← Chapters

အခန်း (၁၂၂)

Vol. 14 Ch. 122

အခန်း (၁၂၂)

Vol. 14 Ch. 122

အန်းယွမ် အရာရာကိုကြိုတင်စီစဉ်ထားပြီးသားဖြစ်သည်။ အန်းရန် ကုမ္ပဏီထဲသို့ ဝင်လာသည့်အခါ တားမြစ်သူမရှိသည့်အပြင် အပေါ်ထပ်သို့ လိုက်ပါပို့ဆောင်ပေးမည့်သူပင် အဆင်သင့်ရှိနေသည်။

အန်းမိသားစု၏သမီးအစစ်အမှန်မှာ ကုမ္ပဏီသို့ ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ရာ ဥက္ကဋ္ဌရုံးခန်းအား ရှာမတွေ့ဘဲဖြစ်နေမည်ကို သူတို့ စိုးရိမ်နေကြခြင်းပင်။

"မမလေးအန်း... ဒီဘက်က ကြွပါရှင့်"

သူမအား လာရောက်ကြိုဆိုသူမှာ အန်းယွမ်ယုံကြည်ရသော လက်ရုံးတစ်ဦးဖြစ်သည့် အထူးလက်ထောက်ကျန်းဖြစ်သည်။

အန်းရန် သူ့အား တစ်ခါနှစ်ခါ မြင်ဖူးသဖြင့် အစ်ကိုဖြစ်သူမှာ သူမ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်အတွက် သူ့အား သီးသန့်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း ရိပ်မိလိုက်သည်။ ဤသည်မှာ ကုမ္ပဏီဝန်ထမ်းများအနေနှင့် အန်းရန်ကို အန်းမိသားစု၏သမီးကြီးအဖြစ်သာ သိနေကြပြီး သူမကို (အန်းရန်) ကျတော့ လျစ်လျူရှုထားမိမည်ကို တားဆီးရန်ဖြစ်သည်။

အမှန်တကယ်တွင်လည်း သူတို့နှစ်ဦး၏အဆင့်အတန်းမှာ ယခုထိ မရေမရာဖြစ်နေဆဲပင်။

အန်းမိသားစု ခေါင်းဆောင်ဟောင်း ဇနီးမောင်နှံ၏ဝေဝါးသော သဘောထားအပြင်၊ အန်းရန် ကုမ္ပဏီတွင် နှစ်နှစ်ခန့် အရင်ဝင်ရောက် အလုပ်လုပ်ခဲ့သဖြင့် သူမသည်သာ အန်းမိသားစုသမီးကြီးဖြစ်သည်ဟူသောအစွဲမှာ လူတို့ရင်ထဲတွင် ခိုင်မာနေခဲ့ပြီ ဖြစ်သည်။

အကယ်၍ အန်းရန်ကသာ ကုမ္ပဏီထဲသို့ပိုမိုပြတ်သားသော အရှိန်အဝါမျိုးဖြင့်ဝင်မလာခဲ့ပါက ထိုအစွဲအား ဖျောက်ဖျက်ရန် အလွန်ခက်ခဲပေ လိမ့်မည်။ သို့မဟုတ်လျှင် ဝန်ထမ်းများ၏မျက်စိထဲတွင် အန်းမိသားစုသမီးကြီးမှာ အမြဲတမ်းအန်းရန်(မွေးစားသမီး)သာ ဖြစ်နေပေတော့မည်။

"ဥက္ကဋ္ဌက အခုလေးတင် အရေးပေါ် အစည်းအဝေးတစ်ခု ရှိနေလို့ အစည်းအဝေးခန်းထဲမှာ ရောက်နေပါတယ်ရှင့်၊ ခဏလောက် စောင့်ပေးပါဦး၊ ကျွန်မ သွားပြောလိုက်ရင် သူ ချက်ချင်းထွက်လာမှာပါ"

လက်ထောက်ကျန်း အန်းရန်အား အန်းယွမ် ရုံးခန်းထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားပြီး လက်ဖက်ရည်တစ်ခွက် တည်ခင်းပေးကာ ထွက်သွားရန် ပြင်သည်။

"မလိုပါဘူး"

အန်းရန် သူမအား တားလိုက်သည်။

"ကျွန်မ ဒီမှာပဲ ခဏစောင့်လိုက်ပါ့မယ်၊ သူ့အစည်းအဝေးကို သွားပြီး မနှောင့်ယှက်ပါနဲ့တော့"

လက်ထောက်ကျန်းရည်ရွယ်ချက်ကို အန်းရန် ကောင်းကောင်းသိသည်။ အန်းမိသားစု သမီးအစစ်ရောက်လာသဖြင့် ဥက္ကဋ္ဌ အစည်းအဝေးကိုပင် ပစ်ထားပြီး ချက်ချင်းထွက်လာရသည်ဟူသော သတင်းမှာနားဝင်မချိုလှသော်လည်း ကုမ္ပဏီ၏အကြီးတန်း စီမံခန့်ခွဲသူအားလုံးကိုအချက်ပေး လိုက်သလိုဖြစ်သွားပေလိမ့်မည်။ အန်းရန်သည်သာ အန်းမိသားစုသမီးအစစ်ဖြစ်ပြီး လက်ရှိအိမ်ထောင်ဦးစီး အန်းယွမ်၏အချစ်ဆုံးညီမလေးဖြစ် သည်ဆိုသည်ကိုပေါ့။

သို့သော် ထိုသို့လုပ်ရန် မလိုအပ်ဟု သူမ ထင်သည်။

အန်းရန်မှာ အန်းမိသားစုအပေါ် မည်သည့် သံယောဇဉ်မှမရှိသလို၊ အန်းကော်ပိုရေးရှင်းအပေါ်တွင်လည်း မည်သည့် ရည်မှန်းချက်မှမရှိပေ။ အန်းရန်အပေါ် ထားရှိခဲ့သည့် ခံစားချက်အားလုံးမှာလည်း အန်တီချင့် ဂရုစိုက်မှုနှင့် ချစ်သူဖြစ်သူ၏ အလိုလိုက်မှုများအောက်တွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူမတွင် ဂရုစိုက်ရမည့် မိသားစုနှင့် ချစ်သူရှိနေပြီဖြစ်ရာ အပြင်လူတစ်ယောက်အတွက် ထိုသို့သော အပိုအလုပ်များကို လုပ်ရန်မလိုဟု သူမ ခံစားရသည်။ ဤသည်မှာ မောက်မာခြင်းမဟုတ်ဘဲ အချိန်ကုန်ခံရကျိုးမနပ်ဟု ယူဆခြင်းသာ ဖြစ်သည်။

"ကောင်းပါပြီ... ကျွန်မက ဟိုဘက်အခန်းမှာ ရှိနေမှာမို့ တစ်ခုခု လိုအပ်ရင် စားပွဲပေါ်က အတွင်းဖုန်းနဲ့ လှမ်းခေါ်လိုက်ပါဦးနော်"

လက်ထောက်ကျန်း လှည့်၍ပြန်ဖြေရာတွင် သူမ အမူအရာမှာ ယခင်ကထက်များစွာ ပိုမိုရိုသေသွားသည်ကိုတွေ့ရသည်။ အရင်က သူမသည် အန်းရန်အပေါ်မရိုသေခဲ့သည်တော့ မဟုတ်ပေ၊ အန်းရန်မှာ သူမ အထက်လူကြီး၏ညီမဖြစ်သဖြင့် လေသံနှင့် အမူအရာမှာ အမြဲတမ်း ကောင်းမွန်ခဲ့ပါသည်။

သို့သော် ယခုမူ စိတ်ရင်းမှန်ဖြင့် လေးစားမှုပါဝင်လာခြင်းပင်။

အကယ်၍ ယခင်ကလေးစားမှုမှာ အန်းယွမ် မျက်နှာကြောင့်သာဖြစ်ခဲ့လျှင်၊ ယခုမူ ဤမမလေး၏တည်ငြိမ်မှုနှင့် အမြော်အမြင်ရှိမှုအား သူမ အမှန်တကယ် သဘောကျသွားခြင်းဖြစ်သည်။ ထက်မြက်ပြီး အလိုက်သိတတ်လွန်းသည့် ဤမမလေးမှာ သူမ အထက်လူကြီး၏ ညီမဖြစ်ထိုက် ပေသည်။

လက်ထောက်ကျန်း ရုံးခန်းထဲမှထွက်လာပြီး အတွင်းရေးမှူးရုံးခန်းသို့ ရောက်သည့်အခါ လုပ်ဖော်ကိုင်ဖက်များ ဝိုင်းအုံလာပြီး စပ်စုတော့သည်။

"ဘယ်လိုလဲ? မမလေးအစစ်က ဆက်ဆံရတာလွယ်ရဲ့လား၊ လှရဲ့လား"

အစပ်စုဆုံးဖြစ်သည့် လက်ထောက်လီမှ လက်ထောက်ကျန်းအား လက်ဖြင့်တို့ကာ စိတ်အားထက်သန်စွာ မေးမြန်းသည်။

သူ လက်ထောက်ကျန်းနှင့် ရင်းနှီးသူဖြစ်သဖြင့်သာ ဤသို့ လက်ရဲဇက်ရဲ လုပ်ရဲခြင်းဖြစ်သည်၊ အခြားသူသာဆိုလျှင် လက်ထောက်ကျန်း၏ အေးစက်စက် အကြည့်အောက်တွင် နှုတ်ဆိတ်သွားရပေလိမ့်မည်။

"မင်းကလည်း ယောက်ျားကြီးတန်မဲ့ ဘာလို့ ဒီလောက် စပ်စုနေရတာလဲ? စောစောက သူဝင်လာတုန်းက ဘယ်လောက်လှလဲဆိုတာ မမြင်လိုက်ဘူးလား"

ဝါရင့်လက်ထောက်ရှန့်မှာ လက်ထောက်လီ၏ခေါင်းအား အသာပုတ်လိုက်သည်။

"ဖယ်စမ်းပါ... ခွေးပုတ်သလို လာပုတ်မနေနဲ့"

လက်ထောက်ရှန့်၏လက်အား ပုတ်ထုတ်ကာ နှုတ်ခမ်းလေးစူ၍စိတ်ကောက်ပြသည်။

သူ အနည်းငယ် ထူးဆန်းသော၊ သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကလေးဆန်သော အမူအရာမျိုး ရှိတတ်သည်။ အသားဖြူဖြူနှင့် ချစ်စရာကောင်းသော ပုံစံရှိသဖြင့် ရုံးခန်းထဲမှ လုပ်ဖော်ကိုင်ဖက်များမှာ သူ့အား အမြဲစနောက်တတ်ကြသည်။ သို့သော် လက်ထောက်လီသည် အလုပ်လုပ်ရာတွင် အလွန်ထက်မြက်ပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်လှသဖြင့် လူတိုင်းနှင့် မိတ်ဆွေဖြစ်နေသူလည်းဖြစ်သည်။

ထို့အပြင် လူငယ်ပီပီ တက်ကြွဖျတ်လတ်ပြီး ဥက္ကဋ္ဌနောက်တစ်နိုင်ငံလုံးအနှံ့ မညည်းမညူလိုက်ပါနိုင်သူဖြစ်ရာ အန်းယွမ်၏ အားကိုးယုံကြည်မှု အား အပြည့်အဝရရှိထားသူလည်း ဖြစ်သည်။

"မင်းကတော့ တကယ်ပဲ... ကိုယ့်ကိုယ်ကိုယ် ခွေးလို့ပြောရလား"

လက်ထောက်ကျန်းမှာ လက်ထောက်လီအား ကြည့်ပြီးရယ်မိသွားတော့သည်။ သူ လက်ထောက်ရှန့်ထံသို့ စာရွက်စာတမ်းတစ်ခု ကမ်းပေးရင်း ခပ်အေးအေးပင် ဆိုလိုက်သည်။

"မမလေးက စိတ်ထားကောင်းတယ်၊ ပွင့်လင်းရိုးသားတယ်၊ ဟန်ဆောင်မှုမရှိဘူး၊ ဆက်ဆံရတာ တကယ်သက်သောင့်သက်သာရှိတယ်"

'ဟန်ဆောင်မှုမရှိဘူး' ဆိုသော စကားလုံးမှာ တစ်စုံတစ်ဦးအား ရည်ရွယ်၍သရော်လိုက်ခြင်းဖြစ်ကြောင်း ကျန်နှစ်ယောက် ချက်ချင်းရိပ်မိသွား ကြသည်။ သူတို့ တစ်ဦးကိုတစ်ဦးကြည့်ကာ နားလည်မှုရှိရှိ ပြုံးလိုက်ကြသော်လည်း ဘာမှတော့ ထုတ်မပြောကြပေ။

အချို့အရာများမှာ ရင်ထဲမှာသာ ထားခြင်းက ပို၍ရသမြောက်သည်မဟုတ်လား?

"ဒေါက် ဒေါက် ဒေါက်..."

ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ သုံးယောက်သား ပြိုင်တူလှည့်ကြည့်လိုက်ရာ ရုံးခန်းတံခါးပွင့်သွားပြီး မျက်နှာလေးတစ်ဦး စိုးရိမ်တကြီးဖြင့် ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏သိမ်မွေ့သော ရုပ်ရည်သွင်ပြင်မှာ သနားစရာကောင်းလောက်အောင် နုနယ်လှပြီး ချမ်းသာကြွယ်ဝသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသူပီပီ ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါမျိုးရှိနေသည်။ ကြည့်ရုံနှင့်ပင် အလိုက်သိတတ်သော သူဌေးသမီးလေးတစ်ဦးအလား။

သူမကတော့ အခြားသူမဟုတ် - အန်းမိသားစု၏မွေးစားသမီး 'အန်းရန်' ပင်။

အမှန်တကယ်တော့ အန်းယွမ်၏လက်အောက်ငယ်သားများမှာ မွေးစားသမီးဆိုသည့်အချက်အပေါ် ဘာအငြိုးအတေးမှမရှိကြပေ။ သူတစ်ပါး အိမ်မှ မွေးစားသမီးမှာ သူတို့နှင့် ဘာမှမဆိုင်သည်မဟုတ်ပါလား? သူတို့ သူမအား မနှစ်မြို့ကြခြင်းမှာ အန်းရန်ကိုယ်တိုင်၏ လုပ်ရပ်များကြောင့်သာ။

သူမ အလုပ်မှာ အပေါ်ယံကြည့်လျှင် အပြစ်ပြောစရာမရှိဘဲ လုပ်ငန်းကျွမ်းကျင်မှုမှာလည်း အတော်အတန်ကောင်းမွန်လှသော်လည်း၊ ၎င်းမှာ အပေါ်ယံ ဟန်ပြသက်သက်သာဖြစ်သည်။

အန်းယွမ်၏လူယုံများဖြစ်သော သူတို့သုံးဦးမှာမူ အတွင်းသတင်းများ ကောင်းကောင်းသိထားကြသည်။

ဥပမာအားဖြင့် ထိုမွေးစားသမီးမှာ လုပ်ဖော်ကိုင်ဖက်၏စီမံကိန်းအဆိုပြုလွှာကို ခိုးယူတတ်ခြင်း၊ သူမ ရုပ်ရည်အား အသုံးချကာ စီးပွားဖက်များကို မြူဆွယ်ပြီး အခြားသူများ ညှိနှိုင်းပြီးသား အလုပ်များကြားဖြတ်လုယူတတ်ခြင်း၊ အလုပ်တွင် အမှားလုပ်မိပါကလည်း ဘာမှမသိနားမလည် သယောင်ဟန်ဆောင်ကာ အခြားသူများအပေါ် အပြစ်ပုံချတတ်ခြင်းစသည်တို့ပင်။

ထိုသို့သော ကိစ္စများမှာရေတွက်၍ပင် ကုန်နိုင်မည်မထင်။ လူဆိုသည်မှာ အလုပ်လာလျှင် အလုပ်လုပ်ဖို့သာ စိတ်ကူးကြခြင်းဖြစ်ပြီး နန်းတွင်း အရှုပ်တော်ပုံများကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေရန်မရည်ရွယ်ကြပေ။

ထို့ကြောင့် အပြင်ပန်းတွင် မမလေးအန်းရန်နှင့် သဟဇာတဖြစ်သယောင်၊ ဆက်ဆံရေးကောင်းမွန်သယောင် ရှိနေကြသော်လည်း၊ သူမကြောင့် နစ်နာခဲ့ရသူ အများအပြားကမူ သူမအား အရိုးထဲမှ နာကျည်းနေကြခြင်းဖြစ်သည်။ ကွယ်ရာတွင် အတင်းပြောသူများလှသော်လည်း အန်းကုမ္ပဏီတွင် အလုပ်လုပ်နေရဆဲဖြစ်သဖြင့် သူမအား ထိပ်တိုက်ရင်ဆိုင်ရန်တော့ မဝံ့ရဲကြချေ။

"ကျွန်မများ အလုပ်နှောင့်ယှက်မိသွားလားဟင်"

အန်းရန် လက်ထောက်ကျန်းနှင့် အခြားသူများအား အားနာသယောင်ပြုံးပြလိုက်သည်။

လက်ထောက်ကျန်းကတော့ မျက်နှာသေနှင့်ပင် - "..."

'နှောင့်ယှက်မိတာပေါ့၊ ငါတို့ကို အကြီးအကျယ်လန့်သွားအောင် လုပ်တာပဲ'

ဤခပ်အေးအေးလူမှာ အန်းရန်နှင့် စကားမပြောချင်မှန်းသိနေသဖြင့် အခြေအနေအားထိန်းရန် လက်ထောက်ရှန့်ကသာ ကြားဝင်ဖြေရှင်းပေး လိုက်ရသည်။

"မနှောင့်ယှက်ပါဘူး၊ ကျွန်တော်တို့က ရှေ့ဆက်လုပ်မယ့် အလုပ်ကိစ္စလေးတွေ တိုင်ပင်နေကြတာပါ"

လက်ထောက်လီ: "..."

'ဒါက အလုပ်နှောင့်ယှက်နေတယ်လို့ တိုက်ရိုက်ပြောတာနဲ့ ဘာကွာလို့လဲ? အစ်ကိုရှန့်လည်း ဒီမမလေးအန်းကို တော်တော်စိတ်ကုန်နေပြီထင် တယ်'

အမှန်တကယ်တော့ လက်ထောက်သုံးဦးမှာ အန်းရန်အားစိတ်ကုန်နေရသည့် အဓိကအကြောင်းရင်းမှာ သူမသည် သူတို့အား အမြဲတမ်း လာရောက်နှောင့်ယှက်နေသောကြောင့်ဖြစ်သည်။ သူမ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။

အန်းယွမ် လူယုံများမှတစ်ဆင့် အန်းယွမ်၏ဝါသနာနှင့် အချိန်ဇယားများစုံစမ်းပြီး သူနှင့် ပိုမိုနီးစပ်ခွင့်ရရန် ကြိုးစားနေခြင်းပင်။

သူမ မိဘများပေးသောအချစ်မှာ သူမအား ကာကွယ်ရန်မလုံလောက်တော့သဖြင့် အစ်ကိုဖြစ်သူ၏ထောက်ခံမှုကို သူမ အသည်းအသန် လိုအပ်နေသည်။ သို့သော် အစ်ကိုဖြစ်သူကမူ သူမဆီမှ အရာအားလုံးလုယူချင်နေသည့် စုန်းမမ 'အန်းရန်' ကိုသာ ပိုမျက်နှာသာပေးနေသည် မဟုတ်ပါလား?

စိတ်ထဲတွင် ဝေခွဲမရဖြစ်နေသော်လည်း အန်းရန် သူမ၏အပြစ်ပြောစရာမရှိသော ဟန်ဆောင်ပြုံးအားဝတ်ဆင်လျက် လက်ထောက်သုံးဦးနှင့် စကားစမြည် ပြောဆိုနေဆဲပင်။

သို့သော် သူမ စကားများကြားတွင် 'အန်းရန်' (ညီမဖြစ်သူ) အကြောင်းကိုတမင်တကာဖြစ်စေ၊ မသိမသာဖြစ်စေ အမြဲတမ်း ထည့်သွင်းပြောဆိုနေ ခဲ့သည်။

ဘယ်သူမှတော့ မအပါပေ။ ဤမျှ အထင်းသားပေါ်လွင်နေသော အရိပ်အမြွက်စကားများအောက်တွင် လက်ထောက်ကျန်းနှင့်အခြားသူများ ချက်ချင်း နားလည်သွားကြသည်။

မမလေးအစစ် ရောက်နေသည်ဟုကြားသဖြင့် သူမအနေနှင့် ထိုင်မရ ထမရ ဖြစ်ကာ သတင်းလာနှိုက်နေခြင်းမှတစ်ပါးအခြားမရှိ။

ထိုအချက်အား သိသွားပြီးနောက်တွင် လက်ထောက်လီ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ရုတ်တရက် တိုက်ပွဲဝင်စိတ်ဓာတ်များ နိုးကြားလာတော့သည်။

'ဒီကနေ့သာ ဒီမမလေးအတုက ငါတို့ဆီက သတင်းတစ်စွန်းတစ်စလောက်ရသွားခဲ့ရင် ငါတို့ ရှုံးပြီပဲ!'

အန်းရန် ဘာမှမသိဘဲလက်ဗလာနှင့်သာ ပြန်လှည့်သွားရရှာသည်။ သူမ လက်ထောက်သုံးဦးနှင့် လုံးပန်းနေစဉ်မှာပင် အန်းယွမ်မှာ အစည်းအဝေးပြီးသွားကာ အန်းရန် (ညီမဖြစ်သူ)နှင့် တွေ့ဆုံပြီးနေပြီဖြစ်သည်ကို သူမ မသိလိုက်ပါချေ။

"ရန်ရန်... စောင့်နေရတာ ကြာသွားပြီလား"

ရုံးခန်းတံခါးကို တွန်းဖွင့်ဝင်လာရင်း အန်းယွမ် အန်းရန်အား အားနာတကြီးပြောလိုက်သည်။

"တောင်းပန်ပါတယ် ရန်ရန်ရာ... စောစောက အရေးပေါ်အစည်းအဝေးတစ်ခု ရှိနေလို့ပါ၊ တကယ်တော့ အစ်ကိုကိုယ်တိုင် အောက်ထပ်အထိဆင်း ပြီး လာကြိုသင့်တာ"

"ရပါတယ် အစ်ကိုရဲ့ ကျွန်မက ကလေးမှ မဟုတ်တော့တာ၊ လမ်းပြမယ့်သူ မရှိရင်တောင် ရုံးခန်းကို ရှာတတ်ပါတယ်၊ ပြီးတော့ လက်ထောက် ကျန်းကိုလည်း လွှတ်ပြီးကြိုခိုင်းထားတာပဲဟာကို"

အန်းရန် အစ်ကိုဖြစ်သူ၏အားနာမှုကို ခပ်မြန်မြန်ပင်ဖျောက်ဖျက်ပေးလိုက်သည်။

အန်းရန် ၎င်းအား အရေးတယူ မရှိလှသော်လည်း၊ အန်းယွမ်ကမူ မိမိပျက်ကွက်မှုတစ်ခုသဖွယ် မှတ်ယူကာ ညီမဖြစ်သူအပေါ် အားနာစိတ်နှင့် အပြစ်မကင်းမှုတို့ ပိုတိုးပွားလာခဲ့သည်။

အန်းယွမ်၏မျက်နှာရိပ်မျက်နှာကဲအား ကြည့်ပြီး အန်းရန် တစ်ချက်မျှ သက်ပြင်းရှည်ချလိုက်မိသော်လည်း ဘာမှတော့ မတတ်နိုင်တော့ချေ။ သူမ အစ်ကိုမှာ အသေးအမွှားလေးကအစ အလေးအနက် တွေးတောတတ်သူမဟုတ်ပါလား? သူ့စိတ်ကူးထဲတွင်တော့ ညီမဖြစ်သူမှာ ဟင်းလင်းပြင်ထဲ လေဒဏ်မိုးဒဏ်ကြောင့် ညှိုးရော်နေရသည့် ဂေါ်ဖီထုပ်လေးတစ်ထုပ်ကဲ့သို့ သနားစရာကောင်းနေပြီး၊ နူးညံ့စွာ ပျိုးထောင်စောင့်ရှောက်ပေးရမည့် သူဟုသာ မြင်နေပုံရသည်။

သို့သော်ငြားလည်း လက်တွေ့ဘဝတွင်မူ... ဖူစစ်ချန်မှ သူမအား "လူစားသည့်ပန်း" ဟု ကဗျာဆန်ဆန် တင်စားလေ့ရှိပြီး၊ ကျားမတစ်ကောင်ပင် အရှုံးပေးရလောက်အောင် ပြတ်သားရက်စက်သူဟုလည်း ဆိုတတ်သေးသည်။

မှန်ပါသည်... ထိုသို့ ပြောဝံ့သည့် သတ္တိခဲဖူစစ်ချန်ကိုယ်တိုင်ပင်လျှင် ထို "လူစားသည့်ပန်း" လေး၏ အချစ်တော် မေတ္တာအပြုအစုများကို ပထမဆုံး မြည်းစမ်းခွင့်ရခဲ့ဖူးရာ၊ ထိုအတွေ့အကြုံမှာ သူ့နှလုံးသားတွင် ဘယ်သောအခါမျှ မေ့ပျောက်နိုင်စွမ်းမရှိသည့် အမှတ်တရတစ်ခု ဖြစ်ခဲ့ရလေသည်။

"အစ်ကို... ကျွန်မကို ဒီအထိခေါ်လိုက်တာ တစ်ခုခု အရေးတကြီးပြောစရာရှိလို့လားဟင်"

အန်းရန် ခံစားချက်တို့ ကိန်းအောင်းနေသည့် လေထုအားပြောင်းလဲပစ်ရန် စကားလမ်းကြောင်း လွှဲလိုက်ရသည်။

"ခဏလောက် စောင့်ပါဦး ရန်ရန်ရဲ့၊ ရောက်လာရမယ့်သူ တစ်ယောက်ကျန်သေးလို့ပါ"

အန်းယွမ် ညီမဖြစ်သူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီးနောက်၊ လက်ဖက်ရည်ကို ကိုယ်တိုင်ကိုယ်ကျ စိတ်အေးလက်အေး ဖျော်ပေးနေသည်။

"မြည်းကြည့်ပါဦး... ဒါက အစ်ကို သီးသန့်မှာယူထားတဲ့ လက်ဖက်ရည်အသစ်လေးလေ"

ဖြူစင်ဝင်းပသည့် ကြွေပန်းကန်လုံးလေးထဲတွင် နီညိုရောင်သန်းနေသော လက်ဖက်ရည်တို့မှာ လှိုင်းကလေးများသဖွယ် အသာအယာ လှုပ်ခတ်နေပြီး၊ တစ်ဦးနှင့်တစ်ဦး ဆင်တူလှသော အန်းရန်နှင့် အန်းယွမ်တို့၏ မျက်နှာရိပ်ကလေးများကို မှန်ချပ်တစ်ခုကဲ့သို့ ရောင်ပြန်ဟပ်နေ တော့သည်။

အန်းရန် သာယာညင်သာသော လေသံဖြင့်ပြောကာ လက်ဖက်ရည်အား ဖြည်းညင်းစွာ အရသာခံ သောက်လိုက်သည်။

"ကျေးဇူးပါ အစ်ကို"

သိပ်မကြာလိုက်ခင်မှာပင် ဝတ်စုံအပြည့်ဖြင့် ခန့်ညားစွာ ဝတ်ဆင်ထားပြီး ရွှေရောင်မျက်မှန် တပ်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရုံးခန်းအတွင်းသို့ ခြေလှမ်းကျကျ ဝင်ရောက်လာလေတော့သည်။

"ဥက္ကဋ္ဌအန်း... မမလေးအန်း"

သူ အန်းယွမ်နှင့် အန်းရန်အား ယဉ်ကျေးသိမ်မွေ့စွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"ရှေ့နေကျင်း ရောက်ပြီလား၊ ထိုင်ပါဦး"

အန်းယွမ် ရှေ့နေကျင်းရှေ့တွင် လက်ဖက်ရည်တစ်ခွက် ကိုယ်တိုင်ကိုယ်ကျ ချပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ"

သူ လက်ဖက်ရည် မသောက်သေးဘဲ လက်ထဲမှ စာရွက်စာတမ်းများကို အန်းယွမ်ထံသို့ စနစ်တကျ ကမ်းပေးလိုက်ရင်း "ဥက္ကဋ္ဌ တောင်းဆိုထားတဲ့ ကိစ္စရပ်တွေအားလုံး အဆင်သင့် ဖြစ်ပါပြီ"

"ကောင်းပြီ"

အန်းယွမ် စာရွက်စာတမ်းများကို လက်ခံယူကာ အသေးစိတ်စစ်ဆေးပြီးနောက် အန်းရန်ထံသို့ လွှဲပေးလိုက်သည်။

"ဖတ်ကြည့်ပါဦး ရန်ရန်၊ တစ်စုံတစ်ရာ ပြဿနာမရှိဘူးဆိုရင် လက်မှတ်ထိုးလိုက်တော့"

"ဒါက ဘာလဲဟင်"

အန်းရန် သိချင်စိတ်ဖြင့် စာရွက်စာတမ်းများကို လှန်လှောကြည့်လိုက်ရာ၊ ထိပ်ဆုံးတွင် အထင်းသား ပေါ်လွင်နေသော 'ရှယ်ယာလွှဲပြောင်းခြင်း သဘောတူညီချက်' ဟူသော စာတန်းကြီးအားတွေ့လိုက်ရသည်။

သူမ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလိုတည်ကြည်သွားကာ ပထမဆုံးတုံ့ပြန်မှုအဖြစ် ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်တော့သည်။

"ဒါကို ကျွန်မ မယူနိုင်ဘူး အစ်ကို ပြန်သိမ်းထားလိုက်ပါ"

အမှန်စင်စစ် အန်းရန်တွင် အန်းမိသားစု၏ရှယ်ယာ တစ်ပြားတစ်ချပ်မှမရှိခဲ့ဖူးချေ။ သို့ဖြစ်ရာ ၎င်းမှာ အန်းယွမ်က မိမိပိုင်ဆိုင်သော ရှယ်ယာများကို သူမထံ လွှဲပြောင်းပေးရန် ကြံရွယ်ခြင်းသာဖြစ်ရမည်။ ကုမ္ပဏီမှာ ယခင်မည်မျှပင် အခြေအနေယိုင်နဲ့ခဲ့ပါစေဦးတော့၊ အခြေခံအုတ်မြစ် ခိုင်မာပြီးသားဖြစ်သည့်အပြင် ယခုအခါ အန်းယွမ်၏ထက်မြက်သော ဦးဆောင်မှုအောက်တွင် ကုမ္ပဏီမှာသိသိသာသာ အရှိန်အဟုန်ဖြင့် တိုးတက်နေကာရှယ်ယာတန်ဖိုးများမှာလည်း မိုးထိအောင်မြင့်တက်နေသည် မဟုတ်ပါလား? ဤမျှ များပြားလှသော တန်ဖိုးအား အန်းရန်အနေဖြင့် အလွယ်တကူလက်ခံရန် စိတ်ကူးမရှိပေ။

"မင်း လက်မှတ်ထိုးလိုက်စမ်းပါ ရန်ရန်၊ ဒါက မင်း တရားဝင်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပဲ၊ ဟိုကအန်းရန်တောင် မားမားဆီက ရှယ်ယာ ၅ ရာခိုင်နှုန်းရသေးတာပဲ၊ ငါ့ညီမအရင်းက အန်းမိသားစုရဲ့အမွေအနှစ် တစ်စုံတစ်ရာမှမရရှိဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပဲ"

အန်းယွမ် ထိုအရေးကိစ္စတွင် ပုံမှန်နှင့်မတူဘဲ အလွန်ပင် ပြတ်သားတင်းမာနေတော့သည်။

"ဒါပေမဲ့ အစ်ကိုရယ်... ကျွန်မကို ၅၀ ရာခိုင်နှုန်းအထိပေးဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ"

အန်းရန် သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်ရင်း အားမလိုအားမရ ရေရွတ်မိသည်။ သူမ စာရွက်စာတမ်းများကို တစ်ချက်မျှ ဖတ်ရုံဖြင့်ပင် အရေးကြီးသော ကိန်းဂဏန်းများကို အကဲခတ်မိပြီးသားဖြစ်သည်။ ရှယ်ယာ ၅၀ ရာခိုင်နှုန်းဟူသော ပမာဏမှာ အသေးအမွှား မဟုတ်ပေ။ အန်းယွမ်သည် အန်းမိသားစု အနာဂတ်နှင့် လုပ်ငန်းတစ်ခုလုံးကို သူမ လက်ထဲသို့ အပ်နှင်းရန် ဆုံးဖြတ်ထားခြင်းသာ။

"ဒါက ဘာများ ပြဿနာရှိလို့လဲ"

အန်းယွမ်ကမူ မိမိလုပ်ရပ်မှာ အမှားအယွင်းမရှိဟု အခိုင်အမာယုံကြည်နေဆဲပင်။

"အန်းမိသားစုရဲ့ လုပ်ငန်းဆိုတာ အဖိုးနဲ့ အဖွားတို့ တစ်သက်လုံး သွေးနဲ့ချွေးနဲ့ ရင်းပြီး တည်ဆောက်ခဲ့ရတဲ့ အမွေအနှစ်တွေပဲ၊ သူတို့ သိပ်ချစ်ရတဲ့ မြေးမလေးက ဒီလုပ်ငန်းကို ဆက်ခံမယ်ဆိုတာသိရင် သူတို့ ဝိညာဉ်တွေတောင် အတိုင်းထက်အလွန် ပျော်ရွှင်နေကြမှာပါ"

'အဖိုးနဲ့ အဖွားက မြေးယောကျ်ားလေး ဆက်ခံတာကို ပိုပြီး ကျေနပ်ကြမှာပါ' ဟု အန်းရန် စိတ်ထဲမှ တိတ်တဆိတ် တုံ့ပြန်လိုက်မိသည်။ ဤသည်မှာ မည်သူ့ကိုမျှ နှိမ်ချလို၍မဟုတ်ဘဲ ငြင်းပယ်၍မရသော လက်တွေ့အမှန်တရားကိုသာ တွေးတောမိခြင်းဖြစ်သည်။

သို့သော်လည်း ထိုအမှန်တရားမှာ အန်းရန် အမြင်တွင်သာဖြစ်ပြီး၊ အန်းယွမ်ကမူ လုံးဝဥပေက္ခာပြုကာ သဘောတူလိုပုံမရှိချေ။

All Chapters