အခန်း (၁၁၃)
Vol. 13 Ch. 113
ရုတ်တရက် သိလိုက်ရသော အမှန်တရားကြောင့် ဟန်တယွီမှာ ခဏမျှ မှင်တက်သွားသည်မှာ အမှန်ပင်။
သို့သော် ထိုသို့ဖြစ်သွားသည်မှာ ခဏတာမျှသာ။ ဘာပဲဖြစ်ဖြစ် သူသည် မိမိသမီးဖြစ်သူ ဟန်ဝေ့လန်အားမယုံကြည်သည်ထက် သူ့ဇနီးဟောင်းကို ပိုယုံကြည်မှု ကင်းမဲ့လှပေသည်။
“ငါ့ကို ရေတစ်ပုလင်းပေးစမ်း”
ကျားကြီး ဖူစစ်ကျင်းအား အမှိုက်တစ်ခုသဖွယ် ဘေးသို့ ပစ်ချလိုက်ကာ အပြင်သို့ ထွက်သွားပြီးနောက်၊ ဖွင့်ပြီးသား သတ္တုဓာတ်ဖြည့် ရေတစ်ပုလင်း အမြန်ယူလာပေးလေသည်။
ဟန်တယွီ ရေကို ယူလိုက်ပြီး ဘာတစ်ခွန်းမှ မပြောဘဲ ကောင်လေးခေါင်းပေါ်သို့ လောင်းချလိုက်ကာ သူ့အင်္ကျီလက်ဖြင့် မျက်နှာကို ကြမ်းတမ်းစွာ ပွတ်သပ်လိုက်တော့သည်။
ကောင်လေးမှာ ထိုကြမ်းတမ်းသော လုပ်ရပ်ကြောင့် နာကျင်သွားရပြီး သတိမေ့နေသည့်တိုင် မသက်မသာဖြစ်ကာ မျက်မှောင်ကြုတ်မိသွားရှာသည်။
“နည်းနည်းလောက် ယဉ်ယဉ်ကျေးကျေး လုပ်ပါဦးလား!”
ဟန်ဝေ့လန်မိခင်မှာ သူမ သွေးသားရင်းခြာများအတွက် ရင်ကျိုးမတတ် ခံစားရကာ အော်ဟစ်လိုက်မိသည်။
“ပါးစပ်ပိတ်စမ်း!”
ဟန်တယွီ ဒေါသတကြီး ငေါက်ငမ်းလိုက်ရာ ဟန်ဝေ့လန် မိခင်မှာ ထပ်မံ အန္တရာယ်ပြုခံရမည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။
သူမ ထောင့်တစ်နေရာတွင် ကပ်နေရင်း ဟန်တယွီ ကောင်လေး မျက်နှာပေါ်မှ ပေကျံနေသည်များကို ရေဖြင့် ဆေးကြောပေးကာ ဓာတ်မီးဖြင့် ထိုးကြည့်နေသည်ကို ကြောက်လန့်တကြား စောင့်ကြည့်နေမိသည်။ ထိုအခါ ညစ်ပေမှုများ ကင်းစင်သွားပြီး ဖြူစင်နုနယ်လှသော ကလေးငယ်တစ်ဦး၏ မျက်နှာလေးမှာ အထင်းသား ပေါ်ထွက်လာတော့သည်။
မျက်လုံးများ မှိတ်ထားသည့်တိုင် ထိုကလေးငယ်မှာ ဟန်ဝေ့လန်နှင့် အလွန်ပင် တူညီနေသည်မှာ ထင်ရှားလှပေသည်။ အမှန်တကယ်ပင် သားမှာ မိခင်နှင့် တစ်ပုံစံတည်း တူနေသည့် ပုံစံမျိုးပင်။
ဟန်တယွီမျက်လုံးများထဲတွင် တွေဝေတုံ့ဆိုင်းမှုတစ်ခု ဝေ့ဝဲဖြတ်ပြေးသွားသည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူ့မျက်နှာဖုံးနှင့် ဦးထုပ်အား ဆွဲချွတ်လိုက်လေတော့သည်။
တစ်ချိန်က ဟန်ဝေ့လန်၏မိခင်အား သူ့ ချောမောလှပသော ရုပ်ရည်ဖြင့် ဖမ်းစားခဲ့သူပီပီ၊ ကုန်လွန်သွားသော အချိန်ကာလမှာ ဟန်တယွီအပေါ်၌ အလွန်ပင် ညှာတာခဲ့ပုံရပေသည်။
သူ အသက် ၆၀ ကျော်နေပြီ ဖြစ်သော်လည်း ရင့်ကျက်သော သူ့မျက်နှာမှာ အသက် ၄၀ သို့မဟုတ် ၅၀ ခန့်သာ ထင်ရသည်။ မပြောင်းလဲသော သူ၏ ချောမောသည့် ရုပ်ရည်မှာ အချိန်ကာလ၏လက်ဆောင်ကြောင့် ပိုရင့်ကျက်သော ဆွဲဆောင်မှုများ တိုးလာခဲ့သည်။
ဤပုံစံနှင့်ဆိုလျှင် သူသည် အနုပညာရှင်တစ်ဦးဟုပင် အထင်ခံရနိုင်သည်။
ဟန်ဝေ့လန် မိခင်မှာမူ ရုပ်ရည်သင့်ရုံသာရှိပြီး အရေပြား ထိန်းသိမ်းမှုကိုလည်း သိပ်ဂရုမစိုက်ခဲ့သူဖြစ်သည်။ အသက်အရွယ်ရလာသည်နှင့်အမျှ သူမ အလှအပများမှာ မှေးမှိန်သွားခဲ့ရာ၊ ဤကဲ့သို့ လှပသောကလေးမျိုးအား သူမတစ်ဦးတည်းမှ မွေးဖွားရန်မှာ မဖြစ်နိုင်ပေ။
ဟန်ဝေ့လန်ကိုယ်တိုင်ပင်လျှင် သူ့ မိခင်ထက် ဟန်တယွီနှင့် ပိုတူနေသေးသည်။
ထို့ကြောင့် ဟန်ဝေ့လန်နှင့် တူသော သားငယ်လေးသည်လည်း ဟန်တယွီနှင့် အလွန်အမင်းဆင်တူနေခြင်းမှာ သဘာဝပင်။
ရုပ်ရည်အား ကြည့်ရုံနှင့်ပင် ဟန်တိတိနှင့် ဟန်တယွီတို့မှာ သွေးမတော်သားမစပ်ဟု မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။
အနည်းဆုံးတော့ ဟန်တယွီ ယုံကြည်သွားခဲ့သည်။
“သူ့မျိုးရိုးက ဘာလဲ?”
ဟန်တယွီ အက်ကွဲသော အသံဖြင့် မေးလိုက်သည်။
ချန်မားမားမှာ သူ့အကြောင်းအား အလွန်သိနေသူပီပီ၊ ဤအချိန်တွင် မြေးဖြစ်သူ၏ အသက်အား ကယ်တင်ရန် မည်သို့ပြောရမည်ကို အသေအချာ သိနေသည်။
“သူ့မျိုးရိုးက ‘ဟန်’ ပါ၊ နာမည်က ဟန်ကျင်းချန်၊ သူက ရှင့်ရဲ့ ဟန်မိသားစုက ကလေးပဲ”
ဟန်ဝေ့လန် သူမနှင့် သူမကလေး၏ မျိုးရိုးအမည်အား မိခင်ဖြစ်သူ မျိုးရိုးသို့ ပြောင်းလဲရန် မိခင်နှင့် အကြိမ်ကြိမ် အငြင်းပွားခဲ့ဖူးသော်လည်း မိခင်မှ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ထိုအချိန်က ဟန်ဝေ့လန်သည် သူမ မိခင်မှာ ထိုလူယုတ်မာ ဟန်တယွီအပေါ် သံယောဇဉ် ရှိနေသေးသည်ဟု ထင်ခဲ့သော်လည်း၊ ဟန်တယွီ၏ အိပ်ဖော်အိပ်ဖက်ဟောင်းဖြစ်ခဲ့သော သူမ မိခင်သာလျှင် အမှန်တရားအား သိခဲ့ခြင်းဖြစ်သည်။
ဟန်ဝေ့လန်နှင့် ဟန်ကျင်းချန်တို့၏မျိုးရိုးအမည် ‘ဟန်’ ကို ဆက်လက် ထိန်းသိမ်းထားသရွေ့ ဟန်တယွီ သူတို့အား မည်သည့်အခါမျှ အန္တရာယ်ပြုမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူ့မျက်လုံးထဲတွင် သူတို့မှာ ဟန်မိသားစု သွေးသားများ ဖြစ်နေသောကြောင့်ပင်။
ရယ်စရာကောင်းသော အယူအဆ ဖြစ်သော်လည်း၊ ဤအရာသာ မရှိခဲ့လျှင် ဟန်တယွီ သူမအား ဖျောင်းဖျပြီး သူတို့သမီးကို ဖခင်၏မျိုးရိုးအမည် ပေးခိုင်းခဲ့မည်မဟုတ်သလို၊ ထိုမျိုးမစစ်ကလေးအတွက် သူ့ရည်စားနှင့်အတူ ထွက်ပြေးရန်လည်း ကြိုးစားခဲ့မည်မဟုတ်ပေ။
ကံဆိုးစွာဖြင့် ထိုရည်စားဖြစ်သူ၏သားမှာ ဟန်တယွီ ကလေးလုံးဝမဟုတ်ခဲ့ချေ။
ဟန်ဝေ့လန်မိခင်မှာ ရင်ထဲတွင် လှောင်ပြောင်နေမိသလို တစ်ဖက်တွင်လည်း အလွန်အမင်း ထိတ်လန့်နေမိသည်။
ဟန်မိသားစု၏ ဤသွေးသားရင်း မြေးငယ်လေးအတွက်ကြောင့်ပင် ဟန်တယွီအနေဖြင့် မြေးဖြစ်သူအား အသက်ချမ်းသာပေးလိမ့်မည်ဟု သူမ အားကိုးတကြီး မျှော်လင့်နေမိသည်။ သူမသာ ယနေ့ ဤနေရာတွင် အသက်ပျောက်သွားရလျှင်တောင် မြေးလေးကိုသာ ဘေးကင်းအောင် ကယ်တင်နိုင်ခဲ့ပါက၊ သမီးဖြစ်သူအတွက် တာဝန်ကျေရာရောက်ပြီး အဖြေတစ်ခု ပေးနိုင်ခဲ့ပြီဟုပင် မှတ်ယူနိုင်သည်။
ဟန်ဝေ့လန်မိခင်ရင်ထဲမှ ရှုပ်ထွေးလှသော အတွေးစများကို မသိရှိရှာသော ဟန်တယွီသည်ကား သူ့လက်ထဲမှ ဟန်ရှောင်တိအား ကြောင်စီစီဖြင့်သာ ငေးစိုက်ကြည့်နေမိတော့သည်။
“ဒါ ငါ့မြေးပဲ! ဒါက တကယ်ပဲ... ငါ့ရဲ့ ဟန်မိသားစုက မြေးအရင်းပဲ! ဟားဟားဟား... ငါ့ရဲ့ ဟန်မိသားစုမှာ နောက်ဆုံးတော့ အမွေခံရပြီ! ကျားကြီး၊ မင်း မြင်လား? ဒါက ဟန်မိသားစုရဲ့ မြေးပဲ! ဟားဟားဟား...”
အက်ကွဲရှတသော ရယ်မောသံမှာ အလွန်ပင် နားမခံသာလှဘဲ၊ ကြားရသူကို ကျောချမ်းစိမ့်တက်သွားစေသော ရူးသွပ်မှုများဖြင့် ပြည့်နှက်နေလေသည်။
အဝေးတစ်နေရာ၌ လဲလျောင်းနေသော ဖူစစ်ကျင်းမှာ လက်သီးတင်းတင်းဆုပ်ကာ၊ ချည်နှောင်ထားသော ကြိုးများအား ဖြည်ရန် တဖြည်းဖြည်းချင်း အားယူကြိုးစားနေသည်ကို မည်သူမျှ သတိမပြုမိကြချေ။
သူ့ ငယ်ဘဝမှ ဆိုးဝါးလှသော အတွေ့အကြုံများမှာ သူ့အား စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များစွာ ပေးအပ်ခဲ့သလို၊ အခြားသော ကြံ့ခိုင်မှုများကိုလည်း တစ်ပါတည်း ပေးအပ်ခဲ့ခြင်းပင် ဖြစ်သည်။
မိသားစုဝင်များ မသိရှိအောင် ဖူစစ်ကျင်း မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် လေ့ကျင့်ရေး သင်တန်းများစွာ လျှို့ဝှက်စွာ တက်ရောက်ခဲ့ဖူးသည်။ တိုက်ကွမ်ဒို၊ သိုင်းပညာများမှအစပြု၍ ကြိုးဖြည်သည့် နည်းစနစ်များအထိ သူ ကျွမ်းကျင်အောင် သင်ယူထားခဲ့သည်။
သူ့ယခင်က ကြိုးစားအားထုတ်မှုများသည် ယခုအခါ အလဟဿ မဖြစ်ခဲ့ပေ။ ဟန်တယွီတို့အဖွဲ့ သတိလက်လွတ် ဖြစ်နေသော အချိန်အတောအတွင်းမှာပင် ဖူစစ်ကျင်း ကြိုးများကို အောင်မြင်စွာ ဖြည်ချနိုင်ခဲ့လေပြီ။
သို့သော် ရန်သူ သတိမပြုမိစေရန် သူ ချက်ချင်း မလှုပ်ရှားရဲသေးဘဲ အကောင်းဆုံးသော အခွင့်အရေးကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေမိသည်။ သူ့ဒဏ်ရာမှာ နာကျင်နေပြီး ရုန်းကန်လိုက်မှုကြောင့် ပြန်လည်ပွင့်ထွက်လာသကဲ့သို့ ခံစားနေရသော်လည်း၊ ၎င်းမှာ ဖူစစ်ကျင်းအတွက် ယခုအချိန်၌ အရေးတကြီး စဉ်းစားရမည့် ကိစ္စမဟုတ်တော့ပေ။
ချင်ချင့်အား သူ မည်သို့မည်ပုံ ကယ်တင်ရပါမည်နည်း။
ဟန်တယွီ ချင်ချင်အား သတ်ဖြတ်ရန် အခိုင်အမာ ဆုံးဖြတ်ထားကြောင်းကို လူတိုင်း အထင်အရှား မြင်တွေ့နိုင်သည်။ အကယ်၍ ဤအတိုင်းသာ ဆက်လက် လွှတ်ထားမည်ဆိုပါက ချင်ချင် အသက်ဆုံးရှုံးရမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်တော့သည်။
သူတို့အနေဖြင့် ပြင်ပမှ ကယ်တင်မည့်သူများ ရောက်ရှိလာသည်အထိ ဆက်လက် စောင့်ဆိုင်းနေရန် အချိန်မရှိတော့ပေ။
ဖူစစ်ကျင်း၏ စိတ်အစဉ်မှာ ယခင်ကထက်ပင် ပိုမို၍ တည်ငြိမ်ရင့်ကျက်နေသည်။ သူ မိမိနှင့် ချင်ချင်ကြားရှိ အကွာအဝေးကို တိတ်တဆိတ် အကဲခတ်လိုက်ပြီး၊ စက်ရုံအပြင်ဘက်သို့ ထွက်ပေါက်နှင့် အကွာအဝေးကိုလည်း လှမ်း၍ တွက်ချက်လိုက်သည်။
ထိုစဉ် သူ့အကြည့်တို့မှာ ဟန်ဝေ့လန်၏ မိခင်နှင့် မတော်တဆ ဆုံစည်းသွားလေသည်။ ဖူစစ်ကျင်းမှာ ခဏမျှ တုန်လှုပ်သွားပြီးနောက်၊ အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် မျက်နှာလွှဲကာ ခေါင်းငုံ့လိုက်မိသည်။
သူ တောင်းပန်ပါသည်။ မိမိကိုယ်တိုင်၏ ဘေးကင်းလုံခြုံမှုကိုပင် အာမမခံနိုင်သော ဤအခြေအနေမျိုးတွင် အခြားသူများကိုပါ ကယ်တင်ပေးရန် သူ မစွမ်းဆောင်နိုင်တော့ပေ။
သို့သော် ဟန်ဝေ့လန်မိခင်၏မျက်ဝန်းအစုံ၌မူ နားလည်စာနာပေးနိုင်သော နူးညံ့မှုများသာ ကိန်းအောင်းနေခဲ့သည်။
အမှန်စင်စစ် သူမနှင့် ထိုလူငယ်မှာ မည်သို့မျှ သက်ဆိုင်ကြသူများ မဟုတ်ပေ။ မိမိကိုယ်တိုင်ပင် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် သူမအား ကယ်တင်ပေးရန် ထိုလူငယ်ထံမှ သူမ မမျှော်လင့်ဝံ့ပါ။
ထို့အပြင် သူမ မြေးဖြစ်သူ၏ အမှတ်အသားကို ထုတ်ဖော်ပြောကြားလိုက်ကတည်းက ဟန်တယွီ သူမတို့အား လွယ်လွယ်ကူကူနှင့် ပြန်လွှတ်ပေးမည်မဟုတ်ကြောင်း သူမ ကြိုတင်ခန့်မှန်းထားပြီးသားလည်း ဖြစ်သည်။
အခြေခံအားဖြင့် သူမ လုပ်ရပ်မှာ ထိုလူငယ်လေးနှင့် အတူတူပင်။
နှစ်ဦးစလုံးမှာ သူတို့ တန်ဖိုးထားရသူကိုသာ ကာကွယ်လိုကြခြင်းဖြစ်သည်၊ တခြားသူတွေအတွက်ကတော့... သူတို့ တောင်းပန်ရုံမှတစ်ပါး အခြားမရှိပေ။
“သူ့ကို အပြင်ခေါ်သွားပြီး ကားထဲမှာ သွားပိတ်ထားလိုက်”
ဟန်ဝေ့လန်မိခင် ခန့်မှန်းထားသည့်အတိုင်းပင်၊ ဟန်ကျင်းချန်မှာ သူ့သွေးသားရင်းခြာ မြေးအရင်းဖြစ်ကြောင်း အတည်ပြုပြီးနောက် ဟန်တယွီ ထိုကလေးအား သတ်ဖြတ်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်လေသည်။
သူ ကလေးအား ကျားကြီးထံသို့ လွှဲပြောင်းပေးအပ်လိုက်ကာ အဝေးသို့ ခေါ်ဆောင်သွားခိုင်းလိုက်သည်။ ၎င်းမှာ နောက်ပိုင်းတွင် ဖြစ်ပျက်လာမည့် မြင်ကွင်းများမှာ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ဟု သူ ယူဆထားသောကြောင့်ပင် ဖြစ်သည်။
အကယ်၍ ဖူစစ်ကျင်းတို့သာ ဟန်တယွီ စိတ်ထဲတွင် ဤကဲ့သို့သော လူသားဆန်ဟန်ပြသည့် အတွေးမျိုး ရှိနေသည်ကို သိရှိခဲ့ပါက အလွန်ပင် ရယ်စရာကောင်းသည်ဟု ထင်ကြပေလိမ့်မည်။ စိတ္တဇလူသတ်သမားတစ်ဦးတွင် သာမန်လူသားများကဲ့သို့ စဉ်းစားတွေးခေါ်မှုမျိုး ရှိနေခြင်းကို အံ့သြရမည်လား၊ သို့မဟုတ် ခွင့်လွှတ်ပေးရမည်လားပင် မဝေခွဲနိုင်တော့ချေ။
ကျားကြီးသည် ဟန်ကျင်းချန်အား ပွေ့ချီကာ ထွက်ခွာသွားသဖြင့် ခြောက်ကပ်နေသော စက်ရုံပျက်ကြီးမှာ ယခင်ကထက် ပို၍ပင် အထီးကျန် ဆိတ်သုဉ်းသွားတော့သည်။
အာရုံလွှဲစရာ အခြားအရာများ မရှိတော့သည့်အခါတွင်မူ ဟန်တယွီ၏ အကြည့်တို့မှာ ကြမ်းပြင်ပေါ်တွင် လဲကျနေသော ချင်ချင်ထံသို့ ရောက်ရှိသွားပြန်သည်။ ချင်ချင် ပြင်းထန်သော အရှိန်ဖြင့် ပြုတ်ကျထားရုံမျှမက အတင်းအကျပ်လည်း အချည်နှောင်ခံထားရသဖြင့် သူ့ကိုယ် သူ ပြန်လည်မထူ မနိုင်တော့ပေ။
ကလေးမလေးမှာ ကြမ်းပြင်ပေါ်၌ မလှုပ်မယှက် လဲလျောင်းနေပြီး နာကျင်မှုကြောင့် ကိုယ်လေးမှာ တဆတ်ဆတ် တွန့်လိမ်နေရှာသည်။ အကယ်၍ သူမ ရင်ဘတ်ငယ်လေးမှာ အသက်ရှူနေသဖြင့် အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်မနေပါက ဟန်တယွီ သူမ သေဆုံးသွားပြီဟုပင် ထင်မှတ်မိပေလိမ့်မည်။
“နင် ချက်ချင်းကြီး သေမသွားတာ တော်သေးတာပေါ့... ငါမှ နင်နဲ့ မကစားရသေးဘဲ”
ဟန်တယွီ ချင်ချင်ကို ခွေးသေတစ်ကောင်အား ဆွဲမလိုက်သကဲ့သို့ လက်တစ်ဖက်ဖြင့် ကြမ်းတမ်းစွာ ဆွဲမလိုက်ပြီး အနီးသို့ ကပ်ကြည့်လိုက်ရာ၊ သူ၏ ဖောင်းကားနေသော မျက်နှာပြင်တစ်ခုလုံးတွင် ပြင်းထန်လှသော မုန်းတီးမှုများ အတိုင်းသား ပြည့်နှက်နေလေသည်။
သူ ဤသက်သေအား အမြစ်ပြတ် သတ်ပစ်ရန်သာ စိတ်အားထက်သန်နေခြင်းသာ။
ချင်ချင့်ထက်မြက်လှသော အာရုံခံစားမှုများမှာ ရုတ်ချည်းနိုးကြားလာပြီး၊ ထိတ်လန့်ဖွယ်ရာ ကောင်းလှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို သူမ ဦးနှောက်ထံသို့ သတိပေးချက်အဖြစ် ပို့လွှတ်လိုက်သည်။
ချင်ချင် အလွန်အမင်း ထိတ်လန့်သွားရသဖြင့် တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများပင် ထသွားရရှာသည်။ သူမ၏ ဖြစ်တည်မှု တစ်ခုလုံးက ဤနေရာမှ အမြန်ဆုံး ထွက်ပြေးရန် အော်ဟစ်တောင်းဆိုနေသော်လည်း၊ သူမ ကိုယ်ခန္ဓာမှာမူ လုံးဝမလှုပ်ရှားနိုင်တော့ပေ။
ချည်နှောင်ခံထားရသော သူမ လက်ကလေးများမှာ အားယူ၍မြှောက်တက်လာပြီး၊ သူမ အင်္ကျီရင်ဘတ်အား ဆုပ်ကိုင်ထားသည့် ဟန်တယွီ၏ လက်ကြီးကို လှမ်းကိုင်မိသွားသည်။
သူမ ထိုနည်းဟောင်းအား ထပ်မံအသုံးပြု၍ ပြန်လည်တိုက်ခိုက်မည်ကို တားဆီးရန်အတွက် ဟန်တယွီ ချင်ချင်လက်ကောက်ဝတ်အစုံကို တင်းတင်းဆုပ်ကိုင်ကာ အပေါ်သို့ ဆွဲတင်လိုက်လေတော့သည်။ ထိုလုပ်ရပ်ကြောင့် ချင်ချင်လက်မောင်းများမှာ တင်းအားကြောင့် ပြတ်ထွက်မတတ် နာကျင်သွားရရှာသည်။
တံတောင်ဆစ်များကိုပါ ကြိုးဖြင့် တုပ်နှောင်ထားသဖြင့် သူ့ ကိုယ်အထက်ပိုင်းနှင့် လက်မောင်းများမှာ ကျုံ့ဝင်သွားကာ၊ ကြမ်းတမ်းလှသော ကြိုးစများမှာ ဖြူစင်နုနယ်သော အသားစများကို ပွတ်တိုက်မိသဖြင့် နီမြန်းကာ စူးစူးရှရှ နာကျင်မှုအား ပေးစွမ်းနေသည်။ ထိုဝေဒနာကြောင့် ချင်ချင်မျက်လုံးအစုံတွင် မျက်ရည်များ ဝေ့သီလာတော့သည်။
ချင်ချင်လေးမှာ သူ့သွားလေးများကို ကျစ်ကျစ်ပါအောင် အံကြိတ်ထားမိသည်။ ထိုလူဆိုးကြီး၏ရှေ့မှောက်တွင် မငိုကြွေးချင်သော်လည်း၊ ထိန်းမနိုင်သိမ်းမရသော မျက်ရည်များကမူ အလိုလိုစီးကျနေတော့သည်။ မကြာမီမှာပင် သူမ အမြင်အာရုံများမှာ ဝေဝါးလာခဲ့ရသည်။
ထိုသို့ မျက်ရည်ဝိုင်းနေသော အမြင်အာရုံများကြားမှပင် ဟန်တယွီ ဓားမြှောင်ငယ်တစ်ချောင်း ထုတ်ယူလိုက်သည်ကို သူမ မြင်တွေ့လိုက်ရသည်။ ဓားဦးချွန်မှာ သူမ၏နုနယ်လှသော လည်ပင်းငယ်ဆီသို့ ဦးတည်လာပြီး၊ အသာအယာ ဆွဲခြစ်လိုက်သည့်အခါ သွေးစို့နေသော ဒဏ်ရာလေးတစ်ခုမှာ တဖြည်းဖြည်း ပေါ်ထွက်လာလေသည်။
“အရမ်းနာနေလား...”
သွေးစများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ဟန်တယွီ၏ စိတ္တဇဆန်သော အပြုံးမှာ ပိုလို့ထင်ရှားလာတော့သည်။
“ဒါပေမဲ့ ဒါက နင်ကိုယ်တိုင် တောင်းခဲ့တဲ့ ရလဒ်ပဲလေ!”
“...”
ချင်ချင်လေးမှာမူ ထိုလူဆိုးကြီးကို အားမတန်သော်လည်း မာန်မချဘဲ ဒေါသတကြီးဖြင့်သာ စိုက်ကြည့်နေမိတော့သည်။
ဟန်တယွီ၏ မေးစေ့တစ်ဝိုက်တွင် အကြောများ ထောင်တက်လာပြီး သူ့လက်ဆုပ်မှာလည်း ပိုတင်းကြပ်လာလေသည်။
“အဲဒီတုန်းကသာ နင် ငါ့စကားကို နားထောင်ပြီး ကောင်းကောင်းလေး ပုန်းနေခဲ့ရင်... ငါ နင့်ကို သတ်စရာ အကြောင်းမရှိဘူး၊ ဘယ်သူက နင့်ကို အဓိပ္ပာယ်မရှိ ဝင်ပါခိုင်းလို့လဲ!”
ဖူစစ်ကျင်း ဟန်တယွီအား မော့၍ စိုက်ကြည့်လိုက်မိသည်။
'အဲဒီတုန်းက' ဟုတ်လား...? သူ့မားနှင့် ဤစိတ်မနှံ့သော လူရူးကြားတွင် အတိတ်က ဘာတွေ တကယ်ဖြစ်ပျက်ခဲ့ကြသနည်း။
မိမိကိုယ်မိမိ အကြွင်းမဲ့ အနိုင်ရတော့မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသဖြင့် ဟန်တယွီ ရုတ်တရက်ဆိုသလို အမှန်တရားကို ဖွင့်ဟပြောဆိုလိုသော စိတ်ဆန္ဒများ တားမနိုင်ဆီးမရ ဖြစ်ပေါ်လာသည်။
သူ ကြမ်းပြင်ပေါ်၌ ဒဏ်ရာဒဏ်ချက်များဖြင့် ဖရိုဖရဲ ဖြစ်နေသော ဖူစစ်ကျင်းအား လှည့်ကြည့်ကာ လှောင်ပြောင်သရော်လိုက်လေတော့သည်။
“ဟေ့ ကောင်လေး၊ မင်း ဘာလို့ ဒါတွေအားလုံးကို ခံစားနေရလဲ သိလား? အားလုံးက မင်းအမေကြောင့်ပဲ၊ ကူးချင်ချင်ကို လက်စားချေဖို့အတွက် မင်းကို နှိပ်စက်ဖို့ လူတွေလွှတ်ခဲ့ရတာ သူ့ကြောင့်ပဲ”
ချင်ချင့်တင်းတင်းဆုပ်ထားသော လက်ကလေးများမှာ ရုတ်တရက် တုန်ခါသွားရသည်။ ဖူစစ်ကျင်း၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်ခြင်းများစွာ အထင်းသား ပေါ်လာတော့သည်။
“အဲဒါ... အဲဒါကြောင့်ပဲလား...?”
သူ့အသံတို့မှာ တုန်ရီနေမိသည်။ ဤမျှလောက် ရယ်စရာကောင်းလှသော အကြောင်းပြချက်တစ်ခုကြောင့်ပင် ထိုလူမှာ သူ့အား နှစ်ပေါင်းများစွာတိုင်အောင် နှိပ်စက်ခဲ့ခြင်းလား?
ရုတ်တရက် ပြင်းထန်သော ကန်ချက်တစ်ခုမှာ ဖူစစ်ကျင်း ဝမ်းဗိုက်ပေါ်သို့ ကျရောက်လာပြီး သူ့ဝမ်းဗိုက်ဒဏ်ရာအား တိုက်ရိုက် ထိမှန်သွားလေသည်။
“အားးး...!”
ဖူစစ်ကျင်းမှာ မမျှော်လင့်ဘဲ နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ ချောမောသော မျက်နှာမှာ ဝေဒနာကြောင့် တွန့်လိမ်သွားတော့သည်။
“ဘာလဲ... မင်းက ငါ့ရဲ့ အကြောင်းပြချက်က ရယ်စရာကောင်းတယ်လို့ ထင်နေတာလား?”
ဖူစစ်ကျင်းအား ငုံ့ကြည့်နေသော ဟန်တယွီမျက်နှာမှာ ဒေါသကြောင့် အနည်းငယ် တွန့်လိမ်နေသည်။ သူ ရုတ်တရက် အသိစိတ်လွတ်မတတ် အော်ဟစ်လိုက်တော့သည်။
“ဒါပေမဲ့ သူမသာ မရှိခဲ့ရင် ငါ ၂၅ နှစ်တိုင်တိုင် ထောင်ထဲမှာ နေခဲ့ရမှာ မဟုတ်ဘူး! ၂၅ နှစ် အပြည့်ပဲ သိလား! ငါ့ဘဝတစ်ခုလုံး ပျက်စီးသွားရတယ်!”
“ရှင့်ဘဝ ဟုတ်လား...?”
ကလေးငယ်တစ်ဦး၏အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ထိုစကားများမှာ ဖူစစ်ကျင်း ပါးစပ်မှ ထွက်လာခြင်း မဟုတ်ပေ။
“ရှင့်ဘဝက ရှင့်ဘာသာ ရှင် ဖျက်ဆီးခဲ့တာ မဟုတ်ဘူးလား... လူသတ်ကောင်ရဲ့!”
ဟန်တယွီ ချင်ချင်အား ဒေါသတကြီး လှည့်ကြည့်လိုက်ရာ သူ့ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများမှာ သွေးတက်နေတော့သည်။
ထိုလှုံ့ဆော်မှုမှာ မလုံလောက်သေးဟု ထင်ရသည့်အလား၊ ချင်ချင့်၏ ချစ်စရာကောင်းသော မျက်နှာလေးတွင် သူမ အသက်အရွယ်နှင့် မလိုက်ဖက်သော လှောင်ပြောင်သည့် အမူအရာတစ်ခု ပေါ်လာသည်။
“အဲဒါကို နောက်တစ်ကြိမ် ထပ်ဖြစ်ဦးမယ်ဆိုရင်တောင်၊ ကျွန်မ သေချာပေါက် ထရပ်ပြီး ရှင့်ရဲ့ ပြစ်မှုတွေကို ဖွင့်ချဦးမှာပဲ!”
ဟန်တယွီ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီလာပြီး သူ့မျက်နှာမှာလည်း မထိန်းနိုင်အောင် တွန့်လိမ်နေသည်။ သူ ရုတ်တရက် လက်ကို မြှောက်လိုက်ရာ ထက်မြက်သော ဓားဦးမှာ ချင်ချင်နှလုံးသားဆီသို့ ဦးတည်နေသည်။
“ငါ နင့်ကို သတ်မယ်!”
သူ ဓားဖြင့် ထိုးချလိုက်သည်။
သို့သော် သူ လွဲသွားခဲ့သည်။
ဟန်တယွီ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့်တိုင် ဘာဖြစ်သွားမှန်း သတိမထားမိသေးပေ။
သူ ပြန်ထရန် ကြိုးစားလိုက်ချိန်တွင်မူ၊ ဘယ်လိုနည်းနှင့် ကြိုးဖြည်လိုက်သည်မသိသော ဖူစစ်ကျင်းမှာ ချင်ချင်အား ချီကာ စက်ရုံတံခါးအပြင်ဘက်သို့ ယိုင်တိုင်တိုင်ဖြင့် ပြေးထွက်သွားသည်ကို မြင်လိုက်ရသည်။
“သူတို့ ထွက်ပြေးသွားပြီ! လိုက်ကြစမ်း! သူတို့ကို အလွတ်မပေးနဲ့!”
ဟန်တယွီ အော်ဟစ်လိုက်ပြီး ဖူစစ်ကျင်းတို့ ကျောပြင်နောက်သို့ အသည်းအသန် လိုက်လံဖမ်းဆီးတော့သည်။
“အူး... အူး...”
လေထဲတွင် ပြင်းထန်သော အသက်ရှူသံများ ပြည့်နှက်နေပြီး ချင်ချင်မှာ ဖူစစ်ကျင်း ရင်ခွင်ထဲတွင် ခွေလိပ်နေကာ သူမ လက်ကလေးများဖြင့် သူ့အင်္ကျီအား တင်းတင်းဆုပ်ကိုင်ထားရှာသည်။
သူမ လက်ကလေးများမှာ စိုစွတ်ထိုင်းမှိုင်းနေပြီး ပြင်းထန်လှသော သွေးညှီနံ့များမှာ သူမ နှာခေါင်းထဲသို့ တိုးဝင်နှောက်ယှက်နေသော်လည်း၊ ချင်ချင်မှာမူ စကားတစ်ခွန်းပင် မဟရဲ၊ ကိုယ်လေးကိုပင် စိုးစဉ်းမျှ မလှုပ်ရှားရဲရှာပေ။
အကယ်၍ သူမသာ အမှတ်မထင် လှုပ်ရှားမိပါက ဖူစစ်ကျင်းအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်သွားမည်ကို သူမ အလွန်အမင်း ကြောက်ရွံ့နေမိသည်။
တကယ်တမ်းတွင်မူ သူမ ကိုယ်တိုင်ကပင် အကြီးမားဆုံးသောဝန်ထုတ်ဝန်ပိုး ဖြစ်နေသည်ကို သိရှိနေပါသော်လည်း...