← Chapters

အခန်း (၃၀၆၁-၃၀၆၅)

Vol. 133 Ch. 3061-3065

အခန်း (၃၀၆၁-၃၀၆၅)

Vol. 133 Ch. 3061-3065

အပိုင်း (၃၀၆၁)

ရန်ကိုင်မှ သတို့သမီးကို လုယူရန် ကြိုးစားသည့်အခါ နဂါးများသည် ရန်ကိုင်အား အထင်သေးခဲ့ကြသည်။ ရန်ကိုင်သည် မီတာရှစ်ဆယ်ခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲသွားချိန်တွင် နဂါးများ အံ့ဩသွားကုန်ကြလေ၏။ ရန်ကိုင်မှ ဖုချီ၏လက်များကို ဆွဲဖြုတ်ပစ်သည့်အချိန်တွင်တော့ နဂါးများ ဒေါသူပုန်ထကုန်ကြလေသည်။ သူတို့၏ကလန်သား နှိပ်စက်ခံနေရသည်ကို မည်သည့်နည်းနှင့်များ ရပ်ကြည့်နေနိုင်ပါမည်နည်း။

သို့သော်ငြား ဤလူနှင့် အမျိုးသမီး ပေါ်လာသည့်အခါတွင်တော့ နဂါးကလန်သားများသည် ကြောက်မက်ဖွယ်ရာရန်သူတစ်ဦးကို တွေ့လိုက်ရသည့်ပမာ အထိတ်ထိတ်အလန့်လန့် ဖြစ်ကုန်ကြလေသည်။

စတုတ္ထအကြီးအကဲလည်း အတူတူသာ ဖြစ်လေသည်။ ခက်ထန်သည့်အမူအယာဖြင့် အံကိုတင်းတင်းကြိတ်ရင်းမှ အော်ပြောလိုက်သည်။ “ကျို့ဖုန်း… လီဝူရီ…”

လေဟာနယ်လိုဏ်ခေါင်းမှတစ်ဆင့် ဤနေရာသို့ ရောက်လာသည့်လူနှစ်ဦးမှာ စိတ်ဝိဉာဉ်သားရဲကျွန်းမှ ကျို့ဖုန်းနှင့် လီဝူရီမှလွဲ၍ အခြားမဟုတ်ကြပေ။ ကျို့ဖုန်းအား ထည့်မတွက်လျှင်ပင် လီဝူရီသည် ကြယ်တာရာအစုအဝေး၌ မဟာဧကရာဇ်များပြီးလျှင် အားအကောင်းဆုံးသော ပညာရှင်တစ်ဦးဖြစ်သည်ဟု နာမည်ကျော်နေသည့်လူတစ်ဦး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဤနေရာသို့ ဟင်းလင်းပြင်လိုဏ်ခေါင်းမှတစ်ဆင့် လာရာတွင် သူနှင့်အတူ အခြားသောလူများကိုပါ ခေါ်လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

နဂါးများ၏အမူအယာကို ကြည့်ရသလောက် သူတို့နှင့် လီဝူရီတို့ကြား ရန်ငြိုးရန်စများ ရှိကြသည့်ပုံပင်။ လက်ရှိအချိန်တွင် လီဝူရီတို့ကို မြင်လိုက်သည့်အခိုက် နဂါးများမှာ တစ်ဖက်လူအပေါ် အချိန်မရွေး ခုန်အုပ်တော့မည့်အလား အံတကြိတ်ကြိတ် ဖြစ်နေကြလေသည်။

ရန်ကိုင်က အထိတ်အလန့်ဖြင့် မေးလိုက်လေ၏။ “စီနီယာတို့ ဘာလို့ ဒီကို ရောက်နေရတာလဲ…”

လီဝူရီက ယဲ့ယဲ့လေးပြုံး၍ ရန်ကိုင်ကိုကြည့်ကာ ပြန်ပြောလိုက်လေသည်။ “ဟေ့ကောင်… ငါ မင်းအပေါ် ကျေးဇူးရှိတယ်လေ… ကျေးဇူးမသိတတ်တဲ့ကောင်မလုပ်နဲ့… ငါ မင်းကို ဘယ်လိုကူညီပေးခဲ့လဲဆိုတာကို မင်း မေ့နေပြီလား…”

လီဝူရီ ဘာပြောလို့ပြောချင်နေမှန်း မသိသည့်အတွက်ကြောင့် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ သို့သော်ငြား ခဏမျှ စဉ်းစားနေပြီးသည့်နောက် လီဝူရီပြောချင်နေသည့်အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားခဲ့ပြီး ပြန်မေးလိုက်လေ၏။ “ဟိုဝိဉာဉ်ကိုယ်ပွားက စီနီယာချန်ထားခဲ့တဲ့ဟာလား…”

လီဝူရီက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်…”

“ကျုပ်သိပြီ…” ယခုမှသာလျှင် အကြောင်းအရင်းအမှန်ကို နားလည်သွားကာ ရန်ကိုင်လည်း လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “ကူညီပေးခဲ့တဲ့အတွက် စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်…”

ယခင်က ရန်ကိုင်နှင့် လီကျောက်တို့ နဂါးကျွန်းထဲသို့ ဝင်လာရန် ကြိုးစားရာတွင် ဟင်းလင်းပြင်ဝင်္ကပါထဲ ပိတ်မိနေခဲ့လေသည်။ ထိုဟင်းလင်းပြင်ဝင်္ကပါထဲ တစ်လခန့်ကြာအောင် လျှောက်ပတ်သွားနေပြီးသည့်နောက် ဝိဉာဉ်ကိုယ်ပွားတစ်ခုနှင့် သွားတွေ့လေ၏။ ထိုဝိဉာဉ်ကိုယ်ပွား၏ အကူအညီကြောင့်သာလျှင် ရန်ကိုင်တို့နှစ်ဦး ဟင်းလင်းပြင်ဝင်္ကပါထဲမှ ထွက်လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုစဉ်က ထိုဝိဉာဉ်ကိုယ်ပွား၏ပိုင်ရှင်မှာ မည်သူဖြစ်သလဲဆိုသည်ကို ရန်ကိုင်မသိခဲ့ပေ။ သို့သော်ငြား လီဝူရီပြောသည်ကို ကြားပြီးသည့်နောက် ထိုဝိဉာဉ်ကိုယ်ပွားမှာ လီဝူရီ၏ဝိဉာဉ်ကိုယ်ပွားဖြစ်နေမှန်း နားလည်သွားခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ထိုဝိဉာဉ်ကိုယ်ပွားကို သူ့စိတ်ထဲ ရင်းနှီးနေသည်ဟု ခံစားခဲ့ရခြင်း ဖြစ်လောက်ပေသည်။

လီဝူရီက လက်ဝှေ့ယမ်းလျက် “အဲ့ဒါက အနည်းဆုံး ငါလုပ်ပေးနိုင်တဲ့အရာပဲ… ဘာပဲဖြစ်ဖြစ် ငါ မင်းကို ကျေးဇူးတင်ရမယ်…”

“ကျုပ်ကိုကျေးဇူးတင်မယ်…” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

လီဝူရီကမူ ဘာမှပြန်ရှင်းပြမနေခဲ့ဘဲ ကျုခုန်ကိုကြည့်၍သာ ပြောလိုက်လေ၏။ “စတုတ္ထအကြီးအကဲ… မတွေ့ရတာ ဆယ်နှစ်ယောက်ကြာသွားတာတောင် အရင်လို တက်တက်ကြွကြွ ရှိနေတုန်းပဲနော်…”

ကျုခုန်ကမူ နှာခေါင်းသာ ရှုံံ့လိုက်သည်။ ရန်ကိုင်မှ သတို့သမီးအား လုယူရန် ကြိုးစားချိန်၊ နဂါးကလန်သားတစ်ဦးကို ဒုက္ခပေးနေချိန်မျိုးတွင်ပင် ကျုခုန် ထိုမျှ အမူအရာပျက်ယွင်းသွားခဲ့ခြင်းမရှိ။ သို့သော်ငြား လီဝူရီနှင့် ရင်ဆိုင်နေရချိန်တွင်တော့ သူ့မျက်နှာကြီးမှာ လုံးဝကို ထူးထူးခြားခြား လေးနက်တည်ကြည်နေခဲ့လေသည်။ လီဝူရီ၏အမေးကို တိုက်ရိုက်ပြန်မဖြေခဲ့ဘဲ ပြန်၍သာ မေးလိုက်လေ၏။ “မင်းတို့နှစ်ယောက် ရောက်နေပြီဆိုမှတော့ ဟိုလူလည်း ရောက်နေပြီပေါ့…”

လီဝူရီက ယဲ့ယဲ့လေးပြုံးလျက် “မဟုတ်ရင် ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲတို့ ဒီလောက်ပျာယီးပျာယာနဲ့ ဘာလို့ထွက်သွားမယ်လို့ ထင်လဲ…”

စတုတ္ထအကြီးအကဲမှာ ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့ ထွက်သွားရသည့်အကြောင်းအရင်းကို ကြိုတင်ခန့်မှန်းထားမိပြီး ဖြစ်ပါသော်ငြား တကယ်တမ်းကြားလိုက်ရချိန်တွင်တော့ မျက်နှာပျက်သွားလေ၏။

“အဲ့လူ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ လီဝူရီနှင့်ကျုခုန်းတို့ ဘာတွေပြောလို့ပြောနေသလဲဆိုသည်ကို သူ သေချာနားမလည်ခဲ့။ သို့သော်ငြား ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့ အလျင်စလိုထွက်သွားသည့်အကြောင်းကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင်စိတ်ထဲ မယုံကြည်နိုင်စရာ အတွေးတစ်ခု ဖြစ်ပေါ်လာရလေသည်။

ထို့နောက်တွင် ကောင်မလေးဘက်ဆိသို့ အာရုံလှည့်လိုက်လေ၏။

လျို့ယန်သည် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ရန်ကိုင်အား ရှင်းပြလိုက်လေသည်။ “သားရဲသခင်မဟာဧကရာဇ် ဒီကိုရောက်နေတာ…”

ကြားကြားချင်း ရန်ကိုင်ကြောင်သွားခဲ့ပါသော်ငြား ချက်ချင်း ဝမ်းသာသွားခဲ့လေသည်။ ယခုမှသာလျှင် ဖုရန်နှင့် ဖုကျွင်းတို့သည် သူ့အားပစ်ထားပြီး ဘာကြောင့် ချက်ချင်း ထွက်သွားရသလဲဆိုသည်ကို ရန်ကိုင် နားလည်ရတော့သည်။ သားရဲသခင်မဟာဧကရာဇ်ကိုယ်တိုင် နဂါးကျွန်းဆီသို့ ရောက်လာသည့်အတွက်ကြောင့်ပေကိုး။ ပထမအကြီးအကဲရော ဒုတိယအကြီးအကဲသည်ပါ သားရဲသခင်မဟာဧကရာဇ်ကို တစ်ဦးချင်း ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိခဲ့ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် နှစ်ယောက်စလုံး ချက်ချင်းထွက်သွားကြခြင်း ဖြစ်လေ၏။

ရန်ကိုင်က ဇဝေဇဝါအမူအယာဖြင့် ပြန်၍မေးလိုက်လေသည်။ “သားရဲသခင်မဟာဧကရာဇ်က ဘာလို့ နဂါးကျွန်းဆီ ရောက်လာရတာလဲ… ပြီးတော့ သူ ဘာဖြစ်လို့ နဂါးသင်္ချိုင်းဆီ ချက်ချင်း တန်းသွားရတာလဲ…”

လျို့ယန်က ပြန်ပြောလိုက်သည်။ “ကျွန်မလည်းမသိဘူး… ဒါပေမယ့် ဒီကိစ္စက သူ့အတွက် အရမ်းအရေးကြီးတယ်…”

လွန်ခဲ့သည့်နှစ်နှစ်လုံးလုံး စိတ်ဝိဉာဉ်သားရဲကျွန်းပေါ်၌ ရှိနေရာတွင် လျို့ယန်သည် သူမ၏အချိန်အများစုကို ဖီးနစ်မီးတောက်နှင့် ပေါင်းစပ်ရာတွင်သာ ကုန်ဆုံးခဲ့လေသည်။ ပြန်လည်မွေးဖွားလာပြီးသည့်နောက် ဖီးနစ်ကလန်၏ လျို့ဝှက်ပညာရပ်များနှင့် နည်းစနစ်များကို တစိုက်မတ်မတ် စတင်လေ့ကျင့်တော့လေသည်။ ထို့အတွက်ကြောင့် စိတ်ဝိဉာဉ်သားရဲကျွန်းပေါ်ရှိ ကိစ္စရပ်များအကြောင်းကို သေချာမသိပေ။

ယခုတစ်ကြိမ်တွင်တော့ သူမသခင်ရှိနေသည့် သတင်းအကြောင်းကြားပြီး အခြားသောပညာရှင်များနှင့်အတူ နဂါးကျွန်းသို့ လိုက်လာခဲ့ခြင်းဖြစ်သည်။

(သားရဲသခင်မဟာဧကရာဇ်… နဂါးသင်္ချိုင်း… လွန်ခဲ့တဲ့ဆယ်နှစ်က အဖြစ်အပျက်…)

ထိုအတွေးများ ရန်ကိုင်၏ခေါင်းထဲ အစီအရီ ဖြတ်ပြေးသွားခဲ့လေသည်။ ထို့နောက် ကိစ္စများမှာ ရှုပ်ထွေးလာပြီမှန်း ရန်ကိုင်သဘောပေါက်လိုက်သည်။ မည်သို့ပင်ဖြစ်လင့်ကစား သူ့စိတ်ထဲတွင်တော့ ဝမ်းသာအားရ ဖြစ်နေမိလေသည်။

မူလက သူ့ဘက်တွင် လူလေးဦးသာ ရှိပေသည်။ သူတို့လေးဦးပေါင်း၏ခွန်အားသည် နဂါးကလန်အား ရင်ဆိုင်ဖို့ရာ မလုံလောက်ခဲ့ပေ။ သို့သော်ငြား စိတ်ဝိဉာဉ်သားရဲကျွန်းမှလူများ ထပ်မံရောက်ရှိလာသည့်အတွက်ကြောင့် အခြေအနေမှာ ရန်ကိုင်တို့ဘက်ဆီသို့ အလေးသာလာခဲ့လေသည်။

လီဝူရီနှင့် အခြားသူများ၏ပုံစံကို ကြည့်ရသလောက် သူတို့သည် နဂါးကလန်၏ရန်သူများ ဖြစ်ကြသည့်ပုံပင်။ နဂါးကလန်၏ရန်သူဖြစ်သည့်အလျောက် ရန်ကိုင်၏မိတ်ဆွေဖြစ်သည်ဟု ပြော၍ရပေသည်။

စပေါ်ပေါ်လာချင်း အသံကောင်းဟစ်ပြီးသည့်နောက်ပိုင်းတွင် ကျို့ဖုန်းမှာ တစ်ချိန်လုံး တိတ်နေခဲ့လေသည်။ လက်ရှိအချိန်တွင် ကျို့ဖုန်းမှာ ဘေးပတ်ဝန်းကျင်အား စိတ်ဝင်တစားဖြင့် လှည့်ပတ်ကြည့်နေခဲ့လေသည်။ ရန်ကိုင်ဆီသို့ အကြည့်ရောက်သွားချိန် ရန်ကိုင်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။

“စတုတ္ထအကြီးအကဲ… ခင်ဗျား ဟိုကကိစ္စတွေကို တွေးပူနေလို့လည်း ဘာမှထူးမှာမဟုတ်ဘူး… ကျုပ်တို့အဆင့်က အဲ့လိုတိုက်ပွဲမျိုးမှာ သွားဝင်ပါလို့ ရလောက်တဲ့ထိ မမြင့်သေးဘူး… ဒီတော့ အဲ့ကကိစ္စတွေကို ဘေးဖယ်ထားပြီးတော့ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မပြီးပြတ်ခဲ့တဲ့တိုက်ပွဲကို ဆက်ကြရင်မကောင်းဘူးလား…” မျက်နှာတည်အမူအယာဖြင့် ရှိနေသော စတုတ္ထအကြီးအကဲနှင့် မတူညီသည်မှာ လီဝူရီသည် လုံးဝကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနေခြင်းပင်။

လီဝူရီ ဘာကိုပြောချင်နေသလဲဆိုသည်ကို ကျုခုန် နားလည်ပေသည်။ သူသည် အဆင့်တစ်ဆယ်နဂါးတစ်ကောင်မဟုတ်သည့်လျောက် သူ့ခွန်အားသည် မဟာဧကရာဇ်တစ်ပါးထက် သိသိသာသာကို နိမ့်ကျပေသည်။ သူသည် နဂါးကလန်၏အကြီးအကဲတစ်ဦးပင် ဖြစ်လင့်ကစား သူ့ခွန်အားမှာ ဒုတိယအကြီးအကဲနှင့်ယှဉ်လိုက်သော် လုံးဝကို နိမ့်ကျသွားရသည်။

ထို့အတွက်ကြောင့် သူ့အနေဖြင့် ထိုနေရာရှိတိုက်ပွဲအား သွားကူညီပေးမည်ဆိုလျှင်ပင် ဘာမှ အသုံးဝင်နိုင်လိမ့်မည်မဟုတ်ပေ။ လီဝူရီနှင့် ကျို့ဖုန်းအတွက်လည်း အတူတူပေ။ ထို့ကြောင့်သာမဟုတ်ပါက ဤနေရာသို့ လာခဲ့လိမ့်မည်မဟုတ်ဘဲ ထိုနေရာဆီသို့သာ တန်းသွားကြပေလိမ့်မည်။ သို့သော်ငြား သူတို့အနေဖြင့် ထိုနေရာတွင် သွားမကူညီနိုင်သည့်အတွက်ကြောင့် မပြီးပြတ်သေးသည့်ကိစ္စများကို တစ်ခါတည်းရှင်းလိုက်သည်မှာ အကောင်းဆုံးဖြစ်ပေသည်။

သူတို့စကားပြောနေစဉ်မှာပင် နဂါးသင်္ချိုင်းဆီမှ မိုးခြိမ်းသံတမျှ ကျယ်လောင်သည့်အသံကြီးတစ်သံ ပေါက်ကွဲထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် အလွန်ပြင်းထန်သည့် စွမ်းအင်လှိုင်းတို့မှာလည်း နဂါးသင်္ချိုင်းကိုဗဟိုပြု၍ ပတ်ဝန်းကျင်အနှံ့ ပြန့်ထွက်လာခဲ့လေရာ ပင်လယ်ပြင်တစ်ခုလုံးသည်ပင်လျှင် လှိုင်းထန်လာခဲ့ရပြီး ကျွန်းများမှာလည်း စတင်တုန်ခါလာခဲ့ရလေသည်။

နဂါးသင်္ချိုင်းရှိတိုက်ပွဲမှာ စတင်ခဲ့လေပြီ။

ရန်ကိုင်မှာတော့ ထိုနေရာရှိတိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ချင်နေသည့်အလား စိတ်အားထက်သန်သည့်အမူအာဖြင့် နဂါးသင်္ချိုင်းဆီသို့ လှမ်း၍ကြည့်နေခဲ့လေသည်။

ဤသည်မှာ ရန်ကိုင် ကြယ်ပျက်ပင်လယ်ထဲတွင် မြင်တွေ့ခဲ့ရဖူးသည့် တွမ့်ဟုန်ချန်နှင့် ဝူခွမ်းတို့၏တိုက်ပွဲနှင့် မတူညီသည့် မဟာဧကရာဇ်များကြားမှ တကယ့် အစစ်အမှန်တိုက်ပွဲတစ်ခု ဖြစ်ပေသည်။

တွမ့်ဟုန်ချန်နှင့် ဝူခွမ်းတို့မှာ မဟာဧကရာဇ်များဖြစ်ကြပါသော်ငြား သူတို့တိုက်ခိုက်စဉ်က နှစ်ဦးစလုံး၏ခွန်အားမှာ သိသိသာသာကို နိမ့်ကျနေခဲ့လေသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ဦးကြားရှိတိုက်ပွဲသည် ယခုတစ်ကြိမ်တိုက်ပွဲလောက် ပြင်းထန်ခြင်းမရှိ။

သူသည်သာ မဟာဧကရာဇ်များကြားမှတိုက်ပွဲအား သွားရောက်လေ့လာနိုင်မည်ဆိုပါက သူ့အတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ ထိုနေရာသို့ အပြေးသွားချင်စိတ်များပင် ဖြစ်ပေါ်လာရလေသည်။ မဟာဧကရာဇ်များကြားတိုက်ပွဲကို သွားကြည့်ခြင်းသည် အန္တရာယ်များလှပါသော်ငြား ထိုကဲ့သို့သောအခွင့်အရေးကောင်းတစ်ခုကို ရန်ကိုင်အနေဖြင့် လက်မလွှတ်လိုပေ။

“ဆရာက တကယ်ကို လောတာပဲ…” လီဝူရီသည် နဂါးသင်္ချိုင်းရှိရာဆီသို့ လှမ်းကြည့်ရင်းမှ ခေါင်းတခါခါ လုပ်နေလေသည်။ ထို့နောက် စတုတ္ထအကြီးအကဲဘက်သို့လှည့်၍ “စတုတ္ထအကြီးအကဲ… ခင်ဗျား မတိုက်ချင်ဘဲ ဒီတိုင်း‌ အေးအေးဆေးဆေး စကားလေးဘာလေး ပြောချင်တယ်ဆိုရင်လည်း ကိစ္စမရှိဘူးနော်… ကျုပ်မှာ အရက်ပုလင်းအချို့ ပါလာတယ်… အရက်လေး အေးအေးဆေးဆေးသောက်ပြီးတော့ စကားပြောလို့လည်းရတယ်…”

ကျုခုန်သည် လီဝူရီအား မမှိတ်မသုန် စိုက်ကြည့်ရင်းမှ “မင်း ဘာဖြစ်လို့ ဒီလောက်တောင် သောက်စကားများရတာလဲ…”

ကျို့ဖုန်းသည် သူမ၏နှုတ်ခမ်းလေးကို လက်ဖြင့်အုပ်ရင်းမှ ဝင်ပြောလိုက်လေသည်။ “ငါနင့်ကိုပြောပါတယ်… သောက်စကားမများပါနဲ့လို့… နင် ဘယ်တော့မှ ငါ့စကား နားမထောင်ဘူး… အခုကြည့်… ပြီးတော့ နင် အရင်တုန်းက ခံခဲ့ရတာတွေကိုရော မမှတ်မိတော့တာလား… ပြောသာပြောရတာ… နင်က ဘယ်တော့မှ သောက်ချိုးမပြေတဲ့ကောင်…”

လီဝူရီမှာ ရှက်ရှက်ဖြင့် နှာခေါင်းကိုပွတ်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ဒါပေမယ့် မတိုက်ခိုက်ရရင် အကောင်းဆုံးပဲဟာကြီးကို… စတုတ္ထအကြီးအကဲက ပေါ့သေးသေးမှမဟုတ်တာ…”

ကျုခုန်က နှာခေါင်းရှုံ့လျက် “မင်း ငါ့ကို အနိုင်ယူနိုင်မလား ကြည့်ရသေးတာပေါ့…”

အကြည့်ချင်း ဖလှယ်ပြီးသည့်နောက် နှစ်ဦးစလုံး တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြလေသည်။

လီဝူရီသည် ကျုခုန်ဆီသို့ သူ့လက်ဝါးကို ရိုက်ထုတ်လိုက်လေရာ ချက်ချင်းဆိုသလို ဟင်းလင်းပြင်လှိုင်းသည် စတုတ္ထအကြီးအကဲအား လွှမ်းခြုံသွားခဲ့လေ၏။

စတုတ္ထအကြီးအကဲကမူ တုတ်တုတ်မျှမလှုပ်ဘဲ ခက်ထန်သည့်အမူအယာဖြင့် ရပ်နေ၍ ရုတ်တရက် ပုံရိပ်ယောင်နဂါးတစ်ကောင်ကို ထုတ်ဖော်လိုက်လေသည်။ ထိုနဂါးသည် စတုတ္ထအကြီးအကဲဆီသို့ တိုးဝင်လာနေသည့် ဟင်းလင်းပြင်လှိုင်းဆီသို့ တိုးဝင်သွားခဲ့လေ၏။

ပုံရိပ်ယောင်နဂါးကြီး၏ရှေ့တွင် ရှေ့ဆက်တိုးသွား၍မရအောင် တားဆီးနေသည့် ထွင်းဖောက်မြင်နိုင်သော အလွှာပါးပါးလေးတစ်ခု ရှိနေသည့်ပုံပင်။ နဂါးမှာ ရှေ့ဆက်သွား၍မရပါသော်ငြား လီဝူရီမှာလည်း ဟင်းလင်းပြင်စွမ်းအားကို အသက်သွင်းထားဖို့ရာ သူ့လက်ကို တောက်လျှောက် ဆန့်ထုတ်ထားရလေသည်။

လက်ရှိအချိန်တွင် နှစ်ဦးစလုံး၏အမူအယာမှာ လေးနက်တည်ကြည်နေခဲ့လေသည်။ အခြားသူများမှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိကြပါသော်ငြား ရန်ကိုင်ကမူ လီဝူရီမှ လေဟာနယ်နိယာမစွမ်းအားများအား ထုတ်သုံးနေသည့်ပုံကိုကြည့်ရင်း သူ့မျက်လုံးများမှာ အရောင်တဖျတ်ဖျတ် တောက်ပနေခဲ့လေသည်။

ထိုအခိုက်အတန့်မှာပင် စတုတ္ထအကြီးအကဲကျုခုန်သည် လီဝူရီ၏တိုက်ခိုက်မှုကို လျစ်လျူရှုလျက် မန္တန်တစ်ခုကိုရွတ်ဆိုရင်း လက်ကွက်များကို ထုတ်ဖော်တော့လေ၏။

“ကောင်းချီးပညာရပ်…” ရန်ကိုင်သည် စတုတ္ထအကြီးအကဲ မည်သို့သော လျှို့ဝှက်နည်းစနစ်အား ထုတ်ဖော်နေသလဲဆိုသည်ကို သိလိုက်သည့်နောက် မျက်မှောင်ကျုံ့သွားတော့လေသည်။

အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ရန်ကိုင်ကိုယ်တိုင်သည်လည်း နဂါးဘာသာစကားဖြင့် မန္တန်တစ်ခုကိုရွတ်ဆို၍ လက်ကွက်များကို ထုတ်ဖော်တော့လေသည်။

ရန်ကိုင်ကိုကြည့်ရင်း ကျုခုန်၏မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ အစောကြီးတည်းက ရန်ကိုင်သည် ဘိုးဘေးနဂါးအမြုတေ၏ အမွေအနှစ်ကို ရရှိသွားပြီး နဂါးကလန်၏ လျှို့ဝှက်နည်းစနစ်များကို ထုတ်သုံးနိုင်ကြောင်း ကျုခုန် သိခဲ့ရလေသည်။ သို့သော်ငြား ရန်ကိုင်သည် နဂါးကျောင်းတော်နှင့်ပင်လျှင် ဆက်သွယ်နိုင်လိမ့်မည်ဟု ကျုခုန် မျှော်လင့်ထားခဲ့ခြင်းမရှိပေ။

နဂါးကျွန်းပေါ်တွင် တားမြစ်နေရာနှစ်ခုရှိပေသည်။ တစ်ခုမှာ နဂါးသင်္ချိုင်းဖြစ်ပြီး အခြားတစ်ခုမှာတော့ နဂါးကျောင်းတော်ဖြစ်သည်။

နဂါးသင်္ချိုင်းသည် သေဆုံးသွားသောနဂါးကလန်သားများကို မြှုပ်နှံထားရာ နေရာဖြစ်ပြီး နဂါးသင်္ချိုင်းမှာတော့ နဂါးကလန်၏ ဘိုးဘေးဝိဉာဉ်များ ကိန်းအောင်းနေရာ နေရာဖြစ်ပေသည်။ ထိုနေရာနှစ်ခုစလုံးသည် နဂါးကလန်အတွက် အလွန်ကိုမှ အရေးကြီးလှကာ နဂါးကလန်တစ်ခုလုံး၏ အဖိုးတန်အုတ်မြစ်များလည်း ဖြစ်ကြသည်။

နဂါးကျောင်းတော်နှင့် ဆက်သွယ်နိုင်ရန်အလို့ငှာ သန့်စင်အားကောင်းလှသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားဖို့ လိုအပ်ရုံသာမက အခမ်းအနားပွဲများကို ကျင်းပ၍ နဂါးကျောင်းတော်ထဲရှိ ဘိုးဘေးများအား နှစ်စဉ် ပူဇော်ပသပေးဖို့ရာလည်း လိုအပ်ပေသေးသည်။ နဂါးကျွန်းပေါ်တွင် နဂါးကျောင်းတော်နှင့် ဆက်သွယ်နိုင်သည့်လူများဆို၍ အကြီးအကဲများသာ ရှိကြပေသည်။

နဂါးကျောင်းတော်နှင့်ဆက်သွယ်ခြင်းဖြင့် ရရှိလာသည့် အကျိုးအမြတ်များအနက် အကြီးမားဆုံးသော အကျိုးအမြတ်တစ်ခုမှာ နဂါးတစ်ကောင်အနေဖြင့် နဂါးကလန်၏ လျှို့ဝှက်နည်းစနစ်များကို အချိန်ကုန်ခံနေစရာမလိုဘဲ လျင်လျင်မြန်မြန် ထုတ်သုံးနိုင်ခြင်းပင်။ ထို့အပြင် နဂါးကျောင်းတော်သည် နဂါးကလန်သားများအား သွေးမျိုးဆက်ဖိနှိပ်ခြင်းကို ဟန့်တားပေးနိုင်သော ကောင်းချီးတစ်မျိုးမျိုးကိုလည်း ထောက်ပံ့ပေးနိုင်ပေသည်။

နဂါးကျောင်းတော်မှ ကောင်းချီးကိုသာ ရရှိလိုက်မည်ဆိုလျှင် သွေးမျိုးဆက်ဖိနှိပ်ခြင်းအား သိသိသာသာကို တားဆီးနိုင်လိမ့်မည်ဟု ဖုလင်မှ ရန်ကိုင်အား တစ်ခါပြောခဲ့ဖူးသည်။ ထိုအကြောင်းကြောင့်ပင်လျှင် နဂါးကျွန်းပေါ်၌ နဂါးကလန်သားများသည်သာ သေချာပြင်ဆင်ထားမည်ဆိုလျှင် ရန်ကိုင်၏ ရွှေနဂါးအမြုတေသည် အခြားသောနဂါးကလန်သားများအပေါ် ဖိနှိပ်နိုင်တော့လိမ့်မည်မဟုတ်ချေ။

ကျုချင်းအနေဖြင့် ဖုချီအား အလွယ်တကူ အနိုင်ယူနိုင်ခဲ့ရသည့် အကြောင်းအရင်းနှစ်ချက် ရှိပေသည်။ ပထမတစ်ချက်မှာ ဖုချီမှာ ကျုချင်း သူမ၏စွမ်းအားကို ပြန်လည်ရရှိသွားပြီဆိုသည့်အကြောင်း မသိထားသလို ကျုချင်း သူ့အား အလစ်အငိုက်ချောင်းကာ တိုက်ခိုက်လာလိမ့်မည်ဟုလည်း မျှော်လင့်ထားခဲ့ခြင်းမရှိပေ။ ထို့အပြင် သူ့ကိုယ်သူလည်း အနည်းငယ်မျှပင် ကာကွယ်ထားခဲ့ခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြင့်သာ သတိလက်လွတ်နေခဲ့သည်။ ဒုတိယအချက်မှာတော့ သူ့တွင် နဂါးကျောင်းတော်၏ကောင်းချီး မရှိသည့်အတွက်ကြောင့်ပင်။

သို့သော်ငြား လက်ရှိအချိန်တွင်တော့ စတုတ္ထအကြီးအကဲအသုံးပြုနေသည့် လျှို့ဝှက်နည်းစနစ်မှာ နဂါးကျောင်းတော်၏ ကောင်းချီးပေးပညာရပ်မှလွဲ၍ အခြားမဟုတ်ချေ။ လက်ရှိအချိန်တွင် သူတို့နဂါးကလန်၏ အားသာချက်မှာ လူအရေအတွက်ပိုများနေခြင်းဖြစ်မှန်းကို စတုတ္ထအကြီးအကဲ ကောင်းကောင်းသိထားသည်။ သို့သော်ငြား အားနည်းချက်မှာတော့ သွေးမျိုးဆက်သာ ဖြစ်လေသည်။

ရန်ကိုင်တစ်ယောက်တည်းဖြင့်ပင် ဤနေရာတွင်ရှိနေသည့် နဂါးကလန်သားအားလုံး၏ သွေးမျိုးဆက်ကို ဖိနှိပ်ပစ်နိုင်လေရာ ရန်ကိုင်သည်သာ လှုပ်ရှားလာမည်ဆိုပါက နဂါးကလန်သားအားလုံး ဘာဆိုဘာမှ လုပ်နိုင်တော့လိမ့်မည်မဟုတ်ချေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၆၂)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်ကိုသာ နဂါးဖိအား ထုတ်လွှတ်ခွင့် ပေးလိုက်မည်ဆိုပါက နဂါးကလန်သားအားလုံး ရန်ကိုင်၏ ပြိုင်ဘက် ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းကြောင့် တိုက်ပွဲမစခင်ကတည်းက စတုတ္ထအကြီးအကဲသည် သွေးမျိုးဆက် ဖိနှိပ်ခြင်းပြဿနာကို အရင်ဦးစွာ ဖြေရှင်းလိုက်ခြင်း ဖြစ်လေသည်။

ရန်ကိုင်နှင့် ကျူဟုန်တို့ နှစ်ဦးစလုံး နဂါးမန္တာန်များကို ရွတ်ဆိုနေစဉ် အဝေးတစ်နေရာဆီမှ နဂါးဟိန်းသံများ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် အလင်းတန်းပေါင်းများစွာ ကောင်းကင်ပေါ်သို့ ပျံတက်လာခဲ့ပြီး ရန်ကိုင်တို့ ရှိနေသည့် ကျွန်းဆီသို့ တဟုန်ထိုး ပျံသန်းလာခဲ့လေသည်။ ထို့နောက် ကျွန်းပေါ်ရှိ နဂါးအသီးသီးဆီသို့ တိုးဝင်သွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ကျွန်းပေါ်တွင် ရှိနေကြသည့် နဂါးများ ဝမ်းသာအားရ ဖြစ်ကုန်ကြပြီး တိုးဝင်လာနေသည့် အလင်းတန်းများဆီသို့ ပြေးဝင်သွားကြလေ၏။

အလင်းတန်းများသည် နဂါးများ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကုန်ကြလေသည်။ ထိုအလင်းများမှာ နဂါးများ၏ စွမ်းအားများကို တိုးတက်လာစေခြင်း မရှိပါသော်ငြား နဂါးများကို ပို၍ ယုံကြည်ချက် ရှိလာစေခဲ့လေသည်။ ယခုဆိုလျှင် နဂါးများမှာ သူတို့ကိုယ်သူတို့ ပြန်လည်မွေးဖွားလာသလို ခံစားနေကြရပြီး ရန်ကိုင်ကိုလည်း အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်း မရှိကြတော့ပေ။

"လာစမ်း" ရန်ကိုင်ကလည်း အော်ဟစ်လိုက်လေသည်။ ချက်ချင်းဆိုသလို နဂါးတစ်ကောင်ဆီ တိုးဝင်သွားနေသော အလင်းတန်းတစ်ခုသည် ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့လေသည်။ ထို့နောက် ရန်ကိုင် ဘေးနား၌ရှိနေသော လီကျောက်၏ ခန္ဓာကိုယ်ထဲဆီသို့ တိုးဝင်သွားခဲ့လေသည်။

လီကျောက်မှာတော့ ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိ ထိုအလင်းတန်း သူ့ကိုယ်ထဲသို့ တိုးဝင်သွားချိန် သူခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားခဲ့ရသည်။ သို့သော်ငြား အလင်းတန်း သူ့ကိုယ်ထဲသို့ ရောက်လာပြီးသည့်နောက် သူ့ကိုယ်တွင် ပြောင်းလဲမှုများစွာ ဖြစ်သွားသလို ခံစားလိုက်ရလေသည်။ အသိသာဆုံးသော ပြောင်းလဲမှုမှာတော့ နဂါးများမှ ထုတ်လွှတ်နေသည့် နဂါးဖိအားသည် သူ့အပေါ် ယခင်ကလောက် ထိရောက်မှု မရှိတော့ခြင်းပင်။ ထိုအတွက်ကြောင့် ဖိနှိပ်ခြင်း ခံထားရသော သူ၏ သွေးမျိုးဆက်မှာ ပို၍ လွတ်လွတ်လပ်လပ် စီးဆင်းလာနိုင်လေ၏။ ဧကရာဇ်ချီသည်လည်း ယခင်ကကဲ့သို့ ပိတ်လှောင်ခံနေရခြင်း မရှိတော့ဘဲ အတားအဆီး ကင်းမဲ့စွာ လွတ်လွတ်လပ်လပ် စီးဆင်းလာနိုင်လေသည်။

"ဒါ ဘာကြီးလဲ" လီကျောက်သည် သူ၏ လက်နှစ်ဖက်ကို ဖြန့်ကြည့်ရင်းမှ ငေးကြောင်ကြောင် အမူအရာဖြင့် မေးလိုက်လေသည်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း ယခုထိတိုင် သူသေချာ နားမလည်သေးချေ။

"အဲဒါ နဂါးကျောင်းတော်ရဲ့ ကောင်းချီးပဲ" ရန်ကိုင်သည် စိတ်ပျက်နေဟန်ဖြင့် ခေါင်းတစ်ခါခါ လုပ်ရင်းမှ ပြန်ပြောလိုက်သည်။

ရန်ကိုင်၏ မူလရည်ရွယ်ချက်မှာ နဂါးများဆီသို့ တိုးဝင်သွားနေကြသော အလင်းတန်းများအားလုံးကို တားဆီးရန်သာ ဖြစ်လေသည်။ သူသည်သာ ထိုကဲ့သို့ လုပ်နိုင်မည်ဆိုပါက တိုက်ခိုက်နေစရာပင် မလိုတော့ဘဲ ရွှေနဂါးအမြုတေ၏ စွမ်းအားတစ်ခုတည်းဖြင့် နဂါးအားလုံးကို ဖိနှိပ်နိုင်ပေလိမ့်မည်။ ထိုသို့ ဖြစ်သွားသည့်အခါ သူ၏ခွန်အား တစ်ဝက်လောက်ကိုပင် သုံးနေစရာမလိုဘဲ နဂါးအားလုံးကို အနိုင်ယူနိုင်လေပြီ။

သို့သော်ငြား တကယ်တမ်း ယှဉ်ပြိုင်ရချိန်တွင် ကျူဟာန်အား အထင်သေးမိလိုက်ကြောင်း နားလည်သွားလေသည်။ ကျူဟုန်သည် နဂါးကလန်၏ စတုတ္ထအကြီးအကဲဖြစ်သလို နဂါးကျောင်းတော်နှင့်လည်း နှစ်ပေါင်းများစွာကြာအောင် အဆက်အသွယ် လုပ်လာခဲ့သည့် လူတစ်ဦး ဖြစ်သည့်အလျောက် အလင်းတန်းပေါင်းများစွာကို ရယူနိုင်ခဲ့သည်။

ရန်ကိုင်၏ စကားကို ကြားပြီးသည့်နောက် လီကျောက်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ နဂါးများနှင့် ရင်ဆိုင်ရချိန်တွင် လီကျောက် ကြောက်ရသည့် အကြီးမားဆုံးသော ပြဿနာမှာ သွေးမျိုးဆက် ဖိနှိပ်ခြင်းသာ ဖြစ်လေသည်။ အစောပိုင်းက လီကျောက်အနေဖြင့် နဂါးများကို သွားတိုက်ခိုက်၍ ရနိုင်မည်မဟုတ်မှန်း သိခဲ့သည့်တိုင် ရန်ကိုင်ဘက်တွင် ဝင်၍ ရပ်တည်ပေးလိုက်ရခြင်းမှာ လျူစန်းနျန်အတွက် တစ်ခုခု ပြန်လုပ်ပေးလိုသည့်အတွက်ကြောင့် ဖြစ်ပေသည်။ လျူစန်းနျန်အတွက် လက်စားပြန်ချေလိုပါက ရန်ကိုင် ကူညီမှသာ ရပေလိမ့်မည်။

သို့တိုင် သူ့အနေဖြင့် ဤတိုက်ပွဲတွင် များများစားစား ကူညီပေးနိုင်လိမ့်မည်ဟုတော့ မျှော်လင့်ထားခြင်း မရှိပေ။ သူသည် တတိယ အလယ်အလတ်အဆင့် နဂါးသွေးကြောကိုသာ ပိုင်ဆိုင်ထားလေရာ သွေးသန့်နဂါးတစ်ကောင်ကို မည်သည့်နည်းနှင့်မျှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား သွေးမျိုးဆက် ဖိနှိပ်ခြင်းစွမ်းအားမှာ သူ့အပေါ် ယခင်ကလောက် ထိရောက်ခြင်း မရှိတော့ပေ။ ထိုအတွက်ကြောင့် နဂါးများအနေဖြင့် သူ့အား သွေးမျိုးဆက် ဖိနှိပ်ခြင်းကို သုံး၍ ဖိနှိပ်နိုင်တော့မည် မဟုတ်။

လီကျောက်သည် မှုန်ကုပ်ကုပ်အမူအရာဖြင့် ဖုချီ ထွက်ပြေးသွားသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ "ရောင်းရင်းရန် ကူညီပေးတဲ့အတွက် ကျေးဇူးပဲကွာ၊ ငါ"

"သွား" ရန်ကိုင်သည် လီကျောက် စကားဆုံးအောင် မပြောရသေးခင်မှာပင် ချက်ချင်း ဖြတ်ပြောလိုက်လေသည်။

"ငါ အခုချက်ချင်း ပြန်လာခဲ့မယ်" ထိုကဲ့သို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် လီကျောက်သည် ဇဝေဇဝါ ဖြစ်နေသည့် လူအုပ်ကြီး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်နှင့် လီကျောက်တို့ စကားပြောနေချိန် အတောအတွင်း စတုတ္ထအကြီးအကဲ၏ ပတ်လည်တွင် ရှိနေသော ဟင်းလင်းပြင်တစ်ခုလုံး စတင်၍ တွန့်လိမ်လာခဲ့လေသည်။ တစ်ခဏမျှ ဆက်၍ ကြိုးစားနေခဲ့သည့်တိုင် စတုတ္ထအကြီးအကဲမှာ လီဝီ၏ လေဟာနယ်ပညာရပ်ကို မဖျက်ဆီးနိုင်မှန်း သိလိုက်သော် သက်ပြင်းချ၍ အော်ပြောလိုက်လေသည်။ "မင်းက တိုက်ခိုက်ချင်နေတယ်ဆိုမှတော့ ငါကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့"

လီဝီက နှာခေါင်းရှုံ့လိုက်လေသည်။ "လာစမ်း စတုတ္ထအကြီးအကဲ"

ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် လေထဲတွင် ဝဲနေသော သူ့လက်ကို အောက်သို့ ရုတ်တရက် ရိုက်ချလိုက်လေသည်။

လီဝီမှ ထိုကဲ့သို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် စတုတ္ထအကြီးအကဲမှာလည်း ရပ်နေရာမှ ဗြုန်းစားကြီး ပျောက်ကွယ်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း လီဝီပါ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။ လီဝီ ရပ်နေခဲ့သည့် နေရာရှိ ဟင်းလင်းပြင်မှာမူ လှိုင်းထန်နေသည့် ကန်‌ရေပြင်ပမာ တဖျတ်ဖျတ် ခါနေခဲ့လေသည်။

လီဝီသည် ဟင်းလင်းပြင် ပညာရပ်တစ်ခုခုကို အသုံးပြု၍ စတုတ္ထအကြီးအကဲအား ဘာမှန်းမသိရသော ဟင်းလင်းပြင် တစ်ခုထဲသို့ ဆွဲခေါ်သွားကြောင်း သိလိုက်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

မဟာဧကရာဇ်များပြီးလျှင် အားအကောင်းဆုံးသော ပညာရှင်ဆိုသည့်အတိုင်းပင် ရန်ကိုင်ကိုယ်တိုင်သည် စတုတ္ထအကြီးအကဲနှင့် တစ်ခါမျှ ရင်ဆိုင်ဖူးခြင်း မရှိပါသော်ငြား စတုတ္ထအကြီးအကဲသည် သာမန် ဧကရာဇ် တတိယအဆင့် ပညာရှင်များထက် ပိုမို အားကောင်းလိမ့်မည်မှန်း သိထားပေသည်။ ထိုသို့ပင် ဖြစ်လင့်ကစား စတုတ္ထအကြီးအကဲသည် လီဝီ၏ ဟင်းလင်းပြင် ပညာရပ်အား ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိပေ။

လီဝီမှာ စတုတ္ထအကြီးအကဲနှင့် တစ်ယောက်ချင်း ယှဉ်တိုက်ခိုက်ချင်သည့်ပုံပင်။ သူ့အနေဖြင့် ထိုသို့ လုပ်ချင်သည်မှာ ရန်ကိုင်အတွက်လည်း ကောင်းပေသည်။ အားကောင်းလှသည့် စတုတ္ထအကြီးအကဲ မရှိတော့သည့် အလျောက် ရန်ကိုင်အနေဖြင့် အခြား မည်သည့်နဂါးများကိုမျှ ကြောက်နေစရာ မလိုတော့ချေ။ ထို့အပြင် သူတစ်ယောက်တည်း ရှိနေခြင်းလည်း မဟုတ်။

"အရင်တစ်ကြိမ်တုန်းက နင်တို့ မျိုးမစစ်ကောင်တွေကြောင့် ငါ ဒုက္ခရောက်ခဲ့ရတယ်၊ အခုတော့ နင်တို့နဲ့ ငါ တွေ့ပြီ" ကျူဖုန်းသည် နဂါးများကို ဝေ့ကြည့်ရင်းမှ အော်ပြောလိုက်လေသည်။

ထိုစကားကို ကြားသော် နဂါးများအားလုံး ဒေါသထွက်သွားကုန်ကြလေသည်။ နဂါးကလန်သည် နတ်သားရဲအားလုံး၏ ခေါင်းဆောင် ဖြစ်သလို ဤလောကကြီးထဲတွင် အားအကောင်းဆုံးသော မျိုးနွယ်စုတစ်ခုလည်း ဖြစ်ပေသည်။ ထိုအတွက်ကြောင့် မည်သူမျှ သူတို့အား မျိုးမစစ်ဟု မခေါ်ရဲကြချေ။

ကျူလဲ့သည်ပင်လျှင် ကျူဖုန်း၏ စကားကို ကြားပြီးသည့်နောက် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ နဂါးကလန်အား မျိုးမစစ်ကောင်များဟု ကျိန်ဆဲလိုက်ခြင်းဖြင့် ကျူဖုန်းသည် ကျူချင်းနှင့် သူ့ကိုပါ ဆဲရေးနေသလို ဖြစ်သွားခဲ့လေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ကျူလဲ့နှင့် ကျူချင်းတို့မှာလည်း ကျူဖုန်းနှင့် ယခင်က တိုက်ခိုက်ခဲ့ဖူးသည့်အတွက်ကြောင့် ဤအမျိုးသမီး မည်မျှ စည်းလွတ်ဝါးလွတ် ရမ်းကားတတ်သလဲဆိုသည်ကို သိထားကြပေသည်။

နဂါးများမှာတော့ မှုန်ကုပ်ကုပ် အမူအရာများဖြင့် ကျူဖုန်းအား စူးရဲစွာ စိုက်ကြည့်နေကြလေသည်။

ရန်ကိုင်သည် နဂါးများကို ဝေ့ကြည့်လျက် ပြောလိုက်လေ၏။ "ငါနဲ့ ချင်းအာကို သွားခွင့်ပေး၊ အဲဒါဆို ငါ မင်းတို့ကို ဒုက္ခရောက်အောင် မလုပ်တော့ဘူး"

သူ့အနေဖြင့် နဂါးကလန်နှင့် အမှန်တကယ်ကို ပြဿနာ မတက်လိုပေ။ နဂါးကလန်သည်သာ သူနှင့် ကျူချင်းအား အစောကြီးကတည်းက လွှတ်ပေးလိုက်လျှင် အမှန်ကိုမှ ကောင်းပေလိမ့်မည်။

"ကောင်လေး ဒါ မိတ်ဆွေတစ်ယောက် လုပ်သင့်တာမျိုး မဟုတ်ဘူးနော်" ရန်ကိုင် ယခုကဲ့သို့ ပြောလာလိမ့်မည်ဟု မထင်ထားသဖြင့် ကျူဖုန်းမှာ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်သည်သာ ထွက်သွားမည်ဆိုပါက သူမတစ်ယောက်တည်း နဂါးကလန်အား ရင်ဆိုင်ရပေတော့မည်။ သူမသည် အတော်လေးကိုမှ အားကောင်းလှပါသော်ငြား နဂါး ဆယ်ကောင်ကျော်ကိုတော့ သူမတစ်ဦးတည်း မရင်ဆိုင်နိုင်ပေ။

"စီနီယာလည်း ကျုပ်တို့နဲ့ တစ်ခါတည်း လိုက်ခဲ့လေ" ရန်ကိုင်က ကျူဖုန်းအား ကြည့်၍ ပြန်ပြောလိုက်သည်။

ကျူဖုန်းက ပြန်၍ ပြောလိုက်လေ၏။ "ငါ သားရဲဝိညာဉ်ကျွန်းကနေ ဒီနေရာအထိ လာခဲ့တာ ငါလုပ်စရာ တာဝန်တစ်ခုရှိလို့၊ အခု နင် ထွက်သွားရင် အဲဒီတာဝန်ကို ဘယ်သူက ပြီးအောင် ဆက်လုပ်ပေးမှာလဲ"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ဟာ၊ မဟာဧကရာဇ်က အားကောင်းတာပဲကို၊ အဲဒီတာဝန်လောက်ကတော့ စိတ်ပူနေစရာ မလိုပါဘူး၊ စီနီယာ မပြီးရင်တောင် မဟာဧကရာဇ်က ဆက်လုပ်သွားမှာပေါ့၊ ပြီးတော့လည်း စီနီယာလီကလည်း လေဟာနယ်ကို ကျွမ်းကျင်လှတယ်လေ၊ ပြီးတော့ သူ ထွက်ပြေးချင်ရင် ဘယ်သူမှ သူ့ကို တားနိုင်မှာ မဟုတ်ဘူး"

ကျူဖုန်းက ဝါးလုံးကွဲ အော်ရယ်မောလျက်... "နင်ပြောတာ မှန်တယ်၊ ဒါပေမဲ့ ဒီကောင်တွေက နင့်ကို သွားခွင့်ပေးမဲ့ပုံတော့ မပေါ်ဘူးနော်"

ရန်ကိုင်လည်း နဂါးများကို ပြန်ဝေ့ကြည့်လိုက်ရာ နဂါးအားလုံးသည် ခက်ထန်သည့် အမူအရာများဖြင့် သူ့အား မမှိတ်မသုန် စိုက်ကြည့်နေကြကြောင်း တွေ့လိုက်ရလေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် ယနေ့ကိစ္စကို အေးအေးချမ်းချမ်းနှင့် ပြီးဆုံးသွားအောင် လုပ်နိုင်တော့လိမ့်မည် မဟုတ်မှန်း ရန်ကိုင် သဘောပေါက်လိုက်လေသည်။ ထို့ကြောင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "တိုက်ပွဲဆိုပြီး ဖြစ်လာပြီဆိုတာနဲ့ ဒဏ်ရာအနာတရတွေ သေဆုံးတာတွေကတော့ ရှိမှာပဲ၊ ဒီတော့ အဲလို ဖြစ်လာခဲ့ရင် နင်တို့ ငါ့ကို လာအပြစ်တင်လို့ မရတော့ဘူး"

ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ မီတာရှစ်ဆယ်ခန့် အမြင့်ရှိသော နဂါးတစ်ပိုင်း ခန္ဓာကိုယ်ကြီးမှာ လေထဲသို့ ဗြုန်းစားကြီး ပျောက်ကွယ်သွားခဲ့လေသည်။

လေဟာနယ် နိယာမစွမ်းအားများကို လှည့်ပတ်ရင်းမှ ရန်ကိုင်သည် နဂါးအုပ်ထဲသို့ ခုန်ဝင်သွားခဲ့လေသည်။ ထို့နောက်တွင် သူ့လက်ကို ဆန့်ထုတ်၍ နဂါးအုပ်ထဲမှ နဂါးတစ်ကောင်အား လှမ်းဖမ်းဆွဲလိုက်လေသည်။

ယခုကဲ့သို့ ဗြုန်းစားကြီး တိုက်ခိုက်ခံလိုက်ရသည့်တိုင် နဂါးကလန်သားများမှာ အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားသည့်အတွက်ကြောင့် အနည်းငယ်မျှပင် ပျာယာခတ်သွားခဲ့ခြင်း မရှိဘဲ ရန်ကိုင် သူတို့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်သော် ချက်ချင်း လူခွဲလိုက်ကြသည်။

သို့ရာတွင် ရန်ကိုင်၏ ပစ်မှတ်ထားခြင်းခံရသော နဂါးမှာမူ အခြားသူများကဲ့သို့ မလှုပ်ရှားနိုင်ပေ။ သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ နွံအိုင်တစ်ခုပမာ စေးပျစ်လာခဲ့သည့်အတွက်ကြောင့် လက်တစ်ချောင်း လှုပ်ရှားဖို့ရာပင် အတော်လေးကိုမှ ခက်နေရလေသည်။ ထိုအကြောင်းကြောင့် ထိုနဂါးကလန်သားမှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိဘဲ ထိတ်လန့်တုန်လှုပ်နေတော့လေ၏။

ထိုကဲ့သို့ ယာယီမှင်တက်နေစဉ် အတောအတွင်း ရန်ကိုင်သည် ထိုနဂါးကို သူလက်သည်းဖြင့် လှမ်းဖမ်းဆုပ်ကိုင်လိုက်လေသည်။ ထိုနဂါးသည် ကျူကလန်မှလား ဖုကလန်မှလား မသိရသေးပါသော်ငြား ထိုနဂါးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကို ကြည့်ရသလောက် ထိုနဂါးသည် အဆင့်ရှစ်နဂါးတစ်ကောင် ဖြစ်လိမ့်မည်မှန်း ရန်ကိုင် ပြောနိုင်ပေသည်။

အဆင့်ရှစ် နဂါးများသည် နဂါးကျွန်းပေါ်တွင် အတော်လေးကိုမှ ရှားပါးလှသည့် နဂါးများ ဖြစ်ကြသည်။ နဂါးကလန်သား အရေအတွက်မှာ များများစားစား မရှိလှဘဲ နဂါးများအနက် ငါးယောက်သည်သာ အဆင့်ရှစ် ဖြစ်ပေသည်။ ကျူလဲ့နှင့် ဖုချီတို့ကို ဖယ်လိုက်လျှင် နောက်ထပ် အဆင့်ရှစ်နဂါး သုံးကောင်သာ ကျန်ပေတော့သည်။ ယခု ရန်ကိုင်၏ လက်ထဲတွင် ရှိနေသော နဂါးသည် ထိုလက်ကျန် သုံးကောင်အနက်ထဲမှ တစ်ကောင် ဖြစ်ပေသည်။

ရန်ကိုင်၏ ဖမ်းဆီးခြင်း ခံလိုက်ရသည့်နောက်တွင်တော့ ထိုနဂါးမှာ စတင်၍ ပျာယာခတ်လာတော့လေသည်။ ရန်ကိုင်မှ ဖုချီ၏ လက်အား ဆွဲဖြုတ်ခဲ့သည်ကို သူ့မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိနေပေသေးသည်။ ယခု ရန်ကိုင်၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီးသည့်နောက် သူ့အဖြစ်မှာ ဖုချီထက် ပိုဆိုးတော့မည်မှန်း ထိုနဂါး သိလိုက်သည်။

ထိုအခိုက်အတန့်မှာပင် မိုးခြိမ်းသံထက် ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ပေါ်ထွက်လာခဲ့လေသည်။

နဂါးကလန်သားသည် မီတာနှစ်ရာခန့် အလျားရှိသော နဂါးတစ်ကောင် အသွင်သို့ ချက်ချင်း ပြောင်းလဲပစ်လိုက်လေရာ အားကောင်းလှသည့် နဂါးဖိအားတို့မှာ ကျွန်းအနှံ့ လွှမ်းခြုံသွားခဲ့လေသည်။

မူရင်းအသွင်သို့ ပြောင်းလိုက်သည့်အတွက်ကြောင့် ထိုနဂါးမှာ ၎င်း၏ စွမ်းအားအကုန်အစင်ကို ထုတ်သုံးသွားနိုင်ပေသည်။ ထို့အပြင် ရန်ကိုင် အနေဖြင့်လည်း မူရင်းအသွင်သို့ ပြောင်းထားသည့် နဂါးတစ်ကောင်ကို လက်တစ်ဖက်တည်း ညှစ်သတ်ပစ်ဖို့ရာ မဖြစ်နိုင်တော့ပေ။ တကယ်တော့ နဂါးတစ်ကောင်၏ မူရင်းအရွယ်အစားမှာ အလွန်ကိုမှ ကြီးမားလွန်းလှသည် မဟုတ်ပေလော။

ထင်ထားသည့်အတိုင်းပင် ထိုနဂါးမှ မူရင်းအသွင်သို့ ပြောင်းလဲလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနဂါးကို ဖမ်းဆုပ်ထားသည့် ရန်ကိုင်၏ လက်မှာ လုံးဝကို ပွင့်ထွက်သွားခဲ့ရလေသည်။ တစ်ဖက်လူအား ဆက်၍ ချုပ်တည်းမထားနိုင်တော့သည့် အလျောက် ထိုနဂါးမှာလည်း ရန်ကိုင်၏ လက်ထဲမှ အတင်းအကျပ် ရုန်းထွက်သွားတော့လေသည်။

တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို သူ့လက်ဖြင့် ဆွဲချုပ်ကိုင်၍ မရတော့သည့်တိုင် ရန်ကိုင်မှာတော့ လက်မလျှော့သေးဘဲ သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ထိုနဂါး၏ အမြီးကို လှမ်းဆွဲထားလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်၏ လက်မှာ မူလကထက် နှစ်ဆမက ကြီးမားလာသည့်အလား လက်မောင်းတစ်လျှောက်တွင် ရှိနေသော ကြွက်သားများမှာ ရုတ်တရက်ဆိုသလို ဖောင်းတက်လာခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် နဂါးအမြီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်းမှ သူ့လက်ကို အောက်သို့ ဆွဲချလိုက်သည်။

လူတိုင်း၏ မှင်တက်နေသည့် အကြည့်အောက်မှာပင် ကောင်းကင်ပေါ်သို့ ထိုးတက်သွားရန် ကြိုးစားနေသည့် နဂါးကြီးမှာ လေထဲတွင် တန်းလန်းရပ်သွားခဲ့ရပြီး မြွေသေတစ်ကောင်နှယ် မြေပြင်ပေါ်သို့ ဆောင့်ရိုက်ခြင်း ခံလိုက်ရလေသည်။

ဘုန်းဟူသော မြည်သံနှင့်အတူ ကျွန်းတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့ပြီး မြေပြင်အထက် အက်ကြောင်းရာ အရှည်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရလေသည်။ တစ်ချိန်တည်းတွင် ပင့်ကူအိမ်ပမာ အက်ကွဲကြောင်းမှာလည်း မြေပြင်အနှံ့ ပြန့်ထွက်လာခဲ့ရလေသည်။

မီတာရှစ်ဆယ်ခန့် အမြင့်ရှိသော နဂါးတစ်ပိုင်း အသွင်သို့ ပြောင်းလဲပြီးသည့်နောက်တွင် ရန်ကိုင်မှာ အလွန်တရာကိုမှ အားကောင်းလာတော့လေသည်။ ရန်ကိုင်မှ နဂါးအမြီးကို ကိုင်၍ မြေပြင်ပေါ်သို့ ဆောင့်ရိုက်နေသည့် အချိန်တွင်ပင် ထိုနဂါးမှာ အနည်းငယ်မျှပင် ခုခံနိုင်ခဲ့ခြင်း မရှိခဲ့။ ကံမကောင်း အကြောင်းမလှရှာသည့် နဂါးမှာ အတွင်းဒဏ်ရာများ ရသွားသည့်အလား သွေးအပွက်ပွက် အန်ထွက်နေရတော့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ထိုနဂါးအပေါ်သို့ ခုန်တက်လိုက်ရင်းမှ နဂါးအကြေးခွံများကို သေချာ လိုက်လံစစ်ဆေး ကြည့်တော့လေသည်။ တစ်ခဏအကြာတွင် သူရှာနေသည့်အရာကို ရှာတွေ့သွားခဲ့လေသည်။ ထိုနေရာမှာ လက်ဆေးဇလုံ အရွယ်အစားခန့်ရှိသော နဂါးအကြေးခွံတစ်ခု ဖြစ်ပေသည်။ ထိုနဂါးအကြေးခွံမှာ အခြားသော နဂါးအကြေးခွံများနှင့် သိပ်မကွာပါသော်ငြား သေသေချာချာ စစ်ဆေးကြည့်လိုက်မည်ဆိုပါက အနည်းငယ် ကွာခြားနေကြောင်း သတိပြုမိနိုင်ပေသည်။ တကယ်တော့ ထိုနဂါးအကြေးခွံသည် အခြားမဟုတ်။ နဂါးကျောင်းတော်၏ ကောင်းချီးပညာရပ်သာ ဖြစ်လေသည်။

ကျူလဲ့နှင့် တိုက်ခိုက်ပြီးသည့် နောက်ပိုင်းတွင် နဂါးကျောင်းတော်၏ ကောင်းချီးကို ရရှိသွားပြီးသည့်နောက် နဂါးအကြေးခွံတစ်ခုမှာ ပြောင်းလဲသွားလိမ့်မည်မှန်း ရန်ကိုင် သိထားခဲ့သည်။ ထိုနဂါးအကြေးခွံကိုသာ ဖယ်ထုတ်လိုက်မည်ဆိုလျှင် နဂါးကျောင်းတော်၏ ကောင်းချီးမှာ ပျောက်ကွယ်သွားရပေလိမ့်မည်။

ရန်ကိုင်သည် သူ့လက်သည်းဖြင့် ထိုနဂါးအကြေးခွံအား သေသေချာချာ ဆုပ်ကိုင်၍ ဆောင့်ဆွဲချလိုက်လေသည်။

အလွန်တရာကိုမှ ပြင်းထန်လွန်းလှသည့် နာကျင်မှုကြောင့် နဂါးကြီးမှာ ဆိုးဆိုးဝါးဝါး ထအော်ရင်းမှ ရန်ကိုင် ဘက်သို့ လှည့်၍ ရေခဲမီးတောက်များကို မှုတ်ချလိုက်သည်။ မီးတောက်များမှာ အလွန်တရာကိုမှ အေးစက်သွားခဲ့လေရာ မီးတောက်များ၏ လွှမ်းခြုံခြင်း ခံလိုက်ရပြီးသည့်နောက် မိုးထိတိုင် မြင့်မားသော ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ဝိုက် ရေခဲစများ ရစ်သိုင်းလာရတော့လေသည်။ သို့တိုင်း ရန်ကိုင်မှာတော့ ထိုရေခဲစများကို အနည်းငယ်မျှပင် ဂရုမမူခဲ့ပေ။

နောက်ဆုံးတွင် နဂါးအကြေးခွံကို ရန်ကိုင် ဆွဲထုတ်သွားနိုင်ခဲ့ပြီး နဂါးသွေးများမှာလည်း ရေတံခွန်အလား ပန်းထွက်လာတော့လေသည်။

နဂါးကျောင်းတော်၏ ကောင်းချီးကို ဆုံးရှုံးလိုက်ရသည့်နောက်တွင် အဆင့်ရှစ်နဂါးတစ်ကောင်မှာ ရန်ကိုင်၏ သွေးမျိုးဆက် ဖိနှိပ်ခြင်းအောက်ဝယ် ငြိမ်ကျသွားရတော့လေသည်။ မျက်တောင်တစ်ခတ်အတွင်း မီတာနှစ်ရာခန့် အလျားရှိသော နဂါးခန္ဓာကိုယ်ကြီးမှာလည်း ၎င်း၏ မူရင်းပုံစံကို ဆက်မထိန်းနိုင်တော့သည့်အလား လူအသွင်သို့ အလျင်အမြန် ပြန်လည်ပြောင်းလဲသွားခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ထိုလူကိုယ်ပေါ်မှ ဆင်း၍ ထိုလူအား ဆောင့်ကန်ပစ်လိုက်လေသည်။ နဂါးတစ်ကောင်ကို ရှင်းထုတ်ပစ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ကိုယ်ထက်တွင် ကပ်ငြိနေသော ရေခဲစများကို ခွာချ၍ သူ့လက်ထဲရှိ သွေးစွန်းနေသော နဂါးအကြေးခွံကို စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် အခြားသော နဂါးများဘက်သို့ လှည့်၍ အေးစက်စက် လေသံဖြင့် ပြောလိုက်လေ၏။ "အခု ပထမတစ်ကောင်တော့ ပြီးသွားပြီ၊ နောက်တစ်ကောင် ဘယ်သူလာမလဲ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၆၃)

ဘာသာပြန်သူ_တိမ်တိုက်

ထိုသို့ဖြင့် အဆင့်ရှစ်နဂါးတစ်ကောင်မှာ ဒုက္ခိတ ဖြစ်သွားရတော့လေသည်။

သို့ရာတွင် ထိုနဂါးမှာ ဒုက္ခိတ ဖြစ်သွားပြီဟု ပြော၍မရပေ။ ရန်ကိုင်သည် နဂါးအကြေးခွံလေးတစ်ခုကိုသာ ခွာထုတ်ပစ်လိုက်ခြင်း ဖြစ်သည့်အတွက်ကြောင့် ရှင်းရှင်းပြောရသော် ထိုကဲ့သို့သော ဒဏ်ရာမျိုးသည် နဂါးတစ်ကောင်အတွက် ဘာဆိုဘာမျှ မဟုတ်။ အခြား အခြေအနေတစ်ခုတွင်သာ ဆိုလျှင်တော့ ထိုကဲ့သို့ အကြေးခွံတစ်ခု အခွာခံလိုက်ရသည့်တိုင် အဆင့်ရှစ်နဂါးတစ်ကောင်မှာ ဆက်လက်၍ တိုက်ပွဲဝင်နိုင်ပေလိမ့်ဦးမည်။

သို့ရာတွင် လက်ရှိအချိန်၌ နဂါးကျောင်းတော်၏ ကောင်းချီးမရှိတော့လေရာ ရန်ကိုင်၏ နဂါးဖိအားကို ထိုအဆင့်ရှစ်နဂါးအနေဖြင့် မည်သည့်နည်းနှင့်မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်၏ နဂါးဖိအားအောက်ဝယ် သူ၏ နဂါးအသွင်အား ကောင်းကောင်း ထိန်းမထားနိုင်တော့သည်ကို ကြည့်လျှင်ပင် သိနိုင်ပေသည်။ ထိုအတွက်ကြောင့် ဤတိုက်ပွဲတွင် အဆင့်ရှစ်နဂါးတစ်ကောင် လျော့သွားပြီဟု ပြော၍ရသည်။

အခြားသော နဂါးများမှာတော့ ရန်ကိုင် လုပ်ပြသွားသည်ကို ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေကုန်ကြလေသည်။

ရန်ကိုင်မှ အဆင့်ရှစ်နဂါးအား တိုက်ခိုက်လိုက်ချိန် ရာနှင့်ချီသော ကျင့်ကြံသူများနှင့် ဖုချီ၏ အမျိုးသမီးများအားလုံး အသိပြန်ဝင်လာကြပြီး ကြောက်လန့်တကြား အော်ဟစ်ရင်း ပျာတီးပျာယာ ထွက်ပြေးကြတော့လေသည်။

ဂန္ထဝင်တွင်မည့် တိုက်ပွဲကြီးတစ်ခုမှာ စတင်တော့ပေမည်။ ထိုအတွက်ကြောင့် သူတို့အနေဖြင့် ဤနေရာတွင် နည်းနည်းမျှပင် ဆက်မနေရဲတော့။ မျက်တောင်တစ်ခတ်အတွင်း တိုက်ခိုက်ကြတော့မည့် လူများမှလွဲ၍ နန်းတော်အရှေ့၌ အခြားမည်သူမျှ ရှိမနေတော့ချေ။

လက်ရှိတွင် ရန်ကိုင်ဘက်၌ ကျူချင်း၊ ကျူလဲ့၊ ကျူဖုန်းနှင့် ကျူယန်တို့ ရှိနေခဲ့လေသည်။ ဤသည်မှာ ရန်ကိုင်၏ လူအားလုံး ဖြစ်ပေ၏။ သို့သော်ငြား သူတို့ရင်ဆိုင်ရမည့် နဂါးအရေအတွက်မှာတော့ ဆယ်ကောင်ကျော်မက ရှိနေလေ၏။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ကိုယ်တိုင်သည် ဤတိုက်ပွဲတစ်ခုလုံးအား သူတို့ဘက်မှ အသာစီးရအောင် လုပ်ပေးထားခဲ့လေသည်။ ရန်ကိုင် ရှိနေသည့်အတွက်ကြောင့် နဂါးကလန်သားများမှာ အတော်လေးကိုမှ ထိတ်လန့်နေခဲ့ကြကာ အသက်ပင် ကောင်းကောင်းမရှူနိုင် ဖြစ်နေခဲ့ကြရသည်။

"ဟဲဟဲဟဲ" ကျူဖုန်းက ဝါးလုံးကွဲ အော်ရယ်မောရင်း... "မောင်လေး နင်လုပ်တာ တော်တယ်၊ ဒီသွေးနားထင်ရောက်နေတဲ့ ကောင်တွေကို အဲလို ကောင်းကောင်းဆုံးမပေးရမှာ"

လွန်ခဲ့သော ၁၀ နှစ်ကျော်က အဖြစ်အပျက်ကြောင့် စိတ်ဝိညာဉ်သားရဲကျွန်းနှင့် နဂါးကလန်မှာ ရန်သူများ ဖြစ်လာခဲ့ကြရာ သူတို့၏ ရန်သူဖြစ်သော နဂါးကလန် ဒုက္ခရောက်နေသည့်အပေါ် ကျူဖုန်း ဝမ်းသာအားရ ဖြစ်နေသည်မှာ အဆန်းတော့ မဟုတ်ချေ။ နဂါးကလန်အား ဒုက္ခလှလှနှင့် တွေ့အောင်လုပ်နေသည့် ရန်ကိုင်ကို ကြည့်ရင်း ကျူဖုန်းမှာ ရန်ကိုင်သည် ပို၍ ကြည့်ပျော်ရှုပျော် ဖြစ်လာသလို ခံစားလာရလေသည်။ [သခင်မလေး ဒီကောင်ကို မမေ့နိုင်တာလည်း မဆန်းတော့ပါဘူး၊ ဒီကောင်က အားနည်းတဲ့ကောင်မှ မဟုတ်တာ]

တစ်ချိန်တည်းတွင်လည်း သခင်မလေးဆိုသူအား သူမနှင့်အတူ မခေါ်လာမိခဲ့သည့်အပေါ် ဝမ်းသာနေမိခဲ့လေသည်။ [အဲဒီကောင်မလေးသာ ရန်ကိုင်ရဲ့ အခုပုံစံကို မြင်ရင် သူ့စိတ်သူ လုံးဝ ထိန်းနိုင်တော့မှာ မဟုတ်ဘူး၊ ခေါ်မလာမိလိုက်တာ တကယ် ကံကောင်းသွားတယ်]

ရန်ကိုင်သည် နဂါးများကို ဝေ့ကြည့်ရင်းမှ ပြောလိုက်လေသည်။ "ငါ နောက်ဆုံးအကြိမ် ထပ်ပြောမယ် မင်းတို့ ငါနဲ့ ချင်းအာကို သွားခွင့်ပေးမှာလား"

နဂါးကလန်သားအားလုံး တိတ်နေကြလေသည်။

"ကောင်းပြီလေ အဲလိုဆိုမှတော့ တိုက်ကြတာပေါ့" ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မာန်သွင်းအော်ဟစ်၍ နှာတစ်ချက် မှုတ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ခြေဆောင့်ချလိုက်ရာ ကျွန်းတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့လေသည်။ ထိုသို့ လုပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် မြေပြင်ကို ကန်ကျောက်၍ နဂါးအုပ်ကြီးဆီသို့ ဥက္ကာခဲတစ်စင်းပမာ တဟုန်ထိုး ပြေးထွက်သွားခဲ့လေသည်။ တိုက်ပွဲကြီးမှာ စတင်ခဲ့လေပြီ။

အစောပိုင်းက အဖြစ်အပျက်ကြောင့် ရန်ကိုင် ဘာလုပ်မလဲ ဆိုသည်ကို နဂါးကလန်သားများ ကြိုသိထားကြလေသည်။ ထိုအကြောင်းကြောင့် တိုက်ပွဲစသည်နှင့် တစ်ပြိုင်နက် အလျင်စလို မာန်သွင်း ဟိန်းဟောက်၍ နဂါးအသွင်သို့ ပြောင်းလိုက်ကြသည်။ ချက်ချင်းဆိုသလို ဖြူ၊ နီ၊ ပြာ၊ စိမ်း အရောင်အမျိုးအစား စုံလင်လှသော နဂါးများစွာ ကောင်းကင်ပေါ်သို့ ပြန်တက်သွားကြလေ၏။ အသေးဆုံးနဂါးမှာ မီတာတစ်ရာခန့် အလျားရှိပြီး အကြီးဆုံးနဂါးမှာမူ မီတာနှစ်ရာခန့် အလျားရှိပေသည်။ နဂါးများသည် ကောင်းကင်အထက်တွင် ဝဲနေရင်းမှ အားကောင်းလှသည့် နဂါးဖိအားကို ထုတ်လွှတ်ထားကြလေ၏။

ရန်ကိုင် နဂါးများဆီသို့ မရောက်သေးခင်မှာပင် နဂါးများသည် ၎င်းတို့၏ ပါးစပ်ကို ဟကာ နဂါးမီးတောက်များကို မှုတ်ထုတ်လိုက်ကြလေသည်။

နဂါး၏ အရောင်အမျိုးအစားအလိုက် မှုတ်ထုတ်လိုက်သော နဂါးမီးတောက်များမှာလည်း ကွဲပြားကြသည်။ အချို့သော နဂါးမီးတောက်များမှာ ချစ်ချစ်တောက် ပူလောင်လှကာ အချို့သော နဂါးမီးတောက်များမှာတော့ ရေခဲသမျှ အေးစက်လှပေသည်။ အချို့မှာတော့ အစိမ်းရောင် ဖြစ်နေကာ အဆိပ်များဖြင့် ပြည့်နေခဲ့ပြီး အချို့မှာတော့ ရေဓာတ်အမျိုးအစား မီးတောက်များ ဖြစ်ကြလေသည်။

သူ့ဆီသို့ တိုးဝင်လာနေသည့် နဂါးမီးတောက်များကို ကြည့်ရင်း ရန်ကိုင်သည် ချက်ချင်းဆိုသလို နဂါးမန္တာန်တစ်ခုကို ရွတ်ဆိုလိုက်လေသည်။ ရန်ကိုင်မှ ထိုမန္တာန်ကို ရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရောင်အလင်းတန်းတစ်ခု သူ့ဆီမှ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်၏ အရှေ့၌ ဒိုင်းကာတစ်ခု အသွင်သို့ ပြောင်းသွားလိုက်လေသည်။ တိုးဝင်လာနေသည့် နဂါးမီးတောက်အားလုံးမှာ ရွှေရောင်ဒိုင်းကာအပေါ်သို့ ကျရောက်သွားခဲ့ပြီး တဖုန်းဖုန်း မြည်သံများနှင့်အတူ တခဏအကြာ၌ ရွှေရောင်ဒိုင်းကာ ပေါက်ကွဲသွားခဲ့ပြီး နဂါးမီးတောက်များမှာ ရန်ကိုင်၏ ခန္ဓာကိုယ်ကို ဆက်လက် ထိမှန်လေသည်။

ထိုရိုက်ချက်ကြောင့် ရန်ကိုင်မှာ ဥက္ကာခဲတစ်စင်း ကြွေကျလာသည့်အလား ကောင်းကင်အထက်မှ ဘုန်းခနဲ ပြုတ်ကျလာခဲ့ပြီး မြေကြီးထဲသို့ ကျွံဝင်သွားခဲ့ရလေသည်။ ရန်ကိုင် ပြုတ်ကျသွားသည့် နေရာတစ်ခုလုံး ဖုန်အလိမ်းလိမ်း ထသွားခဲ့ပြီး အက်ကြောင်းများမှာလည်း ပတ်ဝန်းကျင်အနှံ့ ဖြစ်ပေါ်လာခဲ့ရလေသည်။

ထိုအချင်းအရာကို မြင်သော် နဂါးများ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ သူတို့စိတ်ထဲ ဤအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ရန်ကိုင်အား ဆက်လက်တိုက်ခိုက်ရန် ကြံနေစဉ်မှာပင် ရန်ကိုင် တွင်းပေါက်ထဲဆီမှ ချက်ချင်း ပြန်ကုန်းထလာသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏ မျက်လုံးများမှာ သွေးနီရောင်တောက်နေလေ၏။ ရန်ကိုင်၏ ပုံစံမှာ ဒေါသူပုန်ထနေသည့် သားရဲကြီးတစ်ကောင် အိပ်စက်ရာမှ နိုးထလာပြီး သားကောင်များကို ဆွဲဖြဲပစ်တော့မည့်အလား။

ကောင်းကင်အပေါ်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်၏ ခန္ဓာကိုယ်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားတော့သည်။ ရုတ်တရက် ပျောက်ကွယ်သွားသည့် ရန်ကိုင်ကို ကြည့်ရင်း နဂါးကလန်သားအားလုံး ပျာယာခတ်သွားကြတော့လေသည်။

ထိုအခိုက်အတန့်မှာပင် ရန်ကိုင်သည် နဂါးတစ်ကောင် အရှေ့၌ ဗြုန်းစားကြီး ပြန်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် သူ့လက်ကို ဆန့်ထုတ်၍ သူ့အရှေ့၌ ရှိနေသော မီတာတစ်ရာခန့် အလျားရှိသည့် နဂါးအား ဖမ်းဆုပ်ရန် ကြံလိုက်သည်။

ထိုနဂါးမှာ ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့လေရာ ရန်ကိုင် သူ့အရှေ့၌ ပေါ်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ထွက်ပြေးတော့လေ၏။ ကျန်သော နဂါးများမှာလည်း အလားတူ နည်းလမ်းအတိုင်း လူခွဲသွားလိုက်ကြလေသည်။

"အေးခဲလိုက်စမ်း" ရန်ကိုင်သည် ရုတ်တရက် အော်ဟစ်၍ လေဟာနယ် နိယာမစွမ်းအားများကို အသက်သွင်းကာ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးအား မမြင်နိုင်သည့် လှောင်အိမ်တစ်ခုအတွင်းသို့ ပြောင်းလျက် ထွက်ပြေးရန် ကြံနေသည့် မီတာတစ်ရာခန့် အလျားရှိသော နဂါးအား ပိတ်လှောင်ပစ်လိုက်လေသည်။ ထိုနဂါးမှာ သူ့ပတ်ဝန်းကျင်တစ်ခုလုံး နွံအိုင်တစ်ခုပမာ စေးပျစ်လာခဲ့ပြီး သူကိုယ်တိုင်လည်း လှုပ်ရှားရခက်လာကြောင်းကို တွေ့ရှိလိုက်ရသည်။

လုံးဝ ပြေးမလွတ်တော့သည့် အဆုံးတွင် အစောပိုင်းက ရန်ကိုင် လုပ်ခဲ့သည့်ပုံကို ပြန်စဉ်းစားမိလိုက်သော် ချက်ချင်းပင် ကြောက်လန့်တကြား ဟိန်းဟောက် အော်ဟစ်ရင်း ရန်ကိုင် ဘက်သို့ လှည့်၍ သူ့ပါးစပ်ကိုဟကာ ကိုက်ချလိုက်လေသည်။

ရန်ကိုင်သည်လည်း အနည်းငယ်မျှပင် နောက်တွန့်နေခြင်း မရှိဘဲ လက်သီးကို တင်းတင်းဆုပ်၍ နဂါးခေါင်း တည့်တည့်သို့ ထိုးချလိုက်လေသည်။ လက်သီးမှာ မည်မျှ အားပြင်းသလဲဆိုလျှင် လက်သီးချက် စာမိသွားပြီးသည့်နောက်တွင် နဂါးခေါင်းတစ်ခုလုံး ဘေးဘက်သို့ လန်ထွက်သွားခဲ့ပြီး နဂါးအကြေးခွံများလည်း ကွာထွက်သွားကြကုန်လေ၏။

လက်သီးချက် စာမိပြီး အနည်းငယ် ငေးငိုင်ငိုင်ဖြစ်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်သည် ထိုနဂါး၏ အမြီးကို ချက်ချင်း ဖမ်းဆွဲလိုက်လေသည်။

သို့သော်ငြား ရန်ကိုင်မှ ယခင်တစ်ကြိမ်ကကဲ့သို့ မလုပ်နိုင်သေးခင်မှာပင် အခြားသော နဂါးတစ်ကောင်သည် ရန်ကိုင်ဆီသို့ ခုန်ဝင်လာပြီး ရန်ကိုင်၏ ခြေထောက်များကို ၎င်း၏ ခန္ဓာကိုယ်ကြီးဖြင့် ရစ်ပတ်လိုက်လေသည်။

ထိုအချင်းအရာကို မြင်သော် အခြားသော နဂါးများသည်လည်း ပြေးဝင်လာကြပြီး အဖမ်းခံထားရသည့် နဂါးကို သွားကယ်ကြလေသည်။

ရန်ကိုင်သည် ယနေ့တွင် နဂါးကလန်သား တစ်ယောက်ကို ဤတိုက်ပွဲ၌ ဆက်လက်မပါဝင်နိုင်တော့အောင် လုပ်ပစ်ခဲ့သည်။ သို့သော်ငြား ထိုနဂါးမှာ သတိလက်လွတ် ဖြစ်သွားသည့်အတွက်ကြောင့်သာ ထိုကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်လေသည်။ ယခု ရန်ကိုင်မှ ထိုနည်းအတိုင်း ထပ်လုပ်ရန် ပြင်နေသည်ကို မြင်သော် နဂါးကလန်သားများအနေဖြင့် မည်သို့များ နှစ်ကြိမ်ခံပါတော့မည်နည်း။

ထိုအချိန်အတောအတွင်း ကျူချင်းနှင့် အခြားသူများမှာလည်း စတင်၍ လှုပ်ရှားကြတော့လေသည်။

သို့သော်ငြား နဂါးများသည် ယခုအခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင်ထားကြပြီး ဖြစ်သည့်အလား အချို့သည် ရန်ကိုင် ဖမ်းဆီးထားသော နဂါးကို သွားကယ်နေချိန် အခြားသော နဂါးများမှာတော့ ကျူချင်းတို့ အဖွဲ့အား သွားတားထားကြလေသည်။

"အစ်မချင်း ကျေးဇူးပြုပြီး ကျွန်မ ခက်ခဲအောင် မလုပ်ပါတော့နဲ့လား၊ ကျွန်မ အစ်မချင်းနဲ့ တကယ် မတိုက်ခိုက်ချင်ဘူး" ခရမ်းရောင် နဂါးတစ်ကောင်သည် ကျူချင်း အရှေ့၌ ရပ်နေခဲ့လေသည်။ ခရမ်းရောင်နဂါးမှာ အခြားမဟုတ် ဖုလင်သာ ဖြစ်လေသည်။ သူမသည် အဆင့်ခြောက်နဂါးတစ်ကောင်သာ ဖြစ်သည့်အလျောက် အဆင့်ကိုးနဂါးတစ်ကောင် ဖြစ်သည့် ကျူချင်းနှင့် ရင်ဆိုင်ရမည့်အပေါ် အနည်းငယ်တော့ တုန်လှုပ်မိပေသည်။ နဂါးကျောင်းတော်၏ ကောင်းချီးကြောင့်သာ မဟုတ်ပါက သူမအနေဖြင့် ယခုကဲ့သို့ ကျူချင်း၏ လမ်းတွင် လာပိတ်ရပ်နေရဲလိမ့်မည် မဟုတ်ချေ။

ဖုလင် ပြောသည့်စကားကို ကြားသော် သူမဘေးတွင် ရပ်နေသော နဂါးအပြာလေးကလည်း ဝင်ပြောလိုက်လေ၏။ "အစ်မ ကျူချင်း ကျေးဇူးပြုပြီးတော့ ရပ်လိုက်ပါတော့လား"

ထိုနဂါးအပြာမှာ အခြားမဟုတ် ဖုလင်နှင့်အတူ ပန်းခြင်းကို သယ်လာသည့် နဂါးသာဖြစ်လေသည်။ သူမ၏ သွေးမျိုးဆက်မှာ ဖုလင်ထက် တစ်ဆင့်ပိုမြင့်ကာ အဆင့်ခုနစ် သွေးမျိုးဆက် ဖြစ်လေ၏။

သို့သော်ငြား နဂါးကျောင်းတော်၏ ကောင်းချီးကြောင့် သူမနှင့် ဖုလင်သာ အတူတူ ပေါင်းလိုက်မည်ဆိုလျှင် ကျူချင်းအား အချိန်အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်ထားနိုင်ပေလိမ့်မည်။ အခန့်မသင့်လျှင် သူတို့ဘက်မှပင် အသာစီးရသွားနိုင်လေ၏။

ကျူချင်းကမူ ခက်ထန်နေသည့် အမူအရာဖြင့်သာ ပြန်ပြောလေ၏။ "ထွက်သွားစမ်း"

အဆင့်ခုနစ် နဂါးအပြာက ခေါင်းခါလျက်... "မရဘူး"

ထို့နောက်တွင် ကျူချင်းသည် စကားတစ်ခွန်းမျှပင် ပြောမနေတော့ဘဲ မီတာသုံးရာခန့် အလျားရှိသော နဂါးတစ်ကောင် အသွင်သို့ ပြောင်းလိုက်လေသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အထက် မီးတောက်များ တောက်လောင်နေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ကြီးမှာလည်း ဖုလင်ထက် နှစ်ဆမက ပိုမိုကြီးမားနေခဲ့လေသည်။ ထိုမျှ ကြီးမားလာသော နဂါးကြီးကို ကြည့်ရင်း ဖုလင်နှင့် နဂါးအပြာ တံတွေးတစ်လုတ်စီ မျိုချမိလိုက်ကြသည်။

ကျူချင်း အဆင့်ကိုးနဂါးတစ်ကောင် ဖြစ်လာပြီဆိုသည့် အကြောင်း သတင်းများ ထွက်လာပါသော်ငြား ထိုအရာများသည် ပြောစကားများသာ ဖြစ်ကြပေသည်။ ယခု ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသည့်အခါမှသာလျှင် ထိုပြောစကားများမှာ ကောလာဟလ သက်သက်သာ မဟုတ်ကြောင်း နဂါးအပြာ နားလည်သွားခဲ့ရသည်။

ကျူချင်း မတိုင်ခင်က နဂါးကျွန်းပေါ်တွင် အဆင့်ကိုးနဂါး နှစ်ကောင်သာ ရှိခဲ့ပေသည်။ ထိုနဂါးနှစ်ကောင်မှာ တတိယအကြီးအကဲနှင့် စတုတ္ထအကြီးအကဲတို့ ဖြစ်ကြသည်။ တတိယအကြီးအကဲသည် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က နဂါးသင်္ချိုင်းတွင် အကျဉ်းချခံခဲ့ရသည်။ သူမ အသက်ရှင်သေးလား သေလား ဆိုသည်ကို မည်သူမျှ မသိရပေ။ အခြားသော အဆင့်ကိုးနဂါးတစ်ကောင်မှာတော့ ဖော်ရွေလှသည့် စတုတ္ထအကြီးအကဲ ဖြစ်သည့်အလျောက် နဂါးကလန်သားများမှာ စတုတ္ထအကြီးအကဲနှင့် တွေ့ရချိန် တုန်လှုပ်ဖိအားဝင်ခြင်း မရှိပေ။

ယခုမှသာလျှင် အဆင့်ကိုးနဂါးတစ်ကောင်နှင့် သူတို့အကြား မည်မျှ ကွာခြားသလဲဆိုသည်ကို နဂါးများ နားလည်သွားရတော့၏။ နဂါးကျောင်းတော်၏ ကောင်းချီးရှိနေသည့်တိုင် ကျူချင်း၏ တကယ့်ပုံစံကို မြင်လိုက်ရသည့်အခိုက် သူတို့၏ ရင်ထဲ အနည်းငယ်တော့ ထိတ်လန့်သွားမိကြပေသေးသည်။

နဂါးအသွင်သို့ ပြောင်းပြီးသည့်နောက်တွင် ကျူချင်းသည် အနီရောင်အလင်းတန်းတစ်ခု အတွင်းသို့ ပြောင်းကာ ဖုလင်နှင့် နဂါးအပြာဆီသို့ တိုးဝင်သွားခဲ့လေသည်။

ဖုလင်နှင့် နဂါးအပြာမှာလည်း ကျူချင်းအား ချက်ချင်း တားတော့လေ၏။

ကျူချင်းကို ဖုလင်နှင့် နဂါးအပြာမှာ တားနေချိန် ကျူလဲ့ကိုလည်း အခြားသော နဂါးများမှ တားဆီးထားခဲ့လေသည်။

လက်ရှိအချိန်တွင် ကျူလဲ့သည် နဂါးအသွင်သို့ ပြောင်း၍ အဆင့်ရှစ်နဂါးတစ်ကောင်နှင့် တိုက်ခိုက်နေခဲ့သည်။ နဂါးကလန်သား အချင်းချင်းသာ ဖြစ်ကြပါသော်ငြား လက်ရှိ ကျူလဲ့နှင့် ထိုအဆင့်ရှစ်နဂါး တိုက်နေသည့်ပုံစံမှာ မသိလျှင် သူတို့အကြား ကမ္ဘာမကျေနိုင်သည့် ရန်ငြိုးရန်စများ ရှိနေသည့်အလား သူတို့နှစ်ဦးကြားရှိ တိုက်ပွဲမှာ အလွန်ကိုမှ ပြင်းထန်လွန်းလှပေသည်။ မျက်တောင်တစ်ခတ်အတွင်း ကျူလဲ့နှင့် အဆင့်ရှစ်နဂါးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

ကျူဖုန်းမှာမူ အခြားသော နဂါးနှစ်ကောင်နှင့် ရင်ဆိုင်နေရလေသည်။ သို့ရာတွင် ထိုနဂါးများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိဘဲ ဟိုမှသည်သို့ လျှောက်ပြေးနေသဖြင့် နဂါးနှစ်ကောင်မှာ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေကြရသည်။

နဂါးများမှာလည်း အတော်လေးကိုမှ ဒေါသူပုန်ထနေကြလေသည်။ သူတို့သည် အလွန်ကိုမှ အားကောင်းလှပါသော်ငြား ကျူဖုန်းသည် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိဘဲ သူတို့အား ကြောင်မှ ကြွက်ကို ဆော့ကစားနေသလို ဆော့ကစားနေလေသည်။

"ကောင်မလေး နင် မသေချင်ရင် ထွက်သွားလိုက်ပေတော့" လက်ရှိအချိန်တွင် ဖုချီသည် လျူယန်နှင့် တစ်ကိုယ်တည်း ရင်ဆိုင်နေခဲ့လေသည်။ သူ၏ မီတာပေါင်းများစွာ ရှည်လျားသော နဂါးခန္ဓာကိုယ်ကြီးသည် လျူယန်၏ သေးသွယ်သော ခန္ဓာကိုယ်နှင့် ယှဉ်လိုက်သော် အပုံကြီးကို ကွာခြားနေခဲ့လေသည်။ ဤအချိန်တွင် ဖုချီသည် အိမ်တစ်လုံးစာမျှ ကြီးမားသော ၎င်း၏ နဂါးခေါင်းကြီးဖြင့် လျူယန်အား နီးကပ်စွာ စိုက်ကြည့်နေရင်းမှ အော်ပြောလိုက်လေသည်။ ဖုချီ သဘောမနော ကောင်းနေခြင်း မဟုတ်။ နဂါးတစ်ကောင် ဖြစ်သည့်အလျောက် နဂါးတစ်ကောင်၏ မာနသည် သူ့အား နို့နံ့ပင်မစင်သေးသော အသက် ခုနှစ်နှစ် ရှစ်နှစ်လောက်သာ ရှိသေးမည့် ကောင်မလေးတစ်ဦးနှင့် ရင်မဆိုင်စေလိုခြင်းသာ ဖြစ်ပေသည်။

သို့သော်ငြား မကြာမီတွင် သူ အမှားကြီးတစ်ခု လုပ်လိုက်မိမှန်း ဖုချီ နားလည်သွားခဲ့ရသည်။ အကြောင်းမှာ ဤကောင်မလေးသည် ကြောက်မက်ဖွယ်ရာ စွမ်းအားကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့်ပင်။ ဖီးနစ်အော်သံ ထွက်ပေါ်လာချိန်တွင် အလင်းတန်းတစ်ခုသည် လျူယန်၏ ကျောပြင်ဆီမှ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုအနီရောင်အလင်းတန်းများသည် အတောင်ပံနှစ်ခု အသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။

တစ်ချိန်တည်းတွင် လျူယန်၏ သေးသွယ်သော ခန္ဓာကိုယ်လေးသည် ရုတ်တရက် အရွယ်အစား ကြီးမားလာခဲ့ပြီး ဖုချီ၏ အရွယ်အစားခန့် ရှိသော မီးငှက်ကြီးတစ်ကောင် အသွင်သို့ ပြောင်းသွားခဲ့လေသည်။

"နင်က ဖီးနစ်ကလန်ကလား" ဖုချီ အလန့်တကြား ထအော်လေသည်။

ဤကောင်မလေးသည် ထင်သလောက် မရိုးရှင်းပါဟု သူ့စိတ်ထဲ ကြိုသိထားခဲ့ပါသော်ငြား ဤကောင်မလေးသည် ဖီးနစ်ကလန်အဖွဲ့သားတစ်ဦး ဖြစ်နေခဲ့လေမည်ဟု သူ လုံးဝ ထင်ထားခဲ့ခြင်းမရှိပေ။ နဂါးများနှင့် ဖီးနစ်များသည အဆင့်အတန်း အတူတူများသာ ဖြစ်ကြပေသည်။

နတ်သားရဲများကြား၌ နဂါးနှင့် ဖီးနစ် မည်သူပို အားကောင်းသလဲ ဆိုသည်ကို ပြောရခက်လှပေသည်။ သို့သော်ငြား ဤကြယ်တာရာ အစုအဝေးထဲတွင်တော့ ဖီးနစ်များမှာ ပို၍ ရှားပါးကြလေသည်။ နဂါးများတွင် နဂါးကျွန်းဟုခေါ်သည့် နဂါးများ နေထိုင်ရာနေရာ ရှိပါသော်ငြား ဖီးနစ်နှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမှတော့ မရှိပေ။

ရှေးဟောင်းတောအုပ်ကြီးထဲရှိ ကျူဖုန်းသည် အစစ်အမှန် ဖီးနစ်တစ်ကောင် ဖြစ်သည်ဟု ပြော၍မရ။ သူမသည် ဖီးနစ်ကလန်အဖွဲ့တစ်ခုမှ လာသည်ဟုသာ ပြောလျှင် ပိုမှန်ပေလိမ့်မည်။ ကျူဖုန်းသည်ပင်လျှင် အစစ်အမှန် ဖီးနစ်ကလန်သားတစ်ဦး မဟုတ်ပေ။

သို့သော်ငြား လက်ရှိ ဖုချီ၏ အရှေ့တွင် ရှိနေသည်မှာတော့ အစစ်အမှန် ဖီးနစ်ကလန်သားတစ်ဦး ဖြစ်နေခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၆၄)

ဘာသာပြန်သူ_တိမ်တိုက်

လောကကြီးတစ်ခုလုံး ပျက်စီးတော့မည့်အလား ကောင်းကင်တစ်ခွင်သည် အရောင်အစင်းကင်းမဲ့သွားခဲ့ရသည်။ နိယာမများမှာ ကသောင်းကနင်းဖြစ်ကုန်ပြီး မိုးမြေစွမ်းအင်များမှာလည်း ပရမ်းပတာ ဖြစ်လာကုန်ကြသည်။ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဟင်းလင်းပြင်အနှံ့ ထွက်ပေါ်လာခဲ့ပြီး ပင်လယ်လှိုင်းလုံးများမှာလည်း တဝုန်းဝုန်းနှင့် ရိုက်ခတ်လာလေတော့သည်။

လက်ရှိအချိန်တွင် နဂါးကျွန်းတည်ရှိရာ ကမ္ဘာငယ်လေးသည် စတင်၍ မတည်မငြိမ် ဖြစ်လာခဲ့လေပြီ။ ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးသည် သမိုင်းမှတ်တမ်းများကြား အထင်ကရ ဖြစ်သွားမည်မှာ မလွဲမသွေပင်။

နဂါးကလန်သားများသည် သူတို့၏ပြိုင်ဘက်များကို ဖျက်ဆီးပစ်နိုင်ရန်အတွက် အစွမ်းကုန်ထုတ်သုံးတိုက်ခိုက်နေကြစဉ် ရန်ကိုင်နှင့် သူ့အပေါင်းအပါများမှာတော့ ရန်သူများကို လူချင်းခွဲကာ တားဆီးထားကြလေသည်။ အကုန်လုံးမှာ ဖိအားကိုယ်စီယူထားကြရသည့်တိုင် ရန်ကိုင်မှာ နဂါးခုနှစ်ကောင်ကို တစ်ကိုယ်တည်း ရင်ဆိုင်နေရသည့်အတွက်ကြောင့် သူခံစားနေရသည့်ဖိအားမှာ အားလုံးထဲတွင် အကြီးမားဆုံး ဖြစ်ပေသည်။ ယနေ့ပြဿနာကို မီးစမွှေးခဲ့သူတစ်ဦး ဖြစ်သည့်အလျောက် နဂါးများစွာမှ ရန်ကိုင်အား ပစ်မှတ်ထားနေသည်မှာလည်း အထူးအဆန်းတော့မဟုတ်ချေ။

ယနေ့တိုက်ပွဲအနိုင်အရှုံးကို ရန်ကိုင်နှင့် နဂါးခုနှစ်ကောင်ကြားမှ တိုက်ပွဲက ဆုံးဖြတ်သွားပေလိမ့်မည်။

ကျုချင်းသည် ရန်သူနှစ်ဦးနှင့် ရင်ဆိုင်နေရပါသော်ငြား အောက်စည်းသို့ရောက်နေခြင်း မရှိခဲ့ဘဲ ပြန်လည်တိုက်ခိုက်နေနိုင်ခဲ့သည်။ ကျိုဖုန်းအတွက်လည်း အတူတူပင်။ သူမသည် ရန်သူများအား ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ ရှောင်ရှားကာ တိုက်ခိုက်နေခဲ့လေသည်။ နဂါးကလန်သားနှစ်ဦးကို သူမတစ်ယောက်တည်း အနိုင်မယူနိုင်ပါသော်ငြား ထိုနဂါးနှစ်ကောင်မှာလည်း သူမအား ထိခိုက်အောင် မလုပ်နိုင်ပေ။ ကျုချင်း၏တိုက်ပွဲကဲ့သို့ပင် ကျိုဖုန်းနှင့် နဂါးနှစ်ကောင်ကြားမှတိုက်ပွဲတွင် မည်သူအနိုင်ရသွားမလဲဆိုသည်ကို အချိန်တိုအတွင်း ပြောရခက်လှပေသည်။

ကျုလဲ့၏တိုက်ပွဲမှာတော့ လက်ရည်ညီနေသည်ဟု ပြော၍ရသည်။ တစ်ဖက်နဂါးသည်လည်း ကျုလဲ့ကဲ့သို့ပင် အဆင့်ရှစ်နဂါးတစ်ကောင် ဖြစ်သည့်အတွက်ကြောင့် သူတို့၏တိုက်ပွဲမှာလည်း အချိန်တိုအတွင်း အနိုင်အရှုံးပေါ်မည့်ပုံ မပေါ်သေးချေ။

ဖုရှီသည် အစစ်အမှန်ဖီးနစ်အမွေအနှစ်ကို ပိုင်ဆိုင်ထားသော လျို့ယန်နှင့် ရင်ဆိုင်နေရသည့်တိုင် အဆင့်မြင့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော နဂါးတစ်ကောင် ဖြစ်သည့်အလျောက် လျို့ယန်အား ဖိအားပေးကာ တိုက်ခိုက်နိုင်နေခဲ့သည်။ လျို့ယန်မှာ ဖီးနစ်ကလန်၏အမွေအနှစ်ကို ရရှိထားပါသော်ငြား ထိုအမွေအနှစ်ကို ရထားသည်မှာ မကြာသေးချေ။ ထို့အတွက်ကြောင့် ဖီးနစ်ကလန်၏အမွေအနှစ်ကို ထိထိရောက်ရောက် အသုံးပြုနိုင်ခြင်း မရှိသေးပေ။ ထိုအကြောင်းကြောင့်ပင်လျှင် တိုက်ပွဲစပြီးပြီးချင်းမှာပင် ချက်ချင်း အောက်စည်းသို့ ရောက်သွားခဲ့ရလေသည်။

လက်ရှိအချိန်တွင် လျို့ယန်မှာ သူမကိုယ်သူမ ကာကွယ်နိုင်ရန်အတွက်သာ အတတ်နိုင်ဆုံး ကြိုးစားနေလေသည်။ သူမ၏ပြိုင်ဘက်ကို အနိုင်ယူရန် မကြိုးစားခဲ့ဘဲ တိုက်ပွဲကို တတ်နိုင်သမျှ အချိန်ဆွဲထားရင်း ရန်ကိုင်ထမ်းပိုးထားရသည့်ဖိအားကို လျှော့ချပေးရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။ ရန်ကိုင်၏လုံခြုံရေးကို စိတ်ပူနေသည့်အလျောက် လျို့ယန်မှာ တိုက်ပွဲအပေါ် အပြည့်အဝ အာရုံမစိုက်နိုင်လေရာ တစ်ခါတစ်ခါ ဒုက္ခလှလှနှင့် တွေ့သွားရပေသေးသည်။

အခြားသောတိုက်ပွဲများမှာ အနိုင်အရှုံးပေါ်လာမည့်ပုံ မပေါ်သေးပါသော်ငြား ရန်ကိုင်ရင်ဆိုင်နေရသည့်တိုက်ပွဲမှာတော့ အခြေအနေမဟန်ခဲ့ပေ။

နဂါးတစ်ကောင်အား အလစ်အငိုက်ချောင်းတိုက်ခိုက်ရာတွင် မအောင်မြင်သွားသည့်နောက်တွင် နဂါးခုနှစ်ကောင်သည် ရန်ကိုင်အား ဘက်ပေါင်းစုံမှဝိုင်းကာ တိုက်ခိုက်ကြတော့လေသည်။ ရန်ကိုင်အား အနားယူချိန် အနည်းငယ်မျှပင် မပေးခဲ့ပေ။

နဂါးများ၏ တိုက်ခိုက်မှုများကို တရစပ် စီးခံနေခဲ့ရလေရာ တစ်ခဏလေးအတွင်းမှာပင် ရန်ကိုင်၏ခန္ဓာကိုယ်ထက် ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ ထွက်ပေါ်လာရတော့သည်။ အချို့သောဒဏ်ရာများဆိုလျှင် အရိုးထိပင် နက်နေလေ၏။ နဂါးကြေးခွံများမှာလည်း သွေးများဖြင့် စိုရွှဲနေလေရာ ရန်ကိုင်၏ကိုယ်ပေါ်တွင် ရွှေရောင်အမှုန်များ ဖြူးထားလေသလားဟုပင် ထင်ရလေသည်။

ကံကောင်းစွာဖြင့် နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲသွားပြီးသည့်နောက်တွင် ရန်ကိုင်၏ရုပ်ခန္ဓာမှာ သိသိသာသာကို အားကောင်းလာခဲ့ရသည်။ ထိုသို့သာမဟုတ်ပါက နဂါးခုနှစ်ကောင်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ရန်ကိုင်မှာ ဆယ်ခါပြန်မက သေပြီးနေလောက်ပေပြီ။

သူ၏လေဟာနယ်တာအိုအပေါ် ကျွမ်းကျင်ထားမှုကြောင့်လည်း ယခုကဲ့သို့ သေကံမရောက်အသက်မပျောက်ဘဲ နဂါးခုနှစ်ကောင်၏ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ခဲ့သည်ဟု ပြော၍ရပေသည်။ သေရေးရှင်ရေးအခြေအနေနှင့် ကြုံလာရသော် ရန်ကိုင်သည် လေဟာနယ်ပညာရပ်ကို အသက်သွင်း၍ သေဘေးမှ ပွတ်ကာသီကာလေး ရှောင်ရှောင်ထွက်သွားခဲ့လေသည်။

ရန်ကိုင်၏ရွှေရောင်သွေးတို့ ပင်လယ်ပြင်ထဲသို့ တရစပ်ကို စီးကျနေခဲ့လေသည်။ မရေမတွက်နိုင်သော ပင်လယ်သားရဲများမှာ ရန်ကိုင်၏ ရွှေရောင်သွေးအနံ့ကိုရကာ သွေးများ ကျစီးနေရာ နေရာဆီသို့ သူ့ထက်ငါ အလုအယက် ကူးခတ်လာကုန်ကြလေ၏။ မကြာမီ ထိုနေရာတစ်ဝိုက်တွင် ပင်လယ်သားရဲများ၏တိုက်ပွဲ ဖြစ်ပေါ်လာတော့လေသည်။ ရှင်းရှင်းပြောရသော် နဂါးသွေးများသည် အလွန်ကိုမှ အဖိုးတန်လှသည်။ ပုံမှန်အခြေအနေမျိုးတွင် နဂါးသွေးတစ်စက်ကို ရဖို့ရာမှာ အလွန်ကိုမှ ခက်ခဲလှပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤပင်လယ်သားရဲများမှာ နဂါးကျွန်းတွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်လာလင့်ကစား နဂါးသွေးအရသာကို မြည်းစမ်းဖို့ရာ အခွင့်အရေး မရခဲ့ခြင်းပင်။

ယနေ့တွင်တော့ နဂါးသွေးများသည် ပင်လယ်ပြင်ထဲသို့ တောက်လျှောက်ကို စီးကျနေခဲ့လေရာ ပင်လယ်သားရဲများမှာလည်း ထိုအခွင့်အရေးကို မည်သည့်နည်းနှင့်မျှ လက်လွတ်ခံလိမ့်မည် မဟုတ်ချေ။

ကောင်းကင်ထက်တွင် ရန်ကိုင်သည် နဂါးခုနှစ်ကောင်နှင့် တိုက်ခိုက်နေစဉ် ပင်လယ်ထဲတွင်တော့ ပင်လယ်သားရဲများကြား တိုက်ပွဲဖြစ်နေခဲ့လေသည်။ လောကကြီးတစ်ခုလုံးမှာ စစ်မီးတောက်တို့၏ လောင်ကျွမ်းခြင်း ခံထားရသည့်အလား နေရာအနှံ့ တိုက်ပွဲပေါင်းစုံ ဖြစ်နေကြလေသည်။

တိုက်ပွဲချိန် ကြာလာသည်နှင့်အမျှ တိုက်ခိုက်ရာနေရာသည် ဖုချီနေသည့်ကျွန်းဆီမှ အခြားတစ်နေရာဆီသို့ တဖြည်းဖြည်း ရောက်ရှိသွားတော့လေသည်။ မကြာမီ ဖုချီ၏ကျွန်းသည် တိုက်ခိုက်နေကြသည့်သူများ၏ မြင်ကွင်းဆီမှ သေးသည်ထက်သေးကာ ပျောက်ကွယ်သွားတော့လေသည်။

“ငါတို့နဂါးကလန်ကို အရှက်ခွဲတဲ့အတွက် မင်း သေကိုသေရမယ်…” နဂါးတစ်ကောင်က အော်ပြောလိုက်လေသည်။

“ဟုတ်တယ်…” အခြားသောနဂါးများကလည်း ခေါင်းညိတ်ပြလိုက်လေ၏။ တစ်ချိန်တည်းတွင် အကုန်လုံးမှာ ဝိုင်းဝန်း၍ ဟိန်းဟောက်အော်ဟစ်လိုက်ကြလေသည်။ သို့ရာတွင် သူတို့၏အော်သံမှာ သာမန်အော်သံမျိုးမဟုတ်ဘဲ သူတို့၏အော်သံထဲတွင် နဂါးကလန်မှ လျှို့ဝှက်နည်းစနစ်တစ်ခုခုကို ထုတ်သုံးထားသည့်အရိပ်အယောင်များ ထွက်ပေါ်နေခဲ့လေသည်။ ထိုအော်သံများသည် မမြင်နိုင်သည့် စိတ်စွမ်းအင်လှိုင်းများအသွင်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်၏အသိစိတ်ပင်လယ်ကို လာရောက်ရိုက်ခတ်လေသည်။

အချိန်အတန်ကြာအောင် တိုက်ခိုက်လာပြီးသည့်နောက်တွင် ထိုနဂါးများမှာ ရန်ကိုင်အား ယခင်ကလောက် ကြောက်ရွံ့ခြင်း မရှိကြတော့ချေ။ တိုက်ပွဲမစခင်က ရန်ကိုင်သည် သူတို့ကလန်မှ အဆင့်ရှစ်နဂါးတစ်ကောင်အား ရက်ရက်စက်စက် လုပ်ပြသွားသည်ကို မြင်ပြီးသည့်နောက် အကုန်လုံးမှာ အမှန်တကယ်ကို ထိတ်လန့်သွားခဲ့ကြရသည်။ သို့သော်ငြား ယခုကဲ့သို့ တိုက်ခိုက်ကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူတို့ထင်ထားသလောက် အားကောင်းခြင်းမရှိကြောင်း သိလာရတော့လေသည်။ ရန်ကိုင်အနေဖြင့် ထိုအဆင့်ရှစ်နဂါးအား တစ်ချက်ကလေးမှပင် တုံ့ပြန်ချိန်မပေးဘဲ အထက်စည်းမှ တိုက်ခိုက်နိုင်ခဲ့ရခြင်းမှာ အလစ်ချောင်းတိုက်ခိုက်ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။

နဂါးခုနှစ်ကောင်၏ ပူးပေါင်းဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရသည့်အတွက် ရန်ကိုင်အနေဖြင့် ဂုဏ်တောင်ယူသင့်ပေသေးသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ့အဖို့ သေသွားရမည်ဆိုလျှင်ပင် နောင်တရနေစရာမလို။

ရန်ကိုင်ကမူ ပြုံးဖြီး၍သာ ပြန်ပြောလိုက်လေသည်။ “ဘယ်သူအသတ်ခံရမလဲဆိုတာ မသေချာသေးပါဘူး… သိပ်ပြီးတော့လည်း သွေးနားထင်ရောက်မနေနဲ့ဦး… မဟုတ်ရင် မင်းတို့ ကိုယ့်စကားအတိုင်း ကိုယ်ပြန်ဖြစ်နေမယ်…”

“မင်းရဲ့အရည်အချင်းလောက်နဲ့လား…” နဂါးတစ်ကောင်က ပြန်အော်ပြောလိုက်လေသည်။ “မင်းက ဒီလောက်သေချင်မှတော့လည်း ငါကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့…”

ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် နဂါးဟိန်းသံများနှင့်အတူ နဂါးခုနှစ်ကောင်သည် ရန်ကိုင်အား ဘက်ပေါင်းစုံမှ ခုန်အုပ်လာခဲ့လေသည်။ ဘေးပတ်ဝန်းကျင်တစ်ခွင်လုံးမှာလည်း နဂါးဖိအားတို့ဖြင့်သာ ပြည့်နေလေ၏။ မည်သည့်ဧကရာဇ်တတိယအဆင့်ပညာရှင်မဆို ဤမျှ အားကောင်းလှသော နဂါးခုနှစ်ကောင်၏ဖိအားကို ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်ရဲသည့်သတ္တိပင် ရှိတော့လိမ့်မည်မဟုတ်ချေ။

ရန်ကိုင်မှာ အားမနည်းပါသော်ငြား သူ့မျက်နှာထက်ရှိ ပြောင်ချော်ချော်အမူအယာမှာ ပျောက်ကွယ်သွားခဲ့ပြီး တမုဟုတ်ချည်း လေးနက်တည်ကြည်လာခဲ့လေသည်။ သူ့အနေဖြင့် ဝန်မခံချင်လျှင်ပင် ဝန်ခံရပေလိမ့်မည်။ သူတစ်ကိုယ်တည်းဖြင့် ဤနဂါးခုနှစ်ကောင်ကို လုံးဝ အနိုင်မယူနိုင်ချေ။ နဂါးကလန်သားများမှာ အမှန်တကယ်ကိုမှ ရင်ဆိုင်ရ ခက်လှလေ၏။

(ငါ လူထပ်လိုတယ်…) ထိုအတွေး သူ့စိတ်ထဲ ဖြတ်ပြေးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် နဂါးများ၏တိုက်ခိုက်မှုများကို ရှောင်ရှားရင်းမှ ကောင်းကင်စိတ်အာရုံဖြင့် တိုးတိုးတိတ်တိတ် ဆက်သွယ်လိုက်လေသည်။

ဖုလင်နှင့် နဂါးပြားသည် အတူပူးပေါင်း၍ ကျုချင်းအား တားဆီးထားကြသည်။ သို့သော်ငြား တိုက်ပွဲအနိုင်အရှုံးမှာ အချိန်တိုအတွင်း ပေါ်လာမည့်ပုံမပေါ်သေး။ ရုတ်တရက်ဆိုသလို ဖုလင်သည် တိုက်ခိုက်နေရင်းမှ ရပ်တန့်သွားခဲ့ပြီး နဂါးပြာအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းပြောလိုက်လေသည်။ ဖုလင်ပြောသည်ကို ကြားပြီးသည့်နောက်တွင် နဂါးပြာသည် ချက်ချင်းပဲ ကျုချင်းဆီသို့ ပြေးဝင်သွားလေ၏။

ထိုစဉ် ခရမ်းရောင်နဂါးအသွင်သို့ ပြောင်းထားသော ဖုလင်သည် နဂါးပြာပေါ်သို့ ရုတ်တရက်ပျံသန်းသွားပြီး နဂါးပြာ၏ဝမ်းဗိုက်နေရာကို ကုတ်ချလိုက်လေသည်။

နဂါးပြာ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားခဲ့ပြီး သူမ၏ သေကွင်းသေကွက်နေရာများ ဒဏ်ရာမရသွားအောင် ချက်ချင်း ရှောင်ရှားလိုက်လေသည်။ သို့သော်ငြား မကြာမီ သူမ၏ဝမ်းဗိုက်တစ်ခုလုံး စူးအောင့်လာသလို ခံစားလိုက်ရလေသည်။ တစ်ချိန်တည်းတွင် အားကောင်းလှသည့် အဆင့်ကိုးနဂါး၏ နဂါးဖိအားမှာ သူမခန္ဓာကိုယ်တစ်ခုလုံးအပေါ်သို့ တောင်တစ်လုံးနှယ် ပြိုဆင်းလာခဲ့လေရာ နဂါးပြာမှာ သူမ၏နဂါးစွမ်းအားကိုပင်လျှင် ကောင်းကောင်းမလှည့်ပတ်တော့နိုင် ဖြစ်သွားခဲ့ရလေသည်။ နာကျင်စွာ အော်ငြီးလိုက်ပြီးသည့်နောက်တွင် မီတာတစ်ရာ့ငါးဆယ်ခန့် ရှည်လျားသော သူမ၏ခန္ဓာကိုယ်ကြီးမှာ လျင်မြန်စွာ ကျုံ့ဝင်လာတော့လေ၏။

(သွေးမျိုးဆက်ဖိနှိပ်ခြင်း…) နဂါးပြာမှာ ကြောက်လည်းကြောက် ဇဝေဇဝါလည်း ဖြစ်သွားခဲ့ရသည်။ ဘာတွေဖြစ်လို့ဖြစ်နေမှန်း သူမ လုံးဝ နားမလည်တော့ချေ။ နောက်ဆုံး ဖုလင်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် တစ်ခုခုအား စဉ်းစားမိသွားကာ ထအော်လေ၏။ “ဖုလင်… နင်…”

လက်ရှိအချိန်တွင် ဖုလင်၏နဂါးလက်သည်းထဲ၌ အပြာရောင်နဂါးကြေးခွံတစ်ခု ရှိနေခဲ့လေသည်။ ထိုနဂါးကြေးခွံမှာ အခြားမဟုတ်။ နဂါးပြာ၏ နဂါးကြေးခွံသာ ဖြစ်လေသည်။ သာမန်နဂါးကြေးခွံသာဆိုလျှင်တော့ ကိစ္စမရှိချေ။ သို့သော်ငြား ဖုလင်ဆွဲခွာထားသည့် နဂါးကြေးခွံမှာ နဂါးကျောင်းတော်၏ကောင်းချီးကို ရရှိထားသည့် နဂါးကြေးခွံဖြစ်လေသည်။

ထိုအကြေးခွံ ဆွဲခွာခံလိုက်ရသည့်အတွက်ကြောင့်သာ နဂါးကျောင်းတော်၏ ကောင်းချီးပညာရပ် ပျက်ပြယ်သွားခဲ့ပြီး နဂါးပြာမှာ ကျုချင်း၏နဂါးဖိအားကို တောင့်မခံနိုင်တော့ခြင်း ဖြစ်လေသည်။

အကြေးခွံ ဆွဲခွာခံလိုက်ရပြီးသည့်နောက်တွင် နဂါးကျောင်းတော်၏ ကောင်းချီးပေးပညာရပ်မှာ အာနိသင် ပျက်ပြယ်သွားခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် နဂါးပြာမှာ ကျုချင်း၏ သွေးမျိုးဆက်ဖိနှိပ်ခြင်းကို မဟန့်တားနိုင်တော့ခြင်း ဖြစ်လေသည်။

သို့ရာတွင် ဖုလင် ရုတ်တရက်ကြီး ဘာကြောင့် သူမအား ယခုကဲ့သို့ တိုက်ခိုက်လာသလဲဆိုသည်ကို နဂါးပြာမှာ နားမလည်နိုင် ဖြစ်နေခဲ့ရလေသည်။ နဂါးပြာမှာ ဖုလင်အပေါ် မယုံသင်္ကာ မဖြစ်မိသည့်အတွက်ကြောင့်သာလျှင် ဖုလင်အနေဖြင့် သူမအား ယခုကဲ့သို့ အောင်အောင်မြင်မြင် အလစ်ချောင်းတိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

ကျုချင်းမှာလည်း ယခုကဲ့သို့ ဖြစ်လိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။ ဖုလင်မှာ နဂါးပြာအား အလစ်ချောင်းတိုက်ခိုက်နေစဉ်အတောအတွင်း ကျုချင်းသည် ဖုလင်ဆီသို့ ချဉ်းကပ်လာပြီး ဖုလင်၏ခန္ဓာကိုယ်ကို သူမ၏နဂါးခန္ဓာကိုယ်ဖြင့် တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်လေသည်။ ထို့နောက် နဂါးလက်သည်းဖြင့် ဖုလင်၏ခေါင်းကို ချိန်ရွယ်လိုက်လေရာ ဖုလင်၏ဒဏ်ရာများဆီမှ နဂါးသွေးများ စီးကျလာရတော့လေ၏။

“အစ်မချင်း… နေပါဦး…” ဖုလင်က ကြောက်လန့်တကြား ထအော်လေသည်။

သူမ၏ နဂါးခန္ဓာကိုယ်မှာ ကျုချင်း၏တစ်ဝက်စာလောက်ပင် မရှိပေ။ နဂါးပြာနှင့်အတူ ကျုချင်းအား ပူးပေါင်းတိုက်ခိုက်နေစဉ်က ထိုအချက်မှာ သိသာခြင်း မရှိခဲ့ပါသော်ငြား ယခု သူမတစ်ကိုယ်တည်း ကျုချင်းအား ရင်ဆိုင်ရချိန်တွင်တော့ ဖုလင်မှာ စတင်၍ ကြောက်ရွံ့လာတော့လေသည်။

လက်ရှိအခြေအနေအရ ကျုချင်းမှာ သူမအသက်ကို အချိန်မရွေး နှုတ်ယူသွားနိုင်ပေသည်။ သူမ၏သေခြင်းရှင်ခြင်းကို အခြားတစ်ဦးမှ ထိန်းချုပ်ထားသည့်ခံစားချက်မှာ အမှန်တကယ်ကို ကောင်းမွန်လှခြင်း မရှိပါသော်ငြား သူမတတ်နိုင်သည့်အရာလည်း ဘာမှရှိမနေခဲ့ပေ။

ကျုချင်းသည် နဂါးပြာအား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ဖုလင်ဘက်သို့ပြန်ကြည့်၍ မေးလိုက်လေသည်။ “နင် ဘာလို့ အဲ့လိုလုပ်လိုက်တာလဲ…”

ဖုလင် ဘာကြောင့် နဂါးပြာအား အလစ်ချောင်းတိုက်ခိုက်လိုက်သလဲဆိုသည်ကို သူမ နားမလည်ပေ။ တကယ်တော့ သူမနှင့် ဖုလင်မှာ ရင်းနှီးကြသည့်လူများမှ မဟုတ်လေပဲ။

“ကျွန်မက ခဲအိုရဲ့လူပဲ…” ဖုလင်က အလျင်စလို ရှင်းပြလိုက်သည်။

“ခဲအို…”

“ရန်ကိုင်… အစ်ကိုရန်ကိုပြောတာ…”

“ဘာ…” ရုတ်တရက်ဆိုသလို ကျုချင်း၏မျက်လုံးထဲ သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ဖုလင် အံ့အားသင့်သွားခဲ့လေ၏။ သို့သော်ငြား ပြဿနာကို နားလည်သွားသည်နှင့်တစ်ပြိုင်နက် အလျင်စလို ပြန်ပြောလိုက်သည်။ “ခဲအိုက ကျွန်မရဲ့အသိစိတ်ပင်လယ်ထဲမှာ ဝိဉာဉ်အမှတ်အသားတစ်ခု ခတ်နှိပ်ထားတာ… ဒါကြောင့်ပဲ သူ့အမိန့်တွေကို နာခံနေရတာ…”

ကျုချင်း ဘာကြောင့် သူမအား သတ်ချင်စိတ်ဖြစ်လာသလဲဆိုသည်ကို နားလည်ပေသည်။ ဖုလင်ပြောသွားသည့်အထဲတွင် သူမသည် ရန်ကိုင်၏လူဖြစ်သည်ဟု ပြောခဲ့သည်။ ကျုချင်းမှာ သူမ၏စကားကို အထင်လွဲသွားခဲ့ခြင်းသာ ဖြစ်လေ၏။

“သူက နင့်အသိစိတ်ပင်လယ်ထဲမှာ ဝိဉာဉ်အမှတ်အသားတစ်ခု ခတ်နှိပ်ထားတယ်…” ကျုချင်း မယုံကြည်နိုင် ဖြစ်သွားခဲ့လေသည်။ ယခုမှသာလျှင် ဖုလင် ဘာကြောင့် သူမအား ကူညီရသလဲဆိုသည်ကို ချက်ချင်း နားလည်သွားတော့သည်။

ဖုလင်က အလျင်စလို ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… သူ အခုပဲ ကျွန်မကို လှုပ်ရှားဖို့ အမိန့်ပေးလိုက်တာ…”

“ငါသိပြီ…” ကျုချင်းသည် သူမ၏နဂါးလက်သည်းကို ပြန်ရုတ်သိမ်းလိုက်ပြီး နဂါးပြာအား ကြည့်လိုက်သည်။ လက်ရှိအချိန်တွင်တော့ နဂါးပြာအား လူအသွင်သို့ ပြန်ပြောင်းနေလေပြီ။ အဆင့်ကိုးနဂါးတစ်ကောင်၏ သွေးမျိုးဆက်ဖိနှိပ်မှုအောက်တွင် သူမ၏ နဂါးအသွင်ကို ဆက်ထိန်းထားလည်း အပိုပင်။ ထို့အတွက်ကြောင့် အားမကုန်စေရန်အတွက် လူအသွင်သို့သာ ပြန်ပြောင်းရန် ဆုံးဖြတ်ထားလိုက်သည်။

သူမ၏ ဝမ်းဗိုက်နေရာတွင်တော့ သွေးများ ယိုစီးကျနေသည့် ဒဏ်ရာကြီးတစ်ခု ရှိနေခဲ့လေသည်။ လက်ရှိအချိန်တွင် နဂါးပြာမှာ သူမ၏ဝမ်းဗိုက်နေရာရှိ ဒဏ်ရာကို လက်ဖြင့်ဖိထားရင်းမှ ဖုလင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့သည်။

ယခုကဲ့သို့ ကိုယ်ယုံကြည်ရသည့်လူ၏ နောက်ကျောမှ ဓါးဖြင့်ထိုးခြင်းခံရသည့် မည်သူမဆို ဒေါသထွက်မိမည်မှာ သဘာဝသာ ဖြစ်လေသည်။ သို့သော်ငြား ဖုလင်ရှင်းပြသည်ကို ကြားပြီးသည့်နောက် ဖုလင်တွင်လည်း ရွေးချယ်စရာမရှိကြောင်း သဘောပေါက်သွားရသည်။ ထိုသို့ပင်ဖြစ်လင့်ကစား အသိစိတ်ပင်လယ်ထဲတွင်ပင် လူသားတစ်ဦး၏ ဝိဉာဉ်အမှတ်အသား ခတ်နှိပ်ခြင်းခံရသည့် နဂါးတစ်ကောင်၏ဘဝမှာ အမှန်တကယ်ကိုမှ ရှက်စရာကောင်းလှပေသည်။ ထို့အတွက်ကြောင့် နဂါးပြာမှာ ဖုလင်အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်နေလိုက်လေ၏။

“အစ်မချင်း… ခဲအို အခု အကူအညီလိုနေတယ်…” ဖုလင်သည် ကျုချင်းအား ကြည့်လိုက်သည်။

“သူ့ကို ခဲအိုလို့မခေါ်နဲ့… ပြီးတော့ ကျုလဲ့ကလည်း နင့်ကိုလက်ထပ်မှာမဟုတ်ဘူး…” ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျုချင်းသည် ချက်ချင်း ရန်ကိုင်ရှိရာဆီသို့ ပျံသန်းသွားတော့လေသည်။

ဖုလင် မည်ကဲ့သို့သောမိန်းမစားမှန်း ကျုချင်း သိပြီးသားပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ကျုလဲ့အား ဖုလင်နှင့် လက်မထပ်စေလိုပင်။

“ငါတောင်းပန်ပါတယ်…” ဖုလင်သည် နဂါးပြာအား ရှက်ရှက်ဖြင့် ကြည့်ပြီးသည့်နောက် တောင်းပန်လိုက်လေသည်။

“ဟမ့်… တောင်းပန်မယ့်စကားကို နင့်ဘာသာနင်ပဲ သိမ်းထားလိုက်… ဒုတိယအကြီးအကဲနဲ့တွေ့တော့မှပဲ နင်ဘယ်လိုတောင်းပန်မလဲ ငါကြည့်ချင်သေးတယ်…” နဂါးပြာက ပြန်ပြောလိုက်လေသည်။

ထိုစကားကို ကြားလိုက်သည့်အခိုက် ဖုလင်၏မျက်လုံးထဲ ကြောက်ရွံ့ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော်ငြား သူမ ပြန်ပြောနိုင်သည့်အရာ ဘာမှရှိမနေသည့်အတွက်ကြောင့် ကျုချင်းနောက်သို့သာ အမြန် ပြေးလိုက်သွားခဲ့လေသည်။

ကျုချင်းမှာလည်း ရန်ကိုင်ကို စိတ်ပူနေသည့်အတွက် အရှိန်ကုန်တင်ကာ ပျံသန်းနေလေသည်။ သူမပျံသန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင် မီးတောက်များ တောက်လောင်နေသည့် အနီရောင်အလင်းတန်းကြီးတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

ဖုလင်မှာ ကျုချင်းနောက်မှ အမြန်လိုက်သွားခဲ့ပါသော်ငြား ကျုချင်းနှင့်အမီလိုက်နိုင်ဖို့ရာ အတော်လေးကိုမှ ကြိုးစားနေခဲ့ရသည်။

ရန်ကိုင်သည် ကျုချင်းအား သူ့ကိုကူညီရန်သာ အမိန့်ပေးခဲ့ခြင်းမဟုတ်။ အခြားသောအမိန့်များကိုလည်း ပေးခဲ့ပေသေးသည်။ သူအမိန့်ပေးခဲ့သည်မှာတော့ အခြားသောနဂါးကလန်သားများကို တစ်ကောင်ပြီးတစ်ကောင် လိုက်လံရှင်းပစ်ရန်သာ ဖြစ်ပေသည်။

လက်ရှိအချိန်တွင် နဂါးကလန်သားများ၏ အားသာချက်မှာ အရေအတွက်သာနေခြင်းပင်။ သို့သော်ငြား ရန်ကိုင်သည်သာ ကျုလဲ့၊ ကျိုဖုန်းနှင့် လျို့ယန်တို့ဆီမှ အကူအညီကို ရလိုက်မည်ဆိုပါက ရန်ကိုင်ဘက်တွင် လူခြောက်ယောက်ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်နောက်တွင် ရန်ကိုင်အနေဖြင့် သူ့အား ဝိုင်းဝန်းတိုက်ခိုက်နေသော နဂါးခုနှစ်ကောင်ကို အနိုင်ယူဖို့ရာ အဆင်ပြေသွားလေပြီ။

ကံမကောင်းစွာဖြင့် ဖုလင်မှ မရှင်းပြရသေးခင်မှာပင် ကျုချင်းမှာ ချက်ချင်း ပြေးထွက်သွားခဲ့လေသည်။ သို့သော်ငြား ကျုချင်းကိုလည်း အမီမလိုက်နိုင်သည့်အတွက်ကြောင့် ဖုလင်ခမျာ ရန်ကိုင်များ သူမအား ဆူပူလေမလားတွေးရင်း စိုးရိမ်စိတ် ဝင်နေရလေသည်။

ရန်ကိုင်တိုက်ပွဲဖြစ်သည့်နေရာသည် ကျုချင်းတိုက်ပွဲဖြစ်နေသည့်နေရာနှင့် သိပ်မဝေးလှ။ ထို့အတွက်ကြောင့် တစ်ခဏကြာပြီးသည့်နောက် တိုက်ပွဲဖြစ်နေရာဆီသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်၏ လက်ရှိအခြေအနေကိုမြင်သော် ကျုချင်းမှာ ဒေါသူပုန်ထသွားခဲ့လေသည်။

လက်ရှိအချိန်တွင် နဂါးခုနှစ်ကောင်သည် လူရမ်းကားများနှယ် ရန်ကိုင်အား ဝိုင်းဝန်းတိုက်ခိုက်နေကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၀၆၅)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်သည် အဆက်မပြတ်ခုခံရင်းမှ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေခဲ့ပါသော်ငြား အဆုံးတွင်တော့ သူသည် တစ်ဦးတည်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် နဂါးခုနှစ်ကောင်ပေါင်း၏ တိုက်ခိုက်မှုအောက်တွင် လုံးဝကို ကူကယ်ရာမဲ့နေခဲ့ရသည်။

ထိုအချင်းအရာကိုမြင်သော် ကျုချင်းသည် သူမ၏ပါးစပ်ကိုဟလျက် နဂါးမီးတောက်ကို နဂါးခုနှစ်ကောင်ဆီသို့ မှုတ်ထုတ်လိုက်လေသည်။

ရန်ကိုင်နှင့် နဂါးခုနှစ်ကောင်စလုံး ကျုချင်းဘက်သို့ လှည့်ကြည့်လာကြသည်။ ကျုချင်းရောက်နေကြောင်းကို တွေ့ရှိလိုက်ရသောနဂါးများသည် ပျာယာခတ်သွားကုန်ကြလေသည်။

သူမမှုတ်ထုတ်လိုက်သည့်နဂါးမီးတောက်သည် ရန်ကိုင်အား အခက်အခဲကြားမှ ယာယီလွတ်မြောက်သွားစေခဲ့လေသည်။ ထို့နောက်တွင် ကျုချင်းသည် ရန်ကိုင်ဘေးနားသို့ ချက်ချင်း ပျံသန်းသွားခဲ့ပြီး နဂါးခုနှစ်ကောင်ကို ရန်ကိုင်နှင့်အတူတိုက်ခိုက်ရန် ပြင်လိုက်လေသည်။

နဂါးခုနှစ်ကောင်သည် အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် ချက်ချင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေ၏။

နဂါးနှစ်ကောင်သည် ကျုချင်းဆီသို့ ပြေးဝင်သွားပြီး သူမလမ်းကို ပိတ်လိုက်လေသည်။ ချက်ချင်းဆိုသလို နဂါးသုံးကောင်ကြားမှတိုက်ပွဲမှာ စတင်လာတော့ပြန်လေသည်။

“ဘေးဖယ်စမ်း…” ကျုချင်းက ထအော်လေသည်။

နဂါးနှစ်ကောင်ကမူ ဘေးမဖယ်ပဲ တစ်ကောင်က ပြန်၍ပြောလိုက်သည်။ “ကျုချင်း… နင် ကိုယ့်အနာဂတ်ကိုယ် မဖျက်ဆီးချင်စမ်းနဲ့… နင် အခု အဆင့်ကိုးနဂါးတစ်ကောင်ဖြစ်နေပြီ… အကုန်လုံးသာ အဆင်ပြေပြေနဲ့ပြီးသွားရင် မကြာခင် နင်က နဂါးကလန်ရဲ့ ငါးယောက်မြောက်အကြီးအကဲ ဖြစ်လာတော့မှာ… ရေတိုကိုတွေးနေမယ့်အစား အနာဂတ်ကို နင် သေချာတွေးသင့်တယ်…”

ကျုချင်းက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ငါက နဂါးတစ်ကောင်ဆိုပေမယ့် မိန်းမတစ်ယောက်လည်းဟုတ်တယ်… နင်တို့ ဘာအနာဂတ်အကြောင်းတွေ လာပြောနေတာလဲ… ငါသိတာတော့ နင်တို့ ငါ့လူကို ထိခိုက်အောင်လုပ်နေတယ်ဆိုတာပဲ…”

နဂါးကလန်သားက ပြန်၍ပြောလိုက်လေသည်။ “နင့်စကားနင်သတိထား… သူက အဆင့်နိမ့်လူသားတစ်ယောက်ပဲ… နဂါးကလန်ကို အရှက်ရအောင် လာလုပ်မနေနဲ့…”

အခြားသောနဂါးတစ်ကောင်ကလည်း အလျင်စလို ဝင်ပြောလိုက်လေသည်။ “ကျုချင်း… လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက ဘာဖြစ်သွားတယ်ဆိုတာကို နင်မမှတ်မိတော့တာလား… သူလည်း နင့်လောက်ပဲအားကောင်းတာနော်… ဒါပေမယ့် သူ အခု ဘယ်လိုအဆုံးသတ်သွားလဲ ကြည့်… နင် သူ့လိုဖြစ်ချင်နေတာလား…”

ကျုချင်းက ပမာမခန့်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “အဲ့တုန်းကတော့ သူ ဘာဖြစ်လို့ ဒီလောက်ခေါင်းမာနေမှန်း ငါမသိခဲ့ဘူး… ဒါပေမယ့် အခုတော့ နားလည်သွားပြီ… ငါ့ကိုသာ အခွင့်အရေးနောက်တစ်ကြိမ် ပြန်ပေးမယ်ဆိုရင် အဲ့အချိန်က သူ့ကိုဆန့်ကျင်မယ့်အစား သူနဲ့ပေါင်းပြီးတော့ပဲ ပြန်တိုက်ခိုက်မှာ…”

“နင်က တကယ်ကို ခေါင်းမာတာပဲ…”

“နင် ဒီအတိုင်းသွားနေရင် နဂါးသင်္ချိုင်းထဲ အကျဉ်းချခံရမှာနော်… ကျုချင်း… အခုချက်ချင်း ရပ်လိုက်စမ်း…”

ကျုချင်းနှင့်နဂါးနှစ်ကောင် အချင်းများနေစဉ် ဖုလင် ရောက်လာခဲ့လေသည်။ သို့သော်ငြား ထိုနေရာသို့ ရောက်ရောက်ချင်းမှာပင် ဖုလင်မှာ လူနှစ်ဦး၏ ဆူပူပြစ်တင်ခြင်းကို ခံလိုက်ရလေ၏။ “အသုံးမဝင်လိုက်တာ…”

ဆူပူလိုက်သည့်လူတစ်ဦးမှာတော့ နဂါးတစ်ကောင်ဖြစ်ပေသည်။ ဖုလင်သည် နဂါးပြာနှင့်အတူ ပူးပေါင်းခဲ့သည့်တိုင် ကျုချင်းအား ဘာကြောင့် မတားဆီးနိုင်ခဲ့သလဲဆိုသည်ကို နားမလည်ခဲ့ကြပေ။ သို့သော်ငြား လက်ရှိအခြေအနေကို ကြည့်ရသလောက် နဂါးပြာမှာ ဒဏ်ရာရသွားသည့်ပုံပင်။ ထိုကြောင့်သာမဟုတ်ပါက ကျုချင်းနောက်သို့ ဖုလင်တစ်ဦးတည်း လိုက်လာခဲ့လိမ့်မည်မဟုတ်ပေ။

ရှင်းရှင်းပြောရသော် ဖုလင်နှင့် နဂါးပြာသည် အတူတကွ ပူးပေါင်းထားသလို နဂါးကျောင်းတော်၏ ကောင်းချီးကိုလည်း ရရှိထားသည့်အတွက်ကြောင့် ကျုချင်းအား ထိန်းထားနိုင်သင့်ပေသည်။ သို့သော်ငြား တကယ့်တကယ်တွင်တော့ ကျုချင်းအား ခဏလောက်သာ ထိန်းထားနိုင်ခဲ့ပြီးသည့်နောက် ကျုချင်းမှာ သူတို့နှစ်ယောက်၏ ပူးပေါင်းတားဆီးမှုမှ ရုန်းထွက်လာနိုင်ခဲ့ကာ ဤနေရာသို့ အရောက်လာနိုင်ခဲ့လေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် နဂါးခုနှစ်ကောင်မှာလည်း လူခွဲ၍ ကျုချင်းအား ဝင်တားရတော့လေသည်။

ဖုလင်အား အပြစ်တင်လိုက်သည့် အခြားလူတစ်ဦးမှာတော့ အခြားမဟုတ် ရန်ကိုင်သာ ဖြစ်လေသည်။ ဖုလင်သည် သူပေးသည့် ရိုးစင်းလှသည့် တာဝန်လေးကိုပင် ပြီးအောင်မလုပ်နိုင်ဘဲ နေလိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိခဲ့ပေ။ သူမသည်သာ ရန်ကိုင်ပြောသည့်အတိုင်း သေသေချာချာ လုပ်လိုက်မည်ဆိုလျှင် ရန်ကိုင်တို့အနေဖြင့် ဤတိုက်ပွဲကို အသာစီးရသွားနိုင်ပေလိမ့်မည်။

သို့သော်ငြား ကျုချင်းသည် အခြားလူများကို သွားမကူညီခဲ့ဘဲ ဤနေရာသို့သာ တန်းလာခဲ့သည့်အတွက်ကြောင့် ဖုလင်သည် သူပေးသည့်တာဝန်ကို အောင်မြင်အောင်မလုပ်နိုင်မှန်း ရန်ကိုင် သိသွားခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ ဖုလင်အား အသုံးမကျဟု အော်ပြောလိုက်ခြင်းသာ ဖြစ်လေသည်။

ဖုလင်မှာလည်း ရှက်ရှက်ဖြင့် ဘာဆက်လုပ်လို့လုပ်ရမှန်းမသိ ဖြစ်ကာ လေထဲတွင်သာ ဝဲနေတော့လေသည်။

“သွားကူညီပေးလိုက်တော့…” ကျုချင်းနှင့်တိုက်ခိုက်နေသည့် နဂါးတစ်ကောင်က ဖုလင်အား အော်ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် ဖုလင်လည်း ရွေးချယ်စရာမရှိတော့ဘဲ ရန်ကိုင်တို့ဆီသို့ ပျံသန်းသွားရလေသည်။ ဖုလင်ကိုမြင်သော် အခြားသောနဂါးငါးကောင်က နှာခေါင်းရှုံ့လိုက်လေသည်။ မူလက ခုနှစ်ယောက်ပေါင်းကာ ရန်ကိုင်အား အထက်စည်းမှ ဖိအားပေး တိုက်ခိုက်နိုင်ခဲ့လေသည်။ ယခု ကျုချင်းရောက်လာသည့်အတွက်ကြောင့် လူနှစ်ယောက်လျော့သွားခဲ့ရသည့်တိုင် ဖုလင်မှာ ပြန်ရောက်လာသည့်အတွက်ကြောင့် ခုနှစ်ယောက်တွင် တစ်ယောက်သာလျော့သွားသည်ဟု ပြော၍ရသည်။ ထို့အတွက်ကြောင့် သူတို့နဂါးခြောက်ကောင်၏စွမ်းအားမှာ ခုနှစ်ယောက်ပေါင်းစွမ်းအားနှင့် ဘာမှတော့ သိပ်ကွာလိမ့်မည်မဟုတ်ချေ။

လက်ရှိအချိန်တွင် သူတို့အားလုံးမှာ ရန်ကိုင်၏စွမ်းရည်များကို သိသွားခဲ့ရလေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်အနေဖြင့် ဤတိုက်ပွဲကို နိုင်နိုင်ဖို့ရာ မဖြစ်နိုင်တော့ချေ။ သူတို့၏အကြံမှာတော့ ရန်ကိုင်အား တဖြည်းဖြည်းချင်း မောပန်းလာအောင် အချိန်ဆွဲနေရန်သာ ဖြစ်လေသည်။ နောက်ဆုံး ရန်ကိုင် ကောင်းကောင်းမွန်မွန်မတိုက်ခိုက်နိုင်တော့သည့် အခါမှသာလျှင် ဤတိုက်ပွဲကို အပြတ်ဖြတ်ပေမည်။

ထိုကဲ့သို့တွေးရင်း နဂါးများသည် ရန်ကိုင်အား လှောင်ပြောင်ထေ့ငေါ့လိုသည့် အမူအယာများဖြင့် စိုက်ကြည့်လိုက်ကြလေသည်။ (သူ့ကိုယ်သူ ဘာထင်နေတာလဲ… နဂါးကျွန်းများမှာ လာပြဿနာရှာရဲတယ်… ဒီနေရာ ဘာနေရာမှန်း မသိတာလား… မင်းတော့ သေပြီသာ မှတ်ပေတော့…)

“တစ်ယောက်ကိုရွေးလိုက်…” နဂါးများမှ ရန်ကိုင်အား စိတ်ထဲမှနေ၍ ကြိတ်ကာ လှောင်ပြောင်နေစဉ် ရန်ကိုင်သည် ဖုလင်ကိုကြည့်၍ ပြောလိုက်လေသည်။

ရန်ကိုင်စကားကြောင့် နဂါးများ ကြောင်သွားလေသည်။ (ဒီကောင် ဘာပြောလိုက်တာလဲ… တစ်ယောက်ကိုရွေး… ဘာတစ်ယောက်ကိုရွေးရမှာလဲ…)

ဖုလင်၏မျက်လုံးထဲ တွေဝေတုံ့ဆိုင်းနေသည့်အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။ “ငါ့အမိန့်ကိုမနာခံရင် ငါ နင့်ကို သတ်ပစ်မှာနော်…”

ထိုစကားကိုကြားသည့်အခါ မီတာတစ်ရာခန့် အလျားရှိသော ဖုလင်၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ ထို့နောက်တွင် အနည်းငယ်မျှပင် ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ သူမ၏ပါးစပ်ကိုဟ၍ ခရမ်းရောင်အလင်းတန်းတစ်ခုကို နဂါးတစ်ကောင်ဆီသို့ ပစ်လွှတ်လိုက်လေ၏။

ထိုနဂါးမှာ ဖုလင်ကဲ့သို့ပင် မီတာတစ်ရာခန့် အလျားလောက်သာ ရှိပေသည်။ လက်ရှိအချိန်တွင် ထိုနဂါးသည် ရန်ကိုင်အပေါ် အပြည့်အဝ အာရုံစိုက်နေပြီး ဖုလင်သည် သူ့အား ယခုကဲ့သို့ တိုက်ခိုက်လာမည်မှန်း ကြိုမသိထားခဲ့သဖြင့် ဖုလင်၏ ခရမ်းရောင်အလင်းတန်းကို ရှောင်ရှားနိုင်ခဲ့ခြင်း မရှိပေ။ ခရမ်းရောင်အလင်းတန်း၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ထိုနဂါးမှာ ဓာတ်လိုက်ခံလိုက်ရသည့်နှယ် တဆတ်ဆတ်တုန်ရီရင်း နာကျင်စွာ ထအော်တော့လေသည်။

“ဖုလင်… နင် ဘာဖြစ်နေတာလဲ…” နဂါးတစ်ကောင်က ရုတ်တရက်ထအော်လေသည်။

ယခုဖြစ်သွားသည့်ကိစ္စမှာ အလွန်ကိုမှ ထူးဆန်းလှပေသည်။ နဂါးကလန်သားတစ်ဦး ဖြစ်ပါသော်ငြား ဖုလင်မှာ ရန်ကိုင်ကိုမတိုက်ခိုက်ဘဲ ဘာကြောင့် ကိုယ့်ကလန်သားကို ပြန်လည်တိုက်ခိုက်နေရလေသနည်း။ ကျုလဲ့နှင့် ကျုချင်းတို့မှာ မောင်နှမများ ဖြစ်ကြသည့်အတွက်ကြောင့် ကျုလဲ့ ကျုချင်းဘက်မှပါသည်မှာ နားလည်၍ ရပေသေးသည်။ သို့သော်ငြား ဖုလင်မှာလည်း ဘာအကြောင်းကြောင့် ရန်ကိုင်ဘက်မှ ပါနေရလေသနည်း။

သူမမှားနေမှန်း သိထားသည့်အလျောက် ဖုလင်မှာ ဘာဆိုဘာမှ ပြန်ပြောမနေခဲ့ဘဲ အစောပိုင်းက သူမတိုက်ခိုက်လိုက်သည့် နဂါးဆီသို့သာ ပြေးဝင်သွားခဲ့လေသည်။

သူမ၏ပြိုင်ဘက်မှာလည်း ဒေါသထွက်ထွက်နှင့် ဖုလင်အား ထိပ်တိုက်ရင်ဆိုင်တော့လေ၏။ ချက်ချင်းဆိုသလို ဖုလင်နှင့် မီတာတစ်ရာခန့်အလျားရှိသောနဂါးတို့ကြားမှ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

“မင်း ဖုလင်ကို ဘာလုပ်ထားတာလဲ…” နဂါးများမှာ အရူးမဟုတ်ကြ။ လက်ရှိဖုလင်၏ ပုံမှန်မဟုတ်သည့် အပြုအမူကိုမြင်သော် တစ်ခုခုထူးခြားနေမှန်း သတိပြုမိသွားခဲ့ပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လာကြလေသည်။

ရန်ကိုင်သည် ယဲ့ယဲ့လေးရယ်သွမ်းသွေးရင်းမှ မျက်နှာထက်တွင် ပေကျံနေသော သွေးများကိုသုတ်လျက် လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်လေသည်။ “မှန်းကြည့်လေ…”

ထိုစကားကိုကြားသော် နဂါးများ၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ အခြေအနေမှာ တဖြည်းဖြည်းနှင့် သူတို့ထိန်းချုပ်နိုင်သည့် ဘောင်အပြင်ဘက်သို့ ရောက်လာနေပြီမှန်း သဘောပေါက်လိုက်ကြလေသည်။ မူလက နဂါးခုနှစ်ကောင်နှင့် ရန်ကိုင်အား ရင်ဆိုင်ခဲ့ရာတွင် သူတို့အဖို့ အတော်လေးကိုမှ အဆင်ပြေခဲ့ရသည်။ ထိုနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် အနှေးနှင့်အမြန်ဆိုသလို ရန်ကိုင်အား ဖိနှိပ်နိုင်ပေလိမ့်မည်။ သို့သော်ငြား ကျုချင်းရောက်လာသည့်အတွက်ကြောင့် နဂါးနှစ်ကောင်မှာ လူခွဲ၍ ကျုချင်းအား သွားတားခဲ့ရလေသည်။ ယခုဆိုလျှင် ဖုလင်သည်ပါ ရန်ကိုင်ဘက် ပါနေသည့်အတွက်ကြောင့် နောက်တစ်ယောက် ထပ်ထွက်သွားရလေရာ လက်ရှိတွင် သူတို့အဖွဲ့ထဲ၌ နဂါးလေးကောင်သာ ကျန်ရစ်တော့လေသည်။

ဤပမာဏသည် မူလရှိခဲ့သည့် အရေအတွက်၏ တစ်ဝက်မျှလောက်သာ ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် နဂါးများ စတင် စိတ်ပူလာရခြင်း ဖြစ်ပေသည်။ ရန်ကိုင် မည်ကဲ့သို့သောစွမ်းရည်များကို ပိုင်ဆိုင်ထားကြောင်း သူတို့ ကောင်းကောင်းမြည်းစမ်းထားပြီလေပြီ။ မူလက လူအရေအတွက် ပိုများသည့်အတွက်ကြောင့် ရန်ကိုင်၏နည်းစနစ်များကို ထိထိရောက်ရောက် ဟန့်တားနိုင်ခဲ့ပါသော်ငြား လက်ရှိအချိန်တွင်တော့ လူလေးဦးသာ ကျန်ရစ်တော့လေရာ သူတို့၏ ပူးပေါင်းလုပ်ဆောင်မှုမှာ ယခင်ကလောက် ထိရောက်တော့လိမ့်မည်မဟုတ်ပေ။

ရန်ကိုင်သည်သာ နဂါးကျောင်းတော်၏ ကောင်းချီးပညာရပ်များ ဖျက်ဆီးနိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့မည်ဆိုလျှင် သူတို့နဂါးကလန် ယနေ့တိုက်ပွဲကို ရှုံးနိမ့်သွားရပေတော့မည်။ မည်သည့်နဂါးမှ ဤကဲ့သို့သောရလဒ်မျိုးကို လက်မခံနိုင်ကြချေ။

ထိုအကြောင်းကြောင့်ပင်လျှင် နဂါးများမှာ သတိကို ကြီးကြီးထားရင်းမှ ယခင်ကကဲ့သို့ မဆင်မခြင် မလှုပ်ရှားရဲကြတော့ချေ။ အကြည့်ချင်းဖလှယ်ရင်းဖြင့်သာ သူတို့ဘာသာသူတို့ တိတ်တဆိတ် တီးတိုးဆွေးနွေးနေကြလေသည်။

သို့သော်ငြား ရန်ကိုင်ကမူ နဂါးများအား ထိုကဲ့သို့သောအခွင့်အရေးမျိုး ပေးမည်လား။ အနည်းငယ်မျှပင်လျှင် တုံ့ဆိုင်းနေခြင်းမရှိဘဲ နဂါးလေးကောင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝလှပြီး လူသူအရောက်အပေါက်မရှိသည့် နဂါးကျွန်းတစ်ခုပေါ်တွင် မျက်နှာဖြူဖတ်ဖြူလျော်ဖြစ်နေသော ဖုချီမှာ တင်ပလင်ခွေထိုင်ရင်း နဂါးစွမ်းအားကို လှည့်ပတ်ထားခဲ့လေသည်။

ရန်ကိုင်ဆွဲဖြုတ်ခဲ့သောလက်နှစ်ဖက်ကို ဖုချီအနေဖြင့် ပြန်ဆက်ပြီးသွားခဲ့ပြီ ဖြစ်ပါသော်ငြား သူ၏အထွဋ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက်မူ တစ်နှစ်နှစ်နှစ်ခန့် အချိန်ယူရပေလိမ့်ဦးမည်။

လက်ရှိအချိန်တွင် ဖုချီမှာ နာကျင်မှုကြောင့်လား အခြားတစ်ခုခုကြောင့်လား မသိရ မျက်နှာကြီးကို ရှုံ့မဲ့လျက် အံကြိတ်ကာ တစ်စုံတစ်ဦးအား ကြိတ်ကာ ကျိန်ဆဲနေသည်။ “ခွေးမ… မိန်းမပျက်မ…”

ယနေ့တွင် နဂါးကလန်မှ အရှက်ကွဲခဲ့ရပါသော်ငြား ဖုချီခံစားခဲ့ရသည်နှင့် ယှဉ်လိုက်သော် နဂါးကလန် အရှက်ကွဲသည်မှာ ဘာဆိုဘာမျှ မပြေပလောက်သေးပေ။

ဖုချီမှာ သူ့မင်္ဂလာပွဲနေ့တွင် သတို့သမီးလုယူခြင်း ခံလိုက်ရသည်။ ထို့အပြင် သူ့အချစ်ပြိုင်ဘက်၏ ဖမ်းဆီးခြင်းကိုလည်း ခံခဲ့ရသေးသည်။ ထိုလူသားသည် သူ့လက်နှစ်ဖက်ကိုပင် ဖျက်ပစ်ခဲ့ပြီး ပထမအကြီးအကဲမှ အချိန်မီ ဝင်ကယ်ပေးခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက လက်ရှိအချိန်တွင် ဖုချီ တမလွန်ဘဝသို့ ရောက်နေလောက်ပေပြီ။

ထိုအကြောင်းကို ပြန်စဉ်းစားလိုက်တိုင်း ဖုချီ၏ရင်ထဲ တနုံ့နုံ့ဖြစ်လာရလေသည်။

ယနေ့ပြီးသည့်နောက်တွင် သူ့ဂုဏ်သတင်းမှာ လုံးဝကို ရေစုန်မျောသွားပြီမှန်း ဖုချီ သိနေလေသည်။ နောက်နောင် သူ့အနေဖြင့် မည်သည့်မျက်နှာဖြင့်များ သူ့ကလန်သားများကို သွားရောက်ရင်ဆိုင်ရပါတော့မည်နည်း။ သူ့ကိုမြင်လိုက်သည့်အခိုက် သူ့ကလန်သားများ ဖြစ်သွားမည့်မျက်နှာကို စဉ်းစားကြည့်မိလိုက်သော် ဖုချီရင်ထဲ အလွန်ကိုမှ ဒေါသထွက်လာရပြန်လေသည်။

အလွန်ကိုမှ ဒေါသူပုန်ထနေသည့်အတွက်ကြောင့် နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ သွေးတစ်ပွက် ထိုးအန်ချလိုက်ရလေ၏။

လက်ရှိအချိန်တွင် သူ့စိတ်ထဲ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ပုံရိပ်များသာ ထပ်တလဲလဲ ဖြတ်ပြေးနေခဲ့လေသည်။ ရန်ကိုင်နှင့် ကျုချင်းတို့ကိုလည်း သူ့အပေါ် ယနေ့လုပ်ခဲ့သည့်အရာများအတွက် တစ်နေ့နေ့ကျလျှင် ပြန်ပေးဆပ်ရအောင် လုပ်ပစ်မည်ဟု စိတ်ထဲ ကြိတ်ကာ ကြုံးဝါးနေခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက သူ့ရင်ထဲ မျိုသိပ်ထားရသော ဒေါသတရားကို မည်သည့်နည်းနှင့်မျှ ဖြေသိမ့်နိုင်လိမ့်မည်မဟုတ်ချေ။ မည်သူ့ကို ဒေါသအထွက်ဆုံးလဲဟု မေးလာလျှင်တော့ ကျုချင်းကို ရန်ကိုင်ထက် ပိုမုန်းသည်ဟု ပြော၍ရပေမည်။

ဖုချီစိတ်ထဲ ထိုအတွေးများဖြင့် ပြည့်နှက်နေစဉ်မှာပင် ဖုချီသည် ရုတ်တရက် တစ်ခုခုအား သတိထားမိသွားခဲ့ပြီး အပေါ်သို့ လှမ်း၍ကြည့်လိုက်လေသည်။

လက်ရှိအချိန်တွင် ကောင်းကင်ထက်၌ လူတစ်ဦး ငြိမ်သက်စွာ ရပ်နေလေ၏။ ထိုလူမှာ လူသားတစ်ဦးမဟုတ်ဘဲ နဂါးနွယ်ဖွားတစ်ဦး ဖြစ်နေခဲ့သည်။

ထိုလူ၏ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသော သန့်စင်ခြင်းမရှိသည့် နဂါးသွေးအရှိန်အဝါကို ဖုချီ သေသေချာချာ ခွဲခြားနိုင်ပေသည်။ အကြောင်းမှာ နဂါးတစ်ပိုင်းမြို့ထဲတွင် ရှိနေသော သွေးနှောအားလုံး ထိုကဲ့သို့သော အရှိန်အဝါမျိုးကို ထုတ်လွှတ်ကြသည့် အတွက်ကြောင့်ပင်။

နဂါးကလန်သားအားလုံး ထိုကဲ့သို့သောအရှိန်အဝါများကို ရွံရှာစက်ဆုပ်ကြပြီး မနှစ်မျို့ကြပေ။ ဖုချီသည်လည်း ချွင်းချက်မဟုတ်။

“ထွက်သွားစမ်း…” ဖုချီက အေးစက်စက်အမူအယာဖြင့် အော်ပြောလိုက်သည်။

ယနေ့ လူရှေ့သူရှေ့ အရှက်ဗြန်းဗြန်း ကွဲခဲ့ရသည့်အတွက်ကြောင့် ထိုနေရာမှာ အမောတကော ထွက်ပြေးလာခဲ့ရသည်။ သို့သော်ငြား ထွက်ပြေးရာနောက်ဆီသို့ နဂါးနွယ်ဖွားတစ်ကောင် လိုက်လာခဲ့ပြီး သူ့အား လေထဲဝဲ၍ပင် ငုံ့ကြည့်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သာမန်အခြေအနေမျိုးသာဆိုလျှင်တော့ ဖုချီအနေဖြင့် ထိုသွေးနှောကို တစ်ခါတည်း တန်းသတ်ပစ်လိုက်ပေပြီ။ သို့သော်ငြား လက်ရှိအချိန်တွင် သူ့ဒဏ်ရာများကို ပြန်လည်ကုသနေရဆဲ ဖြစ်သည့်အတွက်ကြောင့် ထိုသွေးနှောအပေါ် အာရုံစိုက်နေရန် အချိန်မရှိပေ။

သူ့ဘက်မှ ထိုကဲ့သို့ အော်ငေါက်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုသွေးနှော ထွက်ပြေးသွားလိမ့်မည်ဟု ဖုချီ ထင်ထားလေသည်။ တကယ်တော့ နဂါးတစ်ပိုင်းမြို့တော်ထဲမှ သွေးနှောများသည် နဂါးများ၏အမိန့်ကို လုံးဝမှ မလွန်ဆန်ရဲကြလေပဲ။ ထိုသို့ဖြစ်ရခြင်းမှာ ထိုသွေးနှောများ၏ခွန်အားနှင့် ဘာမှမသက်ဆိုင်ပေ။ ထို့အစား သူတို့၏သွေးထဲတွင် ကိန်းအောင်းနေသည့် နဂါးများနှင့်ယှဉ်လိုက်သည့်အခါ သူတို့စိတ်ထဲ ခံစားရသော နိမ့်ကျမှုကြောင့်သာ ဖြစ်လေသည်။

သို့သော်ငြား ဖုချီမှ အော်ငေါက်လိုက်သည့်တိုင် ထိုသွေးနှောမှာတော့ အနည်းငယ်မျှပင် မျက်နှာပျက်သွားခဲ့ခြင်းမရှိဘဲ ဖုချီအား တည်တည်ငြိမ်ငြိမ်ဖြင့်သာ စိုက်ကြည့်မြဲ စိုက်ကြည့်နေလေ၏။ ထိုအဖြစ်အပျက်ကြောင့် ဖုချီမှာ ဒေါသူပုန်ထလာခဲ့ပြီး အေးစက်စက်လေသံဖြင့် ထအော်ပြောလေသည်။ “မင်း သေချင်နေတာပဲ…”

ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် နဂါးဖိအားကို ထုတ်လွှတ်၍ လီကျောက်အား လွှမ်းခြုံလိုက်လေ၏။

All Chapters