အခန်း (၃၀၆၆-၃၀၇၀)
Vol. 133 Ch. 3066-3070
အပိုင်း (၃၀၆၆)
ထို့နောက်တွင်တော့ ကြုံလိုက်ရသည့် အဖြစ်အပျက်ကြောင့် ဖုချီ ထိတ်လန့်သွားရတော့သည်။ အကြောင်းမှာ သူ၏ နဂါးဖိအားကို ခံစားနေရသည့်တိုင် ထိုသွေးနှောမှာ မျက်နှာတစ်ချက်ပင် ပျက်မသွားသည့်အတွက်ကြောင့်ပင်။ အနည်းငယ် မသက်မသာ ဖြစ်နေသည့်အလား မျက်မှောင်လေးသာ ကြုတ်နေခဲ့သည်။ ဖုချီ မျှော်လင့်ထားသည်မှာ ထိုကဲ့သို့ မဟုတ်။
[ဘာတွေ ဖြစ်နေတာလဲ ဒီကောင်က သွေးနှောပဲလေ၊ ငါ့လို အဆင့်ရှစ် မိုးကြိုးနဂါးတစ်ကောင်က ဖိနှိပ်နေတာတောင် ဘာဖြစ်လို့ ဘာမှမဖြစ်ရတာလဲ]
ဖုချီမှာ ထိတ်လန့်တုန်လှုပ်နေလင့်ကစား လီကျောက်မှာတော့ ဝမ်းသာအားရ ဖြစ်နေလေသည်။ [တကယ်ကြီး အလုပ်ဖြစ်တာပဲဟ၊ ပုံမှန်ဆိုရင် ငါ ဒီလိုအခြေအနေမျိုးမှာ ဘာမှပြန်လုပ်နိုင်တော့မှာ မဟုတ်ဘူး၊ အခုတော့ နည်းနည်းလေး မသက်မသာဖြစ်ရုံကလွဲလို့ ဘာမှမဖြစ်ဘူး၊ ကြည့်ရတာ ငါ လက်စားပြန်ချေနိုင်တော့မယ်နဲ့ တူတယ်]
နဂါးကျောင်းတော်၏ ကောင်းချီးဆိုသည့်အတိုင်းပင် ထိုကောင်းချီး၏ အကူအညီကို ရရှိပြီးသည့်နောက် သွေးမျိုးဆက်ကြားရှိ ကွာဟချက်မှာ သိသာခြင်း မရှိတော့ပေ။ ထိုအကြောင်းကြောင့်ပင် လီကျောက်မှာ အားကုန်ထုတ်သုံးကာ ဖုချီနှင့် တိုက်ခိုက်နိုင်လေပြီ။
ရန်ကိုင်မှ နဂါးကျောင်းတော်မှ ထွက်ပေါ်လာသော ကောင်းချီးတစ်ခုကို ကြားဖြတ်ဝင်လု၍ လီကျောက်၏ ကိုယ်ထဲ ထည့်ပေးလိုက်သည့်အတွက်ကြောင့်သာ မဟုတ်ပါက လီကျောက်အနေဖြင့် လျူစန်းနျန်အတွက် ဘယ်သောအခါမှ ပြန်လည်လက်စားချေနိုင်လိမ့်မည် မဟုတ်ချေ။ ယခုကဲ့သို့ ဖြစ်လာရခြင်းမှာ ရန်ကိုင်ကြောင့်သာ ဖြစ်သည့်အလျောက် လီကျောက်မှာလည်း ရန်ကိုင်အပေါ် အမှန်တကယ် ကျေးဇူးတင်နေမိလေသည်။
မကြာမီတွင်၊ ဖုချီသည် သူ၏ နဂါးဖိအား ဘာကြောင့် အသုံးမဝင် ဖြစ်ရသလဲ ဆိုသည်ကို နားလည်သွားအလား ဖုချီ မျက်လုံးအပြူးသားဖြင့် ထအော်လေသည်။ "မင်းမှာ နဂါးကျောင်းတော်ရဲ့ ကောင်းချီး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ၊ မင်း အဲဒီကောင်းချီးကို ဘယ်လိုရလာတာလဲ"
ဖုချီကမူ ထိုအကြောင်းကို သိလိမ့်မည် မဟုတ်ချေ။ တကယ်တော့ ဖုချီသည် ရန်ကိုင်လက်မှ လွတ်သွားသည်နှင့် တစ်ပြိုင်နက် ပြတ်နေသည့် လက်နှစ်ဖက်ကို ကောက်၍ တိုက်ပွဲကွင်းပြင်ဆီမှ ချက်ချင်း ထွက်ပြေးလာခဲ့သည် မဟုတ်ပေလော။ ဖုချီ ထွက်သွားပြီး အတော်လေး ကြာသည့်အခါမှသာလျှင် စတုတ္ထအကြီးအကဲမှာ နဂါးကျောင်းတော်နှင့် ဆက်သွယ်၍ ကောင်းချီးကို တောင်းဆိုခဲ့ခြင်း ဖြစ်လေသည်။ ဖုချီ နားမလည်နိုင်ရသည့်အချက်မှာ ဤနဂါးနွယ်ဖွားသည် နဂါးကျောင်းတော်မှ ကောင်းချီးအား မည်ကဲ့သို့ ရသွားသလဲ ဆိုသည်ကိုပင်။ ထို့အပြင် ဤနဂါးနွယ်ဖွားနှင့် သူ့အကြား မကျေမချမ်းနိုင်သော ရန်ငြိုးများ ရှိနေသည့်ပုံပင်။ ထိုသို့သာ မဟုတ်ပါက ဤနဂါးနွယ်ဖွားသည် သူ့နောက်သို့ တောက်လျှောက် နောက်ယောင်ခံလိုက်လာပြီး သူ့အား ယခုကဲ့သို့ ခါးခါးသီးသီး မုန်းတီးနေသည့် အကြည့်မျိုးဖြင့် ကြည့်နေလိမ့်မည် မဟုတ်ပေ။
"မင်း ဘာလုပ်ချင်နေတာလဲ" ဖုချီ၏ မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ [ငါ ဒဏ်ရာရနေတာနဲ့ပဲ ငါ့ကိုနိုင်မယ်လို့ ဒီသွေးနှော ထင်နေတာလား၊ ငါ အဆင့်ရှစ်နဂါးတစ်ကောင်ဆိုတာကို ဒီကောင် မေ့နေတာလား]
လီကျောက်ကမူ ဖုချီ၏ အမေးကို ပြန်မဖြေဘဲ ပြန်၍သာပြောလိုက်လေ၏။ "ငါ့နာမည်က လီကျောက်ပဲ"
ထိုသို့ပြောပြီးသည့်နောက်တွင် ရွှေရောင်အလင်း တစ်ချက်လက်သွားခဲ့ပြီး လီကျောက်၏ လက်ထဲ လှံပုဆိန်တစ်ချောင်း ပေါ်လာခဲ့လေသည်။ ထိုလှံပုဆိန်မှာ ဧကရာဇ်အဆင့် မှော်ရတနာဖြစ်သော ရွှေခြင်္သေ့လှံပုဆိန် ဖြစ်ပေသည်။
ထိုလှံပုဆိန်ကို အဆင့်တစ်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်ဖြစ်သော ရွှေခြင်္သေ့၏ အရိုးများမှ ပြုလုပ်ထားခြင်း ဖြစ်လေသည်။ ရှေးခေတ်အချိန်များတွင် ရွှေခြင်္သေ့သည် ကြယ်တာရာအစုအဝေး၏ အားအကောင်းဆုံးသော သားရဲများအနက် တစ်ကောင်ဖြစ်ခဲ့ဖူးပြီး အချို့သော နတ်သားရဲများနှင့်ပင် ယှဉ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် မွန်းစတားသားရဲတစ်ကောင်လည်း ဖြစ်ပေသည်။
လီကျောက်သည် ရွှေခြင်္သေ့၏ အရိုးကို မတော်တဆ ရရှိခဲ့ခြင်း ဖြစ်ပေသည်။ အရိုးကို ရပြီးသည့်နောက် ပန်းပဲပညာရှင်တစ်ဦးကို ရှာကာ သူ့အတွက် လှံပုဆိန်တစ်ခုအဖြစ် သွန်းလုပ်ခိုင်းခဲ့လေသည်။ ထို့နောက်တွင် ထိုလှံပုဆိန်သည် သူ့အား နှစ်ပေါင်းငါးရာခန့် အဖော်ပြုခဲ့ပြီး လီကျောက်ကိုယ်တိုင်ကလည်း လှံပုဆိန်အား သူ၏ သွေးအဆီအနှစ်ဖြင့် အားဖြည့်ပေးခဲ့လေသည်။ ထိုအတွက်ကြောင့် ဤလှံပုဆိန်သည် လီကျောက်၏ အားအကောင်းဆုံးသော လက်နက်တစ်ခုဖြစ်သည်ဟု ပြော၍ရပေသည်။
ဖုချီကို မြင်သည်နှင့် လီကျောက်မှာ လှံပုဆိန်ကို ချက်ချင်း ထုတ်ယူလိုက်လေသည်။ လက်ရှိအချိန်တွင် ဖုချီမှာ ဒဏ်ရာရထားပါသော်ငြား အဆင့်ရှစ် မိုးကြိုးနဂါးတစ်ကောင် ဖြစ်နေသည့်အတွက်ကြောင့် ထိုကဲ့သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်ရသည့်အခါတွင် လီကျောက်မှာ အနည်းငယ်မျှပင် သတိလက်လွတ် မနေရဲခဲ့ပေ။ ဖုချီကို အနိုင်ယူဖို့ရာမှာလည်း လွယ်ကူလှမည် မဟုတ်မှန်း လီကျောက် သိနေခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် တိုက်ပွဲစစချင်း သူ၏ဝှက်ဖဲကို ချက်ချင်း ထုတ်သုံးလိုက်ခြင်း ဖြစ်၏။
လက်ရှိအခြေအနေကို နားလည်လိုက်သော် ဖုချီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူနှင့် ထိုသွေးနှောအကြား မည်ကဲ့သို့သော ရန်ငြိုးရန်စများ ရှိ၍များ ထိုသွေးနှောသည် ကိုယ့်အသက်ကိုပင်လျှင် ပဓာနမထားတော့ဘဲ သူ့အား လာရောက်တိုက်ခိုက်ရသလဲဆိုသည်ကို ဖုချီ နားမလည်ပါသော်ငြား လက်ရှိအချိန်တွင်တော့ ထိုအရာများမှာ အရေးမကြီးတော့ချေ။
ထိုအခိုက်အတန့်မှာပင် လေအေးတစ်ချက် ဖြတ်တိုက်သွားခဲ့ပြီး လီကျောက်သည်လည်း လှံပုဆိန်ကို ကိုင်စွဲ၍ ဖုချီဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့လေသည်။ ဖုချီ အနားသို့ ရောက်သော် လှံပုဆိန်ဖြင့် အားပါးတရ ထိုးချလိုက်လေသည်။
"ခွေးကောင်ကများ" ဖုချီ ဒေါသူပုန်ထသွားတော့လေသည်။ ယနေ့တွင် ရန်ကိုင်နှင့် ကျူချင်းသည် သူ့အား လူမြင်ကွင်းအရှေ့၌ အရှက်ကွဲစေခဲ့လေသည်။ ယခုဆိုလျှင် သွေးနှောတစ်ယောက်သည်ပင်လျှင် သူ့အား မလေးစားတော့ပေ။ နဂါးတစ်ကောင် ဖြစ်သည့်အလျောက် ဖုချီမှာ ထိုကဲ့သို့ အရှက်ကွဲခံရသည်ကို မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။ ချက်ချင်းပင် မာန်သွင်းအော်ဟစ်လိုက်ရာ ပျိုးပျိုးပြက်ပြက် မြည်သံများနှင့်အတူ လျှပ်ပန်းလျှပ်နွယ်များ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထို့နောက်တွင် ထိုလျှပ်ပန်းလျှပ်နွယ်များသည် လျှပ်စီးတန်းကြီးတစ်ခု အသွင်သို့ စုဝေးလျက် လီကျောက်ဆီသို့ တိုးဝင်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ဖုချီသည် သူ၏ပါးစပ်ကို ဟ၍ ရွှေခြင်္သေ့လှံပုဆိန်ဆီသို့ လျှပ်စီးလုံးကြီးတစ်လုံး ပစ်လွှတ်လိုက်လေသည်။
ရုတ်တရက်ဆိုသလို လီကျောက်၏ ခန္ဓာကိုယ်မှာ အနီရောင် တောက်လာခဲ့လေသည်။ သာမန်အတိုင်း တိုက်ခိုက်၍ မနိုင်မှန်းသိသည့်အတွက်ကြောင့် လီကျောက်မှာ သူ့သွေးအဆီအနှစ်ကို လောင်ကျွမ်းပစ်လိုက်ခြင်း ဖြစ်ပေသည်။
ဤတိုက်ပွဲကို မြန်မြန်အဆုံးသတ်ပစ်ရမည်မှန်း လီကျောက် သိနေခဲ့သည်။ ဒေါသကို ရှေ့ထား၍ ရှိရှိသမျှ စွမ်းအင်အကုန်အစင်ကို ထုတ်သုံးမှသာလျှင် ဖုချီအပေါ် နိုင်နိုင်ခြေ ရှိပေလိမ့်မည်။ အချိန်သာ ဆွဲနေမည်ဆိုလျှင်တော့ သူ့အဖို့ နိုင်ဖို့ရာ အခွင့်အရေး နည်းပါးသွားပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် တိုက်ပွဲစသည်နှင့် တစ်ပြိုင်နက် သွေးအဆီအနှစ်ကိုပင် လောင်ကျွမ်းပစ်လိုက်ခြင်း ဖြစ်ပေသည်။
ထိုအခိုက်အတန့်မှာပင် လျှပ်စီးအလင်းတန်းသည် လီကျောက်၏ ခန္ဓာကိုယ်ကို သွားမှန်လေရာ လီကျောက်၏ ခန္ဓာကိုယ်အထက်တွင် ရစ်သိုင်းနေသော အနီရောင်အလင်းတို့မှာလည်း အချိန်မရွေး ပျောက်ကွယ်တော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့လေသည်။
ဖုချီ၏ ပါးစပ်ထဲမှ ထွက်လာသည့် လျှပ်စီးဘောလုံးမှာတော့ ရွှေခြင်္သေ့လှံပုဆိန်အား သွားထိမှန်လေသည်။ ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ လီကျောက်သည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ လွင့်စင်သွားခဲ့လေသည်။ တင်ပျဉ်ခွေထိုင်နေသော ဖုချီမှာလည်း မီတာတစ်ရာခန့် အကွာသို့ ဆုတ်သွားရလေ၏။
တင်ပျဉ်ခွေထိုင်နေသော လီကျောက်သည်လည်း မီတာတစ်ရာခန့် နီးပါး ဆုတ်သွားရသည်။
"သေလိုက်ပေတော့" ဖုချီက မာန်သွင်းအော်ဟစ်လိုက်လေသည်။ သို့သော်ငြား ခေါင်းမော့ကြည့်လိုက်သည့်အခိုက် သူ၏မျက်နှာ မဆိုသလောက်ကလေး ပျက်သွားခဲ့ရသည်။
အကြောင်းမှာ အစောပိုင်းက လွင့်ထွက်သွားခဲ့သော လီကျောက်သည် သူ၏ ရွှေခြင်္သေ့လှံပုဆိန်ပေါ်သို့ သွေးများ ထွေးထုတ်ကာ ရှုပ်ထွေးသည့် လက်ကွက်များကို ထုတ်ဖော်၍ သူ၏တည့်တည့်သို့ ချိန်ရွယ်နေသည့်အတွက်ကြောင့်ပင်။
ဝေါင်း။
မိုးခြိမ်းသံတမျှ ကျယ်လောင်သည့်အသံနှင့်အတူ ရွှေခြင်္သေ့လှံပုဆိန်သည် တွန့်လိမ်လာပြီး ဧရာမခြင်္သေ့ကြီးတစ်ကောင် အသွင်သို့ ပြောင်းသွားခဲ့လေသည်။ ထို့နောက်တွင် ထိုခြင်္သေ့သည် ရွှေရောင်အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလျက် ဖုချီဆီသို့ တိုးဝင်လာလေ၏။
ထိုတိုက်ကွက်၏ ထိမှန်ခြင်းသာ ခံလိုက်ရမည်ဆိုလျှင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလိမ့်မည်မှန်း သိထားသော ဖုချီမှာ လီကျောက်၏ တိုက်ကွက်ကို အနည်းငယ်မျှပင် ပေါ့ပေါ့သေးသေး မမှတ်ရဲခဲ့ပေ။ ချက်ချင်းပင် နဂါးအသွင်သို့ ပြောင်း၍ တိုးဝင်လာနေသည့် ရွှေရောင်အလင်းတန်းအား သူ့လက်သည်းဖြင့် ပုတ်ချလိုက်လေသည်။ လက်သည်းချက်ကြောင့် ရွှေရောင်အလင်းတန်းသည် လှံပုဆိန်အသွင်သို့ ပြန်ပြောင်းသွားခဲ့ရပြီး လှံပုဆိန်၏ အရောင်မှာလည်း ယခင်ကထက်ပို၍ မှိန်ဖျော့နေခဲ့လေသည်။ လှံပုဆိန်ထိခိုက်သွားသည့် အတွက်ကြောင့် လှံပုဆိန်ပိုင်ရှင်ဖြစ်သော လီကျောက်မှာလည်း သူ၏လက်နက် ထိခိုက်သွားသည့်အတွက်ကြောင့် သွေးတစ်ပွက် အန်ချလိုက်လေ၏။
"ငါ့ကိုလာရန်စရဲမှတော့ သေဖို့သာ ပြင်ထားပေတော့" ထိုသို့ ပြောပြီးသည့်နောက်တွင် ဖုချီသည် လီကျောက်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ လီကျောက်ဆီသို့ ခုန်ဝင်သွားလေ၏။
သို့သော်ငြား လီကျောက်ဆီသို့ ခုန်ဝင်သွားပြီးပြီးချင်းမှာပင် ဖုချီ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့ရင်ထဲ စိုးရိမ်စိတ်တို့ ထွက်ပေါ်လာခဲ့ရလေသည်။ အကြောင်းမှာ သေသေချာချာ အနီးကပ်ကြည့်ကြည့်လိုက်သည့်နောက် လီကျောက် အန်လိုက်သည့်သွေးထဲ တောကြက်မောက်အရွယ် အလုံးလေးတစ်လုံး ရှိနေသည်ကို တွေ့ရှိလိုက်ရသည့်အတွက်ကြောင့်ပင်။ ထိုအလုံးမှာ သာမန်ပုံပေါက်ပါသော်ငြား ထိုအလုံးလေးထဲ ကြောက်မက်ဖွယ်ရာစွမ်းအားတို့ ကိန်းအောင်းနေသည်ကို ဖုချီ အတိုင်းသား ခံစားနေရလေသည်။
"နဂါးဓာတ်လုံး၊ မင်းမှာ ဘယ်လိုလုပ်ပြီး နဂါးဓာတ်လုံး ရှိနေတာလဲ" ဖုချီ အံ့အားသင့်သွားခဲ့လေသည်။
သွေးနှောတစ်ဦး နဂါးဓာတ်လုံးအား မည်ကဲ့သို့ ကျင့်ကြံနိုင်သလဲ ဆိုသည်ကို ဖုချီ လုံးဝ နားမလည်နိုင်ပေ။ ဤဓာတ်လုံးမှာ အလွန်ကိုမှ အဆင့်နိမ့်ပါသော်ငြား နဂါးဓာတ်လုံးဖြစ်သည်မှာတော့ လုံးဝကို ယုံမှားသံသယရှိစရာ မလိုချေ။
နဂါးကလန်သားတိုင်းသည် ကိုယ်ပိုင် နဂါးဓာတ်လုံးကို ပိုင်ဆိုင်ထားကြပေသည်။ ထိုနဂါးဓာတ်လုံးမှာ မွန်းစတားသားရဲတစ်ကောင်၏ မွန်းစတားအမြုတေနှင့် ဆင်တူသည်ဟု ပြော၍ရသည်။
သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရသော မွန်းစတားသားရဲတစ်ကောင်သည် ၎င်း၏ မွန်းစတားအမြုတေကို ထွေးထုတ်ကာ ရန်သူများကို တိုက်ခိုက်နိုင်ကြပေသည်။ နဂါးကလန်သားများသည်လည်း ထိုကဲ့သို့ လုပ်နိုင်ကြသည်။ သို့သော်ငြား ထိုကဲ့သို့ လုပ်ဖူးသည့် နဂါးကလန်သားဆို၍ မရှိသလောက်ပင်။ အကြောင်းမှာ ဤလောကကြီးထဲတွင် နဂါးကလန်သားများအား သေရေးရှင်ရေးအခြေအနေနှင်း ရင်ဆိုင်ရအောင် လုပ်နိုင်သည့် မည်သည့်သက်ရှိမျှ ရှိမနေသည့် အတွက်ကြောင့်ပင်။ ထိုကဲ့သို့သော သက်ရှိများ ရှိမည်ဆိုပါကလည်း ထိုသက်ရှိများသည် နဂါးတစ်ကောင်ကို သတ်ဖို့ရာ မဆိုထားနှင့်၊ လာ၍ပင် ရန်စကြလိမ့်မည် မဟုတ်ချေ။
နဂါးဓာတ်လုံးကို အပြင်ကို ထွေးထုတ်ဖို့ရာ အလွန်ကိုမှ စွန့်စားရပေသည်။ နဂါးဓာတ်လုံးမှာ အလွန်ကိုမှ အားကောင်းလှသလို အလွယ်တကူ မပျက်စီးနိုင်သော်ငြား ခန္ဓာကိုယ်အပြင်ဘက်သို့ ရောက်လာပြီးသည်နှင့် နဂါးဓာတ်လုံးမှာ ထိခိုက်သွားမည့် အရေးနှင့် ကြုံလာရနိုင်ပေသည်။ နဂါးဓာတ်လုံး အနည်းငယ်မျှလေးပင် ထိခိုက်သွားခဲ့မည်ဆိုလျှင် ထိုနဂါးဓာတ်လုံးပိုင်ရှင်မှာ ဆိုးဆိုးရွားရွား ထိခိုက်သွားရပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင်လျှင် ရွေးစရာမရှိသည့် အခြေအနေမျိုးမှလွဲ၍ မွန်းစတားသားရဲတစ်ကောင်သည် ၎င်း၏ မွန်းစတားအမြုတေကို ထွေးထုတ်လေ့ မရှိခြင်းပင်။ နဂါးကလန်သားများအတွက်လည်း အတူတူပင်။
သို့သော်ငြား လက်ရှိအချိန်တွင် ဤသွေးနှောမှ နဂါးဓာတ်လုံးအား ထွေးထုတ်လာခဲ့သည်ကို ကြည့်ပါက ဖုချီအား သူမည်မျှ သတ်ပစ်ချင်နေကြောင်းကို အထင်းသား တွေ့မြင်နိုင်ပေသည်။
[ဒီကောင် ဘာဖြစ်နေတာလဲဟ၊ ငါတို့နှစ်ယောက်ကြားမှာ ဘာရန်ငြိုးတွေ ရှိလို့ နဂါးဓာတ်လုံးကို ထုတ်ပြီးတော့တောင် ငါ့ကို တိုက်ခိုက်ချင်နေရတာလဲ]
လီကျောက်မှ နဂါးဓာတ်လုံးတစ်ခုအား ကျင့်ကြံထားနိုင်သည်ထက် လီကျောက်၏ ပြတ်သားမှုကြောင့် ဖုချီမှာ ပို၍ အံ့အားသင့်နေခဲ့ရလေသည်။
လီကျောက် ဘာကြောင့် သူ့အား ဤမျှမုန်းတီးနေရသလဲ ဆိုသည်ကို ယခုအချိန်အထိပင် ဖုချီ နားမလည်နိုင်သေးပေ။ ဖုချီအား တွေ့သည်နှင့် တစ်ပြိုင်နက် လီကျောက်သည် သူ့နာမည်ကို ထုတ်ပြောခဲ့ပြီးသည့်နောက် ဘာမှထပ်မပြောတော့ဘဲ စတင်၍ တိုက်ခိုက်တော့လေသည်။ တိုက်ကွက်အချို့ ထုတ်ဖော်ပြီးသည့်နောက်တွင် လီကျောက်သည် သူ့အသက်ကိုပင်လျှင် စွန့်စားကာ ထပ်မံ တိုက်ခိုက်ရန် ကြိုးစားလာ၏။ မမျှော်လင့်ထားသည့် အဖြစ်အပျက်ကြောင့် ဖုချီ၏ မျက်နှာကြီးမှာလည်း လေးနက်နေခဲ့ရလေသည်။
လီကျောက်သည် ဧကရာဇ် တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သလို လက်ရှိအချိန်တွင် သူ့အသက်ကိုပင်လျှင် စတေးကာ အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်ဖော်ရန် ကြိုးစားနေခဲ့လေသည်။ ဖုချီသည် အဆင့်ရှစ် မိုးကြိုးနဂါးတစ်ကောင် ဖြစ်နေမည် ဆိုလျှင်ပင် လီကျောက်၏ အသေခံတိုက်ကွက်ကို မည်သည့်နည်းနှင့်မျှ ပေါ့ပေါ့သေးသေး မမှတ်ရဲပေ။
ချက်ချင်းဆိုသလို ဖုချီသည် မန္တာန်တစ်ခုကို ရွတ်ဆို၍ သူ့ပတ်လည်အနား အကာအရံတစ်ခုကို ဖန်တီးလိုက်လေသည်။
ဖုချီ ဖန်တီးထားသော အကာအရံအား နဂါးဓာတ်လုံးမှ လာရောက်ထိမှန်ချိန် ဖုချီ၏ ဧရာမခန္ဓာကိုယ်ကြီး တုန်ယင်သွားခဲ့လေသည်။ လီကျောက်မှာလည်း သွေးအပွက်ပွက်ကို ထိုးအန်တော့လေ၏။ နဂါးဓာတ်လုံးသည်လည်း အချိန်မရွေး ပျက်စီးသွားတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့လေသည်။ သို့သော်ငြား လီကျောက်မှ အတင်းအကြပ် ထိန်းချုပ်လိုက်သည့်အခိုက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည့် နဂါးဓာတ်လုံးမှာ တည်ငြိမ်သွားခဲ့လေ၏။
ခရက်။
ရုတ်တရက်ဆိုသလို အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ယခုမှသာလျှင် လီကျောက်၏ သူ့အပေါ် သတ်ချင်လိုစိတ်ကို အကြီးအကျယ် အထင်သေးလိုက်မိပြီမှန်း ဖုချီ နားလည်သွားခဲ့ရလေသည်။ သူ့ကိုသာ အလွယ်တကူ မသတ်ပစ်နိုင်ပါက လီကျောက် လက်လျှော့သွားလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ထိုသို့ ဖြစ်မနေခဲ့ဘဲ အချိန်ကြာလာသည်နှင့်အမျှ လီကျောက်မှာ ယခင်ကထက် ပို၍ ခက်ထန်ကြမ်းကြုတ်လာခဲ့လေသည်။
ထိုသွေးနှောသည် သူ၏ နဂါးဓာတ်လုံးအား လုံးဝ အရေးမစိုက်။ နဂါးဓာတ်လုံး ထိခိုက်သွားမည်ကိုပင် စိတ်ပူနေခြင်း မရှိဘဲ နဂါးဓာတ်လုံးထဲသို့ သူ၏ စွမ်းအားကို အရူးအမူး ထည့်သွင်းရင်း ဖုချီအား မရမက သတ်ပစ်ရန် ကြိုးစားနေခဲ့လေသည်။
ဖုချီ၏ အကာအကွယ် ပျက်စီးသွားသည့်နောက်တွင် နဂါးဓာတ်လုံးမှာ ဖုချီဆီသို့ တဟုန်ထိုး ရောက်ရှိလာတော့လေသည်။ ဖုချီမှာ သူ၏ ကိုယ်ပိုင်နဂါးဓာတ်လုံးကို ထုတ်ပြီး တားလိုက်လျှင် ကောင်းမလား ဝေခွဲမရ ဖြစ်နေစဉ်မှာပင် အခွင့်အရေးကို လွဲချော်သွားခဲ့ရလေသည်။
လီကျောက်၏ နဂါးဓာတ်လုံးလေးသည် လောကကြီးထဲရှိ အထက်ရှဆုံးသော လက်နက်တစ်ခုပမာ ဖုချီ၏ နဂါးအကြေးခွံများကို ထိုးဖောက်ထွက်သွားခဲ့လေသည်။ နဂါးဓာတ်လုံးကြောင့်ပင်လျှင် ဖုချီ၏ ရင်ဘတ်နေရာ၌ ကျောဘက်သို့ ထုတ်ချင်းပေါက်ထွက်နေသော အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့ရသည်။ နဂါးသွေးများမှာမူ ထိုဒဏ်ရာဆီမှ တရဟော စီးကျနေခဲ့လေသည်။
ဖုချီ၏ ခန္ဓာကိုယ်ကြီးသည် နာကျင်မှုကြောင့် ငါးခူ တဖျတ်ဖျတ်လူးနေသည့်နှယ် အဆက်မပြတ်ကို လှုပ်ခါရမ်းနေခဲ့လေသည်။
ဖုချီ၏ ခန္ဓာကိုယ်နှင့် ယှဉ်လိုက်သော် သူရထားသည့် ဒဏ်ရာမှာ အလွန်ကိုမှ သေးငယ်လှပါသော်ငြား ထိုဒဏ်ရာသေးသေးလေးသည် အလွန်ကိုမှ ပြင်းထန်လွန်းသည့် ဒဏ်ရာတစ်ခု ဖြစ်နေခဲ့သည်။
ဒေါသထွက်ထွက်နှင့် ဖုချီသည် သူ၏အမြီးကို ဝှေ့ရမ်း၍ နဂါးဓာတ်လုံးအား ရိုက်ချလိုက်လေသည်။
ခရက်။
နဂါးဓာတ်လုံးပေါ်တွင် အက်ရာတစ်ခု ပေါ်လာခဲ့ပြီး နဂါးဓာတ်လုံး၏ အရောင်မှာ သိသိသာသာကို အရောင်မှိန်ကျသွားခဲ့ရလေသည်။
လီကျောက်ကိုယ်တိုင်မှာလည်း သွေးအပွက်ပွက် ထိုးအန်ရတောလေသည်။ လက်ရှိအချိန်တွင် သူ၏မျက်နှာသည် စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေခဲ့ပြီး သူ့ကိုယ်သူ ဆက်၍ ထိန်းမထားနိုင်တော့သည့်အလား မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။ ထို့နောက် အသက်ကို အငမ်းမရ ရှူသွင်းရင်း သူ့အသက်ကို အချိန်မရွေး ဆုံးရှုံးရတော့မည့်အလား သူ့အရှိန်အဝါလည်း အဆက်မပြတ်ကို အားနည်းလာခဲ့လေသည်။
လီကျောက်မှာ ခေါင်းမော့၍ ကြည့်လိုက်ရာ ဖုချီမှာ လူအသွင်သို့ ပြန်ပြောင်းနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ကြည့်ရသလောက် သူ၏ နောက်ဆုံးတိုက်ခိုက်မှုမှာ အမှန်တကယ်ကို ထိရောက်သွားသည့်ပုံပင်။ လီကျောက်မှာ သေခါနီး ဖြစ်နေပါသော်ငြား ဖုချီကိုယ်တိုင်မှာလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားခဲ့ရလေသည်။ လက်ရှိအချိန်တွင် ဖုချီ၏ မျက်နှာမှာ လူသေကောင်နှယ် ဖြူလျော်နေခဲ့ပြီး သူ့ရင်ဘတ်ကို လက်ဖြင့် အုပ်ထားရင်းမှ လီကျောက်အား စူးရဲစွာ စိုက်ကြည့်နေလေ၏။ အင်္ကျီတစ်ခုလုံးမှာတော့ ရင်ဘတ်ရှိ ဒဏ်ရာဆီမှ စီးကျနေသည့် သွေးများကြောင့် နီရဲနေခဲ့လေပြီ။
တကယ်တမ်းသာ ထိပ်တိုက်ရင်ဆိုင်ကြမည်ဆိုလျှင်တော့ ဤသွေးနှောသည် နဂါးကျောင်းတော်၏ ကောင်းချီးကို ရရှိထားသည့်တိုင် သူ့ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ဟု ဖုချီ ယုံကြည်ပေသည်။ သို့သော်ငြား ဤသွေးနှောသည် သူ့ကိုယ်သူ အနည်းငယ်မျှပင် ညှာတာခြင်းမရှိ၊ သေရမည်ကို မကြောက်သလို အလွန်ကိုမှ စိတ်ဓါတ် ပြတ်သားပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဖုချီအား ယခုကဲ့သို့ ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်လေ၏။ ဖုချီကိုယ်တိုင်မှာလည်း စိတ်ဓါတ် မပြတ်သားခဲ့သည့်အတွက်ကြောင့်သာ ယခုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံခဲ့ရခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက ဖုချီအနေဖြင့် ဒဏ်ရာရသွားမည် ဆိုလျှင်ပင် ဤမျှ ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားခဲ့ရလိမ့်မည်မဟုတ်။
လီကျောက်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေရင်းမှ ဖုချီက ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။ "ငါ မင်းကို သတ်မယ်"
လီကျောက်မှာမူ ဖုချီအား စိုက်ကြည့်နေရင်းမှ သူ၏ပါးစပ်တွင် ပေနေသော သွေးများကို သုတ်လိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့ဘာသာသူ တွေးလိုက်လေ၏။ [ငါ မအောင်မြင်လိုက်ဘူးဘဲ၊ ဘာမှမဖြစ်ပါဘူး၊ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီးသွားပြီပဲဟာကို]
သူ အတတ်နိုင်ဆုံး ကြိုးစားပြီးသွားခဲ့လေပြီ။ သူ၏ ဝှက်ဖဲကိုပင်လျှင် ထုတ်သုံးခဲ့သည်။ သို့တိုင် ဖုချီကို မသတ်နိုင်ခဲ့ပေ။ နောက်ဆုံး အပြစ်တင်မည်ဆိုလျှင် မျှတမှုမရှိသော ကောင်းကင်ကိုသာ အပြစ်တင်ရပေလိမ့်မည်။ [လောကကြီးမှာ သက်ရှိတွေ အများကြီး ရှိတာ၊ ဘာဖြစ်လို့ ငါတို့ကို လိုက်ပြီးတော့ အဆင့်ခွဲထားရသေးတာလဲ၊ ဘာဖြစ်လို့ နဂါးကလန်ကလည်း ထိပ်ဆုံးမှာ ရှိနေရတာလဲ]
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၆၇)
ဘာသာပြန်သူ_တိမ်တိုက်
ဖုချီသည် လီကျောက်အား မမှိတ်မသုန် စိုက်ကြည့်ရင်းမှ လီကျောက်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေခဲ့သည်။ လက်ရှိ ဖုချီမှာ ခဲဆွဲထားခံရသည့် လူတစ်ဦး လမ်းလျှောက်သလို လျှောက်နေပါသော်ငြား သူ့အခြေအနေသည် လီကျောက်နှင့် ယှဉ်လိုက်လျှင်တော့ အများကြီး ပိုအဆင်ပြေနေပေသေးသည်။
လီကျောက်မှာ စွမ်းအားကုန်သုံး၍ တိုက်ခိုက်လိုက်သည့်အတွက်ကြောင့် လှုပ်ရှားနိုင်တော့လိမ့်မည် မဟုတ်မှန်း ဖုချီ သိနေခဲ့သည်။ ထိုအတွက်ကြောင့် ယခုဆိုလျှင် ဖုချီအနေဖြင့် လီကျောက်အား သူ့စိတ်ကြိုက် နှိပ်စက်နိုင်လေပြီဖြစ်ကာ လီကျောက် အနေဖြင့် ဘာဆိုဘာမှ ပြန်လုပ်နိုင်လိမ့်မည် မဟုတ်။
သူ ရွံရှာစက်ဆုပ်လှသော သွေးနှောတစ်ကောင်ကြောင့် ဒဏ်ရာရသွားပြီးသည့်နောက်တွင် ဖုချီ၏ ဒေါသမှာ ငယ်ထိပ်သို့ ရောက်နေခဲ့လေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် သူ့အား လာရန်စသည့် အကျိုးဆက်ကို လီကျောက် သိသွားစေရန်အလို့ငှာ လီကျောက်အား မသတ်ပစ်သေးခင် ကောင်းကောင်း ထိုင်နှိပ်စက်ပစ်ရမည်ဟု တွေးထားခဲ့လေသည်။
လီကျောက် ဘာကြောင့်များ ကိုယ့်အသက်ကို ဂရုမစိုက်ဘဲ သူ့အား သတ်ပစ်ရန် ကြိုးစားခဲ့သလဲဆိုသည်ကို ဖုချီ ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်မှာ လီကျောက်ကဲ့သို့သော သွေးနှောတစ်ကောင်သည် သူ့အား လာရန်စသည့် အချက်သာ ဖြစ်လေသည်။
ဖုချီနှင့် လီကျောက်တို့အကြား အလွန်ကွာလှမ်းခြင်း မရှိပါသော်ငြား ဖုချီအဖို့ လီကျောက်ဆီသို့ ရောက်ရန်အတွက် အမွှေးတိုင်တစ်ချောင်းစာခန့် အချိန်ယူလိုက်ရလေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဖုချီကိုယ်တိုင်မှာလည်း မည်မျှ ဆိုးဆိုးရွားရွား ဒဏ်ရာရထားကြောင်းကို မြင်တွေ့နိုင်လေ၏။
လီကျောက် အရှေ့သို့ ရောက်သော် ဖုချီသည် ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာတစ်ကောင်၏ ပုံစံသဖွယ် ကောက်ကျစ်စွာ ရယ်မောရင်း ဒူးထောက်ကာ အမောတကော အသက်ရှူနေသည့် လီကျောက်အား အထက်စီးမှ ငုံ့ကြည့်လိုက်လေသည်။
လီကျောက်မှာမူ သက်ပြင်းတစ်ချက် ချလိုက်ပြီးသည့်နောက်တွင် သူ၏ နောက်ဆုံးအခိုက်အတန့် ရောက်လာမည့်အချိန်ကိုသာ မျက်လုံးပိတ်၍ စောင့်နေရန် ဆုံးဖြတ်လိုက်တော့သည်။ သူ့တွင် စွမ်းအင်အနည်းငယ်လေးသာ ကျန်ရစ်ဦးမည် ဆိုလျှင်တော့ လီကျောက်အနေဖြင့် ယခုကဲ့သို့ ငြိမ်နေလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား သူ၏ သွေးအဆီအနှစ်ဖြင့် ပျိုးထောင်ခဲ့ရသော ရွှေခြင်္သေ့လှံပုဆိန်မှာ ထိခိုက်သွားခဲ့ရပြီး နဂါးဓါတ်လုံးမှာလည်း အက်သွားရသည့်အတွက်ကြောင့် တန်ပြန်ဘေးထွက်ဆိုးကျိုးများကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရလေသည်။ ယခုဆိုလျှင် လီကျောက်အဖို့ လက်တစ်ချောင်းကို လှုပ်ရှာဖို့ရာပင် အတော်လေး ခက်ခဲနေလေပြီ။
[ဒီကောင် အရှုံးပေးလိုက်တာလား] ဖုချီသည် လီကျောက်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ လှောင်ပြုံး ပြုံးလိုက်လေသည်။ [အရှုံးပေးတော့ရော ဘာဖြစ်လဲ၊ ငါ့ကို လာရန်စတယ် ဆိုမှတော့ အကျိုးဆက်ကို ရင်ဆိုင်ဖို့သာ ပြင်ထားပေတော့]
လီကျောက် မျက်လုံးပိတ်ရန် လုပ်နေစဉ်မှာပင် ရုတ်တရက် မျက်လုံးဆတ်ခနဲ ပြန်ပွင့်လာခဲ့ပြီး ဖုချီ၏ အနောက်ဘက်ဆီသို့ ကြောက်လန့်တကြားဖြင့် လှမ်းကြည့်လိုက်လေသည်။ လက်ရှိအချိန်တွင် လီကျောက်မှာ မယုံကြည်နိုင်စရာ တစ်ခုခုကို မြင်နေရသည့်အလား မျက်လုံးအပြူးသား ဖြစ်နေလေ၏။
ထိုအချင်းအရာကို မြင်သော် ဖုချီက နှာခေါင်းရှုံ့လိုက်လေသည်။ "သေရတော့မှာကို မင်းက ဘာလှည့်ကွက်တွေ လုပ်ချင်နေသေးတာလဲ"
လီကျောက် သူ့အား အာရုံလွှဲရန် ကြံနေခြင်းဖြစ်သည်ဟု ဖုချီ ထင်နေခြင်းပင်။ သို့သော်ငြား ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် သူ့အနောက်၌ အခြားလူတစ်ဦး ရပ်နေသည်ကို ဖုချီလည်း ခံစားမိလိုက်ရလေသည်။
"ဘယ်သူလဲ" ဖုချီ ကြက်သီးမွေးညှင်းထသွားခဲ့ပြီး ချက်ချင်း အနောက်သို့ လှည့်ကြည့်လိုက်လေရာ သူ့အား ပြုံးဖြီးလျက် စိုက်ကြည့်နေသော ရုပ်ဆိုးဆိုး မျောက်မျက်နှာနှင့် လူတစ်ဦးကို တွေ့လိုက်ရလေသည်။
"မင်းပဲ" ထိုလူကို မြင်လိုက်သော် ဖုချီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ဤလူသည် သူမင်္ဂလာဆောင်မည့် နန်းတော်အသစ်ကို ဆောက်လုပ်ရာတွင် ဦးစီးဦးဆောင် လုပ်နေသည့် လူတစ်ဦး ဖြစ်ပေသည်။ ကျုလဲ့ ဤကျွန်းသို့ လာစဉ်က ဖုချီနှင့် ကျုလဲ့သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးကြည့်ခဲ့လေသည်။ ထိုစဉ်က သူတို့အား ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်လျှောက် လိုက်လံပြသပေးခဲ့သည့်လူမှာ ဤမျောက်မျက်နှာနှင့်လူသာ ဖြစ်ပေသည်။
"မင်း ဒီမှာ ဘာလာလုပ်နေတာလဲ" ဖုချီသည် ထိုလူအား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်လေသည်။
ယနေ့တစ်နေ့လုံးမှာ လုံးဝကို ပုံမှန်မဟုတ်တော့ချေ။ ပထမဦးစွာ သွေးနှောတစ်ကောင်သည် သူ့အား နောက်ယောင်ခံ လိုက်လာပြီး သူနှင့် သူသေကိုယ်သေ တိုက်ခိုက်ခဲ့သည်။ ထို့နောက်တွင် လူသားတစ်ဦး ဗြုန်းစားကြီး ထပ်ပေါ်လာခဲ့လေ၏။
တစ်ကြိမ် ခံထားရပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဒုတိယအကြိမ်မြောက်တွင်တော့ ဖုချီမှာ တစ်ဖက်လူအား သတိထားနေတော့လေသည်။
သာမန်အခြေအနေမျိုးတွင်သာ ဆိုလျှင်တော့ ဖုချီအနေဖြင့် ဤကဲ့သို့သော လူမျိုးကို တစ်ချက်ပင် စောင်းငဲ့ကြည့်လိမ့်မည် မဟုတ်။ သို့သော်ငြား ယနေ့တစ်နေ့တည်း၌ ထပ်တလဲလဲကို ဒဏ်ရာရထားသည့်အတွက် ဖုချီမှာ သတိထား၍ နေနေရသည်။
ထိုမျောက်မျက်နှာနှင့် လူ၏ အပြုံးမှာ ဖုချီအား ပို၍ ဒေါသထွက်သွားစေခဲ့လေသည်။
ဖုချီ၏ အမေးကို ကြားသော် ဝူချန်းသည် ချက်ချင်း ပြန်မဖြေခဲ့ဘဲ လီကျောက်ဆီသို့ ပြုံး၍ လှမ်းကြည့်လိုက်သည်။ ပြီးသည့် နောက်မှသာလျှင် ဖုချီဘက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ခေါင်းတညိတ်ညိတ်လုပ်လျက် ပြောလိုက်လေ၏။ "ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်"
ကောင်းတယ်ဆိုသည့် စကားအား သုံးကြိမ်သုံးခါ ပြောပြီးသည့်နောက် သူ့မျက်နှာအထက်ရှိ အပြုံးမှာ ရုတ်တရက်ဆိုသလို ဘီလူးဆန်ဆန် ဖြစ်လာကာ ချောက်ချားဖွယ်ရာ ကောင်းလာခဲ့လေသည်။ တစ်ချိန်တည်းတွင် သားကောင်ကို မြင်လိုက်ရသည့် ဆာလောင်နေသော ဝံပုလွေတစ်ကောင်ပမာ သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေ၏။
"မင်းလည်း ငါ့ကို သတ်ဖို့ ရောက်လာတာလား" ဖုချီသည် တစ်ဖက်လူအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ လှောင်ပြုံး ပြုံးလိုက်လေ၏။ သူသည် အရူးမဟုတ်။ ဤမျောက်မျက်နှာနှင့်လူသည် သူ့အပေါ် ကောင်းသည့် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း မဟုတ်မှန်း သိပေသည်။ ဤလူသားသည် ဧကရာဇ် တတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်သည့်အတွက်ကြောင့် လက်ရှိ ဖုချီမှာ အလွန်ကိုမှ အားနည်းနေပါသော်ငြား တစ်ဖက်လူကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်တော့ ရှိနေဆဲပင်။
ဖုချီ၏ စကားကိုကြားသော် လီကျောက် အားတက်သွားခဲ့ပြီး ဝူချန်းအား မျှော်လင့်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်လေ၏။
လက်ရှိအချိန်တွင် လီကျောက်မှာ အတော်လေးကိုမှ စိတ်ညစ်နေရလေသည်။ အကြောင်းမှာ သူကိုယ်တိုင် ဖုချီအား သတ်၍ လက်စားပြန်မချေနိုင်ခဲ့သည့် အတွက်ကြောင့်ပင်။ ယခုဆိုလျှင် သူ့အစွမ်း အကုန်အစင်ကိုပင်လျှင် ထုတ်သုံးသွားခဲ့ပြီး ဖြစ်လေရာ သူ့အနေဖြင့် ဘာမျှ ဆက်မလုပ်နိုင်တော့ချေ။ သို့ရာတွင် ဝူချန်းသည်သာ ဖုချီအား ရှင်းပစ်ပေးမည်ဆိုပါက လီကျောက်အနေဖြင့် ဝူချန်း၏ အကူအညီဖြင့် ဖုချီအား လက်စားချေနိုင်ပေလိမ့်မည်။
"မင်းကို သတ်ဖို့" ဝူချန်းသည် ပြုံး၍ ခေါင်းခါရင်းမှ... "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ သတ်ဖို့လာခဲ့တာ မဟုတ်ဘူး"
ဖုချီက အထင်မြင်တသေးဖြင့်... "မင်းမှာ သတ်ရဲတဲ့သတ္တိ ရှိမယ်လို့လည်း ငါ မထင်ပါဘူး"
ဝူချန်းက ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။ "ငါ ဒီကိုလာတာ နဂါးတစ်ကြောင်ကို စားဖို့ပဲ”
"နဂါးတစ်ကောင်ကို စားဖို့" ထိုစကားကို ကြားလိုက်ချိန် ဖုချီ ကြောင်သွားခဲ့လေသည်။ ဤမျောက်မျက်နှာနှင့်လူ ဘာကို ပြောချင်နေမှန်း သူ နားမလည်နိုင်ခဲ့ပေ။ သို့သော်ငြား ဖုချီမှာ ထိုအကြောင်းကို ထိုင်စဉ်းစားနေရန် အချိန်မရှိပေ။ အကြောင်းမှာ ဝူချန်း စကားပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ့မျက်လုံးသည် ရုတ်တရက်ဆိုသလို ဝဲကတော့ တစ်ခုအသွင်သို့ ပြောင်းလဲသွားသည့်အတွက်ကြောင့်ပင်။
ထိုမျက်လုံးကို စိုက်ကြည့်နေရင်းမှ သူ့ဝိညာဉ်သည် သူ့ကိုယ်ထဲမှ ထွက်၍ တစ်ဖက်လူ၏ မျက်လုံးထဲသို့ ပါသွားတော့မလို ဖုချီ ခံစားလာခဲ့ရလေသည်။
ဖုချီ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်း အကြည့်လွှဲရန် ကြိုးစားလိုက်ပါသော်ငြား နောက်ကျသွားခဲ့လေပြီ။
သူ မည်သို့ပင် ကြိုးစားနေစေကာမူ မည်သို့မှ အကြည့်လွှဲ၍ မရခဲ့ပေ။ တစ်ဖက်လူ၏ မျက်လုံးထဲရှိ နက်နဲဆန်းကြယ်သည့် စွမ်းအားမှာ အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာခဲ့လေရာ ဖုချီကိုယ်တိုင်မှာလည်း ထိုမျက်လုံးကိုသာ မမှိတ်မသုန် စိုက်ကြည့်နေမိတော့လေသည်။ တစ်ခဏလေး အတွင်းမှာပင် သူ၏ ဝိညာဉ် စတင်၍ လှုပ်ခါလာကြောင်းကို ဖုချီ သတိပြုမိလိုက်လေသည်။
ထိုသို့ ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် ဖုချီ ဇောချွေးပြန်သွားတော့လေ၏။ ထို့နောက် သူ့မြင်ကွင်းတစ်ခုလုံး မဲမှောင်သွားခဲ့ပြီး သူကိုယ်တိုင်သည်လည်း သတိလစ်ချင်သလို ဖြစ်လာခဲ့လေသည်။ သို့သော်ငြား သူ့ခန္ဓာကိုယ်ကြီးမှာတော့ နေရာတွင်သာ မလှုပ်မယှက် ရပ်နေမြဲ ရပ်နေခဲ့သည်။
ထိုစဉ် ဝူချန်း အရှေ့သို့ တက်လာခဲ့လေသည်။ လီကျောက်၏ မှင်တက်နေသည့် အကြည့်အောက်တွင်ပင် ဝူချန်းမှာ စတင်၍ ပြောင်းလဲလာတော့သည်။
မူလက ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးမှာ ရုတ်တရက်ဆိုသလို ထွားထွားကြိုင်းကြိုင်းကြီး ဖြစ်လာခဲ့သည်။ မျောက်မျက်နှာနှင့် ဆင်တူသည့် မျက်နှာမှာလည်း စတင်၍ တွန့်လိမ်လာခဲ့ပြီး မကြာမီတွင် သက်လတ်ပိုင်း လူကြီးတစ်ဦးပုံစံသို့ ပြောင်းလဲသွားခဲ့လေသည်။
လက်ရှိ သက်လတ်ပိုင်း လူကြီးသည် အစောပိုင်းက ဝူချန်းနှင့် လုံးဝကို မတူတော့ပေ။
[ဘယ်လို လျှို့ဝှက်နည်းစနစ်ကြီးလဲဟ] လီကျောက် လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။
နဂါးနွယ်ဖွားတစ်ဦး ဖြစ်သလို ဧကရာဇ် တတိယအဆင့် ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား လီကျောက်မှာ ဝူချန်းအား လုံးဝကို ဖောက်ထွင်းမြင်နိုင်ခဲ့ခြင်း မရှိချေ။ ရန်ကိုင် အပါအဝင် နန်းတော်ဆောက်လုပ်ရန် ကူညီပေးခဲ့ကြသော ကျင့်ကြံသူများမှာလည်း ဝူချန်းနှင့် ပတ်သက်၍ ဘာဆိုဘာမျှ မမြင်နိုင်ခဲ့ကြောင်း လီကျောက် ယုံကြည်နေမိပေသည်။
[ဒီလျှို့ဝှက်နည်းစနစ်က ရုပ်ကိုရော အရှိန်အဝါကိုပါ ဖုံးကွယ်ပေးနိုင်တာလား]
ထိုအခိုက်အတန့်မှာပင် ဝူချန်းဆိုသည့်လူမှာ သူ့အား လှည့်ကြည့်လာသည့်အတွက်ကြောင့် လီကျောက် ရင်တဒိန်းဒိန်း ခုန်သွားခဲ့ရလေသည်။ ထိုလူသည်သာ တိုက်ခိုက်လာမည်ဆိုပါက လီကျောက်အနေဖြင့် လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ဖုချီနှင့် ရင်ဆိုင်ရစဉ်က ဖုချီသည် အဆင့်ရှစ် နဂါးတစ်ကောင်ပင် ဖြစ်လင့်ကစား လီကျောက်မှာတော့ တစ်ဖက်လူအား မကြောက်မရွံ့ ပြန်လည်တိုက်ခိုက်နိုင်ခဲ့လေသည်။ သို့သော်ငြား ဝူချန်းဆိုသည့်လူ၏ သာမန်ကာလျှံကာ အကြည့်လေး တစ်ချက်သည် လီကျောက်အား အသွေးထဲအသားထဲအထိကို ကြောက်ရွံ့သွားစေခဲ့လေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဤ ဝူချန်းဆိုသည့်လူ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို မြင်တွေ့နိုင်လေ၏။
"ဟားဟားဟား" ထိုလူသည် ဖုချီအား ဝိုင်းကြီးပတ်ပတ် လှည့်ပတ်ကြည့်ရင်းမှ စတင်၍ အော်ရယ်မောတော့လေသည်။ "ဒီနေ့က ငါ့အတွက် တကယ်ကို ကံကောင်းတဲ့နေ့ပါလား၊ နဂါးတစ်ကောင်ရဖို့ကို ဘယ်လောက်မှ မခက်လိုက်ဘူး"
ထိုသို့ ပြောပြီးသွားသည်နှင့် အရည်ရွှမ်းနေသည့် အသားတုံးကြီးတစ်တုံးကို ကြည့်နေရသည့်ပမာ သူ၏နှုတ်ခမ်းကို လျှာဖြင့် အားပါးတရ သပ်လိုက်လေသည်။
"လူကြီးမင်း ဘယ်သူလဲ ဆိုတာကို သိလို့ရမလား" လီကျောက်သည် တံတွေးတစ်လုပ် မျိုချရင်းမှ မေးလိုက်လေသည်။
ယခုဆိုလျှင် ဝူချန်းအဖြစ် အယောင်ဆောင်ထားသော ဤလူသည် ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ပညာရှင်ကြီးတစ်ဦး ဖြစ်ရမည်မှန်း လီကျောက် နားလည်သွားခဲ့လေပြီ။ ဤလူတွင် ဝူချန်းအဖြစ် အယောင်ဆောင်ပြီး နဂါးကျွန်းထဲဆီသို့ ခိုးဝင်လာခဲ့ရသည့် အကြောင်းအရင်း ရှိရပေလိမ့်မည်။
ဝူချန်းဆိုသည့်လူမှာမူ လီကျောက်၏ အမေးကို ပြန်မဖြေခဲ့ဘဲ ဖုချီကိုသာ မမှိတ်မသုန် စိုက်ကြည့်နေရင်းမှ ရေရွတ်ပြောလိုက်လေ၏။ "အခုလိုတွေ ဖြစ်သွားတာအတွက် ငါ မင်းကို တကယ် ကျေးဇူးတင်ရမယ်၊ မင်းသာ ဒီကောင်ကို ဒဏ်ရာရအောင် လုပ်မပေးရင် ဒီနဂါးကို ဖမ်းဖို့ ငါ တော်တော်လေး အားစိုက်ရဦးမှာ" ဝူချန်းဆိုသည့်လူက ပြောလိုက်သည်။ "အားနည်းလွန်းတာလည်း တကယ်ကို ပြဿနာပါလား"
[သူ့ကိုယ်သူ အားနည်းတယ်လို့ ပြောလိုက်တာလား] လီကျောက် အံ့အားသင့်သွားခဲ့လေသည်။
ဝူချန်း လုပ်ပြသွားသည့် ပုံစံအရ သူသည် အလွန်အားကောင်းလှသည့် ပညာရှင်တစ်ဦးမှန်း သိသာလှပေသည်။ အကြည့်တစ်ချက်နှင့်ပင်လျှင် အဆင့်ရှစ် နဂါးတစ်ကောင်မှာ တုတ်တုတ်မျှ မလှုပ်နိုင်အောင် ဖြစ်သွားခဲ့ရသည်။ ထိုစွမ်းအားကိုပင်လျှင် အားနည်းသည်ဟု ပြောနေပါက ထိုလူ အားကောင်းသည်ဟူသော စွမ်းအားမှာ မည်ကဲ့သို့သော စွမ်းအားမျိုး ဖြစ်လေမည်နည်း။ လီကျောက် လုံးဝ မတွေးတတ်တော့ချေ။
"အဲဒီမှာ နေနေ၊ နဂါးကိစ္စပြီးတော့မှ မင်းနဲ့ငါနဲ့ စာရင်းရှင်းမယ်" ဝူချန်းသည် လီကျောက်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။
ထိုစကားကို ကြားပြီးသည့်နောက် လီကျောက် ခြေဖျားလက်ဖျားများ အေးစက်လာရတော့လေ၏။ အစောပိုင်းက ထိုသူမှ သူ့အား ကျေးဇူးတင်သည်ဟု ပြောလာစဉ်က ထိုလူသည် သူ့အား လွှတ်ပေးလိမ့်မည်ဟု လီကျောက် ထင်ခဲ့လေသည်။ သို့သော်ငြား ထိုလူပါးစပ်မှ နောက်ထပ် ထွက်လာသည့် စကားများကို ကြားပြီးသည့်နောက်တွင် ထိုလူသည် သူ့ကိုပါ သတ်ရန် စီစဉ်ထားကြောင်း လီကျောက် သဘောပေါက်သွားရတော့၏။ [ထားလိုက်တော့၊ ဖုချီလည်း သေပြီပဲကို၊ ငါလည်း စန်းနျန်အတွက် လက်စားပြန်ချေပြီးသွားပြီ၊ ဒီတော့ သေရလည်းဘာမှကိစ္စမရှိတော့ဘူး]
လီကျောက်အနေဖြင့် ထွက်မပြေးချင်သည် မဟုတ်။ သူကိုယ်တိုင်ကလည်း ထွက်မပြေးနိုင်သလို ထွက်ပြေးနိုင်မည်ဆိုလျှင်ပင် ဤလူ့လက်မှ လွတ်နိုင်လိမ့်မည် မဟုတ်မှန်းလည်း သိနေခဲ့ပေသည်။ သူသည်သာ မဆင်မခြင် လှုပ်ရှားပါက အသေစောသွားရနိုင်ပေသည်။ ထိုအတွက်ကြောင့် လီကျောက်သည် မျက်လုံးပိတ်၍သာ အဆုံးသတ် ရောက်လာမည့်အချိန်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်စောင့်နေလိုက်တော့လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ ထူးဆန်းသည့် အရှိန်အဝါတစ်ရပ်သည် ဝူချန်း၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာခဲ့ပြီး ဝူချန်း၏ အမူအရာမှာလည်း စတင်၍ တွန့်လိမ်လာတော့လေသည်။ "ခွေးအိုကြီး မင်း ဘာလုပ်ချင်နေတာလဲ"
ဝူချန်း နောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်သွားခဲ့လေသည်။ လက်ရှိအချိန်တွင် သူ့မျက်နှာအထက် အမူအရာအမျိုးမျိုး ရှိနေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း မတူကွဲပြားသည့် အရှိန်အဝါနှစ်ရပ်သည် သူ့ကိုယ်ထဲ စတင်၍ ပွတ်တိုက်နေခဲ့လေ၏။
လီကျောက်မှာမူ ဝူချန်း ဘာဖြစ်လို့ဖြစ်နေမှန်း မသိသည့်အတွက်ကြောင့် ထိုမြင်ကွင်းကိုသာ ကြောင်ကြည့်နေမိလေသည်။
"မင်းကိုယ်မင်း သိပ်ပြီး အထင်ကြီးမနေနဲ့ကွ၊ မင်း ငါ့ကိစ္စကို လာဖျက်လိုဖျက်ဆီး လုပ်ရင် ငါ မင်းကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူးနော်၊ ငါ မင်းကိုရော မဝါးမျိုပစ်ရဲဘူးလို့ ထင်နေတာလား" သူ့ကိုယ်ထဲရှိ စွမ်းအားနှစ်ရပ်အကြားမှ ပဋိပက္ခ ပိုမိုပြင်းထန်လာသည့် အလျောက် ဝူချန်းဆိုသည့်လူက ထအော်လိုက်လေသည်။ ထိုလူ၏ ကိုယ်တွင်းမှ ထွက်ပေါ်လာသည့် ပဋိပက္ခ ဖြစ်နေသော အရှိန်အဝါနှစ်ရပ်၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည့်အခိုက် လီကျောက်မှာ သူ့အသားများကို ဓားဖြင့်မွှန်းသွားသလို ခံစားလိုက်ရလေသည်။
ဝူချန်း၏ ပုံစံကို မြင်ပြီးသည့်နောက် ဝူချန်းဆိုသည့်လူမှာ စိတ်နှစ်ခွနှင့်လူ ဖြစ်သည်ဟု လီကျောက် ထင်မိသွားခဲ့သည်။ လီကျောက် အသက်ရှင်လာသည်မှာ နှစ်ပေါင်းမနည်းတော့ချေ။ သို့သော်ငြား ဤကဲ့သို့သော စိတ်နှစ်ခွနှင့် လူကို သူ့ဘဝတွင် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။
ဝူချန်း စကားပြောနေစဉ်မှာပင် သူ့လက်နှစ်ဖက်သည် စတင်၍ လှုပ်ရှားလာတော့လေ၏။ ထူးဆန်းသည့်အချက်မှာ လက်တစ်ဖက်ချင်းစီက မတူကွဲပြားသည့် ချိတ်စည်းတစ်ခုစီကို ထုတ်ဖော်နေခြင်းပင် ဖြစ်လေ၏။ သို့သော်ငြား သူ့လက်လှုပ်ရှားမှုများမှာ အလွန်ကိုမှ မြန်ဆန်လွန်းလှသည့်အတွက်ကြောင့် လီကျောက်မှာ ဝူချန်း၏လက် မည်ကဲ့သို့ လှုပ်ရှားနေသလဲ ဆိုသည်ကို သေသေချာချာ မမြင်နိုင်ခဲ့ပေ။
ထိုလက်ကွက်များကို ကြည့်ရင်း လီကျောက်မှာ ပိုပို၍ ထိတ်လန့်လာခဲ့ရလေ၏။ အကြောင်းမှာ ထိုမျှ ရှုပ်ထွေးနက်နဲလွန်းလှသည့် ချိပ်စည်းများကို သူ့အနေဖြင့် တစ်ကြိမ်တစ်ခါမျှပင် မြင်ဖူးခြင်း မရှိသည့်အတွက်ကြောင့်ပင်။
တစ်ခဏအကြာတွင် ဝူချန်းသည် လီကျောက်ဘက်သို့ လှည့်ကြည့်လာလိုက်လေသည်။ ထို့နောက် အံကိုတင်းတင်းကြိတ်၍ အော်ပြောလိုက်လေ၏။ "မင်း ဒီမှာ ဘာလို့ ဆက်နေသေးတာလဲ၊ အသက်မရှင်ချင်တော့တာလား"
လီကျောက် ပျာယာခတ်သွားတော့လေ၏။ တစ်ခုခုကို နားလည်သွားသည့်အလျောက် ထိုလူအား လက်ညှိုးထိုးရင်းမှ ပြောလိုက်လေ၏။ "ခင်ဗျား,,,"
ဝူချန်းက အော်ပြောလိုက်သည်။ "ရန်ကိုင်ကို သွားရှာပြီး ပြောလိုက်"
သို့သော်ငြား ဝူချန်းသည် သူ့ကိုယ်သူ ချက်ချင်း ဖြတ်ပြောလိုက်လေသည်။ "သွားရှာနေလို့လည်း အပိုပဲ၊ ဒီနေ့ ငါ့ကို ဘယ်သူမှ မတားနိုင်ဘူးကွ"
[ခန္ဓာကိုယ်တစ်ခုတည်းမှာ ဝိညာဉ်နှစ်ခု ရှိနေတာလား၊ ဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်နှစ်ခုတောင် ရှိနေတာလား]
ယခုမှသာလျှင် ဤလူ ဘာကြောင့် ထူးထူးဆန်းဆန်း ပြုမူနေရသလဲ ဆိုသည်ကို လီကျောက် နားလည်သွားတော့လေသည်။ လတ်စသတ်တော့ ဤလူ၏ ကိုယ်ထဲတွင် ဝိညာဉ်နှစ်ခု ရှိနေသည့်အတွက်ကြောင့်ပင်ကိုး။ ထိုဝိညာဉ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆန့်ကျင်နေခြင်းသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤလူမှာ လီကျောက်ကို သတ်ချင်နေပါသော်ငြား ချက်ချင်းဆိုသလို လီကျောက်ကို ထွက်ပြေးရန် ပြန်ပြောခဲ့ခြင်း ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၆၈)
ဘာသာပြန်သူ_တိမ်တိုက်
လီကျောက် မသေချင်သေးချေ။ သူ့အနေဖြင့် ဤနေရာတွင် နေနေခဲ့ရခြင်းမှာ သူ့တွင် အသက်ရှင်နိုင်မည့် အခွင့်အရေး မရှိတော့ဟု ထင်နေသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ယခု အခွင့်အရေးမှာ ရောက်ရှိလာခဲ့ပြီဖြစ်လေရာ လီကျောက်အနေဖြင့် သေရမည်ကို ထိုင်စောင့်နေလိမ့်မည်မဟုတ်ချေ။
ချက်ချင်းပဲ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးအချို့ကို ထုတ်သောက်လိုက်လေသည်။ ထို့နောက်တွင် သူ၏နဂါးဓာတ်လုံးကို အာရုံစိုက်လိုက်လေ၏။ ချက်ချင်းဆိုသလို ပင်လယ်ထဲမှ အက်ရာထက်နေသည့် နဂါးဓာတ်လုံးတစ်ခု ပျံထွက်လာခဲ့ပြီး လီကျောက်၏ပါးစပ်ထဲသို့ ဝင်သွားခဲ့လေသည်။ ဤသည်မှာ သူ၏နဂါးဓာတ်လုံးသာ ဖြစ်လေသည်။
ဆေးလုံးအချို့ သောက်လိုက်ပြီဖြစ်သလို နဂါးဓာတ်လုံးသည်လည်း သူ့ကိုယ်ထဲ ပြန်ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် လီကျောက်မှာ လုံးဝကို အားအင်ချိနဲ့နေခြင်း မရှိတော့ဘဲ နည်းနည်းပါးပါး ပြန်လည်လှုပ်ရှားလာနိုင်ခဲ့လေသည်။ ထို့နောက်တွင် ထိခိုက်သွားပြီဖြစ်သော သူ၏ရွှေခြင်္သေ့လှံပုဆိန်ကို ပြန်ဆွဲယူလိုက်ပြီးသည့်နောက် အသက်ကို ပြင်းပြင်းရှူသွင်းကာ အမြီးကုပ်၍ ပြေးတော့လေသည်။
သူ့နောက်တွင်ရှိနေသည့်လူ မည်သူမှန်း လီကျောက်မသိချေ။ သို့သော်ငြား ထိုလူ၏ကိုယ်ထဲတွင်ရှိနေသည့် ဝိဥာဉ်သည် သူ့အား ထွက်ပြေးရန်ပြေးခဲ့သောလူသည် ရန်ကိုင်ကို သိရပေလိမ့်မည်။ ထို့ကြောင့်သာလျှင် ရန်ကိုင်ကိုသွားရှာရန် ပြောခဲ့ခြင်းဖြစ်သည်။ သို့သော်ငြား ထိုဝိဉာဉ်မှာ သူ့စကားကို ဆုံးအောင်မပြောနိုင်ခဲ့ချေ။ ထိုသို့သာမဟုတ်ပါက လီကျောက်အနေဖြင့် ထိုလူ မည်သူဖြစ်သလဲဆိုသည်ကို သိသွားနိုင်ပေလိမ့်မည်။
နဂါးဟိန်းသံများ ကောင်းကင်ယံတစ်ခွင် ပဲ့တင်ထပ်နေခဲ့သည်။ ရန်ကိုင်နှင့် နဂါးလေးကောင်မှာ အချင်းချင်း တိုက်ခိုက်နေခဲ့ကြလေသည်။ ကျုချင်းနှင့် ဖုလင်တို့ ရောက်ရှိလာပြီးသည့်နောက် ရန်ကိုင် ထမ်းပိုးထားရသည့်ဖိအားမှာ အတော်လေးကိုမှ လျော့ကျသွားခဲ့ရပါသော်ငြား လက်ရှိအခြေအနေသည်ပင်လျှင် သူ့အတွက် အလေးသာမနေခဲ့ပေ။
နဂါးကလန်တွင်ရှိနေသော နဂါးအားလုံးမှာ နတ်သားရဲများ ဖြစ်ကြသည်။ ဤနေရာတွင်ရှိနေကြသော နဂါးလေးကောင်စလုံးမှာ အရွယ်ရောက်ပြီးသားနဂါးများ ဖြစ်ကြလေသည်။ သွေးမျိုးဆက်ကို အဆင့်အမျိုးမျိုး ခွဲခြားထားပါသော်ငြား နဂါးကလန်သားတိုင်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်ကြပေသည်။ ရန်ကိုင်သည် အလွန်ကိုမှ အားကောင်းလှသော မီတာရှစ်ဆယ်ခန့် အမြင့်ရှိသည့် နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းထားပါသော်ငြား နဂါးလေးကောင်၏ပြိုင်ဘက်တော့ ဖြစ်မနေသေးပေ။
တစ်ချိန်တည်းတွင်လည်း ကျုချင်းနှင့်ဖုလင်တို့ ရောက်ရှိလာသည့်အပေါ် ဝမ်းသာနေမိလေသည်။ ကျုချင်းနှင့်ဖုလင်တို့မှ သူ့ဝန်ထုပ်ဝန်ပိုးကို အနည်းငယ် ခွဲယူထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်အနေဖြင့် ဤတိုက်ပွဲကို အစောကြီးတည်းက ရှုံးနိမ့်သွားပြီးနေလောက်ပေပြီ။ အခြေအနေမှာ သူ့ဘက်သို့ အလေးမသာပါသော်ငြား ရန်ကိုင်တွင် ဤတိုက်ပွဲကို နိုင်နိုင်ချေ ရှိနေပေသေးသည်။
ရန်ကိုင်သည် နဂါးလေးကောင်အား ထိထိရောက်ရောက် ဒဏ်ရာရသွားအောင် လုပ်နိုင်မည့် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ မရှုမလှ ခံနေရပါသော်ငြား သူ့တွင် ထုတ်မသုံးရသေးသော ဝှက်ဖဲတစ်ခု ရှိနေပေသေးသည်။ ထိုဝှက်ဖဲကိုသာ ထုတ်သုံးလိုက်မည်ဆိုသည်နှင့် သူအမျှော်လင့်ထားရဆုံးသော ရလဒ်တစ်ခုကို ဖြစ်ပေါ်လာစေနိုင်ပေလိမ့်မည်။
လက်ရှိအချိန်တွင်တော့ ရန်ကိုင်တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေခဲ့ပြီး သူ့အရှိန်အဝါမှာလည်း အတော်လေးကိုမှ အားနည်းနေခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် နဂါးလေးကောင်မှာ တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ရန်ကိုင်ဆီသို့ ဘက်ပေါင်းစုံမှ ခုန်ဝင်လာကြလေသည်။
ရန်ကိုင်သည် ပထမနဂါးအား ရှောင်တိမ်းလိုက်ပြီးသည့်နောက် ဒုတိယနဂါး၏ နဂါးမီးတောက်ကို ထပ်မံရှောင်ရှားလိုက်လေသည်။ တစ်ချိန်တည်းတွင် တတိယနဂါးမှ ထုတ်သုံးလာသည့် နဂါးလျှို့ဝှက်နည်းစနစ်ကိုလည်း တန်ပြန်ချေဖျက်လိုက်သည်။ သို့သော်ငြား လေးယောက်မြောက်နဂါးမှာမူ ရန်ကိုင်၏ခန္ဓာကိုယ်ကို အမိအရ ဖမ်းချုပ်သွားနိုင်ခဲ့လေသည်။
ထိုနဂါးသည် နဂါးလေးကောင်အနက် အားအကောင်းဆုံးဖြစ်ပြီး အဆင့်ခုနှစ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကာ မီတာတစ်ရာ့ငါးဆယ်ခန့် အလျားရှိသော နဂါးခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပေသည်။ လက်ရှိအချိန်တွင် ၎င်း၏ နဂါးခန္ဓာကိုယ်ကြီးသည် ရန်ကိုင်မှ လေဟာနယ်ပညာရပ်ကို ထုတ်သုံး၍ ထွက်မပြေးနိုင်စေရန်အတွက် ရန်ကိုင်၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားခဲ့လေသည်။ ထိုနဂါးမှ ရန်ကိုင်၏ခန္ဓာကိုယ်ကို တင်းကြပ်စွာ ရစ်ပတ်ထားခဲ့သည့်အတွက်ကြောင့် ရန်ကိုင်၏အရိုးများ စတင်၍ အက်ကွဲလာကုန်ကြရလေသည်။
ထိုအချင်းအရာကိုမြင်လိုက်သော် ကျန်နဂါးသုံးကောင်စလုံး ဝမ်းသာအားရ ဖြစ်သွားခဲ့ကြပြီး ရန်ကိုင်ဆီသို့ ထပ်မံ၍ ခုန်ဝင်လာကြလေသည်။ ရန်ကိုင်သည်သာ နဂါးများရောက်လာသည့်အချိန်အထိ ရုန်းမထွက်နိုင်သေးလျှင် လုံးဝကို ကံဆိုးမိုးမှောင်ကျပေလိမ့်မည်။
နောက်ဆုံးအခိုက်အတန့်၌ ရန်ကိုင်မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ လက်ရှိအချိန်သည် သူ့အနေဖြင့် ဘာကိုမှ ထပ်မံ၍ ဖုံးကွယ်၍မရတော့သည့် အချိန်တစ်ခု ဖြစ်လာခဲ့လေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်လည်း ရွေးစရာမရှိတော့ဘဲ နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့လေ၏။ သို့သော်ငြား ထိုအခိုက်အတန့်မှာပင် အကြောင်းအရင်းတစ်ခုခုကြောင့် ရန်ကိုင် ကြောင်သွားခဲ့ပြီး ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ ထို့နောက် သူ့လက်ကောက်ကို ခါ၍ သူ့ဆီသို့ ပြေးဝင်လာနေသော နဂါးတစ်ကောင်ဆီသို့ ဘာမှန်းမသိရသော အရာတစ်ခုကို လှမ်းပစ်ကာ အော်ပြောလိုက်လေသည်။ “အဲ့ကောင်ကို ချ…”
ရန်ကိုင်၏လုပ်ရပ်ကိုမြင်သော် ရန်ကိုင်ဆီသို့ ပြေးဝင်ရန် ကြံနေကြသည့် နဂါးသုံးကောင်စလုံး ကြောင်သွားကြလေသည်။ ရန်ကိုင် သူတို့ဆီသို့ ဘာဖြင့် ပစ်လိုက်လို့ ပစ်လိုက်မှန်း မသိရသေးခင် နဂါးသုံးကောင်မှာ အလျင်စလို လှုပ်ရှားဝံ့ခြင်းမရှိကြ။ ဤလူသား မည်မျှ ရက်စက်ကြမ်းကြုတ်ကာ ဉာဏ်နီဉာဏ်နက်များသလဲဆိုသည်ကို သူတို့သိထားပြီးလေပြီ။ ယခုကဲ့သို့သောအခြေအနေမျိုးတွင် ထိုလူသားမှ ထုတ်သုံးလာသည့်အရာသည် လုံးဝကို သာမန်ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။
သေသေချာချာ ကြည့်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်ပစ်လိုက်သည့်အရာမှာ ကျောက်တုံးဝိုင်းဝိုင်းလေးတစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။ ထိုကျောက်တုံးဝိုင်းဝိုင်းလေးသည် သာမန်လူတစ်ဦး၏ တစ်ရပ်စာမျှမြင့်ကာ အတော်လေးကိုမှ သာမန်ဆန်ပေသည်။
(ဘာကြီးလဲ…) ထိုကျောက်တုံးဝိုင်းဝိုင်းကြီးကို မြင်လိုက်သည့်အခိုက် နဂါးကလန်သားများ ဇဝေဇဝါ ဖြစ်သွားကုန်ကြလေသည်။ ကျောက်တုံးဖြင့်ထိတော့မည့်နဂါးမှာတော့ စိတ်မရှည်ဖြစ်လာသည့်အလား သူ့အမြီးဖြင့် ထိုကျောက်တုံးကို ရိုက်ချလိုက်လေသည်။ အမြီးနှင့်ကျောက်တုံး ထိသွားသည်နှင့်တစ်ပြိုင်နက် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ကျောက်တုံးတစ်ခုလုံး တစ်စစီ ဖြစ်သွားခဲ့လေသည်။
သို့ရာတွင် နဂါးများကို အံ့အားသင့်သွားစေခဲ့သည်မှာတော့ အခြားမဟုတ်။ ကျောက်တုံးပျက်စီးသွားပြီးသည့်နောက် ပေါ်လာသည့်အရာသာ ဖြစ်လေသည်။ ကျောက်တုံးပျက်စီးသွားပြီးသည့်နောက် ကျောက်တုံးရှိနေခဲ့သည့်နေရာ၌ ကျောက်တုံးလူသားတစ်ဦး ပေါ်လာခဲ့လေသည်။ ထိုကျောက်တုံးလူသားသည် လူတစ်ရပ်စာမျှလောက်သာ ရှိပေသည်။ ကျောက်တုံးလူသား၏ပုံစံမှာ ထောင့်ကျကျဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်ထက်တွင် ဆူးချွန်များ ရှိနေခဲ့လေသည်။ ထိုကျောက်တုံးလူသားမှာ သာမန်လူသားတစ်ဦးကဲ့သို့ ပြီးပြည့်စုံသော မျက်နှာအသွင်အပြင်အပြည့်အစုံကို ပိုင်ဆိုင်ထားခဲ့ပြီး ၎င်း၏ခြေလက်များမှာတော့ ထူးထူးခြားခြားကို ရှည်မျောမျောကြီး ဖြစ်နေခဲ့လေသည်။ အသိသာဆုံးသောအချက်မှာ ထိုကျောက်တုံးလူသား၏ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ တောက်လောင်နေခြင်းပင်။ ထို့အပြင် ၎င်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း နတ်သားရဲများတွင်သာ တွေ့ရလေ့ရှိသည့်အရှိန်အဝါမျိုး ဖြစ်လေသည်။
“ရှီဟွော့…” နဂါးတစ်ကောင်က မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ထအော်လေသည်။
နတ်သားရဲများဖြစ်ကြသည့်အလျောက် နဂါးများသည် ရှီဟွော့အကြောင်းကို သိပေသည်။ ရှီဟွော့သည် နတ်သားရဲများအနက် ထိပ်တန်းထဲတွင် မပါဝင်ပါသော်ငြား အတော်လေးကိုမှအားကောင်းသည့် နတ်သားရဲတစ်ကောင် ဖြစ်နေဆဲ။
သို့သော်ငြား ရှီဟွော့သည် ရန်ကိုင်မှ လှမ်းပစ်လိုက်သည့် ကျောက်တုံးတစ်တုံးထဲမှ မည်ကဲ့သို့ ထွက်လာနိုင်သလဲဆိုသည်ကိုတော့ နဂါးကလန်သားများ နားမလည်နိုင် ဖြစ်နေကြလေသည်။ လက်ရှိအချိန်တွင် သူတို့အားလုံးသည် အဆုံးမဲ့ပင်လယ်ပြင်ထဲသို့ ရောက်နေလေရာ ရန်ကိုင်သည် ရှီဟွော့အား မည်ကဲ့သို့များ ဤနေရာသို့ ဆင့်ခေါ်နိုင်ရလေသနည်း။
ရှီဟွော့သည် ပေါ်လာပြီးပြီးချင်းမှာပင် မာန်သွင်း၍ အော်ဟစ်ဟိန်းဟောက်လိုက်လေသည်။ ၎င်း၏ဟိန်းဟောက်သံသည် အလွန်ကိုမှ အားကောင်းလှလေရာ ဟင်းလင်းပြင်တစ်ဝိုက် လှိုင်းတွန့်လေးများကိုပင်လျှင် ဖြစ်ပေါ်လာစေခဲ့လေသည်။ ရှေ့ဆုံးတွင်ရှိနေသော နဂါးကလန်သားများမှာလည်း ရှီဟွော့၏ဟိန်းဟောက်သံကို ကြားလိုက်ရပြီးသည့်နောက် အလိုလို နောက်သို့ ဆုတ်သွားမိလေ၏။ ဘာကြောင့်မှန်းမသိ ဤရှီဟွော့သည် ပုံမှန်ရှီဟွော့များနှင့်မတူဘဲ တစ်ခုခုထူးခြားနေသလို ထိုနဂါးများ ခံစားနေကြရလေသည်။
“ထွက်သွားစမ်း…” ရှီဟွော့နှင့် အနီးဆုံးတွင်ရှိနေသောနဂါးသည် ၎င်း၏လက်သည်းဖြင့် ရှီဟွော့အား ကုတ်ချလိုက်လေသည်။ (မင်း ရှီဟွော့ဖြစ်တော့ရော ဘာဖြစ်လဲ… ဘယ်နတ်သားရဲမှ ငါတို့ကလန်ရှေ့မှာ လာပြီး မောက်မာပြလို့မရဘူးကွ… ပြီးတော့ ဒီရှီဟွော့က အခုမှ မွေးကင်းစလေးပဲ ရှိသေးတာ… ဘယ်လောက်အားကောင်းနိုင်မှာမလို့လဲ…)
သို့သော်ငြား နောက်ဖြစ်လာသည့်အရာသည် နဂါးကလန်သားအား သူအမှားကြီး မှားသွားပြီမှန်း နားလည်သွားစေခဲ့လေသည်။ မာန်သွင်းအော်ဟစ်လိုက်ပြီးသည့်နောက်တွင် မူလက လူသားတစ်ဦး၏ အရပ်မျှသာ အမြင့်ရှိသော ရှီဟွော့သည် ရုတ်တရက်ဆိုသလို စတင်၍ ကြီးထွားလာတော့လေသည်။ ဆယ်မီတာ၊ ဆယ့်ငါးမီတာ၊ မီတာသုံးဆယ်၊ မီတာခြောက်ဆယ်… တစ်ခဏလေးအတွင်းမှာပင် ပေါက်စနလေးသာရှိသေးသော ရှီဟွော့သည် ဧရာမဘီလူးကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ၎င်း၏ခန္ဓာကိုယ်ထက်တွင် လောင်မြိုက်နေသော မီးတောက်များမှာလည်း ပို၍ ပြင်းထန်လာခဲ့လေ၏။
“ဘုန်း…” ဟူသောမြည်သံနှင့်အတူ နဂါးလက်သည်းကြီး ရှီဟွော့၏ရင်ဘတ်အား သွားရောက်ထိမှန်သွားခဲ့လေသည်။ သို့သော်ငြား သူထင်မှတ်ထားခဲ့သလို မည်သည့်အထိအခိုက်မှ ဖြစ်ပေါ်လာခဲ့ခြင်းမရှိဘဲ မီးပွင့်များသာ ထွက်ပေါ်လာခဲ့ရလေသည်။ ရှီဟွော့မှာတော့ နဂါးလက်သည်းတွင်ပါဝင်သော ပြင်းအားကြောင့် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရပြီး သူ့ရင်ဘတ်တွင်လည်း လက်သည်းရာကြီးတစ်ခု ပေါ်လာခဲ့ရသည်။
ရှီဟွော့ကိုတိုက်ခိုက်လိုက်သည့် နဂါးကလန်သားမှာမူ ထိုအဖြစ်အပျက်ကြောင့် ကြောင်သွားခဲ့ရလေသည်။ (ဒါ ရှီဟွော့ရော ဟုတ်ရဲ့လား… ဒီကောင့်ခန္ဓာကိုယ်က ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မာနေရတာလဲ…)
လက်သည်းဖြင့် ကုတ်ခံလိုက်ရပြီးသည့်နောက်တွင် ရှီဟွော့သည် ၎င်း၏ရင်ဘတ်ဆီသို့ ငုံ့ကြည့်လိုက်ပြီးသည့်နောက် နဂါးအား ပြန်စိုက်ကြည့်လိုက်လေသည်။ လက်ရှိအချိန်တွင် ရှီဟွော့၏မျက်လုံးများသည် မီးတောက်များဖြင့် တောက်လောင်နေခဲ့လေပြီ။ ထို့နောက် ရှီဟွော့သည် ၎င်း၏လက်ကိုဆန့်ထုတ်၍ နဂါးအမြီးကို ဆွဲကိုင်ကာ သူ့ဆီသို့ ဆောင့်ဆွဲချလိုက်လေသည်။
နဂါးမှာလည်း ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားသည့်အတွက်ကြောင့် ရှီဟွော့ဆွဲရာသို့ ပါသွားခဲ့ပြီး ရှီဟွော့၏ခန္ဓာကိုယ်နှင့် သွားဝင်ဆောင့်မိလေသည်။ ခန္ဓာကိုယ်နှစ်ခု အချင်းချင်း ဝင်ဆောင့်မိသည့်အခိုက် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ မီးကျွမ်းသွားသည့်အနံ့တို့ ထွက်ပေါ်လာခဲ့လေသည်။ ရှီဟွော့၏ ဖမ်းဆီးထားခြင်းခံရသည့်နဂါးမှာ နာကျင်စွာအော်ဟစ်ရင်းမှ အသည်းအသန်ရုန်းကန်ရင်း ပင်လယ်ထဲသို့ ထိုးဆင်းသွားခဲ့လေသည်။ ရှီဟွော့မှာတော့ နဂါးအမြီးကို မလွှတ်တမ်း ဆုပ်ကိုင်ထားရင်းမှ နဂါးနှင့်အတူ ပင်လယ်ထဲသို့ ကျသွားခဲ့လေသည်။
မူလက နဂါးလေးကောင်ရှိခဲ့ပါသော်ငြား ရှီဟွော့ပေါ်လာပြီးသည့်နောက် နဂါးတစ်ကောင် လျော့သွားခဲ့ရလေ၏။ ယခုဆိုလျှင် ရန်ကိုင်နှင့်ရင်ဆိုင်မည့် နဂါးသုံးကောင်သာ ကျန်တော့လေသည်။
“ဟား ဟား ဟား…” ရန်ကိုင် ရုတ်တရက် ထရယ်တော့လေသည်။
“သေရတော့မှာကို သွေးနားထင်က ရောက်နေသေးတယ် ဟုတ်လား…” ရန်ကိုင်က ရစ်ပတ်ထားသည့်နဂါးသည် ရန်ကိုင် ဘာကြောင့် ဤကဲ့သို့ ရယ်မောနေသလဲဆိုသည်ကို နားမလည်နိုင်ဘဲ ဒေါသတကြီးဖြင့် ထအော်ပြောလေသည်။
ယနေ့တွင် မမျှော်လင့်ထားသည့် အဖြစ်အပျက်ပေါင်းများစွာ ဖြစ်လာခဲ့ပါသော်ငြား ရန်ကိုင်ရှုံးမည်မှာတော့ လုံးဝကို သေချာပေသည်။ နဂါးသုံးကောင်သည် ရန်ကိုင်အား ရင်ဆိုင်ဖို့ရာ လုံလောက်သည်ထက်ပင် ပိုပေသေးသည်။
“အခုမှ အချိန်ကျတာကွ…” ရန်ကိုင်၏အမူအယာ လေးနက်သွားခဲ့ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်၏စကားကိုကြားသော် ဆိုးရွားသည့်ကိစ္စတစ်ခုခု ဖြစ်တော့မည်မှန်း နဂါးသုံးကောင်စလုံး နားလည်သွားခဲ့ကြပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ရန်ကိုင်အား ချက်ချင်းသတ်ပစ်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ ရန်ကိုင်အား ရစ်ပတ်ချုပ်နှောင်ထားသည့်နဂါးသည် ပို၍အားစိုက်ကာ ရန်ကိုင်၏ခန္ဓာကိုယ်တစ်ခုလုံးကို ညှစ်ချေပစ်ရန် ကြိုးစားလိုက်လေသည်။
ကျန်နဂါးနှစ်ကောင်မှာလည်း ၎င်းတို့၏နဂါးလက်သည်းအသီးသီးဖြင့် ရန်ကိုင်၏ သေကွင်းသေကွက်နေရာများကို တိုက်ခိုက်လိုက်ကြလေသည်။
“နဂါးအသွင်ပြောင်းလဲခြင်း…”
ရန်ကိုင်၏အော်သံကို ကြားလိုက်သည့်အခိုက် နဂါးသုံးကောင်စလုံး ကြောင်သွားခဲ့လေသည်။ (နဂါးအသွင်ပြောင်းလဲခြင်း… ဒီကောင် နဂါးတစ်ပိုင်းအသွင်ကို ပြောင်းလဲပြီးသွားပြီမဟုတ်ဘူးလား… ဘာလို့ နဂါးအသွင်ပြောင်းလဲခြင်းကို ထပ်အော်နေသေးတာလဲ… ဘာလဲ… ဒီကောင် တကယ့်နဂါးအသွင်ကို ပြောင်းတော့မှာလား…)
ထိုကဲ့သို့စဉ်းစားမိလိုက်သည့်အခိုက် နဂါးသုံးကောင်စလုံး ကြိတ်ကာ လှောင်ပြုံးပြုံးလိုက်ကြလေသည်။ သူတို့အမြင်အရ ရန်ကိုင်အနေဖြင့် ဘယ်သောအခါမှ အစစ်အမှန်နဂါးတစ်ကောင် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။
သို့ရာတွင် နောက်ဖြစ်လာသည့်အရာမှာတော့ နဂါးသုံးကောင်စလုံးအား အမှန်တကယ်ကို ကြောက်ရွံ့သွားစေခဲ့လေသည်။ ရန်ကိုင်မှ နဂါးအသွင်ပြောင်းလဲခြင်းဟု အော်ပြောလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်ဆီမှ ထွက်ပေါ်နေသည့် နဂါးဖိအားမှာ နဂါးသုံးကောင်စလုံး ကြောက်ရွံ့တုန်လှုပ်သွားရသည့်အဆင့်ထိသို့ ရောက်ရှိလာတော့လေသည်။ တစ်ချိန်တည်းတွင်လည်း တဂျွတ်ဂျွတ်မြည်သံများနှင့်အတူ မီတာရှစ်ဆယ်ခန့်အမြင့်ရှိသော ရန်ကိုင်၏ခန္ဓာကိုယ်ကြီးမှာ နောက်တစ်ကြိမ် ကြီးထွားလာလေ၏။
“ဒါ…” ရန်ကိုင်အား ရစ်ပတ်ချုပ်နှောင်ထားသောနဂါးမှာ သူ့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ကြည့်နေခဲ့လေသည်။ အလွန်တရာကိုမှ အားကောင်းလှသည့် အားတစ်ရပ်သည် သူ့ခန္ဓာကိုယ်အား အတင်းထိုးထွက်နေသလို ထိုနဂါး ခံစားနေရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အား တင်းတင်းကြပ်ကြပ် ရစ်ခွေထားသော ၎င်း၏ခန္ဓာကိုယ်ကြီးမှာလည်း စတင်၍ ပြေလျော့လာရတော့လေ၏။
မီတာရှစ်ဆယ်၊ မီတာတစ်ရာ၊ မီတာတစ်ရာ့နှစ်ဆယ်၊ မီတာတစ်ရာ့ငါးဆယ်…။
လက်ရှိအချိန်တွင် ရန်ကိုင်သည် ကြောက်မက်ဖွယ်ရာ ဘီလူးတစ်ကောင်နှင့်ပင် ဆင်နေခဲ့လေသည်။ သူ့ဆီမှ ဖြာထွက်နေသည့် နဂါးဖိအားမှာလည်း ကောင်းကင်တစ်ခွင်အနှံ့ ပြည့်နေခဲ့ပြီး ပင်လယ်ပြင်တစ်ခုလုံးကို လှိုင်းထန်နေစေခဲ့သည်။
နဂါးသုံးကောင်မှာ ထိတ်လန့်တုန်လှုပ်နေချိန် ကျုချင်း၊ ဖုလင်တို့နှင့် တိုက်ခိုက်နေသော နဂါးနှစ်ကောင်မှာလည်း မှင်တက်နေသည့်အမူအယာဖြင့် ရန်ကိုင်အား ကြောင်ကြည့်နေကြလေသည်။
ကျုချင်းမှာ ယာယီမျှ ကြောင်အမ်းနေခဲ့ပြီးသည့်နောက် သူမ၏မျက်လုံးထဲ ဝမ်းသာရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ရန်ကိုင်သည် သူ၏တကယ့်ခွန်အားကို ဤအတိုင်းအတာထိ ဖုံးကွယ်ထားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
မီတာရှစ်ဆယ်နှင့် မီတာတစ်ရာ့ငါးဆယ်ကြား ကွာဟချက် ကြီးကြီးမားမားရှိပေသည်။ နဂါးတစ်ကောင်၏ သွေးမျိုးဆက်သည် ၎င်း၏အရွယ်အစားပေါ်တွင် မူတည်နေပေသည်။ ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းလျှို့ဝှက်ပညာရပ်ကို ကျင့်ကြံထားသူတစ်ဦး ဖြစ်သည့်အလျောက် သူသည်လည်း ချွင်းချက်မဟုတ်ချေ။ ရန်ကိုင်၏အသွင်ပြောင်းနိုင်သည့်အရွယ်အစား ပိုကြီးလေ သူ့သွေးမျိုးဆက် ပိုမိုသန့်စင်လေပင်။
လွန်ခဲ့သောတစ်လခန့်က ရန်ကိုင်၏နဂါးတစ်ပိုင်းအသွင်သည် လေးဆယ့်ငါးမီတာအမြင့်ခန့်သာ ရှိပေသည်။ သို့သော်ငြား ယခုအချိန်တွင်မူ မီတာတစ်ရာ့ငါးဆယ်အမြင့်ထိသို့ ရောက်လာခဲ့လေရာ ရန်ကိုင်၏အရွယ်အစားမှာ သုံးဆမက ပိုမိုကြီးထွားလာသည်ဟု ပြော၍ရပေသည်။ သူ့ခွန်အား ဤမျှကြီးမားလာသည့်အလျောက် ရန်ကိုင်မှထုတ်သုံးနိုင်သည့် ခွန်အားပမာဏမှာ အလွန်တရာကိုမှ မြင့်မားလာခဲ့ခြင်း မရှိပါသော်ငြား ရန်ကိုင်ထုတ်လွှတ်နိုင်သည့် နဂါးဖိအားနှင့် သွေးမျိုးဆက်ဖိနှိပ်ခြင်းစွမ်းအားမှာတော့ သိသိသာသာကို အားကောင်းလာရလေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ရန်ကိုင်သွားခူးလာခဲ့သော နဂါးသွေးပန်းများ၏ကျေးဇူးကြောင့်သာ ဖြစ်ပေသည်။ အထူးသဖြင့် ထိပ်တန်းအဆင့်နဂါးသွေးပန်းများကို သုံး၍ ဖော်စပ်ခဲ့သော နဂါးသွေးဆေးလုံးများ၏ ကျေးဇူးကြောင့်ပင်။ လွန်ခဲ့သောတစ်လအတွင်း ရန်ကိုင်ရရှိခဲ့သည့် အကျိုးအမြတ်အားလုံး၏ တစ်ဝက်လောက်ကို ထိုပန်းနှစ်ပွင့်၏ကျေးဇူးကြောင့် ရရှိခဲ့ခြင်းဖြစ်လေသည်။
အချိန်သာရမည်ဆိုလျှင် ရန်ကိုင်အနေဖြင့် မီတာတစ်ရာ့ငါးဆယ်ထက် ပိုမိုကြီးမားသော နဂါးတစ်ပိုင်းအသွင်သို့ပင် ပြောင်းနိုင်ပေလိမ့်မည်။
ယခု ရန်ကိုင် အရွယ်အစားကြီးမားလာခဲ့သည်မှာ တစ်မီတာ နှစ်မီတာမဟုတ်။ မီတာခုနှစ်ဆယ်ခန့်ဖြစ်ပေသည်။ မူလက ရန်ကိုင်၏အကြေးခွံများမှာ ထိုမျှထူးခြားခြင်းမရှိ။ သို့ရာတွင် လက်ရှိအချိန်တွင်တော့ အကြေးခွံများအားလုံး ရွှေရောင်တောက်နေလေရာ ရန်ကိုင်ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေသားဖြင့် ဖုံးအုပ်ထားသလားဟုပင် ထင်မှတ်နေရတော့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၆၉)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်၏နဖူးမှ ထိုးထွက်နေသော နဂါးဦးချိုနှစ်ချောင်းသည် ယခင်ကထက်ပို၍ ရှည်လျားလာခဲ့လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် နဂါးဖိအားတို့ဖြင့် ပြည့်နေခဲ့ရာ ထိုနဂါးဖိအားအောက်ဝယ် နဂါးသုံးကောင်စလုံးမှာ မွန်းကြပ်သလို ဖြစ်လာခဲ့ကြရသည်။ မသိလျှင် သူတို့ရင်ဘတ်ပေါ် တောင်တစ်လုံးဖြင့် ဖိချထားသည့်အလား သူတို့ကိုယ်ထဲရှိ နဂါးစွမ်းအင်လှည့်ပတ်နှုန်းသည်ပင်လျှင် သိသိသာသာကို နှေးကျနေခဲ့ရလေပြီ။
သူတို့ကိုယ်ပေါ်ရှိ တစ်ခုသောအကြေးခွံမှာ ထူးထူးခြားခြားကို တောက်ပနေကြောင်း သတိပြုမိလိုက်သည့်နောက်တွင်တော့ နဂါးသုံးကောင်စလုံး ထိတ်လည်းထိတ်လန့် အံ့အားလည်းသင့်သွားကြလေ၏။
ထိုတလက်လက်တောက်ပနေသည့် နဂါးကြေးခွံမှာ အခြားမဟုတ်။ နဂါးကျောင်းတော်၏ကောင်းချီးများ စုဝေးနေသည့် အကြေးခွံ ဖြစ်ပေသည်။ ထိုအကြေးခွံ ယခုကဲ့သို့ တောက်ပနေရခြင်းမှာ နဂါးကျောင်းတော်၏ ကောင်းချီးနည်းစနစ်မှာ မတည်မငြိမ်ဖြစ်လာသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။
ရန်ကိုင် မီတာရှစ်ဆယ်ခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင် ဖြစ်နေစဉ်က သွေးမျိုးဆက်ဖိနှိပ်ခြင်းသည် နဂါးသုံးကောင်အပေါ် လုံးဝ အကျိုးသက်ရောက်မှုမရှိခဲ့ပေ။ သို့သော်ငြား ရန်ကိုင်မှ မီတာတစ်ရာ့ငါးဆယ်ခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းသွားသည့်အချိန်တွင်တော့ သွေးမျိုးဆက်ဖိနှိပ်ခြင်းသည် စတင်၍ အသက်ဝင်လာတော့သည်။
နဂါးကျောင်းတော်၏ကောင်းချီးမှာ သွေးမျိုးဆက်ဖိနှိပ်ခြင်းကို ဟန့်တားပေးနိုင်ပါသော်ငြား လုံးဝပျက်ပြယ်သွားစေနိုင်သည်တော့ မဟုတ်ပေ။ ဖိနှိပ်ခြင်းစွမ်းအားသည် အတိုင်းအတာတစ်ခုအား ကျော်လွန်သွားသည့်နောက်တွင် သွေးမျိုးဆက်ကြားရှိကွာဟချက်ကို ဆက်လက်၍ လျစ်လျူရှုနိုင်တော့လိမ့်မည် မဟုတ်ပေ။
(ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်မှရမယ်… မဟုတ်ရင် အကျိုးဆက်က ကောင်းမှာမဟုတ်ဘူး…) နဂါးသုံးကောင် တစ်ပြိုင်တည်း ဆုံးဖြတ်ချက်ချလိုက်လေသည်။
မီတာတစ်ရာ့ငါးဆယ်ခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ဆီသို့ ဘယ်ဘက်နေရာမှ တိုးဝင်လာနေသော နဂါးတစ်ကောင်အား လက်သီးဖြင့် ထိုးချလိုက်လေသည်။
“ဘုန်း…” ဟူသော မြည်သံနှင့်အတူ ထိုနဂါး နာကျင်စွာအော်ဟစ်ရင်း လွင့်စင်ထွက်သွားခဲ့လေ၏။ နဂါးခေါင်းထက်ရှိအကြေးခွံများ အက်ကွဲပျက်စီးကုန်ပြီး နဂါးကိုယ်တိုင်မှာလည်း ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့လေသည်။
ညာဘက်တွင်ရှိနေသောနဂါးသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ၎င်း၏နဂါးလက်သည်းဖြင့် ရန်ကိုင်၏ရင်ဘတ်တည့်တည့်သို့ ထိုးချလိုက်လေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်အား အခြားသောနဂါးတစ်ကောင်မှ ရစ်ပတ်ထားသည့်အတွက်ကြောင့် ရန်ကိုင်မှာ ထိုနဂါးလက်သည်းကို မရှောင်တိမ်းနိုင်သလို တည်နေရာလည်း မခုန်ကူးနိုင်ချေ။ ထိုနဂါးလက်သည်းသည်သာ သူ့ရင်ဘတ်တည့်တည့်သို့ လာထိမည်ဆိုပါက ရန်ကိုင် ဒုက္ခရောက်သွားရပေလိမ့်မည်။ ထိုကဲ့သို့သော သေရေးရှင်ရေးအခြေအနေမျိုးတွင် ရန်ကိုင်သည် အမှုမဲ့အမှတ်မဲ့ သူ့အမြီးကို ရန်သူတည့်တည့်သို့ ရိုက်ချမိလိုက်လေသည်။
လျှပ်စီးတန်းတစ်ခုပမာ ရန်ကိုင်၏အမြီးသည် တစ်ဖက်လူဆီသို့ တဟုန်ထိုး တိုးဝင်သွားလေ၏။
“ဘုန်း…”
ရန်ကိုင်၏အမြီးသည် တစ်ဖက်နဂါး၏ ကျောရိုးတည့်တည့်ကိုမှ သွားထိလေသည်။ နာကျင်စွာ အော်ဟစ်သံနှင့်အတူ ရန်ကိုင်ရင်ဘတ်တည့်တည့်သို့ လက်သည်းဖြင့် ထိုးစိုက်ရန် ကြံနေသောနဂါးသည် ဥက္ကာခဲကြွေဆင်းသည့်ပမာ လွင့်စင်ထွက်သွားခဲ့လေသည်။
ထိုသို့ တိုက်ခိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ကိုယ်သူ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ ယခုဆိုလျှင် သူ့ကျောဘက်နေရာ၌ နဂါးအမြီးတစ်ချောင်း ရှိနေကြောင်းကို တွေ့လိုက်ရလေသည်။
နဂါးအသွင်ပြောင်းလဲခြင်းကျင့်စဉ်ကို တစ်လခန့် ကျားကုတ်ကျားခဲ လေ့ကျင့်ပြီးသည့်နောက် သူ၏ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်မှာ သိသိသာသာ တိုးတက်လာပြီဖြစ်ကြောင်း ရန်ကိုင် သိထားလေသည်။ သို့သော်ငြား နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုပြီးသည့်နောက် မည်ကဲ့သို့ဖြစ်မလဲဆိုသည်ကိုတော့ ရန်ကိုင်မသိခဲ့ပေ။ ယခုမှသာလျှင် သေသေချာချာ သိသွားရခြင်း ဖြစ်လေသည်။
လက်ရှိအချိန်တွင် ရန်ကိုင်သည် မီတာတစ်ရာ့ငါးဆယ်ခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းဘီလူးကြီးတစ်ကောင် ဖြစ်နေခဲ့သည်။ နဂါးဦးချိုများသည် သူ့နဖူးမှ ထိုးထွက်နေခဲ့ပြီး နဂါးအမြီးတစ်ချောင်းမှာတော့ သူ့ကျောဘက်ဆီမှ လျှောကျနေခဲ့သေလည်။ နဂါးအကြေးခွံအားလုံးမှာလည်း ရွှေရောင်တလက်လက် တောက်နေလေ၏။ ဤသည်မှာ မီတာရှစ်ဆယ်ခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်နှင့် လုံးဝမတူသည့် ပုံစံတစ်မျိုး ဖြစ်ပေသည်။
ရန်ကိုင်အား ပြေးမရအောင် ရစ်ပတ်ချုပ်နှောင်ထားသော နဂါးမှာမူ ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေလေသည်။ အစောပိုင်းကအဖြစ်အပျက်အားလုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုနဂါးမှာ အချိန်မီ အသိပြန်ဝင်မလာနိုင် ဖြစ်နေခဲ့ရသည်။ ရန်ကိုင်မှ သူ့အဖော်နှစ်ယောက်အား အလွယ်တကူ အနိုင်ယူသွားသည်ကို မြင်ပြီးသည့်နောက်တွင် ရန်ကိုင်အား သူတစ်ယောက်တည်း ရင်ဆိုင်ရတော့မည့်အကြောင်း စဉ်းစားမိလိုက်သည့်အခိုက် ထိုနဂါး ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။
သို့သော်ငြား နောက်ဆုံးတွင် ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်သည့်အလား ၎င်း၏ပါးစပ်ကြီးကိုဟလျက် ရန်ကိုင်၏ခေါင်းအား ကိုက်ချလိုက်လေသည်။
ရန်ကိုင်သည် သူ့လက်ကိုမြှောက်ကာ ကောက်ကာလိုက်သည့်အတွက်ကြောင့် တစ်ဖက်လူ၏သွားများသည် သူ့အသားထဲသို့ စိုက်ဝင်သွားကာ ရန်ကိုင်၏လက်မောင်းတစ်ခုလုံး သွေးများဖြင့် စိုရွှဲသွားကုန်ရလေသည်။ သို့သော်ငြား ရန်ကိုင်ကမူ မျက်နှာတစ်ချက်ပင်မပျက်ဘဲ လှောင်ပြုံးပြုံး၍သာ နဂါး၏ ကြောက်ရွံ့တုန်လှုပ်နေသည့်အကြည့်အောက်၌ ကျန်လက်တစ်ဖက်ဖြင့် နဂါးဦးချိုကိုဆွဲကိုင်ကာ လိမ်ချိုးချလိုက်လေသည်။
“အား…” ကျယ်လောင်သည့်နဂါးဟိန်းသံနှင့်အတူ နဂါးဦးချို ကျိုးသွားရာနေရာမှ သွေးများမှာ ရေတံခွန်အလား စီးထွက်လာခဲ့လေ၏။
ဦးချိုကို ချိုးပစ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကိုဆန့်ထုတ်၍ နဂါး၏ ဝမ်းဗိုက်နေရာဆီသို့ လက်သည်းဖြင့် ထိုးချလိုက်လေသည်။
ချက်ချင်းဆိုသလို မီတာပေါင်းများစွာရှည်လျားသော ဒဏ်ရာကြီးတစ်ခု နဂါးဝမ်းဗိုက်တွင် ဖြစ်ပေါ်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် ရာပေါင်းများစွာသော နဂါးအကြေးခွံများမှာလည်း ကျွတ်ထွက်သွားခဲ့ပြီး ထိုအကြေးခွံများအနက် တစ်ခုမှာ နဂါးကျောင်းတော်၏ကောင်းချီး ပါဝင်နေသည့် အကြေးခွံတစ်ခု ဖြစ်နေခဲ့လေသည်။
နဂါးကျောင်းတော်၏ကောင်းချီးကို ဆုံးရှုံးသွားရပြီးသည့်နောက်တွင် ထိုနဂါးမှာ ရန်ကိုင်ဆီမှ ဖြာထွက်နေသည့်နဂါးဖိအားကို ခုခံနိုင်ခဲ့ခြင်း မရှိတော့ဘဲ လျင်မြန်စွာ အရွယ်အစား ကျုံ့ဝင်လာခဲ့ရာ မကြာမီတွင် လူအသွင်သို့ ပြန်ပြောင်းသွားခဲ့လေ၏။ ထို့နောက်တွင် လက်တစ်ဖက်ဖြင့် သွေးများ ယိုစီးကျနေသော သူ့ဝမ်းဗိုက်ကိုဖိရင်းမှ အသည်းအသန် ထွက်ပြေးရန် ကြိုးစားတော့လေသည်။
ရန်ကိုင်ကမူ ထိုနဂါးအား အထင်အမြင်တသေးဖြင့်သာ တစ်ချက်ကြည့်လိုက်ပြီး ထိုနဂါးနောက်တော့ လိုက်မဖမ်းခဲ့ပေ။ နဂါးကျောင်းတော်၏ကောင်းချီး မရှိတော့သည့်အတွက်ကြောင့် ထိုနဂါးမှာ သူ့အတွက်မှ ဘာအန္တရာယ်မှမရှိတော့ပေ။
ထို့နောက်တွင် ရန်ကိုင်သည် ပင်လယ်ထဲသို့ ထိုးဆင်းသွားခဲ့လေသည်။ ထူးဆန်းစွာပင် ရန်ကိုင်မှာ ရေထဲသို့ ခုန်ဆင်းသွားခဲ့ပါသော်ငြား ရေတစ်ပွက်ပင် ပွက်သွားခြင်းမရှိပေ။ တစ်ခဏအကြာ၌ ပြင်းထန်လှသည့်စွမ်းအင်လှိုင်းများ ပင်လယ်အောက်ခြေဆီမှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ပင်လယ်ပြင်ဆီမှ ရေပန်းကြီးတစ်ခု ဖြာထွက်လာခဲ့ပြီး ရန်ကိုင်သည် ထိုရေပန်းထဲမှ နဂါးနှစ်ကောင်နှင့်အတူ ပေါ်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်၏လက်တစ်ဖက်တစ်ချက်စီ၌ နဂါးတစ်ကောင်စီ ရှိနေခဲ့လေသည်။
ရန်ကိုင်သည် ထိုနဂါးနှစ်ကောင်ကို လက်တစ်ဖက်ချင်းစီတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်းမှ ကောင်းကင်အမြင့်ထိသို့ရောက်အောင် ပျံတက်သွားခဲ့သည်။ အမြင့်ပိုင်းသို့ရောက်သော် ထိုနဂါးနှစ်ကောင်ကို ခေါင်းချင်းဆိုင် ရိုက်ချပေးလိုက်လေ၏။
“ဘုန်း… ဘုန်း… ဘုန်း…”
ရန်ကိုင်မှာ ခေါင်းနှစ်ခေါင်းအား ဆောင့်ရိုက်ပေးနေရသည်ကို အလွန်ကိုမှ နှစ်ခြိုက်နေသည့်အလား နဂါးနှစ်ကောင်ကို ထပ်တလဲလဲ ခေါင်းချင်းတေ့ဆိုင်ကာ ရိုက်ပေးနေခဲ့လေသည်။ ကြိမ်ဖန်များစွာ ခေါင်းချင်းဆောင့်ခံရပြီးသည့်နောက်တွင် နဂါးခေါင်းမှ အကြေးခွံများ ကွာထွက်ကုန်ပြီး ခေါင်းနှစ်ခေါင်းစလုံးမှာလည်း သွေးချင်းနီသွားတော့လေသည်။
နောက်ဆုံး စိတ်ပြေလက်ပျောက် ဖြစ်သွားသည့်အခါမှသာလျှင် ရန်ကိုင်သည် ထိုနဂါးများ၏ကိုယ်မှ နဂါးကျောင်းတော်မှကောင်းချီး ပါဝင်နေသော အကြေးခွံများကို ခွာကာ နဂါးနှစ်ကောင်ကို လွင့်ပစ်လိုက်လေသည်။
ကောင်းကင်ထက်ဝယ် နဂါးနှစ်ကောင်မှာ ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် နဂါးဖိအားကြောင့် လူအသွင်သို့ ပြန်ပြောင်းလိုက်ရလေသည်။ နှစ်ကောင်စလုံးမှာ ဒယီးဒယိုင်ဖြစ်နေကြကာ ကောင်းကောင်းပင် မတ်တပ်မရပ်နိုင်ကြချေ။ ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေရင်းမှ ရန်ကိုင်အား ကြောက်ရွံ့တုန်လှုပ်နေသည့်အကြည့်ဖြင့် လှမ်းကြည့်နေကြလေသည်။
ရန်ကိုင်ကမူ ထိုနှစ်ဦးကို လျစ်လျူရှုလျက် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်လေ၏။ ထို့နောက် လေဟာနယ်နိယာမစွမ်းအားများကို အသက်သွင်းလိုက်ရာ ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်ပြန်ပေါ်လာသည့်အခါတွင်တော့ ကျုချင်းတို့တိုက်ပွဲဖြစ်နေသည့်နေရာဆီသို့ ရောက်နေခဲ့လေပြီ။
ကျုချင်းနှင့်တိုက်ခိုက်နေကြသည့် နဂါးနှစ်ကောင်မှာ ရန်ကိုင်ကိုမြင်လိုက်သည့်အခိုက် ထိတ်လန့်သွားကုန်ကြလေသည်။
လက်ရှိအချိန်တွင် ထိုနဂါးနှစ်ကောင်မှာ ကျုချင်းနှင့် တိုက်ခိုက်နေကြရပါသော်ငြား သူတို့တိုက်ခိုက်နေသည့်နေရာသည် ရန်ကိုင်တို့တိုက်ခိုက်နေသည့်နေရာနှင့် သိပ်မဝေးလှချေ။ ထို့အတွက်ကြောင့် ရန်ကိုင်တို့ကြားရှိတိုက်ပွဲကို သေသေချာချာ မြင်ခဲ့ရပေသည်။ နဂါးသုံးကောင်အား ရန်ကိုင်တစ်ယောက်တည်းမှ အလွယ်တကူ အနိုင်ယူသွားသည်ကို မြင်ပြီးသည့်နောက် ထိုနဂါးနှစ်ကောင်မှ ရန်ကိုင် သူတို့ဆီသို့ ရောက်လာသည်ကိုမြင်သော် အလွန်ကိုမှ ထိတ်လန့်သွားခဲ့ကြလေသည်။ ထို့အပြင် ရန်ကိုင်ဆီမှ ဖြာထွက်နေသည့် နဂါးဖိအားသည် သူတို့၏စွမ်းအားကို ကောင်းကောင်းလှည့်ပတ်၍ မရအောင် ဖိနှိပ်နေခဲ့လေသည်။
အကြည့်ချင်းဖလှယ်ပြီးသည့်နောက် နှစ်ဦးစလုံး ထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြလေသည်။ ယနေ့ကိစ္စကို သူတို့ဘာသာသူတို့ လုံးဝ ဖြေရှင်းနိုင်တော့လိမ့်မည်မဟုတ်ချေ။ လူအင်အားသာနေပါသော်ငြား ရန်ကိုင်တစ်ဦးတည်းမှ နဂါးများစွာကို အနိုင်ယူနိုင်ခဲ့လေသည်။ ယနေ့တွင် သူတို့သည်သာ နဂါးကျွန်း၏ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်လိုပါက ပထမနှင့် ဒုတိယအကြီးအကဲကို အားကိုးရုံသာ ရှိပေတော့မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဤနေရာတွင် ဖြစ်ပျက်နေသည့်အကြောင်းစုံကို အကြီးအကဲနှစ်ဦးအား သွားရောက်အသိပေးရပေလိမ့်မည်။
သို့သော်ငြား သူတို့နှစ်ဦး ထိုသို့မလုပ်နိုင်သေးခင်မှာပင် သူတို့ပတ်ပတ်လည်ရှိဟင်းလင်းပြင်မှာ နွံအိုင်တစ်ခုပမာ ရုတ်တရက်ဆိုသလို စေးပျစ်ပျစ်ဖြစ်လာကြောင်း တွေ့လိုက်ရလေသည်။
နဂါးနှစ်ကောင်မှာ ထိတ်လန့်တန်လှုပ်သွားခဲ့ပြီး လေဟာနယ်နိယာမများ၏ ဖိနှိပ်မှုအောက်မှ အလျင်အမြန်ရုန်းထွက်ရန် ကြိုးစားကြတော့လေသည်။ သို့သော်ငြား သူတို့ ဘာမှမလုပ်နိုင်သေးခင်မှာပင် ရန်ကိုင်သည် သူတို့နှစ်ဦးဆီသို့ ခုန်ဝင်လာခဲ့လေ၏။ နဂါးတစ်ကောင်ချင်းစီ၏ အမြီးတစ်ချောင်းကို ကိုင်စွဲရင်းမှ ရန်ကိုင်သည် သူ့ကိုယ်သူ ချားရဟတ်ပမာ လည်ပတ်၍ စတင်ဝှေ့ယမ်းပစ်တော့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် နဂါးနှစ်ကောင်ကို အဝေးတစ်နေရာဆီသို့ လွှင့်ပစ်လိုက်လေ၏။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် နဂါးများ၏ကိုယ်ပေါ်တွင် ရှိနေသော နဂါးကျောင်းတော်၏ ကောင်းချီးရရှိထားသည့် နဂါးအကြေးခွံကိုပါ ဆွဲခွာပစ်လိုက်လေသည်။ ထိုအကြောင်းကြောင့် နဂါးနှစ်ကောင်မှာ နဂါးပုံစံအတိုင်း ဆက်မနေနိုင်ကြတော့ဘဲ လူအသွင်သို့ ပြောင်းသွားကြရကုန်လေ၏။
လက်ရှိ ရန်ကိုင်၏ မီတာတစ်ရာ့ငါးဆယ်ခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်အရ ရန်ကိုင်အနေဖြင့် အဆင့်ရှစ်အောက်တွင်ရှိနေသော မည်သည့်နဂါးကိုမဆို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
ဖုလင်ကို ကူညီပေးပြီးသည့်နောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားကုန်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ၏ ကျောက်တုံးကိုယ်ပွားနှင့် အခြားသောနဂါးတစ်ကောင် တိုက်ခိုက်နေရာဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ လက်ရှိအချိန်တွင်တော့ သူ၏ကျောက်တုံးကိုယ်ပွားနှင့် ထိုနဂါးမှာ လက်ရည်ညီနေခဲ့သည်။
ကျောက်တုံးကိုယ်ပွားနိုးလာသည့်ကိစ္စသည် ရန်ကိုင်အား အမှန်တကယ်ကို အံ့အားသင့်သွားစေခဲ့လေသည်။ တကယ်တော့ ကျောက်တုံးကိုယ်ပွားသည် ရှီဟွော့၏အမြုတေနှင့် ပေါင်းစပ်ပြီးချိန်မှစ၍ အိပ်ပျော်နေခဲ့ခြင်း မဟုတ်ပေလော။ ယခုကဲ့သို့အချိန်မျိုးတွင်မှ ကျောက်တုံးကိုယ်ပွားနိုးလာလိမ့်မည်ဟု ရန်ကိုင် အမှန်တကယ်ကို မျှော်လင့်ထားခြင်းမရှိပေ။
ကျောက်တုံးကိုယ်ပွား ရှီဟွော့၏အမြုတေနှင့် ပေါင်းစပ်သွားပြီး မိန်းမောသွားချိန်မှစ၍ ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွား၏ အခြေအနေကို မကြာခဏဆိုသလို စစ်ဆေးကြည့်ခဲ့လေသည်။ ကျောက်တုံးကိုယ်ပွား အနှေးနှင့်အမြန်ဆိုသလို နိုးလာလိမ့်မည်မဟုတ်မှန်းလည်း သိနေခဲ့သည်။ သို့သော်ငြား ယခုကဲ့သို့အခြေအနေမျိုး၌ စော၍နိုးလာသည်ကို ကြည့်ရသလောက် ကျောက်တုံးကိုယ်ပွားသည်လည်း ရန်ကိုင် လက်ရှိကြုံနေရသည့်အခက်အခဲကို သဘောပေါက်သဖြင့် အလျင်အမြန် နိုးထလာခြင်း ဖြစ်သည့်ပုံပင်။
ကျောက်တုံးကိုယ်ပွား စော၍နိုးလာသည်မှာ ဘာပြဿနာမှတော့မရှိပေ။ အကြောင်းမှာ ကျောက်တုံးကိုယ်ပွားသည် ရှီဟွော့၏အမြုတေနှင့် အပြည့်အဝ ပေါင်းစပ်သွားပြီဖြစ်ကြောင်းကို ရန်ကိုင် အာရုံခံမိနေသည့်အတွက်ကြောင့်ပင်။ တစ်နည်းဆိုရသော် လက်ရှိအချိန်တွင် သူ၏ကျောက်တုံးကိုယ်ပွားသည် နတ်သားရဲတစ်ကောင်ဖြစ်သည့် ရှီဟွော့ ဖြစ်လာခဲ့လေသည်။
ကျုချင်းအား တစ်ခုခုပြောပြီးသည့်နောက် ရန်ကိုင်မှ သူ၏ကျောက်တုံးကိုယ်ပွားအား သွားကူညီတော့မည်အပြု နဂါးကျွန်း၏ အတွင်းအကျဆုံးနေရာဆီမှ ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ရုတ်တရက် ပြန့်ထွက်လာခဲ့လေသည်။
ထိုနဂါးဟိန်းသံသည် ရန်ကိုင်ကြားခဲ့ဖူးသည့် မည်သည့်နဂါးဟိန်းသံနှင့်မျှ မတူညီ။ ရန်ကိုင်အမြင်အရ ထိုနဂါးဟိန်းသံမှာ သေဆုံးတော့မည်နဂါးတစ်ကောင်၏ ဆွဲဆွဲငင်ငင် ဟစ်ကြွေးသံနှင့်ပင် တူနေပေသည်။
ထိုနဂါးဟိန်းသံ ထွက်ပေါ်လာသည့်အခိုက် ကျုချင်းနှင့် ဖုလင်တို့နှစ်ဦးလုံး ဖြူလျော်သွားခဲ့ကြပြီး အသံထွက်ပေါ်လာရာဆီသို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြလေသည်။
သူမတို့သာလျှင် အခြားသောနဂါးများသည်လည်း ထိုအရပ်ဆီသို့ လှမ်း၍ကြည့်လိုက်သည်။ ထိုနဂါးဟိန်းသံမှာ လက်ဖက်ရည်တစ်ခွက်စာခန့်ကြာအောင် အဆက်မပြတ် ထွက်ပေါ်နေပြီးသည့်နောက် ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သူ့ပါးပြင်အား ရုတ်တရက် ကောက်ကိုင်ကြည့်လေသည်။ ထို့နောက် ကောင်းကင်ပေါ်သို့မော့ကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေ၏။ “ရာသီဥတုက ဒီလောက်သာယာနေတာကို ဘာလို့ မိုးတွေရွာနေရတာလဲ… နဂါးကျွန်းပေါ်က ရာသီဥတုကလည်း ထူးဆန်းလိုက်တာ…”
ကောင်းကင်တွင် နေထိန်ထိန်သာနေပြီး တိမ်ထူခြင်းလည်းမရှိပေ။ သို့သော်ငြား မိုးများမှာမူ အကြောင်းအရင်းမရှိ ရွာသွန်းနေခဲ့သည်။ ထို့အပြင် ရွာနေသည့်မိုးမှာ သာမန်မိုးဖွဲဖွဲလေးပင်မဟုတ်။ သည်းထန်စွာရွာသွန်းနေသည့်မိုးပင် ဖြစ်လေသည်။
ရန်ကိုင်အား ပို၍ ထိတ်လန့်သွားစေသည်မှာ ထိုမိုးထဲ စွမ်းရည်တစ်မျိုးမျိုး ကိန်းအောင်းနေသည့်ပုံစံမျိုးပင်။
“ဒါ သာမန်မိုးမဟုတ်ဘူး…” အစောပိုင်းက နဂါးဟိန်းသံ ထွက်ပေါ်လာသည့်အရပ်ဆီသို့ လွှမ်းကြည့်ရင်းမှ ဖုလင်က ဖြူဖတ်ဖြူလျော်အမူအယာဖြင့် ဝင်ပြောလိုက်လေသည်။
ကျုချင်းကလည်း မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဒါ နဂါးကြွေမိုးပဲ…”
“ဘာနဂါးကြွေမိုးလဲ…” ရန်ကိုင်သည် ကျုချင်းဘက်သို့ မျက်မှောင်ကျုံ့၍ လှမ်းကြည့်လိုက်လေသည်။ လက်ရှိ ကျုချင်းနှင့် ဖုလင်တို့၏အမူအယာကို ကြည့်ရသလောက် နဂါးကျွန်းတွင် ကြီးကြီးမားမားကိစ္စတစ်ရပ် ဖြစ်သွားသည့်ပုံပင်။
“နဂါးကလန်သားတစ်ယောက် သေသွားပြီ…” ကျုချင်းသည် ရန်ကိုင်အား တုန်လှုပ်နေသည့်အမူအယာဖြင့် လှည့်ကြည့်လာခဲ့လေသည်။
ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး မျက်လုံးမှေးစင်းလျက် “နင် ဘယ်လိုသိတာလဲ… ခုနတုန်းကပေါ်လာတဲ့ နဂါးဟိန်းသံကြောင့်လား…”
(အဲ့နဂါးဟိန်းသံက သာမန်နဂါးဟိန်းသံနှင့် မတူဘူးဆိုပေမယ့် နဂါးတစ်ကောင်သေသွားလို့ ဟိန်းတဲ့ဟိန်းသံမျိုးလည်း ဟုတ်ချင်မှဟုတ်မှာပေါ့… အဲ့နဂါးတစ်ကောင် ဆိုးဆိုးရွားရွားဒဏ်ရာရထားလို့ အဲ့လိုမျိုးအော်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၇၀)
ဘာသာပြန်သူ_တိမ်တိုက်
နဂါးကျွန်းအထက်တွင် ရာသီဥတု သာယာနေလင့်ကစား မိုးများ သည်းထန်စွာ ရွာသွန်းနေခဲ့လေသည်။ ရွာသွန်းနေသည့် မိုးစက်များနှင့်အတူ နဂါးကျွန်းတစ်ခုလုံးမှာလည်း သုသာန်တစပြင်မျှ တိတ်ဆိတ်နေခဲ့သည်။
ဖုလင်သည် တံတွေး မျိုချလိုက်ရင်းမှ ပြောလိုက်လေသည်။ "နဂါးတစ်ကောင် သေသွားတဲ့အခါကျ စိတ်ဝိညာဉ်မိုးအဖြစ် ပြောင်းသွားတယ်၊ အဲဒီမိုးကို နဂါးကြွေမိုးလို့ ခေါ်တယ်"
"နင် သေချာလား" ရန်ကိုင်သည် ဖုလင်အား အလေးအနက် အမူအရာဖြင့် ကြည့်လိုက်သည်။
ဖုလင်က ပြန်ပြောလိုက်သည်။ "သေချာတယ်"
ကျူချင်းကလည်း ခေါင်းညိတ်၍ ဝင်ပြောလိုက်လေ၏။ "ဟုတ်တယ်၊ နဂါးတစ်ကောင် တကယ် သေသွားတာ"
ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင်၏ နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ [နဂါးတစ်ကောင် သေသွားတယ်ဆိုတော့ အဲဒီနဂါးကို ဘယ်သူသတ်တာလဲ၊ စီနီယာ ကျူဖုန်းလား၊ ဒါမှမဟုတ် လီဝူရီလား၊ အဲဒါမှမဟုတ်ရင် ဟိုကောင် ကျုလဲ့လား]
ကျုချင်းကိုယ်တိုင်မှ နဂါးတစ်ကောင် သေသွားပြီဖြစ်ကြောင်း အတည်ပြုပေးလာသည့် နောက်တွင် ရန်ကိုင် တကယ်ကို ထိတ်လန့်သွားတော့လေသည်။
ရန်ကိုင်သည် နဂါးကလန်နှင့် ပြဿနာတက်ခဲ့သလို နဂါးများကို ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်ခဲ့ပါသော်ငြား မည်သည့်နဂါးကိုမျှ သတ်မပစ်ခဲ့ပေ။ နဂါးကလန်နှင့် ပြဿနာတက်သွားသည်မှာ ကိစ္စမရှိ။ ရန်ကိုင်အနေဖြင့် နဂါးကလန်နှင့် ထပ်မတွေ့လိုက်ရုံသာ ရှိပေသည်။ ရန်ကိုင်သည် နဂါးကလန်သားများ၏ မောက်မာဝံ့ကြွားသည့် အမူအရာကို အလွန်ကိုမှ မနှစ်မြို့လှပေ။ ထိုအတွက်ကြောင့် ဖြစ်သာဖြစ်နိုင်လျှင်တော့ နဂါးကလန်သားများနှင့် အဆက်အသွယ် မလုပ်ချင်ပေ။
သို့ရာတွင် ရန်ကိုင်သည်သာ နဂါးတစ်ကောင်ကောင်ကို သတ်လိုက်မည်ဆိုပါက လုံးဝကို ပြဿနာတက်သွားရပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါတွင် ကျုချင်းသည်သာ ကျဉ်းထဲကြပ်ထဲသို့ ရောက်သွားရုံမက ရန်ကိုင်နှင့် နဂါးကလန်အကြားတွင်လည်း တိုက်ပွဲကြီးတစ်ခု ဖြစ်လာရပေလိမ့်မည်။
နဂါးကလန်၏ လက်ရှိခွန်အားအရ ရန်ကိုင်သည် နဂါးကလန်၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ နဂါးကလန်သည်သာ ရန်ကိုင်အား ရေကုန်ရေခန်း အမဲလိုက်မည်ဆိုပါက ဤလောကကြီးထဲတွင် ရန်ကိုင် ပုန်းအောင်းနိုင်သည့်နေရာ ရှိတော့လိမ့်မည် မဟုတ်ပေ။
လက်ရှိအချိန်တွင် ရန်ကိုင်မှာ နဂါးများကို ထိခိုက်အောင် လုပ်ခဲ့ပါသော်ငြားလည်း မည်သည့်နဂါးကိုမျှ မသတ်ခဲ့ပေ။ ရန်ကိုင် ဒဏ်ရာရအောင် လုပ်ခဲ့သည့် နဂါးများမှာလည်း သူတို့၏ အခြေခံအုတ်မြစ်ပင် ထိခိုက်သွားရလောက်သည့်အထိ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခြင်း မရှိ။ နဂါးများအပေါ်တွင် ရှိနေသည့် နဂါးကျောင်းတော်၏ ကောင်းချီးပါဝင်သော အကြေးခွံကို ခွာပေးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုနဂါးများအား ဆက်လက် တိုက်ခိုက်ခြင်းမရှိတော့ချေ။
ရန်ကိုင်သည်သာ ကျူချင်းနှင့်အတူ ထွက်သွားလိုပါက သူ မည်မျှအားကောင်းကြောင်းကို ပြသဖို့ရာ လိုအပ်သလို စည်းမကျော်ဖို့ရာလည်း လိုအပ်ပေသည်။ ရန်ကိုင်အနေဖြင့် အလွန်ကိုမှ ဒေါသထွက်ခဲ့သည့်တိုင် သူ့အပြုအမူသည် နဂါးကလန် လက်ခံနိုင်သည့် ဘောင်အတွင်းတွင်သာ ရှိနေအောင် သူ့ကိုယ်သူ ထိန်းထားခဲ့လေသည်။
သို့သော်ငြား လက်ရှိအချိန်တွင်တော့ နဂါးကလန်သားတစ်ဦးမှာ အသတ်ခံလိုက်ရလေပြီ။ [ဘယ်သူကများ နဂါးကလန်သားတစ်ဦးကို သွားသတ်ရဲတာလဲ၊ အဲဒီကောင် အသက်မရှင်ချင်တော့တာလား]
ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်လျက် နဂါးကလန်သားကို သတ်သွားသည့်လူ မည်သူဖြစ်နိုင်သလဲဆိုသည်ကို စတင်စဉ်းစားတော့သည်။ [ကျုလဲ့ကတော့ မဖြစ်နိုင်ဘူး၊ ဒီကောင်ကိုယ်တိုင်ကလည်း နဂါးတစ်ကောင်ပဲ၊ ဒီတော့ သူ့ကလန်သားသူ ပြန်သတ်မှာ မဟုတ်ဘူး၊ ပြီးတော့ သူ့မှာ အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်း မရှိဘူး၊ ကျိုဖုန်းလည်း မလုပ်နိုင်လောက်ဘူး]
ကျိုဖုန်း ရင်ဆိုင်နေရသည်မှာ နဂါးနှစ်ကောင် ဖြစ်ပေသည်။ သူမအနေဖြင့် မရှုံးသွားလျှင်ပင် ကံကောင်းသည်ဟု ပြော၍ရလေရာ ထိုနဂါးနှစ်ကောင်ထဲမှ တစ်ကောင်ကို သတ်ပစ်ဖို့ဆိုလျှင်တော့ ဝေလာဝေးပေ။
[လီဝူရီပေါ့၊ ဒါလည်း မဖြစ်နိုင်သေးဘူး စတုတ္ထအကြီးအကဲက အဆင့်ကိုး နဂါးတစ်ကောင်ဆိုတော့ ဒီလောက်လွယ်လွယ်နဲ့ အသတ်ခံရမှာ မဟုတ်ဘူး၊ လျို့ယန်များ ဖြစ်နေမလား] ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ လျို့ယန်သာဆိုလျှင်တော့ ယနေ့သည် ရန်ကိုင်အတွက် ပြဿဒါးနေ့ ဖြစ်သွားပြီဟု ပြောရပေတော့မည်။
ရန်ကိုင် အတွေးထဲ နစ်မြောနေစဉ်မှာပင် ကျုလဲ့နှင့် အခြားသူများမှာတော့ တည်ငြိမ်သွားကုန်ကြလေသည်။ အကုန်လုံးမှာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ခြင်း မရှိကြတော့ဘဲ ကိုယ့်ဘာသာကိုယ်သာ အေးအေးဆေးဆေး ရပ်နေကြလေ၏။
ကျိုဖုန်းသည် ရွာကျလာသည့် မိုးစက်များကို လက်ဖြင့် ခံရင်းမှ ဝမ်းသာအားရ ဖြစ်နေသည့် ပုံစံမျိုးဖြင့်... "သေသွားတာ ဘယ်နဂါးလဲ မသိဘူး"
သူမသည်လည်း နဂါးကြွေမိုးအကြောင်း သိထားသည့်ပုံပင်။ အစောပိုင်းက သူမနှင့် တိုက်ခိုက်နေသည့် နဂါးနှစ်ကောင်ကို လှမ်းကြည့်၍ ကျိုဖုန်းက လှောင်ပြောင် ပြောဆိုလိုက်လေ၏။ “ကျုယန်လား၊ ဒါမှမဟုတ် ဖုကျွင်းလား"
ထိုသို့ ပြောလိုက်လင့်ကစား သူမ ပြောသည်မှာ လုံးဝ မဖြစ်နိုင်မှန်း ကျိုဖုန်းကိုယ်တိုင် သိနိုင်လေသည်။ ပထမအကြီးအကဲ ကျုယန်နှင့် ဒုတိယအကြီးအကဲ ဖုကျွင်းတို့မှာ မဟာဧကရာဇ်များကဲ့သို့ အားကောင်းလှသည့်အတွက်ကြောင့် သားရဲသခင် မဟာဧကရာဇ်သည်ပင်လျှင် ထိုနှစ်ဦးအား သတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် နဂါးတစ်ကောင်ကို သတ်သွားသည့်လူမှာ မည်သူနည်း။
ရန်ကိုင်ကဲ့သို့ပင် ကျိုဖုန်းကိုယ်တိုင်မှာလည်း အလွန်ကိုမှ အံ့အားသင့်နေမိခဲ့လေသည်။ သူမ စိတ်ထဲ နဂါးတစ်ကောင်အား သတ်ပစ်လိုက်သည့်လူကို သေချာစဉ်းစားနေခဲ့ပါသော်ငြား မည်သူက သတ်လိုက်သလဲဆိုသည်ကို မည်သို့မှ မစဉ်းစားတတ်နိုင်အောင် ဖြစ်နေ၏။
ရန်ကိုင်တို့အားလုံး တိတ်ဆိတ်ငြိမ်သက်နေကြချိန် အခြားသော တစ်နေရာရှိ တိုက်ပွဲကွင်းပြင်မှာလည်း လုံးဝကို ငြိမ်ကျနေခဲ့လေ၏။ လက်ရှိအချိန်တွင် နဂါးသင်္ချိုင်းအရှေ့၌ လူနှစ်ဦးမှာ ငြိမ်သက်စွာ ရပ်နေကြလေသည်။
လူနှစ်ဦးအနက် တစ်ဦးမှာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အားကောင်းမောင်းသန် လူထွားကြီးတစ်ဦး ဖြစ်ပြီး လူထွားကြီးဆီမှ ဖြာထွက်နေသည့် အရှိန်အဝါသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို တသိမ့်သိမ့် တုန်ခါသွားစေနိုင်လောက်အောင် အားကောင်းလှပေ၏။
ထိုလူ၏ ရင်ခွင်ထဲတွင်တော့ အလွန်ကိုမှ အားနည်းလှသည့် အမျိုးသမီးတစ်ဦး ရှိနေခဲ့လေသည်။ လက်ရှိအချိန်တွင် အမျိုးသမီး၏ မျက်နှာတစ်ပြင်လုံးမှာ စက္ကူဖြူတစ်ရွက်ပမာ ဖြူလျော့နေခဲ့ပြီး အမျိုးသား၏ ရင်ခွင်ထဲ ခိုဝင်ကာ ငြိမ်သက်စွာ နေနေခဲ့သည်။
ထိုနှစ်ဦး၏ ဆန့်ကျင်ဘက် အရပ်တွင်တော့ ကျုယန်နှင့် ဖုကျွင်းတို့ ရပ်နေကြလေသည်။ ပထမအကြီးအကဲ တစ်ကိုယ်လုံးကို အစိမ်းရောင်အလင်းတို့မှ လွှမ်းခြုံထားခဲ့ပြီး ဒုတိယအကြီးအကဲ၏ အနီးပတ်လည်တွင်မူ ရေခဲနိယာမ စွမ်းအားတို့ ရစ်သိုင်းနေကြသည်။ လက်ရှိအချိန်တွင် နှစ်ဦးစလုံးမှာ သူတို့အရှေ့တွင် ရှိနေသည့် လူအား သတိအပြည့်ဖြင့် ကြည့်နေကြလေသည်။
လူထွားကြီးသည် အမျိုးသမီးကို ပွေ့ဖက်ထားရင်းမှ အမောတကောကို အသက်ရှူနေခဲ့လေသည်။ ထိုလူကြီး၏ မောပန်းနွမ်းနယ်နေပုံကို ကြည့်ရသလောက် သူ့စွမ်းအား အတော်များများ သုံးထားရမှန်း သိသာလှသည်။ ရုတ်တရက် မိုးများ ရွာကျသည်ကို မြင်လိုက်သည့်အခိုက် လူထွားကြီးသည် ပြုံးဖြီးလျက် အော်ပြောလိုက်လေသည်။ "ခင်ဗျားတို့နှစ်ယောက် ဒါ ဘာမိုးလဲ သိတယ်နော်၊ ခင်ဗျားတို့ ကျုပ်နဲ့ ဆက်တိုက်ခိုက်ချင်နေသေးတာလား၊ အဲဒီလိုသာ လုပ်မယ်ဆိုရင်တော့ ခင်ဗျားတို့ နဂါးကလန်သားတွေ အားလုံး မျိုးပြုတ်သွားလိမ့်မယ်၊ အဲဒီလိုဖြစ်တဲ့အခါကျရင် ခင်ဗျားတို့နှစ်ယောက်စလုံးက နဂါးကလန်ရဲ့ အပြစ်သားတွေ ဖြစ်သွားကုန်ကြမှာ၊ ခင်ဗျားတို့ တကယ်ကြီး အဲဒီလို အဖြစ်ခံချင်လို့လား"
ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲမှာမူ ထိုလူကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ နဂါးတစ်ကောင် သေသွားသည့်ကိစ္စမှာ အရေးကြီးကိစ္စတစ်ရပ် ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ သူတို့နှစ်ဦးစလုံး အနည်းငယ်မျှပင် သတိလက်လွတ် မနေရဲခဲ့ပေ။
ထိုသို့ ဖြစ်သည်မှာလည်း အဆန်းတော့ မဟုတ်။ သူတို့အရှေ့တွင် ရှိနေသည့်လူမှာ မဟာဧကရာဇ် ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သော သားရဲသခင် မဟာဧကရာဇ် မိုဟွမ်ဖြစ်နေသည်ကိုး။ မိုဟွမ်သည် ဤနေရာတွင် ရှိနေသည့် အကြီးအကဲနှစ်ဦးကဲ့သို့ အားကောင်းလှပေသည်။ ထိုအတွက်ကြောင့် အကြီးအကဲများသည်သာ သတိလက်လွတ် ဖြစ်သွားမည်ဆိုပါက ထိုလူဘက်မှ အသာရသွားနိုင်ပေ၏။
နဂါးတစ်ကောင် သေသွားသည့်ကိစ္စမှာ အရေးကြီးကိစ္စတစ်ရပ် ဖြစ်ပါသော်ငြား မိုဟွမ် နဂါးသင်္ချိုင်းထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး အပြစ်သား နဂါးမတစ်ကောင်နှင့်အတူ ထွက်သွားသည့် ကိစ္စမှာလည်း အလွန်ကိုမှ အရေးကြီးပေသည်။
"ဟန့်" အကြီးအကဲနှစ်ဦး မလှုပ်မယှက် အမူအရာဖြင့် ရှိနေသည်ကို မြင်သော် မိုဟွမ် အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက် မကျေမနပ်ဖြင့် ပြန်အော်ပြောလိုက်လေ၏။ "တည့်တိုးပဲ ပြောလိုက်တော့၊ ခင်ဗျားတို့ ဒီနေ့ကိစ္စကို ဘယ်လိုဖြေရှင်းချင်လဲ၊ ကျုပ် စဉ်းစားပေးမယ်"
ဒုတိယအကြီးအကဲက ပြန်၍ပြောလိုက်သည်။ "ဖုရွှမ်းကို လွှတ်ပေးပြီး နဂါးကျွန်းကို ဘယ်တော့မှ ပြန်မလာနဲ့တော့၊ အဲဒါဆို စိတ်ဝိညာဉ်သားရဲကျွန်းက လူတွေအကုန်လုံးကို ဒီအတိုင်း ထွက်သွားခွင့် ပေးမယ်"
မိုဟွမ်က နှာခေါင်းရှုံ့လိုက်သည်။ "ရွှမ်းအာနဲ့ ကျုပ်က လင်မယားလေ၊ ကျုပ်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာကို မသိရင် ကျုပ်ကပဲ သူ့ကို ပြန်ပေးဆွဲသလိုလိုနဲ့၊ ခင်ဗျားတို့တွေ အားလုံး ဘာလို့ ဒီလောက်တောင် အသည်းမာနေကြတာလဲ ဟမ်၊ ရက်ရက်စက်စက်နဲ့ ရွှမ်းအာကိုတောင် နဂါးသင်္ချိုင်းထဲ ပစ်ထည့်ထားသေးတယ်၊ အဲဒီအတွက်နဲ့ ကျုပ်ခင်ဗျားတို့ကို ဆက်ပြဿနာမရှာတာတောင် ကံကောင်းနေပြီ၊ ကျုပ်ကို ဖုရွှမ်းနဲ့ ထွက်သွားခွင့် ပေးလိုက်၊ အဲဒါဆို ကျုပ်ခင်ဗျားတို့ကို မတားတော့ဘူး"
ဖုကျွင်းက ခေါင်းခါလျက် ပြန်ပြောလိုက်သည်။ "ဖုရွှမ်းက နဂါးကလန်ရဲ့ တတိယအကြီးအကဲပဲ၊ သူက နဂါးကျွန်းမှာ မွေးလာတာ၊ ဒီတော့ သူသေရင်လည်း နဂါးသင်္ချိုင်းမှာပဲ သေရလိမ့်မယ်၊ နင် သူ့ကို ခေါ်သွားလို့ မရဘူး"
မိုဟွမ်က ပြန်ပြောလိုက်သည်။ "ကျုပ်ကတော့ ခေါ်သွားမှာပဲ၊ တားနိုင်ရင် လာတားလေ"
ဖုကျွင်းက အေးစက်စက် အမူအရာဖြင့်... "အဲဒါဆိုရင်လည်း ဒီကိစ္စကို မြန်မြန်ရှင်းရတာပေါ့" ထိုသို့ ပြောပြီးသည့်နောက် သူမဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ ရုတ်တရက်ဆိုသလို ချောက်ချားဖွယ်ရာ ကောင်းလာခဲ့လေသည်။
မိုဟွမ်ကမူ တတိယအကြီးအကဲ ဖုကျွင်းကို လစ်လျူရှုလျက် ကျုယန်ဘက်သို့ ကြည့်ကာ ပြောလိုက်လေ၏။ "ပထမအကြီးအကဲ ခင်ဗျားရော ဘယ်လိုထင်လဲ၊ ခင်ဗျားလည်း ဒီတိုက်ပွဲကို ဆက်တိုက်ချင်နေသေးတာလား၊ ဒါပေမဲ့ ခင်ဗျားသာ ဆက်တိုက်နေဦးမယ်ဆိုရင်တော့ ဒီနေ့က ခင်ဗျားတို့ နဂါးကလန်ရဲ့ အဆုံးသတ်နေ့ ဖြစ်သွားလိမ့်မယ်နော်၊ ခင်ဗျားတို့ နဂါးတွေလည်း မျိုးသုဉ်းပျောက်ကွယ်သွားရမှာ"
ကျုယန်မှာ တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ ယနေ့သည် နဂါးကလန်အတွက် အမှန်တကယ်ကို ကံဆိုးသည့်နေ့တစ်နေ့ ဖြစ်သည်။ သူ့အနေဖြင့် နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့ပါသော်ငြား ဤမျှ အဖြစ်ဆိုးသည့်နေ့မျိုးနှင့် တစ်ခါမျှ ကြုံခဲ့ရဖူးခြင်း မရှိပေ။
ပထမဦးစွာ နတ်ဘိုးဘေးနဂါး အမြုတေကို ပိုင်ဆိုင်ထားသော ရန်ကိုင်သည် မင်္ဂလာပွဲသို့ လာကာ သတို့သမီးကို လုယူသွားခဲ့သည်။ ထို့နောက်တွင် သားရဲသခင် မဟာဧကရာဇ်နှင့် စိတ်ဝိညာဉ်သားရဲကျွန်းပေါ်မှ အခြားလူများသည် နဂါးကျွန်းဆီသို့ ကျူးကျော်ဝင်ရောက်လာခဲ့ကြပြီး သားရဲသခင် မဟာဧကရာဇ်သည် ဖုရွှမ်းအား နဂါးသင်္ချိုင်းထဲမှ ခေါ်ထုတ်လာခဲ့သည်။ ထိုပြဿနာများကို မဖြေရှင်းနိုင်သေးခင်မှာပင် နဂါးတစ်ကောင် သေသွားသည့်ပြဿနာ ထပ်ပေါ်လာပြန်လေသည်။
ပထမအကြီးအကဲမှာ အလွန်ကိုမှ စိတ်ဓာတ်ကြံ့ခိုင်သည့် လူတစ်ဦး ဖြစ်နေပါသော်ငြား ယနေ့ အဖြစ်အပျက်များကို ကြည့်ရင်း သူ့စိတ်ထဲ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်မိလေသည်။ လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း သူ မကြုံတွေ့ခဲ့ရသော ပြဿနာအားလုံးသည် ယနေ့တွင်မှ တစ်ခါတည်း လာစုပြုံဖြစ်နေသလားဟုပင် သူ့စိတ်ထဲ တွေးနေမိလေသည်။
နဂါးတစ်ကောင် သေသွားသည့်ကိစ္စကို သူတို့အနေဖြင့် လစ်လျူရှုထား၍ မဖြစ်ပေ။ နဂါးကလန်သား အရေအတွက်မှာ များလှသည် မဟုတ်။ နဂါးတစ်ကောင် မသေသည်မှာလည်း နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ အရေးကြီးဆုံးအချက်မှာ အစောပိုင်းက နဂါးကို သတ်သွားသည့်လူသည် အခြားသော နဂါးများအား သတ်နိုင်သည့် စွမ်းအင်ကို ပိုင်ဆိုင်ထားသလားဆိုသည်ကို သူတို့ မသိရသေးခြင်းပင်။
နဂါးသတ်သူသည်သာ အခြားသော နဂါးများကိုပါ လိုက်လံသတ်ဖြတ်နေမည်ဆိုပါက သူတို့အနေဖြင့် ထိုသူကို ချက်ချင်း သွားရှင်းပစ်မှ ရပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက အကျိုးဆက်မှာ နဂါးကလန်အတွက် အလွန်ကိုမှ ခြောက်ခြားဖွယ်ရာ ကောင်းနေပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား လက်ရှိပြဿနာကိုလည်း ဤအတိုင်း ထားခဲ့၍ မဖြစ်ပြန်။ ထိုအတွက်ကြောင့် ပထမအကြီးအကဲ ကျုရန်မှာ စုပ်လဲစူး စားလဲရူး အခြေအနေမျိုးသို့ ရောက်နေရလေ၏။
"ပထမအကြီးအကဲ၊ ခင်ဗျားရော ကျုပ်ကို တမင် မခက်ခဲခဲအောင်ကို လုပ်ချင်နေတာလား" မိုဟွမ်သည် စိတ်မရှည်တော့သည့် ပုံစံမျိုးဖြင့် မေးခွန်းထုတ်လိုက်လေသည်။
ကျုယန်သည် မိုဟွမ်ကို ကြည့်၍ ပြန်ပြောလိုက်သည်။ "မိုဟွမ် ငါ့မှာ ကမ်းလှမ်းချက် တစ်ခုရှိတယ်"
"ပြော" မိုဟွမ် မျက်ခုံးပင့်လိုက်၏။
"အခုလောလောဆယ် ငါတို့ကြားက ရန်ငြိုးတွေကို ကြေအေးလိုက်မယ်"
ထိုစကားကို ကြားသော် ဖုကျွင်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော်ငြား ဘာမှတော့ ဝင်မပြောခဲ့ပေ။
မိုဟွမ်ကမူ ဝမ်းသာအားရ အော်ရယ်မောလျက်... "အဲဒါ တကယ်ကောင်းတယ်"
ကျုယန်က ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်"
မိုဟွမ် အရယ်ရပ်သွားခဲ့ပြီး ကျူယန်အား မျက်နှာသေ အမူအရာဖြင့် စိုက်ကြည့်လိုက်လေသည်။ ထို့နောက် လှောင်ပြုံးပြုံးလျက်... "ပထမအကြီးအကဲ ခင်ဗျား စိတ်လွတ်သွားတာလား၊ ခင်ဗျားတို့ နဂါးကျွန်း ဒုက္ခရောက်နေတာကို ကျုပ်က အခွင့်ကောင်းယူပြီး ထွက်သွားရမှာပေါ့၊ ဘာလို့ ခင်ဗျားတို့နဲ့ လိုက်ရမှာလဲ၊ ခင်ဗျားတို့သာ ဒီပြဿနာကို ဖြေရှင်းပြီးသွားရင် ကျုပ် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး၊ ကျုပ်ကို အရူးမှတ်နေတာလား"
ကျူာန်က ခေါင်းခါလျက်... "မင်း သဘောမတူဘူးဆိုရင်တော့ ငါလည်း ဒုတိယအကြီးအကဲနဲ့ ပေါင်းပြီး မင်းကို အရင်ဖမ်းရုံပဲ ရှိတော့လိမ့်မယ်"
မိုဟွမ်က ပြန်ပြောလိုက်သည်။ "ပထမအကြီးအကဲရဲ့ ယုံကြည်ချက်က တကယ်ကို အံ့သြစရာပါလား"
ကျူယန်က သက်ပြင်းချလျက် ပြန်ပြောလိုက်သည်။ "မင်း တစ်ယောက်တည်းဆိုရင်တော့ ငါ ဒုတိယအကြီးအကဲနဲ့အတူ ပူးပေါင်းမယ်ဆိုရင်တောင် မင်းကို တားနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ အခု မင်းက မင်းနဲ့အတူ ဖုရွှမ်းကို ခေါ်သွားရမှာ၊ မင်းရဲ့ ခွန်အားအကုန်အစင်ကို ဒီပုံစံနဲ့ ဘယ်လိုမှ ထုတ်သုံးနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ဖုရွှမ်း ထိခိုက်သွားမှာကိုလည်း မင်း မမြင်ချင်ဘူးမလား"
ထိုစကားကို ကြားသော် မိုဟွမ် မျက်နှာသုန်မှုန်သွားခဲ့လေသည်။ ထိုသို့ပင် ဖြစ်လင့်ကစား သူ့ရင်ခွင်ထဲတွင် ရှိနေသော အမျိုးသမီးအား ငုံ့ကြည့်လိုက်ချိန် မိုဟွမ်၏ အမူအရာမှာ ရုတ်ချည်းဆိုသလို သိမ်မွေ့သွားခဲ့သည်။
ကျုယန်က ဆက်၍ ပြောလိုက်သည်။ "အပြန်အလှန်အနေနဲ့ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်၊ မင်း ငါ ကမ်းလှမ်းတာကို သဘောတူမယ်ဆိုရင် တစ်နေ့ကျရင် ငါ နဂါးကျောင်းတော်နဲ့ ဆက်သွယ်ပြီးတော့ ဖုရွှမ်းကို နဂါးသင်္ချိုင်းထဲကနေ ထွက်သွားခွင့်ပေးဖို့ ဖုရွှမ်းကိုယ်စား ဘိုးဘေးတွေကို အသနားခံပေးမယ်”
ထိုစကားကို ကြားသော် မိုဟွမ်၏ အကြည့် တောက်ပသွားခဲ့လေသည်။ "ခင်ဗျား တကယ်ပြောနေတာလား"
ကျုယန်က ပြန်ပြောလိုက်သည်။ "ငါ စမ်းကြည့်ရုံပဲ တတ်နိုင်မှာ၊ နောက်ဆုံး ဘယ်လိုဖြစ်မလဲ ဆိုတာကတော့ ဘိုးဘေးတွေရဲ့ သဘောထားအပေါ်မှာပဲ မူတည်တယ်"
မိုဟွမ်က ခေါင်းညိတ်လိုက်သည်။ "ကျုပ် ခင်ဗျားကို ယုံတယ်"
"အဲဒါဆို မင်း သဘောတူတယ်နော်" ကျုယန်က မိုဟွမ်အား ကြည့်လိုက်လေသည်။
မိုဟွမ်သည် ဖုကျွင်းကို ကြည့်၍... "အဲဒါက ဒုတိယအကြီးအကဲရဲ့ သဘောထားအပေါ်မှာ မူတည်တာပေါ့"
ဒုတိယအကြီးအကဲမှာမူ စကားတစ်ခွန်းပင် ပြောမနေခဲ့ဘဲ အလင်းတန်းတစ်ခု အသွင်သို့ပြောင်း၍ တစ်ခုသောဘက်ဆီသို့ ပျံသန်းထွက်သွားခဲ့လေသည်။ ဒုတိယအကြီးအကဲသည် သူမ၏ သဘောထားကို ထုတ်ဖော်ပြသပြီးသွားခဲ့လေပြီ။ သူမသည် ကျုယန်၏ ကမ်းလှမ်းချက်ကို သဘောမတူသလို ငြင်းဆန်ခြင်းလည်း မပြုပေ။ တစ်နည်းဆိုရသော် သဘောတူလိုက်ခြင်းသာ ဖြစ်ပေ၏။ ထို့အပြင် ပထမအကြီးအကဲကိုယ်တိုင်က သွားရောက်ကမ်းလှမ်းနေခြင်း ဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် သဘောမတူလိုလျှင်ပင် တည့်တိုးကြီး ငြင်းဆန်၍ မကောင်းပေ။ ထို့အပြင် ပထမအကြီးအကဲ၏ ကမ်းလှမ်းချက်မှာ လက်ရှိ သူတို့ ကြုံနေရသည့် အခက်အခဲကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးသော အဖြေတစ်ရပ်လည်း ဖြစ်ပေသည်။
ထိုအချင်းအရာကို မြင်သော် ကျူယန်သည် မိုဟွမ်အား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် အလင်းတန်းတစ်ခု အသွင်သို့ပြောင်း၍ ပျံသန်းထွက်သွားလေ၏။ နဂါးကလန်မှ အကြီးအကဲနှစ်ဦး ထိုကဲ့သို့ ထွက်သွားရခြင်းမှာ မိုဟွမ် သဘောတူမှန်း သူတို့ သိထားသည့်အတွက်ကြောင့်ပင်။ မိုဟွမ်သည် မဟာဧကရာဇ်တစ်ပါး ဖြစ်သည့်အလျောက် သူ့စကားသူ ပြန်ရုပ်သိမ်းလိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူ့စကားသူ ပြန်ရုပ်သိမ်းလျှင်ပင် ကိစ္စမရှိ။ မိုဟွမ်အနေဖြင့် ယနေ့တွင် ဖုရွှမ်းအား နဂါးကျွန်းမှ ခေါ်ထုတ်သွားနိုင်မည်ဆိုလျှင်ပင် သူ၏ စိတ်ဝိညာဉ်သားရဲကျွန်းကို အခြားတစ်နေရာဆီသို့ ရွှေ့ပြောင်းနိုင်လိမ့်မည် မဟုတ်ချေ။ သူသည်သာ သူ့ကတိသူ မတည်ပါက နဂါးကလန်သားများသည် စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ အလည်တစ်ခေါက် သွားရပေလိမ့်မည်။ ထိုအတွက်ကြောင့် အကြီးအကဲနှစ်ဦးမှာ မိုဟွမ် ထွက်ပြေးသွားမည်ကို စိတ်မပူဘဲ ဤအတိုင်း ထွက်လာခြင်း ဖြစ်လေသည်။