အခန်း (၁၂၆)
Vol. 14 Ch. 126
ချင်ချင် ဆေးရုံဆင်းမည့်နေ့တွင် မျှော်လင့်ထားသလောက် လူမစုံခဲ့ပေ။
အလုပ်ပိတ်ရက်မဟုတ်သဖြင့် လူတိုင်းအလုပ်ရှုပ်နေကြရာ ဖူဟန်၊ ကူးလန်နှင့် အန်းရန်တို့ သုံးဦးသာ အချိန်လုပြီး ရောက်လာနိုင်ကြသည်။
အန်းရန်မှာ ကျောင်းသူဖြစ်သဖြင့် အခြားသူများကဲ့သို့ အလုပ်မများလှပေ။ အားလပ်နေသည်တော့မဟုတ်သော်လည်း လူစုထဲတွင် သူမ အားအရှိဆုံးဖြစ်သည်။ ထို့ကြောင့် ချင်ချင် ဆေးရုံတက်နေစဉ်အတောအတွင်း ဖူဟန်ပြီးလျှင် အန်းရန်မှာ အားကိုးရဆုံးဖြစ်ခဲ့သည်။
"ကျန်တာရှိသေးလား"
နောက်ဆုံးတစ်ခေါက် စစ်ဆေးပြီးနောက် အဆင်ပြေပြီဖြစ်၍ အားလုံးထွက်လာခဲ့ကြသည်။
ဖူဟန် ချင်ချင့် ဝှီးချဲအား တွန်းပေးပြီး ကူးလန် ဆေးရုံဆင်းရန် ကိစ္စရပ်များကို သွားရောက်စီစဉ်သည်။ အန်းရန် အထုပ်အပိုးအပေါ့စားအချို့ကို သယ်ကာ ဖူဟန်တို့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။
ပစ္စည်းအလေးအပင်များကိုမူ ဒရိုင်ဘာမှ ကြိုတင်သယ်သွားပြီဖြစ်၍ ကားပေါ်တွင် အသင့်ရှိနေလောက်ပြီ။
ဆေးရုံတွင် ကြာမြင့်စွာနေခဲ့ရသဖြင့် ငြီးငွေ့နေကြပြီလားမသိ၊ ဖူဟန်တို့အဖွဲ့ အလုပ်သွက်နေကြသည်။ မနက် ၈ နာရီကတည်းက ပစ္စည်းစသိမ်းကြရာ ၉ နာရီမထိုးခင်မှာပင် ဓာတ်လှေကားဖြင့် အောက်ထပ်သို့ ဆင်းလာနိုင်ခဲ့သည်။
ဖူမိသားစုဒရိုင်ဘာမှာ ဆေးရုံအဆောင်ရှေ့တွင် ကားကို အသင့်ရပ်ထားပေးထားရာ အလွယ်တကူတက်ရုံသာရှိသည်။
ဓာတ်လှေကား အောက်သို့အဆင်းတွင် ဖူဟန့် ဖုန်း မြည်လာသည်။
ကူးလန်ထံမှ ဖြစ်သည်။
"ဟယ်လို..."
သူ စကားပင် မစရသေးမီ လောလောလောလော အသံတစ်ခု ထွက်ပေါ်လာသည်။
"ချင်ချင်ကို နောက်ပေါက်ကနေ ခေါ်ထုတ်ခဲ့၊ အရှေ့မှာ သတင်းထောက်တွေ ဝိုင်းနေကြပြီ"
"အေး"
သူ ချက်ချင်းဖုန်းချကာ ဒုတိယထပ်ခလုတ်အား နှိပ်လိုက်သည်။
တင်းတောင်..
ဒုတိယထပ်တွင် ဓာတ်လှေကား တုံ့ခနဲ ရပ်သွားသည်။ တံခါးပွင့်သည်နှင့် ဖူဟန် "သွားကြစို့" ဟု တိုးတိုးလေးပြောကာ ချင်ချင်ကိုတွန်း၍ အရင်ထွက်လာခဲ့သည်။
အန်းရန် ဘာမှမမေးဘဲ အိတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ဖူဟန်နောက်မှ လိုက်လာသည်။
သူတို့သုံးဦး ဓာတ်လှေကားတစ်စုံမှ လှေကားထစ်များဆီသို့ လှည့်ပတ်သွားလာနေကြသည်။ အခြားဓာတ်လှေကားကို အသုံးမပြုရဲတော့သည်မှာ သိသာလှသည်။
“ငါ ချင်ချင်ကို အရင်ပွေ့ချသွားမယ်၊ ဝှီးချဲကို မသယ်နိုင်ရင် နာ့စ်စခန်းမှာ အပ်ခဲ့လိုက်”
“ရတယ် ဦးလေးဖူ၊ သမီးကို စောင့်မနေနဲ့တော့၊ ကားပေါ်တက်ပြီး မြန်မြန်ထွက်သွားလိုက်ပါ၊ သတင်းထောက်တွေက သမီးကို မမှတ်မိနိုင်ပါဘူး၊ သမီးဘာသာ တက္ကစီနဲ့ ပြန်လိုက်ခဲ့မယ်”
အန်းရန် ဖူဟန်ထက်ပင် ကြိုတွေးထားသေးသည်။ ဝှီးချဲကို အပ်ပြီးပါက အရှေ့ပေါက်မှ ဓာတ်လှေကားဆီ ပြန်သွားကာ လူအများအာရုံလွှဲရန် သူမ စီစဉ်ထားခြင်းဖြစ်သည်။
“အေး၊ သတိထားဦး”
အချိန်ဆွဲမနေတော့ဘဲ ဖူဟန် ချင်ချင့်အား ပွေ့ကာ ပထမထပ် လူဝင်ပေါက်ကို ရှောင်ပြီး မြေအောက်ကားပါကင်ဆီ တိုက်ရိုက်ဆင်းခဲ့သည်။
ဆုံမည့်နေရာ ပြောင်းလဲသွားကြောင်းကို ကူးလန် ဖုန်းဖြင့် အသိပေးပြီးသားဖြစ်သည်။
ဖူမိသားစုဒရိုင်ဘာမှာ ဆေးရုံအဆောင်ရှေ့တွင်သာ ရှိနေသေးသဖြင့် သူတို့အားလုံး အရှေ့ပေါက်မှ ထွက်လာမည်ဟု ထင်ယောင်ထင်မှား ဖြစ်စေသည်။ အမှန်တကယ်တွင်မူ ဖူဟန်သည် ကူးလန် အကူအညီဖြင့် ဆေးရုံမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ပုံမှန်ဆိုလျှင် ဖူဟန် ထိုသတင်းထောက်များကို ကြောက်စရာမလိုပေ။
ယခင်ကလည်း မကြောက်ခဲ့ဖူးသလို၊ နောင်လည်း ကြောက်မည်မဟုတ်ချေ။ လွန်လာလျှင် ရှေ့နေစာပို့ခြင်း သို့မဟုတ် လုပ်ငန်းအား သိမ်းပိုက်ပစ်လိုက်ရုံနှင့် နားအေးသွားမည်သာ။
သို့သော် ယခုမှာမူ ဖျားနာရာမှ ပြန်လည်သက်သာလာကာစဖြစ်သော ချင်ချင် ရှိနေသည်။
သတင်းရဖို့ဆို ဘာမဆိုလုပ်မည့် သတင်းထောက်များကြား ရုန်းရင်းဆန်ခတ်ဖြစ်လျှင် ချင်ချင် ထိခိုက်သွားနိုင်သည်။
ယခုအချိန်တွင် ချင်ချင်သည် ဖူဟန့်အသက်တမျှဖြစ်ရာ အနည်းငယ်မျှ အထိခိုက်မခံနိုင်ပေ။
"ဘာဖြစ်တာလဲ"
ဘေးကင်းရာသို့ ရောက်မှ ဖူဟန် မေးလိုက်သည်။ ကိစ္စများ ရုတ်ခြည်းဖြစ်သွားသဖြင့် သူ ဘာမှမသိလိုက်ရသေးပေ။
"ဘယ်ကောင်က သတင်းလွှင့်လိုက်တာလဲ မသိဘူး..."
"အဟမ်း..."
သူ ကူးလန်အား သတိပေးသည့်အနေဖြင့် စိုက်ကြည့်လိုက်သည်။
မင်းအစ်မက ငယ်သေးတယ်၊ ကလေးကို စကားအသုံးအနှုန်းတွေ လာမဖျက်ဆီးနဲ့။
ကူးလန် မကြောက်မရွံ့ နှုတ်ခမ်းဆူကာ
"ဘာကြောက်စရာရှိလဲ၊ သူက ငါးနှစ်ခွဲတောင် ရှိပြီပဲ၊ ခဏနေ သူ့ရဲ့ အလယ်တန်းကျောင်းတုန်းက မှတ်ဉာဏ်တွေ ပြန်ရလာရင် ဆဲဆိုတာတွေက အစုံအလင် ဖြစ်နေတော့မှာ၊ အဲ့ကျရင် ကျွန်တော်တောင် ရှက်နေရဦးမယ်"
အလယ်တန်းကျောင်းသူဘဝတွင် ချင်ချင်တစ်ယောက် ဘယ်လိုကနေ ဘယ်လို လေလွင့်သွားသည်မသိ။ နေ့စဉ် လူမိုက်မလေးသဖွယ် ဝတ်စားကာ ဆဲရေးတိုင်းထွာတတ်လာသည်။ ထိုစဉ်က နှစ်နှစ်၊ သုံးနှစ်သားသာရှိသေးသည့် ကူးလန်ကိုပါ လမ်းမှားအောင် သွယ်ဝိုက်သွန်သင်ခဲ့ရာ သူ့အတွက်တော့ ဆရာမတစ်ဦးပင် ဖြစ်ခဲ့သည်။
သို့သော် ကူးလန် အရွယ်ရောက်၍ အသိတရားဝင်လာချိန်တွင်မူ ကလေးအားလမ်းမှားပို့ခဲ့သည့် ထိုဆရာမကို အဖတ်ပင် မလုပ်တော့ပေ။
အစ်မအရင်း ဖြစ်ပါလျက် စံနမူနာကောင်းမပြနိုင်ခဲ့သည်မှာ အမှန်ပင်။
ကံကောင်းသည်မှာ ထိုကာလက မရှည်ကြာခဲ့ခြင်းပင် ဖြစ်သည်။ အလယ်တန်း နောက်ဆုံးနှစ်တွင် အတန်းပိုင်ဆရာမ၏ ပြုပြင်ပေးမှုကြောင့် ချင်ချင်တစ်ယောက် လိမ္မာယဉ်ကျေးသည့် ထူးချွန်ကျောင်းသူဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အမှန်စင်စစ် ချင်ချင်မှာ ဆယ်ကျော်သက်အရွယ် လေလွင့်နေစဉ်မှာပင် စာ၌ ထူးချွန်နေဆဲ ဖြစ်သည်။ အဆိုးဆုံးဟုဆိုသည့် အဆင့်မှာပင် တစ်ကျောင်းလုံး၌ အဆင့် (၁၀) အတွင်း အမြဲဝင်ခဲ့သည်။
ထို့ကြောင့် သူမ၏ ပုန်ကန်မှုအား ထူးချွန်ကျောင်းသူတစ်ဦး ဘဝကို ငြီးငွေ့၍ စိတ်ကူးယဉ် အားကစားလုပ်နေခြင်းဟုသာ လူအများ မြင်ကြသည်။ သို့သော် စိတ်ကူးယဉ်သည်ဖြစ်စေ၊ ဘာဖြစ်စေ ထူးချွန်သူမှာ ထူးချွန်သူပင် ဖြစ်ရာ သာမန်ကျောင်းသားများအတွက်တော့ အားကျမနာလိုစရာ အကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့သည်။
"ချင်ချင်က ဒီလောက်အထိ ဆိုးခဲ့မယ်လို့ မထင်ထားဘူး"
အနီးတွင် ဒိုင်နိုဆောအရုပ်လေးနှင့် ကစားနေသည့် ချင်ချင့်အား ဖူဟန် အံ့သြတကြီး ကြည့်လိုက်ရာ သူလေး ချက်ချင်းခေါင်းမော့လာပြီး မျက်စောင်းခဲကာ ပြန်ပြောလေသည်။
"ချင်ချင်က အရမ်းလိမ္မာတာပါနော်!"
လူကြီးများ ပြောသမျှကို သူမ နားမလည်ဟု မထင်လိုက်ပါနှင့်။ "အခုလည်း လိမ္မာတယ်၊ နောင်လည်း အမြဲတမ်း လိမ္မာနေမှာ!" ဟု အလေးအနက် ကတိပေးနေသည့် သူမ ပုံစံလေးမှာ အလွန်ပင် ချစ်စဖွယ်ကောင်းလှရာ လူကြီးနှစ်ဦးမှာ အသည်းယားပြီး ဆံပင်လေးများ ဖွပစ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
"ချင်ချင်လေးက ချစ်စရာကောင်းတာတွေကိုပဲ စားပြီး ကြီးလာတာ ထင်တယ်"
"မဟုတ်ပါဘူး၊ ချင်ချင်က ထမင်းနဲ့ အသားပဲ စားတာပါ"
ဟင်းသီးဟင်းရွက်များကို ဥပေက္ခာပြုကာ အသားကိုသာ စွဲစွဲမြဲမြဲစားတတ်သည့် ထိုသတ္တဝါလေးမှ ပြန်ဖြေသည်။
"ဟားဟားဟား..."
ချင်ချင့်အမူအရာကို သဘောကျကာ ရယ်မောရင်း ကူးလန် စတီယာရင်အား လှည့်လိုက်သည်။ နောက်ကြည့်မှန်မှတစ်ဆင့် နောက်ယောင်ခံကား ရှိ၊ မရှိ စစ်ဆေးပြီးမှ စိတ်အေးလက်အေး ပြန်ပြောလိုက်သည်။
"သတင်းထောက်တွေ ဝိုင်းလာတာက ချင်ချင် ဆေးရုံတက်နေတဲ့သတင်း ပေါက်ကြားသွားလို့ပဲ၊ ဘယ်ဆေးရုံဆိုတာပါ အတိအကျ ပါသွားတော့ လူတိုင်း သိကုန်ကြတာပေါ့"
ထိုစကားကို ဖူဟန် နားလည်လိုက်သည်။
တကယ်လို့သာ ချင်ချင် ဆေးရုံတွင် ဓာတ်ပုံရိုက်ခံလိုက်ရပါက အမှန်တရား မည်သို့ပင်ဖြစ်စေ ချမ်းသာသော မိသားစုတစ်ခု၏ အတင်းအဖျင်း ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပေလိမ့်မည်။
ဖူဟန်တွင်လည်း လုပ်ကြံဖန်တီးထားသည့် လျှို့ဝှက်ရည်းစားများ ပေါ်လာနိုင်သေးသည်။
ထိုအခါ မီဒီယာများမှ ဖူဟန်သည် အသစ်တွေ့၍ အဟောင်းမေ့သွားကြောင်း၊ ဇနီးဖြစ်သူ ဆေးရုံတွင် တစ်ယောက်တည်း ကျန်ရစ်သည်ကိုပင် ဂရုမစိုက်ကြောင်း စသည့် သတင်းခေါင်းစဉ်အလန်းများဖြင့် ဖော်ပြကြပေလိမ့်မည်။
ဖူဟန်သည် ဖူစစ်ကျင်း အနုပညာလောကသို့ မဝင်ခင်ကတည်းက မီဒီယာတို့၏ အောက်တန်းကျသော နည်းလမ်းများကို ကိုယ်တိုင် ကြုံတွေ့ဖူးပြီးသား ဖြစ်သည်။
"ဘယ်သူ သတင်းလွှင့်တာလဲဆိုတာ စုံစမ်းကြည့်ဦး"
ဖူဟန်၏ မျက်ဝန်းတို့ မှောင်မှောက်သွားသည်။ ယနေ့ သူတို့ တစ်ဖက်သတ် အကွက်ချ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။ မည်သူက အားယားနေသည်မသိသော်လည်း မိမိတို့အား စိတ်အနှောင့်အယှက် ပေးခဲ့သဖြင့် ထိုသူသည် ထိုက်တန်သည့် တန်ဖိုးကို ပေးဆပ်ရမည်သာ။
နောက်ထပ် သုံးရက်အတွင်း မြို့တော်ရှိ သတင်းစာတိုက်အချို့နှင့် လူမှုကွန်ရက်စာမျက်နှာအချို့အား ဖူလုပ်ငန်းစုမှ အတင်းအဓမ္မ ဝယ်ယူလိုက်ပြီး ဖူစစ်ကျင်း၏အနုပညာကုမ္ပဏီအောက်ရှိ သတင်းဌာနအဖြစ် ပေါင်းစည်းပစ်လိုက်သည်။
စီးပွားရေးလောကတစ်ခုလုံး ထိုရုတ်တရက်သတင်းကြောင့် အံ့အားသင့်သွားပြီး ဖူဟန် ဘာတွေ ကြံစည်နေသလဲဆိုသည်ကို အမျိုးမျိုး ခန့်မှန်းနေကြတော့သည်။
အစပိုင်းတွင် ဖူမိသားစုမှာ စာပေထုတ်ဝေရေးဘက်၌ လုပ်ငန်းမရှိသေးသဖြင့် လုပ်ငန်းနယ်ပယ် ချဲ့ထွင်ခြင်းဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ထိုကုမ္ပဏီလေးများကို ဖူစစ်ကျင်း၏ ကုမ္ပဏီလက်အောက်သို့သာ ထည့်သွင်းလိုက်ပြီး လုပ်ငန်းခွဲ ထပ်တိုးရန် ဆန္ဒမရှိကြောင်း တွေ့ရသည့်အခါ အားလုံး ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
မည်သို့ပင်ဖြစ်စေ သတင်းစုံစမ်းရာ၌ တော်သူများ ရှိစမြဲပင်။
မကြာမီမှာပင် သတင်းထောက်တစ်စု ဖူဟန်အား ချောင်းမြောင်းရန် သတ္တိကောင်းခဲ့ကြသည်ဟူသော သတင်းက ပျံ့နှံ့သွားသည်။
ဖူဟန် အနုပညာရှင်မဟုတ်သဖြင့် မိမိပုဂ္ဂိုလ်ရေးဘဝအားချပြရန် တာဝန်မရှိရာ၊ ယခုကဲ့သို့ အဝိုင်းခံရသည့်အပေါ် သူ အမျက်ရှခြင်းမှာ မဆန်းပေ။
ဤသို့ဖြင့် အခြေအနေများ ပြောင်းလဲသွားပြီးနောက် ဥက္ကဋ္ဌဖူမှာ သူ့အာဏာရှင်ဆန်သော စီးပွားရေးလုပ်ငန်းရှင်ပီသသည့် အရှိန်အဝါတို့ကို ထုတ်ဖော်လိုက်တော့သည်။
အကျိုးဆက်အနေဖြင့် သိသင့်သိထိုက်သူအားလုံး သတိဝင်သွားကြပြီး နောက်နောင်တွင် ဖူဟန် သို့မဟုတ် ဖူမိသားစုနှင့် ပတ်သက်လျှင် မည်သူမျှ ပုတ်ခတ်ရန် သို့မဟုတ် အတင်းအဖျင်း နှိုက်ရန်မဝံ့ရဲကြတော့ပေ။
အတင်းအဖျင်းဆိုသည်မှာ ချိုမြိန်သော်လည်း ဆူးများဖြင့် ပြည့်နှက်နေလျှင်မူ မည်သူမျှ မြည်းစမ်းဝံ့ကြမည်မဟုတ်ပေ။
ရလဒ်အနေဖြင့် မဒမ်ဖူ ဆေးရုံတက်သည့်ကိစ္စအား လူပုံအလယ်၌ ဆွေးနွေးသူ သိသိသာသာ နည်းပါးသွားသည်။
၎င်းမှာ အားလုံးအတွက် အဆင်ပြေသွားသည့် အခြေအနေပင်။ ဖူဟန် ချင်ချင့်ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ တစ်ချိန်က ပုခုံးစွန်းရုံသာရှိသော သူမ ဆံပင်နုနုလေးများမှာ ယခုမူ ခါးအထိ ရှည်လျားကာ ချောမွတ်နေပြီဖြစ်သည်။ ပုံစံချင်း မတူသော်လည်း ထိတွေ့ရသည်မှာ ယခင်အတိုင်း နူးညံ့နေဆဲ။
"ဟင်?"
ဒိုင်နိုဆောအရုပ် တပ်ဆင်နေသည့် ချင်ချင်မှာ ဝေခွဲမရသဖြင့် ခေါင်းမော့ကြည့်လာရာ ဖူဟန် အောက်သို့ ပြန်ဖိချပေးရင်း "ဘာမှမဟုတ်ဘူး၊ ဆက်ကစားနော်"
"ဟုတ်"
ချင်ချင် ခေါင်းပြန်ငုံ့ကာ သူမ၏ ကစားစရာအသစ်ကို ဆက်လက် စိတ်ဝင်တစား ပြုလုပ်နေပြန်သည်။
သူမသည် အခုဆိုလျှင် လူကြီးလေး ဖြစ်နေပြီ။ အသင့်စား ကစားစရာများနှင့် ကာတွန်းကားများမှာ သူမအား စိတ်မကျေနပ်စေနိုင်တော့ပေ။ ယခုဆိုလျှင် ချင်ချင် အရုပ်ပုံစံတူများ တပ်ဆင်ရခြင်းကို အလွန်ဝါသနာပါနေသည်။
ဤအပိုင်း၌ သူမ အလွန်ဉာဏ်ရည်ထက်မြက်ရာ လူကြီးအကူအညီမပါဘဲ ဒိုင်နိုဆောပုံစံတူများကို စိတ်ရှည်လက်ရှည် တပ်ဆင်နိုင်သည်။
ထိုသို့ လုပ်ဆောင်နိုင်သည့်အခါတိုင်း ချင်ချင်သည် ကြီးမားသော အောင်မြင်မှုရသလို ခံစားရပြီး ထိုကစားစရာများအပေါ် စိတ်ဝင်စားမှုလည်း တစ်နေ့တခြား တိုးလာခဲ့သည်။
သူမအား ပြုစုစောင့်ရှောက်ရသည်မှာ လွယ်ကူလှ၏။
နေ့စဉ် တပ်ဆင်စရာ အရုပ်ပုံစံတူ တစ်ခုပေးကာ အချက်ပေးနာရီလေး သတ်မှတ်ပေးထားလျှင် ချင်ချင် ထမင်းသုံးနပ်ကို အချိန်မှန် စားတတ်လေသည်။
တစ်ခါတစ်ရံတွင် ဖူဟန်နှင့် မိသားစုဝင်များမှာ ကလေးထိန်းနှင့် သက်တော်စောင့်များ၏ စောင့်ကြပ်မှုအောက်တွင် ချင်ချင်အား ထားခဲ့ကာ အပြင်သို့ ခဏတဖြုတ် ထွက်နိုင်သည်။ သို့သော် ထိုအချိန်မှာ နာရီဝက်ထက် ဘယ်တော့မှ မပိုပေ။
အကြောင်းမှာ အပြင်သို့ အချိန်အကြာကြီး ရောက်နေလျှင် ချင်ချင် ထမင်းမစားမှာ၊ အနွေးထည် မဝတ်မှာ သို့မဟုတ် အနိုင်ကျင့်ခံရမှာကို သူတို့ စိုးရိမ်လာတတ်ကြသောကြောင့် ဖြစ်သည်။
သို့သော် သူမ အမူအရာကိုကြည့်လျှင် သူတစ်ပါးအား အနိုင်မကျင့်ပါက အနိုင်ကျင့်ခံရမည့်သူ မဟုတ်သည်မှာ အသေအချာပင်။
"ချင်ချင်၊ နျန်ကောင်းကို သွားခေါ်ပြီး အတူတူ ကစားလို့ရမလား"
အရုပ်များကို တစ်ယောက်တည်း တပ်ဆင်ရသည်မှာ ပျင်းလာ၍လားမသိ၊ ချင်ချင်သည် သူမ သူငယ်ချင်းဟောင်းလေးအား ရုတ်တရက် သတိရသွားသည်။
"..."
ဖူဟန် ဘယ်လိုပြန်ဖြေရမလဲ စဉ်းစားနေစဉ်မှာပင် ဘေးမှ ကြားသွားသည့် ပိုင်ချီယွီမှ သူ့တူကိုယ်စား ကြိုတင်ငြင်းဆိုလိုက်သည်။
"နျန်ကောင်းတို့ မိသားစုက အပြင်ကို ခရီးထွက်သွားကြတယ်၊ ပြန်လာဖို့ ကြာဦးမယ်"
သူ အမှန်ကိုသာ ပြောခြင်းဖြစ်သော်လည်း နျန်ကောင်းတို့ မိသားစုမှာ ခရီးသွားရန် ပြင်ဆင်နေဆဲသာ ရှိသေးသည်။ သို့သော် ထိုအချက်မှာ ချင်ချင်အား ငြင်းဆိုရန် ပိုင်ချီယွီအတွက် အကြောင်းပြချက်ကောင်း ဖြစ်သွားသည်။
ကလေးက ကလေးလို တွေးမည်ဖြစ်သော်လည်း လူကြီးဖြစ်သည့် သူတို့မှာ ထိုသို့ တွေး၍မရပေ။
ချင်ချင်သည် သူမ လက်ရှိအခြေအနေအား သေချာနားမလည်သေးသလို ရင်းနှီးသော သူငယ်ချင်းဟောင်းများနှင့် ခွဲခွာရတော့မည်ကိုလည်း မသိသေးပေ။
အကြောင်းမှာ ချင်ချင့်အခြေအနေ အပြင်သို့ ပေါက်ကြား၍ လုံးဝမဖြစ်ခြင်းကြောင့်ပင်။ နျန်ကောင်းတို့မှာ အရွယ်ရောက်နေကြပြီဖြစ်ရာ ယခု ချင်ချင့်အား မြင်လိုက်လျှင် ဖူမိသားစု မဖြစ်စေချင်သည့် ထင်ကြေးပေးမှုများ ပေါ်ထွက်လာပေလိမ့်မည်။
ချင်ချင့်ဘေးကင်းလုံခြုံရေးအတွက် ထိုနည်းလမ်းကသာ အကောင်းဆုံးဖြစ်တော့သည်။