အခန်း (၁၁၇)
Vol. 13 Ch. 117
နာရီဝက်မပြည့်သေးမီ ကူးလန်နှင့် အခြားသူများမှာ ဆေးရုံသို့ အသီးသီး ရောက်ရှိလာကြသည်။ ကြိုတင်ချိန်းဆိုထားသည့်အတိုင်း ဆေးရုံဝင်ပေါက်၌ သူတို့အားလုံးဆုံမိကြသည် သို့မဟုတ် တိုက်ဆိုင်မှုဟုဆိုရပေမည်။ သူတို့ တစ်ဦးကိုတစ်ဦး တစ်ချက်မျှ ကြည့်လိုက်ကြပြီး နောက်၊ ရုတ်တရက်အရှိန်မြှင့်ကာ ချင်ချင်လူနာခန်းရှိရာသို့ အပြေးပြိုင်ကြတော့သည်။
ချင်ချင် နိုးလာသည့်အခါ ပထမဆုံးမြင်တွေ့ရမည့်နေရာကို ဖူဟန် အပိုင်စီးထားပြီးဖြစ်သော်လည်း၊ ဒုတိယနေရာကိုတော့ အဖြစ်မခံနိုင်ကြသည် မဟုတ်လား?
ပိုင်ချီယွီ ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်သောအရှိန်အဟုန်ဖြင့် ဓာတ်လှေကားထံသို့ အရင်ဆုံး ရောက်ရှိသွားသည်။ ကူးလန် နောက်မှကပ် လျက်လိုက်ပါသော်လည်း မမီလိုက်ပေ။ သူ စိတ်ပျက်လက်ပျက်ဖြင့် နံရံကိုလက်သီးဖြင့် တစ်ချက်ထိုးလိုက်ပြီးနောက်၊ လှေကားထောင့်ဆီသို့ လှည့်ပြေးတော့သည်။ ချင်ချင် ကိုးထပ်မြောက်တွင်ရှိနေခြင်းဖြစ်ရာ ပထမထပ်မှ ကိုးထပ်အထိပြေးတက်ရခြင်းမှာ တကယ့်ကို အမောအပန်းခံ ရသည့် လေ့ကျင့်ခန်းတစ်ခုပင်။
ကူးလန် လှေကားအတက်တွင် အားအင်ကုန်ခမ်းကာ လူမှာဖတ်ဖတ်မောနေချေပြီ။ သို့သော် လှေကားမှ ထွက်လိုက်သည်နှင့် ပိုင်ချီယွီ၏ ခန့်ညားသောကျောပြင်မှာ ချင်ချင်အခန်းတံခါးအတွင်းသို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
ကူးလန် : “...” (ဒီကောင်စုတ်ကတော့!)
ကူးလန် နာကျင်နေသော ခြေထောက်များကိုဆွဲကာ အခန်းထဲသို့ဝင်လာခဲ့သည်။ သူ အမောပင်မဖြေရသေးမီ တက်ကြွလှသော အော်ဟစ်သံတစ်ခုကြောင့် အသိစိတ်ပြန်ဝင်လာရသည်။
“တိတိ!”
၎င်းမှာ ကလေးငယ်တစ်ဦး၏ အသံမျိုးမဟုတ်ပေ။ နုနယ်ပြီး ရင့်ကျက်သည့် အမျိုးသမီးတစ်ဦးအသံဖြစ်ကာ၊ ပိုင်ရှင်၏စိတ်လှုပ်ရှားမှုကြောင့် ပိုသက်ဝင်လှုပ်ရှားပြီးချစ်စဖွယ်ကောင်းနေသည်။ ကူးလန်မှာ ကြောင်အသွားရသည်။ သူ့ထုံထိုင်းနေသော ဦးနှောက်မှာ ကူးချင်ချင် သူ့အား အရင်က မည်သို့ခေါ်ခဲ့သည်ကို ပြန်လည်စဉ်းစားနေမိသည်။
အေးစက်စက်နှင့် လှောင်ပြောင်သလိုခေါ်တတ်သော “ကူးလန်”
မလိုတမာ အမြင်ဖြင့် “ကူးလန်လေး”
သို့မဟုတ် တည်ငြိမ်အေးစက်သည့် “ဥက္ကဋ္ဌကူး”
မည်သို့ပင်ခေါ်စေကာမူ ယခုကဲ့သို့ ရင်းနှီးတက်ကြွသော လေသံဖြင့် “တိတိ” ဟုတော့ ဘယ်သောအခါမှ ခေါ်ခဲ့ဖူးသည် မဟုတ်။ ၎င်းမှာ... ချင်ချင်လေးသာ ပြုမူတတ်သည့် အမူအရာပင်။
သူ့မျက်ဝန်းများ မှောင်မှောင်သွားကာ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း ကူးလန် ရိပ်မိလိုက်သည်။ အကြောင်းမှာ ချင်ချင်သည် ဖူဟန် ရင်ခွင်ထဲတွင် အပူအပင်ကင်းစွာနှင့် ချွဲနွဲ့စွာခိုဝင်နေသောကြောင့်ပင်။ ၎င်းမှာ ကွာရှင်းရန်ပြင်ဆင်နေသည့် ကူးချင်ချင်နှင့် လုံးဝ မတူညီသော ပုံစံဖြစ်နေသည်။
“တိတိ... အာတာပူစီ စားမလား?”
သူမလက်ထဲမှ အာတာပူစီအား ကူးလန် စိုက်ကြည့်နေသည်ကို သတိထားမိသည့်အခါ၊ ချင်ချင် ခဏမျှတွန့်ဆုတ်နေပြီးမှ ကမ်းပေးလိုက်ခြင်း ဖြစ်သည်။ အာတာပူစီမှာ အရသာရှိသော်လည်း သူမ မောင်လေးက ပိုအရေးကြီးသည် မဟုတ်ပါလား?
နိုးထလာသည်နှင့်တပြိုင်နက် အာတာပူစီ စားချင်သည်ဟု တတွတ်တွတ် ဂျီကျနေသဖြင့်၊ အန်းရန် ဆရာဝန်ထံ ခွင့်တောင်းကာ အထူးတလည် ဝယ်ယူပေးထားခဲ့ခြင်း ဖြစ်သည်။ ချင်ချင် သတိရကာစ ဖြစ်သဖြင့် အစာအိမ်နှင့် အူလမ်းကြောင်းမှာ အားနည်းနေသေးရာ၊ မာကျောသော မုန့်ပဲသရေစာများ စားသုံးရန် မသင့်လျော်သေးပေ။ သို့သော် အာတာပူစီမှာမူ ခံတွင်းထဲသို့ထည့်လိုက်သည်နှင့် ပျော်ဝင်သွားတတ်ပြီး အချိုဓာတ်လည်း မကဲလှသဖြင့် သူမအတွက် အသင့်တော်ဆုံးသော သရေစာဖြစ်နေတော့သည်။
ချင်ချင် အာတာပူစီအားကိုင်ကာ ကလေးငယ်တစ်ဦးကဲ့သို့ ကျေနပ်နှစ်သိမ့်စွာစားသုံးနေလေသည်။ ဖြူဖျော့အဆင်း ရှိနေသော သူမ၏ပါးပြင် လေးများပေါ်တွင် သွေးရောင်ခြည်လေးများပြန်လည်ယှက်သန်းလာသည်ကို မြင်တွေ့ရသဖြင့်၊ အနားရှိလူတိုင်းပင် ရင်ထဲမှအလုံးကြီးကျသွား သကဲ့သို့ စိတ်အေးသွားကြရသည်။
ဖူစစ်ချန်မှာမူ သူ့ဦးလေးဖြစ်သူအား မနာလိုသောမျက်လုံးများဖြင့် စောင်းငဲ့ကြည့်နေမိသည်။ သူသည် ခုနကပင် ချင်ချင်လက်ထဲမှ မုန့်ကို ခွဲစားရန်စနောက်ခဲ့သော်လည်း သူမ တစိမျှမပေးခဲ့ပေ။ ယခုမူ ဦးလေးရောက်လာသည်နှင့် အမေဖြစ်သူမှာ မဆိုင်းမတွပင် ကမ်းပေးလိုက်သည်။
“တကယ် မျက်နှာလိုက်တာပဲ!”
အန်းရန် ဖူစစ်ချန်ကို အားကိုးရာမဲ့စွာကြည့်လျက် သက်ပြင်းချလိုက်မိသည်။ တကယ်လို့များ ဤလူနှင့် အန်တီချင်အား စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်တိုင်းတာကြည့်မည်ဆိုလျှင်၊ နှစ်ယောက်သားမှာ တူတူတန်တန် ကလေးဘဝတွင်သာ ရှိနေကြမည်လားဟုပင် သူမ တွေးတောနေမိတော့သည်။
ကူးလန်ကမူ လူငယ်များ၏ကလေးကလား ကတောက်ကဆများကို အရေးမစိုက်နိုင်အားပေ။ သူသည် အစ်မဖြစ်သူကုတင်ဘေးသို့ အမြန်တိုးကပ်သွားကာ၊ ပိုင်ချီယွီအား မသိမသာဖယ်ရှား၍ ချင်ချင်အခြားလက်တစ်ဖက်ကို နွေးထွေးစွာဆုပ်ကိုင်လိုက်သည်။
“ကျဲ... ကျဲ... ကျွန်တော့်ကိုရော မှတ်မိသေးရဲ့လားဟင်?”
သူ "ကျဲ" ဟူသော နာမ်စားကို နှုတ်မှအလေ့အကျင့်အတိုင်း သဘာဝကျကျ ခေါ်ဆိုလိုက်ခြင်းဖြစ်သော်လည်း၊ အကယ်၍သာ ကူးချင်ချင်၏ အသိစိတ်များ အမှန်တကယ်ပြန်လည်နိုးထလာချိန်၌ ထိုခေါ်သံအားကြားသိသွားပါက သူမ ကိုယ်တိုင်ပင် အံ့အားသင့်တုန်လှုပ်လျက် မိမိ ဖြစ်တည်မှုအပေါ်သံသယများစွာ ဝင်ရောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“မှတ်မိတာပေါ့... ငါ့တိတိလေ”
ချင်ချင် ကူးလန်အား လက်ညှိုးလေးထိုးပြကာ ဆိုလိုက်ပြီးနောက်၊ လူနာခန်းအတွင်းရှိ လူအားလုံးကို တစ်ဦးချင်းမိတ်ဆက်ပေးလေတော့သည်။
ဖူဟန်ကို “ဦးဦး”၊ ပိုင်ချီယွီကို “ဦးဦးပိုင်” ဟုလည်းကောင်း၊ သားကြီး ဖူစစ်ကျင်းကို “အားကျင်း” နှင့် သားငယ် ဖူစစ်ချန်ကို “ရှောင်ချန်” ဟုလည်းကောင်း သူမ မည်သူ့ကိုမျှ မှားယွင်းခြင်းမရှိဘဲ ခေါ်ဆိုနိုင်ခဲ့သည်။ သို့သော် ထိုခေါ်ဝေါ်ပုံများမှာ အရွယ်ရောက်ပြီးသူ ကူးချင်ချင်၏ အမြင်နှင့် လုံးဝကွဲပြားနေသည်မှာထင်ရှားလှပေသည်။
ဖြစ်တည်မှု အကြောင်းရင်းအားကောင်းစွာသိရှိထားသော ဖူဟန်မှာ ချင်ချင့်လက်ကလေးကို စောင်အောက်သို့ အသာအယာ ပြန်လည် ထည့်သွင်းပေးလိုက်ရင်း၊ ဆရာဝန်မှတ်ချက်စကားများကိုလည်း အသံကိုနှိမ့်၍အကျိုးအကြောင်းရှင်းပြနေမိသည်။
“မားရဲ့ မှတ်ဉာဏ်တွေက ဘယ်တော့မှ ပြန်မရတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲဟင်?”
ဖူစစ်ချန်၏ စိုးရိမ်တကြီးမေးမြန်းမှုအား ဖူဟန် တည်ငြိမ်ရင့်ကျက်စွာပင် ပြန်လည်ဖြေကြားလိုက်သည်။
“ငါ သူ့ကို တစ်သက်လုံး တာဝန်ယူစောင့်ရှောက်သွားမှာပါ”
၎င်းမှာ သူ့နှလုံးသားမှ ထွက်ပေါ်လာသော အခိုင်မာဆုံးသောကတိသစ္စာပင်ဖြစ်တော့သည်။
“ကျွန်တော်လည်း ကျွန်တော့်အစ်မကို တစ်သက်လုံးစောင့်ရှောက်သွားမှာပါ”
ကူးလန်ကလည်း မဆိုင်းမတွထပ်ဆင့်ဆိုလိုက်သည်။ ပိုင်ချီယွီမှာမူ ခေတ္တမျှ နှုတ်ဆိတ်နေမိသည်။ အကယ်၍ ချင်ချင် ကလေးငယ်ဘဝ၌သာ ရှိနေဦးမည်ဆိုပါက သူသည်လည်း ဝန်ထုပ်ဝန်ပိုးမရှိဘဲ စောင့်ရှောက်လိုကြောင်းပြောနိုင်သော်လည်း၊ ယခုမူ သူမ အရွယ်ရောက်ပြီးသူ အသွင်ဖြင့် ဖူဟန်၏ဇနီးအဖြစ် မူလနေရာသို့ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ သူဝင်ရောက်ပတ်သက်ရန် နေရာမရှိတော့ကြောင်းနားလည်လိုက်ခြင်းပင်။
ဖူညီအစ်ကိုနှစ်ဦးစလုံးမှာလည်း မိခင်အပေါ်ထားရှိသည့် သားရတနာပီသသော စိတ်ဓာတ်တို့အားအပြည့်အဝပြသလာကြသည်။ သူတို့ ရင်ထဲ၌ ကိန်းအောင်းခဲ့ဖူးသော အငြိုးအတေးနှင့် နာကျင်မှုဟောင်းများမှာလည်း လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ချေပြီ။ အထူးသဖြင့် သားကြီး ဖူစစ်ကျင်းမှာ ငယ်စဉ်က ဖြစ်ရပ်မှန်များ အလုံးစုံသိရှိသွားပြီးနောက်၊ သူ့ရင်တွင်း၌ နှစ်ရှည်လများ အမြစ်တွယ်ခဲ့သော အမုန်းအစိုင်အခဲကြီးမှာ နှင်းပွင့်ကဲ့သို့ အရည်ပျော်ကျသွားခဲ့ရလေတော့သည်။
ဖူစစ်ကျင်းအား ဤမျှလျင်မြန်စွာ ကျန်းမာလာစေသည့် ‘ဆေး’ မှာ အခြားမဟုတ်၊ မိခင်ဖြစ်သူအပေါ်ထားရှိသည့် နားလည်မှုနှင့် မှန်ကန်သော အမှန်တရားကို သိရှိသွားခြင်းကြောင့်ပင်။ မိမိ၏မိခင်မှာ ကဲ့ရဲ့ပြစ်တင်အပ်သူ မဟုတ်ဘဲ၊ လေးစားဖွယ်ရာ ဂုဏ်ဒြပ်နှင့် ပြည့်စုံသော သူရဲကောင်းတစ်ဦးဖြစ်ကြောင်း သိမြင်လိုက်ရသည့်အခါ၊ သူ့စိတ်ထဲ၌ နှစ်ရှည်လများကိန်းအောင်းနေသည့် ပဋိပက္ခများမှာ မြူမှုန်များအလား လွင့်စင်ပျောက်ကွယ်သွားတော့သည်။
ထိုအမှန်တရားသည်ပင် သူ့စိတ်ဝေဒနာအား အမြစ်မှ လှန်၍နှုတ်ပစ်လိုက်ခြင်း ဖြစ်ရာ၊ ကုသပေးနေသည့် ဆရာဝန်ကပင် သူ လုံးဝဥဿုံ ကျန်းမာသွားပြီဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထုတ်ဖော်ပြောကြားခဲ့လေသည်။
အာတာပူစီ ကျေနပ်စွာစားသုံးပြီးနောက်တွင်မူ ချင်ချင်လေးမှာ မျက်တောင်များ စင်းကျလာကာ အိပ်စက်လိုစိတ် ပြန်လည် ဖြစ်ပေါ်လာပြန် သည်။ သို့သော် ဖူဟန်ကမူ သူမအား ချက်ချင်း အိပ်စက်ခွင့် မပြုသေးဘဲ “ဆန်ပြုတ်လေး အရင်သောက်ဦးနော်၊ ပြီးမှ အိပ်လိုက်” ဟု ဆိုကာ တစ်ဇွန်းချင်းစီ အသာအယာ ခွံ့ကျွေးနေမိသည်။ ဆန်ပြုတ်၏နွေးထွေးမှုမှာ သူမ ဟာလာဟင်းလင်းဖြစ်နေသော အစာအိမ်လေးကို နွေးထွေးသော အထိအတွေ့ဖြင့် ကုသပေးလိုက်သကဲ့သို့ပင်။
ဆန်ပြုတ် စားသောက်ပြီးသောအခါ ချင်ချင်မျက်နှာလေးမှာ သွေးရောင်ခြည်များသန်းလာကာ အတော်ကြည့်ကောင်းလာခဲ့သည်။ ဖူဟန် သူမအား ကုတင်ပေါ်၌ ဂရုတစိုက် ပြန်လည်သိပ်ပေးကာ စောင်ခြုံပေးလိုက်ပြီးနောက်၊ ငြိမ်သက်စွာ အနားယူစေလိုက်သည်။ အခြားသူများ လည်း တစ်ဦးပြီးတစ်ဦး လူနာခန်းအတွင်းမှ ထွက်ခွာသွားကြရာ၊ နောက်ဆုံးတွင် ဖူဟန်နှင့် ကူးလန်တို့ နှစ်ဦးသာကျန်ရစ်တော့သည်။
“မင်းနဲ့ ငါ့အစ်မရဲ့ ရှေ့ရေးကို ဘယ်လိုမျိုး ဆက်လုပ်ဖို့စိတ်ကူးထားသလဲ?”
ကူးလန် အရင်ဆုံး စကားပလ္လင်ခံ၍ မေးမြန်းလိုက်သည်။
“ဒါကိုတော့ ငါ သေချာ ပြောထားမယ်နော်၊ အခု ငါတို့အကြားမှာ ဘယ်လောက်ပဲ သဟဇာတဖြစ်နေပါစေ၊ တကယ်လို့ ငါ့အစ်မက ကွာရှင်းဖို့ ဆုံးဖြတ်ချက်ကို မပြောင်းလဲဘူးဆိုရင်တော့ ငါ မင်းဘက်က ရပ်တည်ပေးမှာ မဟုတ်ဘူး”
“ငါနဲ့ သူ့ကြားက အနှောင်အဖွဲ့တွေကို ငါကိုယ်တိုင်ပဲ ပြေလည်အောင်ဖြေရှင်းပါ့မယ်”
ဖူဟန် တည်ငြိမ်အေးဆေးစွာ ပြန်လည်ပြောကြားလိုက်သော်လည်း၊ ရင်ထဲတွင်မူ မဖော်ပြနိုင်သော သက်ပြင်းတစ်ချက်တိတ်တဆိတ် ချလိုက်မိသည်။
“ဆေးရည်ပုလင်း လဲပါ့မယ်”
လူနာခန်းတံခါး ရုတ်တရက် ပွင့်ဟလာပြီး သူနာပြုတစ်ဦး ဝင်ရောက်လာသဖြင့် ဖူဟန့် အတွေးစများ ပြတ်တောက်သွားရသည်။ သူနှင့် ကူးလန်တို့မှာ သူနာပြု၏လုပ်ငန်းဆောင်တာများ အဆင်ပြေစေရန်အတွက်လမ်းဖယ်ပေးလိုက်ကြသည်။ ချင်ချင်လက်မှာ ဆေးရည်များ အဆက်မပြတ် သွင်းထားရခြင်းကြောင့် အနည်းငယ်ရောင်ရမ်းနေချေပြီ။ သို့သော် ကျွမ်းကျင်လှသော သူနာပြုလက်ရည်ကြောင့် ချင်ချင်လေးမှာ နိုးထလာခြင်းမရှိဘဲ အိပ်မောကျနေဆဲမှာပင် အခြားလက်တစ်ဖက်သို့ ဆေးအပ်ကို အောင်မြင်စွာပြောင်းလဲတပ်ဆင်နိုင်ခဲ့သည်။
သူနာပြု ထွက်ခွာသွားပြီးနောက်တွင်မူ ကူးလန်မှာ တစ်စုံတစ်ရာကို စဉ်းစားမရသကဲ့သို့ ငေးငိုင်နေမိသည်။
“ဘာများ ဖြစ်လို့လဲ?”
ဖူဟန် သတိပြုမိစွာဖြင့် မေးမြန်းလိုက်လေသည်။
ကူးလန် မိမိမျက်နှာကို လက်ဖြင့်အသာအယာ စမ်းသပ်ကြည့်လိုက်ပြီးနောက်၊ ဖုန်းကိုထုတ်ကာ ဖန်သားပြင်ပေါ်ရှိ အရိပ်အား မှန်အမှတ်ဖြင့် အသေအချာ ကြည့်ရှုနေမိသည်။
“ငါ အခုတလော ညဉ့်နက်သန်းခေါင်အထိ အလုပ်လုပ်တာများသွားလို့ ငါ့ရဲ့ ရုပ်ရည်က အရင်ကထက် ကျဆင်းသွားတာလား?”
“...အဲဒီလိုတော့လည်း မဟုတ်ပါဘူ”
ဖူဟန် တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် အခုနက သူနာပြုလေးက ငါ့လိုလူမျိုးကို မြင်တွေ့ပါလျက်နဲ့ ဘာလို့ စိတ်လှုပ်ရှားတဲ့ အရိပ်အယောင်တောင်မပြရတာလဲ?”
ကူးလန်မှာ မိမိ၏ဆွဲဆောင်မှုအပေါ် ပထမဆုံးအကြိမ် သံသယဝင်သွားသကဲ့သို့ တကယ်ကိုနားမလည်နိုင်အောင် ဖြစ်နေရသည်။
ထိုအခါ ဖူဟန့် နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်ကွေးသွားပြီး၊ ယောက်ဖဖြစ်သူအားကြည့်ကာ အားကိုးရာမဲ့သည့် လေသံဖြင့် ပြောလိုက်သည်။
“မင်းက သူ့ အကြိုက်ဖြစ်ချင်မှ ဖြစ်မှာပေါ့ကွာ”
ဤကောင်စုတ်လေး ဘယ်အချိန်ကတည်းက ရှောင်ချန့်ဗီဇများကူးစက်သွားရသနည်း? မဟုတ်သေး... ပြန်စဉ်းစားကြည့်လျှင် ရှောင်ချန်၏ ထိုကဲ့သို့သော စိတ်နေစိတ်ထားမျိုးမှာ သူ့ဦးလေးဖြစ်သူ ကူးလန်ထံမှ ဆင်းသက်လာခြင်းသာဖြစ်ရမည်။