← Chapters

အခန်း (၁၁၁)

Vol. 13 Ch. 111

အခန်း (၁၁၁)

Vol. 13 Ch. 111

“ဟန်တယွီက... လူသတ်မှုကို ကြိုတင်ကြံစည်ထားခဲ့တာ”

ဟန်ဝေ့လန် ပြောလိုက်ရာ သူမ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသဖြင့် ပိုင်ချီယွီပင်လျှင် ကြက်သီးထသွားရ သည်။

“အဲဒါ တကယ်တော့ မှားသတ်မိတာပါ”

“ဒါပေမဲ့”

သူမ မျက်လွှာကို ပင့်တင်ကာ မော့ကြည့်လိုက်သည်။ သူမ အကြည့်တို့မှာ ပိုင်ချီယွီ၏ ပခုံးထက်မှ ကျော်လွန်၍ အဝေးတစ်နေရာသို့ ငေးမောနေမိသကဲ့သို့ပင်>

“အဲဒီ ‘မှားသတ်မိတာ’ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်က ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်သွားတဲ့ မှားယွင်းမှုမျိုးကို ပြောတာမဟုတ်ဘူး၊ တကယ်တမ်း သေသင့်တဲ့လူက မသေဘဲ... လုံးဝ မသေသင့်တဲ့လူက သေသွားခဲ့တာကို ဆိုလိုတာ”

တူညီသော စကားလုံးဖြစ်လင့်ကစား အနက်အဓိပ္ပာယ် ဖွင့်ဆိုချက် ကွဲလွဲသွားသည့်အခါ ဖြစ်တည်လာသည့် ရလဒ်မှာလည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ လုံးဝ ခြားနားသွားခဲ့ရတော့သည်။

“အားနာပါတယ်... ဒါက အနည်းငယ် စော်ကားသလို ဖြစ်သွားနိုင်ပေမဲ့ ကျွန်တော် တစ်ခုလောက်တော့ အတည်ပြုချင်ပါသေးတယ်၊ ဟန်တယွီ မူလက သတ်ဖို့ ကြံစည်ထားတဲ့လူက...”

“ကျမ မားပဲ”

ပိုင်ချီယွီ စကားမဆုံးခင်မှာပင် ဟန်ဝေ့လန် အဖြေအား ပြတ်ပြတ်သားသား တိုက်ရိုက်ပေးလိုက်သည်။

ဟုတ်ပါသည်... ထိုနှလုံးသားမဲ့လှသော တိရစ္ဆာန်သည် မူလက သူမ မိခင်ဖြစ်သူအား သတ်ရန်ကြံစည်ခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ရည်စား သစ္စာဖောက်သွားခြင်းထက်၊ သူ့ကျွန်ကဲ့သို့ ငြိမ်ခံနေခဲ့သော ဇနီးသည် သူ့အား ပြန်လည်တုန့်ပြန် ခုခံလာခြင်းကို ဟန်တယွီ သည်းမခံနိုင်သောကြောင့်ပင်။

အမှန်စင်စစ် သူသည် ထိုရည်စားအား လွှတ်ပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ဟန်တယွီ မူလအစီအစဉ်မှာ ဇနီးသည်အား အရင်ဆုံး အပြတ်ရှင်းပြီးမှ၊ နောက်မှ ထိုရည်စားအား သတ်ရန် ဖြစ်သည်။ သို့သော် မမျှော်လင့်ထားသော အလှည့်အပြောင်းအချို့ကြောင့် သူမ မိခင်မှာ သေဘေးမှ လွတ်မြောက်သွားခဲ့ပြီး ကံဆိုးသူ ရည်စားသာ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

ဟန်ဝေ့လန်မိခင်မှာ သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့သဖြင့် ထိတ်လန့်တုန်လှုပ်နေရပြီး၊ မိမိကိုယ်ကိုယ် မည်သို့ ကာကွယ်ရမည်ကိုပင် မစဉ်းစားနိုင်သေးမီမှာပင် ဟန်တယွီမှာ တရားမျှတမှုအား မြတ်နိုးလှသော ချင်ချင်ကြောင့် ထောင်နန်းစံသွားခဲ့ရလေသည်။

ထို့ကြောင့် ဟန်ဝေ့လန်နှင့် သူမမိခင်၏ အသက်များကို ချင်ချင် သွယ်ဝိုက်သောနည်းဖြင့် ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍သာ ထိုအချိန်က ဟန်တယွီ အပြစ်ဒဏ်မှ လွတ်မြောက်သွားခဲ့လျှင် သူတို့သားအမိနှစ်ဦးအား လုံးဝ အသက်ချမ်းသာပေးမည် မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“ဒါဆို မင်းက ဘာလို့ ချင်ချင်ကို တရားရုံးမှာ သက်သေမခံဖို့ ဖျောင်းဖျခဲ့တာလဲ?”

ပိုင်ချီယွီ ခံစားနေရသည်မှာ ဟန်ဝေ့လန် လျှို့ဝှက်ချက်များစွာ ဖုံးကွယ်ထားရုံတင်မကဘဲ အလွန်ပင် နားလည်ရခက်သော စရိုက်ရှိသူ ဖြစ်နေခြင်းပင်။

“ဘာလို့လဲဆိုတော့ ချင်ချင် အန္တရာယ်ဖြစ်မှာကို ငါ မလိုချင်လို့ပဲ၊ ဟန်တယွီက ငါနဲ့ ငါ့မားကို ပစ်မှတ်ထားတာက ငါတို့သားအမိကိစ္စပါ၊ ဒါပေမဲ့ ချင်ချင်သာ သူ့ရှေ့ကို ပေါ်ထွက်သွားရင်၊ သူ့ရဲ့ ရူးသွပ်မှုတွေနဲ့ဆိုရင် သူမကို လုံးဝလွှတ်ပေးမှာ မဟုတ်ဘူး"

ဟန်တယွီ သမီးဖြစ်သဖြင့် ဟန်ဝေ့လန် သူ့စရိုက်အား အသေအချာ သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့်လည်း သူမ သူငယ်ချင်းဖြစ်သူ အန္တရာယ်တွင်းထဲသို့ ရောက်သွားမည်ကို သူမ လုံးဝ မကြည့်ရက်နိုင်ခဲ့ခြင်းပင်။

“ချင်ချင်က ဟန်တယွီရဲ့ အစစ်အမှန်ကို မသိဘူးလို့ မင်း တကယ်ပဲ သေချာလို့လား?”

ပိုင်ချီယွီ ထိုသို့ဖြစ်ရန် မဖြစ်နိုင်ဟု ယူဆထားသော်လည်း ဟန်ဝေ့လန်၏ သဘောထားမှာမူ ခိုင်မာပြတ်သားနေဆဲပင်။

“ငါ သေချာပါတယ်၊ ချင်ချင်က သူ့ကို တစ်ခါမှမတွေ့ဖူးဘူး၊ ငါက အိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့တယ်ဆိုတာကို သူ သိပေမဲ့၊ ငါ့မိသားစုရဲ့ အခြေအနေအသေးစိတ်ကိုတော့ သူမ မသိဘူး”

ထိုအချိန်က ဟန်ဝေ့လန် မိခင်မှာ ချန်မိသားစု၏သမီးဖြစ်သည်ကိုပင် ချင်ချင် မသိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဟန်ဝေ့လန်မျိုးရိုးအမည်မှာ ‘ဟန်’ ဖြစ်နေသောကြောင့်ပင်။

အရာအားလုံးမှာ အံ့ဩဖွယ်ရာ အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေတော့သည်။ ကူးချင်ချင်မှာ သူမ သူငယ်ချင်း၏ ဖခင်အား ထောင်ထဲသို့ ကိုယ်တိုင် ပို့လိုက်မိသော်လည်း၊ ထိုလူသတ်သမားမှာ ဟန်ဝေ့လန် ဖခင်ဖြစ်နေသည်ကို ယခုတိုင်အောင်ပင် မသိရှိသေးပေ။

ဟန်မိသားစု၏ စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာ ပျက်စီးသွားမှုနှင့် ပတ်သက်၍လည်း ချင်ချင် တစ်မျိုးသာ ထင်မှတ်ထားခဲ့သည်။ ဟန်ဝေ့လန်၏ ဖခင်မှာ မတော်တဆမှုဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရစ်သူ မိခင်ဖြစ်သူမှာ ကုမ္ပဏီအား မစီမံနိုင်ခြင်း၊ ဟန်ဝေ့လန်မှာလည်း ကျောင်းသားအရွယ်သာ ရှိသေးသဖြင့် မိသားစုလုပ်ငန်းကို မထိန်းကျောင်းနိုင်ခြင်းတို့ကြောင့်ဟုသာ သူမ ယူဆထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ဟန်ဝေ့လန်၏ မိခင်မှာ ကုမ္ပဏီအား ရောင်းချကာ မူလနေအိမ်နှင့် ဝေးရာသို့ ဟန်ဝေ့လန်ကို ခေါ်ဆောင်၍ ပြောင်းရွှေ့သွားခဲ့ခြင်းဟုသာ သူမ ယုံကြည်ထားခဲ့သည်။

သို့သော်ငြားလည်း အမှန်တကယ်တွင်မူ သူတို့သားအမိမှာ ထိုထိတ်လန့်ဖွယ်ကောင်းပြီး နာကျင်စရာများဖြင့် ပြည့်နှက်နေသည့် နေရာဆိုးမှ အမြန်ဆုံး ထွက်ပြေးချင်ကြခြင်းသာ။

ဟန်ဝေ့လန် ချင်ချင်ကို အမှန်တရားအား မည်သို့မျှ မပြောပြနိုင်ခဲ့ပေ။

အကယ်၍သာ ချင်ချင် အမှန်တရားအား သိရှိသွားခဲ့လျှင် သူတို့နှစ်ဦး၏ ခင်မင်မှုမှာ အဆုံးသတ်သွားမည်ကို သူမ အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။

“ငါက ကိုယ်ကျိုးကြည့်တဲ့သူမှန်း ငါကိုယ်တိုင်လည်း သိပါတယ်... ဒါပေမဲ့ ချင်ချင်က ငါ့ဘဝမှာ ကျန်နေတဲ့ တစ်ဦးတည်းသော သူငယ်ချင်းမို့လို့ သူ့ကို ငါ မဆုံးရှုံးချင်ဘူး”

သူမ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။ မျက်ရည်များမှာ လက်ချောင်းကြားမှ စီးကျလာပြီး သူမ ပုခုံးလေးများမှာလည်း ထိန်းမရအောင် တုန်ရီနေရှာသည်။

ထိုကိစ္စကြီးမှာ ဟန်ဝေ့လန် ရင်ထဲ၌ ဆယ်စုနှစ်များစွာတိုင်အောင် နက်ရှိုင်းစွာ မြှုပ်နှံထားခဲ့ရခြင်း ဖြစ်သည်။ ၎င်းမှာ သူမ စိတ်ဝိညာဉ်အား အချိန်အတော်ကြာအောင် ချိုးနှိမ်ထားခဲ့သည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုပင်ဖြစ်တော့သည်။

ပိုင်ချီယွီ သူမအား မည်သို့နှစ်သိမ့်ပေးရမည်မှန်း မသိသဖြင့် သူမ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေရင်း တစ်ရှူးများကိုသာ တစ်ရွက်ပြီးတစ်ရွက် ကမ်းပေးနေမိတော့သည်။

အတော်ကြာသောအခါမှသာ ဟန်ဝေ့လန်၏ စိတ်ခံစားချက်များမှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာခဲ့သည်။

သူမ မိတ်ကပ်များ ပျက်သွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျက်နှာအား အလျင်အမြန် သုတ်လိုက်ကာ စကားကိုဆက်ပြောလိုက်သည်။

“ရှင်တို့အားလုံး သတိထားဖို့လိုမယ်၊ ဟန်တယွီက လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ထောင်က လွတ်လာခဲ့တာ၊ အဲဒီနှစ်တွေတစ်လျှောက်လုံး သူက ချင်ချင်ကို လျှို့ဝှက်စွာ ခြေရာခံနှောင့်ယှက်နေခဲ့သလို၊ သူမကို တိုက်ခိုက်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့ ကျမ သတင်းရထားတယ်”

တစ်ချိန်က ဩဇာအာဏာ ကြီးမားခဲ့သူဖြစ်သဖြင့် ထောင်ထဲတွင် ရှိနေစဉ်မှာပင် သူ့ထံ၌ သစ္စာရှိသော နောက်လိုက်အချို့ ကျန်ရှိနေဆဲဖြစ်သလို၊ ငွေကြေးအတွက်ကြောင့်ဆိုလျှင် သိက္ခာတရားအား လွှင့်ပစ်မည့်သူများလည်းရှိနေကြဆဲပင်။

ထိုနှစ်များတစ်လျှောက်လုံးတွင် ဟန်တယွီမှာ ကူးချင်ချင်အား ဒုက္ခပေးရန်တစ်ကြိမ်ထက်မကကြိုးပမ်းခဲ့လေသည်။

သို့ရာတွင် ပထမအချက်မှာ ဖူမိသားစုသည် ကူးချင်ချင်အပေါ်အလွန်အမင်း အကာအကွယ်ပေးလွန်းလှသဖြင့် သူတို့သခင်မလေးအား ထိပါးရန် ခက်ခဲနေခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ဟန်ဝေ့လန်ကိုယ်တိုင် သူမအား လျှို့ဝှက်စွာ ကာကွယ်ပေးနေခဲ့သဖြင့် ဟန်တယွီ၏ လုပ်ဆောင်ချက် များကို များစွာဟန့်တားကန့်သတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော် ထိုသို့ ကာကွယ်ပေးနေခြင်းကြောင့်ပင် ဟန်ဝေ့လန်ကိုယ်တိုင်၏ လှုပ်ရှားမှုများမှာလည်း ကန့်သတ်ခြင်း ခံလိုက်ရသည်။ ထို့ကြောင့်သာ သူမသည် ဤကဲ့သို့ လှည့်ပတ်၍ ဖူဟန်တို့အဖွဲ့အား သတိထားရန် လာရောက်သတိပေးခဲ့ခြင်း ဖြစ်တော့သည်။

“ဟန်တယွီက လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ထောင်က လွတ်လာတာလား!”

ပိုင်ချီယွီ မျက်လုံးများမှာ သိသိသာသာပင် ကျုံ့သွားတော့သည်။

“ဟုတ်တယ်”

ဟန်ဝေ့လန် ခေါင်းညိတ်သည်။

ရုတ်တရက် တစ်စုံတစ်ဦးမှ သူမ ပုခုံးအား တင်းတင်းဆုပ်ကိုင်လိုက်သဖြင့် သူမမှာ နာကျင်သွားရသည်။

“ဒါဆို မင်းက ဘာလို့ ရုတ်တရက်ကြီး ယွမ်ငါးသန်းကို ချေးချင်နေရတာလဲ?”

ပိုင်ချီယွီ ဒေါသတကြီးဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။

အမျိုးသားတစ်ဦး၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော ဒေါသမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဟန်ဝေ့လန်မှာ မှင်တက်သွားရပြီး၊ သူမ တစ်ကိုယ်လုံးမှာလည်း မထိန်းနိုင်အောင် တုန်ရီလာကာ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ပေါ်ပေါက်လာတော့သည်။

“ဘာလို့လဲဆိုတော့... ဘာလို့လဲဆိုတော့... ကျမ မားနဲ့ မောင်လေးကို ဟန်တယွီက ပြန်ပေးဆွဲသွားလို့ပဲ၊ သူက ယွမ် သန်း ၃၀ ပေးရင် ပြန်လွှတ်ပေးမယ်၊ ဒါပေမဲ့ သုံးရက်အတွင်း မပေးနိုင်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်၊ ငါက အဲဒီလောက်ပမာဏကို အချိန်တိုအတွင်းမှာ မရှာနိုင်လို့... အဲဒါကြောင့်...”

သူမ မျက်လုံးများ ပြူးကျယ်သွားကာ၊ ဟန်ဝေ့လန် ပိုင်ချီယွီအား တွန်းထုတ်လိုက်ပြီး မူးဝေစွာဖြင့် မတ်တပ်ရပ်လျက် သီးသန့်ခန်းထဲမှ ပြေးထွက်သွားတော့သည်။

ချင်ချင်... ချင်ချင်၊ နင် ဘာမှမဖြစ်စေနဲ့နော်!

ဘေးက သီးသန့်ခန်းတံခါးမှာ တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ ဟန်ဝေ့လန် တံခါးလက်ကိုင်ကို ဆွဲလှည့်သော်လည်း မရသဖြင့် အသည်းအသန် အော်ဟစ်လိုက်သည်။

“တံခါးဖွင့်! အခုချက်ချင်း တံခါးဖွင့်စမ်း!”

သို့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ တံခါးမှာ အတွင်းဘက်မှ ဂျက်ထိုးပိတ်ထားသဖြင့် မည်သို့မျှ ဖွင့်၍မရချေ။

“ဖယ်စမ်း...!”

ပိုင်ချီယွီ ဟန်ဝေ့လန်အား ဘေးသို့ ဆွဲဖယ်လိုက်ပြီး တံခါးကို အားကုန်သုံး၍ ကန်လိုက်တော့သည်။

“ဘုန်း!” ခနဲ မြည်ဟည်းသွားသော အသံနှင့်အတူ တံခါးမှာ ပွင့်ထွက်သွားပြီး အတွင်းထဲမှ မြင်ကွင်းမှာ ဗူးပေါ်သလို ပေါ်လာတော့သည်။

အနက်ရောင် ဝတ်စုံဝတ်ထားသည့် အရပ်ရှည်ရှည် အမျိုးသားအချို့မှာ ကြမ်းပြင်ပေါ်၌ အရုပ်ကြိုးပြတ်လဲကျနေကြသည်။ သူတို့မှာ အခြားသူများမဟုတ်၊ ချင်ချင်သက်တော်စောင့်များပင် ဖြစ်သည်။

သူတို့ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲလဲကျနေကြပြီး အချို့မှာ သွေးအိုင်ထဲတွင် ပြင်းထန်သော ဒဏ်ရာများဖြင့် ရှိနေကာ၊ အချို့မှာမူ အသက်ရှင်ခြင်း ရှိ၊ မရှိပင် မသေချာတော့ချေ။

စားပွဲပေါ်တွင်မူ စားလက်စ အစားအစာများမှာ ဖရိုဖရဲ ပြန့်ကျဲနေပြီး၊ နျန်ကောင်း၏သေးငယ်သော ခန္ဓာကိုယ်လေးမှာလည်း မလှုပ်မယှက် လဲကျနေသည်ကို တွေ့လိုက်ရသည်။

ထိုနေရာတွင် တစ်ဦးတည်းသော ပျောက်ဆုံးနေသူမှာ... ကူးချင်ချင်ပင်!

“အားးးး...”

ဟန်ဝေ့လန်၏ကြောက်လန့်တကြား အော်ဟစ်သံမှာ နားထဲ၌ ဟိန်းထွက်သွားတော့သည်။ ပိုင်ချီယွီ တင်းမာခက်ထန်သော မျက်နှာထားဖြင့် ဖျတ်ခနဲ လှည့်ကြည့်လိုက်ပြီး သူမ လည်ပင်းကို လှမ်း၍ဆုပ်ကိုင်လိုက်သည်။ အသက်ရှူကျပ်စေလောက်သည့် အားပြင်းပြင်းနှင့် မဟုတ်သော် လည်း သူမအား ချက်ချင်း နှုတ်ဆိတ်သွားစေရန်မှာမူ လုံလောက်လှပေသည်။

“ပါးစပ်ပိတ်စမ်း...!”

အော်သံ ရပ်တန့်သွားသည့်အခါမှ ဟန်ဝေ့လန်မှာ သတိပြန်ဝင်လာပြီး၊ သူမ အကြောက်ဆုံးသော အရာမှာ လက်တွေ့တွင် တကယ်ဖြစ်လာ ပြီဖြစ်ကြောင်း ကောင်းကောင်းကြီး သိလိုက်ရတော့သည်။

“ငါ... ငါ အသုံးချခံလိုက်ရတာပဲ...”

သူမ ကြမ်းပြင်ပေါ်သို့ ခွေခနဲ လဲကျသွားပြီး မိမိကိုယ်ကိုယ် အားရပါးရ ဖြတ်ရိုက်လိုက်မိသည်။ အားမရသေးဘဲ နောက်တစ်ကြိမ်၊ မလုံလောက်သေးသဖြင့် ထပ်ခါတလဲလဲ မိမိကိုယ်ကိုယ် ဖြတ်ရိုက်နေမိတော့သည်။

သူမ လက်ကို တစ်စုံတစ်ဦးမှ ဆွဲတားလိုက်ပြီး၊ ပိုင်ချီယွီ၏ အေးစက်လှသော အသံ နားထဲသို့ တိုးဝင်လာသည်။

“ဒီမှာပဲ နေခဲ့... ရဲနဲ့ လူနာတင်ကားကို ချက်ချင်းခေါ်လိုက်၊ ငါ ချင်ချင်နောက်ကို လိုက်သွားမယ်”

ဟန်ဝေ့လန် သူမ ရှေ့တွင် ဒေါသအလျှံငြီးငြီး ဖြစ်နေသော အမျိုးသားအား ကြောင်ကြည့်နေမိသည်။

ယခုအချိန်တွင် သူသည် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ အရှိန်အဝါများမှာ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်နေပြီး၊ သူမ အသားအရေကိုပင် နာကျင်စေလောက်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပေးစွမ်းနေသည်။

သို့သော်ငြားလည်း ထိုဖိအားကပင် မမျှော်လင့်ဘဲ ဟန်ဝေ့လန်အား လုံခြုံမှုရှိသော ခံစားချက်တစ်ခု ပေးစွမ်းလိုက်ရပြန်သည်။

သူမ ရုတ်တရက် ယုံကြည်လာမိသည်မှာ အကယ်၍ သူမ ရှေ့မှ အမျိုးသားသာဆိုလျှင် ချင်ချင်အား ကယ်တင်ပေးနိုင်လိမ့်မည်လား?

“ချင်ချင်လေးကို...”

ဟန်ဝေ့လန် ပိုင်ချီယွီလက်များကို အသည်းအသန် ဆုပ်ကိုင်လျက် နှိမ့်ချစွာ တောင်းပန်လိုက်သည်။

“ကျွန်မ တောင်းပန်ပါတယ်၊ သူ့ကို... သူ့ကို ကယ်ပေးပါဦး”

သူမသည် ပိုင်ချီယွီအနေဖြင့် သူမမိခင်နှင့် မောင်လေးကိုပါ ကယ်တင်ပေးနိုင်လိမ့်မည်ဟုပင် မမျှော်လင့်ရဲတော့ဘဲ၊ ချင်ချင်လေးသာ ဘေးကင်းပါစေဟု ထပ်ခါတလဲလဲ ဆုတောင်းနေမိတော့သည်။

“စိတ်မပူနဲ့...”

သူ့နက်ရှိုင်းတည်ငြိမ်သော အသံမှာ နားထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်သော်လည်း၊ သူမ ရှေ့မှ အမျိုးသားမှာမူ အပြင်ဘက်သို့ အလျင်အမြန် လျှောက်ထွက်သွားပြီ ဖြစ်သည်။

ဟန်ဝေ့လန် မူးဝေနောက်ကျိနေသည့် ကြားမှပင် အားတင်း၍ မတ်တပ်ရပ်လိုက်ကာ၊ ဝိုင်းအုံစုရုံးလာသော လူအုပ်ကြီးအား ဂရုမစိုက်နိုင်တော့ဘဲ သူမ ဖုန်းကို ထုတ်ကာ အရေးပေါ်ဆေးကုသရေးနှင့် ရဲတပ်ဖွဲ့ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်တော့သည်။

ဒဏ်ရာရရှိသူ အားလုံးကို လူနာတင်ကားနှင့် ရဲကားများဖြင့် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူမ ရှုပ်ထွေးပွေလီလှသော လူအုပ်ကြားမှ တိတ်တဆိတ် ခိုးထွက်ခဲ့သည်။

“အားပီ... ဒဏ်ရာရတဲ့သူတွေကို စောင့်ရှောက်ဖို့ လူအချို့ လွှတ်ပေးပါဦး”

ပထမဆုံး ဖုန်းခေါ်ဆိုမှုမှာ ပိုင်ချီယွီ၏ တောင်းဆိုချက်အား ဖြည့်ဆည်းပေးရန် ဖြစ်သည်။

“ Eight... ဟန်တယွီ အခု ဘယ်မှာရှိနေလဲဆိုတာကို ချက်ချင်း ရှာဖွေပြီး ဒီနံပါတ်ကို လိပ်စာပို့ပေးလိုက်ပါ”

၎င်းမှာ ပိုင်ချီယွီ၏ ဖုန်းနံပါတ်ပင် ဖြစ်သည်။ ဤသည်မှာ သူမအနေဖြင့် လောလောဆယ်တွင် သူ့အား ကူညီနိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်တော့သည်။

တတိယမြောက် ဖုန်းခေါ်ဆိုမှုမှာမူ ဖူဟန်တို့အဖွဲ့ထံသို့ ဖြစ်လေသည်။

ပိုင်ချီယွီအနေဖြင့် ဖူဟန်တို့အား အချိန်မီ အသိပေးနိုင်မည်လားဆိုသည်ကို သူမ မသေချာသဖြင့် မိမိကိုယ်တိုင်သာ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံး ဖုန်းခေါ်ဆိုမှုမှာမူ နှစ်ပေါင်းများစွာတိုင် အသုံးမပြုဘဲ ပစ်ထားခဲ့သော လျှို့ဝှက်နံပါတ်တစ်ခုထံသို့ ဖြစ်သည်။

ဖုန်းမှာ တစ်ကြိမ်မျှသာ မြည်ပြီးနောက် ချက်ချင်းတစ်ဖက်မှ ထူးလာခဲ့သည်။

အေးစက်ခက်ထန်ပြီး စိတ်ကိုထိန်းချုပ်ထားသော အမျိုးသားတစ်ဦး၏အသံမှာ လိုင်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

“ဘာကိစ္စလဲ?”

“ကျွန်မပါ... ဟန်ဝေ့လန်”

ဟန်ဝေ့လန် အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်နှင့် သူမ ကားဆီသို့ အပြေးအလွှား လျှောက်သွားရင်း စကားကို အမြန်ဆုံး ပြောလိုက်ရသည်။

“ကျွန်မ စကားကို ကြားဖြတ်မပြောနဲ့... ငြိမ်ငြိမ်လေး နားထောင်စမ်း!”

“ရှင့်သား ပြန်ပေးဆွဲခံလိုက်ရပြီ၊ သူတို့က ယွမ် သန်း ၃၀ တောင်းနေတယ်၊ မပေးရင် သတ်မယ်တဲ့ ဒါပေမဲ့ အခြေအနေတွေက ပျက်စီးသွားပြီဆိုတော့ သူတို့ ရှင့်သားကို ချက်ချင်းအန္တရာယ်ပြုတော့မှာ... ဒါကြောင့်...”

သူ စကားကို ခဏမျှ ရပ်တန့်လိုက်ကာ၊ တုန်ရီနေသော လက်အစုံဖြင့် ကားတံခါးအား ဆွဲဖွင့်လိုက်ရင်း “ကျေးဇူးပြုပြီး... ကျွန်မကို ကူညီပေးပါ”

“ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါဦး...”

အမျိုးသမီးငယ်၏အားနည်းလှသော တောင်းဆိုသံမှာ ရှိုက်ကြီးတငင် ငိုရှာသံများနှင့်အတူ သူ့နားထဲ၌ ပဲ့တင်ထပ်သွားလေသည်။ ပြင်သစ်စတိုင် ပြတင်းပေါက်ကြီး ရှေ့တွင်ရပ်ကာ အောက်ဘက်သို့ ငုံ့ကြည့်နေသော ထိုအမျိုးသားမှာ လည်ချောင်းထဲ၌ တစ်ဆို့သွားရကာ သူ့မျက်ဝန်းအစုံမှာ လည်း ပိုနက်ရှိုင်းမှောင်မိုက်သွားတော့သည်။

“မင်း ငိုနေတာပဲ...”

သူ့တည်ငြိမ်လှသည်ဟု ထင်ရသော စကားလုံးများ နောက်ကွယ်၌ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများ ဖုံးကွယ်နေသည်။

“မင်း ငါ့ကို ထားသွားတုန်းကတောင် တစ်စက်ကလေးမှမငိုခဲ့ဘူးနော်”

သူ မှတ်မိနေသော အမျိုးသမီးမှာ သန်မာထက်မြက်ပြီး ဇွဲရှိသူတစ်ဦး ဖြစ်သည်။ သူမသည် ဆူးများထောင်ထားသော ဖြူကောင်လေးတစ် ကောင်ကဲ့သို့ ဒဏ်ရာရမည်ကို စိုးရိမ်သဖြင့် သူမ အားနည်းချက်များကို လုံးဝထုတ်မပြတတ်သူ ဖြစ်ခဲ့သည်။

သို့ပါလျက်နှင့်... သူ အမြဲတမ်းတန်ဖိုးထားကာ ဂရုတစိုက်ကာကွယ်ပေးခဲ့ရသော ထိုလူသားမှာ ယနေ့တွင်မူ သူ့ရှေ့၌ ငိုကြွေးနေခဲ့ပြီ ဖြစ်သည်။

“အပိုတွေ ပြောမနေနဲ့တော့၊ ရှင် သူ့ကို ကယ်ပေးမှာလား၊ မကယ်ဘူးလား?”

ဟန်ဝေ့လန်၏ စိတ်ခံစားချက်များမှာ အလွန်အမင်း မတည်မငြိမ် ဖြစ်နေသဖြင့် ထိုအမျိုးသားနှင့် စကားများစွာ ပြောမနေလိုတော့ပေ။

“ကယ်မှာပေါ့၊ သူက ငါ့သားတင်မကဘူး၊ မင်းရဲ့သားလည်း ဖြစ်နေတာပဲ”

၎င်းတို့၏သွေးသားရင်းချာလေး ဒုက္ခရောက်နေသည်ကို သူ မည်သို့လျှင် ခွင့်ပြုရက်နိုင်ပါအံ့နည်း။ ထို့ပြင် ကလေးတစ်ခုခု ဖြစ်သွားခဲ့လျှင်လည်း သူမသာလျှင် အပူဆုံး၊ အခံစားရဆုံး ဖြစ်မည်မဟုတ်လား?

“စိတ်မလှုပ်ရှားပါနဲ့... ငါ ငါတို့သားကို အမြန်ဆုံး ကယ်တင်ပေးပါ့မယ်”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုအမျိုးသားမှာ ထပ်လောင်းကတိပြုသည်။

“မင်းရဲ့မားကိုလည်း ငါ ကယ်ပေးမှာပေါ့”

ဖုန်းချပြီးနောက် ဟန်ဝေ့လန် လီဗာကို အားကုန်နင်းကာ ပိုင်ချီယွီ ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း အပြင်းအထန် မောင်းနှင်ထွက်ခဲ့တော့သည်။

သူမ အကူအညီ တောင်းခံထားသည်မှာ မှန်သော်လည်း၊ တစ်စုံတစ်ဦး လာရောက်ကယ်တင်မည့် အချိန်ကိုတော့ လက်ပိုက်ကြည့်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေမည့်သူ မဟုတ်ပေ။

အခြားတစ်ဖက်တွင်မူ ဖူဟန်သည်လည်း ချင်ချင် ပြန်ပေးဆွဲခံရသည့် သတင်းကို ရရှိထားပြီး ဖြစ်ရာ၊ ထိုအချိန်မှာပင် မိုးကြိုးပစ်သည့်နှယ် နောက်ထပ် ဆိုးဝါးသော သတင်းတစ်ခုက ထပ်မံရောက်ရှိလာပြန်သည်။

“စစ်ကျင်း... စစ်ကျင်း ပြန်ပေးဆွဲခံလိုက်ရပြီ! လူတစ်အုပ်ကြီး ရုတ်တရက် ရောက်လာပြီး သူ့ကို အတင်းအဓမ္မ ဖမ်းခေါ်သွားတာ၊ ကျွန်မ လိုက်ပေမဲ့ မမီတော့ဘူး... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ရှင်...”

ယိယိရှိုက်ကြီးတငင် ငိုကြွေးသံများမှာ ဖုန်းထဲမှတစ်ဆင့် ဖူဟန် နားထဲသို့ တိုးဝင်လာရာ၊ သူ့မျက်နှာမှာ ချက်ချင်းပင် ရေခဲပြင်ကဲ့သို့ အေးခဲခက်ထန်သွားတော့သည်။

“ဆေးရုံကို အရင်သွားပြီး ဒဏ်ရာတွေကို အရင်ဆုံး ကုသလိုက်ပါ၊ စစ်ကျင်းရဲ့ ကိစ္စကို ငါ စီစဉ်လိုက်ပါ့မယ်”

ဖူစစ်ကျင်း ပြန်ပေးဆွဲခံရစဉ်အတွင်း ယိယိ သူ့အား ကယ်တင်ရန် အစွမ်းကုန် ကြိုးစားရင်း လူမိုက်များ၏ ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်နှက်ခြင်းကို ခံခဲ့ရကာ သတိလစ်သွားခဲ့ရရှာသည်။

လမ်းသွားလမ်းလာတစ်ဦးမှ လူနာတင်ကား ခေါ်ပေးလိုက်သဖြင့် သူမ ဆေးရုံသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ဖူဟန်ထံသို့ ဖုန်းဆက်လိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကူးလန်နှင့် ဖူစစ်ချန်တို့မှာလည်း ဟန်ဝေ့လန်၏ အကြောင်းကြားချက်ကို ရရှိထားပြီး ဖြစ်ရာ ချင်ချင်အား ကယ်တင်ရန်အတွက် အဖွဲ့များကို ချက်ချင်း ဦးဆောင်ကာ အပြင်းအထန် ထွက်ခွာခဲ့ကြလေတော့သည်။

အင်အားစုများစွာမှာ တစ်ချိန်တည်းမှာပင် လှုပ်ရှားလာကြသဖြင့် လူအများအပြား ထိတ်လန့်သွားစေသည်။ လူတိုင်းမှာ ဘာဖြစ်နေမှန်း မသိဘဲ ထိတ်လန့်တုန်လှုပ်နေကြပြီး ဘေးအန္တရာယ်များ သူတို့ထံသို့ ရောက်မလာပါစေနှင့်ဟုသာ ဆုတောင်းနေမိကြတော့သည်။

ဖူဟန်မှာလည်း အပြင်သို့ အမြန်ပြေးထွက်သွားပြီဖြစ်ရာ၊ သူ့ကားမှာ တဖြည်းဖြည်း မှောင်ကျလာသော ညအမှောင်ထုထဲသို့ မြားတစ်စင်းကဲ့သို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

All Chapters