← Chapters

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀-၁၃၂)

Vol. 9 Ch. 130-132

အခန်း (၁၃၀) - အလည်အပတ် လာရောက်ခြင်း (၃)

~ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာလေ၏။ ဆုမိုသည် တံခါးနားသို့ သွားပြီး အနည်းငယ် ဟလိုက်၏။ အပြင်ဘက်တွင် ဦးလေးဖူသည် ဆေးခွက် တစ်ခွက်ကို ကိုင်ကာ ရပ်နေလေ၏။

"ဒဏ်ရာတွေအတွက် အထူးဖော်စပ်ထားတဲ့ ဆေးပါ... သခင်မလေးယွင်ကို တိုက်လိုက်ပါဦး..."

"ကျေးဇူးပါပဲ ဦးလေးဖူ... နောက်ကျရင် အစားအသောက်လေး နည်းနည်းလောက် ပြင်ဆင်ပြီး အခန်းထဲ လာပို့ပေးပါဦး... လောလောဆယ်တော့ သူ အပြင်ထွက်ပြီး လေမတိုးတာ အကောင်းဆုံးပဲ..."

"ကောင်းပါပြီ... သခင်မလေးယွင် အခြေအနေ ဘယ်လိုလဲ..."

"အဆင်ပြေပါတယ်..."

ဆုမို ပြောလိုက်၏။

"ဦးလေးယန်က ရိုက်နှက်ဆုံးမတယ် ဆိုပေမဲ့... လက်ချိန်ပြီး ရိုက်တာပါ..."

"ဘာ လက်ချိန်တာလဲ... သေနာ..."

ဦးလေးဖူ မကျေမနပ် ရေရွတ်လိုက်လေ၏။

"ဒီလောကကြီးမှာ သခင်မလေးယွင်ကို စောင့်ရှောက်မယ့်သူက သူတစ်ယောက်တည်း ရှိတယ်များ ထင်နေသလား... ဦးလေးအမြင် ပြောရရင် သခင်လေးလည်း အချိန်မဆွဲပါနဲ့တော့... မင်္ဂလာကိစ္စကို မြန်မြန် စီစဉ်လိုက်တာ ကောင်းမယ်... သခင်မလေးယွင်က သခင်လေးအပေါ် တကယ် ကောင်းရှာတာ... သူ့ကို စိတ်မပျက်စေနဲ့နော်..."

"သိပါတယ်ဗျာ... သိပါတယ်..."

ဆုမို ရယ်ရခက် ငိုရခက် ပြုံးလိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်၏။

ယန်ရှောင်ယွင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ဘယ်သူလဲ..."

"ဦးလေးဖူပါ..."

ဆုမို ဆေးခွက်ကို ကိုင်လျက် အနားသို့ ရောက်လာလေ၏။

"ဒါလေး သောက်လိုက်ဦး... ဦးလေးဖူ ကိုယ်တိုင် ကျိုထားတာ... အစာစား၊ ဆေးသောက်ပြီး နားလိုက်ရင်... မနက်ဖြန် မနက်ကျရင် သက်သာသွားမှာပါ..."

"အင်း..."

ယန်ရှောင်ယွင်သည် လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး ဆေးကို ကုန်အောင် သောက်လိုက်လေ၏။ ထို့နောက် ကုတင်ပေါ်တွင် လှဲအိပ်လိုက်ပြီး စောင်ကို လွှမ်းခြုံကာ ဆုမိုကို တိတ်ဆိတ်စွာ ငေးကြည့်နေရှာလေ၏။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိကြသောအခါ ဆုမို မျက်တောင်ခတ်လိုက်၏။

"မျက်လုံးမှိတ်ပြီး နားလိုက်ဦးလေ..."

"...နင်က ဒီလိုကြီး စိုက်ကြည့်နေမှတော့... ငါက ဘယ်လိုလုပ် အိပ်ပျော်မှာလဲ..."

ဆုမို တစ်ဖက်သို့ လှည့်ပေးလိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ ယန်ရှောင်ယွင်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ခေတ္တမျှ စဉ်းစားလိုက်၏။ ထို့နောက် ဆုမို၏ အင်္ကျီလက်စကို ဖြည်းညင်းစွာ လှမ်းဆွဲလိုက်လေ၏။ စိတ်လုံခြုံသွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်လုံးများကို မှိတ်လိုက်ရာ သူမ၏ အသက်ရှူသံများ တဖြည်းဖြည်း မှန်ကန်လာလေတော့၏။

အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။

...

...

ထိုညတွင် ဆုမိုသည် ယန်ရှောင်ယွင်၏ အခန်းမှ ထွက်မသွားခဲ့ပေ။ သူမ ဒဏ်ရာရထားသဖြင့် ညဘက် နိုးလာလျှင် တစ်ခုခု လုပ်ရန် အဆင်မပြေမည် စိုးရသောကြောင့် ဖြစ်၏။ ဆုမိုက ဘေးနားတွင် ရှိနေပေးခြင်းက သူမအတွက် များစွာ အဆင်ပြေစေလေ၏။

သို့သော် သူတို့၏ ဆက်ဆံရေးသည် ယခင်က အာမခံခရီးထွက်စဉ် အခန်းအတူတူ နေခဲ့ရသည်နှင့် မတူညီတော့ပေ။

သူတို့နှစ်ဦးအတွက် ထိုခံစားချက်၏ သိမ်မွေ့မှုကို ရင်ထဲတွင် တိတ်တဆိတ် နားလည်ခံစားလိုက်ကြလေ၏။

ညတစ်ညသည် စကားမပြောဘဲ ကုန်ဆုံးသွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း မနက်ခင်းသို့ ရောက်ရှိလာတော့၏။

တစ်ညလုံး အိပ်ရာထဲ လှဲနေခဲ့ရသော ယန်ရှောင်ယွင်သည် ဆက်လက် သည်းမခံနိုင်တော့ချေ။ သူမ ထထိုင်လိုက်ပြီး အကြောဆန့်လိုက်ရာ ဒဏ်ရာ အများစုမှာ သိသိသာသာ သက်သာနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဆုမိုက ဆက်လက် အနားယူစေချင်သော်လည်း ယန်ရှောင်ယွင်က ခေါင်းခါလိုက်လေ၏။

"ဘာ အနားယူရမှာလဲ... ငါတို့က သိုင်းသမားတွေလေ... ဒီလောက် ဒဏ်ရာလောက်က ဘာမှ မဟုတ်ပါဘူး... မနက်ခင်းက လှုပ်ရှားဖို့ အကောင်းဆုံး အချိန်ပဲ... သိုင်းကျင့်ရအောင်... သိုင်းကျင့်ကြမယ်..."

"ပြီးရင် ဈေးဝယ်ထွက်ရဦးမယ်..."

သူမနှင့် ငြင်းခုံမရနိုင်သလို၊ သူမ၏ ပုံစံမှာလည်း ကျန်းမာနေသည်ကို တွေ့ရသဖြင့် ဆုမို သူမသဘောအတိုင်း လိုက်လျောလိုက်ရလေ၏။

သူတို့ သိုင်းကျင့်ကြသည်၊ မနက်စာ စားကြသည်၊ ပြီးတော့ အိမ်သုံးပစ္စည်းများ ဝယ်ယူရန် ထွက်ခွာခဲ့ကြပါ၏။

ရုတ်တရက်ဆိုသလို နေ့ရက်များသည် အလုပ်ရှုပ်စရာများဖြင့် ပြည့်နှက်လာလေတော့၏။

အရင်တုန်းက ဆုမို တစ်ယောက်တည်း ရှိစဉ်က ဇီယန်အာမခံဌာနကို ပြန်လည်အသက်သွင်းဖို့ လိုအပ်မှန်း သိသော်လည်း ဘာလုပ်ရမှန်း မသိခဲ့ပေ။

ဒီကိစ္စမှာတော့ သူက ယန်ရှောင်ယွင်လောက် စေ့စပ်သေချာမှု မရှိလှပေ။

ဒီမိန်းကလေးက အသေးစိတ် အချက်အလက်ကအစ စဉ်းစားတွေးခေါ်နိုင်ပြီး အရာရာကို ကြိုမြင်နိုင်စွမ်း ရှိလေ၏။

ဆုမို အများဆုံး စဉ်းစားမိသည်မှာ ဝတ်စုံနှင့် လက်နက်များလောက်သာ ဖြစ်၏။

ယန်ရှောင်ယွင်ကမူ သိုင်းဆရာများ လေ့ကျင့်ရန်အတွက် ကျောက်တုံးများ၊ ကိရိယာတန်ဆာပလာများမှအစ၊ ခရီးထွက်သည့်အခါ ချက်ပြုတ်စားသောက်ရန် လိုအပ်သော ပစ္စည်းအသေးအဖွဲလေးများအဆုံး အကုန်လုံးကို စေ့စေ့စပ်စပ် ပြင်ဆင်လေတော့၏။

နှစ်ပေါင်းများစွာ အာမခံခရီးများကို ကိုယ်တိုင် ဦးဆောင်ခဲ့ဖူးသူ ဖြစ်သဖြင့် သူမသည် အသေးစိတ် အချက်အလက်များတွင် ဆုမိုထက် များစွာ အတွေ့အကြုံ ရင့်ကျက်လှပေ၏။

သူမသည် စာရင်းရှည်ကြီး တစ်စောင် ပြုလုပ်ပြီး လူများကို ကိုယ်တိုင် ဦးဆောင်ကာ ဈေးဝယ်ထွက်ခဲ့ရာ နှစ်ရက်တိတိ အချိန်ယူပြီးမှ အားလုံး ပြည့်စုံသွားလေ၏။

ထို့နောက် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် အားလပ်ချိန် ရတိုင်း သိုင်းဆရာများနှင့် အဖွဲ့သားများကို လေ့ကျင့်ခန်း လုပ်ခိုင်းလေတော့၏။

သံမဏိသွေး အာမခံဌာနမှ ပါလာသူများသည် တကယ်တမ်းတွင် လှံသိုင်းကို သင်ယူခဲ့ကြသူများ မဟုတ်ကြပေ။ အများစုတွင် ကိုယ်ပိုင် နောက်ခံသမိုင်းကြောင်းများ ရှိကြ၏။

အညံ့ဆုံးလူတောင်မှ မြို့ငယ်လေးများရှိ သိုင်းသင်တန်းကျောင်းများတွင် ရက်အနည်းငယ်ကြာအောင် အခြေခံ သိုင်းပညာများကို သင်ယူခဲ့ဖူးသူများ ဖြစ်ကြပါ၏။

တချို့ဆိုလျှင် နာမည်ကြီး ဆရာသခင်များထံတွင် တပည့်ခံပြီး သိုင်းပညာ သင်ယူခဲ့ဖူးသူများပင် ပါဝင်လေ၏။

ထိုအထဲတွင် ရှောင်ချွမ်း သည် ဓားသိုင်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်၏။

အစတုန်းက သူသည် ဆင်းရဲနွမ်းပါးသော သိုင်းလောကသား တစ်ယောက်ထံတွင် တပည့်ခံပြီး ဓားသိုင်း သင်ယူခဲ့ခြင်း ဖြစ်သည်။ သိုင်းလောကထဲ ရောက်လာသောအခါ ထိုဓားသိုင်းဖြင့် နာမည်မရခဲ့ပေ။

ရန်ပွဲများတွင် ပါဝင်ပတ်သက်မိပြီး သိုင်းလောက လမ်းဘေးတွင် အသက်ပျောက်မလို ဖြစ်ခဲ့ရဖူးသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဓားသိုင်းကျမ်း တစ်စောင်နှင့် အတွင်းအားကျင့်စဉ် တစ်ခုကို ရရှိခဲ့လေ၏။

ထိုနည်းလမ်းအတိုင်း လေ့ကျင့်လိုက်ရာ သူ၏ အတွင်းအားမှာ အကြီးအကျယ် တိုးတက်လာရုံသာမက ဓားသိုင်းစွမ်းရည်ပါ ခုန်ပျံကျော်လွှား တိုးတက်လာပြီး လူတစ်ယောက် အသစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်လာခဲ့လေ၏။

သို့သော် ယခင် အတွေ့အကြုံများကြောင့် သူ၏ အားနည်းချက်များကို သူ ကောင်းကောင်း သိရှိလာခဲ့၏။

တစ်ဖက်တွင် သူသည် သိုင်းလောက အတွေ့အကြုံ နည်းပါးသဖြင့် မသိနားမလည်ဘဲ လူများကို ပြစ်မှားမိတတ်သည်။ အခြားတစ်ဖက်တွင်မူ သူ၏ သိုင်းပညာမှာလည်း ပိုမို သန့်စင်မွမ်းမံရန် လိုအပ်နေသေးသည်။

လေလွင့်သွားလာပြီးနောက် နောက်ဆုံးတွင် လော့ရှားမြို့သို့ ရောက်ရှိလာပြီး အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် သံမဏိသွေး အာမခံဌာနသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်လေ၏။

အာမခံဌာနသို့ ဝင်ရောက်ကတည်းက ယန်ရှောင်ယွင်၏ လက်အောက်တွင် သုံးနှစ်ခွဲခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်၏။

သိုင်းပညာ အပိုင်းတွင် ပြောရလျှင် သူသည် ဤသိုင်းဆရာ အုပ်စုထဲတွင် အသန်မာဆုံး ဖြစ်ပေသည်။

ဆုမိုသည် ရှောင်ချွမ်း၏ ဓားသိုင်းကို ကိုယ်တိုင် လေ့လာကြည့်ရာ တကယ်ကို ကောင်းမွန်ကြောင်း တွေ့ရှိရလေ၏။

သို့သော် ဆုမို၏ သိုင်းပညာနှင့် ယှဉ်လျှင်တော့ ကွာခြားနေပါသေးသည်။ ဆုမို၏ သေခြင်းတရားကို အာခံသည့် (၁၃) ချက်မြောက် ဓား သည် ယူချွမ် အမိန့်သခင် သုံးဦး၏ မွမ်းမံမှုအပြီးတွင် ၁၅ ကွက်အထိ တိုးတက်လာခဲ့ပြီး ကွက်ကွက်တိုင်းမှာ အစွမ်းထက်လှပေ၏။

နောက်ပိုင်း ရရှိခဲ့သော 'နတ်ဘုရား သက်တန့် နှလုံးသားရှာဓား'မှာလည်း လျူဆွေဖုန်း၏ နာမည်ကျော်ကြားစေခဲ့သော ပြိုင်ဘက်ကင်း သိုင်းပညာ ဖြစ်လေ၏။

ဒီရက်ပိုင်းအတွင်း နေ့တိုင်း လေ့ကျင့်မှုကြောင့် ဆုမို၏ တိုးတက်မှုမှာ လျင်မြန်လွန်းလှပြီး တစ်နေ့တစ်ခြား မြင့်မားလာလေ၏။

ရှောင်ချွမ်းကို ပေါ့ပေါ့ပါးပါး လမ်းညွှန်ပြသပေးလိုက်ရုံဖြင့် ရှောင်ချွမ်းမှာ နတ်ဘုရားတစ်ပါးကို တွေ့လိုက်ရသကဲ့သို့ အံ့ဩမှင်သက်သွားရလေတော့၏။

ရလဒ်အနေဖြင့် ရေတံခါးပွင့်သွားသကဲ့သို့ ဖြစ်ကာ၊ လူငယ် သိုင်းဆရာများ တစ်ယောက်ပြီးတစ်ယောက် ဆုမိုထံသို့ ရောက်လာပြီး သိုင်းပညာ လမ်းညွှန်ပေးရန် ပူဆာကြလေတော့၏။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့မှာ အရေးတကြီး လုပ်စရာ မရှိသဖြင့် ငြင်းဆန်ခြင်း မပြုကြပေ။

'နဂါးချောက်နက် တျန်ယွမ်လှံ' နှင့် ဆုမို၏ ကိုယ်ပိုင် သိုင်းပညာများကိုတော့ သာမန်ကာလျှံကာ သင်ပေး၍ မရနိုင်ပါ။

သို့သော် လှည့်ကွက်များနှင့် ဉာဏ်ပွင့်စေမည့် အကြံဉာဏ်များကိုတော့ သင်ပေးနိုင်ပေသည်။ တခါတလေကျတော့ စကားတစ်ခွန်းတည်းသော လမ်းညွှန်မှုက ဆယ်နှစ်တာ ကြိုးစားလေ့ကျင့်မှုထက် ပိုထိရောက်တတ်သည် ဆိုသော စကားမှာ အနည်းငယ် ပုံကြီးချဲ့ထားသော်လည်း လုံးဝ အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။

ဤကဲ့သို့သော အခြေအနေများအောက်တွင် ဇီယန်အာမခံဌာနသည် တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာလေတော့၏။

ထိုအချိန်တွင် ယန်ရှောင်ယွင်သည် ယန်ရီဇီနှင့် ပဋိပက္ခဖြစ်ပြီး သံမဏိသွေး အာမခံဌာနမှ ထွက်ခွာလာခဲ့သော သတင်းမှာ အကြောင်းတစ်စုံတစ်ရာကြောင့် ကံဆိုးသူ တစ်ယောက်၏ နှုတ်မှတဆင့် ပေါင်ကြားသွားခဲ့လေ၏။

ရုတ်တရက် ဆိုသလို ကောလာဟလ အမျိုးမျိုး ထွက်ပေါ်လာလေတော့၏။

အထူးသဖြင့် ယခုလို အချိန်မျိုးတွင် သံမဏိသွေး အာမခံဌာနနှင့် ဒုတိယမြို့စား ဝူတောက်ယိုတို့ ပူးပေါင်းဆောင်ရွက်နေသော သတင်းလည်း ပေါက်ကြားသွားရာ သံမဏိသွေး အာမခံဌာနသည် လူထု၏ အာရုံစိုက်မှုကို တိုက်ရိုက် ခံလိုက်ရလေ၏။

တချို့က ပြောကြ၏။ ယန်ရီဇီသည် အာဏာမက်ပြီး မျက်စိကန်းကာ အရင်က ကတိကဝတ်များကို ဖောက်ဖျက်ခဲ့သဖြင့် ဂုဏ်သိက္ခာ ကျဆင်းသွားပြီ ဟူ၍။

တချို့ကျတော့လည်း ဆုမို၏ အရင်က အပျော်အပါးလိုက်စားသော အကျင့်စရိုက်ကြောင့် မထိုက်တန်ဟု ယူဆပြီး၊ ယန်ရီဇီအနေဖြင့် သမီးဖြစ်သူကို ဆုမိုနှင့် သဘောမတူခြင်းမှာလည်း အကြောင်းရှိသည် ဟူ၍ ပြောဆိုကြလေ၏။

မည်သို့ပင် ပြောဆိုကြစေကာမူ လော့ဖုန်းမဟာမိတ်အဖွဲ့၏ တတိယ ခေါင်းဆောင် ဝူတောက်ယို၏ အရှေ့ဘက်သို့ နယ်မြေချဲ့ထွင်မည့် လုပ်ရပ်မှာ တရားဝင်သဘော ဖြစ်လာခဲ့လေ၏။

လွန်ခဲ့သော နှစ်ရက်က ယန်ရီဇီနှင့် ဝူတောက်ယိုတို့သည် လော့ရှားမြို့မှ ထွက်ခွာပြီး အရှေ့ဘက်သို့ ဦးတည်ကာ တပ်ဖွဲ့များကို ဦးဆောင်သွားကြသည်ဟု သတင်းထွက်ပေါ်လာသည်။ တကယ့် ရည်ရွယ်ချက်ကတော့ မည်သူမျှ မသိရသေးပေ။

ဤအဖြစ်အပျက်ကြောင့် လော့ဖုန်းမဟာမိတ်အဖွဲ့အတွင်းမှ လူမည်မျှ အိပ်မပျော်ဘဲ ဖြစ်နေကြရမည်ကို ဘယ်သူ သိနိုင်ပါမည်နည်း။

သို့သော် လောလောဆယ်တွင် ထိုကိစ္စများသည် ဆုမိုနှင့် ယန်ရှောင်ယွင်တို့နှင့် မသက်ဆိုင်လှပေ။ အထူးသဖြင့် ယနေ့တွင် မြင်းရထား အများအပြားသည် ဇီယန်အာမခံဌာန၏ ရှေ့တံခါးဝတွင် ခမ်းနားထည်ဝါစွာ ရပ်တန့်လိုက်သောအခါ ပို၍ပင် မသက်ဆိုင်တော့သကဲ့သို့ ဖြစ်သွားလေ၏။

ကြွယ်ဝချမ်းသာပုံရသော သက်လတ်ပိုင်း လူကြီးတစ်ဦးသည် အစေခံများ၏ တွဲကူမှုဖြင့် မြင်းရထားပေါ်မှ ဆင်းသက်လာလေ၏။

သူသည် ဧည့်သည်ကတ်ပြားကို အစေခံအား ကမ်းပေးလိုက်ပြီး အထဲသို့ ဝင်ရောက်ကာ သူရောက်ရှိနေကြောင်း သတင်းပို့ခိုင်းလိုက်လေ၏။

"ဝမ်ရှင်း ကုန်သွယ်ရေး ဌာန ရဲ့ တာဝန်ခံက... ခေါင်းဆောင်ဆုကို လာရောက် တွေ့ဆုံချင်ပါတယ်လို့ သတင်းပို့ပေးပါ…”

အခန်း (၁၃၁) - အာမခံ လက်ခံခြင်း

~"ဝမ်ရှင်း ကုန်သွယ်ရေး ဌာန ရဲ့ တာဝန်ခံ ဟုတ်လား..."

ဇီယန်အာမခံဌာန အတွင်းတွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ မျက်နှာချင်းဆိုင် ထိုင်ပြီး လက်ဖက်ရည်သောက်နေကြလေ၏။

အစေခံ၏ သတင်းပို့ချက်ကို ကြားသောအခါ နှစ်ယောက်စလုံး အနည်းငယ် အံ့အားသင့်သွားကြ၏။

"ဝမ်ရှင်း ကုန်သွယ်ရေး ဌာနက အဓိကအားဖြင့် ပိုးထည်နဲ့ အထည်အလိပ်တွေကို ရောင်းဝယ်တာ... အထည်ချုပ် လုပ်ငန်းလည်း လုပ်သေးတယ်... သူ့ရဲ့ ဌာနခွဲတွေက မြို့လေးမြို့၊ မြစ်သုံးစင်း၊ ပင်လယ်အော်နှစ်ခု ဒေသတစ်ဝိုက်မှာတင် မကဘူး... အပြင်ဘက်ကိုပါ ဖြန့်ကျက်ထားတာ... ဝူရှန်ခန်းမ နဲ့ ကောင်းကင်ဓားဂိုဏ်း နယ်မြေတွေထဲအထိ ထိုးဖောက်ဝင်ရောက်ထားတယ်..."

"သူတို့မှာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ဖို့ ကိုယ်ပိုင်အဖွဲ့ ရှိပြီးသား... ဒါပေမဲ့ အာမခံဌာနတွေနဲ့ ပူးပေါင်းပြီး အာမခံအပ်လေ့ရှိတယ်..."

"အဓိက အကြောင်းရင်းကတော့... အာမခံဌာနတွေမှာက ကွန်ရက်ကျယ်ပြန့်ပြီး အဆက်အသွယ်တွေ ကောင်းတော့... ပဋိပက္ခတွေ လျှော့ချနိုင်တာပေါ့..."

ယန်ရှောင်ယွင်သည် ဝမ်ရှင်း ကုန်သွယ်ရေး ဌာနအကြောင်း ကောင်းကောင်း သိထားပုံရလေ၏။ သူမ ပြုံးလိုက်ပြီး မေးလိုက်၏။

"ခေါင်းဆောင်... အရင်တုန်းက သူတို့ ဘယ်အာမခံဌာနနဲ့ အများဆုံး ပူးပေါင်းခဲ့လဲ သိလား..."

ဆုမို မျက်ခုံးအနည်းငယ် ပင့်လိုက်၏။

"ကောင်းကင်တံခါး အာမခံဌာန မလား..."

"အတိအကျပဲ..."

ယန်ရှောင်ယွင် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာမိသည်။

"ဘယ်လိုလုပ် သိတာလဲ..."

"အစ်မယွင်က ဒီလောက် အများကြီး ပြောပြနေမှတော့... ဝမ်ရှင်း ကုန်သွယ်ရေး ဌာနက သာမန်ကာလျှံကာ မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ... အဲ့လို ဌာနကြီးက သာမန် အာမခံဌာနလေးတွေနဲ့ ဘယ်ပူးပေါင်းပါ့မလဲ..."

"လော့ရှားမြို့က အဓိက အာမခံဌာနကြီး သုံးခုဖြစ်တဲ့... ယန်ဝေ၊ ကောင်းကင်တံခါး၊ သံမဏိသွေး တို့ထဲမှာ... ယန်ဝေ အာမခံဌာနက အဆင်ပြေနေတုန်းပဲ... သူတို့နဲ့ ရုတ်တရက် ပူးပေါင်းမှု ရပ်ဆိုင်းလိုက်စရာ အကြောင်းမရှိဘူး..."

"သံမဏိသွေး အာမခံဌာန ကျတော့... ဦးလေးယန်က လော့ဖုန်းမဟာမိတ်အဖွဲ့ရဲ့ ပဋိပက္ခတွေထဲမှာ နစ်မြုပ်နေပေမဲ့... ဂုဏ်သတင်းကတော့ သံမဏိလို ခိုင်မာနေဆဲပဲ... အစ်မယွင်နဲ့ ဦးလေးယန် မပါရင်တောင်... သံမဏိသွေး အလံတော်ကို ထုတ်ပြလိုက်ရုံနဲ့ ဘယ်သွားသွား သိုင်းလောကသားတွေက လေးစားကြတာပဲလေ..."

"ဒါပေမဲ့ ကျိဝမ်လီ သေဆုံးသွားပြီးနောက်ပိုင်း... ကောင်းကင်တံခါး အာမခံဌာန တစ်ခုတည်းပဲ အကြီးအကျယ် ကျဆင်းသွားတာ..."

"နင်က တကယ်ကို ဉာဏ်ကောင်းတာပဲ..."

ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်၏။

"ဝမ်ရှင်း ကုန်သွယ်ရေး ဌာနက ကောင်းကင်တံခါး အာမခံဌာနကို ငွေကြေးအရ အမြဲတမ်း ထောက်ပံ့ပေးနေခဲ့တာ... ဒါပေမဲ့ သူတို့ကို တွေ့သင့်မတွေ့သင့် ဆိုတာတော့ နင် သေချာ စဉ်းစားရမယ်... သူတို့ လာတာ ရိုးသားချင်မှ ရိုးသားမှာ..."

အခြေအနေက နားလည်ရ လွယ်ကူပါသည်။

"ကောင်းကင်တံခါး အာမခံဌာနက အခြေအနေ ဆိုးနေပြီ ဆိုပေမဲ့... ကျိဖေးယန် ရှိနေသေးတယ်လေ... ဒါပေမဲ့ သူက အာမခံဌာနရဲ့ အလံတော်ကို မားမားမတ်မတ် ကိုင်ဆောင်နိုင်ပါ့မလား ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတုန်းပဲ..."

"ဒီလို အချိန်မျိုးမှာ... ဝမ်ရှင်း ကုန်သွယ်ရေး ဌာနက သူတို့ ကုန်ပစ္စည်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို လောင်းကြေးထပ်မှာ မဟုတ်ဘူး..."

"ဒါပေမဲ့ သံမဏိသွေး နဲ့ ယန်ဝေ တို့နဲ့ ပူးပေါင်းလိုက်ရင်လည်း... အပြီးအပိုင် မဟာမိတ် ဖွဲ့လိုက်သလို ဖြစ်သွားနိုင်တယ်... နောက်ကျရင် ပြန်ပြောင်းဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်..."

"အခု ဇီယန်အာမခံဌာနက ရုတ်တရက် ထွက်ပေါ်လာတယ်... ပြီးတော့ ရွှမ်ကျီတောင်ကြားမှာ ကျွန်တော် နာမည်ရလိုက်တာရယ်... အနောက်တောင်ဘက်မှာ ဩဇာအာဏာ နည်းနည်း ရှိလာတာရယ်ကြောင့်... မျက်နှာလည်း မပျက်၊ ကျိဖေးယန်ဘက်က အဖြေကိုလည်း စောင့်လို့ရမယ့် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာတာပေါ့... ပြီးတော့ အာမခံဌာနက အရမ်းကြီး လွှမ်းမိုးထားတာမျိုး မရှိတော့ သူတို့ကို အမြတ်ထုတ်မှာလည်း မကြောက်ရတော့ဘူး..."

ဆုမို ခေါင်းအသာခါလိုက်၏။

"တွေ့လား... အာမခံဌာန သေးတာကလည်း သူ့အားသာချက်နဲ့သူ ရှိတာပဲ..."

"တော်ပါတော့... ရွှမ်ကျီတောင်ကြား တိုက်ပွဲကြောင့် နင် နာမည်မကြီးရင်... ဒီလို စီးပွားရေးလုပ်ငန်းကြီးက ငါတို့ဆီ ရောက်လာပါ့မလား... တွေ့မလား မတွေ့ဘူးလား ဆိုတာကတော့... နင့်သဘောပါပဲ..."

"တွေ့မှာပေါ့... သေချာပေါက် တွေ့ရမှာပေါ့..."

ဆုမို ပြုံး၍ ပြောလိုက်၏။

"ဒီလောက် စီးပွားရေး အကြီးကြီးကို လက်လွှတ်ခံလို့ ဖြစ်မလား... ငြင်းစရာ အကြောင်းမှ မရှိတာ... ရှေ့ခန်းမမှာ လက်ဖက်ရည် တည်ခင်းထားလိုက်ပါ... .. ခဏနေရင် လာခဲ့မယ်လို့ ပြောလိုက်..."

အစေခံက ခေါင်းညိတ်ပြီး ထွက်ခွာသွားလေ၏။

ယန်ရှောင်ယွင်က လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်၏။

"ဒါပေမဲ့ ဝမ်ရှင်း ကုန်သွယ်ရေး ဌာနရဲ့ တာဝန်ခံ ကိုယ်တိုင် လာတာကို ကြည့်ရင်... သူတို့ရဲ့ ရိုးသားမှုက မနည်းလှဘူးလို့ ပြောရမယ်..."

"လူငယ်တွေနဲ့ ဆက်ဆံရင် ခေါင်းကိုက် သက်သာမယ်လို့ သူ ထင်နေတာများလား..."

"ဒါက..."

ယန်ရှောင်ယွင်က ဆုမို ပြောတာ ဟုတ်သလိုလို ရှိသည်ဟု ခံစားလိုက်ရသည်။

သူမ ခေတ္တမျှ ဘာပြောရမှန်း မသိ ဖြစ်သွားပြီးမှ ပြောလိုက်လေ၏။

"ငါ အမြဲတမ်း ခံစားရတာ တစ်ခု ရှိတယ်... အရာရာကို ကြိုမြင်နေရရင် ဘဝက စိတ်ဝင်စားစရာ မကောင်းတော့သလိုပဲ..."

"ဟင်..."

ဆုမို သူမကို ထူးဆန်းစွာ ကြည့်လိုက်၏။

"ဘယ်လို..."

"အရာရာကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရတာလေ..."

ယန်ရှောင်ယွင် ပြောလိုက်၏။

"နင့်မှာ လူငယ်တွေရဲ့ စိတ်မြန်လက်မြန် ရှိမှုနဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ ပျောက်ဆုံးနေသလိုပဲ... လောကကြီးကို အကုန်သိနားလည်နေတဲ့ ပုံစံပေါက်နေတော့... သနားဖို့တောင် ကောင်းနေသလိုပဲ..."

သူမစကားကို ကြားသောအခါ၊ ဆုမို နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ရုတ်တရက် ပြုံးဖြီးဖြီး လုပ်လိုက်လေ၏။

"အစ်မယွင်... ဒီည ကျုပ်.. ခင်ဗျားကို အရက်ဆိုင် ခေါ်သွားရင် ဘယ်လိုလဲ..."

"......"

ယန်ရှောင်ယွင် ဆုမိုကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။

ဆုမိုက သူမကို လှည့်စားလိုက်နိုင်ပြီဟု ထင်နေချိန်မှာပင်၊ ယန်ရှောင်ယွင်က ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ပြီး အော်ဟစ်လိုက်လေတော့၏။

"မိုက်တယ်ဟေ့..."

"ဗျာ..."

ဆုမို လန့်သွားမိသည်။

"ငါ သွားချင်နေတာ ကြာပြီ... ဒါပေမဲ့ တစ်ယောက်တည်းမို့ မသွားရဲတာ... နင် လိုက်ပို့မယ်ဆိုရင်တော့ အဆင်ပြေပြီပေါ့..."

ယန်ရှောင်ယွင် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးများ အရောင်တောက်လာလေ၏။

"ယောကျာ်းကောင်း ကတိနော်... ဒီည သွားကြမယ်..."

"......"

ဆုမို ရုတ်တရက် ခံစားလိုက်ရသည်။

အစ်မယွင် ခုနက ပြောခဲ့တဲ့ စကားတွေက အလကားပါလား။

အရာရာကို ရှင်းရှင်းလင်းလင်း မြင်ရတယ် ဟုတ်လား။ ပေါက်ကရတွေ။

ငါ သူ့ကို လုံးဝ နားမလည်နိုင်ပါလား။

ဘယ်မိန်းကလေးက အရက်ဆိုင်သွားရမှာကို ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။

တကယ်တမ်း သူ.. ဘာဖြစ်ချင်နေတာလဲ။

ဆုမို စိတ်ထဲကနေ အော်ဟစ်နေမိသော်လည်း၊ ယန်ရှောင်ယွင် ကောင်းကင်ပေါ်သို့ ပျံတက်မတတ် ပျော်ရွှင်နေသည်ကို မြင်သောအခါ အလျင်စလို ပြောလိုက်ရလေ၏။

"သွားကြစို့... တာဝန်ခံကြီး စောင့်နေရတာ ကြာရင် စိတ်မရှည် ဖြစ်နေဦးမယ်..."

ထိုအခါမှ ယန်ရှောင်ယွင်သည် မလိုလားသော်လည်း ပါအောင် ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရလေတော့၏။

...

...

တကယ်တမ်းတွင် တာဝန်ခံကြီးသည် စိတ်မရှည် ဖြစ်မနေပါချေ။

သူသည် အေးဆေးတည်ငြိမ်ပြီး စိတ်ရှည်သည်းခံတတ်သူ တစ်ဦး ဖြစ်လေ၏။ အလုပ်ကို နှေးနှေးနှင့် သေချာလုပ်မှ ကောင်းသည်ဟု ယုံကြည်ထားသူ ဖြစ်ရာ၊ ခဏတဖြုတ် စောင့်ဆိုင်းရခြင်းလောက်ကို ဂရုစိုက်မနေပေ။

လက်ဖက်ရည်ခွက်ကို မော့လိုက်ပြီး ဇီယန်အာမခံဌာန ခန်းမဆောင်၏ အပြင်အဆင်ကို လေ့လာအကဲခတ်နေလေ၏။

ခဏကြာသောအခါ တာဝန်ခံကြီး၏ စိတ်ထဲတွင် အမှတ်နည်းနည်းသာ ပေးလိုက်မိသည်။

သို့သော်လည်း ဤအခြေအနေကို နားလည်ပေး၍ ရနိုင်ပါ၏။ ဆုမို ငယ်စဉ်က လော့ရှားမြို့တွင် ဆိုးသွမ်းခဲ့မှုကြောင့် မိသားစု စီးပွားရေး ကျဆင်းသွားခဲ့ရသည်မှာ လူတိုင်းသိရှိထားသည့် အမှန်တရားပင် ဖြစ်တော့၏။ သို့ရာတွင် မထင်မှတ်ထားဘဲ ရုတ်တရက် အရှိန်အဟုန်ဖြင့် ကြီးပွားတိုးတက် လာခဲ့ပြန်၏။ သိုင်းလောက၏ ဆန်းကြယ်မှုများမှာ ပြောပြ၍ပင် ကုန်နိုင်ဖွယ် မရှိတော့ပေ။

ထို့ပြင် ယခုတစ်ခေါက် သူကိုယ်တိုင် လာရောက်ရသည့် အကြောင်းရင်းကိုလည်း ဆုမိုက အများအားဖြင့် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့လေ၏။

ဆုမိုသည် ငယ်စဉ်က ဆိုးသွမ်းခဲ့သော်ငြား ယခုအချိန်၌မူ၊ အသက်ငယ်သော်လည်း အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ပြီတည်း။

အခန်း (၁၃၂) - အာမခံ လက်ခံခြင်း (၂)

~လူငယ် ဂုဏ်ထူးဆောင် တစ်ဦးသည် သဘာဝကျကျပင် တက်ကြွလန်းဆန်းသော အသွင်အပြင်ကို ဆောင်ထားပြီး မိမိကိုယ်ကို အထင်ကြီးလေးစားစိတ် မလွဲမသွေ ရှိတတ်ကြလေ၏။

ဝမ်ရှင်း ကုန်သွယ်ရေး ဌာန အနေဖြင့် ဆုမိုနှင့် ဆွေးနွေးလိုသည်ဆိုပါက ဤအချက်ကို သေချာပေါက် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ အလုပ်အမှာစာ ပမာဏမှာ တာဝန်ခံ ကိုယ်တိုင် လာရောက်ရလောက်အောင် ကြီးမားခြင်း မရှိသော်လည်း၊ တန်းတူ လူမှုရေး အဆင့်အတန်းရှိသူ တစ်ဦးကို လွှတ်လိုက်ပါက ဝမ်ရှင်း ကုန်သွယ်ရေး ဌာနသည် သူ့ကို အထင်သေးသည်ဟု ဆုမိုက ထင်မြင်သွားနိုင်ပေသည်။

ထိုသို့ဖြစ်ပါက အလားအလာရှိသော စီးပွားရေး သဘောတူညီချက် ပျက်ပြားသွားနိုင်ရုံသာမက ပဋိပက္ခများပါ ဖြစ်ပွားလာနိုင်ပြီး မလိုအပ်ဘဲ ရန်သူများ ဖန်တီးမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ဝမ်ရှင်း ကုန်သွယ်ရေး ဌာနသည် ကုန်သည်လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်သဖြင့် သဟဇာတဖြစ်မှုကို အမြဲ ဦးစားပေးလေ့ရှိသည်။ တာဝန်ခံ ဆိုသူမှာလည်း တည်ငြိမ်ရင့်ကျက်သူဟု နာမည်ကြီးသူ ဖြစ်ရာ ထိုကဲ့သို့သော အမှားမျိုးကို သေချာပေါက် မပြုလုပ်တတ်ပေ။ အဆင်မပြေမှုများ ရှိသော်ငြားလည်း၊ သူသည် လူကိုယ်တိုင် လာရောက်ရန် ဆုံးဖြတ်ခဲ့ပြီး ဇီယန်အာမခံဌာနကို မျက်နှာသာပေးရုံသာမက အနှစ်သာရပါ ပြည့်ဝသော လေးစားမှုကို ပြသခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ကိစ္စရပ်များကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်၏။

နောက်ထပ် အကြောင်းရင်း တစ်ခုမှာ... သူသည် ဤရက်ပိုင်းအတွင်း နာမည်ကြီးလာသော သခင်လေး ဆုမိုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံလိုစိတ် ပြင်းပြနေသောကြောင့်ပင်။

ရွှမ်ကျီတောင်ကြား အဖြစ်အပျက်သည် ကြီးမားသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့ပြီး အနောက်တောင်ဘက် ဒေသရှိ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ အားလုံးနီးပါး ပါဝင်ပတ်သက်ခဲ့ကြ၏။

ဤအချက်ကြောင့် ဆုမိုသည် သာမန် လူငယ် သခင်လေးများထက် များစွာ သာလွန်သူအဖြစ် အသိအမှတ်ပြု ခံခဲ့ရလေ၏။

သူသည် အသက်မွေးဝမ်းကျောင်း စတင်ချိန်မှစ၍ အနောက်တောင်ဘက် ဒေသရှိ လူငယ် မျိုးဆက်သစ်များကြားတွင် ဦးဆောင်သူအဖြစ် ပေါ်ထွက်လာခဲ့သကဲ့သို့ပင်။

ထိုကဲ့သို့သော လူတစ်ယောက်ကို လူချင်း မတွေ့ဖူးလိုက်ရလျှင် နောင်တရစရာ ဖြစ်ပေလိမ့်မည်။

အတွေးပေါင်း သောင်းခြောက်ထောင် တွေးတောနေစဉ် တံခါးပြင်ပမှ ခြေသံများ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်ကို တွေ့လိုက်ရလေ၏။

လူငယ်လေးမှာ ခန့်ညားထည်ဝါပြီး ချောမောသော မျက်နှာထား ရှိသည်။ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး တည်ငြိမ်သော အကြည့်များဖြင့် ကြည့်နေလေ၏။ လူငယ်ဘဝ အောင်မြင်မှုများနှင့် ဆက်စပ်လေ့ရှိသော မောက်မာဝင့်ကြွားမှုမျိုး လုံးဝ မတွေ့ရချေ။

မိန်းကလေးမှာမူ ထူးခြားစွာ လှပပြီး ပေါ့ပါးလွတ်လပ်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသည်။ သူမ၏ မျက်လုံးများမှာ သက်ဝင်လှုပ်ရှားပြီး ပူပန်မှုကင်းမဲ့နေပုံ ရသော်လည်း မျက်ခုံးကြားတွင် စိုးရိမ်စိတ် အနည်းငယ် ကပ်ငြိနေသည်ကို သတိပြုမိလိုက်လေ၏။

သံသယဖြစ်စရာ မလိုတော့ပေ။ ဤသူနှစ်ဦးမှာ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ပင် ဖြစ်ချေ၏။

တာဝန်ခံကြီး စဉ်းစားခန်း ဝင်နေစဉ်မှာပင် ဆုမို၏ အသံကို ကြားလိုက်ရလေ၏။

"တာဝန်ခံကြီး ကိုယ်တိုင် ကြွရောက်လာတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါ... ကျွန်တော် ဆုမိုက အဝေးကနေ မကြိုဆိုမိတာ ခွင့်လွှတ်ပေးပါဗျာ..."

"ကိစ္စမရှိပါဘူးဗျာ..."

တာဝန်ခံကြီးသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မတ်တတ်ရပ်ကာ ပြုံး၍ ပြောဆိုလိုက်လေ၏။

"ခေါင်းဆောင်ဆုက လူငယ် သူရဲကောင်းပါ... နာမည်ကြားဖူးနေတာ ကြာပါပြီ... ဒီနေ့ လူချင်း တွေ့ရတော့မှ ဂုဏ်သတင်းနဲ့ လူနဲ့ တကယ် လိုက်ဖက်တာပဲလို့ ဝန်ခံရတော့မယ်..."

ဧည့်ခံရာတွင် ချီးကျူးစကား ပြောဆိုခြင်းသည် မလွဲမသွေ ပြုလုပ်ရမည့် ထုံးစံတစ်ခု ဖြစ်လေ၏။

ဧည့်သည်တစ်ယောက် အိမ်လာလည်ပြီး အိမ်ရှင်ကို မြင်မြင်ချင်း "ဟေ့လူ... ခင်ဗျား ရုပ်ကလည်း ဆိုးလိုက်တာဗျာ... ဘယ်လိုဖြစ်ပြီး ဒီရုပ်ပေါက်နေရတာလဲ" ဟု ပြောသည်ကို ဘယ်နေရာမှာမှ ကြားဖူးမည် မဟုတ်ပေ။

ထိုကဲ့သို့သော လူမိုက်မျိုးနှင့် တွေ့ဆုံရပါက ရိုက်နှက်ရုံနှင့် မလုံလောက်ဘဲ နောက်တစ်ခေါက် ပြန်ခေါ်ပြီး ထပ်ရိုက်မှ ကျေနပ်နိုင်ပေလိမ့်မည်။

နှုတ်ဆက်စကား ပြောဆိုပြီးနောက် အိမ်ရှင်နှင့် ဧည့်သည်တို့သည် နေရာအသီးသီးတွင် ဝင်ထိုင်လိုက်ကြပြီး အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် လိုရင်းသို့ ဝင်ရောက်လိုက်ကြလေ၏။

"တာဝန်ခံကြီး ဒီတစ်ခေါက် ဘာကိစ္စများ ရှိလို့ပါလိမ့်..."

ဆုမို ပြုံး၍ မေးမြန်းလိုက်၏။

"အမှန်အတိုင်း ပြောရရင်... ခေါင်းဆောင်ဆုရဲ့ အကူအညီကို လိုချင်လို့ပါ..."

တာဝန်ခံကြီးသည် ကွေ့ဝိုက်မနေတော့ဘဲ တည့်တိုးပင် ပြောဆိုလိုက်လေ၏။

"ဇီယန်အာမခံဌာနမှာ လောလောဆယ် လက်ထဲ အလုပ်ရှိနေလား သိပါရစေ..."

"ဇီယန်အာမခံဌာနက အခုမှ ပြန်လည်ထူထောင်စမို့... ကျွန်တော် ဆုမိုကလည်း သိုင်းလောကထဲမှာ လူသစ်ဆိုတော့ သိပ်မသိကြသေးဘူးလေ... စီးပွားရေးကတော့ ပါးပါတယ်... တကယ်တမ်း ပြောရရင် အားနေတဲ့ အချိန်ပါပဲ..."

"ဟားဟားဟား... ခေါင်းဆောင်ဆုက နှိမ့်ချလွန်းနေပါပြီ... ရွှမ်ကျီတောင်ကြားမှာ စွမ်းဆောင်ခဲ့တာတွေကြောင့် ခေါင်းဆောင်ဆု နာမည်က သိုင်းလောက တစ်ခွင်လုံး ပျံ့နှံ့နေပြီပဲ... ကျုပ် နားထဲမှာတောင် အဲ့ဒီသတင်းတွေ ပြည့်နှက်နေတာ... ကြည့်ရတာ ဒီနေ့ ကျုပ် လာတာ အချိန်ကိုက် ဖြစ်သွားပုံရတယ်... ရက်နည်းနည်းလောက် နောက်ကျသွားရင် ခေါင်းဆောင်ဆုနဲ့ တွေ့ခွင့်တောင် ရမှာ မဟုတ်တော့ဘူး..."

တာဝန်ခံကြီး ခေတ္တမျှ ရပ်နားလိုက်ပြီးမှ ဆက်ပြောလိုက်လေ၏။

"ကျုပ် လာတာက... ခေါင်းဆောင်ဆုကို ကုန်ပစ္စည်း တစ်သုတ် အာမခံ လိုက်ပေးဖို့ တောင်းဆိုချင်လို့ပါ... လမ်းကြောင်းငါးသွယ် စုရပ် ကို ပို့ပေးရမှာပါ..."

"လမ်းကြောင်းငါးသွယ် စုရပ်..."

ဆုမို ခေတ္တမျှ စဉ်းစားလိုက်၏။ ထိုနေရာသည် ကောင်းကင်ဓားဂိုဏ်း ၏ ဩဇာလွှမ်းမိုးမှု အောက်တွင် ရှိနေကြောင်း သူ သိထားလေ၏။

တိတိကျကျ ပြောရလျှင် ကောင်းကင်ဓားဂိုဏ်း၏ တံခါးပေါက်ဝတွင် ရှိနေသည်ဟုပင် ပြောနိုင်ပေသည်။

လမ်းကြောင်းငါးသွယ်စုရပ် သည် ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းတံခါးမှ ခရီးတစ်ရက်သာ သွားရသော နေရာတွင် တည်ရှိသည်။ ပင်းဖုန်းမြို့ နှင့် ယူချင်းတောင် အကွာအဝေးလောက်သာ ရှိလေ၏။

သို့သော် ပင်းဖုန်းမြို့သည် တောင်ခြေရင်းရှိ မြို့ငယ်လေး တစ်ခုသာ ဖြစ်သော်လည်း၊ လမ်းကြောင်းငါးသွယ်စုရပ် မှာမူ အရေးပါသော မြို့ကြီးတစ်မြို့ ဖြစ်လေ၏။

အစပိုင်းတွင် ဈေးငယ်လေး တစ်ခုသာ ဖြစ်သော်လည်း ကောင်းကင်ဓားဂိုဏ်း၏ ကာကွယ်စောင့်ရှောက်မှုကြောင့် တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး၊ အရပ်မျက်နှာ အသီးသီးမှ ကုန်သည်များကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း လမ်းကြောင်းငါးသွယ်စုရပ် ဟု ခေါ်ဝေါ်ခြင်း ဖြစ်လေ၏။

မြောက်ဘက်နှင့် တောင်ဘက်မှ ကုန်သည်များကို ထိုနေရာတွင် အမြဲလိုလို တွေ့မြင်နိုင်ပေသည်။

"ဟုတ်ပါတယ်..."

တာဝန်ခံကြီး ခေါင်းညိတ်လိုက်၏။

"ကျုပ်တို့ ဝမ်ရှင်း ကုန်သွယ်ရေး ဌာနက နာမည်လေး နည်းနည်း ရှိပြီး စီးပွားရေးလည်း အတော်အတန် လုပ်ကိုင်ပါတယ်... လမ်းကြောင်းငါးသွယ်စုရပ် မှာလည်း ဌာနခွဲတွေ ရှိပါတယ်... ဒီတစ်ခါတော့ အရည်အသွေးမြင့် ပိုးထည်တွေနဲ့ အထည်အလိပ်တွေကို အဲ့ဒီက ဌာနခွဲတွေဆီ ပို့ပေးဖို့ လိုအပ်နေတာပါ..."

သူ စကားကို ခဏရပ်လိုက်ပြီး ပြုံးကာ ဆက်ပြောလိုက်၏။

"ကျုပ်တို့ ဌာနမှာ ကိုယ်ပိုင် အာမခံအဖွဲ့ ရှိပေမဲ့... ဓားပြစခန်း တစ်ခုစီမှာ သူ့စည်းကမ်းနဲ့သူ ရှိကြတယ်လေ... ပြီးတော့ ကျုပ်တို့က ကုန်သည်တွေ ဆိုတော့... ဒီ တောဘုရင်၊ တောင်ဘုရင်တွေနဲ့ ဆက်ဆံရတာ သိပ်မကျွမ်းကျင်ဘူး... ပြောရရင်တော့... ခေါင်းဆောင်ဆုကို ဖုံးကွယ်မထားပါဘူး... အရင်တုန်းကတော့ ဝမ်ရှင်း ကုန်သွယ်ရေး ဌာနက ကောင်းကင်တံခါး အာမခံဌာနနဲ့ ပူးပေါင်းခဲ့တာ များပါတယ်..."

"ဒါပေမဲ့ အခုလောလောဆယ် ကောင်းကင်တံခါး အာမခံဌာနက အလုပ်ရှုပ်နေတော့ မကူညီနိုင်ဘူးလေ... ဒါကြောင့် ဇီယန်အာမခံဌာနကို ရောက်လာတာပါ..."

"ရွှမ်ကျီတောင်ကြား တိုက်ပွဲကြောင့် ခေါင်းဆောင်ဆု နာမည်ကြီးနေတာကို အခွင့်ကောင်းယူပြီး... ဒီခရီးစဉ်မှာ ဟန့်တားမှု အနေနဲ့ အသုံးပြုချင်လို့ပါ..."

"လမ်းခရီးမှာ စီစဉ်စရာတွေ ရှိရင်လည်း ပြောပါ ခေါင်းဆောင်ဆု... ဝမ်ရှင်း ကုန်သွယ်ရေး ဌာနက ကုန်ကျစရိတ် အားလုံးကို တာဝန်ယူပေးပါ့မယ်..."

ဆုမို ခေါင်းအသာညိတ်လိုက်ပြီး ပြောလိုက်လေ၏။

"သဘောပေါက်ပါပြီ... ကုန်ပစ္စည်းတွေ လောလောဆယ် ဘယ်မှာ ရှိနေတာလဲ သိပါရစေ... သွားစစ်ဆေးလို့ ရမလား..."

"ရတာပေါ့ဗျာ... ကုန်ပစ္စည်းတွေကို လော့ရှားမြို့က ဝမ်ရှင်း ကုန်သွယ်ရေး ဌာနရဲ့ ဂိုဒေါင်ချုပ်ထဲမှာ သိမ်းဆည်းထားပါတယ်..."

တာဝန်ခံကြီးက ပြုံး၍ ပြန်ဖြေလိုက်၏။

"ခေါင်းဆောင်ဆု စစ်ဆေးချင်တယ်ဆိုရင်... အချိန်မရွေး သွားလို့ ရပါတယ်..."

"မနက်ဖြန်အထိ ဘာလို့ စောင့်နေမှာလဲ... အခုပဲ သွားကြတာပေါ့..."

"ဟားဟားဟား... ခေါင်းဆောင်ဆုက တကယ်ကို နှုတ်မြန်လက်မြန် ရှိတဲ့သူပဲ... ကြွပါ... လိုက်ခဲ့ပါဗျာ..."

ထို့နောက် လူအုပ်ကြီးသည် ဇီယန်အာမခံဌာနမှ ထွက်ခွာလာခဲ့ကြလေ၏။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ထွက်လာသောအခါ ရှောင်ချွမ်းကို ခေါ်ပြီး ညီအစ်ကို အချို့ကိုပါ ခေါ်ဆောင်လာခဲ့ရန် မှာကြားလိုက်လေ၏။

All Chapters