကာ ဝိုင်းဝန်း ဩဘာပေးကြလေသည်။

"လင်းယွမ်... ရေကို အရက်အဖြစ် သဘောထားပြီး ခင်ဗျားရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်စကား ဆိုပါရစေဗျာ... ဟီးဟီး"

ကုဖုန်းက ဝါးခွက်ကို မြှောက်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။

သူနှင့် လင်းယွမ်မှာ သိပ်မရင်းနှီးသော်လည်း ယခုတစ်ကြိမ်တွင် ကုတင်တစ်လုံး အလကားရလိုက်သဖြင့် တင်းယန်၏ မျက်နှာသာပေးမှုကြောင့် အမြတ်ကြီး ထွက်သွားသည်ဟု သူက ယူဆထား၏။

လင်းယွမ်က သူ့လက်ထဲမှ ခွက်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ဘာလို့ ရေကို အရက်အဖြစ် သဘောထားမှာလဲ... ဒီမှာ အရက်အဆင်သင့် ရှိတယ်လေ"

သူက ပစ္စည်းသိုလှောင်ခန်းထဲမှ နှင်းပွင့်ဘီယာ (၂) ကတ်ကို ထုတ်ယူလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"ရော့... ဒီနေ့ မင်းတို့က ငါ့ကို မာလာဟင်းအိုး ကျွေးတယ်ဆိုတော့... ငါက မင်းတို့ကို ဘီယာပြန်တိုက်မယ်"

ကျောက်ခိုင်၊ တင်းယန်နှင့် ကုဖုန်းတို့၏ မျက်လုံးများ အရောင်တောက်သွားကြ၏။

ဆုန့်ဝမ်ပင်လျှင် မထိန်းနိုင်တော့ဘဲ ဝမ်းသာအားရ ပြုံးလိုက်မိသည်။

"ဘုရားရေ... လင်းယွမ်... ခင်ဗျားဆီမှာ ဘီယာတောင် ရှိတာလား... ပုံမှန်ဆို ပစ္စည်းလဲလှယ်တဲ့အထဲမှာ ဒီဟာတွေ ပါတာ မတွေ့မိပါဘူး"

ကုဖုန်းက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

လင်းယွမ်က ပြုံး၍ ပြောလိုက်၏။

"ငါ့ဆီမှာလည်း ဒါတွေ သိပ်အများကြီး မရှိပါဘူး... ကိုယ့်လူတွေမို့လို့ ချန်ထားပြီး တိုက်တာ"

"ကိုယ့်လူတွေ" ဟူသော စကားတစ်ခွန်းကြောင့် ကုဖုန်း၏ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားစိတ်များ ဖြစ်ပေါ်လာပြီး စိတ်လှုပ်ရှားသွားရသည်။

လင်းယွမ်က တုံကျဲမှလွဲ၍ ကျန်လူများကို တစ်ယောက်လျှင် ဘီယာတစ်ဘူးစီ ကမ်းပေးလိုက်သည်။

တုံကျဲမှာ အသက်ငယ်သေးသဖြင့် လင်းယွမ်က အရက်ပေးမသောက်ခြင်း ဖြစ်၏။

သို့သော် သူက ဂရုတစိုက်ဖြင့် ပစ္စည်းသိုလှောင်ခန်းထဲမှ ကိုကာကိုလာ တစ်ဘူးကို ထုတ်ယူကာ ပေးလိုက်သဖြင့် ကလေးမှာ ပါးစပ်နားရွက်တက်ချိတ်မတတ် ပျော်ရွှင်သွားပြီး အစ်ကိုလင်းယွမ်၊ အစ်ကိုလင်းယွမ်နှင့် တတွတ်တွတ် ခေါ်မဆုံး ဖြစ်နေတော့သည်။

"စားကြ... အသားတွေ စားကြ... အစ်ကိုလင်း... ဒါ ဒီနေ့ ဝါးတောထဲမှာ ကျွန်တော်ဖမ်းမိတဲ့ ဝါးပွေးကောင်လေ... အကောင်က တော်တော်ကြီးတာဗျ... အသားကလည်း လတ်လတ်ဆတ်ဆတ်ပဲ"

ကျောက်ခိုင်က ရယ်မောကာ ပြောသည်။

လင်းယွမ် ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်တွင် အသားထည့်ထားသည့် ဇလုံတစ်လုံးကို တွေ့လိုက်ရသည်။ ဇလုံထဲ၌ ရေခဲတုံးများလည်း ပါဝင်ပြီး အသားများကို ပါးလွှာသော အချပ်လေးများအဖြစ် လှီးဖြတ်ထား၏။

ထို့နောက် ကျောက်ခိုင်က ရေခဲတုံးအနည်းငယ်ကို ထပ်မံဖန်တီးလိုက်ပြီး အမျိုးသားများ၏ ဘီယာခွက်ထဲသို့ ထည့်ပေးလိုက်သည်။

အောက်တိုဘာလ ရာသီဥတုမှာ အတော်အတန် ပူအိုက်နေဆဲဖြစ်ရာ ရေခဲစိမ်ထားသော ဘီယာအေးအေးလေးတစ်ငုံနှင့် ပူစပ်ပူလောင် မာလာဟင်းအိုး အရသာတို့ ပေါင်းစပ်လိုက်သောအခါ ပြောမပြတတ်အောင် ကောင်းမွန်လွန်းလှသည်။

ကျောက်ခိုင်၏ ရေခဲအစွမ်းမှာ အလွန်အသုံးဝင်လှပြီး မာလာဟင်းအိုးစားပွဲအတွက် အကောင်းဆုံး တွဲဖက်ညီပေ၏။

လင်းယွမ်က တူဖြင့် အသားတစ်ဖတ်ကို ညှပ်လိုက်ရာ ဟင်းအိုးထဲတွင် မျှစ်များ ပါဝင်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားပြီး မေးလိုက်သည်။

"မျှစ်တွေတောင် ပါသေးတာလား"

"ဟီး... ကျွန်တော်ရှာတွေ့တာ"

ကုဖုန်းက ချက်ချင်းပင် မျက်နှာလိုမျက်နှာရ ပြောလေသည်။

"ကျွန်တော်လည်း အံ့သြနေတာ... ဒီရာသီမှာ မျှစ်ထွက်တာ ထူးဆန်းတယ်... ဒါပေမဲ့ စားလို့တော့ ကောင်းသားဗျ... တော်တော်လေး နုတယ်"

တုံယန်က လင်းယွမ်အတွက် အသားတစ်ဖတ်ကို ဂရုတစိုက် ညှပ်ပေးပြီး ပြောသည်။

"အစ်ကိုလင်း... မြည်းကြည့်ပါဦး"

လင်းယွမ် မြည်းစမ်းကြည့်လိုက်ရာ တကယ်ပင် ကြွပ်ရွလတ်ဆတ်နေ၏။ သူက ဟင်းရည်အိုးအောက်ခြေကို မွှေနှောက်ကြည့်လိုက်ရာ အသားမှလွဲလျှင် မျှစ်သာ ပါဝင်သည်ကို တွေ့လိုက်ရသည်။

"ဟင်းဖတ်က ဒီနှစ်မျိုးပဲလား... တခြားဟာ မရှိတော့ဘူးလား"

သူက အံ့သြတကြီး မေးလိုက်သည်။

ဆုန့်ဝမ်က ဝင်ပြော၏။

"ဒီလောက်ဆို တော်တော်ကောင်းနေပါပြီ... တခြားလူတွေဆို အသားနဲ့ ဟင်းသီးဟင်းရွက်တောင် မစားရဘူးလေ... မှိုတွေနဲ့ တောဟင်းရွက်တွေတော့ နည်းနည်း ခူးလာသေးတယ်... ဒါပေမဲ့ စားလို့ရမရ မသေချာတာနဲ့ ထည့်မချက်လိုက်တာ"

လင်းယွမ်က ရယ်လိုက်ပြီး ပြောသည်။

"စောစောက ပြောရောပေါ့... ငါ့ဆီမှာ ဟင်းသီးဟင်းရွက်တွေ ရှိသားပဲ"

ပြောရင်းဆိုရင်း သူက ပစ္စည်းသိုလှောင်ခန်းထဲမှ ဟင်းသီးဟင်းရွက် အများအပြားကို တိုက်ရိုက် ထုတ်ယူလိုက်တော့သည်။

ယခင်က ကံစမ်းမဲမှ ပေါက်ထားသော ဟင်းသီးဟင်းရွက် လက်ဆောင်ထုပ်ကြီးကို သူတစ်ယောက်တည်းမို့ မကုန်နိုင်သဖြင့် အများအပြား ကျန်ရှိနေသေးခြင်း ဖြစ်သည်။

ထိုအထဲတွင် ဆလပ်ရွက်၊ ကန်စွန်းရွက်၊ နံနံပင်များသာမက ပန်းဂေါ်ဖီစိမ်း၊ ရေညှိ စသည်တို့ပါ ပါဝင်လေသည်။

ချက်ချင်းပင် မာလာဟင်းအိုးမှာ ဟင်းဖတ်များ စုံလင်သွားပြီး ပိုမိုကြွယ်ဝသွားတော့၏။

အားလုံးမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး ပိုမိုမြိန်ရှက်စွာဖြင့် အငမ်းမရ စားသောက်ကြလေသည်။

တစ်ဦးစီ၏ ပါးစပ်တွင် ဆီများပေကျံနေသည်အထိ စားသောက်ကြပြီး မာလာဟင်းအိုး မစားရသည်မှာ ကြာပြီဖြစ်၍ အားရပါးရ ရှိလှပေ၏။

လင်းယွမ်သည် လျှိုဖိန်ဖိန်ထံမှတစ်ဆင့် ဤမာလာဟင်းအနှစ်ထုပ်များ မည်သည့်နေရာမှ ရလာသည်ကို သိလိုက်ရသည်။

ယခင် ဟန်လုံစင်တာကြီးတွင် မာလာဟင်းအိုးဆိုင် အများအပြားရှိခဲ့ရာ ဆိုင်ထဲမှ အသားငါးများမှာ ပုပ်သိုးကုန်ပြီ ဖြစ်သော်လည်း ပါကင်ပိတ်ထားသော ဟင်းအနှစ်ထုပ် အများအပြားမှာ သက်တမ်းမကုန်သေးဘဲ ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လူတိုင်း အထုပ်များစွာ ခွဲဝေယူခဲ့ကြသည်။ မာလာဟင်းအနှစ်ထုပ်ဆိုသည်မှာ ဆီ၊ ဆား၊ အချိုမှုန့် စသည့် ဟင်းခတ်အမွှေးအကြိုင်များအဖြစ်လည်း တိုက်ရိုက် အသုံးပြုနိုင်သောကြောင့် ဖြစ်၏။

မာလာဟင်းအိုးကို ဝလင်အောင် စားသောက်ပြီးနောက် လင်းယွမ်သည် သူတို့ထံမှတစ်ဆင့် ယနေ့ လုပ်ဆောင်ပြီးစီးခဲ့သော အခြေအနေများကို ပိုမိုသိရှိလိုက်ရသည်။

လူအများအပြားသည် ဂူများကို စတင်တူးဖော်နေကြပြီဖြစ်ရာ အစွမ်းရှိသူများ၏ အကူအညီဖြင့် လုပ်ငန်းခွင်အရှိန်အဟုန်မှာ ထင်ထားသည်ထက် ပိုမိုမြန်ဆန်နေ၏။

အထပ်တိုင်းလိုလိုတွင် အရွယ်အစား အမျိုးမျိုးရှိသော ဂူများကို တူးဖော်ပြီးစီးနေကြပြီ ဖြစ်သည်။

ထိုအထဲတွင် ကျောက်ခိုင်၏ အပူအအေးပေး၍ ကျောက်ဖြိုခွဲနည်းမှာ လူကြိုက်အများဆုံး ဖြစ်ပြီး လူတိုင်းက အသုံးအများဆုံး ဖြစ်နေသည်။

ထို့အပြင် ထန်ယင်း၏ ပဲ့တင်ရိုက်ခတ်မှု အစွမ်းပါ ပေါင်းစပ်လိုက်သောအခါ ဂူတူးဖော်ခြင်း လုပ်ငန်းမှာ လွန်စွာ လျင်မြန်လွယ်ကူသွားတော့သည်။

ယနေ့ညမှစ၍ လူအများစုမှာ ဂူများထဲတွင် ဝင်ရောက်နေထိုင်နိုင်ကြပြီ ဖြစ်၏။

အပြင်ဘက်တွင် သန္ဓေပြောင်း သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်သည့် အန္တရာယ်အတွက် စိုးရိမ်စရာ မလိုတော့ပေ။

လုံခြုံမှုအဆင့်မှာ အကြီးအကျယ် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် မြေရိုင်းများ ရှင်းလင်းသည့် ကိစ္စဖြစ်သည်။ တောင်ပေါ်တွင် သစ်တောများသာ ရှိပြီး မြေပြန့်ဟူ၍ မရှိသဖြင့် နောက်ဆုံးတွင် ဦးလေးမာနှင့် အဖွဲ့က လှေကားထစ် စိုက်ခင်းများ ဖော်ထုတ်ရန် အကြံပြုခဲ့ကြသည်။

ထို့ကြောင့် လူအများက တောင်စောင်းတစ်လျှောက် သစ်ပင်များ ခုတ်ထွင်ကာ မြေညှိခဲ့ကြသည်။

အဒေါ်ကြီးလီတို့ အဖွဲ့ကမူ မျိုးစေ့များ စတင် စိုက်ပျိုးနေကြပြီ ဖြစ်၏။

အောက်တိုဘာလတွင် ဘာသီးနှံများ စိုက်ပျိုးနိုင်သနည်း။

တကယ်တမ်းတွင် စိုက်ပျိုးနိုင်သော သီးနှံများ မနည်းလှချေ။

ဥပမာအားဖြင့် ကြက်သွန်ဖြူ၊ မုန်လာဥ၊ နံနံပင်၊ ဆလပ်ရွက်၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ပြောင်းဖူး စသည်တို့ကို စိုက်ပျိုးနိုင်သည်။

စိုက်ပျိုးနိုင်သည့် အမျိုးအစားများကား များပြားလှ၏။

သို့သော် မျိုးစေ့ ရှိရန်တော့ လိုအပ်သည်။

လင်းယွမ်ထံတွင် မျိုးစေ့များ ရှိသော်လည်း ပမာဏ သိပ်မများလှပေ။ အိမ်ခန်းအသီးသီး၏ ထောင့်များမှ လိုက်လံ ရှာဖွေ စုဆောင်းထားခြင်း ဖြစ်သည်။

အိမ်ရှိ လူကြီးမိဘများက မြေဆွေးအိတ်များထဲတွင် စိုက်ပျိုးရန် ပြင်ဆင်ထားသည့် မျိုးစေ့များ ဖြစ်ပုံရသည်။

အဒေါ်ကြီးလီတို့အဖွဲ့က လင်းယွမ်ထံမှ မျိုးစေ့ အများအပြားကို ချေးယူသွားကြပြီး နောက်လအနည်းငယ်ကြာ၍ သီးနှံများ ရိတ်သိမ်းချိန်တွင် ပြန်ဆပ်မည်ဟု ကတိပေးကြ၏။ သို့မဟုတ် သူတို့၏ အမျိုးသားများကို ငါးဖမ်းခိုင်းပြီး အကြွေးဆပ်ခိုင်းမည်ဟု ပြောကြသည်။

လင်းယွမ်က သဘောမတူစရာ မရှိပေ။ သူတို့ကို ပို၍ပင် ငှားရမ်းစေချင်သေးသည်။

လက်ရှိအချိန်အထိ စခန်းတစ်ခုလုံးတွင် လူဦးရေ တစ်ရာဝန်းကျင်သာ ရှိသော်လည်း အရာအားလုံးက တိုးတက်ဖြစ်ထွန်းမည့် အလားအလာများ ရှိနေပြီး သက်ဝင်လှုပ်ရှားနေ၏။

လူတိုင်း၏ မျက်နှာပေါ်တွင်လည်း အပြုံးပန်းများ ပွင့်လန်းလာကြသည်။

လူအများက မာလာဟင်းအိုး ဝိုင်းဖွဲ့စားသောက်ရင်း အနာဂတ် တည်ဆောက်ရေး စီမံကိန်းများကို ဆွေးနွေးနေကြရာ အရာအားလုံးက သာယာလှပနေသယောင် ရှိသည်။

သို့သော် ထိုအချိန်မှာပင် အဝေးမှ စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ အပြုံးများကို ရုတ်ခြည်း ပျောက်ကွယ်သွားစေတော့၏။

လင်းယွမ် ချက်ချင်း ခေါင်းလှည့်လိုက်ပြီး ဂူအပြင်ဘက် ဝါးမျှော်စင်သို့ ထွက်ကာ အသံလာရာ အရပ်သို့ လှမ်းကြည့်လိုက်သည်။

အောက်ဘက် ကားပါကင်ကွင်းရှိ မီးပုံနေရာဘက်မှ နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေသည်ကို မြင်လိုက်ရ၏။

သို့သော် လင်းယွမ်မှာ မည်သည့် ရန်သူ့အရိပ်အယောင်ကိုမျှ မတွေ့ရပေ။

သူ့မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားပြီး မေးလိုက်သည်။

"ဘာဖြစ်တာလဲ"

ကျောက်ခိုင်၏ မျက်နှာလည်း ပျက်ယွင်းသွားပြီး ပြောသည်။

"ကျွန်တော် သွားကြည့်လိုက်မယ်"

လင်းယွမ်က သူ့ကို ဆွဲတားလိုက်ပြီး ပြောလိုက်၏။

"မင်းက လူတွေကို အရင် နေရာရွှေ့ခိုင်းလိုက်... ငါ သွားကြည့်မယ်"

ပြောပြီးသည်နှင့် သူက ကိုယ်ကို ပစ်မြှောက်ကာ ဆယ်ထပ်ကျော်မြင့်သော အဆောက်အအုံပေါ်မှ တောင်ကမ်းပါးယံပေါ်သို့ တိုက်ရိုက် ခုန်ဆင်းလိုက်တော့သည်။

ထို့နောက် တောင်စောင်းတစ်လျှောက် ခုန်ပျံကျော်လွှားရင်း ကားပါကင်ကွင်းရှိရာ ပလက်ဖောင်းပေါ်သို့ ရောက်ရှိသွားသည်။

ကားပါကင်ကွင်းရှိ တဲအမိုးအကာနှင့် မီးပုံအနီးသို့ ရောက်သွားသည်နှင့် ဘာဖြစ်ပျက်နေသည်ကို သူ ချက်ချင်း ရှင်းလင်းစွာ မြင်လိုက်ရ၏။

လေထဲတွင် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော ကြောက်မက်ဖွယ်ရာ ပျံသန်းနေသည့် ပိုးကောင် အများအပြား ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။

ထိုပိုးကောင်များက လူများကို အုပ်စုလိုက် ဝိုင်းဝန်း တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

လင်းယွမ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ဤသန္ဓေပြောင်း ပျံသန်းသည့် ပိုးကောင်များ မည်သည့်နေရာမှ ရောက်လာသည်ကို သူ နားမလည်ပေ။

သူက အလျင်အမြန်ပင် စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို ထုတ်ဖော်လိုက်ပြီး ပိုးကောင်များ အထူထပ်ဆုံးနေရာသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်တော့သည်။

"ဝုန်း"

စိတ်စွမ်းအင် လှိုင်းတံပိုးများ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ပေ (၁၀၀) ဝန်းကျင်အကွာအဝေးအတွင်းရှိ ပိုးကောင်များမှာ ပြင်းထန်စွာ တုန်ခါသွားကြပြီး တဝီဝီမြည်ကာ မြေကြီးပေါ်သို့ ပြုတ်ကျကုန်ကြ၏။ ထို့နောက် ခေါင်းများ ပေါက်ကွဲကုန်ကြသည်။

ဧရိယာအတော်များများကို ရှင်းလင်းပြီးနောက် လင်းယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မြန်မြန်ပြေးကြ... ဂူထဲကို ဝင်ကြ"

ပိုးကောင်ကိုက်ခံရသော သူများမှာ နာကျင်စွာ အော်ဟစ်ရင်း ကုန်းရုန်းထကာ ဝါးမျှော်စင် အဆောက်အအုံဘက်သို့ အသက်လု၍ ထွက်ပြေးကြတော့သည်။

ထိုပိုးကောင်များသည် ထွက်ပြေးသွားသော လူများနောက်သို့ လိုက်မသွားကြဘဲ မီးပုံအနီးတစ်ဝိုက်တွင်သာ ဆက်လက် စုဝေးနေကြသည်ကို လင်းယွမ် သတိထားမိလိုက်သည်။

အချို့သော ပိုးကောင်များဆိုလျှင် မီးပုံထဲသို့ပင် တုံးတိတိဖြင့် တိုးဝင်နေကြသေး၏။

ထိုမြင်ကွင်းကို ကြည့်ရင်း လင်းယွမ် ရုတ်တရက် သဘောပေါက်သွားသည်။

"အလင်းရောင်နောက်လိုက်တဲ့ အင်းဆက်တွေရဲ့ သဘာဝပဲ"

ရေလွှမ်းမိုးခြင်း မဖြစ်ပွားမီ အချိန်ကတည်းက ညဘက်များတွင် အင်းဆက်ပိုးမွှား အများအပြားသည် အလင်းရောင်ရှိရာ နေရာများသို့ စုဝေးရောက်ရှိလာတတ်ကြသည်ကို မြင်ဖူးကြပေလိမ့်မည်။

ရှေးလူကြီးများ ပြောစမှတ်ပြုကြသော ပိုးဖလံမျိုး မီးကိုတိုး ဆိုသည့် စကားပုံလည်း ရှိခဲ့ဖူးသည်။

ဒါသည် အင်းဆက်အချို့၏ အလင်းရောင်နောက်သို့ လိုက်တတ်သည့် သဘာဝပင် ဖြစ်၏။

သိသာထင်ရှားသည်မှာ ယခုမြင်တွေ့နေရသည့် သန္ဓေပြောင်းလဲသွားသော ပိုးကောင်များသည် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသော်လည်း မူလ ပင်ကိုဗီဇဖြစ်သည့် အလင်းရောင်နောက် လိုက်တတ်သည့် အကျင့်မှာ ပျောက်ကွယ်မသွားသေးခြင်း ဖြစ်သည်။

၎င်းတို့သည် မီးရောင်ကြောင့် ရောက်ရှိလာကြခြင်း ဖြစ်၏။

လင်းယွမ် ထိုအချက်ကို စဉ်းစားမိသွားသည်နှင့် စိတ်စွမ်းအင်ဖြင့် မီးပုံကို တွန်းလှဲလိုက်ပြီး မိုးရေထဲသို့ ရောက်သွားအောင် တိုက်ရိုက် တွန်းထုတ်လိုက်တော့သည်။

မီးတောက်အများစု မိုးရေနှင့်ထိတွေ့ကာ ငြိမ်းသတ်ခံလိုက်ရသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ထုထဲသို့ တဖြည်းဖြည်း ကျရောက်သွားသည်။

ထိုပိုးကောင်များသည် တဝီဝီမြည်အောင် ပျံသန်းနေကြပြီး ခေါင်းပြတ်နေသော ယင်ကောင်များကဲ့သို့ ဦးတည်ချက်မဲ့စွာ လျှောက်လည် ပျံသန်းနေကြတော့သည်။

သို့သော် မကြာမီမှာပင် ပိုးကောင်အချို့က ဝါးမျှော်စင်ပေါ်မှ အလင်းရောင်ကို တွေ့ရှိသွားကြပြီး ထိုနေရာသို့ ဦးတည် ပျံသန်းသွားကြ၏။

နောက်ထပ် ပိုးကောင်တစ်သိုက်ကလည်း အဆောက်အအုံဘက်သို့ ပျံသန်းသွားကြသည်။

လင်းယွမ်က သူ့နောက်သို့ လိုက်ပါလာသော ကျောက်ခိုင်နှင့် ရန်ဆန်းမင်တို့ဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

"မီးငြှိမ်းကြ... မီးပုံတွေ မီးဖိုတွေ အကုန်ငြှိမ်းပစ်... ဒီကောင်တွေက အလင်းရောင်ရှိတဲ့ဆီကို လာနေကြတာ"

လူတိုင်း ထိုစကားကို ကြားသောအခါ အကြီးအကျယ် လန့်ဖျပ်သွားကြပြီး ပြေးလာသော လူများက နောက်သို့ပြန်လှည့်ကာ သူတို့၏ အပေါင်းအပါများကို မီးငြှိမ်းသတ်ရန် အော်ဟစ် သတိပေးကြလေသည်။

ထင်ထားသည့်အတိုင်းပင်... အဆောက်အအုံရှိ အလင်းရောင်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်နှင့် ထိုပိုးကောင်များသည် လူစုကွဲသွားကြပြီး မိုးသည်းထန်နေသည့်ကြားတွင် ဦးတည်ချက်မဲ့စွာ ပျံဝဲရင်း မိုးခိုရန် သစ်တောအုပ်ထဲသို့ ဝင်ရောက်သွားကြတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရမှ လင်းယွမ် သက်ပြင်းချနိုင်တော့သည်။ သူက အဆောက်အအုံဆီသို့ အမြန်ပြန်လာပြီး လူအများစုဝေးရာသို့ ရောက်ရှိလာခဲ့၏။

"အစ်ကိုလင်းယွမ်... အဲ့ဒါ ဘာကောင်တွေလဲ"

"လင်းယွမ်... ငါတို့ မီးမွှေးလို့ မရတော့ဘူးလား"

လူတိုင်းက ဝိုင်းဝန်း မေးမြန်းကြလေသည်။

လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။

"ပျံသန်းတဲ့ ပိုးကောင်တွေပဲ... ဘာအမျိုးအစားလဲဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး... တော်တော်ကြီးကို သန္ဓေပြောင်းလဲသွားကြပြီ"

"တစ်ကောင်တစ်ကောင်ကို လက်သီးဆုပ်လောက် ရှိတယ်... အတောင်ပံဖြန့်လိုက်ရင် (၁) ပေလောက်တောင် ရှိလိမ့်မယ်"

"ဒီအင်းဆက်တွေက မပြောင်းလဲခင်ကတည်းက အလင်းရောင်နောက်လိုက်တဲ့ သဘာဝရှိတယ်... အခု ဆင့်ကဲပြောင်းလဲပြီးတာတောင် အဲ့ဒီဗီဇက ကျန်နေသေးပုံရတယ်... ညဘက်ဆို ကျွန်တော်တို့တတ်နိုင်သလောက် မီးမထွန်းတာ ကောင်းမယ်"

သူက ခေတ္တမျှ စဉ်းစားလိုက်ပြီး ဆက်ပြောသည်။

"မီးထွန်းမယ်ဆိုရင်တောင် အလင်းရောင် အပြင်ကိုမထွက်အောင် ဂရုစိုက်ရမယ်... ဒါမှ ဒီကောင်တွေကို ဆွဲဆောင်သလို မဖြစ်မှာ"

ရန်ဆန်းမင်က မျက်မှောင်ကြုတ်လိုက်ပြီး ပြော၏။

"ဒီလိုဆိုရင်တော့ တော်တော်လေး လုံခြုံစိတ်ချရတဲ့ ပိတ်လှောင်ထားလို့ရတဲ့ နေရာမျိုး လိုနေပြီ... ကျွန်တော်တို့ ကျောက်လိုဏ်ဂူ တူးဖော်တဲ့ စီမံကိန်းက တကယ်ကို လမ်းမှန် ရောက်နေတာပဲ"

"ဒါပေမဲ့ ဂူထဲကနေ အလင်းရောင် တစ်စက်မှ အပြင်မထွက်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... လုံးဝ အလုံပိတ်လိုက်ရင်လည်း ငါတို့ အသက်ရှူကျပ် သေကုန်ကြမှာပေါ့"

ရှီဟိုင်ကျူးက မနေနိုင်ဘဲ ဝင်ပြောလေသည်။

လင်းယွမ်က ခေါင်းခါလိုက်၏။

"ကျောက်လိုဏ်ဂူမှာ မီးခိုးခေါင်းတိုင်နဲ့ လေဝင်လေထွက်ပေါက် လုပ်လို့ရတယ်... အပေါက်ကို သိပ်မကြီးစေနဲ့... အခု သန္ဓေပြောင်း ပိုးကောင်တွေက အကောင်ကြီးတယ်... လေဝင်ပေါက်သာ သေးမယ်ဆိုရင် သူတို့ ဝင်လာနိုင်မှာ မဟုတ်ဘူး"

ကျောက်ခိုင်ကလည်း ထောက်ခံ ပြောဆိုသည်။

"ဟုတ်တယ်... မနေ့ကလည်း ငါတို့ မီးထွန်းတာပဲ... ကားပါကင်ကွင်းမှာလို မီးပုံအကြီးကြီး မလုပ်မိတာပဲ ကွာသွားတာ... ကြည့်ရတာ ဒီကောင်တွေက အလင်းရောင် အားကောင်းတဲ့နေရာကိုပဲ လာကြတာ နေမှာ... အလင်းရောင် မှိန်ရင်တော့ ဒီလောက်အများကြီး ရောက်မလာနိုင်ဘူး"

လင်းယွမ်က လေးနက်စွာ ပြောလိုက်၏။

"မိတ်ဆွေတို့... ကမ္ဘာကြီးက မကြုံစဖူး ထူးကဲတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီ... ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်တဲ့ နေရာမှာ အထူးသတိထားကြရမယ်... အရင်တုန်းက အတွေ့အကြုံတွေ၊ ဗဟုသုတတွေက အသုံးမဝင်တော့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်"

"ဒီတစ်ခေါက်ကို သင်ခန်းစာလို့ပဲ မှတ်ယူလိုက်ကြတာပေါ့... ကျွန်တော်တို့ ကမ္ဘာသစ်နဲ့ အသားကျအောင် ဖြည်းဖြည်းချင်း ကြိုးစားကြရဦးမယ်"

"လင်းယွမ် ပြောတာ မှန်ပါတယ်... ငါတို့ ဒီကမ္ဘာသစ်အကြောင်းကို ဖြည်းဖြည်းချင်း လေ့လာကြရဦးမယ်" ရန်ဆန်းမင်ကလည်း သက်ပြင်းချရင်း ပြောလေသည်။

လူအများ၏ ပျော်ရွှင်နေသော စိတ်ခံစားချက်များမှာ လေးလံထိုင်းမှိုင်း သွားကြတော့၏။

လင်းယွမ်က ဆက်ပြောသည်။

"တောထဲမှာ ခြင်နဲ့ ပိုးမွှားတွေ မနည်းဘူး... ဒီကောင်တွေလည်း သန္ဓေပြောင်းချင် ပြောင်းသွားနိုင်တယ်... ညဘက်အိပ်ရင် သတိထားကြ... အဆင်ပြေတဲ့လူတွေက ဂူဝမှာ တံခါးတပ်ကြ... အချိန်မရတဲ့လူတွေကလည်း ဝါးနဲ့ ယင်းလိပ် လုပ်ပြီး ကာထားကြ"

ရန်ဆန်းမင်က ဝင်ပြော၏။

"ကျွန်တော် နောက်ကျရင် တောထဲ လှည့်ကြည့်ဦးမယ်... ခြင်နိုင်တဲ့ ဆေးဖက်ဝင်အပင်မျိုး တွေ့မလားလို့လေ... အရင်တုန်းက ကျွန်တော်တို့ ခြင်ဆေးခွေ သုံးခဲ့ကြတာပဲ... ခြင်ဆေးခွေရဲ့ အဓိက ကုန်ကြမ်းက ဒေါနပင်တို့ ထင်းရှူးဆီတို့လို ဆေးဖက်ဝင်အပင်တွေပဲလေ... ဖော်စပ်ရတာ ရိုးရှင်းပါတယ်"

လူတိုင်း ဝမ်းသာအားရ ဖြစ်သွားကြသည်။

"ခြင်ဆေးခွေ ဖော်စပ်နိုင်ရင် သိပ်ကောင်းမှာပဲ"

"ခြင်ဆေးခွေသာ ရှိရင် ဂူထဲမှာ နေရတာ ပိုအဆင်ပြေသွားမှာ"

"ခြင်ကို အမုန်းဆုံးပဲ"

"ကံကောင်းလို့ ဒေါက်တာရန်က တိုင်းရင်းဆေးဆရာ ဖြစ်နေတာ... အနောက်တိုင်းဆရာဝန်သာဆို ခြင်ဆေးခွေ ဖော်နည်း သိမှာမဟုတ်ဘူး"

လင်းယွမ်လည်း စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ ရန်ဆန်းမင်တွင် တကယ့်ပညာအစစ် ပါပေသည်။

အနည်းဆုံးတော့ သူကိုယ်တိုင် ခြင်ဆေးခွေ ဖော်နည်းကို မသိပေ။

ဒေါနပင်တို့၊ ဆေးဒန်းတို့က ပိုးမွှားနိုင်ကြောင်း သူသိသော်လည်း ခြင်ဆေးခွေ လုပ်ခိုင်းလျှင်တော့ သူ လုပ်တတ်မည် မဟုတ်ချေ။

ထို့ကြောင့် သူက မှာကြားလိုက်သည်။

"ဒေါက်တာရန်... ဒီကိစ္စ ခင်ဗျားကိုပဲ အပ်လိုက်မယ်ဗျာ"

"စိတ်ချပါ... မနက်ဖြန် တောထဲသွားပြီး ရှာကြည့်လိုက်မယ်"

"ကောင်းပြီ... လူစုခွဲကြတော့... ပိုးကောင်ကိုက်ခံရတဲ့ လူတွေကို ပြန်ကြည့်ပေးကြပါ... ဒဏ်ရာ ပြင်းထန်လား ဘာလားပေါ့... ဆုန့်ဝမ်၊ ဝမ်အန်း၊ ဒေါက်တာရန်... ခင်ဗျားတို့ ပင်ပန်းရတော့မယ်"

ထိုသူများက ကိစ္စမရှိကြောင်း ခေါင်းညိတ်ပြကြသည်။

ထို့နောက် လူအများ လူစုခွဲသွားကြပြီး ကိုယ်စီ အလုပ်များကုန်ကြတော့သည်။

လင်းယွမ်က မိုးသည်းထန်စွာ ရွာသွန်းနေသော တောအုပ်ကြီးကို ကြည့်ရင်း စိတ်ထဲတွင် လေးလံနေမိ၏။

"ပေါ့ဆလို့ မဖြစ်ဘူး... ရေဘေးက လွတ်မြောက်လာပေမယ့် အန္တရာယ်က တကယ်တမ်း ဝေးကွာသွားတာ မဟုတ်သေးဘူး"

"ဒီတောအုပ်ထဲက သက်ရှိတွေကလည်း ဆင့်ကဲပြောင်းလဲနေကြတာ... ငါတို့ တကယ် လုံခြုံသွားတာ မဟုတ်သေးဘူး"

လင်းယွမ် အဆောက်အအုံသို့ ပြန်ရောက်သောအခါ ရန်မေ နိုးနေပြီ ဖြစ်သည်။ သူမသည်လည်း အခြားလူများထံမှ သတင်းကြားသိထားပြီးဖြစ်ရာ အပြင်ဘက် မီးဖိုရှိ မီးပုံကို အချိန်မီ ငြှိမ်းသတ်ထားလိုက်သည်။

ထို့ပြင် သူမက တံခါးပေါက်ကို ကာရံရန် ဝါးဖြင့် တံခါးတစ်ခု ယက်လုပ်ရန် အလျင်အမြန် ပြင်ဆင်နေ၏။

လင်းယွမ် ပြန်ရောက်လာပြီး သူမ အလုပ်ရှုပ်နေသည်ကို မြင်လျှင် ပြောလိုက်သည်။

"အမမေ... ပင်ပန်းခံမနေပါနဲ့တော့... ကျွန်တော့်ဆီမှာ ဂူဝကို ပိတ်ဖို့ ပစ္စည်းရှိပါတယ်"

သူက ပစ္စည်းသိုလှောင်ခန်းထဲမှ ဗီရိုတစ်လုံးကို တိုက်ရိုက် ထုတ်ယူလိုက်ပြီး ဂူပေါက်ဝတွင် အလွယ်တကူ ပိတ်ဆို့လိုက်ရာ လူတစ်ကိုယ်စာ ဝင်ပေါက်ကို ကွယ်သွားတော့သည်။

ထို့နောက် အပြင်ဘက် ဝါးကြမ်းခင်းပေါ်တွင် နောက်ထပ် ဗီရိုတစ်လုံးကို ချလိုက်ပြန်သည်။

ဗီရိုနှစ်လုံးကို ကျောချင်းကပ်လျက် ပိတ်ဆို့ထားလိုက်ပြီးနောက် လင်းယွမ်က အပြင်မှ ရွှံ့မြေများ ယူလာပြီး ဟာကွက်များကို လိုက်လံ ဖာထေးလိုက်သည်။

ထို့နောက် အပြင်ဘက် ဗီရိုတံခါးကို ဖွင့်လိုက်ပြီး ဗီရိုနှစ်လုံး၏ ကျောဘက် အကာများကို ဖြုတ်လိုက်ရာ ဝင်ပေါက်တစ်ခု ဖြစ်သွားပြီး နှစ်ဖက်စလုံးမှ တံခါးဖွင့်၍ ရသွားတော့သည်။

ဗီရိုတံခါး ပိတ်လိုက်သည်နှင့် အလင်းရောင်အားလုံးကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွား၏။

သူက ဂူထဲတွင် မီးမွှေးမနေတော့ဘဲ အားသွင်းထားသော မီးအိမ်တစ်လုံးကို ထုတ်လိုက်သည်။

နွေးထွေးသော မီးအလင်းရောင်က ဂူတစ်ခုလုံးကို လင်းထိန်သွားစေပြီး လုံခြုံနွေးထွေးသော ခံစားမှုကို ပေးစွမ်းလေသည်။

ရန်မေ သက်ပြင်းချလိုက်မိပြီး ရိုးရှင်းသော ဗီရိုတံခါးပေါက်ကို ကြည့်ကာ မေးလိုက်သည်။

"ဒါက ဟိုပိုးကောင်တွေကို တားနိုင်ပါ့မလား"

"အလင်းရောင်မှ မရှိတာ... သူတို့ ကျွန်တော်တို့ကို လာတိုက်ခိုက်မှာ မဟုတ်ပါဘူး"

လင်းယွမ်က နှစ်သိမ့်လိုက်သည်။

"ဒါက ယာယီသဘောပါ... မနက်ဖြန်ကျရင် ကျောက်တံခါးတစ်ချပ် လုပ်ဖို့ ကျွန်တော်စဉ်းစားထားတယ်... အဲ့ဒါဆို ပိုလုံသွားလိမ့်မယ်"

"ဒါဆို ဂူထဲမှာ အရမ်းမွှန်မနေဘူးလား"

"အဲ့ကျရင် ပြတင်းပေါက် သေးသေးလေးတွေ ဖောက်ပြီး လိုက်ကာ တပ်လိုက်ရင် ရပြီလေ"

ရန်မေက လင်းယွမ်ကို ဖက်တွယ်လိုက်သည်။ သူက အရာရာ ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း သိရသဖြင့် သူမရင်ထဲတွင် လုံခြုံစိတ်ချရသော ခံစားချက်ဖြင့် ပြည့်နှက်သွားရ၏။

"မောင်လေး... နင်ရှိနေတာ တကယ် ကောင်းတာပဲ"

လင်းယွမ်က ရယ်မောလိုက်ပြီး မေးသည်။

"စားပြီးပြီလား... ထမင်းချက်ပေးရမလား"

"မစားရသေးဘူး... နင် ဘာစားချင်လဲ... အမ ချက်ကျွေးမယ်လေ"

"ကျွန်တော် အောက်မှာ သူတို့နဲ့ မာလာဟင်း စားလာတယ်"

"ဟယ်... မာလာဟင်း... အာ... ဘာလို့ အမကို မခေါ်တာလဲ... အမ မာလာဟင်း မစားရတာ ကြာပြီ"

ရန်မေက ထိုစကားကြားလျှင် သွားရည်ယိုသွားတော့သည်။

ယခင် တိုက် (၇၆) တွင် ရှိစဉ်က သူမ ဟင်းကောင်းများ ချက်ပြုတ်ဖူးသော်လည်း မာလာဟင်းကိုတော့ တကယ် မစားဖူးခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်က မာလာဟင်းအနှစ် မရှိသဖြင့် မာလာဟင်း စားရန် စိတ်ကူးပင် မယဉ်ဖူးခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

"ဘာခက်တာမှတ်လို့... မနက်ဖြန်ကျရင် နောက်တစ်ခေါက် ထပ်စားကြတာပေါ့... ဒီတစ်ခေါက်ကျရင် ကျွန်တော်တို့ဆီမှာပဲ စားကြမယ်"

ထိုအခါမှ ရန်မေ ပျော်ရွှင်သွားပြီး ညစာချက်ပြုတ်ရန် ပြင်ဆင်တော့သည်။

လင်းယွမ်က မီးရောင်အောက်သို့ ရောက်လာပြီး နေ့လယ်က ထူရှန်းအဖွဲ့မှ ပေးပို့လိုက်သော မှတ်စုစာအုပ်နှင့် ပေါက်ကွဲမြှား နှစ်စင်းကို ထုတ်ယူလိုက်သည်။

မှတ်စုစာအုပ်ကို ချက်ချင်း မဖွင့်သေးဘဲ ပေါက်ကွဲမြှားကို အရင် စစ်ဆေးကြည့်လိုက်၏။

ထိုပေါက်ကွဲမြှားကို သန္ဓေပြောင်း ဝါးဖြင့် ပြုလုပ်ထားပြီး မြှားခေါင်းမှာ အနီရောင် ကျောက်တုံးကို မြှားသွားပုံစံ သွေးထားခြင်း ဖြစ်သည်။

ထိုကျောက်တုံးမှာ နောက်မှ ပုံဖော်ထားခြင်းဖြစ်ပြီး ကျောက်တုံးအတွင်း၌ သိသာထင်ရှားသော စွမ်းအင်လှိုင်းများ ရှိနေသည်ကို လင်းယွမ် သတိထားမိလိုက်သည်။

"စွမ်းအင်ကျောက်တုံးလား"

လင်းယွမ် အံ့သြသွား၏။ ဤကဲ့သို့ အရောင်ရှိသော စွမ်းအင်ကျောက်တုံးမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သူက ပစ္စည်းသိုလှောင်ခန်းထဲမှ ယခင်က တာအိုဆရာလင်းတို့ထံမှ ရရှိထားသော စွမ်းအင်ကျောက်တုံးများကို ရှာဖွေ ထုတ်ယူလိုက်သည်။

ထိုစွမ်းအင်ကျောက်တုံးများမှာ အနီရောင်မဟုတ်ဘဲ အဖြူရောင် ဖြစ်ကြသည်။

လင်းယွမ်က ထိုနှစ်မျိုး၏ ကွာခြားချက်ကို သေချာစွာ လေ့လာကြည့်ရာ နှစ်မျိုးစလုံး၏ အတွင်း၌ စွမ်းအင်လှိုင်းများ ရှိနေကြသည်။

သို့သော် အနီရောင် မြှားသွားပုံစံ စွမ်းအင်ကျောက်တုံးထဲတွင်မူ ပြင်းထန်ပေါက်ကွဲလွယ်သော စွမ်းအင်များ ကိန်းအောင်းနေပုံ ရသည်။

"မီးတောက်တစ်ခုလိုပဲ... အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်တဲ့ ပုံစံမျိုး"

လင်းယွမ် ထိုစွမ်းအင်ကို အာရုံခံရင်း စိတ်ထဲတွင် ရိပ်မိသလို ဖြစ်လာသည်။

"စွမ်းအင်ကျောက်တုံးတွေက လူတွေရဲ့ နိုးထလာတဲ့ အစွမ်းတွေလိုပဲ အမျိုးအစားတွေ အများကြီး ကွဲပြားနေတာများလား"

ဆက်ရန်...

All Chapters