အခန်း (၃၀၇၁-၃၀၇၅)
Vol. 133 Ch. 3071-3075
အပိုင်း (၃၀၇၁)
ဘာသာပြန်သူ_တိမ်တိုက်
"အခုလိုလုပ်ရတာ တန်လို့လား" ဖုရွှမ်းသည် မိုဟွမ်အား ကြည့်ရင်းမှ မေးလိုက်လေသည်။ မိုဟွမ်၏ မုတ်ဆိတ်မွေး ထူလပျစ်ကြီးသည် သူမ၏ နဖူးအား လာရောက် ပွတ်သပ်နေခဲ့လေသည်။ သို့သော်ငြား ဖုရွှမ်းမှာ ဤကဲ့သို့သော အထိအတွေ့မျိုးကို တောင့်တနေသည့်အလျောက် သူမ၏နဖူးကို မိုဟွမ်၏ မေးစေ့အနားသို့ သွားကပ်၍ သူ့မုတ်ဆိတ်မွေးနှင့် သွားပွတ်လိုက်လေသည်။
မိုဟွမ်သည် ဖုရွှမ်း၏ မျက်နှာကို အသာအယာလေး ပွတ်သပ်ပေးရင်းမှ ပြုံး၍ ပြန်ပြောလိုက်သည်။ "ဒီလောကကြီး ဘယ်လောက်ပဲလှလှ နင်က ငါချစ်တဲ့ တစ်ယောက်တည်းသောသူပဲ"
ထိုစကားကို ကြားသော် ဖုရွှမ်း၏ အကြည့် ဝင်းပသွားခဲ့လေသည်။
မိုဟွမ်က ပြုံးဖြီးလျက်... "အဲဒီစကားကို ဟို လီဝူရီဆိုတဲ့ကောင် ပြောနေတာ ငါကြားတာ၊ ငါ သူ့စကား ခဏငှားသုံးလိုက်တာ"
ဖုရွှမ်းက ရယ်သွမ်းသွေးလျက်... "ဒီတော့ ဒီစကားတွေက ဝူရီရဲ့ စကားတွေပေါ့"
မိုဟွမ်က သက်ပြင်းချလျက်... "ဒီတစ်လျှောက်လုံး နင် ဒီသင်္ချိုင်းထဲမှာ တော်တော်လေး ဒုက္ခခံစားခဲ့ရမှာပေါ့"
ဖုရွှမ်းက ခေါင်းခါလျက်... "ဘာမှမဖြစ်ဘူး အခုလို ဖြစ်လာမယ်မှန်း ငါ ကြိုသိပြီးသား၊ ငါလည်း အခုလိုမျိုး အပြစ်ပေးခံရဖို့ တန်တယ်လေ၊ ဘာပဲဖြစ်ဖြစ် ငါတို့ အခု ပြန်တွေ့နိုင်ပြီပဲဟာကို"
မိုဟွမ်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "ဒီတစ်ကြိမ်တော့ နင့်ကို လုံးဝ ထားမသွားတော့ဘူး"
"ဒါပေမဲ့ အဲဒီလိုလုပ်ရင် နင် နဂါးကျွန်းတစ်ခုလုံးကို ဆန့်ကျင်ရမှာနော်" ဖုရွှမ်းသည် မိုဟွမ်၏ ရင်ဘတ်အား သူမ၏ ပါးလေးနှင့် ဖိကပ်ရင်းမှ ပြောလိုက်သည်။ ထို့နောက် မိုဟွမ်၏ နှလုံးခုန်သံကို နားထောင်ရင်း ဖုရွှမ်း၏ မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေ၏။
မိုဟွမ်က နှာခေါင်းရှုံ့လိုက်သည်။ "ငါတို့ စတွေ့ကတည်းက နဂါးကျွန်းကို ဆန့်ကျင်ဖို့ ငါ ဆုံးဖြတ်ထားပြီးသား"
ထိုစဉ်က သူတို့နှစ်ဦးသည် အားသစ်အင်သစ်ဖြစ်နေသော တက်ကြွလှသည့် လူငယ်လေးများသာ ရှိကြပေသေးသည်။ စတွေ့တွေ့ချင်း ထိုမောက်မာလှသည့် အမျိုးသမီးသည် နဂါးကလန်သားတစ်ဦးမှန်း မိုဟွမ် သိသွားခဲ့သည်။ သားရဲသခင် မဟာဧကရာဇ်တစ်ဦး ဖြစ်သည့်အလျောက် မိုဟွမ်သည် ဤလောကကြီးထဲရှိ အမျိုးမျိုးသော သားရဲပေါင်းများစွာကို ထိန်းကျောင်းနိုင်ခဲ့သည်။ သို့သော်ငြား နဂါးတစ်ကောင်ကိုမူ တစ်ခါမျှ ထိန်းကျောင်းနိုင်ခဲ့ခြင်း မရှိချေ။ ထိုအတွေး သူ့ခေါင်းထဲ ဖြတ်ပြေးစဉ် မိုဟွမ်မှာ သူ့စိတ်သူ မထိန်းနိုင်တော့ဘဲ သူမအား ထပ်တလဲလဲ ချဉ်းကပ်သွားခဲ့လေသည်။ အနုနည်းမရလျှင် အကြမ်းနည်းပါ သုံးခဲ့သည်။ နောက်ဆုံး သူမအား အမှန်တကယ် ထိန်းချုပ်သွားနိုင်သည့် အချိန်တွင်တော့ သူမ၏ သိမ်မွေ့နူးညံ့လှသော ညွှတ်ကွင်းအောက်မှ ဘယ်သောအခါမျှ လွတ်မြောက်နိုင်တော့လိမ့်မည် မဟုတ်ဟု မိုဟွမ် ထင်မှတ်ထားခဲ့ခြင်း မရှိပေ။ ထိုသို့ ဖြစ်သွားသည့်အချိန်မှစ၍ သူနှင့် နဂါးကလန်ကြား အပြင်လောကကြီးမှ လူများ မသိကြသော ရန်ငြိုးရန်စများ ဖြစ်ပေါ်လာရတော့လေသည်။
အတိတ်အကြောင်းကို ပြန်စဉ်းစားမိလိုက်သော် သူလုပ်ခဲ့သည်မှာ အမှန်တကယ်ကို မှန်ကန်သည်ဟု ခံစားမိကာ မိုဟွမ်၏ မျက်နှာအထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။
"အခု ရှောင်ချီ ဘယ်လိုနေလဲ" ဖုရွှမ်းက ရုတ်တရက် ကောက်မေးလိုက်သည်။
"သူ အခုတော့ အရွယ်ရောက်နေပြီ၊ ဒါပေမဲ့ ကလေးဆိုးလေးတစ်ယောက်လို လုပ်နေတုန်းပဲ၊ သူ့ကို သေသေချာချာ ဆုံးမဖို့ နင် ငါနဲ့ စိတ်ဝိညာဉ်သားရဲကျွန်းဆီ ပြန်လိုက်သင့်တယ်"
ဖုရွှမ်းက မေးလိုက်သည်။ "သူ ဘယ်သူလဲဆိုတာ မသိသေးဘူးမလား"
မိုဟွမ်က ခေါင်းခါလျက်... "သူ့ကိုတော့ ပြောပြမထားရသေးဘူး၊ အင်း ဒါပေမဲ့ အဲဒီကောင်မလေး အခုတလော ငါ့ကို ပြဿနာတွေ ပေးနေတယ်"
"ဘာတွေဖြစ်လို့လဲ" ဖုရွှမ်း ထိတ်လန့်သွားခဲ့ရလေသည်။ တကယ်တော့ ရှောင်ချီသည် သူမ၏ သမီးပင် မဟုတ်ပေလော။ သူမအနေဖြင့် သူမသမီးကို မွေးပြီးချိန်မှစ၍ သူမသမီးနှင့် တစ်ခါမျှ မတွေ့လိုက်ရပါသော်ငြား သူတို့နှစ်ဦးမှာ အမေနှင့် သမီးများ ဖြစ်နေကြဆဲ။ ထိုအတွက်ကြောင့် သူမသမီးအတွက် စိတ်ပူမိသည်မှာ သဘာဝသာ ဖြစ်လေသည်။
"ကောင်လေး တစ်ကောင်ကောင်ကို ကြိတ်ပြီး လွမ်းနေတာလေ" မိုဟွမ်က သုန်သုန်မှုန်မှုန် အမူအရာဖြင့် ပြောလိုက်လေ၏။
မိုဟွမ် ပြောသည်ကို ကြားပြီးသည့်နောက် ဖုရွှမ်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ထို့နောက် ထရယ်တော့လေ၏။
"နင် ဘာတွေ ရယ်နေတာလဲ"
ဖုရွှမ်းက ဆက်မရယ်တော့ဘဲ ပြန်ရှင်းပြလိုက်လေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ချီက အရွယ်ရောက်နေပြီပဲဟာကို၊ ဒီတော့ သူ့ဘာသာ ကောင်လေး တစ်ယောက်နှစ်ယောက်လောက်ကို ကြိုက်တာ ဘာဆန်းလို့လဲ"
မိုဟွမ်က ခေါင်းခါလျက်... "မဖြစ်သေးဘူး၊ သူ အရမ်းငယ်သေးတယ်၊ အဲဒီလို အကြောင်းတွေ တွေးဖို့ အချိန်မတန်သေးဘူး"
ဖုရွှမ်းက ပြန်ပြောလိုက်သည်။ "ငါ သူ့အမေဆိုပေမဲ့ ငါ သူ့ကို ဆုံးမဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူး၊ နင်သူ့အတွက် စိတ်ပူတာ မှန်တယ်၊ ဒါပေမဲ့ သူ့ကို စိတ်ပူလို့ လုပ်မိရာလုပ်ရင်းမှ သူ နင့်ကို မုန်းသွားတာမျိုးတော့ မဖြစ်စေနဲ့နော်"
မိုဟွမ် ကြောင်သွားခဲ့လေသည်။ "အဲဒီကောင်လေးကြောင့် သူက ငါ့ကို မုန်းမှာလား"
ဖုရွှမ်းသည် နှုတ်ခမ်းလေးကို လက်ဖြင့် အုပ်ရင်းမှ ပြုံးလျက်... "ဘယ်သူ ပြောနိုင်မှာလဲ၊ မိန်းကလေးတွေဆိုတာ အရွယ်ရောက်ပြီဆိုရင် တခြားသူနောက် တကောက်ကောက် ပါသွားတတ်တာပဲကို"
ထိုစကားကို ကြားသော် မိုဟွမ်၏ မျက်နှာကြီး မှုန်ကုပ်သွားတော့လေ၏။ ရုတ်တရက်ဆိုသလို သူ့သမီးအတွက် စိတ်ပူလာမိတော့လေသည်။
"ကဲ၊ ဘာပဲဖြစ်ဖြစ် ငါတို့ တစ်ချက်လောက် သွားကြည့်ကြရအောင်"
မိုဟွမ်ကမူ မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။ "မသွားရင် ကောင်းလိမ့်မယ်၊ သက်ကြားအိုကြီး နှစ်ယောက် သူတို့ကိစ္စတွေ ဖြေရှင်းလို့ ပြီးတဲ့အထိ ငါတို့ဘာသာ ငါတို့ ဒီမှာ စကားပြောရင် ပိုမကောင်းဘူးလား"
ဖုရွှမ်းသည် မိုဟွမ်ကို ကြည့်လျက်... "ငါသွားချင်တယ်၊ အခု သေသွားတဲ့လူက ငါတို့ ကလန်သားလေ၊ ဒီတော့ ငါလည်း သွားကြည့်ရမှာပေါ့"
ဖုရွှမ်းမှ ထိုကဲ့သို့ တောင်းဆိုလာသည့် နောက်တွင်တော့ မိုဟွမ်လည်း မငြင်းနိုင်တော့ပေ။ ချက်ချင်းပင် ခေါင်းညိတ်လျက်... "ကောင်းပြီလေ နင်က အခုလို ပြောတယ်ဆိုမှတော့ ငါလည်း သွားကြည့်ပေးရတာပေါ့" တစ်ချက်မျှ ရပ်ပြီးနောက် မိုဟွမ်က ပြုံးလျက်... "ကံကောင်းရင် အဲဒီကောင်ကိုတောင် တွေ့ရင် တွေ့ရနိုင်တယ်"
ထိုသို့ ပြောပြီးသည့်နောက်တွင် ဖုရွှမ်းကို သယ်၍ ပျံသန်းသွားလေသည်။
မိုဟွမ် ပြောသည့်စကားကို ကြားပြီးပြီးချင်း ဖုရွှမ်း ကြောင်သွားခဲ့လေ၏။ ထို့နောက် နားလည်သွားဟန်ဖြင့်... "နင် ပြောချင်တာက ရှောင်ချီကြိုက်တဲ့ ကောင်လေးက နဂါးကျွန်းပေါ် ရောက်နေတာလား"
"ဟုတ်တယ် သူ့ကျေးဇူးကြောင့်ပဲ ငါ ဒီကို ဘယ်သူမှ သတိမထားမိဘဲ ခိုးဝင်လာနိုင်ခဲ့တာ" မိုဟွမ် ခေါင်းငြိမ့်ပြလိုက်လေသည်။ ရန်ကိုင်ကြောင့်သာ မဟုတ်ပါက မိုဟွမ်အနေဖြင့် ကျုယန်နှင့် ဖုကျွင်းတို့ သတိမထားမိဘဲ နဂါးကျွန်းထဲသို့ ခိုးဝင်လာနိုင်လိမ့်မည် မဟုတ်ပေ။
သူသာ နဂါးကျွန်းထဲသို့ ခိုးဝင်လာမည်ဆိုပါက ကျုယန်နှင့် ဖုကျွင်းတို့မှာ ချက်ချင်းဆိုသလို သတိထားမိသွားကြပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်အပေါ်တွင် အာရုံရောက်နေသည့်အတွက်ကြောင့် မိုဟွမ် ရောက်လာသည်ကို သတိမထားမိခဲ့ကြပေ။
"သူကလည်း နဂါးတစ်ကောင်လား" ဖုရွှမ်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူမကိုယ်တိုင်သည် နဂါးတစ်ကောင် ဖြစ်သည့်အလျောက် နဂါးအထီးများ မည်မျှ တဏှာကြီးကြောင်းကို သိထားပေသည်။ သူမသမီးသည်သာ နဂါးထီးတစ်ကောင်နှင့် ကြိုက်သွားမည်ဆိုလျှင် ပြဿနာတော့ တက်ပေရော့မည်။
"မဟုတ်ဘူး သူက နဂါးမဟုတ်ဘူး၊ သူက လူသား" မိုဟွမ်က ခေါင်းခါလိုက်သည်။
"လူသား" ဖုရွှမ်း ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ "လူသားတစ်ယောက်က နဂါးကျွန်းထဲကို ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ၊ ဒီကို ဘာလာလုပ်တာလဲ"
မိုဟွမ်က ယဲ့ယဲ့လေး ပြုံးလျက်... "သတို့သမီး လုဖို့လာတာလေ"
ဖုရွှမ်း ထိတ်လန့်သွားခဲ့လေ၏။ မိုဟွမ်အား ဆက်၍ မေးမြန်းပြီးသည့်နောက်တွင် ရန်ကိုင် နဂါးကျွန်းပေါ်တွင် မည်မျှ ရူးမိုက်သည့် အရာများအား လုပ်ခဲ့ကြောင်းကို သိသွားခဲ့ရလေသည်။ လက်ရှိအချိန်တွင် ဤလူငယ်လေးမှာ အလွန်ကိုမှ လက်ရဲဇက်ရဲ နိုင်လွန်းလှသည်ဟု သူမစိတ်ထဲ တွေးနေမိလေသည်။ သို့သော်ငြား တစ်ချက်မျှ စဉ်းစားကြည့်ပြီးသည့်နောက် ရန်ကိုင်ဆိုသည့် ကောင်လေး၏အဖြစ်သည် မိုဟွမ် အဖြစ်နှင့် သွားတူနေကြောင်းကို သတိထားမိသွားခဲ့ရသည်။ နှစ်ဦးစလုံးမှာ လူသားများ ဖြစ်ကြပြီး နှစ်ဦးစလုံးမှာ နဂါးမများ၏ ယောက်ျားများ ဖြစ်ကြပေသည်။ ထိုအတွက်ကြောင့်ပင်လျှင် နဂါးကလန်သည် သူတို့၏ လက်ထပ်ပွဲများကို ဆန့်ကျင်ခဲ့ကြရာ ထိုနှစ်ဦးစလုံးမှာ မတတ်သာဘဲ နဂါးကလန်၏ ရန်သူများ ဖြစ်ကြရတော့သည်။
မိုဟွမ် ပြောပြသည်ကို ကြားပြီးသည့်နောက် ဖုရွှမ်းမှာ ရန်ကိုင်အပေါ် ဂရုဏာသက်သွားမိလေသည်။
မိုဟွမ်သည် မဟာဧကရာဇ် ဆယ်ပါး၌ တစ်ပါးအပါအဝင် ဖြစ်လင့်ကစား ဖုရွှမ်းအား နဂါးကျွန်းမှ ခေါ်ထုတ်မသွားနိုင်ခဲ့ပေ။ ထိုသို့ ဖြစ်သည့်အလျောက် ရန်ကိုင်လည်း ဘာမျှ လုပ်နိုင်လိမ့်မည် မဟုတ်။ လူသားတစ်ဦးနှင့် နဂါးတစ်ကောင်ကြားရှိ အချစ်ဇာတ်လမ်းမှာ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်နှင့်သာ ကြုံရပေတော့မည်။
ရုတ်တရက်ဆိုသလို ပင်လယ်ပြင်ထဲမှ ပုံရိပ်တစ်ခု ပြန်ထွက်လာခဲ့လေသည်။ ရန်ကိုင်နှင့် အခြားသူများ ထိုပုံရိပ်အား လှမ်းကြည့်လိုက်ရာ လူသားတစ်ဦး၏ အရွယ်အစား အသွင်သို့ ပြန်ပြောင်းထားသော ကျောက်တုံးကိုယ်ပွား ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ကျောက်တုံးကိုယ်ပွား၏ ကိုယ်ထက် ရေနွေးငွေ့များ တထောင်းထောင်း ထွက်နေခဲ့လေသည်။
ကျုချင်းနှင့် ဖုလင်မှာတော့ ဤကောင် ဘယ်ကနေများ ရောက်လာသလဲဆိုသည်ကို တွေးရင်း ကျောက်တုံးကိုယ်ပွားအား အထိတ်တလန့် ကြည့်နေကြသည်။ သို့သော်ငြား ထိုကျောက်တုံးကိုယ်ပွားဆီမှ ထွက်ပေါ်နေသည့် နတ်သားရဲတစ်ကောင်၏ အရှိန်အဝါမှာ သိသာလွန်းလှသည့်အတွက်ကြောင့် ထိုကျောက်တုံးကိုယ်ပွားကို မြင်သည်နှင့် တစ်ပြိုင်နက် ထိုအရာသည် ရှီဟွော့မှန်း နှစ်ဦးစလုံး တန်းသိလိုက်ကြလေသည်။
ကျုချင်းတို့အား ပို၍ ထိတ်လန့်သွားစေသည့် အချက်မှာ ရှီဟွော့ ကိုယ်ပေါ်တွင် ရန်ကိုင်၏ အရှိန်အဝါပါ ရစ်သိုင်းနေခြင်းပင်။ ဤကျောက်တုံးကိုယ်ပွားကိုသာ မျက်လုံးဖြင့် မကြည့်ဘဲ ကောင်းကင်စိတ်အာရုံဖြင့်သာ စစ်ဆေးကြည့်မည်ဆိုလျှင် ဤကျောက်တုံးကိုယ်ပွားသည် ရန်ကိုင်ဖြစ်သည်ဟုပင် အထင်မှားသွားနိုင်ပေသည်။
ထိုအတွက်ကြောင့် ကျုချင်းမှာ မယုံသင်္ကာ အမူအရာဖြင့် ရန်ကိုင် ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "သူက ငါ့ဘက်က"
ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင်၏ ဝိညာဉ်ကိုယ်ပွားနှင့် ကျောက်တုံးဝိညာဉ်တို့ ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည့် သက်ရှိတစ်မျိုး ဖြစ်ပေသည်။ လက်ရှိအချိန်တွင် ရှီဟွော့၏ အမြုတေနှင့် ပေါင်းစပ်ထားသည့်အတွက်ကြောင့် ကျောက်တုံးကိုယ်ပွားသည် နတ်သားရဲ ရှီဟွော့ ဖြစ်လာခဲ့ပါသော်ငြား အဓိကအချက်များမှာတော့ ပြောင်းလဲသွားခြင်း မရှိသေးပေ။
အစောပိုင်းက ကျောက်တုံးကိုယ်ပွားသည် နဂါးတစ်ကောင်နှင့် တိုက်ခိုက်နေခဲ့ပြီး ယခုအချိန်တွင်တော့ တစ်ကိုယ်တည်း ပြန်ရောက်လာခဲ့ရလေသည်။ ကြည့်ရသလောက် ပြိုင်ဘက်မှာ ထွက်ပြေးသွားသည့်ပုံပင်။ သို့သော်ငြား တိုက်ပွဲရလဒ် တကယ်မည်သို့ ဖြစ်သွားသလဲ ဆိုသည်ကိုတော့ မည်သူမျှ အတိအကျ မသိကြချေ။
ရန်ကိုင်မှ ကျောက်တုံးကိုယ်ပွားကို လှမ်းမေးတော့မည်အပြု ကျောက်တုံးကိုယ်ပွား ပြောလိုက်သည့်စကားကြောင့် ရန်ကိုင် လုံးဝကို မျက်လုံးပြူးသွားခဲ့လေသည်။
"ဝူခွမ်း ဒီကိုရောက်နေတယ်"
ရန်ကိုင် အထိတ်တလန့်ဖြင့် ပြန်မေးလိုက်လေသည်။ "မင်း ဘယ်လိုသိတာလဲ"
ကျုချင်းက မျက်မှောင်ကြုတ်လျက်... "ဝူခွမ်းက ဘယ်သူလဲ"
ဖုလင်က ပြုံးလျက်... "အဲဒီလူက ဘယ်သူလဲ၊ သူ့နာမည်က ဘာဖြစ်လို့ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ရဲ့ နာမည်နဲ့ တူနေရတာလဲ"
ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည် ကြယ်တာရာ အစုအဝေးထဲတွင်တော့ ဒဏ္ဍာရီတစ်ပါး ဖြစ်လေသည်။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် သေသွားခဲ့သည်မှာ နှစ်ပေါင်းနှစ်သောင်းကျော် မကတော့ပါသော်ငြား သူ၏ ဂုဏ်သတင်းမှာတော့ ယနေ့ထိတိုင် ပျောက်ပျက်သွားခဲ့ခြင်း မရှိသေးပေ။ ထိုအကြောင်းကြောင့်ပင်လျှင် မောက်မာဝံ့ကြွားလှသည့် နဂါးကလန်သားများသည်ပင်လျှင် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်အကြောင်းကို သိနေရခြင်းပင်။
ကျောက်တုံးကိုယ်ပွားက ပြန်ပြောလိုက်သည်။ "ပုံမှန်ဆိုရင် ငါ ဒီနေ့ နိုးလာရဦးမှာ မဟုတ်သေးဘူး၊ ဒါပေမဲ့ ထူးခြားတဲ့ စွမ်းအားတစ်ရပ်ကြောင့် နိုးလာရတာ"
"ဘယ်လိုစွမ်းအားမျိုးလဲ"
"ကျင့်စဉ်နှစ်ခု တစ်ခုနဲ့တစ်ခု အပြန်အလှန် ပဲ့တင်ထပ်ရာကနေ ထွက်ပေါ်လာတဲ့ စွမ်းအားပဲ"
ထိုစကားကို ကြားသော် ရန်ကိုင် အကြောင်းအရင်းကို သဘောပေါက်သွားတော့လေသည်။ လက်ရှိ သူ၏ ကျောက်တုံးကိုယ်ပွား ကျင့်ကြံနေသည့် ကျင့်စဉ်မှာ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေ ဖြစ်သည်။ ထိုလျှို့ဝှက်ပညာရပ်ကို ဝူခွမ်းမှ ဖန်တီးခဲ့ခြင်း ဖြစ်လေသည်။ ယခင်က ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် ပြိုင်ဘက်ကင်းခဲ့ရခြင်းမှာ ထိုကျင့်စဉ်ကြောင့်လည်း ဖြစ်ပေသည်။ လက်ရှိအချိန်တွင် ဤလောကကြီးထဲ၌ ဝူခွမ်း၏ အရှိန်အဝါကို အာရုံခံနိုင်သည့်လူအား ပြပါဆိုလျှင် ကျောက်တုံးကိုယ်ပွားကိုသာ ပြရပေလိမ့်မည်။
ထိုအကြောင်းကြောင့် ကျောက်တုံးကိုယ်ပွား စော၍ နိုးလာသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။
"သူ ဘာဖြစ်လို့ နဂါးကျွန်းဆီ ရောက်နေရတာလဲ၊ သူ ဒီကို ရောက်နေတာဆိုတော့ စီနီယာ တွမ့်ဟုန်ချန် လည်း ဒီကို ရောက်နေတာပေါ့"
ကြယ်ပျက်ပင်လယ်ထဲရှိ တိုက်ပွဲပြီးသွားသည့်နောက်တွင် ဝူခွမ်းနှင့် တွမ့်ဟုန်ချန်တို့၏ ဝိညာဉ်များမှာ ခန္ဓာကိုယ်တစ်ခုတည်းတွင် အတူတကွ တည်ရှိနေရတော့လေသည်။ ထို့နောက်ပိုင်း၌၊ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲ၌ ဝူခွမ်းသည် ခန္ဓာကိုယ်အား ထိန်းချုပ်၍ နန်းတော်ထဲမှ ထွက်ပြေးခဲ့လေသည်။ ထိုအချိန်မှစ၍ ဝူခွမ်းမှာ သဲလွန်စမကျန် ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။
ဝူခွမ်း နဂါးကျွန်းဆီသို့ ပြန်ရောက်လာလိမ့်မည်ဟု ရန်ကိုင် မျှော်လင့်ထားခဲ့ခြင်း မရှိချေ။ ဝူခွမ်း အကြောင်းကို စဉ်းစားမိလိုက်သည်နှင့် ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားရတော့လေသည်။ ကျောက်တုံးကိုယ်ပွားအနေဖြင့် ဝူခွမ်း၏ တည်ရှိမှုကို အာရုံခံမိရခြင်းမှာ ဝူခွမ်းမှာ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေကို အသုံးပြုလိုက်သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ဝူခွမ်းအနေဖြင့် ထိုပညာရပ်အား အကြောင်းအရင်းမရှိ သုံးစရာအကြောင်း မရှိပေ။ အစောပိုင်းက နဂါးတစ်ကောင် သေသွားသည့်အဖြစ်ကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင် စိတ်ထဲ ထိတ်လန့်ဖွယ်ရာ အတွေးတစ်ရပ် ထွက်ပေါ်လာရတော့လေ၏။
ရန်ကိုင်သည် တစ်ခုသောဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည်။ "ငါလခွမ်း၊ ငါနဲ့ လိုက်ခဲ့ပေတော့"
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ ချက်ချင်း ပျံထွက်သွားလေသည်။ ပျံသန်းသွားနေရင်းမှ ရန်ကိုင်သည် နဂါးတစ်ပိုင်း အသွင်မှ လူအသွင်သို့ ပြန်ပြောင်းလိုက်လေ၏။
ရန်ကိုင် ပျံထွက်သွားသည်ကို မြင်ပြီးသည့်နောက် ရန်ကိုင်၏ အနိုင်ယူခြင်း ခံလိုက်ရသော နဂါးများမှာလည်း အကြည့်ချင်း ဖလှယ်နေပြီးသည့်နောက်တွင် ရန်ကိုင် အနောက်သို့ ပြေးလိုက်သွားကြလေသည်။
ဝူခွမ်းသည် နဂါးကျွန်းဆီသို့ ရောက်နေပြီး ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေကိုပင် အသုံးပြုသွားခဲ့သည်။ ထို့အပြင် နဂါးတစ်ကောင်သည်လည်း တိုက်တိုက်ဆိုင်ဆိုင်ကို သေသွားခဲ့သည်။ ထိုအတွက်ကြောင့် ထိုနဂါး သေသွားရသည့် အကြောင်းအရင်းမှာ ဝူခွမ်းကြောင့် ဖြစ်နေနိုင်ပေသည်။ လက်ရှိအချိန်တွင် ဝူခွမ်းသည် ကြယ်တာရာ အစုအဝေးတစ်ခုလုံး၏ သမိုင်းကြောင်းတစ်လျှောက် အားအကောင်းဆုံးသော မဟာဧကရာဇ်တစ်ပါး ဟူသည့် ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပေသေးသည်။ ထိုအတွက်ကြောင့် သူ့ကိုသာ အချိန်မီ မတားလျှင် ဝူခွမ်း မည်ကဲ့သို့ ပြဿနာရှာမလဲ ဆိုသည်ကို မည်သူမျှ မပြောနိုင်ကြပေ။
နဂါးကလန်၏ လုံခြုံရေးကိုမူ ရန်ကိုင် ဂရုမစိုက်။ သို့သော်ငြား လျို့ယန်နှင့် ကျိုဖုန်းတို့သည် ထိုအရပ်တွင် ရှိနေကြလေသည်။ ဝူခွမ်းသည်သာ ထိုလူများဆီသို့ ရောက်သွားမည်ဆိုပါက သူတို့နှစ်ဦးစလုံး ဝူခွမ်းအား တားနိုင်ကြလိမ့်မည် မဟုတ်ချေ။
တစ်ခဏလေးအတွင်း ရန်ကိုင်သည် အစောပိုင်းက တိုက်ပွဲကွင်းပြင်ဆီသို့ ပြန်ရောက်လာခဲ့လေသည်။ တိုက်ပွဲကွင်းပြင်အား စစ်ဆေးကြည့်ပြီးသည့်နောက်မှသာ ရန်ကိုင် စိတ်သက်သာရာ ရသွားနိုင်တော့သည်။ လက်ရှိအချိန်တွင် လျို့ယန်နှင့် ကျိုဖုန်းတို့မှာ အကောင်းအတိုင်းသာ ရှိနေကြပေသေးသည်။ သူတို့နှင့် တိုက်ခိုက်နေကြသည့် နဂါးများမှာတော့ ဆက်၍ တိုက်ခိုက်နေခြင်း မရှိကြတော့ဘဲ အတူတကွ ပူးပူးကပ်ကပ်နေရင်းမှ မှုန်ကုပ်ကုပ် အမူအရာများဖြင့် မျက်မှောင်ကြုတ်နေကြလေသည်။ ကြည့်ရသလောက် သူတို့အားလုံး ယခုကဲ့သို့ တိုက်ပွဲရပ်လိုက်ရခြင်းမှာ အစောပိုင်းက ရွာကျလာသည့် နဂါးကြွေမိုးကြောင့် ဖြစ်နိုင်ပေသည်။
ထို့အပြင် ဤနေရာတွင် ရှိနေသော နဂါးအားလုံး အကောင်းအတိုင်းသာ ရှိနေသေးသည်ကို ကြည့်ရသလောက် ဝူခွမ်း ဤနေရာသို့ မလာလောက်သေးပေ။
ရန်ကိုင်ကို မြင်သော် လျို့ယန်သည် ရန်ကိုင်ဆီသို့ အလျင်စလို ပြေးလာခဲ့လေသည်။ ရန်ကိုင်သည် လျို့ယန်၏ ခေါင်းကို ပုတ်လျက် ပြောလိုက်လေ၏။ "ဒဏ်ရာ ရသွားသေးလား"
လျို့ယန် ခေါင်းခါပြလိုက်သည်။
"ကောင်လေး နင်လုပ်လိုက်တာလား" ကျိုဖုန်းသည် မျက်မှောင်ကြုတ်လျက် ရန်ကိုင်အား လှမ်းမေးလိုက်လေသည်။
နဂါးတစ်ကောင်ကို သတ်လိုက်သည့်သူမှာ ရန်ကိုင် ဖြစ်မည်ဆိုလျှင်တော့ ရန်ကိုင် ပြဿနာတက်ပြီဟု ပြော၍ရပေသည်။ ထိုအတွက်ကြောင့်သာ လှမ်းမေးမိလိုက်ခြင်း ဖြစ်ပေသည်။
ရန်ကိုင်က ခေါင်းခါလိုက်၏။ "ကျုပ် မဟုတ်ဘူး"
ကျိုဖုန်းက ပြန်မေးလိုက်သည်။ "အဲဒါဆို ဘယ်သူလဲ၊ ကျုယန်လား ဖုကျွင်းလား၊ ထားလိုက်ပါလေ"
ထိုသို့ ပြောပြီးသည့်နောက်တွင် ကျိုဖုန်းသည် သူတို့ဆီသို့ အလွန်တရာကိုမှ လျင်မြန်သည့်နှုန်းဖြင့် ပျံသန်းလာနေသည့် အဖြူရောင်နှင့် အစိမ်းရောင် အလင်းတန်းနှစ်ခုရှိရာဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ မျက်တောင်တစ်ခတ်အတွင်း ကျုယန်နှင့် ဖုကျွင်းတို့ အားလုံးအရှေ့သို့ ရောက်လာကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၇၂)
ဘာသာပြန်သူ_တိမ်တိုက်
အကြီးအကဲနှစ်ဦးစလုံး၏ အမူအယာမှာ သုန်မှုန်နေခဲ့ကြလေသည်။ ပေါ်လာလာပြီးချင်းမှာပင် ဖုကျွင်းသည် ရန်ကိုင်နှင့် ကျိုဖုန်းတို့အား စူးရဲစွာ တစ်ချက်စိုက်ကြည့်လိုက်ပြီးသည့်နောက် အေးစက်စက်လေသံဖြင့် မေးလိုက်လေ၏။ “ဘယ်သူသေသွားတာလဲ…”
“ကျုပ်တို့အဆင်ပြေပါတယ် ဒုတိယအကြီးအကဲ…” ဖုချီသည် ရှေ့သို့တက်၍ လက်သီးဆုပ်ကာ ပြန်ပြောလိုက်သည်။
ဖုလင်ကလည်း အလျင်စလို ပြန်ပြောလိုက်လေသည်။ “ကျွန်မတို့လည်း အဆင်ပြေပါတယ်…”
ထိုစကားကိုကြားသော် ဖုကျွင်း မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ကျုယန်သည် ကျန်နဂါးများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “စတုတ္ထအကြီးအကဲနဲ့ ဖုချီတို့ပဲ ဒီမှာမရှိတာ…”
နဂါးကလန်သားအရေအတွက်မှာ များများစားစားမရှိလှသည့်အတွက်ကြောင့် ဤနေရာတွင် မည်သူပျောက်နေသလဲဆိုသည်ကို ရှာဖို့ရာ ကျုရန်အတွက် မခက်လှပေ။ ကျုခုန် ဤနေရာတွင် ရှိမနေရခြင်းမှာ သူ့အား လီဝူရီမှ ဟင်းလင်းပြင်တစ်ခုတည်းသို့ ဆွဲခေါ်သွားသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ လက်ရှိကျုခုန်၏ ခွန်အားအရ လီဝူရီနှင့်တိုက်ခိုက်ရမည်ဆိုလျှင်ပင် ကျုခုန်မှာ အောက်စည်းသို့ ရောက်လိမ့်မည်မဟုတ်ပေ။
ထို့အတွက်ကြောင့် ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့ပေသည်။ သေသွားသည့်နဂါးမှာ ဖုချီဖြစ်ရပေလိမ့်မည်။ ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခိုက် ကျုယန်၏မျက်နှာကြီး သုန်မှုန်သွားတော့လေ၏။
ဖုချီသည် အဆင့်ရှစ်မိုးကြိုးနဂါးတစ်ကောင် ဖြစ်လေရာ နဂါးကျွန်းပေါ်ရှိ နဂါးများကြား အတော်လေးကိုမှ အဆင့်မြင့်သည့် နဂါးတစ်ကောင်ဖြစ်သည်ဟု ပြော၍ရပေသည်။ သေသွားသည့်နဂါးသည်သာ ဖုချီဖြစ်မည်ဆိုလျှင်တော့ နဂါးကလန် ဆိုးဆိုးရွားရွား ထိခိုက်သွားရပြီဟု ပြော၍ရသည်။ ဖုချီသည် တကယ့်တိုက်ပွဲမစခင်တည်းက ရန်ကိုင်ကြောင့် ဒဏ်ရာရထားခဲ့ရခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် သူ့ခွန်အားမှာ လုံးဝလျော့ကျနေလိမ့်မည်။ သို့သော်ငြား ဤကဲ့သို့သော နဂါးကျွန်းပေါ်တွင် ဤနေရာတွင်ရှိနေသည့်လူများမှလွဲ၍ မည်သူကများ အဆင့်ရှစ်နဂါးတစ်ကောင်ကို သတ်နိုင်ရလေသနည်း။
ထိုအချက်ကို ကျုယန် လုံးဝမစဉ်းစားနိုင်ခဲ့ပေ။
တစ်ချက်မျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “ပထမအကြီးအကဲ… ကျုပ် ပြောစရာကိစ္စတစ်ခုရှိတယ်…”
ရန်ကိုင်သည် ယနေ့ နဂါးကျွန်းတစ်ခုလုံးကို ဤကဲ့သို့ဖြစ်လာအောင် မီးမွှေးကာ ပြဿနာရှာခဲ့သူတစ်ဦး ဖြစ်သည့်အလျောက် ကျုရန်မှာ ရန်ကိုင်အား သိပ်ကြည့်မရပေ။ မိုဟွမ်ပေါ်လာသည့်ကိစ္စမှာ ရန်ကိုင်နှင့် မဆိုင်ပါသော်ငြား ရန်ကိုင်သည် နဂါးကျွန်းတစ်ခုလုံးကို အထက်အောက်ပြောင်းပြန်ဖြစ်အောင် လုပ်ခဲ့သူတစ်ဦး ဖြစ်ပေသည်။ မိုဟွမ် နဂါးကျွန်းထဲသို့ သူတို့ သတိမပြုမိခဲ့ရခြင်းမှာလည်း ရန်ကိုင်ကြောင့်သာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မိုဟွမ်သည် နဂါးသင်္ချိုင်းထဲသို့ အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ဖုရွှမ်းကို ပြန်ကယ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော်ငြား ပထမအကြီးအကဲမှာ ထိုအချက်များကြောင့် ရန်ကိုင်အပေါ် သွားစိတ်တိုမနေဘဲ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်းမှ ခေါင်းညိတ်ပြလိုက်လေ၏။ “ဘာပြောမလို့လဲ…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ဝူခွမ်း နဂါးကျွန်းပေါ် ရောက်နေလောက်ပါတယ်…”
“ဝူခွမ်း…” ကျုယန် မျက်မှောင်ကျုံ့သွားခဲ့သည်။ “ဘယ်ဝူခွမ်းလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ဒီလောကကြီးမှာ အခြားဝူခွမ်း ရှိသေးလို့လား…”
ကျုယန်၏မျက်နှာ ရုတ်ချည်း ဖြူလျော်သွားလေသည်။ “မင်းပြောချင်တာက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်လား…”
ထိုစကားကိုကြားသော် လူတိုင်း တံတွေးတစ်လုပ်စီ မျိုချမိလိုက်ကြပြီး ရန်ကိုင်အား အထိတ်တလန့်အမူအယာများဖြင့် ကြည့်လာကြလေသည်။ ဤနေရာတွင်ရှိနေသည့် လူများစွာမှာ ဝူခွမ်းဆိုသည့်နာမည်အား သိကြလိမ့်မည်မဟုတ်ကြပါသော်ငြား ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကိုတော့ သိကြပေသည်။
ကျုချင်းသည်ပင်လျှင် ရန်ကိုင်အား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ကြည့်လာခဲ့၏။
ဖုကျွင်းက ထအော်လေသည်။ “အပိုစကားတွေ လာပြောမနေနဲ့… ဝူခွမ်းသေသွားတာ နှစ်တွေ ဘယ်လောက်တောင်ကြာနေပြီလဲ… သူ့လိုလူတစ်ယောက်က နဂါးကျွန်းမှာ ပေါ်လာစရာလား… နင် ငါတို့ကိုတောင် လာလိမ်ရဲနေတယ်ပေါ့ ဟုတ်လား…”
ဖုကျွင်းမှာ မူလကတည်းက ရန်ကိုင်အား ကြည့်မရဖြစ်နေခြင်း ဖြစ်လေသည်။ ယခု နဂါးတစ်ကောင်သေသွားပြီးသည့်နောက် ဖုကျွင်း၏စိတ်မှာ ပုံမှန်ထက် ပိုဆိုးလာတော့လေ၏။ ယခု ရန်ကိုင်မှ ပြောချင်ရာလျှောက်ပြောလာနေသည်ကိုကြားသော် သူမစိတ်ကို မထိန်းနိုင်တော့ဘဲ ထအော်တော့လေသည်။
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ “ဝူခွမ်း မသေသေးဘူး…”
ထိုစကားကိုကြားသော် ကျုယန်နှင့် ဖုကျွင်းတို့ ထိတ်လန့်သွားကုန်ကြလေသည်။ သို့သော်ငြား ခဏမျှသာ။ ကျုယန်သည် မယုံသည့်ပုံစံမျိုး သူ့ခေါင်းကို ထပ်တလဲလဲခါနေပြီး ဖုကျွင်းကမူ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
ထိုလူနှစ်ဦး၏လုပ်ပုံကြောင့် ရန်ကိုင်လည်း စိတ်ကသိကအောက် ဖြစ်သွားရလေသည်။ သူသည် သူသိသည့်အကြောင်းအရာများကို အမှန်အတိုင်း ပြောပြနေခြင်းသာ ဖြစ်လေသည်။ သို့သော်ငြား နဂါးကလန်သည် သူ့အပေါ် ကျေးဇူးမတင်ရုံမက သူ့ကိုပင်လျှင် အထင်အမြင်တသေးဖြင့် ပြန်လည်လှောင်ပြောင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အကြီးအကဲနှစ်ဦး၏လုပ်ပုံကြောင့် ရန်ကိုင်လည်း ဆက်၍ရှင်းပြမနေတော့ပေ။ သေသွားသည့်နဂါးမှာ သူနှင့် ဘာမှမပတ်သက်။ လက်ရှိအချိန်တွင် ရန်ကိုင်၏ အရေးကြီးဆုံးကိစ္စမှာ နဂါးကျွန်းမှ ကျုချင်းနှင့်အတူ ထွက်သွားနိုင်ရန်သာ ဖြစ်လေသည်။
“ဟမ့်… သူ မဟုတ်တရုတ်တွေ လျှောက်ပြောနေတာမဟုတ်ဘူးကွ…” ထိုစဉ် အသံတစ်သံ ထွက်လာခဲ့ပြီး လူထွားကြီးတစ်ဦးသည် ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် အမျိုးသမီးတစ်ဦးကို ပွေ့ပိုက်ရင်းမှ မြေပြင်ပေါ်သို့ ရောက်လာခဲ့လေသည်။
ကျုချင်းမှာ အံ့အားသင့်တကြီးအမူအယာဖြင့် လှမ်းအော်ခေါ်လိုက်လေ၏။ “တတိယအကြီးအကဲလား…”
အခြားသောနဂါးများမှာလည်း ဖုရွှမ်းအား ဒွိဟဖြစ်နေသည့်အကြည့်များဖြင့်ကြည့်ရင်းမှ နှုတ်ဆက်လိုက်ကြသည်။
ဖုရွှမ်းသည် ကျုချင်းဘက်သို့ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရန်ကိုင်ဆီသို့ လှည့်ကြည့်လာခဲ့ပြီး ရန်ကိုင်အား အထက်အောက်အစုံအဆန် သေချာစစ်ဆေးကြည့်လေသည်။ ရန်ကိုင်သည်လည်း ထိုအမျိုးသမီးအား လှမ်းကြည့်နေမိလေ၏။ အမျိုးသမီးကို မြင်လိုက်သည့်အခိုက် ရန်ကိုင်မှာ မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။
(မိုရှောင်ချီလား… သူ ဘာလို့ ဒီကိုရောက်နေရတာလဲ…)
သို့သော်ငြား ချက်ချင်းဆိုသလို သူအထင်မှားနေခြင်းဖြစ်မှန်း ရန်ကိုင် သဘောပေါက်သွားခဲ့လေသည်။ ဤအမျိုးသမီးသည် မိုရှောင်ချီနှင့်ဆင်ပါသော်ငြား မိုရှောင်ချီပုံစံမျိုးမဟုတ်ပေ။ လက်ရှိအမျိုးသမီးသည် မိုရှောင်ချီထက် ပို၍ ရင့်ကျက်ပေသည်။ မိုရှောင်ချီသည် ဖူးပွင့်ခြင်းမရှိသေးသည့် ကြာဖူးလေးတစ်ဖူးဟု ပြောမည်ဆိုလျှင် ဤအမျိုးသမီးမှာ အပြည့်အဝပွင့်လန်းနေသော ကြာပန်းတစ်ပွင့်ဟု ပြော၍ရပေလိမ့်မည်။
အရေးအကြီးဆုံးအချက်မှာ ဤအမျိုးသမီး၏မျက်နှာထက်တွင် လိပ်ပြာအမှတ်အသား ရှိမနေခြင်းပင်။
မိုရှောင်ချီမျက်နှာထက်တွင် ရှိနေသော လိပ်ပြာအမှတ်အသားသည် ရန်ကိုင်ထင်ထားသကဲ့သို့ မွေးရာပါအမှတ်အသားတစ်ခုမဟုတ်ဘဲ ချိတ်စည်းတစ်ခုဖြစ်ပေသည်။ ထိုအမှတ်အသားသည် သားရဲသခင်မဟာဧကရာဇ်မှ မိုရှောင်ချီ၏မျက်နှာထက်တွင် ခတ်နှိပ်ထားသော အသက်ကယ်နည်းစနစ်တစ်ခုလည်း ဖြစ်လေ၏။ ကြယ်ပျက်ပင်လယ်ထဲတွင်ရှိစဉ်က မိုရှောင်ချီသည် ထိုချိတ်စည်းကိုဖျက်ဆီး၍ အရူးတစ်ပိုင်းနှယ် ဖြစ်သွားခဲ့ရလေသည်။ နောက်ဆုံးတွင်တော့ ကျန်းရို့ရှီ၏သွေးဖြင့် သူမကိုယ်ထဲ ချိတ်ပိတ်ထားသော နတ်သားရဲကို နောက်တစ်ကြိမ် ပြန်လည်ချိတ်ပိတ်နိုင်ခဲ့ပြီး မိုရှောင်ချီကိုလည်း ကယ်တင်နိုင်ခဲ့လေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ဤအမျိုးသမီးမှာ မိုရှောင်ချီမဟုတ်မှန်း ရန်ကိုင်ပြောနိုင်ခဲ့ခြင်းပင်။ သူမသည် မိုရှောင်ချီ၏ ဆွေမျိုးတစ်ယောက်ယောက် ထိုသို့မဟုတ်ဘဲ အစ်မတစ်ယောက်ပင် ဖြစ်ကောင်းဖြစ်နေနိုင်သေးသည်။ သို့သော်ငြား ကျုချင်းနှင့် အခြားသောနဂါးများမှ ထိုအမျိုးသမီးအား ခေါ်ဝေါ်သည့်ပုံစံကို ကြားပြီးသည့်နောက် ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။
ရန်ကိုင်အား ပို၍ နားမလည်နိုင် ဖြစ်စေရဆုံးမှာ လက်ရှိ ဤအမျိုးသမီးမှ သူ့အား ကြည့်နေသည့်ပုံစံ ဖြစ်လေသည်။ မသိလျှင် အမျိုးသမီးသည် ရန်ကိုင်အား သေသေချာချာ စစ်ဆေးအကဲဖြတ်နေသည့်အလား။
“သူက နဂါးကလန်ရဲ့ တတိယအကြီးအကဲလား…” ရန်ကိုင်မှာ ထိုအမျိုးသမီးနှင့် အကြည့်ချင်း ဆက်မဆုံရဲတော့သည့်အတွက်ကြောင့် အကြည့်လွှဲဖယ်၍ ကျုချင်းအား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းမေးလိုက်လေ၏။
“ဟုတ်တယ်…”
“ဒါဆို သူ့ကိုပွေ့ထားတဲ့လူက…”
“သူက သားရဲသခင်မဟာဧကရာဇ် မိုဟွမ်ပဲ…”
ထိုစကားကိုကြားသော် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ထိုလူကြီးကိုမြင်လိုက်စဉ်က ထိုလူကြီးသည် အလွန်ကိုမှ အားကောင်းလိမ့်မည်ဟု သူ့စိတ်ထဲ ခံစားလိုက်ရသည်။ သို့သော်ငြား ထိုလူသည် သားရဲသခင်မဟာဧကရာဇ် ဖြစ်နေလိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိခဲ့ပေ။ ရန်ကိုင်သည် သားရဲသခင်မဟာဧကရာဇ်နှင့် တစ်ခါမှ မတွေ့ဖူးသလို သားရဲသခင်မဟာဧကရာဇ်၏ပုံကိုလည်း မမြင်ဖူးသည့်အတွက်ကြောင့် သားရဲသခင်မဟာဧကရာဇ် မည်သို့မည်ပုံရှိသလဲဆိုသည်ကို မသိပေ။ သူ့အနေဖြင့် မိုရှောင်ချီ၏မျက်နှာမှတစ်ဆင့် သားရဲသခင်မဟာဧကရာဇ်၏ မျက်နှာပုံစံကို ခန့်မှန်း မြင်ယောင်ကြည့်ခဲ့ဖူးသည်များသာ ရှိပေသည်။ သို့သော်ငြား တကယ်တမ်း မြင်လိုက်ရချိန်တွင်တော့ သူထင်ထားသည်နှင့် အကွာကြီးကွာနေကြောင်း တွေ့လိုက်ရသည်။
(ဒီတော့ သူက သားရဲသခင်မဟာဧကရာဇ်ပေါ့…)
ထိုအတွေး သူ့စိတ်ထဲ ဖြတ်ပြေးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် ရုတ်တရက်ဆိုသလို တစ်ခုခုအား နားလည်သွားခဲ့လေသည်။ ထို့နောက် ကသိကအောက်အမူအယာဖြင့် ကျုချင်းအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်လိုက်လေသည်။ “သားရဲသခင်မဟာဧကရာဇ်က နဂါးကျွန်းကို တတိယအကြီးအကဲကြောင့် လာခဲ့တာလား…”
ကျုချင်းက ပြန်ပြောလိုက်သည်။ “ဟုတ်တယ်… တကယ်ဆိုရင် သူတို့အခြေအနေက ငါတို့အခြေအနေနဲ့ တော်တော်လေးဆင်တယ်…”
ရန်ကိုင် နဖူးထက်တွင် ဝေ့သီနေသော ချွေးအေးများကို သုတ်ရင်းမှ ပြန်ပြောလိုက်သည်။ “တတိယအကြီးအကဲလည်း ဒီလိုကိစ္စကြောင့်ပဲ နဂါးသင်္ချိုင်းထဲမှာ အကျဉ်းချခံခဲ့ရတာပေါ့…”
ကျုချင်းက ခေါင်းညိတ်၍ ပြန်ရှင်းပြလိုက်သည်။ “အဓိကပြဿနာကတော့ စီနီယာသားရဲသခင်ရဲ့ကလေးကို မွေးလိုက်လို့ပေါ့… အဲ့ကလေးသာ မမွေးလိုက်လို့ရှိရင် တတိယအကြီးအကဲ နဂါးသင်္ချိုင်းထဲမှာ အကျဉ်းချခံရမှာမဟုတ်ဘူး… တကယ်တော့ တတိယအကြီးအကဲက အဆင့်ကိုးနဂါးတစ်ကောင်လေ… ဒုတိယအကြီးအကဲကိုယ်တိုင်လည်း တတိယအကြီးအကဲကို အတတ်နိုင်ဆုံး ဖျောင်းဖျသေးတယ်… စီနီယာသားရဲသခင်နဲ့ လမ်းခွဲလိုက်ဖို့ပေါ့… ဒါပေမယ့် ကလေးမွေးပြီးတဲ့နောက်တော့ ဘယ်လိုမှမရတော့ဘူး…”
ရန်ကိုင်က ငေးကြောင်ကြောင်အမူအယာဖြင့် “ဒီတော့ ရှောင်ချီရဲ့အမေက နဂါးတစ်ကောင်ပေါ့…”
မည်သူ့ကိုမှ လိုက်မေးနေစရာမလို သားရဲသခင်မဟာဧကရာဇ်နှင့် တတိယအကြီးအကဲ၏ကလေး မည်သူဖြစ်သလဲဆိုသည်ကို ရန်ကိုင်သိပြီးသားပင်။ သူတို့၏ကလေးသည် စိတ်ဝိဉာဉ်သားရဲကျွန်း၏ မင်းသမီးလေးဖြစ်သော သားရဲသခင်မဟာဧကရာဇ်၏ အချစ်တော်သမီးလေးဖြစ်သည့် မိုရှောင်ချီသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် ဤအမျိုးသမီးသည် မိုရှောင်ချီနှင့် အတော်လေးကိုမှ ရုပ်ဆင်နေရခြင်း ဖြစ်လေသည်။ လက်စသတ်တော့ သူတို့နှစ်ဦးမှာ သားအမိများ ဖြစ်နေကြသည်ကိုး။
“နင် ဘာပြောလိုက်တာလဲ…” ကျုချင်းသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့… နောက်ပိုင်း ငါတို့ ကလေးမွေးလာမယ်ဆိုရင် ငါနင့်ကို ဘယ်တော့မှ နဂါးသင်္ချိုင်းထဲ မရောက်စေရဘူး…”
ထိုစကားကိုကြားသော် ကျုချင်း ရှက်သွေးဖြာသွားလေ၏။
လူသားတစ်ဦးနှင့် နဂါးတစ်ကောင် ကလေးရဖို့ရာမှာ အတော်လေးကိုမှ ခက်လှပေသည်။ သားရဲသခင်မဟာဧကရာဇ်နှင့် ဖုရွှမ်းတို့ ချစ်ကြိုက်ခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်မကခဲ့ပေ။ သို့တိုင် ကလေးတစ်ဦးသာ မွေးနိုင်ခဲ့သည်ကိုကြည့်လျှင် ကလေးရဖို့ မည်မျှခက်ကြောင်း မြင်တွေ့နိုင်ပေသည်။
လွန်ခဲ့သည့် နှစ်တစ်ထောင်အတောအတွင်း နဂါးကလန်သားများသည် သားရဲသခင်မဟာဧကရာဇ်နှင့် တတိယအကြီးအကဲကြားရှိ ဆက်ဆံရေးကို အသည်းအသန် ငြင်းဆန်ခဲ့ကြသည်။ သို့သော်ငြား တတိယအကြီးအကဲနှင့် ပတ်သက်နေသည့်လူမှာ သားရဲသခင်မဟာဧကရာဇ် ဖြစ်သည့်အတွက်ကြောင့် မည်သူမျှ ပွင့်ပွင့်လင်းလင်းမဆန့်ကျင်ရဲကြပေ။ မိုရှောင်ချီမွေးလာပြီးသည့်နောက်မှသာလျှင် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်လေသည်။
ထိုစဉ်က နဂါးကလန်သားအားလုံးသည် စိတ်ဝိဉာဉ်သားရဲကျွန်းအား ကျူးကျော်တိုက်ခိုက်ခဲ့ကြလေသည်။ မိုဟွမ်မှာ အတတ်နိုင်ဆုံး ခုခံချင်ခဲ့သလို အခြေအနေကိုလည်း ပြေရာပြေကြောင်း ငြိမ်းအေးချင်ခဲ့ပါသော်ငြား ဖုရွှမ်းသည် သူမကလန်သားများနှင့်အတူ ပြန်လိုက်သွားရန် ဆုံးဖြတ်ခဲ့လေသည်။ မိုဟွမ်ကိုယ်တိုင်မှာလည်း သူတို့နောက်သို့ လိုက်ခဲ့ပါသော်ငြား နဂါးကျွန်းမှ ပြန်လည်မောင်းထုတ်ခံလိုက်ရလေ၏။ တကယ်တော့ သူသည် တစ်ဦးတည်းသာလျှင် မဟုတ်ပေလော။
ထိုအချိန်မှစ၍ မိုဟွမ်သည် ဖုရွှမ်းအား ပြန်ကယ်နိုင်မည့် အခွင့်ကောင်းကို တောက်လျှောက် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေသည်။
ကျုချင်းနှင့် ရန်ကိုင်တို့ တစ်ဦးနှင့်တစ်ဦး ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်ပြောဆိုနေစဉ် ကျုယန်နှင့် ဖုကျွင်းမှာ မိုဟွမ်အား အထိတ်အလန့်အမူအယာဖြင့် ကြည့်နေကြလေသည်။
မိုဟွမ်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားတို့နဂါးကလန်က တကယ်ကို ဘာဆိုဘာမှ မသိတဲ့ကောင်တွေပါလားကွာ… အဲ့ဒါကြောင့်ပဲ လူတိုင်း ခင်ဗျားတို့ကို လိမ်နိုင်ကြတာ…”
“နင် ဘာပြောချင်နေတာလဲ…” ဖုကျွင်းသည် မိုဟွမ်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ကျုယန်က မျက်မှောင်ကျုံ့လျက် “မင်းပြောချင်တာက ဝူခွမ်း အသက်ရှင်နေသေးတယ်ပေါ့…”
မိုဟွမ်က ပြန်ပြောလိုက်သည်။ “အင်း… အသက်ရှင်တာထက် ပြန်ပြီးတော့ မွေးဖွားလာတာလို့ ပြောရင် ပိုမှန်လိမ့်မယ်…”
“ဘယ်လို…” ကျုယန်နှင့် ဖုကျွင်းတို့၏မျက်နှာများ ဖြူလျော်သွားကုန်ကြလေသည်။ အခြားသောနဂါးကလန်သားများမှာလည်း အထိတ်တလန့် ဖြစ်နေကုန်ကြလေ၏။
“အဲ့သတင်းက ယုံရလို့လား…” ကျုယန်သည် မိုဟွမ်အား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်နေလေသည်။ မိုဟွမ်ပြောသည်သာ အမှန်ဖြစ်သည်ဆိုပါက လောကကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်တော့ပေမည်။ နဂါးကလန်သည်လည်း လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သော မဟာဧကရာဇ်များကြား တိုက်ပွဲထဲတွင် ပါဝင်ခဲ့ပေသည်။ ထိုစဉ်က ထိုတိုက်ပွဲတွင် ကျုယန်ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို ကျုရန်သည်လည်း သိနေခဲ့လေသည်။
မိုဟွမ်က ရှင်းပြလိုက်သည်။ “လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ကျုပ်ကိုယ်တိုင် သူနဲ့စကားပြောခဲ့တာ… ဒီတော့ အဲ့သတင်း ဘယ်လောက်ထိယုံရတယ်လို့ထင်လဲ…”
“မင်းကိုယ်တိုင် သူနဲ့စကားပြောတာ…” မိုဟွမ်ပြောသည့်အဓိပ္ပာယ်ကို ကျုယန် နားမလည်ခဲ့ပေ။ သူသိသလောက် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်သည် သူတို့နှင့် ပြေရာပြေကြောင်း အေးအေးဆေးဆး စကားထိုင်ပြောမည့်လူစားမျိုးမဟုတ်။ ထို့အပြင် သားရဲသခင်မဟာဧကရာဇ်နှင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကြား ရန်ငြိုးရန်စများ ကြီးကြီးမားမား ရှိနေပေသည်။ ထိုသို့ဖြစ်လေရာ သူတို့နှစ်ဦးသည် တွေ့တွေ့ချင်း မတိုက်ခိုက်ကြဘဲ ဘာကြောင့်များ ပြေရာပြေကြောင်း စကားပြောရမည်နည်း။
မိုဟွမ်က စိတ်မရှည်ဟန်ဖြင့် ထပ်ပြောလိုက်သည်။ “အခုလက်ရှိ ဝူခွမ်းရဲ့အခြေအနေက ပုံမှန်မဟုတ်ဘူး… အရင်တုန်းကတော့ သွေးအဆီအနှစ်တွေကို စုဆောင်းပြီး ခန္ဓာကိုယ်အသစ်တစ်ခု တည်ဆောက်နိုင်ဖို့ ကြယ်ပျက်ပင်လယ်ထဲက အရင်းအမြစ်ချီပင်လယ်ထဲမှာ ပုန်းနေခဲ့တာ… အဲ့ကနေတစ်ဆင့် ပြန်ပြီး မွေးဖွားလာဖို့ပေါ့..တကယ်ဆိုရင်တော့ သူအောင်မြင်လုနီးပါး ဖြစ်သွားတယ်လို့ ပြောလို့ရတယ်… ဒါပေမယ့် နောက်ဆုံးအခြေအနေမှာပဲ တွမ့်ဟုန်ချန်က အဲ့နေရာထဲကို ဝင်သွားပြီးတော့ သူနဲ့ သွားတိုက်ခိုက်တာ… အဲ့တိုက်ပွဲမှာ နှစ်ဦးစလုံး ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတယ်… ဝူခွမ်းရဲ့ ခန္ဓာကိုယ်အသစ်ပြန်ဖွဲ့စည်းမယ့်အစီအစဉ်လည်း မအောင်မြင်သွားဘူး… ဒါပေမယ့် အဲ့လိုမဖြစ်သွားတဲ့တိုင်အောင်ကို တွမ့်ဟုန်ချန်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးလို့ရသွားတယ်…”
“တွမ့်ဟုန်ချန်လည်း အဲ့ကိစ္စမှာ ပါတာလား…”
မိုဟွမ်က ရှင်းပြလိုက်သည်။ “သူတို့ ကြယ်ပျက်ပင်လယ်ထဲကနေ ပြန်ထွက်လာပြီးတဲ့နောက်ပိုင်း လူအိုကြီးတွမ့်က သူ့ကိုယ်ထဲမှာရှိနေတဲ့ ဝူခွမ်းရဲ့ဝိဉာဉ်ကို ချိတ်ပိတ်နိုင်မယ့် နည်းလမ်းတွေကို လိုက်ရှာနေတာ… ရှုယဉ်သာဝိဉာဉ်နန်းတော်ဆီလည်း သွားလိုက်သေးတယ်… ဒါပေမယ့် အဲ့ကလူအိုကြီးတောင် ဘာမှမတတ်နိုင်ဘူး… အဲ့လူ မတတ်နိုင်လည်း မတတ်နိုင်ရော ကျုပ်လာရှာတယ်… အဲ့လိုနဲ့ပဲ ဘာတွေဖြစ်သွားလဲဆိုတာကို ကျုပ်လည်းသိခဲ့ရတာ…”
စိတ်ဝိဉာဉ်သားရဲကျွန်းနှင့် ရှုယဉ်သာဝိဉာဉ်နန်းတော် နှစ်ခုလုံးသည် အရှေ့ဘက်နယ်မြေတွင် ရှိနေကြခြင်း ဖြစ်သည့်အတွက်ကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားဖို့ရာ သိပ်မဝေးလှပေ။
“ရှုယဉ်သာဝိဉာဉ်နန်းတော်က အဲ့လူတောင် ဘာမှမတတ်နိုင်ဘူးလား…” ကျုယန် အံ့အားသင့်သွားခဲ့လေသည်။
ရှုယဉ်သာဝိဉာဉ်နန်းတော်၏ နန်းတော်သခင်မှလွဲ၍ မည်သူမျှ ဝိဉာဉ်အကြောင်းကို ပိုမသိကြပေ။ ထိုလူသည်ပင်လျှင် တွမ့်ဟုန်ချန်၏ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါက ဤလောကကြီးထဲရှိမည်သူကများ တွမ့်ဟုန်ချန်၏ပြဿနာကို ဖြေရှင်းနိုင်ပါဦးမည်နည်း။
“အင်း… ဒီတော့ ဝူခွမ်းက အသက်ရှင်နေသေးတယ်လို့ ပြောလို့ရတယ်…” မိုဟွမ်သည် အကြီးအကဲနှစ်ဦးအား အထင်အမြင်တသေးဖြင့် စိုက်ကြည့်ရင်းမှ “အဲ့ဒါကြောင့် ခင်ဗျားတို့ကို ပြောတာ… အပြင်လေး နည်းနည်းပါးပါးထွက်ဦးလို့… အခုတော့ ဘုမသိဘမသိနဲ့ မသိရင် ကျောက်ခေတ်လူသားတွေ ကျနေတာပဲ…”
တကယ့်တကယ်ဆိုရင်လျှင် ဤလောကကြီးထဲရှိ လူအနည်းငယ်သည်သာ ဝူခွမ်းနှင့် တွမ့်ဟုန်ချန်၏ လက်ရှိအခြေအနေကို သိထားကြပေသည်။ ထို့အတွက်ကြောင့် နဂါးကလန်သားများ နဂါးကျွန်းမှ ထွက်သွားမည်ဆိုလျှင်ပင် ဝူခွမ်းနှင့် တွမ့်ဟုန်ချန်အကြောင်း သတင်းရလိမ့်မည်မဟုတ်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၇၃)
ဘာသာပြန်သူ_တိမ်တိုက်
ဝူခွမ်းအသက်ပြန်ရှင်လာသည့်ကိစ္စသည် နဂါးကလန်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ရာ နဂါးများမှာ အတန်ကြာသည်အထိတိုင် မည်သည့်စကားတစ်ခွန်းမှ မပြောနိုင် ဖြစ်နေကြရလေသည်။
ထိုစဉ် လူတစ်ဦးသည် မိုးကုပ်စက်ဝိုင်းဆီမှ ရန်ကိုင်တို့ဆီသို့ ပျံသန်းလာနေလေ၏။ ထိုလူပုံစံမှာ အရက်မူးနေသည့် အရက်သမားတစ်ဦးပမာ ဒယီးဒယိုင် ဖြစ်နေခဲ့ပြီး ပျံသန်းနေရင်းမှပင် အောက်သို့ ပြုတ်ကျလုမတတ် ဖြစ်နေခဲ့လေသည်။
လူတိုင်းသည် ထိုလူအား မယုံသင်္ကာအမူအယာများဖြင့် ကြည့်နေကြလေသည်။
ထိုလူ မည်သူမှန်း သိလိုက်သည့်အခိုက် ရန်ကိုင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေ၏။
ကျုချင်းက ပြောလိုက်လေသည်။ “လီကျောက်ပဲ…”
လီကျောက်မှာ ရုတ်တရက်ဆိုသလို သွေးတစ်ပွက် ထိုးအန်လေ၏။ ရန်ကိုင်ကိုမြင်လိုက်သော် ဆွေမျိုးပျောက်နေသည့်လူတစ်ဦး သွေးရင်းချာတစ်ဦးကို ပြန်မြင်လိုက်ရသည့်ပမာ အလျင်စလို လှမ်းအော်ခေါ်လိုက်လေသည်။ “နန်းတော်သခင်ရန်…”
ရန်ကိုင်လည်း လီကျောက်ဆီသို့ အမြန်ပျံသန်းသွားလိုက်ပြီး လီကျောက်အား ထူမပေးလိုက်လေ၏။ လီကျောက်၏အခြေအနေကို စစ်ဆေးကြည့်ပြီးသည့်နောက် လီကျောက်မသေနိုင်သေးမှန်းသိလိုက်သော် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍မေးလိုက်လေသည်။ “ဖုချီသေသွားတာလား…”
“ဟုတ်တယ်…”
ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့လေ၏။ “ခင်ဗျား သူ့ကို သတ်လိုက်တာလား…”
လီကျောက် ခေါင်းခါပြလိုက်သည်။ လီကျောက်မှာ ဖုချီကို သတ်ချင်ပါသော်ငြား ဖုချီ၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။ ဘယ်ကမှန်းမသိသည့်ထိုလူသည်သာ ရုတ်တရက်ကြီး ပေါ်မလာခဲ့လျှင် လီကျောက် ယခုနေ အသက်ပျောက်နေလောက်ပေပြီ။ နဂါးကလန်သားတစ်ဦးကို သတ်လိုက်၍ ဖြစ်လာမည့်အကျိုးဆက်များကို နားလည်ထားပါသော်ငြား ထိုစဉ်က ဒေါသငယ်ထိပ် ဆောင့်တက်နေသည့်အတွက်ကြောင့် လီကျောက်မှာ ဘာကိုမှ သေသေချာချာ စဉ်းစားဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိပေ။ လျူစန်းနျန်ကြုံခဲ့ရသည့် အခက်အခဲများကို ပြန်စဉ်းစားမိလိုက်သည့်နောက်တွင် လီကျောက်မှာ ဖုချီအား သတ်ချင်စိတ်များသာ ဖြစ်ပေါ်လာရတော့သည်။
“ဖုချီကိုသတ်လိုက်တာ ဝူချန်းပဲ…” လီကျောက်က ပြန်ပြောလိုက်သည်။
“ဝူချန်း…” ရန်ကိုင်၏အမူအယာ ကသိကအောက်ဖြစ်သွားခဲ့လေသည်။ (ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ…)
ဖုချီအား သတ်လိုက်သည့်လူမှာ လီကျောက်မှန်း သိသွားပြီးသည့်နောက် ရန်ကိုင် စိတ်အေးသွားရတော့လေသည်။ သို့သော်ငြား လီကျောက်ပြောလာသည့်စကားကိုမူ မယုံကြည်နိုင် ဖြစ်နေရလေသည်။ ဖုချီ သေသွားပြီဆိုသည့်အကြောင်း ကြားလိုက်ရစဉ်က ရန်ကိုင်စိတ်ထဲ အတွေးနှစ်ခုသာ ဖြစ်ပေါ်လာခဲ့လေသည်။ ပထမတစ်ခုမှာ လီကျောက်သည် ရုတ်တရက်ဆိုသလို အားကောင်းလာခဲ့ပြီး ဖုချီအား သတ်သွားနိုင်ခဲ့သည်ဟူသော အချက်ပင်။ တကယ်တော့ လီကျောက်သည် နဂါးကျောင်းတော်မှ ကောင်းချီးကို ရရှိထားသည်မဟုတ်ပေလော။ ထိုသို့သာဖြစ်သွားမည်ဆိုလျှင်တော့ လီကျောက်အနေဖြင့် နဂါးကျွန်းမှ ထွက်သွားဖို့ရာ စိတ်ပင်မကူးသင့်တော့ပေ။ မီးနဂါးနန်းတော်သည်လည်း သူ့ကြောင့်ပင်လျှင် ပျက်စီးသွားရနိုင်ပေသည်။
သို့သော်ငြား ထိုသို့ဖြစ်နိုင်ချေမှာ သိပ်မရှိလှပေ။ ရန်ကိုင်အနေဖြင့် လီကျောက်အား ဖုချီနောက်သို့လိုက်သွားခွင့် ပြုလိုက်ရခြင်းမှာ လီကျောက်၏ကျင့်ကြံခြင်းအကြောင်းကို သိထားသည့်အလျောက် လီကျောက်အနေဖြင့် ဖုချီအား သတ်နိုင်လိမ့်မည်မဟုတ်မှန်းကို သိနေသည့်အတွက်ကြောင့်ပင်။ လီကျောက် အများဆုံးလုပ်နိုင်သည့်အရာဆို၍ ဖုချီအပေါ် သူ့ဒေါသကို ဖွင့်ထုတ်ရုံသာ ရှိပေလိမ့်မည်။ သူ့စွမ်းရည်လောက်ဖြင့် ဖုချီကို သတ်နိုင်ဖို့ရာ မဖြစ်နိုင်ပေ။
ရန်ကိုင်စဉ်းစားမိသည့်နောက်တစ်ချက်မှာတော့ ဖုချီအား သတ်လိုက်သည့်လူမှာ ဝူခွမ်းဖြစ်သည်ဟူသော အချက်ပင်။ ထိုအချက်မှာ အလွန်ကိုမှ ဖြစ်နိုင်ချေများလှသည်။ သို့သော်ငြား လီကျောက်ပြောလာသည့်စကားကို ကြားပြီးသည့်နောက် ရန်ကိုင်မှာ လုံးဝကို မယုံကြည်နိုင် ဖြစ်သွားရတော့လေသည်။
(ဖုချီကိုသတ်လိုက်တာ ဝူခွမ်းမဟုတ်ဘဲနဲ့ ဝူချန်းလား…) ဝူချန်းနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု ရန်ကိုင်စိတ်ထဲ အမြဲတစေ ခံစားနေခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်ကိုယ်တိုင်သည်လည်း ဝူချန်းအား သတိထားခဲ့လေသည်။ သို့သော်ငြား လွန်ခဲ့သည့်တစ်လလုံးလုံး ဝူချန်းသည် ရန်ကိုင်အပေါ် အနည်းငယ်မျှပင် ရန်လိုသည့်အရိပ်အယောင်မပြ။ ထို့အစား သူ့ကိုပင်လျှင် အကြိမ်ပေါင်းများစွာ ဝင်ရောက်ကူညီပေးခဲ့သေး၏။
ရန်ကိုင်အား စိတ်ပူစေသည့်အချက်မှာ ဝူချန်း၏ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ တက်သွားခြင်းသာ ဖြစ်လေသည်။
မူလကမူ ဝူချန်းသည် ဧကရာဇ်ဒုတိယအဆင့်သာ ရှိပေသေးသည်။ သို့သော်ငြား တစ်လကြာပြီးသည့်နောက် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်လာခဲ့လေ၏။ သူအဆင့်တက်သွားသည့်နှုန်းမှာ အလွန်ကိုမှ မြန်လှပေသည်။ ဝူချန်း ဧကရာဇ်ဒုတိယအဆင့်တွင် ရှိနေစဉ်က ဧကရာဇ်တတိယအဆင့်သို့ တက်ရောက်မည့်အရိပ်အယောင် စိုးစဉ်းမျှပင်မပြပေ။ ထိုသို့ဖြစ်လေရာ ဝူချန်းအနေဖြင့် ဧကရာဇ်တတိယအဆင့်သို့ မည်သို့များ တစ်လအတွင်း ချိုးဖျက်ဝင်ရောက်သွားနိုင်ရလေသနည်း။
“ဝူချန်းက ဘယ်သူလဲ…” ဖုကျွင်းက ရုတ်တရက် ကောက်မေးလိုက်သည်။
လီကျောက်မှာ သူပြောလိုက်သည့်နောက်ဆုံးစကားကို ကောင်းကင်စိတ်အာရုံမှတစ်ဆင့်မပြောဘဲ ဤအတိုင်းပြောလိုက်ခြင်း ဖြစ်သည့်အတွက်ကြောင့် ဤနေရာတွင်ရှိနေသည့်လူအားလုံး ကြားလိုက်ကြရလေသည်။ ယခု ဖုချီသေသွားပြီဆိုသည့်အကြောင်း အကုန်လုံး သိသွားကြကုန်လေပြီ။ ထိုအကြောင်းကြောင့် ဖုချီအား သတ်လိုက်သည့်လူ၏ နာမည်ကို ကြားလိုက်သော် ထိုလူ မည်သူဖြစ်သလဲဆိုသည်ကို နဂါးကလန်သားများ သိချင်လာကြတော့လေသည်။
ဖုကျွင်းမှ သူမ၏နဂါးဖိအားအား ထုတ်လွှတ်လိုက်သည့်နောက် လီကျောက်မှာ ထိုဖိအားကို တောင့်မခံနိုင်တော့ဘဲ အချိန်မရွေး အသက်ဆုံးတော့မည့်အလား သွေးတစ်ပွက် ထိုးအန်လေသည်။
ရန်ကိုင်သည် လီကျောက်ရှေ့တွင် ချက်ချင်းပိတ်ရပ်၍ ပြန်ပြောလိုက်သည်။ “သူက နဂါးတစ်ပိုင်းမြို့တော်က လူသားတစ်ယောက်ပဲ…”
ဖုကျွင်းက ပြန်ပြောလိုက်သည်။ “အဆင့်နိမ့်လူသားတစ်ယောက်က နဂါးကလန်သားတစ်ယောက်ကို ဘယ်လိုလုပ်ပြီး သတ်နိုင်တာလဲ…” ရုတ်တရက်ဆိုသလို ဖုကျွင်းသည် လီကျောက်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ မျက်လုံးမှေးစင်းလျက် “ဖုချီရဲ့သွေးအရှိန်အဝါက နင့်ကိုယ်ပေါ်မှာရှိနေသေးတယ်… နင် လိမ်နေတာမလား… ဖုချီကိုသတ်လိုက်တာ နင်ပြောနေတဲ့ဝူချန်းမဟုတ်ဘဲ နင်ပဲမလား…”
လီကျောက်က အလျင်စလို ခေါင်းခါလျက် “ကျုပ်မဟုတ်ဘူး… ဝူချန်းသတ်လိုက်တာ… ကျုပ် ဖုချီနဲ့တိုက်ခိုက်ပေမယ့် သူ့ကိုမနိုင်ဘူး… နောက်ဆုံး သူ ကျုပ်ကို သတ်တော့မယ့်အချိန်မှာပဲ ဝူချန်း ရုတ်တရက်ပေါ်လာပြီး ဖုချီကို သတ်သွားတာ…”
“ဝူချန်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းရတာလဲ…” ကျုယန်လည်း လီကျောက်ပြောသည့်စကားကို ကြားပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ နဂါးတစ်ပိုင်းမြို့တော်ထဲတွင် ဖုချီကိုပင်လျှင် သတ်ပစ်နိုင်လောက်အောင် အားကောင်းလှသည့် ပညာရှင်တစ်ဦး မည်သို့များ ရှိနေရသနည်း။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ကျုရန်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “မင်းသိထားတာတွေအကုန်လုံး ငါတို့ကို ပြောပြစမ်း… လိမ်ဖို့တော့ မကြိုးစားနဲ့နော်… လိမ်ရင် မင်းအသက်ကို ဆုံးပြီလို့သာ မှတ်ထားလိုက်ပေတော့…”
လီကျောက်သည် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် အကြောင်းစုံကို သေသေချာချာ စတင်ရှင်းပြတော့လေသည်။
ရန်ကိုင်သည် လီကျောက်အား ကိုင်ထားရင်းမှ လီကျောက်၏ကိုယ်ထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းပေးနေခဲ့လေသည်။ အနည်းငယ်ပြန်သက်သာလာပြီးသည့်နောက်တွင် ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် သူရှင်းပြနေသည့် အကြောင်းအရာကို ဆက်ရှင်းပြလိုက်လေသည်။
လီကျောက်မှာ ဘာကိုမှ ဖုံးကွယ်ထားခဲ့ခြင်း မရှိခဲ့။ ဖုချီထွက်ပြေးသွားပြီးသည့်နောက် သူ့ဘက်မှ ဖုချီအား နောက်ယောက်ခံလိုက်ခဲ့ကြောင်း၊ ထို့နောက်တွင် ဖုချီအား တိုက်ခိုက်ခဲ့ပြီး မနိုင်ခဲ့ဘဲ ဖုချီမှ သူ့အား ပြန်သတ်တော့မည့်အကြောင်း၊ ထိုစဉ် ဝူချန်း ရုတ်တရက် ပေါ်လာပြီး ဖုချီအား ချက်ချင်းဆိုသလို လှုပ်မရအောင် လုပ်ပစ်ခဲ့သည့်အကြောင်းနှင့် ဝူချန်း၏ခန္ဓာကိုယ်ရော စိတ်အခြေအနေပါ ပြောင်းလဲသွားသည့်အကြောင်းများကို ရှင်းပြလိုက်လေသည်။
“ကျုပ် အဲ့နေရာကနေ ထွက်ပြေးလာပြီး မကြာပါဘူး… ဖုချီရဲ့အော်သံတွေ ထွက်လာရော… ပြီးတာနဲ့ မိုးတွေ ရုတ်တရက် ရွာကျလာတာတော့ပဲ… ကျုပ်က နဂါးနွယ်ဖွားတစ်ယောက်ဆိုပေမယ့် နဂါးကြွေမိုးအကြောင်းကိုတော့ နည်းနည်းပါးပါးသိထားတယ်… ဒါကြောင့်ပဲ ဖုချီသေသွားပြီမှန်း သိလိုက်တာ… ဖုချီကိုသတ်လိုက်တဲ့လူကလည်း ဝူချန်းဖြစ်တယ်ဆိုတာကိုလည်း အဲ့အချက်ကြောင့်ပဲ သိနေခဲ့တာ….”
ဖုချီအား သတ်လိုက်သည့်လူမှာ သူမဟုတ်ပါသော်ငြား ဖုချီသေသွားသည့်အပေါ် လီကျောက်မှာ ဝမ်းသာအားရ ဖြစ်မိပေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ဖုချီမသေခင် လီကျောက်ကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလေရာ ဖုချီသေရသည့်အကြောင်းအရင်းများထဲ လီကျောက်သည်လည်း အနည်းနှင့်အများတော့ သက်ဆိုင်နေပေသည်။ ထို့အတွက်ကြောင့် လီကျောက်မှာ အတော်လေးကိုမှ ဒေါသပြေသွားရလေ၏။
လီကျောက်ကြောင့်သာမဟုတ်ပါက ဝူချန်းဘာသာဆိုလျှင် ဖုချီအား သတ်ပစ်နိုင်ရန်အတွက် အတော်လေးကိုမှ ခက်ခဲနေပေလိမ့်မည်။ သေသေချာချာစဉ်းစားကြည့်မည်ဆိုလျှင် ဖုချီသေရသည့်အကြောင်းအရင်းများထဲ လီကျောက်ကြောင့်လည်း ပါနေပေသေးသည်။ တစ်နည်းဆိုရသော် လီကျောက်မှာ ဖုချီအပေါ် လက်စားပြန်ချေလိုက်နိုင်သည်ဟု ပြော၍ရပေသည်။
ဝူချန်းမှာ အန္တရာယ်များမှန်း သိပါသော်ငြား လီကျောက်မှာတော့ ဝူချန်းအား ကျေးဇူးတင်မိပေသေးသည်။
လီကျောက်ရှင်းပြသည်ကို ကြားပြီးသည့်နောက် လူတိုင်း၏မျက်နှာထက် အမူအယာပေါင်းစုံ ထွက်ပေါ်လာကုန်ကြလေ၏။
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ခင်ဗျားပြောချင်တာက သူ့ရုပ်ရော စရိုက်ကပါ ရုတ်တရက်ကြီး ပြောင်းသွားတယ်ပေါ့…” (ဝူချန်း… ဝူချန်း… ဝူချန်း… ဝူခွမ်းနဲ့ တွမ့်ဟုန်ချန်…)
ဝူချန်းသည် တွမ့်ဟုန်ချန်နှင့် ဝူခွမ်းတို့၏နာမည်ကို ပေါင်းစပ်ထားသော နာမည်အတုတစ်ခုသာ ဖြစ်ပေသည်။ လက်ရှိအချိန်တွင် မဟာဧကရာဇ်နှစ်ပါးမှာ ခန္ဓာကိုယ်တစ်ခုတည်းတွင် အတူတကွ နေနေရသည့်အတွက်ကြောင့် သူတို့၏နာမည်များကို ပေါင်းစပ်၍ နာမည်အတုတစ်ခု ဖန်တီးသည်မှာ ဆန်းတော့လည်းမဆန်းပေ။
ထိုအချက်ကို နားလည်လိုက်သည့်နောက် ရန်ကိုင် ခါးသက်သက်အမူအယာဖြင့် ပြုံးလိုက်လေသည်။
ရန်ကိုင် မည်မျှပင် စိတ်ကူးစိတ်သန်း ကောင်းမွန်နေစေကာမူ ဝူချန်းသည် မဟာဧကရာဇ်နှစ်ပါးနှင့် ဆက်စပ်နေလိမ့်မည်ဟု လုံးဝတွေးမိလိမ့်မည်မဟုတ်ချေ။ တကယ်တော့ ဝူချန်းသည် မဟာဧကရာဇ်တစ်ပါးနှင့် ဆင်သည့် မည်သည့်အပြုအမူကိုမှ ထုတ်မပြခဲ့သလို သူ့ခန္ဓာကိုယ်မှာလည်း အလွန်ကိုမှ ပိန်လွန်းလှပေသည်။ ရှင်းရှင်းပြောရလျှင် ဝူချန်းမှာ မျောက်တစ်ကောင်နှင့်ပင် တူနေပေသေးသည်။ မဟာဧကရာဇ်တစ်ပါးနှင့် လားလားမျှမဆင်။
ယခု ကြည့်ရသလောက် ဝူခွမ်းမှာ တွမ့်ဟုန်ချန်၏ဝိဉာဉ်ကို လုံးဝဖိနှိပ်လိုက်နိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်သွားနိုင်သည့်ပုံပင်။ ဝူခွမ်း မည်သို့များ ထိုကဲ့သို့ လုပ်သွားနိုင်ရလေသနည်း။
ထိုအကြောင်းကို စဉ်းစားနေရင်းမှ ရန်ကိုင် ရုတ်တရက်ဆိုသလို ထိတ်လန့်သွားရတော့လေသည်။ နန်းတော်ဆောက်လုပ်ရန် ဤနေရာသို့ ခေါ်လာသည့် လူအယောက်ငါးရာအနက် သုံးရာလောက်သာ အသက်ရှင်ကျန်ခဲ့သည့်အကြောင်းကို ပြန်သတိရသွားခဲ့သည်။ ထို့အပြင် ပျောက်သွားသည့်လူများမှာလည်း ဧကရာဇ်အဆင့်ပညာရှင်များချည်းသာ ဖြစ်ကြလေသည်။ ထိုစဉ်က ထိုလူများအကြောင်းကို ရန်ကိုင် သေသေချာချာ စဉ်းစားခဲ့ခြင်း မရှိခဲ့။ သို့သော်ငြား ယခု ဝူချန်း မည်သူမှန်း သိသွားပြီးသည့်နောက် ထိုလူများ မည်ကဲ့သို့ ပျောက်ကွယ်သွားရသလဲဆိုသည်ကို နားလည်လာခဲ့လေသည်။ ဝူခွမ်းသည် ထိုလူအားလုံးကို ဝါးမျိုပစ်ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထိုအချက်ကို စဉ်းစားမိလိုက်သည့်နောက် ဝူချန်း၏စွမ်းအား ဘာကြောင့် ရုတ်တရက် မြင့်တက်လာရသလဲဆိုသည်ကိုလည်း နားလည်သွားခဲ့ရလေသည်။ ဝူခွမ်းသည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ဖန်တီးခဲ့သော ဒဏ္ဍာရီလာ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ဖြစ်ပေသည်။ ကျောက်တုံးကိုယ်ပွားမှ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ကျင့်ကြံနေသည့်ပုံစံကို ကြည့်ရသလောက် ထိုပျောက်သွားသည့် ကျင့်ကြံသူအယောက်နှစ်ရာမှာ ဝူခွမ်းအတွက် အစာဖြစ်သွားရပေလိမ့်မည်။
ရန်ကိုင်ကိုယ်တိုင်သည်ပင်လျှင် ဝူချန်း မည်သူမည်ဝါမှန်း သိသွားပြီဖြစ်လေရာ မိုဟွမ်၊ ကျုရန်နှင့် အခြားသူများလည်း မသိစရာအကြောင်းမရှိချေ။ ဝူခွမ်းနှင့် တွမ့်ဟုန်ချန်တို့သည် ခန္ဓာကိုယ်တစ်ခုတည်းတွင် အတူတူနေသည်ဟု မိုဟွမ်မှ ပြောခဲ့သည်။ ထိုအချက်ကို လီကျောက်မှ ပြောပြသွားခဲ့သော ဝူချန်း၏ ရုတ်တရက်ကြီး ပြောင်းလဲသွားသော စရိုက်မှ သက်သေပြနေခဲ့လေသည်။
ယခုဆိုလျှင် လက်ရှိအခြေအနေ မည်မျှအရေးကြီးနေကြောင်းကို လူတိုင်း နားလည်နေခဲ့လေပြီ။
ဖုကျွင်းသည် သူမလက်ကို လီကျောက်ဆီသို့ ဆန့်ထုတ်ရင်းမှ ပြောလိုက်လေ၏။ “ငါ့နောက်လိုက်ခဲ့…”
ဝူခွမ်းမှ နဂါးတစ်ကောင်အား သတ်ပစ်လိုက်သည့်အကြောင်းကို ကြားလိုက်ရစဉ် နဂါးကလန်သားအားလုံး ထိတ်လန့်သွားခဲ့ကြရသည်။ သို့သော်ငြား လက်ရှိအချိန်တွင် အရေးကြီးဆုံးကိစ္စမှာ ဝူခွမ်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို ရှာရန်သာ ဖြစ်လေသည်။ ဝူခွမ်းသည် နဂါးကျွန်းထဲသို့ ခိုးဝင်လာခဲ့ပြီး လူသားတစ်ဦး အယောင်ဆောင်ခဲ့လေသည်။ ထို့အတွက်ကြောင့် သူ ဤနေရာသို့လာရခြင်းမှာ နဂါးတစ်ကောင်ကို သတ်ဖို့အတွက်သာ မဖြစ်နိုင်ပေ။
ဝူခွမ်းကိုရှာဖို့ရာ လီကျောက်ကိုပါ ခေါ်သွားရပေလိမ့်မည်။ လီကျောက်သည်သာ ဝူခွမ်း ဖုချီအား မည်သည့်နေရာတွင် သတ်လိုက်သလဲဆိုသည်ကို သိထားသူ မဟုတ်ပေလော။
ဖုကျွင်း၏လက် သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်လိုက်သည့်အခိုက် လီကျောက်မှာ ရုတ်တရက်ဆိုသလို ကျောက်ရုပ်ကြီးတစ်ခုပမာ မလှုပ်မယှက် ဖြစ်သွားခဲ့လေသည်။ သူ့ကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းနေသည့် ဧကရာဇ်ချီမှာလည်း ရေအေးခဲခံလိုက်ရသည့်ပမာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားခဲ့သည်။ ထိုမျှသာလျှင်မဟုတ်သေး လီကျောက်အဖို့ အသက်ပင် ရဲရဲမရှူဝံ့တော့ချေ။ လက်ရှိ လီကျောက်ပုံစံမှာ ထိုးဆင်းလာနေသည့် သိမ်းငှက်ကို မြင်လိုက်ရသည့် ကြောက်ရွံ့မင်သက်နေသော ယုန်ငယ်လေးတစ်ကောင်ပမာ ဖြစ်နေခဲ့လေသည်။
ယခုမှသာလျှင် နဂါးကလန်၏ ဒုတိယအကြီးအကဲနှင့် သူ့ကြား ခွန်အားကွာခြားချက် မည်မျှကြီးမားသလဲဆိုသည်ကို လီကျောက် နားလည်သွားခဲ့ရတော့လေသည်။ သူ၏ ဧကရာဇ်တတိယအဆင့်ကျင့်ကြံခြင်းသည်ပင်လျှင် နဂါးကလန်မှ ဒုတိယအကြီးအကဲ၏ဖိအားကို တစ်ချက်ကလေးမှ ခုခံနိုင်ခဲ့ခြင်းမရှိပေ။
ထိုအခိုက်အတန့်မှာပင် တဂျွတ်ဂျွတ်မြည်သံနှင့်အတူ ရန်ကိုင်သည် သူ့လက်ကို နဂါးလက်သည်းအသွင်သို့ ပြောင်းလျက် ဖုကျွင်း၏လက်ဆီသို့ ဆန့်ထုတ်လိုက်လေသည်။
ရန်ကိုင်မှ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်တုံးကိုယ်ပွားသည်လည်း ဖုကျွင်း၏မျက်နှာဆီသို့ လက်သီးဖြင့် ထိုးချလိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် ရန်ကိုင်ရှေ့ အရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။ ထို့နောက် သူ့ရင်ဘတ်တစ်ခုလုံး ဆောင့်ရိုက်ခံရသလို ခံစားလိုက်ရပြီး ရန်ကိုင်မှာ သွေးအပွက်ပွက်အန်ထုတ်ရင်း ကြိုးပြတ်သွားသည့်စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့လေ၏။ ထို့နောက်တွင် ကျောက်တုံးကိုယ်ပွားမှာလည်း လျှပ်စီးဖြင့် ပစ်ချခံလိုက်ရသည့်အလား ပင်လယ်ထဲသို့ တောင့်တောင့်ကြီး ပြုတ်ကျသွားခဲ့လေသည်။
ကျုချင်းမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် ရန်ကိုင်ဆီသို့ အလျင်စလို ပျံသန်းသွားလိုက်လေသည်။
ရန်ကိုင်မှာ သူ့ရင်ဘတ်ကို လက်ဖြင့်အုပ်ရင်း လှမ်းကြည့်လိုက်ရာ လီကျောက်အား ဖုကျွင်းမှ ကြက်ကလေးငှက်ကလေးနှယ် ဖမ်းကိုင်ထားကြောင်းကို တွေ့လိုက်ရလေသည်။ ထို့နောက်တွင် ဖုကျွင်းသည် လေထဲသို့ ခုန်တက်သွားပြီး တစ်ခုသောဘက်ဆီသို့ ပျံသန်းသွားလေ၏။ ဖုကျွင်းထွက်သွားသည်ကိုမြင်သော် အခြားသောနဂါးကလန်သားများသည်လည်း သူမနောက်သို့ အလျင်စလို လိုက်သွားကြလေသည်။
ရန်ကိုင်သည် အံကိုတင်းတင်းကြိတ်ရင်းမှ ဖုကျွင်းအား ကြိတ်ကာ ကျိန်ဆဲတော့လေသည်။ သူ့အနေဖြင့် မဟာဧကရာဇ်တစ်ပါးကဲ့သို့ အားကောင်းလှသော လူတစ်ဦး၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်မှန်း ကြိုသိထားခဲ့ပါသော်ငြား ဖုကျွင်းမှ လီကျောက်အား ဖမ်းရန် ကြိုးစားလိုက်ချိန် ရန်ကိုင်မှာ ရပ်ကြည့်နေ၍မရပေ။ သူတို့ကြား ခွန်အားကွာခြားချက် ကြီးမားနေလင့်ကစား ရန်ကိုင်မှာ အနည်းငယ်မျှပင် အညံ့မခံလိုခဲ့။
ဖုကျွင်းမှ ရန်ကိုင်နှင့် အချိန်မကုန်လိုသည့်အတွက်ကြောင့်သာလျှင် ရန်ကိုင်အား တွန်းထုတ်လိုက်ခြင်း ဖြစ်ပေသည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်အနေဖြင့် ယခုလောက်သာ ဖြစ်သွားလိမ့်မည်မဟုတ်ဘဲ ဒဏ်ရာဆိုးဆိုးရွားရွား ရသွားနိုင်ပေသည်။
“မင်းက တော်တော်ရဲတာပဲကွ…” မိုဟွမ်သည် ရန်ကိုင်အား လှမ်းကြည့်ရင်းမှ ပြောလိုက်လေသည်။ ထိုစကားသည် ရန်ကိုင်အား ချီးကျူးနေခြင်းပေလော လှောင်ပြောင်နေခြင်းပေလော ဆိုသည်မှာတော့ မသဲကွဲပေ။
ယခုမှသာလျှင် မိုဟွမ်သည်လည်း ရန်ကိုင်အား သေသေချာချာ လေ့လာကြည့်ဖြစ်မိတော့သည်။ အကြောင်းအရင်းအချို့ကြောင့် ရန်ကိုင်အား မိုဟွမ်မှာ သိပ်၍ ကြည့်မရချေ။ ဘာကြောင့်ကြည့်မရသလဲဆိုသည့်အကြောင်းအရင်းကိုလည်း သူကိုယ်တိုင် သိပြီးသားပင်။ လက်မခံချင်ရုံသာ ရှိလေသည်။
မိုရှောင်ချီမှ ထိုကောင်လေးအား အားအားနေ လွမ်းနေသည့်အတွက်ကြောင့်သာ မဟုတ်ပါက မိုဟွမ်မှာ ဤကောင်လေးကို ချီးကျူးထောပနာစကား ဆိုမိပေလိမ့်မည်။ တကယ်တော့ ဧကရာဇ်ပထမအဆင့်ကျင့်ကြံခြင်းလေးဖြင့် နဂါးကျွန်းထဲသို့ ဖောက်ဝင်လာရဲသည့်လူ မည်သူများ ရှိလို့ပါနည်း။ ထို့အပြင် ရန်ကိုင်သည် နဂါးကျွန်းထဲသို့ ဝင်လာရုံတင်မဟုတ် နဂါးကျွန်းတစ်ခုလုံးကိုပါ ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် ပြဿနာရှာခဲ့ပေသေးသည်။
ကျုယန်ကမူ အတူတကွရပ်နေကြသည့် ရန်ကိုင်နှင့် ကျုချင်းကို လှမ်းကြည့်ရင်းမှ ပြောလိုက်လေသည်။ “မင်းတို့နှစ်ယောက်စလုံး ငါနဲ့လိုက်ခဲ့…”
ရန်ကိုင်နှင့်ကျုချင်းကိုသာ ဤနေရာတွင် ထားခဲ့လိုက်မည်ဆိုပါက ရန်ကိုင် ကျုချင်းအား ခိုးပြေးသွားလိမ့်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ကျုရန်မှာ ရန်ကိုင်တို့နှစ်ဦးကို ဤနေရာတွင် မထားခဲ့နိုင်ပေ။ ယနေ့တွင် နဂါးကလန်မှာ အတော်လေးကိုမှ ပြဿနာတက်ခဲ့ရပြီးလေပြီ။ ရန်ကိုင်သည်သာ ကျုချင်းကို အောင်အောင်မြင်မြင်နှင့် ခိုးပြေးသွားနိုင်မည်ဆိုပါက နဂါးကလန်အတွက် ကုန်းကောက်စရာသိက္ခာ ကျန်တော့လိမ့်မည်မဟုတ်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၇၄)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်သည် မှုန်ကုပ်ကုပ် အမူအရာဖြင့် ကျုယန်အား စိုက်ကြည့်ရင်းမှ ပြန်မေးလိုက်သည်။ "ကျုပ် မရွေးဘူးဆိုရင်ရော"
ယခု သူ့တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိတော့သည်။ တစ်ခုမှာ ကျုယန် ပြောသည့်အတိုင်း သူ့အနောက်သို့ လိုက်သွားရန်ပင်။ သို့သော်ငြား ထိုသို့သာ လုပ်လိုက်မည်ဆိုပါက သူ့အနေဖြင့် တစ်ဖက်လူ၏ စောင့်ကြည့်မှုအောက်သို့ အချိန်ပြည့် ရောက်သွားရပေလိမ့်မည်။ ဒုတိယတစ်ခုမှာတော့ ကျုယန်နှင့် တိုက်ခိုက်ကာ ကိစ္စတစ်ခုလုံးကို တစ်ခါတည်း ဖြေရှင်းရန်ပင်။
သို့ပင်ဖြစ်လင့်ကစား သူ့ခွန်အားဖြင့် ကျုယန်ကို နိုင်လိမ့်မည်ဟု ရန်ကိုင် မထင်ချေ။ ထို့အပြင် ကျုယန်သည် ဒုတိယအကြီးအကဲထက်ပင်လျှင် အဆင့်တစ်ဆင့် ပိုမြင့်သည့် ပထမအကြီးအကဲ မဟုတ်လေလော။
ကျုယန်မှာ နဂါးကလန်၏ ပထမအကြီးအကဲတစ်ဦး ဖြစ်သည့်အလျောက် ရန်ကိုင်မှ သူ့တွင်ရှိသော ဝှက်ဖဲအကုန်အစင်ကို ထုတ်သုံးမည်ဆိုလျှင်ပင် ကျုယန်၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်။
ကျုယန်က ဖြည်းဖြည်းချင်း ခေါင်းခါလျက်... "မင်း သဘောတူရလိမ့်မယ်၊ ငါက မင်းရဲ့ စီနီယာပဲ၊ ဒါကြောင့် ငါ မင်းကို အနိုင်မကျင့်ချင်လို့ အခုလိုမျိုး ပြောနေတာ"
ရန်ကိုင်မှာ ထိုစကားကိုကြားသော် ရင်ထဲ ခါးသက်သက် ဖြစ်သွားခဲ့ရလေသည်။ ထိုသို့ပင် ဖြစ်လင့်ကစား လီကျောက်ကို ဖုကျွင်းမှ ခေါ်သွားမည် ဖြစ်သည့်အတွက်ကြောင့် မိတ်ဆွေတစ်ဦး ဖြစ်သည့်အလျောက် ရန်ကိုင်သည် လီကျောက်အား ဤအတိုင်း မထားခဲ့သင့်ပေ။
"ကောင်လေး လိုက်သွားလိုက်၊ မိုဟွမ် မင်းကို စောင့်ရှောက်ပေးလိမ့်မယ်"
ထိုစကားကို ကြားသော် မိုဟွမ်၏ နှုတ်ခမ်း မဲ့သွားခဲ့လေသည်။
ဖုရွှမ်းမှ ဤကဲ့သို့ ပြောလာသည့်အတွက်ကြောင့် ရန်ကိုင်လည်း သဘောတူရန်သာ ဆုံးဖြတ်လိုက်လေသည်။ ဖုရွှမ်းဘက်သို့ လှည့်၍ ချက်ချင်းပင် ကျေးဇူးတင်စကား ပြောလိုက်လေ၏။ "ကျေးဇူးအများကြီး တင်ပါတယ် တတိယအကြီးအကဲ၊ ဒါဆို ကျုပ်တို့ တစ်ချက် သွားကြည့်လိုက်ပါမယ်"
ဖုရွှမ်းက ပြန်၍သာ ပြုံးပြလိုက်လေသည်။ ထို့နောက်တွင် ကျုယန်သည် မိုဟွမ်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ "မင်း အခု သူတို့ကို တားသင့်ပြီလို့ မထင်ဘူးလား"
မိုဟွမ်လည်း ဘာမျှ ပြောမနေတော့ဘဲ သူ့လက်ကို ဟင်းလင်းပြင်ထဲသို့ ဆန့်ထုတ်လိုက်ရာ ဟင်းလင်းပြင်ထက် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာခဲ့လေသည်။ ထို့နောက် တစ်ခုခု ပျက်စီးသွားသံနှင့်အတူ လူနှစ်ဦး လေထဲ ဗြုန်းစားကြီး ပေါ်လာခဲ့လေ၏။ ထိုနှစ်ဦးမှာ လီဝူရီနှင့် ကျုခုန်မှလွဲ၍ အခြားမဟုတ်ကြချေ။ နှစ်ဦးစလုံးမှာတော့ အဆင်ပြေပြေ ရှိနေကြသည့်ပုံပင်။ ထိုနှစ်ဦး မည်ကဲ့သို့ တိုက်ခိုက်လိုက်ကြသလဲဆိုသည်မှာ သေချာ မသိရသေးပါသော်ငြား သူတို့ပုံစံကို ကြည့်ရသလောက် မည်သူနိုင်သလဲ မည်သူရှုံးသလဲ ဆိုသည်ကိုတော့ ပြောရခက်လှသည်။
ဟင်းလင်းပြင်ထဲမှ ပြန်ထွက်လာပြီးသည့်နောက်တွင် လီဝူရီနှင့် ကျုခုန်သည် ချက်ချင်း လူချင်း ခွဲလိုက်ကြပြီး မိုဟွမ်နှင့် ကျုယန်တို့အား မယုံသင်္ကာ အမူအရာများဖြင့် လှမ်း၍ ကြည့်လိုက်ကြလေသည်။
"သွားရင်းနဲ့မှ ပြောပြမယ်" ထိုသို့ ပြောပြီးသည့်နောက် ကျုယန်သည် လေပေါ်သို့ ခုန်တက်၍ ဒုတိယအကြီးအကဲ ပျံသန်းသွားရာဘက်ဆီသို့ ပြေးလိုက်သွားလေ၏။ ကျုခုန်သည်လည်း မျက်မှောင်ကြုတ်ရင်းမှ ကျုယန်အနောက်သို့ လိုက်သွားခဲ့လေသည်။
"သွားကြရအောင်" မိုဟွမ်က ပြောလိုက်သည်။
ထိုသို့ဖြင့် ရန်ကိုင်တို့ အားလုံးသည် တစ်ခုသော ကျွန်းဆီသို့ ပျံသန်းသွားကုန်ကြလေသည်။ သွားရင်းနှင့်မှ သူတို့ မရှိစဉ် အတောအတွင်း ဘာတွေ ဖြစ်သွားခဲ့သလဲဆိုသည့် အကြောင်းကို ကျုခုန်နှင့် လီဝူရီတို့ သိသွားခဲ့ကြရသည်။ နဂါးတစ်ကောင် သေသွားကြောင်း၊ ထိုကိစ္စတွင် ကောင်းကင်ဝါးမြိုခြင်းမဟာဧကရာဇ်ပင် ပါဝင်ပက်သက်နေကြောင်း ကြားလိုက်ရသော် ကျုခုန် မျက်မှောင်ကြုတ်သွားတော့၏။
လီဝူရီမှာလည်း ကျိုဖုန်း ပြောပြသည်ကို ကြားပြီးသည့်နောက် အလားတူ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။
မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝလှသော ကျွန်းတစ်ကျွန်းပေါ်၌ တိုက်ပွဲဖြစ်ထားသည့် အရိပ်အယောင်များ ကျန်ရှိနေခဲ့လေသည်။ သို့သော်ငြား ထိုသဲလွန်စများမှာ လီကျောက်နှင့် ဖုချီတို့ တိုက်ခိုက်ရာမှ ကျန်ရစ်ခဲ့သည့် သဲလွန်စများသာ ဖြစ်ကြသည်။
လက်ရှိအချိန်တွင် နဂါးကလန်သားများမှာ ထိုနေရာတစ်ခုလုံးကို သေသေချာချာ စစ်ဆေးပြီးသွားခဲ့လေပြီ။ လက်ရှိအချိန်တွင် လီကျောက်မှာ သူ့အား နဂါးပေါင်းများစွာမှ ဝန်းရံထားသည့်အတွက်ကြောင့် သူ့ခမျာ အနည်းငယ် ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်နေရသည်။
"ဘာတွေ ရှာတွေ့လဲ" ကျုယန်သည် ဖုကျွင်းဆီသို့ ပျံသန်းသွားရင်းမှ မေးလိုက်သည်။
"ဖုချီ ဒီနေရာမှာ တကယ် သေသွားတာ"
"ဝူခွမ်းရော"
"သူ့ကိုတော့ မတွေ့ဘူး"
ကျုယန် ခေါင်းငြိမ့်လိုက်လေသည်။ နဂါးတစ်ကောင်ကို သတ်ပြီးသည့်နောက်တွင် ဝူခွမ်း ဤနေရာတွင် ဆက်နေစရာ အကြောင်းအရင်း မရှိပေ။
"သူ့ကို ရှာရမယ်" ကျုယန်က နှာခေါင်းရှုံ့လိုက်လေသည်။ လက်ရှိအချိန်တွင်တော့ ကျုယန်မှာ အမှန်တကယ်ကို ဒေါသထွက်နေလေပြီ။ ရန်ကိုင်မှ သတို့သမီးကို လုရန် ကြိုးစားစဉ်က ကျုယန် အမှန်တကယ်ကို ဒေါသထွက်ခြင်း မရှိခဲ့။ မိုဟွမ် နဂါးသင်္ချိုင်းထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ဖုရွှမ်းအား ခေါ်ထုတ်သွားသည့် အချိန်တွင်ပင် ကျုယန်မှာ ဒေါသထွက်ခဲ့ခြင်း မရှိပေ။ သို့သော်ငြား ဝူခွမ်း၏ လုပ်ရပ်မှာတော့ လုံးဝကို စည်းကျော်သွားပြီဟု ပြော၍ရပေသည်။
နဂါးတစ်ကောင်ကို သတ်သွားသည့်လူအား မည်သည့်နည်းနှင့်မျှ လွှတ်မပေးနိုင်ပေ။
ဖုကျွင်းလည်း ခေါင်းငြိမ့်လိုက်ပြီးသည့်နောက် လက်ကွက်များကို ထုတ်ဖော်၍ နဂါးဘာသာစကားဖြင့် မန္တန်တစ်ခုကို စတင် ရွတ်ဆိုတော့လေသည်။ လက်ရှိအချိန်တွင် ဖုကျွင်းမှာ နဂါးကလန်၏ လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်သုံးကာ ဝူခွမ်း မည်သည့်နေရာတွင် ရှိနေနိုင်သလဲဆိုသည်ကို ရှာကြည့်ရန် ကြိုးစားနေခြင်း ဖြစ်လေသည်။
ဖုချီ သေသွားသည်မှာ မကြာသေးပေ။ ထိုအတွက်ကြောင့် ဝူခွမ်းအနေဖြင့် အလွန်ကိုမှ အားကောင်းနေမည်ဆိုလျှင်ပင် အချိန်တိုလေးအတွင်း နဂါးကျွန်းမှ ထွက်သွားနိုင်လိမ့်မည် မဟုတ်ချေ။ တစ်နည်းဆိုရသော် ဝူခွမ်းသည် နဂါးကျွန်းပေါ်ရှိ တစ်နေရာရာတွင် ရှိနေလိမ့်မည် ဖြစ်ကာ ပုန်းကွယ်နေခြင်းသာ ဖြစ်ရပေလိမ့်မည်။
ဖုကျွင်းမှာ သူမ၏ လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်သုံး၍ လိုက်လံ ရှာဖွေနေစဉ် မိုဟွမ်မှာလည်း ငြိမ်မနေခဲ့ပေ။
နဂါးကလန်နှင့် သူ့အကြားတွင် ရန်ငြိုးရန်စ ရှိသည့်အလျောက် မိုဟွမ်မှာ နဂါးကလန်တစ်ခုလုံး သေသွားမည်ဆိုလျှင်ပင် ဝမ်းသာနေမည့် လူတစ်ဦး ဖြစ်ပေသည်။ သို့သော်ငြား လက်ရှိကိစ္စတွင် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ပင် ပါဝင်နေသည့်အတွက်ကြောင့် သူ့အနေဖြင့် ဘာမျှ မလုပ်ဘဲ နေ၍မရတော့ပေ။
ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည်သာ ဤနေရာမှ လွတ်မြောက်သွားမည်ဆိုပါက ကြယ်တာရာ အစုအဝေးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ရပေလိမ့်မည်။ စိတ်ဝိညာဉ်သားရဲကျွန်းအနေဖြင့် ထိုအန္တရာယ်များမှ ကင်းလွတ်နိုင်လိမ့်မည် ဖြစ်ပါသော်ငြား ကြယ်တာရာ အစုအဝေးတစ်ခုလုံး ပြဿနာတက်သွားရရာတွင် မိုဟွမ်၏ အပြစ် ကင်းလိမ့်မည် မဟုတ်ချေ။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းကြောင်းကို မဟာဧကရာဇ်များထက် မည်သူမျှ ပိုမသိကြချေ။
ထိုအခိုက်အတန့်တွင် နှင်းဖြူရောင် သားရဲလေးတစ်ကောင်သည် မိုဟွမ်၏ အင်္ကျီလက်ထဲမှ ထွက်လာခဲ့လေသည်။ ထိုသားရဲပေါက်လေးမှာ မြေခွေးတစ်ကောင်နှင့် ဆင်ပါသော်ငြား မြေခွေးတစ်ကောင်တော့ မဟုတ်ပေ။ ၎င်း၏ အရွယ်အစားမှာ လက်တစ်ဝါးစာလောက်သာ ရှိပြီး အမွေးအမျှင်များ အားလုံးမှာတော့ နှင်းဖြူရောင် တောက်နေခဲ့လေသည်။ မိုဟွမ်၏ အင်္ကျီလက်စထဲမှ ထွက်လာပြီးသည့်နောက်တွင် ထိုသားရဲပေါက်လေးသည် မြေပြင်ပေါ်သို့ ဆင်းကာ နှာခေါင်း တရှုံ့ရှုံ့နှင့် အနံ့ လိုက်ခံတော့လေသည်။
ကျုယန်မှာ ထိုသားရဲပေါက်လေးအား သွားတားခြင်း မရှိဘဲ မိုဟွမ်ဘက်သို့ လှည့်၍သာ မေးလိုက်လေသည်။ "ရောင်းရင်းမို၊ ဝူခွမ်းကလေ သူ အခုလို လုပ်လိုက်မယ်ဆိုရင် သူ ရှိနေမှန်း ငါတို့တွေ သိသွားမှာကို သိလျက်နဲ့တောင် ဘာဖြစ်လို့ အခုလို လုပ်ခဲ့တယ်လို့ မင်း ထင်လဲ"
အစောပိုင်းက ကျုယန်နှင့် မိုဟွမ်တို့မှာ တစ်ဦးနှင့်တစ်ဦး ကမ္ဘာမကျေ ရန်သူများသဖွယ် တိုက်ခိုက်နေခဲ့ကြပါသော်ငြား လက်ရှိအချိန်တွင်တော့ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာကြသည့် မိတ်ဆွေရင်းများသဖွယ် ဖြစ်နေကြပြန်သည်။
မိုဟွမ်က မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။ "ကျုပ်က ဝူခွမ်းမှ မဟုတ်တာ ဘယ်လိုလုပ်ပြီး သိမှာလဲ၊ ပထမအကြီးအကဲ ခင်ဗျား လူမှားပြီး လာမေးနေတယ်လို့ မထင်ဘူးလား"
တကယ့်တကယ်ဆိုလျှင်တော့ မိုဟွမ်သည်လည်း ဝူခွမ်း ဘာကြောင့် ဤကဲ့သို့ လုပ်နေရသလဲ ဆိုသည်ကို နားမလည်နိုင်ပေ။ ဝူခွမ်းသည် ကြယ်တာရာ အစုအဝေးထဲ နာမည်ဆိုးနှင့် ကျော်ကြားသူတစ်ဦး ဖြစ်သည်။ သူ့အနေဖြင့် ယခုအချိန်ထိတိုင် အသက်ရှင်နေနိုင်ပြီး တွမ့်ဟုန်ချန်၏ ခန္ဓာကိုယ်ကိုပင်လျှင် ထိန်းချုပ်ထားနိုင်လေရာ ရှင်းရှင်းပြောရလျှင် သူ့အနေဖြင့် ချက်ချင်း သွားပုန်းနေသင့်ပေလေသည်။ သူ ကျင့်ကြံထားသော ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသအရ သူ့အနေဖြင့် အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ဖို့ရာ နှစ်ရာဂဏန်းလောက်သာ အချိန်ယူရပေလိမ့်မည်။ ဝူခွမ်းသည်သာ နှစ်ရာဂဏန်းလောက် ပုန်းအောင်းပြီး တိတ်တဆိတ် ကျင့်ကြံနေမည်ဆိုပါက ကြယ်တာရာ အစုအဝေး၏ အားအကောင်းဆုံးလူတစ်ဦး ပြန်ဖြစ်လာနိုင်ပေလိမ့်မည်။ နောက်ထပ် မဟာဧကရာဇ်များ အကြား စစ်ပွဲတစ်ပွဲကိုသာ ထပ်မံ၍ မဖော်ဆောင်ခဲ့ပါလျှင် မည်သူမျှ ဝူခွမ်းအား တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ကျုယန်သည် ခေါင်းတညိတ်ညိတ်နှင့် တိတ်ဆိတ်သွားခဲ့လေသည်။ သူတို့နှစ်ဦး စကားပြောနေကြစဉ် ရန်ကိုင်နှင့် အခြားသူများ ထိုနေရာဆီသို့ ရောက်လာကြသည်။ ရန်ကိုင်ကို မြင်လိုက်သော် နဂါးကလန်သား အားလုံး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လာခဲ့ကြလေသည်၊ အထူးသဖြင့် အစောပိုင်းက ရန်ကိုင်နှင့် တိုက်ခိုက်ခဲ့ကြသည့် နဂါးများပင်။
နဂါးခုနှစ်ကောင်သည် အတူတကွ ပူးပေါင်း၍ လူတစ်ဦးအား ဝိုင်းအုံ တိုက်ခိုက်ခဲ့လေသည်။ ထိုကဲ့သို့သော တိုက်ပွဲမျိုးကို သူတို့အနေဖြင့် လွယ်လင့်တကူ အနိုင်ယူသင့်ပေသည်။ သို့သော်ငြား ထင်ထားသလို ဖြစ်မလာခဲ့ဘဲ သူတို့သည်သာ ရန်ကိုင်၏ အနိုင်ယူခြင်း ခံခဲ့ရပြီး အရှက်တကွဲ အကျိုးနည်း အဖြစ်နှင့် ကြုံခဲ့ရလေသည်။ ယခု ရန်ကိုင်အား ပြန်တွေ့လိုက်သည့်အခါတွင် ထိုနဂါးများ ရန်ကိုင်အပေါ် ရန်လိုနေသည်မှာ အဆန်းတော့ မဟုတ်ပေ။
ရန်ကိုင်သည်လည်း ထိုနဂါးများကို ကိုယ့်အဆင့်ကိုယ်သိဟု ပြောနေသည့် အကြည့်မျိုးဖြင့် ပြန်စိုက်ကြည့်လိုက်လေသည်။ အချိန်အတန်ကြာအောင် တစ်ဦးကိုတစ်ဦး မမှိတ်မသုန် ကြည့်နေပြီးသည့်နောက်တွင် နဂါးကလန်သားများ အကြည့် လွှဲဖယ်သွားခဲ့ကြလေသည်။
ရန်ကိုင်သည် အောင်နိုင်သူတစ်ဦး၏ အပြုံးကို ဆင်မြန်းရင်းမှ အခြားသော နဂါးကလန်သားများအား လှမ်းကြည့်လိုက်ရာ ဖုရွှမ်းမှာ သူ့အား ပြုံး၍ လှမ်းကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ဖုရွှမ်း၏ အကြည့်ကို မြင်သော် ရန်ကိုင် ရှက်သွားခဲ့ပြီး ချောင်းဟန့်၍ ပြောလိုက်လေ၏။ "ကြည့်ရတာ ဝူခွမ်းက သူ့ခွန်အားကို မြန်မြန် တိုးတက်အောင် လုပ်ချင်နေတယ်နဲ့ တူတယ်"
"ဒါပေါ့ သူ့ခွန်အားကို မြန်မြန် တိုးတက်အောင် လုပ်ချင်မှာပေါ့" ကျုယန်က ခေါင်းငြိမ့်လိုက်လေသည်။ ယခင်က ဝူခွမ်းသည် ကြယ်တာရာ အစုအဝေးတစ်ခုလုံး၏ အားအကောင်းဆုံး ပညာရှင်တစ်ဦး ဖြစ်ခဲ့ကာ မည်သူ့ကိုမျှ လူမထင်ခဲ့သည့် လူတစ်ဦးလည်း ဖြစ်ပေသည်။ ထိုစဉ်က သူ့စွမ်းအားသည် အခြားသော မဟာဧကရာဇ် အားလုံးကို ဖိနှိပ်နိုင်သည့် အဆင့်အထိသို့ ရောက်ခဲ့သည်။ ယခု သူ၏ ကျင့်ကြံခြင်းမှာ ဤမျှ နိမ့်ကျသည့်အဆင့်သို့ ထိုးကျသွားခဲ့လေရာ ဝူခွမ်းအနေဖြင့် သူ့ယခင် ရောက်ရှိခဲ့သော အဆင့်သို့ အလျင်အမြန် ပြန်ရောက်ချင်သည်မှာ အဆန်းတော့ မဟုတ်ပေ။
ရန်ကိုင်က ပြောလိုက်လေ၏။ "ဝူခွမ်း ကြယ်ပျက်ပင်လယ်ထဲကနေ စီနီယာတွမ့်နဲ့ ထွက်သွားတုန်းက သူ့ကျင့်ကြံခြင်းက ဧကရာဇ် ပထမအဆင့်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့တဲ့အချိန် ဧကရာဇ် ဒုတိယအဆင့်ကို ရောက်နေပြီ၊ ပြီးတော့ တစ်လအတွင်းမှာပဲ ဧကရာဇ် တတိယအဆင့်ကို ထပ်ရောက်သွားတယ်၊ သူ ကျင့်ကြံခြင်း တိုးတက်နေတဲ့နှုန်းက အရမ်း မြန်လွန်းတယ်၊ အခုတစ်ကြိမ် သူ ဘယ်သူဆိုတာ ပေါက်ကြားသွားမလဲ သိတာကိုတောင် နဂါးတစ်ကောင်ကို သတ်ပစ်လိုက်တယ်ဆိုတော့ ကြည့်ရတာ နဂါးကျွန်းပေါ်မှာ သူ့ခွန်အားကို အကြီးအကျယ် တိုးတက်အောင် လုပ်ပေးနိုင်မဲ့ အရာတစ်ခုခု ရှိနေတယ်နဲ့ တူတယ်၊ ဖြစ်နိုင်တာက ဖုချီရဲ့ နဂါးအမြုတေများ ဖြစ်နေမလား မသိဘူး"
နဂါးအမြုတေထဲတွင် မြောက်များလှစွာသော စွမ်းအားများ ကိန်းအောင်းနေခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဝူခွမ်းမှာ နဂါးအမြုတေကို စိတ်ဝင်စားခြင်း ဖြစ်လောက်သည်။ သို့သော်ငြား ရန်ကိုင်မှ နဂါးအမြုတေအကြောင်းကို ပြောလာသည့်အခိုက် ကျုယန်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် ထအော်လေသည်။ "နဂါးသင်္ချိုင်း"
မိုဟွမ်၏ အမူအရာမှာလည်း သုန်မှုန်သွားခဲ့လေ၏။ "ဒီကောင် ငါတို့ကို တမင်သက်သက် မျှားခေါ်လိုက်တာ"
ဝူခွမ်း၏ ပစ်မှတ်သည်သာ နဂါးသင်္ချိုင်းဖြစ်မည်ဆိုပါက သူ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ယုတ္တိရှိသွားသည်ဟု ပြော၍ရပေသည်။ နဂါးသင်္ချိုင်းသည် သေဆုံးသွားသော နဂါးကလန်သားများ၏ အမြုတေစွမ်းအားများ ကိန်းအောင်းနေရာ နေရာ ဖြစ်ပေသည်။ နဂါးသင်္ချိုင်းတွင် ရှိနေသည့် နဂါးအမြုတေ စွမ်းအားအားလုံးကို ဝါးမျိုပစ်နိုင်မည်ဆိုပါက သူ၏ ကျင့်ကြံခြင်းသည် သိသိသာသာကို တိုးတက်လာရပေလိမ့်မည်။ ဝူခွမ်းသည် မဟာဧကရာဇ်တစ်ပါး၏ အုတ်မြစ်ကို ပိုင်ဆိုင်ထားပြီးလေပြီ။ ထို့အပြင် တွမ့်ဟုန်ချန်၏ ခန္ဓာကိုယ်ကိုလည်း အပိုင်စီးထားလေသေး၏။ ထိုအကြောင်းကြောင့် သူ၏ ကျင့်ကြံခြင်းတွင် မည်သည့်အဆင့်တစ်ဆို့သည့် အတားအဆီးမှ ရှိမနေပေ။
ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ၏ ဝိသေသလက္ခဏာများအရ ဝူခွမ်းတွင်သာ လုံလောက်သည့် အရင်းအမြစ်များ ရှိနေမည်ဆိုလျှင် သူ့စွမ်းအားကို မယုံကြည်နိုင်စရာ အဆင့်တစ်ခုထိသို့ အလွယ်တကူ မြှင့်တင်နိုင်ပေလိမ့်မည်။ နဂါးသင်္ချိုင်းသည် ဝူခွမ်းအား မဟာဧကရာဇ်တစ်ပါး ပြန်ဖြစ်စေနိုင်လောက်သည်အထိ များပြားလှသော စွမ်းအားများကို မပေးစွမ်းနိုင်ပါသော်ငြား နဂါးသင်္ချိုင်းထဲရှိ အမြုတေအားလုံးကိုသာ ဝါးမျိုပစ်ပြီးသွားမည်ဆိုလျှင်တော့ ဝူခွမ်းသည် ဧကရာဇ် တတိယအဆင့် ပညာရှင်တစ်ဦးအထက် အများကြီး ပိုမို အားကောင်းလာပေလိမ့်မည်။
နဂါးတစ်ကောင်၏ အမြုတေထဲတွင် အလွန်တရာကိုမှ များပြားလှသော စွမ်းအားများ ကိန်းအောင်းနေလေသည်။ ဝူခွမ်း၏ ပစ်မှတ်သာ နဂါးသင်္ချိုင်း ဖြစ်မည်ဆိုလျှင်တော့ နဂါးကလန်တော့ ပြဿနာ အကြီးကြီး တက်ပြီဟု ပြော၍ရသည်။
သူ ရှိနေကြောင်း ပေါက်ကြားသွားမည်မှန်း သိသည့်တိုင် ဖုချီအား သတ်ပစ်ခဲ့ရခြင်းမှာ ကျုယန်၊ ဖုကျွင်းနှင့် မိုဟွမ်တို့ကို နဂါးသင်္ချိုင်းမှ မျှားခေါ်လိုသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ တကယ်တော့ အစောပိုင်းက ထိုပညာရှင်သုံးဦးသည် နဂါးသင်္ချိုင်းအရှေ့တွင် ရှိနေကြသည် မဟုတ်ပေလော။ ဝူခွမ်းမှာ အရူးမဟုတ်လေရာ ထိုလူများအရှေ့ လူလုံးထွက်ပြလိမ့်မည် မဟုတ်ချေ။ ယခုဆိုလျှင်တော့ သူ့အစီအစဉ်မှာ အမှန်တကယ်ကို အလုပ်ဖြစ်သွားသည်ဟု ပြော၍ရသည်။
ထိုအခိုက်အတန့်မှာပင် လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးနေသော ဖုကျွင်းသည် ရုတ်တရက် ရပ်လိုက်ပြီး နဂါးသင်္ချိုင်း ရှိရာဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ တစ်ချိန်တည်း၌ မိုဟွမ်၏ အင်္ကျီလက်စထဲမှ သားရဲလေးသည်လည်း နဂါးသင်္ချိုင်း ရှိရာဆီသို့ လှမ်း၍ ကြည့်လိုက်သည်။
ထိုအချင်းအရာကို မြင်လိုက်သော် အကုန်လုံးသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ နဂါးသင်္ချိုင်း ရှိရာဆီသို့ တဟုန်ထိုး ပြေးထွက်သွားကုန်ကြလေ၏။
နဂါးသင်္ချိုင်းသည် သူတို့ လက်ရှိနေရာဆီမှ အလွန် ဝေးကွာသည့် နေရာတွင် ရှိနေလေသည်။ ထို့အတွက်ကြောင့် အရှိန်ကုန်တင်၍ ပျံသန်းနေသည့်တိုင် နဂါးသင်္ချိုင်းဆီသို့ ရောက်ရန် တစ်နာရီခန့် အချိန်ယူရပေလိမ့်မည်။
ရန်ကိုင်မှာ တည်ငြိမ်နေသည့် ပုံပေါက်ပါသော်ငြား သူ့စိတ်ထဲတွင်တော့ တွမ့်ဟုန်ချန်နှင့် ပတ်သက်၍ အဓိက စိတ်ပူနေမိလေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် နေမင်းပြာ ကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်နေပြီဖြစ်သလို တွမ့်ဟုန်ချန်သည်လည်း နေမင်းပြာ ကျောင်းတော်နှင့် အတော်လေးကိုမှ ရင်းနှီးပေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်သည် တွမ့်ဟုန်ချန်နှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေသည်ဟု ပြော၍ရသည်။
ထို့အပြင် တွမ့်ဟုန်ချန်သည် သူ့အား ယခင်က ကူညီပေးခဲ့ဖူးပေသည်။ အထူးသဖြင့် တွမ့်ဟုန်ချန်မှာ သူ့ကိုယ်သူ စတေး၍ ဝူခွမ်း ပြန်လည် အသက်ရှင်လာမည့် အစီအစဉ်ကို တားဆီးခဲ့သည့်အပေါ် ရန်ကိုင်မှာ မလေးစားဘဲ မနေနိုင်အောင်ကို ဖြစ်ခဲ့ရသည်။
ထိုအကြောင်းအရာများကြောင့် ရန်ကိုင်မှာ တွမ့်ဟုန်ချန် ဘာမျှ မဖြစ်ပါစေနှင့်ဟုသာ ဆုတောင်းနေရတော့လေသည်။ သို့သော်ငြား လက်ရှိ အခြေအနေကို ကြည့်ရသလောက် တွမ့်ဟုန်ချန်မှာ ဝူခွမ်း၏ ဖိနှိပ်ခြင်း ခံထားရသည့်ပုံပင်။ သူ့ခန္ဓာကိုယ်ကိုပင်လျှင် သူ မထိန်းချုပ်နိုင်သည်ကို ကြည့်လျှင် သိနိုင်ပေသည်။
ဝူခွမ်းသည် သူ့ခွန်အား အပြည့်အဝကို ပြန်မရသေးသည့်တိုင် ထိုကဲ့သို့ လုပ်နိုင်သေးလေသည်။ သူသည်သာ ပို၍ အားကောင်းလာမည်ဆိုပါက တွမ့်ဟုန်ချန်ပင် ကံဆိုးမိုးမှောင် ကျသွားနိုင်ပေသည်။ ဝူခွမ်း ပြောသကဲ့သို့ပင် လောကမဟာဧကရာဇ်ပင်လျှင် ဝူခွမ်း၏ ဝါးမျိုခြင်း ခံရနိုင်ပေသည်။
မဟာဧကရာဇ်တစ်ပါး၏ ကျဆုံးမှုသည် ကြယ်တာရာ အစုအဝေးအတွက်တော့ အဖိုးမဖြတ်နိုင်သည့် ဆုံးရှုံးမှုတစ်ခု ဖြစ်ပေသည်။
တစ်ခဏအကြာတွင် အားလုံး၏ မြင်ကွင်းထဲ နဂါးသင်္ချိုင်း ပေါ်လာခဲ့လေသည်။ နဂါးသင်္ချိုင်းမှာ ပြင်ပလောကကြီးနှင့် ကွဲကွာနေသည့် နေရာတစ်ခုပမာ မှုန်ရီဖျိုးဖျဖျ ဖြစ်နေခဲ့လေသည်။
ကျုယန်နှင့် အခြားသူများမှာမူ နဂါးသင်္ချိုင်း အရှေ့ရှိ တစ်ခုသော နေရာကို စိုက်ကြည့်ရင်းမှ မျက်မှောင်ကြုတ်နေခဲ့ကြလေသည်။
"ဝူခွမ်း" ထိုနေရာတွင် ရပ်နေသည့် လူတစ်ဦး ရှိနေခဲ့လေသည်။ လက်ရှိအချိန်တွင် လေမတိုက်နေပါသော်ငြား ထိုလူ၏ ဝတ်ရုံများမှာ သူ့အလိုလို တဖျတ်ဖျတ် လွင့်ခါနေခဲ့လေသည်။ လက်ရှိအချိန်တွင် ထိုလူသည် ယဲ့ယဲ့လေး ပြုံးရင်းမှ နဂါးသင်္ချိုင်းဆီသို့ ပျံသန်းလာနေသော လူအုပ်ကြီးကို ပြုံးကာ ကြည့်နေလေ၏။
ထိုလူသည် ဝူခွမ်းမှလွဲ၍ အခြားမဟုတ်ပေ။
နဂါးကလန်သား အားလုံးမှာ မျက်လုံးအပြူးသားဖြင့် ဝူခွမ်းအား စိုက်ကြည့်နေကြလေသည်။ ဝူခွမ်း ကြယ်တာရာ အစုအဝေးထဲမှ ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီ ဖြစ်ပါသော်ငြား လူတိုင်းမှာတော့ သူ့နာမည်ကို ကြားလိုက်ရတိုင်း ကြောက်ရွံ့တုန်လှုပ်သွားရစမြဲ။ ဝူခွမ်းနှင့် ပတ်သက်သည့် ကောလာဟလများမှာ အလွန်ကိုမှ ခြောက်ခြားဖွယ်ရာ ကောင်းလှလေရာ နဂါးကလန်သားများမှာ ဝူခွမ်းသည် ခေါင်းသုံးလုံး လက်ခြောက်ဖက်ကိုများ ပိုင်ဆိုင်ထားလေသလားဟုပင် တွေးမိကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၇၅)
ဘာသာပြန်သူ_တိမ်တိုက်
သို့သော်ငြား လက်ရှိ သူတို့အရှေ့တွင် ရှိနေသည့် ဝူခွမ်းမှာတော့ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိမနေခဲ့သလို သူ့ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာလည်း ထိုမျှ အားကောင်းခြင်း မရှိပေ။ ဝူခွမ်း မည်သူမှန်းသာ ကြိုမသိခဲ့ပါက လက်ရှိ သူတို့အရှေ့တွင် ရှိနေသည့်လူသည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် ဖြစ်လိမ့်မည်ဟုပင် မည်သူမျှ တွေးမိကြလိမ့်မည် မဟုတ်ချေ။
လက်ရှိ သူတို့အရှေ့ရှိ ဝူခွမ်းသည် ထူးခြားမှု မရှိရုံမက သူ့ပုံရိပ်မှာလည်း ပုံရိပ်ယောင်တစ်ခု ဖြစ်နေသည့်အလား အနည်းငယ် ဝိုးတိုးဝါးတား ဖြစ်နေခဲ့လေသည်။
ကျုယန်သည် မှုန်ကုပ်ကုပ် အမူအရာဖြင့် ရုတ်တရက် ကောက်ရပ်လိုက်သည်။
"ငါလခွမ်း ပုံရိပ်ယောင် ဝိညာဉ်အရိပ်ကြီးဟ" မိုဟွမ်က မှုန်ကုပ်ကုပ် အမူအရာဖြင့် အော်ပြောလိုက်သည်။
လက်ရှိ သူတို့အရှေ့တွင် ရှိနေသည့်လူမှာ ဝူခွမ်း ဖြစ်ပါသော်ငြား ဝူခွမ်း၏ တကယ့်ခန္ဓာကိုယ်တော့ မဟုတ်ပေ။ သူတို့အရှေ့တွင် ရှိနေသည့်အရာမှာ ဝူခွမ်းမှ လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံး၍ ဖန်တီးထားသည့် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်လေသည်။ ထိုပုံရိပ်ယောင်သည် ဝူခွမ်း၏ အရှိန်အဝါကိုသာမက ပုံပန်းသွင်ပြင်ကိုပါ ပိုင်ဆိုင်ထားလေ၏။
"ငါတို့ အရူးလုပ်ခံလိုက်ရပြီ" ဖုကျွင်းက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
သူမ ဝူခွမ်းအား ခြေရာခံရန်အတွက် ထုတ်သုံးသွားသည့် လျှို့ဝှက်နည်းစနစ်ဖြစ်စေ မိုဟွမ်၏ သားရဲပေါက်လေးဖြစ်စေ နှစ်ခုစလုံးသည် နဂါးသင်္ချိုင်းဆီသို့သာ ညွှန်ပြနေကြသည်။ ရန်ကိုင် ပြောသွားသည့် စကားနှင့်ပါ ထပ်ပေါင်းလိုက်သော် ဝူခွမ်း နဂါးကျွန်းဆီသို့ လာရခြင်းမှာ နဂါးသင်္ချိုင်းထဲတွင် ရှိနေသော နဂါးအမြုတေများကို ဝါးမျိုရန်ဖြစ်သည်ဟု အကုန်လုံး ထင်သွားကြလေသည်။
သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးသည့် အခါမှသာလျှင် သူတို့ အထင်မှားနေမှန်း နားလည်သွားကြရသည်။
ဝူခွမ်းသည် ပုံရိပ်ယောင် ဝိညာဉ်အရိပ်ကို သုံး၍ သူတို့အားလုံးကို ဤနေရာသို့ မျှားခေါ်ခဲ့ပြီး သူကိုယ်တိုင်ကမူ အခြားတစ်နေရာရာ၌ တစ်ခုခုကို ကြံစည်နေခဲ့လေသည်။
အကုန်လုံးမှာ ဝူခွမ်းကြောင့် အရူးဖြစ်သွားခဲ့ရသည်။
အကုန်လုံး ဇဝေဇဝါ ဖြစ်နေကြစဉ်မှာပင် ဝူခွမ်း၏ ပုံရိပ်ယောင်သည် သူတို့အား ပြုံးပြလာခဲ့လေသည်။ "ဟေး၊ မတွေ့ရတာ ကြာပြီနော်၊ မင်းတို့ ဘယ်လိုနေလဲ"
အကုန်လုံးသည် ဝူခွမ်း၏ ပုံရိပ်ယောင် နှုတ်ဆက်လာသည်ကို လျစ်လျူရှုထားကြသည်။ လက်ရှိ အခြေအနေမှာ ဝူခွမ်း၏ ပုံရိပ်ယောင်နှင့် စကားသွားပြောနေ၍လည်း ဘာမျှ အသုံးမဝင်။ အခန့်မသင့်လျှင် ဝူခွမ်း ဆင်ထားသည့် ထောင်ချောက်ထဲသို့ပင် ကျသွားနိုင်သေးသည်။
နဂါးသင်္ချိုင်းသည် ဝူခွမ်း၏ ပစ်မှတ် မဟုတ်လျှင် ဝူခွမ်း လိုချင်နေသည့် အရာမှာ ဘာများ ဖြစ်မည်နည်း။
ထိုအခိုက်အတန့်မှာပင် ရန်ကိုင်နှင့် လီဝူရီတို့သည် တစ်ခုသောဘက်ဆီသို့ တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးသည့်နောက် နှစ်ဦးစလုံး အလန့်တကြား ဆိုလိုက်လေ၏။ "လေဟာနယ် စွမ်းအင်လှိုင်းတွေ"
ဤနေရာတွင် ရန်ကိုင်တို့ နှစ်ဦးသာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် ပညာရှင်များ ဖြစ်သည့်အလျောက် လေဟာနယ် စွမ်းအင်လှိုင်းများ လှုပ်ခတ်လာသည်ကို ပထမဦးစွာ အာရုံခံမိလိုက်ကြလေသည်။
ထို့နောက်တွင် ကျုယန်၊ ဖုကျွင်းနှင့် မိုဟွမ်တို့သည်လည်း အာရုံခံမိသွားကြတော့သည်။
ထိုစွမ်းအင်လှိုင်းများကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် ဖုကျွင်းသည် အလင်းတန်းအသွင်သို့ ပြောင်းလျက် ထိုစွမ်းအင်လှိုင်း ထွက်ပေါ်လာရာ အရပ်ဆီသို့ တဟုန်ထိုး ပြေးထွက်သွားလေသည်။ ကျုယန်သည်လည်း ဖုကျွင်းနောက်ဆီသို့ ချက်ချင်း ပြေးလိုက်သွားလေ၏။
မိုဟွမ်က မှုန်ကုပ်ကုပ် အမူအရာဖြင့် အော်ပြောလိုက်သည်။ "အဲဒါ နဂါးကျောင်းတော်ပဲ"
ယခု ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို အားလုံး နားလည်သွားခဲ့ကြလေပြီ။
ဝူခွမ်း၏ တကယ့်ပစ်မှတ်မှာ နဂါးကျောင်းတော်သာ ဖြစ်လေသည်။ ဤနေရာတွင် ရှိနေသည့် ပုံရိပ်ယောင် ဝိညာဉ်အရိပ်သည် အကုန်လုံးအား မျှားခေါ်ရန်အတွက်သာ ဖြစ်ပြီး ဝူခွမ်း၏ တကယ့်ပစ်မှတ် နေရာမှာတော့ နဂါးကျောင်းတော် ဖြစ်လေသည်။
နဂါးကျောင်းတော်တွင် ဝူခွမ်း ဘာလုပ်ချင်နေသလဲ ဆိုသည်ကိုတော့ မည်သူမျှ မသိရသေးပေ။
"ငါလခွမ်း၊ အဲဒီကောင် ထွက်ပြေးဖို့ လုပ်နေတာဟ" မိုဟွမ်သည် တစ်ခုခုအား သိသွားသည့်အလား အော်ဟစ်ညည်းတွားရင်းမှ နဂါးကျောင်းတော် ရှိရာဆီသို့ ပြေးထွက်သွားလေသည်။ ဤသည်မှာ ပထမဦးဆုံးအကြိမ်အဖြစ် မိုဟွမ် ဤမျှ စိုးရိမ်နေခြင်း ဖြစ်လေသည်။
သူတို့အားလုံး ပြေးထွက်သွားနေကြစဉ် အဝေးတစ်နေရာဆီမှ မျက်စိကျိန်းမတတ် အလင်းများ ပြိုးပြိုးပျက်ပျက် လင်းလက်လာခဲ့သည်။ ထို့နောက်တွင် အလင်းတန်းကြီးတစ်ခု ကောင်းကင်ထက်တိုင် ထိုးဖောက်သွားခဲ့ပြီး ကောင်းကင်ထက် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာစေခဲ့လေသည်။
တစ်ချိန်တည်းတွင် အလွန်ကိုမှ အားကောင်းလှပြီး မငြိမ်မသက် ဖြစ်နေသည့် လေဟာနယ်နိယာမ စွမ်းအားတို့သည်လည်း အရပ်မျက်နှာ အသီးသီးဆီသို့ ဖြာထွက်လာခဲ့လေ၏။
လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသူတစ်ဦး ဖြစ်သည့်အလျောက် ထိုစွမ်းအင်လှိုင်းများ ဘာကြောင့် ထွက်ပေါ်လာရသလဲဆိုသည်ကို ရန်ကိုင် နားလည်ပေသည်။ သို့သော်ငြား ဝူခွမ်း ထိုကဲ့သို့ ဖြစ်လာအောင် မည်ကဲ့သို့ လုပ်လိုက်သလဲဆိုသည်ကိုတော့ ရန်ကိုင် နားမလည်နိုင်ချေ။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည် အားကောင်းလှပါသော်ငြား လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသူတစ်ဦး မဟုတ်။
နဂါးကျွန်းပေါ်ရှိ ပညာရှင်အားလုံး ဝူခွမ်း၏ အရူးလုပ်ခြင်း ခံလိုက်ရသည့်အတွက် ရန်ကိုင်မှာ ကြိတ်ကာ သက်ပြင်းချလိုက်လေသည်။ ယခုမှတော့ သူတို့အနေဖြင့် ပြေးသွား၍လည်း ဘာမျှ ထူးတော့လိမ့်မည် မဟုတ်ချေ။
သူတို့အားလုံးကို မျှားခေါ်ရန်အတွက် ဤမျှ အပင်ပန်းခံကာ အချိန်ကုန်ခဲ့သည်ကို ကြည့်လျှင် ဝူခွမ်း၌ သေချာ စီစဉ်ထားသော အကြံအစည်တစ်ခု ရှိရပေလိမ့်မည်။ ဝူခွမ်းသည်သာ ထွက်ပြေးနိုင်သွားမည်ဆိုပါက ရန်ကိုင်နှင့် မိုဟွမ်တို့မှာ နဂါးကလန်၏ ဒေါသကို ရင်ဆိုင်ရပေတော့မည်။
မိုဟွမ်သည် သားရဲသခင် မဟာဧကရာဇ် ဖြစ်သည့်အတွက်ကြောင့် နဂါးကလန်ကို ကြောက်နေလိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်မှာမူ ထိုကဲ့သို့ မဟုတ်ပေ။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် လီကျောက်၊ လျို့ယန်နှင့် ကျောက်တုံးကိုယ်ပွားကို သူ့အနားသို့ လာရန် တိုးတိုးလေး ပြောလိုက်လေသည်။ အခြားသူများ အာရုံမစိုက်နေစဉ် ရန်ကိုင်သည် သူတို့အားလုံးကို လောကဓါတ်လုံးထဲသို့ ကောက်ထည့်လိုက်ကာ အခွင့်ရသည်နှင့် ချက်ချင်း ထွက်ပြေးရန် ပြင်ဆင်ထားတော့လေ၏။
နဂါးကျောင်းတော် ရှိရာဆီမှ ထွက်ပေါ်လာသည့် အလင်းတန်းသည် အလွန်တရာကိုမှ တောက်ပလွန်းလှကာ နဂါးကျွန်းတစ်ခုလုံးကို လင်းထိန်သွားစေမတတ်ပင်။ သို့သော်ငြား တစ်ခဏလောက် ကြာပြီးသည့်နောက်တွင် ထိုအလင်းမှာ တဖြည်းဖြည်း မှိန်လာခဲ့လေသည်။
ရန်ကိုင်တို့ အားလုံး နဂါးကျောင်းတော်ဆီသို့ ရောက်လာစဉ် အလင်းမှာ ပျောက်ကွယ်သွားခဲ့လေပြီ။ သို့တိုင် နဂါးကျောင်းတော်၏ အတွင်းပိုင်းဆီမှ အားကောင်းလှသည့် လေဟာနယ် နိယာမ စွမ်းအင်လှိုင်းများ ဖြာထွက်နေသည်ကို မည်သူမဆို အတိုင်းသား ခံစားမိကြပေလိမ့်မည်။
နဂါးကျောင်းတော်ကြီးသည် နဂါးကလန်၏ ဘိုးဘေးများ၏ အရှိန်အဝါတို့ ကိန်းအောင်းနေရာ အဆောက်အဦတစ်ခု ဖြစ်ကာ နဂါးကလန်၏ အရေးအပါဆုံး အခြေခံအုတ်မြစ်များအနက် တစ်ခုလည်း ဖြစ်ပေသည်။
နဂါးကလန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် လူများသာ ဤနေရာသို့ လာနိုင်ကြသည်။ ထို့အပြင် သွေးမျိုးဆက်မှာလည်း လုံးဝကို သန့်စင်နေရပေလိမ့်မည်။ လီကျောက်ကဲ့သို့သော နဂါးနွယ်ဖွားတစ်ဦးအဖို့ ဤနေရာသို့ လုံးဝ လာနိုင်လိမ့်မည် မဟုတ်။ လီကျောက်သည်သာ ဤနေရာသို့ အတင်းအကြပ် ကျူးကျော် ဝင်ရောက်လာမည်ဆိုပါက နဂါးကျောင်းတော်ဆီမှ ဖြာထွက်နေသည့် နဂါးဖိအား၏ ဖိချေခြင်း ခံရပေလိမ့်မည်။
ရန်ကိုင်သည် ထိုနေရာသို့ နောက်ဆုံး ရောက်လာသည့်လူ ဖြစ်ပေသည်။ သို့သော်ငြား သူ ရောက်လာသည့် အချိန်တွင် လီဝူရီနှင့် ကျိုဖုန်းတို့သည်သာ အပြင်တွင် ရပ်စောင့်နေခဲ့ပြီး ကျန်သည့်လူ အကုန်လုံးကို မည်သည့်နေရာတွင်မျှ မတွေ့ရချေ။ ကြည့်ရသလောက် အခြားလူများ အားလုံး နဂါးကျောင်းတော်ထဲသို့ ဝင်သွားကြသည့်ပုံပင်။
ရန်ကိုင် ရောက်လာသည်ကို မြင်သော် လီဝူရီသည် ရန်ကိုင်အား ပြုံးပြလိုက်လေသည်။ ကျိုဖုန်းမှာမူ ထိတ်လန့်တကြားဖြင့် ရန်ကိုင်အား ကြောင်ကြည့်နေလေ၏။ ထိုသို့ ဖြစ်ရခြင်းမှာ လျို့ယန်နှင့် အခြားသူများကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့သည့်အတွက်ကြောင့်ပင်။ တစ်ခုခုအား သတိပြုမိသွားသည့်အလား ကျိုဖုန်းသည် ရန်ကိုင်အား အဓိပ္ပာယ်ပါပါဖြင့် ကြည့်နေခဲ့လေသည်။
"ကျုပ် တစ်ချက် ဝင်သွားကြည့်လိုက်ဦးမယ်" ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ကျုချင်းနှင့်အတူ နဂါးကျောင်းတော်ထဲသို့ ဝင်သွားလေသည်။ ဤအတိုင်း ရပ်ကြည့်နေရမည့်အစား တွမ့်ဟုန်ချန် မည်ကဲ့သို့ ဖြစ်နေသလဲဆိုသည်ကို ရန်ကိုင် ကိုယ်တိုင်လည်း မြင်ချင်မိပေသည်။
ကျောင်းတော် အတွင်းပိုင်းသည် ကျယ်ဝန်းလှပြီး နဂါးပုံစံ တိုင်လုံးများကို နေရာအနှံ့တွင် မြင်တွေ့နေရပေသည်။ အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် ကျောင်းတော်တစ်ခုလုံးမှာ ဘာမျှ ထူးခြားသည့်ပုံ မပေါက်ပါသော်ငြား အတွင်းပိုင်းမှာမူ မတူတော့ပေ။
ခန်းမတစ်ခုလုံးအနှံ့ အားကောင်းလှသော နဂါးဖိအားတို့ဖြင့် ပြည့်နေခဲ့သည်။ ကျောင်းတော်ထဲသို့ ဝင်လာသည့်အခိုက် ကျုချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
သူမကိုယ်တိုင်သည်လည်း နဂါးကျောင်းတော်ထဲသို့ ရောက်ဖူးပေသည်။ သို့သော်ငြား ဤနေရာသည် ယခင်က ယခုကဲ့သို့ မဟုတ်ချေ။ လက်ရှိအချိန်တွင် ကျောင်းတော်ထဲရှိ နဂါးဖိအားတို့သည် ပရမ်းပတာ ဖြစ်နေသလို ကျုချင်း ခံစားနေရလေသည်။
အတန်ကြာအောင် လမ်းလျှောက်လာပြီးသည့်နောက်တွင် အဝေးတစ်နေရာဆီမှ ခြေသံများကို ကြားလိုက်ရလေသည်။ တစ်ခဏအကြာ၌ ရန်ကိုင်တို့၏ မြင်ကွင်းထဲ အလင်းရောင် ပြိုးပြိုးပြက်ပြက် ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းရောင် ရှိရာဆီသို့ လျှောက်လာလိုက်ရာ နောက်ဆုံးတွင် နဂါးကလန်မှ ပညာရှင်များကို တွေ့လိုက်ကြရလေသည်။
ရန်ကိုင် မျှော်လင့်ထားသော တိုက်ပွဲမှာ မဖြစ်ခဲ့ပေ။ လက်ရှိအချိန်တွင် အကုန်လုံးသည် အလင်းရောင်ကို ဝိုင်းအုံထားကြပြီး မမှိတ်မသုန် စိုက်ကြည့်နေကြလေသည်။ ထိုလူများ၏ အမူအရာကို ကြည့်ရင်း ရန်ကိုင် ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ သူ့ရင်ထဲတွင် မကောင်းသည့် ခံစားချက်တို့ ရလိုက်သဖြင့် ချက်ချင်းပင် အကုန်လုံး ဝိုင်းအုံကြည့်နေသည့် အလင်းရောင်ဆီသို့ တိုးကပ်သွားပြီး ကြည့်ကြည့်လိုက်ရာ ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ရလေသည်။
အကြောင်းမှာ သူ ကြည့်နေသည့် အလင်းရောင်သည် အခြားမဟုတ်ဘဲ ဟင်းလင်းပြင် လိုဏ်ခေါင်းတစ်ခု ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ဟင်းလင်းပြင် လိုဏ်ခေါင်း၏ အဆုံးတွင်တော့ အမှောင်ထုကို နောက်ခံထားကာ တလက်လက် တောက်ပနေသော ကြယ်လေးများ ရှိနေကြလေသည်။
ကျုယန်၏ မျက်နှာမှာ မှုန်ကုတ်နေခဲ့သလို ဖုကျွင်း၏ အမူအရာမှာလည်း ပြိုတော့မည့်မိုးပမာ သုန်မှုန်နေခဲ့လေသည်။
မိုဟွမ်သည် ခေါင်းတခါခါ လုပ်ရင်းမှ သက်ပြင်းချ၍ ပြောလိုက်လေ၏။ "နောက်ကျသွားပြီ"
ယနေ့ နဂါးကျွန်းမှ ဝူခွမ်း လွတ်မြောက်သွားပြီးသည့်နောက်တွင် ဝူခွမ်းသည် လူပေါင်းများစွာကို ထပ်သတ်လိမ့်မည် ဖြစ်သလို ကြယ်စီရင်စုပေါင်းများစွာကိုလည်း ဖျက်ဆီးပစ်တော့ပေလိမ့်မည်။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည် ယခင်ကလည်း ယခုကဲ့သို့ လုပ်ဖူးပေသည်။ ယခုလက်ရှိ သူတို့နေနေသည့် လောကကြီးမှာ အလွန်တရာကိုမှ ကျယ်ပြောလွန်းလှလေရာ ဝူခွမ်း မည်သည့်နေရာသို့ ထွက်သွားသလဲဆိုသည်ကို မည်သူမျှ မသိကြသလို ဝူခွမ်းကို ခြေရာခံ လိုက်ဖို့ရာလည်း မဖြစ်နိုင်ပေ။ ရန်ကိုင်သည် နှစ်ဖက်စလုံးအား တစ်ချက်စီ ကောက်ကြည့်လိုက်သည်။ နောက်ဆုံး စပ်စုလိုစိတ်ကို မထိန်းနိုင်သည့်အဆုံး မိုဟွမ်ဆီသို့ ချဉ်းကပ်သွားခဲ့ပြီး လေသံတိုးတိုးဖြင့် မေးလိုက်လေ၏။ "ဆရာ ဝူခွမ်း တကယ် လွတ်သွားတာလား"
မိုဟွမ် ခေါင်းညိတ်ပြလိုက်သည်။
ရန်ကိုင်က ပြန်မေးလိုက်သည်။ "သူ ဟင်းလင်းပြင်ကို ဘယ်လို ဖျက်ဆီးသွားတာလဲ၊ ကျုပ် ကြည့်ရသလောက်တော့ ဒီဟာကြီးက လုံးဝကို သာမန် လေဟာနယ် လိုဏ်ခေါင်းတစ်ခု မဟုတ်ဘူး"
ရန်ကိုင် ခင်းကျင်းခဲ့သော နယ်မြေကြား ဟင်းလင်းပြင် အစီအရင်များသည်ပင်လျှင် ဤမျှ ပြင်းထန်လှသော လေဟာနယ် နိယာမ စွမ်းအင်လှိုင်းများကို မဖြစ်ပေါ်စေပေ။ ထို့အပြင် ဤလေဟာနယ် လိုဏ်ခေါင်းသည် အလွန်တရာကိုမှ ဝေးကွာလွန်းလှသည့် နေရာတစ်ခုဆီသို့ ဦးတည်နေကြောင်း ရန်ကိုင် ခံစားနေရသည်။
မိုဟွမ် တိတ်ဆိတ်နေစဉ် ဖုရွှမ်းက ပြန်ပြောလိုက်လေသည်။ "သူ နဂါးကျောင်းတော်ရဲ့ စွမ်းအားကို သုံးသွားတာ"
ရန်ကိုင် မျက်ခုံးပင့်လျက်... "နဂါးကျောင်းတော်ရဲ့ စွမ်းအားကို သုံးသွားတာ၊ သူ ဘယ်လိုလုပ်ပြီး သုံးနိုင်ရတာလဲ"
နဂါးကျောင်းတော်သည် နဂါးကလန်တစ်ခုလုံး၏ အုတ်မြစ် ဖြစ်လေရာ အပြင်လူတစ်ဦးသည် နဂါးကျောင်းတော်၏ စွမ်းအားကို မည်သို့များ အသုံးပြုနိုင်ရလေသနည်း။ ထို့အပြင် ရန်ကိုင် ကိုယ်တိုင် ဤနေရာထဲသို့ ဝင်လာစဉ်က ဤခန်းမကြီး၏ အတွင်းပိုင်း နေရာတွင် ကိန်းအောင်းနေသော အလွန်တရာကိုမှ အားကောင်းလှသည့် အရှိန်အဝါများကို ခံစားမိလိုက်ရလေသည်။ ထိုအရှိန်အဝါများအနက် အချို့ဆိုလျှင် လက်ရှိ သူ့အရှေ့၌ ရှိနေသော မဟာဧကရာဇ်သုံးပါးတမျှ အားကောင်းကြပေသည်။
ထိုအရှိန်အဝါများမှာ နဂါးကလန်၏ ဘိုးဘေးများ ဖြစ်ကြရပေလိမ့်မည်။
ဖုရွှမ်းက ရှင်းပြလိုက်လေ၏။ "သူ ဖုချီကို သတ်ပြီးတော့ နဂါးအမြုတေကို ယူရတဲ့ အကြောင်းအရင်းက နဂါးကျောင်းတော်ထဲ ဝင်ဖို့ပဲ၊ နဂါးကျောင်းတော်ရဲ့ စွမ်းအားကို သုံးပြီး ဟင်းလင်းပြင်ကို ဘယ်လို ဖျက်ဆီးသွားသလဲ ဆိုတာကိုတော့ ငါလည်း မပြောတတ်ဘူး" ထိုသို့ ပြောပြီးသည့်နောက် မိုဟွမ်ဘက်သို့ လှည့်ကြည့်၍ ပြောလိုက်လေ၏။ "သူ ဘယ်လိုလုပ်သွားလဲ နင် သိလား"
ဖုရွှမ်းသည် ရန်ကိုင် ကိုယ်စား မေးပေးနေခြင်း ဖြစ်ပါသော်ငြား သူမကိုယ်တိုင်သည်လည်း ထိုအချက်နှင့် ပတ်သက်၍ အတော်လေးကိုမှ စိတ်ဝင်စားနေမိလေသည်။
မိုဟွမ်က ပြန်ပြောလိုက်သည်။ "ဝူခွမ်းက ဒီမှာ ရှိနေတဲ့ ငါတို့အားလုံးထက် ပိုပြီး အသက်ကြီးတယ်၊ ငါ ကြားဖူးတာတော့ ဝူခွမ်းက နဂါးကလန်ရဲ့ ပထမမျိုးဆက် အကြီးအကဲတွေနဲ့တောင် ရင်းနှီးတယ်တဲ့"
အခြားတစ်ဦးသည်သာ ဤစကားကို ပြောလာမည်ဆိုပါက ရန်ကိုင် အနေဖြင့် လုံးဝ ယုံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ယခုပြောနေသည့်လူမှာ မိုဟွမ် ဖြစ်သည့်အတွက်ကြောင့် အမှန် ဖြစ်နေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ဝူခွမ်းသည် နဂါးကလန်၏ ပထမမျိုးဆက် အကြီးအကဲများနှင့် အမှန်တကယ်ကို ရင်းနှီးခဲ့ရပေလိမ့်မည်။
ထိုသို့သာ ဆိုလျှင်တော့ နဂါးကလန်၏ လျှို့ဝှက်နည်းစနစ်များ အကြောင်းကို ဝူခွမ်း သိနေသည်မှာ အဆန်းမဟုတ်တော့ချေ။ ဝူခွမ်းသည် ဖုချီ၏ နဂါးအရင်းအမြစ်မှတစ်ဆင့် နဂါးကျောင်းတော်နှင့် ဆက်သွယ်ကာ နဂါးကျောင်းတော်၏ စွမ်းအားကို သုံး၍ ဟင်းလင်းပြင်ကို ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်လောက်ပေသည်။
ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် ဝူခွမ်းသည် အမှား အနည်းငယ်မျှပင် မလုပ်ခဲ့ဘဲ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့လေသည်။ ရန်ကိုင်မှာ ဝူခွမ်းအား ကြည့်မရပါသော်ငြား ဝူခွမ်း၏ အစီအစဉ်မှာ လုံးဝကို ပြီးပြည့်စုံသည်ဟုတော့ မှတ်ချက်ပေးရပေလိမ့်မည်။
"ဟင်းလင်းပြင် လိုဏ်ခေါင်းက ရှိနေသေးတာပဲကို ဘာဖြစ်လို့ သူ့နောက်ကို မလိုက်ရတာလဲ" ရန်ကိုင်က မေးလိုက်သည်။
"သူ့နောက်ကို လိုက်ဖို့" မိုဟွမ်သည် ရန်ကိုင်အား လှောင်ပြုံးပြုံးကာ ကြည့်လိုက်လေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားလေ၏။ "ဘာဖြစ်လို့လဲ"
"ဒီဟင်းလင်းပြင် လိုဏ်ခေါင်း ဘယ်ကို ဦးတည်နေလဲဆိုတာ မင်း သိလား"
"ဆရာ ကျေးဇူးပြုပြီး ပြောပြပေးလို့ရမလား" ရန်ကိုင်က ပြန်မေးလိုက်လေသည်။
ဤလေဟာနယ် ဟင်းလင်းပြင် လိုဏ်ခေါင်းသည် အလွန်ကိုမှ ဝေးကွာသည့် နေရာတစ်ခုဆီသို့ ဦးတည်နေမှန်း သိပါသော်ငြား မည်သည့်နေရာသို့ ဦးတည်နေမှန်းတော့ မသိပေ။
"အဆင့်နိမ့် ကြယ်စီရင်စုဆီကို ဦးတည်နေတာကွ" မိုဟွမ်က ကောက်ပြောလိုက်လေသည်။
ထိုစကားကို ကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့သည်။ တစ်ခဏကြာမှသာ အသိပြန်ဝင်လာခဲ့ပြီး အလန့်တကြား ထအော်လေ၏။ "အဆင့်နိမ့်ကြယ်စီရင်စု"
ရန်ကိုင်၏ အသံမှာ အတော်လေးကိုမှ ကျယ်လှသည့်အတွက်ကြောင့် လူတိုင်းမှာ ရန်ကိုင်ဆီသို့ လှည့်ကြည့်လာခဲ့လေသည်။ အထူးသဖြင့် ရန်ကိုင်အား စိုက်ကြည့်နေသည့် ဖုကျွင်း၏ အကြည့်မှာ ရေခဲတမျှ အေးစက်နေခဲ့လေ၏။
ထိုအခါမှသာလျှင် ရန်ကိုင်သည် သူ အသံကျယ်ကျယ် အော်မိလိုက်သည်မှန်း သိသွားခဲ့ပြီး ရှက်ရှက်နှင့် နှာခေါင်းကို ပွတ်၍ ပြန်မေးလိုက်လေ၏။ "ဘယ်လိုလုပ်ပြီး အဆင့်နိမ့်ကြယ်စီရင်စုကြီး ဖြစ်နေရတာလဲ၊ ကျုပ် သိထားတာတော့ ကြယ်တာရာ အစုအဝေးကနေ အဆင့်နိမ့်ကြယ်စီရင်စုဆီကို ဦးတည်နေတဲ့ လမ်းကြောင်းတွေ အကုန်လုံးကို ကြယ်တာရာရုံးတော် ဆိုတဲ့ အင်အားစုတစ်ခုက ပိတ်ထားတာ မဟုတ်ဘူးလား၊ ဝူခွမ်းက ဘယ်လိုလုပ်ပြီး အဆင့်နိမ့်ကြယ်စီရင်စုဆီကို သွားနိုင်ရသေးတာလဲ"
ဝူခွမ်းမှာ အဆင့်နှစ်ကြယ်စီရင်စုဆီ သွားကြောင်း ကြားသိလိုက်ရချိန် ရန်ကိုင်မှာ အမှန်တကယ်ကို ပျာယာခက်သွားခဲ့ရပေသည်။ ထိုသို့ ဖြစ်ရသည်မှာလည်း အဆန်းတော့ မဟုတ်။ အဆင့်နှစ်ကြယ်စီရင်စုပေါင်း များစွာရှိသည့်အနက် ဝူခွမ်းသည် ရန်ကိုင်၏ မွေးရပ်မြေဖြစ်သော ဟုန်းလော့ ကြယ်စီရင်စုကြီးဆီသို့ မသွားပါဟု မည်သူကများ အာမခံနိုင်မှာမလို့နည်း။ ဝူခွမ်းသည်သာ ဟုန်းလော့ ကြယ်စီရင်စုဆီသို့ သွားမည်ဆိုလျှင် ထိုကြယ်စီရင်စုကြီးတစ်ခုလုံး ကံဆိုးမိုးမှောင် ကျသွားရပေလိမ့်မည်။