← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅) - မြေခွေးနတ်ဆိုးဘုရင်၏ တန်ပြန်တိုက်စစ်၊ မိုယင်၏ အဆင့်ချိုးဖျက်ခြင်း

~"တိုက်စစ်ကို မရပ်နဲ့... သူ့ကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်ကြစမ်း"

မြေခွေးမင်းသမီး၏ ရုပ်အလောင်းကို ပွေ့ပိုက်ထားသော မြေခွေးမင်းသမီး၏ မိခင်က အေးစက်လှောင်ပြောင်စွာ အမိန့်ပေးလိုက်၏။

"အမိန့်အတိုင်းပါ"

အစောင့်အရှောက် အကြီးအကဲ နှစ်ဦးက ခေါင်းညိတ်ပြကြချေ၏။ ၎င်းတို့သည် အပျက်အစီးများရှိရာသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားကြသည်။ ဒဏ်ရာအပြင်းအထန် ရရှိထားသော မြေခွေးဘုရင်ကို ဖမ်းဆီးပြီး ရက်စက်ကြမ်းကြုတ်ဆုံးသော နည်းလမ်းများဖြင့် အဆုံးစီရင်ရန် ပြင်ဆင်နေကြခြင်း ဖြစ်ပေသည်။

မြေခွေးဘုရင်၏ နောက်လိုက် နတ်ဆိုးဗိုလ်ချုပ်များမှာမူ မြေပြင်ပေါ်တွင် ဝပ်တွား ဒူးထောက်နေကြပြီး မည်သူမျှ မလှုပ်ရဲကြပါချေ။ သုံးမြီးမြေခွေးမျိုးနွယ်၏ အတွင်းရေး အာဏာလုပွဲတွင် ၎င်းတို့ ဝင်ရောက်စွက်ဖက်ရန် အရည်အချင်း မရှိကြသလို၊ အနိုင်ရသူ၏ နောက်သို့သာ လိုက်ပါကြရန် ဆုံးဖြတ်ထားပုံရ၏။

“ဘုန်း”

ထိုအခိုက်အတန့်၌ အပျက်အစီးပုံကြီးမှာ ပေါက်ကွဲထွက်သွားတော့သည်။ ဖုန်မှုန့်များကြားမှ ဧရာမ ပုံရိပ်ကြီးတစ်ခုသည် ရုန်းထွက်လာပြီး တောင်တစ်လုံးပမာ ခိုင်မာစွာ ရပ်တန့်လိုက်ချေ၏။ ပြင်းထန်သော ဖိအားများက ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားလေတော့သည်။

မြေခွေးဘုရင်သည် မြေကမ္ဘာမျောက်ဝံကြီး၏ ကျောရိုးပေါ်တွင် မတ်မတ်ရပ်လျက် ရှိချေ၏။ သူသည် အောက်ဘက်ရှိ နတ်ဆိုးများကို ငုံ့ကြည့်ကာ ရက်စက်သော မဲ့ပြုံးတစ်ခုကို ပြုံးလိုက်သည်။

"ဟင်"

အစောင့်အရှောက် အကြီးအကဲ နှစ်ဦးမှာ မျက်မှောင်ကြုတ်သွားကြ၏။ ၎င်းတို့သည် ဝိညာဉ်သိမ်းအမိန့်တော်ကို အသုံးပြုပြီး မြေခွေးဘုရင်နှင့် မျောက်ဝံကြီးအကြားရှိ ဆက်သွယ်မှုကို ဖြတ်တောက်ထားခဲ့သည် မဟုတ်ပါလား။ သို့သော် အဘယ်ကြောင့် မျောက်ဝံကြီးက ပြန်လည် ထရပ်နိုင်ရသနည်း။

"ဘာကို စောင့်နေကြတာလဲ... သူ့ကို သတ်ပြီး ငါ့သမီးအတွက် ကလဲ့စားချေပေးကြစမ်း"

မြေခွေးမင်းသမီး၏ မိခင်က ဒေါသတကြီးဖြင့် တိုက်တွန်းလိုက်၏။ သူမ၏ မျက်ဝန်းများတွင် နာကျင်မှုနှင့် ရန်ငြိုးများက အဆမတန် ပြည့်နှက်နေနေသည်။

"အမိန့်အတိုင်းပါ"

အစောင့်အရှောက် နှစ်ဦးသည် လက်ဟန်များကို တပြိုင်နက်တည်း ရေးဆွဲလိုက်ကြရာ ရွှေနီရောင် လက်သည်းကြီး တစ်ခုသည် မျောက်ဝံကြီး၏ ကျောပေါ်ရှိ မြေခွေးဘုရင်ဆီသို့ ပြေးဝင်သွားတော့သည်။ သို့သော်လည်း ထိုခဏတွင်ပင် မြေကမ္ဘာမျောက်ဝံကြီးမှာ ရုတ်တရက် လှုပ်ရှားလာချေ၏။

၎င်း၏ ကျန်ရှိသော လက်မောင်းတစ်ဖက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လက်သည်းကြီးကို ရိုက်ခွဲပစ်လိုက်သည်။ ထို့နောက် သန်မာသော ခြေထောက်များဖြင့် ခုန်လွှားကာ လက်သီးတစ်ချက်ဖြင့်သာ အစောင့်အရှောက် နှစ်ဦးလုံးကို လွင့်စင်သွားအောင် ထိုးနှက်လိုက်တော့၏။ မြေပြင်ပေါ်တွင် မီတာရာချီသော ချိုင့်ခွက်ကြီး ဖြစ်ပေါ်သွားပြီးမှ အစောင့်အရှောက် နှစ်ဦးမှာ ရပ်တန့်သွားကြသည်။

"အား"

အစောင့်အရှောက် နှစ်ဦးမှာ သွေးများ အန်ထွက်ကုန်ကြပြီး မျက်လုံးများမှာလည်း အံ့ဩမှင်သက်ခြင်းများဖြင့် ပြည့်နှက်နေတော့သည်။

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မြေခွေးမင်းသမီး၏ မိခင်မှာ လက်များ တုန်ရီနေမိချေ၏။ ဆက်သွယ်မှု ပြတ်တောက်နေပါလျက်နှင့် မြေခွေးဘုရင်က မျောက်ဝံကြီးကို မည်သို့ ထိန်းချုပ်နေရသနည်း။

"မင်းတို့ အံ့ဩနေကြတာလား... ငါ့ရဲ့ စစ်သည်တွေကို အသုံးချပြီး စုဆောင်းခဲ့တဲ့ အသက်စွမ်းအားတွေက ဒီအတွက်ပဲလေ။ မပြည့်စုံသေးတဲ့ 'ဓာတ်ငါးပါး နတ်ဆိုးဝင်္ကပါ' ကို ငါ တည်ဆောက်ခဲ့တာ"

မြေခွေးဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောရင်း ကြွေးကြော်လိုက်သည်။

"ဓာတ်ငါးပါး နတ်ဆိုးဝင်္ကပါ ဟုတ်လား"

ရှိသမျှ နတ်ဆိုးများ အားလုံး မျက်နှာပျက်သွားကြ၏။ ဤသည်မှာ နတ်ဆိုးမျိုးနွယ်များကြားတွင် တားမြစ်ထားသော ဝင်္ကပါတစ်ခု ဖြစ်ပေသည်။ ၎င်းကို အသုံးပြုလိုက်ပါက မတူညီသော နတ်ဆိုးနှစ်ကောင်၏ ခန္ဓာကိုယ်ကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်၏။

အစပိုင်းတွင် ၎င်းကို ဒဏ်ရာရသော နတ်ဆိုးများ အင်္ဂါအစိတ်အပိုင်း အစားထိုးရန် တီထွင်ခဲ့သော်လည်း နောက်ပိုင်းတွင် လောဘဇောတက်သော နတ်ဆိုးများက ခွန်အားတိုးတက်ရန်အတွက် အတင်းအကျပ် အသုံးပြုလာကြရာမှ တားမြစ်ခံခဲ့ရခြင်း ဖြစ်ချေသည်။

အခုတော့ မြေခွေးဘုရင်က မျောက်ဝံကြီးနှင့် ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

"ရှူး"

ပတ်ဝန်းကျင်မှ လေအေးရှူသံများ ထွက်ပေါ်လာချေ၏။

"ရှင်... အခုချက်ချင်း ရပ်လိုက်စမ်း"

မြေခွေးမင်းသမီး၏ မိခင်က အလန့်တကြား အော်ဟစ်လိုက်သည်။ သို့သော်လည်း မြေခွေးဘုရင်ကတော့ ဂရုမစိုက်ပါချေ။

"ဟား... ငါ့ကို ဒီလောက်အထိ တွန်းပို့ထားပြီးမှတော့ ငါက ရပ်မတဲ့လား"

ပြောပြောဆိုဆိုနှင့်ပင် မြေခွေးဘုရင်သည် သူ၏ မူလပုံစံသို့ ပြောင်းလဲလိုက်ပြီး သူ၏ ဦးခေါင်းကို လည်ပင်းမှ ဖြတ်တောက်ကာ မျောက်ဝံကြီး၏ လည်ပင်းတွင် သွားရောက် တပ်ဆင်လိုက်လေတော့သည်။ မြေခွေးဘုရင်၏ မူလခန္ဓာကိုယ်မှာမူ တဖြည်းဖြည်း ခြောက်ကပ်သွားပြီး စွမ်းအားများမှာ မျောက်ဝံကြီးထံသို့ စီးဝင်သွား၏။ ပြတ်တောက်နေသော လက်မောင်းတစ်ဖက်မှာလည်း ပြန်လည် ပေါက်ဖွားလာနေသည်။

"သူ့ကို မတားကြတော့ဘူးလား"

ဒဏ်ရာရနေသော အစောင့်အရှောက် နှစ်ဦးမှာ အစွမ်းကုန် ကြိုးစားတိုက်ခိုက်ကြသော်လည်း မြေခွေးဘုရင်ကတော့ အခွင့်အရေး မပေးပါချေ။ မျောက်ဝံကြီး၏ လက်ဝါးချက်ဖြင့် အစောင့်အရှောက် တစ်ဦးကို နေရာမှာတင် ရိုက်သတ်လိုက်ပြီး ၎င်း၏ အသက်စွမ်းအားကို ဝါးမြိုလိုက်၏။

"ညီလေး"

ကျန်ရှိနေသော အစောင့်အရှောက်မှာ ရင်ကွဲမတတ် အော်ဟစ်လိုက်သော်လည်း ရက်စက်လှသော မြေခွေးဘုရင်က ၎င်းကိုပါ ထပ်မံ သတ်ဖြတ်ပစ်လိုက်ပြန်သည်။

"ရှင်ကတော့ လူရူးပဲ... ငါတို့ မျိုးနွယ်စုရဲ့ နှစ်တစ်ထောင် အမွေအနှစ်တွေ ရှင့်လက်ထဲမှာ ပျက်စီးကုန်တော့မှာပဲ"

မြေခွေးမင်းသမီး၏ မိခင်သည် အသည်းအသန် ထွက်ပြေးရန် ကြိုးစားသော်လည်း မြေခွေးဘုရင်က မလွှတ်ပါချေ။ မျောက်ဝံကြီး၏ လက်ဝါးချက်ဖြင့် သူမ၏ ကျောရိုးကို ရိုက်ချိုးကာ သတ်ဖြတ်ပစ်လိုက်၏။ ထို့နောက် သူမ၏ အသက်စွမ်းအားကိုပါ ဝါးမြိုပြီး ပိုမို သန်မာလာလေတော့သည်။

"ဘယ်သူ ကျန်သေးလဲ"

မြေခွေးဘုရင်သည် သေဆုံးသွားသော ဇနီးသည်၏ အလောင်းကို နင်းခြေလျက် ပတ်ဝန်းကျင်ကို ခပ်စိမ်းစိမ်း ကြည့်လိုက်၏။ သူ ကြည့်လိုက်သည့်နေရာတိုင်းရှိ နတ်ဆိုးများမှာ ကြောက်လန့်တကြား ဒူးထောက်လိုက်ကြရတော့သည်။

"ဟီးဟီး... ဒါက နတ်ဆိုးဘုရင်ရဲ့ စွမ်းအားပေါ့လေ"

သူသည် ခန္ဓာကိုယ်အသစ်နှင့် အသားကျအောင် ကြိုးစားနေရင်း အားအင်များ ပြည့်ဝနေသည်ကို ခံစားနေရ၏။ ယခုအခါ သူသည် မြေခွေးခေါင်းနှင့် မျောက်ဝံကိုယ်ထည်ရှိသော ထူးဆန်းသည့် သတ္တဝါကြီး ဖြစ်သွားတော့၏။

"မင်းတို့ နတ်ဆိုးမြို့တော်ကို ဆက်ပြီး တည်ဆောက်ကြ... ငါက ဘိုးဘေးမြေမှာ ရက်နည်းနည်းလောက် တံခါးပိတ် ကျင့်ကြံဦးမယ်။ ငါ ပြန်ထွက်လာတဲ့အခါ 'နတ်ဆိုးမြို့တော်' ရဲ့ နာမည်က တောင်ပိုင်းမြစ်ဝှမ်း တစ်ခုလုံးကို တုန်လှုပ်စေရမယ်"

ပြောပြီးသည်နှင့် သူသည် မြေအောက်လိုဏ်ဂူထဲသို့ ဝင်ရောက်သွားလေတော့သည်။

---

မြူခိုးတောင်ထိပ်။

ယဲ့ဖုန်းသည် ရုတ်တရက် ကြက်သီးမွှေးညင်းများ ထသွားသည်ကို ခံစားလိုက်ရ၏။ အန္တရာယ် အငွေ့အသက်များက ပိုမို ပြင်းထန်လာနေသည်။ သူသည် ကုလားထိုင်မှ ထိုင်လိုက်ပြီး အဝေးသို့ လှမ်းကြည့်နေမိသည်။

"ဘာလို့ စိတ်ထဲမှာ မအေးမမြ ဖြစ်နေရတာလဲ... တစ်ခုခုကြီးကြီးမားမား ဖြစ်တော့မယ့်အတိုင်းပဲ"

ယဲ့ဖုန်းသည် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ သူသည် သံရည်ကျိုမီးဖိုကို ကြည့်ကာ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို အမြန်ဆုံး သွန်းလုပ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

---

ထုံကူမြို့၌၊

မိုယင်နှင့် ကျိဇီလင်းတို့သည် လမ်းမပေါ်တွင် ကျင့်ကြံသူ အတ္တသမားများကို နှိမ်နင်းနေကြ၏။ ထိုစဉ် ကျားနတ်ဆိုး တစ်ကောင် ပေါ်ထွက်လာပြီး မိုယင်နှင့် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

"မဆိုးဘူးပဲ... အလှလေးရဲ့ ဓားသိုင်းက တော်တော် ထက်တာပဲ"

ကျားနတ်ဆိုးက ခနဲ့တဲ့တဲ့ ရယ်မောလိုက်၏။ မိုယင်သည် ၎င်းကို အနိုင်ယူရန် ကြိုးစားနေရင်း အဟန့်အတား ကို ရောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။ သူမအတွက် အသည်းအသန် တိုက်ပွဲတစ်ခု လိုအပ်နေနေသည်။

“ဝရော”

မိုယင်နှင့် ကျားနတ်ဆိုးတို့၏ လက်နက်များ ထိတွေ့မိသည့်အခါ ပြင်းထန်သော အရှိန်အဟုန်ကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အဦများ ပြိုကျပျက်စီးကုန်တော့သည်။

"အစ်မ မို... သတိထားပါ"

ကျိဇီလင်းက စိုးရိမ်တကြီးဖြင့် လှမ်းအော်လိုက်၏။ သူမသည် ဤတိုက်ပွဲတွင် ဝင်ရောက်ကူညီရန် အင်အား မလုံလောက်ပါချေ။

မိုယင်သည် ဒဏ်ရာအချို့ ရရှိထားသော်လည်း မျက်ဝန်းများမှာမူ တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေချေ၏။ သူမ၏ သွေးကြောများအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ အရည်အဖြစ် ပြောင်းလဲလာပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ချိုးဖြတ်ရန် ပြင်ဆင်နေကြတော့သည်။

"မင်း...မင်းက တကယ်ပဲ အဆင့်တက်တော့မှာလား"

ကျားနတ်ဆိုးမှာ ထိတ်လန့်သွားပြီး နောက်သို့ ဆုတ်ရန် ကြိုးစားသော်လည်း မိုယင်ကတော့ အခွင့်အရေး မပေးတော့ပါချေ။ သူမသည် လေညှင်းစီးဓားကို တင်းတင်းဆုပ်ကာ အစွမ်းကုန် ခုတ်ပိုင်းလိုက်လေတော့သတည်း။

အခန်း (၂၀၆) - သန္ဓေတည်ခြင်း၊ သွေးကြောပြန်လည်ရှင်သန်ခြင်းဂါထာဆေးလုံး၏ အံ့ဖွယ်အသုံးဝင်ပုံ

~ထုံကူမြို့ အတွင်းရှိ လူဆိုးလူမိုက်များမှာ အိမ်ခေါင်မိုးများပေါ်တွင် ရပ်လျက် ကျားနတ်ဆိုး တစ်ကောင်လုံး မိုယင်၏ ဓားချက်အောက်တွင် သေဆုံးသွားရသည်ကို ကြည့်ကာ အသည်းတုန်မတတ် ထိတ်လန့်နေကြ၏။

သို့ဖြစ်သော်လည်း မိုယင်မှာ လောလောဆယ်တွင် လှုပ်ရှားနိုင်စွမ်း မရှိသေးသည်ကို သိကြသော်ငြားလည်း မည်သူမျှ အနားသို့ မကပ်ရဲကြပါချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ရုတ်တရက် ထရပ်ပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်ပါက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်အောက်ရှိ မည်သူမျှ တားဆီးနိုင်မည် မဟုတ်သည်ကို ကြောက်ရွံ့နေကြသောကြောင့် ဖြစ်ချေသည်။

တစ်ဆက်တည်းမှာပင် ကျိဇီလင်းမှာလည်း အားနည်းသူ တစ်ဦး မဟုတ်သည်ကို ရိပ်မိကြသဖြင့် ထိုလူဆိုးများမှာ အဝေးမှသာ ချောင်းကြည့်နေကြပြီး တချို့မှာမူ တိတ်တဆိတ် ထွက်ပြေးတိမ်းရှောင်ကုန်ကြလေတော့သည်။

ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်းကြေးမုံကို ကြည့်ရှုရင်း စနစ် မျက်နှာပြင်ကို ဖွင့်လှစ်လိုက်သည်။

အပြင်စည်းတပည့် မိုယင် - ချီစွမ်းအင်မှ အရှိတရားသို့ ပြောင်းလဲခြင်းအဆင့် ၊ နောက်ဆုံး အဟန့်အတားကို ချိုးဖျက်ရန် ကြိုးပမ်းနေဆဲ၊ နတ်ဘုရားအာရုံ စတင် ဖြစ်ပေါ်လာတော့မည်၊ အောင်မြင်မှုနှုန်း (၇၃) ရာခိုင်နှုန်း၊ (၆၉) ရာခိုင်နှုန်း၊ (၅၃) ရာခိုင်နှုန်း၊ (၄၄) ရာခိုင်နှုန်း ...

စနစ်၏ သတိပေးချက်ကို မြင်လိုက်ရသည့်အခါ ယဲ့ဖုန်း၏ ရင်ထဲတွင် မကောင်းသော အငွေ့အသက်တို့ လွှမ်းခြုံသွားလေတော့သည်။

"စနစ် ... မိုယင်ရဲ့ အောင်မြင်မှုနှုန်းက ဘာလို့ တရစပ် ကျဆင်းနေရတာလဲ"

ယဲ့ဖုန်းက စိတ်ပူပန်စွာဖြင့် မေးမြန်းလိုက်ရာ စနစ်က အေးစက်စက် အသံဖြင့် ပြန်လည် ဖြေကြားလာချေ၏။

"မိုယင်က မိမိသဘောဆန္ဒအလျောက် မဟုတ်ဘဲ အခြေအနေအရ အတင်းအကျပ် အဆင့်တက်ဖို့ ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။"

"စနစ်ရဲ့ တွက်ချက်မှုအရသာ ပြင်းထန်တဲ့ တိုက်ပွဲအပြီး အဟန့်အတား လျော့ရဲသွားချိန်မှ အဆင့်တက်ဖို့ ကြိုးစားမယ်ဆိုရင် သူ့ရဲ့ ပါရမီအရ ၁၀၀ ရာခိုင်နှုန်း အောင်မြင်နိုင်မှာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ ဒဏ်ရာရထားခြင်း၊ ဝိညာဉ်စွမ်းအင်ကို မထိန်းချုပ်နိုင်ခြင်းနဲ့ ပြင်ဆင်မှု မလုံလောက်ခြင်းတို့ကြောင့်..."

"တီ..တီ... အဆင့်တက်ရောက်ခြင်း ကျရှုံးသွားပါပြီ။”

"ဒီလောက် မြန်မြန်ကြီး ကျရှုံးသွားတာလား ..."

ယဲ့ဖုန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး စိုးရိမ်စိတ်တို့ဖြင့် မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားလေတော့သည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ လန်းဆန်းသော ရနံ့များ ထွက်ပေါ်နေသည့် ဆေးလုံး (၃) လုံးမှာ လေထဲတွင် ပေါ်လာချေ၏။

၎င်းတို့မှာ ဂိုဏ်းချုပ်တာဝန် ဒုတိယအဆင့် ပြီးမြောက်စဉ်က ရရှိခဲ့သော "သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံး"များ ဖြစ်ကြသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ တက်ရောက်ရန် ကြိုးစားရာတွင် ကျရှုံးခဲ့ပါက ဤဆေးကို သောက်သုံးခြင်းဖြင့် သွေးကြောများကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေပြီး နောက်ထပ် အခွင့်အရေးတစ်ရပ်ကို ရရှိစေနိုင်ပေသည်။

"တော်သေးတာပေါ့ ... ဒီဆေးလုံးတွေ ရှိနေလို့။ မဟုတ်ရင် မိုယင်ခမျာ တစ်သက်လုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို မရောက်နိုင်ဘဲ သောင်တင်နေတော့မှာ"

ယဲ့ဖုန်းသည် တိတ်တဆိတ် ဝမ်းမြောက်နေမိလေတော့သည်။

---

ထုံကူမြို့ဝယ်၊

မိုယင်သည် နီရဲသော သွေးတစ်လုပ်ကို အန်ချလိုက်ရ၏။ သူမ၏ သွေးကြောများအတွင်း၌ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရပြီး ရေခဲဓားများဖြင့် အမွှန်းခံရသကဲ့သို့ ပြင်းပြင်းထန်ထန် နာကျင်နေ၏။

"ငါ ... ရှုံးနိမ့်သွားပြီ ..."

မိုယင်… ခါးသက်စွာ ပြုံးလိုက်မိသည်။

မိုယင် မျက်လုံးပွင့်လာသည်ကို မြင်သောအခါ ကျိဇီလင်းမှာ ဝမ်းသာသွားသော်လည်း "ရှုံးနိမ့်သွားပြီ" ဟူသော စကားကြောင့် မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတော့သည်။

"စီနီယာအစ်မ ... အစ်မရဲ့ အရှိန်အဝါက အရင်ကထက် (၁၀) ဆလောက် ပိုသန်မာလာတာ မဟုတ်ဘူးလား ... ဘာလို့ ကျရှုံးသွားရတာလဲဟင် ..."

ကျိဇီလင်းက နားမလည်နိုင်စွာ မေးမြန်းလိုက်၏။

"သွေးကြောတွေ ကျယ်လာပြီး ဝိညာဉ်စွမ်းအင်တွေက 'အစစ်အမှန်ချီ' အဖြစ် ပြောင်းလဲသွားလို့ အင်အားက (၉) ဆလောက် တိုးလာတာတော့ မှန်ပါတယ်။ ဒါပေမဲ့ နတ်ဘုရားအာရုံက ဖြစ်ပေါ်မလာဘဲ နောက်ဆုံးအဆင့်မှာ တင် ကျရှုံးသွားခဲ့တာပါ"

မိုယင်က ညည်းတွားလိုက်၏။ သူမသည် မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း သွေးကြောများအတွင်းမှ စူးရှသော နာကျင်မှုကြောင့် အသံထွက်အောင် ညည်းညူရင်း ကျိဇီလင်းကို တွဲထားလိုက်ရတော့သည်။ သူမ၏ အရှိန်အဝါများမှာလည်း တဖြည်းဖြည်း ပြန်လည် ကျဆင်းသွားပြီး ချီစုစည်းခြင်း နဝမအဆင့်၏ (၆) ဆခန့်တွင်သာ တည်ငြိမ်သွားချေတော့သည်။

"အစ်မ မို ... အဆင်ပြေရဲ့လားဟင်"

ကျိဇီလင်းက ဝိညာဉ်စမ်းရေကို အမြန် တိုက်ကျွေးလိုက်သော်လည်း မိုယင်က လက်ကာပြလိုက်၏။

"ဒါက သွေးကြောတွေ ကျုံ့သွားတာမို့ ဝိညာဉ်စမ်းရေက အသုံးမဝင်ဘူး ညီမလေး ... အဆင့်တက်ဖို့ ကြိုးစားရင်း ကျရှုံးသွားရင် သွေးကြောတွေက အနည်းငယ် သေးသိမ်သွားတတ်တယ် ... ဒါကြောင့် အင်အားကလည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရဲ့ တစ်ဝက်လောက်ပဲ ထုတ်ဖော်နိုင်တော့မှာပါ"

ကျိဇီလင်းမှာ နှုတ်ခမ်းကို ကိုက်လျက် စီနီယာအစ်မကို နှစ်သိမ့်လိုက်သည်။

"စီနီယာအစ်မရယ် ... အကောင်းဘက်ကပဲ တွေးပါဦး ... အခု အစ်မရဲ့ အင်အားက အရင်ကထက် အများကြီး ပိုသန်မာလာတာပဲလေ ... နောင်ကျရင် ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် ကျင့်ကြံသူတွေနဲ့ တွေ့ရင်တောင် အစ်မ ရင်ဆိုင်နိုင်မှာပါ"

"ဟူး ..."

မိုယင် သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ သူမ၏ ထိပ်တန်းအဆင့် ပါရမီအရ မည်သည့် ဂိုဏ်းကြီးများတွင်မဆို ဂိုဏ်းချုပ်လောင်းအဖြစ် ပြုစုပျိုးထောင်ခြင်း ခံရမည် ဖြစ်ပြီး၊ ဂရုတစိုက် ကျင့်ကြံပါက ဤအဆင့်ကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်မည် ဖြစ်သော်လည်း၊ ယခုမူ အလျင်စလို လုပ်မိခဲ့သဖြင့် နောင်တရနေမိ၏။

"ဒီနေ့ကစပြီး ငါဟာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ရဲ့ တံခါးဝမှာတင် ရပ်တန့်သွားရတော့မှာပေါ့"

မိုယင်သည် ခနဲ့တဲ့တဲ့ ပြုံးလိုက်ရင်း သူမ၏ လေညှင်းစီးဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ လူဆိုးများကို အေးစက်စက် မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်၏။

"ပြေးကြဟေ့ ..."

ထုံကူမြို့မှ လူဆိုးများမှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြပြီး ဖရိုဖရဲ ထွက်ပြေးကုန်ကြတော့သည်။ မိုယင်သည် ဓားကို ပြန်လည် ဆွဲထုတ်လိုက်ပြီး ဓားသိုင်းကွက်များဖြင့် ထိုလူဆိုးများကို ဟင်းသီးဟင်းရွက်များ လှီးဖြတ်သကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် သုတ်သင်ပစ်လိုက်လေရာ ခဏချင်းအတွင်းမှာပင် ဒါဇင်ပေါင်းများစွာ သေဆုံးကုန်ကြတော့သည်။

"စီနီယာအစ်မ ..."

ကျိဇီလင်းသည် တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် သူမပါ ဓားကို ဆွဲထုတ်ကာ မိုယင်၏ နောက်သို့ လိုက်ပါသွားလေတော့သည်။

အမျိုးသမီး နှစ်ဦးမှာ ဘယ်ပြန်ညာပြန် ခုတ်ပိုင်းနေကြပြီး ဓားချီများမှာလည်း အရပ်မျက်နှာအနှံ့ လွှမ်းမိုးနေချေ၏။ ထုံကူမြို့အတွင်းရှိ လူဆိုးများမှာ တစ်ဦးပြီးတစ်ဦး လဲကျကုန်ကြရာ၊ ဒုက္ခရောက်နေသော ရွာသား ထောင်ပေါင်းများစွာမှာလည်း လွတ်မြောက်သွားကြသဖြင့် လမ်းမပေါ်တွင် ဒူးထောက်လျက် ကျေးဇူးတင်စကား ဆိုနေကြတော့သည်။

"အင်မော်တယ်တို့ ... ကျွန်တော်တို့ကို ချမ်းသာပေးပါဗျာ"

"ဝှစ်.."

နောက်ဆုံး ကျန်ရှိသော လူဆိုးမှာ ကျိဇီလင်း၏ ဓားချက်အောက်တွင် အသက်ပျောက်သွားသည့်အခါ၊ ဆယ်စုနှစ်တစ်ခုနီးပါး ကျားနတ်ဆိုး၏ ဖိနှိပ်မှုကို ခံခဲ့ရသော ဤရှေးဟောင်းမြို့တော်မှာ လွတ်လပ်မှုနှင့် ပျော်ရွှင်မှုတို့ကို ပြန်လည် ရရှိသွားလေတော့သည်။

"ကျေးဇူးတင်ပါတယ် အင်မော်တယ်တို့ရယ်"

"မြူခိုးဂိုဏ်းက အင်မော်တယ် ဆရာသခင်တို့ဟာ တကယ့်ကို သူတော်စင်တွေပါပဲ"

ထုံကူမြို့သားများမှာ ဆိပ်ကမ်းတွင် စုရုံးရောက်ရှိလာကြပြီး ကျိဇီလင်းနှင့် မိုယင်တို့ကို ကျေးဇူးတင်စကား ဆိုရင်း ပို့ဆောင်ပေးကြ၏။ သူတို့သည် အသားခြောက်များ၊ ဟင်းသီးဟင်းရွက်များနှင့် ငါးများကို လက်ဆောင်အဖြစ် ပေးအပ်ကြရာ လှေငယ်လေးမှာပင် နစ်မြုပ်လုမတတ် ဖြစ်သွားချေသည်။

"အားလုံးပဲ ... နောက်မှ ပြန်တွေ့ကြတာပေါ့"

ကျိဇီလင်းက လူအုပ်ကြီးကို ဓားဂါရဝ ပြုလိုက်ပြီးနောက် နတ်ဘုရားအာရုံဖြင့် လှေကို ထိန်းကျောင်းကာ ထွက်ခွာလာခဲ့၏။ မိုယင်မှာမူ လှေဦးတွင် လက်ပိုက်လျက် တိတ်ဆိတ်စွာ စဉ်းစားခန်း ဝင်နေမိသည်။

ကျိဇီလင်းသည် စီနီယာအစ်မ၏ အထီးကျန်ဆန်သော ကျောပြင်ကို ကြည့်ရင်း အားပေးစကားပင် မဆိုနိုင်ဘဲ သက်ပြင်းသာ ချနေမိတော့၏။

---

မြူခိုးတောင်ထိပ်မှာ၊

ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်းကြေးမုံမှတစ်ဆင့် ထိုအမျိုးသမီးနှစ်ဦး ပြန်လာသည်ကို ကြည့်ရင်း မိုယင်၏ စိတ်ခံစားချက်ကို နားလည်မိနေ၏။ သူသည် သွေးကြော ပြန်လည် ရှင်သန်ခြင်း ဆေးလုံးကို လက်ဖဝါးပေါ်တွင် တင်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။

"မိုယင် ပြန်ရောက်လာရင်တော့ သူ့ကို အံ့အားသင့်စရာတစ်ခု ပေးရဦးမှာပဲ"

“ဝီ…”

ဘေးနားရှိ သံရည်ကျိုမီးဖိုမှာ ရုတ်တရက် ပွင့်သွားပြီး ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာချေ၏။ ထို့နောက် လှပသော ပုံစံများ ရေးထွင်းထားသည့် ရှေးဟောင်း ကြေးဒင်္ဂါးပြား (၃) ပြားမှာ လေထဲတွင် ငြိမ်သက်စွာ ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။

ကြေးဒင်္ဂါး ဝိညာဉ်ဒိုင်းကာ - အဆင့်နိမ့် ဝိညာဉ်လက်နက်။

[မှတ်ချက် - သံရည်ကျိုမီးဖိုမှ ဂရုတစိုက် သွန်းလုပ်ထားသော ဤကြေးဒင်္ဂါး (၃) ပြားကို ပေါင်းစပ်လိုက်ပါက ကာကွယ်ရေး ဝိညာဉ်လက်နက် တစ်ခု ဖြစ်လာမည်။ တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင်၏ အစွမ်းကုန် တိုက်ခိုက်မှုကိုပင် မပျက်စီးဘဲ တောင့်ခံနိုင်စွမ်း ရှိသည်။]

ဤသည်မှာ ယဲ့ဖုန်း ယခုလေးတင် သွန်းလုပ်ပြီးစီးသွားသော အဆင့်နိမ့် ဝိညာဉ်လက်နက် ဖြစ်ချေ၏။ ဤလက်နက်ကြောင့် သံရည်ကျိုမီးဖို၏ အဆင့်မြှင့်ရန် စွမ်းအားမှာလည်း (၄၀) ရာခိုင်နှုန်းသို့ ရောက်ရှိသွားတော့သည်။

"နောက်ထပ် အဆင့်နိမ့် ဝိညာဉ်လက်နက် (၆၀) ဒါမှမဟုတ် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် (၆) ခုလောက် ထပ်လုပ်ပြီးရင်တော့ သံရည်ကျိုမီးဖိုကို ထိပ်တန်းအဆင့်အထိ မြှင့်လို့ ရပြီပေါ့"

ယဲ့ဖုန်းသည် ကြေးဒင်္ဂါးဒိုင်းကာကို သိမ်းဆည်းလိုက်ပြီး လက်ထဲမှ ဆေးလုံးကို ကြည့်ကာ တွေးတောနေမိ၏။

"နှမြောစရာ ကောင်းတာက ဒီဆေးလုံးက (၃) လုံးပဲ ရှိတာပဲ။ နောက်ကျရင် ထပ်ရဦးမလားတော့ မသိဘူး ... တကယ်လို့ ပစ္စည်းတွေကို ပုံတူကူးပေးနိုင်တဲ့ ဝိညာဉ်လက်နက်တစ်ခုခု ရှိရင်တော့ သိပ်ကောင်းမှာပဲဗျာ"

ထိုသို့ တွေးမိသည်နှင့် ယဲ့ဖုန်းသည် သံရည်ကျိုမီးဖိုဘက်သို့ အကြည့် ရောက်သွားတော့သည်။ မီးဖိုနှင့် ဆက်သွယ်ကြည့်လိုက်သည့်အခါတွင်မူ ...

ပုံတူကူးပေးနိုင်သည့် ဝိညာဉ်လက်နက်ကို ဖန်တီးနိုင်ပေသည် တဲ့။

သို့သော်လည်း အလွန် ရှားပါးသော ကုန်ကြမ်းအချို့ လိုအပ်နေသေးချေ၏။ လက်နက်၏ အမည်နှင့် ပုံသဏ္ဍာန်ကိုမူ မီးဖိုက အရိပ်အမြွက် ပြသလိုက်ရာ ယဲ့ဖုန်းသည် စက္ကူနှင့် ကလောင်ကို ထုတ်ယူပြီး သူ၏ အနုပညာ ပါရမီဖြင့် မကျွမ်းတကျွမ်း ရေးဆွဲလိုက်လေတော့သည်။

"တင်း ... စာရင်းသွင်တပည့် ကျိဇီလင်းဟာ သူ့ရဲ့ စစ်ဆေးရေး တာဝန်ကို ပြီးမြောက်ခဲ့ပြီ ဖြစ်တဲ့အတွက် အပြင်စည်းတပည့်အဖြစ် တိုးမြှင့်နိုင်ပါပြီ။ ဆုလာဘ် - သာမန် လာဘ်အိတ်အသေးစား x ၁"

ယဲ့ဖုန်း၏ စိတ်ကူးနှင့်အတူ လှပသော လာဘ်အိတ်လေးမှာ လက်ထဲတွင် ပေါ်လာချေ၏။

"ဖွင့်လိုက်စမ်း"

လာဘ်အိတ်လေးမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး လက်မအရွယ်အစား ရှိသော ကျောက်စိမ်းဖြူ တစ်တုံးမှာ ယဲ့ဖုန်း၏ လက်ဖဝါးပေါ်တွင် လင်းလက်လာတော့သည်။

"ဒါ ... 'နေနွေးကျောက်စိမ်း' ပါလား"

ယဲ့ဖုန်းက အံ့ဩတကြီး ရေရွတ်လိုက်မိ၏။

ဤအရာမှာ ပုံတူကူး ဝိညာဉ်လက်နက် ဖန်တီးရန် လိုအပ်သော ကုန်ကြမ်းများထဲမှ တစ်ခု ဖြစ်ချေသည်။

"သိပ်ကောင်းတာပဲ ... အခုဆိုရင် အဲ့ဒီလက်နက် လုပ်ဖို့ ပစ္စည်း (၃) ခုပဲ လိုတော့တယ်"

ယဲ့ဖုန်း တစ်ယောက် ရွှင်ပျစွာဖြင့် ကျောက်စိမ်းကို သိမ်းဆည်းလိုက်၏။

မျက်တောင် တစ်ခတ်အတွင်းမှာပင် ညအမှောင်ထု ရောက်ရှိလာတော့သည်။

မိုယင်နှင့် ကျိဇီလင်း တို့သည် မြူခိုးတောင်ထိပ်သို့ ပြန်လည် ရောက်ရှိလာကြတော့၏။

တပည့်များ၏ အံ့ဩနေသော အကြည့်များအောက်တွင် မိုယင်သည် ယဲ့ဖုန်း၏ ရှေ့တွင် ဒူးထောက်လိုက်လေတော့သည်။

" တပည့်မက စိတ်လိုက်မာန်ပါ လုပ်မိလို့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို တက်ရောက်ရာမှာ ကျရှုံးခဲ့ရပါတယ်။ ဒီဘဝမှာ နောက်ထပ် အခွင့်အရေး မရှိတော့ပါဘူး ... ဂိုဏ်းချုပ်အနေနဲ့ ကျွန်မကို အပြစ်ပေးပါ "

ပြောပြောဆိုဆိုနှင့်ပင် သူမသည် ဦးခိုက်ရန် ပြင်လိုက်သော်လည်း နူးညံ့သော လက်တစ်စုံက သူမကို ဆွဲထူလိုက်၏။

"ငါ့နောက် လိုက်ခဲ့ပါ"

ယဲ့ဖုန်းသည် သူမကို ဂိုဏ်းချုပ် ခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားလေတော့သည်။ မိုယင်မှာ နားမလည်နိုင် ဖြစ်နေသော်လည်း တိတ်တဆိတ် လိုက်ပါသွားခဲ့၏။ တခြား တပည့်များမှာမူ ကျိဇီလင်းကို ဝိုင်းအုံမေးမြန်းနေကြပြီး မိုယင်၏ အခြေအနေကို သိလိုက်ရသည့်အခါတွင်မူ အားလုံး စိတ်မကောင်း ဖြစ်နေကြရလေတော့သည်။

ခန်းမဆောင် အတွင်းမှာ၊

ယဲ့ဖုန်းသည် ဂိုဏ်းချုပ် ပလ္လင်ပေါ်တွင် ထိုင်လျက် မိုယင်ကို ပြုံးကြည့်နေ၏။

"ဂိုဏ်းချုပ်က ဘာလို့ ကျွန်မကို ကြည့်ပြီး ပြုံးနေတာလဲဟင် ..."

မိုယင်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး မျက်နှာလွှဲလိုက်မိသည်။ သို့သော်လည်း သူမတွင် အနက်ရောင် ဇာပဝါနှင့် ဦးထုပ် ပါရှိသဖြင့် ယဲ့ဖုန်းက သူမ၏ အမူအရာကို မြင်နိုင်မည် မဟုတ်သည်ကို သတိရကာ မျက်နှာ ပြန်လှည့်လိုက်၏။

"ငါ မင်းကို လှောင်နေတာ မဟုတ်ပါဘူး"

ယဲ့ဖုန်းက ခေါင်းခါပြလိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ လှပသော ပုံစံများ ပါရှိပြီး ထူးခြားသော ရနံ့များ ထွက်ပေါ်နေသည့် "သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံး" မှာ ပေါ်ထွက်လာတော့သည်။

"ဒါ ... ဒါက ဘာလဲဟင် ..."

မိုယင်က နားမလည်စွာ မေးမြန်းလိုက်၏။

"ဒါက သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံးပဲ။ မင်းရဲ့ သွေးကြောတွေကို အဆင့်မတက်ခင် မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးနိုင်ပြီး နောက်ထပ် အဆင့်တက်ခွင့် တစ်ကြိမ် ထပ်ပေးနိုင်တဲ့ ဆေးလုံးပေါ့"

ယဲ့ဖုန်းက ပြုံးရွှင်စွာ ရှင်းပြလိုက်သည့်အခါ မိုယင်၏ မျက်ဝန်းအစုံမှာ မျှော်လင့်ချက်ရောင်ခြည်များဖြင့် ရုတ်တရက် တောက်လက်သွားလေတော့သတည်း။

အခန်း (၂၀၇) - ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်သို့ တက်လှမ်းခြင်းနှင့် တတိယအဆင့် တာဝန်

~"ဒီလောကကြီးထဲမှာ ဒီလောက်တောင် အံ့ဩဖို့ကောင်းတဲ့ ဆေးစွမ်းတစ်လက် တကယ်ပဲ ရှိနေတာလားဟင်"

မိုယင်သည် သူမ၏ နားကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေချေ၏။

သို့ဖြစ်သော်ငြားလည်း ယဲ့ဖုန်း ဖန်တီးပြခဲ့သော မရေမတွက်နိုင်သည့် အံ့ဖွယ်များကို ပြန်လည် မြင်ယောင်မိသည့်အခါတွင်မူ သူမသည် မတွေဝေတော့ပါချေ။ မိုယင်သည် လက်များ တုန်ရီလျက်နှင့်ပင် "သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံး" ကို လှမ်းယူလိုက်ပြီးနောက် မဝံ့မရဲ ဖွင့်ဟမေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ် ... ဂိုဏ်းချုပ် အခုပြောတဲ့စကားတွေက တကယ်ပဲ ဟုတ်ပါတယ်နော်"

"ဧကန်မလွဲ အမှန်တရားပါပဲ"

ယဲ့ဖုန်းသည် ပလ္လင်ပေါ်မှ ထရပ်လိုက်ပြီး မိုယင်ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်၏။ ထို့နောက် သူမ၏ ပခုံးကို ခိုင်မာစွာ ပုတ်ပေးရင်း အားပေးစကား ဆိုလိုက်ချေသည်။

"ဒီတစ်ခါတော့ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထားပါ ... မင်း သေချာပေါက် အဆင့်တက်နိုင်ရမယ်"

"ဟုတ်ကဲ့ပါ"

မိုယင်သည် ဆေးလုံးကို မျိုချလိုက်လေတော့သည်။

နွေးထွေးသော အသက်စွမ်းအင် တစ်ခုသည် သူမ၏ သွေးကြောများအတွင်းသို့ စီးဆင်းသွားပြီး ဒဏ်ရာအမာရွတ်များ ပြည့်နှက်နေသော သွေးကြောများကို ပြုတ်ထားသော ကြက်ဥအကာကဲ့သို့ ချောမွတ် နူးညံ့သွားစေချေ၏။

"ဒါ ... ဒါက တကယ့်ကို အံ့မခန်း အာနိသင်ပါပဲလား"

မိုယင်သည် သူမ၏ သွေးကြောများမှာ အသစ်တဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ချိုးဖျက်ရန် နောက်ထပ် အခွင့်အရေးတစ်ရပ် ရရှိသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ ယခင်က အတွေ့အကြုံများ ရှိထားသဖြင့် ယခုတစ်ကြိမ် အဟန့်အတားကို ချိုးဖျက်ရန်မှာ သူမအတွက် အလွန် လွယ်ကူသွားတော့၏။ သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး အဆင့်တက်ရန် အစွမ်းကုန် ကြိုးပမ်းတော့၏။

ယခင်က ကျရှုံးခဲ့သော သင်ခန်းစာကို ယူထားသဖြင့် ယခုတစ်ကြိမ်တွင်မူ မိုယင်၏ အဆင့်တက်ခြင်းမှာ အလွန်ပင် ချောမွေ့လှပေသည်။

ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ အားလုံးသည် အရည်အသွေးမြင့် "အစစ်အမှန်ချီ"များအဖြစ် ပြောင်းလဲသွားကာ သန်မာလာသော သွေးကြောများအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားတော့သည်။ မျက်ခုံးနှစ်ခုကြားရှိ အသိစိတ်ပင်လယ်မှာလည်း နောက်ဆုံးတွင် အလင်းရောင်များ တဖျတ်ဖျတ် တောက်လက်လာတော့သည်။

“ဒေါင်”

မိုယင်၏ နဖူးအလယ်တွင် ဓားအလင်းတန်း တစ်ခု ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရချေ၏။ သူမ၏ ဝိညာဉ်တစ်ခုလုံး မြင့်တင်ခြင်း ခံလိုက်ရသည်။ ထိုအခိုက်အတန့်၌၊ နတ်ဘုရားအာရုံများမှာ သဘာဝအတိုင်းပင် စုစည်းသွားကာ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်သို့ တရားဝင် ခြေချနိုင်ခဲ့လေတော့သည်။

ယဲ့ဖုန်းသည်လည်း မိမိ၏ ခွန်အားမှာ (၁၀) ရာခိုင်နှုန်းခန့် တိုးတက်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်သဖြင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးကာ ပြုံးလိုက်မိ၏။ ဤသွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို သုံးစွဲလိုက်ရခြင်းမှာ တကယ့်ကို ထိုက်တန်လှပေသည်။

"တကယ်ကို မဆိုးပါဘူး"

ယဲ့ဖုန်းက မိုယင်ကို ကျေနပ်အားရသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

ဂိုဏ်းချုပ် ခန်းမဆောင် အပြင်ဘက်တွင်မူ၊

တပည့်များမှာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေကြရင်း စောင့်ဆိုင်းနေကြ၏။

"ဘာလို့ အခုထိ ထွက်မလာသေးတာလဲဗျာ"

"တစ်နာရီတောင် ကျော်နေပြီ"

"မလောကြပါနဲ့ဦး ... ဂိုဏ်းချုပ်က စီနီယာအစ်မ မိုယင်ကို စိတ်ပိုင်းဆိုင်ရာ အားပေးနေတာလည်း ဖြစ်မှာပေါ့ ... ဘာပဲပြောပြော အဆင့်တက်ဖို့ ကျရှုံးသွားတယ်ဆိုတော့ အစ်မကို တွေ့တဲ့အခါ ဂရုစိုက်ပေးကြရမယ်နော် ..."

“ကျွီ”

နောက်ဆုံးတွင် တံခါးကြီး ပွင့်လာတော့သည်။

မိုယင်နှင့် ယဲ့ဖုန်းတို့သည် ယှဉ်တွဲလျက် ထွက်လာကြချေ၏။

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူများတွင်သာ ရှိတတ်သော ပြင်းထန်သော အရှိန်အဝါ တစ်ခုသည် မိုယင်ထံမှ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်သို့ မုန်တိုင်းပမာ လွှမ်းခြုံသွားလေရာ တပည့်များမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြရတော့သည်။

အားလုံးက မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် မိုယင်ကို စိုက်ကြည့်နေကြမိ၏။

‘ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်...

မိုယင်က တကယ်ပဲ အဆင့်တက်သွားတာလား။

အဆင့်တက်ဖို့ ကျရှုံးသွားရင် တစ်သက်လုံး အခွင့်အရေး မရှိတော့ဘူးလို့ ပြောကြတာ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီး ...

ဒါဆိုရင် ဂိုဏ်းချုပ်က …’

တပည့်များမှာ တစ်စုံတစ်ခုကို တွေးမိသွားကြပြီး တပြိုင်နက်တည်း အသက်ရှူ မှားသွားကြလေတော့သည်။

လူတိုင်း၏ အံ့ဩနေသော မျက်နှာများကို ကြည့်ရင်း မိုယင်မှာ ခံစားချက်မျိုးစုံဖြင့် ရင်ထဲတွင် ပြည့်နှက်နေမိ၏။

အကယ်၍သာ ဂိုဏ်းချုပ်ထံတွင် "သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံး" ဆိုသည့် အံ့ဖွယ်ဆေးလုံးသာ မရှိခဲ့လျှင် သူမ၏ သွေးကြောများမှာ ယခုကဲ့သို့ ပြန်လည် လန်းဆန်းလာပြီး အဆင့်တက်နိုင်မည် မဟုတ်ပါချေ။

သူမသည် ကောင်းကင်ယံကို မော့ကြည့်လိုက်သည့်အခါ ယနေ့ည၏ အမှောင်ထုမှာ သူမအတွက် နွေးထွေးနေသကဲ့သို့ ခံစားရချေ၏။

အကြောင်းမှာတော့ သူမ အဆင့်တက်သွားခဲ့ပြီ မဟုတ်ပါလား။

ထိုသို့ တွေးမိသည်နှင့် မိုယင်သည် သူမ၏ ဘေးနားရှိ ယဲ့ဖုန်းကို လှည့်ကြည့်လိုက်၏။

သူမ၏ တောက်ပသော မျက်ဝန်းများတွင် ကျေးဇူးတင်ခြင်းများနှင့်အတူ အလွန် ထူးခြားသော ခံစားချက် တစ်ခုပါ ကိန်းအောင်းနေချေသည်။

အဲ့ဒါက ... ကြည်ညိုလေးစားမှုများလား။

ယဲ့ဖုန်းကတော့ သူ့ဘေးရှိ အလှပဂေးလေး၏ စိတ်လှုပ်ရှားမှုများကို သတိမထားမိဘဲ လက်ကို နောက်ပစ်ကာ တပည့်များကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။

ယနေ့ညတွင် တပည့်အားလုံး စုံစုံလင်လင် ရှိနေကြပေသည်။

ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံး တစ်ခု ပွင့်သီးလာပြီးနောက် သူ၏ စနစ်အိတ် (စနစ် နေရာလပ်) အတွင်းမှ ထူးခြားသော တပည့် တံဆိပ်ပြား (၁၃) ခုမှာ လွင့်ထွက်လာပြီး တပည့် တစ်ဦးချင်းစီ၏ ရှေ့တွင် ပျံဝဲနေကြ၏။

"ဒါကတော့ အသွင် အသစ် တပည့် တံဆိပ်ပြားတွေပဲ ... အားလုံးက အဆင့်နိမ့် ဝိညာဉ်လက်နက်တွေလေ ... ကာကွယ်ရေး ဒိုင်းကာလည်း ပါသလို မိုင် (၁၀၀) ပတ်လည်အတွင်းမှာ အချင်းချင်း စာပို့လို့လည်း ရတယ်"

ယဲ့ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိတ်ဆက်ပေးလိုက်၏။

ဒါကို ကြားတော့ တပည့်များမှာ အံ့ဩမှင်သက်သွားကြရပြန်သည်။

တပည့် တံဆိပ်ပြားကိုတောင် ဝိညာဉ်လက်နက် အဆင့်နှင့် လုပ်ပေးထားသည်လား။

ကြယ်နှစ်ပွင့် အဆင့် ရှိသည့် မြတ်မြတ်သော လေဓားဂိုဏ်းတောင်မှ ဒီလောက်အထိ ဂုဏ်ဒြပ် မပြနိုင်ပါချေ။

တပည့်များသည် ဝမ်းသာအားရဖြင့် မိမိတို့၏ အမည် ရေးထွင်းထားသော တံဆိပ်ပြားများကို ဆုပ်ကိုင်လိုက်ကြပြီး ပိုင်ရှင်အဖြစ် သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အမြန် လုပ်ဆောင်လိုက်ကြသည်။

“ဝီ”

လုံထျန်းရှင်းက ဦးဆောင်ပြီး ကာကွယ်ရေး ဒိုင်းကာကို အသက်သွင်းလိုက်၏။ (၃) မီတာ အချင်းရှိသော အမိုးခုံးပုံစံ ဒိုင်းကာကြီးက လုံထျန်းရှင်းကို လွှမ်းခြုံထားသည်ကို မြင်လိုက်ရသည့်အခါ ချောင်ကျားရှီး အစွမ်းကုန် ပြေးထိုးကြည့်သော်လည်း လုံးဝ မပြိုကွဲသွားသည်ကို တွေ့လိုက်ရ၏။

(‌‌ကျောက်ကျားရှီးကို ချောင်ကျားရှီးလို့ ပြောင်းလဲ သုံးနှုန်းသွားပါမည်။ )

"ဆက်ပြီး မစမ်းပါနဲ့တော့"

ယဲ့ဖုန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"ဒီဒိုင်းကာက ချီစုစည်းခြင်း နဝမအဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကို (၃) ကြိမ်အထိ တောင့်ခံနိုင်စွမ်း ရှိပါတယ်"

"ဟာ ... (၃) ကြိမ်ပဲလား"

လုံထျန်းရှင်းက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ညည်းတွားလိုက်၏။

ယဲ့ဖုန်းက ဒိုင်းကာအတွင်းသို့ လျှောက်ဝင်သွားပြီး လုံထျန်းရှင်း၏ ခေါင်းကို ခပ်ဖွဖွ ရိုက်လိုက်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။

"ဒီဂိုဏ်းချုပ် လုပ်ပေးထားတဲ့ တံဆိပ်ပြားတွေက ဝိညာဉ်ကျောက်တုံး မလိုဘူးကွ ... အထဲမှာ ဝိညာဉ်စွမ်းအင် ဆွဲဆောင်တဲ့ ဝင်္ကပါ ပါဝင်လို့ ပတ်ဝန်းကျင်က စွမ်းအင်တွေကို အလိုလို စုဆောင်းထားနိုင်တာ ... ရန်သူက အရမ်း မသန်မာဘူးဆိုရင် ဒီဒိုင်းကာက မင်းတို့ကို အကာအကွယ် ပေးဖို့ လုံလောက်ပါတယ်"

"အမ်…ဝိညာဉ်ကျောက်တုံး မလိုဘူး လား"

တပည့်များမှာ ထပ်မံ အံ့ဩသွားကြရပြန်၏။

ထို့နောက် တပည့်များမှာ တံဆိပ်ပြားများကို အချင်းချင်း စမ်းသပ်ကြည့်ကြရင်း ပျော်ရွှင်နေကြသည်။ ယဲ့ဖုန်းသည် ကျိဇီလင်း ကိုလည်း လှမ်းခေါ်လိုက်ပြီး သူမ၏ တာဝန် ပြီးမြောက်ခဲ့သဖြင့် အပြင်စည်းတပည့်အဖြစ် တရားဝင် တိုးမြှင့်ပေးလိုက်၏။

*

နောက်တစ်နေ့ နံနက်၌၊

ယဲ့ဖုန်းသည် ရှီလေ့ နှင့် အိုးယန်ဖုန်း တို့ကို မီးရှူးတိုင်မြို့ရှိ ဝူရွှမ်ဆောင် သို့ လွှတ်ကာ ဝိညာဉ်လက်နက်များကို ရောင်းချခိုင်းပြီး ပုံတူကူး ဝိညာဉ်လက်နက် ဖန်တီးရန် လိုအပ်သော ကုန်ကြမ်းများကို ဝယ်ယူခိုင်းလိုက်သည်။

ဟိုယွင်ကျဲကတော့ လင်းယွီယန် နှင့် ချိန်းဆိုထားသဖြင့် မီးရှူးတိုင်မြို့သို့ပင် ထွက်ခွာသွား၏။

မီးရှူးတိုင်မြို့ရှိ စားသောက်ဆိုင် တစ်ခု၌၊

လင်းယွီယန်က ဟိုယွင်ကျဲကို နတ်ဆိုးမြို့တော်၏ အခြေအနေများကို ပြောပြနေသည်။ ရွှေယန်မြို့ကို နတ်ဆိုးများ သိမ်းပိုက်လိုက်ပြီး နတ်ဆိုးဘုရင် တစ်ပါးက အုပ်ချုပ်နေကြောင်း၊ သို့ဖြစ်သော်လည်း မကြာသေးခင်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် ရောက်နေသော လျှို့ဝှက် ပညာရှင် တစ်ဦးက ဥက္ကာပျံမိုးများဖြင့် နတ်ဆိုးမြို့တော်ကို အကြီးအကျယ် ဖျက်ဆီးပစ်ခဲ့ကြောင်း စသည်ဖြင့်ပင်။

ဟိုယွင်ကျဲသည် ထိုသတင်းကို ကြားလိုက်ရသည့်အခါ စိုးရိမ်စိတ်များဖြင့် မြူခိုးတောင်ထိပ်သို့ အမြန် ပြန်လာခဲ့လေတော့သည်။ သူတို့ မသိလိုက်သည်မှာ ... ထိုဒဏ္ဍာရီလာ လျှို့ဝှက် ပညာရှင်ကြီးမှာ သူတို့၏ ဂိုဏ်းချုပ် ယဲ့ဖုန်း ပင် ဖြစ်နေခြင်း ဖြစ်ပေသည်။

မြူခိုးတောင်ထိပ်၌၊

ယဲ့ဖုန်း တစ်ယောက်.. လီကျောက်ကျောက် ချက်ပေးထားသော ဟင်းလျာများကို မြိန်ယှက်စွာ စားသောက်နေလေ၏။

"တီ..တီ ... ဂိုဏ်းထဲက တပည့်တစ်ဦးဟာ ပထမဆုံးအကြိမ် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် ဂိုဏ်းချုပ်ရဲ့ တတိယအဆင့် တာဝန်ကို စတင်လိုက်ပါပြီ"

ထိုအခိုက်အတန့်၌ စနစ်၏ သတိပေးချက် ထွက်ပေါ်လာ၏။

ယဲ့ဖုန်းသည် ကိုင်ထားသော တူကို ချလိုက်ပြီး သူ၏ မျက်ဝန်းများမှာ စူးရှတောက်ပသွားလေတော့သတည်း။

All Chapters