အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
အခန်း (၁၂၁) - ပဋိပက္ခ
~သိုင်းလောကဆိုသည်မှာ လှိုင်းလေထန်ပြီး အငြိုးအတေးများ ဘယ်သောအခါမျှ မပြီးဆုံးနိုင်သော နေရာတစ်ခု ဖြစ်ပေ၏။
သို့သော် သာမန်ပြည်သူများအတွက်မူ လော့ဖုန်း မဟာမိတ်အဖွဲ့ ရှိနေသမျှ ကာလပတ်လုံး၊ သိုင်းလောက ကောလာဟလများ မည်မျှပင် ကြောက်စရာကောင်းသည် ဖြစ်စေ၊ ရန်ငြိုးများ မည်မျှပင် ရှုပ်ထွေးနေသည် ဖြစ်စေ၊ သူတို့၏ ဘဝများနှင့် သက်ဆိုင်မှု မရှိသလောက်ပင်။
ရှိခဲ့လျှင်လည်း ထမင်းစားပြီး စကားဝိုင်းဖွဲ့စရာ ခေါင်းစဉ် တစ်ခု ပိုရလာရုံလောက်သာ ဖြစ်ပေလိမ့်မည်။
လက်ဖက်ရည်ဆိုင်များတွင် လူအများသည် လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုနေကြလေ၏။
ထိုအထဲမှ တစ်ယောက်က စကားစလိုက်သည်ကို ကြားလိုက်ရသည်။
"သခင်မလေး ဝေ က ရာထူးတက်သွားပြီတဲ့..."
"အင်း... ဟုတ်တယ်..."
ဘေးနားက လူတစ်ယောက်က ချက်ချင်း ခေါင်းညိတ်ထောက်ခံလိုက်လေ၏။
"ဇူချိုယန်က မကောင်းကြံခဲ့တာလေ... သခင်မလေး ဝေ က ကျန့်မင်ကို ဖမ်းမိပြီး နောက်ဆုံးမှာ ဇူချိုယန်ကို ဖော်ထုတ်နိုင်ခဲ့တယ်... အခုတော့ လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ အဋ္ဌမမြောက် ခေါင်းဆောင်အဖြစ် တရားဝင် ဝင်ရောက်လာပြီ... ထျန်းယွီမြို့ရဲ့ ဒုတိယမြို့စား နေရာကလည်း လစ်လပ်နေလို့ မဖြစ်ဘူးလေ... သူက အသင့်တော်ဆုံးပဲ..."
"လော့ဖုန်း မဟာမိတ်အဖွဲ့အတွက်တော့ ဒီကိစ္စက နည်းနည်း လုပ်ထုံးလုပ်နည်း မကျသလိုပဲ..."
"ဘယ်သူက ဂရုစိုက်မှာလဲ... လော့ဖုန်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေအောက်မှာ အခုမှ ဝင်လာတဲ့ သခင်မလေး ဝေ လောက် ပြည်သူ့ထောက်ခံမှု ရထားတဲ့သူ ဘယ်သူရှိလို့လဲ... မဟာမိတ်အဖွဲ့ထဲမှာလည်း သူ့ကို လေးစားကြတယ်... ပြည်သူတွေကလည်း သူ့ကို ပိုချစ်ခင်ကြတယ်... သူမှ မဟုတ်ရင် ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ..."
"ဒါလည်း ဟုတ်တာပဲ... ဒါနဲ့ စကားမစပ်... ကောင်းကင်တံခါး အာမခံဌာနအကြောင်း သတင်းတိတိကျကျ ကြားမိသေးလား..."
"မကြားမိဘူး... ကောင်းကင်တံခါး ဓားပျံ သေဆုံးမှုက အရမ်း ထူးဆန်းနေတယ်... ပြီးတော့ ခေါင်းဆောင်လေး ကျိဖေးယန် ကလည်း အတွေ့အကြုံမှ မရှိတာ... ကောင်းကင်တံခါး အာမခံဌာန တစ်ခုလုံး ပြိုကွဲမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ... အရင်တုန်းက ဇီယန်အာမခံဌာန ဖြစ်ခဲ့သလိုမျိုးပေါ့..."
"နှမြောစရာပါပဲ... သိုင်းလောကမှာ အာမခံလုပ်ငန်း လုပ်ရတာ လွယ်မှ မလွယ်တာ... တကယ်တမ်းကျတော့ ကျိဝမ်လီကလည်း သိုင်းလောက အတွေ့အကြုံ ရင့်ကျက်ပြီးသားပဲ... သူ ဒါတွေကို မသိဘဲ နေပါ့မလား..."
"ဒီကိစ္စက ရိုးရှင်းမှာ မဟုတ်ဘူး... လောလောဆယ် သတင်းအချက်အလက်တွေကလည်း မပြည့်စုံ၊ လျှို့ဝှက်ချက်တွေကလည်း များနေတော့... ငါတို့ လျှော့ပြောကြတာ ပိုကောင်းမယ်... ကောင်းကင်တံခါး အာမခံဌာနက လူတွေ ကြားသွားရင် မကောင်းဘူး..."
"အင်း... ဟုတ်သားပဲ... ဒါနဲ့ ခုနက မင်း ဇီယန်အာမခံဌာနအကြောင်း ပြောလိုက်သေးတယ်နော်... ဟေ... ဆုမိုက ရွှမ်ကျီတောင်ကြား တိုက်ပွဲတစ်ခုတည်းနဲ့ နာမည်ကြီးသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ..."
ဒီအကြောင်း ပြောလိုက်တော့ လက်ဖက်ရည်ဆိုင်ထဲက လူတော်တော်များများ စကားဝိုင်းထဲ ဝင်လာကြလေ၏။
"အဲ့ဒီ ဆုမိုလေ... လမ်းသရဲလေးလို့ ထင်ခဲ့ရပေမဲ့... တကယ်တမ်းကျတော့ ရေငုံနှုတ်ပိတ် နေခဲ့တာကိုး... ဟိုတုန်းက ငါနဲ့အတူ ရှောင်ဟုန် အဆောက်အဦးကိုတောင် သွားဖူးသေးတယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့မှာ ဒီလောက် အရည်အချင်းတွေ ရှိနေမယ်လို့ ဘယ်သူ ထင်မှာလဲ..."
"မင်းတို့ နားမလည်ပါဘူး... ဒါကို 'နှစ်ပေါင်းများစွာ တိတ်ဆိတ်နေပြီးမှ အော်သံတစ်ချက်နဲ့ လောကကို တုန်လှုပ်စေတယ်' လို့ ခေါ်တယ်ကွ... ဒီကိစ္စကြောင့် သိုင်းလောကက အရေးပါတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံး သူ့ကို အသက်ကြွေး တင်သွားကြပြီ... ဇီယန်အာမခံဌာနမှာ သူတစ်ယောက်တည်း ရှိသေးတယ် ဆိုပေမဲ့... အခုဆိုရင် ကျန်တဲ့ အာမခံဌာနကြီး သုံးခုထက် ဘယ်နည်းပါ့မလဲ..."
"ဒါက စောလွန်းပါသေးတယ်... ကောင်းကင်တံခါး အာမခံဌာနက ကျိဝမ်လီ ပြဿနာတက်သွားတယ် ဆိုပေမဲ့... ဇီယန်အာမခံဌာနနဲ့ ယှဉ်လို့မရသေးပါဘူး... ပြီးတော့ အာမခံဌာနတစ်ခုကို ပြန်လည်အသက်သွင်းဖို့က လွယ်တာမှ မဟုတ်တာ..."
"အာမခံဌာနတစ်ခုမှာ ခေါင်းဆောင်တွေ၊ ဆရာသခင်တွေ၊ တပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ဆိုတာ တစ်ညတည်းနဲ့ ဖြစ်လာတာ မဟုတ်ဘူး... ပြီးတော့ အခုအချိန်မှာ ဝင်ချင်တဲ့လူ ရှိရင်တောင်... ခေါင်းဆောင်ဆု အနေနဲ့ သုံးခါလောက် ပြန်စဉ်းစားရဦးမှာ..."
"ဘာကို ဆိုလိုတာလဲ..."
"ရှုပ်ထွေးမှုတွေ အများကြီး ရှိနေသေးတယ်လေ... အခု ဆုမို နာမည်ကြီးလာတာကို မလိုလားတဲ့သူတွေ အများကြီး ရှိမှာ... ဇီယန်အာမခံဌာနထဲကို သူလျှိုတွေ လွှတ်ပြီး စုံစမ်းခိုင်းတာမျိုး လုပ်လာနိုင်တယ်... နောက်ကျရင် ခေါင်းဆောင်ဆု ခရီးထွက်တဲ့အခါ ဘယ်သွားတယ်၊ ဘယ်နားတယ်၊ ဘယ်မှာ တည်းခိုတယ် ဆိုတာတွေအကုန်လုံး စောင့်ကြည့်ခံရတော့မှာ... ပြောစမ်းပါဦး... အဲ့ဒီ အာမခံခရီးစဉ်က ဘေးကင်းပါ့မလား..."
"ခရီးစဉ် ချောချောမွေ့မွေ့ ပြီးသွားရင်တောင်... ဒီသတင်းတွေ ပေါက်ကြားသွားရင် ဘယ်အချိန် ပြဿနာတက်လာမလဲ ဘယ်သူသိမှာလဲ... အာမခံလိုက်တဲ့သူတွေ စိတ်ချလက်ချ နေနိုင်ပါ့မလား..."
"ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူးပေါ့... ဖြစ်လာရင်လည်း သေးသေးမွှားမွှား မဟုတ်ဘူး... ဘယ်သူက အဲ့လောက် စွန့်စားရဲမှာလဲ..."
"ဒါက တစ်ဖက်တည်းက ကြည့်ရင်ပဲ ရှိသေးတယ်... ရေက တော်တော် နက်တယ်ကွ... သိုင်းလောကထဲ ရောက်နေတဲ့သူတိုင်းက ဦးနှောက်မရှိတဲ့ လူမိုက်တွေလို့ မထင်နဲ့... ခွန်အားပဲရှိပြီး ဦးနှောက်မရှိတဲ့ ကောင်တွေ သေကုန်တာ ကြာလှပြီ..."
"တခြားအရာတွေ ထားလိုက်ပါဦး... လော့ဖုန်း မဟာမိတ်အဖွဲ့ ခေါင်းဆောင် နေရာ လုတဲ့ ပွဲကိုပဲ ကြည့်... ဉာဏ်နီဉာဏ်နက်တွေ၊ ပူးပေါင်းကြံစည်မှုတွေ၊ အကွက်ချမှုတွေ ဘယ်လောက်တောင် ပါဝင်နေလဲ ဆိုတာ... တွေးကြည့်လို့တောင် မရနိုင်ဘူး..."
ထိုစကားများက စူးရှထက်မြက်လွန်းသဖြင့် ရှိနေသူအားလုံး ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားကြလေ၏။
ခဏကြာမှ တစ်ယောက်က ပြန်ပြောလိုက်၏။
"လူကြီးမင်း ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ခေါင်းဆောင်ဆုက သာမန်လူမှ မဟုတ်တာ... သူက သူများတွေရဲ့ ချုပ်ချယ်မှုကို ခံရမယ့်ပုံ မပေါ်ပါဘူး..."
"အဲ့ဒါကတော့ သေချာတာပေါ့... မဟုတ်ရင် သူက အခုလို အခြေအနေကောင်းနေတုန်းမှာ အာမခံဌာနကို ချဲ့ထွင်ဖို့ ကြိုးစားမှာပေါ့... အခုလို တိတ်တိတ်ဆိတ်ဆိတ် နေပြီး မုန်တိုင်းပြီးတဲ့အထိ စောင့်နေပါ့မလား..."
စောစောက လူက တိုးတိုးလေး ရယ်လိုက်၏။
"ပြီးတော့ ခေါင်းဆောင်ဆုရဲ့ အရည်အချင်းအကြောင်း ပြောရမယ်ဆိုရင်... တကယ်ကို ထူးခြားပါတယ်... ဒီရက်ပိုင်း လော့ရှားမြို့မှာ ခေါင်းဆောင်ဆု၊ သခင်မလေး ဝေ နဲ့ ကောင်းကင်တံခါး အာမခံဌာန... ဒီကိစ္စကြီး သုံးခုအပြင် တခြား ထူးခြားတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တာကိုရော သိကြလား..."
"ခုနစ်ပါး အစွန်းရောက် ခန်းမ ကိစ္စကို ပြောတာလား..."
အတွေးပေါက်သွားသူ တစ်ယောက်က ဝင်ပြောလိုက်၏။
"လော့ရှားမြို့ပြင်မှာ ခုနစ်ပါး အစွန်းရောက် ခန်းမက လက်နက်သခင် ငါးယောက် သေဆုံးသွားတယ်လို့ ကြားတယ်... ခန်းမသခင်ကြီး ဖုန်းဝူရှန်နဲ့ ကြာပွတ်သခင် တို့ကတော့ ပျောက်ချင်းမလှ ပျောက်သွားကြတယ်တဲ့... ဒါပေမဲ့ ခြေတစ်ဖက် လက်တစ်ဖက်တော့ တွေ့ရတယ် ဆိုလားပဲ... ဘယ်သူ့ဟာတွေလဲ ဆိုတာတော့ မသိရဘူး... ဒီသတင်းက မှန်ရဲ့လားတောင် မသိပါဘူးကွာ..."
"မှန်တယ်..."
တစ်ယောက်က ချက်ချင်း အတည်ပြုလိုက်၏။
လူအများ အံ့အားသင့်သွားကြ၏။
"ဘယ်သူ့လက်ချက်လဲ..."
"ခုနစ်ပါး အစွန်းရောက် ခန်းမက လော့ဖုန်း မဟာမိတ်အဖွဲ့လောက် မကြီးကျယ်ပေမဲ့... လျှော့တွက်လို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး... လက်နက်သခင် ငါးယောက်လုံးကို ဘယ်သူက သတ်နိုင်မှာလဲ..."
"ဟဲဟဲ..."
စောစောက လူက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီးမှ ပြောလိုက်လေ၏။
"မင်းတို့က ဒါကို သိပ်မသိကြဘူးပဲ... ငါ့မှာ လော့ဖုန်း မဟာမိတ်အဖွဲ့ထဲက သူငယ်ချင်း တစ်ယောက် ရှိတယ်... သူ့ဆီကနေ အတွင်းသတင်းတချို့ ရထားတယ်... ခုနစ်ပါး အစွန်းရောက် ခန်းမရဲ့ ခန်းမသခင်ကြီးက ဘာကိစ္စနဲ့ လော့ရှားမြို့ကို ရောက်လာတယ်လို့ ထင်လဲ…”
အခန်း (၁၂၂) - ပဋိပက္ခ (၂)
~လက်ဖက်ရည်ဆိုင်ထဲရှိ လူအများစုသည် ထိုလူဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြလေ၏။ သူ ဘယ်လို ပဟေဠိတွေကို ဖြေရှင်းပြမလဲ ဆိုတာကို စိတ်ဝင်တစား စောင့်မျှော်နေကြ၏။
တကယ်တမ်းတွင် ထိုလူသည် သတင်းအချက်အလက် အတော်များများကို သိရှိထားပုံ ရလေ၏။ ဓားသခင် ယင်ယဲ့ ၏ အာမခံပစ္စည်း လုယူမှုမှသည်၊ ဇူချိုယန်၏ သူတစ်ပါးလက်ကိုငှားပြီး လူသတ်သည့် အကြံအစည်များ၊ နောက်ဆုံးတွင် ဖုန်းဝူရှန်၏ အကြံအစည်များ ပျက်ပြားသွားပုံအထိ အစမှအဆုံး ရှင်းပြလေတော့၏။
"ဖုန်းဝူရှန်က ဒီတစ်ခေါက် လာတာ ဇီယန်အာမခံဌာနကို လာတာ မဟုတ်ဘူး... ထျန်းယွီမြို့ကို သွားရင်း လမ်းကြုံဝင်တာ... ဓားသခင် ချန်ထားခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အခွင့်ကောင်း ယူလိုက်တာပဲ..."
"ဒါပေမဲ့ သူ မထင်မှတ်ထားတာက... ဇီယန်အာမခံဌာနထဲ ရောက်တော့ ခေါင်းဆောင်ဆုနဲ့ အဆင်မပြေ ဖြစ်သွားတာပဲ..."
"စကားမစပ်... ဓားသခင်တစ်ယောက်က ခန်းမဆောင်ထဲမှာ ခေါင်းဆောင်ဆုကို သတ်ဖို့ ကြိုးစားခဲ့သေးတယ်... ဒါပေမဲ့ ခေါင်းဆောင်ဆုရဲ့ လက်ဝါးတစ်ချက်တည်းနဲ့ အသက်ထွက်သွားခဲ့ရရှာတယ်..."
"ဖုန်းဝူရှန် ကိုယ်တိုင် ဝင်ကယ်ဖို့ ကြိုးစားပေမဲ့... သူပါ လက်ဝါးစွမ်းအားနဲ့ လွင့်ထွက်သွားပြီး သွေးအန်ခဲ့ရတယ်..."
ထိုစကားများကို ကြားလိုက်ရသောအခါ ရှိနေသူအားလုံး အသက်ရှူမှားသွားကြလေ၏။
ရွှမ်ကျီတောင်ကြား တိုက်ပွဲဆိုသည်မှာ သူတို့နှင့် အလွန် ဝေးကွာလွန်းသော ကိစ္စဖြစ်သည်။ ယူချွမ်ဂိုဏ်းက ကြောက်စရာကောင်းကြောင်း ကြားဖူးသော်လည်း တကယ်တမ်း မည်မျှ အစွမ်းထက်သည်ကို မည်သူမျှ ရေရေရာရာ မသိကြပေ။
သို့သော် ခုနစ်ပါး အစွန်းရောက် ခန်းမဆိုသည်မှာ လော့ဖုန်းမဟာမိတ်အဖွဲ့၏ နယ်မြေအတွင်း နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ဂိုဏ်းကြီးတစ်ခု ဖြစ်သဖြင့် သာမန် အဖွဲ့အစည်း မဟုတ်ကြောင်း လူတိုင်း သိကြ၏။
ထိုကဲ့သို့ ဂိုဏ်းကြီးမှ ဓားသခင်တစ်ယောက်ကို ဆုမိုက စကားတစ်ခွန်းတည်းဖြင့် သတ်ဖြတ်လိုက်နိုင်ပြီး၊ ခန်းမသခင်ကြီး ဖုန်းဝူရှန်ပင်လျှင် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။ ဤအချက်က လူတိုင်းကို ဆုမို၏ သိုင်းပညာနှင့် ပတ်သက်ပြီး အမြင်သစ်များ ဖြစ်ပေါ်လာစေခဲ့ းတော့၏။
"ဒါပေမဲ့... ဒီလောက်နဲ့ ပြီးသွားပြီ ထင်လား..."
ထိုလူက အေးစက်စွာ ရယ်မောလိုက်လေ၏။
"ပြောရရင်တော့... ခေါင်းဆောင်ဆုက တကယ်ကို သဘောထားကြီးတဲ့သူပဲ... ဓားသခင်က သူ့ကို အဲ့ဒီနေရာမှာတင် သတ်ဖို့ ကြိုးစားခဲ့ပေမဲ့... သူက ဇီယန်အာမခံဌာနထဲမှာ ခုနစ်ပါး အစွန်းရောက် ခန်းမတစ်ခုလုံးကို အပြတ်ရှင်းဖို့ မကြိုးစားခဲ့ဘူး... သူ ပြောခဲ့တာက... 'ခင်ဗျားတို့ အားလုံးကို ဒီမှာပဲ သတ်လိုက်ရင်... သိုင်းလောက မိတ်ဆွေတွေက ကျုပ်ကို သဘောထား သေးသိမ်တယ်လို့ ပြောကြလိမ့်မယ်' တဲ့..."
"ဒါကြောင့် သူက ဖုန်းဝူရှန်နဲ့ လက်ဝါးသုံးချက် ကတိကဝတ် ပြုလုပ်ခဲ့တယ်..."
"လက်ဝါးသုံးချက် ခံနိုင်ရင်... ကျေးဇူးတွေရော အငြိုးတွေရော အကုန် ပြေပျောက်ပြီပေါ့..."
"ဖုန်းဝူရှန်က သဘောတူခဲ့ပေမဲ့... တကယ်တမ်းကျတော့ ခေါင်းဆောင်ဆုက ဖုန်းဝူရှန် မခံနိုင်မှာ စိုးရိမ်လို့... တစ်ချက်တည်းနဲ့ အဆုံးသတ်ပေးလိုက်တယ်..."
"ကောင်းလိုက်တာဗျာ..."
"ဒါမှ တကယ့် သူရဲကောင်း..."
"ခေါင်းဆောင်ဆုက ငယ်ငယ်တုန်းကတော့ မိုက်မဲခဲ့ပေမဲ့... အခုတော့ တစ်ညတည်းနဲ့ ဉာဏ်ပွင့်သွားသလိုပဲ... တကယ် လေးစားစရာပါလား..."
"ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး ဒီလောက် မြင့်မားတဲ့ သိုင်းပညာတွေ တတ်မြောက်သွားတာလဲ..."
"သိုင်းလောက ဆိုတာ နက်ရှိုင်းလွန်းတယ်လေ... ဘယ် ပညာရှင်ကြီးက လာသင်ပေးသွားလဲ ဘယ်သူသိမှာလဲ... ပြီးတော့ ဇီယန်ဂိုဏ်းမှာလည်း လျှို့ဝှက်သိုင်းကျမ်းတွေ၊ အစွမ်းထက် ပညာတွေ ရှိနေတာပဲ... ရုတ်တရက် ထူးချွန်လာတာ မဆန်းပါဘူး... ဒီလို ဇာတ်လမ်းမျိုးတွေက မကြားဖူးတာမှ မဟုတ်တာ..."
"အင်း... ဖြစ်နိုင်တာပဲ..."
လက်ဖက်ရည်ဆိုင် တစ်ခုလုံး ဆူညံသွားပြီး ဆွေးနွေးငြင်းခုံသံများ ထွက်ပေါ်လာလေတော့၏။
တစ်ယောက်က မေးလိုက်၏။
"ဒါဆို... ခုနစ်ပါး အစွန်းရောက် ခန်းမက သူတို့ ခန်းမသခင်ကြီး ဒဏ်ရာရသွားလို့ ဒီလောက် အခြေအနေ ဆိုးသွားတာလား..."
ထိုစကားကြောင့် လူအားလုံး 'အရာရာသိ' ပုဂ္ဂိုလ်ကြီးဘက်သို့ ပြန်လှည့်ကြည့်လိုက်ကြ၏။
ထိုလူက ခေါင်းခါလိုက်လေ၏။
"မဟုတ်သေးဘူး... ကြားတာကတော့... အဲ့ဒီနေ့က ဇီယန်အာမခံဌာနထဲမှာ လက်ဝါးသုံးချက် ကတိကဝတ် ပြုပြီးတဲ့အခါ... ဖုန်းဝူရှန်က ခံနိုင်ရည်မရှိဘူးလို့ ယူဆပြီး ထွက်ပြေးဖို့ ကြံစည်ခဲ့တယ်တဲ့... ဒါပေမဲ့ သူ့နောက်လိုက် လက်နက်သခင် ငါးယောက်ကတော့... တစ်ယောက်က ခေါင်းဆောင်ဆု လက်ချက်နဲ့ သေသွားပြီဆိုတော့... ကျန်တဲ့ လူတွေက သူတို့အသက်အန္တရာယ်ကို စိုးရိမ်ပြီး ဖုန်းဝူရှန် ထွက်ပြေးမှာကို လက်မခံကြဘူး..."
"ရလဒ်ကတော့... သူတို့က ဖုန်းဝူရှန်ကို ဝိုင်းချုပ်ပြီး... ခေါင်းဆောင်ဆုရဲ့ လက်ဝါးချက်ကို မဖြစ်မနေ ခံယူခိုင်းခဲ့ကြတယ်..."
"အဲ့ဒီအကြောင်းရင်းကြောင့်လည်း ခေါင်းဆောင်ဆုက သုံးချက်ကနေ တစ်ချက် လျှော့ပေးလိုက်တာ ဖြစ်မယ်..."
"ဘယ်လို ပြောရမလဲ... သိုင်းလောကမှာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့် မရဘူးဆိုတာ ဒါမျိုးပေါ့... စကားတစ်ခွန်း ထွက်ပြီးရင် ပြန်ရုတ်သိမ်းလို့ မရတော့ဘူး... လက်ဝါးနှစ်ချက် လျှော့ပေးလိုက်တာက စည်းကမ်းဘောင်ကျော်ပြီး သက်ညှာပေးလိုက်တာပဲ..."
"ဒါပေမဲ့... ဒီကိစ္စကြောင့် ခုနစ်ပါး အစွန်းရောက် ခန်းမ အတွင်းမှာ ခန်းမသခင်ကြီးနဲ့ လက်နက်သခင်တွေကြား စိတ်ဝမ်းကွဲသွားကြတယ်..."
"ရှင်းရှင်းလင်းလင်း ပြောရရင်... သူတို့ အတူတူ ဆက်နေလို့ မရတော့ဘူး..."
"အဲ့ဒီ လက်နက်သခင် ငါးယောက်ထဲက တစ်ယောက်ကတော့ ခေါင်းဆောင်ဆုရဲ့ လက်ဝါးအောက်မှာ သေဆုံးသွားခဲ့တယ်... ကျန်တဲ့ လေးယောက်ကတော့... ခန်းမသခင်ကြီးဖုန်းနဲ့ တိုက်ခိုက်ရင်း သေဆုံးသွားကြတာ..."
"သက်သေကတော့... တူသခင်က သူ့ရဲ့ တူအောက်မှာ သေတယ်... လှံသခင်က သူ့ရဲ့ လှံအောက်မှာ သေတယ်... သူတို့ အားလုံး သေဆုံးရတဲ့ အကြောင်းရင်းက... 'ခုနစ်ပါး အသည်းကွဲ ကျင့်စဉ်' ကြောင့်ပဲ..."
ပြောပြီးသည်နှင့် ထိုလူသည် လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်ပြီး နောက်ထပ် တစ်ခွက် ထပ်ငှဲ့လိုက်လေ၏။
လက်ဖက်ရည်ဆိုင်ထဲရှိ လူများမှာမူ စကားမပြောနိုင်လောက်အောင် ဖြစ်နေကြရှာတော့၏။
ဒီသတင်းက တကယ်ကို မျက်စိဖွင့် နားဖွင့် ပေးလိုက်သလိုပါပဲ။ တချို့က ဆုမို၏ သဘောထားကြီးမှုကို လေးစားကြသလို... တချို့ကျတော့လည်း ခုနစ်ပါး အစွန်းရောက် ခန်းမ၏ ကျဆုံးခန်းကို နှမြောတသ ဖြစ်နေကြလေ၏။
ခဏကြာမှ တစ်ယောက်က သက်ပြင်းချလိုက်၏။
"ခုနစ်ပါး အစွန်းရောက် ခန်းမက ဒီနေ့ ဒီလိုအခြေအနေ ရောက်သွားတာ... ကိုယ့်သေတွင်း ကိုယ်တူးတာပဲ..."
"ဒါပေမဲ့ ခေါင်းဆောင်ဆုရဲ့ လုပ်ရပ်ကတော့... တကယ် လေးစားစရာ ကောင်းပါတယ်..."
နောက်ထပ် စကားစမြည် အနည်းငယ် ပြောဆိုပြီးနောက် လူအများသည် လက်ဖက်ရည်သောက်ရင်း ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားကြလေ၏။ သို့သော် လူစုကွဲသွားသည်နှင့်အမျှ ဤသတင်းသည် လော့ရှားမြို့တစ်ခွင်သို့ တဖြည်းဖြည်း ဂယက်ရိုက်သွားလေတော့၏။
တချို့က ဒီသတင်းကို လော့ရှားမြို့ပြင်ဘက်အထိ သယ်ဆောင်သွားပြီး သိုင်းလောက တစ်ခွင်လုံးကို ပျံ့နှံ့စေခဲ့လေ၏။
မည်သို့ပင် ဖြစ်စေကာမူ... နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိခဲ့သော ခုနစ်ပါး အစွန်းရောက် ခန်းမသည် လှိုင်းဂယက်လေး တစ်ခုမျှပင် မထစေဘဲ ဤနေရာတွင် အဆုံးသတ်သွားခဲ့ရတော့၏။
လအနည်းငယ် ကြာသောအခါ... လမ်းဘေးတစ်နေရာတွင် ဖုန်းဝူရှန်၏ အလောင်းကို တွေ့ရှိခဲ့ကြလေ၏။
နှစ်အနည်းငယ် ကြာသောအခါ... လက်တစ်ဖက်ပြတ်နေသော လူတစ်ယောက်က လမ်းဘေးတွင် အဆင့်မြင့် ကြာပွတ်သိုင်း ကစားပြနေသည်ကို တွေ့လိုက်ရသည်ဟု ဆိုကြ၏။ ထိုသူမှာ ခုနစ်ပါး အစွန်းရောက် ခန်းမ၏ ကြာပွတ်သခင် ဖြစ်နိုင်သည်ဟု သံသယရှိကြလေ၏။
သို့သော် ထိုသတင်းများသည် လျှပ်တစ်ပြက် ပေါ်လာပြီး ပျောက်ကွယ်သွားတတ်သော အရိပ်များကဲ့သို့... လူတို့၏ စိတ်ထဲတွင် အရာထင်ကျန်ရစ်ခဲ့ခြင်း မရှိပေ။
တစ်ခါတလေကျတော့ သိုင်းလောကဆိုတာ ဒီလိုပါပင်။ စကြားလိုက်ရတုန်းက ဘယ်လောက်ပဲ တုန်လှုပ်စရာ ကောင်းနေပါစေ... အချိန်ကြာလာတာနှင့်အမျှ လေထဲမှာ လွင့်ပါးသွားသလို ပျောက်ကွယ်သွားတတ်စမြဲ။ ကောင်းကင်ယံက ငန်းရိုင်း တစ်ကောင် ဖြတ်ပျံသွားသလို အရာမထင် ကျန်ရစ်ခဲ့တတ်သည်။ ကိုယ်နှင့် မဆိုင်လျှင် ဘယ်သူက စိတ်ထဲ ထားနေမည်လဲ။
...
...
သိုင်းလောကထဲမှာ သတင်းအသစ်တွေက အမြဲတမ်း နေရာယူနေစမြဲ။ လူပြောအများဆုံး ဖြစ်သင့်သည့် ဆုမိုကတော့ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်နေလေ၏။
ဒီရက်ပိုင်းတွေမှာ သူက နေ့တိုင်း ယန်ရှောင်ယွင်နှင့် သိုင်းကျင့်တာက လွဲလျှင်... ရံဖန်ရံခါ လက်ဖက်ရည်ဆိုင်ကောင်းကောင်းလေးတွေမှာ ထိုင်ပြီး တခြားဧည့်သည်တွေ ပြောပြသော သိုင်းလောက ပုံပြင်တွေကို နားထောင်လေ့ရှိသည်။
ထိုသို့ နေရာမျိုးတွေက သတင်းအချက်အလက် အစုံလင်ဆုံး ရနိုင်သည့် နေရာတွေ ဖြစ်ပြီး... ဆုမို၏ ဗဟုသုတတွေကို အများကြီး တိုးပွားစေခဲ့လေ၏။
အခန်း (၁၂၃) - ပဋိပက္ခ (၃)
~ထိုသတင်းများထဲတွင် ဆုမိုနှင့်ပတ်သက်သော အကြောင်းအရာများ ပါဝင်လာခြင်းမှာ ရှောင်လွှဲ၍ မရသော ကိစ္စရပ်ပင် ဖြစ်ချေ၏။ အချို့သော သတင်းများမှာ ဖြစ်နိုင်ခြေရှိသော်လည်း၊ အချို့မှာမူ ပုံကြီးချဲ့လွန်းလှပေသည်။ သို့သော် အားလုံးမှာ အဓိက အကြောင်းအရာကို အခြေခံထားကြခြင်းသာ ဖြစ်၏။ အတိုချုပ်ဆိုရသော် လူတစ်ဦးချင်းစီ၏ ရှုထောင့်အမျိုးမျိုးမှ ပြောဆိုနေကြခြင်းသာ ဖြစ်ပေသည်။
ထို့အပြင် ဆုမို၏ ဂုဏ်သတင်း ကျော်ကြားလာသည်နှင့်အမျှ ဇီယန်အာမခံဌာန၏ တံခါးဝတွင်လည်း လူစည်ကားလာခဲ့လေ၏။
အချို့က လာရောက်လည်ပတ်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ရင်း မျက်နှာပြကြလေ၏။ အချို့ကမူ အာမခံဌာနတွင် ဝင်ရောက်လုပ်ကိုင်လိုကြသဖြင့် နေရာတစ်နေရာ ရရှိရန် ကြိုးပမ်းကြ၏။ အခြားသူများမှာမူ ရွှမ်ကျီတောင်ကြား တိုက်ပွဲသတင်းကြောင့် ဆုမိုအား လာရောက်စိန်ခေါ်ကြခြင်း ဖြစ်လေ၏။
အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြသူများမှာ ဒုနှင့်ဒေးပင် ဖြစ်ချေ၏။
အကယ်၍ ဆုမိုသည် သာမန် သိုင်းလောကသား တစ်ဦးသာ ဖြစ်ပါက ဤကိစ္စရပ်များကို ဘေးဖယ်ထားလိုက်နိုင်ပေသည်။ သို့သော် သူသည် အာမခံဌာနတစ်ခု၏ ခေါင်းဆောင်ဖြစ်လေရာ အိမ်တံခါးဝအထိ ရောက်လာသော အခွင့်အရေးများကို လျစ်လျူရှုလိုက်၍ မဖြစ်ချေ။
ထို့ကြောင့် မည်သို့ပင် ဖြစ်စေကာမူ သူသည် နေ့စဉ် အချိန်ပေး၍ ထိုလူများနှင့် တွေ့ဆုံကာ အဆက်အသွယ် ကွန်ရက်ကို ချဲ့ထွင်ရလေ၏။ တစ်ဖက်က မျက်နှာလိုမျက်နှာရ ပြုလုပ်နေချိန်တွင် အခြားတစ်ဖက်ကလည်း ရင်းနှီးမှု ရယူရန် ကြိုးပမ်းနေကြရာ နေ့စဉ် ထိုလူများနှင့် တွေ့ဆုံရခြင်းမှာ ပင်ပန်းလှသော်လည်း အကျိုးအမြတ်မှာမူ မနည်းလှပေ။
သို့သော် လောလောဆယ်တွင် ဇီယန်အာမခံဌာနသည် လူသစ်စုဆောင်းရန် အစီအစဉ် မရှိသေးသကဲ့သို့၊ အလုပ်အမှာစာ အကြီးကြီးများကိုလည်း လက်ခံနိုင်ခြင်း မရှိသေးပေ။ သို့မဟုတ်ပါက ဆုမိုသည် လော့ရှားမြို့ထဲတွင် အေးအေးဆေးဆေး လျှောက်သွားနေမည် မဟုတ်ဘဲ ပစ္စည်းပို့ဆောင်ရန် ခရီးထွက်နေလောက်ပြီ ဖြစ်၏။
လူသစ်စုဆောင်းမည့် ကိစ္စအတွက် ဆုမို၌ ကိုယ်ပိုင် အစီအစဉ် ရှိပြီး ဖြစ်သည်။ သို့သော် ယခုအချိန်မှာ အချိန်အခါ မဟုတ်သေးချေ။
တစ်နေ့သောအခါ ဆုမိုသည် လက်ဖက်ရည်ဆိုင်မှ ပြန်လာပြီး ဇီယန်အာမခံဌာန ရှေ့သို့ ရောက်ရှိချိန်တွင် လူငယ်တစ်ဦး အလျင်စလို ပြေးထွက်လာသည်ကို တွေ့လိုက်ရလေ၏။ ဦးလေးဖူသည်လည်း ထိုလူငယ်၏ နောက်မှ လိုက်ပါလာသည်ဖြစ်ရာ တစ်စုံတစ်ခု ဖြစ်ပျက်၍ ထွက်ခွာတော့မည့်ပုံ ပေါက်နေပေသည်။
ဤလူငယ်ကို ဆုမို သိရှိထားလေ၏။ မျိုးရိုးအမည်ကို မသိရသော်လည်း 'ရှောင်ချွမ်း' ဟု ခေါ်ဝေါ်ကြ၏။ သူသည် သံမဏိသွေး အာမခံဌာနမှ သိုင်းဆရာ တစ်ဦး ဖြစ်လေ၏။
ယခင်က ယန်ရှောင်ယွင်၏ အမိန့်ဖြင့် ဦးလေးဖူကို ကာကွယ်စောင့်ရှောက်ရန် ဇီယန်အာမခံဌာန၌ လာရောက် နေထိုင်ခဲ့ဖူးသူ ဖြစ်၏။
ဆုမိုသည် ဦးလေးဖူကို သံသယ ဝင်ခဲ့ဖူးသော်လည်း ရှောင်ချွမ်း၏ ပြောပြချက်အရ ဦးလေးဖူသည် ဤရက်ပိုင်းအတွင်း လော့ရှားမြို့မှ မည်သည့်နေရာသို့မျှ မသွားခဲ့ကြောင်း သိရလေ၏။ ဇီယန်အာမခံဌာန အတွင်းမှပင် အပြင်ထွက်ခဲလှပေ၏။
ထို့ကြောင့် ဦးလေးဖူသည် သူ၏နောက်သို့ ခရီးဝေးကြီး တိတ်တဆိတ် လိုက်ပါခဲ့သော အနက်ရောင်ဝတ် လူပုဂ္ဂိုလ်ကြီး ဖြစ်နိုင်ရန် အကြောင်းမရှိတော့ပေ။ ဘာပဲပြောပြော ချက်ချင်းလက်ငင်း လူစားထိုးလိုက်ရန်မှာ လက်တွေ့မကျလှချေ။ နှစ်ပေါင်းများစွာ ကြိုတင်စီစဉ်ခဲ့သော ဇူချိုယန်ကဲ့သို့ လူစားမျိုး မဟုတ်သည်မှာ သေချာလှသည်။
သို့သော် ဤလူသည် ယခု ဘာလုပ်နေပါသနည်း။
"ဦးလေးဖူ..."
ဆုမိုက အဝေးမှ လှမ်းခေါ်လိုက်လေ၏။
ဦးလေးဖူက မော့ကြည့်လိုက်ပြီး အလျင်စလို ပြောဆိုလိုက်၏။
"သခင်လေး... ပြန်ရောက်ပြီလား... ဒီမှာ ညီလေးရှောင်ချွမ်းက သခင်လေးကို လာရှာနေတာ... သခင်မလေးယွင် ပြဿနာတက်နေတယ်တဲ့..."
ထိုသတင်းစကားကြောင့်၊ ဆုမို ထိတ်လန့်သွားပြီး ရှောင်ချွမ်းဘက်သို့ လှည့်ကြည့်လိုက်လေ၏။
ရှောင်ချွမ်းက ချက်ချင်းပင် လက်သီးဆုပ်ကာ ပြောကြားလိုက်၏။
"ခေါင်းဆောင်ဆု... ခေါင်းဆောင်လေးနဲ့ ခေါင်းဆောင်ကြီးတို့ စကားများနေကြတယ်... ကြည့်ရတာ ခေါင်းဆောင်ဆုနဲ့ ပတ်သက်နေပုံ ရတယ်... အခြေအနေက တော်တော် ဆိုးနေပြီ... ပြန်ပြင်လို့ မရတဲ့ အခြေအနေ ဖြစ်နေပြီး လက်ပါမယ့် အနေအထားမို့... ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘဲ ခင်ဗျားကို လာခေါ်ရတာပါ..."
"ဟင်..."
ဆုမို မျက်ခုံးပင့်လိုက်မိပြီး ဦးလေးဖူကို ချက်ချင်း လှည့်ပြောလိုက်လေ၏။
"ဦးလေးဖူ... ဦးလေး အရင်ပြန်နှင့်တော့... ကျွန်တော် သံမဏိသွေး အာမခံဌာနကို သွားလိုက်ဦးမယ်..."
"သခင်လေး... အေးအေးဆေးဆေး ပြောကြပါနော်... အကြမ်းဖက်တာတွေ မလုပ်ပါနဲ့..."
ဦးလေးဖူက အလျင်စလို မှာကြားလိုက်လေ၏။
"တကယ်လို့ အဲ့ဒီ ယန်ရီဇီက အရှက်မရှိ လုပ်လာရင်... ကျုပ် လိုက်လာပြီး ရှင်းပေးမယ်..."
"ကောင်းပါပြီဗျာ..."
ဆုမို ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ဦးလေးဖူကို ပြန်လွှတ်လိုက်လေ၏။ ထို့နောက် ရှောင်ချွမ်းနှင့်အတူ သံမဏိသွေး အာမခံဌာနဘက်သို့ အမြန် ထွက်ခွာလာခဲ့ကြ၏။
လမ်းလျှောက်ရင်း ဆုမိုက အသေးစိတ် မေးမြန်းလိုက်၏။ ရှောင်ချွမ်းလည်း သိပ်တော့ ရှင်းရှင်းလင်းလင်း မသိရှိရှာပေ။ ယနေ့ သားအဖနှစ်ယောက် လက်ဖက်ရည် သောက်နေရင်း ဆုမိုအကြောင်း ပါလာပုံရသည် ဟူ၍သာ ပြောပြလေ၏။
ထို့နောက် လေသံများ တဖြည်းဖြည်း မာကျောလာကြ၏။ စားပွဲခုံပင် မှောက်သွားခဲ့သည်ဟု ဆို၏။ ယန်ရှောင်ယွင်က ဒေါသတကြီးဖြင့် နဂါးချောက်နက် တျန်ယွမ်လှံကို ဆွဲကိုင်ပြီး သံမဏိသွေး အာမခံဌာနမှ ထွက်ခွာရန် ပြင်ဆင်သောအခါ ယန်ရီဇီက မည်သို့ ခွင့်ပြုပါမည်နည်း။
ယခုအခါ ခြံဝင်းထဲတွင် ထိပ်တိုက် တွေ့နေကြတော့၏။
မည်သူမျှ ဝင်ရောက်တားဆီးရဲခြင်း မရှိကြချေ။ သားအဖနှစ်ယောက်စလုံးက ခေါင်းမာကြသူများ ဖြစ်ရာ ဝင်ရောက်စွက်ဖက်လိုက်ပါက ရန်ပွဲကို တားဆီးနိုင်မည် မဟုတ်ဘဲ ကိုယ်ပါ အရိုက်ခံရမည့်ကိန်း ဆိုက်သွားနိုင်လေ၏။
'တိမ်တိုက်ဖမ်းသူ' ရွှီရော့ရှန်သည် သံမဏိသွေး အာမခံဌာန၏ အိမ်တော်ထိန်းသဘောမျိုး ဖြစ်နေသော်လည်း၊ သူသည်လည်း ဤအခြေအနေကို ဘေးမှ ရပ်ကြည့်နေရုံမှတစ်ပါး ဘာမျှ မတတ်နိုင်ရှာပေ။
ယခုအချိန်တွင် ယန်ရှောင်ယွင်ကို ဖျောင်းဖျနိုင်မည့်သူမှာ ဆုမို တစ်ယောက်တည်းသာ ရှိတော့၏။ ထို့ကြောင့် ရှောင်ချွမ်းက အပြေးအလွှား လာရောက်ခေါ်ဆောင်ရခြင်း ဖြစ်လေ၏။
"ခေါင်းဆောင်ဆု... ခင်ဗျား မသိလို့ပါ... ပြီးခဲ့တဲ့ အာမခံ ခရီးစဉ်မှာ ခေါင်းဆောင်လေးက ခင်ဗျားနောက် လိုက်သွားကတည်းက... ခေါင်းဆောင်ကြီးက တော်တော်လေး မကျေမနပ် ဖြစ်နေတာ..."
"ပြီးတော့ ကြားတာက... ဒီရက်ပိုင်း ခေါင်းဆောင်လေးက ဇီယန်အာမခံဌာနကို ခဏခဏ သွားနေတယ်ဆိုတော့... ခေါင်းဆောင်ကြီးက ပိုပြီး ဒေါသထွက်နေတာ... သူက စိတ်ခံစားချက်ကို မြိုသိပ်ထားတတ်တော့ ဘယ်သူမှ သတိမထားမိကြဘူး..."
"ဒီနေ့ကျမှ ဒေါသတွေ ပေါက်ကွဲထွက်လာတာ... သူတို့ စိတ်ဓာတ်တွေကို ခင်ဗျားလည်း သိတာပဲ... တကယ်သာ ချကြရင် ဘာဖြစ်သွားမလဲ ဘယ်သူသိမှာလဲ..."
နားထောင်ရင်း ဆုမို မျက်မှောင်ကြုတ်လိုက်မိ၏။ ဘာပြောရမှန်း မသိအောင် ဖြစ်နေရသည်။
လွန်ခဲ့သော နှစ်များဆီက ယန်ရီဇီနှင့် ဆုမို၏ ဖခင်တို့သည် ကျမ်းသစ္စာကျိန်ဆိုထားသော ညီအစ်ကိုများ ဖြစ်ကြလေ၏။ ခင်မင်ရင်းနှီးမှုမှာ အလွန် နက်ရှိုင်းလှပေ၏။ ထို့ကြောင့်လည်း သူနှင့် ယန်ရှောင်ယွင်တို့ စေ့စပ်ထားကြခြင်း ဖြစ်သည်။
သို့သော် အချိန်များ ပြောင်းလဲလာသည်နှင့်အမျှ ဆုမို၏ဖခင် သေဆုံးသွားပြီးနောက်ပိုင်း ဤမင်္ဂလာကိစ္စကို မည်သူမျှ ထပ်မံ ပြောဆိုခြင်း မရှိကြတော့ချေ။
ယန်ရှောင်ယွင်မှာ မိခင် မရှိရှာပေ။ ယန်ရီဇီသည်လည်း နောက်အိမ်ထောင် မပြုဘဲ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တော့၏။ သားအဖနှစ်ယောက်သည် အပြန်အလှန် မှီခိုလျက် နေထိုင်လာကြရာ သံယောဇဉ်မှာ အလွန် ကြီးမားလှပေ၏။ သို့သော် ဆုမိုကြောင့်နှင့် သူတို့ကြားတွင် ပဋိပက္ခ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ရတော့၏။
ယခင်တစ်ကြိမ်ကမူ အသုံးမကျသော၊ မိန်းမလိုက်စားသော ဆုမိုကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ယခု ဆုမိုနှင့် မတူညီတော့ပေ။
သို့သော် ဒီတစ်ခါတော့... သူ ရှောင်လွှဲ၍ မရနိုင်တော့ချေ။
ခဏတာမျှ သူ၏ စိတ်ထဲတွင် ရှုပ်ထွေးနေမိလေ၏။ သို့သော် ခြေလှမ်းများကို ပိုမို အရှိန်မြှင့်လိုက်ပြီး ရှောင်ချွမ်းကို ကျော်တက်သွားလိုက်၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သံမဏိသွေး အာမခံဌာနကို လှမ်းမြင်လိုက်ရတော့၏။ ယနေ့တွင် ထူးထူးဆန်းဆန်း အစောင့်အရှောက်များ ရှိမနေပေ။
ဆုမိုသည် ပွင့်နေသော တံခါးပေါက်ထဲသို့ ခုန်ဝင်လိုက်လေ၏။ ဂိတ်စောင့်သည်လည်း သူ့ကို တားဆီးနိုင်ခြင်း မရှိချေ။
အတွင်းသို့ ရောက်သည်နှင့် ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။ သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် လူများ စည်ကားနေသည်ကို တွေ့လိုက်ရ၏။ အာမခံ သိုင်းဆရာများသည် သားအဖနှစ်ယောက်ကို ဝိုင်းရံထားကြ၏။
ထိုအချိန်တွင် ယန်ရှောင်ယွင်သည် နဂါးချောက်နက် တျန်ယွမ်လှံကို ကိုင်ဆောင်ထားခြင်း မရှိတော့ပေ။ မြေကြီးပေါ်တွင် ထိုင်နေပြီး ပါးစပ်ထောင့်စွန်း၌ သွေးများ စွန်းထင်းနေလေ၏။ ကြည့်ရသည်မှာ ရှုံးနိမ့်သွားပုံ ရလေ၏။
"ဒီနေ့ ငါ… နင့်ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်... အဲ့ဒီ ဇီယန်အာမခံဌာနဆီ ဘယ်လို ဆက်ပြေးမလဲ ကြည့်ရသေးတာပေါ့..."
ယန်ရီဇီ၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာပြီး လှံကို ပြန်လှည့်ကာ ယန်ရှောင်ယွင်၏ ခြေထောက်များကို ရိုက်ချိုးရန် ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်လေတော့၏။
ယန်ရှောင်ယွင်မှာမူ လုံးဝ အလျော့ပေးခြင်း မရှိဘဲ သူမ၏ ဖခင်ကို ခေါင်းမာမာဖြင့် စိုက်ကြည့်နေဆဲပင်။
လှံသည် ယန်ရှောင်ယွင်၏ ခြေထောက်ကို ရိုက်ချိုးတော့မည့် ဆဲဆဲတွင်... လှံတံ ရပ်တန့်သွားလေ၏။ ယန်ရီဇီသည် အားကုန်ဖိချလိုက်သော်လည်း ဆက်ပြီး ဖိချ၍ မရတော့ချေ။ ရုတ်တရက် မော့ကြည့်လိုက်သောအခါ ဘယ်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိသော ဆုမိုသည် ယန်ရှောင်ယွင်၏ ဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရလေ၏။
သူသည် လက်တစ်ဖက်တည်းဖြင့် လှံတံကို ဖမ်းကိုင်ထားပြီး ယန်ရီဇီကို စူးစိုက်ကြည့်နေလေ၏။
"ဦးလေးယန်... ဒါ ဘာလုပ်နေတာလဲဗျာ…”