အခန်း (၁၂၀)
Vol. 14 Ch. 120
ချင်ချင်ဒဏ်ရာများမှာ ကောင်းမွန်စွာ ပြန်လည်သက်သာလာခဲ့ပြီဖြစ်သည်။
ဆေးရုံတက်ပြီး တစ်ပတ်အကြာမှာပင် သူမ ကုတင်ပေါ်မှ ကိုယ်တိုင်ဆင်းနိုင်နေပြီဖြစ်သည်။
သို့သော်လည်း သူမ၏ မှတ်ဉာဏ်မှာမူ ငယ်စဉ်ကလေးဘဝ အဆင့်မှာပင် တစ်ဆို့နေဆဲပင်။ ကံကောင်းသည်မှာ ဖူဟန်တို့ တစ်စုလုံး သူမ မေ့လျော့မသွားခြင်းပင်၊ သို့မဟုတ်ပါက ဘာမျှမသိနားမလည်သော 'ကလေး' တစ်ယောက်နှင့် မည်သို့ ဆက်ဆံရမည်ကို အားလုံး ပူပန်နေကြရပေလိမ့်မည်။
အဓိက ပြဿနာမှာ ဤကလေးမလေး၏ ခန္ဓာကိုယ်မှာ လူကြီးအရွယ် ဖြစ်နေခြင်းပင်။ ကလေးအရွယ်တွင် အချို့ကိစ္စများမှာ အရေးမကြီးသော် လည်း၊ လူကြီးခန္ဓာကိုယ်နှင့် ဖြစ်နေသည့်အခါ ပိုဆင်ခြင်ရန်လိုအပ်လာသည်။
ဥပမာအားဖြင့် ချင်ချင်အဝတ်အစားလဲပေးသည့် ကိစ္စမျိုးပေါ့။
ယခင်ကမူ အဆင်ပြေသည့်သူ ကူညီပေးလေ့ရှိသော်လည်း၊ ယခုမူ ချင်ချင်ကိုယ်ရေးကိုယ်တာကိစ္စများကို ဖူဟန်နှင့် မိန်းကလေးနှစ်ယောက်သာ ကူညီခွင့်ရှိတော့သည်။
ဖူဟန် အခြားမည်သူ့ကိုမျှ၊ သူ့သားနှစ်ယောက်ကိုပင် ချင်ချင်နှင့် အလွန်အမင်း ရင်းနှီးပတ်သက်သည့်ကိစ္စများ လုပ်ဆောင်ခွင့်မပြုတော့ပေ။
အမှန်တကယ်တွင်မူ ဖူညီအစ်ကို နှစ်ယောက်ကိုယ်တိုင်ကလည်း စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်နေကြဆဲပင်။
သူတို့မိခင်မှာ ကလေးငယ်ပုံစံနှင့် ရှိနေသည်ကို နေသားကျနေခဲ့ရာမှ၊ ရုတ်တရက် လူကြီးပုံစံဖြစ်သွားခြင်း၊ အထူးသဖြင့် ယခင်က နားလည်မှုလွဲမှားမှုများကြောင့် ဆက်ဆံရေး တင်းမာခဲ့ဖူးခြင်းတို့မှာ သူတို့အား... ဖော်ပြရခက်သည့် ခံစားချက်မျိုးပေးစွမ်းနေပြီး အနည်းဆုံးတော့ စိတ်ထဲတွင် လုံးဝနေရခက်စေသည်မှာ အမှန်ပင်။
သို့သော်လည်း ချင်ချင်ကမူ ထိုနေရခက်မှုအသေးအမွှားလေးကို လျင်မြန်စွာကျော်ဖြတ်နိုင်ခဲ့သည်။
သူမ လူတိုင်းအား အရင်ကအတိုင်းပင်ဆက်ဆံသည်၊ ကလေးတစ်ယောက်လိုချွဲနွဲ့သည်၊ ဂျီကျသည်၊ တစ်ခါတစ်ရံ လူကြီးများတစ်ခုခု စားခွင့်မပြုလျှင် စိတ်ကောက်တတ်သေးသည်။
သူမ ယခင်ကထက်ပင် ပိုနုနယ်သိမ်မွေ့လာသယောင် ရှိသည်။
ဤသည်မှာ လူကြီးများဘက်မှ အလိုလိုက်ထားသောကြောင့်လည်းပါဝင်သည်၊ ချင်ချင် ဒဏ်ရာရ၍ဆေးရုံတက်နေရသဖြင့် သူမ စိတ်အနှောင့် အယှက်ဖြစ်မည်၊ စိတ်မကောင်းဖြစ်မည်ကို အားလုံးစိုးရိမ်ကာ ဝိုင်းဝန်းနှစ်သိမ့် အလိုလိုက်ထားကြသည်မဟုတ်လား?
"မင်း သူတို့ကို တားလိုက်တာလား"
ကူးလန် ပြန်လာသည်ကို မြင်သောအခါ ဖူဟန် တည်ငြိမ်သော်လည်း သေချာပေါက်သိနေသည့် လေသံဖြင့် မေးလိုက်သည်။
"ဟုတ်တယ်၊ သူတို့က တစ်နှစ်ပတ်လုံး ပျောက်ချက်သားကောင်းနေပြီး မိဘတာဝန်ကို တစ်ခါမှမကျေပွန်ခဲ့ကြဘူး၊ အခု ကျွန်တော့်အစ်မ ဆေးရုံတက်နေရတယ်၊ မှတ်ဉာဏ်တွေပျောက်နေတယ်ဆိုတာ ကြားတာနဲ့တင် စိုးရိမ်သလိုလို ဟန်ဆောင်ပြီးပြေးလာကြတာ၊ သူတို့ ဘာကြံစည်နေလဲဆိုတာ ကျွန်တော် မသိဘူးများမှတ်နေလား"
ကူးလန်မျက်နှာအမူအရာမှာ မကောင်းလှပေ။ သူသည် အခြားကုတင်လေးတစ်ခုဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ထိုင်ချလိုက်ပြီး၊ စားပွဲပေါ်မှ အချိုရည်ပုလင်းကို လှမ်းယူကာ တစ်ကျိုက်တည်းနှင့် မော့သောက်ပစ်လိုက်သည်။
အချိုရည်တစ်ငုံ သောက်ပြီးမှ တစ်ခုခု မှားနေပြီဆိုသည်ကို သူ သတိထားမိသွားပြီး ရွံရှာသလိုဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါက ဘာအစုတ်အပျက်တွေလဲ၊ ဘာလို့ ဒီလောက် ချိုနေတာလဲ"
"...အဲဒါ ချင်ချင် အကြိုက်ဆုံး ကလေးနို့လေ"
ဖူဟန် သတိမထားမိလိုက်ဘဲ ချင်ချင်သောက်လက်စနို့ပုလင်းအား ကူးလန် သောက်မိအောင် လွှတ်ထားမိခြင်းပင်။
"ချင်ချင် အိပ်မပျော်ခင်က သူ့နို့ကို ဘယ်သူမှ ခိုးမသောက်ဖို့ ထပ်ခါတလဲလဲ မှာသွားတာနော်"
မင်းကတော့ အခန်းထဲ ဝင်လာတာနဲ့ အကုန်သောက်ပစ်လိုက်တာပဲ! အဲဒီကလေးမလေး နိုးလာရင်တော့ မင်းကို သေချာပေါက် ရန်တွေ့တော့မှာပဲ။
နို့ပုလင်းအားကိုင်ထားသော လက်မှာ အနည်းငယ်တုန်ယင်သွားသည်။
"ဘာလို့ စောစောက မပြောတာလဲ"
သူ ပါးစပ်ကို အုပ်ကာ ညည်းတွားလိုက်ပြီး၊ အနားယူဖို့ပင် မေ့သွားကာ အခန်းထဲမှအမြန်ထွက်၍ အောက်ထပ်သို့ အပြေးအလွှားသွားတော့ သည်။ အစ်မဖြစ်သူအတွက် တံဆိပ်တူ၊ ထုပ်ပိုးမှုတူသည့် နို့ပုလင်းအသစ်များ အမြန်ဝယ်ကာ ကုတင်ဘေးစားပွဲပေါ်တွင် ပြန်တင်ထားပြီး ခိုးသောက်ထားသည့် နို့မှာ ရှိနေဆဲဖြစ်သယောင် ဟန်ဆောင်ရတော့သည်။
ကူးလန် လက်ထဲတွင် ရှိနေသော ထိုနို့ပုလင်းမှာ ချင်ချင်အတွက် နောက်ဆုံးကျန်သည့် ပုလင်းဖြစ်ရာ၊ သူသာ အချိန်မီ အစားပြန်မဖြည့်ထားပါက သူမ နိုးလာသည့်အခါ လူကြီးခန္ဓာကိုယ်ကြီးနှင့် အသည်းအသန်ငိုကြွေးနေဦးမည်မှာ အမှန်ပင်။
ကလေးငယ်လေး ငိုလျှင် ချော့ရသည်မှာ လွယ်ကူသော်လည်း၊ လူကြီးအရွယ် ကလေးကြီး ငိုလျှင်မူ... ဘေးကနေ ဘာမှမလုပ်နိုင်ဘဲ တစ်ရှူးကမ်းပေးရုံသာ တတ်နိုင်ပေတော့မည်။
"ဒီသတင်းကို ဘယ်သူ ဖြန့်လိုက်လဲတော့ မသိဘူး၊ လူအတော်များများက ကျွန်တော့်အစ်မ မှတ်ဉာဏ်ပျောက်နေတာကိုသိနေကြပြီ"
ထိုကိစ္စအား ပြောလိုက်သည်နှင့် ကူးလန် ဒေါသထွက်သွားသည်။
မကြာသေးမီက လူအတော်များများမှာ စပ်စုစူးစမ်းရန် အမျိုးမျိုး ကြိုးစားနေကြသည်တင်မက၊ သူမ၏ မိဘများပါ ထိုကိစ္စကြောင့် သီးသန့် လိုက်ရှာနေကြခြင်းမှာ အလွန်ပင် စိတ်ရှုပ်စရာ ကောင်းလှသည်။
"ဒီကိစ္စက တော်တော်လေး ဟိုးလေးတကျော် ဖြစ်သွားတာလေ၊ ပြီးတော့ ငါတို့ကလည်း တကူးတက ဖုံးကွယ်မထားခဲ့တော့ အပြင်ကို ပေါက်ကြားသွားတာ သဘာဝပါပဲ"
ကူးလန်နှင့် မတူဘဲ ဖူဟန်မှာ များစွာပိုတည်ငြိမ်လှသည်။
လူကြီးအရွယ် ချင်ချင်အား ကလေးငယ် ချင်ချင်ကဲ့သို့ ဖုံးကွယ်ထားရန် မလွယ်ကူပေ။ သူမမှာ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ဦး ဖြစ်သည့်အပြင် လူသိများသူတစ်ဦးလည်းဖြစ်ရာ၊ လူမသိအောင်နေထိုင်ရန်မှာ အလွန်ခက်ခဲလှသည်။
သတင်းအား ဖုံးကွယ်ထားပြီးမှ အပြင်လူများမှာ ဖူဂရုဥက္ကဋ္ဌကတော်ကို ဆေးရုံတွင်တွေ့သွားကာ မကောင်းသော ကောလာဟလများ ဖြန့်မည့်အစား၊ အစကတည်းက အခြေအနေမှန်ကိုအသိပေးလိုက်ခြင်းမှာ ပိုကောင်းမွန်သည့်နည်းလမ်းဖြစ်သည်။
မှန်ပါသည်၊ ၎င်းမှာ ဖူဟန်အနေဖြင့် လူအများအား သိစေချင်သည့် သတင်းအချက်အလက် တစ်စိတ်တစ်ပိုင်းသာ။
"ကူးချင်ချင် မှတ်ဉာဏ်ပျောက်ဆုံးနေသည်" ဟူသော ခေါင်းစီးသတင်းမှာ "ကူးချင်ချင်သည် လေးနှစ်သမီးအရွယ် ကလေးတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသို့ရောက်ရှိနေသည်" ဟူသော သတင်းထက်စာလျှင် များစွာဖတ်ပျော်ရှုပျော် ရှိသည်မဟုတ်လား?
ကူးလန်ည် ဖူဟန်လုပ်ဆောင်ချက်များကို နားလည်သည်။ သူ အပြစ်ပြောနေခြင်းမဟုတ်ဘဲ ထိုမိဘဆိုသူများ၏လုပ်ရပ်အားရွံရှာလွန်း၍ စိတ်အနှောင့်အယှက် ဖြစ်နေရခြင်းသာ။
သမီးဖြစ်သူကို စိတ်ပူလို့ လာကြည့်ချင်ကြတာတဲ့လား?
ဘယ်သောအခါကများ မိဘဆိုသူတို့မှာ သမီးဖြစ်သူ၏လူနာသတင်းမေးရန်လာရင်း ရှယ်ယာလွှဲပြောင်းမည့် စာချုပ်စာတမ်းအားတစ်ပါတည်း သယ်ဆောင်လာဖူးကြသနည်း။ ချင်ချင် အတိတ်မေ့လျော့နေမှုကို အခွင့်ကောင်းယူကာ ယခင်နာကြည်းချက်များအား သူမ မေ့သွားပြီဟု အမှတ်မှားလျက်၊ ထိုသွေးစုပ်မည့်ပဋိညာဉ်တွင် လှည့်ဖြားလက်မှတ်ထိုးခိုင်းရန်ကြံစည်နေကြခြင်းသာ။
ဤသို့သော ယုတ်မာမှုမျိုးကိုတော့ အိပ်မက်ပင်မမက်လေနှင့်။ ကူးလန် ရှိနေသရွေ့ သူတို့အကြံအစည်များအောင်ရန်မှာ လုံးဝ လုံးဝ မဖြစ်နိုင်သောကိစ္စပင်။
သူ အစ်မဖြစ်သူ ဘေးကင်းလုံခြုံရေးအတွက် သက်တော်စောင့်အသစ် နှစ်ဦးထပ်မံခန့်အပ်ရန်စိတ်ကူးနေမိသည်။ ယခင် သက်တော်စောင့် များမှာ "ချင်ချင်" ဘဝကို သိရှိထားသူများဖြစ်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ လူကြီးပုံစံ ပြန်ဖြစ်သွားသော အစ်မဖြစ်သူနှင့် ပေးမတွေ့သင့်တော့ဟု ဆုံးဖြတ်ထားခြင်းပင်။
ထို့အပြင် ဆေးရုံဆင်းချိန်တွင် အစ်မဖြစ်သူအား ကူးအိမ်တော်သို့ပြန်လည်ခေါ်ဆောင်သွားနိုင်မည့် အခွင့်အလမ်းမည်မျှရှိမည်ကိုလည်း သူ အကြိမ်ကြိမ်တွက်ချက်နေမိသည်။
သူ့စိတ်အာရုံတို့မှာ ချင်ချင် ဆေးရုံဆင်းမည့်ရက်ဆီသို့သာ စုပြုံရောက်ရှိသွားတော့သည်။
"ကျဲ ဘယ်နေ့များ ဆေးရုံဆင်းရမှာလဲ"
အစ်မဖြစ်သူမှာ ကလေးဘဝပုံစံမှ အရွယ်ရောက်ပြီးသူ တစ်ဦးအဖြစ်ပြန်လည်ပြောင်းလဲလာပြီးနောက်တွင် ကူးလန်သည်လည်း သူမနာမည်အား တိုက်ရိုက်မခေါ်ဝေါ်တော့ဘဲ "ကျဲ" ဟုသာ ရိုရိုသေသေ ပြောင်းလဲခေါ်ဆိုနေခဲ့သည်။
"နောက်ထပ် သုံးရက်လောက် ကြာဦးမယ်လို့ ဆရာဝန်က ပြောတယ်"
ဖူဟန် မုန့်ကျယ် ရုံးခန်းမှ ခုလေးတင် ပြန်လာခဲ့ပြီး ဆေးရုံဆင်းမည့်ရက် အတိအကျ သိရှိထားပြီး ဖြစ်သည်။
"ကောင်းပြီလေ၊ ငါလည်း အချိန်ဖယ်ထားပြီး ဆေးရုံဆင်းတဲ့နေ့မှာ လာကူပေးမယ်"
ကူးလန် သူ့အကြံစည်ငယ်လေးအား မစွန့်လွှတ်နိုင်သေးဘဲ အိမ်တော်ထိန်းကြီးကိုပါ အကူအညီတောင်းရန် စဉ်းစားနေမိသည်။ အစ်မဖြစ်သူမှာ အိမ်တော်ထိန်းကြီးအပေါ် အလွန်အမင်း မှီခိုတွယ်တာသူ ဖြစ်ရာ၊ သူမကိုသာ အသုံးချနိုင်လျှင် အစ်မအား ဖျောင်းဖျရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ချင်ချင်ဘက်ကသာ သဘောထား တင်းမာနေပါက ဖူဟန်အနေဖြင့် မည်မျှပင် မလိုလားပါစေ ဇနီးသည်ဆန္ဒအား လိုက်လျောရန်မှ တစ်ပါး အခြားမရှိဟု သူ ယုံကြည်နေသည်။
သို့သော် ကူးလန် အတွေးကိုဖတ်ရသည့်အလား ဖူဟန် အေးအေးလူလူပင် သတိပေးလိုက်သည်။
"အဘွားထင်းက ငါ့ဘက်မှာ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့ဦး"
မင်းမှာ အိမ်တော်ထိန်းကြီးရှိရင် ငါ့မှာလည်း အဘွားထင်းရှိတယ်၊ ဒါ့ပြင် သားနှစ်ယောက်နှင့် အနာဂတ်ချွေးမနှစ်ယောက်ပါ ပေါင်းလိုက်လျှင် ငါးယောက်နှင့် တစ်ယောက်... ကူးလန် မင်း ရှုံးနိမ့်သွားပြီ။
"..."
လက်တွေ့ဘဝ၏ခါးသီးမှုအား အောင့်အည်းမျိုသိပ်လိုက်ရသော ကူးလန်မှာ ခဏမျှ ဆွံ့အသွားပြီးနောက် စိတ်ထဲမှ တကယ်ပင် ကျိန်ဆဲမိတော့ သည်။ သူတို့နှစ်ဦး၏အားပြိုင်သံများက ကျယ်လောင်နေ၍လားမသိ၊ ကုတင်ပေါ်တွင် အိပ်ပျော်နေသော ချင်ချင်မှာ စောင်ကို အလိုလို ဆွဲယူလိုက်ပြီး မျက်တောင်များတဖျတ်ဖျတ်လှုပ်ခတ်ကာ နိုးလာခဲ့သည်။
"ချင်ချင်... နိုးပြီလား၊ ကိုယ် မင်းအတွက် စွပ်ပြုတ်လေးပြင်ထားတယ်၊ နည်းနည်းလောက် သောက်မလား"
ဖူဟန် မေးနေရင်းပင် ထိုင်ရာမှထကာ ဓာတ်ဗူးထဲမှဆေးစွပ်ပြုတ်ကို ဂရုတစိုက် ငှဲ့ပေးလိုက်သည်။ အများစုမှာ ဆေးစွပ်ပြုတ်၏ ခါးသက်သက် အရသာကို မနှစ်သက်ကြသော်လည်း စနစ်တကျ ချက်ပြုတ်ထားသည့် ဤစွပ်ပြုတ်မှာမူ အနံ့အရသာနှင့်ပြည့်စုံလှရာ ချင်ချင်လည်း ထိုတရုတ် တိုင်းရင်းဆေးနံ့ သင်းသင်းလေးကို အထူးပင် မြတ်နိုးတတ်သူဖြစ်သည်။
စွပ်ပြုတ်ပန်းကန် လာပေးချိန်တွင် ကူးလန်ကလည်း အစ်မဖြစ်သူ သက်သောင့်သက်သာ ထိုင်နိုင်ရန်ကုတင်ကို မြှင့်ပေးကာ စားပွဲငယ်လေး အဆင်သင့် ပြင်ပေးလိုက်သည်။ အိမ်မှ ပို့လာမည့် အစားအသောက်များ ရောက်ရန် အချိန်လိုသေးသဖြင့် ယခုကဲ့သို့ စွပ်ပြုတ်ပူပူလေး သောက်လိုက်ရခြင်းမှာ ဆာလောင်မှုအား အတော်လေးပြေပျောက်စေသည်။
စွပ်ပြုတ် သုံးပန်းကန် ချလိုက်ရာ ချင်ချင်အတွက် ပန်းကန်ထဲတွင်မူ ဟင်းရည်ကြည်နှင့် နူးညံ့လှသော အသားမျှင်လေးများသာ ပါဝင်ပြီး ကျန်နှစ်ပန်းကန်တွင်မူ အသားနှင့် အသီးအရွက်များ ပိုမိုစုံလင်စွာပါဝင်သည်။ ဤသည်မှာ ကျန်းမာရေး ပြန်လည်ထူထောင်စ ချင်ချင်၏ အစာခြေစနစ်အတွက် အထူးစီစဉ်ပေးထားခြင်းပင်။
"စွပ်ပြုတ်သောက်ပြီးရင် အပြင်မှာ လမ်းခဏလျှောက်ရအောင်လေ"
ဆေးရုံခန်းထဲတွင် အမြဲပိတ်မိနေရသည်ကို ငြီးငွေ့နေသော ချင်ချင်မှာ လိုလိုလားလားပင် သဘောတူလိုက်သည်။
"အင်း"
"ကိုယ့် ဘာသာ သောက်မယ်"
ဖူဟန် ခွံ့ကျွေးမည့်အရေးကို ငြင်းဆန်ကာ ချင်ချင် ပန်းကန်အား ကိုယ်တိုင်ကိုင်၍ အားရပါးရသောက်လိုက်သည်။ ထိုပုံရိပ်လေးကို မြင်ရသောအခါ ဖူဟန် နှုတ်ခမ်းဖျားတွင် အလိုလိုအပြုံးတစ်ခုပေါ်လာရသည်။
ယခုအခါ သူသည် လုပ်ငန်းစုကြီးကို သားနှစ်ယောက် လက်ထဲသို့ တဖြည်းဖြည်း လွှဲပြောင်းပေးနေပြီဖြစ်ရာ အလုပ်တာဝန်များကြားမှ တစ်စတစ်စ နားခွင့်ရလာခဲ့ပြီ ဖြစ်သည်။ ကြုံတွေ့ခဲ့ရသော အခက်အခဲများမှာ ကလေးများကို ပိုမိုရင့်ကျက်သွားစေခဲ့ပြီး အငယ်ဆုံးသားပင်လျှင် အရင်ကလို အလုပ်ပင်ပန်းသည်ဟု မညည်းညူတော့ဘဲ ပိုကြိုးစားလာခဲ့သည်။ ထို့ကြောင့် ဖူမိသားစု လုပ်ငန်းများကို သူတို့လက်ထဲ စိတ်ချလက်ချ အပ်နှံနိုင်ခဲ့ပြီဟု ဖူဟန် ခံစားရသည်။
သူတို့နှင့် နှိုင်းယှဉ်လျှင် ကူးလန်မှာမူ တစ်ယောက်တည်း အလုပ်များနေရသဖြင့် အမှန်တကယ်ပင် သနားစရာ ကောင်းလှပေသည်။
သူ အိမ်ထောင်မပြုရသေးသလို အမွေဆက်ခံမည့်သူကလည်း အခုထိ အရိပ်အယောင်ပင် မမြင်ရသေးချေ။ အစောပိုင်းက တူတော်မောင် နှစ်ယောက်အား ခေါ်ယူပျိုးထောင်ပြီး အမွေဆက်ခံခိုင်းရန်ရည်ရွယ်ခဲ့သော်လည်း ဖူဟန် လက်ဦးမှုရယူကာ ဖြတ်တောက်လိုက်သဖြင့် ကူးလန်မှာ လက်ဗလာနှင့် ကျန်ရစ်ခဲ့ရသည်။
"ဒါနဲ့... ယောက်ဖ၊ ယောက်နဲ့ ကျဲ နောက်တစ်ယောက်လောက် ထပ်မယူကြဘူးလား? ကလေးကို ကျွန်တော် ကူပြီး ပြုစုပျိုးထောင်ပေးပါ့မယ်"
ကူးလန် ပေါက်ကရ အကြံဉာဏ်တစ်ခု ရုတ်တရက် ထုတ်ဖော်လိုက်သည်။
"သွားစမ်းပါ!"
ဖူဟန် အေးစက်စက်ပင် ပြန်လည်ပယ်ချလိုက်သည်။
သူ့ဇနီးသည်မှာ အသက် ၄၆ နှစ်ထဲ ရောက်နေပြီဖြစ်ရာ နောက်ထပ် ကလေးယူရန်မှာ အလွန်အန္တရာယ်များလှသည်။
"ဒါဆို ကူးမိသားစုအတွက် ဘယ်လိုလုပ်မလဲ? အမွေဆက်ခံမယ့်သူ မရှိဘူးလေ"
"မင်းဘာသာ အိမ်ထောင်ပြုပြီး ကလေးယူလေ"
ဖူဟန်မှာ ယောက်ဖဖြစ်သူ ရူးသွားပြီလားဟုပင် တွေးတောမိသွားသည်။ ဤမျှရိုးရှင်းသောကိစ္စကို ဘာကြောင့် သူ့အား လာမေးနေရသနည်း။
ကူးလန်မှာ အသက် ၃၀ အစောပိုင်းအရွယ်သာ ရှိသေးပြီး အမျိုးသားတစ်ဦး၏ အကောင်းဆုံး အချိန်ကာလတွင် ရှိနေခြင်းဖြစ်သည်။ သူသာ အခြေချရန် စိတ်ဆုံးဖြတ်ပြီး မိန်းကလေးတစ်ဦးကို ရှာဖွေမည်ဆိုပါက အမွေခံသားသမီးဆိုသည်မှာ အလိုလို ရောက်ရှိလာမည်သာ ဖြစ်သည်။
"အဲဒါက ကျွန်တော် လက်ထပ်ချင်တဲ့လူ ရှိမှ ဖြစ်မှာလေ"
ကူးလန် တစ်ကိုယ်တည်း ဖြစ်နေရခြင်းမှာ သူ အပျော်အပါးမက်လွန်း၍ သို့မဟုတ် ပြဿနာတစ်ခုခု ရှိနေ၍ မဟုတ်ဘဲ သူနှစ်သက်မြတ်နိုးမည့် သူနှင့် မဆုံတွေ့ရသေးခြင်းကြောင့်သာ။
ထို့အပြင် သူသည် အလုပ်ကိစ္စများဖြင့် အလွန်အမင်း အလုပ်ရှုပ်နေခဲ့သလို နောက်ပိုင်းတွင် ကလေးကိုပါ ကူညီစောင့်ရှောက်ပေးခဲ့ရသေးသည်။ အိပ်ချိန်ပင် လုံလောက်အောင် မရှိသည့် သူ့အဖို့ မိန်းကလေးတစ်ယောက် ရှာရန် မည်သို့ အချိန်ပို ထွက်လာပါမည်နည်း။
အချစ်ဆိုသည်မှာ ကောင်းကင်မှ အလိုလို ကျလာတတ်သည်မျိုး မဟုတ်ပေ။ တစ်စုံတစ်ဦးနှင့် အချိန်ပေးပြီး အတူမရှိနိုင်ပါက မည်သူကများ သင့်ကို နှစ်သက်လာမည်နည်း။ ထို့ကြောင့် ကူးလန်မှာ အိမ်ထောင်ပြုခြင်းကို ဆန့်ကျင်သူမဟုတ်သော်လည်း "ကံပါလာရင် လက်ထပ်မယ်၊ ကံမပါရင် တစ်ယောက်တည်းနေမယ်" ဟူသော လောကုတ္တရာဆန်သည့် သဘောထားမျိုးရှိနေခြင်းပင်။
ဖူဟန် အတိတ်မှ ကိစ္စတစ်ခုအား ရုတ်တရက် သတိရသွားသည်။ ယခင်က ဇနီးဖြစ်သူမှာ မောင်ဖြစ်သူအတွက် အိမ်ထောင်ဖက်ရှာပေးရန် စီစဉ်ခဲ့ဖူးသော်လည်း ကူးလန်ကမူ မိန်းကလေးများအား သေချာကြည့်ဖို့ စိတ်မပါဘဲ ချိန်းဆိုမှုများ ပျက်ပြားအောင်သာ နည်းမျိုးစုံဖြင့် အမြဲနှောင့်ယှက်ခဲ့သည်။
အကြိမ်အနည်းငယ်မျှ ဂျီကျခံလိုက်ရပြီးနောက် ချင်ချင်မှာ ဒေါသထွက်လွန်း၍ရင်ဘတ်ပင် အောင့်လာကာ မောင်ဖြစ်သူကိစ္စအား နောက်နောင် လုံးဝစွက်ဖက်တော့မည်မဟုတ်ကြောင်း ကြေညာခဲ့လေသည်။ ထိုအဖြစ်အပျက်အား ကူးလန် အမှတ်ရနေဦးမည်လားဟု ဖူဟန် တွေးနေမိသည်။
"ကုန်ပြီ!"
ချင်ချင် တစ်ကျိုက်တည်းနှင့် ကုန်အောင်သောက်ထားသည့် စွပ်ပြုတ်ပန်းကန်ကို ဖူဟန်အား ဂုဏ်ယူဝင့်ကြွားစွာ ပြလိုက်သည်။
"ချင်ချင် တကယ်တော်တာပဲ"
ဖူဟန် ချင်ချင်ဆံပင်များကို အသာအယာပွတ်သပ်ပေးကာ ဘီးတပ်ကုလားထိုင်ကို တွန်းရန် သွားလိုက်သည်။ ကူးလန်ကမူ ထိုင်ရာမှထကာ ချင်ချင်အတွက် အပူပေးအိတ်နှစ်အိတ်သွားယူပေးသည်။
ချင်ချင် ဓမ္မတာလာနေခြင်း မဟုတ်သော်လည်း ယခုအချိန်မှာ နှစ်သစ်ကူးနီးလာပြီဖြစ်ရာ တောင်ပိုင်းဒေသ၏ ဆောင်းရာသီမှာ ပို၍ စိုထိုင်းအေးစက်လာသည်။ ထို့ကြောင့် ဤအိတ်လေးများကို ခြေထောက်နားတွင်ထားပေးရန်ဖြစ်သည်။
ဖိနပ်အထူကြီးများ စီးထားလျှင်ပင် အပြင်ဘက်သို့ ခြေချလိုက်သည်နှင့် စိမ့်ခနဲ ခံစားရတတ်သည်။ ထို့ကြောင့် လူအများမှာ နည်းလမ်းအ မျိုးမျိုးဖြင့် အအေးဒဏ်ကို ကာကွယ်ကြရာ အပူပေးအိတ်မှာအထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပေသည်။
သူ ချင်ချင်အား ဘီးတပ်ကုလားထိုင်ပေါ်သို့ ရွှေ့ပေးပြီး ကုတ်အင်္ကျီ၊ လည်စည်း၊ ဦးထုပ်နှင့် နှာခေါင်းစည်းတို့ကိုပါ စနစ်တကျ ဝတ်ဆင်ပေးလိုက်သည်။ သူမ အအေးမိမသွားစေရန် အစအဆုံးဂရုတစိုက် ပြင်ဆင်ပေးခြင်းပင်။
အပြင်ထွက်ရတော့မည်ဖြစ်သဖြင့် ချင်ချင်မှာ အတိုင်းထက်အလွန်ပျော်ရွှင်နေရှာသည်။
သူမ ပျော်လွန်းသဖြင့် အိပ်ရာမဝင်မီက တတွတ်တွတ်တောင်းနေခဲ့သည့် နို့ပုလင်းအကြောင်းကိုပင် မေ့လျော့နေပုံရရာ ကူးလန်မှာ အစားပြန်ဖြည့်ထားသည်ကိုပြချင်သဖြင့် အနည်းငယ်စိတ်ပျက်သွားရသည်။
သူမ သောက်လက်စနို့ပုလင်းဝက်လေးမှာ ရုတ်တရက် နို့ပုလင်းအသစ် အစီအရီဖြစ်သွားသည်ကို တွေ့လိုက်ရသည့်အခါ ချင်ချင် မည်သို့ တုံ့ပြန်မည်ကို ကူးလန်အလွန်သိချင်နေမိတော့သည်။