အခန်း (၃၈၆-၃၉၀)
Vol. 26 Ch. 386-390
အခန်း (၃၈၆) ကြက်သွေးရောင်မျက်လုံးသွေးဝံပုလွေ။
ချင်ယွင်သည် အစီအရင်အူတိုင်ကို ပေါင်းစည်းပြီးနောက် သူသည် အလျင်စလို ထွက် မသွားခဲ့ပေ။ ယင်းအစား သူသည် ထွက်ခွာမသွားခင် မိုးလင်းသည်အထိ တင်ပျဉ်ခွေပြီး ကျင့်ကြံရန် စီစဉ်ခဲ့သည်။ သို့သော်၊ သူ့ကို အံ့အားသင့်စေသည့်အရာမှာ သူသည် အမှန် တကယ်ပင် အဆင့်ချိုးဖြတ်သွားခြင်း ဖြစ်သည်။ သူသည် သိုင်းဧကရာဇ် နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာသို့ တိုက်တိုက်ဆိုင်ဆိုင် အမှန်တကယ် ဖြတ်ကျော် သွားခြင်းပင် ဖြစ်သည်။
ဤနည်းဖြင့် ချင်ယွင်၏ ကျင့်ကြံမူအခြေခံသည် မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိ သွားသည်ဟု ဆိုနိုင်ပါသည်။
ဤအရာသည် သေချာပေါက် မမျှော်လင့်ထားသည့် ပျော်ရွှင်မှုတစ်ခု ဖြစ်ပါသည်။ သူ၏ အစီအရင်ဝင်္ကပါ ကျင့်ကြံမူအခြေခံ ပြန်လည်ကောင်းမွန်လာခြင်းကိုပါ ပေါင်းထည့်လျှင် ချင်ယွင်သည် အပျော်ပေါ်အပေါ်ဆင့် အလွန်ပျော်စရာကောင်းသည်ဟု ဆိုနိုင်ပါသည်။
ချင်ယွင်သည် ဝါးတောင်တန်းစံအိမ်သို့ ပြန်ရောက်သောအခါ ကောင်းကင်ကြီးသည် လုံးဝ လင်းထိန်နေပြီ ဖြစ်သည်။ ပထမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် နယ်ပယ်မှ ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် နယ်ပယ်သို့ ချင်ယွင်၏ ကျင့်ကြံမူအဆင့် ချိုးဖြတ်သွားသည်ကို ညီအစ်ကိုသုံးယောက်က မြင်လိုက်ရသည့် အခါတွင် အံ့အားသင့်သည့်အမူအယာများ ပေါ်လာသည်။ ချင်ယွင်ကို ကြည့်သည့် သူတို့၏ အကြည့်များက ပို၍ပင် ရိုသေလေးစားလာခဲ့ကြသည်။
အထူးသဖြင့် ရှန်ဟိုင်သည် သူ့အတွေးများ မှန်ကန်သည်ဟု ပို၍ပို၍ပင် ယုံကြည်လာခဲ့ သည်။ ချင်ယွင်သည် သူ၏ရုပ်ရည်အသွင်အပြင်တိုင်း သေချာပေါက် ငယ်ရွယ်သူ တစ်ယောက် မဟုတ်ဘူးဟု သူယုံကြည်ထားသည်။ သူသည် မြင့်မားသည့် စွမ်းအားကို ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦး သေချာပေါက် ဖြစ်ရမည်။ သို့သော်လည်း မထင်မှတ်ထားသော အဖြစ်အပျက်များကြောင့် သူ၏ကျင့်ကြံမူ အခြေခံမှာ များစွာပျက်စီးသွားခဲ့ရပြီး လက်ရှိတွင် သူသည် အဆင့်တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည် ကောင်းမွန်လာခဲ့ခြင်းဖြစ်သည်။
ချင်ယွင်သည် ညီအစ်ကိုသုံးယောက်၏ အတွေးများကို ဂရုစိုက်ရန်ပင် ပျင်းနေခဲ့သည်။ လက်ရှိအချိန်တွင် ကျောက်စိမ်းရေမြို့တော်သည် အချိန်မရွေး အန္တရာယ်ရှိနိုင်သည်။ သူတို့သည် တတ်နိုင်သမျှ မြန်မြန်ပြန်ကြရမည် ။ ထို့ကြောင့်၊ သူက လင်းကျန်းယွန်ကို ညီအစ်ကိုသုံးယောက်ကို ကျောက်စိမ်းရေမြို့တော်ဆီသို့ ချက်ချင်းခေါ်ဆောင်ရန် ညွှန်ကြားလိုက်သည်။
လင်းကျန်းယွန်၏ အရှိန်အဟုန်သည် နှေးကွေးလွန်းသည်။ ချင်ယွင်သည် သူ့ကို မစောင့်တော့ဘဲ ညီအစ်ကိုသုံးယောက်ကို ကျောက်စိမ်းရေမြို့တော်ဆီကို အရင် ခေါ်ဆောင် သွားတော့သည်။
သူတို့သည် တစ်နေကုန် ခရီးထွက်ခဲ့ကြသော်လည်း ဤခရီးသွားနေစဉ်အတွင်းမှာ ကျောက်စိမ်းရေမြို့တော်သည် ဖိတ်ခေါ်ခြင်းမရှိသော ဧည့်သည်တစ်ဦးကို ကြိုဆိုနေရ ကြောင်း သူတို့ မသိခဲ့ကြပေ။
အလွန်ကြီးမားသော အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲ ကြက်သွေးရောင်မျက်လုံး သွေး ဝံပုလွေသည် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မြို့တံခါးများကို ဖြိုဖျက်ကာ မြို့တွင်းသို့ ဝင်ရောက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုသော ဆန္ဒဖြင့် စတင် တိုက်ခိုက် သတ်ဖြတ်တော့သည်။
ကျောက်စိမ်းရေမြို့တော်မှ စစ်သည်များသည် အပြင်းအထန် ခုခံခဲ့ကြသည်။ သို့သော်၊ ဤဆိတ်သုဉ်းသားရဲသည် အလွန်အစွမ်းထက်သည်။ သူတို့၏ တိုက်ခိုက်မှုတွေက ၎င်းသားရဲကြီးကို လုံးဝမထိခိုက်နိုင်ဘဲ သူတို့သာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရကုန်သည်။
ဧရာမဝံပုလွေကြီးသည် ရှေ့ခြေတစ်ဖက် ရိုက်ခတ်ရုံဖြင့်ပင် အသေအပျောက် အများ အပြားရှိခဲ့သည်။ စစ်သားအများစုသည် ၎င်းဧရာမဝံပုလွေကြီး၏ အရှင်လတ်လတ် မျိုချခြင်းပင် ခံခဲ့ရပြီး ထိုမြင်ကွင်းမှာ အလွန် သွေးထွက်သံယို ဖြစ်ခဲ့ရသည်။
ဧရာမဝံပုလွေကြီးသည် မြို့တံခါးကိုဖြတ်၍ မြို့ထဲသို့ ဖောက်ဝင်တော့မည်။
ထိုအချိန်တွင် အင်ပါယာမြို့တော်မှ ကျွမ်းကျင်သူများ အပြေးအလွှာ ရောက်လာ ကြသည်။ တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်က လှုပ်ရှားလိုက်ပြီး ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေကို တိုက်ရိုက်တိုက်ခိုက်ကာ မြို့တံခါးအပြင်ဘက်မှာ ၎င်းကို အတင်း အကြပ် ပိတ်ဆို့တားဆီးထားရသည် ။
သို့သော် ဤကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေသည် အလွန်အစွမ်းထက်ပုံ ပေါက်သည်။ ၎င်း၏စွမ်းအားသည် အဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ် တစ်ပါး နှင့် ယှဉ်နိုင်လုနီးပါး ဖြစ်သည်။ တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်သည် ထိုဧရာမ ဝံပုလွေကြီးနှင့် တစ်နေကုန် တိုက်ခိုက်ခဲ့သော်လည်း အနိုင်မယူနိုင်သေးပေ။
ကျောက်စိမ်းရေမြို့တော်၏ မျှော်စင်ပေါ်တွင် စစ်သားများ တန်းစီရပ်နေသည်။ မျှော်စင်၏ အလယ်ဗဟိုတွင် လူငါးဦး မတ်တပ်ရပ်နေ၏။ ဤအခိုက်အတန့်တွင် လူငါးဦးသည် ကြက်သွေးရောင် မျက်လုံးသွေးဝံပုလွေကို တိုက်ခိုက်နေသော တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်ကို စိုက်ကြည့်နေကြသည်။
အကယ်၍ ချင်ယွင်သာ ဤနေရာမှာရှိနေမည်ဆိုလျှင် သူသည် ထိုလူလေးယောက်ကို သေချာပေါက် မှတ်မိပါလိမ့်မည်။
ဤလူလေးယောက်မှာ သိုင်းဧကရာဇ်ဘိုင်ဟောက်၊ အင်ပါယာအစောင့်တပ်မှူး ယုချန်း ဆေးကလန်၏ ဆေးအကြီးအကဲ နှင့် ပိရှစ်သိုင်းမြို့စား တို့ဖြစ်သည်။
နောက်ဆုံးတစ်ယောက်လည်း ရှိနေပါသေးသည်။ ထိုလူကတော့ မုတ်ဆိတ်မွေး ရှည်ရှည်နှင့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။ ဤလူတွင် ချွန်ထက်သော ပါစပ်၊ မျောက်ကဲ့သို့ ပါးစောင်များနှင့်အတူ တဖျပ်ဖျပ်ခတ်နေသော မျက်လုံးတစ်စုံ ရှိသည်။ သူ၏ပုံစံအရ အလွန်လိမ္မာကောက်ကျစ်သည့် လူတစ်ယောက်ဖြစ်လိမ့်မည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အားမနည်းလှပေ။ သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် သားရဲဒီရေ လှိုင်းကို တွန်းလှန်ရန်အတွက် အင်ပါယာမြို့တော်၏ ကျွမ်းကျင်သူများနောက်မှ လိုက်လာပုံရသည်။
"ငါတို့ ဘာလုပ်သင့်လဲ၊ သခင်ဝေက ဆက်မထိန်းနိုင်တော့ဘူး" ဆေးအကြီးအကဲက အဝေးမှာ ကြက်သွေးရောင် မျက်လုံးသွေးဝံပုလွေနှင့် တိုက်ခိုက်နေသော တစ္ဆေပါရမီ ရှင် သိုင်းဧကရာဇ်ကိုကြည့်ပြီး စိုးရိမ်စွာ ပြောလိုက်သည်။
"ဟုတ်တယ်၊ တိုက်ပွဲစကတည်းက တစ်နေကုန်နေပြီ။ ဝေရှန်းရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေလည်း ကုန်ဆုံးသွားလောက်ပြီ။ သူက နောက်ထပ် အမွှေးတိုင် တစ်ချောင်း ထွန်းချိန်စာလောက်သာ အချိန်ဆွဲထားနိုင်တော့မှာကို ငါစိုးရိမ်မိတယ်။" သိုင်းဧကရာဇ်ဘိုင်ဟောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
သူတို့သည် အမှန်တကယ် ရှေ့ထွက်ပြီး ကူညီပေးချင်သော်လည်း ဤအဆင့်တိုက်ပွဲမှာ သူတို့ ဝင်မပါနိုင်ကြပါဘူး။ အကယ်၍ သူတို့ ရှေ့တက်သွားမည်ဆိုလျှင် ယင်းက သေခြင်းတရားကို သွားတောင်းခံခြင်း ဖြစ်ပေလိမ့်မည်။ ဤနယ်ပယ်မျိုးတွင် သူတို့၏ အရေတွက်က အခြားနယ်ပယ်များကဲ့သို့ ဆုံးဖြတ်ပေးလို့မရနိုင်ပေ။ အကယ်၍ သူတို့ ကူညီနိုင်မည်ဆိုလျှင် ဤကွင်းပြင်ကြီးထဲမှာ မုတ်ဆိတ်ရှည်နှင့် ထိုအဘိုးကြီးတစ်ဦး သာ ဖြစ်နိုင်ပါသည်။
နောက်ဆုံးတွင်၊ သူ၏ကျင့်ကြံမူအခြေခံသည် လက်ရှိလူများကြားတွင် အမြင့်ဆုံး ဖြစ်သည်။ ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေကို သူ အနိုင်မယူနိုင်ခဲ့လျှင်ပင် အနည်းဆုံးတော့ သူက ဝေရှန်းနှင့်အတူလက်တွဲပြီး သူအသက်ရှူရှောင်ရန်အတွက် အခွင့်အရေးပေးနိုင်ပါသည်။ ဒါဆို ပိုလွယ်ကူသွားပေလိမ့်မည်။
ထို့ကြောင့် လူတိုင်းက မုတ်ဆိတ်ရှည်နှင့် ထိုအဘိုးအိုကို ကြည့်ကြသည်။ သို့သော် မုတ်ဆိတ်ရှည်နှင့် ထိုအဘိုးအိုသည် စွန့်လွှတ်စွန့်စားရန်အတွက် နည်းနည်းလေးမှ အသိရှိပုံ မပေါ်ပေ။ အားလုံးက သူ့ကိုကြည့်နေသည်ကိုမြင်လျှင် သူက ချက်ချင်းပင် ပြောလိုက်သည် "မင်းတို့က ဘာအတွက် ငါ့ကိုကြည့်နေတာလဲ။ တကယ်လို့ ငါ ရှေ့တက်သွားမယ်ဆိုရင် ငါသေသွားမှာပေါ့။ ဒီကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေ က အရမ်းအစွမ်းထက်တယ်။ တကယ်လို့ ငါရှေ့တက်သွားမယ်ဆိုရင်တောင် ငါက အချိန်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး"။
ထိုစကားကိုကြားရလျှင် လူတိုင်းသည် အားကိုးရာမဲ့ပြီး ခေါင်းကို ခါယမ်းလိုက်ကြ သည်။
ဆေးအကြီးအကဲသည် အမြဲတမ်း တဲ့တိုးဆန်သူ ဖြစ်သည်။ ဤအဖိုးအိုသည် အလွန် လောဘကြီးပြီး သေခြင်းတရားကို ကြောက်ရွံ့နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်နှာတွင် ချက်ချင်းပင် အထင်အမြင်သေးသည့် အမူအယာ ပေါ်လာသည်။ "ဟမ့်၊ လောဘကြီးပြီး သေမှာကြောက်နေတဲ့လူက ဘာအသုံးကျမှာလဲ၊ ခင်ဗျားရဲ့ ကျင့်ကြံ ခြင်းအခြေခံက ဘယ်လောက်ပဲ မြင့်မားနေပါစေ၊ အင်ပါယာကျောင်းတော်ရဲ့ ဌာနမှူး တစ်ယောက်ဖြစ်တဲ့ ခင်ဗျားအတွက် အသုံးမဝင်ဘူး။ ခင်ဗျား မသွားရင် ကျုပ် သွားမယ်ဗျာ။"
"မင်း... မင်း ငရဲကိုပါ သွားလိုက်ကွာ " မုတ်ဆိတ်ရှည်နှင့်အဘိုးအိုသည် ဆေးအကြီး အကဲ၏ လှောင်ပြောင်သရော်သံကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ဒေါသ ထွက်သွားပြီး ဆေးအကြီးအကဲကို လက်ညှိုးထိုးကာ ကြိမ်းမောင်းလိုက်သည်။
ဆေးအကြီးအကဲသည် ၎င်းကို လျစ်လျူရှုပြီး ကြက်သွေးရောင်မျက်လုံးသွေးဝံပုလွေ ဆီသို့ ပျံသန်းသွားရင်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
"ငါလည်း လိုက်မယ်!"
အင်ပါယာမြို့စောင့်တပ်မှူးသည်လည်း မုတ်ဆိတ်ရှည်အဘိုးအိုကို အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။ နောက်ပြန်လှည့်ကာ တစ်ချက်ကြည့်ပြီးနောက် စကားတစ်ခွန်း ထုတ်ပြောကာ နောက်မှ လိုက်သွားတော့သည်။
မုတ်ဆိတ်ရှည် အဘိုးကြီးသည် ယုချန်းက သူ့ကို အမှန်တကယ် အထင်သေးကြောင်း မြင်သောအခါ သူ့မျက်နှာသည် ချက်ချင်းပင် ဒေါသအမျက်ထွက်သည်။ သူ့စိတ်ထဲ တွင်တော့ "ဟမ့် ၊ မင်းတို့အားလုံး သွားသေနေကြတာပဲ။ မင်းတို့အရူးတစ်အုပ်ကပဲ အဲဒီကောင်ကြီးကို မတိုက်ခိုက်နိုင်ဘူးဆိုတာ မသိကြတာ" ဟု ပြင်းထန်စွာ ကြိမ်းမောင်းလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရူလိုက်ပြီး ၊ အကယ်၍ ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေကြီး အမှန်တကယ် တိုက်ခိုက်လာပါက သူ မည်သို့ ထွက်ပြေးရမလဲဆိုသည်ကို ကြိုတင်ပြီး အစီအစဉ်ချနေသည်။
သိုင်းဧကရာဇ်ဘိုင်ဟောက်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကူကယ် ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်မိသည်။ သူသည် အင်ပါယာကျောင်းတော်၏ ဌာနမှူးကို လျစ်လျူရှုလိုက်ပြီး အဝေးမှာရှိနေသည့် စစ်မြေပြင်ကို စိုက်ကြည့်နေသည်။ သူသည် သေသည်အထိ တိုက်ပွဲဝင်ရန် ကြိုတင်ပြင်ဆင်နေသည်။ မြို့အတွက် နောက်ဆုံး ခံစစ်ကိုတည်ဆောက်ရန်အတွက် သူ၏ခန္ဓာကိုယ်ကို အသုံးပြုရလိမ့်မည်။
ထိုအချိန်တွင် အဝေးမှ စစ်မြေပြင်သည် ပြောင်းလဲလာသည်။
ဆေးအကြီးအကဲ နှင့် ယုချန်းတို့ ပူးပေါင်းလိုက်သော်လည်း အခြေအနေ မပြောင်းလဲ ခဲ့ပေ။ ယင်းအစား ဝေရှန်း၏ ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားမူကြောင့် သူသည် အခြေအနေ အလွန်ဆိုးရွားလာခဲ့သည်။
"ဘုန်း!"
ကြက်သွေးရောင်မျက်လုံးသွေးဝံပုလွေ၏ ကြီးမားလှသော ခြေဖဝါးကြီးသည် မြေပြင် ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့ပြီး မြေပြင်တစ်ခုလုံး ချက်ချင်း ပြိုကျသွားသည်။
ဝေရှန်းသည် ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေ၏ ခြေသည်းကြီးအား ရှောင်တိမ်း ခဲ့သော်လည်း ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားသောကြောင့် သူ၏အရှိန်အဟုန်မှာ အလွန်နှေးကွေးသွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေသည် ၎င်း၏ မျက်လုံးများတွင် လူသားတို့၏ ကောက်ကျစ်ဉာဏ်များသည့် အရိပ်အယောင်ကို ချက်ချင်း ထုတ်ဖော်ပြသလိုက်သည်။ သူ၏ ဉာဏ်ရည်ဉာဏ်သွေးသည် လူသားများ ထက် နိမ့်ကျခြင်း မရှိပေ။ လူသားများသည် ခံနိုင်ရည်မှာ ဆိတ်သုဉ်းခြင်းသားရဲများ ထက် နိမ့်ကျကြောင်း သူသိထားသည်၊ ထို့ကြောင့် သူသည် အစကတည်းကပင် ဤလူသားကို သူတို့ရှေ့မှာပင် အချိန်ဆွဲ တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။
ထိုလူသား၏ ဝိညာဉ်စွမ်းအင်များ နောက်ဆုံး ကုန်ခမ်းသွားသည်နှင့် သူသည် လုံးဝ တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းပင် သူ၏ ကြီးမားသော ခြေသည်းများကို ဝှေ့ယမ်းကာ ထိုလူသား၏ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ရိုက်ပစ်လိုက်သည်။
ဝေရှန်းသည် ဧရာမတောင်တန်းကြီးကို ဝင်တိုက်မိသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲသို့ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု တိုးဝင်လာပြီး သူ၏ ပါးစပ်မှ သွေးများ ထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် ကျောက်တုံးကြီးတစ်ခု လို လွင့်ထွက်သွားပြီး မြို့ရိုးကို ပစ်ဝင်ဆောင့်ကာ ကြီးမားသော အပေါက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာခဲ့ပြီး သူ၏တစ်ကိုယ်လုံး ချက်ခြင်း မလှုပ်မယှက် ဖြစ်သွားခဲ့သည်။
"သခင်ဝေ!"
ယုချန်းက ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ချက်ချင်းပဲ အော်ခေါ်လိုက်သည်။ ထို့နောက် သူသည် ဒေါသအမျက်ထွက်ပြီး ကြက်သွေးရောင်မျက်လုံးသွေးဝံပုလွေဆီသို့ တဟုန်ထိုး ပစ်ဝင်လိုက်လေသည်။
"ငါ မင်းကို တိုက်မယ်!" ယုချန်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေဆီသို့ ပစ်လွှတ်ဝင်ရောက်ရင်း ဟိန်းဟောက် လိုက်သည်။
ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေသည် သူ၏မျက်လုံးများမှ တဆင့် အထင်အမြင် သေးသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူက သူ၏ခြေဖဝါးကို အသာအယာ ရိုက်ပုတ် လိုက်သည်။ ယုရှန်းသည် မီတာထောင်ပေါင်းများစွာ အကွာအဝေးအထိ လွင့်ထွက် သွားလေသည် ။
အခန်း (၃၈၇) သိုင်းဧကရာဇ်လူပုလေး။
"ငရဲကို သွားလိုက်တော့ !"
ဆေးအကြီးအကဲ၏ မျက်လုံးများသည် ဒေါသနှင့်ပြည့်နေပြီး သူသည် ကြက်သွေးရောင် မျက်လုံးသွေးဝံပုလွေဆီ ကို အလားတူ ပြေးဝင်သွားသည် ။
ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေသည် သူ၏ခြေသည်းများကို ဝှေ့ယမ်းကာ ရိုက်ချလိုက်ပြီး ဆေးအကြီးအကဲကို လွင့်ထွက်သွားစေကာ အဝေးမှာရှိသည့်မြို့ရိုးနံမှာ ကြီးမားသော တွင်းနက်ပေါက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။
ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေ၏ အေးစက်သော မျက်လုံးများက သူ၏ ရိုက်ချက် ကြောင့် လွင့်ပျံသွားသောလူသုံးဦးကို တစ်ချက်ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အထင်အမြင်သေးသည့် အမူအယာများ ပေါ်လာသည်။
" သခင်ဧကရာဇ်မင်းမြတ် ။ အထွေထွေ စစ်ပွဲကြီးမစတင်မီ လူငါးဦးလောက်ကို စောင့်ရ မယ်လို့ သခင်ဧကရာဇ်မင်းမြတ် မိန့်ကြားခဲ့ဖူးပါတယ်၊ အခု ဒါက မလိုအပ်တော့ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒီလူသားတွေဟာ ထိုးနှက်ချက်တစ်ချက်တည်းကိုတောင် ခံနိုင်ရည် မရှိကြပါဘူး။ ဧကရာဇ်မင်းမြတ်ရဲ့ အကူအညီမပါဘဲ ကျွန်တော်တစ်ယောက် တောင်မှ ကျောက်စိမ်းရေ စီရင်စုတစ်ခုလုံးကို နင်းချေနိုင်မှာပါ" ကြက်သွေးရောင် မျက်လုံးသွေးဝံပုလွေ သူ့နှလုံးသားထဲမှာ အထင်သေးဖြင့် တွေးနေမိသည်။ သူသည် ကျောက်စိမ်းရေမြို့တော် ရဲတိုက်ကြီးကို ကြီးမားသော သွေးမျက်လုံးများဖြင့် ကြည့်ကာ ခြေလှမ်းတလှမ်းချင်း လှမ်းလာခဲ့သည်။
မြို့ရိုးပေါ်ရှိ စစ်သားများအားလုံးသည် သူတို့၏မျက်နှာတွင် ကြောက်ရွံ့သည့် အမူအရာ ကိုယ်စီဖြင့် ရှိနေကြသည်။
မူလက အင်ပါယာ၏ ကျွမ်းကျင်သူများ ရောက်ရှိလာခြင်းသည် သူတို့အား ခိုင်မာသော မျှော်လင့်ချက်များပေးခဲ့သော်လည်း ယခုအခါတွင် သိုင်းဧကရာဇ်ငါးပါးတွင် သုံးပါး သည် သူတို့၏ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးထားခဲ့ပြီး နှစ်ဦးသာ ကျန်ရှိတော့သည်။ အကယ်၍ သူတို့သာ ဤအကောင်ကို မတားနိုင်ဘူးဆိုရင် သူအားလုံး သေသွားနိုင် သည်။
ပိရှစ်သိုင်းမြို့စား၏ လှပသော မျက်နှာသည်လည်း အလွန်မင်း လေးလံနေပါသည်။ သူမသည် မြို့တော်ရဲတိုက်မျှော်စင်ဆီသို့ ခြေလှမ်းချင်း လျှောက်လှမ်းလာနေသော ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေကို လှမ်းကြည့်ရင်း သူမ၏ နဂိုကတည်းက ဖြူဖွေးသောမျက်နှာသည် သွေးလုံးဝ ကင်းစင်သွားသည် ။
"မဟုတ်ဘူး၊ ငါတို့က အဲဒီသားရဲကောင်ကို မြို့ထဲဝင်ခွင့်ပြုလို့ မဖြစ်ဘူး။ မြို့ထဲမှာ စုစည်းနေထိုင်ကြတဲ့ လူအများအပြားရှိသေးတယ်။" ပိရှစ်သိုင်းမြို့စားသည် သူမ၏ စိတ်ထဲတွင် အခိုင်အမာ ပြောလိုက်သည်။ သူမသည် သူမအနားမှ မုတ်ဆိတ်ရှည် အဘိုးကြီးအား လှည့်ကြည့်လိုက်ပြီး ပြောသည် "သခင်သိုင်းဧကရာဇ်၊ ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ၊ သခင်သိုင်းဧကရာဇ်အနေနဲ့ ဒီသားရဲဆိုးကြီးကို မြို့ထဲကို လုံးဝ ဝင်ခွင့် မပြုသင့်ပါဘူး။ မဟုတ်ရင် မြို့သူမြို့သားတွေအားလုံး……....."
"ဟမ့် ၊ မင်းလို သေးငယ်တဲ့ သိုင်းမြို့စားအဆင့်လေးက ငါ့ကို ဘယ်လိုညာလိုလုပ်ပါလို့ သင်ပေးစရာမလိုဘူး။"
ထိုအချိန်တွင် ပိရှစ်သိုင်းမြို့စားသည် သူမစကားမဆုံးခင်မှာ မုတ်ဆိတ်ရှည်နှင့် အဘိုး ကြီးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ပိရှစ်သိုင်းမြို့စားအား သူ၏ ဝတ်စုံလက်မောင်း ဖြင့် ဝှေ့ယမ်းကာ ချက်ချင်း လွင့်ထွက်သွားစေသည်။ သူမသည် အဝေးမှာရှိနေသည့် ကျောက်တိုင်တစ်ခုကို တိုက်ရိုက်ဝင်တိုက်ပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးများ ထွက်ကျ လာသည်။
ဝတ်စုံဖြူဝတ် အဘိုးအိုသည် ဤမြင်ကွင်းကို မြင်သောအခါတွင် ပုံမှန်အားဖြင့် ဒေါသ မထွက်သည့် သူ၏မျက်နှာမှာ ဒေါသအရိပ်အယောင် ပေါ်လာသည်။ သို့သော်၊ ဤယခု အချိန်သည် အတွင်းရန်ပွဲအတွက် တိုက်ခိုက်ရမည့် အချိန်မဟုတ်သေးပါ၊ အဘယ် ကြောင့်ဆိုသော် ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေသည် မြို့မျှော်စင်သို့ ရောက်ခါ နီးနေပြီ ဖြစ်သည်။
"ကျန်းယွမ်၊ ဒီအယုတ်မာသားရဲကြီးကို အတူတူ ကာကွယ်ကြရအောင်။ ပိရှစ်သိုင်းမြို့ စားက မြို့ထဲကလူတွေကို ကယ်ထုတ်လိုက်ပါ။" သိုင်းဧကရာဇ်ဘိုင်ဟောက်က ကမန်း ကတန်း အမိန့်ပေးသည်။
"ဟုတ်ကဲ့ပါ!" ပိရှစ်သိုင်းမြို့စားသည် နာကျင်မှုကိုတင်းခံပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် လှည့်ထွက်သွားသည်။
သို့သော် သူမရှေ့သို့ ခြေတစ်လှမ်းပင် မလှမ်းရသေးမီ၊ သူမနောက်မှ အသံတစ်ခု ကြားလိုက်ရသည်။
"ငါ ကျောင်းတော်မှာ ကိုယ်တိုင်တက်ရောက်ရမယ့် အရေးတကြီး ကိစ္စရှိသေးတယ်။ ဒါကြောင့် ငါ အရင်ဆုံး မြန်မြန်ထွက်သွားမှ ဖြစ်မယ် !"
ပိရှစ်သိုင်းမြို့စားသည် ထိုစကားကို ကြားသောအခါ သူမ၏ခြေလှမ်းသံများ ရပ်တန့် သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအသံသည် ကျန်းယွမ်ဟုခေါ်သော မုတ်ဆိတ်ရှည်အဘိုးကြီးထံမှ ထွက်ပေါ်လာသော စကားဖြစ်သောကြောင့် ဖြစ်သည်။
ပိရှစ်သိုင်းမြို့စားကို အံ့အားသင့်စေရုံသာမက မြို့ကိုစောင့်ရှောက်နေသော အနီးနားရှိ စစ်သည်များပင် အံ့အားသင့်သွားခဲ့ရသည်။
"မြေနိုးသောက်အဘိုးကြီး၊ ဒီသောက်အဘိုးကြီးက တကယ်ကို အရှက်မဲ့လွန်းတယ်။ သူ တကယ်ကို ဒီလိုကြီး ပြောလိုက်တာလား။"
"ငါနားကြားမှားတာ မဟုတ်ဘူးမလား။ ဒီစကားတွေက သိုင်းဧကရာဇ်တစ်ပါးရဲ့ ပါးစပ်က ထွက်လာတာတဲ့။ ဒီလူက တကယ်ကို အလွန် အရှက်မဲ့လွန်းတယ် မဟုတ်လား!"
"ဟမ့်၊ အင်ပါယာကျောင်းတော်ရဲ့ ဌာနမှူးတစ်ယောက်ဖြစ်တဲ့ ဒီလိုလူတစ်ယောက်နဲ့ လက်တွဲ အလုပ်ရတာက တကယ်ကို အလှည့်စားခံလိုက်ရတာပဲ"
ထိုစစ်သည်များ၏ နှလုံးသားထဲတွင် အသံများ ထွက်ပေါ်လာသည်။ သိုင်းဧကရာဇ် အဆင့် ကျွမ်းကျင်သူတစ်ဦးသည် တိုက်ပွဲမှ အမှန်တကယ် ထွက်ပြေးပြီး ထိုကဲ့သို့ ဆိုးရွားသော ဆင်ခြေတစ်ခုကိုပင် ရှာတွေ့ခံသည်ကို သူတို့အနေဖြင့် တကယ်ကို မယုံနိုင်ခဲ့ကြပေ။
ကျန်းယွမ်သည် ထိုလူများ၏ အတွေးများကို ဂရုမစိုက်ပေ။ သူ၏အမြင်အရ၊ ဤလူများ သည် ဤကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေ၏ ပါးစပ်ထဲတွင် အနှေးနှင့်အမြန် သေဆုံးကြလိမ့်မည်။ သူထွက်ပြေးသည်ကို မည်သူက သိမည်နည်း။
ထို့ကြောင့် ကျန်းယွမ်သည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ဆီသို့ ပျံသန်းသွားခဲ့သည်။ သေချာသည်မှာ သူက အဝေးရောက်အောင် မပျံသန်းခဲ့ပါဘူး။ သူသည် ကောင်းကင်ယံ အမြင့်မှာ မတ်တပ်ရပ်ပြီး အရာအားလုံးကို ကြည့်နေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်းသည် ရင်တထိတ်ထိတ်ဖြင့် ထိတ်လန့် နေကြရသည်။
သိုင်းဧကရာဇ်ဘိုင်ဟောက်၏ မျက်လုံးများသည် စိတ်ပျက်မူနှင့် ပြည့်နှက်နေသည်။ သို့သော်လည်း ယခုအခါတွင် ကြက်သွေးရောင်မျက်လုံးသွေးဝံပုလွေသည် မြို့ရိုး အောက်သို့ ရောက်ရှိလာလေပြီ။ ထို့ကြောင့် သူ အပြင်ထွက်ပြီဂ တိုက်ခိုက်ရန်မှ တပါး ရွေးချယ်စရာမရှိတော့ပေ။
"ဝူး…ဝူ…..!"
ကြက်သွေးရောင်မျက်လုံးသွေးဝံပုလွေသည် ဟိန်ဟောက်လိုက်ပြီး အနက်ရောင် သံမဏိထက်ပင် ပို၍မာကျောသည့် ၎င်း၏ခြေသည်းကြီးများဖြင့် မြို့ရိုးဆီသို့ ပြေးဝင်ရိုက်ချလိုက်ကြသည်။
သိုင်းဧကရာဇ်ဘိုင်ဟောက်၏အငွေ့အသက်သည်လည်း ထွက်ပေါ်လာပြီး ချက်ချင်းပင် ခုတ်ပိုင်းပစ်လိုက်သည်။
သို့သော် ဓားအလင်းသည် ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း ဒဏ်ရာ လုံးဝမရရှိခဲ့ပေ။ သိုင်းဧကရာဇ်ဘိုင်ဟောက်သာ ကြက်သွေးရောင်မျက်လုံးသွေးဝံပုလွေ၏ ခြေသည်းများကြောင့် လွင့်ထွက်သွားခဲ့ရ သည် ။
အင်အားကွာဟချက်က အလွန်ကြီးမားလွန်းသဖြင့် သူ့ကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။
ထိုမြင်ကွင်းကိုမြင်ရလျှင် ကျန်းယွမ်သည် ကောင်းကင်ယံမှကြည့်နေရင်း အေးစက် သည့်အပြုံးကို ထုတ်ဖော်လိုက်ပါသည်။ “ သေကြ၊ မင်းတို့အားလုံး အကုန်သေကြ” ဟု သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ဝူး……!"
ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေသည် နောက်ထပ် ကျယ်လောင်သည့် ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။ ဤတစ်ကြိမ်တွင် ၎င်း၏ကြီးမားသော ခြေသည်းကြီးများသည် ပိရှစ်သိုင်းမြို့စားကို တိုက်ရိုက် ရိုက်ချလိုက်သည်။ အကယ်၍ ထိုခြေသည်းရိုက်ချက်သာ တိုက်ရိုက်ထိမှန်သွားမည်ဆိုလျှင် ပိရှစ်သိုင်းမြို့စားသည် အသားငါးပိနှယ်ထားသည့်အဖြစ်သို့ တိုက်ရိုက်ရောက်ရှိသွားမည်ဟုပင် ခန့်မှန်းလို့ ရသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် တစ်ဖက်မှာရှိသည့် စစ်သည်တွေအားလုံး ကြောက်လန့် တကြားဖြစ်ကာ မျက်နှာတွေ ပြာနှမ်းသွားကြသည်။
ပိရှစ်သိုင်းမြို့စားသည် ကောင်းကင်ယံမှ ကျဆင်းလာနေသည့် ကြီးမားသော ခြေသည်း ကြီးများကို လှမ်းကြည့်သည်။ သူမ၏မျက်နှာသည် အလွန်ဖြူဖျော့နေပြီး စိတ်ပျက် လက်ပျက်ဖြစ်သည့် အရိပ်အယောင်တစ်ခု သူမ၏မျက်လုံးများတွင် ပေါ်လာသည်။
"ချင်ယွင် ၊ မင်းပြန်အလာကို ငါမစောင့်နိုင်တော့ဘူး ထင်တယ်။" ပိရှစ်သိုင်းမြို့စားက ခါးသီးသည့်အပြုံးကို ထုတ်ဖော်ရင်း သေခြင်းတရား ရောက်ရှိလာသည်ကို ကြိုဆိုရန် ပြင်ဆင်သည့်အနေဖြင့် သူမ၏မျက်လုံးတွေကို ဖြည်းညှင်းစွာ မှိတ်လိုက်ပါသည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ် လာသည်။
"နတ်ဆိုးသားရဲကြီး ၊ သေလိုက်တော့ !"
တိုတောင်းလှသည့် ရုပ်အသွင်အပြင်တစ်ခုသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ ရာမှ ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေ၏ရှေ့တွင် ချက်ချင်းပေါ်လာသည်။ သူက လက်သီးဖြင့် ထိုးလိုက်ပြီး ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေကို လွင့်ထွက်သွားစေ သည်။ ပိရှစ်သိုင်းမြို့စားထံသို့ ဆင်းသက်လာတော့မည့် ဧရာမ ခြေသည်းကြီးသည် ချက်ချင်း ပြန်ရုတ်သိမ်းသွားခဲ့သည်။
ဤရုတ်တရက် မြင်ကွင်းသည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ ရုတ်တရက် ထွက်ပေါ်လာသော လူပုလေးကို မြို့မျှော်စင်အထက်ရှိလူတိုင်း ကြည့်လိုက်ကြပြီး မျက်လုံးများတွင် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည် ။
"ဒီလူပုလေးက ဘယ်သူလဲ၊ သူက ဘယ်လိုလုပ် ဒီလောက်သန်မာနိုင်မှာလဲ"
"မှန်တယ်၊ ဒီလူပုလေးက လက်သီးတစ်ချက်နဲ့ ဧရာမဝံပုလွေကြီးကို လွင့်အောင်ထိုး နိုင်ခဲ့တယ်။ သူကလည်း သိုင်းဧကရာဇ်တစ်ပါး ဖြစ်နေမလား"
"ကျွန်တော်လည်း ဒီအတိုင်း ထင်တယ်။ နောက်ပြီး သူက အရမ်းအစွမ်းထက်တဲ့ သိုင်းဧကရာဇ်တစ်ပါး ဖြစ်လိမ့်မယ်။ လူပုလေးက သိုင်းဧကရာဇ်တစ်ပါး ဖြစ်လာဖို့ မမျှော်လင့်ထားဘူး။ ဒါက တကယ့်ကို စိတ်ကူးယဉ်လို့မရဘူး။"
စစ်သည်များအားလုံး တုန်လှုပ်ခြောက်ခြားကာ အံ့သြထိတ်လန့်စွာ ပြောဆိုနေကြ သည်။
ရှန်ဟိုင်သည် ထိုစစ်သည်များ၏ တီးတိုးစကားသံတွေကို ဂရုမစိုက်ပေ။ ဤအခိုက် အတန့်တွင်၊ ဤကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေသည် လူပေါင်းများစွာကို သတ်ခဲ့သည်ကို မြင်လိုက်ရသောအခါတွင် သူ ဒေါသတကြီး ဖြစ်သွားခဲ့သည်။
"ဟမ့်၊ သားရဲဆိုးကြီး၊ မင်းက လူပေါင်းများစွာကို သတ်လိုက်ပြီ။ ဒီနေ့ မင်းရဲ့ အပြစ်ဒဏ်နဲ့ ထိုက်တန်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုမူကို ငါပြောပြမယ်။"
ရှန်ဟိုင်က အေးစက်စွာ အော်ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေကြီးဆီသို့ ပျံသန်း သွားသည်။ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ဓားမောက်ရှည်သည် သူ၏ လက်ထဲတွင် ချက်ချင်းပေါ်လာသည်။ ဓားမောက်ရှည်သည် အနှိုင်းမဲ့ အစွမ်းထက်ပြီး ထက်ရှသော အငွေ့အသက်ကို ထုတ်လွှတ်သည်။
"ဝူး………..!"
ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေသည် ပြင်းထန်သောအန္တရာယ်ကို သတိပြုမိပြီး လှည့်ပင်မကြည့်ဘဲ ပြန်ထွက်မပြေးခင် ဟိန်းဟောက်လိုက်သည်။
သို့သော် ရှန်ဟိုင်၏ အရှိန်အဟုန်သည် အလွန်မြန်သည်။ သူသည် ကြက်သွေးရောင် မျက်လုံးသွေးဝံပုလွေကို လုံးဝလွတ်မြောက်ခွင့်မပေးခဲ့ပါဘူး။ သူ့ပုံရိပ်သည် အလင်း တန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေ၏ လည်ပင်းကို ပိုင်းဖြတ်သည်။
ထို့နောက် လူအားလုံးသည် အလွန်တုန်လှုပ်သွားသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။ မူလက တားဆီးမရဖြစ်နေသည့် ဤကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေ၏ ကြီးမား လှသော ဦးခေါင်းကြီးသည် သူ၏ခန္ဓာကိုယ်မှ တဖြည်းဖြည်း ကွဲထွက်သွားလာခဲ့သည်။ အဆုံးတွင်၊ သူ၏လည်ပင်းမှ သွေးစိမ်းများ ဖျန်းခနဲ ထွက်ကျလာပြီး ကြီးမားသော ခန္ဓာကိုယ်သည် အဆုံးတွင် ချက်ချင်းပင် တုန်ခါသွားခဲ့သည်။
"လခွမ်းပေါ့၊ ဒီလူပုလေး ... မဟုတ်ဘူး၊ ဒီသိုင်းဧကရာဇ်က အရမ်းသန်မာတာပဲ!" လူတိုင်း အသက်ရှုကြပ်ပြီး အလွန်အံ့အားသင့်သည့် အမူအရာများ ဖြစ်ပေါ်နေကြသည်။ ပြီးသည်နှင့် ချက်ချင်းဆိုသလို အသည်းအသန်ပျော်ရွင်သည့် အသံများ ထွက်ပေါ်လာ သည်။
ပိရှစ်သိုင်းမြို့စားသည် မြို့ရိုးမျှော်စင်ပေါ်တွင်ထိုင်ကာ ဤမြင်ကွင်းကိုမြင်လိုက်စဉ် ပြုံးလိုက်မိသည်။
သို့သော် ကောင်းကင်ယံမှာရှိနေသည့် ကျန်းယွမ်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲ သွားသည်။ သူ့စိတ်ထဲတွင် အလွန်ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ရှိနေပြီး လှည့်ထွက်ပြေးတော့မည်။
သို့သော် ထိုအချိန်တွင် သူ၏နားထဲတွင် သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဌာနမှူးကြီးကျန်း၊ ခင်ဗျား အိမ်ပြန်ပြီး အဝတ်စားလေးဘာလေး သွားသိမ်းမလို့လား။"
ကျန်းယွမ်သည် ရုတ်တရက် လှည့်ကြည့်လိုက်လျှင် လူငယ်တစ်ယောက် သူ့ကို ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
အခန်း(၃၈၈) ကျန်းယွမ်၏ကြွေကွဲခန်း။
ချင်ယွင်သည် သူ၏မျက်လုံးများတွင် အထင်အမြင်သေးသည့် အရိပ်အယောင် တစွန်းတစဖြင့် သူ၏ရှေ့မှာရှိနေသည့် ကျန်းယွမ်ကို လှမ်းကြည့်လိုက်သည်။
ဟုတ်ပါသည်။ ချင်ယွင်၏နှလုံးသားထဲမှာ ဒေါသအရိပ်အယောင်တွေ ရှိနေဆဲပါ။ ကျန်းယွမ်သည် ပိရှစ်သိုင်းမြို့စားအား ဒဏ်ရာရစေရန်အတွက် ဝတ်စုံလက်မောင်း ဝှေ့ယမ်းလိုက်သည့် မြင်ကွင်းကို ချင်ယွင်သည် အဝေးမှ မြင်တွေ့လိုက်ရသည်။
ချင်ယွင်နှင့် ပိရှစ်သိုင်းမြို့စားကြားမှာ မည်သည့်ခံစားချက်မှ မရှိတော့ပေမယ့် ပိရှစ် သိုင်းမြို့စားသည် သူ့ကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့ပါသည်။ အခြားလူတွေက သူမအပေါ် ယခုလိုမျိုး ဆက်ဆံနေသည်ကို သူ မည်သို့ သည်းခံနိုင်မည်နည်း။
နောက်ပိုင်းတွင် ကြက်သွေးရောင်မျက်လုံး သွေးဝံပုလွေကြီးက လူတိုင်းကိုတိုက်ခိုက် နေစဉ်မှာ ကျန်းယွမ်သည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ အရှက်မဲ့ကင်းစွာ ထွက်ပြေးသွား ခဲ့သည်ကို မြင်လိုက်ရလျှင် သူ့စိတ်ထဲ သတ်ပစ်ချင်စိတ်က တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် သူသည် ကျန်းယွမ်ကိုတွေ့လိုက်သည်နှင့် ကျန်းယွမ်ကို သေဒဏ်တိုက်ရိုက် ချမှတ်ထားလိုက်သည်။
ကျန်းယွမ်သည် ရုတ်တရက် ထိတ်လန့်သွားသော်လည်း သူလှည့်ကြည့်လိုက်သည့်အခါ ထိုလူသည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးသာဖြစ်ကြောင်း တွေ့လိုက်ရသည့်အတွက် သူ၏မျက်နှာပေါ်ရှိ တင်းမာသည့်အမူအရာက ရုတ်ချည်း ပျောက်ကွယ်သွားကာ အထင်အမြင်သေးသည့် အမူအရာ ပေါ်လာသည်။
ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးက သူ၏လမ်းကြောင်းကို အတင့်ရဲပြီး ပိတ်ဆို့ တားဆီးဝံ့သည်။ သူသည် သေခြင်းတရားကို တောင်းခံနေတာများ ဖြစ်နိုင်မလား။
"ဟမ့်၊ ကောင်စုတ်လေး၊ မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ လမ်းဖယ်လိုက်စမ်း။ မင်း ဒီအဘိုးကြီးသွားမယ့်လမ်းကို တားရဲရင် ဒီအဘိုးကြီးက မင်းကို အခုချက်ချင်း သတ်ပစ်မယ်။" ကျန်းယွမ်သည် တင်းမာသည့်အကြည့်ဖြင့် ကြည့်နေသော်လည်း သူ၏မျက်လုံးများသည် အထင်အမြင်သေးပြီး လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ သည်။
"အိုး၊ ကျွန်တော့်ကို သတ်မှာလား။ ကျွန်တော် အရမ်းကြောက်ပါတယ်!" ချင်ယွင်က အလွန် ကြောက်ဟန်ဆောင်လိုက်သည်။
"ဟမ့် ၊ ကောင်လေး၊ မင်း အခုလိုသိတာ ကောင်းတယ်။ တကယ်လို့ မင်းသာ ဉာဏ် ကောင်းရင် အဝေးကို ထွက်သွားစမ်း!" ကျန်းယွမ်သည် ချင်ယွင်၏မျက်နှာပေါ်တွင် ထိတ်လန့်နေသည့် အမူအရာကို မြင်လိုက်ရသည့်အခါတွင် သူ၏မျက်နှာမှာ ကျေနပ်မှု အရိပ်အယောင် ချက်ချင်းပေါ်လာသည်။ ချင်ယွင်ကို စူးစိုက်ကြည့်နေသော သူ၏ အကြည့်များသည်လည်း ပို၍ပင် အထင်သေးဟန်ဖြင့် လှောင်ပြောင်လာခဲ့သည်။ သို့သော်လည်း ချင်ယွင်၏ နောက်ထပ်စကားများက သူ့ကို ဒေါသအထွက်လွန်စေပြီး ချက်ချင်းပင် ထိန်းမနိုင်သိမ်းမရ အခြေအနေထိ မြင့်တက်သွားခဲ့သည်။
"ခင်ဗျားရဲ့ ရဲစွမ်းသတ္တိအရဆိုရင်၊ တကယ်လို့ ခင်ဗျားကို ရဲစွမ်းသတ္တိဆယ်ခုစာလောက် ကျုပ်ချေးငှားခွင့်ပြုလိုက်ရင်တောင်မှ၊ ခင်ဗျားအနေနဲ့ ကျုပ်ဆံပင်တစ်ခုချောင်းကို မထိရဲဘူးလို့ ကျုပ် ခန့်မှန်းကြည့်မိတယ်" ချင်ယွင်က အထင်အမြင်သေးစွာဖြင့် လှောင်ပြောင် ရယ်မောလိုက်သည်။
ဤအဘိုးကြီးကို အလွယ်တကူ သတ်လိုက်ခြင်းက သူ့အတွက် အလွန်စျေးပေါလွန်း သည်ဟု သူခံစားခဲ့ရသည်။ သူ့ကို မပျော်ခိုင်းခင် ပြင်းပြင်းထန်ထန် ပါးရိုက်ရဦးမည်။
"ဘာလဲ? ငါ မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား" ကျန်းယွမ်က ချက်ချင်းပင် ဒေါသတကြီး အော်လိုက်သည်။ သူ၏ တော်ဝင်ကျောင်းတော်ကြီးတစ်ခု၏ ဌာနမှူး ဖြစ်သူ သူကျန်းယွမ်သည် ဤကဲ့သို့ လှောင်ပြောင်ခံနေရသည်။ ချက်ချင်းပင်၊ ပြင်းထန်သော ဒေါသလှိုင်းများက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် သူ့ကိုလှောင်ပြောင်သူက အမှန်တကယ်ပင် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်လေးတစ်ပါး ဖြစ်နေသေး၏ ။
ဤကောင်စုတ်လေးသည် ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးမျှ သာ ဖြစ်သည်။ သူသည် သူ့လက်တစ်ဖက်တည်းဖြင့်ပင် အသေသတ်ပစ်နိုင်သည်။ ဤလူငယ်က သူ့ကို ယခုလို ရန်စခြင်းသည် သေခြင်းတရားကို တောင်းခံနေခြင်းဟု တွေးလို့ပင်ရသည် ။
"ဟမ့်၊ ကောင်စုတ်လေး ၊ မင်းက အခုလိုငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်ခဲ့တာဆိုတော့ အတော်ဉာဏ်ကောင်းတဲ့ပါရမီရှင်တစ်ဦး ဖြစ်သင့်တယ်လို့ ငါ ထင်ပါတယ်။ ဒါပေမယ့် မင်းက မောက်မာလွန်းတယ်။ ဒါက မင်းအသက်ကို အလွယ်တကူ ဆုံးရှုံးသွားစေနိုင်တယ်။ မင်းပြစ်မှားလို့မရတဲ့လူတချို့ရှိနေသေးတယ် ဆိုတာကို မင်းအနေနဲ့ သိထားရမယ်။ " ကျန်းယွမ်ကအေးစက်စွာ အော်ပြောလိုက်ပြီး သတ်ဖြတ်လိုသည့်ဆန္ဒက သူ့မျက်လုံးတွေထဲ တောက်ပနေသည်။
"ခင်ဗျားက ကျုပ်ပြစ်မှားဖို့ မတတ်နိုင်တဲ့လူလား ။ ဌာနမှူးကျန်း၊ ခင်ဗျား ကိုယ့် အကြောင်းကို ပြန်ပြောနေတာလား။" ချင်ယွင်က ရယ်မောလိုက်သည်။ ကျန်းယွမ်၏ မျက်နှာကိုမြင်ပြီး သူ စက်ဆုပ်ရွံရှာသလိုခံစားလာရသည်။
"ဟုတ်တာပေါ့။ ငါက အင်ပါယာကျောင်းတော်ကြီးရဲ့ ဌာနမှူးတစ်ယောက်ပဲ။ ဝါစဉ်အရဖြစ်ဖြစ်၊ ကျင့်ကြံမူအဆင့်အရဖြစ်ဖြစ် ငါက အထက်မှာ ရှိတယ်။ မင်းက ငါ့ကိုတွေ့ရင် ငါ့ကို အဘိုးကျန်းလို့တောင် ခေါ်သင့်တယ်။" ကျန်းယွမ်က ဂုဏ်ယူစွာ ပြောသည်။
အဘိုးကျန်းလား?
ချင်ယွင်သည် ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်မိသည်။ ဤဌာနမှူး ကျန်းယွမ်သည် ကိုယ့်မျက်နှာကို မည်သို့ရွှေချရမလဲဆိုသည်ကို အမှန်တကယ် သိသည်။ သေခြင်းတရားကို ကြောက်ရွံ့ပြီး အင်ပါယာကျောင်းတော်လေးတစ်ခု၏ ဌာနမှူးတစ်ယောက်သာ ဖြစ်သောသူသည် ချင်ယွင်၏ အဘိုးဖြစ်ရန် ထိုက်တန်နေပြီ လား ။
"မြေးလေးကျန်းလား !" ချင်ယွင်က ရိုင်းစိုင်းစွာ ပြောလိုက်သည်။
ကျန်းယွမ်၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားကာ သူ၏ဖြူဖွေးနေသည့် မုတ်ဆိတ်ရှည်များက ဒေါသကြောင့် တုန်ခါသွားကြသည်။ သူက ဒေါသတကြီး ပြော သည် "ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ဒီနေ့ မင်းကို ငါ သေချာပေါက် သတ်ပစ်မယ်။ ကောင်စုတ်လေး၊ မင်းက ဒါတွေအားလုံးကို တောင်းဆိုတဲ့သူပဲ" ။
ထိုစကားကိုပြောပြီးနောက် ကျန်းယွမ်၏ အငွေ့အသက်များသည် ချက်ချင်းပင် နိုးထ လာခဲ့ပြီး သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါး၏ ကျင့်ကြံခြင်း အခြေခံက တဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်.။ သူသည် ချင်ယွင်ကို တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ဝှီး !
ထိုအချိန်တွင် မိုးကုပ်စက်ဝိုင်းကို ဖြတ်သန်းပြီး အလင်းတန်းနှစ်ခုက ဖြတ်သန်းသွားကာ ချင်ယွင်၏နောက်တွင် ပုံရိပ်နှစ်ခု ပေါ်လာသည်။
"စီနီယာချင် ၊ စီနီယာရဲ့ အမြန်နှုန်းက အရမ်းမြန်လွန်းတယ်။ အမီလိုက်နိုင်ဖို့ ကျွန်တော် တို့ အများကြီးကြိုးစားခဲ့ရတယ်" ရှန်တိုင်နှင့် ရှန်ကျွဲ့တို့သည် အဝေးမှ ပျံသန်းလာကြ သည်။ ချင်ယွင်ကိုမြင်သောအခါ ရှန်ကျွဲ့သည် မထိန်းနိုင်ဘဲ သက်ပြင်းချပြီး ပြောလိုက် သည်။
"ဒီအဘိုးကြီးက ဘယ်သူလဲ?" ရှန်တိုင်က ဒေါသထွက်နေသော်လည်း တစ်ခုခု မှားယွင်းနေသည်ကို ရှာတွေ့သွားဟန်ရပြီး ချင်ယွင်ကို မေးလိုက်သည်။
ကျန်းယွမ်သည် ရုတ်တရက် ပေါ်လာသော အသက်လတ်ပိုင်းအရွယ် နှစ်ယောက်ကို ကြည့်ရင်း သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူ၏မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။
သို့သော်လည်း ရှန်တိုင်၏ကျင့်ကြံမူအဆင့်သည် သူ့နှင့်တန်းတူဖြစ်နေသည်ကို သူ မြင်လိုက်ရသည့်အခါတွင် မထိန်းနိုင်ဘဲ ထိတ်လန့်သွားသည့် အရိပ်အယောင် ထွက်ပေါ်လာသည်။ သို့သော် သူက အေးစက်စွာ အော်ပြောလိုက်ဆဲ ဖြစ်သည် "ဟမ့် ၊ မင်း ဒီလောက် မောက်မာနေတာ မဆန်းပါဘူး- မင်းမှာ တကယ်ပဲ ကူညီသူ ရှိနေတာပဲ။ ကောင်စုတ်လေး၊ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး။ ငါ မင်းကို သတ်ပစ်ရမယ်"
ချင်ယွင်က ပြုံးလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။ အကယ်၍ သူကိုယ်တိုင် သတ်ပစ် ချင်သည်ဆိုလျှင် သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးကို သတ်ဖြတ်ရန်အတွက် သူက အကူအညီလိုဦးမှာလား။
ရှန်တိုင်နှင့် ရှန်ကျွဲ့တို့သည် ကျန်းယွမ်၏ စကားကိုကြားသောအခါတွင် ချက်ခြင်း ဒေါသ ထွက်သွားကြသည်။ ရှန်ကျွဲ့က အော်ပြောလိုက်သည် "မိုက်မဲလိုက်တာ၊ စီနီယာ ချင်အပေါ် မရိုင်းစိုင်းစမ်းနဲ့" ။
ယခုအချိန်တွင် ချင်ယွင်သည် သူတို့၏ စိတ်နှလုံးထဲမှာ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သူတို့သည်ပင် လေးစားမူပေးခြင်း အလွန်နောက်ကျခဲ့ရသည်။ သူတို့ရှေ့မှာရှိနေသည့် ဤလူအိုကြီးသည် ချင်ယွင်ကို သတ်ချင်သည်ဟု ပြောရဲသည်။ သူကိုယ်တိုင် သေမလား မသေဘူးလားဆိုသည်ကို အမှန်တကယ် မသိသူဖြစ်သည်။
"စီနီယာချင်လား? သူက စီနီယာတစ်ယောက်အဖြစ် ရှိနေသေးတာလား။ ကျန်းယွမ် သည် အမှန်တကယ်ပင် အသံထွက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက် သည်။"
ကျန်းယွမ်က လှောင်ပြောင်ရယ်မောပြီး ရှန်ကျွဲ့၏ စကားကို အထင်သေးဟန် ပြလိုက် သည်။ သူ၏အမြင်အရဆို ရှန်ကျွဲ့သည် အနည်းဆုံး ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးသာ ဖြစ်သည်။ အမှန်တကယ်ပင် သူက ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးကို စီနီယာဟု ခေါ်နေသည်။ ဤအရာသည် ရယ်စရာကောင်းသည့် ဟာသကြီးတစ်ခု မဟုတ်ပေဘူးလား?
"မင်း" ကျန်းယွမ်က သူ၏စကားကို မယုံကြည်သည်ကို မြင်လျှင် ရှန်ကျွဲ့က ချက်ချင်း စိတ်ပူသွားသည်။ ဒါပေမယ့် ရှန်တိုင်က သူ့ကို တားဆီးလိုက်သည်။
ချင်ယွင် မည်မျှအစွမ်းထက်သည်ကို ရှန်တိုင် သိသည်။ သူကိုယ်တိုင်က သတ္တမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးဖြစ်သည်။ သူသည်လည်း ဝါးရင်းတုတ်ဖြင့် အရိုက်နှက်ခံခဲ့ရပြီး လက်တုံ့ပြန်ရန် မဖြစ်နိုင်တော့သည် မဟုတ်လော။ ထို့ကြောင့် ချင်ယွင်အတွက် လုံးဝ စိတ်မပူခဲ့ပေ။
"ဟမ့် ၊ ဒီလူအိုကြီးက မင်းနဲ့အတူ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောရတာ ပျင်းလာပြီ ။ ဒီနေ့ ငါ မင်းကို သင်ခန်းစာတစ်ခု သင်ပေးပြီး ကိုယ့်ဆရာသခင်တွေအပေါ်မှာ ဘယ်လို ရိုသေလေးစားရမလဲဆိုတာကို သိအောင်ပြပေးမယ်" ကျန်းယွမ်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏တစ်ကိုယ်လုံးသည် ချင်ယွင်ဆီသို့ ပြေးဝင်သွားလိုက်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျတွေက သူ၏လက်ဖဝါးမှ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး ချင်ယွင်ကို သင်ခန်းစာတစ်ခု သင်ပေးရုံလောက် ဟုတ်ပုံမပေါ်ပေ ။
ချင်ယွင်သည် ကျန်းယွမ် သူ့ဆီ ဦးတည်လာနေသည်ကို မြင်လိုက်ရသည့်အခါ အထင်အမြင်သေးစွာ ရယ်မောလိုက်ပါသည်။
အကယ်၍ သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ ဒုတိယအဆင့် ကောင်းကင်အလွှာသို့ မဖြတ်ကျော်နိုင်ခဲ့ဘူးဆိုလျှင် ကျန်းယွမ်ကို ဒေါသပေါက်ကွဲသည့် အခြေအနေသို့ ဝင်ရောက်ပြီး တိုက်ခိုက်ရန် လိုအပ်ပေမည်၊ သို့သော် ယခု မည်သို့ လိုအပ်တော့မည် နည်း။
"ဖတ်!"
အလွန်ကျယ်လောင်သော အသံသည် လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာသည်။
ထို့နောက် မိုးခြိမ်းသံကြားမှ အသံတစ်ခုက လွင့်ပျံလာသည်။
"ဘာဖြစ်တာလဲ၊ အခုနက ဘာဖြစ်သွားတာလဲ" ကျန်းယွမ်၏ မျက်လုံးများသည် မယုံနိုင်စွာ ပြူးကျယ်သွားသည်။ ယခုပင်၊ သူသည် ချင်ယွင်ဆီသို့ အပြေးအလွှား ပြေးဝင်သွားနေခဲ့သည်။ သို့သော်လည်း နောက်တစက္ကန့်တွင် အနက်ရောင်ပုံရိပ်တစ်ခု သည် သူ၏မျက်လုံးများအတွင်းမှ ဖြတ်သန်းသွားပုံရသည်။ ထို့နောက် သူ၏မျက်နှာ ပေါ်မှာ ပြင်းထန်သော အင်အားတစ်ခု ထွက်ပေါ်လာပြီးနောက် သူသည်လည်း အရှိန်အဟုန်ဖြင့် နောက်ပြန် ဆုတ်သွားရသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏မျက်နှာပေါ်သို့ ထိုးကျလာခဲ့ပြီး မေးစေ့တစ်ခုလုံး ပွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ သူ၏ မေးအရိုးများသည်ပင် ကျိုးကြေနေပြီဖြစ်ပြီး အလွန်နာကျင်လှသည်။
"ဟမ့် ! စောစောလေးက ခင်ဗျားကြီးက ကျုပ်ကို အဘိုးလို့ ခေါ်ခိုင်းခဲ့တာ မဟုတ်လား။ အခု ခင်ဗျားကြီး ကျုပ်ကို အဖိုးလို့ ပြန်ခေါ်မှာလား။" ချင်ယွင်၏ပုံရိပ်သည် ကျန်းယွမ် ရှေ့တွင် တစ္ဆေတစ်ကောင်လို ပေါ်လာသည်။
ကျန်းယွမ်၏ မျက်လုံးများသည် အလွန်ထိတ်လန့်သည့် အမူအရာပေါ်လာခဲ့ပြီး သူ၏အဖြေကိုပင် မစောင့်သေးဘဲ…………..
“ဖတ် !"
နောက်ထပ် ပါးရိုက်သံတစ်ချက်က သူ့မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား ပြန်သည်။ ကျန်းယွမ်၏သွားများအားလုံး သူ၏ပါးစပ်မှ ပြုတ်ကျပြီး သွေးများ ထွက်လာ သည်။ သူ၏တစ်ကိုယ်လုံးကို မျှော်စင်အောက်ဘက်မှ စုပ်ယူသွားသကဲ့သို့ ပြုတ်ကျ သွားသည်။
"ဘုန်း !"
ကျန်းယွမ်၏ ခန္ဓာကိုယ်သည် မြို့တံခါးရှေ့မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သည့် တွင်းနက်ကြီးတစ်ခုပင် ဖန်တီးဖြစ်ပေါ်သွား ခဲ့သည်။
ရှန်ကျွဲ့သည် အံသြသွားသည်။ စီနီယာချင်သည် တုနှိုင်းမယှဉ်နိုင်လောက်အောင် အစွမ်းထက်သည်ကို သူသိသော်လည်း ဤမျှအစွမ်းထက်မည်ဟု မမျှော်လင့်ထားပေ။ ချင်ယွင်အပေါ် သူထားရှိသည့် ရိုသေလေးစားမူသည် တဟုန်ထိုးစီးဆင်းနေသည့် မြစ်ကြီးတစ်စင်းနှင့် တူသည်။
ရှန်တိုင်သည် လေထဲမှာရပ်နေပြီး ထိုမြင်ကွင်းကို ကြည့်နေသည်။ သူ့မျက်နှာမှာ ကျေနပ်သည့်အပြုံးတစ်ခု ရှိနေသည်။ ကျန်းယွမ် သနားစရာကောင်းအောင် အရိုက်နှက် ခံရသည်ကိုမြင်လိုက်ရလျှင် သူ့စိတ်သည်လည်း ကြီးကြီးမားမား ချိန်ထိုးကြည့်စရာ မြင်ကွင်းကို ရရှိသွားဟန်တူသည်။
အခန်း (၃၈၉) တိုင်ဟန်တောင်တန်းကိုထပ်မံရှာဖွေခြင်း။
ဘုန်း။
ကျန်းယွမ်သည် ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာမူနှင့်အတူ ကျောက်တုံး တစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
စစ်သည်များအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့အားလုံးသည် ကြောက်စရာကောင်းသော လူဆိတ်ညံနေသော သားရဲတစ်ကောင် ရောက်လာသည် ဟု ထင်မြင်ကြသည်။
သူတို့သည် တွင်းနက်ကြီးဖြစ်သည့်အထိ လွင့်ထွက်လာသူက ဌာနမှူးကျန်းယွမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ သူတို့၏ မျက်နှာများသည် ချက်ချင်းပင် အထင်အမြင်သေးသည့် အမူအရာများ ပေါ်လွင်လာကြသည်။
"အို ၊ ဌာနမှူးကျန်း၊ ခင်ဗျား အဆင်တယ် မဟုတ်လား။ ခင်ဗျား ဘာလို့ တွင်းနက်ကြီး ထဲ ပြုတ်ကျသွားရတာလဲ။" ကျန်းယွမ်၏ ယခင်လုပ်ရပ်များအပေါ် အထင်သေးသည့် ရဲရင့်သော စစ်သည်တစ်ဦးက တိုက်ရိုက် လှောင်ပြောင်လိုက်သည်။
တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသော ကျန်းယွမ်သည် ဒေါသကြောင့် ရူးလုမတတ် ဖြစ်နေသည်။ သို့သော်၊ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုက သူ့ကို မလှုပ်ရှား စေနိုင်ခဲ့ပါ။ အထူးသဖြင့် သူ့မျက်နှာမှ ထွက်လာသော ပြင်းထန်သော နာကျင်မှုကြောင့် စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။
ဝှီး !
ချင်ယွင်၊ ရှန်တိုင်နှင့် အခြားသူများသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ မြို့ရိုး မျှော်စင်ပေါ်တွင် ရပ်နေခဲ့ကြသည်။
ချင်ယွင်ကိုမြင်လိုက်ရလျှင် ကျန်းယွမ်၏ မျက်လုံးတွေက ချက်ချင်း နီရဲလာသည်။ သူသည် တွင်းနက်ကြီးထဲမှ တွားသွားတက်လာပြီး သွားမရှိသည့်ကြားမှ စကားသံ အချို့ကို ညှစ်ထုတ်ပြီး ပြောလိုက်သည် " အရူးကောင် ...မင်းကို ရွှံ့ထဲနစ်ပြီး သတ်ပစ်ချင်တယ!"
ထိုစကားကိုကြားသည့်အခါ လူတိုင်းက ကျယ်လောင်စွာ ရယ်မောကြသည်။
"ဌာနမှူးကျန်း၊ ခင်ဗျား ဘာလို့ သွားကွင်းမပါဘဲ ပျံသန်းနေရတာလဲ၊ ခင်ဗျား လေအပြင်းအထန်တိုက်ခံရပြီး လေနောက်ပါလာတာလား" ကျန်းယွမ်ကို လှောင်ပြောင်ခဲ့သည့် ယခင်စစ်သားက ထပ်ပြီး လှောင်ပြောင်ပြန်သည်။
မနီးမဝေးမှာရှိနေသည့် ဝေရှန်း၊ ဆေးအကြီးအကဲနှင့် ဒဏ်ရာ ပြန်ကောင်းလုနီးပါး ဖြစ်နေကြသည့် တခြားလူများသည်လည်း ထိုမြင်ကွင်းကိုကြည့်ပြီး ဟက်ဟက် ပက်ပက် ရယ်မောကြသည်။ ကျန်းယွမ်ကိုကြည့်သည့် သူတို့ အကြည့်တွေက သနားစိတ်အပြည့် ဖြစ်နေသည်.။
ချင်ယွင်သည် မည်မျှအစွမ်းထက်သည်ကို လူတိုင်း မြင်ဖူးကြသည်။ အင်ပါယာမြို့တော် အင်ပါယာနန်းတော်မှ တိုက်ပွဲသတင်းများသည် အပြင်ကို ပျံ့နှံ့သွားပါက ကမ္ဘာကြီးသည်ပင် တုန်လှုပ်သွားမည်မှာ သေချာပါသည်။ အကယ်၍ ကျန်းယွမ်သည် ချင်ယွင်ကို စော်ကားပြစ်မှားလိုက်မည်ဆိုလျှင် ရလာဒ်သည် သဘာဝအားဖြင့် အလွန်စိတ်မကောင်းစရာ ဖြစ်ရလိမ့်မည်။
ပိရှစ်သိုင်းမြို့စားသည် မြို့ရိုးမျှော်စင်ပေါ်တွင် ရပ်နေသည်။ ပျော်ရွှင်မူနှင့်အတူ ရွှင်လန်းတောက်ပနေသည့် ချင်ယွင်၏ မျက်လုံးများကို မြင်လိုက်ရသည်နှင့် ချင်ယွင်၏ ရုပ်အသွင်အပြင်သည် သူမအား နှိုင်းစာပြလို့မရအောင် စိတ်သက်သာရာရစေသည်။
ကျန်းယွမ်သည် သူ၏စကားတွေကို လူအုပ်ကြီးက လှောင်ပြောင်သရော်နေသည်ကို တွေ့လိုက်ရလျှင် သူ့မျက်လုံးတွေက ချက်ချင်းပင် သွေးထွက်သကဲ့သို့ နီရဲနေပြီး သူ၏မျက်နှာက တုနှိုင်းမရသည့် ရက်စက်ကြမ်းကြုတ်သောအမူအရာ ပေါ်လာသည်။
သူသည် မြေပြင်ပေါ်တွင် တစ်ချက်ဆောင့်နင်းပြီး ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
ချင်ယွင်သည် သူ့ဆီသို့ အပြေးအလွှား တဟုန်ထိုးပစ်ဝင်လာနေသော ကျန်းယွမ်ကို ကြည့်ရင်း သတ်ဖြတ်လိုစိတ်များ သူ၏မျက်လုံးထဲတွင် တောက်ပလာသည်။ သူသည် ကျန်းယွမ်အတွက် အချိန်တွေ ထပ်မဖြုန်းချင်တော့။ ထို့ကြောင့် ကျန်းယွမ်ကို ချက်ချင်း ဂရုတစိုက်ပြုစုစောင့်ရှောက်ဖို့ စီစဉ်ချလိုက်သည်။
သို့သော် ထိုအချိန်တွင် အစိမ်းရောင်အလင်းတန်းတစ်ခုသည် ချင်ယွင်ဘက်သို့ ဖြတ်သန်းသွားကာ ကျန်းယွမ်ဆီသို့ ဦးစွာရောက်ရှိသွားသည်။
အစိမ်းရောင်အလင်းတန်းသည် လေထုထဲတွင် လှပသော လမ်းကြောင်းတစ်ခုအဖြစ် ဖြတ်သွားကာ ကျန်းယွမ်၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။
"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းယွမ်၏ မျက်လုံးများသည် မယုံနိုင်စွာ ပြူးကျယ်သွားသည်။ သူသည် ခေါင်းငုံ့ပြီး သူ၏ခါးကို ငုံ့ကြည့်လိုက်သည်။
သူ၏ခါးမှာ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ အဆုံးတွင် ကျန်းယွမ်သည် သူ၏ခါးအောက်ကိုငုံ့ကြည့်နေရင်း သတိလစ်သလိုခံစားလိုက်ရကာ ပြင်းထန်သော ဝေဒနာသည် သူ၏ဦးနှောက်ထဲသို့ စိမ့်ဝင်လာခဲ့သည်။
"ဒီနဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်က ဘာလို့ လှုပ်ရှားရမှာလဲ" ကျန်းယွမ်သည် မယုံနိုင်လောက်အောင်ပင် ခံစားလိုက်ရသည်။ လူပုလေးဖြစ်သည့် နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်သည် သူနှင့် ရန်ငြိုးလည်းမရှိပေ။ လူပုလေးဖြစ်သည့် ဤနဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်သည် အဘယ်ကြောင့် ရုတ်တရက် သူ့ကို တိုက်ခိုက်လာသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
သို့သော် ရှန်ဟိုင်၏စကားများက သူ့ကို အဖြစ်အပျက်တွေကို ချက်ချင်း သဘော ပေါက်သွားစေခဲ့ပြီး သူ၏နှလုံးသားထဲတွင် ပြင်းထန်သော နောင်တတရားက တိုးဝင်လာခဲ့သည်။
ကံမကောင်းစွာပင်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် ထက်ဝက်ပိုင်းကာ နှစ်ပိုင်း ပြတ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ ဖုန်မှုန့်များ လွင့်စင်သွားလေသည်။
"ခင်ဗျား၊ စီနီယာချင်ကို ဘယ်တော့မှ မစော်ကားသင့်ဘူး။"
ရှန်ဟိုင်၏ စကားတွေက တစ်မြို့လုံး ပဲ့တင်ထပ်သွားခဲသည်။
စစ်သည်များအားလုံးသည် မြို့ရိုးမျှော်စင်ပေါ်တွင် ရပ်နေသော ချင်ယွင်ကို အံ့အားသင့်စွာ လှည့်ကြည့်ကြရင်း သူတို့၏ မျက်လုံးများသည် တုနှိုင်းမရသည့် တုန်လှုပ်ခြောက်ခြားသည့် အမူအရာ ပေါ်လွင်နေပါသည်။
"အခုနလေးတင်ပဲ၊ ဒီသိုင်းဧကရာဇ်က ကြောက်စရာကောင်းတဲ့ ကြက်သွေးရောင် မျက်လုံးသွေးဝံပုလွေကို တစ်ချက်တည်းနဲ့ ထိုးသတ်ပစ်လိုက်တယ်။ သူ့အစွမ်းက တုနှိုင်းမရအောင် အစွမ်းထက်နေပြီ။ သူက တကယ်ကြီး စီနီယာချင်လို့ ခေါ်လိုက်တယ်ပေါ့ ။ ဒါဆို ဒီလူငယ်က ဘယ်လောက်တောင် သန်မာလိုက်မလဲ"
စစ်သည်များ၏ နှလုံးသားထဲတွင် တူညီသောအတွေးကိုယ်စီ ပေါ်လာကြသည်။ ချင်ယွင်ကို ကြည့်သည့် သူတို့ အကြည့်တွေက လေးစားမှုအပြည့် ဖြစ်နေကြသည်။
သိုင်းဧကရာဇ်ဘိုင်ဟောက် ၊ ဝေရှန်း နှင့် အခြားသူများပင်လျှင် အလွန်အံ့အားသင့်နေ သည့် အမူအရာများ ဖြစ်ပေါ်နေကြသည်။ ချင်ယွင်သည် ကြောက်စရာကောင်းကြောင်း သူတို့သိထားသော်လည်း နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးကို လက်အောက်ခံအဖြစ် မည့်နေရာမှ ရရှိလာခဲ့သည်ကို သူတို့မသိကြပေ။
သို့သော် ထိုကျွမ်းကျင်သူ၏အမူအယာကို ကြည့်ခြင်းအားဖြင့် ထိုနဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်သည် ချင်ယွင်ကို အလွန်လေးစားကြောင်း ထင်ရှားသည်။
"အဟမ်း။ လူတိုင်းနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ဝါးတောင်တန်းရဲ့ အရှေ့ဘက်မှာရှိတဲ့ ဝါးတောင်တန်းစံအိမ်ပညာရှင် ရှန်ဟိုင်ပါ။" ချင်ယွင်က ဝေရှန်းနှင့် တခြားလူများကို မိတ်ဆက်စကား ပြောကြားလိုက်ပါသည်။
ချင်ယွင်က လူတိုင်းကို ခေါင်းညိတ်ပြကာမိတ်ဆက်စကားပြောနေကြောင်း ရှန်ဟိုင် ကြားရသည့်အခါ၊ သူက ချက်ချင်းပင် သူတို့ကို လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
လူအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ရှန်ဟိုင်ကို အံ့သြတကြီး ကြည့်နေ ကြသည် ။
ယခုလေးတင်၊ ဤအစွမ်းထက်သည့် သိုင်းဧကရာဇ်က မည်သူလဲဆိုသည်ကို သူတို့ သိချင်နေခဲ့ကြသည်။
မမျှော်လင့်ဘဲ၊ ထိုလူသည် ထင်ရှားကျော်ကြားလှသည့် ဝါးတောင်တန်းစံအိမ် ပညာရှင် ဖြစ်နေသည်။
ဤလူပုသိုင်းဧကရာဇ်သည် ဝါးတောင်တန်းစံအိမ်ပညာရှင်ဖြစ်ကြောင်း စစ်သည်များ ကြားရသောအခါ၊ သူတို့အားလုံးသည် အံ့သြသင့်သွားသည့် အမူအယာများ ဖြစ်ပေါ်နေ ကြသည်။
"ဒါဆို သူက ဝါးတောင်တန်းစံအိမ် ပညာရှင်ပေါ့။ သူက ဒီလောက် အစွမ်းထက်နေတာ မဆန်းပါဘူး။"
"မှန်တယ်။ ဒီလောက် အစွမ်းထက်တဲ့ ပညာရှင်ကြီးတစ်ယောက် အင်ပါယာထဲမှာ ဘယ်အချိန်တုန်းက ပေါ်လာတာလဲလို့ တွေးနေကြတာ။ သူက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေတဲ့ ဝါးတောင်တန်းစံအိမ် ပညာရှင်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။"
"မှန်တယ်။ သူက ကျွန်တော် အမြဲလေးစားရတဲ့ စီနီယာတစ်ယောက်ပါ။ ဒီနေ့ တွေ့လိုက်ရတော့ သူက တကယ်ကို ကြောက်စရာကောင်းတဲ့သူပဲ။ တကယ်လို့ သူက အရပ်ပုနေတယ်ဆိုရင်တောင် ဒီလောက် ကြောက်စရာကောင်းလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ သူက ကျွန်တော်တို့ မျိုးဆက်အတွက် တကယ့်ကို စံပြ တစ်ယောက်ပဲ။ ကျွန်တော်ကတော့ အခု သူ့ကို ပိုလို့တောင် လေးစားလာပြီတယ် "။
"ဒါတော့ မှန်တယ်ကွ။ သူက သူအရပ်ပုတာနဲ့ပတ်သက်ပြီး အများကြီး ခံစားခဲ့ရမှာပဲ။ ဒါပေမယ့် သူက ယိမ်းယိုင်သွားခြင်းမျိုး မရှိခဲ့ဘူး။ သူက သိုင်းဧကရာဇ်နယ်ပယ်ရဲ့ နဝမအဆင့် ကောင်းကင်အလွှာရောက်သည်အထိ အများကြီး ခံစားခဲ့ရမှာ သေချာ ပါတယ်။"
စစ်သည်များသည် မရပ်မနား ပြောဆိုနေကြသော်လည်း မည်သူမျှ ရှန်ဟိုင်ကို မထီမဲ့မြင်ပြုပြီး မလှောင်ပြောင်ကြပေ။
နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးအနေဖြင့် ရှန်ဟိုင်သည် ဤစကားများ အားလုံးကို သဘာဝအတိုင်း နားထောင်ခဲ့သည်။ သူ၏ အရပ်က ပုသောကြောင့် ကမ္ဘာကြီး၏ လှောင်ပြောင်မူကို သူခံရမည်ဟု မခံစားရရုံသာမက သူ၏အရပ်က ပုနေရုံသက်သက်ဖြင့် ကမ္ဘာကြီးက လှောင်ပြောင်မည် မဟုတ်ကြောင်း ကိုလည်း သူ နားလည်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူသည် သူ့ကို အချိန်အတော်ကြာ ချည်နှောင်ထားခဲ့သော အတွေးနှောင်ကြိုးများသည် သူ၏ကိုယ်ပေါ်တွင် အချိန်အတော်ကြာအောင် ချည်နှောင် ထားသော သံမဏိအချုပ်အနှောင်ကြိုးများ ပြေလျော့သွားကဲ့သို့ အနှိုင်းမဲ့ လျော့ပါးသွား သလို ခံစားလိုက်ရသည်။ သူ၏နှလုံးသားထဲမှ ချည်နှောင်မှုအထုံးအဖွဲ့လည်း အနည်းငယ် ပြေလျော့သွားခဲ့သည်။
ဤကမ္ဘာကြီးကို အေးဆေးတည်ငြိမ်စွာဖြင့် သူ အမှန်တကယ် ရင်ဆိုင်နိုင်နေသရွေ့ သူ၏အထုံးတွေမှ လုံးလုံး လွတ်ကင်းသွားလိမ့်မည်ဟု သူယုံကြည်လာသည်။
တစ်ချိန်တည်းမှာပင် သူ၏အကြည့်တွေက ပို၍ပင် ရိုသေလေးစားမူများ ရှိလာခဲ့သည်။ ဤအရာအားလုံးသည် ချင်ယွင်၏ လမ်းညွှန်ချက်ကြောင့် ဖြစ်ပါသည်။ အကယ်၍ ချင်ယွင်၏ လမ်းညွှန်ချက်ကြောင့်သာ မဟုတ်ခဲ့ပါက သူ၏နှလုံးသားထဲမှာ ထူးဆန်း သည့် ချည်နှောင်မှုအထုံးအဖွဲ့ စက်ဝိုင်းတစ်ခုထဲသို့ ကျရောက်လာပါလိမ့်မည်။
ထို့နောက် ချင်ယွင်သည် ရှန်တိုင်နှင့် ရှန်ကျွဲ့တို့ကိုလည်း မိတ်ဆက်ပေးသည်။
ချင်ယွင်၏ မိတ်ဆက်စကားကြားပြီးနောက် သူတို့နှစ်ယောက်၏ မျက်နှာတွေက ဂုဏ်ယူဝင့်ကြွားမူတွေနှင့် ပြည့်နှက်နေသည်။
ဤမြင်ကွင်းကို လူတိုင်း၏မျက်လုံးထဲတွင် မြင်လိုက်ရပြီးနောက် အားလုံးသည် ချင်ယွင်ကို သူတို့၏ နှလုံးသားထဲတွင် အတွေးသစ် အမြင်အသစ်များဖြင့် ကြည့်လိုက် ကြသည်။
အတုန်လှုပ်ဆုံးလူကတော့ ပိရှစ်သိုင်းမြို့စား ဖြစ်သည်။ ယခင်ကတော့ သူမသည် ချင်ယွင် ဝါးတောင်တန်းစံအိမ်ပညာရှင်ကို ဖိတ်ခေါ်နိုင်ခြင်းမရှိမည်ကို သူမ စိုးရိမ်ခဲ့ ဖူးသည်။ အကယ်၍ သူသာ ဖိတ်ခေါ်နိုင်ခြင်းမရှိခဲ့ပါက ဤတစ်ကြိမ် သားရဲဒီရေလှိုင်း ကို တွန်းလှန်ရာမှာ အလွန်ခက်ခဲလိမ့်မည် ။
သို့သော်၊ ချင်ယွင်သည် ဝါးတောင်တန်းစံအိမ် ပညာရှင်ကို ဖိတ်ကြားခဲ့ရုံသာမက ညီအကိုသုံးယောက်ကိုလည်း သူ၏အမိန့်ကိုနာခံကာ သူ့ကိုလေးစားရန် လုပ်ဆောင် နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ယင်းက ပိရှစ်သိုင်းမြို့စားကို အရှေ့အရပ်မှာ ရှိသည့် ဝါးတောင်တန်းစံအိမ်ကိုသွားပြီးနောက် ချင်ယွင်၏ လုပ်ဆောင်ချက်များကို အလွန်သိချင်စိတ် ပြင်းပြလာစေခဲ့သည် ။
ယခုအချိန်တွင် ချင်ယွင်သည် ပိရှစ်သိုင်းမြို့စားနှင့် အခြားလူများ၏ အတွေးများကို မစဉ်းစားမိပေ။ ယင်းအစား သွေးအိုင်ထဲမှာ လဲလျောင်းနေသည့် ကြက်သွေးရောင် မျက်လုံး ဝံပုလွေ၏အလောင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများက သူတစ်ခုခုကို တွေးတောနေသည့်အမူအရာ ပေါ်လွင်စေသည်။
တိုင်ဟန်တောင်တန်းများ၏ အခြေအနေတွေကို သူတို့အနေဖြင့် အများကြီးမသိသေး ဘူးဟု သူ ခံစားရသည် ။ အဲဒီအထဲမှာ အဆင်းငါး ဆိတ်သုဉ်းခြင်းသားရဲ အရေအတွက် ဘယ်လောက်ရှိလဲ၊ သားရဲဘုရင်၏ စွမ်းအားက အဆင့်ဘယ်လောက် ရှိလဲ၊ ဤအရာ အားလုံးကို သူတို့ မသိနိုင်သေးပါဘူး။
မိမိနှင့် မိမိ၏ ရန်သူအကြောင်းကို သိရုံမျှဖြင့် တိုက်ပွဲပေါင်းရာကျော်ကို အောင်နိုင်မည် ဟု အဆိုရှိခဲ့ဖူးသည်။ အကယ်၍ သူတို့သည် သားရဲဒီရေလှိုင်းကို အမှန်တကယ် ခုခံ ကာကွယ်ရန်အတွက် ၎င်းတို့ဆင်းလာမည့်အချိန်ကို စောင့်နေမည်ဆိုလျှင် ထိုအချိန် တွင် မမျှော်လင့်ထားသော အကျိုးဆက်များ ရှိလာပေလိမ့်မည်။
"ကြည့်ရတာ တိုင်ဟန်တောင်တန်းတွေကို ပြန်ပြီးစူးစမ်းဖို့ အချိန်တန်ပြီထင်တယ်" ချင်ယွင်သည် တိုင်ဟန်တောင်တန်းများ၏ နက်ရှိုင်းရာအရပ်ဆီသို့ လှမ်းကြည့်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် ဤသားရဲဘုရင်၏ မူလဇစ်မြစ်ကို ရှာဖွေရမည်ဖြစ်သည်။ အနည်းဆုံးတော့ သားရဲဘုရင်သည် မည်သည့်အဆင့်ရောက်နေပြီလဲဆိုသည်ကို သူ သိရမည်။ ဤနည်းဖြင့်သာ သူသည် သူ၏နောက်ထပ်လှုပ်ရှားမှုကို ပြုလုပ်နိုင်မည် ဖြစ်သည်။
အခန်း (၃၉၀) အနက်ရောင်မီးလျှံနွားထီးကြီး။
"ဘာ၊ ဝံပုလွေနီသေသွားပြီလို့ မင်းပြောလိုက်တာလား "
တိုင်ဟန်တောင်တန်းများ၏ နက်ရှိုင်းသောအရပ်မှာရှိသည့် ချိုင့်ဝှမ်းကြီးတစ်ခု၏ အစွန်အဖျားမှာ အနက်ရောင် နွားထီးကြီးတစ်ကောင်က သားရဲဘာသာစကားဖြင့် တအံ့တသြ မေးလိုက်ပါသည်။
"ဟုတ်တယ်၊ ငါ့လက်အောက်ငယ်သားတွေဆီကနေ အခုပဲ သတင်းဝင်လာတယ်။ ဝံပုလွေနီကို လူသားကျွမ်းကျင်သူတစ်ယောက်က သတ်လိုက်တာပဲ" ရွှေတောင်ပံ ဂဠုန်ငှက်ကြီးက ပြောလေသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဝံပုလွေနီရဲ့စွမ်းအားက အဋ္ဌမအဆင့် ကောင်းကင် အလွှာ သိုင်းဧကရာဇ်တစ်ပါးနဲ့ ယှဉ်လုနီးပါးပဲ။ သူ့ကို ကိုင်တွယ်နိုင်တဲ့လူသား ပညာ ရှင်က လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ်။ ဧကရာဇ်မင်းမြတ်ဒါယန်းကိုယ်တိုင်က လှုပ်ရှားလိုက်လို့များလား" အနက်ရောင်နွားထီးကြီးက သားရဲဘာသာစကားဖြင့် ပြောသည်။
"ဟမ့် ၊ အယုတ်တမာ လူသားတွေ၊ ငါတို့ ညီအစ်ကိုတွေ အများကြီးကိုသတ်တာ မကောင်းဘူး။ ငါ သူတို့ကို နာကျင်စရာကောင်းတဲ့ တန်ဖိုးကို ပြန်ပေးဆပ်ခိုင်းရမယ်။" ရွှေတောင်ပံဂဠုန်ငှက်ကြီးက ဒေါသတကြီး ပြောသည်။
"တော်လောက်ပြီ၊ မင်းက ပြဿနာရှာရတာ မလုံလောက်သေးဘူးလို့ တွေးနေတာ လား။ ဧကရာဇ်မင်းမြတ်က သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာသည်တဲ့အထိ စောင့်နေဖို့ ပြောထားခဲ့တယ်။ ဝံပုလွေနီက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ကို နားမထောင် ဘဲ တိတ်တိတ်လေး ခိုးထွက်သွားခဲ့တယ်။ မင်းကပါ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ကို မနာခံချင်တော့ဘူးလား" အနက်ရောင်နွားထီးကြီးက ဒေါသတကြီး အော်လိုက်သည်။
"ဝံပုလွေနီက ငါတို့ ဘေးကရပ်ပြီး စောင့်ကြည့်နေခဲ့လို့ သနားစရာကောင်းစွာ သေသွားတာရော မဖြစ်နိုင်ဘူးလား။ မဟုတ်ဘူး၊ ငါ သူ့အတွက် လက်စားချေရမယ်။" ရွှေတောင်ပံဂဠုန်ငှက်ကြီးက လက်မခံနိုင်သည့်အမူအရာဖြင့် ပြောလိုက်သည်။
"ဟမ့်! ငါတို့က သူ့အတွက် လက်စားချေမယ့်လူတွေ မဟုတ်ဘူးလို့ ဘယ်သူ ပြောတာ လဲ။ ငါတို့က နောက်ထပ် ငါးရက်လောက်ပဲ စောင့်ရတော့မှာ။ ငါးရက်ကြာရင် ဧကရာဇ် မင်းမြတ်က ငါတို့ကို အဲဒီမြို့တွေကို အတူတူသတ်ပစ်ဖို့ ညွှန်ကြားလိမ့်မယ်။ အဲဒီအချိန် ရောက်ရင် အဲဒီယုတ်ညံ့တဲ့လူသားတွေရဲ့သွေးတွေကို အသုံးပြုပြီး ဝံပုလွေနီအတွက် ငါ ယဇ်ပူဇော်ပေးမယ် ။" အနက်ရောင်နွားထီးကြီးသည် အေးစက်စွာ ဟစ်အော်ပြော လိုက်သည်။ အနက်ရောင်မီးတောက်မီးလျှံများသည် သူ၏မျက်လုံးများတွင် တောက်လောင်နေပြီး နေရာတိုင်းတွင် ပုန်းအောင်းနေသည့် သတ်ဖြတ်လိုသည့်ဆန္ဒက တဟုန်ထိုး ထွက်ပေါ်လာလေသည်။
"ဒါဆိုလည်း နောက်ထပ်ငါးရက်လောက် ငါ သည်းခံလိုက်မယ်။ ဒီနေ့ကစပြီး ငါးရက် အတွင်း လူသားတွေရဲ့သွေးနဲ့ သွေးကြွေးကို ငါ ပြန်ပေးဆပ်ချင်တယ်" ရွှေတောင်ပံ ဂဠုန်ငှက်ကြီးကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားပြီး သူ၏မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
အနက်ရောင်မီးလျှံနွားထီးကြီးနှင့် ရွှေတောင်ပံဂဠုန်ငှက်ကြီးတို့သည် ကြက်သွေးရောင် မျက်လုံး သွေးဝံပုလွေသေဆုံးခြင်းအတွက် ဒေါသတကြီးဖြစ်နေချိန်မှာ ချင်ယွင်သည် တိုင်ဟန်တောင်တန်းများဆီသို့ တစ်ဖန်ပြန်လည် ဝင်ရောက်လာခဲ့သည်။
သို့သော် ယခုအကြိမ်တွင် ချင်ယွင်တစ်ဦးတည်း မဟုတ်တော့ဘဲ လူသုံးဦး ဖြစ်သည်။
မူလက ချင်ယွင်သည် တိုင်ဟန်တောင်တန်းများဆီသို့ တစ်ယောက်တည်း ဝင်ရောက်ခဲ့ သော်လည်း သိုင်းဧကရာဇ်နှစ်ပါးက သူ့ကို စောင့်ရှောက်မည်ဟု ပြောခဲ့သည်။ အကယ်၍ တစ်ခုခုဖြစ်ခဲ့လျှင်ပင် သတင်းကို ကြိုပြီး ပြန်ပို့နိုင်သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချင်ယွင်လည်း သဘောတူလိုက်သည်။
သို့သော် ရှန်တိုင်က သူ့နောက်လိုက်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် ကူကယ်ရာမဲ့ ဖြစ်ပြီး ရှန်တိုင်ကို ခေါ်ဆောင်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ပေ။
ဤအချိန်ကာလတွင် ချင်ယွင်သည် ရှန်တိုင်နှင့်ရှန်ကျွဲ့တို့နှင့်ပတ်သက်ပြီး နားလည် သဘောပေါက်ခဲ့သည်။
အပေါ်ယံမျက်နှာပြင်ပေါ်တွင် ဤအဖော်နှစ်ယောက်သည် အလွန်လေးနက်ပုံ ပေါက်နေသော်လည်း သူတို့နှစ်ဦးစလုံးသည် ကမ္ဘာကြီး မငြိမ်မသက် မဖြစ်မှာကို စိုးကြောက်နေသော အရှင်သခင်များ ဖြစ်ကြလေသည်။ ပြဿနာမရှိရင် ပြဿနာကို ကြံဖန်ရှာသူများ ဖြစ်ကြသည်။ ချင်ယွင်သည် ဤလူကို ခေါ်လာသည်မှာ ကောင်းလား ဆိုးလားဆိုတာ မသိပါဘူး။
ချင်ယွင်နှင့် အခြားသူများသည် တိုင်ဟန်တောင်တန်းများဆီသို့ ဝင်ရောက်ပြီးနောက် တိုင်ဟန်တောင်တန်းများ၏ နက်ရှိုင်းသည့်အရပ်ဆီသို့ လျှောက်သွားကြသည်။
လမ်းတစ်လျှောက်တွင် ရှန်တိုင်သည် သူ၏စူးစမ်းလိုစိတ်ကို အပြည့်အ၀ပြသခဲ့ပြီး ချင်ယွင်နှင့် အခြားသူများကို အဖန်ဖန် အနှောက်အယှက် ဖြစ်စေခဲ့သည်။
ချင်ယွင်သည်လည်း ဘာပြောရမှန်းမသိတော့။ ရှန်တိုင်သည် အသက်လေးဆယ်ကျော် လောက်ရှိပြီ ဖြစ်သည်။ ဒါဆို သူက ဘယ်လိုလုပ် ကလေးဆိုးကြီးတစ်ယောက်လို ဖြစ်နေရသနည်း။
အမှန်တော့ သူ့ကိုလည်း အပြစ်မတင်သင့်ပေ။ ဆယ်ကျော်သက်အရွယ်ကတည်းက သူ့အစ်ကိုကြီး၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့်၊ သူသည် သူ၏ကျင့်ကြံမူအဆင့် သည် သိုင်းဧကရာဇ်နယ်ပယ်၏ သတ္တမအဆင့် ကောင်းကင်အလွှာသို့ ရောက်ရှိခဲ့ သော်လည်း၊ သူသည် ပြင်ပကမ္ဘာကို စူးစမ်းလိုစိတ် ပြင်းပြနေဆဲ ဖြစ်သည်။
နောက်ပိုင်းတွင် သူသည် အနက်ရောင်မျောက်ဝံတစ်ကောင်၏အမြီးကို ဆွဲခဲ့သလို မီးလျှံဝံပုလွေများကိုလည်း ရန်စခဲ့သည်။ ယင်းကြောင့် သူတို့သည် တိုင်ဟန်တောင် တန်းများထဲမှာ ကြက်များနှင့် ခွေးများကဲ့သို့ ပျံသန်းထွက်ပြေးခဲ့ရသေးသည်။
နောက်ဆုံးတွင်၊ ချင်ယွင်သည် သူ၏ဝှက်ဖဲဖြစ်သည့် ကျောက်စိမ်းဝါးကို သူ၏ သိုလှောင် လက်စွပ်ထဲမှ ထုတ်ယူကာ အသုံးပြုရန်မှလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
ရှန်တိုင်သည် ကျောက်စိမ်းဝါးကိုမြင်သည်နှင့် သူ့မျက်နှာက အလွန်ဖြူဖျော့သွားသည်။ သူသည် အရမ်းကြောက်သွားပြီး အမှားလုပ်မိသည့် ကလေးတစ်ယောက်ငယ်လို နာခံမှုရှိစွာဖြင့် မလှုပ်မယှက် ရပ်နေလေသည်။
ချင်ယွင်က သူ့ကို ကျောက်စိမ်းဝါးဖြင့် ထပ်ရိုက်မှာကို သူ အမှန်တကယ် ကြောက်နေမိ သည်။ ထိုမြင်ကွင်းကို သူ၏ဘဝတွင် မည်သည့််အခါမှ မေ့နိုင်လိမ့်မည် မဟုတ်တော့။
ထို့နောက် ရှန်းတိုင်သည် အလွန်ငြိမ်သက်သွားသည်။ သူက ချင်ယွင် ရဲ့လက်ထဲက ကျောက်စိမ်းဝါးကို စိုက်ကြည့်ပြီး လုံးဝမလှုပ်ရဲတော့ပါဘူး။
ထိုအနေထားမျိုးဖြင့်၊ ချင်ယွင်နှင့် အခြားသူများသည် ညမအိပ်ခင်အချိန်အထိ တိုင်ဟန်တောင်တန်းများ၏ နက်ရှိုင်းသည့်အရပ်သို့ မရောက်မီ နေ့တစ်ဝက်နီးပါး ခရီးဆက်ခဲ့ကြရသည်။
ချင်ယွင်သည် အဝေးမှာရှိနေသည့်ဆိတ်ငြိမ်သော တောအုပ်ကြီးကို ကြည့်လိုက်ရင်း သူ့မျက်လုံးများက လေးနက်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။
ချင်ယွင်သည် ဤနေရာသို့လျှောက်လှမ်းခဲ့ရာ လမ်းတစ်လျှောက်တွင် အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲကို မတွေ့ခဲ့ရသည့်အတွက် အလွန်အံ့သြသွားသည်။ ယခု သူတို့သည် တောင်တန်းများ၏ အနက်ရှိုင်းဆုံးနေရာအနီးသို့ ချဉ်းကပ်လာစဉ်မှာ တိတ်ဆိတ်သော ဤတောတောင်ထဲတွင် အလွန်အစွမ်းထက်သော အငွေ့အသက် ခုနစ်ခုရှိကြောင်း ချင်ယွင် အမှန်တကယ် ခံစားလိုက်ရသည်။
"အယ်၊ သားရဲဘုရင်ရဲ့အငွေ့အသက်က ဘယ်လိုလုပ် မရှိနိုင်ရတာလဲ" ချင်ယွင်၏ မျက်လုံးများသည် အံ့အားသင့်မူနှင့်အတူ လင်းလက်သွားသည်။ အငွေ့အသက် ခုနှစ်ခုတွင် အလွန်အစွမ်းထက်သောအငွေ့အသက်နှစ်ခုရှိသော်လည်း ၎င်းတို့သည် အများဆုံး နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်တွင် ဖြစ်နိုင်သည်။
သို့သော် ချင်ယွင်သည် ထိုသားရဲဘုရင်၏ ဟိန်းဟောက်သံကို ကြားစဉ်အခါတုန်းက ၎င်းသည် အလွန်အစွမ်းထက်သည်။ နဝမအဆင့် ကောင်းကင်အလွှာ အထွက်အထိပ် သိုင်းဧကရာဇ်အဆင့် ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင် ထုတ်လွှတ်နိုင်ခြင်း မရှိသည်မှာ သေချာပါသည်။ သို့သော် ယခု မရှိတော့ပြီ။
"ငါ အထဲတစ်ချက် ဝင်ကြည့်လိုက်ဦးမယ်။ မင်းတို့ ဒီမှာပဲနေကြ။ မင်းတို့ရဲ့ အငွေ့အသက်ကိုလည်း ထိန်းထားဖို့ မမေ့ကြနဲ့ဦး ။ လှုပ်လှုပ်ရှားရှားလည်း မလုပ်ကြနဲ့။ တောင်တန်းကြီးရဲ့ နက်ရှိုင်းတဲ့အရပ်မှာ အဆင့်ငါးဆိတ်သုဉ်းခြင်းသားရဲ ခုနစ်ကောင် ရှိတယ်။ နောက်ပြီး အဲဒီအထဲက နှစ်ယောက်က နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်နဲ့ ညီမျှတယ်။ တကယ်လို့ ငါတို့ကို တွေ့သွားပြီဆိုတာနဲ့ ၊ ငါတို့ ပြန်ထွက်သွားလို့ မရတော့ဘူး။" ချင်ယွင်က ဝေရှန်းနှင့် ရှန်တိုင်ကို တိုးတိုး ပြောလိုက်သည်။
" အဆင့်ငါးဆိတ်သုဉ်းခြင်းသားရဲ ခုနှစ်ကောင်လား ? ။ အဲဒီအထဲက နှစ်ကောင်က နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်နှင့် ညီမျှတယ်လား?" ရှန်တိုင် လည်း အံ့သြသည့်အမူအရာ ပေါ်လွင်နေသည်။ ထင်ရှားသည်မှာ၊ တိုင်ဟန်တောင်တန်း များတွင်ရှိသည့် ဆိတ်သုဉ်းခြင်းသားရဲများ၏ အရေအတွက်နှင့် အင်အားကြောင့် သူ ထိတ်လန့်သွားသည်မှာ ထင်ရှားသည်။
ဝေရှန်း၏ မျက်ခုံးများသည် တင်းတင်းကျပ်ကျပ် တွန့်သွားသည်။ ဤကိစ္စ၏ လေးနက်မှုကို သူ ရှင်းရှင်းလင်းလင်း သိပါသည်။
"စီနီယာချင်၊ ကျွန်တော် စီနီယာချင်နဲ့ အတူလိုက်ခဲ့မယ်လေ" ရှန်တိုင်က ကမန်းကတန်း ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါတို့ အတူတူ သွားကြရအောင်။ ဒါဆို ငါတို့ အန္တရာယ် ကြုံရင်တောင် ငါတို့ အတူတူ ခုခံကာကွယ်နိုင်တာပေါ့" ဝေရှန်းက ပြောသည်။
ချင်ယွင်က ခေါင်းခါပြပြီး ပြောလိုက်သည် "ငါ့စကားအတိုင်း နားထောင်စမ်းပါ။ ငါတစ်ယောက်တည်းသွားမယ်ဆို ရှာဖွေတွေ့ရှိဖို့ အခွင့်အလမ်းတွေ တိုးလာလိမ့်မယ်၊ စိတ်မပူပါနဲ့၊ ငါသွားကြည့်ရုံ သက်သက်ပါပဲ ။ ငါ့နည်းလမ်းတွေနဲ့ဆို ငါ့ကို ရှာဖွေတွေ့ရှိ ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
"ဒါပေမယ့်" ရှန်တိုင်က တစ်ခုခုပြောချင်နေသော်လည်း ဝေရှန်းက တားလိုက်သည်။
"ကောင်းပြီ၊ ငါတို့ မင်းကို ဒီမှာစောင့်နေမယ်။ အန္တရာယ်ဖြစ်ရင် ငါတို့ကို လှမ်းခေါ်ဖို့ လည်း မမေ့နဲ့ဦး။ ငါတို့ ချက်ချင်း ပြေးလာခဲ့မယ်။" ဝေရှန်းက ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်ပြလိုက်သည်။ ထို့နောက် သူသည် ပုံရိပ်ယောင်များအဖြစ် ဆက်တိုက်ပြောင်းလဲသွားခဲ့ပြီး တိုင်ဟန်တောင်တန်းများ၏ နက်ရှိုင်းသည့်အရပ်ဆီ ဦးတည်သွားတော့သည်။
တိုင်ဟန်တောင်တန်းများ၏ နက်ရှိုင်းသည့်နေရာမှာ ဆိတတ်သုဉ်းခြင်းသားရဲတွေ မရှိတော့သည့်အလား အရာအားလုံးက အလွန် တိတ်ဆိတ်နေပုံပင်။
ချင်ယွင်သည် တောနက်ကြီးထဲရောက်ပြီး သိပ်မကြာခင်မှာ ပထမဆုံး အဆင့်ငါး ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင်ကို တွေ့ရှိရသည်။
၎င်းသည် ဧရာမမြေကမ္ဘာဝက်ဝံကြီး တစ်ကောင်ဖြစ်သည်။ သူ၏ခွန်အားသည် တတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်အဆင့်တွင် ရှိသင့်သည်။ သူ၏ အနေထားကို ကြည့်ခြင်းအားဖြင့် သူသည် အပြင်ဘက်ပတ်၀န်းကျင်ကို စောင့်ကြပ်နေသော ဤဆိတ်သုဉ်းသားရဲများထဲတွင် အားအနည်းဆုံး ဖြစ်သင့်သည်။
ချင်ယွင်သည် ဒီကောင်ကြီးကို သတိမထားမိစေချင်ပေ။ ထို့ကြောင့် သူသည် 'ကိုယ်ပျောက်နည်းပညာ'ကို ထုတ်ဖော်နိုင်ရန်အတွက် ရှေးဟောင်းတာအို ဆရာသခင် ၏ စိတ်ဝိညာဉ်စွမ်းအားကို ငှားရမ်းလိုက်ရသည်။
ထို့ကြောင့် ချင်ယွင်သည် ဤဆိတ်သုဉ်းခြင်း သားရဲများနှင့် သုံးမီတာအကွာတွင် ရှိနေသရွေ့၊ ဤဆိတ်သုဉ်းခြင်းသားရဲများသည် သူ့တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
ချင်ယွင်သည် ထိုကောင်ကြီးကို လျစ်လျူရှုပြီး တိုင်ဟန်တောင်တန်း၏ နက်ရှိုင်းသော ချိုင့်ဝှမ်းဆီသို့ ဦးတည်သွားခဲ့သည်။ သူ၏ ခန့်မှန်းချက်အရ ဤဆိတ်သုဉ်းခြင်းသားရဲ များ အားလုံးသည် ဤချိုင့်ဝှမ်းကြီးကို စောင့်ကြပ်နေကြသည်။ ဤချိုင့်ဝှမ်းအတွင်းမှာ သူတို့အလွန်တန်ဖိုးထားသော အရာတစ်ခုခု ရှိရမည်။ ဤအရာအတွက် ဖြစ်နိုင်ချေ တစ်ခုသာရှိသည်၊ ၎င်းမှာ သားရဲဘုရင် ဖြစ်သည်။
သို့သော် ချင်ယွင်သည် ချိုင့်ဝှမ်းကြီးအနီးသို့ ချဉ်းကပ်ဝင်ရောက်ခါနီးတွင် ကျယ်လောင်သည့် အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"လူသား၊ မင်းက ငါ့ရဲ့တားမြစ်နယ်မြေထဲကို တကယ် ကျူးကျော်ဝံ့တယ်ပေါ့!"
ထိုအသံသည် ကောင်းကင်ယံကိုပင် တုန်လှုပ်စေပြီး မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ချင်ယွင်သည် ရုတ်တရက် ခေါင်းကိုလှည့်ပြီး ကြည့်လိုက်လျှင် သူ့နှင့် မနီးမဝေး ကောင်းကင်ယံတွင် ကြီးမားသည့် အနက်ရောင်နွားကြီးတစ်ကောင် ထွက်ပေါ်လာ သည်ကို တွေ့လိုက်ရသည်။
လူသားဘာသာစကားကို ပြောဆိုလိုက်သလား။
အနက်ရောင်မီးလျှံနွားထီးကြီးလား!။
စာစဉ် (၂၆) ပြီးပြီ။
ဘာသာပြန်သူ နေဇင်။