အခန်း (၁၁၆)
Vol. 13 Ch. 116
သခင်မလေးနှင့် မြေးဖြစ်သူတို့ အားအင်ပြည့်ဝစေရန်အတွက် အိမ်တော်ထိန်းကြီးမှာ နေ့စဉ်နှင့်အမျှ သွေးအားကောင်းစေသော ဆေးဖက်ဝင် ဟင်းလျာအမျိုးမျိုး စိတ်တိုင်းကျ ပြင်ဆင်ပြီး၊ ကူးမိသားစုဒရိုင်ဘာဖြင့် ပို့ဆောင်ပေးခဲ့လေသည်။
အိမ်တော်ထိန်းကြီးမှာမူ လမ်းလျှောက်ရန် အခက်အခဲရှိသဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်နိုင်ခြင်းမရှိသော်လည်း၊ သူမ၏မွှေးပျံ့လှသော မေတ္တာရနံ့များ... ဆိုလိုသည်မှာ မွှေးကြိုင်လှသောအစားအစာရနံ့များမှာမူ လူနာခန်းအတွင်း၌ နေ့စဉ်နှင့်အမျှ ပျံ့လွင့်လျက်ရှိနေတော့သည်။
သို့သော် ကံမကောင်းသည်မှာ... လူနှစ်ယောက်အတွက် ရည်ရွယ်၍အားသွန်ခွန်စိုက်ချက်ပြုတ်ထားသော ထိုအရသာရှိလှသည့် ဟင်းလျာများမှာ လူတစ်ယောက်တည်း၏ဝမ်းဗိုက်ထဲသို့သာ ရောက်ရှိသွားခြင်းပင်။
အကြောင်းမှာမူ ယခုထက်တိုင် သတိပြန်လည်ခြင်းမရှိသေးသော ချင်ချင်မှာ ဘာမျှ စားသောက်နိုင်ခြင်းမရှိသေးသောကြောင့်ပင်။
ဖူစစ်ကျင်း သတိပြန်လည်လာခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ ခုနစ်ရက်ဆိုသော အချိန်ကာလမှာ အစပိုင်းတွင် လူကြီးများ၏ ဖုံးကွယ်ထားမှုကြောင့်အလိမ်ခံခဲ့ရသော်လည်း၊ ယခုအချိန်တွင်မူ သူသိသင့်သိထိုက်သည့် အကြောင်းခြင်းရာအားလုံးအသေအချာ သိရှိနားလည်နေလောက်ပြီဖြစ်သည်။
သူ့မားမှာမူ အထူးကြပ်မတ်ကုသဆောင်အတွင်း သတိမေ့မြောလျက်ရှိနေဆဲပင်။
အကယ်၍ ထိုအတိုင်းသာ ဆက်လက်၍သတိလည်မလာခဲ့ပါက၊ ချင်ချင်မှာ အသက်ရှူနေသော်လည်း အသိစိတ်ကင်းမဲ့နေသည့် ကိုမာဝင်လူနာတစ်ဦး ဖြစ်သွားနိုင်သည်ဟု ဆရာဝန်မှခန့်မှန်းပြောကြားခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်လှသော အင်အားစုအကူအညီကြောင့် သူ့ခန္ဓာကိုယ်မှာ အံ့အားသင့်ဖွယ် လျင်မြန်စွာ ပြန်လည်ကျန်းမာလာခဲ့သော် လည်း၊ ဖူစစ်ကျင်းမှာမူ ထိုရင်ကွဲမတတ် သတင်းဆိုးအား လုံးဝလက်မခံနိုင်သေးပေ။ သူတစ်ဦးတည်းသာမက အခြားသောမိသားစုဝင် အားလုံးသည် လည်း ဤသို့သောကြမ္မာဆိုးမျိုးမှာ အမှန်တရားဖြစ်လာလိမ့်မည်ဟု မယုံကြည်နိုင်ဘဲရှိနေကြတော့သည်။
ဖူဟန်တို့အဖွဲ့မှာလည်း ယခုအခါ၌ တောင်ပုံရာပုံရှိသော အလုပ်တာဝန်များအကြားတွင် နစ်မွန်းနေကြရသည်။
တစ်ဖက်တွင် ချင်ချင်နှင့် ဖူစစ်ကျင်းတို့၏ကျန်းမာရေးအား အနီးကပ် ဂရုစိုက်နေရရုံသာမက၊ လူကြီးသူမများ စိုးရိမ်ပူပန်မှု မဖြစ်စေရန်အတွက် ဒဏ်ရာအခြေအနေများကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားကြရသည်၊ အထူးသဖြင့် ချင်ချင့် စိုးရိမ်ရသောအခြေအနေအမှန်ကိုပင်။ အခြားတစ်ဖက် တွင်လည်း ဟန်တယွီနှင့် သူ့အပေါင်းအပါများကို တစ်သက်လုံးထောင်နံရံအတွင်း၌သာ အချိန်ကုန်စေရန်အတွက် ဥပဒေအဖွဲ့နှင့် အဆက်မပြတ် ညှိနှိုင်းနေရသည်။ ၎င်းအပြင် မိသားစု၏ကုမ္ပဏီအသီးသီးမှ အရေးကြီးကိစ္စများကိုလည်း လုံးဝလစ်လျူရှုထား၍ မရပြန်ပေ။
အလုပ်များမှာပုံလာသဖြင့် ဖူဟန်တို့မှာ ကိုယ်ပွားလေးများရှိနေပါက ကောင်းလေစွဟုပင် တွေးတောမိကြတော့သည်။
ဖူစစ်ကျင်းပင်လျှင် သတိပြန်လည်လာပြီးနောက် နာမကျန်းဖြစ်နေသည့်ကြားမှပင် ကွန်ပျူတာနှင့်ဖုန်းကို အသုံးပြုကာ အဝေးရောက်စနစ်ဖြင့် အလုပ်များ စတင်ကိုင်တွယ်နေရသည်။
ဘာပဲဖြစ်ဖြစ် သူပထမဆုံး အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားသည့် ရုပ်ရှင်မှာရိုက်ကူးရေးပြီးစီးသွားခဲ့ပြီဖြစ်ပြီး၊ နောက်ပိုင်းတည်းဖြတ်မှု အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ပုံမှန်အားဖြင့် ထိုအဆင့်သို့ ရောက်လျှင် အကြီးစားအရောင်းမြှင့်တင်ရေး လုပ်ငန်းများစတင်လုပ်ဆောင် နိုင်ပြီ ဖြစ်သည်။
အချို့သော လုပ်ငန်းများကို ထုတ်လုပ်ရေးအဖွဲ့မှတာဝန်ယူနိုင်သော်လည်း၊ အချို့သော အရေးကြီးဆုံးဖြတ်ချက်များမှာမူ ရင်းနှီးမြှုပ်နှံသူအဖြစ် သူကိုယ်တိုင် ဆုံးဖြတ်ပေးရန်လိုအပ်သည်။
အဆုံးစွန်ပြောရလျှင် ဤလုပ်ရပ်များမှာ ဖူမိသားစု ဖျော်ဖြေရေးလုပ်ငန်းအတွက်များစွာအကျိုးရှိစေမည်ဖြစ်သည်။ အခြားအရာများကို ထည့်မတွက်လျှင်တောင်မှ ကိုယ့်ထုတ်ကုန်နှင့် ကိုယ့်အနုပညာရှင်များကိုကြော်ငြာရန်အတွက် အဖိုးတန်သော အခမဲ့လမ်းကြောင်းများစွာ ရရှိမည်ဖြစ်သည်။
အမြတ်အစွန်းမှာ များပြားလှသဖြင့် စီးပွားရေးအမြင်ရှိသော ဖူစစ်ကျင်း ထိုအခွင့်အရေးအား လွတ်ထွက်သွားခွင့်ပေးမည်မဟုတ်ပေ။
စီးပွားရေးသမား ဗီဇအပြင်၊ သူသည် နောင်လာမည့် သူ့ရင်သွေးငယ်အတွက် ပိုက်ဆံပိုမိုရှာဖွေစုဆောင်းရန် အချိန်နှင့်အမျှ လုနေခြင်းလည်း ဖြစ်သည်။
အထင်မမှားကြပါနှင့်... ယိယိတွင် ကိုယ်ဝန်ရှိနေခြင်းမျိုးမဟုတ်ပါ။
သို့သော်လည်း သူတို့နှစ်ဦးမှာ စေ့စပ်ထားကြပြီးပြီဖြစ်သဖြင့် လက်ထပ်မည့်ရက်မှာလည်း သိပ်မဝေးတော့ပေ။ လက်ထပ်ပြီးလျှင် ကလေးရလာ ခြင်းမှာ သဘာဝပင်ဖြစ်ရာ၊ ကလေးတစ်ယောက်အတွက် အသုံးစရိတ်မှာလည်း အလွန်များပြားလှသည် မဟုတ်ပါလား? တကယ်လို့များ ကလေးက တစ်ယောက်ထက်ပိုလာခဲ့လျှင်မူ အသုံးစရိတ်မှာ နှစ်ဆတက်သွားနိုင်သည်လေ။
ထို့ကြောင့် ဖူစစ်ကျင်းကမူ သူ့ တွေးတောမြော်မြင်မှုများမှာ အမှားအယွင်းမရှိဟုသာ အခိုင်အမာ ယူဆထားလေသည်။
သူ့ အနာဂတ်အတွက် လွန်ကဲနေသောအတွေးစများကို မတော်တဆကြားသွားရသည့် ယိယိ “...”
“နင့်မှာ ပြဿနာအကြီးကြီးရှိနေပြီလို့ ငါထင်တယ်... ကလေးက တစ်ယောက်ထက်တောင်ပိုဦးမယ် ဟုတ်လား? နင် တကယ် သတ္တိရှိတာပဲ”
အမှန်စင်စစ် ယိယိတစ်ယောက် ရှက်သွေးဖြာနေခြင်းသာ။
ထိုလူနာခန်းအတွင်း၌ပင် ထိုစကားသံများကို ကြားလိုက်ရသော အန်းရန် ရုတ်တရက်လှည့်လာပြီး ဖူစစ်ချန်အား “ဖြောင်း” ခနဲ မြည်အောင် ရိုက်လိုက်လေသည်။
“ငါ့ကို ဘာလို့ ရိုက်တာလဲ!”
ဖူစစ်ချန် နာကျင်ဟန်ဖြင့် သူ့လက်မောင်းအား ပွတ်သပ်ရင်း၊ အပြစ်မရှိဘဲ အနိုင်ကျင့်ခံလိုက်ရသည့်အလား ကြည့်နေမိသည်။ အန်းရန် အားအင်အပြည့်ဖြင့် ရိုက်လိုက်ခြင်း မဟုတ်သဖြင့် မနာကျင်လှသော်လည်း၊ အကြောင်းမဲ့သက်သက် အရိုက်ခံရခြင်းမှာ သူ့အား စိတ်မကောင်း ဖြစ်စေသည်။
“နင့်အစ်ကိုဆီကနေ အတုယူစမ်းပါဦး၊ စတူဒီယိုမှာ အလုပ်ကို စိတ်ပါမှ တစ်ချက်တစ်ချက်သွားမနေနဲ့၊ လူစိမ်းတွေတောင် ငါ့ကို လာတိုင်နေကြပြီ၊ နင်က ခဏပဲကောင်းပြီး နောက်ပိုင်း အလုပ်ပြန်ပျက်နေတယ်တဲ့”
အန်းရန် အမှန်တကယ်တွင် တခြားသူများနှင့် နှိုင်းယှဉ်လိုစိတ် မရှိပါသော်လည်း၊ ဖူစစ်ချန်မှာ တစ်စုံတစ်ဦးမှ တွန်းအားမပေးလျှင် တက်ကြွလာ တတ်သည့် လူစားမျိုး မဟုတ်သောကြောင့် ယခုကဲ့သို့ပြောဆိုလိုက်ခြင်းပင်။ သူသည် ဘဝအားပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရသည်ကိုသာ သိရှိသူ ဖြစ်သည်။
“ငါ အလုပ်ပျက်တယ်ဆိုတာ ငါ့အစ်ကိုနဲ့ ချင်... ငါ့မားကို ပြုစုဖို့လေ၊ လူကြီးတွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချပေးတာပါ ပြီးတော့ အခုတလော စတူဒီယိုမှာ အလုပ်ကသိပ်မရှိပါဘူး၊ ငါ အဲဒီမှာ နေ့တိုင်း ပိတ်မိနေဖို့မလိုပါဘူး မဟုတ်ဘူးလား?”
ဖူစစ်ချန် အကြောင်းပြချက်များမှာ အလွန်ယုတိ္တရှိကာခိုင်လုံနေသဖြင့် အန်းရန်မှာ ဆွံ့အသွားရသည်။ သူမ ရည်စားဖြစ်သူအား မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက်၊ ချင်ချင့် ကြည့်ရှုရန်အတွက် လှည့်ထွက်လာခဲ့သည်။
၎င်းမှာ သူတို့အတွက် အလေ့အကျင့်တစ်ခုကဲ့သို့ပင် ဖြစ်နေချေပြီ။ ဆေးရုံသို့ရောက်သည်နှင့် ချင်ချင်ထံသို့ အရင်သွားသည်၊ ပြီးမှ ဖူစစ်ချန် အခန်းသို့ သွားသည်၊ ပြီးလျှင် နာရီဝက်တစ်ကြိမ်စီ ချင်ချင်အခန်းဆီသို့ ပြေးကြည့်တတ်ကြသည်။ သူမ နိုးလာမည့် အခိုက်အတန့်အား လွတ်သွားမည် စိုးရိမ်သောကြောင့်ပင်။
တကယ်တမ်းတွင် သူမ နိုးလာပါဦးမည်လားဆိုသည်မှာ မသေချာလှသော်လည်း...
အန်းရန်မှာ စိတ်ပျက်အားငယ်နေမိသော်လည်း အပြင်ပန်းတွင်မူ မည်သူ့ကိုမျှ မပြရဲပေ။ အပေါ်ယံကြည့်လျှင် လူတိုင်းမှာ ပုံမှန်အတိုင်း တည်ငြိမ်နေကြသော်လည်း၊ ချင်ချင် သတိပြန်လည်လာခြင်း မရှိသေးသရွေ့ သူတို့နှလုံးသားများမှာ နေ့စဉ်နှင့်အမျှ နှိပ်စက်ညှင်းပန်း ခံနေရမည်ကိုမူ သူတို့ကိုယ်တိုင်သာ သိရှိကြတော့သည်။
ကယ်တင်ခြင်းဆိုတာ...
ရုတ်တရက် လေပြင်းတစ်ချက် အန်းရန် ဘေးမှဖြတ်တိုက်သွားသဖြင့် သူမ စကတ်လေးမှာလွင့်တက်သွားသည်။
သူမ ရှေ့သို့ ကြောင်ကြည့်နေမိရာ၊ ဦးလေးဖူ အသည်းအသန်ပြေးသွားသည့်ပုံရိပ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
ဝတ်စုံဖြူဝတ် ဆရာဝန်များနှင့် သူနာပြုအချို့လည်း နောက်ကပ်လျက် လိုက်သွားကြသည်။
တစ်စုံတစ်ရာကို သတိပြုမိသွားသည့်ခဏ၌ အန်းရန်နှုတ်ခမ်းဖျားတွင် ဝမ်းသာအားရအပြုံးတစ်ခုပေါ်ထွက်လာသည်။ သူမ စီးထားသော ဖိနပ်ဒေါက်မြင့်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လူနာခန်းရှိရာသို့ အပြေးအလွှားသွားတော့သည်။
လူနာခန်းတံခါးမှာ ကျယ်ပြန့်စွာပွင့်ဟနေပြီး အတွင်း၌ လူများဖြင့် စည်ကားလျက် ရှိနေသည်။ အန်းရန် ကုသမှုများကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် အနားသို့ တိုးမကပ်ရဲဘဲ လူအုပ်ကြားမှသာချောင်းကြည့်နေမိသည်။
သိပ်ပြီး ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူမ အသေအချာမြင်လိုက်ရသည်မှာ... ကုတင်ပေါ်တွင် အားနည်းစွာ လဲလျောင်းနေရမည့် ခန္ဓာကိုယ်ငယ်လေးမှာ မတ်မတ်ထိုင်နေသည်ကိုပင်။
သူမ ထိုင်နေပြီ...! အန်တီချင်နိုးလာခဲ့ပြီ...!
အန်းရန် အော်ဟစ်လိုက်ချင်သော စိတ်အား အတင်းအကျပ် ထိန်းချုပ်လိုက်ရင်း၊ တုန်ရီနေသော လက်များဖြင့် ဖုန်းကို ထုတ်ယူကာ မိသားစု Group Chat ထဲသို့ Voice Message ပို့လိုက်လေသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူမ အသံများပင် တုန်ယင်ကွဲအက်နေတော့သည်။
“ချင်... အန်တီချင် နိုးလာပြီ! အမြန်လာခဲ့ကြတော့! အန်တီချင် နိုးလာပြီ! သူ တကယ် နိုးလာပြီ!”
သူမ ဝမ်းသာလွန်းသဖြင့် အသိစိတ်များ လွတ်ထွက်မတတ်ဖြစ်နေကာ “နိုးပြီ” ဟူသော စကားကိုပင် အထပ်ထပ်ပြောနေမိတော့သည်။ သို့သော် ထိုအသံမှာ Group ထဲရှိ လူတိုင်းအား ကြီးမားသော လှုပ်ခတ်မှုတစ်ခု ဖြစ်သွားစေခဲ့သည်။
[ဖူစစ်ချန် : ငါ့မား နိုးပြီဟုတ်လား?! တစ်ယောက်ယောက် ငါ့ကို ရေခဲရေတစ်ပုံးလောက်နဲ့ပက်ပေးပါဦး၊ ငါ အိပ်မက်မက်နေတာ ဖြစ်မှာစိုးလို့]
[ဖူစစ်ကျင်း : ခဏစောင့်ဦး၊ ငါ ဝှီးချဲ ပေါ်တက်ဖို့ ကြိုးစားနေတယ်]
[ကူးလန် : ...]
(အံ့သြစရာ သတင်းကောင်းမှာ ရုတ်တရက်ကြီးရောက်လာသဖြင့် သူ့စိတ်ကိုအရင်တည်ငြိမ်အောင် ထိန်းထားနေရခြင်းပင်)
[ပိုင်ချီယွီ : လာပြီ]
မျက်စိတစ်မှိတ်အတွင်းမှာပင် လူတိုင်းသည် လူနာခန်းရှိရာသို့ အပြေးအလွှားရောက်ရှိလာကြသည်။ အသစ်စက်စက် သတိပြန်လည်လာသော ချင်ချင်မှာမူ ငိုယိုလျက် ဖူဟန်အား အတင်းအကျပ်ဖက်တွယ်ထားဆဲပင်။ ၎င်းမှာ အခြားမဟုတ်၊ သကြားလုံးတောင်းဆိုနေခြင်းဖြစ်သည်။
“နာတယ်... ချင်ချင် ကျောက အရမ်းနာတာပဲ”
ချင်ချင် သူ့လှပလှသော မျက်မှောင်လေးများကိုကြုတ်လိုက်ပြီး ဖူဟန်အား တင်းတင်းကျပ်ကျပ်ဖက်ထားမိသည်။
“ဦးဦး... ချင်ချင် သကြားလုံး စားချင်တယ်လို့”
သူမ အသံမှာ ယခင်ကဲ့သို့ ကလေးသံလေးမဟုတ်တော့ဘဲ၊ ရင့်ကျက်ကာ ကြည်လင်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးငယ်တစ်ဦး၏ အသံချို ချိုလွင်လွင်လေးဖြစ်နေသည်။ သို့သော် ချင်ချင်မှာ ၎င်းအပြောင်းအလဲအားထူးဆန်းသည်ဟု မယူဆဘဲ ဖူဟန့်ရင်ခွင်ထဲသို့သာ အားကိုးတကြီး တိုးဝင်ပုန်းအောင်းနေလေသည်။
ဘေးတွင် ဆရာဝန်များစွာ ဝိုင်းနေသဖြင့် သူမ စိုးရိမ်နေမိသည်။ သူတို့က ချင်ချင်ကို ဆေးထိုးကြမှာလား...?
“ချင်ချင်... လိမ္မာတယ်နော်၊ ဆရာဝန်ကြီးကို သေချာစစ်ဆေးခွင့်ပေးလိုက်ဦး၊ ဟုတ်ပြီလား?”
ဖူဟန် အကျင့်ပါနေသည့်အတိုင်း ချင်ချင်အား အသာအယာချော့မြူနေသော်လည်း၊ သူ့ရင်ထဲတွင်မူ လေးလံသွားရသည်။ ချင်ချင်အပြုအမူမှာ ပုံမှန်မဟုတ်ပေ။ သူတင်မကဘဲ ဆရာဝန်များပင် ၎င်းအားသတိထားမိကြသည်။ အရွယ်ရောက်ပြီးသား လူကြီးတစ်ဦး ကလေးငယ်ကဲ့သို့ ပြုမူပြောဆိုနေခြင်းမှာ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ဦးနှောက်ပိုင်းဆိုင်ရာ တစ်စုံတစ်ရာချို့ယွင်းနေပြီဖြစ်ကြောင်းထင်ရှားလှသည်။
“မိသားစုဝင်တွေ ခေတ္တလောက် အပြင်ထွက်ပေးလို့ ရမလားခင်ဗျာ? လူနာရဲ့ ဦးနှောက်ပိုင်းဆိုင်ရာကို အသေအချာစစ်ဆေးဖို့လိုအပ်နေလို့ပါ”
ဆရာဝန်မှ နောက်ဆုံးစကားကို အတိအလင်း မပြောသော်လည်း ဖူဟန် ဘာကိုဆိုလိုမှန်း ကောင်းစွာ သိရှိလိုက်သည်။ ပြဿနာမှာ ချင်ချင် ယခုလေးတင် ပြင်းထန်သော စိတ်ဒဏ်ရာကို ခံစားထားရပြီး သူမ ဒဏ်ရာများမှာလည်း နာကျင်နေဆဲဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ ဒဏ်ရာနှစ်မျိုးစလုံး၏ရိုက်ခတ်မှုကြောင့် သူမ ဖူဟန်အားလုံးဝလက်မလွှတ်နိုင်ဘဲဖြစ်နေရှာသည်။
၎င်းမှာ ငှက်ကလေးတစ်ကောင်၏တွယ်တာမှုမျိုးနှင့် ဆင်တူသည်။ သူမ ကလေးဘဝသို့ ပြန်ရောက်သွားပြီးနောက် ပထမဆုံး မြင်တွေ့ရသူမှာ ဖူဟန်ဖြစ်ခဲ့သလို၊ ယခု လူကြီးပြန်ဖြစ်ပြီး ပထမဆုံးမြင်ရသူမှာလည်း ဖူဟန်ပင်။ ထို “ပထမဆုံး” နှစ်ကြိမ်စလုံးမှာ ဖူဟန်အား ချင်ချင် အားအကိုး ရဆုံးသော သူ ဖြစ်လာစေခဲ့သည်။
ချင်ချင်လက်ကလေးများကို ဖယ်ရှားရန်ကြိုးစားမှုများမှာ မအောင်မြင်ခဲ့ပေ။ အင်အားအနည်းငယ်သုံးလိုက်သည်နှင့် သူမ နှုတ်ခမ်းကလေး စူကာ ငိုတော့မည့် အမူအရာလုပ်ပြတော့သည်။ သူမ၏သနားစဖွယ် အမူအရာလေးမှာ ကလေးဘဝမှချင်ချင်နှင့် ထပ်တူပင်ဖြစ်သဖြင့် လူများကို ပြုံးမိစေသလို တစ်ဖက်တွင်လည်း စိတ်ကိုနူးညံ့သွားစေသည်။
နောက်ဆုံးတွင် ဆရာဝန်ကပင် အရင်ဆုံးရှုံးပေးလိုက်ရတော့သည်။ သူတို့ ဖူဟန်အား အခန်းထဲတွင် နေခွင့်ပေးလိုက်သော်လည်း အခြားသူများ ကိုမူ အပြင်သို့ထွက်ခိုင်းလိုက်သည်။
ဖူစစ်ကျင်းနှင့် အခြားသူများမှာ အခန်းဝသို့ ရောက်ကာမှ အပြင်သို့ အထုတ်ခံလိုက်ရသဖြင့်၊ တစ်ဦးကိုတစ်ဦး ကြည့်ကာ လူနာခန်းအပြင်၌သာ ငေးရပ်နေကြရတော့သည်။
ဖူစစ်ကျင်း သူ့နဖူးအား ပွတ်သပ်ရင်း သက်ပြင်းအသာချလိုက်သည်။
“ထားလိုက်ပါတော့၊ နောက်မှပဲ လာကြတာပေါ့”
ဤနေရာတွင် စုပြုံနေခြင်းမှာလည်း အဆင်မပြေပေ။ ဖြတ်သွားဖြတ်လာ သူနာပြုများနှင့် လူနာများမှာ သူတို့အား ထူးဆန်းသလို ကြည့်နေကြသောကြောင့်ပင်။
“ကျွန်မ အန်တီချင်အတွက် အစားအစာ အရင်သွားပြင်လိုက်ဦးမယ်၊ ဒီလောက်ကြာအောင် လဲနေရတာဆိုတော့ သူ အရမ်းဆာနေမှာပဲ”
အန်းရန် အရင်ဆုံးအကြံပြုကာ ထွက်ခွာခဲ့သည်။
ယိယိလည်း ချက်ချင်းအကြံပြုချက်ကို ဖြည့်စွက်ပြောကြားလိုက်သည်။
“ငါတို့လည်း အောက်ဆင်းပြီး မျက်နှာသုတ်ပုဝါနဲ့တခြားတစ်ကိုယ်ရေသုံးပစ္စည်းတွေ သွားဝယ်ရဦးမယ် ပြီးတော့ တစ်ယောက်ယောက်ကို အိမ်ကနေ မွေ့ရာ၊ စောင်နဲ့ ခေါင်းအုံးတွေ ယူလာခိုင်းရမယ်”
ဆေးရုံမှပေးထားသော ကုတင်နှင့် အိပ်ရာပစ္စည်းများမှာ သိပ်ပြီး သက်သောင့်သက်သာ မရှိလှသဖြင့်၊ ကိုယ်ပိုင်အိပ်ရာပစ္စည်းများ ယူဆောင်လာခြင်းက ပိုသန့်ရှင်းသပ်ရပ်ကာ စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်မည်မဟုတ်ပါလား?
အမျိုးသမီးများမှာ အမျိုးသားများထက် ပိုအသေးစိတ်စေ့စပ်သေချာကြသဖြင့်၊ အမျိုးသားများ မတွေးမိနိုင်သော ဝေယျာဝစ္စများကိုပါ ကြိုတင်တွေးတောမိကြခြင်းဖြစ်သည်။
အန်းရန်နှင့် ယိယိတို့ တာဝန်များကို အသီးသီး ခွဲဝေယူလိုက်ကြပြီးနောက်၊ ဖူညီအစ်ကို နှစ်ဦးကိုမူ ထိုနေရာ၌ပင် ထားရစ်ခဲ့ကြတော့သည်။
ဖူစစ်ကျင်း သူကိုယ်တိုင် လမ်းလျှောက်ရန် အလွန်အားနည်းနေသေးသဖြင့် ဝှီးချဲပေါ်တွင်သာထိုင်နေရရှာသည်။ သူရှိနေသောကြောင့် ဖူစစ်ချန်မှာလည်း အစ်ကိုဖြစ်သူအားပစ်ထားခဲ့၍မရဘဲ အတူတကွစောင့်ဆိုင်းနေရတော့သည်။
“ရုတ်တရက်ကြီး ငါတို့က ဘာမှအသုံးမဝင်တဲ့အရုပ်တွေလို ခံစားလိုက်ရတယ်ကွာ”
“အဲဒါကို စိတ်ထဲမှာပဲ သိမ်းထားလိုက်... အသံထွက်ပြောဖို့ မလိုဘူး”
ဖူစစ်ကျင်း သူကိုယ်တိုင်လည်း အစောင်းအတိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် လူနာခန်းအတွင်းမှ လှုပ်ရှားမှုများမှာကြာရှည်မနေဘဲ၊ ဆရာဝန်နှင့် သူနာပြုတစ်စုမှာ အပြင်သို့ထွက်လာကြသည်။
စစ်ဆေးမှုများ အပြည့်အဝပြုလုပ်ခြင်းဆိုသည်မှာ ဆရာဝန်မှ အခန်းတွင်းသို့ ဝင်ရောက်ကာ ကိရိယာအချို့နှင့် စစ်ဆေးရုံမျှဖြင့် မပြီးမြောက်နိုင်ပေ။ ဆရာဝန်သည် ဦးစွာ လိုအပ်သော စစ်ဆေးမှုများကို ညွှန်ကြားရပြီး၊ ထို့နောက်တွင် မိသားစုဝင်များမှ သူနာပြုနှင့်အတူ လူနာအား သက်ဆိုင်ရာ ဌာနအသီးသီးသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမှုများ ပြုလုပ်ရသည်။
ထိုစစ်ဆေးမှုများအတွက်တင် နှစ်ရက်၊ သုံးရက်ခန့် အချိန်ပေးရတတ်ပြီး၊ စစ်ဆေးမှု ရလဒ်များထွက်ရန် စောင့်ဆိုင်းရသည်မှာလည်း တန်းစီရန် မလိုသည့်တိုင်အောင် အနည်းဆုံး ရက်သတ္တပတ် နှစ်ပတ်မှ တစ်လခန့်အထိ ကြာမြင့်နိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ပိုးမွေးခြင်းနှင့် သွေးစစ်ဆေးခြင်း ကဲ့သို့သော အချို့သော ဓာတ်ခွဲစစ်ဆေးမှုများမှာ အတည်ပြုရန် အချိန်ယူရပြီး၊ အလောတကြီး လုပ်ဆောင်၍မရသောကြောင့်ပင်။
သို့သော်လည်း ဆရာဝန်မှ လက်ရှိအခြေအနေပေါ်မူတည်၍ အကြမ်းဖျင်းရောဂါရှာဖွေချက်ပေးနိုင်ပါသည်။
“လူနာမှာ ပြင်းထန်တဲ့ ဦးနှောက်ဒဏ်ရာရရှိထားတဲ့ လက္ခဏာမျိုးတော့ မတွေ့ရပါဘူး၊ ဒါဟာ ပြင်းထန်တဲ့ စိတ်လှုံ့ဆော်မှုကြောင့် ဖြစ်နိုင်သလို၊ သေလုနီးပါး အတွေ့အကြုံကနေ ကိုယ့်ကိုယ်ကိုယ် အလိုအလျောက် ကာကွယ်တဲ့ အနေနဲ့ မှတ်ဉာဏ်တွေက ကလေးဘဝကို ခေတ္တပြန်သွားတာ မျိုးလည်းဖြစ်နိုင်ပါတယ်၊ ဒါက သူမရဲ့ ဉာဏ်ရည်အဆင့်အတန်းကို ထိခိုက်မလားဆိုတာကတော့ နောက်ထပ် စစ်ဆေးမှုတွေလုပ်ပြီးမှ အတည်ပြုနိုင်မှာပါ ဒါပေမဲ့ ခြေလက်လှုပ်ရှားမှုတွေ အပေါ်မှာတော့ ထူးထူးခြားခြား သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး၊ အခုလောလောဆယ် မှာတော့ လူနာရဲ့ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ပျောက်ကင်းဖို့ကိုပဲ အဓိကအာရုံစိုက်ရမှာပါ၊ အသေးစိတ် အစီရင်ခံစာ ထွက်လာပြီးမှပဲ အရာအားလုံးကို အပြီးသတ်ဆုံးဖြတ်လို့ ရပါလိမ့်မယ်”
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဆရာ”
ဖူဟန် ဆရာဝန်လက်အား ခိုင်မြဲစွာ ဆုပ်ကိုင်ကာ အစွမ်းကုန်ကျေးဇူးတင်စကားဆိုရင်း လိုက်လံပို့ဆောင်ပေးလိုက်လေသည်။
သူ့အတွက်တော့ ချင်ချင် လူကြီးဘဝသို့ ပြန်လည်ရောက်ရှိသွားသော်လည်း၊ သူမ မှတ်ဉာဏ်များမှာ ကလေးဘဝတွင်သာ ကျန်ရစ်နေခဲ့ခြင်းက ဘာများ အရေးကြီးပါသနည်း။ ဘဝ၏လှိုင်းတံပိုးများစွာကို ကြုံတွေ့ခဲ့ပြီးနောက်မှာတော့ အသက်ရှင်သန်နေသရွေ့ကျန်ရှိသည့် အရာအားလုံးမှာ အရေးမပါတော့ကြောင်း သူ ကောင်းစွာနားလည်သွားခဲ့ချေပြီ။
အဆိုးဆုံးအခြေအနေမျိုးဖြစ်လာခဲ့လျှင်ပင် သူ့ဇနီးအား သမီးလေးတစ်ယောက်ကဲ့သို့ ဆက်လက်၍ဂရုတစိုက်ပြုစုစောင့်ရှောက်ရုံသာ ရှိတော့ သည်။ အလွန်ဆုံးဖြစ်လှ ဤသမီးငယ်လေးမှာ အခြားကလေးများထက် အရပ်အနည်းငယ်ပိုရှည်နေမည်မဟုတ်ပါလား? သို့သော် သူမ ချွဲနွဲ့ချင်သည့် အခါမျိုးတွင်မူ ယခင်အတိုင်း ချစ်စရာကောင်းနေဦးမည်မှာအသေအချာပင်။
သူ့မျက်လုံးအစုံမှာ ကြင်နာမှုများကြောင့်နူးညံ့သွားရသည်။ ဖူဟန် လူနာခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ချင်ချင့်ကုတင်ဘေးတွင် အသာအယာ ထိုင်လိုက်ကာ၊ ဖရိုဖရဲဖြစ်နေသော သူမ၏ဆံပင်ရှည်လေးများကို နူးညံ့စွာသပ်တင်ပေးလိုက်လေသည်။
ယခုလေးတင် နိုးထလာခဲ့သော ချင်ချင်မှာမူ ပြင်းထန်သောပင်ပန်းနွမ်းနယ်မှုများကြောင့် ပြန်လည်အိပ်မောကျသွားခဲ့သည်။