← Chapters

အခန်း (၁၂၃)

Vol. 14 Ch. 123

အခန်း (၁၂၃)

Vol. 14 Ch. 123

သူ ညီမဖြစ်သူကို အားမလိုအားမရ ကြည့်လိုက်မိသည်။ သူမ၏ ဖြူစင်အပြစ်ကင်းသော မျက်ဝန်းအစုံနှင့် ဆုံတွေ့လိုက်ရချိန်တွင်တော့ အန်းယွမ် သက်ပြင်းတစ်ချက်ကိုသာ ထပ်မံချနိုင်တော့သည်။

သူမ ပျောက်ဆုံးသွားစဉ်က အလွန်ငယ်ရွယ်သေးသည်ဖြစ်ရာ အိမ်သို့ပြန်ရောက်ချိန်တွင်လည်း မိဘများ၏ လျစ်လျူရှုမှု ခံခဲ့ရသဖြင့် အန်းမိသားစု အတိတ်နောက်ခံသမိုင်းကြောင်းများကို သူမ ဘာမှသိရှိနိုင်မည်မဟုတ်သည်ကို သူ မေ့လျော့နေခဲ့ခြင်းပင်။

"မင်း ပျောက်ဆုံးသွားတဲ့အချိန်တုန်းက အဖွားက သူ့ကိုယ် သူ အပြစ်တင်နေခဲ့တာ၊ မင်းကို သေချာမစောင့်ရှောက်နိုင်ခဲ့ဘူးဆိုပြီးတော့လေ၊ အဲဒီနောက် နှစ်နှစ်မပြည့်ခင်မှာပဲ အဖွားဟာ စိတ်ထိခိုက်ဝေဒနာနဲ့ကွယ်လွန်သွားခဲ့တယ်၊ အဖွားဆုံးပြီး နှစ်အနည်းငယ်အကြာမှာတော့ အဖိုးကလည်း အဖွားနောက်ကိုလိုက်သွားခဲ့ပြန်ရော"

"ဒါကြောင့်လည်း အဖေက မင်းအပေါ်မှာ သိပ်ပြီးအမြင်မကြည်တာ ဖြစ်နိုင်တယ်..."

ထို့ကြောင့်ပင် အဖေမှာ မိခင်ဖြစ်သူအန်းရန် (မွေးစားသမီး) အား အလိုလိုက်ပြီး မင်းကို လျစ်လျူရှုနေခဲ့သည်ကို ခွင့်ပြုထားခဲ့ခြင်းဖြစ်မည်။

အန်းယွမ် ညီမဖြစ်သူ၏စိတ်ထိခိုက်မှုအား စိုးရိမ်သဖြင့် နောက်ဆုံးစကားလုံးများကိုတော့ ထုတ်မပြောဘဲ မျိုသိပ်ထားလိုက်သည်။ သို့သော်လည်း ထက်မြက်လှသော အန်းရန်အနေဖြင့် ဤမျှလောက်ကို ဘာကြောင့် မခန့်မှန်းနိုင်ဘဲရှိပါမည်နည်း။ ဒူးပေါ်တွင် တင်ထားသော သူမ လက်အစုံမှာ မသိမသာ ဆုပ်ကိုင်မိလျက်သား ဖြစ်သွားတော့သည်။

"ရန်ရန်... စိတ်ကိုလျှော့ပါ၊ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် မလုပ်နဲ့ဦး"

အန်းယွမ် တိရစ္ဆာန်လေးတစ်ကောင် ထိတ်လန့်သွားမည် စိုးရိမ်သည့်အလား အလွန်အမင်း နူးညံ့သိမ်မွေ့သော အမူအရာဖြင့် အန်းရန်၏ လက်ချောင်းလေးများကို တစ်ချောင်းချင်း ဖြည်ပေးလိုက်သည်။

"အစ်ကို့ကို ယုံကြည်ပါ၊ အစ်ကို ဒါတွေကို ပြောပြနေတာက မင်းရဲ့ရင်ထဲမှာ အမုန်းတရားတွေ ကိန်းအောင်းလာစေဖို့ မဟုတ်ပါဘူး"

"ကျွန်မ သူတို့ကို မမုန်းပါဘူး"

အန်းရန် ခပ်မြန်မြန်ပင် ပြန်လည်တုံ့ပြန်လိုက်သော်လည်း စကားလုံးများမှာ မြန်ဆန်လွန်းနေသဖြင့် ခိုင်လုံမှုမရှိသလို ဖြစ်နေသည်။

အန်းယွမ် သူမအား မယုံကြည်မည် စိုးသဖြင့် သူမ ထပ်လောင်းရှင်းပြလိုက်သည်။

"အရင်ကတော့ သူတို့အပေါ်မှာ စိတ်ပျက်မိတာအမှန်ပဲ၊ ဒါပေမဲ့ အခုတော့ သူတို့အပေါ်မှာ ဘာခံစားချက်မှမရှိတော့ပါဘူး၊ စိတ်ပျက်ခဲ့ရတာတွေ လွန်သွားပြီးတဲ့နောက် သူတို့ကို သူစိမ်းတွေလိုပဲ သဘောထားလိုက်တယ်၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အန်းမိသားစု ကျွန်မအပေါ်မှာသုံးစွဲခဲ့တဲ့ ငွေကြေးတွေအားလုံးကို အတိုးနဲ့တကွ အန်းရန် (မွေးစားသမီး) ဆီကို ကျွန်မ ပြန်ပေးခဲ့ပြီးပြီ၊ မဒမ်အန်းဆီ လွှဲပေးဖို့လည်းမှာခဲ့တယ်၊ အဲဒီငွေ တွေကို မဒမ်အန်း လက်ခံရရှိခြင်း ရှိ၊ မရှိကိုတော့ ကျွန်မ မသိဘူး"

အန်းယွမ်မှာ ခဏမျှ မှင်တက်သွားပြီးမှ "ဒီကိစ္စကို အစ်ကို မသိခဲ့ဘူး" ဟု ဆိုသည်။ အန်းရန် ဘာမှမပြောဘဲလှောင်ပြုံးတစ်ချက်သာ ပြုံးလိုက်တော့သည်။

ကြည့်ရသည်မှာ အန်းရန် (မွေးစားသမီး) မှ ထိုငွေများ ကြားဖြတ်ယူထားပုံရသည်။ ထိုငွေပမာဏမှာ အန်းမိသားစုအတွက် အပြောအပန်းပင် မဟုတ်ပေ။ ယွမ်ငါးသိန်းဆိုသည်မှာ အန်းရန် (မွေးစားသမီး) လက်ကိုင်အိတ်တစ်လုံး ဝယ်သည့်တန်ဖိုးပင် မရှိသော်လည်း အန်းရန်အတွက်မူ သူမ၏ကျောင်းလခများအပါအဝင် အကုန်အကျများလှသည့်ပမာဏဖြစ်ခဲ့သည်။

အန်းရန်အနေဖြင့် ထိုငွေများအား အချိန်တိုအတွင်း အချိန်ပိုင်းအလုပ်များဖြင့် ရှာဖွေနိုင်မည် မဟုတ်သဖြင့်၊ အန်တီချင် ပေးထားသော ယွမ်ငါးသန်းထဲမှ ဖဲ့ယူကာပေးဆပ်ခဲ့ခြင်းပင်။ သူမသည် အန်းမိသားစု၏ကျေးဇူးကြွေး တစ်ပြားတစ်ချပ်မှမတင်လိုဘဲ အန်တီချင့်အပေါ်တွင်သာ အကြွေးတင်ခြင်းကို ပိုလိုလားခဲ့သည်။

မိမိညီမလေးတွင် ရှိနေသည့် နာကြည်းချက်များမှာ သူထင်ထားသည်ထက် များစွာ ပိုမိုနက်ရှိုင်းနေပါလား?

အန်းယွမ်မှာ ရင်ထဲတွင် သက်ပြင်းချမိသော်လည်း ကုမ္ပဏီရှယ်ယာများကို အန်းရန်အားလက်ခံခိုင်းရန် ဖျောင်းဖျမှုကိုတော့ မစွန့်လွှတ်သေးချေ။

"အဖိုးနဲ့ အဖွားက မင်းကိုသိပ်ချစ်ခဲ့တာ၊ မင်းငယ်စဉ်က မိဘတွေက အလုပ်များနေတော့ အဖိုးနဲ့အဖွားကပဲ မင်းကို ပြုစုပျိုးထောင်ပေးခဲ့တာ၊ မင်း သူတို့ကို မှတ်မိဦးမလားတော့ မသိဘူး၊ ဒါပေမဲ့ အဖိုးနဲ့အဖွားသာ စောစောစီးစီးမကွယ်လွန်ခဲ့ဘူးဆိုရင် မင်းရဲ့မိဘတွေ မင်းအပေါ်မှာ အခုလို ပြုမူရဲကြမှာ မဟုတ်ဘူး"

'အန်းမိသားစုထဲမှာ မင်းရဲ့ဘဝက အခုထက်အများကြီးပိုပြီးပျော်စရာကောင်းနေမှာပါ'

အန်းယွမ် စာရွက်စာတမ်းများကြားမှ ဟောင်းနွမ်းနေသော စာရွက်နှစ်ရွက်ထုတ်ယူလိုက်သည်။ ဤတစ်ကြိမ်တွင်မူ ၎င်းမှာ ရှယ်ယာလွှဲပြောင်း သည့် စာချုပ်မဟုတ်ဘဲ အချိန်ကာလ၏အမှတ်အသားများ ထင်ကျန်နေသော သေတမ်းစာများဖြစ်နေသည်။

"ဒါတွေက အဖိုးနဲ့ အဖွားတို့ သီးခြားစီချန်ထားခဲ့တဲ့ သေတမ်းစာတွေပဲ၊ ဖတ်ကြည့်ပါ... သေသေချာချာလေး ဖတ်ကြည့်စမ်းပါ"

အန်းရန် အပေါ်ယံသာ ဖတ်မည်ကို စိုးရိမ်သဖြင့် အန်းယွမ် အလေးအနက် ထပ်လောင်းပြောဆိုလိုက်သည်။

"ဟုတ်ကဲ့ သိပါပြီ"

အန်းရန် လိမ္မာစွာပင် သေတမ်းစာနှစ်စောင်ကို ယူကာ အသေးစိတ် ဖတ်ရှုတော့သည်။

အန်းယွမ်နှင့် ရှေ့နေကျင်းတို့မှာ သူမ ဘေးတွင် စိတ်ရှည်စွာစောင့်ဆိုင်းနေကြသည်။ ခဏတာမျှ ရုံးခန်းအတွင်း၌ စာရွက်လှန်သံမှတစ်ပါး အခြားအသံများ တိတ်ဆိတ်သွားတော့သည်။

တောက်

အဝါရောင်သန်းနေသော စာရွက်ဟောင်းပေါ်သို့ ရေစက်ကလေးများ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။

"ဘာလို့... ဘာလို့ ငိုနေတာလဲ ညီမလေးရာ"

ညီမဖြစ်သူထံမှ ရုတ်တရက် မျက်ရည်များ ကျဆင်းလာသဖြင့် အန်းယွမ် ထိတ်လန့်သွားကာ တစ်ရှူးများ ခပ်မြန်မြန်ပင် ထုတ်ပေးလိုက်မိသည်။

"ဘာမှမဖြစ်ပါဘူး"

အစ်ကိုဖြစ်သူထံမှ တစ်ရှူးအား ယူကာ အန်းရန် မျက်ရည်များကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် မျက်ရည်တို့မှာ ရပ်တန့်မရဘဲ စီးကျနေဆဲပင်။

သူမ အငိုသန်သူ မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ လူကြီးမိဘများ၏အတ္တကင်းစင်သော မေတ္တာတရားများကို မြင်တွေ့လိုက်ရသဖြင့် အမှန်တကယ်ပင် စိတ်ထိခိုက်သွားရခြင်း ဖြစ်သည်။

သေတမ်းစာ နှစ်စောင်စလုံးမှာ သူမအား ချစ်မြတ်နိုးလှသော လူကြီးနှစ်ဦးထံမှ ဖြစ်သည်။ အစောပိုင်းသေတမ်းစာမှာ အဖွားအန်း ချန်ထားခဲ့ခြင်း ဖြစ်ပြီး၊ သူမ ကွယ်လွန်ပြီးနောက်တွင် အိမ်ခြံမြေ၊ ငွေသားအပ်နှံမှုများ၊ ရှယ်ယာများ၊ ရန်ပုံငွေများနှင့် လက်ဝတ်ရတနာများအပါအဝင် ယွမ်သန်း တစ်ရာကျော်တန်ဖိုးရှိသည့် သူမ ပိုင်ဆိုင်မှုအားလုံးကိုမြေးမလေး 'အန်းရန်' တစ်ဦးတည်းကသာ အကန့်အသတ်မရှိ ဆက်ခံရမည်ဟု ရေးသားထားသည်။

ထိုအမွေအနှစ်များကို သူမအတွက်သာ သီးသန့်ချန်ထားခဲ့ခြင်းဖြစ်ပြီး၊ မြေးယောကျ်ားလေးဖြစ်သူ အန်းယွမ်အတွက် တစ်ပြားတစ်ချပ်မျှပင် ပါဝင်ခြင်းမရှိချေ။

နောက်ထပ်တစ်စောင်မှာတော့ အဖိုးအန်း၏သေတမ်းစာ ဖြစ်လေသည်။

အဖိုးအန်းမှာ အဖွားအန်းလောက်တစ်ယူသန် ဆန္ဒစောသူမဟုတ်သော်လည်း သူ့သေတမ်းစာအတွင်း၌မူ မိမိပိုင်ဆိုင်မှုများထဲမှ အစိတ်အပိုင်း တစ်ခုကို မြေးမလေး အန်းရန်အတွက် ချန်ထားရမည်ဟု တိတိလင်းလင်းဖော်ပြထားခဲ့သည်။

ယင်းအမွေအနှစ်ထဲတွင် အန်းလုပ်ငန်းစု ရှယ်ယာ ၁၀ ရာခိုင်နှုန်းအပြင် အခြားသော အိမ်ခြံမြေပိုင်ဆိုင်မှုများပါဝင်ရာ အဖိုးဖြစ်သူ၏ တစ်ကိုယ်ရေပိုင်ဆိုင်မှု စုစုပေါင်းထက်ဝက်နီးပါးပင်ရှိလေသည်။

ထူးခြားသည်မှာ ထိုလူကြီးနှစ်ဦးစလုံးမှာ အမွေအနှစ်များကို အန်းရန်အတွက်သာ ရည်စူးကြောင်းနှင့် ပြင်ပလူများ လုံးဝ (လုံးဝ) ဆက်ခံခွင့် မရှိစေရဟု စာဖြင့် အသေအချာရေးသားခဲ့ခြင်းပင်။ အကယ်၍ မြေးယောကျ်ားလေးဖြစ်သူ ကွယ်လွန်ချိန်အထိ မြေးမလေးအားရှာမတွေ့ခဲ့ပါက ထိုအမွေအနှစ်များကို အလိုအလျောက်လှူဒါန်းသွားရန်ပင် ညွှန်ကြားထားခဲ့ကြသည်။

မည်သူတစ်ဦးတစ်ယောက်မျှ အန်းရန်၏အခွင့်အရေးကို ကြားဖြတ်နှိုက်ယူ၍မရနိုင်ချေ။

လူကြီးမိဘတို့၏ထိုစေတနာကောင်းများကို အန်းရန် နားလည်လိုက်သည်။ ထို့ကြောင့်ပင် ရင်ထဲမှ လှိုက်လှဲစွာဖြင့် ရှိုက်ကြီးတငင် ငိုကြွေးမိတော့ ၏။ အန်းမိသားစုထဲတွင် အစ်ကိုဖြစ်သူအပြင် သူမအား အမှန်တကယ်ချစ်မြတ်နိုးသည့်သူများ ရှိနေသေးပါလား?

"အခုတော့ သိပြီမလား? အစ်ကိုက မင်းကို ဒီအတိုင်း ရှယ်ယာတွေပေးနေတာမဟုတ်ဘူး၊ ဒါက မင်း ရသင့်ရထိုက်တဲ့ အရာတွေမို့လို့ပါ"

အန်းယွမ် ညီမဖြစ်သူ၏မျက်ရည်များကို စိတ်ရှည်လက်ရှည် သုတ်ပေးနေရင်း အတိုင်းအဆမရှိသော ကြင်နာမှုတို့ဖြင့် ပြောလိုက်သည်။

"မင်း အိမ်ပြန်ရောက်လာတာကိုပဲ အစ်ကိုကျေးဇူးတင်လှပါပြီ"

အချို့သောအမှန်တရားများမှာ အန်းယွမ်အတွက်ထုတ်ဖော်ပြောပြရန်ပင် ခါးသီးလွန်းလှသည်။ သို့သော် သူတတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကာ ညီမဖြစ်သူအတွက် အကောင်းဆုံးအရာများ ပေးအပ်ပြီး သူမ ရသင့်သည့် အမွေအနှစ်များကို ကာကွယ်ပေးသွားမည်ဖြစ်သည်။

"အစ်ကို လိမ်နေတာပဲ"

အန်းယွမ် စကားကို ကြားပြီးနောက် အန်းရန်မှာ ထပ်ငိုချင်လာပြန်သည်။ သူမ ကိုယ်တိုင်ပင်လျှင် ဘာကြောင့် ဤမျှ မျက်ရည်လွယ်နေရ သနည်းဟု တွေးတောမိရင်း မိမိပုံစံမှာ အရင်ကနှင့်မတူဘဲ နုနယ်လွန်းနေသည်ဟု ခံစားနေရသည်။

သူမ စိတ်မထိန်းနိုင်ဘဲ ရှိုက်သံများကြားမှ ကလေးငယ်တစ်ဦးကဲ့သို့ ချွဲနွဲ့ကာမေးလိုက်မိသည်။

"အဖိုးနဲ့ အဖွားက ကျွန်မကို ရှယ်ယာ ၂၅ ရာခိုင်နှုန်းပဲပေးခဲ့တာလေ၊ အခု ကျန်တဲ့ ထက်ဝက်နီးပါးက ဘယ်က ရောက်လာတာလဲ"

ငိုနေသော်လည်း သူမ ဦးနှောက်ကမူ အလုပ်လုပ်နေဆဲပင်။

"ဒါက အစ်ကို မင်းကိုပေးချင်တဲ့ လက်ဆောင်ပါ"

အန်းယွမ် သူ့လုပ်ရပ်မှာ အမှားအယွင်းမရှိသည့်အလား သဘာဝကျကျပြန်ဖြေလိုက်သည်။

"အစ်ကို့ရှယ်ယာတွေ အကုန်လုံး ကျွန်မကို ပေးလိုက်ရင် အစ်ကိုက ဘာကျန်မှာလဲ"

"အစ်ကို့မှာ ကိုယ်ပိုင်ကုမ္ပဏီလေးတစ်ခုရှိတယ်၊ အခြေအနေကလည်း တော်တော်လေးကောင်းပါတယ်၊ တကယ်လို့ အိမ်မှာ ဒီလိုအရှုပ်အထွေး တွေသာ မရှိခဲ့ရင် အစ်ကို ဒီအလုပ်တွေကိုလာပြီး လက်ခံဖြစ်မှာတောင်မဟုတ်ဘူး"

မိမိစကားအသုံးအနှုန်းမှားသွားသည်ကို သတိရဟန်ဖြင့် အန်းယွမ် ခပ်မြန်မြန်ပင် ဖြည့်စွက်ပြောလိုက်သည်။

"အရင်ကတော့ ရှုပ်ထွေးခဲ့တာပေါ့၊ ဒါပေမဲ့ အခုတော့ မဟုတ်တော့ပါဘူး၊ စိတ်မပူပါနဲ့၊ မင်း အန်းလုပ်ငန်းစုကို လွှဲမယူခင်မှာ အစ်ကိုက အရာအားလုံးကို သေသေချာချာရှင်းလင်းပေးထားပါ့မယ်"

"ကျွန်မ မယူချင်ဘူး၊ အန်းလုပ်ငန်းစုကို ကျွန်မ မကြိုက်ဘူး၊ အဖိုးနဲ့ အဖွားပေးတဲ့ ရှယ်ယာတွေကိုတော့ လက်ခံပါ့မယ် ဒါပေမဲ့ အစ်ကို့ရှယ်ယာတွေကိုတော့ အစ်ကို့ဘာသာပဲ သိမ်းထားပါ"

အန်းရန် လူကြီးမိဘများ စေတနာအား ငြင်းဆန်ရန်ခက်ခဲသော်လည်း အစ်ကိုဖြစ်သူ၏အပိုလက်ဆောင်ကိုမူ အပြတ်အသတ် ငြင်းဆိုလိုက်တော့ သည်။ အန်းယွမ်မှာ ညီမဖြစ်သူအား အချိန်အတော်ကြာဖျောင်းဖျသော်လည်း အန်းရန် မတုန်မလှုပ် ရှိနေသဖြင့် နောက်ဆုံးတွင်တော့ ရှေ့နေကျင်းကို စာချုပ်ပြန်ပြင်ခိုင်းကာ ရှယ်ယာလွှဲပြောင်းခြင်းမှ အမွေဆက်ခံခြင်းသို့ပြောင်းလဲလိုက်ရတော့သည်။

ဤတစ်ကြိမ်တွင်မူ အန်းရန် မငြင်းတော့ပေ။ အချို့သောကိစ္စရပ်များမှာ ပြင်ဆင်ရန်အချိန်လိုအပ်သဖြင့် နောက်ထပ် သုံးရက်အကြာတွင် သက်ဆိုင်ရာဌာန၌ အမွေဆက်ခံခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများဆောင်ရွက်ရန် သူတို့နှစ်ဦး သဘောတူညီလိုက်ကြသည်။

ကြီးမားလှသော အမွေအနှစ်နှစ်ခု တစ်ပြိုင်နက်ဆက်ခံရမည်ဖြစ်ရာ လုပ်ငန်းစဉ်များမှာ အတော်ပင်ရှုပ်ထွေးပေလိမ့်မည်။

"ဒီည ညစာ အတူတူစားကြမလား"

ကိစ္စအဝဝ ပြီးစီးသွားချိန်တွင် အန်းယွမ် ပြုံးရွှင်စွာဖြင့် ဖိတ်ခေါ်လိုက်သည်။ သို့သော်လည်း အန်းရန်တွင် ကြိုတင်ချိန်းဆိုမှု ရှိနေပြီးသား ဖြစ်နေသည်။

"ကျွန်မ ဒီည စစ်ချန်နဲ့ ညစာစားဖို့ ကတိပေးထားလို့ပါ၊ နောက်တစ်ခါမှ စားရအောင်နော်"

အန်းယွမ်မျက်နှာ ချက်ချင်း မှောင်ကျသွားသည်ကို မြင်လိုက်ရသဖြင့် သူမ လေသံလေးကို နှိမ့်ကာ ထပ်လောင်းပြောလိုက်သည်။

"လူဆိုတာ ကတိတည်ရတယ် မဟုတ်လားဟင်?"

'မဟုတ်ဘူး! အဲဒီ ကိုယ့်ဂေါ်ဖီထုပ်ကိုလာခိုးချင်နေတဲ့ ဝက်စုတ်နဲ့ ကတိတည်နေဖို့မလိုဘူး!' ဟု အန်းယွမ် တကယ်အော်ပြောချင်မိသည်။ သို့သော် ညီမဖြစ်သူ၏ တောက်ပပြီးမျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းလေးများနှင့် ဆုံတွေ့လိုက်ရချိန်တွင်မူ သူ အရှုံးပေးလိုက်ရပြန်သည်။

"...အင်းပါ"

သူ မကျေမနပ်နှင့် အောင့်အည်းလက်ခံလိုက်ရခြင်းပင်။

"ဒါဆို သွားတော့မယ်နော် အစ်ကို၊ စစ်ချန်လည်း အခုလောက်ဆိုရောက်တော့မှာ"

အန်းရန် အားတက်သရောဖြင့် နှုတ်ဆက်ကာ ထွက်သွားတော့သည်။ သူမ ကျောပြင်လေး ပျောက်ကွယ်သွားသည်အထိ အန်းယွမ်မှာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။

ထိုပုံစံအား မြင်ရသော ရှေ့နေကျင်းမှာ အန်းယွမ်တစ်ယောက် ညီမဖြစ်သူ၏စွန့်ခွာခြင်းကို ခံစားနေရသည်ဟု ထင်မှတ်ကာ ပခုံးကိုပုတ်၍ နှစ်သိမ့်လိုက်သည်။

"သူက အရင်ချိန်းထားလို့ပါ၊ ဥက္ကဋ္ဌကို ငြင်းချင်လို့မဟုတ်ပါဘူး၊ အကောင်းဘက်ကပဲ တွေးလိုက်ပါ"

"အန်းရန်က ကျွန်တော့်ကို 'အစ်ကို' လို့ခေါ်သွားတာ"

အန်းယွမ် စိတ်အာရုံမှာ ညစာစားရန် ငြင်းပယ်ခံရသည့်အပေါ်၌ မရှိတော့ဘဲ၊ ညီမဖြစ်သူမှ သူ့အား "အစ်ကို" ဟု ခေါ်ထူးသွားသည့် ကြည်နူးမှုအတွင်းဝယ် လုံးလုံးလျားလျားနစ်မျောနေတော့သည်။

အမှန်စင်စစ် အန်းရန်သည် သူ့အား "အစ်ကို" ဟု ခေါ်ဝေါ်ဖူးသော်လည်း အလွန်တရာမှ ရှားပါးလှသဖြင့် ခေါ်တိုင်းခေါ်တိုင်းမှာ အန်းယွမ်အတွက် အတိုင်းမသိ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ခဲ့ရသည်။ နှစ်သိမ့်ပေးနေသော ရှေ့နေကျင်းမှာမူ အခြေအနေကို ကြည့်ကာ "ဥက္ကဋ္ဌအန်း၊ ကျွန်တော် ကိစ္စလေးတစ်ခု ရှိသေးလို့ ခွင့်ပြုပါဦး" ဟု ဆိုကာ နှုတ်ဆက်ထွက်ခွာသွားတော့သည်။

"ကောင်းပြီ... ကောင်းပြီ၊ သွားလေ"

အန်းယွမ် ရှေ့နေကျင်းအား လက်ပြနှုတ်ဆက်လိုက်ပြီးနောက် ရုတ်တရက် နောင်တအနည်းငယ် ရသွားမိပြန်သည်။

'ငါ ဘာလို့ ညီမလေး 'အစ်ကို' လို့ ခေါ်တာကို အသံသွင်းမထားမိပါလိမ့်၊ ဒါဆိုရင် နောက်မှ အခါတစ်ရာမက ပြန်ပြန်နားထောင်လို့ရတာပေါ့'

အန်းလုပ်ငန်းစု အဆောက်အအုံ၏ အောက်ထပ်တွင် ဖူစစ်ချန်မှာ အန်းရန်အားအသင့်စောင့်ကြိုနေခဲ့ပြီ ဖြစ်သည်။

ပုံမှန်နှင့်မတူဘဲ အဆောက်အအုံအတွင်းမှ ရွှင်မြူးတက်ကြွစွာ ခုန်ပေါက်ထွက်လာသော ချစ်သူမိန်းကလေးကို မြင်လိုက်ရသည့်အခါ သူ မရယ်ဘဲ မနေနိုင်တော့ပေ။

"လမ်းမှာ ပိုက်ဆံကောက်ရလာတာလား၊ ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ"

"ကောက်ရတာထက်တောင် ပိုသေးတယ်! ကျွန်မ ပြောပြမယ်..."

အန်းရန် ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်ပြီးနောက် အခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအလုံးစုံ ဖူစစ်ချန်အား စိတ်လှုပ်ရှားစွာဖြင့် ဖောက်သည်ချတော့သည်။

"နောင်တစ်ချိန် အခွင့်ကြုံရင် အဖိုးနဲ့ အဖွားတို့ရဲ့ဂူဗိမာန်ကို ကိုယ် မင်းနဲ့အတူ လိုက်ခဲ့ပါ့မယ်"

သူတို့ အလွန်ချစ်မြတ်နိုးရသောမြေးမလေးမှာ ယခုအခါ လှပထက်မြက်သည့် အမျိုးသမီးငယ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပြီဖြစ်ကြောင်း သူတို့အား သွားရောက်ပြသချင်မိသည်။

ဖူစစ်ချန် အန်းရန်နှင့် စေ့စပ်ထားသူပီပီ သူမ၏ပျော်ရွှင်မှုမှာ ကြီးမားလှသော အမွေအနှစ်နှစ်ခုကြောင့်မဟုတ်ဘဲ၊ သူမအား အစစ်အမှန် ချစ်မြတ်နိုးခဲ့သည့် လူကြီးနှစ်ဦးရှိနေခဲ့သည်ဟူသော သတင်းစကားကြောင့်သာဖြစ်ကြောင်း ကောင်းစွာနားလည်ထားသည်။

ဤသည်မှာ သူမ အလိုလားဆုံးသော မိသားစုမေတ္တာတရားပင်။ ထိုလူကြီးနှစ်ဦး ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း အန်းရန်အပေါ် ထားရှိခဲ့သည့် အတိုင်းအဆမဲ့သောချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုများကို သူမ ခံစားသိရှိနေရဆဲပင်။ ထိုနွေးထွေးမှုတို့မှာ သူမ နှလုံးသားအား ကြည်နူးမှုလှိုင်းများ ထစေခဲ့သည်။

"ဒီည ဘာစားချင်လဲ? ကြိုက်တာမှာနော်၊ ကျွန်မ ကျွေးမယ်!"

အန်းရန် သူမ ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်မှာ 'မောင်မင်း အလိုရှိရာမြို့ပြကို ငါကိုယ်တော် သိမ်းပိုက်ပေးအံ့' ဟု ဆိုနေသည့် ဘုရင်မကြီးတစ်ပါးအလားပင်။

"ဈေးဘက်ကိုပဲ သွားရအောင်"

ဖူစစ်ချန် ကားစတီယာရင်ကို လှည့်ရင်း အန်းရန် အံ့အားသင့်သွားစေမည့် အကြံတစ်ခုပေးလိုက်သည်။

"ရန်ရန် ကိုယ်တိုင်ချက်တဲ့ ကာရီလေးပဲ စားချင်တယ်"

"ဒါပဲလား? တခြား ဘာမှ ထပ်မစားချင်ဘူးလား"

အန်းရန် သူမ၏ ခဲရာခဲဆစ် ကျွေးမွေးမည့် အစီအစဉ် ငြင်းပယ်ခံလိုက်ရသဖြင့် မယုံနိုင်အောင် ဖြစ်သွားရသည်။ သူမ ထပ်လောင်း၍

"ဟော့ပေါ့ဆိုင်အသစ်လေး တစ်ဆိုင်ရှိတယ်၊ တော်တော်ကောင်းတယ်နော်၊ နောက်ပြီး အရင်ကသွားနေကျ စီချွမ်းစားသောက်ဆိုင်ကလည်း..."

"ဒါပေမဲ့ ကိုယ်က ရန်ရန်ချက်တဲ့ ကာရီကိုပဲစားချင်တာ၊ ကိုယ့်ကို မချက်ပေးတာကြာပြီလေ"

ဖူစစ်ချန် လေသံမှာ အနည်းငယ် အားငယ်နေသယောင်ရှိသည်။

"ဒီရက်ပိုင်း ရန်ရန်က မားနောက်ပဲလိုက်နေတော့ ကိုယ့်ကို သိပ်ပြီးဂရုမစိုက်ဘူး"

All Chapters