အခန်း (၁၂၅)
Vol. 14 Ch. 125
"အယ်လ်ဇိုင်းမား ဆိုတဲ့ ရောဂါအကြောင်း ကြားဖူးကြလား"
"ဆရာ... ဘာကို ဆိုလိုတာလဲဟင်"
မုန့်ကျယ် စကားကြောင့် ဖူစစ်ချန်နှင့် အန်းရန်တို့ နှစ်ဦးစလုံး အံ့အားသင့်ကာ မှင်တက်သွားကြသည်။
သူတို့တုံ့ပြန်မှုအား ကြည့်ပြီး မုန့်ကျယ် သူတို့အထင်လွဲသွားပြီမှန်း ရိပ်မိလိုက်သဖြင့် ခပ်မြန်မြန်ပင် ပြန်ရှင်းပြလိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်တော်က ဥပမာပေးတာပါ၊ ကူးချင်ချင်မှာ အဲဒီရောဂါ မရှိပါဘူး"
"ဩော်... တော်သေးတာပေါ့"
သူတို့နှစ်ဦးစလုံး ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းချနိုင်ကြတော့သည်။
"အခုဆိုရင် ကျွန်တော့်ရဲ့ ရှင်းပြချက်ကို သေသေချာချာ နားထောင်လို့ ရပြီမလား"
မုန့်ကျယ် အနည်းငယ် အားမလိုအားမရဖြစ်စွာ ပြုံးလိုက်သော်လည်း သူ့အမူအရာမှာတော့ ယုံကြည်အားကိုးထိုက်သည့် လူကြီးတစ်ဦးကဲ့သို့ တစ်လျှောက်လုံး နူးညံ့တည်ငြိမ်နေဆဲပင်။ သူသည် သူ့ညီဖြစ်သူ ပိုင်ချီယွိ၏ ရှေ့တွင်သာ သူ့ပင်ကိုယ်စရိုက်အစစ်အမှန်ကို အားမနာတမ်း ထုတ်ပြလေ့ရှိပြီး၊ အခြားသူများ ရှေ့တွင်မူ အမြဲတမ်း ဖော်ရွေပျူငှာသည့် ပုံရိပ်ကိုသာထိန်းသိမ်းထားလေ့ရှိသည်။ ထို့ကြောင့်လည်း ပြင်ပလောကတွင် ဆရာဝန် မုန့်ကျယ်အပေါ် အမြင်အလွန်ကောင်းကြခြင်း ဖြစ်သည်။
ဆေးပညာကျွမ်းကျင်သည်၊ ရုပ်ရည်ချောမောသည်၊ အောင်မြင်သော အသက်မွေးဝမ်းကျောင်းရှိသည်၊ စိတ်နှလုံးလည်း နူးညံ့သိမ်မွေ့သည်—ထိုသို့သော "နွေးထွေးသည့် အမျိုးသား" မျိုးမှာ ယနေ့ခေတ်တွင် အလွန်ပင် ရေပန်းစားလှသည်။ သူ အဘယ်ကြောင့် ယခုထိ လူပျိုကြီး ဖြစ်နေရသနည်းဆိုသည်မှာပင် မနာလိုစရာ ကောင်းလှပေသည်။
မုန့်ကျယ် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ရင်း၊ အပြင်ပန်းတွင်မူ တည်ကြည်သော အမူအရာဖြင့် ထိတ်လန့်သွားရှာသည့် လိမ္မာလှသော လူငယ်နှစ်ဦးအား စိတ်ရှည်လက်ရှည် ရှင်းပြနေတော့သည်။
"အယ်လ်ဇိုင်းမားရောဂါ ဆိုတာက လူကြီးပိုင်းတွေမှာဖြစ်တဲ့ သူငယ်ပြန်ရောဂါတစ်မျိုးပဲ၊ အချိန်ကြာလာတာနဲ့အမျှ လူနာဟာ သူဖြတ်သန်းခဲ့တဲ့ အတိတ်တွေကို တဖြည်းဖြည်း မေ့လျော့လာပြီး၊ ရင့်ကျက်တဲ့ လူကြီးဘဝကနေ ကလေးဘဝ၊ အဲဒီကနေတစ်ဆင့် ကလေးငယ်လေးတစ်ယောက် လိုဖြစ်သွားပြီး နောက်ဆုံးမှာတော့ ဘာမှမသိဘဲ ကွယ်လွန်သွားတတ်ကြတာပါ"
"ကူးချင်ချင်ရဲ့ အခြေအနေကတော့ အဲဒီရောဂါရဲ့ ပြောင်းပြန်ပုံစံမျိုးဖြစ်နေတာပဲ၊ အချိန်ကြာလာတာနဲ့အမျှ သူမဟာ မှတ်ဉာဏ်တွေကို တဖြည်းဖြည်း ပြန်ရလာလိမ့်မယ်၊ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်ကလည်း အဲဒီအတိုင်းလိုက်ပြီးတိုးလာလိမ့်မယ်၊ သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ မှတ်ဉာဏ်တွေအားလုံးကို အမှန်တကယ်ပြန်ရလာတဲ့နေ့ဟာ သူ အပြည့်အဝပြန်လည်ကျန်းမာလာမယ့်နေ့ပဲ ဖြစ်လိမ့်မယ်"
"ဒါဆို ဆရာဆိုလိုတာက... ကျွန်တော့်မားမားက သူ့ဘာသာ သူပြန်ပြီး ကုသနေတာပေါ့ ဟုတ်လား"
ထိုဝမ်းမြောက်စရာ သတင်းစကားမှာ ရုတ်တရက်လွန်းလှသဖြင့် ဖူစစ်ချန် အချိန်ခဏပေးကာ နားလည်အောင် ကြိုးစားနေရသည်။
"အတိအကျပါပဲ"
မုန့်ကျယ်၏အတည်ပြုချက်မှာ သူတို့နှစ်ဦးကို ကြီးမားသော အားအင်များ ဖြစ်စေခဲ့သည်။
သူတို့နှစ်ဦးမှာ အတိုင်းမသိ ဝမ်းသာအားရ ဖြစ်သွားကြပြီး အခြားသူများရှေ့တွင်ပင် တစ်ဦးကိုတစ်ဦး ဖက်လိုက်မိကြတော့သည်။
"တကယ်ကို ဝမ်းသာစရာပဲ! တစ်နေ့ကျရင် အန်တီချင် ပြန်ကောင်းလာတော့မှာပေါ့!"
"ဟုတ်တယ်... အဲဒီကျရင်တော့ ငါ မားစကားကို နားထောင်ပြီး အိမ်ကိုမကြာမကြာပြန်လည်ပါ့မယ်"
ဖူစစ်ချန်မှာ ချင်ချင်ပြန်ကောင်းလာမည့် နေ့ရက်များကို ယခုကတည်းက စတင်ပုံဖော်နေပြီဖြစ်သည်။
သူတို့ ထိုမျှ ပျော်ရွှင်နေကြသည်ကို မြင်ရသဖြင့် မုန့်ကျယ်မှာ ဝင်မနှောင့်ယှက်တော့ဘဲ အသာအယာ ထွက်လာခဲ့သည်။ ထို့နောက် ဤသတင်း ကောင်းကို ပိုင်ချီယွိအား သွားပြောပြရန်နှင့် ဖူဟန်နှင့် ကူးလန်တို့ကိုလည်း အသိပေးရန်ဆုံးဖြတ်လိုက်သည်။ သူတို့ သုံးဦးစလုံးမှာ ချင်ချင့် အခြေအနေအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် မုန့်ကျယ်ထံတွင် ဆက်သွယ်ရန်လိပ်စာများ အသီးသီးပေးထားခဲ့ကြခြင်း ဖြစ်သည်။
ဤသို့ ဖြစ်ရခြင်းမှာ ယခင်က ချင်ချင့်အခြေအနေအား တစ်ဦးနှင့်တစ်ဦး တမင်ဖုံးကွယ်ထားကြသဖြင့် အချင်းချင်း ယုံကြည်မှုပျက်ပြားနေကြ သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့ သုံးဦးစလုံးနှင့် ရင်းနှီးပြီး သတင်းကိုတမင်ဖုံးကွယ်ထားမည့်သူ မဟုတ်သည့် ကြားလူတစ်ဦးအား အကူအညီတောင်းခဲ့ကြခြင်းပင်။
သတင်းရရှိချိန်တွင် သူတို့ သုံးဦး၏တုံ့ပြန်မှုမှာ တစ်ဦးနှင့်တစ်ဦးမတူညီကြပေ။
ကူးလန် ရင်ထဲဝယ် အမှောင်ထုကမ္ဘာကြီးအတွင်း အလင်းတန်းတစ်ခုအား အမှတ်မထင် ဖူးမြင်လိုက်ရသကဲ့သို့ အတိုင်းမသိ ဝမ်းသာပီတိများ လှိုက်တက်လာခဲ့လေသည်။ သူ ရင်ဝယ်တလှပ်လှပ် တိုးဝှေ့နေသော စိတ်လှုပ်ရှားမှုတို့ကို ခဏတာ ထိန်းချုပ်လိုက်ပြီးနောက်၊ လက်ရှိလုပ်ဆောင် နေသမျှသော အလုပ်အကိုင်အဝဝကိုအရေးမထားတော့ဘဲ ဆေးရုံသို့ တန်းတန်းမတ်မတ်ဦးတည်ကာ ကားကိုအရှိန်ပြင်းပြင်း မောင်းနှင်လာခဲ့ တော့သည်။
လမ်းခရီးတစ်လျှောက်တွင်လည်း ချင်ချင်အား ကိုယ်စိတ်နှစ်ပါးမက ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးကြသည့် အိမ်တော်ထိန်းကြီးနှင့် အခြားသော လူကြီးသူမများထံသို့ ထိုသတင်းကောင်းအား လက်ဆင့်ကမ်းရန် ဖုန်းဆက်သွယ်နေမိသည်။ အမှန်စင်စစ် ပျော်ရွှင်မှုဟူသည်မှာ မိမိတစ်ဦးတည်း ဆုပ်ကိုင်သိမ်းဆည်းထားခြင်းထက် အများသူငါနှင့် မျှဝေခံစားလိုက်ရမှသာ ပိုမိုနက်ရှိုင်းပြည့်စုံလာသည် မဟုတ်ပါလား?
ပိုင်ချီယွိကမူ အလုပ်တာဝန်များကြားတွင် ဗျာများနေဆဲဖြစ်ရာ ဤသတင်းစကားအား ယခုတိုင် လက်ခံရရှိခြင်း မရှိသေးချေ။
ဖူဟန် ခရီးစဉ်အစီရင်ခံစာ လာရောက်တင်ပြသည့် အတွင်းရေးမှူးအား အပြင်သို့ ထွက်ခွာသွားရန် ခွင့်ပြုလိုက်ပြီးနောက်၊ ကျယ်ဝန်းလှသော သူ့ရုံးခန်းအတွင်း တစ်ဦးတည်း ဆိတ်ငြိမ်စွာထိုင်နေမိသည်။ ထို့နောက် စားပွဲပေါ်တွင် တင်ထားသည့် ဓာတ်ပုံဘောင်လေးကိုမမှိတ်မသုန် ငေးစိုက်ကြည့်နေတော့သည်။
ထိုစတုရန်းပုံစံ ဓာတ်ပုံဘောင်လေးထဲတွင်မူ ငယ်ရွယ်နုပျိုလှသည့် ဇနီးမောင်နှံနှစ်ဦးလက်ချင်းတွဲထားသည့် ပုံရိပ်ကလေးတစ်ခု ရှိနေသည်။ သူတို့နှစ်ဦးစလုံး၏မျက်နှာထက်တွင် တည်ကြည်သော အမူအရာများကိန်းအောင်းနေကြသည်။ မဟုတ်ပါ... တကယ်တမ်းတွင်မူ သူတစ်ဦးတည်းသာ တည်ကြည်လေးနက်နေခြင်းဖြစ်ပြီး၊ ဘေးနားရှိ ဇနီးသည်လေးမှာမူရှက်ပြုံးလေးဖြင့် ပျော်ရွှင်ကြည်နူးနေပုံရသည်။
ထိုဓာတ်ပုံမှာ သူတို့ဇနီးမောင်နှံ မင်္ဂလာဆောင်ပြီးနောက် ဟန်းနီးမွန်းခရီးစဉ်အတွင်းရိုက်ကူးခဲ့သည့် တစ်ခုတည်းသော ပုံရိပ်ကလေးပင် ဖြစ်သည်။ ထိုစဉ်က ခရီးစဉ်မှာ ချင်ချင်တွင် ကိုယ်ဝန်ရှိလာပြီဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် လမ်းတစ်ဝက်မှာတင် ရုတ်တရက် အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်။
ယခင်ကတော့ သူသည် ဤအတိတ်အကြောင်းအရာများ အလေးအနက် မစဉ်းစားမိခဲ့သော်လည်း၊ ယခုအခါ ပြန်လည်တွေးတောကြည့် သည့်အခါတွင်မူ ဖူဟန် ရင်ထဲဝယ် ရုတ်တရက်နောင်တအရိပ်အယောင်များ လွှမ်းမိုးလာခဲ့ရလေတော့သည်။
ချင်ချင် အပြည့်အဝ ပြန်ကောင်းလာသည့်အခါ သူတို့နှစ်ဦး ခရီးအတူတူထပ်ထွက်ကြရမည်။ ဤတစ်ကြိမ်တွင်မူ ကလေးများအား မခေါ်တော့ဘဲ၊ သူနှင့် သူ့ဇနီးသည် နှစ်ဦးတည်းသာ...
ဓာတ်ပုံဘောင်လေးအတွင်း၌ ဓာတ်ပုံတစ်ပုံတည်းရှိနေသည်မဟုတ်ဘဲ ဘယ်ဘက်အောက်ထောင့်တွင် သေးငယ်သော အခြားဓာတ်ပုံတစ်ပုံ ကိုလည်း ကပ်ထားသေးသည်။
၎င်းမှာ ဖူဟန် "ချင်ချင်လေး" ကိုပွေ့ချီထားသည့် ပုံလေးဖြစ်ပြီး သူတို့နှစ်ဦးစလုံး၏မျက်နှာတွင် ကိတ်မုန့်ခရင်မ်အဖြူများ ပေပွနေကြသော် လည်း ပြုံးရွှင်နေကြသည်မှာ ဟာသလည်းဆန်ကာ ရင်ထဲတွင်လည်း နွေးထွေးမှုကိုပေးစွမ်းလှသည်။ ထိုဓာတ်ပုံမှာ ချင်ချင်မွေးနေ့တွင် ကူးလန် တိုက်တိုက်ဆိုင်ဆိုင် ရိုက်ကူးထားခဲ့ခြင်းဖြစ်သည်။ မူလအစကမူ ကူးလန်မှာ ဖူဟန်အားစနောက်လိုသည့် စိတ်အာသီသသက်သက်ဖြင့်သာ ထိုဓာတ်ပုံကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဖူဟန်ကမူ ထိုပုံရိပ်လေးအား အလွန်အမင်းနှစ်ခြိုက်မြတ်နိုးသွားခဲ့ရာ အမှတ်တရအဖြစ် သိမ်းဆည်းရန်အတွက် ဘောင်သွင်းခဲ့ပြီး၊ လွမ်းဆွတ်တမ်းတမှုတို့ဖြင့် မကြာခဏထုတ်ယူကြည့်ရှုလေ့ရှိလေသည်။
အခြားသောသူများအတွက်မူ အရွယ်ရောက်ပြီးသူ ချင်ချင်နှင့် ကလေးငယ်လေး ချင်ချင်တို့မှာ ကွဲပြားခြားနားနေနိုင်သော်လည်း၊ ဖူဟန်၏ နှလုံးသားအနက်ရှိုင်းဆုံးတွင်မူ သူတို့နှစ်ဦးစလုံးမှာ တစ်ဦးတည်းသောသူသာ။ အကြောင်းမူကား သူတို့မှာ ဘဝ၏မတူညီသောကာလအဆင့် ဆင့်ကို ဖြတ်သန်းနေသည့် ချင်ချင် တစ်ယောက်တည်းသာဖြစ်ကြောင်း သူ အစဉ်အမြဲနားလည်လက်ခံထားသောကြောင့်ပင်။
ရုတ်တရက်ဆိုသလိုပင် သူ့ရင်ထဲ၌ မျှော်လင့်ချက်အရိပ်အယောင်များ တဖျတ်ဖျတ်ပေါ်ပေါက်လာခဲ့သည်။ ချင်ချင့် မှတ်ဉာဏ်များ တဖြည်းဖြည်း ပြန်လည်နိုးထလာသည်နှင့်အမျှ၊ သူတို့နှစ်ဦး တက္ကသိုလ်ကျောင်းတော်၌ ချစ်သူဘဝဖြင့် ဖြတ်သန်းခဲ့သည့် ထိုနေ့ရက်များကို သူမ ပြန်လည်မှတ်မိသွားချိန်တွင် မည်သို့သော ပုံစံမျိုးဖြင့်ရှိနေမလဲဟု ဖူဟန် တွေးတောတမ်းတမိသည်။ ဇနီးသည်လေးမှာ မိမိအပေါ် ထိုသို့သော ရှက်စနိုးမေတ္တာတရားများဖြင့် ကြင်နာယုယပြသည်ကိုမမြင်တွေ့ရသည်မှာ အတော်ပင်ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား?
မသိစိတ်၏လမ်းညွှန်မှုဖြင့်ပင် ကားလေးမှာ ဆေးရုံကားပါကင်အတွင်းသို့ ဆိုက်ရောက်ရပ်တန့်သွားသည်။ ရင်းနှီးနေသော ပတ်ဝန်းကျင်အား ကြည့်ရင်း ဖူဟန် အသာအယာပြုံးလိုက်မိသည်။
"ကြိုဆိုပါတယ်... ကိုယ့်ရဲ့ မမလေး"
"အိပ်တော့!"
"မအိပ်ဘူး!"
ကူးလန် ချင်ချင်အား တည်ကြည်လေးနက်လှသော မျက်နှာထားဖြင့် ရင်ဆိုင်နေရလေသည်။ သူ့လေသံမှာ ပြတ်သားလွန်းလှသော်လည်း၊ ရှေ့မှ ဂျီကျနေသော ကလေးငယ်လေးအားကြည့်ကာ စိတ်ရှည်သည်းခံမှုကို အစွမ်းကုန်မွေးမြူနေရဟန်တူသည်။
"အချိန်ကို ကြည့်ဦး! ၁၀ နာရီခွဲတောင် ရှိနေပြီ၊ မူကြိုတစ်ကျောင်းလုံးမှာ ဘယ်ကလေးမှ မင်းလောက် ညမနက်ဘူး!"
ကူးလန် စံပြလူကြီးတစ်ဦးပီပီ ချင်ချင်အားကျိုးကြောင်းပြကာ နားဝင်အောင်ဖျောင်းဖျရန် အစွမ်းကုန်ကြိုးစားနေသော်လည်း၊ မိမိကိုယ်ကိုယ် အရွယ်ရောက်ပြီးသူ လူကြီးတစ်ဦးအဖြစ် ခိုင်ခိုင်မာမာသတ်မှတ်ထားသော ချင်ချင်ကမူ ခေါင်းတစ်ချက်မှ မညိတ်ဘဲငြင်းဆန်နေတော့သည်။
"ချင်ချင်က အခု လူကြီးလေးဖြစ်နေပြီ၊ ကိုယ့်ဘာသာကိုယ် ဘယ်အချိန်မှာ အိပ်စက်အနားယူရမလဲဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်"
သူမ ခေါင်းမာမာဖြင့် ခံချပြောဆိုနေသဖြင့် ကူးလန်မှာ စိတ်ဓာတ်တို့ ပေါက်ကွဲလုနီးပါးဖြစ်ရလေသည်။
"အသက်က ငါးနှစ်ပဲ ရှိသေးတာကို... မနက်ဖြန်ကျရင်လည်း မူကြိုတက်ရဦးမှာပဲလေ၊ အခုချက်ချင်း သွားအိပ်တော့!"
ဤကလေးမလေးမှာ ကြီးလာသည်နှင့်အမျှ မကောင်းသော အကျင့်များပါလာခဲ့သည်။ ငယ်စဉ်အခါကမူ အလွန်ပင် သိတတ်လိမ္မာခဲ့ပါလျက် ယခုမူ အတော်လေးကို ဆိုးနွဲ့လာခဲ့သည်။ အမှန်စင်စစ် ဤသည်မှာ ဆိုးနွဲ့ခြင်းသက်သက်ထက် ဖူစစ်ချန်၏ ပေါ့လျော့မှုကြောင့်ဟုသာ ဆိုရပေလိမ့်မည်။ သူသည် ချင်ချင်အား လက်ကိုင်ဖုန်း၏ ဖျော်ဖြေမှုအာရုံများကြား စောစီးစွာ ကျင်လည်ကျက်စားခွင့် ပေးခဲ့မိသည် မဟုတ်ပါလား? ကလေးတို့ သဘာဝအရ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမှာ အားနည်းလွန်းလှသဖြင့် ဖုန်းမျက်နှာပြင်ထက်မှ အပျော်အပါး များကြား နစ်မျောကာ အိပ်စက်ရန်ပင် မေ့လျော့နေခြင်းမှာ အဆန်းတော့ မဟုတ်ချေ။
အစ်မဖြစ်သူ၏ကျန်းမာရေး အခြေအနေတိုးတက်လာသည်ဟု ကြားသဖြင့် စိတ်လှုပ်ရှားစွာ မောင်းနှင်လာခဲ့သော ကူးလန်မှာ ယခုတော့ နွမ်းလျနေပြီဖြစ်သည်။ ဤဆိုးနွဲ့နေသော ကလေးမလေးမှာ တကယ်ပဲ သူ့အစ်မအစစ်ဖြစ်နေတာလား? မည်သို့ပင်ဖြစ်စေ အိပ်ရမည့်အချိန် ရောက်ပြီဖြစ်ရာ ညနက်အောင်နေတတ်သည့် ကလေး၏အကျင့်ဆိုးအား သူ လုံးဝလက်ခံမည်မဟုတ်ချေ။
သူ၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် ချင်ချင်မှာ သူမ ဖုန်းကို ထပ်မံအသိမ်းခံလိုက်ရပြီး ကုတင်ပေါ်သို့ အတင်းအိပ်ခိုင်းခြင်း ခံလိုက်ရသည်။ သူမအား အိပ်ပျော်အောင် လုပ်ရန် ခက်ခဲလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း၊ ချင်ချင်မှာဟန်လုပ်နေခြင်းသာ ဖြစ်ပုံရကာ သိပ်မကြာခင်မှာ ပင် အသက်ရှူသံမှာ မှန်မှန်လေးဖြစ်သွားတော့သည်။
ထိုအချိန်တွင် လူနာဆောင်တံခါးမှာပွင့်သွားပြီး ဖူဟန် ဝင်လာခဲ့သည်။
"ဘာလို့ အခုမှ ရောက်လာတာလဲ"
ကူးလန် ကလေးအား တစ်ယောက်တည်း ထိန်းကျောင်းရင်း ခင်ပွန်းအပြန်ကို စောင့်မျှော်နေရသည့် မုဆိုးမတစ်ဦးနှယ် စိတ်ကောက်ချင်စဖွယ် မျက်နှာထားဖြင့်မေးလိုက်လေသည်။
"အလုပ်တွေ ရှုပ်နေလို့ပါ"
ဖူဟန် ကူးလန်၏ဟန်ဆောင်နေသော အမူအရာတို့ကို အရေးမလုပ်ဘဲ လျစ်လျူရှုထားလိုက်သည်။ သူ ဗီရိုကို ဖွင့်ကာ လဲလှယ်မည့် အဝတ်အစားများယူရင်း ရေချိုးရန်ပြင်ဆင်နေတော့သည်။ သူ့အပြုအမူတစ်ခုချင်းစီမှာ မိမိအိမ်မှာပင် ရှိနေသကဲ့သို့ ပေါ့ပါးလွတ်လပ်နေ၏။
"ကျဲ မှတ်ဉာဏ်တွေ တဖြည်းဖြည်းပြန်ရလာနေပြီဆိုတာ မင်း သိရဲ့လား"
ဖူဟန်၏တည်ငြိမ်လွန်းသော အမူအရာအား ကြည့်ပြီး ကူးလန် သူ ဘာမှမသိသေး၍သာ ထိုသို့ အေးဆေးနေခြင်းဖြစ်မည်ဟု သံသယဝင်မိသည်။
"သိတယ်"
ကံမကောင်းစွာပင် ဖူဟန်ထံမှ ထွက်ပေါ်လာသောအဖြေမှာ ကူးလန်ထင်ထားသည်နှင့် တခြားစီ ဖြစ်နေခဲ့သည်။
"ဒေါက်တာမုန့်ကျယ်က ငါ့ကို အကြောင်းကြားပြီးပြီ"
"ဒါဆို ဘာလို့..."
"မင်း ဘာလို့ ဒီလောက်တောင် အေးဆေးနေနိုင်ရတာလဲ"
အရင်တုန်းကဆိုလျှင် အစ်မဖြစ်သူနှင့် ပတ်သက်၍ တစ်ခုခုဖြစ်တိုင်း ဖူဟန်ကသာ အစိုးရိမ်ဆုံးဖြစ်ခဲ့သည် မဟုတ်လား? သို့သော် ယခုတစ်ကြိမ် တွင်မူ သူ့တည်ငြိမ်လွန်းလှသော အမူအရာမှာ ကူးလန်အတွက် လုံးဝကိုစိမ်းသက်နေသလိုခံစားနေရလေသည်။
"ဒီလို ရလဒ်မျိုးဖြစ်လာမယ်ဆိုတာ မင်းလည်း ကြိုတွေးထားမိမယ်လို့ ငါ ထင်ခဲ့တာ"
ဖူဟန် ဘေးသို့ ကိုယ်ကိုအသာလှည့်ကာ ကူးလန်မျက်လုံးများကို တည့်တည့်စိုက်ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်သည်။
"ချင်ချင်က အဲ့လောက်ထိ အားနွဲ့တဲ့သူ မဟုတ်ဘူးဆိုတာ ငါ အမြဲယုံကြည်တယ်၊ သူမ ခဏတဖြုတ် ထွက်ပြေးပုန်းရှောင်ချင်စိတ် ပေါ်ခဲ့ရင်တောင်မှ၊ တစ်နေ့မှာတော့ သူ့ကိုယ် သူ ပြန်ပြီး စုစည်းနိုင်မှာပဲ၊ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ငါ ယုံကြည်တယ်"
စုံစမ်းစစ်ဆေးမှုများစွာ ပြုလုပ်ပြီးနောက်တွင်တော့ ဖူဟန်တို့မှာ ချင်ချင်ခန္ဓာကိုယ် သေးငယ်သွားရခြင်း၏နောက်ကွယ်မှ လျှို့ဝှက်ချက်အား အကြမ်းဖျင်း သိရှိသွားကြသည်။ အဓိကတရားခံမှာ ဒဏ္ဍာရီလာ "အိပ်မက်ဖြည့်ငှက်" ပင်။ ထိုငှက်မှာ မည်သည့်ဆန္ဒကိုမဆို ဖြည့်ဆည်းပေးနိုင် စွမ်းရှိသည်ဟု ဆိုကြသည်။
ချင်ချင်တစ်ယောက် ထိုအိပ်မက်ငှက်နှင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ဆုံတွေ့ခဲ့သည်ကို သူတို့ အတိအကျ မသိကြသော်လည်း၊ 'ဘယ်သောအခါမှ မကြီးပြင်းတော့ဘဲ ပူပင်စိုးရိမ်မှုကင်းသည့် ကလေးငယ်တစ်ဦးအဖြစ် ထာဝရနေထိုင်သွားရန်' ဟူသော သူမ ဆန္ဒကိုတော့ ထိုငှက်မှ အမှန်အကန်ဖြည့်ဆည်းပေးခဲ့သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထို့ကြောင့်ပင် သူမသည် တစ်ညတည်းနှင့် ကိုယ်ခန္ဓာသေးငယ်သွားကာ "ထာဝရကလေးငယ်" တစ်ဦး ဖြစ်လာခဲ့ခြင်းပင်။ သို့သော်လည်း သူမနှင့် ဖူစစ်ကျင်းတို့ ပြန်ပေးဆွဲခံရသည့် ဖြစ်ရပ်မှာ အရာရာကို ပြောင်းလဲစေခဲ့သည်။ ဖူစစ်ကျင်း ဒဏ်ရာမှာ မည်မျှပင် ပြင်းထန်ပြီး သေလုမြောပါး ဖြစ်ခဲ့ရသည်ကို ဖူဟန်တို့သိရှိကြသည်။
ထိုဖြစ်ရပ်မှာ ချင်ချင်စိတ်ဝိညာဉ်အတွင်း၌ ကိန်းအောင်းနေသော မိခင်မေတ္တာကိုနိုးထလာစေခဲ့ပြီး၊ သူမ သားအား ကယ်တင်ရန်အတွက် အိပ်မက်ငှက်၏ စွမ်းအားကို ခဏတာ တွန်းလှန်ကာ မှတ်ဉာဏ်များနှင့် လူကြီးခန္ဓာကိုယ်ကို ခဏတာပြန်လည်ရယူခဲ့ခြင်းဖြစ်နိုင်သည်။ ဖူစစ်ကျင်းကို ကယ်တင်ရန်အတွက် ချင်ချင်သည် အိပ်မက်ငှက်နှင့် တစ်စုံတစ်ရာလဲလှယ်ခဲ့ရမည်မှာ အသေအချာပင်။
အဖြစ်နိုင်ဆုံး ရလဒ်မှာ သူမ မူလဆန္ဒပျက်ပြယ်သွားခြင်းဖြစ်သည်။ အိပ်မက်ငှက်၏ဆန္ဒအား ပြန်လည်ရုပ်သိမ်းလိုက်သည်နှင့်အမျှ ချင်ချင် ဆန္ဒမတောင်းခင်က အခြေအနေသို့ မလွဲမသွေပြန်လည်ရောက်ရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် သူမ မှတ်ဉာဏ်များ စတင်ပြန်လည်ရရှိ လာသည်ဟု သိလိုက်ရချိန်တွင် ဖူဟန် မအံ့သြဘဲ "ငါ ထင်ထားတဲ့အတိုင်းပါပဲ" ဟုသာ ခံစားလိုက်ရခြင်း ဖြစ်သည်။ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သဖြင့် အမှန်တရားနှင့် ရင်ဆိုင်ရချိန်တွင် တည်ငြိမ်နေခြင်းမှာသဘာဝကျလှသည်။
ဖူဟန် စကားများကို ကြားပြီးနောက် ကူးလန်မှာ ဘာမှပြန်မပြောနိုင်တော့ဘဲ၊ မိမိအစ်မအား နားလည်ဆုံးသူမှာ သူ့ယောက်ဖဖြစ်သူသာ ဖြစ်ကြောင်း နောက်ဆုံးတွင် ဝန်ခံလိုက်ရတော့သည်။
"စစ်ချန် ပြောတာတော့ ချင်ချင် လန်လန်ဆိုတဲ့ တစ်ယောက်ယောက်ကိုရှာနေတယ်တဲ့"
ဖူဟန် ရေချိုးပြီး ထွက်လာသည့်အခါ ကူးလန် ရုတ်တရက် ပြောလိုက်သည်။
"သိပါတယ်၊ ဟန်ဝေ့လန်ကို ပြောတာပါ"
ဟန်ဝေ့လန်မှာ ချင်ချင်ထက် ငါးနှစ်ခန့် ငယ်ရွယ်သည်။ ချင်ချင် ငါးနှစ်အရွယ်တုန်းကဆိုလျှင် ကူးလန် မွေးဖွားချိန် မဟုတ်လား? ထို့ကြောင့် လည်း သူမက အိမ်နီးချင်း လန်လန်မှာ အသားတွေနီရဲပြီး ရုပ်ဆိုးသည်ဟု ပြောခြင်းဖြစ်သည်၊ မွေးကင်းစကလေးဆိုသည်မှာ လှပနေလေ့ မရှိသည် မဟုတ်လား?
"သူ ကျွန်တော့်ကိုရော ဘယ်တော့မှမှတ်မိမှာလဲ"
ကူးလန်မှာ ထိုအကြောင်းအား ပြန်လည်တွေးတောမိရင်း စိတ်ပျက်အားလျော့သွားရသည်။ သူနှင့် အစ်မဖြစ်သူကြားမှ အသက်အရွယ် ကွာခြားချက်မှာ ကြီးမားလွန်းလှသည်မဟုတ်ပါလား? သူမ အချစ်ဆုံးသူငယ်ချင်းရှိစဉ်က သူသည် လူ့လောကထဲသို့ပင် မရောက်ရှိသေးသဖြင့် သူမနှင့် ရင်းနှီးကျွမ်းဝင်ခွင့်မရခဲ့ခြင်းပင်။
"မင်း ဘယ်အချိန်မှာ လူ့လောကထဲ ရောက်လာသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်"
ကူးလန် : "..."
မိယောက်ဖဖြစ်သူနှင့် စကားလက်ဆုံကျရသည်မှာ အလွန်ပင် စိတ်တိုစရာကောင်းလှသဖြင့် ကူးလန် တစ်ယောက် စကားမဆိုချင်တော့သည်မှာ အထူးအဆန်းမဟုတ်တော့ချေ။ သူ စိတ်တိုတိုဖြင့် အခန်းထဲမှ ထွက်ခွာသွားသော်လည်း၊ အိပ်မောကျနေသည့် ချင်ချင် နိုးသွားမည်ကို စိုးရိမ်စိတ်ဖြင့် တံခါးကိုတော့ အသာအယာပြန်ပိတ်သွားခဲ့သည်။
နောက်နှစ်ရက်ဆိုလျှင် အစ်မဖြစ်သူ ဆေးရုံဆင်းရတော့မည်ဖြစ်ရာ၊ သူမအား ပြန်လည်ခေါ်ဆောင်သွားရန် သူ့အစီအစဉ်များကို ပြန်လည်အသက်သွင်းရတော့မည်။ ဖူဟန်သာ သူ့ထံ လာရောက်တောင်းပန်ခြင်းမရှိပါက အစ်မနှင့် ပေးတွေ့မည်မဟုတ်ဟု စိတ်ထဲက ခိုင်ခိုင်မာမာ တေးထားလိုက်သည်။ ထိုလုပ်ရပ်မှာ မင်းသားနှင့် မင်းသမီးအားခွဲခွာစေသည့် နဂါးဆိုးကြီးတစ်ကောင်နှင့် တူနေသော်လည်း ကူးလန် ဂရုမစိုက်နိုင်တော့ချေ။