အခန်း (၁၂၇-၁၂၉)
Vol. 9 Ch. 127-129
အခန်း (၁၂၇) - ဒုခေါင်းဆောင် (၄)
~"အစ်မယွင်ကို ဒုခေါင်းဆောင်လို့ပဲ ခေါ်ကြပါ..."
ဆုမို ပြုံး၍ ပြောလိုက်၏။
"ကဲ... ဇီယန်အာမခံဌာနကို ပြန်ကြစို့..."
"ဟုတ်ကဲ့ပါ... ခေါင်းဆောင်... ဒုခေါင်းဆောင်..."
လူအုပ်ကြီးက မိုးခြိမ်းသံပမာ တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့နောက်သို့ လိုက်ပါသွားကြလေ၏။
သို့သော် ဆုမိုသည် သံမဏိသွေး အာမခံဌာန၏ တံခါးပေါက်ကို ရံဖန်ရံခါ လှမ်းကြည့်နေမိပြီး သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးနေလေ၏။
ဇီယန်အာမခံဌာန...။
ဆုမိုနှင့် ရှောင်ချွမ်းတို့ ထွက်ခွာသွားကတည်းက ဦးလေးဖူသည် ဂနာမငြိမ် ဖြစ်နေရှာသည်။ ဂိတ်စောင့်တဲလေးထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေ၏။
သံမဏိသွေး အာမခံဌာနဘက်သို့ လူလွှတ်ပြီး စုံစမ်းချင်သော်လည်း၊ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သင့်တော်မည့်သူ ရှာမတွေ့ပေ။
သူ စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ပြန်လည် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ သူတို့နောက်တွင် သံမဏိသွေး အာမခံဌာန ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်သိုက် ပါလာလေ၏။
"သခင်မလေးယွင်..."
ဦးလေးဖူသည် ယန်ရှောင်ယွင်၏ ဒဏ်ရာများကို ချက်ချင်း သတိထားမိပြီး စိုးရိမ်တကြီး မေးမြန်းလိုက်၏။
"ဘာဖြစ်လာတာလဲ... အဲ့ဒီလူကြီး ယန်ရီဇီ လက်ချက်လား..."
"ဦးလေးဖူ..."
ယန်ရှောင်ယွင် အားယူပြီး ပြုံးပြလိုက်၏။
"ဘာမှ မဖြစ်ပါဘူး... အပေါ်ယံ ဒဏ်ရာလေးတွေပါ..."
"အို... ဘယ်ကလာ အပေါ်ယံ ဖြစ်ရမှာလဲ..."
ဦးလေးဖူသည် ယန်ရှောင်ယွင်၏ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာကိုကြည့်ပြီး သနားကရုဏာ သက်သွားမိသည်။
"ယန်ရီဇီ ဆိုတဲ့ကောင်က ကိုယ့်သမီးကိုယ် ဒီလောက်တောင် ရက်စက်ရသလား... သခင်မလေးယွင်က ပန်းပွင့်လေးလို နုနယ်တာကို... ဘယ်လို စိတ်နဲ့များ လုပ်ရက်ရတာလဲ... ဒီလိုမှန်းသိရင် ဟိုတုန်းက သူ့ကို ရေမြောင်းထဲမှာပဲ ပစ်ထားခဲ့လိုက်ပါတယ်... ဘာလို့ ကယ်တင်ပြီး ဒုက္ခရှာမိပါလိမ့်..."
"တော်ပါတော့ ဦးလေးဖူရယ်..."
ဆုမို သက်ပြင်းချလိုက်မိသည်။
"မီးလောင်ရာ လေပင့် မနေပါနဲ့တော့... အစ်မယွင်က ဇီယန်အာမခံဌာနမှာ ခဏလောက် နေပါလိမ့်မယ်..."
"ခဏလောက် ဟုတ်လား... ဘာကို ခဏလောက်လို့ ပြောတာလဲ..."
ဦးလေးဖူ ဒေါသတကြီး ပြန်ပြောလိုက်၏။
"ယန်ရီဇီက လူစိတ်မရှိပေမဲ့... သခင်လေးက သူ့လို လုပ်လို့ မဖြစ်ဘူးလေ... သခင်မလေးယွင်ကို ဇီယန်အာမခံဌာနမှာပဲ အမြဲတမ်း နေခိုင်းလိုက်တော့... သူက ဆုမိသားစုရဲ့ သခင်မလေး ဖြစ်နေပြီပဲ... ဘာလို့ သံမဏိသွေး အာမခံဌာနမှာ ဒုက္ခသွားခံနေရမှာလဲ..."
ပြောရင်းဆိုရင်း သူက ရှောင်ချွမ်းနှင့် အဖွဲ့ဘက်သို့ လှည့်ကြည့်လိုက်၏။
"မင်းတို့ကရော ဘာလာလုပ်ကြတာလဲ... ယန်ရီဇီက လွှတ်လိုက်တာလား..."
ရှောင်ချွမ်းနှင့် အဖွဲ့သားများ မျက်နှာပျက်သွားကြပြီး ရယ်ရခက် ငိုရခက် ဖြစ်ကုန်ကြ၏။
သို့သော် သူတို့က ဦးလေးဖူကို နားလည်ပေးကြပါသည်။ ဦးလေးဖူသည် ဇီယန်အာမခံဌာန၏ ဝါရင့်ကြီး ဖြစ်သလို၊ ဆုမို ခရီးထွက်နေစဉ်မှာလည်း ဒီအဘိုးအိုကို အစိုးရိမ်ဆုံး ဖြစ်နေခဲ့သည်လေ။ သူတို့ကိုတောင် တိတ်တဆိတ် စောင့်ရှောက်ဖို့ တာဝန်ပေးခဲ့သေးသည်။
သူတို့ အလျင်စလို ရှင်းပြလိုက်ကြ၏။
"ကျွန်တော်တို့က သံမဏိသွေး အာမခံဌာနက လူတွေ မဟုတ်တော့ပါဘူး... ခေါင်းဆောင်လေး... အဲ... ဒုခေါင်းဆောင်နောက်ကို လိုက်ပြီး ဇီယန်အာမခံဌာနမှာ အလုပ်လာလုပ်ကြတာပါ..."
"ဟေ..."
ဦးလေးဖူ အံ့အားသင့်သွားပြီး ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်၏။
"သခင်မလေးယွင်... ဒီကောင်လေးတွေ ဦးလေးကို လိမ်နေတာ မဟုတ်ပါဘူးနော်..."
"မလိမ်ပါဘူး... သူတို့ မလိမ်ရဲပါဘူး..."
ဟု ယန်ရှောင်ယွင် ပြုံး၍ ဝင်ပြောလိုက်၏။
"ဟားဟားဟား..."
ဦးလေးဖူ သဘောကျစွာ ရယ်မောလိုက်လေတော့၏။
"ကောင်းတယ်... တော်တော် ကောင်းတယ်... မင်းတို့က အကဲခတ် တော်ကြသားပဲ... သခင်မလေးယွင် နောက်ကို လိုက်တာ မှန်ကန်တဲ့ ရွေးချယ်မှုပဲ... အဲ့ဒီ ယန်ရီဇီ ဆိုတဲ့ အဘိုးကြီးကို နားမယောင်ကြနဲ့... ဟွန်း..."
သူ မုန်းတီးစကား ဆက်ပြောရန် ပြင်လိုက်သော်လည်း ယန်ရှောင်ယွင် ရှိနေသဖြင့် ထိန်းလိုက်ရသည်။
ဆုမိုက ဦးလေးဖူကို ချက်ချင်း တာဝန်ပေးလိုက်၏။ သံမဏိသွေး အာမခံဌာနမှ ပါလာသော သိုင်းဆရာများနှင့် အဖွဲ့သားများအတွက် နေစရာ စီစဉ်ပေးရန်နှင့် ဇီယန်အာမခံဌာန၏ ဝတ်စုံများ ထုတ်ပေးရန် မှာကြားလိုက်လေ၏။
မဟုတ်လျှင် နောက်ပိုင်း အာမခံခရီးထွက်သည့်အခါ သံမဏိသွေး အာမခံဌာန ဝတ်စုံဝတ်ပြီး ဇီယန်အာမခံဌာန အလံကို ကိုင်ဆောင်ထားပါက ကြည့်ရဆိုးနေပေလိမ့်မည်။
ဦးလေးဖူသည် ဤကိစ္စများတွင် ကျွမ်းကျင်သူပီပီ လျင်မြန်စွာ စီစဉ်ဆောင်ရွက်ပေးလိုက်လေ၏။
ဆုမိုသည် ယန်ရှောင်ယွင်ကို ဦးလေးဖူ ကြိုတင် ပြင်ဆင်ပေးထားသော အခန်းသို့ ခေါ်ဆောင်သွားလိုက်၏။ ထိုအခန်းသည် ဆုမို၏ အခန်းနှင့် သိပ်မဝေးလှကြောင်း သတိထားမိလိုက်ပါ၏။
ယန်ရှောင်ယွင်ကို ကုတင်ပေါ်တွင် ထိုင်စေပြီးနောက် ဆုမိုက သူမ၏ လက်ကောက်ဝတ်ကို ကိုင်လိုက်၏။
သူ မျက်မှောင်ကြုတ်လိုက်မိ၏။
"ဘာလို့ ဒီလောက်ထိ လုပ်ရက်ရတာလဲ..."
ယန်ရှောင်ယွင် နှုတ်ခမ်းထောင့်များ တွန့်ရွသွားပြီး အားယူပြုံးလိုက်၏။
"ဘာမှ မဖြစ်ပါဘူး..."
"ဘာမှ မဖြစ်ဘူး ဟုတ်လား... ကျွန်တော်သာ ခဏလောက် နောက်ကျခဲ့ရင်... အစ်မယွင်ရဲ့ ခြေထောက် တကယ် ကျိုးသွားတော့မှာ..."
ဆုမို သက်ပြင်းချလိုက်၏။
"အစ်မယွင်...အစ်မနဲ့အတူ ပါလာတဲ့ အမျိုးသမီး ကိုယ်ရံတော်တွေရဲ့ အတွင်းအားက ဘယ်လိုနေလဲ... သူတို့က အစ်မကို ကုသပေးပြီး သွေးပိတ်တာတွေ ပျောက်အောင် ကူညီပေးနိုင်မလား..."
"ဘာလို့ သူတို့ကို ခိုင်းရမှာလဲ..."
ယန်ရှောင်ယွင်က ဆုမိုကို အံ့ဩစွာ ကြည့်လိုက်၏။
"နင် လုပ်ပေးလို့ ရတာပဲကို..."
စကားပြောပြီးမှ သူမ ဘာပြောမိလိုက်သည်ကို သတိထားမိသွားပြီး ဆုမိုနှင့် အကြည့်ချင်း ဆုံကာ တိတ်ဆိတ်သွားကြလေ၏။
"ငါ... ငါ အဲ့သဘော ပြောတာ မဟုတ်ပါဘူး..."
ယန်ရှောင်ယွင် မျက်နှာရဲသွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။
သူမ၏ ပုံစံကို မြင်သောအခါ ဆုမို မပြုံးဘဲ မနေနိုင်တော့ချေ။
"ဒါဆို ဘာသဘောနဲ့ ပြောတာလဲ..."
"အဲ့ဒါက... အဲ့ဒါက..."
ယန်ရှောင်ယွင် စကားထစ်သွားပြီး ဘာဆက်ပြောရမှန်း မသိတော့ပေ။ ဆုမို၏ ကျီစယ်လိုသော မျက်နှာထားကို မြင်သောအခါ သူမ စိတ်ဆိုးသလို ဖြစ်သွားလေ၏။
"နင်... နင် ငါ့ကို ဒီလို အနိုင်မကျင့်နဲ့နော်..."
"...ကျွန်တော် ကတိပေးပါတယ်... အစ်မယွင်ကို ဘယ်လိုလုပ် အနိုင်ကျင့်ရဲပါ့မလဲ..."
ဆုမို တဟားဟား ရယ်မောလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်၏။
"ဒါဆို ကျွန်တော်….သူတို့ကို သွားခေါ်လိုက်မယ်နော်..."
ဆုမို ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ယန်ရှောင်ယွင်က သူ့အင်္ကျီလက်စကို ဖြတ်ခနဲ လှမ်းဆွဲလိုက်လေ၏။
"ဒါပေမဲ့... နင်လုပ်ပေးတာက ပိုကောင်းပါတယ်…”
အခန်း (၁၂၈) - အလည်အပတ် လာရောက်ခြင်း
~ဆုမိုသည် လူငယ်ပီပီ သွေးသားဆန္ဒ ပြင်းပြသူ တစ်ဦး ဖြစ်လေ၏။
ယန်ရှောင်ယွင်သည် ပုံမှန်အားဖြင့် အနေအထိုင် ပေါ့ပေါ့ပါးပါး ရှိသော်လည်း၊ ငြင်းမရနိုင်သော အလှပိုင်ရှင်လေး တစ်ဦး ဖြစ်ပေ၏။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ညိုမဲစွဲနေသော ဒဏ်ရာများ ရှိနေသဖြင့်၊ ဆုမိုသည် သူ၏ လက်ဖဝါးများအတွင်းသို့ အတွင်းအားကို စီးဆင်းစေပြီး သွေးကြောကွက်များ တစ်လျှောက် နှိပ်နယ်ပေးလိုက်ရာ သွေးလေလည်ပတ်မှု ကောင်းမွန်လာပြီး ချက်ချင်း သက်သာသွားစေသည်။
တိတ်ဆိတ်ငြိမ်သက်နေသော အခိုက်အတန့်တွင် နှစ်ဦးသား စိတ်အာရုံများ လွင့်မျောနေကြလေ၏။
ထိုအခြေအနေကို သတိပြုမိသောအခါ ဆုမိုသည် ဤအတိုင်း ဆက်သွား၍ မဖြစ်ကြောင်း သိလိုက်၏။
ဆက်သွားပါက "ကောင်းကင်နှင့် မြေကြီးကို ဆန့်ကျင်သော" အပြုအမူများ ဖြစ်ပေါ်လာနိုင်သည်။
သူမသည် သူ့အတွက်နှင့် ဖခင်ဖြစ်သူ ယန်ရီဇီနှင့် အဆင်မပြေ ဖြစ်ခဲ့ရပြီးမှ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် သူက မဆင်မခြင် ပြုမူလိုက်ပါက လွန်ရာကျပေလိမ့်မည်။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး မေးလိုက်၏။
"အစ်မယွင်... ဒီနေ့ တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ... ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ... ဒီရက်ပိုင်း ခင်ဗျား.. ကျွန်တော့်ဆီ ခဏခဏ လာနေလို့လား..."
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ယန်ရှောင်ယွင်၏ လက်ချောင်းများ တင်းမာသွားသော်လည်း သူမ သက်ပြင်းချလိုက်လေ၏။
"လျှောက်တွေးမနေပါနဲ့... အဲ့ဒါနဲ့ မဆိုင်ပါဘူး..."
"ဟင်..."
"ဟင်း..."
ယန်ရှောင်ယွင် သက်ပြင်းချလိုက်ပြန်သည်။
"ဝူချန်ဖုန်းကို မှတ်မိသေးလား..."
"......"
ဆုမို မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်၏။
"မှတ်မိတာပေါ့..."
"ဒီနေ့ ငါက ဇီယန်အာမခံဌာနကို လာပြီး နင်နဲ့ သိုင်းကျင့်မလို့ပါ... ဒါပေမဲ့ အဖေက လှမ်းခေါ်ပြီး... ငါနဲ့ လေးလေးနက်နက် စကားပြောချင်တယ် ဆိုလို့ သွားလိုက်တာ..."
"ငါလည်း အခွင့်ကောင်းပဲ ဆိုပြီး... သူနဲ့ ရှင်းရှင်းလင်းလင်း ပြောမယ်လို့ စိတ်ကူးထားတာ..."
"ငါတို့ရဲ့ မင်္ဂလာကိစ္စကို အဖြေတစ်ခု ရမှ ဖြစ်မှာလေ..."
"သူသဘောတူရင် ကောင်းတာပေါ့... မတူရင်လည်း ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ဖြတ်လိုက်လို့ ရတာပေါ့... မရေမရာ ဖြစ်နေတာထက် စာရင် ကောင်းတာပဲလေ..."
"ဒါပေမဲ့ စကားမပြောရသေးခင်မှာပဲ... သူက ငါ့ကို နင်နဲ့ မတွေ့ဖို့ တားမြစ်တော့တာပဲ..."
"အရင်တုန်းကတော့ နင့်မှာ ပညာမရှိလို့ဆိုပြီး အကြောင်းပြလို့ ရတာပေါ့... အခု နင်က ရွှမ်ကျီတောင်ကြား တိုက်ပွဲကြောင့် နာမည်ကြီးနေပြီလေ... ဒါတောင် သူက ဆက်ပြီး တားမြစ်နေတုန်းပဲ... ငါ သည်းမခံနိုင်တော့လို့ ပြန်ပြောလိုက်မိတယ်..."
"မထင်မှတ်ထားတာက... စကားနည်းနည်း ပြောရုံနဲ့ သူက ဒေါသထွက်လာပြီး... ငါ့ရဲ့ အနာဂတ်ကို အကြောင်းပြပြီး ခြိမ်းခြောက်တော့တာပဲ..."
"သူက ပြောသေးတယ်... လော့ဖုန်းမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ကြီးလောက် ဂုဏ်ရှိန်ကြီးမားတဲ့သူမှ ငါ့လို ရတနာလေးနဲ့ ထိုက်တန်သတဲ့..."
သူမ စကားကို ခဏရပ်လိုက်၏။ သက်ပြင်းချလိုက်ခြင်းမှာ စကားဝိုင်းကြောင့် မဟုတ်ဘဲ၊ ဆုမို၏ နှိပ်နယ်ပေးမှုက အလွန် သက်သာစေသဖြင့် သွေးလေလည်ပတ်မှု ကောင်းမွန်သွားသောကြောင့် ဖြစ်လေ၏။
ဆုမို၏ လက်ဖဝါးများမှာ ပူနွေးနေပြီး ထိတွေ့လိုက်တိုင်း သက်သာရာရစေသည်။ နတ်ဘုရား တစ်ပါး၏ လက်ကဲ့သို့ပင်။ သူမ ခဏတာမျှ မိန်းမောသွားပြီးမှ ဆက်ပြောလိုက်၏။
"အဲ့ဒီစကား ကြားလိုက်တော့ တစ်ခုခု မှားနေပြီဆိုတာ ငါသိလိုက်တယ်... အဲ့ဒါနဲ့ ဆက်မေးကြည့်လိုက်တော့... ဝူချန်ဖုန်းက ငါ့ကို တောက်လျှောက် လိုက်ပိုးပန်းနေတာက... သူ့ခွင့်ပြုချက် မရပေမဲ့... သူ သဘောတူထားလို့ ဆိုတာ ပေါ်လာရော..."
"ပြီးတော့... သူက ဝူတောက်ယိုနဲ့ တိတ်တဆိတ် မဟာမိတ် ဖွဲ့ထားပြီးပြီတဲ့... လော့ဖုန်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်နေရာ လုတဲ့ ပွဲမှာ ဝူတောက်ယိုကို ကူညီပေးချင်နေတာ..."
"သူပြောတာက... အဲ့ဒါသာ အောင်မြင်သွားရင်... သံမဏိသွေး အာမခံဌာနက မြို့လေးမြို့၊ မြစ်သုံးသွယ်၊ ပင်လယ်အော်နှစ်ခု ဒေသတစ်ဝိုက်မှာ ထိပ်တန်း အာမခံဌာန ဖြစ်လာလိမ့်မယ်တဲ့..."
"အင်း..."
ဆုမို ခေါင်းအသာညိတ်လိုက်၏။
"နင်က ဘာလို့ မအံ့ဩတာလဲ..."
ယန်ရှောင်ယွင်က ဆုမိုကို ရုတ်တရက် လှည့်ကြည့်လိုက်၏။
ဆုမို သက်ပြင်းချလိုက်၏။
"ဝူတောက်ယိုက ဦးလေးယန်နဲ့ ပူးပေါင်းထားတယ် ဆိုတာ... ကျွန်တော် သိပြီးသားပါ..."
"သိပြီးသား ဟုတ်လား..."
ယန်ရှောင်ယွင် အံ့အားသင့်သွားသည်။
"ဘယ်တုန်းကလဲ..."
"လျူဆွေဖုန်းဆီ ဓားသေတ္တာ သွားမပို့ခင် ညကပေါ့..."
ဆုမို ရှင်းပြလိုက်၏။
"အဲ့တုန်းက ဝူချန်ဖုန်းဆီ သွားတွေ့ခဲ့တယ်လေ..."
"သူ ပြောပြတာလား..."
"သူက ပွင့်လင်းပါတယ်... ဒါပေမဲ့ ကံဆိုးတာက သူလည်း သိပ်မသိရှာဘူး..."
ဆုမို ဆက်ပြောလိုက်၏။
"ဒါပေမဲ့ သူက ဦးလေးယန်နဲ့ သူ့အဖေ ဝူအိမ်တော်မှာ စကားပြောနေတာကို တစ်ခါ မြင်ဖူးသတဲ့... အဲ့ဒီနောက်ပိုင်း သူ့အဖေက အစ်မယွင်နဲ့ လက်ထပ်ဖို့ နည်းလမ်းရှာရမယ်လို့ တိတိကျကျ ညွှန်ကြားခဲ့တယ်တဲ့..."
"လူယုတ်မာ... သူက တကယ်ကို စည်းကျော်နေပြီပဲ..."
ယန်ရှောင်ယွင် ဒေါသထွက်သွားပြီး ကိုယ်ကို လှည့်လိုက်ရန် ပြင်လိုက်သော်လည်း ဆုမိုက သူမ၏ ခါးကို ဖိထားပြီး ပြန်လှဲစေလိုက်၏။
"စိတ်လျှော့ပါဦး... စကားမဆုံးသေးဘူး..."
"အို..."
ဆုမို၏ ဖိထားမှုကြောင့် သူမ၏ ဒေါသများ ငြိမ်သက်သွားသော်လည်း မကျေနပ်မှုများကတော့ ကျန်ရစ်နေဆဲပင်။
"ဝူချန်ဖုန်းက ဘယ်က သတ္တိတွေ ရလာလဲ မသိဘူး... ငါ ထင်တာကတော့... ဒါက ဟိုအဘိုးကြီးနှစ်ယောက် ပူးပေါင်းကြံစည်ထားတဲ့ အကွက်ပဲ... ငါ့ကိုတော့ အမှောင်ချထားတာပေါ့..."
"အစ်မယွင်ကို ပြောပြလို့ရော ဘာထူးမှာမို့လို့လဲ..."
ဆုမို ခေါင်းခါရင်း ခါးသက်သက် ပြုံးလိုက်၏။
"အစ်မယွင်က ဆုမိသားစုရဲ့ ချွေးမ ဖြစ်ဖို့ ဆုံးဖြတ်ထားပြီးသားပဲ... ဦးလေးယန်က ကျွန်တော့်ကို အေးစက်စက် ဆက်ဆံပေမဲ့... အစ်မယွင်က မူလ စိတ်ဓာတ်ကို မပြောင်းလဲခဲ့ဘူးလေ... ပြီးတော့..."
"ပြီးတော့ ဘာဖြစ်လဲ..."
"ပြီးတော့... အစတုန်းက ကျွန်တော် ထင်ခဲ့တာက ဒါက သူတို့ရဲ့ နည်းဗျူဟာပဲလို့... 'အရှေ့ဘက်မှာ တံတားဆောက်ပြပြီး အနောက်ဘက်ကနေ တိတ်တဆိတ် ဝင်တိုက်တာ' မျိုးပေါ့..."
"အရှေ့ဘက်မှာ တံတားဆောက်ပြပြီး အနောက်ဘက်ကနေ တိတ်တဆိတ် ဝင်တိုက်တာ ဟုတ်လား..."
ယန်ရှောင်ယွင် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ သဘောပေါက်သွားလေ၏။
"ဟုတ်သားပဲ... အရှေ့ဘက်မှာတော့ ဝူချန်ဖုန်းကို ငါ့နောက် တကောက်ကောက် လိုက်ခိုင်းထားပြီး... အနောက်ကွယ်မှာတော့ သူတို့က မဟာမိတ် ဖွဲ့ပြီးသား... သတင်းအချက်အလက် ကွာဟမှုက သူတို့အတွက် အကျိုးရှိတာပေါ့... ဝူချန်ဖုန်း အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ သူတို့အတွက် အရေးမကြီးဘူး..."
"နောက်တစ်ချက်က... ဒါက ငါးစာ ဖြစ်နိုင်တယ်... ဇူချိုယန်က အစတုန်းက ဟွာချန်ယွီနဲ့ ဝေဇီယီကြောင့် ကြံစည်တာ မဟုတ်ဘဲ... ငါ့အဖေနဲ့ ဝူတောက်ယိုကြောင့် ကြံစည်တာ ဖြစ်နိုင်တယ်..."
"အတိအကျပဲ..."
ဆုမို ခေါင်းညိတ်လိုက်၏။
"ဒါကြောင့် အစတုန်းက... အာမခံ လာအပ်တဲ့ ကျိရှုဟွာ ဆိုတဲ့သူက ဝူတောက်ယို ဖြစ်နိုင်ချေများတယ်လို့ ကျွန်တော်.. သံသယဝင်ခဲ့တာ..."
"သူ မဟုတ်ရင်တောင်... တစ်နည်းနည်းနဲ့တော့ ပတ်သက်နေမှာပဲ... သူတို့က ဒီကိစ္စကို အသုံးချပြီး နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်ချင်တာ... ပြိုင်ဘက်ကို ကြိုပြီး ရှင်းထုတ်ပစ်ချင်တာပေါ့..."
"ဒါပေမဲ့… မမျှော်လင့်ထားတာက... နောက်ပိုင်း ဖြစ်လာမယ့် ရှုပ်ထွေးမှုတွေကိုပဲ..."
"ယူချွမ်ဂိုဏ်း၊ ဝေဇီယီ၊ ဟွာချန်ယွီ... အားလုံး ပါဝင်ပတ်သက်လာကြတော့တာပဲ…”
အခန်း (၁၂၉) - အလည်အပတ် လာရောက်ခြင်း (၂)
~"နောက်ဆုံးတော့... သူတို့ ဘာမှလုပ်စရာ မလိုတော့ဘူးပေါ့... ဇူချိုယန်က ကိစ္စပြီးသွားပြီလေ..."
"ဒါပေမဲ့... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် နားမလည်တာ တစ်ခုတော့ ရှိသေးတယ်..."
"ဘယ်အပိုင်းကိုလဲ..."
ယန်ရှောင်ယွင် အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာမိသည်။ သို့သော် သူမ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်၏။
"ထားလိုက်ပါတော့... ငါ ထပ်မကြားချင်တော့ပါဘူး... နင့်အတွေးတွေက အမြဲတမ်း ရှုပ်ထွေးလွန်းတယ်... ဘာတွေ တွေးထားမှန်း ဘယ်သူသိမှာလဲ... ဒီလို သတင်းအချက်အလက်တွေကို ငါ့ကို ဖုံးကွယ်ထားတာ... ဟွန့်..."
ဤနေရာသို့ ရောက်သောအခါ ယန်ရှောင်ယွင်၏ လေသံတွင် စိတ်ခံစားမှု အနည်းငယ် ပါဝင်လာလေ၏။
ဆုမို ပြုံးလိုက်မိသည်။ ပုံမှန်အချိန်တွင် ရဲရင့်ပြတ်သားသော သူမသည် ဤကဲ့သို့သော အချိန်တွင်မူ မိန်းကလေးပီသစွာ နွဲ့ဆိုးဆိုးတတ်သည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။
သူ တိုးတိုးလေး ပြောလိုက်၏။
" အစ်မယွင်ကို အသိမပေးချင်တာက... အစ်မယွင်ကို အနေခက်မှာ စိုးရိမ်လို့ပါ... အဲ့ဒီညက ခုနစ်ပါး အစွန်းရောက် ခန်းမက ဓားသခင်ရဲ့ လုပ်ရပ်တွေက ရှေ့နောက်မညီ ဖြစ်နေတယ်... ပြီးတော့ လူသတ်သမားကို ပြန်ပေးဆွဲသွားတဲ့ အနက်ရောင်ဝတ် လူတစ်ယောက် ရှိသေးတယ်... ကျွန်တော်နဲ့ လက်ဝါးချင်း ယှဉ်ပြိုင်ခဲ့သေးတယ်..."
"အဲ့တုန်းက... ကျွန်တော်က ဦးလေးယန် ဖြစ်နေမလားလို့ သံသယဝင်ခဲ့တယ်... အစ်မယွင်ကို ပြောပြချင်ပေမဲ့... ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိတော့... ပြောလည်း အပိုပဲလေ..."
"ပြီးတော့ ထျန်းယွီမြို့ထဲ ရောက်တော့... အဲ့ဒီ အနက်ရောင်ဝတ် လူက ဦးလေးယန်နဲ့ မတူဘူးလို့ အစ်မယွင် ပြောခဲ့သေးတယ်မလား..."
"လော့ရှားမြို့ကို ပြန်ရောက်တော့... ဦးလေးယန်က သံမဏိသွေး အာမခံဌာနကနေ ဘယ်မှ မသွားခဲ့ဘူးဆိုတာ ပိုသေချာသွားတယ်... ဒါကြောင့် ထပ်ပြောနေစရာ မလိုတော့ဘူးလို့ ယူဆလိုက်တာပါ..."
ထိုစကားကို ကြားလိုက်ရသောအခါ ယန်ရှောင်ယွင် တိတ်ဆိတ်သွားရှာသည်။
ဆုမိုက သူမကို ကိုယ်တစ်ဖက် လှည့်ခိုင်းလိုက်၏။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိသောအခါ ယန်ရှောင်ယွင်၏ မျက်နှာ ရဲခနဲ ဖြစ်သွားလေ၏။ ဆုမိုက သူမ၏ လက်ကို ကိုင်လိုက်ပြီး ဆက်ပြောလိုက်၏။
"ကျွန်တော် နားမလည်နိုင်တာက... ရိုးရှင်းပါတယ်... တကယ်လို့ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်တွေ မှန်ကန်ခဲ့မယ်ဆိုရင်... ဝူတောက်ယို နဲ့ ဦးလေးယန်က တိတ်တဆိတ် ပူးပေါင်းခဲ့ကြတယ်... ဝူချန်ဖုန်းက အစ်မယွင်ကို တကောက်ကောက် လိုက်ပိုးပန်းနေတာကို အကာအကွယ်ယူပြီး... သူတို့ အောင်မြင်မှာကို မလိုလားတဲ့သူတွေကို မြှားခေါ်ဖို့ ကြိုးစားခဲ့ကြတယ်..."
"ကျွန်တော်.. လုပ်ကြံခံရတဲ့ လမ်းကြားကျဉ်းလေးထဲမှာ... အဲ့ဒါက သူတို့ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာတာပဲ..."
"ဒီအကြောင်းပြချက်အရဆိုရင်... သူတို့က ဇူချိုယန်ကို ရှင်းပစ်ဖို့ သွားခဲ့ကြမှာ သေချာတယ်..."
"ဒါပေမဲ့ ဝေဇီယီ ကြားဝင်လိုက်တာက သူတို့ရဲ့ အစီအစဉ်တွေကို ပျက်စီးသွားစေခဲ့တယ်..."
"နောက်ဆုံးတော့... ဝေဇီယီ အာဏာရလာပြီး... အဋ္ဌမမြောက် မဟာမိတ်ခေါင်းဆောင် နဲ့ ထျန်းယွီမြို့ရဲ့ ဒုတိယမြို့စား ဖြစ်လာအောင် ကူညီပေးသလို ဖြစ်သွားတာပေါ့..."
"ဒီကိစ္စကို ကြည့်ရတာ... ဝူတောက်ယိုအတွက် မဟာမိတ်ခေါင်းဆောင် နေရာကို ရယူဖို့ အကျိုးမရှိသလို ဖြစ်နေတယ်..."
"သူတို့က ဒီကိစ္စကို တိတ်တဆိတ် စုံစမ်းနေတယ်ဆိုရင်... ဝေဇီယီနဲ့ ဟွာချန်ယွီ အောင်မြင်သွားအောင် ဘယ်လိုလုပ် ခွင့်ပြုလိုက်တာလဲ..."
"ဒါက..."
ယန်ရှောင်ယွင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"သူတို့မှာ လှုပ်ရှားဖို့ အခွင့်အရေး မရလိုက်တာများလား..."
"မဖြစ်နိုင်ဘူး..."
ဆုမို ခေါင်းခါလိုက်၏။
"အဲ့ဒီအချိန်တုန်းက... ကျန့်မင် က မြို့စားအိမ်တော်ထဲမှာ အဖမ်းခံထားရတယ်... အခြေအနေ တစ်ခုလုံးက ရှုပ်ထွေးနေတာ... ဝူတောက်ယိုက မျက်စိကန်း၊ နားပင်း နေရင်တောင်... သူ့နားထဲကို သတင်းတွေ ရောက်လာမှာပဲ... တကယ်လို့ သူတို့ တကယ် လုပ်ချင်တယ်ဆိုရင်... အဲ့ဒါက အကောင်းဆုံး အခွင့်အရေးပဲ... ဒါပေမဲ့ သူက ဝေဇီယီကို ဇူချိုယန်ဆီ ငါးစာချခွင့် ပြုလိုက်တယ်..."
ယန်ရှောင်ယွင် ခေါင်းထဲတွင် ဝီခနဲ မြည်သွားပြီး အားမလိုအားမရ မေးလိုက်မိလေ၏။
"ဒါဆို ဘာဖြစ်မယ် ထင်လဲ..."
"ကျွန်တော်သာ သိရင်... နားမလည်နိုင်ဘူးလို့ ပြောပါ့မလား..."
"သေချာစဉ်းစားကြည့်ရင်... တော်တော်လေး ပဟေဠိဆန်နေတာပဲ... ဝူတောက်ယိုက ဝေရူဟန် ရဲ့ လူများ ဖြစ်နေမလား..."
"......"
ဆုမို ရုတ်တရက် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်၏။
ယန်ရှောင်ယွင် လန့်သွားမိသည်။
"ဘာဖြစ်လို့လဲ..."
"တကယ်လို့ အဲ့ဒါသာ မှန်ရင်... လော့ဖုန်း မဟာမိတ်အဖွဲ့ အတွင်းရေး ပဋိပက္ခက မကြာခင် ပြီးဆုံးတော့မှာပဲ..."
တကယ်လို့ ဝူတောက်ယိုက ဝေရူဟန်၏ လူဖြစ်နေမည်... ဟွာချန်ယွီက ဝေရူဟန်၏ ချွေးမ၊ ဝေဇီယီက ဝေရူဟန်၏ မြေးမ ဖြစ်နေမည် ဆိုလျှင်... မဟာမိတ်ခေါင်းဆောင် ရှစ်ယောက်ထဲမှာ လေးယောက်က သဘောတူညီမှု ရသွားပြီပင်။
မဟာမိတ်ခေါင်းဆောင် နေရာက ဘယ်သူ့ဆီ ရောက်သွားမလဲဆိုတာ ခန့်မှန်း၍ ရနေလေပြီ။
တခြား မဟာမိတ်ခေါင်းဆောင်တွေက ဆက်ပြီး အာခံနေလျှင်တောင်... တစ်ဝက်ကျော်က အဖြေထွက်နေပြီပင်။
ဆုမို ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်၏။
"ဒါပေမဲ့... လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ ပဋိပက္ခက နောက်ဆုံးတော့ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး... အစ်မယွင် သံမဏိသွေး အာမခံဌာနကနေ ထွက်လာနိုင်တာက ကောင်းတဲ့အချက်ပဲ... ဒီအရှုပ်အထွေးတွေထဲမှာ မပါဝင်ရတော့ဘူးပေါ့... ခေါင်းကိုက်စရာတွေ သက်သာသွားတာပေါ့..."
ထိုအခိုက်မှာ၊ ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်... လော့ဖုန်း မဟာမိတ်အဖွဲ့ အကြောင်းတွေ ဆက်မတွေးကြစို့... ဇူချိုယန် ကိစ္စကလွဲရင်... ကျန်တဲ့ ကိစ္စတွေက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး... အဖေ ပါဝင်ပတ်သက်ချင်ရင်လည်း သူ့သဘောပဲလေ..."
ဆုမို ခေါင်းအသာညိတ်လိုက်သော်လည်း၊ ယနေ့ ယန်ရီဇီ၏ အပြုအမူများကို ပြန်စဉ်းစားမိပြီး သံသယဖြစ်စရာ အချက်အချို့ ရှိနေသေးကြောင်း ခံစားမိနေသည်။
သမီးအကြောင်း အဖေအသိဆုံး ဆိုသော စကားရှိသည်လေ။ ယန်ရှောင်ယွင်က ဘယ်လို လူစားမျိုးလဲဆိုတာ ယန်ရီဇီ မသိဘဲ နေပါ့မည်လား။
ဒီနေ့ သူက တကယ်ပဲ ယန်ရှောင်ယွင်နှင့် သူ့ကြားက ဆက်ဆံရေးကို သည်းမခံနိုင်တော့၍ ပေါက်ကွဲသည်လား။
ဒါမှမဟုတ် တခြား ရည်ရွယ်ချက် ရှိနေသည်လား။
ဆုမို ခေတ္တမျှ စဉ်းစားလိုက်သော်လည်း သူ့သံသယများကို ယန်ရှောင်ယွင်အား ပြောပြရန် ဆုံးဖြတ်လိုက်၏။
သို့သော် ယန်ရှောင်ယွင်က ခေါင်းခါလိုက်လေ၏။
"အဖေ့အတွေးတွေက အရင်ကနဲ့ မတူတော့ဘူး... အခုဆိုရင် အဖေက ငါ့ကို နားမလည်သလို... ငါကလည်း အဖေ့ကို နားမလည်နိုင်တော့ဘူး... အဖေ့အကြောင်း ဆက်မပြောကြစို့... အခု ငါတို့ အာမခံဌာန အကြောင်းပဲ အာရုံစိုက်ရအောင်... ငါ့နောက်လိုက်လာတဲ့ လူတွေ ရှိနေပြီဆိုတော့... အလုပ်တွေ စလက်ခံလို့ ရပြီ..."
"ဒါက တကယ့်ကို မမျှော်လင့်ထားတဲ့ ဝမ်းသာစရာပဲ... အစတုန်းကတော့ ဒီလို မငြိမ်မသက် ဖြစ်နေတဲ့အချိန်မှာ လူသစ်စုဆောင်းရင် ပြဿနာတက်မှာ စိုးရိမ်နေတာ..."
ဟု ဆုမို ပြောလိုက်၏။
"ဒီနေ့ ရောက်လာတဲ့ သူတွေက စိတ်ချရတဲ့သူတွေချည်းပဲ မဟုတ်လားဗျ..."
"ဟုတ်တယ်... သူတို့အားလုံးက ငါနဲ့အတူ လက်တွဲလာတာ နှစ်ပေါင်းများစွာ ကြာပြီ..."
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်၏။
"ဇီယန်အာမခံဌာနက တိုးတက်ဖို့ အဆင်သင့် ဖြစ်နေပြီ... လူအင်အား ရှိလာပြီဆိုတော့... စနစ်တကျ ပြင်ဆင်ဖို့ အချိန်တန်ပြီ..."
ဒီအကြောင်း ပြောလိုက်တော့ နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားကြ၏။ မြင်းရထား ပြင်ဆင်တာ၊ ဝတ်စုံတွေ ချုပ်တာ၊ တပ်ဖွဲ့ ခွဲဝေတာ၊ အလံကိုင်တွေ၊ သိုင်းဆရာတွေ၊ ခေါင်းဆောင် ရွေးချယ်တာတွေ... အစရှိသဖြင့် ချက်ချင်း ဆွေးနွေးကြလေတော့၏။
အသေးစိတ် အချက်အလက်တိုင်းကို တိုင်ပင်ဆွေးနွေးကြ၏။
စကားဝိုင်း ပြီးဆုံးခါနီးတွင် ဆုမိုသည် ယန်ရှောင်ယွင်၏ ဒဏ်ရာများကို ကုသပေးခြင်းလည်း ပြီးဆုံးသွားခဲ့တော့၏။
ယန်ရှောင်ယွင် မတ်တတ်ထရပ်လိုက်ရာ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းသွားသည်ကို ခံစားလိုက်ရလေ၏။