အခန်း (၁၂၄-၁၂၆)
Vol. 9 Ch. 124-126
အခန်း (၁၂၄) - ဒုခေါင်းဆောင်
~ယန်ရီဇီ ၏ ဒေါသအဟုန်မှာ ပြင်းထန်လှပေ၏။ လှံရိုးဖြင့် ရိုက်နှက်ခြင်း ဖြစ်သော်လည်း ပါဝင်သော စွမ်းအားမှာ တောင်ကိုပင် ဖြိုခွင်းနိုင်မည့်အလား။
ဤရိုက်ချက်သာ ယန်ရှောင်ယွင်၏ ခြေထောက်ကို ထိမှန်သွားပါက အရိုးကျိုး၊ အကြောပြတ်ကာ လပေါင်းများစွာ အိပ်ရာထဲ လဲနေရပေလိမ့်မည်။
သို့သော် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ထိုရိုက်ချက်မှာ ဆုမို၏ တားဆီးခြင်းကို ခံလိုက်ရတော့၏။
ကွင်းပြင်အတွင်းရှိ သိုင်းဆရာများအားလုံး အံ့အားသင့်သွားကြလေ၏။ သူတို့သည် သားအဖနှစ်ယောက်၏ တိုက်ပွဲကိုသာ အာရုံစိုက်နေခဲ့ကြပြီး၊ အချို့မှာ ခေါင်းဆောင်လေးအတွက် စိုးရိမ်ပူပန်နေကြသဖြင့် ဆုမို မည်သည့်အချိန်က ရောက်ရှိလာသည်ကို သတိမထားမိလိုက်ကြချေ။
ယန်ရီဇီ၏ မျက်လုံးများသည် လျှပ်စီးလက်သကဲ့သို့ တောက်ပနေပြီး သူ့ရှေ့မှ ဆုမိုကို အေးစက်စွာ စိုက်ကြည့်နေလေ၏။ သူ၏ နှုတ်ခမ်းများမှာ ဒေါသကြောင့် နှစ်ချက်မျှ တွန့်ရွသွားပြီးမှ အသံထွက်လာလေတော့၏။
"ခေါင်းဆောင်ဆု... မင်း ရောက်လာတာကိုး... ငါ ယန်ရီဇီက အဝေးကနေ မကြိုဆိုမိတာ တောင်းပန်ပါတယ်... ဒါပေမဲ့... မင်းက ဘာသဘောနဲ့ ဝင်ပါတာလဲ..."
"ငါ.. ယန်ရီဇီက ကိုယ့်သမီးကိုယ် ဆုံးမတာကိုတောင်... ခေါင်းဆောင်ဆုရဲ့ ခွင့်ပြုချက် လိုနေသေးတာလား..."
စကားပြောနေရင်း သူ၏ လက်ထဲမှ အားကို တဖြည်းဖြည်း တိုးမြှင့်လိုက်လေ၏။
ဆုမိုသည် လှံရိုးကို လက်တစ်ဖက်တည်းဖြင့် ဖမ်းကိုင်ထားပြီး မတုန်မလှုပ် ရပ်နေလေ၏။ သံမဏိလှံတံကြီးသည် သူတို့နှစ်ဦး၏ အားပြိုင်မှုအောက်တွင် တဖြည်းဖြည်း ကွေးညွတ်လာပြီး တင်းနေသော လေးကိုင်းတစ်ခုအလား ဖြစ်သွားလေတော့၏။
သို့သော် ယန်ရီဇီ၏ စကားကို ကြားလိုက်ရသောအခါ ဆုမို မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး... ရုတ်တရက် လှံတံကို လွှတ်ပေးလိုက်လေ၏။
သံမဏိလှံတံကြီး ကန်ထွက်သွားတော့မည့် ဆဲဆဲတွင် ဆုမို၏ လက်ချောင်းများက လျှပ်တစ်ပြက် ပြန်လည် ဆုပ်ကိုင်လိုက်ပြန်သည်။ လှံရိုးသည် သူ၏ လက်ဖဝါးအတွင်း၌ ချူပ်မိလျက်သား ဖြစ်သွားပြီး လွတ်ထွက်မသွားနိုင်တော့ချေ။ ထို့နောက် သူ၏ လက်ဖဝါးသည် လှံရိုးတစ်လျှောက် လျှောတိုက်ဆင်းသွားပြီး အောက်မှနေ၍ ပင့်တင်လိုက်လေတော့၏။
"ဝှစ်..."
လေတိုးသံတစ်ချက်နှင့်အတူ ယန်ရီဇီ၏ လက်ထဲမှ သံမဏိလှံတံကြီးမှာ ထိန်းချုပ်မှု ကင်းမဲ့ကာ လေထဲသို့ ဝဲပျံသွားလေတော့၏။
လေထဲတွင် ဆယ်ပတ်ကျော်မျှ လည်ပတ်ပြီးနောက် လှံတံကြီးသည် မြေကြီးပေါ်သို့ ဒေါင်လိုက် စိုက်ဆင်းသွားလေ၏။
"ဝုန်း..."
လှံသွားသည် မြေကြီးနှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော စွမ်းအားလှိုင်းတစ်ခု ဗဟိုချက်မှ ဖြာထွက်လာပြီး ဘေးပတ်ဝန်းကျင်ရှိ သိုင်းဆရာများကို နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားစေခဲ့လေ၏။
အားလုံး အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။ သူတို့၏ မျက်နှာများတွင် မယုံနိုင်မှုများ အထင်းသား ပေါ်နေလေ၏။
ရွှမ်ကျီတောင်ကြား တိုက်ပွဲအကြောင်းကို သူတို့ ကြားဖူးထားကြသော်လည်း၊ ဆုမိုသည် တကယ်တမ်း ဤမျှ စွမ်းအားကြီးမားလိမ့်မည်ဟု သံသယ ရှိခဲ့ကြ၏။
ယခု ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါမှ... နှလုံးသားထဲအထိ ယုံကြည်လက်ခံသွားကြလေတော့၏။
ထိုအချိန်တွင် လူအများစုမှာ သက်ပြင်းချနိုင်ကြတော့၏။ အချို့က ယနေ့ ယန်ရီဇီ၏ ဒေါသပုံစံမှာ ဆုမိုနှင့်ပတ်သက်သော ကောလာဟလများကြောင့် ဖြစ်လိမ့်မည်ဟု မှန်းဆမိကြ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ စေ့စပ်ထားမှုက လော့ရှားမြို့တစ်ွင်တွင် လူတိုင်းသိသော ကိစ္စဖြစ်သည်။
ယခင်က ဆုမိုသည် အသုံးမကျသူဟု သတ်မှတ်ခံထားရသဖြင့် ယန်ရီဇီက ဤကိစ္စကို ရေငုံနှုတ်ပိတ် နေခဲ့သည်။ ပါဝင်ပတ်သက်ခြင်း မပြုသလို၊ ခေါင်းဆောင်လေးနှင့် ဆုမိုတို့ ပတ်သက်နေခြင်းကိုလည်း သဘောမကျခဲ့ပေ။
ယခု ဆုမို နာမည်ကြီးလာသောအခါ ဤကိစ္စက ရေပေါ်ဆီလို ပြန်ပေါ်လာခဲ့တော့၏။
ဤအခြေအနေတွင် ယန်ရီဇီအတွက် မျက်နှာပူစရာ ဖြစ်လာရသည်။ အကယ်၍ သူက ခေါင်းဆောင်လေးကို ဆုမိုနှင့် ရင်းနှီးခွင့် ပေးလိုက်ပါက၊ အခွင့်အရေးသမားဟု စွပ်စွဲခံရနိုင်ပေသည်။
ထို့အပြင် ယန်ရှောင်ယွင်က ဇီယန်အာမခံဌာနသို့ ခဏခဏ သွားရောက်နေသော်လည်း၊ ဆုမိုကမူ သံမဏိသွေး အာမခံဌာနသို့ ခြေတစ်လှမ်းမျှ လာရောက်ခြင်း မရှိပေ။
ဤကိစ္စက ပြောရလွယ်သော်လည်း နားထောင်ရ ဆိုးလှသည်။ ထို့ကြောင့် ယန်ရီဇီ မကျေမနပ် ဖြစ်နေသည်ဆိုလျှင်လည်း လုံးဝ အပြစ်ဆို၍ မရနိုင်ပေ။
အကယ်၍ ထိုအချက်သာ မှန်ကန်ပါက ယန်ရီဇီကို သိက္ခာရှိရှိ ဆင်းသက်ခွင့် ပေးလိုက်ရုံဖြင့် ယနေ့ ပြဿနာ ပြီးဆုံးသွားပေလိမ့်မည်။
ချက်ချင်းပင် မျက်လုံးပေါင်းများစွာက ဆုမိုထံသို့ ရောက်ရှိလာကြ၏။ သူ မည်သို့ ဖြေရှင်းမည်ကို သိချင်နေကြလေ၏။
သို့သော် ဆုမိုသည် ယန်ရှောင်ယွင်ကို တွဲထူလိုက်ပြီး သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်၏။ ထို့နောက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ယန်ရီဇီဘက်သို့ လှည့်ကာ သက်ပြင်းချလိုက်လေ၏။
"ဦးလေးယန်... အမှားတွေ အများကြီး ရှိခဲ့ရင်တောင်... အဲ့ဒါတွေက ဒီလူငယ်ရဲ့ အမှားတွေပါ... အစ်မယွင်ကို ဘာလို့ ဆွဲထည့်ရတာလဲဗျာ..."
"မင်းကများ ပြောရဲသေးတယ်..."
ယန်ရီဇီ အေးစက်စွာ နှာမှုတ်လိုက်၏။
"ခေါင်းဆောင်ဆုမှာ ဘာအမှား ရှိလို့လဲ... အမှားရှိတာက ငါ့ရဲ့ ဒီအသုံးမကျတဲ့ သမီးပါ... ပြီးတော့ ငါင ကိုယ့်သမီးကိုယ် အိမ်တံခါးပိတ် ဆုံးမနေတာ... မင်းက ဘယ်နေရာကနေ ဝင်ပြောချင်တာလဲ... ရွှမ်ကျီတောင်ကြားမှာ နာမည်လေး နည်းနည်း ရလာတာနဲ့... ခေါင်းဆောင်ဆုက ငါနဲ့ တန်းတူဖြစ်ပြီလို့ ထင်နေတာလား..."
"မထင်ရဲပါဘူးဗျာ..."
ဆုမိုသည် ယန်ရှောင်ယွင်ကို တွဲထားရင်း ဖြေကြားလိုက်လေ၏။
"ဦးလေးယန်က သိုင်းလောက စီနီယာပါ...ကျွန်တော့်အဖေရဲ့ ကျမ်းသစ္စာကျိန် ညီအစ်ကိုလည်း ဖြစ်ပါတယ်... သိုင်းလောက အဆင့်အတန်းအရပဲဖြစ်ဖြစ်... ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ်... ဦးလေးယန်က ကျွန်တော့်ရဲ့ လူကြီးသူမပါပဲ... ကျွန်တော့်မှာ သတ္တိတွေ ကောင်းကင်လောက် ကြီးနေပါစေ... ဦးလေးယန်နဲ့တော့ တန်းတူ မယှဉ်ရဲပါဘူး..."
"မင်းကိုယ်မင်း သိလို့ တော်သေးတာပေါ့..."
ယန်ရီဇီက နောက်ထပ်တစ်ကြိမ် နှာမှုတ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ မောက်မာစွာ ရပ်နေလေ၏။
ဆုမို မျက်ခုံးအနည်းငယ် ပင့်လိုက်မိသည်။ တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ယန်ရှောင်ယွင်၏ အသံ ထွက်ပေါ်လာလေ၏။
"ရှောင်မို... နင့်မှာ ဘာအမှားရှိလို့လဲ... သူနဲ့ စကားအများကြီး ပြောမနေနဲ့... သူက ဒီနေ့ အကျိုးအကြောင်း ဘာမှ နားမလည်တော့ဘူး... လူကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို အသုံးချပြီး ဖိအားပေးနေတာ... သူမှားနေတာ သိသာကြီးကို... သူ့ကိုယ်သူ မှန်တယ်လို့ ပြောနေတာ ကြားရတာ... ရင်ထဲမှာ စိမ့်တက်လာအောင် အေးစက်မိတယ်..."
"ရိုင်းလိုက်တာ... ရိုင်းလိုက်တာ..."
ယန်ရီဇီ ဒေါသထွက်လွန်းသဖြင့် ယန်ရှောင်ယွင်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်လေ၏။
"ငါက နင့်ကို အလိုလိုက်လွန်းလို့... အခုတော့ စည်းကမ်းမရှိ၊ ရိုသေမှုမရှိ ဖြစ်လာပြီပေါ့..."
"ဘယ်နေရာမှာ ရိုသေမှု မရှိလို့လဲ..."
ယန်ရှောင်ယွင် ပြန်လည် ချေပလိုက်၏။
"ရှောင်မိုနဲ့ သမီးနဲ့က စေ့စပ်ထားပြီးသားလေ... အနာဂတ်မှာ ဆုမိသားစုရဲ့ ချွေးမ ဖြစ်လာမယ့်သူပါ... ဇီယန်အာမခံဌာနကို ခဏခဏ သွားတာ ဘာများ အကြောင်းမရှိ ဖြစ်နေလို့လဲ..."
"နင်..."
ယန်ရီဇီ၏ မျက်နှာ မည်းမှောင်သွားလေ၏။
"ကောင်းတယ်... တော်တော် ကောင်းတယ်... အခု နင်က အရွယ်ရောက်လာပြီ ဆိုတော့... ငါက နင့်အတွက် ဆုံးဖြတ်ပေးလို့ မရတော့ဘူးပေါ့လေ..."
"ဆုံးဖြတ်ချက် ဟုတ်လား... လွန်ခဲ့တဲ့ နှစ်တွေတုန်းက သမီးကို ရှောင်မိုနဲ့ စေ့စပ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ အဖေပဲ မဟုတ်ဘူးလား... အခုကျမှ အဲ့ဒီဆုံးဖြတ်ချက်က ဘယ်ရောက်သွားတာလဲ... အဖေ... အဖေက တကယ်ပဲ ဟိုဘက်ပါ၊ ဒီဘက်ပါ လုပ်တတ်တဲ့ လူစားမျိုးလား..."
"ဦးလေးဆုရဲ့ ဝိညာဉ်က အဝေးကြီးမှာ မဟုတ်ဘူးနော်... အဖေ့စကားတွေကြောင့် လူတွေ စိတ်ပျက်သွားမှာ မကြောက်ဘူးလား..."
ယန်ရှောင်ယွင် ပြောလိုက်သော စကားများတွင် ဒေါသနှင့် စိတ်ပျက်အားငယ်မှုတို့ ရောယှက်ပါဝင်နေလေ၏။
"မိုက်ရိုင်းလှချည်လား... မိုက်ရိုင်းလိုက်တာ…”
အခန်း (၁၂၅) - ဒုခေါင်းဆောင် (၂)
~ယန်ရီဇီ၏ မျက်နှာထားမှာ သံပူမိသကဲ့သို့ မည်းမှောင်နေလေ၏။
"ငါ နင့်ကို တစ်ခုပဲ မေးမယ်... နင့်အပြစ်ကို နင်သိရဲ့လား..."
"သမီးမှာ အပြစ်မှ မရှိတာ... ဘယ်လိုလုပ် သိမှာလဲ..."
ယန်ရှောင်ယွင်၏ လေသံမှာ ထူးဆန်းစွာ တည်ငြိမ်နေလေ၏။
"အဖေနဲ့ ဦးလေးဆုက ကျမ်းသစ္စာကျိန်ထားတဲ့ ညီအစ်ကိုတွေပါ... ဦးလေးဆု မမျှော်လင့်ဘဲ ဆုံးပါးသွားပြီးနောက် ဆုမိသားစု ကျဆုံးသွားတဲ့အခါ... အဖေက ရှောင်မိုကို နည်းလမ်းပေါင်းစုံနဲ့ အထင်သေးခဲ့တယ်..."
"အဲ့တုန်းက... ဦးလေးဆုနဲ့ အဖေနဲ့ကြားက အသက်နဲ့ရင်းပြီး ချစ်ခဲ့ကြတဲ့ သံယောဇဉ်တွေကို အဖေ သတိရခဲ့သေးရဲ့လား... အဖေ လော့ရှားမြို့ကို စရောက်တုန်းက... ဘယ်သူကများ အဖေ့ကို ကူညီထောက်ပံ့ပေးပြီး ဒီကနေ့ သံမဏိသွေး အာမခံဌာန ဖြစ်လာဖို့ အခြေခံအုတ်မြစ်တွေ ချပေးခဲ့တာလဲ..."
"အဖေ ဘာမှမဟုတ်တဲ့ လူမမယ်ဘဝတုန်းက... ဘယ်သူကများ အဖေ့ဘေးနားမှာ အမြဲရှိနေပြီး ဘယ်တော့မှ စွန့်ခွာမသွားခဲ့တာလဲ..."
"ယောကျာ်းကောင်းတစ်ယောက်ရဲ့ ကတိစကားက ပိဿာတစ်ထောင်လေးတယ်... သိုင်းလောကမှာ ကျင်လည်ရင် သစ္စာတရားကို တန်ဖိုးထားပြီး ကတိတည်ဖို့က အရေးအကြီးဆုံးပဲလို့... အဖေပဲ သမီးကို သင်ပေးခဲ့တာ မဟုတ်လား..."
"ဒီစကားတွေကို သမီး အမြဲတမ်း နှလုံးသွင်းထားခဲ့ပါတယ်... ဒါပေမဲ့ အခုလို အချိန်ကျမှ... အခုလို အချိန်ကျမှ..."
"အခု ဘာဖြစ်လဲ..."
ယန်ရီဇီ၏ သွားများ တဆတ်ဆတ် တုန်ရီနေပြီး မျက်လုံးများထဲတွင် အေးစက်သော အရောင်များ ပိုမို နက်ရှိုင်းလာလေ၏။
ဆုမိုသည် ယန်ရှောင်ယွင်ကို မသိစိတ်ဖြင့် လှမ်းဆွဲလိုက်သော်လည်း၊ သူမက ဒေါသတကြီး မေးခွန်းထုတ်လိုက်လေတော့၏။
"အခုကျမှ... အဖေက ဘာလို့များ သစ္စာမဲ့ပြီး ကျေးဇူးကန်းရတာလဲ..."
သစ္စာမဲ့ပြီး ကျေးဇူးကန်းခြင်း...။
ထိုစကားလုံးများသည် တူကြီး တစ်လက်ဖြင့် ယန်ရီဇီ၏ နှလုံးသားတံခါးကို အားကုန် ထုရိုက်လိုက်သကဲ့သို့ ရှိလေ၏။
သံမဏိသွေး အာမခံဌာနမှ ခေါင်းဆောင်များနှင့် သိုင်းဆရာများအားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မှင်သက်သွားကြရရှာသည်။ ယန်ရှောင်ယွင် ဤမျှ ပြင်းထန်သော စကားလုံးများကို ထုတ်ပြောလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
"နင်... တော်တော် ရဲတင်းနေပါလား..."
ယန်ရီဇီ အကြီးအကျယ် ဒေါသထွက်သွားပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ ခြေတစ်လှမ်းတည်းဖြင့် ယန်ရှောင်ယွင်၏ ရှေ့မှောက်သို့ ရောက်ရှိသွားပြီး လက်ကိုမြှောက်ကာ ရိုက်နှက်ရန် ပြင်လိုက်လေတော့၏။
ဆုမိုက မည်သို့ ခွင့်ပြုပါမည်နည်း။
ယန်ရီဇီ၏ မိသားစုရေးရာ ဖြစ်နေသဖြင့် ဆုမိုအနေဖြင့် ကြားဝင်စွက်ဖက်ရန် မသင့်တော်သည်မှာ မှန်သော်လည်း...
ယခုအချိန်တွင် ထိုယဉ်ကျေးမှုများကို မည်သူက ဂရုစိုက်နေနိုင်ပါဦးမည်နည်း။
ချက်ချင်းပင် သူသည် လက်ကို ဆန့်ထုတ်ကာ တားဆီးလိုက်လေ၏။ လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရား ကျင့်စဉ် ဖြင့် မိမိကိုယ်ကို အကာအကွယ်ယူရင်း တွန်းကန်အားတစ်ခုကို ထုတ်လွှတ်ကာ ယန်ရီဇီ၏ လက်ကို ပုတ်ထုတ်လိုက်လေ၏။
မထင်မှတ်ထားသော တုံ့ပြန်မှုကြောင့် ယန်ရီဇီ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရပြီး မျက်နှာထား မည်းမှောင်သွားလေ၏။
"မင်းက ငါ့ကို ပြန်တိုက်ရဲတယ်ပေါ့..."
"မတိုက်ရဲပါဘူးဗျာ... ဦးလေးယန်ကို မလုပ်ခင် သုံးခါလောက် ပြန်စဉ်းစားစေချင်လို့ တားလိုက်ရုံပါ..."
ဆုမို စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက် ဖျောင်းဖျလိုက်၏။
"အစ်မယွင်က စိတ်မထိန်းနိုင်လို့ ခဏတာ ပြောမှားဆိုမှား ဖြစ်သွားတာပါ... ရိုင်းပျချင်တဲ့စိတ် လုံးဝ မရှိပါဘူး... ဦးလေးယန် စိတ်မဆိုးပါနဲ့ဗျာ... အေးအေးဆေးဆေး ပြောကြတာပေါ့..."
"ကောင်းပြီ... ကောင်းပါပြီလေ... ခေါင်းဆောင်ဆုက တကယ်ကို သာမန်လူ မဟုတ်ပါဘူး... အခုတော့ အတောင်ပံတွေ စုံလာပြီဆိုတော့... ငါ့ကိုတောင် မျက်လုံးထဲ မထည့်တော့ဘူးပေါ့..."
ယန်ရီဇီ ဟားတိုက် ရယ်မောလိုက်သော်လည်း မျက်ဝန်းထဲတွင် ဒေါသများ ပြည့်နှက်နေလေ၏။
"ရပါတယ်... ဒါဆိုရင် ခေါင်းဆောင်ဆုဆီကနေ သိုင်းကွက် တစ်ကွက်နှစ်ကွက်လောက် ပညာယူပါရစေ..."
"...ဦးလေးယန်ကလည်း... ပြောလွန်းပါပြီဗျာ..."
ဆုမို မျက်ခုံးပင့်လိုက်မိသည်။ စကားပြောရင်းနဲ့ ဘယ်လိုလုပ်ပြီး ဒီအခြေအနေထိ ရောက်သွားရတာလဲ။
"အပိုတွေ ပြောမနေနဲ့... လက်နက်ထုတ်စမ်း..."
ယန်ရီဇီက လက်ကို ဆန့်ထုတ်လိုက်ရာ 'ဝှစ်' ခနဲ လေတိုးသံနှင့်အတူ မြေပြင်ပေါ်ရှိ လှံရှည်ကြီးသည် ရုတ်တရက် လေပေါ်သို့ ပျံတက်လာပြီး ယန်ရီဇီ၏ လက်ထဲသို့ အရှိန်ပြင်းစွာ ရောက်ရှိလာလေတော့၏။
သူသည် လှံကို လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ကာ ဆုမိုကို အဝေးမှ လှမ်းချိန်လိုက်လေ၏။
"မင်းရဲ့ လက်နက်ကို ထုတ်လိုက်တော့..."
ဆုမို သက်ပြင်းချလိုက်မိသည်။ ယန်ရှောင်ယွင်က ဝင်ပြောလိုက်လေ၏။
"ဒါက ရှောင်မိုနဲ့ ဘာဆိုင်လို့လဲ... အဖေ... အဖေ တော်တော် လွန်နေပြီနော်..."
"ပါးစပ်ပိတ်ထားစမ်း... ဒီနေရာမှာ နင်ဝင်ပြောဖို့ အခွင့်အရေး မရှိဘူး..."
ယန်ရီဇီက ယန်ရှောင်ယွင်ကို အေးစက်စွာ လှမ်းကြည့်လိုက်၏။
ဆုမို ဘာမှမတတ်နိုင်တော့သဖြင့် ယန်ရှောင်ယွင်ကို လှည့်ပြောလိုက်ရလေ၏။
"အစ်မယွင်... ခဏလောက် ဖယ်နေပေးပါ... ဦးလေးယန်က ကျွန်တော့်ကို သိုင်းပညာ သင်ပေးချင်တယ် ဆိုတော့... တစ်ကွက်နှစ်ကွက်လောက်တော့ ယှဉ်ကြည့်ရတာပေါ့... စိတ်မပူပါနဲ့..."
"ရှောင်မို..."
ယန်ရှောင်ယွင်က ဆုမို၏ လက်ကို ဆွဲထားလေ၏။
ထိုအပြုအမူကို မြင်လိုက်ရသောအခါ ယန်ရီဇီ ပိုမို ဒေါသထွက်လာလေတော့၏။
"ကောင်စုတ်လေး... ဒီလှံချက်ကို ခံစားလိုက်စမ်း..."
နဂါးဟိန်းသံကဲ့သို့ စူးရှသော အသံကြီး ထွက်ပေါ်လာလေ၏။ ဆယ်စုနှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သော 'နဂါးချောက်နက် တျန်ယွမ်လှံ' နှင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော ‘တာ့ရှန် ရွှမ်ထင်း ကျမ်း’တို့ ပေါင်းစပ်လိုက်သောအခါ... မိုးတိမ်များကို ထိုးခွင်းပြီး သတ္တဝါအပေါင်းကို ဖျက်ဆီးမည့် နတ်နဂါးတစ်ကောင်၏ အရှိန်အဝါဖြင့် တိုက်ခိုက်လာလေတော့၏။
ဆုမို၏ မျက်နှာထား တည်သွားလေ၏။ ယန်ရှောင်ယွင် ဒဏ်ရာရထားသည်ကို သိလျက်နှင့် ယန်ရီဇီက ကိုယ့်သမီးကိုယ်ပါ မငဲ့ညှာဘဲ လှံမုန်တိုင်းထဲ ဆွဲထည့်နေသည် မဟုတ်ပါလော။
သူ တွေဝေမနေတော့ဘဲ ယန်ရှောင်ယွင်ကို ညင်သာစွာ တွန်းထုတ်လိုက်၏။ အတွင်းအားဖြင့် သူမကို နှစ်လံခန့် အကွာအဝေးသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်လေ၏။
သိုင်းဆရာအချို့က သူမကို ကူညီတွဲမပေးရန် ပြေးလာကြသော်လည်း သူမက ပခုံးကို တွန့်ကာ ရုန်းထွက်လိုက်၏။
"လွှတ်စမ်း..."
သူမ ရှေ့သို့ တိုးချင်သော်လည်း 'နဂါးချောက်နက် တျန်ယွမ်လှံ' ၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော အရှိန်အဝါကြောင့် အနားကပ်၍ မရနိုင်ဖြစ်နေရသည်။
ထိုအချိန်တွင် ဆုမိုသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်လေ၏။ ဟန်ပြတိုက်ကွက် အလွှာပေါင်းများစွာကို ထိုးဖောက်ကျော်လွှားပြီး လှံသွားကို တိုက်ရိုက် ဖမ်းဆုပ်လိုက်လေတော့၏။
"လွှတ်စမ်း..."
ယန်ရီဇီ၏ အော်ဟစ်သံနှင့်အတူ သူ၏ လက်ချောင်းငါးချောင်း လှုပ်ရှားသွားပြီး လှံရိုးတံကို ပြင်းထန်စွာ လည်ပတ်စေရန် ကြိုးပမ်းလိုက်လေ၏။
ဤနည်းစနစ်သည် ယန်ရှောင်ယွင် ရန်သူများနှင့် တိုက်ခိုက်ရာတွင် မကြာခဏ အသုံးပြုလေ့ရှိသော နည်းလမ်းဖြစ်သည်။ လှံတံ လည်ပတ်သွားသည်နှင့် တပြိုင်နက် လှံတစ်ချောင်းလုံးသို့ စွမ်းအားများ စီးဆင်းသွားပြီး ပြိုင်ဘက်အနေဖြင့် ဆက်လက် ဆုပ်ကိုင်ထားရန် အလွန် ခက်ခဲသွားစေသည်။
ယခင်က ယန်ရှောင်ယွင်သည် ယင်တောင်သရဲဘုရင်နှင့် ယန်ကျုံးကျွင်းတို့ကို တိုက်ခိုက်စဉ်ကလည်း ဤနည်းလမ်းကို အသုံးပြုခဲ့ဖူးသည်။
ပြိုင်ဘက်ကင်းသော နည်းစနစ် မဟုတ်သော်လည်း အလွန် ထူးခြားသော စွမ်းရည်တစ်ခု ဖြစ်ပေသည်။
သို့သော် ဆုမိုနှင့် တွေ့သောအခါတွင်မူ... အရာအားလုံး ငြိမ်သက်သွားလေတော့၏။
လှံတံက... လုံးဝ မလှုပ်ရှားတော့ချေ။
ဆုမိုသည် လှံရိုးကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ထားသည်ဟု ထင်ရသော်လည်း၊ ထိုဆုပ်ကိုင်မှုက ယန်ရီဇီကို လှံတံအား ထိန်းချုပ်ခွင့်မပေးဘဲ တားဆီးထားလေ၏။
ယန်ရီဇီမှာ အတွင်းအားကို တွန်းပို့ပြီး လှံကို ပြန်လည် လုယူရန် ကြိုးစားရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။
ထိုအခြေအနေကို မြင်သောအခါ ဆုမို သက်ပြင်းချလိုက်လေ၏။
"ရော့... ပြန်ယူလိုက်တော့..."
ရုတ်တရက် ဆုပ်ကိုင်ထားမှုကို လွှတ်ပေးလိုက်ရာ ပြင်းထန်သော တန်ပြန်အားကြောင့် ယန်ရီဇီသည် လှံကို ကိုင်လျက်သား နောက်သို့ ငါးလှမ်း ခြောက်လှမ်းခန့် ယိုင်နဲ့သွားပြီးမှ ရပ်တန့်သွားနိုင်လေ၏။ ယခုအခါ ဆုမိုကို ကြည့်သော သူ၏ မျက်လုံးများထဲတွင် မရေရာမှုများ ပြည့်နှက်နေတော့၏။
"ကောင်းတယ်... တော်တော် ကောင်းတယ်... အနှစ်သာရကို သဘောပေါက်သွားပြီဆိုတော့ တကယ် ထူးချွန်နေပြီပဲ..."
"ကောင်လေး... ဒီလှံချက်ကို ခံနိုင်မလား ကြည့်ကြသေးတာပေါ့..."
ယန်ရီဇီ၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ လက်ထဲမှ လှံသည် နောက်တစ်ကြိမ် ထိုးထွက်လာပြန်သည်။ သူ၏ ခန္ဓာကိုယ်သည် လှံနှင့်အတူ ရွေ့လျားသွားပြီး နဂါးတစ်ကောင်အသွင် ပြောင်းလဲသွားသကဲ့သို့ပင်။
လှံသွားထိပ်မှ မာန်ပါသော အသံတစ်ခု ထွက်ပေါ်လာပြီး သေချာကြည့်လိုက်ပါက တိုက်ခိုက်လာသည်မှာ လှံတစ်ချောင်းလား... သို့တည်းမဟုတ် လေဟာနယ်ကို ကုတ်ခြစ်ဖြိုခွင်းလာသော နတ်နဂါး တစ်ကောင်လား မသဲကွဲနိုင်အောင် ဖြစ်နေရလေတော့၏။
ယန်ရှောင်ယွင်၏ မျက်နှာထား ရုတ်တရက်.. ပြောင်းလဲသွားလေ၏။
" 'နတ်နဂါး ကောင်းကင်ခွဲ သိုင်းကွက်' ... ရှောင်မို... သတိထား…”
အခန်း (၁၂၆) - ဒုခေါင်းဆောင် (၃)
~ယန်ရှောင်ယွင် သည် ဆုမို၏ သိုင်းပညာကို အကြွင်းမဲ့ ယုံကြည်မှု ရှိသော်လည်း၊ သူမ၏ ဖခင် ယန်ရီဇီ ၏ သိုင်းစွမ်းရည်ကိုလည်း ကောင်းစွာ သိရှိထားသူ ဖြစ်လေ၏။
ထို့ကြောင့် ယခုအချိန်တွင် သူမ မည်သို့ စိတ်မပူဘဲ နေနိုင်ပါမည်နည်း။
ဆုမို ခေါင်းမော့ကြည့်လိုက်၏။ လှံသည် သူ၏ ရှေ့မှောက်သို့ မရောက်ရှိသေးသော်လည်း၊ ပြင်းထန်သော လေပြင်းများက သူ့ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံးကို စုပ်ယူသွားသကဲ့သို့ ခံစားလိုက်ရသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ပုန်းခိုစရာ နေရာမရှိတော့သကဲ့သို့ပင်။
သူ လေကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီး ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်လေ၏။ သူ၏ လက်နှစ်ဖက်ကို လေထဲတွင် ဝဲပျံစေလိုက်ရာ နဂါးနှင့် ဆင်တို့၏ ဟိန်းသံများ သဲ့သဲ့မျှ ထွက်ပေါ်လာလေ၏။ သူ၏ လက်ဖဝါးတစ်ခုစီတွင် နဂါးပုံသဏ္ဌာန် ချီစွမ်းအင်များ ဖြတ်သန်းသွားလာနေကြ၏။
သူ၏ လက်ဖဝါးနှစ်ခုကြားရှိ နေရာလပ်သည် နဂါးများ လွတ်လပ်စွာ ကျက်စားရာ စကြဝဠာကြီးတစ်ခု ဖြစ်နေသယောင်ပင်။
ရုတ်တရက်ဆိုသလို 'နတ်နဂါး ကောင်းကင်ခွဲ သိုင်းကွက်' သည် အနားသို့ ရောက်ရှိလာခဲ့တော့၏။ လှံသွားသည် နတ်နဂါးတစ်ကောင်၏ လက်သည်းဖြင့် ကုတ်ခြစ်လိုက်သကဲ့သို့ ပြင်းထန်သော်လည်း၊ ဆုမို၏ လက်ဖဝါးနှစ်ခုကြားသို့ တိကျစွာ ကျရောက်သွားလေတော့၏။
"ဝူး..."
ပြင်းထန်သော လေတိုးသံများ ပျောက်ကွယ်သွားပြီး နဂါးဟိန်းသံများ မြင့်တက်လာလေ၏။ လူအများ၏ မျက်စိထဲတွင် နဂါးသုံးကောင် ရောယှက် လိမ်ယှက်နေသကဲ့သို့ ထင်ရသော်လည်း မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားလေ၏။
သေချာ ပြန်ကြည့်လိုက်သောအခါ ယန်ရီဇီ၏ လှံသွားသည် ဆုမို၏ လက်ဖဝါးနှစ်ခုကြားရှိ လေဟာနယ်ထဲတွင် မိနေပြီး မည်သို့မျှ ရုန်းထွက်၍ မရနိုင်တော့သည်ကို တွေ့လိုက်ရလေ၏။
လက်မဝက်ခန့်ပင် ရှေ့သို့ တိုး၍ မရတော့ချေ။
ယန်ရီဇီ၏ မျက်နှာထားမှာ လေးနက်တည်ကြည်နေပြီး နဖူးမှ ဖြူဖွေးသော အငွေ့များ ထွက်ပေါ်လာလေ၏။ သူ၏ စွမ်းအား အကုန်လုံးကို ထိုလှံရှည်ကြီးအပေါ်သို့ ပုံအောထားလိုက်၏။
ရုတ်တရက် ကောင်းမွန်စွာ သွန်းလုပ်ထားသော သံမဏိလှံတံကြီးသည် ဦးစွာ ကွေးညွတ်သွားသည်။ တဆက်တည်း၌၊ လိမ်တွန့်သွားကာ၊ မျက်တောင်တစ်ခတ်အတွင်း သူတို့နှစ်ဦး၏ စွမ်းအားကို မခံနိုင်တော့ဘဲ စူးရှသော သတ္တုသံကြီးနှင့်အတူ ပေါက်ကွဲထွက်သွားလေတော့၏။
"ဘုန်း..."
ဆုမို၏ ကိုယ်ခန္ဓာ ယိမ်းယိုင်သွားသော်လည်း၊ ယန်ရီဇီမှာမူ လေထဲတွင် ငါးပတ် ခြောက်ပတ်ခန့် လည်ပတ်သွားပြီးမှ မြေကြီးပေါ်သို့ ကျရောက်သွားလေ၏။
မြေကြီးပေါ်သို့ ရောက်သည်နှင့် သူသည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရပြီး၊ ကျောက်ပြားသုံးချပ်ကို နင်းချေပြီးမှသာ ရပ်တန့်နိုင်ခဲ့လေ၏။
သူသည် လက်တစ်ဖက်ကို နောက်သို့ ပစ်ထားပြီး ဆုမိုကို တည်ငြိမ်စွာ ကြည့်နေလေ၏။ သို့သော် သူ၏ နောက်ပါးရှိ မျက်စိလျင်သော သိုင်းဆရာများကမူ ယန်ရီဇီ၏ နောက်ပစ်ထားသော လက်မှ သွေးများ စီးကျနေသည်ကို သတိထားမိလိုက်ကြ၏။
ကျိုးပဲ့သွားသော လှံစက သူ၏ လက်ဖဝါးကို ခွဲစိတ်သွားခဲ့ခြင်း ဖြစ်လေ၏။
"သိုင်းပညာ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးယန်... အများကြီး အကျိုးရှိသွားပါပြီ..."
ဆုမိုသည် တည်ငြိမ်အေးဆေးစွာပင် လက်သီးဆုပ်ကာ အရိုအသေပြုလိုက်လေ၏။
ယန်ရီဇီ မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်၏။ ပြန်ဖွင့်လိုက်သောအခါ သူ၏ မျက်ဝန်းများမှာ တည်ငြိမ်မှု ပြန်ရနေပြီ ဖြစ်၏။
ဆုမိုကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်က ယန်ရှောင်ယွင်ထံသို့ ရောက်ရှိသွားလေ၏။
"ထွက်သွားတော့..."
ယန်ရှောင်ယွင် ထိတ်လန့်သွားသော်လည်း ရယ်လိုက်မိသည်။ သိုင်းဆရာအချို့၏ အကူအညီဖြင့် သူမသည် ဆုမို၏ ဘေးသို့ ရောက်ရှိလာပြီး တီးတိုး ပြောဆိုလိုက်လေ၏။
"ရှောင်မို... ငါ့ကို ခေါ်သွားပါ..."
အခြေအနေတွေက ဒီအထိ ရောက်လာမှတော့ တခြားရွေးချယ်စရာ မရှိတော့ဘူးဆိုတာ ဆုမို သိလိုက်ရသည်။ သူ ချက်ချင်း ပြန်ပြောလိုက်၏။
"ဦးလေးယန်... အစ်မယွင်ကို ဇီယန်အာမခံဌာနမှာ ရက်အနည်းငယ်လောက် ခေါ်ထားလိုက်ပါ့မယ်... အားလုံး စိတ်ငြိမ်သွားမှပဲ ဆက်ဆွေးနွေးကြတာပေါ့..."
စကားပြောရင်း သူသည် ယန်ရှောင်ယွင်ကို တွဲကာ သံမဏိသွေး အာမခံဌာန၏ တံခါးဝဆီသို့ ထွက်ခွာရန် ပြင်လိုက်လေ၏။
ဘေးပတ်ဝန်းကျင်ရှိ သိုင်းဆရာများနှင့် ခေါင်းဆောင်များက မသိစိတ်ဖြင့် သူတို့၏ လမ်းကို ပိတ်ဆို့လိုက်ကြ၏။
ဆုမိုက ယန်ရှောင်ယွင်ကို တွဲလျက် ယန်ရီဇီ ရှေ့သို့ ရောက်ရှိလာသောအခါ၊ ယန်ရီဇီက အေးစက်စွာ ပြောလိုက်လေ၏။
"ထွက်သွားပြီးရင်... ပြန်မလာနဲ့တော့... ငါ့မှာ နင့်လို သမီးမျိုး မရှိဘူးလို့ပဲ သဘောထားလိုက်မယ်... ဒီနေ့ကစပြီး နင်က သံမဏိသွေး အာမခံဌာနရဲ့ ခေါင်းဆောင်လေး မဟုတ်တော့ဘူး..."
ထိုစကားများ ပြောပြီးနောက် သူ ရုတ်တရက် လက်ကာပြလိုက်၏။
"သူတို့ကို သွားခွင့်ပေးလိုက်..."
သံမဏိသွေး အာမခံဌာနမှ သိုင်းဆရာများနှင့် ခေါင်းဆောင်များသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မလိုလားသော်လည်း လမ်းဖယ်ပေးလိုက်ကြရလေ၏။
သူတို့နှစ်ဦးသည် သံမဏိသွေး အာမခံဌာန၏ တံခါးပေါက်မှ ထွက်ခွာလာခဲ့ကြ၏။
နောက်ပြန်လှည့်ကြည့်လိုက်သောအခါ လေထဲတွင် တလူလူ လွင့်ပျံနေသော သံမဏိသွေး အလံတော်ကို တွေ့လိုက်ရပြီး ယန်ရှောင်ယွင်၏ မျက်ဝန်းထဲတွင် ဝေခွဲမရသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။
"အစ်မယွင်... ဦးလေးယန်က အခုလောလောဆယ် ဒေါသထွက်နေလို့ပါ... သိပ်စိတ်မပူပါနဲ့... အချိန်နည်းနည်း ကြာသွားရင် စိတ်ပြေသွားမှာပါ... အခြေအနေတွေ ပြန်ကောင်းလာမှာပါ..."
ဆုမို တိုးတိုးလေး ပြောပြီး နှစ်သိမ့်ပေးလိုက်၏။
ယန်ရှောင်ယွင် ခေါင်းခါလိုက်ပြီး ဆုမိုကို ကြည့်လိုက်၏။
"နင် အဆင်ပြေရဲ့လား..."
"ပြေပါတယ်..."
ဆုမို ခေါင်းအသာညိတ်လိုက်၏။
"ကျွန်တော့်ရဲ့ အတွင်းအားက နက်ရှိုင်းပါတယ်... ဦးလေးယန်.. ထိခိုက်အောင် မလုပ်နိုင်ပါဘူး..."
"တော်သေးတာပေါ့..."
ယန်ရှောင်ယွင် အနည်းငယ် ပြုံးလိုက်၏။ ထို့နောက် လွမ်းဆွတ်သော လေသံဖြင့် ပြောလိုက်လေ၏။
"ရှောင်မို... အခု ငါက သံမဏိသွေး အာမခံဌာနရဲ့ ခေါင်းဆောင်လေး မဟုတ်တော့ဘူးဆိုတော့... နင့်ရဲ့ ဇီယန်အာမခံဌာနကို လာရင်... သိုင်းဆရာလေး တစ်ယောက်လောက် လုပ်လို့ရမလားဟင်..."
"အစ်မယွင်သာ ဇီယန်အာမခံဌာနကို လာမယ်ဆိုရင်... ဒုခေါင်းဆောင် လုပ်ရမှာပေါ့... သိုင်းဆရာလေး လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ..."
ဆုမို တိုးတိုးလေး ရယ်လိုက်၏။
ယန်ရှောင်ယွင် ခေတ္တမျှ စဉ်းစားလိုက်ပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်လေ၏။
"ဒါလည်း ဟုတ်တာပဲ..."
သူတို့နှစ်ဦး ပြုံးရယ်လိုက်ကြပြီး ထွက်ခွာရန် ပြင်လိုက်ကြ၏။ သို့သော် ရုတ်တရက် အနောက်မှ အသံများ ထွက်ပေါ်လာလေ၏။
"ခေါင်းဆောင်လေး... ခေါင်းဆောင်ဆု..."
လှည့်ကြည့်လိုက်သောအခါ သံမဏိသွေး အာမခံဌာန အတွင်းမှ လူငယ် သိုင်းဆရာ ဆယ်ယောက်ခန့် ထွက်လာကြသည်ကို တွေ့လိုက်ရသည်။
ကျားရော မရော ပါဝင်ပြီး အားလုံးက လူငယ်များပင်။
ခေါင်းဆောင်ကတော့ ရှောင်ချွမ်း ဖြစ်လေ၏။ လက်တစ်ဖက်တွင် ဓားကို ကိုင်ထားပြီး၊ ကျန်လက်တစ်ဖက်တွင် ယန်ရှောင်ယွင်၏ နဂါးချောက်နက် တျန်ယွမ်လှံကို သယ်ဆောင်လာလေ၏။
ယန်ရှောင်ယွင် အံ့အားသင့်သွားသည်။
"ဒါက ဘာသဘောလဲ..."
"ခေါင်းဆောင်လေး... ခေါင်းဆောင်လေးနဲ့ ခေါင်းဆောင်ကြီးကြားမှာ ဘာတွေပဲ ဖြစ်ခဲ့ပါစေ...ကျွန်တော်တို့ သံမဏိသွေး အာမခံဌာနကို စရောက်တဲ့ နေ့ကတည်းက ခေါင်းဆောင်လေးရဲ့ ဦးဆောင်မှုနောက်ကိုပဲ လိုက်ခဲ့ကြတာပါ..."
"ခေါင်းဆောင်လေးမှ မရှိတော့ရင်... ကျွန်တော်တို့ ဒီမှာနေလည်း အဓိပ္ပာယ် မရှိတော့ပါဘူး..."
ရှောင်ချွမ်းက ပြောလိုက်၏။
"ကျေးဇူးပြုပြီး... ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေကို ဆက်လက် ခေါ်ဆောင်ပေးပါ..."
"ဟုတ်ပါတယ် ခေါင်းဆောင်လေး..."
"ကျွန်တော်တို့အားလုံး ခေါင်းဆောင်လေးနောက်ကိုပဲ လိုက်ချင်ကြတာပါ..."
ထိုအခြေအနေကို မြင်သောအခါ ယန်ရှောင်ယွင် ဆုမိုကို မကြည့်ဘဲ မနေနိုင်တော့ချေ။
ဆုမိုက အသာအယာ ပြုံးလိုက်၏။
"ဇီယန်အာမခံဌာနက ပြန်လည်ထူထောင်ဖို့ အသည်းအသန် လိုအပ်နေတာလေ... အစ်မယွင်က ကျွန်တော့်အတွက် လူအင်အား လာဖြည့်ပေးတာပဲ..."
ထိုစကားကြားမှ ယန်ရှောင်ယွင် သတိဝင်လာပြီး ရယ်ချလိုက်လေ၏။ ထို့နောက် ရှောင်ချွမ်းနှင့် အဖွဲ့ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။
"နင်တို့ သေချာ စဉ်းစားကြနော်... ထွက်သွားဖို့က လွယ်ပေမဲ့... ပြန်လာချင်ရင်တော့ အရမ်း ခက်ခဲလိမ့်မယ်..."
"ကျွန်တော်တို့ ဆုံးဖြတ်ပြီးပါပြီ... ခေါင်းဆောင်လေး ရှိတဲ့ နေရာက ကျွန်တော်တို့ ရှိရမယ့် နေရာပါပဲ..."
လူအုပ်ကြီးက တညီတညွတ်တည်း ဖြေကြားလိုက်ကြ၏။
"ဒါဆိုရင်... ငါ့ကို ခေါင်းဆောင်လေးလို့ မခေါ်ကြနဲ့တော့..."
"ငါ့ကို ခေါ်ရမှာက..."
ယန်ရှောင်ယွင် စကားရပ်သွားသည်။ ဘယ်လို ခိုင်းရမှန်း မသိသဖြင့် ဆုမိုဘက်သို့ တဖန် လှည့်ကြည့်လိုက်ပြန်လေ၏။