အခန်း (၂၁၁)
Vol. 20 Ch. 211
ရုံယန်ချိုးက သတိပေးစကားဆိုရာ ချန်ဆန်းရှီက "စီနီယာအမ စိတ်ချပါကျွန်တော် သူ့ကို သေချာဂရုစိုက်ပါ့မယ်" ဟု ကတိပေးလိုက်သည်။
"ဒါပေမဲ့ စီနီယာအမရော ဒီငှက်ကို မလိုဘူးလား"
"ငါက ဒီပုန်ကန်မှုနှိမ်နင်းရေးမှာ မပါဘူး။ တချို့ကိစ္စတွေ ကိုင်တွယ်ဖို့ ယန်ပြည်နယ်ကို ခဏပြန်ရမယ်။ ငါပြန်လာတဲ့အချိန်ဆိုရင် တိုက်ပွဲက ပြီးလောက်ရောပေါ့" ရုံယန်ချိုးက နောက်ပြောင်သလိုဖြင့် ဆက်ပြောသည် "မင်းကို မှာချင်တာကတော့ သတိထားပါ။ နာမည်ကျော်ဖို့တင် အာရုံမစိုက်ဘဲ မင်ပြည်နယ်မှာ အသက်ပါမသွားစေနဲ့ဦး။ ငါကတော့ ဂရုမစိုက်ပေမဲ့ နောက်ဆုံးကျန်တဲ့ တပည့်လေးတစ်ယောက်ပါ ဆုံးရှုံးသွားရမယ့် ငါတို့ဆရာ့ကိုတော့ သနားဖို့ကောင်းတယ်လေ"
"မောင်လေး... ဂရုစိုက်နော် အမလန်ကိုတော့ ငါ စောင့်ရှောက်ထားပါ့မယ်"ဆွန်လီက အိတ်လေးတစ်အိတ်ကို ထုတ်ပေးလိုက်ရင်း "ရော့... ဒါက ငါ မင်းအတွက် ကိုယ်တိုင်ချုပ်ပေးထားတဲ့ အဆောင်လက်ဖွဲ့ပဲ။ ငါ့မှာ ပေးစရာ ဒါပဲရှိတယ်"
ချန်ဆန်းရှီက ယူကြည့်လိုက်ရာ လက်ရာမှာ အရင်အတိုင်းပင် စုတ်ပြတ်သတ်နေဆဲ ဖြစ်သည်။ သူ ရယ်ချင်စိတ်ကို အနိုင်နိုင်အောင့်ထားရင်း "ကျေးဇူးတင်ပါတယ် စီနီယာအမဆွန် ဒီအဆောင်ရှိရင်တော့ ကျွန်တော် ဘေးကင်းမှာ သေချာသွားပြီ" ဟု ဆိုလိုက်သည်။
စီနီယာအမဆွန်က သူ၏ အမူအရာကို ရိပ်မိသွားပြီး "ငါ့လက်ရာက တကယ်ပဲ အဲလောက်ဆိုးလို့လား"ဟု အတည်ပေါက် မေးလေသည်။
"မဟုတ်ပါဘူး အရမ်းကောင်းပါတယ်" ချန်ဆန်းရှီသည် တဖြည်းဖြည်း ဝေးကွာသွားသော စစ်တပ်ကြီးကို လှည့်ကြည့်ရင်း ထပ်ပြီး စကားမများဝံ့တော့ပေ။ "စီနီယာအမ ၉၊ စီနီယာအမဆွန်၊ ပုချီ... ငါ သွားတော့မယ်"ဟု ပြောကာ မြင်းကို နှင်၍ ထွက်ခွာသွားတော့သည်။
ရုံယန်ချိုးက ခနဲ့တဲ့တဲ့ဖြင့် "ညီမလေးရယ်... အစ်မက နှစ်တိုင်း စစ်တိုက်နေတာတောင် ညီမလေးဆီက တစ်ခုမှ မရဖူးပါလား"ဟု ပြောရာ ဆွန်လီက "ညီမအခုမှ သင်ထားတာလေ။ နောက်တစ်ခါ အစ်မ စစ်ထွက်ရင် ညီမသေချာပေါက် လုပ်ပေးမှာပေါ့" ဟု ပြန်ဖြေသည်။
"အင်းပါ" ရုံယန်ချိုးက အေးစက်စက် ဆိုသည်။
"ဒါနဲ့ ညီမလေး... မင်းရဲ့ ချစ်လှစွာသော မောင်လေးက မထွက်ခွာခင်မှာ ပြည့်တန်ဆာအိမ်ကို ထပ်သွားသေးတယ်နော်။ ဟိုမြေခွေးမလေးကို ရွေးထုတ်ဖို့တောင် လုပ်နေတာ၊ ငွေစ ငါးသိန်းတောင်တဲ့ ငါ့မှာတောင် အဲလောက် မရှိဘူး။ မင်းကတော့ အခုထိ ဘာမှမဖြစ်သလိုပဲ။ ငယ်ငယ်
ကတည်းကအတာ သိုင်းသင်တော့လည်း ပိုအလာတယ်သတိထားဦး တော်ကြာနေ သူများ အကုန်နှိုက်သွားလိမ့်မယ်။အစ်မ သွားပြီ ညီမလေးလည်း ပြန်ပြီး အမလန်ကို သွားဂရုစိုက်လိုက်ဦး။ အတူတူ အိပ်ဖြစ်ရင်လည်း အိပ်ပေါ့" ဟု ဆိုကာ မြို့ထဲသို့ မြင်းစီးပြန်သွားတော့သည်။
"..." ဆွန်လီ ဆွံ့အသွားသည်။
ဆွန်ပုချီက အတည်ပေါက် ဖြင့်"အမ... အမက တကယ်ပဲ ဆန်းရှီကို ကျွန်တော့်ရဲ့ ယောက်ဖ တော်စေချင်တာလား"
ဆွန်လီ အတော်ကြာအောင် စဉ်းစားနေပြီးမှ "ငါ... ငါ မသိဘူး" ဟု ဖြေရှာသည်။
အစပိုင်းတွင် အစခံရသဖြင့် ရှက်ရွံ့နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူမ ဤမေးခွန်းကို အလေးအနက် စဉ်းစားလာမိသည်။ ချန်ဆန်းရှီမှာ သူမ၏ ချစ်သူဟုတ် မဟုတ် မသေချာသော်လည်း မိန်းကလေးတစ်ယောက်အနေဖြင့် တစ်နေ့တွင် အိမ်ထောင်ပြုရမည်ကို သူမ သိသည်။ အရင်က သူမကို လာကမ်းလှမ်းသူများကို ငြင်းပယ်ခဲ့သော်လည်း ချန်ဆန်းရှီနှင့်ဆိုလျှင်တော့ သူမ စိတ်မပျက်မိဘဲ တစ်မျိုးတစ်ဖုံ... စိတ်အေးချမ်းမှု ရနေသလိုပင်။ ဤခံစားချက်မှာ ပိုယန်တိုက်ပွဲကတည်းက စတင်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"အမက တကယ်ရိုးတာပဲ"ဆွန်ပုချီက ချန်ဆန်းရှီနှင့် ခင်သော်လည်း ဤကိစ္စတွင်တော့ သဘောမတူလိုပေ။
"သူက အကုန်ကောင်းပေမဲ့ ပြည့်တန်ဆာအိမ် သွားတာကတော့ ဆိုးတယ်။ သူ ရေးတဲ့ ကဗျာတွေက မြို့တော်မှာတောင် နာမည်ကြီးနေပြီ။ သူ 'နှင်းဆီနီတစ်ခက်၊ နှင်းရေစက်တွေနဲ့ မွှေးပျံ့နေတယ်' ဆိုတာတွေ ရေးနေတာ ငါ မြင်တယ်၊ အပြင်မှာဆို သူ ဘယ်လိုတွေ နေမလဲမသိဘူး၊ အစ်ကိုနှစ်တို့လို မယားအများကြီးနဲ့ ဖြစ်သွားလိမ့်မယ်"
ဆွန်လီက ရှေ့ပိုင်းစကားတွေကို လျစ်လျူရှုပြီး နောက်ဆုံးအချက်ကိုပဲ ဖမ်းဆုပ်လိုက်သည်။
"မင်း တိုးတက်လာပြီပဲ"
"ဟင်"
"ဘယ်သူက မင်းကို ပြည့်တန်ဆာအိမ် သွားခိုင်းလို့လဲ"
"ကျွန်တော်... ဟေ့ ဘာလို့ ရိုက်တာလဲ ချန်ဆန်းရှီကိုကျ မရိုက်ဘဲနဲ့"
"သူက အရေးကြီးကိစ္စတွေ ကိုင်တွယ်နေတာ မင်းကရောသိုင်းလည်း မကျင့်၊ စာလည်း မဖတ်ဘဲ အရိုးဖွဲ့စည်းခြင်းအဆင့်မှာတင် တစ်နေတာ၊ ဆွန်ဆိုတဲ့ မျိုးရိုးကို ဆက်ခံဖို့ကော အခွင့်အရေးရှိသေးရဲ့လား"
"မရိုက်ပါနဲ့တော့ ကျွန်တော် မှားပါပြီ။ သူ ယောက်ဖဖြစ်တာကို ကျွန်တော် မတားတော့ဘူး ဟုတ်ပြီလား"
မောင်နှမနှစ်ယောက် စနောက်နေကြစဉ် တပ်မတော်ကြီးမှာ မြေမှုန်များကြားတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ဝမ်လီ... ဒီမုန့်ပြားက မဆိုးဘူးပဲ၊ မုဆိုးမလေး လီ ပေးလိုက်တာလား"
"ငါ့ကိုလည်း ပေးမြည်းကြည့်ပါဦး"
"ညီလေးရာ... မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ မုဆိုးမနဲ့ ငြိနေတာလဲအပျိုစင်လေးတစ်ယောက် ရှာတာ ပိုမကောင်းဘူးလား"
ဝမ်လီက ပြန်ချေပသည် "မုဆိုးမက ဘာဖြစ်လို့လဲပြည့်တန်ဆာအိမ်က မိန်းမတွေကို စွဲနေတဲ့သူတွေထက်တော့ အများကြီး ပိုကောင်းတာပေါ့"
"ဟေ့... အဲဒီစကားမျိုး မပြောနဲ့"ရှုံချူအန်းက သူ၏ပါးစပ်ကို အမြန်
ပိတ်လိုက်သည်။
"မင်း လျှာ အဖြတ်ခံချင်လို့လား"
ထိုအခါမှ ဝမ်လီသည် မကြာသေးမီက လျန်ကျိုးမြို့တွင် နာမည်ကြီးနေသော သတင်းကို သတိရသွားသည်။
"နီရောင်လက်မျှော်စင်၊ နင်ရှန်၊ ရွေးထုတ်တာ..."
"မင်းတို့ ဘာတွေ ပြောနေကြတာလဲ"
ချန်ဆန်းရှီက မြင်းစီးလျက် ရောက်လာသည်။
"ဘာမှမဟုတ်ပါဘူး အရှင်"ရှုံချူအန်းက ပြုံး၍ ဆိုသည်။ "ညီအစ်ကိုတွေ စနောက်နေကြတာပါ"
"မုန့်ပြားက စားလို့ကောင်းသားပဲ" ချန်ဆန်းရှီက ဝမ်လီဆီက မုန့်ပြားတစ်ပြားကို ယူစားလိုက်ပြီး ငွေစ ၅၀၀ တန် ငွေစက္ကူတစ်ရွက်ကို ကမ်းပေးလိုက်သည်။ "အိမ်လေးတစ်လုံး ဝယ်ထားလိုက်၊ မင်း မင်္ဂလာဆောင်ရင် ငါ လာခဲ့မယ်"
"ကျေးဇူးတင်ပါတယ် အရှင်" ဝမ်လီသည် တုန်ရင်နေသော လက်များဖြင့် ငွေစက္ကူကို လှမ်းယူလိုက်သည်။
"ကဲ... ရွှီဝမ်ချိုင်၊ ကျောက်ကန်တို့ကို ခေါ်လိုက်။ မြေပုံယူပြီး ရှေ့က ကွင်းပြင်မှာ ငါနဲ့ လာတွေ့ကြ" ချန်ဆန်းရှီ အမိန့်ပေးလိုက်သည်။
မကြာမီ မြေပုံကို သူတို့ရှေ့တွင် ဖြန့်လိုက်ကြသည်။ မင်ပြည်နယ်သည် ထူးဆန်းသော နေရာတစ်ခု ဖြစ်သည်။ ၎င်းသည် မဟာရှန်မင်းဆက်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော်လည်း အရှေ့ဘက်အစွန်းဆုံးတွင် လော့ထျန်းတောင်တန်းနှင့် လူသူမရှိသော တောရိုင်းမြေများက ခြားထားသည်။ တစ်ခုတည်းသော ဝင်ပေါက်မှာ လျန်ကျိုးနှင့် ယန်ပြည်နယ်တို့ ဖြစ်သည်။ ယန်ပြည်နယ်တွင် စစ်သည်အင်အား နည်းပါးသဖြင့် ပုန်ကန်မှုကို နှိမ်နင်းရန် တာဝန်မှာ လျန်ကျိုးတပ်မတော်အပေါ် ကျရောက်လာခြင်း ဖြစ်သည်။
လက်ရှိအခြေအနေမှာ..
ပုန်ကန်သူတပ်ဖွဲ့သည် မင်ပြည်နယ်၏ တောင်ဘက်၊ အရှေ့တောင်ဘက်နှင့် အလယ်ပိုင်းဒေသများတွင် အခြေစိုက်ထားပြီး အရှေ့တောင်ဘက်မှာ အဓိက ဖြစ်သည်။ သူတို့၏ တပ်မှာ အလယ်ပိုင်းဒေသသို့ တိုက်ရိုက်ဝင်
ရောက်မည်ဖြစ်ပြီး မင်ကျိုးတပ်မတော်နှင့် ပူးပေါင်းကာ ရွှေစမ်းရေမြို့ပြင်ပတွင်ရှိသော ပုန်ကန်သူများကို အနောက်ဘက်နှင့် မြောက်ဘက်တို့မှ ညှပ်တိုက်မည် ဖြစ်သည်။ ဤဖြစ်စဉ်အတွင်း ယန်ချွမ်းခရိုင်ကို ရိက္ခာအခြေစိုက်စခန်းအဖြစ် အသုံးပြုမည် ဖြစ်သည်။