← Chapters

အခန်း (၁၁၄)

Vol. 13 Ch. 114

အခန်း (၁၁၄)

Vol. 13 Ch. 114

ဖူစစ်ကျင်း အမြင်အာရုံတို့မှာ ဝေဝါးလာပြီး ကောင်းကင်ယံမှ လမင်းအလင်းရောင်မှာပင် တစ်ချက်တစ်ချက် ဖျော့တော့ကွယ်ပျောက်သွား သလို ခံစားနေရသည်။ သူ့ရင်ဘတ်မှ စိမ့်ထွက်နေသော သွေးနွေးနွေးတို့မှာ အေးစက်လှသော ညဉ့်အပူချိန်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

“ဘုတ်... ဘုတ်...”

ထိုခြေသံမှာ ပိုမိုနီးကပ်လာချေပြီ။ သစ်ရွက်ခြောက်များ ပွတ်တိုက်သံမှာ သူ့နားစည်ကို လာရောက်ရိုက်ခတ်နေသည်။ သူ ခြေလှမ်းကို အတင်းအကျပ် ရုန်းကန်လှမ်းလိုက်သော်ငြား ခန္ဓာကိုယ်မှာ ရှေ့သို့ ဆက်လက် မတိုးနိုင်တော့ဘဲ၊ သစ်ပင်တစ်ပင်၏ပင်စည်ကို မှီ၍သာ ကြမ်းပြင်ပေါ်သို့ လျှောကျသွားလေတော့သည်။

“ဒီမှာတင်... ငါ့ဘဝ ဇာတ်သိမ်းရတော့မှာလား...”

သူ့ နှုတ်ခမ်းဖျားမှ တိုးညင်းလှသော ရေရွတ်သံလေးထွက်ပေါ်လာသည်။ အသိစိတ်တို့ တဖြည်းဖြည်း လွင့်ပါးနေစဉ်မှာပင်၊ အမှောင်ထုထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသူ့လက်ထဲတွင် လရောင်အောက်၌ လက်ခနဲ လင်းသွားသော အရာတစ်ခု ရှိနေ၏။ ၎င်းမှာ သေခြင်းတရား လား သို့မဟုတ် ကယ်တင်ရှင်လားဆိုသည်ကို ဖူစစ်ကျင်း မခွဲခြားနိုင်တော့ဘဲ မျက်လုံးများမှိတ်ကျသွားလေတော့သည်။

သူ လျှောက်လှမ်းလာခဲ့သော လမ်းတစ်လျှောက်တွင် သွေးစများစွာ စွန်းထင်းကျန်ရစ်ခဲ့လေသလား?

ကံကောင်းသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသဖြင့် လိုက်လံဖမ်းဆီးသူမှာ မြေပြင်ပေါ်မှ သွေးကွက်များကို လွယ်လွယ်နှင့် မမြင်နိုင်ခြင်းပင်။

“အားကျင်း...”

ဖူစစ်ကျင်း ရင်ခွင်ထဲမှ ချင်ချင့်တိုးဖျော့သောအသံလေး ထွက်ပေါ်လာသည်။ ဖူစစ်ကျင်း သူမ ခေါင်းလေးအား အသာအယာ ပွတ်သပ်ပေးရင်း နူးညံ့စွာ နှစ်သိမ့်လိုက်သည်။

“မကြောက်နဲ့နော် ချင်ချင်၊ နည်းနည်းလေးပဲ ထပ်ပြီး တောင့်ခံထားပါဦး... မကြာခင် ငါတို့ ဘေးကင်းတော့မှာပါ...”

ရုတ်တရက် “ဒုန်း” ခနဲ မြည်သံနှင့်အတူ ဖူစစ်ကျင်း တစ်ခုခုကို တိုက်မိကာ ဟန်ချက်ပျက်သွားပြီး၊ ချင်ချင်အား ပွေ့ချီထားလျက်ပင် ကြမ်းတမ်းစွာ လဲကျသွားတော့သည်။ ၎င်းမှာ ကုန်းစောင်းလေးတစ်ခု ဖြစ်နေသဖြင့် သူတို့နှစ်ဦးမှာ အတော်ဝေးဝေးအထိ အတူတူ လိမ့်ဆင်းသွားကြရာ၊ နောက်ဆုံးတွင် ဖူစစ်ကျင်းကျောပြင်မှာ သစ်ပင်တစ်ပင်နှင့် အရှိန်ဖြင့် ဆောင့်မိပြီးမှသာ ရပ်တန့်သွားတော့သည်။

ဖူစစ်ကျင်း သူ ပြန်လည် ထူမ၍ မရတော့ကြောင်း ကောင်းကောင်း သိလိုက်ရသည်။

သူ... အဆုံးသတ်သို့ ရောက်ရှိသွားခဲ့လေပြီ။

ဒါပေမဲ့... ဒါပေမဲ့ ချင်ချင်ကရော? ချင်ချင်လေးမှာမူ တကယ်တမ်း ဘေးကင်းရာသို့ မရောက်ရှိသေးဘူးမလား?

သူ အားအင်ကုန်ခမ်းနေသော လက်အစုံဖြင့် စမ်းတဝါးဝါးရှာဖွေကာ ချင်ချင်ကိုယ်ပေါ်မှ ချည်နှောင်ထားသော ကြိုးများကို အသည်းအသန် ဖြည်ပေးလိုက်တော့သည်။ ထို့နောက် ဘေးနားရှိ ချွန်ထက်သော ကျောက်ခဲတစ်လုံးကို ကောက်ကိုင်ကာ ချင်ချင်လက်ဖဝါးနုနုလေးထဲသို့ အတင်းအကျပ် ထည့်ပေးလိုက်လေသည်။

“ပြေးတော့...”

ဒဏ်ရာရနေသော တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ နောက်ဆုံးအကြိမ် ဟိန်းဟောက်လိုက်သကဲ့သို့ ပြင်းပြလှသော အမိန့်သံတစ်ခု ထွက်ပေါ်လာသည်။

“ပြေး! မင်းအသက်ရှင်ဖို့အတွက် အခုချက်ချင်း ပြေးတော့! ပြေးပြီးရင် တစ်နေရာရာမှာ လုံအောင်ပုန်းနေပြီး ပါးတို့ လာကယ်တာကို စောင့်နေ... ကြားလား!”

“မသွားဘူး... ဟီး... အဟင့်...”

ချင်ချင် မျက်ရည်များ ဝေဝါးလျက် အသည်းအသန် ငိုကြွေးနေမိတော့သည်။ သူမသာ ထားရစ်ခဲ့ပါက ဖူစစ်ကျင်း တစ်ယောက် မည်သို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရမည်ကို သူမ ကောင်းကောင်း သိနေသည်။ ထိုလူရက်စက်ကြီးက... ထိုလူက သူ့အား သေနတ်ဖြင့် ပစ်သတ်ခြင်း သို့မဟုတ် ရက်စက်စွာ သတ်ဖြတ်ပစ်လိမ့်မည် မဟုတ်ပါလား?

“ပြေးပါဆို!”

ဖူစစ်ကျင်းမှာ ချင်ချင်အား ချော့မော့ဖျောင်းဖျရန် အင်အားရော၊ အချိန်ရော မရှိတော့ပေ။ ထို့ကြောင့် သူသည် သူ့အကြမ်းတမ်းဆုံးသော စကားလုံးများနှင့် ခွန်အားများကိုသာ နောက်ဆုံးအကြိမ်အဖြစ် ထုတ်သုံးလိုက်ရတော့သည်။

“မင်းကြောင့် ငါ ဒီလောက်အထိ ဒုက္ခရောက်ခဲ့ရတာ မလုံလောက်သေးဘူးလား! အခုထိ ငါ့ကို ဆွဲချချင်နေသေးတာလား? ဒီကနေ ချက်ချင်း ထွက်သွားစမ်း! ငါ ခဏလောက် နားပြီးရင် ငါ့ဘာသာငါ ပြေးမယ်၊ ငါတစ်ယောက်တည်းဆိုရင် မင်းနဲ့အတူတူ ပြေးတာထက် အများကြီး ပိုမြန်တယ်... ထွက်သွားစမ်းလို့!”

ဖူစစ်ကျင်း၏ကြမ်းတမ်းသော ဟောက်သံကြောင့် လန့်ဖျန့်သွားရသော ချင်ချင်လေးမှာ ဗီဇအရ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားသည်။

သို့သော် ဘာဖြစ်နေသည်ကို သိရှိနားလည်လိုက်သည့်အခါ သူမ လက်ကလေးကို ကမ်းပေး၍ အနားသို့ပြန်လည်တိုးကပ်ရန် ကြိုးစားသော်လည်း၊ ဖူစစ်ကျင်း သူမအား အလျှော့မပေးဘဲ ကြမ်းတမ်းစွာပင် ပုတ်ထုတ်လိုက်လေသည်။

“ထွက်သွား...!”

ထိုသို့ ပုတ်ထုတ်လိုက်သည့် ဒဏ်ချက်မှာ ဖူစစ်ကျင်းအား ကယ်တင်ရန် အသည်းအသန် ရုန်းကန်ခဲ့စဉ်က ဒဏ်ရာရရှိထားသော ချင်ချင်လက်ကောက်ဝတ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။

ချင်ချင် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်သွားရပြီး၊ ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးမှသာ နောက်ဆုံးတွင် လှည့်၍ အမှောင်ထုထဲသို့ ပြေးထွက်သွားတော့သည်။

သူမ၏သေးငယ်လှသော ပုံရိပ်လေး အမြင်အာရုံမှ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ရင်း၊ ဖူစစ်ကျင်းမှာ တာဝန်တစ်ခု ကျေပွန်သွားသည့်အလား ကျေနပ်စွာ ပြုံးလိုက်မိပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လဲလျောင်းလိုက်လေသည်။

အရာအားလုံး အဆုံးသတ်သွားခဲ့ပြီ မဟုတ်ပါလား...

“ဝါးးး...”

တင်းခံထားသမျှ အောင့်ထား၍ မရတော့ဘဲ ပြေးလွှားနေရင်းနှင့်ပင် ချင်ချင် အသံကုန်ဟစ် ငိုချလိုက်တော့သည်။

“ငှက်ကလေးရေ!”

သူမ မျှော်လင့်ချက်အပြည့်ဖြင့် အသည်းအသန်အော်ဟစ်နေမိသည်။

“ထွက်လာပါ၊ ကျေးဇူးပြုပြီး ထွက်လာပေးပါ ငှက်ကလေးရဲ့! အခုချက်ချင်း ထွက်လာပေးပါတော့!”

သူမ၏စူးရှလှသော အော်ဟစ်သံမှာ တောအုပ်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး၊ အိပ်မောကျနေသော အဝေးမှ ငှက်အချို့ကိုသာ လန့်နိုးစေခဲ့သည်။

ချင်ချင် ပြေးရင်းလွှားရင်း ချော်လဲသွားသော်လည်း ပြန်လည်မထနိုင်တော့ဘဲ ထိုနေရာမှာပင် ထိုင်၍ အကျယ်ကြီးငိုကြွေးနေမိတော့သည်။

“အမြန်ထွက်လာပေးပါ!”

“ကျိကျိ... ကျိကျိ...”

ကြည်လင်ပြတ်သားသော ငှက်သံလေးတစ်ခု ထွက်ပေါ်လာသဖြင့် ချင်ချင် မော့ကြည့်လိုက်ရာ၊ သူမ၏ ရှေ့မှောက်သို့ ရောက်ရှိနေသော ငှက်ကလေးအား မြင်တွေ့လိုက်ရပြီး အံ့အားသင့်သွားရသည်။

“အမြန်... အမြန်လုပ်ပါ!”

သူမ ငှက်ကလေးကို ဖမ်းဆုပ်ကာ လက်ခုပ်အတွင်း၌ ဝိုင်းထားရင်း ထပ်ခါတလဲလဲ အသည်းအသန် တောင်းပန်နေမိတော့သည်။

“သူ့ကို ကယ်ပေးပါ... ကျွန်မရဲ့ ကလေးကို ကယ်တင်ပေးပါ... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါဦး... ဟီး... အဟင့်...”

ထိုအခါ ငှက်ကလေးမှာ ခေါင်းကို အသာအယာ စောင်းလိုက်ပြီး နှုတ်သီးကိုဖွင့်ကာ လူစကားဖြင့် ရုတ်တရက် တုံ့ပြန်ပြောကြားလိုက်သည်။

“မင်း တကယ်ပဲ သေချာရဲ့လား..? တကယ်တော့ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ဆုတောင်းတစ်ခုကို လမ်းခုလတ်ရောက်မှ ပြောင်းလဲလို့ မရဘူးလေ”

“ကျွန်မ တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ချင်ချင်ကိုပဲ အသေခံခိုင်းလိုက်ပါ၊ အာကျင်းကိုတော့ ကယ်တင်ပေးပါ!”

ချင်ချင် ငှက်ကလေးအား ရှိခိုးသကဲ့သို့ အားရပါးရ ဦးတိုက်တောင်းပန်နေမိရာ၊ သူမ နဖူးပြင်မှ သွေးစများမှာ ချက်ချင်းပင် စီးကျလာတော့သည်။

“ရပ်လိုက်တော့”

နူးညံ့သိမ်မွေ့လှသော အင်အားတစ်ခုမှာ ချင်ချင်အား အသာအယာ ထိန်းမပေးလိုက်ပြီး၊ သူမကိုယ် သူမ နာကျင်အောင် ပြုလုပ်နေမှုကို တားဆီးလိုက်လေသည်။

“မင်းက ငါ့ကို ကယ်တင်ခဲ့ဖူးတာကြောင့် ဒီတစ်ကြိမ်တော့ မင်းအတွက် အထူးအခွင့်အရေး ပေးလိုက်မယ် ဒါပေမဲ့ ဆုတောင်းကို ပြောင်းလဲလိုက်တဲ့အတွက် ပေးဆပ်ရမယ့် တန်ဖိုးတော့ ရှိတယ်၊ ဖူစစ်ကျင်းကို ကယ်တင်လိုက်တာနဲ့ မင်းရဲ့ လက်ရှိဆုတောင်းက ပျက်ပြယ်သွားပြီး အတိတ်က နာကျင်စရာ အမှတ်တရတွေ အားလုံး ပြန်ရောက်လာလိမ့်မယ်၊ အဲဒီအခါကျရင် မင်း ဒါတွေကို ထပ်ပြီး မေ့ပစ်လို့ ရမှာမဟုတ်တော့ဘူး၊ မင်း တကယ်ပဲ သဘောတူရဲ့လား?”

“သဘောတူပါတယ်... သဘောတူပါတယ်! ဘယ်လို တန်ဖိုးမျိုးပဲ ပေးဆပ်ရပါစေ ကျွန်မ သဘောတူပါတယ်”

ချင်ချင် စိုးစဉ်းမျှ တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်သားစွာပင် ခေါင်းညိတ်လိုက်တော့သည်။

“ကောင်းပြီလေ”

ငှက်ကလေးမှာ ပျံတက်သွားပြီး ချင်ချင်ခေါင်းပေါ်တွင် သုံးပတ်တိတိ ပတ်ပြီးနောက်၊ သူမ၏ နဖူးအတွင်းသို့ ရုတ်တရက် တိုးဝင်ပျောက်ကွယ် သွားလေသည်။ ထိုခဏမှာပင် မမြင်နိုင်သော လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ထူးဆန်းလှသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာတော့သည်။ ချင်ချင် မီးဖိုကြီးတစ်ခုအတွင်းသို့ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး၊ သူမ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်များ ထွက်ပေါ်လာကာ တစ်စစီ လောင်ကျွမ်းတော့မည့်အတိုင်းပင် ဖြစ်နေတော့သည်။

“အားးး...!”

“အစ်ကိုကြီး၊ ဒီဘက်မှာ!”

ကျားကြီးမှာ မြေပြင်ပေါ်ရှိ သွေးစွန်းနေသော သဲလွန်စများကို တွေ့ရှိသွားပြီး၊ အခြားတစ်ဖက်သို့ လျှောက်လှမ်းတော့မည့် ဟန်တယွီအား အမြန်ပင် ဆွဲတားလိုက်သည်။

“လိုက်မယ်!”

ဟန်တယွီ စကားမရှည်တော့ဘဲ ကျားကြီးနှင့်အတူ ထိုသွေးကွက်များနောက်သို့ ချက်ချင်း လိုက်လံရှာဖွေတော့သည်။ သူတို့သည် ဖူစစ်ကျင်း ရှိနေသော နေရာနှင့် မဝေးတော့ပေ။ ဓာတ်မီးရောင်များ ဟိုဟိုဒီဒီ ဝေ့ယမ်းလိုက်သည့်အခါတွင်မူ သွေးအိုင်အတွင်း၌ မလှုပ်မယှက် လဲလျောင်းနေသော ဖူစစ်ကျင်းအား အမြန်ပင် တွေ့ရှိသွားကြလေတော့သည်။

သူ သတိအလုံးစုံ မလွတ်သေးသော်လည်း အသက်ရှူသံမှာမူ အလွန်ပင် အားနည်းလွန်းနေချေပြီ။ ဤအတိုင်းသာ ပစ်ထားခဲ့မည်ဆိုလျှင်ပင် ဖူစစ်ကျင်းမှာ ကယ်တင်မည့်သူများ ရောက်ရှိလာသည်အထိ အသက်ဆက်ရန် အခွင့်အရေး မရှိသလောက်ပင်။ သို့မဟုတ် ကယ်တင်မည့်သူများ ရောက်လာခဲ့လျှင်ပင် သူ့အား ကယ်တင်ရန်မှာ အချိန်နှောင်းသွားလောက်ပြီ ဖြစ်သည်။ သေခြင်းတရားမှာ သူ၏ ရှောင်လွှဲ၍မရနိုင်သော လမ်းဆုံးပန်းတိုင်ပင် ဖြစ်တော့သည်။

“ငါ ဘာတွေ့လိုက်သလဲ ကြည့်စမ်း... ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ကြွက်စုတ်လေးတစ်ကောင်ပါလား”

ဟန်တယွီနှင့် ကျားကြီးတို့မှာ ဖူစစ်ကျင်းရှိရာသို့ တဖြည်းဖြည်းချင်း နီးကပ်လာကြသည်။ ဖူစစ်ကျင်း၏ အသက်ငင်နေသော အခြေအနေအား ဟန်တယွီ မြင်တွေ့နေရသော်လည်း၊ ၎င်းမှာ သူ၏ရက်စက်လှသော လက်စားချေလိုစိတ်ကို စိုးစဉ်းမျှ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

“သနားစရာလေးပဲ... မင်း သေရတော့မယ်”

လှောင်ပြောင်သရော်သော သက်ပြင်းတစ်ချက်နှင့်အတူ ဟန်တယွီ လက်ထဲမှ ဓားကို မြှောက်လိုက်လေသည်။

“မင်း သနားဖို့ကောင်းနေတာနဲ့ပဲ ငါ စိတ်ကောင်းဝင်ပြီး မင်းကို လမ်းဆုံးအထိ အရောက်ပို့ပေးလိုက်မယ်၊ သေဖို့ စောင့်ဆိုင်းနေရတာက အရမ်းနာကျင်ဖို့ ကောင်းတယ် မဟုတ်လား?”

လေထုကိုခွင်း၍ ဓားချက်မှာ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။ ဤတစ်ကြိမ်တွင်မူ ဓားသွားမှာ အသားထဲသို့ အမှန်တကယ်ပင် စိုက်ဝင်သွားခဲ့လေပြီ။ သို့သော်... ဓားဒဏ်ရာ ရရှိသွားသူမှာ ဖူစစ်ကျင်း မဟုတ်ပေ။

ဖူစစ်ကျင်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ၊ သူ့မျက်နှာမှာ ထိတ်လန့်မှုကြောင့် တောင့်တင်းသွားရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသော်လည်း သူ့မျက်နှာပေါ်သို့ စင်ဟပ်လာသော သွေးနွေးနွေးများကိုမူ သူ ရှင်းလင်းစွာ ခံစားသိရှိနေသည်။ မြင့်မားသွယ်လျသော ပုံရိပ်တစ်ခုမှာ သူ့ရှေ့မှောက်၌ အားကိုးရာမဲ့စွာ ဒူးထောက်လျက်၊ သူ့ကိုယ်ပေါ်သို့ လဲကျနေလေသည်။ တုန်ရီနေသော နုနယ်သည့် လက်တစ်ဖက်မှာ သူ့ပါးပြင်အား အသာအယာ ပွတ်သပ်ပေးနေပြီး၊ ပူနွေးလှသော မျက်ရည်တစ်စက်မှာ သူ၏ မျက်ခွံပေါ်သို့ တောက်ခနဲ ကျဆင်းလာခဲ့သည်။

ဖူစစ်ကျင်း ဗီဇအရပင် မျက်လုံးကို ခဏမျှ မှိတ်ထားလိုက်မိပြီးနောက် ပြန်လည်ဖွင့်ကြည့်လိုက်သည့်အခါတွင်မူ၊ မြင်တွေ့လိုက်ရသည့် မြင်ကွင်းအား သူကိုယ်တိုင်ပင် မယုံကြည်နိုင်အောင် ဖြစ်နေရတော့သည်။ သူ့မား... လူကြီးတစ်ယောက်အဖြစ်သို့ ပြန်လည်ရောက်ရှိသွား ပြီဖြစ်သော သူ့မားသည်... သူ့အား အသက်စွန့်၍ ကာကွယ်ပေးခဲ့ခြင်းပင်။

“မား!”

ရင်ကွဲမတတ် နာကျင်လှသောအော်ဟစ်သံတစ်ခုမှာ တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။

“အဆင်... ပြေပါတယ်...”

ချင်ချင် ပါးစပ်ကို အသာအယာဟလိုက်ရာ၊ သူမ နှုတ်ခမ်းထောင့်မှ သွေးနွေးနွေးများမှာ အရှိန်ဖြင့် စီးကျလာတော့သည်။ သို့သော်လည်း သူမသည် သားဖြစ်သူ စိတ်အား အေးချမ်းစေရန်အတွက် အစွမ်းကုန် အားယူ၍ပြုံးပြနေရှာဆဲပင်။ သူမသည် လူကြီးဘဝသို့ ရောက်ရှိနေစဉ် တစ်လျှောက်လုံး ပုံမှန်အတိုင်းပြုံးရမည်ကို မေ့လျော့နေခဲ့သဖြင့်၊ ယခုအချိန်တွင် သူမ အပြုံးမှာ အနည်းငယ် တောင့်တင်းနေရှာသည်။

“အဆင်ပြေပါတယ်...”

ကူးချင်ချင် သူမ ကလေးငယ်အား အတတ်နိုင်ဆုံး နှစ်သိမ့်ပေးနေမိသည်။

“သား ဘာမှမဖြစ်တော့ဘူး... ဒါကြောင့်...” (မားမား သေသွားရရင်တောင် ဘာမှမဖြစ်ပါဘူး) ဟု သူမ စိတ်ထဲမှ ဆိုနေမိသည်။

“ဟက်... နင်ကတော့ တကယ်ကို သေချင်နေတာပဲ!”

နောက်ဆုံးတစ်ချက်မှာ အချက်အချာကျသော နေရာသို့ တိုက်ရိုက် မထိမှန်ခဲ့သဖြင့် ဟန်တယွီ ချင်ချင်ကျောပြင်မှ ဓားကို ရက်စက်စွာ ဆွဲနှုတ်လိုက်ပြီး၊ အဆုံးသတ် ဓားချက်အားပေးရန် ပြန်လည် ပြင်ဆင်လိုက်လေသည်။

ဓားမြှောင်ဆီမှ အေးစက်လှသော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်နှင့် တစ်ပြိုင်နက်တည်းမှာပင်၊ ပြင်းထန်သော သေနတ်သံတစ် ချက်မှာ တောအုပ်အတွင်း ဟိန်းထွက်လာတော့သည်။

“မလှုပ်နဲ့! ရဲတွေ!”

ကယ်တင်မည့်သူများ ရောက်ရှိလာပြီ!

ရဲတပ်ဖွဲ့ဝင်များကို မြင်လိုက်ရသည့်အခါ ဟန်တယွီနှင့် ကျားကြီးတို့မှာ လှည့်၍အသည်းအသန် ထွက်ပြေးကြလေရာ၊ ရဲများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးကြတော့သည်။

ရဲများ၏ ဘေးတွင် အတူပါလာသော ဖူဟန်မှာ သူ့ဇနီးနှင့် သားဖြစ်သူတို့ သွေးအိုင်ထဲတွင် အတူတူ လဲလျောင်းနေကြသည်ကို မြင်လိုက်ရသည့် ခဏ၊ သူ့မျက်လုံးသူငယ်အိမ်များမှာ တုန်လှုပ်မှုကြောင့် ကျုံ့သွားကာ ထိုနေရာသို့ အပြေးအလွှား သွားရောက်တော့သည်။

“ချင်ချင်! အားကျင်း! လူနာတင်ကား ခေါ်ကြစမ်း... လူနာတင်ကား အမြန်ခေါ်ကြပါဦး!...”

ကံကောင်းထောက်မစွာဖြင့် ရဲတပ်ဖွဲ့မှာ ထိုကဲ့သို့သော အခြေအနေဆိုးမျိုးအား ကြိုတင်ခန့်မှန်းထားသဖြင့်၊ ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့ချင်းစီတွင် ကျန်းမာသန်စွမ်းသော လူငယ်ဆရာဝန်တစ်ဦးစီ ထည့်သွင်းပေးထားခဲ့သည်။

ဆရာဝန်ကို အမြန်ခေါ်ယူလိုက်ပြီးနောက်၊ သူ ဖူဟန်နှင့် အခြားသူများကို လူနာနှစ်ဦးအား တစ်ဦးစီ ခွဲထုတ်ရန် ညွှန်ကြားကာ ဒဏ်ရာများကို အသေးစိတ် စစ်ဆေးတော့သည်။

“ဒဏ်ရာရထားတဲ့ နှစ်ယောက်လုံးသွေးထွက် အရမ်းများနေတယ်၊ ထမ်းစင်တွေ အမြန်ယူလာခဲ့ကြ၊ ဆေးရုံရောက်ရင် အရေးပေါ် သွေးသွင်းဖို့ လိုအပ်လိမ့်မယ်!”

ဆရာဝန်မှာ အစပိုင်းတွင် သွေးတိတ်အောင် ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ သူ၏ ကျွမ်းကျင်လှသော ရှေးဦးသူနာပြုစုမှုဖြင့် ချင်ချင်ကျောပြင်ရှိ ဓားဒဏ်ရာကို အမြန်ပင် သွေးတိတ်စေနိုင်ခဲ့သော်လည်း၊ ဖူစစ်ကျင်း ခန္ဓာကိုယ်ကို စစ်ဆေးသည့်အခါတွင်မူ...

“ထူးဆန်းလိုက်တာ... ဘာလို့ ဒဏ်ရာတစ်ခုမှ ရှာမတွေ့တာလဲ?”

သူ့အင်္ကျီများပေါ်တွင် သွေးများ ရွှဲနစ်နေသော်လည်း၊ ကိုယ်ခန္ဓာပေါ်၌ ဒဏ်ရာဟူ၍ လုံးဝ ရှာဖွေမတွေ့ရှိခြင်းပင် ဖြစ်သည်။ ဆရာဝန်မှာ ထူးဆန်းအံ့သြစွာဖြင့် နောက်ထပ် နှစ်ကြိမ်တိုင်တိုင် ထပ်မံစစ်ဆေးနေမိရာ၊ ဖူဟန်မှာ စိတ်ပူလာပြီး သားဖြစ်သူ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် အတင်းအကျပ် မေးမြန်းလာတော့မှသာ ဆရာဝန် သံသယများစွာဖြင့် ဖူစစ်ကျင်းအား ထမ်းစင်ပေါ်သို့ တင်ခိုင်းလိုက်တော့သည်။

'အမျိုးသမီးလူနာရဲ့ သွေးတွေ သူ့ကိုယ်ပေါ် စင်ဟပ်သွားတာပဲ ဖြစ်မှာပါလေ' ဟု ဆရာဝန်မှာ ထိုအကြောင်းပြချက်ဖြင့်သာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်ရတော့သည်။

ချင်ချင်တို့ ပြန်ပေးဆွဲခံခဲ့ရသော စွန့်ပစ်စက်ရုံမှာ မြို့ပြင်၌ တည်ရှိပြီး သစ်ပင်တောအုပ်များ ထူထပ်လှသော်လည်း၊ သွားလာရေးလမ်း ကြောင်းမှာမူ အတော်အတန် ကောင်းမွန်လှသည်။ ထို့ကြောင့် တောအုပ်အတွင်းမှ ထွက်လာပြီး ငါးမိနစ်အတွင်းမှာပင် ရဲကားများနှင့် လူနာတင်ကားများစွာ စုဝေးရောက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။

သတင်းရရှိထားသော ကူးလန်နှင့် အခြားသူများမှာလည်း ထိုနေရာ၌ စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

သူတို့သည် ချင်ချင်တို့အား ဖမ်းဆီးခေါ်ဆောင်သွားသော နေရာကို ဂြိုဟ်တုစောင့်ကြည့်ရေးစနစ် အကူအညီဖြင့် အကြမ်းဖျင်း ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီးနောက်၊ အဖွဲ့များစွာခွဲကာ အရပ်မျက်နှာအသီးသီးသို့ ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြခြင်းဖြစ်သည်။ မည်သည့်အဖွဲ့ကပင် အရင်တွေ့ရှိပါစေ အခြားသူများထံသို့ ချက်ချင်း အကြောင်းကြားရန်လည်း ကြိုတင်သဘောတူညီထားကြသည်။

နောက်ဆုံးတွင်မူ ဖူဟန် ကံကောင်းထောက်မစွာဖြင့် ချင်ချင်တို့အား ဦးစွာရှာဖွေတွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် သူသည် ဇနီးနှင့် သားဖြစ်သူတို့၏ပြင်းထန်လှသော ဒဏ်ရာများကိုမြင်တွေ့လိုက်ရသဖြင့် စိုးရိမ်ထိတ်လန့်စိတ်များ လွှမ်းမိုးနေကာ၊ အခြားသူများထံ သတင်းပို့ရန်ပင် သတိမရနိုင်လောက်အောင်ဖြစ်နေခဲ့ရသည်။

ကံကောင်းသည်မှာ ရဲတပ်ဖွဲ့တွင် ကိုယ်ပိုင်ဆက်သွယ်ရေး လမ်းကြောင်းများရှိနေသဖြင့်၊ သူတို့အား စတင်တွေ့ရှိခဲ့သော ရဲဘော်များမှာ ရှာဖွေရေးလုပ်နေဆဲဖြစ်သည့် အခြားသူများထံသို့ သတင်းပေးပို့ပြီးသားဖြစ်နေခြင်းပင်။

ထိုသတင်းစကားမှာ ကူးလန်တို့အဖွဲ့ထံသို့လည်း အချိန်မီရောက်ရှိသွားခဲ့သည်။

ချင်ချင်နှင့် ဖူစစ်ကျင်းတို့မှာ ပြင်းထန်သော ဒဏ်ရာများရရှိထားကြသဖြင့်၊ ကားအရှိန်ကြောင့် ဒဏ်ရာများ ပိုမသက်မသာ ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖူဟန်တို့အဖွဲ့မှာ အမြန်နှုန်းကို လျှော့ချ၍ဂရုတစိုက်မောင်းနှင်ခဲ့ကြသည်။

ထို့ကြောင့် ကူးလန်တို့အဖွဲ့မှာ ပိုမိုစောစီးစွာပြန်လည်ရောက်ရှိလာကြပြီး၊ အခင်းဖြစ်ပွားရာ စက်ရုံပတ်ဝန်းကျင်ကိုမူ ရဲတပ်ဖွဲ့မှဝိုင်းရံပိတ်ဆို့ ထားလိုက်လေသည်။

“သူတို့ လာကြပြီ!”

အသက်ငယ်ရွယ်ပြီး မျက်စိလျင်လှသော ဖူစစ်ချန်မှာ အဝေးမှ လာနေသော ဖူဟန်တို့အဖွဲ့ကို လှမ်း၍ မြင်တွေ့လိုက်ရသည်။ သူ အော်ဟစ် အချက်ပေးရင်း သူ့မိသားစုထံသို့ အပြေးအလွှား သွားရောက်တော့သည်။ ပိုင်ချီယွီနှင့် ကူးလန်တို့ကလည်း နောက်မှချက်ချင်းလိုက်ပါသွား ကြသည်။

ထိုအမျိုးသား သုံးဦးမှာ အနားသို့ရောက်ရှိသွားသည့်အခါ၊ သွေးများဖြင့် ရွှဲနစ်နေသော ဖူစစ်ကျင်းနှင့် ချင်ချင်အားမြင်လိုက်ရသဖြင့် သူတို့မျက်လုံးများမှာ ချက်ချင်းနီမြန်းလာတော့သည်။

“ဘယ်လို... ဘယ်လိုလုပ်ပြီး သွေးတွေ ဒီလောက်တောင်များနေရတာလဲ!”

ဖူစစ်ချန်လက်အစုံမှာ တုန်ရီနေမိသည်။ မိသားစု၏ကာကွယ်စောင့်ရှောက်မှုအောက်တွင် အမြဲတစေနေထိုင်ခဲ့ရသော သူ့အတွက်၊ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းနှင့် ရင်ဆိုင်ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ အထူးသဖြင့် ထမ်းစင်ပေါ်တွင် ဒဏ်ရာအပြင်း အထန်ဖြင့် လဲလျောင်းနေသူများမှာ သူ အချစ်ရဆုံးသောသွေးသားရင်းချာများဖြစ်နေသောကြောင့် ပိုခံစားရခက်နေရှာသည်။

“လမ်းမပိတ်ပါနဲ့... လူနာတွေကို ဆေးရုံအမြန်ဆုံးပို့ပေးရပါမယ်!”

ဆရာဝန်သည် ဖူစစ်ချန်နှင့်အခြားသူများအား ဘေးသို့ အသာအယာ တွန်းဖယ်လိုက်ပြီးနောက်၊ လူနာတင်ထမ်းစင်များကို အမြန်နှုန်းဖြင့် တွန်းထုတ်ကာ ဖြတ်ကျော်သွားတော့သည်။

ထိုအခိုက်အတန့်တွင် အချိန်ကာလမှာ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဖူစစ်ချန် ထမ်းစင်ပေါ်တွင် သတိလစ်မေ့မြောနေသော သူ့မား (အရွယ်ရောက်ပြီးသား ပုံစံ) ကို ငေးကြည့်ရင်း၊ ရုတ်တရက် ပြင်းထန်လှသော ကြောက်ရွံ့မှုများမှာ သူ့စိတ်နှလုံးကို လွှမ်းမိုးသွားတော့သည်။

“ငါ... ငါက အမေမရှိတဲ့ ကလေးတစ်ယောက် ဖြစ်သွားတော့မှာလား...?”

“ဖြောင်း...!”

ရောက်ရှိလာသော အန်းရန်မှာ ထိုစကားကိုကြားလိုက်ရသဖြင့်၊ ဖူစစ်ချန်အား ချက်ချင်းပင် ပါးရိုက်လိုက်ကာ သူ့အသိစိတ်ကို ပြန်လည်နှိုးဆော်လိုက်သည်။

“ဒီလိုအချိန်မှာ အဲဒီလိုနိမိတ်မရှိတဲ့ စကားမျိုးမပြောစမ်းနဲ့!”

ဖူစစ်ချန် သူ့ပါးပြင်အား လက်ဖြင့် အုပ်ထားရင်း အန်းရန်ကိုကြည့်လိုက်ကာ၊ ရုတ်တရက် သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး လမ်းပျောက်နေသော ကလေးတစ်ယောက်ကဲ့သို့ အားကိုးရာမဲ့စွာငိုချလိုက်လေတော့သည်။

“အန်းရန်... ငါ ဘယ်လိုလုပ်ရမလဲ၊ ငါ အရမ်းကြောက်တာပဲ၊ ငါ တကယ်ကို ကြောက်နေမိပြီ... ငါ မားမားမရှိတဲ့ ကလေးတစ်ယောက် မဖြစ်ချင်ဘူး!”

အရပ် (၆) ပေကျော် မြင့်မားသော အမျိုးသားကြီးတစ်ဦးမှာ အရပ် (၆) ပေပင် မပြည့်သည့် မိန်းကလေးငယ်လေးအား ဖက်တွယ်၍ အော်ဟစ်ငိုယိုနေသည့် မြင်ကွင်းမှာ အလွန်ပင်မလိုက်ဖက်လှပေ။ သို့သော် ထိုနေရာ၌ ရှိနေကြသူတိုင်းမှာ အမှန်တရားကို ကောင်းစွာ သိရှိထားကြသဖြင့် မည်သူမျှ လှောင်ပြောင်ရယ်မောခြင်း မရှိဘဲ၊ ဖူစစ်ချန်ကို သနားကရုဏာ သက်ရောက်သော မျက်လုံးများဖြင့်သာ ကြည့်ရှုနေကြတော့သည်။

မိမိအမေနှင့် အစ်ကိုဖြစ်သူတို့မှာ ပြင်းထန်လှသော ဒဏ်ရာများဖြင့် အသက်အန္တရာယ် စိုးရိမ်နေရသည့် အခြေအနေတွင် မည်သူမဆို စိတ်ဓာတ်ကျ အားငယ်သွားမည်မှာ ဓမ္မတာပင်။

ဖူဟန်နှင့် ကူးလန်တို့သည် ဒဏ်ရာရရှိထားသူ နှစ်ဦးနှင့်အတူ လူနာတင်ကားပေါ်သို့ အပြေးအလွှား လိုက်ပါသွားကြသည်။ ပိုင်ချီယွီမှာမူ ကားတံခါးအပြင်ဘက်တွင်သာ ကျောက်ရုပ်ကဲ့သို့ မတ်တပ်ရပ်နေပြီး၊ ကားပေါ်သို့ တက်မည့် အရိပ်အယောင် စိုးစဉ်းမျှ မပြပေ။

“မင်း မလိုက်ဘူးလား?”

ကူးလန် ပိုင်ချီယွီအား နားမလည်နိုင်သကဲ့သို့ မေးမြန်းလိုက်သည်။

“မလိုက်တော့ဘူး၊ မင်းတို့ပဲ အရင်သွားကြ”

ပိုင်ချီယွီ ကားတံခါးကို အေးစက်တည်ငြိမ်စွာပိတ်လိုက်လေသည်။

တရားခံကိုအမိမဖမ်းရသေးဘဲနဲ့ သူ ဘယ်လိုလုပ်ထွက်သွားနိုင်မှာလဲ?

All Chapters