အခန်း (၁၁၅)
Vol. 13 Ch. 115
လူနာတင်ကားမှာ ဥသြသံတညံညံ ပေးလျက် အရှိန်ပြင်းစွာဖြင့် မောင်းနှင်ထွက်ခွာသွားတော့သည်။ အတားအဆီးများ ဝိုင်းရံပိတ်ဆို့ထားသည့် စက်ရုံပျက်အတွင်းမှ ဟန်ဝေ့လန်သည် သူမ မိခင်ဖြစ်သူအား ဖြည်းညင်းစွာ တွဲကူ၍ ထွက်လာခဲ့သည်။
အရပ်အမောင်း မြင့်မားသွယ်လျသော အမျိုးသားတစ်ဦးသည် သူတို့အား မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက်၊ သတိလစ်မေ့မြောနေသော ဟန်ကျင်းချန်အား ချက်ချင်းပွေ့ချီယူလိုက်လေသည်။
“အန်တီ... အဆင်ပြေရဲ့လား”
သူ့နက်ရှိုင်းလှသော အသံအတွင်း၌ စစ်မှန်သော စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်နေတော့သည်။
“အဆင်ပြေပါတယ်... နည်းနည်းလန့်သွားရုံ တင်ပါပဲ”
ဟန်ဝေ့လန် ခေါင်းခါပြလိုက်ပြီး ဆရာဝန့်အကူအညီဖြင့် သူမ မိခင်အား အခြားလူနာတင်ကားတစ်စီးပေါ်သို့ တွဲတင်ပေးလိုက်သည်။ ဟန်ကျင်းချန်ကို ပွေ့ချီထားသော ထိုအမျိုးသားကလည်း အတူတူလိုက်ပါလာခဲ့သည်။
"ကလေးကို ချလိုက်ပါ၊ ကျွန်တော် စစ်ဆေးကြည့်ဖို့ လိုမယ်"
ဆရာဝန်မှ ထိုအမျိုးသားကို ဟန်ကျင်းချန်အား အလယ်ခုတင်ပေါ်တွင် သိပ်ရန်ညွှန်ကြားလိုက်သည်။ ကလေးမှာ အချိန်အတော်ကြာ သတိလစ်နေခဲ့သဖြင့် တစ်ခုခု ချို့ယွင်းနေမည်ကို စိုးရိမ်ရပေသည်။
"ကျေးဇူးပြုပြီး ကြည့်ပေးပါ ဆရာ"
ထိုအမျိုးသားမှာ ဆရာဝန် ညွှန်ကြားချက်ကို လိုက်နာကာ ကလေးအား ချထားပေးလိုက်ပြီး၊ ဆရာဝန်မှ ဆေးဘက်ဆိုင်ရာ ကိရိယာမျိုးစုံဖြင့် စစ်ဆေးနေသည်ကို ကြည့်နေမိသည်။ ရုတ်တရက် သူ မေးလိုက်သည်။
"သူ့နာမည်က ဘယ်သူလဲ?"
ဟန်ဝေ့လန်က "ဟန်ကျင်းချန်ပါ"
"ဘာလို့ မျိုးရိုးက 'ချန်' မဟုတ်ရတာလဲ?"
ထိုအမျိုးသားမှာ သူတို့ဆက်နွှယ်မှုအား ကောင်းကောင်းသိသည်။ ဟန်ဝေ့လန်အနေဖြင့် ထိုကလေးကို သူ့မျိုးရိုးအမည် ပေးမည်မဟုတ်ကြောင်း သူသိသလို၊ ကလေးအား ထိုမျိုးရိုးအမည်ပေးခဲ့သည့် လူအပေါ် သူမ၏မုန်းတီးမှုကိုလည်း သူနားလည်သည်။
“မားက ခွင့်မပြုလို့”
ဟန်ဝေ့လန် တိုးတိုးလေးပြောရင်း သူမ မိခင်အား သူမ ပခုံးပေါ မှီခိုင်းလိုက်သည်။
ဟန်ဝေ့လန်မိခင်မှာ လက်ကလေးများ တုန်ရီနေသော်လည်း ဟန်ဝေ့လန် ထိုလက်ကလေးကို အသာအယာ ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။
သူမ အပြစ်တင်လိုသော သဘောဖြင့်ပြောခြင်းမဟုတ်ပါ။
“ငါတို့ ပြန်ရောက်ရင် ကျင်းချန်ရဲ့နာမည်ကို ပြောင်းလိုက်ကြစို့၊ မျိုးရိုးကိုတော့ သမီးသဘောပဲ”
သမီးဖြစ်သူ ထိုသို့မရည်ရွယ်သော်လည်း မိခင်ဖြစ်သူမှာတော့ ဂရုစိုက်ရပေမည်။ ၎င်းအပြင် ဟန်တယွီသည်လည်း သူတို့အပေါ် လွှမ်းမိုးနေသော အရိပ်မည်းကြီးမဟုတ်တော့သဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်ရန် ထိုမျိုးရိုးအမည်အားကို ဆက်သုံးနေဖို့မလိုတော့ပေ။
“ပြန်ရောက်မှပဲ အေးအေးဆေးဆေး ပြောကြတာပေါ့၊ နာမည်ကောင်းတစ်ခုဆိုတာ ခဏလေးနဲ့ စဉ်းစားလို့ရတာမှ မဟုတ်တာ၊ မား... သမီးကိုမှီပြီး ခဏလောက် နားလိုက်ဦးနော်၊ ခဏနေရင် ဆေးရုံမှာ လုပ်စရာတွေ အများကြီး ရှိဦးမှာ”
သူမ မိခင်မှာ အပေါ်ယံကြည့်လျှင် အဆင်ပြေပုံရသော်လည်း ဟန်ဝေ့လန် စိတ်မချသဖြင့် သေချာပေါက် ကျန်းမာရေးစစ်ဆေးမှု အပြည့်အဝ လုပ်ပေးရန် ဆုံးဖြတ်ထားသည်။
မိခင်အား နှစ်သိမ့်ပြီးနောက် ဟန်ဝေ့လန်မော့ကြည့်လိုက်ရာ၊ သူတို့ နောက်ဆုံးဆုံခဲ့ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ထိုအမျိုးသား၏ အကြည့်နှင့် ဆုံသွားသည်။
“ကျေးဇူးတင်ပါတယ်၊ ဝမ်ချီ”
“မလိုပါဘူး၊ ငါ ဒါကို ငါတို့ကလေးအတွက် လုပ်တာပါ”
ဝမ်ချီ ဟန်ဝေ့လန်၏ကျေးဇူးတင်စကားကို ရှောင်လွှဲရန် မျက်လွှာချလိုက်သည်။
သူအလိုရှိသည်မှာ သူမ၏ ကျေးဇူးတင်စကားမဟုတ်ဘဲ ခွင့်လွှတ်မှုသာဖြစ်သည်။
ဟန်ဝေ့လန်ကမူ အတိတ်အားပြန်မတူးဖော်ချင်သည်မှာ သိသာလှသည်။ ကျေးဇူးတင်စကားပြောပြီးနောက် သူမ အဝေးသို့ ကြည့်လိုက်ပြီး သူ့အား ထပ်မကြည့်တော့ပေ။
ကားထဲတွင် တိတ်ဆိတ်မှုတို့ လွှမ်းမိုးသွားပြီး ဆရာဝန်၏စစ်ဆေးသံသဲ့သဲ့သာကြားနေရတော့သည်။
အခြားကားတစ်စီးပေါ်တွင်မူ သူတို့နှင့် ဆန့်ကျင်ဘက် အခြေအနေမျိုးဖြစ်နေသည်။ ဖူဟန် ချင်ချင်လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သွေးများပေကျံနေသော သူမ လက်ကို သူ့နဖူးတွင်ကပ်ကာ မျက်လုံးမှိတ်ဆုတောင်းနေမိသည်။
ကူးလန် သူ့မျက်စိရှေ့မှ လူတိုင်းအားစိုးရိမ်တကြီး စောင့်ကြည့်ရင်း မျက်နှာချင်းဆိုင်တွင်ထိုင်နေသည်။
"ဘီ... ဘီ... ဘီ..."
ဖူဟန် ဖုန်းမြည်လာသော်လည်း သူ မကြားသလိုပင်၊ လုံးဝ မလှုပ်မယှက်ရှိနေသည်။
ဖုန်းမှာ အတော်ကြာ မြည်နေပြီးမှရပ်သွားကာ၊ ထို့နောက် ထပ်မံတုန်ခါလာပြန်သည်။
ယခုတစ်ကြိမ်မှာတော့ ကူးလန်၏ဖုန်းပင်။
သူ ဖုန်းဖြေလိုက်ရာ တစ်ဖက်မှ ပိုင်ချီယွီ ဖြစ်နေသည်။
ပိုင်ချီယွီ ရိုးရှင်းသော စကားတစ်ခွန်းသာ ပြောခဲ့သည်။
"လူကို မိပြီ"
ကူးလန်မျက်နှာတွင် ယနေ့အတွက် ပထမဆုံး အပြုံးတစ်ခု ပေါ်လာသော်လည်း ၎င်းမှာ အေးစက်စက် လှောင်ပြုံးတစ်ခုသာ ဖြစ်သည်။
"မိပြီလား? အတော်ပဲ၊ ဒီတစ်ခါတော့ ဒီလို လူ့အမှိုက်မျိုးကို ကမ္ဘာကြီးပေါ်မှာ ထပ်ပြီး သောင်းကျန်းခွင့် ငါပေးမှာ မဟုတ်တော့ဘူး"
အခြားတစ်ဖက်ရှိ ဖူဟန်မှာလည်း ဖုန်းများစတင်ခေါ်ဆိုနေပြီဖြစ်သည်။
ချင်ချင်နှင့် သူ့သားအား ထိခိုက်အောင် လုပ်ဝံ့သူတွေကို သူ ဘယ်တော့မှ အလွယ်တကူလွှတ်ပေးမည် မဟုတ်ပေ!
လူနာတင်ကား ဆေးရုံသို့ ရောက်ရှိလာပြီး ဖူစစ်ကျင်းနှင့် ချင်ချင်အား အရေးပေါ်ကုသရန်အတွင်းသို့ အမြန်ခေါ်ဆောင်သွားကြသည်။
ဖူဟန်နှင့် ကူးလန်တို့ အပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေရသလို၊ တစ်ဖက်တွင်လည်း စိုးရိမ်တကြီး ဆက်သွယ်လာသော ဖုန်းများကို ဖြေကြားနေရသည်။
ဖူမိသားစုလူကြီးများ၊ အဘွားထင်း၊ အိမ်တော်ထိန်းကြီး...
ချင်ချင်တို့ မတော်တဆဖြစ်မှုကို သိထားသူတိုင်းမှာ အခြေအနေအား သိရှိရန် ဖုန်းဆက်ကြသည်။ သူတို့အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်ကြောင်း သိရသည့်အခါ အားလုံးက စိတ်မပူရန်နှင့် ကံကောင်းခြင်းများ ရှိလာမည်ဖြစ်ကြောင်း နှစ်သိမ့်စကားများပြောကြသည်။
ထိုအနှစ်သာရမရှိသော နှစ်သိမ့်စကားများမှာ ဖူဟန်နှင့် ကူးလန်အတွက် အသုံးမဝင်ပေ။ သူတို့ ခပ်နွမ်းနွမ်းသာ ပြန်ဖြေလိုက်ပြီး ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။
ဖူစစ်ကျင်း အရင်ဆုံး ထွက်လာသည်။
တကယ်တမ်းတွင် သူသည် အရေးပေါ်ခန်းထဲ၌ နာရီဝက်ခန့်သာ ကြာခဲ့ပြီး ဆရာဝန်များ ထုတ်လာခြင်းဖြစ်သည်။
ဖူဟန်နှင့် ကူးလန်တို့ ဒဏ်ရာအခြေအနေအား မေးမြန်းရန် ချက်ချင်းအပြေးအလွှားသွားကြသည်။
"လူနာက အသက်အန္တရာယ်က စိတ်ချရပါပြီ၊ ရှနာရာနဲ့ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ပဲ ရှိပေမဲ့၊ ထူးဆန်းတာက သူက ပုံမှန်ထက် သွေးတွေ အများကြီး ဆုံးရှုံးသွားတာပဲ၊ ဝမ်းဗိုက်မှာ အရမ်းနက်တဲ့ ဒဏ်ရာကြီးတစ်ခုရှိခဲ့သလိုမျိုးပေါ့"
ဆရာဝန်ကိုယ်တိုင်ပင် ထိုအချက်အား နားမလည်နိုင်ဖြစ်နေသော်လည်း သိပ္ပံနည်းကျ ချဉ်းကပ်သူပီပီ လျှောက်မတွေးမိအောင် ထိန်းထားသည်။
ထိုစကားကို ကြားသောအခါ ဖူဟန်နှင့် ကူးလန်တို့ တစ်စုံတစ်ခုအား ရိပ်မိလိုက်ကြသော်လည်း လူနာနိုးလာမှသာ အတည်ပြုနိုင်မည်ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
မည်သို့ပင် ခန့်မှန်းထားပါစေ၊ ဖူဟန်နှင့် ကူးလန်တို့ မည်သူ့ကိုမျှ သံသယမဝင်စေရန် ထိန်းထားရမည်ဟု သိထားကြသည်။
သူတို့မေးခွန်းများကြားတွင် ဆရာဝန်မှာ ဝေဝေဝါးဝါးဖြစ်သွားပြီး ဖူစစ်ကျင်း၏ ထူးဆန်းသော အခြေအနေအား မကြာခင်မှာပင် မေ့လျော့သွားတော့သည်။
ဖူစစ်ကျင်းနှင့် ယှဉ်လျှင် ချင်ချင်အား ကုသမှုမှာပိုကြာမြင့်ခဲ့သည်။
သူမ ဒဏ်ရာများမှာ အစစ်အမှန်များဖြစ်နေသောကြောင့်ပင်။
ဆရာဝန် သွေးတိတ်အောင်လုပ်ရန်နှင့် ဒဏ်ရာများကို ချုပ်ရန် အချိန်အတော်ယူခဲ့ရသည်။ သူမ အရေးပေါ်ခန်းထဲမှ ထွက်လာသည့်အချိန်တွင် အပြင်ဘက်၌ နေ့အလင်းရောင်ရနေပြီဖြစ်သည်။
ရှစ်နာရီတိတိ ကြာမြင့်ခဲ့ပြီး အရုဏ်တက်နေပြီဖြစ်သည်။
"ဆရာ... ကျွန်တော့်ဇနီး အခြေအနေဘယ်လိုလဲ?"
နောက်ဆုံးတွင် ချင်ချင်အမှတ်အသားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်ခဲ့ပြီဖြစ်သော်လည်း၊ ဖူဟန် ထိုအချက်ထက် သူမ ဘေးကင်းဖို့ကိုသာ ဆုတောင်းနေမိသည်။
"လူနာက အခြေခံအားဖြင့်တော့ စိတ်ချရပါပြီ၊ ဒါပေမဲ့ နောက်ထပ် စောင့်ကြည့်ဖို့ အထူးကြပ်မတ်ကုသဆောင် (ICU) ကို ရွှေ့ရပါမယ်၊ မိသားစုဝင်တွေ အပြင်ကနေ ကြည့်လို့ရပေမဲ့ နောက်ထပ် သုံးရက်အတွင်းတော့ အတွင်းထဲ မဝင်တာအကောင်းဆုံးပါပဲ"
ရှစ်နာရီကြာ အဆက်မပြတ် ကုသပေးခဲ့ရသော ဆရာဝန်မှာ အလွန်ပင် မောပန်းနေချေပြီ။ သူသည် သူနာပြု၏ အကူအညီဖြင့် ထွက်ခွာသွားတော့သည်။
ဖူဟန်တို့ ကျေးဇူးတင်စကားတောင် အချိန်မီ မပြောလိုက်ရပေ။
ဆရာဝန်များမှာ ကရုဏာရှင်များ ဖြစ်ကြသည်၊ ထိုကျေးဇူးအား သူတို့ ရင်ထဲမှာ မှတ်ထားကြပါလိမ့်မည်။
သူတို့ ဖူစစ်ကျင်းထံသို့ ခဏသွားကြည့်ပြီးနောက် ချင်ချင်အခန်းရှေ့သို့ တိုက်ရိုက်သွားကြသည်။
မှန်ပြတင်းပေါက်မှတစ်ဆင့် ကုတင်ပေါ်တွင် လဲလျောင်းနေသော အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးအား ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူမ ခန္ဓာကိုယ်တွင် ဆေးဘက်ဆိုင်ရာ ပိုက်များစွာတပ်ဆင်ထားသည်။
ဒါ ချင်ချင်ရဲ့ အခုလက်ရှိပုံစံပါပဲ။
သူမ မှာ အလွန်လှပသည်၊ နုနယ်သော မျက်နှာသွင်ပြင်လေးများမှာ ရင်သပ်ရှုမောဖွယ် အလှတရားအဖြစ် ပွင့်လန်းနေသည်။
သူမသည် အသက်မငယ်တော့သော်လည်း သေချာထိန်းသိမ်းထားသဖြင့် အသက် ၂၀ ခန့်သာ ထင်ရပြီး အလွန်နုပျိုနေသည်။ သို့သော် ဒဏ်ရာများကြောင့် သူမ မျက်နှာမှာအလွန်အမင်းဖျော့တော့နေတော့သည်။
နီမြန်းနေကျ နှုတ်ခမ်းလေးများပင် အရောင်မှိန်နေရှာသည်။
သွေးရည်ကြည်အိတ်ကြီးတစ်အိတ်မှာ ချင်ချင်ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း စီးဝင်နေသော်လည်း ၎င်းမှာ သူမအား ချက်ချင်း မကယ်တင်နိုင်သေးပေ။ သူမ အလွန်အမင်း အားနည်းနေခဲ့ပြီ၊ ၎င်းမှာ သူတို့နှလုံးသားကို မခံမရပ်နိုင်အောင် နာကျင်စေသည်။
"ချင်ချင်... ကျဲက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီပဲ၊ အားကျင်းရဲ့ ဒဏ်ရာတွေ ထူးထူးဆန်းဆန် ပျောက်ကင်းသွားတာက သူမနဲ့ ဆက်စပ်နေမှာ သေချာတယ်"
ဤကမ္ဘာပေါ်တွင် တိုက်ဆိုင်မှုဆိုသည်မှာ မရှိပေ၊ မတော်တဆ ဖြစ်ရပ်တိုင်းတွင် နောက်ကွယ်မှ အကြောင်းတရားတစ်ခုအမြဲရှိနေတတ်သည်။
ထို့ကြောင့် ကူးလန် ဖူစစ်ကျင်း၏အံ့ဖွယ်ကုသမှုမှာ ကူးချင်ချင်နှင့်ပတ်သက်နေသည်ဟု အလွယ်တကူပင် ခန့်မှန်းလိုက်မိသည်။
ဖူစစ်ကျင်း မူလဒဏ်ရာမှာ မည်မျှပြင်းထန်သည်ကို သူ မသိသော်ငြား...
ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အားကြောင့်ပင် ဖူစစ်ကျင်းမှာ လျင်မြန်စွာနိုးလာခဲ့သည်။
ချင်ချင်အား ကုသမှု ပြီးဆုံးသည်နှင့် သူနာပြုမှ သူနိုးလာပြီဖြစ်ကြောင်း လာရောက်အကြောင်းကြားသည်။
လူကြီးနှစ်ဦးမှာ ဖူစစ်ကျင်း အခန်းသို့အမြန်သွားကြသည်။
ထိုနေရာတွင် လူအချို့ ရောက်နှင့်နေပြီ ဖြစ်သည်။ ယိယိ၊ ဖူစစ်ချန်နှင့် အန်းရန်၊ ပြီးတော့ ဖူဟန့်မိဘများ။
မိဘများအား မြင်လိုက်ရသဖြင့် ဖူဟန်မှာ ခဏမျှ မှင်တက်သွားပြီးမှ ပြောလိုက်သည်။
"ပါးတို့... ဘာလို့ ဒီကို ရောက်နေတာလဲ?"
မနက်ခြောက်နာရီကျော် ခုနစ်နာရီနီးပါးပဲ ရှိသေးသည်။ ဖူမိသားစု အိမ်တော်ဟောင်းမှာ ဆေးရုံနှင့် အလွန်ဝေးပြီး ကားဖြင့် တစ်နာရီခန့် မောင်းရသည်။
ထို့အပြင် သူတို့ နာရီတိုင်း ဖုန်းဆက်နေခဲ့ကြသည်၊ ဆိုလိုသည်မှာ လူကြီးနှစ်ဦးစလုံး တစ်ညလုံး မအိပ်ဘဲ စောင့်နေခဲ့ကြခြင်းပင်။
သူတို့၏နွမ်းနယ်နေသော မျက်နှာများကို မြင်ရသောအခါ ဖူဟန် ခန့်မှန်းချက်မှာမှန်ကန်သွားတော့သည်။
"ပါးတို့က ကလေးတွေလား? ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ်တောင် ဂရုမစိုက်ရကောင်းမှန်း မသိကြဘူးလား? ကိုယ့်ခန္ဓာကိုယ်က ဘယ်လောက် အားနည်းနေလဲဆိုတာ မသိဘူးလား? ကျွန်တော် အနီးအနားက ဟိုတယ်မှာ အခန်းတစ်ခန်း ဘိုကင်လုပ်ခိုင်းလိုက်မယ်၊ အဲဒီမှာ သွားနားကြပါ"
ရင်ထဲတွင် ပိတ်လှောင်နေသော ဒေါသများကြောင့် ဖူဟန် မိဘများအားပထမဆုံးအကြိမ်အဖြစ် ဒေါသတကြီး စကားများစွာ ပြောမိသွားသည်။
သို့သော် သူပြောပြီးသည်နှင့် သူတို့နှစ်ဦးစလုံး သူ့အား ပြုံးကြည့်နေကြသည်ကို တွေ့လိုက်ရသည်၊ ဖူချန်းသယ်ပင်လျှင် သူ့မျက်နှာပေါ်မှ စိတ်သက်သာရာရမှုကို မဖုံးကွယ်နိုင်ခဲ့ပေ၊ ၎င်းမှာ ဖူဟန်အား ပိုဒေါသထွက်စေသည်။
သူ့မျက်နှာအေးစက်သွားပြီး ခက်ထန်သောအရှိန်အဝါများ ထွက်ပေါ်လာသည်။
ဖူဟန် လူတစ်ယောက်ကို ခေါ်လိုက်ပြီး လူကြီးနှစ်ဦးအား ဂရုတစိုက်ဖြင့် အပြင်သို့ ပို့ခိုင်းလိုက်တော့သည်။
"ငါတို့က အရမ်းစိုးရိမ်နေလို့ လုံးဝအိပ်မပျော်နိုင်ခဲ့ဘူး၊ အခု သားတို့နှစ်ယောက်လုံး အဆင်ပြေတာကို မြင်ရတော့မှပဲ မင်းပါးပါးနဲ့ ငါ စိတ်အေးအေးနဲ့ နားနိုင်တော့မယ်"
ဖူကတော်ကြီးမှာ မထွက်ခွာမီ သားဖြစ်သူအား နူးညံ့စွာရှင်းပြခဲ့သည်။
ဖူဟန့် အမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားသော်လည်း သူ့လေသံမှာမူ ပြတ်သားနေဆဲပင်။
"အားကျင်း နိုးနေပြီ၊ ချင်ချင်လည်း အသက်အန္တရာယ်ကစိတ်ချရပြီ၊ ဒါကြောင့် ပါးတို့ စိတ်မပူကြနဲ့တော့"
၎င်းမှာ တစ်ဖက်လှည့်ဖြင့် နှစ်သိမ့်ပေးလိုက်ခြင်းပင်။
ထိုသတင်းအား ကြားရသည့်အခါ လူကြီးနှစ်ဦးမှာ လုံးဝ စိတ်အေးသွားကြပြီး ဖူဟန်ခေါ်ပေးသော သူများနှင့်အတူ ထွက်ခွာသွားကြတော့သည်။
လူကြီးများထွက်သွားသည့်အခါ အခြေအနေကို သိထားသူများသာ ကျန်ရစ်တော့သည်။
ဖခင်နှင့် ဦးလေးဖြစ်သူတို့အကြည့်အား ရင်ဆိုင်ရင်း၊ အသစ်စက်စက် နိုးလာသော ဖူစစ်ကျင်းမှာ ဗီဇအရ သူ့ဝမ်းဗိုက်အားစမ်းကြည့်လိုက်ရာ ချောမွတ်နေသည်ကို တွေ့လိုက်ရသည်။
သူ ခေတ္တရပ်သွားပြီးမှ နောက်ဆုံးအခိုက်အတန့်တွင် သူ့အား ဓားချက်မှ ကာကွယ်ရန် ပြေးဝင်လာခဲ့သည့်၊ ပြီးတော့ လူသားပုံစံ ပြန်ပြောင်းသွားခဲ့သည့် သူ့မားကို သတိရသွားသည်။ တခြား ဘာများ နားလည်မှုလွဲစရာ ရှိဦးမှာလဲ?
မျက်ရည်များမှာ သူ့ပါးပြင်ပေါ်သို့ စီးကျလာပြီး အမြင်အာရုံများ ဝေဝါးသွားတော့သည်။
"ကျွန်တော် တောင်းပန်ပါတယ်..."
အသက်ရှူကိရိယာကြောင့် သူ့ တောင်းပန်စကားမှာ ဗလုံးဗထွေးဖြစ်နေသဖြင့် သေချာ မကြားရပေ။
ယိယိ သူမ မျက်ရည်များကို သုတ်လိုက်ပြီး ဖူစစ်ကျင်း ကုတင်ဘေးတွင် ငုံ့ကာ နူးညံ့စွာ နှစ်သိမ့်လိုက်သည်။
"ဒါ နင့်အပြစ် မဟုတ်ပါဘူး၊ နင် အစွမ်းကုန်ကြိုးစားခဲ့တာပဲ"
သူ့ကို ဆေးရုံကို သယ်လာတုန်းက သွေးတွေနဲ့ ရွှဲနေတဲ့ ပုံစံက အခုထိ ထိတ်လန့်စရာ ကောင်းနေတုန်းပဲ။ ယိယိအနေနဲ့ သူ့ဒဏ်ရာတွေက ဘယ်လောက်တောင် ပြင်းထန်ခဲ့မလဲဆိုတာ မတွေးရဲဘူး၊ တကယ်လို့သာ...
ကံကောင်းတာက သူ အဆင်ပြေသွားပြီ၊ အရာအားလုံး ပြီးဆုံးသွားပါပြီ။
"မား... ဘယ်မှာလဲ?"
ဖူစစ်ကျင်း အခက်အခဲဖြင့် မေးလိုက်သည်။
သူ့ ခြောက်သွေ့နေသော နှုတ်ခမ်းများကို မြင်သည့်အခါ ဖူဟန် ရေတစ်ခွက် ငြိမ်သက်စွာသွားငှဲ့လာပြီး၊ သားဖြစ်သူ၏အသက်ရှူကိရိယာအား ခေတ္တဖယ်ကာ ဂွမ်းစလေးဖြင့် နှုတ်ခမ်းများကိုရေစွတ်ပေးလိုက်သည်။
ရေတစ်ငုံ သောက်လိုက်ရသည့်အခါ ဖူစစ်ကျင်းမှာ အတော်လေး နေသာထိုင်သာ ရှိသွားပြီး လည်ချောင်းထဲတွင်လည်း စိုစွတ်သွားသည်။
"ကျေးဇူးတင်ပါတယ် ပါး"
"မင်းမားက အသက်အန္တရာယ်က စိတ်ချရပါပြီ၊ ဒါပေမဲ့ မေ့ဆေးရှိန် မပြယ်သေးလို့ မနိုးသေးဘူး၊ မင်း နည်းနည်း သက်သာလာပြီး သူမ နိုးလာတဲ့အခါ သွားကြည့်လို့ ရမှာပါ"
သားဖြစ်သူကို ဂရုစိုက်သောအားဖြင့် ဖူဟန် ချင်ချင်အခြေအနေအား တမင်သက်သက် လျှော့ပြောလိုက်ခြင်း ဖြစ်သည်။
"တကယ်လား? အဲဒါဆို တော်သေးတာပေါ့"
ဖူစစ်ကျင်းမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
သူ့အဖေ သူ့အား လိမ်ပြောလိမ့်မည်ဟု သူ မထင်သဖြင့် လွယ်လွယ်ကူကူပင် ယုံကြည်သွားခဲ့သည်။
သူ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေရပြီး အမြင်အာရုံမှာ ကန့်သတ်ခံထားရသဖြင့်၊ အခြားသူများ၏ မျက်နှာပေါ်မှ တွန့်ဆုတ်နေသော အမူအရာများကို သူ မမြင်နိုင်ခဲ့ပေ။
ကံကောင်းသည်မှာ မည်သူကမျှ ဖူဟန်၏ အလိမ်အညာအား ဖွင့်မချခဲ့ခြင်းပင်။
သူတို့သည်လည်း ဖူစစ်ကျင်းအား ဂရုစိုက်ကြသူများ ဖြစ်သဖြင့် သူ အမြန်ပြန်ကျန်းမာလာရန်သာ ဆုတောင်းနေကြသည်။
ချင်ချင်လေးနည်းတူ ဖူစစ်ကျင်းသည်လည်း သွေးများစွာသွင်းရန်လိုအပ်နေသည်။
အိမ်မက်ငှက်ကလေးမှာ သူ့ဒဏ်ရာများကို ကုသပေးခဲ့သော်လည်း အချိန်အား နောက်ပြန်လှည့်ပေး၍ မရခဲ့ပေ။ ဆုံးရှုံးသွားသော သွေးများမှာ ထာဝရဆုံးရှုံးသွားခြင်းဖြစ်ပြီး နောင်တွင်မှ တဖြည်းဖြည်းပြန်လည် ဖြည့်တင်းရမည်ဖြစ်သည်။