← Chapters

အခန်း (၁၁၀)

Vol. 13 Ch. 110

အခန်း (၁၁၀)

Vol. 13 Ch. 110

“သူက ကျွန်မရဲ့ခရိုမိုဆုန်း တစ်ဝက်ကိုပေးလှူခဲ့တဲ့ အလှူရှင်ပါပဲ”

ဟန်ဝေ့လန် ထိုစကားအား အလွန်အေးစက်သော အမူအရာဖြင့် ပြောလိုက်သည်။ သူမ လေသံမှာ အရင်းအမြစ် တူညီသည့် ဖခင်အရင်းတစ်ဦးအကြောင်း ပြောနေခြင်းနှင့် မတူဘဲ၊ နက်နက်ရှိုင်းရှိုင်း နာကျည်းနေရသော ရန်သူတစ်ယောက်အကြောင်း ပြောနေသကဲ့သို့ပင်။

ပိုင်ချီယွီမှာ ထိုကဲ့သို့သော အခြေအနေမျိုးအား တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

အပြင်လူများ အမြင်တွင် ဆွဲဆောင်မှုရှိပြီး ထက်မြက်သော သီးသန့်စားသောက်ဆိုင်ပိုင်ရှင်၊ အောင်မြင်သော လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးမှာ တကယ်တမ်းတွင် စိတ္တဇလူသတ်သမားတစ်ဦး၏ သမီးဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားမည်မဟုတ်ပေ။

၎င်းမှာ နွားတွေ ကောင်းကင်မှာ ပျံသန်းနေသည်ဟု ပြောသကဲ့သို့ပင် မယုံနိုင်စရာ ကောင်းသော်လည်း၊ ပြောင်းလဲ၍မရသော အမှန်တရားပင် ဖြစ်သည်။

ဒါဆို... ကူးချင်ချင်ကရော ဒါကို သိနေတာလား?

ပိုင်ချီယွီ အသိစိတ်မဲ့စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ၊ ဘာမှမသိဘဲ ကြောင်တောင်တောင်လေး ဖြစ်နေသော ချင်ချင့်အား မြင်လိုက်ရသဖြင့် လည်ချောင်းထဲတွင် တစ်ဆို့သွားကာ “ချင်ချင်နဲ့ နျန်ကောင်းကို အပြင်ခေါ်သွားလိုက်”

နှုတ်ဆိတ်နေသော အမျိုးသားနှစ်ဦး အပြင်မှ ဝင်လာပြီး ကလေးနှစ်ယောက်အား တစ်ယောက်တစ်ဦးစီ ချီမကာ အပြင်သို့ ခေါ်ဆောင်သွားကြ သည်။ ဘာဖြစ်နေမှန်း မသိရှာသော ကလေးများ ဆော့ကစားရင်း စားသောက်နိုင်ရန် ဘေးခန်းတွင် သီးသန့်ခန်းတစ်ခု ဖွင့်ပေးလိုက်ကြသည်။

ချင်ချင် အပြင်သို့ အချီခံလိုက်ရသည့်တိုင် သူမ လက်ထဲတွင် မုန်လာဥကိတ်မုန့်တစ်လုံး ကိုင်ထားဆဲပင်။ ကလေးမလေးမှာ ချစ်စရာကောင်း လောက်အောင် အူကြောင်ကြောင်လေးဖြစ်နေပြီး သက်တော်စောင့်၏ ပုခုံးပေါ်မှနေ၍ အခန်းထဲမှလူကြီးနှစ်ယောက်အား လည်ပြန်ကြည့်နေ ရှာသည်။

ချင်ချင့်အကြည့်ကို သတိပြုမိသွားသောအခါ ဟန်ဝေ့လန် မော့ကြည့်ပြီး အတင်းအားယူကာ ပြုံးပြလိုက်သည်။ ချင်ချင်လည်း ဗီဇအရပင် ပြန်လည်၍ နွေးထွေးစွာ ပြုံးပြလိုက်၏။

ဟန်ဝေ့လန် ရင်ထဲတွင် ဝမ်းနည်းမှုတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည်။

တဖြည်းဖြည်း ပိတ်သွားသော တံခါးချပ်မှာ သူတို့အမြင်အာရုံကို ပိတ်ဆို့လိုက်ပြီး၊ ချင်ချင်အား မမြင်ရတော့မှသာ ဟန်ဝေ့လန် စကားကို ဆက်ပြောသည်။

“ရှင် ဘာမေးချင်လဲဆိုတာ ကျွန်မ သိပါတယ်၊ ကျွန်မ အသေအချာ မပြောနိုင်ပေမဲ့၊ ချင်ချင်ကတော့ သူမ သက်သေခံပြီး ထောင်ထဲပို့လိုက်တဲ့ လူဟာ ကျွန်မရဲ့အဖေဆိုတာကို သိပုံမရပါဘူး”

အကယ်၍သာ သိခဲ့မယ်ဆိုရင်၊ သူမအနေနဲ့ ချင်ချင့်အား သူငယ်ချင်းအဖြစ်ဆက်လက်ပတ်သက်ဖို့ ဒီလောက်အထိ မျက်နှာပြောင်တိုက်နိုင်မှာ မဟုတ်တော့ပေ။

ဟန်ဝေ့လန် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့်သဘောဖြင့် တွေးလိုက်မိသည်။

“အဲဒီလူက လူမဟုတ်ဘူး၊ တကယ့် တိရစ္ဆာန်ပဲ!”

သူမ၏အေးစက်သော ဖီးနစ်မျက်လုံးများထဲတွင် အဆုံးမဲ့သော နာကျည်းမှုများ ထင်ဟပ်နေသည်။

ဟန်ဝေ့လန် မှတ်မိသမျှ ကာလပတ်လုံး သူမ မိဘများကြားမှ ဆက်ဆံရေးမှာ ထူးဆန်းနေခဲ့သည်။

တခြားသူများ၏မိဘများမှာ အလွန်အမင်း ချစ်ခင်ယုယခြင်း မရှိကြသည့်တိုင် အနည်းဆုံးတော့ အပြင်ပန်း၌ သဟဇာတဖြစ်ကာ တစ်ဦးကိုတစ်ဦး လေးစားတန်ဖိုးထားလျက် တန်းတူရည်တူ ရှိကြစမြဲပင်။

သူမ မိဘများမှာမူ ထိုသို့မဟုတ်ဘဲ တန်းတူရည်တူရှိသော ဇနီးမောင်နှံထက် ပုံပျက်ပန်းပျက် ဖြစ်နေသော သခင်နှင့် ကျွန် ဆက်ဆံရေးမျိုးနှင့် ပို၍ တူနေသည်။

သူမ ဖခင်မှာ အရာရာကို စီမံခန့်ခွဲသည့် သခင်တစ်ဦးကဲ့သို့ ဖြစ်နေပြီး၊ မိခင်မှာမူ ခိုင်းစေသမျှကို ငြိမ်ခံနေရသည့် ကျွန်တစ်ယောက်ကဲ့သို့သာ ဖြစ်နေသည်။

ဟန်ဝေ့လန်၏ မိခင်မှာ ချန်မျိုးနွယ် ဖြစ်သည်။ ချန်မိသားစုမှာ ယခင်က ထိုမြို့၌ ဒုတိယတန်းစား မိသားစုဝင်များ ဖြစ်ခဲ့ကြပြီး၊ အထက်တန်းလွှာ အဆင့်အတန်းဝင် မဟုတ်ကြသော်လည်း ပြင်ပလူများ၏အမြင်တွင်မူ ချမ်းသာကြွယ်ဝကာ ဩဇာအာဏာ ကြီးမားသော မိသားစုကြီးတစ်ခုပင်။

သူမ ဖခင်မှာမူ သာမန်မိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ သူသည် သာမန်လူများနှင့် မတူဘဲ ထူးခြားနေသည့် အချက်မှာ လူအများအား ဆွဲဆောင်နိုင်သော ချောမောသည့် ရုပ်ရည်နှင့် ထက်မြက်လှသော ဉာဏ်ရည်ဉာဏ်သွေး ပိုင်ဆိုင်ထားခြင်းပင်။

ဟန်တယွီမှာ သူ့ထက်မြက်မှုကြောင့် မြို့၏ထိပ်တန်းတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့ပြီး၊ ထိုနေရာ၌ပင် သူဌေးသမီးဖြစ်သူ ဟန်ဝေ့လန်၏ မိခင်နှင့် ဆုံတွေ့ခဲ့ရတော့သည်။

သူတို့နှစ်ဦး၏ ဆုံတွေ့မှုမှာ ရိုမန်းတစ်ဆန်ခဲ့ပြီး ချစ်ကျွမ်းဝင်သွားကြပုံမှာလည်း ခန့်မှန်းရ လွယ်ကူလှပေသည်။ ချမ်းသာကြွယ်ဝသော သူဌေးသမီးနှင့် ဆင်းရဲသား လူငယ်လေးတို့၏ အချစ်ဇာတ်လမ်းမှာ ထုံးစံအတိုင်းပင် မိန်းကလေး မိဘများမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ ကြသည်။

ချန်မိသားစုမှာ ဟန်တယွီအား သမက်အဖြစ် လုံးဝ အသိအမှတ်မပြုလိုကြသော်လည်း၊ ဟန်ဝေ့လန်၏ မိခင်မှာမူ ထိုလူ့အပေါ် အလွန်အမင်း ရူးသွပ်နေခဲ့သည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ရာ နောက်ဆုံးတွင် မိဘများမှာ သမီးဖြစ်သူ၏ ဆန္ဒအား လိုက်လျောကာ အရှုံးပေးလိုက်ရတော့သည်။

သူတို့တွင်လည်း ထိုသမီးတစ်ဦးတည်းသာ ရှိသည် မဟုတ်လား?

သို့သော် နှစ်ဦးသား လက်ထပ်သည့်အခါတွင်မူ ချန်မိသားစုမှ တောင်းဆိုချက်တစ်ခု ရှိခဲ့သည်။ ၎င်းမှာ ဟန်တယွီမှာ ချန်မိသားစုသို့ အိမ်ထောင်ဖက်အဖြစ် ဝင်ရောက်လာရမည် (အိမ်ပါသမက်အဖြစ် နေထိုင်ခြင်း) ဟူ၍ ဖြစ်သည်။

ထိုအချိန်က လူမှုရေး ထုံးတမ်းစဉ်လာများမှာ ယခုခေတ်ကဲ့သို့ မပွင့်လင်းသေးရာ အမျိုးသားတစ်ဦးအတွက် မိန်းမဘက်သို့ အိမ်ဝင်သမက်အဖြစ် ဝင်ရောက်နေထိုင်ခြင်းမှာ အလွန်အမင်း အရှက်ရဖွယ် ကိစ္စတစ်ခုပင် ဖြစ်သည်။ သိက္ခာတရား အနည်းငယ်မျှ ရှိသူဆိုလျှင် ထိုကဲ့သို့သော ကမ်းလှမ်းချက်အား ပြတ်ပြတ်သားသား ငြင်းပယ်ကြမည်မှာ အသေအချာပင်။

သို့သော် ဟန်ဝေ့လန် ဤနေရာတွင် အသက်ရှင်လျက် ထိုင်နေသည်ကို ကြည့်ခြင်းဖြင့် ဟန်တယွီ နောက်ဆုံး၌ သဘောတူခဲ့သည်မှာ ထင်ရှားလှပေသည်။

သူ တကယ်ပင် အရှက်တရားကို မြိုသိပ်နိုင်ခဲ့သည်သာ။ မိဘများ၏ အတိတ်ဇာတ်လမ်းအား သိလိုက်ရကတည်းက ဟန်ဝေ့လန်မှာ ပြင်းထန်သော လှောင်ပြောင်မှု ခံစားချက်ကို မထိန်းချုပ်နိုင်တော့ပေ။

လက်ထပ်ပြီးစ အချိန်များတွင်မူ သူတို့ဇနီးမောင်နှံနှစ်ဦးကြား၌ ချိုမြိန်သော အချိန်အနည်းငယ် ရှိခဲ့ပါသေးသည်။

ဟန်ဝေ့လန်မိခင်မှာ ငွေကြေးသုံးဖြုန်းကာ ပျော်ပါးရန်သာ သိနားလည်ပြီး ကုမ္ပဏီအလုပ်များကို လျစ်လျူရှုထားသော်လည်း၊ ဟန်တယွီကမူ ချန်မိသားစုပိုင် ကုမ္ပဏီသို့ဝင်ရောက်ကာ အောက်ခြေဝန်ထမ်းဘဝမှစ၍ ကြိုးစားအားထုတ်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ဟန်တယွီမှာ ချန်မိသားစုမှ လူကြီးများ၏ယုံကြည်ကိုးစားမှုကို တဖြည်းဖြည်း ရရှိလာခဲ့တော့သည်။

ဘဝခရီးလမ်းမှာ ထိုအတိုင်းပင် ချောမွေ့စွာ ဆက်သွားရမည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ထိုအခြေအနေမှာ ကြာရှည်မခံခဲ့ပေ။ ဟန်ဝေ့လန် မွေးဖွားလာခဲ့ပြီ မဟုတ်လား?

ဟန်ဝေ့လန် မွေးဖွားလာခြင်းမှာ ချန်မိသားစုအတွက် ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်သော်လည်း ပြဿနာက ထိုနေရာမှ စတင်လာတော့သည်။ ၎င်းမှာ သူမ မျိုးရိုးအမည်မှာ ‘ချန်’ မဟုတ်ဘဲ ‘ဟန်’ ဖြစ်နေခြင်းပင်။

အမှန်စင်စစ် ဟန်တယွီမှာ ဟန်ဝေ့လန်၏မျိုးရိုးအမည်အား သူ့အမည်သို့ပြောင်းလဲရန် ဟန်ဝေ့လန် မိခင်အား တိတ်တဆိတ် ဖျောင်းဖျနားချခဲ့ ခြင်း ဖြစ်သည်။

ထိုကိစ္စမှာ ချန်မိသားစု လူကြီးများ၏ ဒေါသမီးအား လောင်စာထည့်လိုက်သကဲ့သို့ ဖြစ်သွားစေသည်။

သူတို့၏ အစောပိုင်း လုပ်ရပ်များမှာလည်း မရိုးသားခဲ့သည်မှာအမှန်ပင်။ သို့သော် လက်မထပ်မီကပင် သူတို့နှစ်ဦး၏ ပထမဦးဆုံး ကလေမှာ ကျားဖြစ်စေ၊ မဖြစ်စေ ‘ချန်’ မျိုးရိုးကိုသာ ဆက်ခံရမည်ဟု သဘောတူညီချက်ရယူခဲ့ကြသည်။ နောက်ထပ် မွေးဖွားလာမည့် ကလေးများကိုသာ ဖခင် သို့မဟုတ် မိခင်၏မျိုးရိုးအမည်အား စိတ်ကြိုက်ယူခွင့်ပြုရန် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

သို့ပါလျက်နှင့် သူတို့သားအဖ တိတ်တဆိတ် ထိုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းမှာ မည်သူ့အား ရွံရှာအောင်လုပ်နေခြင်းနည်း။

မိသားစုတွင်း အားပြိုင်စစ်ပွဲတစ်ခု ချက်ချင်းပင် စတင်လာခဲ့သော်လည်း အရင်နာစရာ အကောင်းဆုံးအချက်မှာ ထိုအချိန်၌ ဟန်ဝေ့လန်၏ မိခင်မှာ သူမ မိသားစုကို ဆန့်ကျင်လျက် ဟန်တယွီဘက်မှ အခိုင်အမာရပ်တည်ပေးနေခဲ့ခြင်းပင်။

ချန်မိသားစု အကြီးအကဲမှာ သမီးမိုက်၏ လုပ်ရပ်ကြောင့် ရင်ထုမနာ ဒေါသထွက်ကာ ဆေးရုံတက်ခဲ့ရပြီး၊ မကြာမီမှာပင် မိခင်ကြီးပါ လိုက်ပါဖျားနာသွားခဲ့သည်။ အားကိုးရာ လူကြီးနှစ်ဦးစလုံး လဲကျသွားသည့်အခါ ဟန်ဝေ့လန် မိခင်မှာ ထိတ်လန့်တုန်လှုပ်သွားသော်လည်း ဟန်တယွီ၏ ဖျောင်းဖျနားချနိုင်စွမ်းမှာ အလွန်ပင် ထူးကဲလှပေသည်။ သူသည် ဇနီးဖြစ်သူ စိတ်အား အေးချမ်းအောင် ထိန်းထားရင်း တစ်ဖက်မှလည်း ချန်မိသားစု ကုမ္ပဏီကို တဖြည်းဖြည်းဝါးမြိုချုပ်ကိုင်ရန် အခွင့်အရေးအား လက်လွှတ်မခံဘဲ အရယူလိုက်တော့သည်။

လူကြီးနှစ်ဦးဆေးရုံမှ ဆင်းလာသည့် အချိန်တွင်မူ ချန်မိသားစုအာဏာစက်မှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဟန်တယွီသည် သူ့ဇနီးသည်မှ လွှဲပြောင်းပေးထားသော ရှယ်ယာ ၂၀% အပြင်၊ သူ ကိုယ်တိုင် လိုက်လံဝယ်ယူ စုဆောင်းထားသော ရှယ်ယာလေး များနှင့် ပေါင်းစပ်လိုက်သည့်အခါ စုစုပေါင်း ရှယ်ယာပမာဏမှာ ၃၁% အထိ ရှိလာခဲ့သည်။ ၎င်းမှာ ချန်အဘိုးအို ပိုင်ဆိုင်သည့် ၃၀% ထက်ပင် သာလွန်သွားခဲ့ပြီ ဖြစ်သည်။

ထို ၁% သော ကွာခြားမှုလေးကပင် အရာရာကို အဆုံးအဖြတ် ပေးသွားနိုင်ခဲ့ပေသည်။

ငွေကြေးနှင့် အာဏာမှာ လူတစ်ယောက်အား အလုံးစုံ ပြောင်းလဲပစ်နိုင်သည်။

ချန်မိသားစုအား ချုပ်ကိုင်နိုင်သွားပြီးနောက် ဟန်တယွီ ယခင်က ရှိခဲ့သော သတိထားမှုကို စွန့်လွှတ်လိုက်ပြီး တဖြည်းဖြည်းနှင့် ဗိုလ်ကျစိုးမိုး လာကာ၊ သူ့ဇနီးအပေါ် ထားရှိသော သဘောထားမှာလည်း တစ်နေ့ထက်တစ်နေ့ သိသိသာသာ ဆိုးရွားလာတော့သည်။

ရင်နာစရာ အကောင်းဆုံးမှာ သူမ၏ မိခင်သည်ပင် ထိုအခြေအနေအားလုံးမှာ သူမ အမှားကြောင့်ဟု အားနည်းစွာ ယုံကြည်သွားခဲ့ခြင်းပင်။ သူမသည် ခင်ပွန်းဖြစ်သူအား စတင်၍ ဖားယားမျက်နှာချို သွေးလာခဲ့ရာ၊ နောက်ဆုံးတွင် ဟန်ဝေ့လန် မှတ်ဉာဏ်ထဲ၌ စွဲထင်နေသော ပုံပျက်ပန်းပျက် ဆက်ဆံရေးကြီးသို့ ရောက်ရှိသွားတော့သည်။

အထူးသဖြင့် ချန်မိသားစုမှ လူကြီးများ ကွယ်လွန်သွားပြီးနောက်တွင်မူ ဟန်တယွီ၏ ယုတ်မာရက်စက်မှုမှာ ပိုမိုထင်ရှားပေါ်လွင်လာခဲ့တော့ သည်။

ဟန်ဝေ့လန်၏ ကလေးဘဝ အရွယ်ကတည်းကပင် အိမ်တွင်းအကြမ်းဖက်မှု ဆိုးရွားသည့် အရိပ်မည်းများ စတင်ခဲ့လေသည်။

ဟန်ဝေ့လန် ကျောင်းတက်နေသည့် အချိန်၌ အပြင်ပန်းတွင် လှပတောက်ပြောင်သော ဝတ်စုံများဖြင့် ကျော့ရှင်းနေသော်လည်း၊ ထိုအဝတ်အစားများအောက်၌မူ ဖုံးကွယ်ထားသော ဒဏ်ရာအနာတရများစွာ ပြည့်နှက်နေခဲ့သည်။

ထိုနာကျင်မှုများမှာ သူမ စရိုက်အား ထိခိုက်လွယ်စေခဲ့ပြီး၊ စိတ်ဓာတ်ကျကာ အထီးကျန်ဆန်သူ ဖြစ်လာစေခဲ့သဖြင့် သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းများမှာလည်း တစ်ယောက်ပြီးတစ်ယောက် ကျောခိုင်းထွက်ခွာသွားခဲ့ကြတော့သည်။

“အိမ်နီးနားချင်းက အစ်မကြီးတစ်ယောက်ပဲ ငါ့နားမှာ ကျန်ခဲ့တာ...”

ပိုင်ချီယွီ ကမ်းပေးသော တစ်ရှူးအား လှမ်းယူရင်း ဟန်ဝေ့လန် တိုးတိုးလေး ကျေးဇူးတင်စကားဆိုလိုက်သည်။

“အဲဒီတုန်းက ချင်ချင်တစ်ယောက်ပဲ... ငါက ဘယ်လောက်ပဲ မောင်းထုတ်မောင်းထုတ် ငါ့နားကနေ လုံးဝ ထွက်မသွားခဲ့တာ၊ ငါက စိတ်တိုတိုနဲ့ ရွဲ့ပြောရင် သူက ငါ့ကို ပြန်တောင် အော်လိုက်သေးတယ်၊ ငါ မှတ်မိနေပါသေးတယ်... တစ်ခါက ငါတို့ တော်တော်လေး စကားများကြတုန်းက သူ ငါ့ကို အော်ပြောဖူးတယ် - ‘လူတိုင်းမှာတော့ စိတ်ညစ်စရာလေးတွေ ရှိတာပဲ၊ နင် မခံနိုင်ရင် ပြန်ချလိုက်လေ၊ ရှုံးသွားရင်လည်း ငါ နင့်ကို ထောက်ပံ့မှာပေါ့၊ အဲဒီအချိန်ကျရင် ငါ့အိမ်မှာ လာနေ၊ ငါ ကူးချင်ချင်ရဲ့ ညီမလေး အဖြစ်ပေါ့’ တဲ့...ဘာပဲဖြစ်ဖြစ် သူ့မှာလည်း မောင်လေးတစ်ယောက် ရှိတာပဲ၊ မောင်လေးတစ်ယောက်ကို ကျွေးတာနဲ့ ညီမလေးတစ်ယောက်ကို ကျွေးတာ ဘာမှမထူးပါဘူးတဲ့လေ”

ဂရုစိုက်ကြောင်း ပြသသည့် စကားကိုပင် အူကြောင်ကြောင်ကောင်မလေးမှ အကျဉ်းထောင်သွင်း တရားဟောသလို ပြောလိုက်သဖြင့် ဟန်ဝေ့လန်မှာ ရယ်လည်းရယ်ချင်၊ စိတ်လည်း ညစ်သွားခဲ့ရတော့သည်။

သို့သော်လည်း သူမ ဟန်တယွီအား ပြန်လည်တုန့်ပြန် တိုက်ခိုက်ခြင်းမပြုခဲ့သလို၊ ချင်ချင့်အိမ်သို့လည်း သွားရောက်ခိုလှုံခြင်း မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူမ မိခင်ကိုယ်တိုင်က ပေါက်ကွဲထွက်လာခဲ့သောကြောင့် ဖြစ်သည်။

နှစ်ပေါင်းများစွာတိုင် ကြောက်ရွံ့ရိုသေစွာဖြင့် ငြိမ်ခံခဲ့သော မိခင်ဖြစ်သူမှာ တစ်နေ့တွင် မီးဖိုချောင်သုံးဓားကို ဆွဲကိုင်ကာ ဖခင်ဖြစ်သူအား တိုက်ခိုက်လိမ့်မည်ဟု ဟန်ဝေ့လန်တစ်ယောက် အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

သို့သော်လည်း ဖြစ်ရပ်၏ အကြောင်းရင်းမှန်ကို သိလိုက်ရသည့်အခါတွင်မူ ဟန်ဝေ့လန်မှာ မည်သို့မျှ နားမလည်နိုင်လောက်အောင် အံ့အားသင့်သွားရတော့သည်။

အကြောင်းမှာ သူမ ဖခင်သည် အပြင်မှာ ဖောက်ပြန်နေခဲ့ခြင်းကြောင့်ပင်။ ထိုမျှမက ထိုအပြင်မိန်းမနှင့် ရရှိထားသော ကလေးမှာ သူမထက်ပင် အသက်အများကြီး မငယ်လှပေ။

ကုန်လွန်ခဲ့သော နှစ်များစွာတစ်လျှောက် ဟန်ဝေ့လန် အခြေအနေအရပ်ရပ်အားအကုန်အစင် မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။

သူမ မိခင်မှာ အချစ်အပေါ် အစွဲအလမ်းကြီးလွန်းလှသဖြင့် စိတ်သဘောထားများ ပုံပျက်ပန်းပျက် ဖြစ်နေရသော အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။ ထို "အချစ်" ဆိုသည့် အရာတစ်ခုတည်းအတွက်ကြောင့်ပင် သူဌေးသမီးတစ်ဦးဖြစ်သော သူမသည် ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်နှိပ်စက်မှုများကို သည်းခံကာ ကျွန်တစ်ယောက်ကဲ့သို့ နေထိုင်ခဲ့ပြီး မိမိဂုဏ်သိက္ခာအား အနင်းခံခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြားလည်း သူတို့နှစ်ဦးတည်းသာ ရှိရမည့် အချစ်ကမ္ဘာထဲသို့ တတိယလူ တစ်ဦး ဝင်ရောက်လာသည့် အခါတွင်မူ ထိုအားနည်းလှသော အမျိုးသမီးမှာ လက်စားချေရန်အတွက် အရာရာကို ရင်းဝံ့သော ရူးသွပ်သည့် စစ်သည်တော်တစ်ဦးအဖြစ်သို့ ချက်ချင်းပင် အသွင်ပြောင်းလဲသွားခဲ့ တော့သည်။

“အဲဒါ တော်တော်လေး ရယ်စရာကောင်းတယ် မဟုတ်လား?”

ဟန်ဝေ့လန်က သူမ၏ မျက်ရည်များကို အတင်းအကျပ် သုတ်လိုက်ပြီး၊ သူမ၏ လေသံမှာလည်း မျှော်လင့်ချက် ကင်းမဲ့နေသည့်အလား ဖြစ်နေသည်။

“ဟန်တယွီက စိတ်ပြောင်းသွားပြီး ငါ့မားနဲ့အတူ ဘဝကောင်းကောင်း နေချင်ခဲ့တာမို့လို့ သူ့ရည်စားကို ဖယ်ထုတ်ချင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ ငါသိပါတယ် ဒါပေမဲ့ အဲဒီရည်စားက သူ့ကို သစ္စာဖောက်ရုံတင်မကဘဲ တတွတ်တွတ် လာနှောင့်ယှက်နေလို့ ဟန်တယွီက ‘မတော်တဆ’ သတ်မိသွားတာလို့ ဆိုကြတယ်”

“အဲဒါ အမှန်တရား မဟုတ်ဘူး”

ဟန်ဝေ့လန် စကားများမှတစ်ဆင့် ပိုင်ချီယွီ အမှန်တရားကို လွယ်လွယ်ကူကူပင် ခန့်မှန်းနိုင်ခဲ့သည်။

“ဟုတ်တယ်”

ဟန်ဝေ့လန် ခေါင်းညိတ်ပြကာ “အဲဒီ စိတ်ပြောင်းသွားတယ်ဆိုတာက ငါ့မားက သူတို့ ပိုင်ဆိုင်မှုတွေကိုလွှဲပြောင်းဖို့ ကြံစည်နေတာကို ကြိုသိသွားပြီး၊ ပိုင်ဆိုင်မှုတွေကို ပိတ်ပင်လိုက်ကာ ဟန်တယွီကို သူ့ရည်စားနဲ့အဆက်အသွယ်ဖြတ်ဖို့ ခြိမ်းခြောက်လိုက်လို့ပဲ”

ဟန်တယွီ၏ ရှယ်ယာအများစုမှာ လက်ထပ်ပြီးနောက် ဇနီးသည်မှ လက်ဆောင်ပေးထားခြင်း ဖြစ်သဖြင့် ၎င်းတို့အား ဇနီးမောင်နှံပိုင် ပစ္စည်းများအဖြစ် သတ်မှတ်နိုင်သည်။ သူတို့နှစ်ဦး ကွာရှင်းလိုက်သည်နှင့် တစ်ဝက်ကို အတင်းအကျပ် ခွဲဝေပေးရမည်ဖြစ်ပြီး၊ ဟန်တယွီ အမှားကျူးလွန်သူ ဖြစ်သည့်အတွက် တရားရုံး၏ ဆုံးဖြတ်ချက်မှာ သူ့ဘက်တွင် ရှိမည်မဟုတ်ပေ။

ထို့အပြင် ဟန်ဝေ့လန်မိခင်တွင် သူမ မိဘများ ချန်ထားခဲ့သော ရှယ်ယာအမြောက်အမြားလည်း ရှိနေသေးသည်။

တစ်ကြိမ် အလိမ်ခံရပြီးနောက် ဟန်တယွီကဲ့သို့ ကျေးဇူးကန်းသောလူမျိုး ဖြစ်မလာစေရန် ချန်မိသားစု လူကြီးများမှာ သူတို့မသေဆုံးမီ သူတို့၏ ပိုင်ဆိုင်မှုအားလုံးကို သမီးဖြစ်သူထံသို့လွှဲပြောင်းပေးခဲ့ပြီး ၎င်းတို့အား တခြားသူထံလွှဲပြောင်းပေး၍မရဟု သတ်မှတ်ခဲ့သည်။

အကယ်၍ ဟန်ဝေ့လန်၏ မိခင်မှ ထိုပစ္စည်းများအား တခြားသူထံ လွှဲပြောင်းပေးရန် ကြိုးစားပါက ထိုပစ္စည်းအားလုံးမှာ လှူဒါန်းခြင်း ခံရမည်ဖြစ်သည်။

ထိုပိုင်ဆိုင်မှုများအား ဟန်ဝေ့လန်၏မိခင်ကိုယ်တိုင်သာသုံးစွဲနိုင်ပြီး၊ သို့မဟုတ်ပါက သူမ အိုမင်းသည့်အခါ သူမ ကလေးများကသာ ဆက်ခံနိုင် မည်ဖြစ်သည်။ တတိယရွေးချယ်စရာ မရှိပေ။ ၎င်းမှာ ဟန်တယွီ နည်းလမ်းဟောင်းများကို ပြန်သုံးခြင်းမှ တားဆီးရန်အတွက် ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦး ကွာရှင်းလိုက်ပါက ဟန်တယွီမှာ ကုမ္ပဏီ၏ အကြီးဆုံးရှယ်ယာရှင် ဖြစ်တော့မည်မဟုတ်သလို၊ ပိုင်ဆိုင်မှုအများစုကို လည်း ကိုင်ဆောင်နိုင်တော့မည်မဟုတ်ပေ။ သူ ထိုကဲ့သို့သော အခြေအနေအား မည်သို့ လက်ခံနိုင်မည်နည်း?

ထို့ကြောင့် ပိုက်ဆံအတွက်ကြောင့်ပင် သူ အံကြိတ်ကာ သူ့ဇနီးသည်ဘက်သို့ နာခံစွာ ပြန်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ အရာအားလုံး အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့လျှင် ၎င်းသည်ပင် အဖြေတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော် ကံကြမ္မာဟူသည်မှာ အလွန်ပင် ကစားတတ်လွန်းလှပေသည်။

All Chapters