← Chapters

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၀၈) - ကြယ်အဆင့်ဂိုဏ်း တာဝန်နှင့် ပုံတူကူးကျောက်စိမ်း

~"နောက်ဆုံးတော့... ရောက်လာခဲ့ပြီပေါ့"

ယဲ့ဖုန်းသည် တတိယအဆင့် တာဝန်ကို များစွာ မျှော်လင့်နေခဲ့သူ ဖြစ်ပေသည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ရင်း စနစ်ဘောင် (စနစ် မျက်နှာပြင်) ကို ဖွင့်လှစ်လိုက်လေတော့၏။

(ဂိုဏ်းချုပ်၏ တတိယအဆင့် တာဝန်)

(တာဝန်အညွှန်း - မြူခိုးဂိုဏ်းကို ကြယ်အဆင့်ဂိုဏ်းအဖြစ် တိုးမြှင့်နိုင်ရန် ဦးဆောင်ပါ)

(တာဝန်ကာလ - တစ်နှစ်)

(တာဝန်ဆုလာဘ် - ပဉ္စမအဆင့် သိုင်းနည်းစနစ် (မူလအစ စည်းလုံးခြင်းချီ)၊ လျှို့ဝှက်ဆန်းကြယ်သော အဆင့်မြင့် ဝိညာဉ်လက်နက် (၁) ခု၊ လျှို့ဝှက်ဆန်းကြယ်သော ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် (၁) ခု၊ အလယ်အလတ်စား ဂိုဏ်းစောင့်ဝင်္ကပါ (၁) ခု၊ ဝိညာဉ်ပေါက်ကွဲဆေးလုံး (၃) လုံး၊ အံ့ဖွယ်အသွင်ပြောင်းဝိညာဉ်ဆေး (၃) လုံး၊ ကမ္ဘာငယ်အသွင်ပြောင်းလဲခြင်း (၃) မျိုး၊ အထောက်အကူပြုကျင့်စဉ် (၁) မျိုးနှင့် အထူးလာဘ်အိတ်အသေးစား (၃) အိတ်)

တတိယအဆင့် တာဝန်မှာ အမှန်တကယ်ပင် ကြယ်အဆင့်ဂိုဏ်း ဖြစ်မြောက်ရေးပင် ဖြစ်ချေသည်။ သို့သော်လည်း ယဲ့ဖုန်းမှာ အံ့ဩသွားရ၏။ အကြောင်းမူကား တာဝန်၏ အချက်အလက်များမှာ အလွန်ပင် နည်းပါးလှသောကြောင့် ဖြစ်ပေသည်။

တစ်ခုတည်းသော လိုအပ်ချက်မှာ မြူခိုးဂိုဏ်းကို ကြယ်အဆင့်ဂိုဏ်း ဖြစ်လာအောင် လုပ်ဆောင်ရန်သာ ဖြစ်တော့၏။

အသေးစိတ် လိုအပ်ချက်များကိုမူ ဖော်ပြထားခြင်း မရှိပါချေ။ အလွန် စည်းစနစ်ကျလှသော ဒုတိယအဆင့် တာဝန်များနှင့် နှိုင်းယှဉ်ပါက ဤတာဝန်မှာ ရိုးရှင်းလွန်းလှသည်ဟု ထင်မှတ်ရသော်လည်း ဆုလာဘ်များကို ကြည့်လိုက်သည့်အခါတွင်မူ ယဲ့ဖုန်းမှာ တံတွေးပင် မြိုချလိုက်ရလေတော့သည်။

ဧကန်မလွဲပင်... ဆုလာဘ်များမှာ အလွန်ပင် ကောင်းမြတ်လှပေ၏။

"စနစ်ရေ... ဂိုဏ်းက ကြယ်တစ်ပွင့် အဆင့် ရောက်သွားတာနဲ့ တာဝန်က ပြီးမြောက်ပြီလို့ ပြောချင်တာလား"

ယဲ့ဖုန်းက စိတ်ထဲမှ မေးမြန်းလိုက်ရာ စနစ်က အတိုချုံးပင် ပြန်လည်ဖြေကြားလာသည်။

"ဟုတ်ကဲ့ပါ"

ယဲ့ဖုန်းမှာ သဘောပေါက်သွားသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်မိ၏။

‘ကြည့်ရတာ စနစ်က ငါ့ကို အထူးလိုအပ်ချက်တွေ ၊ ကန့်သတ်ချက်တွေ ထပ်မပေးတော့ဘူး ထင်တယ်။ မြူခိုးဂိုဏ်းက ခရိုင်ဘုရင်မြို့တော်ရဲ့ အသိအမှတ်ပြုမှုကို ရတာနဲ့ ကြယ်အဆင့်ဂိုဏ်း ဖြစ်သွားမှာပဲ။ အဲ့ဒီအချိန်ကျရင် စနစ်ရဲ့ စစ်ဆေးမှုကိုလည်း အောင်မြင်ပြီးသား ဖြစ်သွားမှာပေါ့’

သာမန် အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ဂိုဏ်းများ၏ စစ်ဆေးမှုကို ထိုဒေသရှိ ကြယ်အဆင့်ဂိုဏ်းများက တာဝန်ယူရသော်လည်း ကြယ်အဆင့်ဂိုဏ်းများ တိုးမြှင့်ခြင်းကိုမူ ပိုမိုမြင့်မားသော ဂိုဏ်းကြီးများကသာ စစ်ဆေးအတည်ပြုကြခြင်း ဖြစ်ပေသည်။

ယဲ့ဖုန်းမှာ ရှေးဟောင်း မှတ်တမ်းများကို ဖတ်ရှုဖူးသဖြင့် ကြယ်ငါးပွင့်အဆင့် ထိပ်တန်းဂိုဏ်း တစ်ခု ပေါ်ပေါက်လာပြီး 'အင်မော်တယ်နယ်မြေမြတ်' အဖြစ် တက်လှမ်းလိုပါက ရှန်ကျိုးတိုက်ကြီးပေါ်ရှိ အနည်းဆုံး နယ်မြေမြတ် (၃) ခု၏ စစ်ဆေးမှုကို ဖြတ်ကျော်ရမည် ဖြစ်ကြောင်း သိရှိထားသည်။ သို့ဖြစ်သော်ငြားလည်း နယ်မြေမြတ်အဖြစ် တက်လှမ်းနိုင်သည့် လမ်းစမှာ တစ်ခုတည်း မဟုတ်ပါချေ။ ဥပမာအားဖြင့် အခြားနယ်မြေမြတ်များကို တိုက်ခိုက်အနိုင်ယူပြီး အညံ့ခံစေခြင်းမှာလည်း နည်းလမ်း တစ်ခုပင် ဖြစ်ပေသည်။

ရှန်ကျိုးတိုက်ကြီး တစ်ခုလုံးအတွက်မူ နယ်မြေမြတ်သစ် တစ်ခု ပေါ်ထွန်းလာခြင်းမှာ အရေးအကြီးဆုံးသော ဖြစ်ရပ်ပင် ဖြစ်ချေတော့၏။

"ကြည့်ရတာ ယွင်ဟွာဂိုဏ်းတို့ ၊ လျိုယွင်ဂိုဏ်းတို့ ဆီကို အချိန်ပေးပြီး သွားကြည့်ရမယ်ထင်တယ်။ မြူခိုးဂိုဏ်းက ကြယ်အဆင့်ဂိုဏ်းဖြစ်ဖို့ ဘာတွေ လိုအပ်နေသေးလဲဆိုတာ လေ့လာရမှာပေါ့"

ယဲ့ဖုန်းသည် တစ်ကိုယ်တည်း စဉ်းစားခန်းဝင်နေမိ၏။ ရေပေါ်ဖြူမြို့တော်သို့ မသွားရသည့် အကြောင်းမှာ မြို့ပြအဆင့်သတ်မှတ်ချက်နှင့် ဂိုဏ်းအဆင့်သတ်မှတ်ချက်မှာ ကွဲပြားသောကြောင့် ဖြစ်ပါသည်။ ယွင်ဟွာဂိုဏ်းထံမှ လေ့လာခြင်းက ပိုမိုစိတ်ချရပေလိမ့်မည်။

"ငါ အကြိမ်ကြိမ် ပြောခဲ့ဖူးပေမယ့် အခုတော့ ယွင်ဟွာဂိုဏ်းကို တကယ် သွားရမယ့်အချိန် ရောက်ပြီပေါ့"

ယဲ့ဖုန်းက ရေရွတ်ရင်း လာမည့်ရက်အနည်းငယ်အတွင်း ထွက်ခွာရန် ပြင်ဆင်နေမိ၏။ သို့သော်လည်း သူသည် မီးရှူးတိုင်မြို့ ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ ဟိုယွင်ကျဲ၊ ရှီလေ့နှင့် အိုးယန်ဖုန်းတို့မှာ တည်ကြည်လေးနက်သော မျက်နှာများဖြင့် ပျံသန်းပြန်လာကြသည်ကို မြင်လိုက်ရသည်။

"ဂိုဏ်းချုပ်ဦးလေး... ကိစ္စကြီးတော့မယ်"

မြေပြင်သို့ မဆင်းသက်မီမှာပင် ဟိုယွင်ကျဲက အရေးတကြီး လှမ်းအော်လိုက်၏။ ယဲ့ဖုန်းမှာ လန့်သွားရပြီး -

"ဘာဖြစ်လို့လဲကွ"

"နတ်ဆိုးမြို့တော် အကြောင်း ကြားပြီးပြီလားဗျ"

ဟိုယွင်ကျဲက မေးမြန်းလိုက်ရာ ယဲ့ဖုန်းက -

"အင်း... ကြားပြီးပြီလေ... အဲ့ဒါ ဘာဖြစ်လို့လဲ"

"ဒီနေ့ ကျွန်တော် လင်းယွီယန်နဲ့ ချိန်းထားတဲ့အချိန်မှာ သူက ပြောပြတယ်ဗျ။ ရွှေယန်မြို့က အခုတော့ နတ်ဆိုးမြို့တော် ဖြစ်သွားပြီတဲ့။ အဲ့ဒီမှာ နတ်ဆိုးဘုရင် တစ်ပါးရှိပြီး အရမ်း ကြောက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။ သူတို့က မိုင်တစ်ထောင် ပတ်လည်မှာရှိတဲ့ အင်အားစုတွေဖြစ်တဲ့ ရေပေါ်ဖြူမြို့တော်နဲ့ ကျွန်တော်တို့ မြူခိုးဂိုဏ်းကိုပါ တိုက်ခိုက်ဖို့ စီစဉ်နေကြတယ်တဲ့ ခင်ဗျာ"

ဟိုယွင်ကျဲ၏ မျက်နှာမှာ စိုးရိမ်စိတ်တို့ဖြင့် ပြည့်နှက်နေချေ၏။ သို့သော်လည်း ယဲ့ဖုန်းကတော့ အေးဆေးပင် -

"ဪ... အဲ့ဒါပြီးတော့ ဘာဖြစ်သေးလဲ"

"ဗျာ..."

ယဲ့ဖုန်းမှာ စိုးရိမ်ပုံမပေါ်သည်ကို မြင်ရသဖြင့် ဟိုယွင်ကျဲက အသည်းအသန် ထပ်ပြောသည်။

"ဂိုဏ်းချုပ်ဦးလေး... အဲ့ဒါ နတ်ဆိုးဘုရင်နော်... သာမန်နတ်ဆိုး မဟုတ်ဘူး"

"အေးအေး... စိတ်အေးအေးထားပါကွာ... နတ်ဆိုးမြို့တော်က လောလောဆယ် ငါတို့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်သေးပါဘူး"

ယဲ့ဖုန်းက လက်ကာပြလိုက်၏။ ဟိုယွင်ကျဲမှာ အံ့ဩသွားရပြီး -

"ကြည့်ရတာ ဂိုဏ်းချုပ်ဦးလေး တစ်ခုခု သိထားပုံရတာပဲ။ ဟုတ်ပါတယ်... နတ်ဆိုးမြို့တော်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် ပညာရှင်တစ်ဦးရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရလို့ အထိနာသွားတယ်လို့ ကြားမိပါတယ်။ အဲ့ဒီတော့ ရက်ပိုင်းအတွင်း ပြန်ထူထောင်ဖို့ မလွယ်ဘူးပေါ့လေ"

"အေးပေါ့ကွ... အဲ့ဒါကြောင့် စိတ်အေးအေးထားလို့ ပြောတာ"

ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ နတ်ဆိုးမြို့တော် အကြောင်းကို ယဲ့ဖုန်းထက် ပိုသိသူ မည်သူမျှ မရှိနိုင်ပါချေ။ အဘယ်ကြောင့်ဆိုသော် မနေ့ညက ထိုမြို့တော်တွင် ဥက္ကာခဲမိုးများ ရွာစေခဲ့သူမှာ သူကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။ သို့ဖြစ်သော်လည်း ဧရာမ မြေကမ္ဘာမျောက်ဝံကြီးကို ပြန်လည် မြင်ယောင်မိသည့်အခါ ယဲ့ဖုန်း၏ ရင်ထဲတွင် အန္တရာယ် အငွေ့အသက်မှာ ပိုမို ပြင်းထန်လာသကဲ့သို့ ခံစားရချေ၏။

ထိုမျောက်ဝံကြီးမှာ ပိုမို သန်မာလာသကဲ့သို့ပင်။

"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ဦးလေး"

ထိုအခိုက်အတန့်၌ အိုးယန်ဖုန်းနှင့် ရှီလေ့တို့၏ အသံကြောင့် ယဲ့ဖုန်းမှာ အတွေးစ ပြတ်သွားရသည်။

"ဘာဖြစ်လို့လဲကွ"

"ဂိုဏ်းချုပ် ခိုင်းတဲ့အတိုင်း မလိုတဲ့ အဆင့်နိမ့် ဝိညာဉ်လက်နက် (၁၀) ခုကျော်ကို ဝူရွှမ်ဆောင် ဆိုင်ရှင်ဆီမှာ သွားရောင်းခဲ့ပါတယ်။ သူက ကျွန်တော်တို့ရဲ့ လက်နက်တွေကို အရမ်း သဘောကျပြီး ချီးကျူးနေတာဗျာ။ အားလုံးပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀၀) ရခဲ့ပါတယ် "

အိုးယန်ဖုန်းက မှတ်တမ်းစာအုပ်ကို ထုတ်ပြလိုက်ရင်း -

"ပြီးတော့ ကျောက်တုံး (၁၀၀၀) သုံးပြီး ဂိုဏ်းချုပ် လိုချင်တဲ့ ကုန်ကြမ်း (၃) မျိုးနဲ့ သန့်စင်ခြင်း မရှိသေးတဲ့ သတ္တုရိုင်း တချို့ကိုပါ ဝယ်လာခဲ့ပါတယ် ခင်ဗျာ"

ပြောပြောဆိုဆိုနှင့်ပင် သူသည် လက်မအရွယ်အစားရှိသော ရွှေရောင်၊ ငွေရောင်နှင့် ကျောက်စိမ်းဖြူရောင်ရှိသော ကုန်ကြမ်း (၃) ခုကို စားပွဲပေါ်တွင် တင်လိုက်၏။ ယဲ့ဖုန်းမှာ ထိုအရာများကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ တွန့်ကာ ပြုံးလိုက်မိလေတော့သည်။

စနစ်မှရသော နေနွေးကျောက်စိမ်းနှင့် အခြားပစ္စည်းများ စုံလင်သွားပြီ ဖြစ်သဖြင့် အရာအားလုံးကို ပုံတူကူးပေးနိုင်မည့် ဝိညာဉ်လက်နက်ကို သွန်းလုပ်ရန် အဆင်သင့် ဖြစ်သွားတော့၏။

"သိပ်ကောင်းတာပဲ... ကဲ... အခု ငါ့ရဲ့ လက်စွမ်းကို စောင့်ကြည့်ကြတော့"

ယဲ့ဖုန်းသည် ကုန်ကြမ်းများကို သံရည်ကျိုမီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီး အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး (၅) တုံးကိုပါ ထပ်မံ ထည့်သွင်းလိုက်၏။

ချွင်... "ချွင်..."

မီးဖိုမှာ ပြန်လည် အလုပ်လုပ်တော့သည်။ ယဲ့ဖုန်းသည် ငှက်ပျောရွက်ယပ်တောင်လေးဖြင့် မီးခိုးများကို ခတ်ထုတ်ရင်း ဘေးမှ စောင့်ကြပ်နေ၏။ တပည့်များမှာလည်း စပ်စုသော မျက်လုံးများဖြင့် ဝိုင်းအုံကြည့်နေကြသည်။

"ဂိုဏ်းချုပ်ဦးလေး... အခု ဘာလုပ်နေပြန်တာလဲဟင်"

ဟင်းသီးဟင်းရွက် လှီးဖြတ်ပြီးခါစ လီကျောက်ကျောက်ကပါ အပြေးအလွှား ရောက်ရှိလာတော့သည်။

"အရင်က တစ်ခါမှ မရှိခဲ့ဖူးတဲ့ ဝိညာဉ်လက်နက် တစ်ခုကို လုပ်နေတာပါ"

ဟု ယဲ့ဖုန်းက ကြွေးကြော်လိုက်ချေ၏။

တပည့်များမှာ တိတ်ဆိတ်သွားကြပြီး ဂိုဏ်းချုပ် ဤမျှ အလေးထားရသည့် လက်နက်မှာ မည်သို့သော အရာဖြစ်မည်ကို သိချင်စိတ် ပြင်းပြနေကြတော့သည်။

နာရီဝက်ခန့် ကြာသည့်နောက်...၊

“ချွင်”

မီးဖိုအဖုံး ပွင့်သွားတော့သည်။ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာပြီး ခေါင်းခွံအရွယ်အစား ရှိသော အတွင်းပိုင်း ဗလာ ဖြစ်နေသည့် ဖန်သားလုံး တစ်ခုမှာ လေထဲတွင် အလိုအလျောက် ဝဲပျံနေတော့သည်။

"လှလိုက်တဲ့ ဝိညာဉ်လက်နက်လေးပဲနော်"

လီကျောက်ကျောက်က အံ့ဩတကြီး ရေရွတ်လိုက်မိ၏။

ယဲ့ဖုန်းသည် ထိုဖန်သားလုံးကို လှမ်းယူလိုက်ပြီး သူ၏ သွေးဖြင့် ပိုင်ရှင်အဖြစ် သတ်မှတ်လိုက်သည်။

ထို့နောက် စနစ်၏ အမှတ်အသားကိုပါ ခတ်နှိပ်လိုက်သည့်အခါ အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားချေတော့၏။

(ပုံတူကူးကျောက်စိမ်း - အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်)

(အညွှန်း - ဝိညာဉ်စွမ်းအင် လုံလောက်ပါက မည်သည့်အရာဝတ္ထုကိုမဆို အာရုံခံနိုင်ပြီး ၎င်း၏ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။ ထို့နောက် (၁၀) မိုင် ပတ်လည်အတွင်းရှိ ပိုင်ရှင်မဲ့ သက်မဲ့ပစ္စည်းများမှ လိုအပ်သော ဓာတ်သတ္တုများကို ရယူကာ လိုချင်သည့် အရာကို ဖန်တီးပေးနိုင်သည်။ )

ယဲ့ဖုန်းမှာ ထိုအညွှန်းကို ဖတ်ပြီးနောက် ခေါင်းကုတ်လိုက်မိ၏။

တကယ့်ကို မဆိုးလှပါချေ။

အရာအားလုံးကို လေထဲကနေ အလိုလို ဖန်တီးနိုင်ခြင်း မဟုတ်သော်ငြားလည်း ပတ်ဝန်းကျင်က ကုန်ကြမ်းတွေကို သုံးပြီး ပုံတူကူးပေးနိုင်တာကလည်း အတော်လေး အဆင်ပြေလှပေသည်။

"ကုန်ကြမ်း အရမ်းရှားတဲ့ ပစ္စည်းတွေ မဟုတ်ရင်တော့ ဒီပုံတူကူးကျောက်စိမ်းက အကုန်လုံးကို လုပ်ပေးနိုင်မှာပဲ"

ယဲ့ဖုန်းသည် ကျောက်စိမ်းလုံးကို ကိုင်ကာ တပည့်များကို တစ်ချက် ကြည့်လိုက်၏။

"ဂိုဏ်းချုပ်... ဒီဖန်သားလုံးက ဘာလုပ်လို့ ရတာလဲဟင်"

ကျိဇီလင်းက လူတိုင်းကိုယ်စား မေးမြန်းလိုက်သည်။

"အသုံးဝင်ပုံကတော့ အများကြီးပဲ ညီမလေးရဲ့"

ယဲ့ဖုန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ရေရွတ်လိုက်၏။

"လှလှပပ သွန်းလုပ်ထားတဲ့ ဖန်ခွက်တစ်လုံး ရပါစေသား"

ထိုခဏတွင်ပင် လှပသော ဖန်ခွက်တစ်လုံးမှာ စားပွဲပေါ်တွင် ပေါ်လာတော့သည်။ ကျိဇီလင်းမှာ ယဲ့ဖုန်း၏ ဆုတောင်းမှုကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်သဖြင့် အံ့အားသင့်သွားရ၏။

"ကဲ... အခုတော့ အံ့ဖွယ်ဖြစ်ရပ်ကို စောင့်ကြည့်ကြတော့"

ယဲ့ဖုန်းသည် ပုံတူကူးကျောက်စိမ်းကို အသုံးပြုပြီး ဖန်ခွက်၏ အချက်အလက်များကို အာရုံခံလိုက်သည်။ ခေတ္တအကြာတွင် ကျောက်စိမ်းလုံးအတွင်း၌ ဖန်ခွက်၏ သုံးဖက်မြင် ပုံရိပ်တစ်ခု ပေါ်လာတော့၏။

"ကြည့်စမ်း... ကျောက်စိမ်းထဲက ခွက်ပုံရိပ်က တကယ့်အစစ်လို ဖြစ်လာပြီဗျ"

တပည့်များမှာ မင်သက်လျက် အော်ဟစ်လိုက်ကြ၏။

ယဲ့ဖုန်းကတော့ ခပ်ပြုံးပြုံးပင်။

"နောက်ထပ် ပိုပြီး အံ့ဩစရာ ကောင်းတာ ရှိသေးတယ်"

သူသည် ကျောက်စိမ်းထဲမှ ပုံရိပ်ကို စားပွဲပေါ်သို့ ပစ်လွှတ်လိုက်ရာ မူရင်းဖန်ခွက်၏ ဘေးနားတွင် ထပ်တူညီသော ဖန်ခွက်တစ်လုံး ရုတ်တရက် ပေါ်ထွက်လာတော့သည်။

သို့ဖြင့် ပုံတူကူးခြင်း ပြီးမြောက်သွားတော့၏။ ယဲ့ဖုန်းသည် ဖန်ခွက်နှစ်လုံးကို ယူကာ အချင်းချင်း ခေါက်ပြလိုက်သည့်အခါ ကြည်လင်သော အသံလေး ထွက်ပေါ်လာတော့၏။

"ဒါ... ဒါက လေထဲကနေ ပစ္စည်းတွေကို ဖန်တီးလိုက်တာလားဗျ"

"ဒဏ္ဍာရီတွေထဲမှာတော့ ဒါဟာ နတ်ဘုရားတွေရဲ့ နည်းလမ်းလို့ ပြောကြတာပဲ။ ဂိုဏ်းချုပ်မှာ ဒီလို စွမ်းရည်မျိုး ရှိလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ တကယ့်ကို လူသားတွေကြားက နတ်ဘုရား တစ်ပါးလိုပါပဲလား"

တပည့်များမှာ ဖန်ခွက်နှစ်လုံးကို စိုက်ကြည့်ရင်း အံ့ဩတုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေလေတော့သတည်း။

အခန်း (၂၀၉) - သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို ပုံတူကူးခြင်းနှင့် သံရည်ကျိုမီးဖိုကို အဆင့်မြှင့်တင်ခြင်း

~"ဒါက လေထဲကနေ အလိုလို ဖန်တီးလိုက်တာလည်း မဟုတ်ဘူး... မရှိရာကနေ ရှိရာကို ဖော်ထုတ်လိုက်တာလည်း မဟုတ်ပါဘူး... ဒီ 'ပုံတူကူးကျောက်စိမ်း' ရဲ့ အစွမ်းသတ္တိပဲ ဖြစ်တယ်"

ယဲ့ဖုန်းသည် ခေတ္တမျှ စကားကို ရပ်နားလိုက်ပြီးနောက် -

"ဒီပုံတူကူးကျောက်စိမ်းဆိုတာ အလွန်ပဲ ဆန်းကြယ်လှတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုပါ... သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီမယ်ဆိုရင် ဘယ်အရာကိုမဆို ပုံတူကူးယူနိုင်တယ် လေ"

"ဘယ်အရာကိုမဆို ပုံတူကူးနိုင်တာလား"

တပည့်များမှာ အံ့ဩလွန်း၍ ထုံထိုင်းသွားကြ၏။

"အံ့ဩမနေကြပါနဲ့ဦး... ဒါက အမှန်တရားပါ... မင်းတို့ ဘာကို ပုံတူကူးချင်သလဲ... ဒီဂိုဏ်းချုပ်ကိုယ်တိုင် မင်းတို့အတွက် လုပ်ပေးပါ့မယ်"

ယဲ့ဖုန်းသည် ပုံတူကူးကျောက်စိမ်းကို ကိုင်မြှောက်လျက် ကြွေးကြော်လိုက်သည်။

ဤဝိညာဉ်လက်နက်သာ ရှိနေပါက "သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံး" များ ပြတ်လပ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပါချေ။

သို့ဖြစ်သော်ငြားလည်း ယဲ့ဖုန်းသည် မိုယင်မှအပ ကျန်ရှိသော တပည့်များကိုမူ ထိုဆေးလုံးအကြောင်း အသိမပေးခဲ့ပါချေ။

ယဲ့ဖုန်း၏ အမြင်အရ တပည့်များသာ ထိုဆေးအကြောင်း သိသွားပါက ကျင့်ကြံခြင်းတွင် လုံလောက်သော ဂရုစိုက်မှု ရှိတော့မည် မဟုတ်ဘဲ အဆင့်တက်ဖို့ ကျရှုံးလျှင်လည်း ဆေးရှိတာပဲ ဟူသော ပေါ့ဆစိတ်များ ဝင်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် တပည့်များ၏ ပြတ်သားသော စိတ်ဓာတ်ကို ပျက်ပြားစေနိုင်ပေသည်။

ထို့ကြောင့် ယဲ့ဖုန်းနှင့် မိုယင်တို့သည် ဤဆေးလုံးအကြောင်းကို လျှို့ဝှက်ထားရန် သဘောတူခဲ့ကြသည်။ တပည့်များအနေဖြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်သို့ တက်လှမ်းရန် တစ်သက်မှာ တစ်ကြိမ်သာ အခွင့်အရေးရှိသည်ဟု ယုံကြည်ထားမှသာ ပိုမိုကြိုးစားအားထုတ်ကြမည် မဟုတ်ပါလော။

ထိုအခိုက်အတန့်၌ လီကျောက်ကျောက်သည် ဒယ်အိုး တစ်လုံးကို ထုတ်ယူလိုက်ပြီး -

"ဂိုဏ်းချုပ်ဦးလေး... ကျွန်မ ဒီဒယ်အိုးကို ပုံတူကူးချင်ပါတယ်"

"ရတာပေါ့"

ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။ ဒယ်အိုး၏ အဓိကဒြပ်စင်များမှာ သံနှင့် ကာဗွန်တို့သာ ဖြစ်သဖြင့် မြူခိုးတောင်ထိပ် (၁၀) မိုင်ပတ်လည်တွင် ပေါများလှပေရာ ပုံတူကူးရန်မှာ လွယ်ကူလွန်းလှပေသည်။

နောက်တစ်ခဏတွင် ပုံတူကူးကျောက်စိမ်းသည် လီကျောက်ကျောက်၏ လက်ထဲမှ ဒယ်အိုးကို အာရုံခံလိုက်ပြီး အတွင်း၌ သုံးဖက်မြင်ပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ပတ်ဝန်းကျင်မှ လိုအပ်သော ဒြပ်စင်များကို စုပ်ယူတော့၏။

“ဝီ…”

ခေတ္တအကြာတွင် ပုံတူကူးကျောက်စိမ်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး စားပွဲပေါ်တွင် နောက်ထပ် ဒယ်အိုးတစ်လုံးမှာ အသွေးအသားရှိသော အစစ်အမှန်အရာဝတ္ထုအဖြစ် ပေါ်ထွက်လာချေတော့သည်။

လီကျောက်ကျောက်မှာ ဒယ်အိုးကို ခေါက်ကြည့်လိုက်သည့်အခါ "ချွင်" ဟူသော အသံမြည်လာသဖြင့် ဝမ်းသာအားရ ခုန်ပေါက်ကာ ပုံတူကူးကျောက်စိမ်း၏ အစွမ်းကို တဖွဖွ ချီးကျူးနေတော့၏။

"ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ အဝတ်အစားကိုလည်း ပုံတူကူးပေးပါဦး"

"ကျွန်တော်ကတော့ ငါးခြောက်တစ်ကောင်ကို ပုံတူကူးချင်တာဗျ"

"ကျွန်တော့်ကိုတော့ မိန်းမတစ်ယောက်လောက် ပုံတူကူးပေးပါဦး"

တပည့်များမှာ တစ်ယောက်တစ်မျိုး အပြိုင်အဆိုင် တောင်းဆိုလာကြတော့သည်။ ယဲ့ဖုန်းမှာ ထိုထူးဆန်းသော တောင်းဆိုချက်များကို ကြားရသည့်အခါ စကားပင် မဆိုနိုင်တော့ဘဲ ယုတ္တိရှိမည့် အရာအချို့ကိုသာ ရွေးချယ်၍ ပုံတူကူးပေးလိုက်၏။

ထို့နောက် သူသည် ဂိုဏ်းချုပ်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ကာ တံခါးပိတ်လျက် "သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံး" ကို ပုံတူကူးရန် ပြင်ဆင်တော့သည်။

"တီ..တီ... ကုန်ကြမ်းများ မလုံလောက်ပါ"

စနစ်က သတိပေးချက် ထုတ်ပြန်လာ၏။

"နန်လုတောင်တန်း (သို့မဟုတ်) ထိုက်ယွဲ့တောင်တန်းကို သွားရောက်ဖို့ အကြံပြုပါတယ်။"

"အဲဒီနေရာတွေမှာရှိတဲ့ ကြွယ်ဝတဲ့ သယံဇာတတွေက သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို ပုံတူကူးယူဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီပါတယ်။”

ဒါကို ကြားလိုက်ရသည်နှင့် ယဲ့ဖုန်းသည် နန်လုတောင်တန်းသို့ ချက်ချင်းပင် ထွက်ခွာခဲ့လေတော့သည်။

*

နန်လုတောင်တန်းဝယ်၊

ယဲ့ဖုန်းသည် မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင် ရပ်လျက် ကျယ်ပြောလှသော တောတောင်လျှိုမြောင်များကို ငုံ့ကြည့်နေမိ၏။ ထိုနေရာတွင် နတ်ဆိုးသားရဲများ ပေါများသကဲ့သို့ ဝိညာဉ်ပင်များလည်း စိမ်းလန်းစိုပြေလျက် ရှိချေသည်။

"ပုံတူကူးခြင်းကို စတင်လိုက်စမ်း"

ယဲ့ဖုန်းသည် ပုံတူကူးကျောက်စိမ်းကို အသက်သွင်းလိုက်ရာ ကျောက်စိမ်းလုံးမှ နူးညံ့သော အလင်းရောင်များ ဖြာထွက်လာပြီး (၁၀) မိုင်ပတ်လည်ကို လွှမ်းခြုံသွားတော့သည်။

နာရီဝက်ခန့် ကြာသည့်နောက်...

ပုံတူကူးကျောက်စိမ်းမှ အလင်းတန်း တစ်ခု တောက်ပလာပြီး လှပသော ပုံစံများပါရှိသည့် ဆေးလုံးတစ်လုံးမှာ လေထဲတွင် တဖြည်းဖြည်းနှင့် ပုံပေါ်လာသည်။

"တစ်လုံးရပြီ"

ယဲ့ဖုန်းမှာ မနားတမ်း ဆက်လက် ပုံတူကူးနေမိ၏။ သို့သော်လည်း ဤနေရာရှိ ဓာတ်ပစ္စည်းများမှာ ဆေးလုံး (၂) လုံးစာသာ ရှိသဖြင့် သူသည် နေရာရွှေ့ပြောင်းကာ အခြားတောင်တန်းများသို့ သွားရောက်ခဲ့ရသည်။ နန်လုတောင်တန်း၏ အနောက်မြောက်ဘက် တစ်ခုလုံးကို လှည့်ပတ်ပြီးနောက်တွင်မူ ယဲ့ဖုန်းသည် သွေးကြောပြန်လည်ရှင်သန်ခြင်း ဆေးလုံး (၅) လုံးကို စုဆောင်းနိုင်ခဲ့နေသည်။ မူလရှိထားသော (၂) လုံးနှင့် ပေါင်းလိုက်ပါက စုစုပေါင်း (၇) လုံး ဖြစ်သွားသည်။

"ဒါဆိုရင်တော့ လောလောဆယ် လောက်ငမှာပါလေ"

ယဲ့ဖုန်းသည် ဆေးလုံးများကို ကျောက်စိမ်းပုလင်းထဲ ထည့်ကာ စနစ်အိတ်အတွင်း၌ ဂရုတစိုက် သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် အဆင့်နိမ့်ဝိညာဉ်လက်နက်ဖြစ်သော "ဝိညာဉ်မူလနာရီ"အား ထုတ်ယူလိုက်သည်။ ဤလက်နက်မှာ သူ့အတွက် အလွန်အသုံးဝင်ခဲ့သော ပထမဆုံး လက်နက်ဖြစ်သော်လည်း အင်အားကြီးမားလာသည်နှင့်အမျှ ၎င်း၏ စွမ်းဆောင်ရည်မှာ နောက်ကျကျန်ရစ်ခဲ့နေသည်။

သို့သော်လည်း ယဲ့ဖုန်းသည် ဤလက်နက်ကို ပုံတူကူးယူကာ တပည့်တစ်ဦးချင်းစီအား ဝေပေးရန် ဆုံးဖြတ်လိုက်၏။ အဆင့်နိမ့် ကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများကို နှိမ်နင်းရာတွင် တပည့်များအတွက် များစွာ အထောက်အကူ ဖြစ်စေလိမ့်မည် မဟုတ်ပါလော။

ယဲ့ဖုန်းသည် ပုံတူကူးကျောက်စိမ်းဖြင့် ဝိညာဉ်မူလနာရီကို အာရုံခံကာ နောက်ထပ် နာရီတစ်လုံးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

"အဆင့်နိမ့် ဝိညာဉ်လက်နက်တွေကိုတောင် ပုံတူကူးနိုင်တာပဲ... တကယ့်ကို မဆိုးလှပါဘူး... ဒါပေမဲ့ ကြာလိုက်တာဗျာ... သံရည်ကျိုမီးဖိုကို သုံးတာလောက်တော့ မမြန်ဘူးပေါ့"

ယဲ့ဖုန်းက ခပ်နောက်နောက် ရေရွတ်လိုက်မိ၏။

မိုးချုပ်စပြုချိန်တွင် ယဲ့ဖုန်းမှာ မြူခိုးတောင်ထိပ်သို့ ပြန်လည်ရောက်ရှိလာပြီး သံရည်ကျိုမီးဖိုဖြင့် ဝိညာဉ်လက်နက်များကို ဆက်လက်သွန်းလုပ်ပြန်သည်။ သို့သော်လည်း လက်နက်သွန်းလုပ်ခြင်းမှာ ဝိညာဉ်ကျောက်တုံးများစွာကို ကုန်ဆုံးစေချေ၏။

(၃) ရက်အတွင်းမှာပင် ယဲ့ဖုန်းသည် အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး (၃၀)၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀၀) နှင့် လက်ဝယ်ရှိ သတ္တုရိုင်းအားလုံးကို အသုံးပြုခဲ့ရသည်။ ရလဒ်အနေဖြင့် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် (၂) ခုနှင့် အဆင့်နိမ့် ဝိညာဉ်လက်နက် (၃၀) ကို ရရှိခဲ့သည်။

"မြူခိုးဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က အားနည်းလွန်းသေးတာပဲ... (၃) ရက်လောက် ဆက်တိုက် လက်နက်လုပ်လိုက်တာနဲ့ အခုတော့ ငါ့မှာ ဝိညာဉ်ကျောက်တုံးတောင် မကျန်တော့ဘူး"

ယဲ့ဖုန်း၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားလေတော့သည်။ သူသည် သံရည်ကျိုမီးဖို အဆင့်မြှင့်ရန် စွမ်းအားများ စုဆောင်းခြင်းအပေါ်တွင်သာ အာရုံစိုက်နေမိသဖြင့် အစားမေ့ အိပ်မေ့ဖြစ်ကာ နောက်ဆုံးတွင် သူသည် သူဌေးဘဝမှ သူတောင်းစာ ဘဝသို့ ချက်ချင်းပင် ကူးပြောင်းသွားခဲ့ရရှာတော့၏။

သို့ဖြစ်သော်ငြားလည်း ယဲ့ဖုန်းသည် သံရည်ကျိုမီးဖို၏ အချက်အလက်များကို ဖွင့်ကြည့်လိုက်သည့်အခါတွင်မူ ဝမ်းသာအားရ ဖြစ်သွားရချေသည်။

(အဆင့်မြှင့်ရန် စွမ်းအား - ၁၀၃ ရာခိုင်နှုန်း - အဆင့်မြှင့်နိုင်ပါပြီ)

စွမ်းအားများ ပြည့်ဝသွားသည်။ ယဲ့ဖုန်းသည် ချက်ချင်းပင် အဆင့်မြှင့်ရန် နှိပ်လိုက်လေတော့၏။

ထိုအခါ၊ သံရည်ကျိုမီးဖို၏ မျက်နှာပြင်ပေါ်တွင် ခမ်းနားသည့် သင်္ကေတများစွာ ပေါ်ထွက်လာပသည်။ ရွှေဝါရောင် အလင်းတန်းများက မီးဖိုနံရံကို ရစ်ပတ်ထားသဖြင့် တကယ့်ကို မြင့်မြတ်သော အသွင်အပြင်ကို ဆောင်သွားလေတော့သည်။

"တီ..တီ... သံရည်ကျိုမီးဖို အဆင့်မြှင့်ခြင်း ပြီးမြောက်ပါပြီ"

ယခုအခါ သံရည်ကျိုမီးဖိုမှာ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ဖြစ်သွားတော့၏။ ယဲ့ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် မီးဖိုကို ကိုင်ကြည့်ရင်း လက်ဝယ်ရှိသော မီး၊ ရွှေ၊ မြေ၊ သစ်သား နှင့် ရေခဲ ဓာတ်ကြီးငါးပါး ပုံဆောင်ခဲများကို မီးဖိုထဲသို့ တပြိုင်နက်တည်း ပစ်ထည့်လိုက်လေတော့သည်။

"ငါ့အတွက် အကောင်းဆုံးဖြစ်မယ့် 'ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား' ကို သွန်းလုပ်ပေးစမ်း"

ယဲ့ဖုန်းက အမိန့်ပေးလိုက်၏။

"တီ..တီ... အခြေခံကုန်ကြမ်းများ လုံလောက်ပေမယ့်၊ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး (၁) တုံး နဲ့ အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး (၈၈) တုံး ထပ်မံ လိုအပ်ပါတယ်"

စနစ်၏ အေးစက်စက် အသံကြောင့် ယဲ့ဖုန်းမှာ မှင်သက်သွားရ၏။

"ဒါ... ဒီလောက်တောင် အများကြီးလားဟ"

ယဲ့ဖုန်းသည် ပုံဆောင်ခဲများကို အမြန်ပြန်ထုတ်လိုက်ရင်း သူ၏ နဖူးကို ရိုက်လိုက်မိ၏။

လက်နက်သွန်းလုပ်ရာတွင် ဝိညာဉ်ကျောက်တုံးများစွာ ကုန်ဆုံးမည်ကို သူ မေ့လျော့နေခဲ့မိပေသည်။

"ထိပ်တန်းအဆင့် ကျောက်တုံး တစ်တုံးက အလယ်အလတ်စား ကျောက်တုံး (၁၀၀) နဲ့ ညီတာဆိုတော့... ငါ့မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးပေါင်း (၁၈၈၀၀) တောင် လိုနေတာပေါ့... သောက်ခွေး... ဒုက္ခပဲ"

ယဲ့ဖုန်းသည် လက်မှိုင်ချကာ ရေရွတ်လိုက်မိ၏။ သံရည်ကျိုမီးဖိုကို အဆင့်မြှင့်ပြီးသွားပြီ ဖြစ်သော်လည်း ကျောက်တုံးမရှိသဖြင့် ဓားကို မသွန်းလုပ်နိုင်သေးပါချေ။

"အာ…ဟုတ်သားပဲ... ငါ့မှာ ရှိတဲ့ ဝိညာဉ်လက်နက်တွေကို ရောင်းလို့ရတာပဲ"

ယဲ့ဖုန်းသည် ယနေ့ သွန်းလုပ်ပြီးစီးထားသော ဝိညာဉ်လက်နက် (၃၂) ခုကို အကြည့် ရောက်သွား၏။ ထိုအထဲတွင် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် (၂) ခုဖြစ်သော ဓားပါးလေးနှင့် ခရမ်းရွှေရောင် ခေါင်းလောင်းလေးကိုမူ တပည့်များအတွက် ချန်ထားရန် ဆုံးဖြတ်လိုက်ပြီး ကျန်ရှိသော အဆင့်နိမ့် ဝိညာဉ်လက်နက် (၃၀) ကိုမူ ဈေးကောင်းကောင်းဖြင့် ရောင်းချရန် ပြင်ဆင်လိုက်တော့သည်။

"ကြည့်ရတာ ဝူရွှမ်ဆောင်ကို ကိုယ်တိုင် တစ်ခေါက် သွားရတော့မယ် ထင်တယ်"

ယဲ့ဖုန်းသည် လက်နက်အားလုံးကို သိမ်းဆည်းလိုက်၏။ သူသည် ဆိုင်ရှင်နှင့် ကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီး ဤလက်နက်များကို အမြင့်ဆုံးဈေးဖြင့် ရောင်းချနိုင်ရန် ကြိုးပမ်းတော့မည် ဖြစ်လေတော့သတည်း။

အခန်း (၂၁၀) - ဝူရွှမ်ဆောင်ဆိုင်ရှင်၏ အစစ်အမှန်ဝိသေသနှင့် လုံဝူမြို့တော်

~ယဲ့ဖုန်းသည် လျှပ်စီးပမာ လျင်မြန်စွာ လှုပ်ရှားလေ၏။

မြူခိုးတောင်ထိပ်မှ မီးရှူးတိုင်မြို့ဆီသို့ သွားရာတွင် (၁၅) မိနစ်ခန့်သာ ကြာမြင့်လေသည်။

"အို... ဂိုဏ်းချုပ်ယဲ့ ကိုယ်တိုင်ပါလား... ဂိုဏ်းချုပ် ရောက်ရှိလာတာဟာ ကျွန်တော့်ရဲ့ ဆိုင်လေးအတွက်တော့ တကယ်ကို ဂုဏ်ယူစရာပါပဲ ခင်ဗျာ"

ယဲ့ဖုန်းကို မြင်သည်နှင့် ဝူရွှမ်ဆောင် ဆိုင်ရှင်သည် မျက်နှာတစ်ခုလုံး အပြုံးများ ဝေဆာသွားပြီး -

"ဟုတ်သားပဲ... လွန်ခဲ့တဲ့ ရက်ပိုင်းက ဂိုဏ်းချုပ်ရဲ့ တပည့်ကြီးတွေ လာရောင်းသွားတဲ့ ဝိညာဉ်လက်နက်တွေက အရည်အသွေး တကယ်ကောင်းတယ်ဗျာ။ ကျွန်တော် နောက်ထပ် တစ်သုတ်လောက် ထပ်ဝယ်ချင်လို့ပါ... ဂိုဏ်းချုပ် ဘယ်လို သဘောရပါသလဲ ခင်ဗျာ"

"ကျွန်တော်လည်း အဲ့ဒီအတွက် လာတာပဲ"

ယဲ့ဖုန်းသည် အဆင့်နိမ့် ဝိညာဉ်လက်နက် (၃၀) ကို စားပွဲပေါ်သို့ ဝုန်းခနဲ ပစ်တင်လိုက်ရင်း -

"ဈေးဖြတ်ပေးစမ်း"

"ဒီလောက်တောင် အများကြီးလားဗျာ"

ဆိုင်ရှင်မှာ အသက်ရှူပင် မှားသွားရှာလေ၏။ သူသည် ဝိညာဉ်လက်နက် တစ်ခုကို ကောက်ယူကာ စတင် အကဲဖြတ်တော့သည်။

"ဒါက ခြေဝက်လောက်ရှိတဲ့ ဓားပျံလေးပဲ... ပုစဉ်းရင်ကွဲ အတောင်ပံလို ပါးလွှာပေမယ့် လက်ရာကတော့ သိပ်ကောင်းတာပဲဗျာ။ ဝင်္ကပါ ပုံစံတွေကလည်း သဘာဝအတိုင်း ဖြစ်ပေါ်နေသလိုပဲ... အသုံးပြုရင် လေညှင်းစီးဓားလိုပဲ ကြီးထွားနိုင်မယ် ထင်တယ်။ အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀) လောက်တော့ ရနိုင်တယ်ဗျ"

"ဒါကတော့ လှံရှည် တစ်လက်ပဲ... အတွင်းပိုင်းက ဟာနေပေမယ့် တကယ့်ကို တောင့်တင်းခိုင်မာလှပါတယ်။ အားဖြည့်သင်္ကေတတွေလည်း ပါဝင်နေတော့ တကယ်ကို ထက်မြက်ပြီး ထိုးစစ်ဆင်ဖို့ ကောင်းတာပဲ။ ဈေးနှုန်းကတော့ (၁၈၀) ဝန်းကျင်ပေါ့ဗျာ"

...

(၁၅) မိနစ် မပြည့်ခင်မှာပင် ဆိုင်ရှင်သည် အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို အပြီးသတ်လိုက်လေသည်။

"အဆင့်နိမ့် ဝိညာဉ်လက်နက် (၃၀) အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး စုစုပေါင်း (၅၈၀၀) ပေးပါ့မယ်။ ဂိုဏ်းချုပ် ဘယ်လို သဘောရပါသလဲ ခင်ဗျာ"

ဤသည်မှာ ဆိုင်ရှင်အနေဖြင့် ပေးနိုင်သည့် အမြင့်ဆုံးဈေးပင် ဖြစ်ချေသည်။ ဒီထက် ပိုပေးလျှင်မူ သူ ပြန်ရောင်းသည့်အခါ အမြတ်ဝက်ပင် ကျန်တော့မည် မဟုတ်ပါချေ။

"အကြွေတွေ မလိုချင်ဘူး... အဝိုင်းလိုက်ပဲ (၆၀၀၀) ပေးပါ။ ပြီးတော့ အလယ်အလတ်စား ဝိညာဉ်ကျောက်တုံးတွေနဲ့ပဲ ပေးရမယ်"

ယဲ့ဖုန်းက ပြတ်သားစွာ တောင်းဆိုလိုက်လေသည်။

"အဲ... ကောင်းပါပြီဗျာ"

ဆိုင်ရှင်မှာ အခက်တွေ့ဟန် ဆောင်လိုက်သော်လည်း ခေတ္တအကြာတွင် သဘောတူလိုက်လေ၏။

“ကျွန်တော့်မှာ ဒီထက် အရည်အသွေးမြင့်တဲ့ ဝိညာဉ်လက်နက် တစ်ခုလည်း ပါသေးတယ်”

ပြောပြောဆိုဆိုနှင့်ပင် ယဲ့ဖုန်းသည် တစ်ပေခန့် ရှည်သော အလယ်အလတ်အဆင့် ဝိညာဉ်ဓား တစ်လက်ကို ထုတ်ကာ စားပွဲပေါ်တွင် တင်လိုက်လေသည်။

“ထန်..”

ကြည်လင်သော ဓားသံလေးတစ်ခု ထွက်ပေါ်လာသည့်အခါ ဆိုင်ရှင်မှာ လန့်သွားရပြီး ရင်တုန်ပန်းတုန်ဖြင့် ဓားကို ကိုင်ကြည့်ရင်း အော်ဟစ်လိုက်မိလေ၏။

"ဒါ... ဒါက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် မဟုတ်လား။ ဂိုဏ်းချုပ်က ဒါကို တကယ်ပဲ ရောင်းမှာလားဗျ"

"ဒီဂိုဏ်းချုပ်က... အခုတလော လက်ဖျား ငွေမကပ်လို့ပါ"

ယဲ့ဖုန်းမှာ ရှက်ကာ မျက်နှာလေး အနည်းငယ် နီမြန်းသွားရရှာ၏။

"ငွေလိုနေတာလားဗျ"

ဆိုင်ရှင်က ခပ်ပြုံးပြုံး ရယ်မောလိုက်ပြီးနောက် ရုတ်တရက် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် -

"ဂိုဏ်းချုပ် ... ကျွန်တော့်ကို ယုံကြည်နိုင်ပါသလား"

ယဲ့ဖုန်းမှာ ထိုမေးခွန်းကြောင့် အံ့ဩသွားရပြီး -

"ဘာကို ဆိုလိုတာလဲ ဆိုင်ရှင်"

"အကယ်၍သာ ဒီအလယ်အလတ်အဆင့် ဝိညာဉ်ဓားကို အမြင့်ဆုံးဈေးနဲ့ ရောင်းချင်တယ်ဆိုရင်တော့ လေလံတင် ရောင်းချတာက အကောင်းဆုံးပါပဲဗျာ"

"လေလံပွဲ ဟုတ်လား... ဘယ်လောက်လောက် ရနိုင်မှာမို့လို့လဲ"

ယဲ့ဖုန်းမှာ နည်းလမ်းကို ဂရုမစိုက်ပါချေ။ သူ သိချင်သည်မှာ ဈေးနှုန်းသာ ဖြစ်လေသည်။

"ဂိုဏ်းချုပ်ရဲ့ ဒီဓားက လက်ရာ တကယ့်ကို ပြောင်မြောက်ပါတယ်။ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တွေထဲမှာတော့ ထိပ်တန်းပါပဲဗျာ။ လေလံပွဲမှာဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၅၀၀၀) ဝန်းကျင်တော့ ရနိုင်မှာပါ"

ဟု ဆိုင်ရှင်က ခန့်မှန်းပေးလိုက်လေ၏။

"အဲ့ဒီလောက်တောင်လား"

ယဲ့ဖုန်း… မျက်ခုံးပင့်လိုက်မိ၏။

သာမန် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခုသည် ကျောက်တုံး (၂၀၀၀) ခန့်သာ ရတတ်သော်လည်း ဤဓားမှာ နှစ်ဆကျော် ရနိုင်သည် ဆိုတော့ကာ ... (၂) လက် ရောင်းရုံဖြင့် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ရနိုင်နေသည်။

"ကောင်းပြီလေ... လေလံပွဲက ဘယ်မှာလဲ"

ယဲ့ဖုန်းမှာ စိတ်ဝင်စားသွားတော့၏။

"ကျွန်တော့်ရဲ့ ဇာတိမြေဖြစ်တဲ့ လုံဝူမြို့တော် မှာပါဗျ။ ယွင်ဟွာဂိုဏ်းရဲ့ ဘေးနားတင် ရှိတာပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်ဟာ 'ဘဏ္ဍာတော်ဆောင်' ကုန်သည်အသင်းရဲ့ ခေါင်းဆောင် သားအရင်းပါပဲ"

"လုံဝူမြို့တော်... ဘဏ္ဍာတော်ဆောင်"

ယဲ့ဖုန်းသည် မှတ်ဉာဏ်များကို ပြန်လည် ရှာဖွေကြည့်လိုက်သည့်အခါ လုံဝူမြို့တော်မှာ ကြယ်အဆင့် မြို့တော် မဟုတ်သော်ငြားလည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပညာရှင် အများအပြား ရှိကြောင်း သိလိုက်ရလေသည်။

"ဪ...ခင်ဗျားက ဘဏ္ဍာတော်ဆောင်ရဲ့ သခင်လေး ဖြစ်နေတာကိုး။ ခင်ဗျားဆီမှာ ဘာလို့ ရတနာတွေ အများကြီး ရှိနေပြီး မိုးမလင်း မိုးမချုပ် ဖွင့်နိုင်တဲ့ ဝူရွှမ်ဆောင်ကို ဘာလို့ တည်ထောင်နိုင်သလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်ဗျာ"

ယဲ့ဖုန်းက သဘောပေါက်သွားသည့် အမူအရာဖြင့် ရေရွတ်လိုက်၏။

"ဟီးဟီး... စီးပွားရေး အသေးအမွှားလေးတွေပါဗျာ"

ဆိုင်ရှင်သည် သူ၏ မျက်နှာဖုံးကို ခွာချလိုက်သည့်အခါ သူ၏ အစစ်အမှန် ရုပ်ရည် ပေါ်ထွက်လာတော့သည်။

သူသည် ဖြူစင်သန့်ပြန့်သော အသားအရေနှင့် ပါးရိုး အနည်းငယ် ပေါ်လွင်နေသော လူငယ်လေး တစ်ဦး ဖြစ်ပေသည်။ သူ၏ မျက်ဝန်းများမှာလည်း ဉာဏ်ရည်ထက်မြက်မှုများဖြင့် တောက်ပနေပြီး သူ၏ နဖူးပေါ်တွင် 'လူလိမ်' ဟု ရေးထားသကဲ့သို့ပင်။

"ကျွန်တော့် နာမည်ရင်းက ကျန်းရှင်းယွီ ပါ ခင်ဗျာ"

ဝူရွှမ်ဆောင် ဆိုင်ရှင်သည် သွားဖြူဖြူ (၈) ချောင်း ပေါ်အောင် ရယ်ပြလိုက်လေရာ တကယ့်ကို ရိုးသားဟန် ဆောင်ထားသော လူလိမ် တစ်ယောက်နှင့် တူနေတော့၏။

"ကျန်းရှင်းယွီ... ယုံလို့ကော ရပါ့မလား"

ယဲ့ဖုန်းမှာ ဘာပြောရမှန်း မသိသဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး -

"ငါတို့ ဘယ်တော့ ထွက်ကြမလဲ ကျန်းညီ‌လေး"

"အချိန်မရွေးပါပဲဗျာ"

"ဒါဆို မနက်ဖြန် မနက် ထွက်ကြတာပေါ့"

လုံဝူမြို့တော်သည် ယွင်ဟွာဂိုဏ်းနှင့် ကပ်လျက် ရှိသည်ဟု ကြားသဖြင့် ယဲ့ဖုန်းမှာ ဂိုဏ်းအဆင့်မြှင့်တင်ရေး အကြောင်းကိုပါ တစ်ပါတည်း လေ့လာရန် ဆုံးဖြတ်လိုက်တော့သည်။

ယဲ့ဖုန်းသည် အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို ပြန်သိမ်းလိုက်ပြီး အဆင့်နိမ့် ဝိညာဉ်လက်နက် (၃၀) ကို ရောင်းချကာ အလယ်အလတ်စား ဝိညာဉ်ကျောက်တုံး (၆၀) ကို လက်ခံယူလိုက်လေသည်။ ထို့နောက် သူသည် ဝူရွှမ်ဆောင်မှ ထွက်ခွာခဲ့လေတော့၏။

...

မြူခိုးတောင်ထိပ်၌၊

"မနက်ဖြန်မှာ ငါတို့ ယွင်ဟွာဂိုဏ်းကို သွားကြမယ်။ လမ်းမှာ လုံဝူမြို့တော်က လေလံပွဲကိုလည်း ဝင်ကြည့်ကြမှာပေါ့။ ဘယ်သူတွေ လိုက်ချင်သလဲ... မြန်မြန် စာရင်းပေးကြဟေး"

ယဲ့ဖုန်းက ခေါင်မိုးပေါ်မှနေ၍ တပည့်များကို အသိပေးလိုက်လေ၏။

"ကျွန်တော် လိုက်မယ်ဗျို့"

တပည့်အားလုံးမှာ လက်များကို အပြိုင်အဆိုင် မြှောက်လိုက်ကြလေသည်။ အစ်ကိုကြီးခေါင်းပြားကတော့ ပို၍ပင် ဆိုးသေး၏။ သူသည် ခြေရော ၊ လက်ပါ မြှောက်ပြနေလေသည်။

"ကောင်းပြီလေ... ဒါဆိုရင် ထင်းရှူးပင်အိုကြီး နဲ့ ရှဉ့်တပ်မတော် ကလွဲလို့ အားလုံး ပြင်ဆင်ထားကြ။ မနက်ဖြန် မိုးလင်းတာနဲ့ ထွက်ကြမယ်"

ယဲ့ဖုန်းက နိဂုံးချုပ်လိုက်ပြီးနောက် အိပ်စက်အနားယူရန် ထွက်ခွာသွားလေတော့သည်။

...

နောက်တစ်နေ့ နံနက်။

ယဲ့ဖုန်းသည် ဝိညာဉ်လှေ ပေါ်တွင် ထိုင်လျက် ရှိချေ၏။ တပည့်အချို့မှာ လှေပေါ်တွင် ပါရှိပြီး အချို့မှာမူ သံလက်သည်းနဂါးလင်းယုန်များ၏ ကျောပေါ်တွင် စီးနင်းလိုက်ပါကြလေသည်။ အစ်ကိုကြီးခေါင်းပြားမှာမူ ရှေ့ဆုံးမှနေ၍ လမ်းပြအဖြစ် ပျံသန်းနေချေ၏။ မိုယင်ကတော့ လှေအနောက်ဘက်တွင် ထိုင်လျက် အစောင့်အရှောက်အဖြစ် လိုက်ပါလာလေသည်။

မီးရှူးတိုင်မြို့ အထက်၌၊

"ဂိုဏ်းချုပ်ယဲ့ ... စောလှချည်လား၊ ဒါက ကျွန်တော့်ရဲ့ 'လေနတ်ဘုရားလှေ' ပါ။ ကြွပါ"

ကျန်းရှင်းယွီသည် (၂၀) မီတာခန့် ရှည်လျားသော ဧရာမ ပျံသန်းလှေကြီးပေါ်တွင် ရပ်လျက် ယဲ့ဖုန်းတို့ကို ဖိတ်ခေါ်လိုက်လေသည်။ ယဲ့ဖုန်းသည် သူ၏ ဝိညာဉ်လှေလေးနှင့် ကျန်းရှင်းယွီ၏ လှေကြီးကို နှိုင်းယှဉ်ကြည့်မိသည့်အခါ သူသည် တကယ့်ကို ငမွဲ တစ်ဦး ဖြစ်နေသည်ဟု ခံစားလိုက်ရလေတော့သည်။

"ဝိုး…လှလိုက်တဲ့ လှေကြီးပါလား"

မြူခိုးဂိုဏ်း တပည့်များမှာ လှေပေါ်သို့ ရောက်သည်နှင့် စူးစမ်းကြည့်ကြရာ လှေ၏ အဓိက ကုန်ကြမ်းမှာ နှစ်တစ်ထောင် သစ်မာများ ဖြစ်ပြီး အဆင့်နိမ့် ဝိညာဉ်လက်နက်နှင့် ညီမျှကြောင်း သိလိုက်ရလေသည်။ လှေမှာ အလွန် ပေါ့ပါးပြီး အရှိန်မှာလည်း သာမန် ဝိညာဉ်လှေများထက် နှစ်ဆမက မြန်ဆန်လှပေသည်။

"ငါ ပိုက်ဆံရတာနဲ့ တစ်စင်းလောက် ဝယ်ပစ်မယ်"

ယဲ့ဖုန်းက လှေဦးတွင် ရပ်ရင်း ဘေးနားရှိ ကျန်းရှင်းယွီကို ညည်းတွားလိုက်လေ၏။

"ဒီလှေက မဈေးပါဘူးဗျာ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၆၆၆၆) တုံးပဲ ရှိတာပါ။ ဈေးတော့ ဆစ်လို့ မရဘူးနော်... နံပါတ်က 'အဆင်ပြေချောမွေ့ခြင်း' လို့ အဓိပ္ပာယ်ရလို့ပါဗျ"

ကျန်းရှင်းယွီက စိတ်ရှည်လက်ရှည် ရှင်းပြနေလေသည်။

"တောက်... သစ်ပင် တစ်ပင်ကိုတောင် ဒီလောက် ဈေးကြီးပေးရတယ်ပေါ့လေ"

ယဲ့ဖုန်းက တိုးတိုးလေး ကျိန်ဆဲလိုက်မိလေ၏။ သူသည် လှေအနောက်ရှိ နဂါးလင်းယုန်ကို ကြည့်ကာ ဤသားရဲကို နတ်ဆိုးဗိုလ်ချုပ် အဆင့်အထိ ရောက်အောင် လေ့ကျင့်ပေးမည်ဟု ဆုံးဖြတ်လိုက်မိသည်။

‘အဲ့ဒီအချိန်ကျရင်တော့ သူ သွားလေရာရာမှာ ခန့်ညားထည်ဝါနေတော့မှာပေါ့။’

*

လေနတ်ဘုရားလှေမှာ အလွန်ပင် လျင်မြန်လှပေသည်။

နေမွန်းတည့်ချိန်တွင်မူ ၎င်းတို့သည် မိုင် (၃၀) ပတ်လည် ကျယ်ဝန်းသော ဧရာမ မြို့တော်ကြီး၏ အထက်သို့ ရောက်ရှိသွားကြပြီး မြို့လယ်ခေါင်သို့ တိုက်ရိုက် ဆင်းသက်လိုက်ကြလေသည်။

"ကျွန်တော် ပြောဖို့ မေ့နေတာ... ဂိုဏ်းချုပ်ယဲ့။ ကျွန်တော့်အဖေ ကျန်းယူချန်းဟာ ဘဏ္ဍာတော်ဆောင်ရဲ့ ဂိုဏ်းချုပ် ဖြစ်သလို လုံဝူမြို့တော်ရဲ့ မြို့စားမင်းလည်း ဖြစ်ပါတယ်"

ယဲ့ဖုန်းမှာ ထိုစကားကြောင့် စကားပင် မဆိုနိုင်တော့ပါချေ။

‘ဒီသားအဖ နှစ်ယောက်ဟာ နာမည်တွေအတိုင်း တစ်ယောက်က 'ယုံကြည်မှု' နောက်တစ်ယောက်က 'ချမ်းသာမှု' ဖြစ်နေတာကိုး။ တကယ်ကို ချမ်းသာတဲ့ သားအဖတွေပါပဲလား။’

"ဂိုဏ်းချုပ်ယဲ့ ... ကျွန်တော် မနေ့ကတည်းက လေလံပွဲမှာ ထူးခြားတဲ့ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခု ပါမယ်လို့ သတင်းလွှင့်ထားပါတယ်။ အဲ့ဒီတော့ ကြယ်အဆင့် ဂိုဏ်းချုပ်တွေ အများကြီး လာကြမှာပါ။ ဈေးကောင်းကောင်း ရမှာ သေချာပါတယ်ဗျ"

"မင်းကတော့ တကယ်ကို စေ့စပ်သေချာတဲ့လူပဲ ကျန်းညီလေးရာ"

ယဲ့ဖုန်းက ချီးကျူးလိုက်လေသည်။

လှေကြီးသည် မြို့စားမင်းအိမ်တော်၏ ခမ်းနားသော ခန်းမဆောင်ရှေ့တွင် ရပ်တန့်လိုက်သည့်အခါ အခိုင်းအစေများနှင့် အစောင့်များမှာ ဝိုင်းအုံလာကြပြီး တညီတညွတ်တည်း ဦးညွှတ်လျက် -

"သခင်လေး ပြန်လာတာကို ကြိုဆိုပါတယ် ခင်ဗျာ။ နေ့လည်စာလည်း အဆင်သင့် ဖြစ်ပါပြီ"

"ကောင်းတယ်... သိပ်တော်တာပဲ"

ကျန်းရှင်းယွီမှာ ကျေနပ်သွားပုံရ၏။ သူသည် ယဲ့ဖုန်းနှင့် အဖွဲ့ကို လှေပေါ်မှ ခေါ်ဆောင်ကာ မလှမ်းမကမ်းရှိ စားသောက်ပွဲ ခန်းမဆောင်သို့ ဦးတည် လျှောက်လှမ်းသွားလေတော့သတည်း။

All Chapters