အခန်း (၃၀၇၆-၃၀၈၀)
Vol. 133 Ch. 3076-3080
အပိုင်း (၃၀၇၆)
ဘာသာပြန်သူ_တိမ်တိုက်
ကြယ်စီရင်စုအရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလွန်းလှသည်။ အချို့သောကြယ်စီရင်စုများမှာ ပြင်ပလောကကြီးနှင့် အဆက်အသွယ်မရှိဘဲ တစ်သီးတစ်ခြား ရှိနေကြသလို အချို့မှာတော့ ကြယ်တာရာအစုအဝေးနှင့် ဆက်သွယ်နေကြလေသည်။ ကြယ်တာရာအစုအဝေးနှင့် ဆက်သွယ်နေကြသည့် ကြယ်စီရင်စုများမှ ကျင့်ကြံသူများမှာ ကံကောင်းသည်ဟု ပြော၍ရသည်။ အကြောင်းမှာ သူတို့၏ကျင့်ကြံခြင်း အဆင့်တစ်ခုသို့ ရောက်သွားသည့်အခါတွင် ကြယ်တာရာအစုအဝေးသို့လာကာ သူတို့၏ ကျင့်ကြံခြင်းခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်သည့်အတွက်ကြောင့်ပင်။
ယခင်က ကြယ်တာရာအစုအဝေးသည် ကြယ်စီရင်စုပေါင်း အားလုံးလိုလိုနှင့် ဆက်သွယ်နေခဲ့လေသည်။ ထိုအကြောင်းကြောင့် အဆင့်နိမ့်ကြယ်စီရင်စုများမှ ကျင့်ကြံသူများအဖို့ အဆင့်တစ်ခုသို့ ရောက်သည့်အခါ ကြယ်တာရာအစုအဝေးသို့ လာနိုင်ရုံမက ကြယ်တာရာအစုအဝေးမှ ပညာရှင်များမှာလည်း အချို့သောနည်းလမ်းများကို အသုံးပြု၍ ကြယ်စီရင်စုများဆီသို့ ဆင်းသွားနိုင်ကြပေသည်။
သို့သော်ငြား ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် လုပ်ခဲ့သည့် လုပ်ရပ်ကြောင့် အဆင့်နိမ့်ကြယ်စီရင်စုများဆီသို့ သွားနိုင်သည့် ဝင်ပေါက်အားလုံး အပိတ်ခံလိုက်ရလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကြယ်တာရာအစုအဝေးမှ ကျင့်ကြံသူများသည် အဆင့်နိမ့်ကြယ်စီရင်စုများမှ လူများအတွက် အလွန်ကိုမှ အားကောင်းလွန်းနေကြသည့် အတွက်ကြောင့်ပင်။ ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကြောင့် ပျက်စီးသွားရသည့် ကြယ်စီရင်စုပေါင်း မနည်းလှပေ။ ထို့အတွက်ကြောင့် ထိုကဲ့သို့သောအဖြစ်အပျက်မျိုး နောက်ထပ် ထပ်မဖြစ်နိုင်ပါဟု မည်သူမျှ အာမ မခံနိုင်ကြ။
ထိုသို့ဖြင့် ကြယ်တာရာရုံးတော်မှာ စတင်ဖြစ်ပေါ်လာရတော့လေသည်။ ကြယ်တာရာရုံးတော်သည် မဟာဧကရာဇ်များတိုက်ပွဲ ပြီးသွားသည့်နောက်တွင် မဟာဧကရာဇ်များမှာ စုပေါင်းဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ဦးတည်နေသော ဝင်ပေါက်အားလုံးကို စောင့်ကြပ်နေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပေသည်။ သို့မှသာလျှင် ကြယ်တာရာအစုအဝေးမှလူများ ကြယ်စီရင်စုများဆီသို့ သွားခြင်းကို တားဆီးနိုင်ပေလိမ့်မည်။
ရန်ကိုင်၏အထင်သာ မမှားလျှင် လက်ရှိကြယ်တာရာရုံးတော်၏ ခေါင်းဆောင်မှာ သံမဏိသွေးမဟာဧကရာဇ် ဖြစ်ပေသည်။
ရန်ကိုင်ထင်နေခဲ့သည်မှာတော့ ကြယ်စီရင်စုများဆီသို့ သွားလိုသည့်လူတိုင်း ကြယ်တာရာရုံးတော်၏ ခွင့်ပြုချက်ကို ပထမဦးစွာ ရယူရမည်ဟူ၍ပင်။ ရန်ကိုင်၏မူလအစီအစဉ်မှာ ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်သွား၍ သူ၏ မိတ်ဆွေ၊ မိသားစုဝင်များကို ကြယ်တာရာအစုအဝေးသို့ ပြန်ခေါ်လာရန်သာ ဖြစ်လေသည်။
သူ့နှင့် မတွေ့ရသည်မှာ ကြာနေပြီဖြစ်သော ယန်ယန်သည်ပင်လျှင် လက်ရှိအချိန်၌ ကြယ်တာရာရုံးတော်၏ ဌာနချုပ်တွင် ရှိနေရလိမ့်မည်ဟု ရန်ကိုင်ထင်မိပေသည်။ သို့သော်ငြား သူ့အစီအစဉ်ကို အကောင်အထည်မဖော်ရသေးခင်မှာပင် နဂါးကျွန်းပေါ်ရှိ နဂါးကျောင်းတော်ထဲ၌ အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ဦးတည်နေသော ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခုနှင့် လာတိုးလိမ့်မည်ဟု ထင်ထားခြင်း မရှိခဲ့ပေ။ ထို့အပြင် ထိုဟင်းလင်းပြင်လိုဏ်ခေါင်းကို နာမည်ဆိုးဖြင့် ကျော်ကြားနေသော ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်မှ ဖန်တီးသွားခဲ့ခြင်း ဖြစ်ပေသည်။
ဝူခွမ်းဖန်တီးသွားသည့် ဟင်းလင်းပြင်လိုဏ်ခေါင်းသည် ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ဦးတည်နေလိမ့်မည်ဟု မည်သူမျှ တပ်အပ်မပြောနိုင်ပါသော်ငြား ရန်ကိုင်မှာတော့ စိတ်မချနိုင်သေးပေ။ ဝူခွမ်းသည်သာ ထိုနေရာသို့ တကယ်ကြီးသွားလျှင်ကော…။ ထိုအကြောင်းကြောင့်ပင်လျှင် ဝူခွမ်း အဆင့်နိမ့်ကြယ်စီရင်စုတစ်ခုဆီသို့ ဆင်းသွားပြီဖြစ်ကြောင်းကို ကြားလိုက်ရစဉ်က ရန်ကိုင် အလွန်ကိုမှ ပျာယာခတ်သွားရခြင်း ဖြစ်ပေသည်။
သေသေချာချာစဉ်းစားပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေ၏။ “ဆရာတို့… ဝူခွမ်းက သူ့ခွန်အားအပြည့်ကို ပြန်ရသေးတာမဟုတ်ဘူး… ကျုပ်တို့သာ ဒီအခွင့်အရေးကိုယူပြီး သူ့ကို မသတ်ဘူးဆိုရင် နောက်ပိုင်းကျ သူက ကျုပ်တို့အတွက် ပြဿနာတစ်ခုဖြစ်လာမှာနော်… ဆရာတို့ ဘာလို့ တုံ့ဆိုင်းနေကြတာလဲ…”
ကျုယန်သည် ခေါင်းမော့၍ ရန်ကိုင်အား ကြည့်လာခဲ့လေသည်။ မူလကတည်းက မှုန်ကုပ်ကုပ်ဖြစ်နေသော သူ့အမူအယာမှာ ပို၍ အရုပ်ဆိုးသွားခဲ့လေ၏။ “ဝူခွမ်း ဘယ်နေရာကို ရောက်သွားလဲဆိုတာ သိမယ်ဆိုရင် မင်း ငါ့ကိုတောင် လာပြောနေစရာမလိုဘူး… ငါ့ဘာသာငါ သူ့နောက်ကို ပြေးလိုက်သွားပြီ… အခုပြဿနာက ဝူခွမ်း ဘယ်ကြယ်စီရင်စုဆီ ဆင်းသွားလဲဆိုတာကို ဘယ်သူမှ မသိတာဘဲကွ…”
“အဲ့ဒါကြောင့်ပဲ ရပ်နေကြတာလား…” ရန်ကိုင်က ထီမထင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
မိုဟွမ်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။ “ဒါက မင်းထင်သလောက် မရိုးရှင်းဘူးကွ…”
ရန်ကိုင်က ပြန်၍ပြောလိုက်ပြန်သည်။ “ဝူခွမ်း ဘယ်ကြယ်စီရင်စုဆီသွားလဲ မသိဘူးဆိုပေမယ့် ကျုပ်တို့ဘက်မှာ လူအများကြီးရှိနေတာပဲ… ကျုပ်တို့အကုန်လုံးသာ သူ့နောက်လိုက်သွားမယ်ဆိုရင် သူ့ကိုရှာတွေ့နိုင်ချေရှိတယ်… ပြီးတော့ မကြိုးစားရသေးဘဲနဲ့ ဘာဖြစ်လို့ ဒီတိုင်း သူ့ကို လွှတ်ထားပေးချင်ရတာလဲ… သူသာ သူ့ခွန်အားအပြည့်အဝကို တစ်နေ့နေ့ကျ ပြန်ရသွားခဲ့လို့ရှိရင် ကြယ်တာရာအစုအဝေးက ဘယ်သူမှ သူ့ကို တားနိုင်တော့မှာမဟုတ်ဘူး… ဆရာတို့ နောက်ထပ်မဟာဧကရာဇ်စစ်ပွဲတစ်ပွဲ ထပ်ဖြစ်တာ မြင်ချင်လို့လား…”
“မင်းက တကယ်ကို စိတ်ညစ်ဖို့ကောင်းတဲ့ကောင်ပဲကွ…” မိုဟွမ်က နှာခေါင်းရှုံ့လိုက်လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်က အမှန်အတိုင်းပြောနေရုံပဲ…”
ဖုရွှမ်းက ပြန်ပြောလိုက်၏။ “ဒီကိစ္စက ထင်သလောက်မရိုးရှင်းဘူး… ဒီတော့ နင့်စိတ်ကို အရင်ဆုံး တည်ငြိမ်အောင် ထားလိုက်ဦး…” အခြားသူများနှင့်ယှဉ်လိုက်သော် ဖုရွှမ်းသည် ရန်ကိုင်အား အတော်လေးကိုမှ သိမ်မွေ့စွာ ဆက်ဆံပေသည်။ သို့သော်ငြား ရန်ကိုင် ဘာကြောင့် ရုတ်တရက် ဤမျှအလောတကြီးဖြစ်နေမှန်းကို သူမ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ မသိလျှင် ရန်ကိုင်သည် ဝူခွမ်းအား မရ ရအောင်ကို လိုက်ရှာချင်နေသည့်အလား။
ရန်ကိုင်က ခေါင်းခါလျက် “ကျုပ် နားမလည်ရုံပဲ…”
“နင့်သောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း… လာပြီးတော့ ပူညံပူညံတွေလုပ်မနေနဲ့…” ဖုကျွင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ အော်ပြောလိုက်လေ၏။
ရန်ကိုင်သည် ဒုတိယအကြီးအကဲကို ပြန်စိုက်ကြည့်လျက် လှောင်ပြောင်လိုဟန်ဖြင့် “ဒုတိယအကြီးအကဲ ဘာပြောချင်နေတာလဲ…”
ဖုကျွင်းသည် အံကိုတင်းတင်းကြိတ်ကာ ပြန်ပြောလိုက်သည်။ “နင့်ကြောင့်သာမဟုတ်လို့ရှိရင် ငါတို့ အခုလိုမျိုး ဖြစ်နေရမှာမဟုတ်ဘူး… ဖုချီသာ နင့်ကြောင့် ဒဏ်ရာရမသွားရင် ဝူခွမ်းလက်ချက်ကြောင့် သေစရာအကြောင်းမရှိဘူး… သူသာမသေလို့ရှိရင် ဝူခွမ်းလည်း ဖုချီရဲ့နဂါးအမြုတေကို ရသွားစရာအကြောင်းမရှိဘူး… အဲ့ဒါဆိုလို့ရှိရင် သူဘယ်လိုလုပ်ပြီး နဂါးကျောင်းတော်ထဲကို ဝင်လာနိုင်တော့မှာလဲ…”
“ဒီကိစ္စက ကျုပ်တစ်ယောက်တည်းကြောင့် ဖြစ်တာကျလို့၊ ဘာဖြစ်လို့ ကျုပ်ကိုချည်းပဲ လာအပြစ်တင်နေရတာလဲ … ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့် နိမ့်နိမ့်လေးပဲ ရှိသေးတာနော်နော်… ဒီလောက်အားကောင်းတာမဟုတ်ဘူး… ကျုပ်လိုမျိုးလူတစ်ယောက်က ဒီလောက်ပြဿနာအကြီးကြီးကို ဘယ်လိုလုပ်ပြီး ရှာနိုင်မှာလဲ… ဒုတိယအကြီးအကဲ ကျုပ်ကို အထင်ကြီးလွန်းနေပြီ…”
ရန်ကိုင်မှာ ဖုကျွင်းအား သိပ်၍ ကြည့်မရချေ။ ထိုဘွားတော်ကြီးသည် သူများသမီးရည်းစားကိစ္စများကို အလွန်ကိုမှ ဝင်စွက်ဖက်သူတစ်ဦး ဖြစ်သည်။ သူနှင့် ကျုချင်းတို့ တစ်ဦးကိုတစ်ဦး ချစ်ကြိုက်ခဲ့သည့်တိုင် သူတို့ဆက်ဆံရေးကို မရမက လိုက်ဖျက်နေခဲ့သည်။ မိုဟွမ်နှင့်ဖုရွှမ်းတို့အတွက်လည်း အတူတူပင်။ မသိလျှင် ထိုဘွားတော်ကြီးသည် အခြားသူများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်စုံမက်နေသည်ကို မနာလိုဝန်တိုနေသည့်အလား။ သူမပုံစံမှာ အတော်လေးကိုမှ ချောမောလှပသော်ငြား ရန်ကိုင်မှာတော့ ထိုဘွားတော်ကြီး မည်မျှပင် လှပနေစေကာမူ ကြည့်မရချေ။ ရန်ကိုင်အနေဖြင့် ယခုကဲ့သို့သာ ပြန်ပြောနေရခြင်းမှာ ဖုကျွင်း၏ပြိုင်ဘက် မဖြစ်နိုင်သည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူသာ အားကောင်းနေမည်ဆိုလျှင်ပင် ထိုဘွားတော်ကြီးအား မှတ်လောက်သားလောက်အောင် ဆုံးမပေးပြီးနေလောက်ပေပြီ။
ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် ဖုကျွင်းပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ ကျုယန်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ပထမအကြီးအကဲ… အခုပြဿနာက နဂါးကျွန်းမှာဖြစ်သွားတာနော်… ဝူခွမ်းလည်း ဒီနေရာကနေပဲ ထွက်ပြေးသွားတာ… ဒီတော့ နဂါးကျွန်းရဲ့တာဝန်မကင်းဘူး… အခု အရေးကြီးဆုံးက ဝူခွမ်းကိုလိုက်ရှာပြီးတော့ သူ့ကို တစ်ခါတည်းရှင်းပစ်ဖို့ပဲ… မဟုတ်လို့ရှိရင် တစ်နေ့နေ့ကျ ကြယ်တာရာအစုအဝေးတစ်ခုလုံး ဒုက္ခရောက်သွားရလိမ့်မယ်…”
“ကောင်လေး… စည်းကျော်မလာနဲ့…” ဖုကျွင်းက ထအော်လေသည်။
“ပထမအကြီးအကဲ…” ရန်ကိုင်သည် ဖုကျွင်းကိုလျစ်လျူရှု၍ ကျုယန်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေလေသည်။
သို့သော်ငြား ကျုယန်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ “ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး… မင်း ဘေးဖယ်နေ…”
သူသည်လည်း ရန်ကိုင်အား အတော်လေးကိုမှ ကြည့်မရဖြစ်လာလေပြီ။ ရန်ကိုင်အပေါ် ဖုကျွင်း၏လုပ်ရပ်မှာ အတော်လေးကိုမှ လွန်ပါသော်ငြား ယနေ့ နဂါးကျွန်း ယခုကဲ့သို့ဖြစ်သွားရခြင်းမှာ ရန်ကိုင်အပြစ်လည်း မကင်းပေ။ တကယ်တော့ ရန်ကိုင်သည် ဖုချီအား ထိခိုက်အောင်လုပ်ပြီး အခြားသောနဂါးကလန်သားများကို မည်သည့်နေရာမှ သွားမရအောင် လုပ်ထားသူမဟုတ်ပေလော။ ထို့ကြောင့်သာမဟုတ်ပါက ဝူခွမ်းအနေဖြင့် သူ့အစီအစဉ်ကို ဤမျှ အလွယ်တကူ အကောင်အထည်ဖော်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည်လည်း ထိုအချက်ကို နားလည်ထားပေသည်။ သို့သော်ငြား ဖုကျွင်းမှ သူ့တစ်ယောက်တည်းအား စွတ်ပြီး အပြစ်တင်နေသည့်အပေါ် ရန်ကိုင်မှာ သည်းမခံနိုင်ချေ။
ရန်ကိုင်သည် ငြိမ်မနေခဲ့ဘဲ မှုန်ကုပ်ကုပ်အမူအယာဖြင့်သာ ပြန်ပြောလိုက်လေသည်။ “ကြည့်ရတာ နဂါးကလန်က ဒီကိစ္စကနေ ရှောင်ဖယ်ချင်တယ်နဲ့တူတယ်… ရတယ်လေ… အဲ့ဒါဆိုရင်လည်း ကျုပ်ဘာသာကျုပ်ပဲ လုပ်ရတော့မှာပေါ့…”
ရန်ကိုင်မှ ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် အကုန်လုံးသည် ရန်ကိုင်အား ထူးထူးဆန်းဆန်းအမူအယာများဖြင့် ကြည့်လာကြလေသည်။
ဖုရွှမ်းသည် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍ပြောလိုက်သည်။ “မဆင်မခြင်မလုပ်နဲ့… ပထမအကြီးအကဲပြောတာကို နားထောင်ပြီး အခုလောလောဆယ် ငြိမ်နေလိုက်… အဲ့ဒါဆိုလို့ရှိရင် နင်နဲ့ချင်းအာအတွက် အခွင့်အရေးရှိရင် ရှိနိုင်သေးတယ်…”
ရန်ကိုင်သည် ဖုရွှမ်းအား ကျေးဇူးတင်တကြီးဖြင့် ကြည့်လိုက်သည်။ သို့သော်ငြား ခေါင်းခါ၍သာ ပြန်ပြောလိုက်လေ၏။ “ကျုပ် ဘာမှမတောင်းဆိုဘူး… ဒီတိုင်းပဲ ကျုပ်ကိုလွှတ်ထားပြီးတော့ သွားခွင့်ပေး… ကျုပ်သာ ဝူခွမ်းကို ရှာတွေ့မယ်ဆိုလို့ရှိရင် သူ့ကို ကျုပ်ဘာသာကျုပ် ရင်ဆိုင်လိုက်မယ်… ကျုပ်မလုပ်နိုင်လဲ နဂါးကလန်အတွက် ဘာမှဆုံးရှုံးသွားရတာမှ မဟုတ်ဘူး…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ဟင်းလင်းပြင်လိုဏ်ခေါင်းဆီသို့ ညွှန်ပြလိုက်လေသည်။
ရန်ကိုင်တို့စကားပြောနေစဉ်အတောအတွင်း ဟင်းလင်းပြင်လိုဏ်ခေါင်းဝင်ပေါက်မှာ တဖြည်းဖြည်းနှင့် ပိတ်နေခဲ့သည်။ တကယ်တော့ လောကနိယာမများသည် လေဟာနယ်အက်ကြောင်းများကို ပြန်ပြင်နိုင်သည့်စွမ်းရည်အား ပိုင်ဆိုင်ထားသည်မဟုတ်ပေလော။ ဤဟင်းလင်းပြင်လိုဏ်ခေါင်းမှာ ဝူခွမ်းမှ နဂါးကျောင်းတော်၏စွမ်းအားကိုသုံး၍ ဖန်တီးထားခဲ့ခြင်း ဖြစ်လေရာ လောကကြီးအပေါ် ထိခိုက်အောင်လုပ်ထားသည့် ဒဏ်ရာအနာတရတစ်ခု ဖြစ်သည်ဟု ပြော၍ရသည်။ ထိုသို့ဖြစ်သည့်အတွက်ကြောင့် လောကနိယာမများသည် ထိုကဲ့သို့သောထိခိုက်မှုမျိုးကို သူ့အလိုလို ပြန်ကုသပေးသွားပေလိမ့်မည်။
ရန်ကိုင်သည်သာ ဤဟင်းလင်းပြင်လိုဏ်ခေါင်းမှတစ်ဆင့် ထွက်သွားလိုပါက မြန်မြန်လုပ်ရပေလိမ့်မည်။ ထိုသို့သာမဟုတ်လျှင်တော့ ဟင်းလင်းပြင်လိုဏ်ခေါင်းမှာ အနှေးနှင့်အမြန်ဆိုသလို ပိတ်သွားပေတော့မည်။
“အိပ်မက်သာမက်နေလိုက်…” ဖုကျွင်းက ထအော်လေသည်။
ကျုယန်က ခေါင်းခါလျက် “အဲ့ဒါကိုတော့ ငါလည်း သဘောတူလို့မရဘူး…”
ဝူခွမ်း နဂါးကျွန်းမှ အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ လွတ်မြောက်သွားနိုင်သည့်ကိစ္စမှာ သူတို့၏အပြစ် မကင်းပေ။ သူတို့အနေဖြင့် ဤအကြောင်းကို မည်သူကိုမျှ လိုက်ရှင်းပြနေစရာ မလိုပါသော်ငြား ဤအကြောင်းသည်သာ သတင်းပြန့်သွားမည်ဆိုပါက သူတို့အတွက် ရှက်စရာ ဖြစ်ရပေလိမ့်မည်။ ထို့အတွက်ကြောင့် ရန်ကိုင်ကိုသာ ကြယ်စီရင်စုဆီသို့ ဆက်၍ ဆင်းသွားခွင့် ပေးလိုက်မည်ဆိုလျှင် သူတို့၏ဂုဏ်သတင်းမှာ လုံးဝကို ရေစုန်မျောသွားရပေလိမ့်မည်။
သို့ရာတွင် ရန်ကိုင်ကမူ အနည်းငယ်မျှပင် လက်လျှော့မည့် အရိပ်အယောင်မပြဘဲ ချက်ချင်း ရှေ့သို့တက်၍ ပြန်ပြောလိုက်လေသည်။ “အကြီးအကဲတို့ သဘောမတူချင်ဘူးဆိုရင်တော့ ကျုပ်လည်း အကြမ်းနည်းသုံးရုံပဲ ရှိတော့တာပေါ့…”
“နင် လုပ်ရဲလား…” ဖုကျွင်းက နှာခေါင်းရှုံ့လျက် “သူ့ကို ဖမ်းလိုက်စမ်း…”
ဖုကျွင်းမှ အခြားသောနဂါးကလန်သားများကို အမိန့်ပေးနေခြင်း ဖြစ်လေသည်။ သူမကိုယ်တိုင်သည် ရန်ကိုင်အား အမြင်မကြည်ပါသော်ငြား လက်ရှိအခြေအနေအရ မိုဟွမ်လည်းရှိနေလေရာ သူမအနေဖြင့် လှုပ်ရှားလို့အဆင်မပြေပေ။
သူမ၏အမိန့်ကိုရလိုက်သည်နှင့်တစ်ပြိုင်နက် အခြားသောနဂါးကလန်သားများ စတင်၍ လှုပ်ရှားကြကုန်လေ၏။
အချို့မှာ မကြာသေးခင်ကပင် ရန်ကိုင်၏လက်စာ မိထားကြသူများ ဖြစ်ကြပေသည်။ နဂါးကျောင်းတော်မှ ရရှိထားသော ကောင်းချီးနည်းစနစ်မှာ ပျက်စီးသွားခဲ့ပြီဖြစ်ပါသော်ငြား အနည်းဆုံးတော့ ဒဏ်ရာဆိုးဆိုးရွားရွား ရထားခဲ့ခြင်း မရှိပေ။ အကြီးအကဲများကိုယ်တိုင်မှ စောင့်ကြည့်နေသည့်အတွက်ကြောင့် သူတို့အနေဖြင့် ရန်ကိုင်အား ကြောက်နေစရာမလို။
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်နှင့် ကျုချင်းတို့အား နဂါးများမှ ဝိုင်းရံလိုက်ကြလေသည်။
“စမ်းကြည့်လိုက်လေ…” ထိုသို့အော်ပြောလိုက်ပြီးသည့်နောက် ရန်ကိုင်သည် မြေပြင်အား ခြေဆောင့်ချလိုက်ရာ နဂါးကျောင်းတော်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါသွားခဲ့သည်။ ထို့နောက်တွင် ကျယ်လောင်သည့်နဂါးဟိန်းသံနှင့်အတူ ရွှေရောင်နဂါးပုံရိပ်တစ်ခုသည် ရန်ကိုင်၏ကျောပြင်ထက်ဆီမှ ထွက်ပေါ်လာခဲ့လေ၏။
ရွှေနဂါးအမြုတေ၏အရှိန်အဝါကို ခံစားမိလိုက်သော် နဂါးကလန်သားအားလုံး ငေးကြောင်ကြောင် ဖြစ်သွားကုန်ကြလေသည်။
(ဒါကြီးက ဘိုးဘေးနဂါးလား…)
နဂါးကလန်သားများမှာ ရန်ကိုင်တွင် ဘိုးဘေးနဂါးအမြုတေ ရှိနေမှန်း သိထားကြပါသော်ငြား ယခုမှသာလျှင် ဘိုးဘေးနဂါးအမြုတေ၏ တကယ့်ပုံစံကို မျက်စိတပ်အပ်မြင်ဖူးခြင်း ဖြစ်လေသည်။
ဘိုးဘေးနဂါးအမြုတေ၏အရှိန်အဝါကို ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့သည်ပင်လျှင် ယှဉ်နိုင်ခြင်းမရှိကြ။ နဂါးကလန်သားများအတွက်မူ ဘိုးဘေးနဂါးအမြုတေသည် သူတို့၏ မိခင်ရင်ခွင်ပမာ ဖြစ်ပေသည်။
အကြီးအကဲများမှာ ကိုယ့်စိတ်ကိုယ် အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်းမှ ဘိုးဘေးနဂါးအမြုတေစွမ်းအား၏ သက်ရောက်ခြင်းမခံရအောင် သူတို့၏စိတ်အစုံကို သေချာ ကာကွယ်ထားလိုက်ကြလေသည်။
“ဒုတိယအကြီးအကဲ… ကျုပ် ဘယ်လိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားပြီးတော့ ကျုပ်တို့ အခု ဘယ်နေရာကိုရောက်နေလဲဆိုတာကို ခင်ဗျား မသိတာလား…” ဘိုးဘေးနဂါးအမြုတေစွမ်းအားကို ထုတ်ဖော်ပြီးသည်နှင့် ရန်ကိုင်သည် ချက်ချင်းဆိုသလို မောက်မာဝံ့ကြွားစွာ ပြုတော့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်ဖော်ထားခြင်း မရှိပါသော်ငြား ဖုကျွင်းအား အနည်းငယ်မျှပင်လျှင် ကြောက်ရွံ့နေခြင်းမရှိဘဲ အထက်လူကြီးတစ်ဦးပမာ ဖုကျွင်းကိုပင် ပြန်၍စိုက်ကြည့်နေလိုက်ပေသေးသည်။
ထို့နောက်တွင် ရန်ကိုင်သည် အမျိုးမျိုးသောလက်ကွက်များကို ထုတ်ဖော်ရင်းမှ မတူကွဲပြားသည့် စကားနှစ်မျိုးကို စတင်ရွတ်ဆိုတော့လေသည်။ မသိလျှင် လူနှစ်ဦးမှ ဘာသာစကားနှစ်မျိုးအား ပြိုင်တူရွတ်ဆိုနေသည့်အလား။
ပထမအသံသည် နဂါးဘာသာစကားအား ရွတ်ဆိုနေသည့်အသံဖြစ်ပြီး အခြားအသံမှာတော့ ရန်ကိုင်၏မူရင်းအသံ ဖြစ်ပေသည်။ “မြစ်ဖျားခံတဲ့အရပ်မရှိဘဲနဲ့ ရေဆိုတာ စီးဆင်းနိုင်မှာမဟုတ်ဘူး… သစ်ပင်တွေလည်း အမြစ်မရှိဘဲနဲ့ ကြီးထွားနိုင်မှာမဟုတ်ဘူး…. ဘိုးဘေးနဂါးအမြုတေ ရောက်နေတာကိုတောင် မင်းတို့ ဘာဖြစ်လို့ ဂါရဝလာမပြုသေးတာလဲ…”
အသံနှစ်သံမှာ လုံးဝကို ပုံစံမျိုးဖြင့် ပေါင်းစပ်သွားခဲ့လေသည်။ ကြားရသူများအဖို့ ထိုအသံမှာ အနည်းငယ်မျှပင်လျှင် ကသိကအောက်ဖြစ်နေခြင်းမရှိဘဲ လုံးဝကို စည်းချက်ညီကာ ပြီးပြည့်စုံနေခဲ့လေသည်။
ထိုစကားကိုကြားလိုက်ချိန် သာမန်နဂါးကလန်သားများမှာ ငေးကြောင်ကြောင်အမူအယာများဖြင့်သာ ရှိနေကြပါသော်ငြား အကြီးအကဲများ၏မျက်နှာများမှာတော့ ဖြူလျော်သွားကြလေသည်။
ဖုရွှင်း၏အကြည့်မှာမူ တစ်ခုခုအား သတိပြုမိသွားဟန်ဖြင့် တလက်လက် တောက်ပသွားခဲ့လေသည်။ ထိုအခိုက်အတန့်တွင် နဂါးဟိန်းသံပေါင်းများစွာ ထပ်မံထွက်ပေါ်လာခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ နဂါးဟိန်းသံများမှာ ကျော်တော်အတွင်းဆီမှ လာနေခြင်း ဖြစ်လေသည်။
အမိန့်တော်တစ်ခုကို ရရှိလိုက်ရသည့်အလား နဂါးကျောင်းတော်ထဲတွင် အိပ်စက်နေသော နဂါးများ၏ဝိဉာဉ်များ စတင်၍ နိုးထလာကုန်ကြလေသည်။
ထိုသို့ဖြစ်လာသည့်အခါ မှိန်ကျနေသော ခန်းမတစ်ခုလုံးမှာ စတင်၍ တောက်ပလာလေရာ ခန်းမတစ်ခုလုံး နေ့ခင်းကြောင်တောင်အချိန့်သို့ ရောက်နေသလားဟုပင် ထင်သွားရနိုင်ပေသည်။
အရောင်အသွေးစုံလင်လှသော နဂါးများမှာလည်း ခန်းမထဲ အစီအရီ ထွက်ပေါ်လာကုန်ကြလေ၏။
ပထမဦးဆုံး ပေါ်လာသည့်နဂါးသည် ရန်ကိုင်၏ခေါင်းထက်တွင် ယာယီမျှ ဝဲနေပြီးသည့်နောက် ၎င်းကို၎င်း တည်ငြိမ်အောင်ပြုလျက် ရွှေနဂါးအား မျက်နှာချင်းဆိုင်လိုက်လေ၏။ ထို့နောက်တွင် တည်ကြည်လေးနက်သည့်အမူအယာဖြင့် ၎င်း၏ဦးခေါင်းကို ညွှတ်လိုက်လေသည်။ ဒုတိယနဂါးသည်လည်း အလားတူပင်။ အခြားသောနဂါးများသည်လည်း ထိုအတိုင်း လိုက်လုပ်ကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၇၇)
ဘာသာပြန်သူ_တိမ်တိုက်
မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်အနားတစ်ဝိုက်တွင် နဂါးပေါင်းများစွာ ပေါ်လာကြလေသည်။ ထိုနဂါးများသည် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်း မရှိကြဘဲ အမြုတေစွမ်းအားအသွင်ဖြင့်သာ ရောက်ရှိလာကြခြင်း ဖြစ်လေသည်။ ထိတ်လန့်ဖွယ်ရာအကောင်းဆုံးအချက်မှာတော့ ထိုနဂါးများ၏ အရွယ်အစားပင်။
အသေးဆုံးသောနဂါးသည်ပင်လျှင် မီတာလေးရာခန့် အလျားရှိသည်။
အကြီးဆုံးမှာတော့ မီတာတစ်ထောင်ခန့် အလျားရှိလေ၏။
“ဂလု…”
ထိုနဂါးကြီးများကိုကြည့်ရင်း နဂါးကလန်သားများအားလုံး တံတွေးတစ်လုပ်စီ မျိုချမိလိုက်ကြလေသည်။ ထိုနဂါးများဆီမှ ထွက်ပေါ်နေသည့် နဂါးဖိအားအောက်ဝယ် နဂါးကလန်သားများမှာ အခြေခိုင်ခိုင် ရပ်နိုင်အောင်ပင် မနည်းကြိုးစားနေကြရလေသည်။ သူတို့၏မျက်နှာများမှာတော့ ပေါင်ဒါဆွတ်ထားသည့်ပမာ ဖြူဆွတ်နေခဲ့လေသည်။
နဂါးသင်္ချိုင်းသည် နဂါးကလန်သားများ သေဆုံးသွားသည့်အခါ သွားကြရသည့်နေရာ ဖြစ်ပါသော်ငြား နဂါးအားလုံးသည် နဂါးသင်္ချီုင်းထဲတွင် နေကြရသည်တော့မဟုတ်ချေ။ အချို့သောနဂါးများကိုသာ နဂါးကျောင်းတော်ထဲတွင် ထိန်းသိမ်းထားကြပေသည်။ သို့မှသာလျှင် ထိုနဂါးများအနေဖြင့် သေဆုံးသွားသည့်တိုင် သူတို့၏မျိုးဆက်များကို ကောင်းချီးပေးနိုင်လိမ့်မည် မဟုတ်လေလော။
နဂါးကျောင်းတော်ထဲတွင် နေနိုင်ကြသည့် နဂါးများမှာ နဂါးကလန်၏ ခေါင်းဆောင်များသာ ဖြစ်ကြလေသည်။
တစ်နည်းဆိုရသော် နဂါးကလန်၏ မျိုးဆက်တစ်ခုတိုင်းမှ ပထမအကြီးအကဲများသည်သာ နဂါးကျောင်းတော်ထဲတွင် နေခွင့်ကြရသည်။ လက်ရှိမျိုးဆက်တွင် ကျုယန်တစ်ဦးသည်သာ နဂါးကျောင်းတော်ထဲ၌ နေခွင့်ရနိုင်ပေသည်။ ဖုကျွင်းပင်လျှင် နေခွင့်မရပေ။
ထိုအကြောင်းကြောင့်ပင်လျှင် လက်ရှိအချိန်၌ နဂါးကျောင်းတော်ထဲ ရှိနေသော နဂါးအားလုံးမှာ နဂါးကလန်၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပေါ်ထွန်းခဲ့သော ပထမအကြီးအကဲများ ဖြစ်ကြပေသည်။
ကျုယန်သည် သူရင်းနှီးနေသည့် နဂါးတစ်ကောင်ကို နဂါးအုပ်ကြီးထဲ တွေ့လိုက်ရလေသည်။ ထိုနဂါးမှာ မီတာလေးရာမှ ငါးရာကြားရှိသော အဝါရောင်နဂါးတစ်ကောင် ဖြစ်လေသည်။ ထိုနဂါးကို မြင်လိုက်သည့်အခိုက် ပထမအကြီးအကဲမှာ သူငယ်ရွယ်စဉ်က အမှတ်တရများကို အောက်မေ့သွားရတော့လေသည်။
ထိုစဉ်က သူသည် အားအကောင်းဆုံးနဂါးတစ်ကောင် ဖြစ်လာရန်အလို့ငှာ ဤအကြီးအကဲ၏ သင်ကြားပြသမှုအောက်တွင် ကြိုးစားအားထုတ်နေခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြီးအကဲ သေသွားပြီးသည့်နောက် ကျုယန်သည် ထိုအကြီးအကဲ၏ရာထူးကိုယူကာ ပထမအကြီးအကဲ ဖြစ်လာခဲ့လေသည်။
အဝါရောင်နဂါးကို ငေးကြည့်နေရင်း ကျုယန်၏နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။ သူ့စိတ်ထဲ ထိုအကြီးအကဲအား အတော်လေးကိုမှ လွမ်းနေမိသည်။ ထိုအကြီးအကဲသေသွားသည်မှာ နှစ်ပေါင်း သောင်းနှင့်ချီမကတော့ချေ။ လက်ရှိအချိန်တွင် ထိုအကြီးအကဲ သူ့ဘက်သို့ကြည့်လာ၍ “မင်းတော်တယ်”ဟု ချီးကျူးလာမည့်စကားကို ကျုယန်စိတ်ထဲ မျှော်လင့်နေမိပါသော်ငြား တစ်ဘဝလုံး တစ်ကြိမ်တစ်ခါမျှပင်လျှင် မည်သူ့ကိုမှ ဦးညွှတ်မခဲ့ဖူးသော ထိုအကြီးအကဲသည် လက်ရှိအချိန်တွင်တော့ ရန်ကိုင်နောက်တွင် ငြိမ်သက်စွာ ဝဲနေခဲ့လေသည်။
“ပထမမျိုးဆက်ရဲ့ ပထမအကြီးအကဲလား…” ဖုကျွင်းသည် မီတာတစ်ထောင်ခန့် အလျားရှိသော နဂါးတစ်ကောင်ကို ငေးကြည့်နေခဲ့လေသည်။ သူမတို့ကြား မျိုးဆက်များစွာ ကွာခြားပါသော်ငြား တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုနဂါးသည် မည်သည့်မျိုးဆက်မှ နဂါးမှန်း ဖုကျွင်း တန်းပြောနိုင်ခဲ့သည်။
ယခင်မျိုးဆက်မှနဂါးများသည်သာ ထိုမျှ အရွယ်အစားထိသို့ ကြီးထွားနိုင်ကြပေသည်။
အချိန်ကြာလာသည့်နောက် နဂါးကလန်သည် တဖြည်းဖြည်း အားနည်းသည်ထက် အားနည်းလာခဲ့ရာ ယခုမျိုးဆက်တွင်တော့ အားအကောင်းဆုံးသော နဂါးသည်ပင်လျှင် မီတာငါးရာခန့်လောက်သာ ရောက်နိုင်ပေသည်။
ဒုတိယအကြီးဆုံးနဂါးမှာတော့ ပထမမျိုးဆက်မှ ပထမအကြီးအကဲပြီးသည့်နောက် ဒုတိယမျိုးဆက်မှ ပထမအကြီးအကဲဖြစ်ပေသည်။ ထိုသို့ဖြင့် တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက် စသဖြင့် နဂါးများ၏အရွယ်အစားမှာ တဖြည်းဖြည်း သေးငယ်သွားခဲ့လေသည်။
ထိုမျိုးဆက်အသီးသီး၏ ပထမအကြီးအကဲအားလုံး ယခုကဲ့သို့ ထွက်ပေါ်လာရခြင်းမှာ ဘိုးဘေးနဂါးအမြုတေ၏ ဆင့်ခေါ်မှုကြောင့်သာ ဖြစ်လေသည်။
“နင် ဘယ်လိုတောင် လုပ်ရဲတာလဲ…” နဂါးများကို အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးသည့်နောက်တွင် ဖုကျွင်းမှာ ရုတ်တရက်ဆိုသလို အံကိုတင်းတင်းကြိတ်၍ ထအော်တော့လေသည်။ “နင် ဘယ်လိုလုပ်ပြီး ငါတို့ဘိုးဘေးတွေကို နှောင့်ယှက်ရဲတာလဲ…”
ဖုကျွင်း၏လေသံမှာ အတော်လေးကိုမှ ခက်ထန်နေပါသော်ငြား နဂါးကျောင်းတော်မှဖိအားလည်း ရှိသလို ယခင်မျိုးဆက်များမှ ပထမအကြီးအကဲများ၏ ဖိအားကြောင့်လည်း ဖုကျွင်းမှာ ယခင်ကကဲ့သို့ လွန်လွန်ကျူးကျူး လုပ်ရဲခြင်း မရှိတော့ချေ။ လက်ရှိအချိန်တွင် ဖုကျွင်းပုံစံမှာ ဒေါသထွက်နေသည့် ကြောင်ပေါက်လေးတစ်ကောင်မှ ၎င်း၏လက်သည်းများကို ဝှေ့ယမ်းပြနေသကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။
ဖုကျွင်း ယခုကဲ့သို့ ဒေါသထွက်သည်မှာလည်း အဆန်းတော့မဟုတ်။ တကယ်တော့ နဂါးကျောင်းတော်သည် သေဆုံးသွားသောမျိုးဆက်အဆက်ဆက်မှ ပထမအကြီးအကဲများ ခိုနားရာနေရာပင် မဟုတ်လေလော။ ဤနေရာသည် နဂါးကလန်၏ အုတ်မြစ်ဖြစ်သလို နဂါးကလန်၏သွေးမျိုးဆက်ကို ဆက်လက်တည်တံ့အောင်လုပ်ဖို့ နေရာတစ်ခုလည်း ဖြစ်ပေသည်။ ထိုအကြီးအကဲများ သေဆုံးသွားကုန်ကြပြီးသည့်နောက်တွင် သူတို့၏အသိစိတ်မှာ ပျောက်ကွယ်သွားကြရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲမှာ ထိုအကြီးအကဲများအား မည်ကဲ့သို့ဆင့်ခေါ်ရမလဲဆိုသည်ကို မသိကြသလို မည်သည့်နည်းစနစ်အကူအညီနှင့်မျှလည်း ထိုအကြီးအကဲများကို ဆင့်ခေါ်နိုင်ခြင်း မရှိကြပေ။
သို့သော်ငြား ရန်ကိုင်မှ အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ယခင်မျိုးဆက်အဆက်ဆက်၏ ပထမအကြီးအကဲအားလုံး မိန်းမောအိပ်စက်နေရာမှ နိုးထလာကုန်ကြလေသည်။ ဤအဖြစ်အပျက်သည် နဂါးကလန်အတွက်တော့ အရှက်ရစရာပင်။
မိုဟွမ်သည်လည်း ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်နေခဲ့လေသည်။ ဤလူငယ်လေးမှာ ယခုကဲ့သို့ပင် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိခဲ့။ ထို့နောက်တွင် ရန်ကိုင်၏ခေါင်းထက်၌ ဝဲနေသော ရွှေရောင်နဂါးအား လှမ်း၍ ကြည့်လိုက်လေသည်။ ရန်ကိုင် ယခုကဲ့သို့ လုပ်နိုင်ရခြင်းမှာ ထိုရွှေနဂါးကြောင့်ဖြစ်ရမည်မှန်း သူသိနေခဲ့သည်။
“ခင်ဗျားတို့က ကျုပ်ကို ရွေးစရာမရှိအောင်လုပ်တာကိုး…” ရန်ကိုင်သည် ဖုကျွင်းအား စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ သို့သော်ငြား ဖုကျွင်းအား သွားရောက်ဖိအားပေးနေခြင်းတော့မရှိခဲ့ပေ။ ရွေးစရာမရှိတော့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်အနေဖြင့် ဤကဲ့သို့ အုတ်အုတ်ကျက်ကျက်ဖြစ်အောင်လည်း လုပ်ချင်မိလိမ့်မည်မဟုတ်။
နဂါးကျောင်းတော်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကိုယ်ထဲတွင်ရှိနေသော ရွှေနဂါးအမြုတေ စတင်၍ လှုပ်ရှားလာကြောင်းကို ရန်ကိုင်သတိထားမိလိုက်သည်။ မသိလျှင် ရွှေနဂါးအမြုတေသည် ဤကျောင်းတော်ကြီးနှင့် တစ်နည်းတစ်ဖုံ ဆက်သွယ်နေသည့်အလား။ ရွှေနဂါးအမြုတေကို အသက်သွင်း၍ နဂါးကျောင်းတော်ထဲရှိ ဘိုးဘေးများကို ဆင့်ခေါ်နိုင်မှန်းကိုလည်း ရန်ကိုင်သေချာမသိပေ။ အမှုမဲ့အမှတ်မဲ့ဖြင့် စမ်းကြည့်လိုက်ရုံသာ ရှိပေသည်။
“ရွေးစရာမရှိလို့…” ဖုကျွင်းက လှောင်ပြုံးပြုံးလျက် “ကဲ… နင် အခု ဘာလုပ်ချင်တာလဲ… ငါတို့အားလုံးကို သတ်ပစ်ချင်တာလား…”
“အဲ့ဒါလည်းမဆိုးဘူး… ခင်ဗျားတို့နဲ့ ကျုပ်ကြားမှာ ရန်ငြိုးရန်စတွေ ရှိနေပြီဆိုတော့ ခင်ဗျားတို့အားလုံး ကျုပ်ကို ပြဿနာလာမရှာခင် ပြဿနာတွေကို တစ်ခါတည်း အမြစ်ပြတ်ရှင်းထုတ်လိုက်တာ အကောင်းဆုံးပဲ…” ထိုသို့ပြောနေရင်းမှ ရန်ကိုင်သည် နဂါးအုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။
ရန်ကိုင်၏အကြည့်ကို ခံစားမိလိုက်သည့်အခိုက် နဂါးအားလုံး ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။ ဖုကျွင်းကမူ ထီမထင်ဟန်ဖြင့်သာ ရန်ကိုင်ကို ပြန်၍ စိုက်ကြည့်နေခဲ့လေ၏။ ပထမအကြီးအကဲကျုယန်၏အမူအယာမှာမူ လေးနက်တည်ကြည်နေခဲ့လေသည်။
ရန်ကိုင်သည်သာ နဂါးကျောင်းတော်၏အကူအညီဖြင့် သူတို့အား တိုက်ခိုက်ရန် ကြိုးစားလာမည်ဆိုပါက ကျုယန်နှင့် ဖုကျွင်းသည်သာ ရန်ကိုင်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် မသတ်ပစ်နိုင်သရွေ့ သူတို့နှစ်ဦး အတူပူးပေါင်းမည်ဆိုလျှင်ပင် ဤနေရာမှ ထွက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။
သို့သော်ငြား ယခင်မျိုးဆက်အဆက်ဆက်မှ ပထမအကြီးအကဲများ၏ရှေ့မှောက်တွင် ရန်ကိုင်အား သတ်ဖို့ရာမှာ လုံးဝမဖြစ်နိုင်ပေ။ နဂါးကျောင်းတော်၏စွမ်းအား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို သူတို့ သေချာသိထားကြပေသည်။
ဤနဂါးကျောင်းတော်ထဲတွင် ထူးဆန်းသည့်စွမ်းအားတစ်ရပ် ကိန်းအောင်းနေခဲ့ပြီး ထိုစွမ်းအားကြောင့်ပင်လျှင် နဂါးကျောင်းတော်မှာ ပြိုင်ဘက်ကင်းနေရလေသည်။
မိုဟွမ်မှာ ရန်ကိုင်အား ဖျောင်းဖျရန် ဆုံးဖြတ်လိုက်လေသည်။ သူ့အနေဖြင့် နဂါးကလန်ကို ကြည့်မရသော်ငြား နဂါးကလန်သားအားလုံးကို သတ်ပစ်လိုစိတ် သူ့ဆီ တစ်ခါမှ ပေါ်မလာခဲ့ဖူးပေ။ တကယ်တော့ သူတို့ကြား တကယ့်သွေးကြွေးမှ မရှိလေပဲ။ ရန်ကိုင်ကမူ မည်ကဲ့သို့လုပ်မလဲဆိုသည်ကို သူမသိ။ ဖုကျွင်းပြောသည့်အတိုင်းသာ ရန်ကိုင်လုပ်လိုက်မည်ဆိုလျှင်တော့ အကျိုးဆက်မှာ မတွေးရဲစရာပင်။
မည်သို့ပင်ဖြစ်စေကာမူ နဂါးကလန်ပျောက်ကွယ်သွားမည်ကို မိုဟွမ်မမြင်လိုပေ။ နဂါးကျောင်းတော်သည် နဂါးကလန်တည်တံ့နေရခြင်း၏ အခြေခံအုတ်မြစ်များအနက် တစ်ခုဖြစ်လေရာ နဂါးကလန်သည်သာ နဂါးကျောင်းတော်ကြောင့် ပျက်စီးသွားရမည်ဆိုပါက ဤအဖြစ်အပျက်သည် သမိုင်းကြောင်းတစ်လျှောက် အရယ်ရဆုံးသော ဟာသပျက်လုံးတစ်ခု ဖြစ်လာရပေလိမ့်မည်။
သို့သော်ငြား မိုဟွမ် ဘာမှဝင်မပြောရသေးခင်မှာပင် ရန်ကိုင်သည် သူ၏သတ်ဖြတ်လိုစိတ်ကို ပြန်ရုတ်သိမ်းလျက် ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားတို့အားလုံးက ချင်းအာရဲ့မိသားစုတွေဆိုတော့ ကျုပ်လည်း ခင်ဗျားတို့ကို ထိခိုက်အောင် မလုပ်ချင်ဘူး… ဒီတော့ ဘာဖြစ်လို့ အေးအေးဆေးဆေး စကားထိုင်မပြောကြတာလဲ… ဘယ်လိုထင်လဲ ပထမအကြီးအကဲ…”
ကျုယန်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေသည်။ “ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် အားကောင်းတဲ့လူကပဲ နောက်ဆုံး ဆုံးဖြတ်ခွင့်ရကြတာ… ဒီနေရာက မင်းနေရာဆိုမှတော့ မင်းပြောတဲ့အတိုင်းလုပ်ရုံပဲရှိတာပေါ့…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ပထမအကြီးအကဲကိုကြည့်ရာ ကျုပ်ကို သိပ်မကျေနပ်သလိုပဲနော်… ဒါပေမယ့် ကိစ္စမရှိပါဘူးလေ… ကျုပ်ဆန္ဒကတော့ အဆင့်နိမ့်ကြယ်စီရင်စုဆီ ဆင်းသွားချင်ရုံပဲ… အခြား ဘာမှမတောင်းဆိုချင်ဘူး… ဒီတော့ အကြီးအကဲတို့ ကျုပ်တောင်းဆိုတာကို သဘောတူမယ်လို့ မျှော်လင့်ပါတယ်… အင်း… အကြီးအကဲတို့အားလုံးက တိတ်နေတယ်ဆိုတော့ သဘောတူတယ်လို့ ကျုပ်ယူဆလိုက်မယ်နော်… အင်း… ပထမအကြီးအကဲက တကယ်ကို ပြောလို့ဆိုလို့ကောင်းတဲ့လူပဲ… ကျေးဇူးအများကြီးတင်ပါတယ် ပထမအကြီးအကဲ…”
ရန်ကိုင်ကိုကြည့်ရင်း ကျုယန်၏နှုတ်ခမ်း မဲ့သွားခဲ့ပြီး ချက်ချင်းပဲ မျက်လွှာချလိုက်တော့လေသည်။ (မင်းဘာသာမင်း တစ်ယောက်တည်းပဲ စွတ်ပြောပြီးတော့ မင်းဘာသာမင်း တစ်ယောက်တည်းသဘောတူနေတာ… ငါက ဘာပြောရသေးလို့လဲ…)
ဝူခွမ်းဖန်တီးသွားသော ဟင်းလင်းပြင်လိုဏ်ခေါင်းမှာ မကြာမီပင် ပြန်ပိတ်ပေတော့မည်။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် အချိန်သာဆွဲနေမည်ဆိုလျှင်ပင် သူ့အနေဖြင့် အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ပြန်သွားနိုင်တော့လိမ့်မည်မဟုတ်ချေ။
ထို့နောက်တွင် ရန်ကိုင်သည် ကျုချင်းဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “နင် ဒီမှာနေခဲ့…”
ကျုချင်းမှာ တစ်ခုခုပြောရန် လုပ်လိုက်ပါသော်ငြား ရန်ကိုင်သည် ကျုချင်းဆီသို့ လျှောက်သွားလိုက်ပြီး လူအများအားလုံး၏ရှေ့ရှေ့တည့်တည့်မှာပင် ကျုချင်းအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်း၍ သူမ၏နှုတ်ခမ်းဖူးဖူးလေးကို ကောက်နမ်းချလိုက်လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်း၏အမူအယာများ ကသိကအောက် ဖြစ်သွားကုန်ကြလေသည်။ လူမြင်ကွင်းရှေ့တည့်တည့်တွင်ပင် ယခုကဲ့သို့ လုပ်ရပ်မျိုးကို လုပ်ရဲရလေအောင် ဤကောင်လေးသည် တကယ်ကို အရှက်မရှိပါလေတကားဟုလည်း သူတို့စိတ်ထဲ တွေးမိသွားကြလေသည်။
နှုတ်ခမ်းချင်းနမ်းနေစဉ်အတောအတွင်း ကျုချင်းမှာ စကားတစ်ခွန်းပင် မပြောနိုင်ခဲ့။ နှုတ်ခမ်းချင်းခွာလိုက်သည့်အခါမှသာ ကျုချင်း ရှက်ရှက်ဖြင့် ခေါင်းငုံ့သွားခဲ့လေသည်။ ရန်ကိုင်သည် ကျုချင်း၏နားနားသို့ကပ်၍ တိုးတိုးလေးပြောလိုက်လေ၏။ “ငါ့ကိုစောင့်နေ…”
သူ့အနေဖြင့် ကျုချင်းအား မခေါ်သွားချင်သည်မဟုတ်။ သူသွားမည့်လမ်းမှာ မသေချာမရေရာ ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ထို့အပြင် ဖုချီမှာ သေသွားပြီဖြစ်လေရာ ကျုချင်းအား နဂါးကျွန်းတွင်ထားခဲ့၍လည်း ကိစ္စမရှိလောက်ပေ။
ထို့နောက်တွင် ရန်ကိုင်သည် ဖုကျွင်းကိုကြည့်၍ ပြောလိုက်လေ၏။ “ဒုတိယအကြီးအကဲ… ဒီနေ့ကိစ္စအတွက် ကျုပ် တကယ်ကို တောင်းပန်ပါတယ်… ခင်ဗျားလည်း ကျုပ်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်… ဘာပဲဖြစ်ဖြစ် ကျုပ်က ငယ်သေးတော့ အခုလိုမျိုး တဇွတ်ထိုးတွေ လုပ်မိတာမို့လို့ အကြီးအကဲ ကျုပ်ရဲ့လုပ်ရပ်တွေကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်… ကျုပ်ကိစ္စတွေအားလုံး ပြီးသွားလို့ရှိရင် တစ်နေ့ကျ ဒီကိုပြန်လာပြီးတော့ အကြီးအကဲကို တောင်းပန်ပါမယ်…”
ကျုချင်းအား ဤနေရာတွင် ထားခဲ့ရမည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဖုကျွင်းအား အနည်းငယ်စိတ်ပြေသွားအောင်တော့ လုပ်ပေးရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက ဒုတိယအကြီးအကဲသည် သူ့မိန်းမကို ပြဿနာရှာနိုင်ပေသည်။
မည်သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ပြောသွားသည့်စကားသည် တောင်းပန်ရုံသာလျှင်မဟုတ်ဘဲ ခြိမ်းခြောက်သည့်ပုံစံမျိုးလည်း ပေါက်နေပေသေးသည်။ ရန်ကိုင်သည် နဂါးကျွန်းဆီသို့ တစ်ကြိမ်ဖောက်ဝင်လာဖူးသွားပြီ ဖြစ်သည့်အတွက်ကြောင့် နောက်တစ်ကြိမ် ဝင်မလာနိုင်စရာအကြောင်းမရှိ။ သူထွက်သွားပြီးသည့်နောက် ကျုချင်းသည်သာ မမျှမတ ဆက်ဆံခံရမည်ဆိုလျှင် ရန်ကိုင်အနေဖြင့် နဂါးကျွန်းဆီသို့ ပြန်လာပြီး ပြဿနာရှာနိုင်ပေသည်။ ထိုသို့ဖြစ်လာသည့်အခါ ရန်ကိုင်သည် တောင်းပန်ရန်အတွက် ရောက်လာခြင်းမဟုတ်တော့ဘဲ နဂါးအားလုံးကို အပြစ်ပေးရန်အတွက် ရောက်လာခြင်းသာ ဖြစ်ပေလိမ့်မည်။
ရန်ကိုင် ဘာပြောချင်နေသလဲဆိုသည်ကို နားလည်သည့်အလား ဖုကျွင်းကမူ နှာခေါင်းသာ ရှုံ့လိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် မိုဟွမ်၏ရင်ခွင်ထဲတွင်ရှိနေသော ဖုရွှမ်းဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေ၏။ “ကူညီပေးခဲ့တာတွေအားလုံးအတွက် တတိယအကြီးအကဲကို ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမယ့် အခုမှ ရုတ်တရက်ကြီး ဗြုန်းစားကြီးတွေ့လိုက်ရတာဆိုတော့ ဒုတိယအကြီးအကဲအတွက် ဘာမှ မပြင်ဆင်ထားလိုက်ရဘူး… ဒါကြောင့် ဒါလေးကိုပဲ ကျေးဇူးတင်လက်ဆောင်အဖြစ် လက်ခံပေးပါနော်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ဟင်းလင်းပြင်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဖုရွှမ်းဆီသို့ လျှပ်စီးတမျှအမြန်နှုန်းဖြင့် တိုးဝင်သွားလေ၏။
ထိုအလင်းတန်းကိုမြင်သော် မိုဟွမ် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူ့အနေဖြင့် ထိုအလင်းတန်းကို တားချင်လျှင် တားလိုက်၍ရပါသော်ငြား ရန်ကိုင်သည် သူ့မိန်းမအပေါ် မည်သည့်မကောင်းသည့်ရည်ရွယ်ချက်မှ ရှိမနေမှန်း သိထားသည့်အတွက်ကြောင့် ဤအတိုင်းသာ ရပ်ကြည့်နေလိုက်လေသည်။
အလင်းတန်း ဖုရွှမ်း၏ကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားပြီးသည့်နောက်တွင် တစ်ခုခုအက်ကွဲသွားသည့်အသံ ထွက်ပေါ်လာခဲ့လေသည်။
ထိုသို့ဖြစ်သွားပြီးသည့်နောက် ဖုရွှမ်း၏ ဖြူလျော်နေသည့်မျက်နှာလေးမှာ တဖြည်းဖြည်းနှင့် ပြန်လည်ဝင်းပလာတော့လေသည်။ ထို့နောက် ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် လှမ်းကြည့်လိုက်လေ၏။
ရန်ကိုင်ကလည်း ခေါင်းပြန်ညိတ်ပြလိုက်ပြီးသည့်နောက်တွင် ဆက်၍တုံ့ဆိုင်းမနေတော့ဘဲ ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်ပျောက်ကွယ်သွားပြီးသည့်နောက်တွင် နဂါးကလန်၏ ယခင်မျိုးဆက်အသီးသီးမှ ပထမအကြီးအကဲများလည်း တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွားကုန်ကြလေ၏။
နဂါးကျောင်းတော်တစ်ခုလုံးအား လွှမ်းခြုံနေသည့် ကြောက်မက်ဖွယ်ရာနဂါးဖိအားမှာလည်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအခါမှသာလျှင် နဂါးကလန်သားအားလုံး အသက်ဝဝ ရှူနိုင်ကြတော့လေသည်။
မိုဟွမ်သည် အံ့အားသင့်နေဟန်ဖြင့် ဖုရွှမ်အား မျှော်လင့်တကြီးဖြင့် ကြည့်လျက် မေးလိုက်လေသည်။ “သူလုပ်သွားတာက…”
ဖုရွှမ်းက အသာအယာ ခေါင်းညိတ်လျက် “နဂါးချုပ်စည်း ပျက်သွားပြီ…”
နဂါးချုပ်စည်းသည် နဂါးကလန်သားများကို အပြစ်ပေးရာတွင် အသုံးပြုသည့် နဂါးကလန်၏ လျှို့ဝှက်နည်းစနစ်များအနက် တစ်ခုဖြစ်ပေသည်။ နဂါးချုပ်စည်း ခတ်နှိပ်ခံလိုက်ရသည့် မည်သည့်နဂါးမဆို ၎င်းတို့၏အမြုတေမှာ ဖိနှိပ်ခြင်း ခံရပေလိမ့်မည်။
ဖုရွှမ်းအား နဂါးသင်္ချိုင်းထဲသို့ ပစ်ထည့်ထားစဉ်က သူမ၏အမြုတေမှာလည်း နဂါးချုပ်စည်းဖြင့် ဖိနှိပ်ခြင်း ခံခဲ့ရပေသည်။
ထိုလျှို့ဝှက်နည်းစနစ်သည် အပြစ်လုပ်ထားသောနဂါးကလန်သားများကို အပြစ်ပေးရုံအတွက်သက်သက်သာလျှင် မဟုတ်ဘဲ ထိုနဂါးချုပ်စည်း ခတ်နှိပ်ခံထားရသည့်လူများသည် အပြစ်သားများဖြစ်ကြောင်းကိုလည်း ဖော်ပြနေပေသည်။ မိုဟွမ်သည်ပင်လျှင် ထိုနဂါးချုပ်စည်းအား ဖယ်ရှားနိုင်ခြင်းမရှိပေ။
သူ့အနေဖြင့် ဖုရွှမ်းအား နဂါးသင်္ချိုင်းထဲမှ ကယ်ထုတ်သွားနိုင်ပါသော်ငြား ဖုရွှမ်း တဖြည်းဖြည်း အားနည်းလာသည်ကိုတော့ တားဆီးနိုင်ခဲ့ခြင်း မရှိပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၇၈)
ဘာသာပြန်သူ_တိမ်တိုက်
တစ်ခါတစ်လေတွင်တော့ ကံကောင်းမှုများသည် မမျှော်လင့်ထားသည့် အခါမျိုးတွင်မှ ရောက်လာတတ်ကြပေသည်။
မိုဟွမ်မှာ နဂါးကလန်၏ လျှို့ဝှက်နည်းစနစ်ကို မဖယ်ရှားနိုင်ခဲ့ပါသော်ငြား ရန်ကိုင်ကမူ ထိုနည်းစနစ်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင်တော့ မိုဟွမ်မှာ အလွန်ကိုမှ ပျော်ရွှင်မြူးထူးနေခဲ့ရလေသည်။ မူလကမူ မိုဟွမ် ရန်ကိုင်အပေါ် သိပ်၍ အမြင်မကြည်ခဲ့ပေ။ ထိုကြောင့်သာ မဟုတ်လျှင် ဂျူနီယာတစ်ဦးဖြစ်သော ရန်ကိုင်အပေါ် ထိုကဲ့သို့ ဆက်ဆံခဲ့လိမ့်မည် မဟုတ်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ရန်ကိုင်အပေါ် အလွန်ကိုမှ ကျေးဇူးတင်နေမိလေကာ ယနေ့အကြွေးကို တစ်နေ့နေ့ကျ ပြန်ဆပ်ရမည်ဟုပင် စိတ်ထဲ တွေးထားခဲ့လေသည်။
နဂါးချုပ်စည်း မရှိတော့ပြီ ဖြစ်သည့်အတွက်ကြောင့် ဖုရွှမ်းမှာ အပြစ်သားတစ်ဦး မဟုတ်တော့လေရာ နဂါးသင်္ချိုင်းထဲတွင် အကျဉ်းကျခံနေစရာ မလိုတော့ပေ။
စိတ်ပိုင်းဖြတ်ပြီးသည့်နောက်တွင် မိုဟွမ်သည် ကျုယန်နှင့် ဖုကျွင်းဘက်သို့ လှမ်း၍ ကြည့်လိုက်လေသည်။ ယနေ့ မည်သို့ပင် ဖြစ်နေစေကာမူ သူ့အနေဖြင့် ဖုရွှမ်းနှင့်အတူ ထွက်သွားရပေလိမ့်မည်။ အကြီးအကဲနှစ်ဦးသည်သာ သူ့အား ဆက်တားနေဦးမည် ဆိုလျှင်တော့ မိုဟွမ်အနေဖြင့် ထိုအကြီးအကဲနှစ်ဦးနှင့် တိုက်ခိုက်ရုံသာ ရှိပေတော့မည်။
မိုဟွမ်ခဗျာ ဖုရွှမ်းအား အတော်လေးကိုမှ လွမ်းဆွတ်မိသလို လွန်ခဲ့သည့် နှစ်များအတွင်း ဖုရွှမ်း ခံစားခဲ့ရသည်များအတွက် သူ့ကိုယ်သူလည်း အပြစ်တင်နေမိလေသည်။ ထိုအတွက်ကြောင့် ယနေ့တွင်တော့ ဖုရွှမ်းအား နောက်တစ်ကြိမ် ထားခဲ့တော့လိမ့်မည် မဟုတ်။
အကြီးအကဲနှစ်ဦးဘက်သို့ လှမ်း၍ ကြည့်လိုက်သည့်အခိုက် ကျုယန်နှင့် ဖုကျွင်းတို့မှာ နဂါးချုပ်စည်း ပြေသွားသည့်အပေါ် မည်သို့မျှ တုံ့ပြန်မလာသဖြင့် မိုဟွမ် ကြိတ်၍ စိတ်သက်သာရာ ရသွားခဲ့လေသည်။ လက်ရှိအချိန်တွင် အကြီးအကဲများမှာ ဟင်းလင်းပြင် လိုဏ်ခေါင်းကိုသာ မမှိတ်မသုန် စိုက်ကြည့်နေကြလေ၏။
ကျုချင်းသည်လည်း ဟင်းလင်းပြင် လိုဏ်ခေါင်းကိုသာ ကြည့်နေလေသည်။
ဟင်းလင်းပြင် လိုဏ်ခေါင်း ပျောက်ကွယ်ပြီးသည့်နောက်မှသာ ကျုယန်သည် မိုဟွမ်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ "ဝူခွမ်း ထွက်ပြေးသွားပြီ၊ အခြားသူတွေ သတိထားလို့ရအောင် ငါတို့ ဒီကိစ္စကို လိုက်အကြောင်းကြားရမယ်၊ အထူးသဖြင့် ကြယ်တာရာရုံးတော်ပဲ"
မိုဟွမ်က ခေါင်းညိတ်လိုက်လေသည်။ "ရတယ်၊ ကျုပ်ကိုယ်တိုင် ကြယ်တာရာရုံးတော်ဆီ သွားပြီးတော့ သံမဏိသွေးနဲ့ အခုကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သွားတိုင်ပင်လိုက်မယ်"
ကျုယန်က ဆက်ပြောလိုက်လေသည်။ "ဒီကိစ္စမှာ နဂါးကလန် အပြစ်မကင်းဘူးဆိုတော့ မင်းတို့ တစ်ခုခုလိုတယ်ဆိုရင် ငါတို့ကို ပြောသာပြောလိုက်"
"ပထမအကြီးအကဲက အခုလိုပြောတယ်ဆိုမှတော့ နောက်ပိုင်း အကူအညီလိုရင် ပထမအကြီးအကဲဆီကနေ လာတောင်းရမှာပေါ့၊ အခုတော့ သွားလိုက်ပါဦးမယ်" ထိုသို့ ပြောပြီးသည့်နောက် မိုဟွမ်သည် ဖုရွှမ်းနှင့်အတူ ထွက်သွားရန် ပြင်လိုက်လေသည်။
ထိုအခါ ဖုကျွင်းက ရုတ်တရက် ကောက်တားလိုက်လေ၏။ "နင် ထွက်သွားလို့တော့ ရတယ်၊ ဒါပေမဲ့ ဖုရွှမ်းကိုတော့ ထားခဲ့မှရမယ်"
မိုဟွမ် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ "ဒုတိယအကြီးအကဲ ကျုပ်နဲ့ တိုက်ခိုက်ချင်နေသေးတာလား"
မိုဟွမ် အမှန်တကယ်ကို ဒေါသူပုန် ထနေခဲ့လေသည်။ ဖုကျွင်းသည်သာ သူ့မိန်းမနှင့် သူ့အား ဤမျှ ခက်ခဲအောင် လုပ်နေမည် ဆိုလျှင်တော့ သူ့ဘက်မှလည်း အနည်းငယ်မျှပင် ညှာတာနေတော့မည် မဟုတ်ဘဲ နဂါးကျွန်းတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် လုပ်ပစ်ရပေလိမ့်မည်။
သို့ပင်ဖြစ်လင့်ကစား ဖုကျွင်းမှာမူ မျက်နှာသေ အမူအရာဖြင့်သာ ပြန်၍ ပြောလိုက်လေ၏။ "ဖုရွှမ်းရဲ့ အုတ်မြစ်က ဖိနှိပ်ခံထားရတာ ကြာတော့ တော်တော်လေး ထိခိုက်နေပြီ၊ ငါတို့ နဂါးကျွန်းမှာ သူ့အုတ်မြစ်ကို ပြန်ကောင်းလာအောင် လုပ်ပေးနိုင်တဲ့ လျှို့ဝှက်နည်းတစ်ခု ရှိတယ်၊ နင်တို့ စိတ်ဝိညာဉ်သားရဲကျွန်းမှာ အဲလိုနည်းစနစ်မျိုး ရှိလား၊ ရှိတယ်ဆိုရင်တော့ ခေါ်သွားလိုက်၊ ငါ နင့်ကို မတားဘူး"
ထိုစကားကို ကြားကြားချင်း မိုဟွမ် ကြောင်သွားခဲ့လေသည်။ ထို့နောက် ဝမ်းသာအားရ အမူအရာဖြင့် ပြန်၍ ပြောလိုက်လေ၏။ "ကျုပ် သိသွားပြီ၊ ဒုတိယအကြီးအကဲက ဒါကို ပြောချင်တာကိုး"
ဖုကျွင်းက အေးစက်စက် လေသံဖြင့် မေးခွန်းထုတ်လိုက်လေသည်။ "ဒါဆိုရင် ငါက ဘာကို ပြောချင်တယ်လို့ နင် ထင်နေလို့လဲ"
မိုဟွမ်က ချောင်းဟန့်လျက် ခေါင်းညိတ်ရင်းမှ... "အင်း ဟုတ်တယ်နော်၊ အဲဒါဆိုရင်တော့ ဖုရွှမ်း နင် ဒီမှာပဲ နေခဲ့လိုက်ပေတော့၊ ငါ အခု ကြယ်တာရာရုံးတော်ဆီ သွားလိုက်ဦးမယ်၊ ပြန်လာတော့မှပဲ ရှောင်ချီကို ခေါ်ပြီး နင့်ကိုလာတွေ့မယ်" ထိုသို့ ပြောပြီးသည့်နောက် ဖုကျွင်းအား တစ်ချက် လှမ်းကြည့်လိုက်လေသည်။ ဖုကျွင်းသည် မျက်မှောင်သာ ကြုတ်နေခဲ့ပြီး ငြင်းဆန်မည့် အရိပ်အယောင် မပြသည်ကို မြင်သော် မိုဟွမ် ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။
ကြည့်ရသလောက် ယနေ့တွင် ရန်ကိုင်ကြောင့် ဖုကျွင်းမှာ အတော်လေးကိုမှ ပြောင်းလဲသွားခဲ့ရသည့်ပုံပင်။ ပုံမှန် အခြေအနေမျိုးသာ ဆိုလျှင်တော့ ဖုကျွင်းသည် သူတို့အား တောက်လျှောက်ကို လိုက်တားနေပေလိမ့်ဦးမည်။ ယခုအချိန်တွင်တော့ ဖုကျွင်းသည် မိုဟွမ်မှ သူ့သမီးအား နဂါးကျွန်းဆီသို့ ခေါ်လာရန် ပြောသည့်ကိစ္စအပေါ် သဘောမတူခဲ့ပါသော်ငြား ငြင်းလည်း မငြင်းခဲ့ပေ။
ယခင်က ဖုကျွင်းဆိုလျှင် ယခုကဲ့သို့ ငြိမ်နေလိမ့်မည် မဟုတ်။
ရှောင်ချီ အကြောင်း ပြောလာသော် ဖုရွှမ်း၏ အကြည့် တောက်ပသွားခဲ့ပြီး ခေါင်းပြန်ညိတ်ပြလိုက်လေ၏။ "အင်း"
"ငါ့ကို စောင့်နေ" မိုဟွမ်သည် ဖုရွှမ်း၏ မျက်နှာလေးကို အသာအယာ ပွတ်ပေးလိုက်လေသည်။ သို့သော်ငြား လူအများရှေ့တွင်တော့ ရန်ကိုင်ကဲ့သို့ ဖုရွှမ်းအား သွားမနမ်းရဲခဲ့ပေ။ [ဟူး၊ အဲဒီကောင်က တကယ်ရဲတာပဲကွ]
ထို့နောက်တွင် နဂါးကျောင်းတော်ထဲမှ လျှောက်ထွက်သွားလေ၏။
မိုဟွမ် ထွက်သွားပြီးသည့်နောက် ကျုချင်းသည် ဖုရွှမ်းအား သွား၍ ကူမပေးထားလိုက်လေသည်။ နဂါးမလေးနှစ်ဦးစလုံးမှာ အဆင့်တူ အဖြစ်နှင့် ကြုံတွေ့ခဲ့ရသည့်အတွက်ကြောင့် နှစ်ဦးသားမှာ မပြောမဆိုနှင့် တစ်ဦးနှင့်တစ်ဦး ပိုမို၍ ရင်းနှီးလာကြလေ၏။
...
မြောက်မြားလှစွာသော ကြယ်များ တလက်လက် တောက်ပနေသည့် ကြယ်တာရာ ကောင်းကင်ကြီးထဲဝယ် အနက်ရောင် ကြယ်သင်္ဘောတစ်စီးသည် အမှောင်ထုထဲ ကူးလူးသွားလာနေခဲ့လေသည်။ ထိုသင်္ဘောသည် မီတာသုံးရာခန့် အလျားရှိပြီး ရှည်သွယ်သည့် ပုံစံကို ပိုင်ဆိုင်ထားခဲ့ပေသည်။ ကြယ်သင်္ဘော၏ အရွယ်အစားမှာ အတော်လေးကိုမှ ကြီးမားလှပါသော်ငြား ထိုကြယ်သင်္ဘော သွားနေသည့်နှုန်းမှာတော့ အတော်လေးကိုမှ မြန်ပေသည်။
လက်ရှိအချိန်တွင် ကြယ်သင်္ဘော၏ အနီးပတ်ပတ်လည်၌ မြောက်မြားလှစွာသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ရှိနေကြလေသည်။ တစ်ခါတစ်ရံ အချို့သော ဂြိုဟ်သိမ်ဂြိုဟ်မွှားများမှာ ကြယ်သင်္ဘောအား လာရောက် ထိမှန်ကြပါသော်ငြား ကြယ်သင်္ဘောမှာမူ ဘာမျှ ဖြစ်မသွားခဲ့ဘဲ မီးပွင့်ရုံလေးသာ ပွင့်သွားခဲ့လေသည်။ အရွယ်အစား သေးငယ်သည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများသည် ဤကဲ့သို့သော ကြယ်သင်္ဘောမျိုးကို ဘာဆိုဘာမျှ ဖြစ်အောင် မလုပ်နိုင်ပေ။ အရွယ်အစား ကြီးမားလှသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများသည်သာ ကြယ်သင်္ဘောအား လှုပ်ခါသွားအောင် လုပ်နိုင်ကြလေသည်။ သို့သော်ငြား လှုပ်ရုံလေး လုပ်နိုင်ရုံလေးသာ ဖြစ်ကြပြီး ကြယ်သင်္ဘောကို ထိခိုက်အောင် လုပ်နိုင်ခြင်းတော့ မရှိပေ။
ကြယ်သင်္ဘောထဲဝယ် တဝီဝီ မြည်သံများကို နေရာအနှံ့ဆီမှ ကြားနေကြရလေသည်။ ထိုအသံများမှာတော့ အစီအရင်များ အသက်ဝင်နေရာမှ ထွက်ပေါ်လာသည့် အသံများ ဖြစ်ကြပေသည်။ ထိန်းချုပ်ခန်းထဲဝယ် ကျင့်ကြံသူတစ်အုပ်သည် ပြတင်းပေါက်မှတစ်ဆင့် သူတို့၏ ကြယ်သင်္ဘော အနီးတစ်ဝိုက်တွင် ရှိနေသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို ကြည့်ရင်း ဇောချွေးပြန်နေကြလေ၏။
[တကယ်ကြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကြီးပဲဟ]
ကြယ်သင်္ဘောများနှင့် ကြယ်စီရင်စုကြီးထဲ ခရီးသွားလာကြသည့်အခါ ခရီးသွားများ အကြောက်ရဆုံးသော အရာနှစ်ခု ရှိပေသည်။ တစ်ခုမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ဖြစ်ပြီး နောက်တစ်ခုမှာတော့ အာကာသ မုန်တိုင်း ဖြစ်ပေသည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်သည် အရမ်းကြီးတော့ ပြဿနာမရှိပေ။ သေသေချာချာ ထိန်းကျောင်း၍ မောင်းနှင်သွားမည်ဆိုပါက ထိုအရာများကို ရှောင်ရှားနိုင်ပေသည်။ ပြောသာပြောရပါသော်ငြား အချို့သော အရွယ်အစား ကြီးမားလွန်းလှသည့် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကြီးများကိုမူ ရှောင်ရှား၍ မဖြစ်နိုင်ကြပေ။ သို့သော်ငြား ထိုကဲ့သို့သော ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်များကို တွေ့နိုင်ခြေမှာလည်း အလွန်ကိုမှ နည်းပါးလှပေသည်။
အာကာသ မုန်တိုင်းများမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းသည့်အရာများ ဖြစ်ကြသည်။ ထိုအရာများသည် ကြယ်သင်္ဘောတစ်စီးလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည့် အရာများ ဖြစ်ကြပေသည်။ ဤမီတာသုံးရာခန့် အလျားရှိသော ကြယ်သင်္ဘောကြီးသည်သာ အာကာသ မုန်တိုင်းထဲသို့ ရောက်သွားမည် ဆိုပါက သင်္ဘောထဲတွင် ရှိနေသည့် လူအားလုံး ကံဆိုးမိုးမှောင် ကျလေပြီ။
လွန်ခဲ့သော နှစ်များအတွင်း ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်များနှင့် ကြယ်တာရာ မုန်တိုင်းများကြောင့် ပျက်စီးသွားရသည့် ကြယ်သင်္ဘောများမှာ မနည်းလှချေ။
ယနေ့သည် ဤကြယ်သင်္ဘောအတွက်မူ ကံဆိုးသည့် နေ့တစ်နေ့ ဖြစ်နေခဲ့လေသည်။ သင်္ဘောပေါ်တွင် ပညာရှင်ပေါင်းများစွာ ပါလာခဲ့ကြပြီး သူတို့၏ ကြယ်မြေပုံသခင်မှာလည်း သင်္ဘောသွားရန်အတွက် လမ်းကြောင်းတစ်ခု စီစဉ် ပေးထားခဲ့လေသည်။ ပုံမှန်အားဖြင့် သူတို့အနေဖြင့် ယခုကဲ့သို့သော အန္တရာယ်မျိုးနှင့် မကြုံရသင့်ပါသော်ငြား ကံမကောင်း အကြောင်းမလှစွာဖြင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်တစ်ခုဖြင့် တည့်တည့် လာတိုးလေရာ သူတို့အနေဖြင့် ထိုအရာကို ဖြတ်သွားရုံသာ တတ်နိုင်ကြတော့လေသည်။
လက်ရှိအချိန်တွင် သင်္ဘောဝမ်းတွင်းထဲ၌ တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ရှိနေခဲ့လေသည်။ ထိုအမျိုးသမီးသည် အသက် နှစ်ဆယ်လောက်သာ ရှိသေးမည့်ပုံပေါက်ပြီး အနက်ရောင် ဆံပင်ကို ပိုင်ဆိုင်ထားကာ လက်ရှိအချိန်တွင်တော့ အခြားသော သူများအား အလေးအနက် အမူအရာဖြင့် အမိန့်များ ပေးနေခဲ့လေသည်။ စိုးရိမ်မှုကြောင့်လား မသိ သူမ၏ နှာခေါင်းလေးမှာ ချွေးများဖြင့် စိုရွှဲနေလေသည်။
"ဘယ်လောက်ကြာဦးမှာလဲ" ထိုအမျိုးသမီးသည် တစ်ခုသောဘက်ဆီသို့ ရုတ်တရက် ကောက်လှည့်မေးလိုက်လေသည်။ သူမ လှမ်းကြည့်ရာဘက်တွင် ကြယ်မြေပုံတစ်ခုကို လက်ထဲတွင် ကိုင်ကာ လေ့လာနေသော လူအိုကြီးတစ်ဦး ရှိနေခဲ့လေ၏။ သုံးဘက်မြင်ပန်းချီကား တစ်ချပ်သည် ထိုနေရာ၌ ရှိနေခဲ့လေသည်။ ထိုပန်းချီကားမှာ အခြားမဟုတ်၊ လက်ရှိ ဤကြယ်သင်္ဘော သွားလာနေသည့် ကြယ်တာရာ ကောင်းကင်ကို ဖော်ပြထားသည့် မြေပုံတစ်ခုသာ ဖြစ်လေသည်။
ဤကြယ်မြေပုံကို ဤလူအိုကြီးချန်း မည်ကဲ့သို့ ဆွဲလိုက်နိုင်သလဲ ဆိုသည်ကို မည်သူမျှ မသိကြ။ သို့သော်ငြား လက်ရှိအချိန်၌ ထိုကြယ်မြေပုံထဲတွင် အမျိုးသမီးတို့ စီးနင်းလာသော ကြယ်သင်္ဘောကို ကိုယ်စားပြုနေသည့် အလင်းစက်လေး တစ်စက် ရှိနေခဲ့လေသည်။ ထိုအလင်းစက်ကလေး ဘေးနားတွင်တော့ ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို ကိုယ်စားပြုနေသော အခြား ပိုမို အရွယ်အစား သေးငယ်လှသည့် အလင်းစက်လေးပေါင်းများစွာ ထပ်ရှိနေခဲ့လေသည်။
အမျိုးသမီး၏ အမေးကို ကြားသော် လူအိုကြီးချန်းသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ "တစ်နာရီအတွင်း ဒီဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကို ဖြတ်သွားနိုင်လိမ့်မယ်၊ အခုတော့ လမ်းတစ်ဝက်လောက် ရောက်နေပြီ"
ထိုစကားကို ကြားသော် အမျိုးသမီးက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "အဲဒါဆို ကျေးဇူးပြုပြီးတော့ ကျွန်မတို့ကို ဆက်ပြီး ညွှန်ပြပေးပါဦး"
အမျိုးသမီးသည် ဤသင်္ဘောကို ဦးဆောင်နေသည့် လူတစ်ဦး ဖြစ်ပေသည်။ သူမ၏ ကျင့်ကြံခြင်းမှာ အတော်လေးကိုမှ မြင့်လှပါသော်ငြား မျိုးရိုးနာမည်ချန်းနှင့် ဤလူအိုကြီးအပေါ်တော့ လေးစားနေပေသေးသည်။ သူမအနေဖြင့် ထိုသို့ လေးစားနေသည်မှာလည်း အဆန်းတော့ မဟုတ်။ တကယ်တော့ ဤလူအိုကြီးသည် ဤကြယ်စီရင်စုထဲတွင် ရှိနေသော နာမည်ကျော်ကြားသည့် ကြယ်မြေပုံသခင်တစ်ဦး ဖြစ်ကာ သူမကိုယ်တိုင်သည်ပင်လျှင် ဤလူအိုကြီးကို ငှားရမ်းနိုင်ရန်အတွက် တန်ကြေး ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည် မဟုတ်ပေလော။
ကြယ်စီရင်စုများထဲ ကြယ်မြေပုံသခင်များမှာ အလွန်ကိုမှ နာမည်ကျော်ကြားကြပေသည်။ ကြယ်မြေပုံသခင်များသည် ဆေးပညာရှင်များ ပန်းဘဲပညာရှင်များ အလားတူ အရေးကြီးကြသည်။ အကြောင်းမှာ ကြယ်သင်္ဘောတစ်စီးအဖို့ ကြယ်စီရင်စုထဲ သွားလာဖို့ရာ ကြယ်မြေပုံအား မရှိမဖြစ် လိုအပ်သည့်အတွက်ကြောင့်ပင်။ ကြယ်မြေပုံသခင်တစ်ဦးသည် သင်္ဘောတစ်စီးအား မည်သည့် အန္တရာယ်နှင့်မှ မကြုံရစေဘဲ ကြယ်စီရင်စုကြီးထဲ အန္တရာယ်ကင်းကင်းဖြင့် သွားလာနိုင်ရန် ကူညီပေးနိုင်သည်။
လူအိုကြီးချန်းက ရှက်ရှက်ဖြင့် ပြန်၍ ပြောလိုက်လေ၏။ "အမျိုးသမီးလု၊ ယဉ်ကျေးလွန်းနေပါပြီ၊ တကယ်တော့ ဒီဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကို အစောကြီးကတည်းက ဒီလူအိုကြီး သတိပြုလိုက်သင့်တာ၊ အခုတော့ အကုန်လုံး ဒုက္ခရောက်ကုန်ကြရပြီ"
"ကိစ္စမရှိပါဘူး၊ လူတိုင်းက အရာရာကို ဘယ်သိနိုင်ပါ့မလဲ" လုဟွိုက်ရွှမ်းက ပြန်ပြောလိုက်သည်။
ထို့နောက်တွင် အမျိုးသမီးသည် တစ်ခုခုအား ပြန်အမှတ်ရသွားသည့်အလား အားတင်းပြုံး၍ ဆက်ပြောလိုက်လေသည်။ "လူအိုကြီးချန်း ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်လွန်း မနေပါနဲ့၊ ရှင် ကျွန်မတို့ကို ကူညီပေးတာ တော်တော်များနေပြီ၊ ရှင်သာမရှိရင် ကျွန်မတို့ ပြဿနာပေါင်းစုံနဲ့ ကြုံခဲ့ရမှာ၊ ဒီအထိ ရောက်လာနိုင်တာတောင် လူအိုကြီးချန်းကို ကျေးဇူးတင်ရမှာ"
လူအိုကြီးချန်းက ပြန်ပြောလိုက်သည်။ "အခုလိုမျိုး ချီးကျူးပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ဒီချန်း အမျိုးသမီးလုရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် တစ်ယောက်ယောက်က လှမ်းအော်ပြောလိုက်လေသည်။ "သခင်မလေး ကျုပ်တို့ ပြဿနာတက်ပြီ"
လုဟွိုက်ရွှမ်း၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ထိုလူအား လှမ်းကြည့်၍ မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ"
လက်ရှိအချိန်တွင် သူမ အလန့်ဆုံးမှာ သတင်းဆိုး ကြားရမည်ကိုပင်။ ထိုအတွက်ကြောင့် စိုးရိမ်နေခြင်းလည်း ဖြစ်လေ၏။
"မိုင်တစ်ရာလောက် အကွာကနေ ဂြိုဟ်သိမ်တစ်ခုက ကျုပ်တို့ဆီကို ချဉ်းကပ်လာနေတယ်"
"ဘယ်လောက်ကြီးလဲ"
"သိပ်မကြီးဘူး၊ ဒါပေမဲ့ အဲဒါဆီကနေ ပုံမှန်မဟုတ်တဲ့ အရမ်းအားကောင်းလွန်းတဲ့ စွမ်းအင်အရှိန်အဝါကို ခံစားနေရတယ်"
သူတို့ စကားပြောနေစဉ်မှာပင် လုဟွိုက်ရွှမ်းသည် ထိုလူဆီသို့ လျှောက်သွားလိုက်ပြီး သေသေချာချာ အနီးကပ် ကြည့်ကြည့်လိုက်လေသည်။ ထိုလူပြောသည့်အတိုင်းပင် ကြယ်မြေပုံပေါ်၌ သူတို့၏ ကြယ်သင်္ဘောဆီသို့ အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် တိုးဝင်လာနေသည့် အလင်းစက်တစ်စက် ရှိနေကြောင်းကို တွေ့လိုက်ရသည်။ တစ်ခဏလေး အတွင်းမှာပင် ထိုဂြိုဟ်သိမ်နှင့် သူမတို့ ကြယ်သင်္ဘောအကြားရှိ အကွာအဝေးမှာ ထက်ဝက်ခန့်ထိ ကျဉ်းမြောင်းလာခဲ့လေသည်။
တစ်ချက် ကြည့်ကြည့်လိုက်ပြီးသည့်နောက် လုဟွိုက်ရွှမ်း မျက်မှောင်ကြုတ်သွားခဲ့သည်။ လူအိုကြီးချန်းကလည်း အံ့အားသင့်နေသည့် အမူအရာဖြင့်... "ထူးဆန်းလိုက်တာ၊ ဒီဂြိုဟ်သိမ်က ဘယ်လောက်မှ မကြီးပါဘူး၊ အဲဒါကို ဘာဖြစ်လို့ ဒီလောက် အားကောင်းတဲ့ စွမ်းအင်လှိုင်းတွေကို ထုတ်လွှတ်နေရတာလဲ"
လူအိုကြီးချန်းမှာ အတွေ့အကြုံ ကြွယ်ဝလှသည့် လူတစ်ဦး ဖြစ်ပါသော်ငြား ယခုမှသာလျှင် ဤကဲ့သို့သော ထူးဆန်းသည့် အရာမျိုးကို ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်လေရာ အတော်လေးကိုမှ ဇဝေဇဝါ ဖြစ်သွားခဲ့ရလေသည်။
"သလင်းအမြောက်တွေကို ပစ်ဖို့ ပြင်လိုက်" လုဟွိုက်ရွှမ်းက အမိန့်ပေးလိုက်လေ၏။
ထို့နောက် ချက်ချင်းပင် ထပ်၍ ပြောလိုက်လေသည်။ "ဆယ်ခုစလုံးကို ပစ်ဖို့ ပြင်ထားလိုက်"
ကြယ်တာရာ ကောင်းကင်ထဲ သွားလာရာတွင် သူတို့အနေဖြင့် ကံမကောင်းခဲ့ပါက အန္တရာယ်များသည့် အခြေအနေများနှင့် ရင်ဆိုင်ရနိုင်ပေသည်။ ရှောင်လွှဲလို့မရသည့် ထိုအန္တရာယ်များကို ဖျက်ဆီးပစ်လိုက်ခြင်းသည် အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။ သလင်းအမြောက်များမှာမူ ထိုနည်းလမ်းကို အကောင်အထည် ဖော်ရန်အတွက် အဓိကအကျဆုံး လက်နက်များ ဖြစ်လေ၏။
သလင်းအမြောက်များသည် ပစ်ချက်တစ်ချက်ချင်းစီတိုင်း အတွက် သလင်းကျောက်များစွာကို သုံးစွဲသည့်အတွက်ကြောင့် ပုံမှန်အခြေအနေမျိုးတွင် သူတို့အနေဖြင့် သလင်းအမြောက်များကို အသုံးပြုလေ့ မရှိပေ။ သလင်းအမြောက်များကို အသုံးပြုခြင်းသည် ပိုက်ဆံကို မီးရှို့ခြင်းနှင့် အတူတူသာ ဖြစ်ပေသည်။
လုဟွိုက်ရွှမ်းမှာ အမျိုးသမီးတစ်ဦးသာ ဖြစ်ပါသော်ငြား သူမ၏ စိတ်ဓာတ်သည် ယောက်ျားအများစုထက် ပို၍ ပြတ်သားပေသည်။ ကြယ်သင်္ဘောပေါ်ရှိ သလင်းအမြောက် ဆယ်ခုစလုံးကို ပစ်ရန် အမိန့်ပေးလိုက်သည်ကို ကြည့်လျှင်ပင် သိနိုင်ပေသည်။
ချက်ချင်းဆိုသလို ကြယ်သင်္ဘောပေါ်ရှိ သလင်းအမြောက် ဆယ်ခုစလုံး အသက်ဝင်လာခဲ့ပြီး ပစ်မှတ်အား ချိန်ရွယ်လိုက်ကြလေသည်။
ထို့နောက်တွင် သလင်းအမြောက်များ၏ ထိပ်ဝထက် မျက်စိကျိန်းမတတ် အလင်းတန်းများ စုဝေးလာခဲ့လေ၏။
တစ်ခဏအကြာ၌ ဘုန်းဟူသော မြည်သံနှင့်အတူ ကြယ်သင်္ဘောတစ်စီးလုံး လှုပ်ခါသွားခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း အလင်းတန်း ဆယ်ခုသည် ဟင်းလင်းပြင်ထဲရှိ တစ်ခုသော နေရာဆီသို့ တစ်ပြိုင်တည်း တိုးဝင်သွားကုန်ကြလေ၏။
အလင်းတန်းများ ပေါက်ကွဲထွက်သွားခဲ့ပြီး ကြယ်တာရာ ကောင်းကင်တစ်ခုလုံး လင်းထိန်သွားခဲ့လေသည်။
ဘုန်း။
ထို့နောက်တွင် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံနှင့်အတူ အနီးနားတစ်ဝိုက်တွင် ရှိနေကြသော ဂြိုဟ်သိမ်ဂြိုဟ်မွှားအားလုံး အငွေ့ပျံ ပျောက်ကွယ်ကုန်ကြလေ၏။
ထိုအချင်းအရာကို မြင်လိုက်သည့်အခါ လူတိုင်း သက်ပြင်းအမောကြီး ချလိုက်ကြလေသည်။ သလင်းအမြောက်များ အားကောင်းမှန်း သိကြပါသော်ငြား သလင်းအမြောက် ဆယ်ခုစလုံး တစ်ပြိုင်တည်း ပစ်လွှတ်လိုက်သည့် စွမ်းအားကို မြင်ပြီးသည့်နောက် အကုန်လုံးမှာ ထိတ်လန့် အံ့အားသင့်သွားရစမြဲ။
သူတို့ဆီသို့ တိုးဝင်လာနေသော ဂြိုဟ်သိမ် မည်ကဲ့သို့သော အရာမျိုးပင် ရှိနေစေကာမူ သလင်းအမြောက် ဆယ်ခု၏ ပစ်ခတ်ခြင်း ခံလိုက်ရပြီးသည့်နောက် ကျိန်းသေ အငွေ့ပြန် ပျောက်ကွယ်သွားရပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၇၉)
ဘာသာပြန်သူ_တိမ်တိုက်
"ဟမ်" ပတ်ဝန်းကျင်ကို စောင့်ကြည့်စစ်ဆေးနေသော ကျင့်ကြံသူသည် ရုတ်တရက်ဆိုသလို ထူးဆန်းသည့် အသံမျိုး ပြုလျက် ကြယ်မြေပုံအား ငေးကြောင်ကြောင်ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် ထိတ်လန့်တုန်လှုပ်နေသည့် လေသံဖြင့် ပြောလိုက်လေ၏။ "သခင်မလေး အဲဒီဂြိုဟ်သိမ်က၊ အဲဒီဂြိုဟ်သိမ်က…"
လုဟွိုက်ရွှမ်းလည်း ထိုအရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ ချက်ချင်းဆိုသလို သူမ မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ရလေသည်။
အစောပိုင်းက သူတို့ ဖျက်ဆီးရန် ကြိုးစားခဲ့သည့် ဂြိုဟ်သိမ်သည် သလင်းအမြောက် ဆယ်ခု၏ ပစ်ခတ်ခြင်း ခံခဲ့ရသည့်တိုင် အနည်းငယ်မျှပင် ထိခိုက်သွားခဲ့ခြင်း မရှိပေ။
"ဘာတွေဖြစ်နေတာလဲ" လူအိုကြီးချန်းမှာလည်း လုံးဝကို မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သလင်းအမြောက်များ မည်မျှ အားကောင်းကြောင်းကို သူသိပေသည်။ ကြယ်စီရင်စုကြီးထဲရှိ အားအကောင်းဆုံးသော ပညာရှင်များသည်ပင်လျှင် သလင်းအမြောက် ဆယ်ခု၏ ပူးပေါင်းပစ်ခတ်မှုဒဏ်ကို မည်သို့မျှ ထိပ်တိုက်မရင်ဆိုင်နိုင်ပေ။ ထိုသို့ဖြစ်လေရာ ထိုဂြိုဟ်သိမ်သည် ယခုအချိန်ထိတိုင် မည်သို့များ အကောင်းပကတိအတိုင်း ရှိနေရလေသေးသနည်း။
သူ့အား ပို၍ ထိတ်လန့်သွားစေရသည့် အချက်မှာ သလင်းအမြောက် ဆယ်ခု၏ ပစ်ခတ်အားသည် ထိုဂြိုဟ်သိမ်အား အနည်းငယ်မျှပင်လျှင် ဦးတည်ရာလမ်းကြောင်း ပြောင်းမသွားစေသည့် အချက်ပင်။ လက်ရှိအချိန်တွင် ထိုဂြိုဟ်သိမ်သည် သူတို့၏ ကြယ်သင်္ဘောဆီသို့သာ ဆက်လက် တိုးဝင်လာနေခဲ့လေသည်။
"မြန်မြန်ရှောင်" လူအိုကြီးချန်းက အလန့်တကြား အော်ပြောလိုက်သည်။
လုဟွိုက်ရွှမ်းက ကူကယ်ရာမဲ့စွာ ပြုံးလျက် ပြန်ပြောလိုက်၏။ "နောက်ကျသွားပြီ"
ကြယ်သင်္ဘောသည်သာ အခြားတစ်နေရာ၌ ရှိနေခဲ့မည်ဆိုလျှင်တော့ ထိုဂြိုဟ်သိမ်အား ရှောင်ကောင်းရှောင်နိုင်ပေလိမ့်မည်။ သို့သော်ငြား လက်ရှိ သူတို့ ရောက်နေသည့် နေရာမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ထဲတွင် ဖြစ်ပေသည်။ သူတို့ ဘေးပတ်ပတ်လည် အနှံ့တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ရှိနေလေရာ ရုတ်တရက်ကြီး ဘေးဘက်သို့ တိမ်းရှောင်ဖို့ရာ မဖြစ်နိုင်ပေ။ ထိုသို့သာ ရှောင်လိုက်မည်ဆိုပါက အခြားသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် သွားတိုက်မိပေလိမ့်မည်။
ထိုအတွက်ကြောင့် နောက်ကျသွားပြီဟု ပြောရခြင်းပင် ဖြစ်လေသည်။ ကြယ်မြေပုံပေါ်ရှိ အလင်းစက်ကလေးသည် သူတို့၏ ကြယ်သင်္ဘောနှင့် တိုက်မိခါနီး ဖြစ်နေခဲ့လေပြီ။
လက်ရှိအချိန်တွင်တော့ သူတို့၏ ကြယ်သင်္ဘော ဆိုးဆိုးရွားရွား မထိခိုက်သွားပါစေနှင့်ဟုသာ အကုန်လုံး ကြိတ်ဆုတောင်းနေရတော့လေသည်။ သို့သော်ငြား ထိုသို့ ဖြစ်နိုင်ခြေမှာလည်း နည်းလှပေသည်။ ထိုဂြိုဟ်သိမ်လေးသည် အရွယ်အစား သေးငယ်လှပါသော်ငြား ၎င်းဆီမှ ဖြာထွက်နေသော စွမ်းအင်လှိုင်းများမှာ အလွန်ကိုမှ အံ့သြသင့်ဖွယ်ရာ ကောင်းလှပေသည်။ ကြယ်သင်္ဘောသည်သာ ထိုဂြိုဟ်သိမ်နှင့် တိုက်မိသွားမည်ဆိုပါက ကြယ်သင်္ဘောတစ်စင်းလုံး ကျိန်းသေ ပျက်စီးသွားရပေလိမ့်မည်။
ကြယ်သင်္ဘောပေါ်ရှိ ပြတင်းပေါက်မှတစ်ဆင့် အလင်းစက်တစ်စက်သည် ဥက္ကာခဲတစ်စင်းပမာ သူတို့၏ ကြယ်သင်္ဘောဆီသို့ တိုးဝင်လာနေသည်ကို လူတိုင်း မြင်နေကြရလေသည်။ ထို့နောက်တွင်တော့ မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ကြယ်သင်္ဘောကြီး တစ်စင်းလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့လေသည်။ သင်္ဘောထဲတွင် ရှိနေသည့် လူများမှာလည်း ထိတ်လန့်တုန်လှုပ်ကုန်ကြလေသည်။ [သွားပြီ၊ ငါတို့တော့ သွားပြီ]
တဝုန်းဝုန်း မြည်သံများမှာ အတန်ကြာသွားသည့် အခါမှသာ ပြန်လည် ငြိမ်သက်သွားခဲ့ပြီး ကြယ်သင်္ဘော ကိုယ်တိုင်ဟာလည်း ဆက်လက်၍ လှုပ်ခါနေခြင်း မရှိတော့ဘဲ ငြိမ်သွားခဲ့လေသည်။ သင်္ဘောထဲတွင် ရှိနေသည့် လူများမှာတော့ အတန်ကြာသွားသည့် အခါမှသာ အသိပြန်ဝင်လာနိုင်ကုန်ကြသည်။
[ငါတို့ အသက်ရှင်နေသေးတာလား၊ ငါတို့ တကယ်ကြီး အသက်ရှင်နေတာဟ]
လူတိုင်းမှာ သူတို့ အသက်ရှင်နေသေးသည့်အပေါ် မယုံကြည်နိုင် ဖြစ်နေကြလေသည်။ ကြယ်သင်္ဘောမှာလည်း သူတို့ မျှော်လင့်ထားသကဲ့သို့ ပျက်စီးသွားခြင်း မရှိ။ ကြည့်ရသလောက် ထိုဂြိုဟ်သိမ်၏ အဖျက်စွမ်းအားကို သူတို့ အထင်ကြီးမိလိုက်သည့်ပုံပင်။ ထိုသို့ပင်ဖြစ်လင့်ကစား ကြယ်သင်္ဘော သွားနေသည့်နှုန်းမှာတော့ သိသိသာသာကို နှေးကျသွားခဲ့ရလေပြီ။ ထိုအချက်ကို ကြည့်လျှင်ပင် ကြယ်သင်္ဘော ထိခိုက်သွားမှန်း မည်သူမဆို ပြောနိုင်ပေလိမ့်မည်။ ထိုထိခိုက်သွားသည့် နေရာများကို အလျင်အမြန် သွားပြန်ပြင်မှသာ အဆင်ပြေပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက ဤကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ကြီးထဲ အခြားသော အန္တရာယ်များနှင့် ကြုံတွေ့ကောင်း ကြုံတွေ့သွားရနိုင်လေ၏။
အသိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက် လုဟွိုက်ရွှမ်းသည် ချက်ချင်းပဲ အမိန့်ပေးလိုက်လေသည်။ "သင်္ဘော ထိခိုက်သွားပြီနဲ့ တူတယ်၊ လူတချို့ ခေါ်ပြီးတော့ ဘယ်နေရာ ထိခိုက်သွားလဲ သွားစစ်ဆေးကြည့်လိုက်ကြစမ်း၊ ထိခိုက်သွားတဲ့ နေရာကိုပါ တစ်ခါတည်း ပြန်ပြင်လာလိုက်၊ သင်္ဘောနားဖို့အတွက် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ထဲကနေ အရင်ဆုံး ထွက်ရမှ ဖြစ်မယ်၊ အဲ့အတွင်း သင်္ဘောကို ထိန်းပြီး မောင်းလို့ရအောင် ပြင်ထားလိုက်"
ထိုအခါမှသာလျှင် အခြားသော လူများသည်လည်း အသိပြန်ဝင်လာကြပြီး ချက်ချင်း စတင်လှုပ်ရှားကြတော့လေသည်။
လုဟွိုက်ရွှမ်းသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်းမှ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်း၍ ကြည့်နေခဲ့သည်။ အန္တရာယ် ကပ်ဘေးတစ်ခုခုနှင့် ကြုံပြီးရသော် ကံကောင်းခြင်းများ ရောက်ရှိလာသည်ဟု ပြောကြသည်။ သူမ၏ လက်ရှိ အခြေအနေသည်လည်း ထိုကဲ့သို့ ဖြစ်ပါစေဟု လုဟွိုက်ရွှမ်း ကြိတ်၍ ဆုတောင်းနေမိသည်။
ထိုသို့ဖြင့် သင်္ဘောပေါ်ရှိ ကျင့်ကြံသူများမှာ ကိုယ့်အလုပ်နှင့် ကိုယ် အလုပ်ရှုပ်ကုန်ကြတော့လေသည်။ ကြယ်သင်္ဘော သွားနေသည့်နှုန်းမှာလည်း အစောပိုင်းက တိုက်မိသည့် ဂြိုဟ်သိမ်ကြောင့် နှေးကျသွားခဲ့လေရာ မူလက ဂြိုဟ်သိမ်ထဲမှ ထွက်ရန် တစ်နာရီခန့်သာ ကြာလိမ့်မည်ဟု ခန့်မှန်းခဲ့ပါသော်ငြား တကယ့်တကယ်တွင်တော့ လေးနာရီခန့် အချိန်ယူသွားခဲ့ရလေသည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကြီးထဲမှ ထွက်လာပြီးသည့်နောက်မှသာလျှင် အကုန်လုံး သက်ပြင်းချနိုင်တော့လေသည်။
ထိခိုက်နေသည့် ကြယ်သင်္ဘောတစ်စင်းကို ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ထဲ သွားလာခိုင်းဖို့ရာ သိပ်၍ အဆင်မပြေလှချေ။ ကံကောင်းစွာဖြင့် ကြယ်သင်္ဘောပေါ်တွင် ရှိနေသည့် လူများမှာ သေသေချာချာ လေ့ကျင့်ထားကြသူများ ဖြစ်ကြလေရာ သင်္ဘောအား ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ကြသည့်အတွက်ကြောင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပင်လယ်ကြီးထဲမှ ထိခိုက်နေသည့် ကြယ်သင်္ဘောကိုပင်လျှင် အန္တရာယ်ကင်းကင်းနှင့် ထိန်းချုပ်မောင်းနှင်နိုင်ခဲ့လေသည်။
ယခုဆိုလျှင် ကြယ်သင်္ဘောကို ပြန်ပြင်နိုင်ရန်အတွက် သင်္ဘောနားနိုင်မည့် နေရာတစ်ခုကို ရှာရပေတော့မည်။ လူအိုကြီးချန်းမှ နေရာတစ်ခုကို ညွှန်ပြပြီးသည့်နောက် လုဟွိုက်ရွှမ်းသည် သင်္ဘောသားများအား ထိုအရပ်ဆီသို့ မောင်းနှင်ရန် အမိန့်ပေးလိုက်လေသည်။
နေ့ဝက်ခန့် အကြာပြီးသည့်နောက် ခြောက်ကပ်လှသည့် ကြယ်တစ်လုံးအထက် မီတာသုံးရာခန့် အလျားရှိသော ကြယ်သင်္ဘောသည် တိမ်ဆိုင်တိမ်တိုက်များကို ထိုးဖောက်၍ မြေပြင်ပေါ်သို့ တဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့လေသည်။
ကြယ်စီရင်စုကြီးထဲ ဤကဲ့သို့သော ကြယ်များ မရေမတွက်နိုင်အောင် ရှိလှပေသည်။ ကြယ်တာရာ ကောင်းကင်ထဲတွင် မြောက်မြားလှစွာသော ကြယ်များ ရှိနေကြပါသော်ငြား အနည်းငယ်သည်သာ ကျင့်ကြံသူများ နေဖို့ရာအတွက် သင့်လျော်ပေသည်။ ပြီးပြည့်စုံသော ကြယ်အမျိုးအစားကို ပိုင်ဆိုင်ထားပြီး မိုးမြေစွမ်းအင်ကို ဖြစ်ပေါ်စေနိုင်သည့် ကြယ်မျိုးသည်သာ ကျင့်ကြံရေးအတွက် သင့်တော်သည့် ကြယ်များ ဖြစ်ကြသည်။ ထိုကဲ့သို့သော ကြယ်မျိုးကို ကျင့်ကြံရေးကြယ်ဟု ခေါ်လေ့ရှိကြပေသည်။
သို့ရာတွင် မိုးမြေစွမ်းအင် ခြောက်ကပ်နေပြီး သက်ရှိများ အသက်ရှင်သန်ဖို့ရာ မဖြစ်နိုင်သည့် ကြယ်များကိုမူ ကြယ်သေများဟု ခေါ်ကြပေသည်။ အချို့သော ကြယ်သေများသည် မူလက ကျင့်ကြံရေးကြယ်များ ဖြစ်ခဲ့ကြသည်။ သို့သော်ငြား ထိုကျင့်ကြံရေးကြယ်၏ အမြုတေသည် တဖြည်းဖြည်း အားကုန်ကာ ပျောက်ကွယ်သွားသည့် အချိန်တွင်တော့ ထိုကြယ်သည် ကြယ်သေတစ်လုံး အသွင်သို့ ပြောင်းလဲသွားရတော့၏။
ကျင့်ကြံရေးကြယ်များမှ ကြယ်သေများအဖြစ်သို့ ပြောင်းလဲနိုင်ကြသလို ကြယ်သေများမှာလည်း ကျင့်ကြံရေးကြယ်များ ဖြစ်လာနိုင်ကြပေသည်။ ကြယ်သေတစ်လုံးသည်သာ သက်ရှိများကို မွေးဖွားပေးနိုင်ပြီး ကိုယ်ပိုင် အမြုတေကို ပိုင်ဆိုင်လာခဲ့မည် ဆိုလျှင် နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် ထိုကြယ်သေသည် ကျင့်ကြံရေးကြယ်တစ်လုံး ဖြစ်လာနိုင်ပေသည်။ သို့သော်ငြား ကြယ်သေမှ ကျင့်ကြံရေးကြယ်တစ်လုံး ဖြစ်လာဖို့ရာ အနည်းဆုံး နှစ်ပေါင်းသောင်းနှင့်ချီကာ လိုအပ်ပေသည်။
သင်္ဘော ကြယ်သေပေါ်သို့ ဆင်းလိုက်ပြီးသည့်နောက်တွင် သင်္ဘောတံခါး ပွင့်သွားခဲ့ပြီး သင်္ဘောသားများ တစ်ယောက်ချင်းစီ ထွက်လာကြလေသည်။ ထို့နောက် ထိခိုက်သွားသည့် အပိုင်းဆီသို့ ဦးတည် ပြေးထွက်သွားကုန်ကြလေသည်။ အစောပိုင်းက ထိုလူများသည် ထိခိုက်သွားသည့် အပိုင်းကို သွားရောက်ပြန်ပြင်ခဲ့ကြပါသော်ငြား လိုရမည်ရလောက်သာ ပြင်ခဲ့ပြီး သေသေချာချာ မပြင်ခဲ့ရပေ။
လုဟွိုက်ရွှမ်းမှာ ယခုဆိုလျှင် အနားရသွားပြီ ဖြစ်သည့်အတွက်ကြောင့် လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်လေသည်။ သူမကို မြင်လိုက်သည့် မည်သည့် သင်္ဘောသားမဆို သူမအား အလေးပြုကြသည်။ ထိုလူများ၏ အကြည့်တွင် ယုတ်ညစ်သည့် မည်သည့် အရိပ်အယောင်မျှ မရှိ။ အကုန်လုံးမှာ သူမအား တလေးတစားဖြင့် ဦးညွတ်နေကြခြင်းသာ ဖြစ်လေသည်။
ဤအဆုံးမဲ့လွန်းလှသော ကြယ်စီရင်စုကြီးထဲဝယ် လူတိုင်းသည် နေမိုးသောက်ကြယ်မှ လုမိသားစု၏ အကြီးဆုံးသခင်မလေး အကြောင်း ပြောတိုင်း သူမအား ချီးကျူးကြပေသည်။ သူမသည် မိန်းမသားတစ်ဦးသာလျှင် ဖြစ်လင့်ကစား ယောက်ျားများကဲ့သို့ အရည်အချင်း ရှိသည်ဟု ပြောကြသည်။
လုမိသားစု၏ အဓိကမျိုးဆက်ထဲ မည်သည့် ယောက်ျားလေးမျှ မရှိကြပေ။ မိသားစုခေါင်းဆောင်မှာလည်း အသက်အရွယ် အိုမင်းနေခဲ့လေပြီ။ ထိုအကြောင်းကြောင့် လက်ရှိအချိန်တွင် လုမိသားစုတစ်ခုလုံးသည် အကြီးဆုံးသခင်မလေး အပေါ် မှီခိုနေရလေ၏။ လုဟွိုက်ရွှမ်းမှ လုမိသားစုအား တာဝန်ယူခဲ့စဉ်က သူမ အောင်မြင်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
အမျိုးသမီးတစ်ဦးသည် အရွယ်ရောက်လာလျှင် လက်ထပ်ပြီး ကလေးမွေးဖွားရမည်မှာ လူတိုင်းလိုလို ယုံကြည်ထားသည့် ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ပေသည်။ ထိုအတွက်ကြောင့် သူမသည် မိသားစုခေါင်းဆောင်တစ်ဦး ဖြစ်နိုင်လိမ့်မည်ဟု မည်သူမျှ ယုံကြည်ခြင်း မရှိကြ။ သို့သော်ငြား လုဟွိုက်ရွှမ်းမှာ ထိုသူများအားလုံး မှားယွင်းနေကြောင်းကို သက်သေပြသွားခဲ့လေသည်။
လုဟွိုက်ရွှမ်းသည် လုမိသားစုအား အဆင့်သစ်တစ်ခုအထိသို့ ရောက်အောင် မတွန်းပို့နိုင်ခဲ့ပါသော်ငြား သူမလက်ထက်တွင် လုမိသားစုအား အနည်းငယ်မျှပင်လျှင် နိမ့်ကျသွားစေခဲ့ခြင်း မရှိပေ။ ယခုအချိန်ထိ လုမိသားစုအနေဖြင့် အားနည်းသွားခဲ့ခြင်း မရှိဘဲ ဆက်လက်၍ ကြံ့ကြံ့ခံ တည်ရှိနေနိုင်ခြင်းမှာ လုဟွိုက်ရွှမ်း၏ ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်လေသည်။ သူတို့၏ ရန်သူများသည်ပင်လျှင် လုဟွိုက်ရွှမ်း မည်မျှ တော်ကြောင်းကို အသိအမှတ်ပြု ချီးကျူးကြပေသည်။
ပုံမှန်အားဖြင့် လုဟွိုက်ရွှမ်းကိုလည်း ကြိုက်၊ သူမ၏ မိသားစု စီးပွားရေးများကိုလည်း လိုချင်သည့် လူများစွာ ရှိကြပေသည်။ မိန်းမလှလေးများနှင့် ချမ်းသာကြွယ်ဝမှုတို့သည် ယောက်ျားသားများအတွက်တော့ စွဲမက်ဖွယ်ရာ ပစ်မှတ်များပင် မဟုတ်ကြပေလော။ လုမိသားစုမှာ ကြွယ်ဝချမ်းသာသလို တိုးတက်ဖို့ရာ အခွင့်အလမ်းများစွာ ရှိပေသည်။ ထိုအတွက်ကြောင့် ယောက်ျားများစွာမှာ လုမိသားစုအား ပိုင်ဆိုင်လိုကြသည်။ ယောက်ျားတစ်ဦးသည်သာ လုဟွိုက်ရွှမ်း၏ အချစ်ကို ရနိုင်မည်ဆိုပါက မိန်းမချောလေးတစ်ဦးကို လက်ထပ်နိုင်ရုံသာလျှင် မဟုတ်ဘဲ လုမိသားစုကိုလည်း ထိန်းချုပ်သွားနိုင်ပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါ သူတို့အနေဖြင့် ပိုမိုမြင့်မားသည့် အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သလို သူတို့ မျှော်မှန်းထားသော အောင်မြင်မှုကို ရရှိရန်အတွက်လည်း ပိုမိုလွယ်ကူလာပေလိမ့်မည်။ မရေမတွက်နိုင်သော ယောက်ျားသားများမှာ လုဟွိုက်ရွှမ်းအား လာရောက်ပိုးပန်းကြလေသည်။ သို့သော်ငြား မည်သူမျှ လုဟွိုက်ရွှမ်း၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ခြင်း မရှိကြပေ။
"ငါ့ယောက်ျားက ဒီကြယ်စီရင်စုကြီးထဲမှာ အားအကောင်းဆုံးလူ ဖြစ်ရမယ်၊။သူ့နာမည်က ကြယ်တာရာ ကောင်းကင်တစ်ခုလုံးကို အလင်းရောင် ပေးနိုင်တဲ့အထိ တောက်ပနေရမယ်၊ အဲဒီလိုလူမျိုးကိုပဲ ငါ လက်ထပ်မှာ"
ဤသည်မှာ သူမအား လာရောက်ပိုးပန်းသည့် ယောက်ျားများကို လုဟွိုက်ရွှမ်းမှ ပေးခဲ့သည့် အကြောင်းပြချက် ဖြစ်လေသည်။ မည်သည့် ယောက်ျားမဆို မိမိကိုယ်ကိုယ် တော်သည် တတ်သည်ဟုသာ ထင်ကြသည်။ အခြားသူများနှင့် ယှဉ်လိုက်မည်ဆိုလျှင်ပင် သူတို့သည်သာ ပိုတော်သည်ဟု မှတ်ယူကြလေသည်။ သို့သော်ငြား မည်သူမျှ သူတို့၏နာမည်သည် ကြယ်တာရာ ကောင်းကင်တစ်ခုလုံးကို အလင်းရောင် ပေးနိုင်သည်ဟု မပြောရဲကြပေ။
ထိုကဲ့သို့ လုပ်နိုင်သည့်လူ ဆို၍ လက်တစ်ဆုပ်စာလောက်သာ ရှိပေသည်။ သို့သော်ငြား ထိုလူများမှာ သင်္ချိုင်းကုန်း ခြေတစ်ဖက် လှမ်းနေသည့် လူအိုကြီးများသာ ဖြစ်ကြပေ၏။
[လုမိသားစုရဲ့ အကြီးဆုံးသခင်မလေးကတော့ သူ့တစ်ဘဝလုံးကို အပျိုကြီးအဖြစ်နဲ့ပဲ အရိုးထုတ်သွားရတော့မှာ၊ ဘယ်သူမှ သူ့ကိုချစ်ပြီးတော့ တန်ဖိုးထားကြမှာ မဟုတ်ဘူး၊ ယောက်ျားတစ်ဦးရဲ့ အချစ်ခံရတယ် ဆိုတာလည်း ဘယ်လိုမျိုးလဲဆိုတာကို သူ ဘယ်တော့မှ သိနိုင်တော့မှာ မဟုတ်ဘူး] ဤသည်မှာ လုဟွိုက်ရွှမ်းအား မရနိုင်သည့် ယောက်ျားသားများ၏ အတွေးများသာ ဖြစ်ကြလေသည်။ သူတို့အနေဖြင့် လုဟွိုက်ရွှမ်းကို မရနိုင်လေရာ အခြားသော ယောက်ျားများမှ လုဟွိုက်ရွှမ်း၏ အချစ်အား ရသွားမည်ကိုလည်း မလိုလားကြပေ။ ထိုနည်းတူစွာပင် လုဟွိုက်ရွှမ်း ပိုမို အောင်မြင်တောက်ပလာမည်ကိုလည်း မမြင်လိုကြချေ။
ဝါကျင့်ကျင့် သဲပြင်ကြီးထက် လျှောက်သွားနေရင်းမှ လုဟွိုက်ရွှမ်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်လေသည်။ သူမသည် မည်သို့ပင် ဖြစ်နေစေကာမူ အမျိုးသမီးတစ်ဦး ဖြစ်နေဆဲ။ သူ မည်မျှ တော်စေ တတ်စေကာမူ အမျိုးသမီးတစ်ဦး ရှိသင့်ရှိထိုက်သော လက္ခဏာများကို ပိုင်ဆိုင်ထားနေပေသေးသည်။ ဤကြယ်သေပေါ်ရှိ ပတ်ဝန်းကျင်မှာ အတော်လေးကိုမှ ဆိုးရွားလှပေသည်။ ဝါကျင့်ကျင့် သဲများမှာ နေရာအနှံ့တွင် ရှိနေကြသည်။ လေကြမ်းများမှာလည်း အဆက်မပြတ်ကို တိုက်ခိုက်နေလေ၏။ ထိုအပြင် မြူခိုးများကလည်း ဖုံးလွှမ်းနေခဲ့လေရာ ခပ်ဝေးဝေးသို့ပင် လှမ်း၍ မမြင်နိုင်အောင် ဖြစ်နေခဲ့ရသည်။
အတန်ကြာအောင် လမ်းလျှောက်လာပြီးသည့်နောက်တွင် လုဟွိုက်ရွှမ်း ရုတ်တရက် ရပ်သွားခဲ့လေသည်။ သူမစိတ်ထဲ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ စိတ်ကြိုက် အကြောအခြင် ဆန့်ချင်သလို ဖြစ်လာခဲ့သည်။ သို့သော်ငြား ထိုမျှ ရိုးရှင်းသည့် အရာလေးကိုပင် လုဟွိုက်ရွှမ်းမှာ မလုပ်နိုင်ခဲ့ပေ။ မိန်းမသားတစ်ဦး ဖြစ်သည့်အလျောက် သူမ၏ လက်အောက်ငယ်သားများကို အမိန့်ပေးနိုင်ရန်အတွက် အခွင့်အာဏာကြီးမားသည့် လူတစ်ဦး၏ ပုံစံမျိုး လုပ်ပြနေရလေသည်။ ထိုသို့ လုပ်ရသည်မှာ သူမအတွက် စိတ်ရောကိုယ်ပါ ပင်ပန်းလွန်းလှသည်။
ထိုအတွက်ကြောင့် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေရင်းမှ လုဟွိုက်ရွှမ်းမှာ ရောက်တတ်ရာရာ လျှောက်တွေးနေတော့လေသည်။ တွေးရင်း တွေးရင်းမှ ဤကြယ်သေကြီး အကြောင်းဆီသို့ ရောက်သွားခဲ့လေသည်။ ဤကြယ်သေကြီးသည် တစ်ချိန်အခါက ကျင့်ကြံရေးကြယ်တစ်လုံး ဖြစ်ခဲ့ဖူးလောက်ပေသည်။ ဤကြယ်သေကြီးပေါ်တွင် နေထိုင်ကြသည့် လူများစွာလည်း ရှိခဲ့လောက်သည်။ သူမ လက်ရှိ ရပ်နေသည့် သဲသောင်ပြင်ကြီးဆီမှ မလှမ်းမကမ်း တစ်နေရာရာတွင် တဲအိမ်လေး တစ်အိမ် ရှိခဲ့ဖူးလျှင် ရှိခဲ့ဖူးလောက်သည်။ ထိုတဲအိမ်ထဲတွင် အမျိုးသားနှင့် အမျိုးသမီးတို့ အတူတကွ နေကြပြီး သီးနှံများ စိုက်ပျိုးကာ ရှင်သန်ကြလေသည်။ ထိုသို့ဖြင့် သူတို့ အတူနေရင်းမှ သားသမီးများ ထွန်းကားကြကာ မြေးမြစ်များကို မွေးဖွားကြသည်။ အိုမင်းလာသည့်နောက်တွင် တမလွန်ဘဝဆီသို့ အတူတကွ သွားကြလေ၏။ သူတို့ သေဆုံးသွားပြီးသည့်နောက် သူတို့၏ အလောင်းများကို တစ်နေရာရာတွင် မြှုပ်နှံထားခဲ့ရပေလိမ့်မည်။
"သခင်မလေး" ရုတ်တရက် တစ်ယောက်ယောက်သည် လုဟွိုက်ရွှမ်းအား လှမ်းအော်ခေါ်လိုက်လေသည်။
ထိုလူ၏ အော်ခေါ်သံကြောင့် လုဟွိုက်ရွှမ်း၏ အတွေးစများ ပြတ်တောက်သွားခဲ့ရသည်။ သူမအား လှမ်းခေါ်လိုက်သည့်လူကို ကြည့်လိုက်ရာ လုမိသားစု၏ အစောင့်များအနက်မှ တစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ထိုလူသည် ထိတ်လန့်တုန်လှုပ် မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာမျိုးဖြင့် လုဟွိုက်ရွှမ်းအား ကြည့်နေခဲ့လေ၏။
အကြောင်းမှာ လုဟွိုက်ရွှမ်း ပြုံးနေသည်ကို မြင်လိုက်ရသည့်အတွက်ကြောင့်ပင်။ သူမ၏ အပြုံးမှာ မသိသာလှပါသော်ငြား သူမ၏ နှုတ်ခမ်းလေးများ အပေါ်သို့ ယဲ့ယဲ့လေး ကွေးတက်နေသည်ကိုတော့ ထိုလူ အတိုင်းသား မြင်နေရလေသည်။
လုဟွိုက်ရွှမ်းသည် အမှန်တကယ်ကို ချောမောလှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထိုအတွက်ကြောင့် သူမ ပြုံးလိုက်သည့်အခါ ပို၍ပင် နှစ်လိုဖွယ် ကောင်းနေလေ၏။ ထိုလူ လုမိသားစုထဲသို့ ဝင်လာသည်မှာ နှစ်အတော်ကြာနေခဲ့လေပြီ။ သို့သော်ငြား လုဟွိုက်ရွှမ်း မိသားစုခေါင်းဆောင် ရာထူးကို ယူပြီးချိန်မှစ၍ သူမ ယခုကဲ့သို့ ပြုံးသည်ကို သူ့အနေဖြင့် ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။
လုဟွိုက်ရွှမ်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ "ဘာဖြစ်လို့လဲ"
ထိုလူသည် ချက်ချင်းပင် မျက်နှာကို တည်လျက် ပြန်ပြောလိုက်လေသည်။ "ထူးဆန်းတာ တစ်ခုခု ရှာတွေ့လို့ပါ သခင်မလေး"
လုဟွိုက်ရွှမ်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ "ဘာထူးဆန်းတာမလို့လဲ"
ထိုလူမှာ မည်ကဲ့သို့ ရှင်းပြလို့ ရှင်းပြရမှန်း မသိသည့်အလား ခေါင်းကုတ်လိုက်လေ၏။ သူတို့ တွေ့ရှိထားသည့် အရာမှာ အလွန်ကိုမှ ထူးဆန်းလွန်းလှသည့်အတွက်ကြောင့် ထိုအရာအား မည်ကဲ့သို့ ရှင်းပြရမလဲ ဆိုသည့်အပေါ် ပြောစရာစကား ပျောက်ရှနေခဲ့ရလေသည်။ ထိုစဉ် အဖွဲ့တစ်ဖွဲ့သည် ကြယ်တာရာ သင်္ဘော၏ ပျက်စီးနေသည့် အပိုင်းမှ လမ်းလျှောက်ထွက်လာခဲ့လေသည်။ လမ်းလျှောက်လာနေရင်းမှ သူတို့ ကြည့်ရသည်မှာ လုဟွိုက်ရွှမ်းဆီသို့ တစ်ခုခုအား သယ်လာနေကြသည့်ပုံပင်။
ထိုလူများ၏ ထူးဆန်းသည့် ပြုမူပုံကြောင့် လူတိုင်းမှာ ထိုလူအုပ်ကြီးအား လှမ်း၍ ကြည့်လိုက်ကြလေသည်။ တစ်ခဏလေး အတွင်းမှာပင် ထိုလူများသည် လုဟွိုက်ရွှမ်း ရှေ့သို့ ရောက်လာပြီး သူမရှေ့ တည့်တည့်၌ပင် လူတစ်ဦးကို ပစ်ချလိုက်လေသည်။ ထိုလူသည် မြေပြင်အထက် နှစ်ပတ်သုံးပတ် လိမ့်သွားပြီးသည့်နောက် ရပ်သွားခဲ့လေ၏။
လုဟွိုက်ရွှမ်းလည်း မျက်မှောင်ကြုတ်၍ စစ်ဆေးကြည့်လိုက်ရာ ထိုလူမှာ လူငယ်လေးတစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ လက်ရှိအချိန်တွင် ထိုလူငယ်လေးမှာ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်လာရသည့်အလား သူ့အဝတ်အစားများမှာ ဆုတ်ပြဲနေခဲ့လေသည်။ မျက်လုံးများမှာ တင်းတင်းကျပ်ကျပ် ပိတ်နေခဲ့ပြီး မျက်နှာမှာတော့ ဖြူလျော့နေခဲ့သည်။ မြေပြင်ပေါ်သို့ ပစ်ချခံရပြီးသည့်တိုင် သူတစ်ကိုယ်လုံးမှာ မလှုပ်မယှက် ရှိနေခဲ့လေသည်။
ထိုလူမှာ အသက်မရှိတော့သည့်အလား ထိုလူ့ဆီမှ မည်သည့် စွမ်းအင်အရှိန်အဝါကိုမှ လုဟွိုက်ရွှမ်း မခံစားမိသလို ထိုလူဟာလည်း အသက်ရှူနေခြင်း မရှိချေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၀၈၀)
ဘာသာပြန်သူ_တိမ်တိုက်
လုဟွိုက်ရွှမ်းမှာ လူသေအလောင်းများအား တစ်ခါမျှ မမြင်ဖူးသည် မဟုတ်။ မြင်ဖူးပေသည်။ သူမ ကိုယ်တိုင်သည်လည်း လူပေါင်းများစွာကို ကိုယ်တိုင်ကိုယ်ကျ သတ်ပစ်ခဲ့ဖူးသည်။
လုဟွိုက်ရွှမ်းမှ လုမိသားစု ခေါင်းဆောင်ရာထူးအား ယူပြီး မကြာခင်မှာပင် နေမိုးသောက်ကြယ်မှ ဟဲ့မိသားစုသည် လုမိသားစုအား တိုက်ခိုက်လာခဲ့လေသည်။ ထိုသို့ဖြင့် မိသားစုနှစ်ခု စစ်ဖြစ်ကြလေရာ ထိုစစ်ပွဲအတွင်း လူပေါင်းများစွာ သေကြေပျက်စီးခဲ့ကြရသည်။ ထိုစစ်ပွဲအတွင်းတွင် လုဟွိုက်ရွှမ်း၏ ထူးချွန်ပြောင်မြောက်သော ဦးဆောင်နိုင်စွမ်းကြောင့်သာလျှင် လုဟွိုက်ရွှမ်း၏ မိသားစု ခေါင်းဆောင်ရာထူးမှာလည်း လူပေါင်းများစွာ၏ အသိအမှတ်ပြုခံလာခဲ့ရခြင်း ဖြစ်လေသည်။
ယခုဆိုလျှင် နေမိုးသောက်ကြယ် တစ်ခုလုံးသည် နှစ်ပိုင်းကွဲထွက်နေခဲ့လေသည်။ တစ်ပိုင်းကို လုမိသားစုမှ ဦးဆောင်ပြီး ကျန်တစ်ပိုင်းကို ဟဲ့မိသားစုမှ ဦးဆောင်ထားသည်။ မြေနေရာများနှင့် အဖိုးတန် အရင်းအမြစ်များကိုလည်း ထိုမိသားစုကြီး နှစ်ခုမှ ခွဲဝေယူထားကြလေ၏။
သို့သော်ငြား ဤလူငယ်လေး ပေါ်လာသည့် ကိစ္စသည် လုဟွိုက်ရွှမ်းအား မျက်မှောင်ကြီး ကြုတ်သွားစေခဲ့လေသည်။ သူမအနေဖြင့် ဤလူငယ်လေးအား မုန်းတီးနေခြင်း မဟုတ်။ ထိုအစား ဤအဖြစ်အပျက်သည် အလွန်ကိုမှ ထူးဆန်းနေလွန်းသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ လူငယ်လေး၏ မျက်နှာကို အတန်ကြာအောင် လေ့လာကြည့်နေပြီးသည့်နောက်တွင် လုဟွိုက်ရွှမ်းသည် လူအိုကြီးကို ကြည့်၍ မေးလိုက်လေသည်။ "တတိယဦးလေး သူက ကျွန်မတို့ဘက်ကလား"
သူမ ယခုစီးနင်းလာသော ကြယ်သင်္ဘောပေါ်တွင် လုမိသားစုမှ ကျင့်ကြံသူပေါင်း ရာနှင့်ချီအောင် ပါလာခဲ့ကြသည်။ သူမအနေဖြင့် ထိုလူအားလုံး၏ နာမည်များကို မမှတ်မိပါသော်ငြား မည်သူ့ကိုမဆို မျက်နှာမြင်လိုက်သည်နှင့် သူမဘက်က ဟုတ်မဟုတ် တန်းပြောနိုင်ပေသည်။ သို့သော်ငြား ဤလူငယ်လေးကိုမူ တစ်ခါမှ မမြင်ဖူးသလို သူမစိတ်ထဲ ခံစားနေရသည်။
လုပင်းက ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး"
"မဟုတ်ဘူးလား" လုဟွိုက်ရွှမ်း မျက်လုံးမှေးစင်းသွားခဲ့လေသည်။
[ငါတို့ဘက်က မဟုတ်ရင် ဘာဖြစ်လို့ ငါတို့ ကြယ်သင်္ဘောပေါ်မှာ ပေါ်လာရတာလဲ]
ချက်ချင်းဆိုသလို လုဟွိုက်ရွှမ်း အတွေးများသွားရတော့လေသည်။ သို့သော်ငြား သူမ အဓိက စဉ်းစားမိသည့် အရာမှာတော့ ဤလူငယ်လေးသည် သူမမိသားစု၏ ရန်သူများမှ စေလွှတ်ထားသည့် သူလျှိုတစ်ယောက် ဖြစ်သည်ဟူ၍ပင်။ ထိုသို့သာ ဆိုလျှင်တော့ သူတို့အတွက် အန္တရာယ်များပေတော့မည်။
လုဟွိုက်ရွှမ်း ဘာတွေးနေသလဲဆိုသည်ကို သတိပြုမိသည့်အလား လုပင်းက ပြန်ပြောလိုက်သည်။ "ဒီလူကို ကြယ်သင်္ဘောရဲ့ ပျက်စီးနေတဲ့ အပိုင်းမှာ ရှာတွေ့ခဲ့တာ"
"တတိယဦးလေး ပြောချင်တာက" လုဟွိုက်ရွှမ်းသည် လုပင်းအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်လေသည်။ လုပင်း ဘာပြောချင်လို့ ပြောချင်နေမှန်းကို လုဟွိုက်ရွှမ်း နားမလည်နိုင် ဖြစ်နေခဲ့ရလေသည်။
လုပင်းက ဇဝေဇဝါ ဖြစ်နေသည့် အမူအရာမျိုးဖြင့် ပြန်၍ပြောလိုက်လေ၏။ "ငါကြည့်ရသလောက်တော့ ငါတို့ ကြယ်သင်္ဘော ထိခိုက်သွားရတာ ဒီလူနဲ့ ဝင်တိုက်မိလို့ပဲ"
ထိုစကားကို ကြားသော် လူတိုင်း တိတ်ဆိတ်သွားကုန်ကြလေသည်။ ထို့နောက်တွင် လူတိုင်း၏ စိတ်ထဲ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့ရလေ၏။
လုဟွိုက်ရွှမ်းမှာလည်း အတန်ကြာမှ အသိပြန်ဝင်လာခဲ့ပြီး တတိယဦးလေးဆိုသူအား အံ့သြတကြီး အမူအရာဖြင့် ကြည့်လိုက်လေသည်။ တတိယဦးလေး အကြောင်းကိုသာ သိထားသူ မဟုတ်ပါက တတိယဦးလေး နောက်နေခြင်း ဖြစ်သည်ဟုသာ လုဟွိုက်ရွှမ်း ယုံကြည်မိပေလိမ့်မည်။
လုပင်းက ကူကယ်ရာမဲ့စွာပင် ပြန်ပြောလိုက်လေ၏။ "အစကတော့ ငါတို့ ကြယ်သင်္ဘောကို ဂြိုဟ်သိမ်တစ်ခု လာတိုက်တာလို့ ထင်နေတာ၊ ဒါပေမဲ့ လိုက်စစ်ဆေးကြည့်တော့ ဂြိုဟ်သိမ်တိုက်ထားတဲ့ အရိပ်အယောင် ဘာမှမတွေ့ရဘူး၊ ဂြိုဟ်သိမ် တစ်ခုခုကနေ ဝင်တိုက်မယ်ဆိုရင် သင်္ဘောကိုယ်ထည်နေရာက ချိုင့်ဝင်သွားတာမျိုး ရှိတယ်လေ၊ အဲဒီ ချိုင့်ဝင်သွားတာရဲ့ အလယ်တည့်တည့်မှာ ဘာဂြိုဟ်သိမ်မှ မတွေ့ဘဲနဲ့ ဒီလူကို လာတွေ့တာ"
လူတိုင်းသည် လုပင်းအား ထူးထူးဆန်းဆန်း အမူအရာများဖြင့် ကြည့်နေလေသည်။ လုဟွိုက်ရွှမ်းမှာတော့ သူမဘာသာသူမ အတွေးယာဉ်ကြောထဲ နစ်မျောသွားခဲ့လေ၏။
လုပင်းက ဆက်၍ပြောလိုက်သည်။ "ငါပြောတာက ယုံချင်စရာ မကောင်းမှန်း ငါသိတယ်၊ ဒါပေမဲ့ ငါလည်း ဒီထက်ပိုပြီး ဘာမှ မရှင်းပြတတ်တော့ဘူး"
တကယ်ဆိုလျှင် လုပင်း ပြောသည်မှာ မယုံချင်စရာ ကောင်းခြင်း မဟုတ်ဘဲ အလွန်ကိုမှ ထိတ်လန့်ဖွယ် ကောင်းနေခြင်းသာ ဖြစ်ပေသည်။ လူသားတစ်ဦးနှင့် ဝင်တိုက်မိလိုက်သည့်အတွက်ကြောင့် ကြယ်သင်္ဘော၏ ကိုယ်ထည် ပေါက်ထွက်သွားခဲ့ရပြီး သင်္ဘောကိုယ်ထည်မှာလည်း ဆိုးဆိုးရွားရွား ထိခိုက်သွားရသည့် ကိစ္စမှာ အမှန်တကယ်ကိုမှ မယုံချင်စရာ ကောင်းလှပေသည်။ သင်္ဘောကိုယ်ထည် ပျက်စီးသွားသည့်အတွက်ကြောင့်ပင်လျှင် ပြန်ပြင်ဖို့ရာအတွက် နေရာတစ်ခု ရှာလိုက်ရပေသေးသည်။ ဤကြယ်သင်္ဘောသည် သာမန် ကြယ်သင်္ဘောပင် မဟုတ်။ နေမိုးသောက်ကြယ်ပေါ်ရှိ အကောင်းဆုံးသော ကြယ်သင်္ဘော နှစ်စင်းအနက် တစ်စင်းအပါအဝင် ဖြစ်သည့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ဖြစ်ပေသည်။ ရှင်းရှင်းပြောရသော် ဤကြယ်သင်္ဘောသည် တန်ခိုးရှင်ဘုရင် ပထမအဆင့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုပင်လျှင် အတန်ကြာအောင် တောင့်ခံနိုင်လေရာ လူသားတစ်ဦးနှင့် ဝင်တိုက်မိသည့်အတွက်ကြောင့် မည်ကဲ့သို့များ ဤမျှ ဆိုးဆိုးရွားရွား ထိခိုက်သွားရပါလေသနည်း။
ကြယ်သင်္ဘောတစ်စင်းသည်သာ ဤမျှ အထိမခံနိုင် ဖြစ်နေမည် ဆိုပါက ကြယ်တာရာ ကောင်းကင်ကြီးထဲ သွားလာဖို့ရာ မသင့်တော်ပေ။ မည်သည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားကြောင့်မဆို ကြယ်သင်္ဘောတစ်စင်းလုံး ပျက်စီးသွားရနိုင်ပေသည်။ ဤလူသည် သူတို့၏ ကြယ်သင်္ဘောအား ထိခိုက်အောင် လုပ်နိုင်ခဲ့သည် ဆိုပါလျှင် သူတို့ ပစ်လွှတ်လိုက်သော သလင်းအမြောက်များကလေရော။
သလင်းအမြောက် ဆယ်ခုစလုံးကို တစ်ပြိုင်တည်း ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပြီး ထိုသလင်းအမြောက် ဆယ်ခုစလုံးမှာ ပစ်မှတ်အား တည့်တည့်ကို ထိမှန်သွားခဲ့လေသည်။ မည်သူကများ သလင်းအမြောက် ဆယ်ခု၏ တစ်ပြိုင်တည်း ပစ်အားကို ခုခံနေနိုင်လောက်သည့်အထိ အားကောင်းပါမည်နည်း။ ဤလူငယ်လေး၏ ပုံစံကို ကြည့်ရသလောက် သူ့အဝတ်အစားများမှာ ဆုတ်ပြဲနေသလို တစ်ကိုယ်လုံးမှာ ဖရိုဖရဲ ဖြစ်နေပါသော်ငြား ထိခိုက်ဒဏ်ရာ ရထားသည့် အရိပ်အယောင် စိုးစဉ်မျှပင် မရှိပေ။ သူ့အရေပြားသည် လောကကြီးထဲရှိ အမာဆုံးသော သတ္တုဖြင့် လုပ်ထားမည် ဆိုလျှင်ပင် သလင်းအမြောက်ဆယ်ခု ဝိုင်းပစ်သည့်အားကိုတော့ ခံနိုင်လိမ့်မည် မဟုတ်။
ထိုအတွက်ကြောင့် လူတိုင်းမှာ လုံးဝကို ဇဝေဇဝါ ဖြစ်ကုန်ကြရလေသည်။
"အခုမှတော့ တွေးနေလို့လည်း အပိုပဲ၊ ငါတို့ရဲ့ ဦးစားပေးက ကြယ်သင်္ဘောကို ပြန်ပြင်ဖို့ပဲ" လုဟွိုက်ရွှမ်းက အမိန့်ပေးလိုက်သည်။
လုဟွိုက်ရွှမ်း သူပြောသည်ကို မယုံကြောင်း သိလိုက်ရသည့်နောက် လုပင်း ကြိတ်၍ သက်ပြင်းချလိုက်လေသည်။ ရှင်းရှင်းပြောရသော် သူကိုယ်တိုင်သည်လည်း သူပြောပြသွားသည်နှင့် ပတ်သက်၍ သိပ်မယုံချင်ပေ။ ထိုအတွက်ကြောင့် လုဟွိုက်ရွှမ်း ပြောသည်ကို ကြားသော် ပြန်လည်၍ ငြင်းဆိုနေခြင်း မရှိ။
"ဒီလူကိုတော့ သူ့ကို တစ်နေရာရာမှာ မြှုပ်ပေးလိုက်ပါ" လုဟွိုက်ရွှမ်းသည် မလှုပ်မယှက် ဖြစ်နေသော လူငယ်လေးကို ကြည့်ရင်းမှ ပြောလိုက်လေသည်။ ဤလူငယ်လေး မည်သူပင် ဖြစ်စေကာမူ သူတို့ ကြယ်သင်္ဘောတွင် မည်သည့်အကြောင်းကြောင့် ပေါ်လာရစေကာမူ အနည်းဆုံးတော့ သေသွားသည့် လူတစ်ဦးကို ကောင်းကောင်းမွန်မွန် မြှုပ်ပေးလိုက်သင့်သည်မှာ သဘာဝသာ ဖြစ်လေသည်။ တကယ်တော့ ထိုလူငယ်လေးသည် သူတို့၏ ရန်သူမှလည်း မဟုတ်လေဘဲ။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် ဘက်ပေါင်းစုံမှ အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ပရမ်းပတာ စွမ်းအင်လှိုင်းတို့ကလည်း အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့လေသည်။ ပြိုင်ဘက်များ ရောက်မလာရသေးခင်မှာပင် တိုက်ခိုက်မှုများမှာ ထွက်ပေါ်လာပြီးနေခဲ့လေပြီ။
ရွှစ်၊ရွှစ် ၊ ရွှစ်။
အသံဗလံပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် လူတိုင်း၏ မျက်လုံးထဲ အလင်းတစ်ချက် လက်သွားခဲ့ပြီးသည့်နောက် လုမိသားစုဝင် အဖွဲ့သားများ ရပ်နေသည့် နေရာတစ်ခုလုံးကို စွမ်းအင်လှိုင်းများမှ လွှမ်းခြုံသွားခဲ့လေသည်။
"ရန်သူတွေ တိုက်ခိုက်နေပြီ" တစ်ယောက်ယောက်က ထအော်လိုက်လေသည်။ သို့သော်ငြား သူ့အသံမှာ ရုတ်ချည်းဆိုသလို ပြန်လည် ပြတ်တောက်သွားခဲ့လေသည်။ မသိလျှင် တစ်ယောက်ယောက်သည် ထိုလူအား လည်ပင်းမှ ဆွဲညှစ်ထားသည့်အလား။ ထို့နောက်တွင် ထိုလူ၏ အရှိန်အဝါပါ ပျောက်ကွယ်သွားခဲ့လေ၏။ ထိုသို့ ဖြစ်ပြီးပြီးချင်းမှာပင် လူပေါင်းများစွာ၏ အော်ဟစ်သံတို့ တစ်ပြိုင်တည်း ထွက်ပေါ်လာကုန်ကြလေ၏။
ယခုကဲ့သို့သော နေရာမျိုးတွင် အလစ်ငိုက်ချောင်း တိုက်ခိုက်ခံရလိမ့်မည်ဟု မျှော်လင့်ထားခြင်း မရှိသည့်အတွက်ကြောင့် တိုက်ခိုက်ခံရမှန်း သိလိုက်သော် လုဟွိုက်ရွှမ်း၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သူတို့သည် ဘယ်ကမှန်းမသိသော ကြယ်သေတစ်လုံးပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်လေသည်။ ထိုအပြင် သူတို့ ဤနေရာသို့ ရောက်သည်မှာ မကြာသေးပေ။ ထိုသို့ ဖြစ်လေရာ ရန်သူများသည် သူတို့အား ဤနေရာတွင် မည်ကဲ့သို့များ အလစ်ချောင်း တိုက်ခိုက်နိုင်ရသနည်း။
သို့ရာတွင် လက်ရှိအချိန်၌ ထိုအရာများကို စဉ်းစားနေဖို့ရာ အချိန်မရှိပေ။ လုဟွိုက်ရွှမ်းသည် သူမ၏ နားကပ်ကို လက်ဖြင့် ချေမွပစ်လိုက်လေသည်။ ထို့နောက်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းတန်းသည် ဧရာမ အမိုးခုံးကြီးတစ်ခု အသွင်သို့ ပြောင်းလျက် လုမိသားစုမှ ကျင့်ကြံသူများ အားလုံးကို တိုက်ခိုက်မှုများဆီမှ ကာကွယ်ပေးလိုက်လေသည်။
တိုက်ခိုက်မှုပေါင်းစုံ အမိုးခုံးပေါ်သို့ ကျရောက်လာသည့်အခိုက် ကျယ်လောင်သည့် ပေါက်ကွဲသံများနှင့်အတူ အမိုးခုံး၏ မျက်နှာပြင်ထက်တွင် လှိုင်းတွန့်များ ဖြစ်ပေါ်လာရသည်။ တိုက်ခိုက်မှုများ၏ ဒဏ်ကြောင့် အမိုးခုံးမှ ထွက်ပေါ်လာနေသည့် အရောင်အဝါမှာ တစ်ခဏအတွင်း မှေးမှိန်သွားခဲ့ရ၏။ မကြာမီ အချိန်အတွင်းမှာပင် အမိုးခုံးဆီမှ အက်သံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
သို့သော်ငြား အမိုးခုံးထဲသို့ ရောက်နေသည့် အချိန်အတိုအတွင်း လုမိသားစုဝင်များမှာ တိုက်ခိုက်ခံနေရသည်မှ အသိပြန်ဝင်လာကာ သူတို့၏ လျှို့ဝှက်နည်းစနစ်များနှင့် မှော်ရတနာများကို ထုတ်၍ ရန်သူများအား တန်ပြန်တိုက်ခိုက်နိုင်ရန် အချိန် ရသွားခဲ့၏။
ပရမ်းပတာ စွမ်းအင်လှိုင်းများကြားဝယ် လူတစ်ဦးသည် ကောင်းကင်အထက်မှ လက်ပိုက်လျက် ဆင်းလာခဲ့လေသည်။ တစ်ချိန်တည်းတွင် ကြီးစွာသော ဖိအားတစ်ရပ်သည် လုဟွိုက်ရွှမ်း အပေါ်သို့ ကျဆင်းလာခဲ့လေသည်။
လုဟွိုက်ရွှမ်းမှာ မျက်လုံးမှေးစင်းလျက်မှ သူမ၏ မိုးပြာရောင် ဓားရှည်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ ထိုဓားရှည် သူမလက်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လုဟွိုက်ရွှမ်း ကိုယ်တိုင်သည် လူသစ်တစ်ဦး အသွင်သို့ ပြောင်းလဲသွားသည့်အလား။ လုဟွိုက်ရွှမ်းသည် အချိုးအစား ကျနလှပသည့် ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသော မိန်းမချောလေးတစ်ဦး အသွင်ပေါက်နေသေးပါသော်ငြား တစ်ချိန်တည်းတွင်လည်း အားကောင်းလှသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဟန်ပန်မျိုးကို ပိုင်ဆိုင်ထားခဲ့လေသည်။
ထိုကဲ့သို့သော စွမ်းအားမျိုးသာ မရှိပါက သူမအနေဖြင့် လုမိသားစုအား ဦးဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအပြင် မိန်းမသားတစ်ဦး ဖြစ်သည့်အလျောက် လူတိုင်း၏ လေးစားမှုကို ရရှိရန်အတွက် သူမအနေဖြင့် သာမန်ယောက်ျားတစ်ဦးထက်ကို ပိုမိုအားကောင်းနေရန် လိုအပ်ပေသည်။
လုဟွိုက်ရွှမ်းမှာ သူမလက်ထဲရှိ မိုးပြာဓားရှည်အား လွှဲယမ်းချလိုက်သည့်အခိုက် အားကောင်းလှသည့် ဓားစိတ်ဆန္ဒနှင့် အတူ ဓားနယ်ပယ်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ သူမလက်ထဲရှိ ဓားရှည်မှာလည်း ပုံရိပ်ယောင်ဓား အသွင်သို့ ပြောင်းသွားခဲ့ပြီး သူမခေါင်းအထက်တွင် ဝဲနေလေသည်။ ထို့နောက်တွင် မြောက်မြားလှစွာသော ဓားချီစီးကြောင်းများ တစ်ဟုန်ထိုး ထွက်ပေါ်လာကုန်လေ၏။
အစောပိုင်းက လုဟွိုက်ရွှမ်း အပေါ်သို့ ကျဆင်းလာသော ကြောက်မက်ဖွယ်ရာ ဖိအားမှာ တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်အထက်မှ ဆင်းလာနေသည့် ရန်သူမှာလည်း အထိတ်တလန့်အော်ဟစ်ရင်းမှ လုဟွိုက်ရွှမ်း၏ ချီဓားသွားများကို အလောတကြီး ရှောင်ရှားလိုက်လေသည်။
လက်ရည်ဖလှယ်ပြီးသည့်နောက်တွင် လုဟွိုက်ရွှမ်းနှင့် သူမရန်သူ နှစ်ဦးစလုံး တစ်ယောက်ခွန်အားအကြောင်း တစ်ယောက် သိသွားကြလေပြီ။ အံ့အားသင့်ဖွယ်ကောင်းစွာပင် နှစ်ဖက်စလုံးမှာ လက်ရည်တူနေခဲ့၏။
နှစ်ဖက်အဖွဲ့များ၏ အားအကောင်းဆုံးသော ပညာရှင်များ စတင်တိုက်ခိုက်ကြသည်နှင့် တစ်ပြိုင်နက် ဆူညံယောက်ယက်ခတ်နေသော တိုက်ပွဲကွင်းပြင်ကြီး တစ်ခုလုံးမှာ တိတ်ကျသွားခဲ့လေသည်။ လုမိသားစုဝင်များမှာတော့ သေမင်းခံတွင်းဝမှ ပွတ်ကာသီကာလေး လွတ်မြောက်လာသလို ခံစားနေရပြီး တိုက်ခိုက်နေရာမှ အသိပြန်ဝင်လာကြချိန် သူတို့၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေကြောင်းကို တွေ့ရှိလိုက်ရသည်။
လုဟွိုက်ရွှမ်းသည် သူမရန်သူကို သေသေချာချာ ကြည့်လိုက်သည့်နောက် ထိုလူသည် အသားဖြူဖြူ ဝဝဖိုင့်ဖိုင့် လူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ပြောင်ရယ်ပြတ်ချော် အမူအရာမျိုးဖြင့် သူမအား ပြုံးပြနေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူသည် လျော့တိလျော့ရဲ အင်္ကျီကို ဝတ်ဆင်ထားခဲ့ပြီး သူ့ဗိုက်ကို ဖော်ထားခဲ့သည်။ သေးသွယ်သွယ် မှေးစင်းလှသည့် မျက်လုံးများနှင့် ထပ်ပေါင်းလိုက်သော် ထိုလူ၏ပုံစံမှာ အတော်လေးကိုမှ ရယ်ချင်စဖွယ် ကောင်းနေလေ၏။
သို့ရာတွင် မည်သူမျှ ထိုလူအား သွားမရယ်ခဲ့ကြပေ။ ထိုအစား ထိုလူကို ကြည့်ရင်း ကြောက်ရွံ့မှုများသည်သာ လုမိသားစုဝင်များ၏စိတ်ထဲ ထွက်ပေါ်လာနေခဲ့လေ၏။
လုပင်းက မှုန်ကုပ်ကုပ် အမူအရာဖြင့် လှမ်းအော်ပြောလိုက်လေသည်။ "မာချောင်ကျွင်း"
လူဝကြီး၏ မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ပြုံးကာ ပြန်ပြောလိုက်လေသည်။ "အိုး၊ မင်းက ငါ့ကို သိတာလား"
လုပင်း တံတွေးတစ်လုတ် မျိုချလိုက်လေသည်။ သူ့အရှေ့ရှိ လူသည် အခြားသူများနှင့် မတူ လုံးဝကိုကွဲပြားသည့် ခန္ဓာကိုယ်ပုံစံနှင့် မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားလေရာ လုပင်းအနေဖြင့် လူမှားစရာ လုံးဝအကြောင်း မရှိချေ။ လက်ရှိ သူတို့အရှေ့တွင် ရှိနေသည့် လူသည် လေပြင်းပင်လယ်ဓားပြအဖွဲ့မှ မာချောင်ကျွင်းမှန်း လုပင်း လုံးဝ သေချာပြောနိုင်ပေသည်။
လေပြင်းပင်လယ်ဓားပြအဖွဲ့သည် မာချောင်ကျွင်း၏ ကိုယ်ပိုင် အင်အားစုတစ်စု မဟုတ်ပေ။ ထိုအစား ကြယ်စီရင်စုကြီးထဲ လူတိုင်းအား လိုက်လံဒုက္ခပေးနေသော အင်အားစုကြီးတစ်ခု၏ နာမည်သာ ဖြစ်လေသည်။ ဓားပြများသည် တောင်ပေါ်တွင် နေထိုင်ကြသလို ပင်လယ်ဓားပြများမှာတော့ ပင်လယ်ထဲတွင် လှုပ်ရှားကြပေသည်။ ကြယ်တာရာ ပင်လယ်ဓားပြများမှာမူ ကြယ်တာရာ ကောင်းကင်ကြီးထဲ ကျင်လည်ကျက်စားနေကြသော ဓားပြများကို ဆိုလိုလေ၏။
ရှင်းရှင်းပြောရသော် ကြယ်တာရာ ပင်လယ်ဓားပြများသည် ဓားပြများ ပင်လယ်ဓားပြများနှင့် ကွာခြားခြင်း မရှိချေ။ သူတို့၏ လုပ်ရပ်မှာလည်း အတူတူသာ ဖြစ်ပေသည်။ အခြားသူများအား လိုက်လံသတ်ဖြတ်ကာ ဓါးပြတိုက်ခြင်းပင်။
ကြယ်စီရင်စုကြီးထဲ ကြယ်တာရာ ပင်လယ်ဓားပြပေါင်းများစွာ ရှိကြပါသော်ငြား အနည်းငယ်သော အဖွဲ့များသည်သာ နာမည်ဆိုးဖြင့် ကျော်ကြားကြပေသည်။ လေပြင်းပင်လယ်ဓားပြအဖွဲ့သည် ထိုကဲ့သို့သော အဖွဲ့မျိုး ဖြစ်ပေသည်။ အကြောင်းမှာ လေပြင်းပင်လယ်ဓားပြအဖွဲ့တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ရှိနေကြသည့် အတွက်ကြောင့်ပင်။
တန်ခိုးရှင်ဘုရင်အဆင့်သည် ဤကြယ်စီရင်စုကြီးထဲရှိ ကျင့်ကြံသူများ ရောက်ရှိနိုင်သည့် အဆုံးအစွန်ဆုံးသော အဆင့်တစ်ခု ဖြစ်ပေသည်။ ထိုအတွက်ကြောင့် ဤအဆင့်သို့ ရောက်နေသော ပညာရှင်များမှာ ယေဘုယျအားဖြင့် ပြိုင်ဘက်ကင်းသည်ဟု ပြော၍ရသည်။ ထိုကဲ့သို့သော ပညာရှင်တစ်ဦးသည်သာ ပင်လယ်ဓားပြ ဖြစ်လာရန် ဆုံးဖြတ်လိုက်မည် ဆိုပါက အခြားသူများအတွက်တော့ သတင်းဆိုးတစ်ခုပင် ဖြစ်လေ၏။
သမိုင်းတစ်လျှောက်တွင် ဤကြယ်စီရင်စုကြီးထဲရှိ ထိပ်တန်းအဖွဲ့အစည်းပေါင်းများစွာသည် အတူတကွ ပူးပေါင်း၍ ထိုကဲ့သို့သော ကြယ်တာရာ ပင်လယ်ဓားပြများကို ရှင်းထုတ်ပစ်ရန် ကြိုးစားခဲ့ကြဖူးသည်။ သို့သော်ငြား ထိုအဖွဲ့များဟာ မြက်ပင်များပမာ ရှင်းထုတ်ခံရပြီးတိုင်း ပြန်ပြန်ပေါ်လာလေ့ ရှိ၏။
လေပြင်းပင်လယ်ဓားပြအဖွဲ့သည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အဖွဲ့တစ်ခု ဖြစ်သည်။ ထိုပင်လယ်ဓားပြအဖွဲ့သည် သူတို့ ရန်မစသင့်သည့် လူများကို သွားရန်စလေ့ မရှိဘဲ အားနည်းသည့် လူများကိုသာ လိုက်လံဓားပြတိုက်တတ်ကြသည်။ ထိုအပြင် သူတို့ ဓားပြတိုက်ရာတွင်လည်း ဓားစာခံများကို အသက်ရှင်လျက် ချန်ထားပေးခဲ့ခြင်း မရှိဘဲ လူအားလုံးကို သတ်ကာ ပစ္စည်းများကို လုယူလေ့ရှိကြသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လေပြင်းပင်လယ်ဓားပြအဖွဲ့၏ ပစ်မှတ်ထားခြင်း ခံလိုက်ရမည်ဆိုပါက အသက်ရှင်နိုင်တော့လိမ့်မည်မဟုတ်ဟူသော ကောလဟာလများပင် ထွက်ပေါ်လာကြလေ၏။
သူတို့၏ ဆိုးရွားလှသော လုပ်ရက်များကြောင့် လေပြင်းပင်လယ်ဓားပြအဖွဲ့သည် ဤကြယ်စီရင်စုကြီးထဲရှိ ပင်လယ်ဓားပြအဖွဲ့များအနက် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ရသည်။
လက်ရှိအချိန်တွင် လေပြင်းပင်လယ်ဓားပြအဖွဲ့မှ ကြယ်တာရာ ပင်လယ်ဓားပြများသည် လုမိသားစု အဖွဲ့ဝင်များ အားလုံးကို ဘက်ပေါင်းစုံမှ အပြည့်အဝ ဝန်းရံထားခဲ့ကြလေသည်။ ထိုလူများသည် လက်ရှိအချိန်တွင် လုဟွိုက်ရွှမ်း၏ အချိုးအစားကျနလှသော ကိုယ်လုံးကိုယ်ပေါက်အား အရသာရှိလှသည့် အသားတုံးတစ်တုံးကို ကြည့်နေသည့်ပမာ တဏှာရမ္မက်ကြီးစွာဖြင့် ကြည့်နေကြလေ၏။
"ခင်ဗျားက သခင်မလေးလုမလား၊ ချောကလည်းချော၊ ကျင့်ကြံခြင်းကလည်း မြင့်တာပဲ၊ ကောလာဟလတွေထဲက ပြောနေတာထက်တောင် ပိုပြီးတော့ ကောင်းနေသေးတယ်၊ ကျုပ် ခင်ဗျားကို တွေ့ချင်နေတာ ကြာပြီ"
လုဟွိုက်ရွှမ်းသည် မှုန်ကုပ်ကုပ် အမူအရာဖြင့် လုမိသားစုဝင်များကို တစ်ချက်ဝေ့ကြည့်လိုက်လေသည်။ ယခုကဲ့သို့ အလစ်အငိုက်ချောင်း တိုက်ခိုက်ခံရသည်မှာ သူမတို့ မျှော်လင့်ထားသည့်အရာ မဟုတ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ တစ်ခုခု မှားယွင်းနေသည်ဟု သူမစိတ်ထဲ ခံစားနေရလေသည်။
လေပြင်းပင်လယ်ဓားပြ အဖွဲ့သားများသည် သူတို့ ဤနေရာသို့ လာလိမ့်မည်မှန်း ကြိုတင်သိထားကြသည့်ပုံပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ယခုကဲ့သို့ အလစ်ငိုက်ချောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ လုမိသားစု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် လုဟွိုက်ရွှမ်း ယခုကဲ့သို့ အခြေအနေမျိုးဖြင့် ကြုံပြီးသည့်နောက်တွင် သူမ အဖွဲ့သားများအပေါ် စတင်၍ သံသယဝင်လာမိတော့သည်။
ကလန်သားများကို ဝေ့ကြည့်နေရင်းမှ ပထမဦးလေး မိသားစုမှ လူတစ်ဦးဖြစ်သည့် လုကလန်သားတစ်ဦးသည် သူမ၏အကြည့်ကို အတတ်နိုင်ဆုံး ရှောင်ရှားနေခဲ့လေသည်။ ထိုအချင်းအရာကို သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် လုဟွိုက်ရွှမ်း စိတ်ညစ်သွားရတော့လေ၏။ သူမစိတ်ထဲတွင် အလွန်ကိုမှ စိတ်ပျက်သွားမိခဲ့လေပြီ။ မိသားစုဝင်တစ်ဦးသည် ဘာကြောင့်များ ကိုယ့်မိသားစုအပေါ် ပြန်လည်၍ သစ္စာဖောက်ရသလဲဆိုသည်ကို သူမ လုံးဝနားမလည်နိုင်ခဲ့ချေ။