← Chapters

အခန်း (၁၁၈)

Vol. 14 Ch. 118

အခန်း (၁၁၈)

Vol. 14 Ch. 118

ဆေးရည်ပုလင်း ကုန်သွားသည်နှင့် ဖူဟန် သူနာပြုအား ခေါ်ရန် လူခေါ်ခေါင်းလောင်းကို ချက်ချင်းနှိပ်လိုက်သည်။

သူနာပြုတစ်ဦး လင်ဗန်းတစ်ခုကိုကိုင်ကာ အခန်းထဲသို့ အမြန်ဝင်လာပြီး ချင်ချင်ဆေးရည်ပုလင်း အနည်းငယ် တုန့်ဆိုင်းစွာဖြင့် လဲလှယ်ပေးနေသည်။

သူမ ဆေးရည်လဲနေသည်မှာ အတော်ကြာသည်အထိ မပြီးသေးသည်ကိုတွေ့သောအခါ ကူးလန် မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

ဒီအသက်ကြီးကြီး သူနာပြုက ခုနက သူနာပြုမလေးလောက် ကျွမ်းကျင်ပုံမရပေ။

ထိုစဉ် လူနာခန်းတံခါးမှာ ဝုန်းခနဲပွင့်သွားပြီး သူနာပြုအကူ ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးခြေလှမ်းကျဲကျဲဖြင့် ဝင်လာသည်။

"ဆောရီး၊ ဆောရီး... သူနာပြုက ဆေးပုလင်းမှားယူသွားလို့ပါ၊ ဒါက ဂလူးကို့စ်ပါ၊ နောက်မှ သွင်းရမှာ၊ အခု ဒါကို အရင်သွင်းဖို့လိုပါတယ်"

သူ ဆေးရည်ပုလင်းကို မြှောက်ပြရင်း ချင်ချင်ဆေးရည်ကို အလျင်အမြန်လဲပေးလိုက်ကာ၊ ကိုယ်ဟန်အနေအထား တောင့်တင်းနေသော အမျိုးသမီးသူနာပြုအား ဆွဲထုတ်သွားတော့သည်။

"ဘာလဲ... သူက မင်းရဲ့ ဆွဲဆောင်မှုကိုထပ်ပြီး လျစ်လျူရှုသွားပြန်လို့လား?"

ထိုသူ ထွက်သွားပြီးနောက်မှာပင် တံခါးဝကိုကြောင်စီစီငေးကြည့်နေသော ကူးလန်အား ဖူဟန် စနောက်လိုက်သည်။

"ကျွန်တော်... အဲဒီ သူနာပြုအကူကို တစ်နေရာရာမှာ မြင်ဖူးသလိုခံစားရလို့"

ကူးလန် မသေချာသောလေသံဖြင့် ပြန်ဖြေသည်။

ထိုအမျိုးသားမှာ နှာခေါင်းစည်းတပ်ထားသဖြင့် မျက်နှာအားသေချာမမြင်ရပေ။ မြင်နေရသည့် မျက်ဝန်းများကို ကြည့်ခြင်းအားဖြင့်တော့ အတော်လေး ရုပ်ချောမည့်ပုံပင်။

သို့သော် ကူးလန် အမှတ်မိဆုံးမှာ သူ့အသံပင်။ နွေးထွေးပြီး ကြည်လင်သောအသံ... ဒီအသံကို တစ်နေရာရာမှာ သူ ကြားဖူးနေခဲ့သည်။

"နာတယ်!"

ချင်ချင့် ရုတ်တရက် အော်ဟစ်သံကြောင့် ကူးလန်မှာလန့်သွားရသည်။

သူ လှည့်ကြည့်လိုက်သောအခါ ဖူဟန် နာကျင်မည်ကိုပင် ဂရုမစိုက်တော့ဘဲ ချင်ချင်လက်ထဲမှ ဆေးအပ်အား ချက်ချင်းဆွဲဖြုတ်လိုက်သည်ကို တွေ့လိုက်ရသည်။

"ဆရာဝန်ကို သွားခေါ်!"

သူ့အသံမှာ ပြတ်သားလွန်းလှသဖြင့် အခြေအနေမှာ အလွန်စိုးရိမ်ရကြောင်း ကူးလန် ချက်ချင်း သိလိုက်သည်။

ကူးလန် အပြင်သို့ အပြေးထွက်ကာ ချင်ချင်အား တာဝန်ယူထားသော အဓိကဆရာဝန်ကြီးကို ချက်ချင်း ခေါ်လာခဲ့သည်။

ဆရာဝန်ကြီးမှာ လူနာ တစ်ခုခုဖြစ်ပြီလားဟု စိုးရိမ်တကြီး ရောက်လာသော်လည်း၊ ဖူဟန် ဆွဲဖြုတ်ထားသော ဆေးရည်ပုလင်းကို အေးစက်စက် ညွှန်ပြကာ "ဒီဆေးကို စစ်ဆေးပေးပါ" ဟု ပြောသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

"ဘာဖြစ်လို့လဲ?"

ဆရာဝန်ကြီးမှာ သံသယဝင်ခံရခြင်းအပေါ် စိတ်မဆိုးဘဲ အခြေအနေအားအေးဆေးစွာမေးမြန်းသည်။

ကူးလန် ထူးဆန်းသော ဖြစ်ရပ်ကို အမြန်ပြန်ပြောပြရာ၊ ဆရာဝန်မှ တစ်စုံတစ်ယောက်အား သူနာပြုဌာနသို့ လွှတ်၍စစ်ဆေးခိုင်းလိုက်သည်။

သူနာပြုဌာနမှ သူနာပြုတစ်ဦး အမြန်ရောက်လာသည်။ သူမမှာ ချင်ချင်ဆေးရည်ကို အစပိုင်းတွင် လာလဲပေးခဲ့သော သူနာပြုမလေးပင် ဖြစ်သည်။

သူမသည် ဆရာဝန်ကြီး၏တင်းမာသော မေးခွန်းများကို ရင်ဆိုင်ရတော့သည်။

သူနာပြုမလေးမှာ စိတ်ရှည်စွာ နားထောင်ပြီးနောက် လူနာဆေးမှတ်တမ်းစာရွက်ကို ထုတ်ကာ ရှင်းပြသည်။

"လွန်ခဲ့တဲ့ ၁၀ မိနစ်က သူနာပြုဌာနကနေ ကုတင် ၅၂ က လူနာအတွက် ဆေးပုလင်းလဲပေးဖို့လွှတ်လိုက်တာ အမှန်ပါပဲ ဒါပေမဲ့ ဆေးမှားစရာ မရှိပါဘူး၊ ကျွန်မတို့ဆီမှာ ဆေးညွှန်းမှတ်တမ်းတွေသေချာရှိပါတယ်၊ မှားယွင်းဖို့ အခွင့်အရေးက မရှိသလောက်ပါပဲ"

"သွားတဲ့ သူနာပြုကိုပြောရရင်တော့၊ အဲဒါ သူနာပြုအသစ်လေးရှောင်ဖန်းပါ ဒါပေမဲ့ ရှောင်ဖန်းက အသက် ၂၀ ပဲ ရှိပါသေးတယ်၊ လူနာရှင် ပြောပြတဲ့ အသက်လတ်ပိုင်းအမျိုးသမီးနဲ့ လုံးဝမတူပါဘူး ပြီးတော့ အမျိုးသားသူနာပြုအကူဆိုတာလည်း ကျွန်မတို့ ဆေးရုံက မဟုတ်ပါဘူး"

ဆေးရုံဝန်ထမ်းအယောင်ဆောင်ကာ လူနာအနားသို့ ဆက်တိုက်ချဉ်းကပ်လာသည့် လူစိမ်းနှစ်ဦး... ဒါဟာ အလွန်စိုးရိမ်စရာကောင်းသော အဖြစ်အပျက်ပင်။

ဆရာဝန်မှ ထိုဆေးပုလင်းအားယူသွားပြီး၊ ချင်ချင့်ဆေးရည်သွင်းခြင်းကို ခေတ္တရပ်နားကာ VIP လူနာဆောင်တစ်ဝိုက်အား လုံခြုံရေး ပိုမိုတင်းကျပ်ရန် ညွှန်ကြားလိုက်သည်။

လူနာခန်းအတွင်း လူအဝင်အထွက် မပြတ်ရှိနေခြင်းမှာ အမှန်တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ရာ ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။ ထို့အပြင် လက်ဖမိုးပေါ်ရှိ ဆေးအပ်ကို ဖယ်ရှားလိုက်ချိန်တွင် ခံစားလိုက်ရသော စူးရှရှ နာကျင်မှုကြောင့် ချင်ချင်လေးမှာ နှစ်ခြိုက်စွာ အိပ်မောကျနေရာမှ ရုတ်တရက် နိုးထလာခဲ့ရလေသည်။

နိုးလာသည်နှင့် နာကျင်မှုကြောင့် ငိုယိုရန် ပြင်ဆင်လိုက်သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ဖူဟန် နို့နံ့သင်းပျံ့သော သကြားလုံးတစ်လုံးကို သူမ ပါးစပ်အတွင်းသို့ အမြန်ဆုံး ငုံခိုင်းလိုက်သည်။ ထိုအခါမှသာ ချင်ချင် သကြားလုံးအား ငုံရင်း ရှိုက်ငိုနေမှုကို ရပ်တန့်ကာ ငိုသံစဲသွားတော့ သည်။

ဆရာဝန့် ရှင်းပြချက်အရ ချင်ချင်ကျောပြင်မှ ဒဏ်ရာမှာနက်ရှိုင်းသော်လည်း၊ အတွင်းအင်္ဂါအစိတ်အပိုင်းများ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့သဖြင့် အစာခြေစနစ်အပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် လူနာအနေဖြင့် တစ်ခုခုစားသုံးလိုပါက အလွန်အကျွံ မဟုတ်သရွေ့ အနည်းငယ်မျှ စားသုံးခွင့် ရှိနေခြင်းပင်။

ဖူဟန် မိမိသားကို သကြားလုံးအပျော့လေးများ ကြိုတင်စီစဉ်ခိုင်းထားပြီး၊ ချင်ချင် ဂျီကျလာသည့်အခါတိုင်း ချော့မြူရန်အတွက် သူ့အိတ်ကပ်အ တွင်း၌ အမြဲမပြတ် ဆောင်ထားခြင်းဖြစ်သည်။ ထိုသို့ ကြိုတင်ပြင်ဆင်ထားခြင်းမှာ အမှန်တကယ်ပင် မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။

ချင်ချင် စိတ်တည်ငြိမ်သွားသော်လည်း ထပ်မံ၍အိပ်စက်ခြင်းငှာ မစွမ်းသာတော့ပေ။ ဖူဟန့် အကူအညီဖြင့် သူမ မတ်မတ်ထိုင်ရန်ကြိုးစားလိုက် ရာ ထိုမျှမျှသော လှုပ်ရှားမှုလေးကပင် သူမ ကိုယ်ပေါ်တွင် ချွေးစေးများပျံတက်သွားစေသည်။ ၎င်းမှာ အပူရှိန်ကြောင့် မဟုတ်ဘဲ နာကျင်မှုကို အောင့်အည်းထားရခြင်းကြောင့်သာ။

ချင်ချင်ကျောပြင်တွင် ဒဏ်ရာချုပ်ရိုး ၁၂ ချက်မျှ ရှိနေပြီး၊ ဆရာဝန်မှ အလှအပဆိုင်ရာ ချုပ်ရိုးများဖြင့် အထူးဂရုစိုက် ချုပ်ပေးထားသော်လည်း ဒဏ်ရာကြီးမားလွန်းလှသဖြင့် အမာရွတ် ထင်ကျန်ရစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထိုအမာရွတ်မှာ သိပ်မထင်ရှားရန်သာ ဆုတောင်းရမည် ဖြစ်သည်၊ သို့မဟုတ်ပါက အလှအပ မြတ်နိုးလှသော ချင်ချင့်အသိစိတ်များ အပြည့်အဝ ပြန်လည်ရရှိလာချိန်တွင် ဝမ်းနည်းပက်လက် ငိုကြွေးနေဦးမည် မဟုတ်လား?

“အာကျင်း... အာကျင်းရော ဘယ်မှာလဲဟင်?”

သတိလည်လာသည့် အခိုက်အတန့်တွင် ချင်ချင် ခုနကတင် ဖူစစ်ကျင်းအား ဝေဝေဝါးဝါး မြင်တွေ့ခဲ့ရသည်ကို လုံးဝ မေ့လျော့သွားပြီး၊ သားကြီးဖြစ်သူကိုသာ ဇောစိတ်ဖြင့် ချက်ချင်းလိုက်လံရှာဖွေတော့သည်။

“အာကျင်းက အနားယူနေတယ်လေ... ခဏနေရင် သူ့ကို ချင်ချင်ဆီ လာတွေ့ဖို့ ဦးဦး ခေါ်ပေးမယ်၊ ဟုတ်ပြီလား?”

ဖူဟန် သူမအား ပိုမိုသက်သောင့်သက်သာ ဖြစ်စေရန်အတွက် ကျောနောက်၌ ခေါင်းအုံးနှစ်လုံးကို အသာအယာခုပေးလိုက်သည်။ ချင်ချင် လက်ကလေးမှာ ဖူဟန့်လက်အား မှီတွယ်ထားရာမှ၊ ရုတ်တရက် အားပြင်းစွာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သဖြင့် ဖူဟန်မှာ စိုးရိမ်တကြီးဖြင့် သူမ မျက်နှာကို လှမ်းကြည့်လိုက်မိသည်။ သူမ၏ စင်ကြယ်လှပသော မျက်နှာလေးထက်တွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ထင်ဟပ်လာချေပြီ။

၎င်းမှာ အခြားမဟုတ်... သူမသည် ဒဏ်ရာမရရှိမီ ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ဆိုးများကို အပိုင်းအစများအဖြစ် ပြန်လည် မြင်ယောင်နေခြင်းသာ ဖြစ်သည်။

“ဘာမှမဖြစ်တော့ဘူးနော်... ဘာမှမစိုးရိမ်နဲ့တော့၊ ဦးဦး ဒီမှာရှိနေပြီလေ၊ လူဆိုးတွေကိုလည်း အကုန်ဖမ်းမိသွားပြီမို့ အရာအားလုံး အဆင်ပြေသွားပါပြီ”

ဖူဟန် ချင်ချင်အား ရင်ခွင်အတွင်းသို့ နွေးထွေးစွာ ထွေးပွေ့ထားရင်း၊ သူမ၏ တုန်လှုပ်နေသော စိတ်အာရုံများကို နူးညံ့သိမ်မွေ့သော စကားလုံးများဖြင့် ချော့မြူပေးနေမိသည်။ အချိန်အတော်ကြာမှ ချင်ချင်မှာ စိတ်တည်ငြိမ်မှု ပြန်လည်ရရှိလာသော်လည်း၊ ဖူဟန့်အင်္ကျီစကိုမူ အသက်ကယ်ကြိုးတစ်ခုသဖွယ် အားကိုးတကြီး တင်းတင်းဆုပ်ကိုင်ထားဆဲပင်။

“ဦးဦး... ချင်ချင်... ကြောက်စရာကောင်းတဲ့ အိပ်မက်ကြီးတစ်ခု မက်နေသလိုပဲ”

သူမ တိုးညှင်းသော အသံလေးဖြင့် ပြောလိုက်လေသည်။

“ချင်ချင် ဘာတွေ အိပ်မက်မက်လို့လဲ?”

ကူးလန် ချင်ချင်အခြားတစ်ဖက်တွင် ဝင်ထိုင်ကာ နူးညံ့သောလေသံဖြင့် မေးလိုက်သည်။

ချင်ချင် ကူးလန်အား တစ်ချက်လှမ်းကြည့်ပြီး မျက်လွှာပြန်ချလိုက်သည်။

သူမ ဖုံးကွယ်ထားသော်လည်း၊ သူမ အိပ်မက်မှာ ကူးလန်နှင့်ပတ်သက်နေနိုင်ကြောင်း ဖူဟန်နှင့် ကူးလန်တို့ သိလိုက်ကြသည်။

ကူးလန်မှာတော့ နားမလည်နိုင် ဖြစ်နေရသည်။ ချင်ချင် သူငယ်စဉ်က အစ်မစကားနားမထောင်ဘဲ ဆိုးသွမ်းခဲ့တာတွေကို အိပ်မက်မက်နေတာလား?

သူ့ရင်ထဲတွင် မတင်မကျဖြစ်လာသည်။

ကံကောင်းသည်မှာ ချင်ချင် ပြောပြမည့် အရာသည် သူ့ခန့်မှန်းချက်နှင့် ဘာမှမဆိုင်ပေ။

“အိပ်မက်ထဲမှာ ချင်ချင်က အထက်တန်းကျောင်းသူလေး ဖြစ်နေပြီး၊ တိတိက မူလတန်းကျောင်းသားလေးပဲ ရှိသေးတယ်”

ချင်ချင် အိပ်မက်ထဲမှ အသေးစိတ်အချက်အလက်များကို အလေးအနက်ပြန်ပြောပြနေသည်။

သူမနှင့် ကူးလန်ကြားတွင် အသက်ကွာခြားချက် အတော်ကြီးမားသဖြင့် သူတို့၏ဘဝအတွေ့အကြုံများမှာ တစ်ထပ်တည်းမကျခဲ့ပေ။

ချင်ချင် ကျောင်းစတက်ချိန်တွင် ကူးလန်မှာ မွေးခါစပဲ ရှိသေးသည်၊ ချင်ချင် ကျောင်းပြီးချိန်တွင် ကူးလန်က ကျောင်းတက်နေဆဲ၊ ချင်ချင် လက်ထပ်ပြီး ကလေးရချိန်တွင် ကူးလန်က ကျောင်းပင် မပြီးသေးပေ။ သူသည် ချင်ချင်ကလေးနှစ်ယောက် ကျောင်းစတက်မှသာ လုပ်ငန်းခွင်ထဲ ဝင်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် ထိုမောင်နှမနှစ်ဦးကြားတွင် ဘုံတူညီချက်များစွာ မရှိခဲ့ကြပေ။

သို့သော် ချင်ချင် အထက်တန်း မတက်မီအထိ သူတို့ဆက်ဆံရေးမှာ သိပ်ပြီး မရင်းနှီးသော်လည်း အနည်းဆုံးတော့ သင့်တင့်လျောက်ပတ်ခဲ့ ကြသည်။

ကူးလန် မှတ်မိသလောက်ဆိုလျှင် သူတို့ မောင်နှမနှစ်ဦး တကယ် စိမ်းကားသွားခဲ့ရသည်မှာ မူလတန်းကျောင်းမှ အဖြစ်အပျက်တစ်ခုကြောင့်ပင်။

၎င်းမှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သဖြင့် သေချာမမှတ်မိတော့ပေ။

ချင်ချင် သူ့ကို ရိုက်ခဲ့တာလား? ဒါမှမဟုတ် သူကပဲ တစ်ခုခုလုပ်ခဲ့တာလား?

“အိပ်မက်ထဲမှာ ချင်ချင်ကပြေးနေတာ... အရမ်းမြန်မြန်ပြေးနေတာ၊ ဘာလို့လဲဆိုတော့ သတ္တဝါကြီးတစ်ကောင်က ချင်ချင်ကို လိုက်ဖမ်းနေလို့”

ချင်ချင် သူမ၏ထူးဆန်းသော အိပ်မက်အားစတင်ပြောပြသည်။

“လမ်းခုလတ်မှာ တိတိက ရုတ်တရက် ပေါ်လာတယ်၊ သူက အမှတ် ၁၀၀ ပြည့်ရထားတဲ့ စာမေးပွဲစစ်ဆေးစာရွက်ကို ကိုင်ထားပြီး၊ ကတိအတိုင်း သူ့ကို ကစားကွင်းလိုက်ပို့ဖို့ ချင်ချင်ကိုဂုဏ်ယူစွာပြောနေတယ်လေ”

“ဒါနဲ့ ချင်ချင်က မောင်လေးကို ကစားကွင်းလိုက်ပို့ခဲ့လား?”

ဖူဟန် ကူးလန်၏ထူးဆန်းနေသော မျက်နှာပေးအား ကြည့်ရင်း လိုက်လျောညီထွေ မေးပေးလိုက်သည်။

“ဟင့်အင်း”

ချင်ချင် ခေါင်းခါပြကာ “ချင်ချင်က သဘောမတူတဲ့အပြင် တိတိကို ရိုက်လိုက်သေးတယ်၊ ဒါကြောင့် တိတိ ထွက်ပြေးသွားရော”

ကူးလန် အစ်မဖြစ်သူ၏ လက်အား တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ ချင်ချင် ပြောနေသည့် အကြောင်းအရာကို သူ ရုတ်တရက် သတိရသွားသည်။

၎င်းမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သူတို့မောင်နှမနှစ်ဦး၏သံယောဇဉ်ကို အဆုံးသတ်စေခဲ့သည့်နာကျင်ဖွယ်ရာ အဖြစ်အပျက်ဆိုး တစ်ခုပင်။

လေထုအား ဖြတ်သန်း၍လွင့်ပျံလာသော ထိုပြင်းထန်သည့် ပါးရိုက်သံမှာ အက်ကြောင်းထနေပြီဖြစ်သော မောင်နှမကြားမှ ဆက်ဆံရေးကို အစိတ်စိတ်အမြွှာမြွှာ ကြွေလွင့်ပျက်စီးသွားစေခဲ့ပြီး၊ သူတို့နှစ်ဦးအား ပြန်လည်ဆုံဆည်းရန် မဖြစ်နိုင်တော့သည့် လမ်းခွဲတစ်ခုဆီသို့ အပြီးတိုင် တွန်းပို့ပေးခဲ့လေသည်။

“ဒါဆိုရင်... ချင်ချင်က ဘာကြောင့် တိတိကို အဲဒီလို ရိုက်ခဲ့မိတာလဲ? တိတိက တကယ်ပဲ အပြစ်လုပ်ခဲ့လို့လား... ဒါမှမဟုတ် တိတိက အရမ်းဆိုးလို့လား?”

ဖူဟန်သည်လည်း မထင်မှတ်ထားသော အမှန်တရားတစ်ခု၏အစအနအား ဆုပ်ကိုင်မိလိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့်၊ ထိုသိလိုစိတ်ဇောကပင် သူ့အား ဆက်လက်မေးမြန်းရန် တွန်းအားပေးနေတော့သည်။

“တိတိက တကယ်ကို လိမ္မာတဲ့ကလေးပါ” ဟု ဆိုကာ ချင်ချင်လေးမှာ ကူးလန်၏ကောင်းကွက်များကို လက်ချိုးရေတွက်၍ ဂုဏ်ပြုလေတော့သည်။

“သူက ရုပ်လည်းချောတယ်၊ ဖော်ရွေတယ်၊ လူတိုင်းရဲ့ အချစ်ကိုလည်း ရထားတာ၊ စာပေမှာရော အားကစားမှာပါ ထူးချွန်ထက်မြက်တဲ့သူပေါ့... အထူးသဖြင့် သူ့ရဲ့ နူးညံ့သိမ်မွေ့ပြီးလှပလွန်းတဲ့ အစ်မကြီးအပေါ်မှာ ဆိုရင်တော့ ပိုလို့တောင် ဂရုစိုက်တတ်သေးတယ်!”

ထိုစကားကို ကြားလိုက်ရသော ကူးလန်၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်ကွေးသွားရသည်။

(သူ့အစ်မကတော့ ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခန်းဖွင့်ရန် အခွင့်အရေးကို လက်လွှတ်မခံပေ။)

ချင်ချင် အဆင်းလှပသည်မှာ ငြင်းချက်ထုတ်ရန် မလိုသော်လည်း၊ ‘နူးညံ့သိမ်မွေ့သည်’ ဟူသော စကားလုံးမှာမူ သူမနှင့် အနည်းငယ် ကွာဟနေသကဲ့သို့ပင်။ လက်ဗလာဖြင့် တံခါးကို ရိုက်ချိုးပစ်တတ်သည့် အပြုအမူမျိုးကို ‘နူးညံ့သည်’ ဟု ခေါ်ဆိုနိုင်ပါမည်လား?

သံသယဖြစ်ရန် မလိုပါ၊ သူမ ထိုသို့သော စွမ်းဆောင်ချက်မျိုးကို အမှန်တကယ်လုပ်ဆောင်ပြခဲ့ဖူးသူ မဟုတ်ပါလား?

အတိတ်တစ်ချိန်က မောင်နှမနှစ်ဦး အကြီးအကျယ် စကားများ ရန်ဖြစ်ခဲ့ကြစဉ်က အိမ်တော်ထိန်းကြီးပင် ကြားဝင်၍ မတားဆီးနိုင်ခဲ့ပေ။ ထိုစဉ်က ကူးလန် အလွန်အမင်း စိတ်ဆိုးမာန်ဆိုးဖြင့် သူ့အခန်းထဲသို့ ဝင်ကာတံခါးပိတ်၍ အစ်မဖြစ်သူနှင့် စကားမပြောရန်ဆုံးဖြတ်ခဲ့သည်။ သို့သော် သူ့အစ်မကမူ တံခါးလက်ကိုင်ကို လက်ဗလာဖြင့်ပင် ရိုက်ချိုးပစ်ခဲ့လေသည်။

ထိုအဖြစ်အပျက်ပြီးနောက်ပိုင်း ကူးလန် အစ်မဖြစ်သူအပေါ် အေးစက်စက် ဆက်ဆံခဲ့သော်လည်း၊ သူမအား တုံ့ပြန်ရိုက်နှက်ရန်မူ အစွမ်းကုန် ထိန်းချုပ်ခဲ့ပါသည်။ ၎င်းမှာ သူရဲဘောကြောင်၍ မဟုတ်ဘဲ၊ သူ့နှလုံးသားအတွင်းမှ သံယောဇဉ်တရား၏စေခိုင်းမှုကို နားစွင့်ခဲ့ခြင်းကြောင့်သာ ဖြစ်တော့သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးမှာ သွေးချင်းနီးစပ်သည့် မောင်နှမအရင်းအချာများ ဖြစ်ကြရာ၊ ကူးလန် သူမအပေါ် မည်ကဲ့သို့သော အကြောင်းပြချက်ဖြင့်မျှ လက်ပါရန် မစွမ်းသာခဲ့ပေ။

“ဒါပေမဲ့... အဲဒီမှာ ကြောက်စရာကောင်းတဲ့ သတ္တဝါကြီး ရှိနေတာလေ”

ထိုအရာအကြောင်းအား ပြောလိုက်မိသည်နှင့် ချင်ချင်လေးမှာ တုန်လှုပ်ချောက်ချားသွားကာ ဖူဟန့်ရင်ခွင်ကျယ်အတွင်းသို့ ခိုကိုးရာရှာသကဲ့သို့ တိုးဝင်သွားပြန်သည်။

“အဲဒီ သတ္တဝါကြီးက ချင်ချင်ကို လိုက်ဖမ်းနေတာ၊ တကယ်လို့ သူက တိတိကိုသာ မြင်သွားရင် ဘယ်လိုလုပ်မလဲ?”

ထိုစကားကြောင့်ပင် အမှန်တရားမှာ ပေါ်လွင်လာခဲ့ချေပြီ။ အစ်မဖြစ်သူမှာ မောင်ဖြစ်သူအား ဘေးကင်းရာသို့ အမြန်ဆုံး မောင်းထုတ်နိုင်ရန် အတွက်သာ တမင်တကာ စိတ်ဆိုးမာန်ဆိုးပြခဲ့ခြင်းဖြစ်ပြီး၊ ပါးရိုက်ခဲ့ခြင်းမှာလည်း မုန်းတီး၍မဟုတ်ဘဲ အသက်အား ကယ်တင်လိုသောကြောင့် သာဖြစ်ပေသည်။

၎င်းမှာ မုန်းတီးခြင်းမဟုတ်... အကာအကွယ်ပေးခဲ့ခြင်းသာ။

ကူးလန်၏ မျက်ဝန်းအစုံမှာ ရှုပ်ထွေးတုန်လှုပ်သွားပြီး၊ ဝမ်းသာခြင်းနှင့် နောင်တရခြင်းတို့ ရောပြွမ်းနေသည့် ခံစားချက်တို့မှာ သူ့မျက်နှာထက်တွင် အထင်အရှား ပေါ်လွင်လာတော့သည်။ ဖူဟန်သည်လည်း ထိုစဉ်က အဖြစ်အပျက်များတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ခဲ့ဖူးသူဖြစ်ရာ၊ ယခုအခါ ကွင်းဆက်အားလုံးကို အကြမ်းဖျင်း ဆက်စပ်မိသွားခဲ့ပြီဖြစ်သည်။

“မင်းအစ်မက အဲဒီအချိန်တုန်းက ဟန်တယွီရဲ့ ဖမ်းဆီးချုပ်နှောင်မှုကို တကယ်ပဲ ခံခဲ့ရတာပါ၊ ပြီးတော့ သူ့လက်ထဲမှာတင် သေလုနီးပါး အခြေအနေအထိ ရောက်ခဲ့ရသေးတာ...”

“ခဏလောက်... ကျွန်တော့်ကို ခွင့်ပြုပါဦး၊ ကျွန်တော် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်”

ကူးလန် စိတ်နှင့်ကိုယ်နှင့် မကပ်တော့ဘဲ ကြောင်စီစီဖြင့်ထရပ်လိုက်ကာ၊ သူ့ အရပ်ရှည်ရှည် ခန္ဓာကိုယ်ကြီးကို ယိုင်တိုင်တိုင်ဖြင့် ဆွဲယူလျက် အခန်းပြင်သို့ ထွက်ခွာသွားတော့သည်။ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသဖြင့် လမ်းတစ်လျှောက်ရှိ လူနာကုတင်နှင့် ကုလားထိုင်ကိုလည်း နှစ်ကြိမ်ခန့် တိုက်မိသွားသေးသည်။ နောက်ဆုံးတွင် တံခါးဖွင့်ရန်သတိမရတော့ဘဲ တံခါးချပ်နှင့် နဖူးအား အရှိန်ဖြင့် ဆောင့်မိသွားခဲ့ပြန်သည်။

“တိတိ!”

ချင်ချင် စိုးရိမ်တကြီးဖြင့် ကုတင်ပေါ်မှ ထရန် ကြိုးစားလိုက်သော်လည်း၊ ဖူဟန် သူမအား ညင်သာသော်လည်း ခိုင်မာသော အင်အားဖြင့် ပြန်လည်သိပ်ထားလိုက်သည်။

“ချင်ချင်... ဒဏ်ရာက မကျက်သေးဘူးလေ၊ မထပါနဲ့ဦး”

“ဒါပေမဲ့ တိတိက...”

“ကူးလန်က အဆင်ပြေမှာပါ၊ သူ မနေ့ညက မအိပ်ရသေးလို့ ဒီနေ့ နေလို့ သိပ်မကောင်းဖြစ်နေတာနေမှာပါ”

“ညဉ့်နက်တဲ့အထိ မအိပ်တာက မကောင်းဘူး”

ချင်ချင် သူ့ နှာတံလေးကို အသာအယာ ရှုံ့လိုက်ပြီးနောက် မကျေနပ်သည့်လေသံဖြင့် သတိပေးလေသည်။

“ညဉ့်နက်တဲ့အထိ အိပ်မပျော်ဘဲနေရင်တော့ ဆံပင်တွေကျွတ်ကုန်ပြီး လူလည်း မြန်မြန်အိုသွားလိမ့်မယ်”

ထိုစကားကို ကြားသည်နှင့် ဖူဟန် မိမိဦးခေါင်းကို မသိမသာစမ်းသပ်ကြည့်မိရာ၊ ဆံပင်များမှာ ကျဲပါးခြင်းမရှိဘဲ သိပ်သည်းဆ ကောင်းမွန်နေဆဲ ဖြစ်သဖြင့် ထိပ်ပြောင်မည့် ဘေးမှ ကင်းဝေးသေးကြောင်း သိလိုက်ရသည်။

ချင်ချင်၏ “ထိပ်ပြောင်တော့မည်” ဟူသော မှတ်ချက်အား အပြည့်အဝ ခံစားလိုက်ရသည့် ကူးလန်မှာမူ၊ လှေကားထောင့်ရှိ မှောင်ရိပ်ကျရာ တစ်နေရာတွင် တစ်ဦးတည်းပုန်းအောင်းနေမိသည်။ သူ ထိုမှောင်မည်းပြီး ကျဉ်းမြောင်းသော ပတ်ဝန်းကျင်၏အကူအညီဖြင့် မတည်ငြိမ်ဖြစ် နေသော မိမိ စိတ်အာရုံကို ထိန်းချုပ်ရန် ကြိုးစားနေရခြင်းပင်။

မောင်နှမနှစ်ဦးကြားတွင် နားလည်မှုလွဲမှားမှုများစွာ ရှိခဲ့သည်ကို သူ သိရှိပြီးဖြစ်သလို၊ မိမိအစ်မဖြစ်သူကိုလည်း ရှုထောင့်အသစ်မှ ပြန်လည် မြင်တွေ့လာရပြီဟု ယုံကြည်ခဲ့ဖူးသည်။ သို့သော် သူ့ မှတ်ဉာဏ်ထဲ၌ အမြဲတမ်း အေးစက်စက်နှင့် မာနထောင်လွှားတတ်သော အစ်မဖြစ်သူမှ သူ့အပေါ် ယခုမျှအထိ နက်ရှိုင်းစွာချစ်မြတ်နိုးခဲ့လိမ့်မည်ဟုမူ သူ တစ်ကြိမ်တစ်ခါမျှ မတွေးတောမိခဲ့ချေ။

သူမသည် မောင်ဖြစ်သူအား အကာအကွယ်ပေးရန်အတွက် မိမိ၏တန်ဖိုးရှိလှသော ပျိုမြစ်နုနယ်သည့် အရွယ်၌ အသက်ကိုပင် ပဓာနမထားဘဲ စတေးရန် ကြိုးစားခဲ့ခြင်းမဟုတ်ပါလား?

အကယ်၍သာ... အကယ်၍သာ ထိုစဉ်က အဖြစ်အပျက်များမှာ ထိုအတိုင်းသာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင်... ကူးလန် မိမိကိုယ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း တုန်ရီနေမိသည်။ သူသည် မိမိကိုယ်ကို မည်သည့်အခါမျှ ပြန်လည်ခွင့်လွှတ်နိုင်မည် မဟုတ်တော့ကြောင်း တွေးတောကာ ထိတ်လန့်နေမိတော့သည်။

ထိုစဉ်က ဖူဟန်မှာ အမှန်တရားအား ဖွင့်ဟပြောကြားခဲ့စဉ်ကပင် သူ့အား နှစ်သိမ့်ခဲ့ဖူးသည်။

၎င်းမှာ အတိတ်တစ်ချိန်က သူသည် ကလေးငယ်တစ်ဦးသာရှိသေးသဖြင့် အရာအားလုံးကို နားလည်နိုင်စွမ်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် ဖြစ်ပျက်ခဲ့သမျှသည် သူအပြစ်မဟုတ်ကြောင်းဟုပင်။

သို့သော် တစ်ခါတစ်ရံတွင် လူသားတို့၏သဘာဝမှာ ဆန်းကြယ်လှပေသည်။ မိမိနှင့် တိုက်ရိုက်မသက်ဆိုင်သည့် ကိစ္စရပ်တစ်ခု ဖြစ်နေပါစေဦး၊ ၎င်းက ဆိုးရွားလှသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့မည်ဆိုလျှင် ထိုတာဝန်အား မိမိကပင် ယူလိုကြပြီး နောင်တတရားတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးမရှိ နစ်မွန်းပစ်တတ်ကြစမြဲ။

ကူးလန် ယခုအခါ ထိုဝေဒနာအောက်တွင် အလူးအလဲ ခံစားနေရပြီဖြစ်သည်။ သူ မတွေးဘဲ မနေနိုင်သည့် တစ်ခုတည်းသော အရာမှာ

“အကယ်၍သာ ထိုစဉ်က အစ်မဖြစ်သူထွက်ပြေးဖို့ ကြိုးစားတာကို ငါ မတားဆီးခဲ့ရင်၊ သူ့ရဲ့ လွတ်မြောက်မှုကို ငါက နှောင့်နှေးအောင် မလုပ်ခဲ့ရင်၊ သူမဟာ ဘေးကင်းရာကို အောင်မြင်စွာရောက်ရှိသွားနိုင်ခဲ့မှာလား?” ဟူသောအချက်သာ။

အနည်းဆုံးတော့... ယခုကဲ့သို့သော နာကျင်စရာဝေဒနာဆိုးများကို သူမ ခံစားနေရမည်မဟုတ်ချေ။

All Chapters