အခန်း (၁၉၆-၁၉၈)
Vol. 14 Ch. 196-198
အခန်း (၁၉၆) - နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်၏ စတုတ္ထမြောက် လုပ်ဆောင်ချက်၊ မြေအောက် ရှေးဟောင်းမြို့တော် အစည်းအဝေး
~"ဂိုဏ်းချုပ်... ဒါ ဘာ ဝိညာဉ်လက်နက်လဲ"
ကျားယွိလန် ရှေ့တိုးလာပြီး၊ ခြေဝက် အကျယ်၊ (၂) မီတာ အရှည်ရှိသော သတ္တုသစ်ရွက်ပြားကြီးကို စိတ်ဝင်တစား ကြည့်လိုက်၏။
သေချာကြည့်လိုက်မှ သတ္တုသစ်ရွက်ပြားကြီးကို သစ်ရွက်ပြား အသေးလေးများစွာဖြင့် စပ်ဆက်ထားပြီး၊ ပြီးပြည့်စုံသော ဝိညာဉ်လက်နက် အစုံလိုက်အဖြစ် အသုံးပြုနိုင်အောင် ပါးနပ်စွာ ဖန်တီးထားသည်ကို တွေ့လိုက်ရ၏။
ဝက်ဝံနက် နတ်ဆိုး သေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်ပြီး ကျားယွိလန် မမေးမြန်းခဲ့ပေ။
ထို တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲသည် ယွမ်ရှောင် ရှေးဟောင်းမြို့တော်ထဲ ဝင်ရောက်ပြီးနောက်၊ ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့သဖြင့် တကယ်ပင် သေထိုက်သည်။ အစပိုင်းတွင် ယဲ့ဖုန်းက ဝက်ဝံနက် နတ်ဆိုးကို လွှတ်ပေးလိုက်သည်ကို မြင်သောအခါ၊ ကျားယွိလန် လက်ခံရခက်နေခဲ့၏။
နောက်တစ်ခဏတွင် ယဲ့ဖုန်းက သတ္တုသစ်ရွက်ပြားကြီးထဲမှ သစ်ရွက်ပုံသဏ္ဍာန် ဓားပျံလေး တစ်ချောင်းကို ဖြုတ်ယူလိုက်ပြီး အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်ကာ ဝက်ဝံနက် နတ်ဆိုးကို အလွယ်တကူ ထိုးဖောက်သတ်ဖြတ်လိုက်မှသာ၊ ကျားယွိလန် စိတ်သက်သာရာ ရသွားခဲ့သည်။
"ဒါက ငါ့ရဲ့ သီးသန့် ဝိညာဉ်လက်နက်ပဲ... မာကျောတာနဲ့ ထက်ရှတာကလွဲရင် တခြား ထူးခြားချက် မရှိပါဘူး"
ယဲ့ဖုန်း ပြောလိုက်၏။
သတ္တုသစ်ရွက်ပြားကြီးပေါ်တွင် အထူး ဝင်္ကပါများ ရေးထွင်းထားပြီး၊ ဝိညာဉ်စွမ်းအင်ဖြင့် ထိန်းချုပ်၍ မရပေ။
ဒါပေမဲ့ တော်တော် မာကျောတယ်...
တခြား ကျင့်ကြံသူတွေအတွက် သတ္တုသစ်ရွက်ပြားကြီးက တန်ဖိုးမရှိပေမယ့်၊ ယဲ့ဖုန်းအတွက်တော့ ပြီးပြည့်စုံသော ဝိညာဉ်လက်နက်ပဲ ဖြစ်သည်။
"သီးသန့် ဝိညာဉ်လက်နက် ဟုတ်လား"
ကျားယွိလန် တီးတိုး ရေရွတ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။
"ဂိုဏ်းချုပ်... ဝက်ဝံနက် နတ်ဆိုး ပြောသွားတာ ဘယ်လောက်အထိ အမှန်ဖြစ်နိုင်လဲဟင်"
"ရွှေယန်မြို့ ဘယ်မှာရှိလဲ အရင်ကြည့်ရအောင်"
ဟု ယဲ့ဖုန်းက ပြောလေသည်။
ဘေးနားတွင် ရပ်နေသော ကျိဇီလင်းသည် မြေပုံကို ထုတ်ယူလိုက်ပြီး တည်နေရာ တစ်ခုကို လက်ညှိုးထိုးပြကာ ၊
"ယွမ်ရှောင် ရှေးဟောင်းမြို့တော်ရဲ့ အနောက်မြောက်ဘက် မိုင်တစ်ထောင် အကွာမှာ... တကယ်ပဲ ရွှေယန်မြို့ ဆိုတဲ့ ကြယ်တစ်ပွင့်အဆင့် မြို့တော် ရှိပါတယ်... သူ့ရဲ့ စုစုပေါင်း အင်အားက ရေပေါ်ဖြူမြို့တော်ထက် အများကြီး သာလွန်ပြီး... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ (၁၅) ယောက်လောက် ရှိတယ် တဲ့... မြို့စားမင်းက ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် ရောက်နေပြီ တဲ့"
"အဲ့လောက် ဝေးလား"
ယဲ့ဖုန်း ပြန်မေးရင်း၊ ကောင်းကင်မေးမြန်း ကြေးမုံကို ထုတ်ယူလိုက်၏။
တပည့် (၃) ယောက် ချက်ချင်း ဝိုင်းအုံလာကြသည်။
"ဒါက မိုင်တစ်ထောင် ပတ်လည်ကို စောင့်ကြည့်နိုင်တဲ့ ကြေးမုံပဲ... 'ကောင်းကင်မေးမြန်း ကြေးမုံ' လို့ ခေါ်တယ်"
ယဲ့ဖုန်း အတိုချုံး ရှင်းပြလိုက်ပြီး၊ စိတ်ကူးလိုက်သည်နှင့် ကြေးမုံပြင်ပေါ်တွင် မြေပုံပြား တစ်ချပ် ပေါ်လာ၏။ ယဲ့ဖုန်းသည် အနောက်မြောက်ဘက် အရပ်ကို တို့ထိလိုက်ပြီး ပုံရိပ်ကို ချဲ့လိုက်သည်။
ကြေးမုံပြင်သည် ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွား၏။
နောက်တစ်ခဏတွင် ကြီးမားသော ရှေးဟောင်းမြို့တော် တစ်ခု၏ တံခါးပေါက်များ ကြေးမုံပြင်ပေါ်တွင် ပေါ်လာသည်။
သို့သော် အကွာအဝေး ဝေးကွာလွန်းသဖြင့်၊ ရှေးဟောင်းမြို့တော်၏ အရှေ့ဘက် တံခါးပေါက်နှင့် အတွင်းဘက် အစိတ်အပိုင်း အနည်းငယ်ကိုသာ မြင်ရပြီး၊ မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ဝါးတားတား ဖြစ်နေ၏။
ရုတ်တရက် ပုံရိပ်ထဲတွင် လူရိပ် ဒါဇင်ပေါင်းများစွာ ပေါ်လာသည်။
နတ်ဆိုးသားရဲတွေ...
ထိုနတ်ဆိုးသားရဲများသည် အဖွဲ့လိုက် ဖွဲ့စည်းထားပြီး၊ အရှေ့ဘက် တံခါးပေါက်မှ ထွက်ခွာလာကာ အရှေ့မြောက်ဘက်သို့ အရူးအမူး ပြေးလွှားသွားကြ၏။ သူတို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး၊ ဘာလုပ်ကြမလဲ ဆိုတာကိုတော့ ခန့်မှန်းရ ခက်ခဲလှပေသည်။
"ရွှေယန်မြို့ကို တကယ်ပဲ နတ်ဆိုးသားရဲတွေ သိမ်းပိုက်လိုက်ကြပြီ"
ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်မိ၏။
"ဂိုဏ်းချုပ်... ဘာလို့ ပုံရိပ်က ဝါးနေတာလဲ... ပြီးတော့ ဆူညံသံတွေပဲ ကြားနေရတာလဲ"
အိုးယန်ယွီ နားမလည်စွာ မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ကောင်းကင်မေးမြန်း ကြေးမုံက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ပဲ ရှိသေးလို့လေ... စောင့်ကြည့်နိုင်စွမ်းက အကန့်အသတ် ရှိတယ်... ပြီးတော့ ရွှေယန်မြို့မှာ အမြင်အာရုံကို တားဆီးနိုင်တဲ့ ဝင်္ကပါ ရှိနေမှာ သေချာတယ်"
ယဲ့ဖုန်း ရှင်းပြလိုက်၏။
သူ အနောက်မြောက်ဘက်ကို ဆက်မရွှေ့တော့ပေ။
ဆက်ရွှေ့လိုက်ရလျှင် ရွှေယန်မြို့ တစ်ခုလုံးကို မြင်ရမှာ မှန်ပေမယ့်၊ ဝင်္ကပါ တားဆီးမှုကြောင့် မြူခိုးတွေပဲ မြင်ရမှာမို့ အလကားပါပင်။
"အခု ဘာဆက်လုပ်ကြမလဲ"
ကျားယွိလန် အလွန် စိုးရိမ်နေ၏။
ဝက်ဝံနက် နတ်ဆိုး ပြောတာသာ မှန်ပါက ၊ ဝိညာဉ်ပင်လယ် အဆင့် နတ်ဆိုးဘုရင် ဆိုတာ အလွန် ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုကြီး ဖြစ်ပြီး၊ ကြယ်နှစ်ပွင့်အဆင့် အင်အားစုက ပုဂ္ဂိုလ်ကြီးတွေမှသာ နှိမ်နင်းနိုင်မှာ ဖြစ်သည်။
"တစ်ဆင့်ချင်း သွားကြတာပေါ့"
ယဲ့ဖုန်း ပြောလိုက်၏။
မိုင်တစ်ထောင် ပတ်လည် အတွင်းမှာ ရေပေါ်ဖြူမြို့တော်၊ စန်းယွမ်မြို့၊ ချင်းယွင်ဂိုဏ်း၊ လျိုယွင်ဂိုဏ်း၊ လက်နက်တစ်ရာဂိုဏ်း၊ ဝိညာဉ်သားရဲဂိုဏ်း စသည့် ကြယ်တစ်ပွင့်အဆင့် အင်အားစုတွေ အများကြီး ရှိနေတာ... ရွှေယန်မြို့က နတ်ဆိုးမျိုးနွယ်တွေ အနေနှင့် အကုန်လုံးကို သုတ်သင်ပစ်ဖို့ ဆိုတာ ခက်ခဲပါလိမ့်မည်။
"သွားကြစို့... မြူခိုးဂိုဏ်းကို အရင် ပြန်ကြမယ်"
ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်း ကြေးမုံကို သိမ်းလိုက်ပြီး၊ သတ္တုသစ်ရွက်ပြားကြီးပေါ်သို့ တက်ကာ၊ တပည့်များကို ခေါ်ဆောင်လျက် မိုင်ရာချီဝေးသော မြူခိုးတောင်ထိပ်သို့ ပျံသန်းသွားလေတော့သည်။
ညဉ့်ဦးယံ အချိန်။
ယဲ့ဖုန်းသည် ဂိုဏ်းချုပ် ခန်းမဆောင်၏ ခေါင်မိုးပေါ်တွင် ထိုင်နေ၏။
"စီနီယာအစ်မ မိုယင်... ဒီကို လာပါဦး"
"ဂိုဏ်းချုပ်... ဘာခိုင်းစရာ ရှိလို့ပါလဲ"
"ဒီ အလယ်အလတ်အဆင့် ဝိညာဉ်ဓားက မင်းအတွက်ပဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို တက်ရောက်နိုင်တဲ့ အတွက် ဆုလာဘ်လို့ သဘောထားလိုက်ပါ"
စီနီယာအစ်မ မိုယင်သည် ရှေ့တွင် ပျံဝဲနေသော (၃) ပေရှည်သည့် အစိမ်းရောင် ဓားရှည်ကို ကြည့်ပြီး ရင်ခုန်သွားမိ၏။ အဆင် ပုံစံက ကျက်သရေရှိပြီး လှပလွန်းသဖြင့် မြင်မြင်ချင်း ကြိုက်နှစ်သက်သွားမိသည်။ သို့သော် နောက်တစ်ခဏတွင် သူမ ခေါင်းခါလိုက်၏။
"ဂိုဏ်းချုပ်... ကျွန်မ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို မရောက်သေးပါဘူး"
"မင်းမှာ ထိပ်တန်းအဆင့် ပါရမီ ရှိတာပဲ... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်ဖို့က အချိန်မရွေး ဖြစ်လာနိုင်ပါတယ်"
ယဲ့ဖုန်းသည် အလိုအလျောက် စီနီယာအစ်မ မိုယင်၏ နူးညံ့သော ပခုံးလေးကို ပုတ်လိုက်မိသော်လည်း၊ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး လျှပ်စီးလက်သလို လက်ကို ပြန်ရုပ်လိုက်၏။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ကျွန်မ သွားနားလိုက်ပါဦးမယ်"
မိုယင် ဝိညာဉ်ဓားကို ယူလိုက်၏။
မိုယင် ထွက်သွားပြီးနောက်၊ ယဲ့ဖုန်းသည် အသစ် သွန်းလုပ်ထားသော တပည့် တံဆိပ်ပြားများကို ထုတ်ယူလိုက်၏။ ခဏ စဉ်းစားပြီးနောက်၊ ကျိဇီလင်း တာဝန်ပြီးမြောက်ပြီး အပြင်စည်း တပည့် ဖြစ်လာမှသာ၊ တစ်ပြိုင်နက်တည်း ဝေပေးတော့မည်ဟု ဆုံးဖြတ်လိုက်၏။
ထို့နောက် စနစ် မျက်နှာပြင် ကို ဖွင့်ကြည့်လိုက်သည်။
[ နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်: စတုတ္ထအဆင့် ]
[ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ: ၁၁/၂၅ ]
[ အဆင့်မြှင့်တင်ရန် လိုအပ်ချက်: ဂုဏ်သတင်းတန်ဖိုး (၁) သန်း ပြည့်ပါက ပဉ္စမအဆင့်သို့ မြှင့်တင်နိုင်ပြီး၊ လုပ်ဆောင်ချက် အသစ်များ ထပ်တိုးပါမည်။ ]
[ လုပ်ဆောင်ချက် (၁): စွမ်းအား စုဆောင်းခြင်း : ပြုစုပျိုးထောင်ရေးဆောင်ရှိ ဝိညာဉ်သားရဲများသည် ဂိုဏ်းချုပ်အား အပိုဆောင်း ကျင့်ကြံမှု စွမ်းအားများ ပေးစွမ်းနိုင်သည်။ ]
[ လုပ်ဆောင်ချက် (၂): စောင့်ကြည့်ရေး၊ (ပထမအကြိမ် အဆင့်မြှင့်တင်ပြီး); နတ်ဆိုးသားရဲ အမျိုးမျိုး၏ အမည်၊ မျိုးစိတ်၊ အသုံးဝင်ပုံ၊ ပါရမီ၊ အားနည်းချက် စသည်တို့ကို သိရှိနိုင်သည်။ ]
[ လုပ်ဆောင်ချက် (၃): သွေးမျိုးဆက် သန့်စင်ဆေးလုံး : ဤဆေးလုံးသည် ဝိညာဉ်သားရဲများ၏ သွေးမျိုးဆက်ကို အကန့်အသတ်မရှိ သန့်စင်ပေးနိုင်ပြီး၊ အလားအလာကို အမြင့်ဆုံးထိ မြှင့်တင်ပေးနိုင်သည်။ "ပုံရိပ်ယောင် ဆေးဖော်မီးဖို" ပါဝင်ပြီး၊ လိုအပ်သော ကုန်ကြမ်းများ စုဆောင်းမိပါက ကိုယ်တိုင် ဆေးဖော်နိုင်ကာ၊ တစ်နေ့လျှင် (၂) ကြိမ် ဖန်တီးနိုင်သည်။ ]
[ လုပ်ဆောင်ချက် (၄): ဝိညာဉ်သွေး လွှဲပြောင်းခြင်း : သေဆုံးသွားသော နတ်ဆိုးသားရဲများ၏ သွေးမျိုးဆက်ကို ရိတ်သိမ်းပြီး "ဝိညာဉ်သွေး" အဖြစ် သန့်စင်ကာ၊ ဂိုဏ်းစောင့် ဝိညာဉ်သားရဲများထံ လွှဲပြောင်းပေးနိုင်သည်။ ]
စတုတ္ထအဆင့် ရောက်သွားပြီးနောက်၊ ဂိုဏ်းစောင့် ဝိညာဉ်သားရဲ အရေအတွက် ကန့်သတ်ချက် တိုးလာ၏။
ပုံရိပ်ယောင် ဆေးဖော်မီးဖို အသုံးပြုခွင့်ကလည်း တစ်နေ့ (၂) ကြိမ် ဖြစ်လာသည်။
စောင့်ကြည့်ရေး လုပ်ဆောင်ချက် မှာလည်း "အဆင့်မြှင့်တင်ပြီး" ဆိုသော စာသားလေး ပါလာ၏။
သို့သော်၊ အရေးကြီးဆုံးကတော့ "ဝိညာဉ်သွေး လွှဲပြောင်းခြင်း" ဆိုသည့် လုပ်ဆောင်ချက် အသစ်ပင် ဖြစ်သည်။
"စနစ်... ငါ နတ်ဆိုးသားရဲ တချို့ရဲ့ သွေးမျိုးဆက်ကို ဝိညာဉ်သွေး အဖြစ် သန့်စင်ပြီးရင်... ရှောင်ပိုင်တို့လို ဂိုဏ်းစောင့် ဝိညာဉ်သားရဲတွေဆီ တိုက်ရိုက် လွှဲပြောင်းပေးပြီး ပိုသန်မာလာအောင် လုပ်ပေးလို့ ရတယ် မဟုတ်လား"
ယဲ့ဖုန်း စိတ်ထဲမှ မေးလိုက်၏။
"ဟုတ်ပါတယ်"
စနစ် ဖြေလိုက်၏။
"ကောင်းတယ်..."
ယဲ့ဖုန်း စိတ်သက်သာရာ ရသွားသည်။
ထို့နောက် အသစ်ပွင့်လာသော လက်နက်သွန်းလုပ်ရေးဆောင် ၏ အချက်အလက် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
[ လက်နက်သွန်းလုပ်ရေးဆောင်: ပထမအဆင့် ]
[ အခြေခံ အဆောက်အဦ: သံရည်ကျို မီးဖို (အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်) ]
[ အဆင့်မြှင့်တင်ရန် လိုအပ်ချက်: သံရည်ကျို မီးဖိုကို ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် အဖြစ် အဆင့်မြှင့်တင်ပါက၊ လက်နက်သွန်းလုပ်ရေးဆောင်ကို ဒုတိယအဆင့်သို့ မြှင့်တင်နိုင်ပြီး၊ "လက်နက်သွန်းလုပ်ခြင်း ကျင့်စဉ် - အထက်ပိုင်း"ကို ရရှိပါမည်။ ]
ဖတ်ပြီးနောက် ယဲ့ဖုန်းသည် လက်နက်သွန်းလုပ်ရေးဆောင်က နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင် ထက် ပိုရိုးရှင်းကြောင်း ခံစားလိုက်ရ၏။
သို့သော် လက်နက်သွန်းလုပ်ရေးဆောင် ဒုတိယအဆင့် ရောက်သွားလျှင်၊ အရေးကြီးသည့် "လက်နက်သွန်းလုပ်ခြင်း သိုင်းကျမ်း" ကို ရရှိမှာ ဖြစ်ပြီး၊ လေ့လာပြီးသွားလျှင် သံရည်ကျို မီးဖို မလိုဘဲ ကိုယ်တိုင် ဝိညာဉ်လက်နက်တွေ ဖန်တီးနိုင်တော့မှာ ဖြစ်သည်။
"အရင်ဆုံး နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်ရဲ့ စတုတ္ထမြောက် လုပ်ဆောင်ချက်ကို စမ်းကြည့်ရမယ်"
ယဲ့ဖုန်း အချက်အလက် မျက်နှာပြင်ကို ပိတ်လိုက်ပြီး၊ ချင်းဟွန်းကျန်းရန်၏ အလောင်းနှင့် ထက်ပိုင်းပြတ်နေသော မြစိမ်းရောင် အမြုတေအား ထုတ်ယူလိုက်၏။
ဤအရာသည် လက်မအရွယ်အစားသာ ရှိပြီး၊ အထူး ပုံစံများ ဖုံးလွှမ်းနေကာ၊ စောင့်ကြည့်ရေး စနစ်၏ အောက်တွင် မည်သည့် လျှို့ဝှက်ချက်မျှ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
[ နတ်ဆိုးသားရဲ အမြုတေ: အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အဆင့်၊ သစ်သားဓာတ် စွမ်းအင်များ ကြွယ်ဝစွာ ပါဝင်သည်။ ဆေးဖော်ခြင်း နှင့် ဝင်္ကပါ အမြုတေ အဖြစ် အသုံးပြုနိုင်သည်။ ]
"လောလောဆယ် အသုံးမဝင်သေးဘူး"
ယဲ့ဖုန်း အမြုတေကို သိမ်းလိုက်၏။
သူသည် ချင်းဟွန်းကျန်းရန်၏ အလောင်းကို ကြည့်လိုက်ပြီး၊ ညွှန်ကြားချက်အတိုင်း လက်နှစ်ဖက်ကို အလောင်း၏ ခေါင်းနှင့် ကျောပေါ်တွင် တင်လိုက်ကာ၊ "ဝိညာဉ်သွေး လွှဲပြောင်းခြင်း" လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်၏။
“ရှူး…”
လေတိုးသံ တစ်ခု ထွက်ပေါ်လာ၏။
ယဲ့ဖုန်းသည် ချင်းဟွန်းကျန်းရန်၏ အလောင်းထဲမှ ဖျော့တော့သော အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့သည် လေထဲတွင် တဖြည်းဖြည်း စုစည်းသွားပြီး ကြက်ဥအရွယ်အစား ရှိသော ဝိညာဉ်သွေး အစုအဝေး တစ်ခု ဖြစ်လာသည်။
"ဒီ ဝိညာဉ်သွေးကို ဘယ်သူ့ကို ပေးရမလဲ"
ယဲ့ဖုန်း မြူခိုးတောင်ထိပ်ကို ဝေ့ဝဲကြည့်လိုက်ပြီး၊ နောက်ဆုံးတွင် နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး ဆီသို့ အကြည့် ရောက်ရှိသွား၏။
"ချင်းဟွန်းကျန်းရန် က နှစ်တစ်ထောင် သစ်ပင်နတ်ဆိုးလေ... သူ့ရဲ့ ဝိညာဉ်သွေးက အမျိုးတူ ဖြစ်တဲ့ နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး နဲ့ အသင့်တော်ဆုံး ဖြစ်မှာပေါ့"
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ဝိညာဉ်သွေးကို ထင်းရှူးပင်အိုကြီး၏ ပင်စည်ပေါ်သို့ ဖိကပ်လိုက်၏။
“ဝီ…”
သစ်ပင်ကြီး တစ်ပင်လုံး ရုတ်တရက် တုန်ခါသွားပြီး၊ ဝိညာဉ်သွေးသည် ထင်းရှူးပင်အိုကြီး၏ ပြွန်ချောင်းများထဲသို့ ချက်ချင်း စိမ့်ဝင်သွားကာ၊ တစ်သားတည်း ဖြစ်သွားလေတော့သည်။
ထင်းရှူးပင်အိုကြီးသည် လျင်မြန်စွာ ကြီးထွားလာပြီး၊ အကိုင်းအခက်များနှင့် အရွက်များ ပိုမို စိမ်းလန်းစိုပြေလာကာ၊ အလွန် ကြံ့ခိုင်သော အသက်စွမ်းအားများကို ထုတ်လွှတ်နေသဖြင့်၊ ရှေးဟောင်း ဧရာမ သစ်ပင်ကြီး တစ်ပင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရ၏။
"အံ့ဖွယ် စွမ်းအားပါလား..."
ထင်းရှူးပင်အိုကြီး ရုတ်တရက် လူစကား ပြောလိုက်၏။
ပင်စည်ပေါ်မှ လူမျက်နှာ တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး၊ အရေးအကြောင်းများ ပြည့်နှက်နေကာ အလွန် အိုမင်းရင့်ရော်နေပုံ ပေါက်သော်လည်း၊ အလွန် ကြင်နာတတ်မည့်ပုံ ပေါက်နေသည်။
ထင်းရှူးပင်အိုကြီးသည် ယဲ့ဖုန်းကို မျက်တောင်ခတ်ပြပြီး ကျေးဇူးတင်စကား ဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ကျွန်တော့်ကို ဝိညာဉ်သွေး ပေးသနားပြီး အသွင်ပြောင်းလဲဖို့ ကူညီပေးတဲ့အတွက်... မကြာခင် ကျွန်တော် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အဆင့်ကို ရောက်တော့မှာပါ"
ဒါကို ကြားတော့ ယဲ့ဖုန်း အလွန် ကျေနပ်သွား၏။
ထင်းရှူးပင်အိုကြီး အဆင့်မတက်သေးပေမယ့်၊ ကျင့်ကြံမှုအဆင့်က သိသိသာသာ တိုးတက်လာခဲ့တော့သည်။ ယဲ့ဖုန်း ကိုယ်တိုင်လည်း မိမိခွန်အား တိုးလာသည်ကို ခံစားနေရသည်။
‘တကယ်လို့ ချင်းဟွန်းကျန်းရန် နဲ့ ထပ်တွေ့ရင်၊ ဓားဆွဲထုတ်ခြင်း နည်းစနစ် နဲ့ လေဓာတ် ဝိညာဉ်စွမ်းအင် မသုံးဘဲနဲ့တောင်၊ လိုက်လံ တိုက်ခိုက်နိုင်လောက်ပြီ။’
ယဲ့ဖုန်း ယုံကြည်လိုက်၏။
သူ့ရဲ့ လက်ရှိ အင်အားက ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အထွတ်အထိပ် နဲ့ ညီမျှလောက်ပြီ။
ယဲ့ဖုန်း တွေးလိုက်မိ၏။
"ပြီးတော့ သူရဲကောင်း ဝိညာဉ်စွမ်းအား တစ်ခုတည်းနဲ့တင် ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့် လောက် ရှိနေပြီ... ဓားဆွဲထုတ်ခြင်း နည်းစနစ် သာ သုံးလိုက်ရင်၊ သတ္တမအဆင့် ကျင့်ကြံသူကိုတောင် ဓားတစ်ချက်တည်းနဲ့ သတ်နိုင်မလား မသိဘူး"
ဒီလို တွေးမိတော့ ယဲ့ဖုန်း ထင်းရှူးပင်အိုကြီး ဘက်သို့ လှည့်ပြီး မေးလိုက်၏။
"ခင်ဗျား သစ်သားဓာတ် ဝိညာဉ်သွေး ရသွားပြီဆိုတော့... စွမ်းရည်အသစ်တွေ... အဲ... ပါရမီ အသစ်တွေ ရလာသေးလား"
"ရပါတယ်"
ထင်းရှူးပင်အိုကြီး မျက်တောင်ခတ်လိုက်၏။
"ဝုန်း..ဝရော"
ထင်းရှူးသီး တစ်လုံး မြေကြီးပေါ်သို့ ပြုတ်ကျလာပြီး၊ အစိမ်းရောင် ချပ်ဝတ် ဝတ်ဆင်ထားသော၊ ဒိုင်းကာနှင့် ဓားမြှောင် ကိုင်ဆောင်ထားသည့် (၂) မီတာ မြင့်သော စစ်သည်တော် တစ်ယောက် အဖြစ် ပြောင်းလဲသွား၏။
"ဒါက ကျွန်တော့် ပါရမီ 'ချပ်ဝတ် အစောင့်အရှောက်' ပါ... ကိုယ့်စွမ်းအင်ကို အသုံးပြုပြီး ဆင့်ခေါ်နိုင်ပါတယ်... တစ်ယောက်ချင်းစီက ချီစုစည်းခြင်း အထွတ်အထိပ် အင်အား ရှိပါတယ်... တစ်ပြိုင်နက်တည်း (၉) ယောက်အထိ ရှိနေနိုင်ပါတယ်"
ထင်းရှူးပင်အိုကြီး ရှင်းပြ၏။
"မဆိုးဘူးပဲ"
ယဲ့ဖုန်း ချီးကျူးလိုက်သည်။။
ချီစုစည်းခြင်း အထွတ်အထိပ် အဆင့်ရှိသော အစောင့်အရှောက် (၉) ယောက် ဆိုတာ မနည်းလှပေ။
ပုံမှန်အချိန်တွေမှာ မြူခိုးဂိုဏ်း တပည့်တွေက ဒီအစောင့်အရှောက်တွေနှင့် တိုက်ခိုက်ပြီး တိုက်ရည်ခိုက်ရည် တိုးတက်အောင် လုပ်လို့ ရတာပေါ့။
ထို့ကြောင့် ယဲ့ဖုန်းသည် ထင်းရှူးပင်အိုကြီးအား သူ၏ အကြံအစည်ကို ပြောပြလိုက်၏။
"စိတ်ချပါ ဂိုဏ်းချုပ်... မနက်ဖြန်ကျရင် အစောင့်အရှောက်တွေကို တပည့်တွေနဲ့ လေ့ကျင့်ပေးခိုင်းလိုက်ပါ့မယ်"
ဟု ထင်းရှူးပင်အိုကြီးက ပြောလိုက်၏။
"ကောင်းပြီ... ဒီလောက်ပါပဲ"
ယဲ့ဖုန်း အခန်းပြန်ပြီး အနားယူလိုက်၏။
နောက်တစ်နေ့ နံနက်မှာ၊
"ဘုရားရေ... အဘိုးထင်းရှူးက စကားပြောတတ်နေပြီ..."
"အဘိုးထင်းရှူး... သမီး ထင်းရှူးသီး စားချင်တယ်"
ယဲ့ဖုန်း အခန်းထဲက ထွက်လာတာနှင့်၊ အရှေ့ဘက် ခြံဝင်းထဲက တပည့်တွေရဲ့ အသံကို ကြားလိုက်ရ၏။
တပည့်တွေအပြင် ရေပေါ်ဖြူမြို့တော်က အင်မော်တယ် (၅) ပါးနှင့် တခြား ဝိညာဉ်သားရဲတွေလည်း သစ်ပင်အောက်မှာ စုဝေးနေကြသည်။ ထင်းရှူးပင်အိုကြီး နှင့် စကားပြောရင်း ထင်းရှူးသီးတွေ စားနေကြ၏။
ကွင်းပြင်၌၊
ချပ်ဝတ် အစောင့်အရှောက် တစ်ယောက်သည် မိုယင်နှင့် တိုက်ခိုက်နေသည်။
ခံစားချက်နှင့် အတွေးအခေါ် ကင်းမဲ့သော အစောင့်အရှောက်သည် တိုက်ခိုက်လိုစိတ် တစ်ခုတည်းသာ ရှိသည်။ ဘယ်လက်တွင် ဒိုင်းကာဖြင့် ဝင်တိုက်ပြီး၊ ညာလက်တွင် ဓားမြှောင်ဖြင့် ဆက်တိုက် ခုတ်ပိုင်းနေရာ၊ ချီစုစည်းခြင်း နဝမအဆင့် အထွတ်အထိပ် ရှိသူများထဲတွင် အတော်ဆုံး စာရင်းဝင်၏။
"ဓားတိုက်ခိုက်မှု သိုင်း .."
မိုယင် ရုတ်တရက် (၁၀) မီတာကျော် နောက်ဆုတ်လိုက်ပြီး၊ လက်ချောင်းများကို ဓားသဏ္ဍာန် ပြုလုပ်လိုက်ကာ လျင်မြန်စွာ လှုပ်ရှားလိုက်ရာ၊ သူမ၏ လေညှင်းစီး ဓားပျံသည် လေထဲတွင် မျဉ်းကွေးကြီး တစ်ခု ရေးဆွဲပြီး၊ အစောင့်အရှောက်၏ ကျောဘက်မှ ထိုးဖောက်ဝင်ရောက်သွား၏။
သို့သော် အစောင့်အရှောက်သည် သက်ရှိ မဟုတ်ပေ။
ထိုးဖောက်ခံလိုက်ရသော်လည်း၊ ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။
"အစောင့်အရှောက်ရဲ့ အသက်ရှင်နိုင်စွမ်းက အရမ်း မြင့်တယ်... အပိုင်းပိုင်း အပြတ်ပြတ် မဖြစ်မချင်း၊ စွမ်းအား မကုန်မချင်း ဆက်တိုက်ခိုက်နေမှာ"
ထင်းရှူးပင်အိုကြီး သတိပေးလိုက်၏။
"သဘောပေါက်ပါပြီ..."
မိုယင် မြေကြီးကို ဖွဖွလေး ပုတ်လိုက်ပြီး၊ လေဝိညာဉ် ခြေလှမ်းသိုင်းဖြင့် အစောင့်အရှောက်၏ ဝင်တိုက်မှုကို ရှောင်တိမ်းလိုက်၏။ လေညှင်းစီး ဓားပျံကို ဆွဲထုတ်လိုက်ပြီး "စီးဆင်းသော အလင်းဓားချီ" ကို ချက်ချင်း ထုတ်သုံးလိုက်၏။
“"ဝှစ်.."…”
ဓားရှည်ကြီး အပေါ်မှ ခုတ်ကျလာပြီး၊ အစောင့်အရှောက် နှင့် ဒိုင်းကာကို ထက်ပိုင်း ပိုင်းဖြတ်ပစ်လိုက်၏။
ရုန်းကန်နေသေးသော်လည်း၊ အစောင့်အရှောက်သည် ပြန်မထနိုင်တော့ဘဲ၊ မိုယင်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားလေတော့သည်။
"ဝါး…မိုက်လိုက်တာ..."
"ငါတို့ မြူခိုးဂိုဏ်းမှာ အခုလောလောဆယ် စီနီယာအစ်မ မိုယင် တစ်ယောက်တည်းပဲ အစောင့်အရှောက်ကို နိုင်သေးတာ"
"ဒုတိယအစ်ကိုကြီးလည်း နိုင်လောက်ပါတယ်"
တပည့်များ ဆွေးနွေးနေကြ၏။
"မင်းတို့ အစောင့်အရှောက်တွေရဲ့ ရည်ရွယ်ချက်ကို သိသွားကြပြီပဲ... ကောင်းတယ်... အားတဲ့အချိန်ကျရင် သူတို့နဲ့ တိုက်ခိုက်ပြီး တိုက်ရည်ခိုက်ရည် တိုးတက်အောင် လုပ်ကြ"
ယဲ့ဖုန်း ခေါင်မိုးပေါ်တွင် ရပ်လျက် ပြောလိုက်၏။
"ဟုတ်ကဲ့"
တပည့်များ ခေါင်းညိတ်လိုက်ကြသည်။
ထိုအချိန်တွင် ကျိဇီလင်းသည် သစ်သားသေတ္တာငယ်လေးကို ကိုင်ဆောင်လျက်၊ ယဲ့ဖုန်းကို ဂါရဝပြုလိုက်၏။
"ဂိုဏ်းချုပ်... ကျွန်မ တောင်အောက်ဆင်းပြီး ဆက်လက် လေ့ကျင့်ပါဦးမယ်... အပြင်စည်းတပည့် စစ်ဆေးရေး တာဝန်ကို အမြန်ဆုံး ပြီးမြောက်အောင် ကြိုးစားပါ့မယ်"
ယဲ့ဖုန်း စနစ် မျက်နှာပြင် ကို ဖွင့်ကြည့်လိုက်သည်။
[ စာရင်းသွင်တပည့် ကျိဇီလင်း: တာဝန်ပြီးမြောက်မှု ၇၀%၊ ပထမအဆင့် မန္တန် (၃) ခု ပြီးပြည့်စုံအောင် လေ့ကျင့်ပြီး၊ ဂုဏ်သတင်းတန်ဖိုး ၂၆၀/၅၀၀ ]
ဂုဏ်သတင်းတန်ဖိုးက တစ်ဝက်ကျော်သွားပြီ ဆိုပေမယ့်၊ တာဝန်က မပြီးသေးဘူး၊ ပိုကြိုးစားဖို့ လိုသေးတယ်။
ယဲ့ဖုန်း ခဏ စဉ်းစားလိုက်ပြီး၊ အဝေးတစ်နေရာကို ညွှန်ပြကာ ပြောလိုက်၏။
"ဇီလင်း... မင်း အရှေ့တောင်ဘက်က 'ရောင်စုံငါးသွယ် မြို့တော်' ကို သွားပြီး လေ့ကျင့်လို့ ရတယ်... ဒါပေမဲ့ ဘေးကင်းရေးကို သတိထားနော်"
အနောက်မြောက်ဘက် ရွှေယန်မြို့ ဘက်က မလုံခြုံပါ။
ယှဉ်ကြည့်လိုက်ပါက၊ အရှေ့တောင်ဘက်က ရောင်စုံငါးသွယ် မြို့တော်က ပိုဘေးကင်းပြီး၊ ကျိဇီလင်းလို လူသစ်တွေ တာဝန်ထမ်းဆောင်ဖို့ သင့်လျော်သည်။
"ကျွန်မလည်း လိုက်သွားမယ်..."
မိုယင် လေညှင်းစီး ဓားပျံကို သိမ်းလိုက်၏။
"ကျွန်မ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို တက်ရောက်ဖို့ အကြမ်းပတမ်း တိုက်ပွဲတစ်ခု လိုအပ်တယ်လို့ ခံစားရတယ်"
"ကောင်းသားပဲ"
ယဲ့ဖုန်း သဘောတူလိုက်၏။
"ဒါဆိုရင် လမ်းခရီးမှာ စီနီယာအစ်မ မို ကို အပ်ပါရစေ"
ကျိဇီလင်းက မိုယင်ကို ညင်သာစွာ ပြုံးပြရင်း ပြောလိုက်၏။
ထို့နောက် သူမတို့နှစ်ဦး ဓားစီးပြီး ရောင်စုံငါးသွယ် မြို့တော်ဆီသို့ ထွက်ခွာသွားကြလေတော့သည်။
ပူပြင်းသော နေ့လည်ခင်း။
ယဲ့ဖုန်း အိပ်ရာထကာစ ရှိသေးချိန်၊ တောင်ခါးပန်းမှ သာယာသော ခေါင်းလောင်းသံကို ကြားလိုက်ရ၏။
"ဘယ်သူ ရောက်လာတာလဲ"
ယဲ့ဖုန်း အံ့ဩသွားပြီး အမြန် ထလိုက်၏။
အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက်၊ ဂိုဏ်းချုပ် ခန်းမဆောင်၌၊
ဒုတိယမြို့စားမင်းသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သူ၏ ရည်ရွယ်ချက်ကို ပြောပြလာ၏။
"မိုင်တစ်ထောင် အကွာက ရွှေယန်မြို့ကို နတ်ဆိုးမျိုးနွယ်တွေ သိမ်းပိုက်လိုက်ပြီး 'နတ်ဆိုးမြို့တော်' လို့ ခေါ်နေကြပါပြီ... ကျွန်တော်တို့ မဟာဗျူဟာတွေ ဆွေးနွေးဖို့ လျှို့ဝှက်ဆန်းကြယ်တဲ့ 'မြေအောက် ရှေးဟောင်းမြို့တော်' မှာ လျှို့ဝှက် အစည်းအဝေး ကျင်းပဖို့ လိုအပ်နေပါတယ်... အရေးကြီးဆုံး အချက်က ကျွန်တော်တောင် သွားရမှာပါ"
ယဲ့ဖုန်း ခေတ္တ ရပ်တန့်သွားပြီး ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်တို့ မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်း အဆင့်ပဲ ရှိသေးတာလေ"
ဒုတိယမြို့စားမင်း ကပျာကယာ ပြောလိုက်၏။
"ဂိုဏ်းချုပ်ယဲ့... နှိမ့်ချမနေပါနဲ့ဗျာ... ခင်ဗျားက ဆိုဟွန်းကျန်းရန်ကို ဓားတစ်ချက်တည်းနဲ့ သတ်ခဲ့တဲ့သူလေ... ဘယ်သူက ခင်ဗျားကို လစ်လျူရှုရဲမှာလဲ... ကျွန်တော်တို့တင် မဟုတ်ဘူး... ယွင်ဟွာဂိုဏ်း က ယွင်ဟွာကျန်းရန် လည်း လာမှာ... စုစုပေါင်း ဂိုဏ်းချုပ် (၁၀) ယောက်ကျော် လာကြမှာပါ"
"ကောင်းပြီလေ... ဒါဆို သွားကြတာပေါ့"
ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။
သတင်းပျံ့တာ ဒီလောက် မြန်မည်ဟု သူ မထင်ထားခဲ့မိပေ။
မနေ့ညကမှ နတ်ဆိုးမြို့တော်က ဝက်ဝံနက် နတ်ဆိုးဆီက သတင်းနှိုက်ထား၏၊ ဒီနေ့ အရေးပေါ် အစည်းအဝေး ခေါ်နေပြီ။ ကြည့်ရတာ တခြား အင်အားစုတွေလည်း နတ်ဆိုးမြို့တော်က သားရဲတွေ တိုက်ခိုက်တာ ခံရပြီး၊ သူလျှိုတွေ လွှတ်ထား၍ လျှို့ဝှက်ချက် အတော်များများကို သိထားကြပုံ ရသည်။
ယဲ့ဖုန်းလည်း နတ်ဆိုးမြို့တော် အကြောင်း အသေးစိတ် သိချင်တာနှင့် ဒုတိယမြို့စားမင်း၏ ဖိတ်ကြားချက်ကို လက်ခံလိုက်၏။
ကောင်းကင်ယံဝယ်၊
ယဲ့ဖုန်းနှင့် ဒုတိယမြို့စားမင်းတို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းနေကြ၏။
ယွမ်ရှောင် သစ်တောအုပ်ကြီးကို ဖြတ်ကျော်ပြီး၊ မြူခိုးများ ဖုံးလွှမ်းနေသော အပျက်အစီးများ ရှေ့တွင် ဆင်းသက်လိုက်ကြသည်။
"ဂိုဏ်းချုပ်ယဲ့... ကျွန်တော့်နောက် လိုက်ခဲ့ပါ"
ဒုတိယမြို့စားမင်း လမ်းပြ၏။
သူတို့သည် မြူခိုးများကို ရှောင်ကွင်းပြီး၊ အချင်း မိုင်ရာချီ ကျယ်ဝန်းသော တွင်းနက်ကြီး တစ်ခု ရှေ့တွင် ရပ်လိုက်ကြသည်။
ယဲ့ဖုန်း ငုံ့ကြည့်လိုက်ရာ မြေပြင်အောက် မီတာ (၃၀၀) ခန့်တွင် အနက်ရောင် လွှမ်းမိုးထားသော ရှေးဟောင်းမြို့တော် တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
"ဒီမြို့ကို အဓိက ကြယ်အဆင့် ဂိုဏ်းခေါင်းဆောင်တွေ ပူးပေါင်းပြီး ရှာဖွေတွေ့ရှိခဲ့တာပါ... တစ်ချိန်တုန်းက ဆိုဟွန်းကျန်းရန်ရဲ့ စခန်း ဖြစ်ခဲ့ဖူးတယ်... ဒါပေမဲ့ မူလက ဒီနေရာက သီးခြားဖြစ်နေတဲ့ မြေအောက် ရှေးဟောင်းမြို့တော် ဖြစ်ပြီး၊ ဆိုဟွန်းကျန်းရန်က ဝင်စီးပြီး သိမ်းပိုက်ခဲ့တာလို့ ပြောကြတယ်"
ဒုတိယမြို့စားမင်း ရှင်းပြ၏။
"ဂိုဏ်းပေါင်းစုံ ပူးပေါင်းပြီး ဆိုဟွန်းကျန်းရန်ကို ဝိုင်းတိုက်တုန်းက၊ သူ ဒီမြို့ကို စွန့်လွှတ်ပြီး ထွက်ပြေးခဲ့ရတာ... နှစ်တွေ ကြာလာတော့ စီမံကိန်းတွေ ချပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့လို့၊ အခုဆိုရင် ဂိုဏ်းချုပ်တွေ အရေးကြီးကိစ္စ ဆွေးနွေးတဲ့ နေရာ ဖြစ်လာတာပေါ့"
"အရေးပေါ် အခြေအနေ ကြုံလာရင် ဂိုဏ်းချုပ်တွေ ဒီမှာ လာစုကြတယ်"
ဟု ဒုတိယမြို့စားမင်း အသေးစိတ် မိတ်ဆက်ပေးလာ၏။
ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး အောက်ဘက်က ရှေးဟောင်းမြို့တော်ကို ကြည့်လိုက်ရာ၊ လူသောင်းချီ နေထိုင်နေကြသည်ကို တွေ့ရသဖြင့်၊ သူတို့ ဘယ်လို အသက်ရှင်နေထိုင်ကြသလဲ ဆိုတာ သိချင်သွားမိ၏။
အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက်၊
သူတို့နှစ်ဦး မြေအောက် ရှေးဟောင်းမြို့တော်၏ အလယ်ဗဟိုသို့ ရောက်ရှိသွားကြပြီး၊ ခမ်းနားထည်ဝါသော "နက်မှောင်သော သံမဏိ ခန်းမဆောင်" ထဲသို့ ဝင်ရောက်သွားကြရာ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး အများအပြား ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။
အကြီးအကဲ တစ်ဦးသည် ယဲ့ဖုန်းကို တစ်ချက် ကြည့်လိုက်ပြီး၊ မျက်လုံးထဲတွင် မကျေနပ်မှုများ ချက်ချင်း ပေါ်လာသည်
ယဲ့ဖုန်းက ထိုအကြီးအကဲ၏ အကြည့်ကို ပြန်ကြည့်လိုက်ပြီး၊ ရယ်စရာ ကောင်းနေသည့် အပြုံး တစ်ခုကို ပြသလိုက်လေတော့သည်။
အခန်း (၁၉၇) - ဤအရှင်က မဟာမိတ်ခေါင်းဆောင် ဖြစ်ထိုက်ပေသည်
~နက်မှောင်သော သံမဏိ ခန်းမဆောင်ကြီး အတွင်းတွင် အစွမ်းထက် ကျင့်ကြံသူ အများအပြား ထိုင်နေကြ၏။
ရှေ့ဆုံးတွင် ထိုင်နေသော အစိမ်းရောင် ဝတ်ရုံနှင့် အဘိုးအိုသည် ခန့်ညားထည်ဝါပြီး တည်ငြိမ်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ အသက်အရွယ် ကြီးရင့်သော်လည်း၊ အားအင်အပြည့် ရှိနေဆဲ ဖြစ်သည်။ သူကား ချင်းယွင်ဂိုဏ်း ၏ ဂိုဏ်းချုပ် ချင်းယွင်ကျန်းရန် ပင် ဖြစ်သည်။
စောစောက ယဲ့ဖုန်းကို စိမ်းစိမ်းကြည့်လိုက်သူမှာလည်း သူပင် ဖြစ်၏။
အဓိက အကြောင်းရင်းမှာ ချင်းယွင်ဂိုဏ်း တပည့်များ ဖြစ်ကြသော ပိုင်မင်လု နှင့် ရှောင်ဖန်ကူ တို့သည် မြူခိုးဂိုဏ်း တပည့်များ၏ လက်ချက်ဖြင့် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ချင်းယွင်ကျန်းရန်သည် အခြား ဂိုဏ်းချုပ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရပြီး၊ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေခဲ့သည်။
တကယ်တော့ မကျေနပ်ရုံ သက်သက်သာ ဖြစ်သည်။
သို့မဟုတ် ယဲ့ဖုန်းကို ဘယ်လိုကြည့်ကြည့် အမြင်ကပ်နေခြင်းသာ ဖြစ်သည်။
မြူခိုးဂိုဏ်းသာ ကြယ်အဆင့် ဂိုဏ်း တစ်ခု ဖြစ်ခဲ့လျှင်၊ ရှောင်ဖန်ကူ နှင့် ပိုင်မင်လု တို့ ရှုံးနိမ့်ခြင်းက သာမန် ရှုံးနိမ့်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် ဟိုယွင်ကျဲက ရှောင်ဖန်ကူကို ပထမဆုံးအကြိမ် အနိုင်ယူလိုက်စဉ်က၊ မြူခိုးဂိုဏ်းသည် အဆင့်နိမ့်ဂိုဏ်း အဆင့်သာ ရှိသေးပြီး၊ အဆင့်မြင့်ဂိုဏ်း ခန့်အပ်ပွဲ အခမ်းအနား ကျင်းပနေဆဲ အချိန် ဖြစ်သည်။
ခိုင်မာသော အခြေခံအုတ်မြစ် ရှိသည့် ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းကြီး တစ်ခုက၊ အခုမှ အဆင့်တက်လာသော အဆင့်မြင့်ဂိုဏ်းသစ်လေး တစ်ခု (ရှောင်ဖန်ကူ၏ ဂိုဏ်းဟောင်းလည်း ဖြစ်သည်) မှ တပည့်များကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရသည် ဆိုတော့...
သတင်းပြန့်သွားသည်နှင့် ချင်းယွင်ဂိုဏ်းသည် လူရယ်စရာ ဖြစ်ခဲ့ရသည်။
အထူးသဖြင့် မူရူရွဲ့ ၏ ဓားကလေး ခန့်အပ်ပွဲ အခမ်းအနားတွင်၊ ဂုဏ်ပြုစကား ပြောကြားသည့် အချိန်၌၊ ချင်းယွင်ကျန်းရန်သည် အခြား ဂိုဏ်းချုပ်များ၏ လှောင်ပြောင်မှုကို အကြိမ်ကြိမ် ခံခဲ့ရပြီး မျက်နှာပျက်ခဲ့ရသည်။
အတိုချုပ်ပြောရလျှင် ချင်းယွင်ကျန်းရန် အလွန် ဒေါသထွက်နေသည်။
သို့သော် သူသည် ကြယ်အဆင့် ဂိုဏ်းချုပ်ကြီး တစ်ဦး ဖြစ်သည်။ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း၊ ထုတ်ဖော်ပြသ၍ မရပေ။ မဟုတ်လျှင် သဘောထားသေးသိမ်သည်ဟု အပြောခံရပေလိမ့်မည်။
"ဟွန်း..."
ချင်းယွင်ကျန်းရန် နှာမှုတ်လိုက်ပြီး၊ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ စိတ်မပါလက်မပါ သောက်လိုက်၏။
ယဲ့ဖုန်းသည် ချင်းယွင်ကျန်းရန် ဘာကြောင့် ဒီလိုဖြစ်နေသလဲ ဆိုတာကို ခန့်မှန်းမိသဖြင့်၊ ဘာမှ
မပြောတော့ဘဲ ဒုတိယမြို့စားမင်း၏ ဘေးတွင် ဝင်ထိုင်လိုက်၏။
"ဂိုဏ်းချုပ်ယဲ့... နောက်ဆုံးတော့ ရောက်လာပြီပဲ"
အနီးနားတွင် ထိုင်နေသော ယွင်ဟွာဂိုဏ်း ဂိုဏ်းချုပ် ယွင်ဟွာကျန်းရန် က လက်သီးဆုပ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။
"ယွင်ဟွာကျန်းရန်... ခင်ဗျားလည်း စောသားပဲ"
ယဲ့ဖုန်း ခေါင်းညိတ် တုံ့ပြန်လိုက်၏။
ပြုံးရွှင်သော မျက်နှာထား ပျောက်ကွယ်သွားပြီးနောက်၊ သူသည် ဘေးဘီဝဲယာကို အကဲခတ်ကြည့်လိုက်သည်။
ဤ နက်မှောင်သော သံမဏိ ခန်းမဆောင်ကြီးသည် အလွန် ရှေးကျပြီး၊ အနည်းဆုံး နှစ်တစ်ထောင် သက်တမ်း ရှိပေလိမ့်မည်။ ခန်းမထဲတွင် သံမဏိ ပလ္လင် (၁၈) လုံးကို မြေကြီးနှင့် တွဲလျက် တပ်ဆင်ထားသည်။
ချင်းယွင်ဂိုဏ်း၊ ဝိညာဉ်သားရဲဂိုဏ်း၊ လျိုယွင်ဂိုဏ်း၊ လက်နက်တစ်ရာဂိုဏ်း၊ ယွင်ဟွာဂိုဏ်း၊ ရေပေါ်ဖြူမြို့တော် ၊ မြူခိုးဂိုဏ်း၊ စန်းယွမ်မြို့ စသည်ဖြင့် မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ ကြယ်အဆင့် အင်အားစု ခေါင်းဆောင်များ ရောက်ရှိနေကြ၏။
ယွင်ဟွာဂိုဏ်း နှင့် မြူခိုးဂိုဏ်း တို့သည် ကြယ်အဆင့် အင်အားစုများ မဟုတ်ကြပေ။
သို့သော် လူတိုင်း၏ အမြင်တွင်၊ ဤဂိုဏ်းနှစ်ခု၏ ခေါင်းဆောင်များမှာ အလွန် စွမ်းအားကြီးမားကြသဖြင့်၊ သံမဏိ ခန်းမဆောင်တွင် နေရာတစ်နေရာ ရထိုက်သည်ဟု ယူဆကြကာ ဖိတ်ကြားထားခြင်း ဖြစ်သည်။
"လူစုံသလောက် ရှိပြီဆိုတော့... အစည်းအဝေး စလိုက်ကြစို့"
နုပျိုသော ရုပ်ရည် ရှိသည့် လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် အဘိုးအိုက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး၊ အစည်းအဝေးကို ဦးဆောင်ကာ စတင်လိုက်၏။
"ဒီအစည်းအဝေးမှာ ဘာအကြောင်း ဆွေးနွေးကြမှာလဲ"
ချင်းယွင်ကျန်းရန် ရုတ်တရက် မေးလိုက်ပြီး၊ မျက်လုံးအိမ်များ ကျဉ်းမြောင်းကာ လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်ကို စိမ်းစိမ်းကြည့် လိုက်၏။
"သေချာတာပေါ့... နတ်ဆိုးမြို့တော် အကြောင်းပဲ"
ထိုစဉ်၊ အားနည်းပြီး အက်ကွဲနေသော အသံတစ်သံ ခန်းမ အပြင်ဘက်မှ ထွက်ပေါ်လာပြီး၊ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်၏။
ယဲ့ဖုန်း အသံလာရာသို့ လှည့်ကြည့်လိုက်သည်။
ခရမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသမီး တစ်ဦးသည် အခိုင်းအစေမလေး နှစ်ယောက်၏ တွဲကူမှုဖြင့် ခန်းမထဲသို့ ဝင်ရောက်လာ၏။ သူမသည် အားနည်းနေပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေကာ၊ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း ထင်ရှားနေသည်။
"ရွှေယန်မြို့ ဒုတိယမြို့စားမင်း..."
"ကုန်းချင်းချိုး... ဘာဖြစ်လာတာလဲ"
"တခြား ကျင့်ကြံသူတွေရော"
လှပသော အမျိုးသမီးကို မြင်လိုက်ရသောအခါ ဂိုဏ်းချုပ်များ ကပျာကယာ မတ်တတ်ရပ်လိုက်ကြ၏။
ရွှေယန်မြို့ ဒုတိယမြို့စားမင်း ကုန်းချင်းချိုးသည် သံမဏိ ပလ္လင်ပေါ်တွင် ထိုင်ချလိုက်ပြီး အားနည်းစွာ ပြောလိုက်သည်။
"အားလုံးပဲ စိတ်မပူကြပါနဲ့... ကျွန်မက နတ်ဆိုးဗိုလ်ချုပ်တွေ ဝိုင်းတိုက်တာ ခံရလို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားရုံပါ... ချက်ချင်း မသေနိုင်သေးပါဘူး... ကျွန်မ ဒီကို လာရတဲ့ အဓိက ရည်ရွယ်ချက်က ရွှေယန်မြို့မှာ ရုတ်တရက် ကျရောက်ခဲ့တဲ့ ကပ်ဘေးအကြောင်း ရှင်းပြချင်လို့ပါ"
ဒါကို ကြားတော့ အားလုံး ပြန်ထိုင်လိုက်ကြ၏။
"လွန်ခဲ့တဲ့ လဝက်လောက်က ဖြစ်ရပ်ကနေ စပြောရမယ်"
ကုန်းချင်းချိုး စတင် ပြောပြ၏။
"လွန်ခဲ့တဲ့ လဝက်တုန်းက၊ ရွှေယန်မြို့မှာ အရာအားလုံး ပုံမှန်ပါပဲ... နတ်ဆိုးနှိမ်နင်းပွဲလည်း ချောချောမွေ့မွေ့ ပြီးဆုံးလုနီးပါး ဖြစ်နေပါပြီ"
"ဒါပေမဲ့ မြို့ထဲက ဂိုဏ်းတစ်ခုက တပည့်တစ်ယောက် မတော်တဆ မြေအောက်လိုဏ်ဂူ တစ်ခုထဲ ရောက်သွားပြီး၊ နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရတဲ့ နတ်ဆိုးဘုရင် တစ်ပါးကို လွှတ်ပေးလိုက်မိတယ်... အဲ့ဒါက ကပ်ဘေးရဲ့ အစပဲ"
ဒါကို ကြားတော့ လူတိုင်း ထိတ်လန့်သွားကြ၏။
နတ်ဆိုးဘုရင်...
ဒါက ဝိညာဉ်ပင်လယ် အဆင့် နဲ့ ညီမျှတဲ့ တည်ရှိမှုကြီးလေ။ သူတို့လို ကြယ်တစ်ပွင့် အဆင့် အင်အားစုတွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။
ယဲ့ဖုန်း မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ဒီအမျိုးသမီး ပြောတာ အမှန်ပဲ ဖြစ်လောက်သည်၊ ဝက်ဝံနက် နတ်ဆိုး ကလည်း နတ်ဆိုးမြို့တော်မှာ နတ်ဆိုးဘုရင် ရှိသည်ဟု ပြောခဲ့သည်ကိုး။
ကုန်းချင်းချိုး ဆက်ပြောသည်။
"နတ်ဆိုးဘုရင် ထွက်လာပြီးနောက်၊ ရွှေယန်မြို့ကို ချက်ချင်း မတိုက်ခိုက်ဘဲ ခဏ ငြိမ်နေခဲ့တယ်... လွန်ခဲ့တဲ့ (၅) ရက်လောက်ကမှ ရုတ်တရက် မြို့ထဲကို ဝင်ရောက် စီးနင်းခဲ့တာ"
"အဲ့ဒီ တိုက်ပွဲမှာ မြို့စားမင်း နေရာမှာတင် ကျဆုံးသွားခဲ့တယ်"
"အကြီးအကဲ အများအပြား ကိုယ့်ကိုယ်ကို ဖောက်ခွဲပြီး နတ်ဆိုးဘုရင်ကို တားဆီးပေးခဲ့လို့ ကျွန်မ အချိန်ရလိုက်တာ... နောက်ပိုင်း နတ်ဆိုးဗိုလ်ချုပ်တွေ ဝိုင်းထားတာကို ဒဏ်ရာအပြင်းအထန် ရယူပြီး၊ ကျင့်ကြံမှုအဆင့် လျှော့ချခံလိုက်ရတဲ့အထိ ပေးဆပ်ပြီးမှ ဖောက်ထွက် လွတ်မြောက်လာနိုင်ခဲ့တာပါ"
ပြောရင်းဆိုရင်း ကုန်းချင်းချိုး၏ မျက်ရည်များ မိုးစက်ပမာ ကျဆင်းလာ၏။
ရွှေယန်မြို့ မြို့စားမင်း ဆိုတာ သူမ၏ အစ်ကိုအရင်း ဖြစ်ပါသည်...။
သို့သော်၊ သူ့အစ်ကို နတ်ဆိုးဘုရင်၏ လက်ချက်နှင့် ရိုက်သတ်ခံလိုက်ရတာကို ဘာမှ မကူညီနိုင်ဘဲ ကြည့်နေခဲ့ရသည်။ မြို့ထဲက လူအများအပြားလည်း နတ်ဆိုးဘုရင်၏ အစာ ဖြစ်သွားခဲ့ရသည်။ မြင်ရတာ တကယ် ရင်ကွဲစရာပါပင်။
ဒါကို ကြားတော့ အားလုံး လက်သီးကို တင်းတင်း ဆုပ်လိုက်မိကြ၏။
"ငါနဲ့ ရင်ဘောင်တန်းနိုင်တဲ့ မြို့စားမင်းကုန်းတောင်မှ နတ်ဆိုးဘုရင်ရဲ့ တိုက်ခိုက်မှု တစ်ချက်ကို မခံနိုင်ဘူးလား"
ချင်းယွင်ကျန်းရန်၏ လက်များ တုန်ရီသွားပြီး၊ မျက်လုံးထောင့်များ လှုပ်ခတ်သွား၏။
"နတ်ဆိုးဘုရင်က အရမ်း သန်မာလွန်းတယ်... သူ့ရဲ့ နတ်ဆိုးအရှိန်အဝါက ပင်လယ်ကြီးလို ကျယ်ပြောပြီး အဆုံးအစ မရှိဘူး... ကျွန်မအစ်ကိုက သူ့ပြိုင်ဘက် မဟုတ်ပါဘူး"
ကုန်းချင်းချိုး ဝမ်းနည်းပက်လက်ဖြင့် ချောင်းဆိုးလိုက်၏။
"ဒါဆို အခု ဘာလုပ်ကြမလဲ"
ယွင်ဟွာကျန်းရန် မနေနိုင်ဘဲ မေးလိုက်မိ၏။ ကြောက်လွန်း၍ မျက်နှာ တစ်ခုလုံး ရှုံ့မဲ့နေတော့သည်။
"ရွှေယန်မြို့မှာ နတ်ဆိုးဘုရင် ရှိနေသရွေ့... ငါတို့အင်အားလောက်နဲ့ ပေါင်းတိုက်ရင်တောင် နိုင်မှာ မဟုတ်ဘူး..."
လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် သက်ပြင်းချလိုက်၏။
နတ်ဆိုးဘုရင်သာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် လောက်ပဲ ရှိလျှင်တော့၊ ဤနေရာမှာ ရှိသော လူအကုန် ပေါင်းပြီး၊ အသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါတွေပါ ကူညီလျှင် အနိုင်ယူနိုင်ကောင်း ယူနိုင်ပေလိမ့်မည်။
ဒါပေမဲ့... ဒါက နတ်ဆိုးဘုရင်လေ...
"ကျွန်မ နောက်ထပ် အရေးကြီး သတင်း တစ်ခု ပါလာပါတယ်"
ကုန်းချင်းချိုးသည် သူမ၏ ဝတ်ရုံ လက်စထဲမှ အမြီး (၃) ချောင်းပါသော မြေခွေးသားမွေး တစ်စကို ထုတ်ပြလိုက်၏။
မြေခွေးသားမွေးကို မြင်လိုက်ရသောအခါ လူတိုင်း မျက်နှာပျက်သွားကြသည်။
"အမြီးသုံးချောင်း မြေခွေး..."
"နတ်ဆိုးမြေခွေး မျိုးနွယ် ပြန်ပေါ်လာတာများလား"
လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် နှင့် ချင်းယွင်ကျန်းရန် တို့ လွှတ်ခနဲ အော်မိသွား၏။
ယဲ့ဖုန်းသည် နတ်ဆိုးမြေခွေး မျိုးနွယ် အကြောင်း မကြားဖူးသဖြင့် တိတ်ဆိတ်နေပြီး၊ သူများပြောတာကို နားထောင်နေလိုက်သည်။
"ရှင်တို့ ထင်တာ မမှားပါဘူး... အဲ့ဒီ နတ်ဆိုးဘုရင်ရဲ့ နောက်ကွယ်မှာ နတ်ဆိုးမြေခွေး မျိုးနွယ် ရှိနေတယ်... ဒါပေမဲ့ ကျွန်မ သိတာ ဒါပါပဲ"
ကုန်းချင်းချိုးသည် သားမွေးကို ပြန်သိမ်းလိုက်ပြီး ဆက်ပြောသည်။
"အခု ရွှေယန်မြို့ မရှိတော့ဘူး... နတ်ဆိုးမြို့တော် ဖြစ်သွားပြီ... ကျွန်မလည်း အိမ်ခြေမဲ့ ဖြစ်သွားပြီ... ရှင်တို့ထဲက ဘယ်သူမဆို စွမ်းဆောင်နိုင်ရင် နတ်ဆိုးမြို့တော်ကို သွားသိမ်းပိုက်လိုက်ကြပါ..."
ပြောပြီးသည်နှင့် သူမသည် အခိုင်းအစေမလေး နှစ်ယောက်၏ တွဲကူမှုဖြင့် ခန်းမဆောင်ထဲမှ ထွက်ခွာသွား၏။
ကျန်ရစ်သူများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
"အဟွတ် အဟွတ်... အခု အားလုံး အခြေအနေကို သိသွားကြပြီ ဆိုတော့... နောက်တစ်ဆင့် အနေနဲ့ နတ်ဆိုးမြို့တော်ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ဆွေးနွေးကြရအောင်"
လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် ပြောလိုက်၏။
"နတ်ဆိုးမြို့တော်ကို ကိုင်တွယ်မယ်..."
ဝိညာဉ်သားရဲဂိုဏ်း ဂိုဏ်းချုပ် နှင့် လက်နက်တစ်ရာဂိုဏ်း ဂိုဏ်းချုပ် တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် နောက်နေသည်ဟု ထင်လိုက်ကြ၏။
ဒီလူလောက်နဲ့ နတ်ဆိုးဘုရင်ကို ဘယ်လို ယှဉ်မလဲ။
"နတ်ဆိုးဘုရင်က ရွှေယန်မြို့ကို သိမ်းပိုက်ပြီး နတ်ဆိုးမြို့တော် တည်ထောင်လိုက်တာ... သေချာပေါက် ကြယ်နှစ်ပွင့်အဆင့် အင်အားစု တည်ထောင်ဖို့ ရည်ရွယ်နေတာပဲ... ငါတို့သာ အရေးမယူရင် တစ်နေ့ကျရင် သူ့ရဲ့ ဝါးမြိုတာ ခံရမှာ သေချာတယ်"
လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။
"ဒါဆိုရင် ခရိုင်ဘုရင် မြို့တော် ကို အကူအညီ တောင်းသင့်တယ်... သူတို့ သေချာပေါက် ကူညီမှာပါ"
ဟု လက်နက်တစ်ရာဂိုဏ်း ဂိုဏ်းချုပ်က အကြံပြုလိုက်၏။
"ခရိုင်ဘုရင် မြို့တော်က လှုပ်ရှားချင်မှ လှုပ်ရှားမှာ"
ဝိညာဉ်သားရဲဂိုဏ်း ဂိုဏ်းချုပ် ခေါင်းခါလိုက်၏။
"ခရိုင်ဘုရင် မြို့တော်ကို ခြိမ်းခြောက်တာမျိုး၊ စော်ကားတာမျိုး မရှိသရွေ့... ဝိညာဉ်ပင်လယ် အဆင့် ပုဂ္ဂိုလ်ကြီးတွေက ငါတို့လို ဂိုဏ်းသေးလေးတွေရဲ့ အသက်သေတာ ရှင်တာကို ဂရုစိုက်မှာ မဟုတ်ဘူး... ခရိုင်ဘုရင်မင်းသားကိုယ်တိုင်လည်း မူလနတ်ဘုရား နယ်ပယ်ကို တက်ရောက်ဖို့ ကြိုးစားနေတာဆိုတော့... ဒီလို အသေးအမွှား ကိစ္စတွေအတွက် အချိန်ပေးမှာ မဟုတ်ဘူး"
"ဒါဆို ဘာလုပ်ကြမလဲ"
စန်းယွမ်မြို့ မြို့စားမင်း စိတ်ပျက်လက်ပျက်ဖြစ်စွာ မေးလိုက်သည်။
"လေဓားဂိုဏ်း ကို အကူအညီ တောင်းရင်ရော"
ဟု ယွင်ဟွာကျန်းရန်က အားငယ်စွာ အကြံပြုလိုက်၏။
"ဟွန်း..."
လူတိုင်း ရယ်မောလိုက်ကြသည်။
ချင်းယွင်ကျန်းရန် ပခုံးတွန့်လိုက်ပြီး လှောင်ပြောင်လိုက်၏။
"မင်း ဘာတွေ တွေးနေတာလဲ... လေဓားဂိုဏ်းမှာ ဝိညာဉ်ပင်လယ် အဆင့် ရှိတဲ့သူက လက်ချိုးရေလို့ ရတယ်... သူတို့က ကိုယ့်အသက်ကိုယ် အရမ်း တန်ဖိုးထားကြတာ... နတ်ဆိုးဘုရင်ကို တိုက်ဖို့ မျှော်လင့်နေတာက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာနဲ့ အတူတူပဲ"
"ဒါဆို ဘယ်လို လုပ်ကြမလဲ"
လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် အကြပ်ရိုက်နေ၏။
ဝိညာဉ်ပင်လယ် အဆင့် ခေါင်းဆောင် မရှိလျှင်၊ သူတို့ ဘယ်လိုလုပ် နတ်ဆိုးမြို့တော်ကို ယှဉ်ရဲမှာလဲ။
"ဘာလို့ လန့်နေကြတာလဲ"
ချင်းယွင်ကျန်းရန်က ရုတ်တရက် ပြုံးလိုက်ပြီး ပြောသည်။
"ငါ့မှာ အကြံတစ်ခု ရှိတယ်... ဒီမှာရှိတဲ့ ဂိုဏ်းချုပ်တွေ အားလုံး ပေါင်းပြီး 'နတ်ဆိုးနှိမ်နင်းရေး မဟာမိတ်အဖွဲ့' ဖွဲ့ကြမယ်... ဘယ်အင်အားစုမဆို နတ်ဆိုးမြို့တော်က တိုက်ခိုက်တာ ခံရရင်၊ တခြား အင်အားစုတွေက အမြန်ဆုံး သွားရောက် ကူညီပေးရမယ်... အခု အဆင့်မှာ နတ်ဆိုးဘုရင်ကို ထိပ်တိုက် မရင်ဆိုင်နိုင်သေးတော့... ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ တတ်နိုင်မှာ... ဘယ်လို သဘောရလဲ"
"အဲ့ဒါ ဖြစ်နိုင်တယ်..."
ဂိုဏ်းချုပ်အားလုံး သဘောတူလိုက်ကြ၏။
အင်အားစု အများအပြား ပူးပေါင်းလိုလျှင်၊ နတ်ဆိုးဘုရင် ကိုယ်တိုင် မလှုပ်ရှားသရွေ့ သူတို့ ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိမှာ သေချာသည်။
ချင်းယွင်ကျန်းရန် ပြောသလိုပဲ၊ ဂိုဏ်းတွေ အနေနှင့် နတ်ဆိုးမြို့တော်ကို ဖြိုချနိုင်စွမ်း မရှိသေး၊ ထို့ကြောင့် အကောင်းဆုံးကတော့ စည်းလုံးပြီး အသက်ရှင်အောင် နေဖို့ပင်။
လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်က ထူးဆန်းသော မျက်နှာထားဖြင့် ပြောလိုက်၏။
"မဟာမိတ် ဖွဲ့တာတော့ ဟုတ်ပါပြီ... ဒါပေမဲ့ မဟာမိတ် ဖွဲ့မယ် ဆိုရင် မဟာမိတ်ခေါင်းဆောင်နဲ့ ဒုတိယ မဟာမိတ်ခေါင်းဆောင်တွေ ရွေးရတော့မယ်... ဒီမှာ ရှိတဲ့ လူတိုင်းက စွမ်းအားကြီးကြတော့ ဒုတိယ ခေါင်းဆောင် ဖြစ်ဖို့ အရည်အချင်း ပြည့်မီပါတယ်... ဒါပေမဲ့ ဘယ်သူက မဟာမိတ်ခေါင်းဆောင် လုပ်မှာလဲ"
ချင်းယွင်ကျန်းရန် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး၊ လက်ကို နောက်ပစ်ကာ မေးမော့လိုက်၏။ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အရှိန်အဝါများ ထွက်ပေါ်လာပြီး၊ ကျယ်လောင် ပြတ်သားသော အသံဖြင့် ကြေညာလိုက်သည်။
"မဟာမိတ်ခေါင်းဆောင် ဆိုတာ အသန်မာဆုံးလူ ဖြစ်သင့်တာပေါ့... ကျုပ်က နှိမ့်ချတတ်သူပါ... ဒါပေမဲ့ ဒီနေရာမှာတော့ ကိုယ့်ကိုယ်ကို မဟာမိတ်ခေါင်းဆောင် အဖြစ် အဆိုပြုလိုက်ပါတယ်..."
သူ ပြောလိုက်သည်နှင့် တပြိုင်နက်၊ ယဲ့ဖုန်းပင်လျှင် အံ့ဩစွာ လှည့်ကြည့်လိုက်မိ၏။
ဒီလူက မျက်နှာပြောင်လိုက်တာ...။
အခန်း (၁၉၈) - ဂိုဏ်းချုပ်ယဲ့ ဆိုတာ တကယ့် မြင်းမည်းပဲ
~အကြီးအကဲ ချင်းယွင်၏ စကားများသည် ခန်းမတစ်ခုလုံးကို ဂယက်ရိုက်သွားစေ၏။
"ခင်ဗျားက မဟာမိတ်ခေါင်းဆောင် ရာထူးကို လိုချင်တယ် ဟုတ်လား"
"ဘာအခြေခံနဲ့လဲ"
"လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်က မကြာသေးခင်ကမှ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့်ကို ရောက်ရှိထားတာပါ... သူက သတ္တိရှိပြီး ဗျူဟာမြောက် တွေးခေါ်နိုင်သူပါ... ပြီးတော့ အရမ်း တည်ငြိမ်ပါတယ်... ကျွန်တော့်အမြင်တော့ သူကသာ မဟာမိတ်ခေါင်းဆောင် ဖြစ်သင့်တာပါ"
ဂိုဏ်းချုပ်များက တစ်ယောက်တစ်ပေါက် ကန့်ကွက်စကား ဆိုကြ၏။
"ဖြစ်နိုင်ပါတယ်"
စန်းယွမ်မြို့ မြို့စားမင်းက ထောက်ခံမဲ တစ်မဲ ပေးလိုက်သည်။
လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်၏ မျက်နှာထားမှာမူ သိပ်မကောင်းလှပေ။
သူ မဟာမိတ်ဖွဲ့ဖို့ သဘောတူခဲ့တာက သူ့ကိုယ်သူ ပိုမြင့်သော နေရာ တစ်ခုကို ရောက်ချင်၍ပင်။ အခုတော့ အရှက်မရှိသည့် အကြီးအကဲ ချင်းယွင်က သူ့ကိုယ်သူ အသန်မာဆုံးဟု ပြောပြီး အာဏာ လုယူချင်နေပြန်ပြီ။
ယဲ့ဖုန်း နှင့် ဒုတိယမြို့စားမင်း တို့ကတော့ ဘာမှ မပြောဘဲ တိတ်ဆိတ်နေကြ၏။
"ဂိုဏ်းချုပ်ယဲ့... ခင်ဗျား ဘယ်လို ထင်လဲ"
ထိုအချိန်တွင် ယွင်ဟွာကျန်းရန်က ယဲ့ဖုန်းကို လှည့်ကြည့်ပြီး မေးလိုက်၏။
"ခင်ဗျားက ဆိုဟွန်းကျန်းရန်ကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တဲ့သူလေ... ခင်ဗျားရဲ့ ခွန်အားက အားလုံးအမြင်ပါပဲ... ခင်ဗျားလည်း မဟာမိတ်ခေါင်းဆောင် ရာထူးကို ယှဉ်ပြိုင်ဖို့ အရည်အချင်း ရှိပါတယ်"
ဒီစကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက်၊ အားလုံး၏ အကြည့်များသည် ယဲ့ဖုန်းဆီသို့ ရောက်ရှိသွားကြ၏။
လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်နှင့် အကြီးအကဲ ချင်းယွင်တို့သည် လန့်ဖျပ်သွားကြပြီး၊ ယဲ့ဖုန်းဆိုသော ပြဿနာကောင်ကြီး ရှိနေသေးသည်ကို မေ့နေခဲ့ကြသည်။
သို့သော် အကြီးအကဲ ချင်းယွင်က မိမိခွန်အားကို ယုံကြည်မှု ရှိသဖြင့် လှောင်ပြောင်လိုက်၏။
"ဆိုဟွန်းကျန်းရန် လောက်ကတော့... လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျုပ်က ရိုက်နှက်ထားလို့ ဝိညာဉ်အစအနလေးပဲ ကျန်တော့တာလေ... သူ့အင်အားက တစ်ဝက်ကျော် လျော့ကျနေတာ... မဟုတ်ရင် တခြားလူတွေ ဘယ်လိုလုပ် သူ့အားနည်းချက်ကို အခွင့်ကောင်း ယူနိုင်မှာလဲ"
ထိုစကား၏ ဆိုလိုရင်းမှာ ရှင်းလင်းပြတ်သားလှ၏။ အကယ်၍ အကြီးအကဲ ချင်းယွင်သာ ဦးစွာပထမ တိုက်ခိုက်ခြင်း မပြုခဲ့ပါက ယဲ့ဖုန်းအနေဖြင့် ဆိုဟွန်းကျန်းရန်ကို သတ်ဖြတ်နိုင်မည် မဟုတ်ပေ။
ယဲ့ဖုန်းမှာ ကံကောင်းထောက်မစွာဖြင့် အခွင့်ကောင်းဝင်ယူကာ အောင်ပွဲကို အချောင်ရလိုက်ခြင်းသာ ဖြစ်ကြောင်း ရည်ညွှန်းလိုက်ခြင်း ဖြစ်လေသည်။
ဒုတိယမြို့စားမင်း ဆက်ပြီး သည်းမခံနိုင်တော့သဖြင့် အသံနက်ကြီးဖြင့် ပြောလိုက်၏။
"ဂိုဏ်းချုပ်ယဲ့ရဲ့ ခွန်အားက ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် ဝန်းကျင်မှာ ရှိပါတယ်... ခင်ဗျားထက် မလျော့ပါဘူး အကြီးအကဲ ချင်းယွင်... ဘာလို့ ဂိုဏ်းချုပ်ယဲ့ကို လူရှေ့သူရှေ့မှာ နှိမ့်ချနေရတာလဲ"
"ဒါဆို တိုက်ကြည့်ကြမလား"
အကြီးအကဲ ချင်းယွင် အေးစက်စွာ ပြုံးလိုက်၏။
"ကျွန်တော် မဟာမိတ်ခေါင်းဆောင် ရာထူးကို စိတ်မဝင်စားပါဘူး"
ယဲ့ဖုန်း လက်ကာပြပြီး ပြောလိုက်ရာ လူတိုင်း အံ့ဩသွားကြ၏။
"ဂိုဏ်းချုပ်ယဲ့..."
ဒုတိယမြို့စားမင်း တစ်ခုခု ပြောချင်သေးသော်လည်း၊ ယဲ့ဖုန်းက လက်ကာပြလိုက်သဖြင့် ဆက်မပြောတော့ပေ။
တကယ်တော့ အကြီးအကဲ ချင်းယွင်က သူ့ထက် သန်မာသည်ဟု ယဲ့ဖုန်း မထင်ပါ။
မဟာမိတ်ခေါင်းဆောင် မလုပ်ချင်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အလုပ်ရှုပ်ခံလိုစိတ် မရှိခြင်းကြောင့် ဖြစ်သည်။ ဤရာထူးကိုသာ လက်ခံလိုက်ပါက ဖြေရှင်းရမည့် ပြဿနာပေါင်းများစွာ တန်းစီ၍ ရောက်ရှိလာတော့မည်။
သူ အမြတ်တနိုး တန်ဖိုးထားသည့် အေးဆေး တည်ငြိမ်သော ငါးခြောက်ဘဝကိုလည်း စွန့်လွှတ်လိုက်ရသလို ဖြစ်သွားမည်။ ထို့အပြင် မဟာမိတ်ခေါင်းဆောင် ဖြစ်သွားသည်နှင့် နတ်ဆိုးမြို့တော်ရှိ နတ်ဆိုးတပ်မတော်၏ အဓိကပစ်မှတ် ဖြစ်လာနိုင်ဖွယ် ရှိသည်။
တွက်ကြည့်လိုက်လျှင် ဤအရာက လုံးဝ မတန်ချေ။
"ကြည့်ရတာ ဂိုဏ်းချုပ်ယဲ့က သူ့အရည်အချင်း သူ သိပုံရတယ်... ကဲ... လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ်... ခင်ဗျား ဘာပြောစရာ ရှိသေးလဲ... အပြင်ထွက်ပြီး တစ်ပွဲလောက် တိုက်ကြည့်ကြမလား"
အကြီးအကဲ ချင်းယွင် အလွန် ဂုဏ်ယူဝင့်ကြွားနေ၏။
"ဒါက..."
လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် ခေတ္တ တွန့်ဆုတ်နေပြီးနောက် ခေါင်းခါလိုက်၏။
"ထားလိုက်ပါတော့... အကြီးအကဲ ချင်းယွင်က မဟာမိတ်ခေါင်းဆောင် ဖြစ်ချင်နေမှတော့... သူ့ကိုပဲ ပေးလိုက်ကြတာပေါ့"
"ဟွန်း... ဘာ ပေးလိုက်တာလဲ... ကျွန်တော်က စွမ်းရည်နဲ့ ရယူတာပါ"
အကြီးအကဲ ချင်းယွင် ဂုဏ်ယူစွာ ပြောလိုက်ပြီး၊ လက်စကို ဝှေ့ယမ်းကာ ပလ္လင်ပေါ်တွင် ထိုင်လိုက်၏။
"ကဲ... အခု ဒီမှာရှိတဲ့ တာအိုမိတ်ဆွေ အားလုံးက ဒုတိယ မဟာမိတ်ခေါင်းဆောင်တွေ ဖြစ်သွားကြပြီ... ငါတို့ရဲ့ 'နတ်ဆိုးနှိမ်နင်းရေး မဟာမိတ်အဖွဲ့' ကို ဒီနေ့ကစပြီး တည်ထောင်လိုက်ပြီ..."
လျိုယွင်ဂိုဏ်း ဂိုဏ်းချုပ် နှုတ်ခမ်း တွန့်ကွေးလိုက်ပြီး မေးလိုက်၏။
"မဟာမိတ်ခေါင်းဆောင်ကြီး... နောက်တစ်ဆင့် ဘာလုပ်ဖို့ စီစဉ်ထားလဲ"
ဒီစကားကို ကြားတော့ အားလုံး အကြီးအကဲ ချင်းယွင်ကို ကြည့်လိုက်ကြ၏။
အကြီးအကဲ ချင်းယွင် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး၊ ယဲ့ဖုန်းအပေါ် အကြည့် ရောက်သွားကာ ပြောလိုက်သည်။
"ပထမဆုံး အနေနဲ့ ရန်သူ့အခြေအနေကို ထောက်လှမ်းရမယ်... နတ်ဆိုးမျိုးနွယ်တွေရဲ့ နောက်ထပ် လှုပ်ရှားမှုကို သိမှ ငါတို့ ကြိုတင် ကာကွယ်လို့ ရမှာ... ဒီမှာရှိတဲ့ ဒုတိယ မဟာမိတ်ခေါင်းဆောင်တွေ ထဲမှာ... ဒုတိယ မဟာမိတ်ခေါင်းဆောင် ယဲ့ က 'ရွေးချယ်ခံရသူ' ဖြစ်ပြီး... ဘယ်သူမှ သူ့ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ဘူး... ဒါကြောင့် ဂိုဏ်းချုပ်ယဲ့ ကိုယ်တိုင် နတ်ဆိုးမြို့တော်ကို သွားပြီး ရန်သူ့အခြေအနေကို ထောက်လှမ်းဖို့ အဆိုပြုပါတယ်"
ဒီစကားကို ကြားတော့ လူအုပ်ကြီး အုံကြွသွားကြ၏။
‘နတ်ဆိုးမြို့တော်ကို သွားပြီး ထောက်လှမ်းရမယ်…’
‘ဒါ သေသွားခိုင်းတာနဲ့ အတူတူပဲ မဟုတ်ဘူးလား...
ဪ... ဟုတ်သားပဲ...
အကြီးအကဲ ချင်းယွင်က ဂိုဏ်းချုပ်ယဲ့ ကို မကျေနပ်ဘူးလေ... ဒါ တမင်သက်သက် ထောင်ချောက်ဆင်တာပဲ…’
ရှိသမျှ လူအားလုံး အကြီးအကဲ ချင်းယွင်၏ ကောက်ကျစ်သော အကြံအစည်ကို ရိပ်မိလိုက်ကြပြီး၊ အထင်တသေး အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
သို့သော် ပြဿနာက ရန်သူ့အခြေအနေကို ထောက်လှမ်းဖို့ ဆိုတာ တကယ် အရေးကြီးနေပြီး၊ ယဲ့ဖုန်းက လူတိုင်းထဲမှာ တစ်ဦးတည်းသော 'ရွေးချယ်ခံရသူ' ဖြစ်ကာ၊ သာမန်လူ တစ်ယောက်နှင့် မခြားနားသဖြင့်၊ နတ်ဆိုးမြို့တော်ထဲ ခိုးဝင်ဖို့ အသင့်တော်ဆုံး ဖြစ်နေပြန်သည်။ ဒါကြောင့် တခြားလူတွေလည်း အကြီးအကဲ ချင်းယွင်ရဲ့ အကြံက ယုတ္တိရှိသည်ဟု ယူဆမိနေကြ၏။
သို့သော်၊ နတ်ဆိုးမြို့တော်ကို ခိုးဝင်တာက အရမ်း အန္တရာယ်များသည်...။
သူတို့ကိုယ်တိုင် ဆိုလျှင်တော့ သွားချင်မှာ မဟုတ်ပါ။
"ငါ ကန့်ကွက်တယ်..."
ယဲ့ဖုန်း ချက်ချင်း မတ်တတ်ရပ်လိုက်၏။
သူ့ကို နတ်ဆိုးမြို့တော် သွားခိုင်းတယ် ဟုတ်လား...
နောက်နေတာလား...။
ဒီကိစ္စကို ယဲ့ဖုန်း လုံးဝ မလိုလားသလို၊ အကြီးအကဲ ချင်းယွင်၏ စီစဉ်မှုကိုလည်း အလွန် မကျေမနပ် ဖြစ်မိ၏။
အခုမှ အုပ်ချုပ်ခါစ ရှိသေးတယ်၊ သူ့ကို ဒုက္ခပေးဖို့ ကြံနေပြီ... နောက်ကျရင် ဘာတွေ ဆက်ဖြစ်မလဲ။
ဒီ သောက်သုံးမကျတဲ့ နတ်ဆိုးနှိမ်နင်းရေး မဟာမိတ်အဖွဲ့... မနေတာပဲ ကောင်းပါတယ်...
"ရိုင်းလိုက်တာ... ငါက မဟာမိတ်ခေါင်းဆောင် ကွ... မင်းက အမိန့်ကို ဖီဆန်ရဲသလား"
အကြီးအကဲ ချင်းယွင်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး၊ လှိုင်းလုံးကြီးများသဖွယ် ယဲ့ဖုန်းဆီသို့ ဖိနှိပ်လိုက်၏။
"ငါ ယဲ့ဖုန်း က... မဟာမိတ်အဖွဲ့ကနေ ထွက်တယ်..."
ယဲ့ဖုန်း ဘယ်လက်ကို ဆန့်ထုတ်လိုက်ရာ၊ လေဝိညာဉ်ပုလဲ လက်ဖဝါးပေါ်တွင် ပေါ်လာပြီး၊ အားဖြည့်ထားသော သူရဲကောင်း ဝိညာဉ်စွမ်းအားက ဒိုင်းကာတစ်ခု ဖန်တီးကာ အကြီးအကဲ ချင်းယွင်၏ အရှိန်အဝါကို တားဆီးလိုက်၏။
ထို့နောက် သူ လှည့်ထွက်လာခဲ့သည်။
"စိတ်မလိုက်ပါနဲ့ ဂိုဏ်းချုပ်ယဲ့..."
ယွင်ဟွာကျန်းရန် နှင့် ရေပေါ်ဖြူမြို့တော် ဒုတိယမြို့စားမင်း တို့ ကပျာကယာ မတ်တတ်ရပ်ပြီး လှမ်းတားလိုက်ကြ၏။
"မဟာမိတ်အဖွဲ့က ထွက်မယ် ဟုတ်လား... ဟား... နတ်ဆိုးနှိမ်နင်းရေး မဟာမိတ်အဖွဲ့ ဆိုတာ မင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ ရတဲ့ နေရာ မဟုတ်ဘူး"
အကြီးအကဲ ချင်းယွင် နောက်ဆုံးတော့ အခွင့်အရေး ရပြီဟု ယူဆကာ၊ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ယဲ့ဖုန်းဆီသို့ လက်တစ်ဖက် ဆန့်ထုတ်ကာ ဖမ်းဆွဲလိုက်၏။
"သွားစမ်း..."
ယဲ့ဖုန်းသည် ခန္ဓာကိုယ် ခွန်အား နှင့် သူရဲကောင်း ဝိညာဉ်စွမ်းအားကို လက်သီးထဲတွင် စုစည်းလိုက်ပြီး၊ ဧရာမ ကျောက်တုံးကြီး တစ်တုံး ပြိုကျလာသကဲ့သို့ အကြီးအကဲ ချင်းယွင်ဆီသို့ ထိုးချလိုက်၏။
"ဝုန်း..ဝရော"
အကြီးအကဲ ချင်းယွင် လွင့်စင်သွားပြီး၊ မာကျောသော သံမဏိ နံရံကြီးကို ဝင်တိုက်မိကာ၊ (၃) လက်မခန့် နက်သော လူပုံသဏ္ဍာန် အချိုင့်ကြီး ဖြစ်သွားလေတော့သည်။
"တိုက်ချင်ရင် အပြင်ထွက်ခဲ့"
ယဲ့ဖုန်း ပြောလိုက်ပြီး၊ ကောင်းကင်ယံသို့ ပျံတက်သွားကာ မြေအောက် ရှေးဟောင်းမြို့တော်၏ အထက်ပိုင်းသို့ ဦးတည်သွား၏။
"မင်းက မဟာမိတ်ခေါင်းဆောင်ကို စိန်ခေါ်ရဲတယ်ပေါ့... အာဏာသိမ်းချင်နေတာလား... ကောင်းပြီလေ..."
အကြီးအကဲ ချင်းယွင် ချက်ချင်း လိုက်သွား၏။
ကျန်သည့် လူတွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
"ဘယ်လို လုပ်ကြမလဲ"
"လိုက်ကြည့်ကြတာပေါ့..."
စကားမဆုံးခင်မှာပင် အားလုံး ပျံသန်း လိုက်ပါသွားကြ၏။
ထူထပ်သော ရှေးဟောင်း သစ်တောအုပ်ကြီး အထက်၌၊
ယဲ့ဖုန်း နှင့် အကြီးအကဲ ချင်းယွင် တို့သည် မီတာ (၁၀) ကျော် အကွာအဝေးမှ မျက်နှာချင်းဆိုင် ရပ်နေကြ၏။
ဒုတိယမြို့စားမင်း နှင့် လျိုယွင်ဂိုဏ်း အကြီးအကဲများသည် အဝေးမှ ရပ်ကြည့်နေကြပြီး၊ အချင်းချင်း အသည်းအသန် ဆွေးနွေးနေကြသည်။
"ဂိုဏ်းချုပ်ယဲ့ နိုင်မယ် ထင်လား"
"မဖြစ်နိုင်လောက်ဘူး... ဘာပဲပြောပြော ချင်းယွင် အဘိုးကြီးက မောက်မာပြီး သဘောထားသေးသိမ်ပေမယ့်... လူတကာ မုန်းအောင် လုပ်တတ်ပေမယ့်... သူ့ရဲ့ 'ချင်းယွင် ဓားသိုင်း'က တတိယအဆင့် ပြီးပြည့်စုံတဲ့ အဆင့် ရောက်နေပြီလေ... လက်နဲ့တင် ဓားချီ ထုတ်လွှတ်နိုင်တယ်... ဂိုဏ်းချုပ်ယဲ့ က ဘယ်လို လုပ် ကာကွယ်နိုင်မှာလဲ"
"အခြေအနေ မကောင်းဘူး..."
လူတိုင်း စိုးရိမ်သော မျက်နှာထားများ ဖြစ်ကုန်ကြ၏။
စန်းယွမ်မြို့ မြို့စားမင်းမှလွဲ၍ တခြား ဂိုဏ်းချုပ်တွေက ချင်းယွင်ကျန်းရန်၏ လက်အောက်မှာ နေရမှာကို သိပ်မလိုလားကြပေ။ သူတို့အားလုံး ယဲ့ဖုန်း နိုင်ပါစေဟု မျှော်လင့်နေကြသည်။
"ယဲ့ဖုန်း... ငါ မင်းကို မကြည့်ရတာ ကြာပြီ... ဒီနေ့ အသစ်၊ အဟောင်း အကြွေးတွေ အကုန်ရှင်းမယ်..."
ချင်းယွင်ကျန်းရန် အံကြိတ်ပြီး ပြောလိုက်၏။
"အသစ်ကိုတော့ လက်ခံပါတယ်... ဒါပေမဲ့ အဟောင်းက ဘာလဲ"
ယဲ့ဖုန်း ရုတ်တရက် ရယ်မောလိုက်၏။
"ခင်ဗျားရဲ့ ချင်းယွင်ဂိုဏ်း တပည့်တွေက ကျွန်တော်တို့ မြူခိုးဂိုဏ်း တပည့်တွေကို မနိုင်လို့... အငြိုးထားနေတာများလား... မဖြစ်နိုင်ပါဘူး... ဒီလောက် သဘောထားသေးသိမ်တဲ့သူ ရှိပါ့မလား... ဟားဟားဟား..."
တစ်ဖက်လူကို စော်ကားပြီးပြီ ဆိုမှတော့၊ ယဲ့ဖုန်းက မီးလောင်ရာ လေပင့် လုပ်လိုက်၏။
ဒေါသထွက်ပြီး မသေလျှင်တောင်၊ သေလုမြောပါး ဖြစ်သွားအောင် စနောက်လိုက်ဦးမည်...
"ပါးစပ်ပိတ်ထားစမ်း..."
ချင်းယွင်ကျန်းရန် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
သူက တကယ်ပဲ သဘောထားသေးသိမ်ပြီး ကျဉ်းမြောင်းသူ ဖြစ်သည်။ ငယ်ငယ်ကတည်းက အသေးအဖွဲ ကိစ္စလေးတွေနှင့် ရန်ဖြစ်တတ်သူ ဖြစ်၏။ ချင်းယွင်ဂိုဏ်း ဂိုဏ်းချုပ် ဖြစ်လာပြီးနောက် နည်းနည်း ထိန်းသိမ်းလာပေမယ့်၊ စိတ်သဘောထား ကတော့ ကျဉ်းမြောင်းနေဆဲ ဖြစ်ပြီး၊ အနည်းငယ်သော ထိခိုက်မှုကိုပင် သည်းမခံနိုင်ပေ။
တစ်ခါတုန်းက အကြီးအကဲ တစ်ယောက်က သူ့ကို ပြောဖူးသည်။ "မင်းရဲ့ စရိုက်ကို မပြောင်းလဲရင်၊ သဘောထား ကြီးကြီး မထားနိုင်ရင်... အဲ့ဒါက မင်းအတွက် 'နှလုံးသားနတ်ဆိုး' ဖြစ်လာပြီး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး"ဟူ၍။
အဲ့ဒီစကားက ချင်းယွင်ကျန်းရန်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။
"ဒါကို ယူလိုက်... ချင်းယွင် ဓားချီ.."
ချင်းယွင်ကျန်းရန်သည် လက်ချောင်းများကို ဓားသဏ္ဍာန် ပြုလုပ်ပြီး ယဲ့ဖုန်းကို ထိုးလိုက်ရာ၊ မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားအလင်းတန်း တစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး၊ မြေပြင်ပေါ်ရှိ သစ်ပင်များကိုပင် ထက်ပိုင်း ပိုင်းဖြတ်သွား၏။
ယဲ့ဖုန်းက ဘာမှ မပြောဘဲ၊ "ငှက်ပျောရွက်ယပ်တောင် အသေးစား" ကို (၂၂) ချက် ဆက်တိုက် ဝှေ့ယမ်းပြီး ဓားအလင်းတန်းကို တားဆီးလိုက်၏။
"ငှက်ပျောရွက်ယပ်တောင်ရဲ့ စွမ်းအားက နောက်ကျနေပြီပဲ..."
ယဲ့ဖုန်း သတိထားမိသည်မှာ နောက်ဆုံး ဝှေ့ယမ်းလိုက်သော အရှိန်သည် ချင်းယွင်ကျန်းရန်၏ ဓားချီထက် အားနည်းနေပြီး၊ ယပ်တောင်၏ အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်နေခြင်းပင်။
ဆိုလိုတာက နောင်ကျရင် ပိုသန်မာတဲ့ ရန်သူတွေနဲ့ တွေ့ရင်၊ ဒီယပ်တောင်က သုံးမရတော့ဘူး ပေါ့။
အရင်တုန်းက "ဝိညာဉ်မူလ နာရီ"လိုပါပင်၊... ယဲ့ဖုန်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်သွားတော့ အသုံးမပြုတော့ဘူး ဖြစ်နေသည်။
"ဟူး... နောက်ဆုံးတော့ လက်နက် ပြောင်းရတော့မယ် ထင်တယ်"
ယဲ့ဖုန်း ညည်းတွားလိုက်မိ၏။
"သူ တကယ်ပဲ ကာကွယ်လိုက်တယ်..."
ချင်းယွင်ကျန်းရန်သည် ယဲ့ဖုန်းက သူ့ဓားချီကို ယပ်တောင် တစ်ချက်တည်းနှင့် တားဆီးလိုက်တာ မြင်တော့ ဒေါသထွက်သွား၏။
"ကွဲစမ်း..."
ချင်းယွင်ကျန်းရန်သည် လက်နှစ်ဖက်စလုံးဖြင့် ဓားလက်ဟန်များ ရေးဆွဲကာ၊ ထက်ရှသော ဓားချီများကို ယဲ့ဖုန်းဆီသို့ မိုးရွာသလို ပစ်လွှတ်လိုက်၏။ မျက်တောင် တစ်ခတ်အတွင်း ဓားချီ ဒါဇင်ပေါင်းများစွာ ယဲ့ဖုန်းဆီသို့ ဦးတည် လာနေကြသည်။
"ကြမ်းလှချည်လား"
ယဲ့ဖုန်း အမြန် ရှောင်တိမ်းလိုက်၏။
“"ဝုန်း..ဝရော" "ဝုန်း..ဝရော" "ဝုန်း..ဝရော"”
ချင်းယွင် ဓားချီများသည် မြေပြင်ကို ရိုက်ခတ်သွားပြီး၊ ရှေးဟောင်း သစ်တောအုပ်ကြီးထဲတွင် ဥက္ကာပျံများ ကျသကဲ့သို့ တွင်းနက်ကြီးများ ဖြစ်ပေါ်စေခဲ့သည်။
"အခြေအနေ မကောင်းဘူး... ဂိုဏ်းချုပ်ယဲ့ အဖိနှိပ်ခံနေရတယ်"
ဒုတိယမြို့စားမင်း စိုးရိမ်တကြီး ပြောလိုက်ပြီး အော်ဟစ်လိုက်၏။
"ဂိုဏ်းချုပ်ယဲ့... ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို မြန်မြန် သုံးလိုက်ပါ..."
ထိုအခါ၊ ယဲ့ဖုန်းမှာ ရှောင်တိမ်းနေရင်း တီးတိုး ညည်းညူလိုက်သည်။
"ဓားဆွဲထုတ်ခြင်း နည်းစနစ်က ငါသုံးချင်တိုင်း သုံးလို့ရတာ မှတ်နေလား... မထိရင် ငါ ရှုံးပြီ... ထိသွားရင် ချင်းယွင်ကျန်းရန် နေရာမှာတင် ကိစ္စတုံးသွားမှာ"
လောလောဆယ် သူတို့နှစ်ယောက်က စမ်းသပ် တိုက်ခိုက်နေတာသာ ရှိသေးသည်။
အသေအကျေ တိုက်ပွဲ အဆင့်ထိ မရောက်သေးပေ။
ပြီးတော့ ချင်းယွင်ကျန်းရန် သေသွားလျှင်၊ လူသားမျိုးနွယ်ရဲ့ အင်အား လျော့နည်းသွားပြီး၊ နတ်ဆိုးမြို့တော်ကို ယှဉ်နိုင်ဖို့ ပိုခက်ခဲသွားလိမ့်မည်။
"ကွဲစမ်း..."
ချင်းယွင်ကျန်းရန်သည် သူ၏ အစစ်အမှန်ယွမ် ကုန်ခမ်းသွားမည်ကို လုံးဝ ဂရုမစိုက်ဘဲ၊ လက်နှစ်ဖက်ဖြင့် ဓားချီများကို ဆက်တိုက် ပစ်လွှတ်နေသညခ၊ ပိုပို မြန်ဆန်လာကာ၊ သူ့ရှေ့ရှိ လေထုသည် ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားပြီး မြင်ကွင်းကိုပါ ဝါးတားတား ဖြစ်စေ၏။
သို့သော် ထိုင်ကြည့်နေသူများ အားလုံးသည် နတ်ဘုရားအာရုံ ပိုင်ဆိုင်ထားသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသဖြင့်၊ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဖုန်မှုန့်များကို ဖောက်ထွင်းမြင်နိုင်၏။ ဆက်တိုက် ရှောင်တိမ်းနေသော ယဲ့ဖုန်းကို တွေ့မြင်နိုင်ကြသည်။
ချင်းယွင်ကျန်းရန် ကတော့ ကောင်းကင်ယံတွင် ရပ်လျက်၊ လူသားအမြောက်ကြီး တစ်လက်ကဲ့သို့ ဓားချီများကို မနားတမ်း ပစ်ခတ်နေ၏။
ဓားချီ တစ်ခုချင်းစီက သိပ်မပြင်းထန်ပေမယ့်၊ ဆက်တိုက် ပစ်ခတ်နေမှုက တားဆီးရ ခက်ခဲလှပေသည်။
"ဒါသာ မြို့တစ်မြို့ကို ဦးတည်ပြီး ပစ်လိုက်ရင်... ခဏလေးအတွင်း တစ်မြို့လုံး ပြာကျသွားမှာ... တကယ့် ချင်းယွင်ကျန်းရန် ပါပဲ"
"ဒီလူက အရမ်း သန်မာတာပဲ"
"ဟွန်း... အလကားပါပဲ... ခင်ဗျားတို့ သတိမထားမိဘူးလား... ဂိုဏ်းချုပ်ယဲ့က တစ်ချိန်လုံး ရှောင်နေတာလေ... ကျွန်တော့်အမြင်တော့ သူက ချင်းယွင်ကျန်းရန် အားကုန်သွားမယ့် အချိန်ကို စောင့်ပြီး ပြန်တိုက်ဖို့ ချောင်းနေတာ သေချာတယ်"
ဂိုဏ်းချုပ်များ တစ်ယောက် တစ်ပေါက် မှတ်ချက်ပေးနေကြ၏။
သူတို့အမြင်တွင် ဒေါသထွက်နေသော ချင်းယွင်ကျန်းရန်က ကြမ်းတမ်းသော်လည်း၊ ယဲ့ဖုန်းကို မထိနိုင်ပေ။ လောလောဆယ် ယဲ့ဖုန်းကို ဖိနှိပ်ထားနိုင်သော်လည်း၊ အားကုန်သွားရင် ရလဒ်က ခန့်မှန်းရ ခက်ခဲသည်။
ယဲ့ဖုန်း ဆက်လက် ရှောင်တိမ်းရင်း တန်ပြန်တိုက်ခိုက်မည့် နည်းလမ်းကို စဉ်းစားနေ၏။
အသေအကျေ တိုက်ပွဲသာ ဆိုလျှင်၊ ဓားဆွဲထုတ်ခြင်း နည်းစနစ် နှင့် လေဓာတ် ဝိညာဉ်စွမ်းအင် ပေါင်းပြီး ချင်းယွင်ကျန်းရန်ကို သတ်ပစ်လိုက်၍ ရသည်။
သို့သော်၊ ယခုက သူ ထိန်းချုပ်ထားရသည်။
"သိပြီ... ချုပ်နှောင်ခြင်း..."
ယဲ့ဖုန်း၏ မျက်လုံးများ တောက်ပသွားပြီး ဘယ်လက် အနည်းငယ် တုန်ရီသွား၏။
လေဝိညာဉ်ပုလဲ အတွင်းရှိ လေဓာတ် ဝိညာဉ်စွမ်းအင် (၃) ကြောင်းထဲမှ တစ်ကြောင်း တိတ်တဆိတ် လျော့နည်းသွားသည်။
"ယဲ့ဖုန်း... သရဲဘောကြောင်... မင်း ပြန်မတိုက်ရဲဘူးလား... အမှန်အတိုင်း ပြောပြမယ်... ငါ့ရဲ့ အစစ်အမှန်ချီ က အများကြီး ကျန်သေးတယ်... (၆) နာရီလောက် ဆက်တိုက် ပစ်နေရင်တောင် ပြဿနာ မရှိဘူး..."
ချင်းယွင်ကျန်းရန် အောင်နိုင်သူအဖြစ် ရယ်မောလိုက်၏။
"သူ အဲ့လောက် ကြာကြာ ခံနိုင်တာလား"
ဂိုဏ်းချုပ်များ မျက်နှာပျက်သွားကြ၏။
နောက်တစ်ခဏတွင် တောက်ပသော ကြိုးတစ်ချောင်း ချင်းယွင်ကျန်းရန်၏ ဘေးပတ်လည်တွင် ရုတ်တရက် ပေါ်လာပြီး၊ သူ့ကို "ဇောင်ဇီ" ( ဖက်ထုပ်) တစ်လုံးကဲ့သို့ ချက်ချင်း တုပ်နှောင်လိုက်၏။
"ဒါ ဘာမန္တန်လဲ"
ချင်းယွင်ကျန်းရန်သည် သူ့ကို ချည်နှောင်ထားသော အလင်းကြိုးက အလွန် မာကျောကြောင်း တွေ့ရှိလိုက်ရပြီး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် ဖိအားနဲ့တောင် ရုန်းမထွက်နိုင် ဖြစ်နေ၏။
"ချင်းယွင်ကျန်းရန် အဖမ်းခံလိုက်ရပြီ..."
"ဂိုဏ်းချုပ်ယဲ့ မှာ ဒီလို လှည့်ကွက် ရှိသေးတာလား"
လူအုပ်ကြီး ထိတ်လန့်သွားကြ၏။
ချင်းယွင်ကျန်းရန်ကို ချုပ်နှောင်နိုင်တယ် ဆိုရင်၊ သူတို့ကိုလည်း ချုပ်နှောင်နိုင်တယ် ဆိုတဲ့ သဘောပဲ။ ဒီလို တွေးမိတော့ သူတို့ ယဲ့ဖုန်းကို သတိထားပြီး ကြည့်လိုက်မိကြ၏။
"ပြီးပြီ"
ယဲ့ဖုန်း ကြေညာလိုက်ပြီး၊ ကြီးမားသော စွမ်းအားများ လွှမ်းခြုံထားသည့် လက်သီးကို မြှောက်လိုက်ကာ၊ ချင်းယွင်ကျန်းရန်၏ မျက်နှာကို ချိန်ရွယ်ပြီး သည်းကြီးမည်းကြီး ထိုးချလိုက်လေတော့သည်။
"ဝုန်း..ဝရော"
ချင်းယွင်ကျန်းရန်သည် ဥက္ကာပျံ တစ်လုံးကဲ့သို့ မြေကြီးပေါ်သို့ ဝုန်းခနဲ ပစ်ကျ သွား၏။ မျက်နှာတစ်ခြမ်းလုံး ဝက်ခေါင်းကြီးလို ရောင်ရမ်းနေပြီး၊ ပါးစပ်ထောင့်မှ သွေးများ စီးကျနေကာ၊ တစ်ကိုယ်လုံး တုန်ရီလျက် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသည်။
သူ့မျက်နှာထားက ဘဝကို ပြန်လည် သုံးသပ်နေသကဲ့သို့ ဖြစ်နေပြီး၊ ကောင်းကင်ယံကို တိတ်ဆိတ်စွာ မော့ကြည့်နေလေတော့သတည်း။