အခန်း (၄၀၁-၄၀၅)
Vol. 27 Ch. 401-405
အခန်း (၄၀၁) ကောင်းကင်ယံအထိ လွင့်ပျံတက်သွားခြင်း။
လူတိုင်းသည် မယုံနိုင်သည့် အမူအရာများဖြင့် ဖုန်မှုန့်များကြားထဲမှ တွားသွား တက်လာသော လူငယ်ကို ကြည့်နေကြသည်။
"ငါ အမြင်မှားနေတာလား။ ဒီလူက ဒီနွားထီးကြီးကို ထိုးလိုက်တာလား"
"မင်းလည်း မြင်လိုက်တာပဲ။ ငါ့မျက်လုံးတွေ မှုန်ဝါးနေတယ်လို့ပဲ ထင်ခဲ့မိတာ။ လူတစ်ယောက်က ဒီလောက်ကြီးမားတဲ့ နွားထီးကြီးတစ်ကောင်ကို ဘယ်လို ထိုးထုတ် နိုင်မှာလဲ"
"ကြည့်ရတာ ဘာဒဏ်ရာမှလည်း ရပုံမပေါ်ဘူး ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ပတ်ဝန်းကျင်မှ အံ့သြမှုနှင့်အတူ သံသယအသံများ ထွက်ပေါ်လာသည်။ လူတိုင်းက ထိုလူ၏ရုပ်အသွင်အပြင်ကို ကြည့်နေကြသည်။
ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှဟာ အံ့သြစရာ ကောင်းလွန်းလှပါသည်။ တခြား လူတွေက ထိုအဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း တဟုန်ထိုး ရှေ့တက် ပြေးဝင်လာကြသည့် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတွေကတော့ ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြပါသည်။
ထိုအခိုက်အတန့်လေးမှာပင် ဥက္ကာပျံတစ်ခုကဲ့သို့ ပုံရိပ်တစ်ခုသည် အဝေးမှပြေးဝင် လာပြီး အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ခန္ဓာကိုယ်အနီးသို့ ထိုးကျသွားသည်။
ထို့နောက် ပေတစ်ရာမြင့်မားသည့် နွားထီးကြီးသည် ဒလှိမ့်ခေါက်ကွေး အမူအယာဖြင့် ဘောလုံးကဲ့သို့ အဝေးသို့ လှိမ့်သွားခဲ့သည်။ ၎င်းသည် ပေရာပေါင်းများစွာအကွာအထိ လှိမ့်သွားခဲ့ရခြင်း ဖြစ်သည်။
လူတစ်ဦးသည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို ဝင်ဆောင့်မိပြီး ၎င်းနွားထီး ကြီးသည် ပေရာနှင့် ချီအကွာအထိ လွင့်ပျံသွားခဲ့ရသည်။ ထိုအကြောင်းကို မည်သူ့ကိုဘဲ ပြောပြော ထိုလူများက “ဟာသ ပြောနေတာလား” ဟု သေချာပေါက် ပြန်ပြော ကြလိမ့်မည်။
အမှန်တကယ်တော့ ထိုစစ်သည်များသာ ထိတ်လန့် တုန်လှုပ်နေကြသည် မဟုတ်။ ဝေရှန်း ၊ ရှန်ကျွဲ့နှင့် အဝေးမှာ ဒဏ်ရာရသွားသည့် လူများပင် စကားမပြောနိုင် လောက်အောင် ထိတ်လန့်သွားကြပါသည်။
ချင်ယွင်သည် သူ၏မျက်လုံးကို ဖွင့်ကြည့်လိုက်လျှင် အနက်ရောင်မီးလျှံနတ်ဆိုး နွားထီးကြီး လွင့်ပျံထွက်သွားသည်ကို မြင်လိုက်ရသည်။ သူသည်လည်း အလွန့်အလွန် တုန်လှုပ်သွားရသည်။ ချင်ယွင်သည် မြေပြင်မှထကာ ညစ်ပေနေသည့် မျက်နှာကို မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလို ငိုရမလိုရယ်ရမလိုဖြစ်သည့် အမူအရာ ပေါ်လာပါသည်။
"စီနီယာချင်၊ နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပဲ။" ရှန်တိုင်သည် အလွန် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် အဝေးမှ ပျံသန်းလာခဲ့သည်။
အစောပိုင်းက ချင်ယွင်၏ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို ဝင်တိုက်သည့် မြင်ကွင်းကို သူမြင်လိုက်ရပြီး အမှန်တကယ် တုန်လှုပ်သွားခဲ့သည်။
ချင်ယွင်သည် ရှန်တိုင်ကို ခေါင်းညိတ်ပြလိုက်ပြီး ပိရှစ်သိုင်းမြို့စားဆီသို့ ပျံသန်း သွားခဲ့သည်။
"မင်း အဆင်ပြေရဲ့လား?" ချင်ယွင်က မေးသည်။
"အဆင်ပြေပါတယ်!" ပိရှစ်သိုင်းမြို့စားက သူမမျက်နှာကို ပြုံးပြသည်။
"ဒါက အဆင်ပြေသွားပါပြီ ၊ မင်း အပေါ်ထပ်ကို အရင်ပြန်သွားပါ။ ဒီနေရာကို ငါ့အတွက် ထားခဲ့လိုက်ပါ။" ချင်ယွင်က သူမကို တိုးတိုးလေး ပြောသည်။
"သတိထားပါ!" ပိရှစ်သိုင်းမြို့စားသည် ခေါင်းညိတ်ကာ မြို့ရိုးမျှော်စင်ဆီသို့ ပျံသန်း သွားခဲ့သည်။
ပိရှစ်သိုင်းမြို့စားသည် မြို့ရိုးမျှော်စင်ဆီသို့ ပြန်ပျံသန်းလာသည်ကို မြင်လိုက်ရသည်နှင့် ချင်ယွင်သည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို လှည့်ကြည့်လိုက်သည်။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် မြေပြင်မှ ကုန်းတက်လာပြီး ဖြစ်သည်။ ချင်ယွင်ကိုမြင်ရလျှင် ချင်ယွင်က သူ၏ညီနောင်ငါးယောက်ကို သတ်ပစ်ခဲ့တဲ့ အဖြစ်အပျက်ကြီးကို ချက်ခြင်း သတိရသွားပြီး သူ၏မျက်လုံးထဲမှာ ဒေါသမီးလျှံက ပေါက်ကွဲ ထွက်လာသည်။
"မူး!"
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးထံမှ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက် က တဖန်ထွက်ပေါ်လာပြီး ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးအား ချင်ယွင်ဆီသို့ တစ်ဖန်ပြေးဝင်သွားရင် ဟိန်းဟောက်လိုက်သည်။
သူ၏အရှိန်အဟုန်က မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သည်။ မြေပြင်မှ ဖုန်မှုန့်များ လွင့်ထွက်ကုန်ပြီး အဝေးမှမြေကြီးတစ်ခုလုံးပင် တုန်ခါသွားစေသည်။
ချင်ယွင်သည် သူ့ဆီသို့ ပြေးလာနေသည့် နွားထီးကြီးကို ပြုံးရိပ်သမ်းနေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
ယခုလေးတင် သူသည် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်၏ ပထမအဆင့်သို့ ရောက်ရှိခဲ့ပြီး၊ သူ၏ခွန်အားသည်လည်း အလွန်တိုးတက်လာခဲ့သည်။ သူသည် ၎င်းစွမ်းအားနှင့် လိုက်လျောညီထွေ မဖြစ်သေးခင်မှာ ရှေးဟောင်းတာအို ဆရာသခင်အထံမှ သားရဲဒီရေလှိုင်းကြီး ဝင်ရောက်လာခဲ့ပြီး မြို့တော်ဘက်ကို ပြေးသွားသည်ဟု သူကြားလိုက်ရသည်။ သူသည် တခဏအတွင်း သူ၏ခွန်အားကို မထိန်းနိုင်သည့်အတွက် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို သူဝင်တိုက်မိသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
"အခြေအနေက ဒီလိုဖြစ်လာမှတော့ ငါ့ရဲ့အစွမ်းအစကို မင်းနဲ့အရင်ဆုံး စမ်းသပ်ကြည့်ရ မယ်။ ပြီးမှပဲ သားရဲဘုရင်နဲ့ ယှဉ်ပြိုင်ဖို့ ငါသွားရှာတော့မယ်" ချင်ယွင်က ပြုံးပြီး အဝေး မှာ အေးစက် စွာရပ်ကြည့်နေသော ခရမ်းရောင်ဝတ် သားရဲဘုရင်ကို တစ်ချက်ကြည့် လိုက်သည်။
"ပြိုလဲကျစမ်း!"
ချင်ယွင်သည် သူ၏ခြေဖဝါးအောက်ခြေကို ဆောင့်နင်းကာ ချက်ခြင်း ပစ်လွှတ်လိုက်ပြီး အနက်ရောင် မီးလျှံ နတ်ဆိုးနွားထီးကြီးဆီသို့ ပစ်ဝင်လိုက်သည်။
"ဘာလဲ? သူက ရှောင်တိမ်းဖို့ မရွေးချယ်ခဲ့ဘူး။ အဲဒီအစား အနက်ရောင်မီးလျှံ နတ်ဆိုး နွားထီးကြီးဆီကို ပြေးသွားတယ်။" သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူတစ်ဦးက အချက်ပေးသည့် အသံဖြင့် အော်ဟစ်လိုက်သည်။ ချင်ယွင်၏ လုပ်ရပ်များက သူ့ကို အဆုံးမရှိ ထိတ်လန့်စေခဲ့သည်မှာ ထင်ရှားသည်။
"မှန်တယ်။ သူကိုယ်တိုင်ကလည်း ဒီအနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ချင်တာ ဖြစ်နိုင်သလား။" နောက်ထပ် သိုင်းမြို့စားအဆင့် ကျွမ်းကျင်သူ တစ်ဦးကလည်း အံ့သြစွာ မေးသည်။
အကယ်၍ ချင်ယွင်သာ သူ၏စကားကြားသွားမည်ဆိုလျှင် သူသည် ထိုလူကို လွင့်ထွက်အောင် ကန်ထုတ်ပစ်လိမ့်မည်။
"မင်းက ငါကို သောက်နွားထီးကြီးတစ်ကောင်လို့ ထင်နေတာလား။ မင်းက ငါ့ကို သူနဲ့တောင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ချင်တယ်လို့ ပြောနေသေးတယ်" (နွားထီးကြီးကို ထိပ်တိုက်ရင်ဆိုင်ဆိုတော့ ချင်ယွင်က ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါ)။
ဟုတ်ပါသည်၊ ယခုအချိန်မှာ ချင်ယွင်သည် ထိုစကားတွေကို သဘာဝအတိုင်း မကြား နိုင်ပါဘူး။ အဘယ့်ကြောင့်ဆိုသော် သူသည် အနက်ရောင်မီးလျှံ နတ်ဆိုး နွားထီးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေသောကြောင့် ဖြစ်ပါသည်။
"ဘုန်း !"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လူတိုင်းသည် ချက်ခြင်းပင် အသက်မရှုနိုင်ဖြစ်သွားကြသည်။
သို့သော် သူတို့အားလုံးအတွက် ထိတ်လန့်စရာအဖြစ်အပျက်တစ်ခု ဖြစ်ပျက် သွားခဲ့ သည်။ ချင်ယွင်၏ လက်သီးသည် ပြေးလာနေသော နွားထီးကြီး၏ ဧရာမ မေးစေ့ ကြီးပေါ်သို့ ကျရောက်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီးတစ်ခုက ကွင်းတစ်ခုလုံးကို မုန်တိုင်း တစ်ခုလို ချက်ခြင်း လွှမ်းခြုံသွားသည်။ ထို့နောက်တွင်၊ အနက်ရောင်မီးလျှံ နတ်ဆိုး နွားထီးကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဤကြောက်စရာ ကောင်းသည့် ပေါက်ကွဲသံများကြားမှ လေထဲသို့ လွင့်ပျံတက်သွားသည်။
"ပျံသန်းသွားတယ်... ကောင်းကင်ပေါ် လွင့်ပျံသွားခဲ့တာလား!" စစ်သည် တစ်ယောက် က စကားထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောဆိုသည်။
လူတိုင်း၏ မေးရိုးများ အောက်သို့ ပြုတ်ကျနေကြသည်။
ထိုမြင်ကွင်းကို မြင်ဖူးကြသည့်လူတိုင်း ကြွားလုံးထုတ်လို့ပင် ရနေပါပြီ။ ယခုလို နွားထီးကြီးတစ်ကောင် ကောင်းကင်ယံသို့ လွင့်ပျံသွားသည်ကို လူအများပြား မမြင်ဖူးကြပါဘူး။
ဝေရှန်းနှင့် အခြားသူများလည်း အံသြမှင်သက်သွားကြသည်။ ဒါက ချင်ယွင်လား။ သူသည် ယခင်ကတည်းက ကြောက်မက်ဖွယ်ကောင်းသော်လည်း ယခုလောက် ကြောက်မယ်ဖွယ်ကောင်းဟန် မပေါ်ပေ။
အကယ်၍ သင်သာ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို လက်သီးဖြင့် လွင့်ပျံသွား အောင် ထိုးနိုင်မည်ဆိုလျှင် ယင်းက ပုံကြီးချဲ့ကားပြီး ပြောဆိုသည်ဟု သင်ပြောမှာ မဟုတ်လား။
ချင်ယွင်သည် ကောင်းကင်သို့ လွင့်ပျံတက်သွားသော အနက်ရောင်မီးလျှံ နတ်ဆိုး နွားထီးကြီးကို ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် ဖော်ပြလို့မရသည့် အပြုံးတစ်ခု ရှိနေသည်။ ဤတစ်ကြိမ်တွင် ရှေးဟောင်းရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံခြင်းသည် သူ၏ခွန်အားကို များစွာ တိုးပွားစေသည်ဟု ထင်ရသည်။
"နောက်တစ်ခုက အရှိန်အဟုန်!"
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် ပေါ့ပါးသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား သည်။ သူက ပြင်းပြင်းထန်ထန် ခြေတစ်ချက် ဆောင့်လိုက်သည်နှင့် မြေပြင်က ချက်ချင်း ပြိုကျသွားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ပျံသန်းနေသော မြှားအမွေးကဲ့သို့ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို ချက်ချင်း ကျော်တက်သွား သည်။
"ပြီးဆုံးသွားပါပြီ, မိုက်မဲလှတဲ့နွားထီးကြီးရေ!"
ချင်ယွင်၏အသံသည် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ နားထဲတွင် ထွက်ပေါ် လာသည်။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးသည် ချင်ယွင်၏ရိုက်နှက်မှုကြောင့် တွေဝေ မှိန်းမောနေပြီ။ သူသည် သတိလက်လွတ်ဖြစ်ကာ လွင့်ပျံနေခဲ့သည်။ ချင်ယွင်၏ စကားကို ကြားရလျှင် သူ၏နှလုံးသားက တုန်လှုပ်သွားသည်။ “ကျေးဇူးပြုပြီး လွှတ်…” ဟု ကရုဏာထားရန် အလျင်စလို တောင်းပန်လိုက်သည်။
ဒါပေမယ့် သူ၏စကား တစ်ဝက်တစ်ပျက်မပြီးခင်မှာ ချင်ယွင်က အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ဝမ်းဗိုက်အတွင်းကို တိုက်ရိုက် ကန်လိုက်သည်။
ဒန်း!
စူးရှကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ခတ်သွားခဲ့သည်။
"ဘုန်း!"
တောင်ကြီး၏ထက်ဝက်လောက်သည် ငလျင်တစ်ခု ပြင်းထန်စွာ လှုပ်ခတ်သွား သလို ပင်။ အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီး သည် မြေပြင်ရှိ အပေါက်ကြီးတစ်ခုထဲသို့ တိုက်ရိုက်ထိမှန် ဝင်ရောက်သွားခဲ့ပြီး ကျောက်စိမ်း ရေမြို့တော်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။
ချင်ယွင်သည် တွင်းနက်ထဲသို့ တိုက်ရိုက် ပစ်ထည့်ခံလိုက်ရပြီး လုံးဝ သေဆုံးသွားသော အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ငါတို့လူသားတွေ အများကြီးကို သတ်ပြီးမှ မင်းက အသက်ရှင်ချင်သေးတာ။ ဟမ့်၊ အဲဒါက ဖြစ်ရောဖြစ်နိုင်လို့လား" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး ကြောက်စရာကောင်းသည့် လူသားဆန်သော ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင်လို လေထဲတွင် ရပ်နေလိုက်သည်။
လူတိုင်းသည် အံသြသွားကြသည်။ ဤသည်မှာ အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီး ဖြစ်သည် ။
သိုင်းဧကရာဇ်အဆင့် တော်တော်များများသည် အတူပူးပေါင်းပြီး တိုက်ခိုက်ချိန်မှာ တောင် ထိုအကောင်ကြီးကို မရပ်တန့်နိုင်ခဲ့ပေ။ ထိုအကောင်ကြီးသည် ဘာကြောင့် သူ၏ လက်ထဲမှာရှိတဲ့ အရုပ်တစ်ရုပ်လို ဖြစ်နေရတာလဲ။
ချင်ယွင်ကို ကြည့်နေကြသည့် အကြည့်များသည် ရိုသေလေးစားမှု အပြည့်ရှိသည့် အကြည့်များ မဟုတ်ကြတော့။ ယင်းအစား၊ သူတို့သည် မွန်းစတားတစ်ကောင်ကို ကြည့်နေသလိုမျိုး မယုံကြည်နိုင်သည့် အမူအရာများ ဖြစ်ပေါ်နေကြသည်။
"အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်!"
ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
အားလုံးက အသံ၏ ဦးတည်ရာအရပ်ကို ကြည့်လိုက်ကြသည်။ ဤအဖြစ်အပျက် အားလုံးကို အေးစက်စွာကြည့်နေသော ခရမ်းရောင်ဝတ် သားရဲဘုရင်သည် နောက်ဆုံး တွင် စိတ်လှုပ်ရှားသွားသည်။ ခရမ်းရောင်သူငယ်အိမ်များက ချင်ယွင်ကို သတ်ဖြတ်လို သည့် ဆန္ဒဖြင့် စိုက်ကြည့်နေသည်။
"ငါ နောက်ဆုံးအကြိမ်တုန်းက မင်းရဲ့လှည့်စားမူကို ခံခဲ့ရတယ်။ မင်းကိုမတွေ့ရတာ ရက်အနည်းငယ်ကြာပြီးနောက် မင်းရဲ့ခွန်အားတွေက အများကြီးတိုးလာမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါက တကယ်ကို အံ့သြစရာကောင်းလွန်းတယ်။" ခရမ်းရောင် ဝတ်သားရဲဘုရင်က ဆက်ပြောပြီး သူ၏ခရမ်းရောင်သူငယ်အိမ်တွေက အေးစက်စက် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။
ချင်ယွင်သည်လည်း ခရမ်းရောင်ဝတ် သားရဲဘုရင်ကို ကြည့်ရန်အတွက် ခေါင်းကို လှည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးမပျက် ပေါ်လာသည်။
အနက်ရောင်မီးလျှံ နတ်ဆိုးနွားထီးကြီးကို အနိုင်ယူခြင်းသည် အမြည်းတစ်ခုမျှ သာဖြစ်ပြီး ခရမ်းရောင်ဝတ် သားရဲဘုရင်နှင့်တိုက်ပွဲသည် အစစ်အမှန်တိုက်ပွဲကြီး၏ အစဖြစ်သည်ကို သူသိသည်။
"ဒါက မင်းကို အံ့အားသင့်စေမယ့် တစ်ခုတည်းသောအရာ မဟုတ်သေးဘူး။ နောက်ထပ် မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်လာလိမ့်ဦးမယ်။" ချင်ယွင်က ခရမ်းရောင်ဝတ် သားရဲဘုရင်အား သူ၏မျက်လုံးများတွင် အေးစက်သည့် အရိပ်အယောင် တစွန်းတစဖြင့် ကြည့်နေသည်။
ဤအကောင်သည် သူ့ကို နောက်ဆုံးအကြိမ်တုန်းက ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့၏။ ဒီတခေါက်မှာတော့ သူ ပြန်ပေးဆပ်သင့်တယ်။
အခန်း (၄၀၂) သားရဲဘုရင်နှင့်မဟာစစ်ပွဲကြီး။
"မင်းက သေခြင်းတရားကို တောင်းခံနေတာလား။
ခရမ်းရောင်ဝတ် သားရဲဘုရင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ ချင်ယွင်ရှေ့တွင် တဖန်ပြန်ပေါ်လာသည်။
"ဘန်း !"
ချင်ယွင်၏ ရင်ဘတ်သို့ လက်သီးတစ်ချက်က ပြင်းပြင်းထန်ထန် ထိုးထွင်း ဝင်ရောက် သွားပြီး မိုးခြိမ်းသံကဲ့သို့ တုန်ခါသွားသည်။
ခရမ်းရောင်ဝတ် သားရဲဘုရင်သည် အလွန်လျင်မြန်စွာ ထိုးနှက်လိုက်သဖြင့် ချင်ယွင် သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
"ဟား၊ ဟား။ ငါ့ဆီက ဒီလက်သီးချက်ကို ခံယူပြီးတဲ့နောက် မင်း အသက်ရှင်နေဖို့ ငါမျှော်လင့်တယ်" ခရမ်းရောင်ဝတ် သားရဲဘုရင်သည် နောက်ပြန် လွင့်ထွက်သွားသော ချင်ယွင်ကိုကြည့်ကာ ချင်ယွင်သွေးအန်ပြီး သေဆုံးနေသည့်မြင်ကွင်းကို မြင်ရပြီတွေး တောရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ခရမ်းရောင်ဝတ် သားရဲဘုရင်၏လက်သီးချက်က ချင်ယွင်၏ရင်ဘတ်ကို ထိုးနှက်ခြင်း ခံခဲ့ရသော်လည်း သူ့မျက်နှာတွင် အနည်းငယ်မျှ နာကျင်ခြင်း အရိပ်အယောင်မရှိပေ။
သူ၏ခန္ဓာကိုယ်သည် လက်သီးမှခွန်အားကို မဖယ်ရှားမီ ခြေလှမ်းဒါဇင်ပေါင်းများစွာ အကွာဝေးအထိ လေထဲတွင် ဆွဲငင်သွားခဲ့သည်။ သူသည် ဒဏ်ရာရသည့် အရိပ်အယောင် မပြဘဲ လေထဲတွင် ရပ်နေခဲ့သည်။
"ဘာလဲဟ?" ခရမ်းရောင်ဝတ် သားရဲဘုရင်သည် ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်မထိန်းနိုင်မီ ပေအနည်းငယ်သာ လွင့်ပျံသွားခဲ့သည်ကို တွေ့လိုက်ရ သည့်အခါ အံ့အားသင့်သွားသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ခရမ်းရောင်ဝတ် သားရဲဘုရင်က မယုံကြည်နိုင်စွာ ပြောသည်။
ယခင်က သူသည် တိုင်ဟန်တောင်တန်းများတွင် ချင်ယွင်ကို တိုက်ခိုက်သောအခါ၊ သူသည် ဤလူငယ်ကို ညှင်းပမ်းနှိပ်စက်နိုင်ရန်အတွက် သူ၏ခွန်အား သုံးဆယ် ရာခိုင် နှုန်းကိုသာ အသုံးပြုခဲ့ရသည်။ သို့သော်၊ ယခု သူသည် ထိုလက်သီးချက်၌ သူ့ခွန်အား၏ ငါးဆယ်ရာခိုင်နှုန်းကို ယခုလေးပင် အသုံးပြုခဲ့သော်လည်း ဤလူသားကို လုံးဝ မထိခိုက်စေခဲ့ပေ။
"မဖြစ်နိုင်တာ ဘာမှမရှိဘူး၊ အရင်က မင်း ငါ့ကို လုပ်ခဲ့တာထက် နှစ်ဆ ပြန်ပေးဆပ်ရ မယ်လို့ ငါပြောခဲ့သားပဲ" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အေးစက်သော အပြုံးတစ်ခု အဖြစ် တွန့်ကွေးသွားသော်လည်း သူ၏နှလုံးသားထဲတွင် တုနှိုင်းမရသည့် စိတ်အား ထက်သန်မှုများဖြင့် ပြည့်နေသည်။
ဤတစ်ကြိမ်တွင်၊ သူသည် ရှေးဟောင်းရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံ ခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် တုနှိုင်းမရအောင် အစွမ်းထက်သည့်အဆင့်ထိ ရောက်ရှိလာ ခဲ့သည်။
အစောပိုင်းက ခရမ်းရောင်ဝတ် သားရဲဘုရင်၏ လက်သီးချက်အစွမ်းသည် ကြီးမား ပြင်းထန်လှသော်လည်း ယခုတော့ သူ့ကို လုံးဝ မထိခိုက်စေနိုင်ပါ။ ယခင်တုန်းက ဆိုလျှင် သူသည် ထိုလက်သီးချက်ကို သေချာပေါက် ခံယူနိုင်မည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် အကယ်၍ သူ၏ရှေ့မှာ ကြီးမားသည့် တောင်ကြီးတစ်ခု ရှိနေ မည်ဆိုလျှင်ပင် ချင်ယွင်သည် ၎င်းတောင်ကြီးကို လက်သီးတစ်ချက်ဖြင့် ဖြိုခွဲနိုင်ဆဲ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ၎င်းသည် ပထမအဆင့်ဖြစ်သော တောင်ရွေ့လျားခြင်းနယ်မြေ၏ သေးငယ်သော ပြီးပြည့်စုံခြင်းအဆင့်လေး တစ်ခုသာဖြစ်သည်။
တောင်တန်းရွေ့လျားခြင်းနယ်ပယ် ပြီးပြည့်စုံသွားသည်နှင့်၊ သူသည် တောင်များကို ရွေ့လျားနိုင်ပြီး ပင်လယ်များကို မှောက်လှန်နိုင်မည့်စွမ်းအားများ ရှိလာမည်ကိုပင် သူ စိုးရိမ်နေမိပါပြီ။
"မဟုတ်ဘူး၊ ငါ မင်းကို ဒီနေ့ ဆွဲဖြဲပစ်မယ်။" ခရမ်းရောင်ဝတ် သားရဲဘုရင်သည် ချက်ချင်းပင် အမျက်ဒေါသ ထွက်သွားကာ သူ၏ အငွေ့အသက်များက ချက်ချင်းပင် ပျံ့နှံ့လာခဲ့သည်။ သူသည် ချက်ခြင်းပင် လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး ချင်ယွင်၏ ရှေ့မှာ ပြန်ပေါ်လာပြန်သည်။ အနှိုင်းမဲ့ အင်အားများပါရှိသည့် ကြီးမားသည့် လက်ဖဝါးကြီးက ချင်ယွင်ဆီသို့ ရိုက်ချလာသည်။
"ဟမ့် ၊ မင်းက ငါ့ကို မင်းစိတ်ထဲရှိတဲ့အတိုင်း လုပ်နိုင်မယ်လို့ ထင်နေလား" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက ခပ်ဖျော့ဖျော့ အပြုံးတစ်ချက် ပေါ်လာသည်။ ယခင်က၊ သူသည် သူ၏ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုကို စမ်းသပ်ရန်အတွက် ခရမ်းရောင်ဝတ် သားရဲဘုရင်ထံမှ လက်သီးချက်ကို ရည်ရွယ်ချက်ရှိရှိ ခံယူခဲ့သည်။
ယခုအချိန်တွင် ခရမ်းရောင်ဝတ် သားရဲဘုရင်၏တိုက်ခိုက်မှုမှာ ယခင်ကထက် သိသိသာသာ ပိုမိုပြင်းထန်လာခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် ဤလက်ဖဝါးကို သဘာဝအတိုင်း မောက်မာစွာ ခံယူရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ချင်ယွင်သည် ချက်ချင်းပင် အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏လက်သီးကလည်း မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာကာ ခရမ်းရောင်ဝတ် သားရဲဘုရင်၏ လက်ဖဝါးဆီသို့ တိုက်ရိုက် တိုးဝင်သွားသည်။
"ဘုန်း!"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ပြင်းထန်သော နောက်ဆက်တွဲငလျင်တုန်ခါမူများက ချက်ချင်းပင် နေရာအနှံ့ ပျံ့နှံ့သွား ခဲ့ပြီး အဝေးမှကြည့်နေကြသည့် စစ်သည်များနှင့် ဆိတ်သုဉ်းခြင်း သားရဲများသည်ပင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
"သန်မာလွန်းတယ်!" လူတိုင်းက ချီးကျူးစကား ဆိုကြသည်။
ထိပ်တိုက်တွေ့ဆုံမှု၏ နောက်ဆက်တွဲ စွမ်းအင်ရိုက်ခတ်မူကပင် သူတို့အားလုံးကို လွင့်ထွက်သွားစေရန် လုံလောက်ပါသည်။ အကယ်၍ သူတို့သည် ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင် ခုခံလိုက်ပါက အသားစများပင် မကျန်လောက်ချေ။
"ဘန်း ဘန်း ဘန်း !"
ခရမ်းရောင်ဝတ် သားရဲဘုရင်နှင့် ချင်ယွင်တို့သည် အကြိမ်ပေါင်းများစွာ အပြန်အလှန် ထိုးနှက်တိုက်ခိုက်ခဲ့ကြရင်း နှစ်ယောက်စလုံး လက်ချင်းယှဉ်ကာ တိုက်ခိုက်နေ ကြသည်။
သူတို့နှစ်ဦးသည် အနီးကပ် တိုက်ခိုက်နေကြစဉ်မှာ စစ်သည်များသည် ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်အံသြသွားကြသည်။
ခန္ဓာကိုယ်အချင်းချင်းကြားတွင် ထိပ်တိုက်တွေ့ဆုံမှုကြောင့် မြေကြီးပြိုကျသံများ တဟုန်ထိုး ထွက်ပေါ်လာသည်။ အသံသည် ကျယ်လောင်လွန်းလှသဖြင့် အဝေးမှ ကြားလျှင်ပင် ဆံပင်များ အဆုံးထိ ထောင်သွားကြလိမ့်မည်။
အကယ်၍ သူတို့နှစ်ယောက်ကြား တစ်ယောက်ယောက် ပြုတ်ကျသွားမည်ဆိုလျှင် ထိုလူသည် နေရာမှာပင် အစိပ်စိပ်မွှာမွှာ ကွဲထွက်သွားလိမ့်မည်။ ထိုမြင်ကွင်းမျိုးကို သူတို့တွေးပင် တွေးမကြည့်ရဲချေ။
"ဘုန်း !"
နောက်ထပ် ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။
ချင်ယွင်နှင့် ခရမ်းရောင်ဝတ် သားရဲဘုရင်တို့သည် ထိပ်တိုက်ဆုံမိပြီး ပြင်းထန်သည့် အင်အားကြောင့် ပေရာနှင့်ချီ၍ နောက်သို့ တွန်းကန်သွားခဲ့ပြီး တစ်ခဏအတွင်း လူချင်းကွဲသွားကြသည်။
"ဟမ့်၊ မင်းရဲ့ လူသားခန္ဓာကိုယ်က ဒီလောက် ခွန်အားတွေ ရှိလာလိမ့်မယ်လို့ ငါ မမျှော် လင့်ထားဘူး။ အဲဒါက ငါ့ကို တကယ်ကို အံ့သြသွားစေတယ်။" ခရမ်းရောင်ဝတ် သားရဲဘုရင်က အေးစက်စွာ ပြောလိုက်သည်။ အေးစက်သောအလင်းတန်းတစ်ခုက သူ့ခရမ်းရောင်သူငယ်အိမ်များကို လင်းလက်လာစေသည်။ ချင်ယွင်၏ ခွန်အားသည် သူ၏အာရုံကို စွဲဆောင်နေပြီ ဖြစ်သည်။
"မင်းကရော အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦး နှင့် ယှဉ်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ဖို့အတွက် အထွတ်အထိပ် အဆင့်ငါး ကျင့်ကြံခြင်းစွမ်းအးကို အားကိုးနေတာပဲ မဟုတ်ဘူးလား။ ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။ ခရမ်းရောင်ဝတ် သားရဲဘုရင်နှင့် တိုက်ပွဲက သူ့ခန္ဓာကိုယ်ထဲမှ သွေးများကို ပွက်ပွက်ဆူလာစေခဲ့ပြီ။
"ဟမ့်။ မင်းက ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်သိဖို့ မထိုက်တန်သေးဘူး။ မင်းရဲ့ ခန္ဓာကိုယ်က နည်းနည်းတိုးတက်လာလို့ မင်းက ငါ့ကို ကျော်လွှားနိုင်လိမ့်မယ်လို့ မထင်ပါနဲ့။ အခု ငါရဲ့ စစ်မှန်တဲ့ရုပ်ခန္ဓာခွန်အားကို ခံစားခွင့် ပြုလိုက်မယ်။"
ခရမ်းရောင်ဝတ် သားရဲဘုရင်သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများ တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ထိုသို့ပြောပြီးနောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် သားရဲဘုရင်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာသည်။ ခရမ်းရောင် အလင်းတန်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ စတင်ထွက်ပေါ်လာသည်။ ခရမ်းရောင်ဝတ် သားရဲဘုရင်၏ ခန္ဓာကိုယ် ပေါ်ရှိ အငွေ့အသက်သည်လည်း အရူးအမူး မြင့်တက်လာသည်။
မူလက နဂါးဦးချိုများနှင့်တူသော သူ၏ကြွက်သားများသည် နှစ်ဆတိုးလာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလို အရွယ်အစား နှစ်ဆတိုးလာသည့် မီးပုံးပျံ တစ်ခုလိုပင်။ သူ၏ မူလအရပ်အမြင့် ၁.၈ မီတာသည် ယခုအခါ ၂.၂မီတာ ကျော်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားတွေက ဆုတ်ပြဲသွားသည်မှာ ကြာလှပါပြီ။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် မာကျောလှသော ကျောက်တုံးများနှင့်တူနေပြီး ပြောင်းပြန်တြိဂံပုံစံမျိုးဖြစ်လာသည်။ သူ၏ ကြေးဝါရောင်အရေပြားသည် ခရမ်းရောင် အလင်းကို ထုတ်လွှတ်နေကာ အနှိုင်းမဲ့ အစွမ်းထက်သည့် အငွေ့အသက်ကို ထုတ်လွှတ် သည်။
ခရမ်းရောင်ဝတ် သားရဲဘုရင်သည် သူ၏လက်သီးများကို အချင်းချင်း ထိုးလိုက်သည်နှင့် တုန်လှုပ်ချောက်ချားဖွယ်ရာ အငွေ့အသက်များနှင့်အတူ မိုးခြိမ်းသံများကဲ့သို့ ပေါက်ကွဲ ထွက်လာသည်။
လူတိုင်းသည် ခရမ်းရောင်ဝတ် သားရဲဘုရင်ကို ကြောက်လန့်တကြား ကြည့်နေကြ သည်။
ကြီးမားလှသော ခန္ဓာကိုယ်ကြီး၊ ဤမျှထွားကျိုင်းသည့် ကြွက်သားအမြှောင့်မြှောင့်နှင့် ခန္ဓာကိုယ်ကြီးသည် ဤလူသားဆန်ဆန် ဆိတ်သုဉ်းခြင်းသားရဲငယ်လေးတစ်ကောင်မှ ဖြစ်ပေါ်လာခဲ့သည်။
ချင်ယွင်လည်း အနည်းငယ် အံ့အားသင့်သည့် အမူအရာ ပေါ်လွင်နေပါသည်။ ခရမ်းရောင်ဝတ်သားရဲဘုရင်၏ လက်ရှိပုံစံသည် ယခင်ကထက် အများကြီး ပိုအား ကောင်းလာခဲ့သည်။ သူသည် အလယ်အလတ်အဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်း နယ်ပယ်သို့ မရောက်သေးသော်လည်း အလယ်အလတ်အဆင့် တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ်နှင့် အလှမ်းမဝေးတော့ပေ။
"ဟား၊ ဟား၊ ငါ့ရဲ့ယခင်ခန္ဓာကိုယ်က ငါ့ခွန်အားကို အပြည့်အဝ မထုတ်နိုင်လောက် အောင် သေးငယ်လွန်းတယ်။ အခု ငါ မင်းကို ဆိတ်သုဉ်းခြင်းသားရဲမျိုးနွယ်စုတွေရဲ့ စွမ်းအားအစစ်အမှန်ကို ပြသပေးမယ်။ သေလိုက်တော့ လူသားတွေ!" ခရမ်းရောင်ဝတ် သားရဲဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့မျက်လုံးများက ရုတ်တရက် ချင်ယွင်ကို ကြည့်လိုက်ပြီး သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လေဟာနယ် အတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
"ဘုန်း !"
ကျယ်လောင်သည် လေထုကြေမွသံက ပေါက်ကွဲထွက်လာသည် ။
ခရမ်းရောင်ဝတ် သားရဲဘုရင်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် ပစ်လွှတ်ပြီး ထွက်ပေါ်လာခဲ့သည်။
ပိုကြီးသည်ဖြစ်စေ ပို၍နှေးသည်ဖြစ်စေ မည်သည့်အရာမဆို အရာအားလုံးသည် အတုအယောင်မျှသာ ဖြစ်ပါသည်။
ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်တစ်ခုသို့ ရောက်သွားသည့်အခါ၊ ထိုသဘာဝမကျသည့် ချို့ယွင်းချက်များသည်လည်း ပို၍ကြီးထွားလာခြင်းနှင့်အတူ အစားထိုး ဖြည့်ဆည့်သွားခဲ့ပါသည်။
ယခုအချိန်တွင် ခရမ်းရောင်ဝတ် သားရဲဘုရင်သည် ဤကဲ့သို့ ဖြစ်နေပါသည်။ သူ၏ အရှိန်အဟုန်သည် သူ၏ ထူးဆန်းသော လေဟာနယ် စွမ်းအားနှင့်ပေါင်းစပ်လိုက်သည့် အခါ ကောင်းကင်နှင့် မြေကြီးကို ဖြတ်ကျော်ပြီး လျှပ်စီးလက်သကဲ့သို့ပင် မြန်ဆန်နေ ပါသည်။
ချင်ယွင်သည် မျက်လုံးများကို မမှိတ်နိုင်သေးခင်မှာ ခရမ်းရောင်ဝတ် သားရဲဘုရင်၏ လက်သီးချက်က သူ၏ရင်ဘတ်ကို ချက်ချင်း ထိမှန်သွားနေခဲ့ပြီ။
"ဘုန်း!"
ချင်ယွင်၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သည် မြေပြိုလောက်အောင်ပြင်းထန်သည့် ကြီးမား လှသော စွမ်းအားအောက်တွင် ပုဇွန်တစ်ကောင်ကဲ့သို့ တိုက်ရိုက် ကွေးညွှတ်သွားခဲ့ ရသည်။
ဥက္ကာပျံနှင့်တူသော စွမ်းအားသည် ချင်ယွင်၏ ရင်ဘတ်တွင် တိုက်ရိုက် ပေါက်ကွဲ သွားခဲ့ သည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် မျဉ်းဖြောင့်တစ်ခုအဖြစ်သို့ လွင့်ထွက် သွားသည်။
"ဘုန်း !"
နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်သည်။
မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် အဝေးမှာ ရှိနေသည့် မြေပြင်ပေါ်သို့ ပစ်ကျသွားခဲ့ပြီး နက်ရှိုင်းလှသည့် တွင်းနက်ကြီး တစ်ခု ဖန်တီးဖြစ်ပေါ်စေသည်။ မိုးကုပ်စက်ဝိုင်းတစ်ခုလုံး ဖှုန်မှုန့်များဖြင့် ချက်ချင်း ပြည့်သွား သည်။
ထိုမြင်ကွင်းကိုမြင်ပြီး လူတိုင်းသည် အသက်ရှူမဝသလို ခံစားလာရပြီး သူတို့၏ မျက်လုံးတွေကို ပြုးကျယ်စွာ ဖွင့်ကာ စကားမပြောနိုင် ဖြစ်နေကြသည်။
ခရမ်းရောင်ဝတ် သားရဲဘုရင်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် သူ၏ပါးစပ် ထောင့်တွင် အထင်မြင်သေးဟန်ဖြင့် လှောင်ပြုံးပြုံးရင်း လေထဲတွင် ရပ်နေလေသည်။
အခန်း (၄၀၃) ပြီးပြည့်စုံသောရုပ်ခန္ဓာကိုယ်။
"ဟား၊ ဟား၊ လူသားတွေဆိုတာ လူသားတွေပဲလေ။ သူတို့က ငါတို့ ဆိတ်သုဉ်းခြင်း သားရဲတွေရဲ့ ရုပ်ခန္ဓာကိုယ်အရာမှာ နှိုင်းယှဉ်ချင်နေကြတုန်းပဲ။ ဒါက သူတို့ဟာ သေခြင်းတရားကို အမှန်တကယ် တောင်းခံနေကြတာပဲ။ ငါ့လက်ချက်ကြောင့် သူတို့ လွတ်မြောက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။" ခရမ်းရောင်ဝတ် သားရဲဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ ကျယ်လောင်သော ရယ်မောသံသည် ကျောက်စိမ်းရေမြို့တော်အထက် ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသည်။
လူသားစစ်သည်များသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ကောင်းကင်ယံ၌ ရပ်နေသော ခရမ်းရောင်ဝတ် သားရဲဘုရင်အား သူတို့မျက်လုံးများတွင် ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။ ရံဖန်ရံခါ၊ သူတို့သည် ချင်ယွင် ကျရောက်သွားသည့်နေရာကို လှမ်းကြည့်လိုက်ကြပြီး သူတို့၏နှလုံးသားများသည် အေးခဲသွားကြသည်။
မူလက ချင်ယွင်နှင့် သားရဲဘုရင်တို့ လက်ရည်တူတိုက်ခိုက်နေကြသည်ကို တွေ့လိုက် ရသည့်အခါတွင် သူတို့၏ နှလုံးသားများသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ပြည့်နှက် နေခဲ့သည်။ ဤအကျပ်အတည်းသည် ဤအနေထားကြောင့် ပြေလည်နိုင်ဖွယ် ရှိသည် ဟု သူတို့ထင်ကြသည်။ သို့သော်လည်း ချင်ယွင်သည် သားရဲဘုရင်၏လက်ချက်ဖြင့် လွင့်ပျံသွားသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့၏နှလုံးသားများသည် ဟိုးအောက်အထိ ပြုတ်ကျသွားပုံရသည်။
ထိုကဲ့သို့ ကြောက်စရာကောင်းသည့် ထိုးနှက်ချက်မျိုးကို မည်သူမှ အသက်ရှင် လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဤသားရဲဘုရင်ကို မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ်ပေ။
ဝေရှန်း နှင့် အခြားသူများသည် သူတို့၏ နှလုံးသားထဲတွင် ဖော်မပြနိုင်သော ဝမ်းနည်းမှုကို ခံစားခဲ့ရသည်။ ချင်ယွင် ပြုတ်ကျသွားသည့်အခိုက်တွင် ၎င်းတို့၏ မူလက ပြန်လည်ရှင်သန်လာသည့် မျှော်လင့်ချက်နှလုံးသားများသည် လုံးလုံးလျားလျား ကွဲအက်သွားကာ စိတ်ပျက်အားငယ်သည့် လှိုင်းလုံးများက သူတို့၏နှလုံးသားထဲသို့ တိုးဝင်လာသည်။
ပိရှစ်သိုင်းမြို့စားသည် ချင်ယွင်ပြုတ်ကျသည့် နေရာကို ကြည့်လိုက်သည်။ သူမ၏ သွားများက သူမ၏ အနီရောင်တောက်တောက် အောက်နှုတ်ခမ်းကို ပေါက်ထွက် မတတ် ကိုက်ထားရင်း သွေးများပင် ယိုစိမ့်ထွက်ကျလာသည်။ ယင်းက သူမ၏ မူလ နှုတ်ခမ်းနီများထက်ပင် ပို၍ ဆွဲဆောင်မှု ရှိနေစေသည်။ သူမ၏ သွယ်လျသော လက်ချောင်းများကို တင်းတင်းကျပ်ကျပ် ဖိဆုပ်ထားသည့်အတွက် သူမ၏ လက်ဖဝါး အသားထဲသို့ စိမ့်ဝင်နေပြီဖြစ်သည်။ သူမ၏ မျက်လုံးများသည် ဒေါသနှင့်အတူ ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
"မင်းမသေနိုင်ဘူး၊ မင်း လုံးဝ မသေနိုင်ပါဘူး!" ပိရှစ်သိုင်းမြို့စားသည် သူမ၏ နှလုံးသားထဲတွင် အော်ဟစ်နေသော်လည်း လွင့်မျောနေသည့် ဖှုန်မှုန့်များကို ကြည့်ရင်း သူမ၏ နှလုံးသားသည် ပို၍ပင် အေးခဲလာသည်။
"အဟွတ်၊ အဟွတ်!"
သို့သော် ယခုအချိန်တွင် ချောင်းဆိုးသည် ရုတ်တရက် ဖုန်မှုန့်များကြားမှ ထွက်လာ သည်။
လူတိုင်းသည် ချင်ယွင်ပြုတ်ကျသွားသော တွင်းနက်ကြီးဆီသို့ ချက်ချင်း လှည့်ကြည့် လိုက်ကြသည်။ အခိုးအငွေ့များနှင့် ဖုန်မှုန့်များက ပြန့်ကျဲနေပြီး အချင်းပေ ရာနှင့်ချီရှိ သော တွင်းနက်ကြီးကို သူတို့ မြင်လိုက်ရသည်။ တွင်းနက်ကြီးထဲမှ လူငယ် တစ်ယောက်သည် ဖြည်းညှင်းစွာ ထလာသည်။ သူ၏အဝတ်အစားတွေက ကွဲပြဲသွား ပေမယ့် သူ၏ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအနာတရ ဖြစ်ဟန် မရှိပါဘူး။
ထိုသို့ဒဏ်ရာမရရုံတင်မက၊ ဆုတ်ပြဲနေသည့် သူ၏ဝတ်စုံကြောင့် သူ၏ အချိုးအစား ကျပြီး သန်မာလှသည့် ကြွက်သားတွေကို ထုတ်ဖော်ပြသထားသလို ဖြစ်နေပြီး ပရိသတ် အားလုံး အံ့ဩမှင်သက်သွားကြသည်။ အကယ်၍ ၎င်းသည် လူသားခန္ဓာကိုယ်တစ်ခု မဟုတ်ဘူးဆိုပါက၊ ၎င်းသည် ကောင်းကင်ဘုံမှာပင် ပြီးပြည့်စုံဆုံး အနုပညာလက်ရာ တစ်ခု အမှန်တကယ် ဖြစ်လာပေလိမ့်သည်။
အချိုးအစား ကျနလှသည့် ကြွက်သားများ၊ သန့်စင်သော အသားအရေ၊ ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားနှင့်အတူ သူ၏မူလကတည်းက ချောမောသော မျက်နှာပါ ပေါင်း ထည့် လိုက်မည်ဆိုလျှင် ချင်ယွင်သည် အလွန်ချောမောနေ၏။ သူ၏ သွယ်လျသော အသွင်အပြင်နှင့် ချောမောသော မျက်နှာက သူ့ကို သေမတတ်စွဲမက်စေမည့် မိန်းကလေးများ မည်မျှရှိနေမည်ကို မည်သူမျှ မသိနိုင်ပေ။
မြို့ရိုးမျှော်စင်ပေါ်တွင် ရပ်နေသော ပိရှစ်သိုင်းမြို့စားပင်လျှင် ဤမြင်ကွင်းကို မြင်လိုက် ရသောအခါ မထိန်းနိုင်ဘဲ သူမနှလုံးခုန် မြန်ဆန်လာသည်။ သူမက မျက်နှာက နီမြန်းလာသည်။
အမျိုးသမီးများသာမက စစ်သည်များပင်လျှင် သူ၏ခန္ဓာကိုယ်ကို မြင်သည့်သူတိုင်း သူတို့၏ မျက်လုံးများသည် ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။
ကျင့်ကြံသူတိုင်း၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ မဆိုးကြသော်လည်း ၎င်းတို့သည် အချို့က အဆီပြည့်ပြီး ဝတုတ်ကြသလို အချို့ကလည်း အလွန်ပိန်လှီကြသည်။ ပြီးပြည့်စုံသည့် ရုပ်အသွင်အပြင်ကို လိုက်ရှာသူများ အများပြား ရှိကြလိမ့်မည်။
ခရမ်းရောင်ဝတ် သားရဲဘုရင်ကဲ့သို့ ပေါက်ကွဲထွက်လာသည် ကြွက်သားတွေကို ကျင့်ကြံဖို့က သူတို့အတွက် အရမ်းကို လွယ်ကူပါလိမ့်မည်။ သို့သော်၊ ထိပ်တန်း ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်း နည်းပညာရပ်မပါဘဲ ချင်ယွင်ကဲ့သို့ ကြွက်သားလှိုင်းများ အမြှောင့်မြှောင့်ထနေသည်အထိ ပြီးပြည့်စုံအောင် ကျင့်ကြံရန်မှာ မဖြစ်နိုင်ပေ။
ချင်ယွင် ကျင့်ကြံထားသည့် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ် သည် သဘာဝအတိုင်း အထွတ်အထိပ်အကျဆုံး ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်း ပညာရပ် တစ်ခု ဖြစ်သည်။ ပြီးပြည့်စုံပြီး လျင်မြန်သွတ်လက်သည့် ဤကြွက်သားများသည် ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းပညာရပ်၏ အခြေခံအုတ်မြစ်သာ ဖြစ်သည်။
"တကယ်ကို မင်းက မသေသေးဘူးလား!" ခရမ်းရောင်ဝတ် သားရဲဘုရင်သည် ချင်ယွင်ကို အံ့အားတသင့် ကြည့်ကာ မယုံကြည်နိုင်သည့် အမူအယာ ပေါ်နေသည်။
သူ၏အမြင်အရဆို၊ လူသားခန္ဓာကိုယ်သည် မည်မျှပင် သန်မာနေပါစေ ထိုလက်သီးကို တားဆီးရန်အတွက် မဖြစ်နိုင်ပါဘူး။ ထိုလက်သီးချက်သည် သူ့ခန္ဓာကိုယ်၏ ခွန်အား ထက်ဝက်နီးပါး ပါဝင်သည်။ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူပင်လျှင် ဤပြင်းထန်သော လက်သီးချက်ကို ခံနိုင်ရည်ရှိမည် မဟုတ်သော် လည်း ဤသေးငယ်သော ဒုတိယအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်လေး တစ်ပါးကို အမှန်တကယ်ပင် မသတ်နိုင်ခဲ့ပေ။
"ဒီအဆင့်တိုက်ခိုက်မှုလေးက ငါ့ကို သေစေနိုင်တယ်လို့ မင်း တကယ်ကြီးကို ထင်နေတာလား။" ချင်ယွင်သည် ဒေါသအပြည့်ဖြစ်နေသော ခရမ်းရောင်ဝတ် သားရဲဘုရင်ကို ကြည့်ရန် ခေါင်းကို မြှောက်လိုက်သည်။
"မယုံဘူး။ မင်းရဲ့ လူသားခန္ဓာကိုယ်က ငါတို့ရဲ့ ဆိတ်သုဉ်းခြင်းသားရဲတွေနဲ့ ယှဉ်နိုင်တယ်ဆိုတာ ငါမယုံဘူး။ ဒီနေ့ မင်းကို အစိပ်စိပ်မွှာမွှာ ဆုတ်ဖြဲပစ်မယ်" ခရမ်းရောင်ဝတ် သားရဲဘုရင်သည် ဒေါသပေါက်ကွဲသွားသည်။ သူသည် ဒေါသတကြီး ဟိန်းဟောက်သံလိုက်ပြီး သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒများ အရူးအမူး နောက်တစ်ဖန် ထွက်ပေါ်လာသည်။
ကြီးမားသော သူ၏ခန္ဓာကိုယ်ကြီးသည် နောက်တစ်ကြိမ် ပစ်လွှတ်သွားပြန်သည်။ သူ့တစ်ကိုယ်လုံးသည် ချင်ယွင်ရှေ့တွင် တစ်ဖန်ပေါ်လာသည်။ သူ၏လက်မောင်းသည် အရွယ်ရောက်ပြီးလူတစ်ယောက်၏ ပေါင်ထက် နှစ်ဆပိုထူသည်။ သူ့ကြွက်သားတွေ ချက်ချင်း တင်းမာလာပြီး ခရမ်းရောင်အလင်းတန်းတွေ ထွက်လာသည်။ သူသည် ကောင်းကင်ပြိုကျပြီး မြေကြီးကွဲအက်သွားသည့်အရှိန်အဟုန်ဖြင့် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဝင်ရောက်ထိုးနှက်သည်။
ချင်ယွင်သည် ခရမ်းရောင်ဝတ် သားရဲဘုရင်အား ဤသို့လုပ်ဆောင်ရန် အချိန် ကြာမြင့်စွာကတည်းက မျှော်လင့်ထားခဲ့သည်။ သူ၏ခြေဖဝါးကို ပေါ့ပေါ့ပါးပါး လှုပ်ရှားမူနှင့်အတူ သူ၏ရုပ်အသွင်အပြင်သည် ပုံရိပ်ယောင်အဆင့်ဆင့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခရမ်းရောင်ဝတ် သားရဲဘုရင်၏ လက်သီးကို ရှောင်လိုက်သည်။
ခရမ်းရောင်ဝတ် သားရဲဘုရင်၏ လက်သီးချက်သည် မြေပြင်ပေါ်သို့ ပြိုဆင်းကျ သွားသည်။ မြေပြင်သည် ချက်ချင်းပေါက်ကွဲသွားပြီး ကြီးမားသော အက်ကွဲကြောင်း ကြီးတစ်ခုက နေရာအနှံ့ ပျံ့နှံ့သွားသည်။
"အခုလေးက မင်းကပဲ ငါ့ကို တိုက်ခိုက်ခဲ့တာ။ အခု ငါ့လက်သီးကို မင်းကိုလည်း မြည်းစမ်းခွင့်ပေးမယ်။"
ထိုအခိုက်အတန့်မှာ ချင်ယွင်က ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ချက်ခြင်း တွန့်လိမ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ခွန်အားတွေက ချက်ခြင်း သူ့လက်သီးဆီသို့ တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။ သူသည် ခရမ်းရောင်ဝတ် သားရဲဘုရင်၏ လက်သီးများကြားရှိ ဟာကွက်ကို အခွင့်ကောင်းယူကာ သူ၏ ဝမ်းဗိုက်ကို အပြင်းအထန် ထိုးနှက်လိုက်သည်။
ဘန်း !
သူ့အသားအရေပြားကို ထိမှန်သွားသည်နှင့် ခပ်အုတ်အုတ်ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ချင်ယွင်၏ လက်သီးချက်သည် ခရမ်းရောင်ဝတ် သားရဲဘုရင်၏ ကြီးမားလှသော ခန္ဓာကိုယ်ပေါ်ကို အပြင်းအထန် ရိုက်နှိပ်ထားသည်။
ခရမ်းရောင်ဝတ် သားရဲဘုရင်၏ မျက်နှာပေါ်ရှိ အမူအရာသည် ချက်ချင်း ပြောင်းလဲ သွားသည်။ သူ၏မျက်နှာပေါ်ရှိ နာကျင်သည့်အမူအယာသည် ချက်ချင်းကြီး ကြီးမားလာသည်။
ထို့နောက်မှာတော့ ခရမ်းရောင်ဝတ် သားရဲဘုရင်၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီး သည် မြေပြင်ပေါ်ကို အကြိမ်ပေါင်းများစွာ တလှိမ့်ပြီးတလှိမ့် လိမ့်ဆင်းသွားခဲ့ပြီး ကြီးမားလှသည့် ကျောက်တုံးကြီးများစွာကို ဝင်တိုက်မိသည်ကို လူတိုင်း တွေ့မြင်လိုက် ရပါသည်။ ထိုနောက် သူသည် ပေတစ်ထောင် အကွာ အဝေးအထိ လျှောတိုက်သွား သည်။
"ကောင်းလိုက်တာ... အရမ်းသန်မာတာပဲ!" လူတိုင်းက တအံ့တဩ ထုတ်ဖော် ပြောကြသည်။
သူတို့ရှေ့မှာရှိနေသည့် ဤတိုက်ပွဲသည် သူတို့စိတ်ကူးနိုင်စွမ်းကို ကျော်လွန်နေပါပြီ။ ချင်ယွင် သို့မဟုတ် ခရမ်းရောင်ဝတ် သားရဲဘုရင်၏တို့၏ နှစ်ယောက်ကြား တိုက်ခိုက်မူသည် ဝေဝေဝါးဝါး အရိပ်များကိုသာ သူတို့ မြင်နိုင်သည်။ သို့သော် ချင်ယွင်နှင့် ခရမ်းရောင်ဝတ် သားရဲဘုရင်ကြား တိုက်ပွဲ၏ သက်ရောက်မူမြင်ကွင်းက သူတို့အား တုနှိုင်းမဲ့ ထိတ်လန့်စေခဲ့သည်။
“လူတစ်ယောက်ရဲ့ ခွန်အားက ဒီလောက်အဆင့်အထိ ရောက်နိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့မိဘူး။”
ဓားအင်မော်တယ်တစ်ပါးက ဒူးဖြင့်တိုက်ကာ ခွန်လွန်တောင်ကြီး လှုပ်ယမ်းလိုက် သလိုပဲ။
ဤသည်မှာ သူတို့၏မှတ်ဉာဏ်များထဲမှ ဒဏ္ဍာရီတစ်ခုမျှသာဖြစ်သော်လည်း ချင်ယွင်နှင့် ခရမ်းရောင်ဝတ် သားရဲဘုရင်ကြားတိုက်ပွဲ၏ အကျိုးသက်ရောက်မှုက သူတို့၏နှလုံးသားထဲတွင် ကောင်းကင်နှင့်လူသားများကြားတိုက်ပွဲနှင့် အကန့်အသတ် မရှိ နီးကပ်နေပါသည်။
"မင်းက သေချင်တာဘဲ!"
ခရမ်းရောင်ဝတ် သားရဲဘုရင်သည် အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။ သူမွေးက တည်းက ယခုလောက်ကြီးမားသည့် အရှက်တရားမျိုး သူ တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ တစ်နေ့ သေးငယ်သော လူသားလေးတစ်ဦးထံမှ လက်သီး တစ်ချက်ကြောင့် သူလွင့်ထွက်သွားခဲ့ရမည်ဟု မထင်ထားခဲ့ပါဘူး။ ဤအရာက သူ့အတွက် တုနှိုင်းမရ သည့် အရှက်ရမှုကြီး တစ်ခုဖြစ်ပါသည်။
"မင်းက ငါ့ကို ဒီလိုလုပ်ဖို့ အတင်းတွန်းအားပေးခဲ့တာပဲ ။ မင်းတို့အားလုံး ဒီနေ့ သေကြ လိမ့်မယ်။"
ခရမ်းရောင်ဝတ် သားရဲဘုရင်သည် ကောင်းကင်ယံကိုမော့ကာ ဟိန်းဟောက်လိုက်ပြီး သူ၏ခရမ်းရောင်ဆံပင်များက သူ၏နောက်တွင် ပြန့်ကျဲနေပြီး သူ၏မျက်လုံးများသည် ခရမ်းရောင် မီးတောက်များကဲ့သို့ ခရမ်းရောင် ပြောင်းသွားခဲ့သည်။
ခရမ်းရောင်ဝတ် သားရဲဘုရင်၏ ခန္ဓာကိုယ်မှ ကြီးမားသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ တခဏအတွင်း ကောင်းကင်နှင့်မြေကြီး၏ တိမ်တိုက်များသည် ပြောင်းလဲသွားကြပြီး တိမ်မည်းများကြား လျှပ်စီးများက တဟုန်းဟုန်း လင်းလက်လာ ကာ မိုးခြိမ်းသံများ တဟုန်ထိုး ထွက်ပေါ်လာသည်။
“ဒါက…” လူတိုင်းသည် ဤကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကြောင့် ထိတ်လန့်သွားကြပြီး ဤအရာအားလုံးသည် မျက်လုံးပြူးကျယ်ဖြင့် စိုက်ကြည့် နေကြ သည်။
ချင်ယွင်သည် ကောင်းကင်ယံကို လှုပ်ခတ်သွားစေသော တိမ်မည်းများကို ကြည့်လိုက် သည်။ သူ့မျက်နှာမှာ ထိတ်လန့်တကြားဖြစ်သည့် အရိပ်အယောင် မတွေ့ရပါဘူး။ ယင်းအစား သူက ပြုံးလိုက်ပြီး "နောက်ဆုံးတော့ မင်းရဲ့ပုံစံ အစစ်အမှန် ဖြစ်လာတော့ မှာလား။ ငါက ဒီအခိုက်အတန့်ကို စောင့်နေတာကြာလှပြီ။ ငါက မင်းရဲ့ပုံစံ အစစ်အမှန်ကို မြင်ချင်ပါသေးတယ်"
လျှပ်စီးများလင်းလက်မူနှင့်အတူ မိုးထစ်ချုန်းသံများနောက် တိမ်ခိုးတိမ်ငွေ့များက ထွက်ပေါ်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် ဖုံးအုပ်ထားသည်။
ထိုအချိန်တွင် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားစေလောက်သည့် ကြီးမားသော ဧရာမသားရဲခြေသည်းကြီးတစ်ဖက်သည် အခိုးအငွေ့များကြားထဲမှ ထွက်ပေါ်လာသည်။
လူတိုင်းသည် ကြီးမားလှသော သားရဲခြေသည်းကြီးများကို စူးစူးစိုက်စိုက် စိုက် ကြည့်နေကြပြီး သူတို့၏မျက်လုံးများသည် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။
ခြေသည်းတစ်ခုလုံးသည် အနီရင့်ရင့်အရောင်ဖြစ်ပြီး ခရမ်းရောင်သင်္ကေတများဖြင့် ဖုံးအုပ်ထားကာ တောက်ပသော ခရမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်ပေး နေသည်။ ဧရာမခြေသည်းကြီးမှ ရှေးဟောင်းအငွေ့အသက်များ ပျံ့နှံ့ ထွက်ပေါ်နေ သည်။
အခန်း (၄၀၄) ခရမ်းရောင်မျက်လုံးစွမ်နီ။
"ဒါက သားရဲဘုရင်ရဲ့ အစစ်အမှန်ပုံစံပဲလား။ အလွန်အစွမ်းထက်လွန်းတယ်။ သူက ဘယ်ဆိတ်သုဉ်းခြင်းသားရဲအမျိုးစားပါလိမ့်။"
လူတိုင်းက လေးစားမူနှင့်အတူ တအံ့တဩ ပြောဆိုကြသည်။ ယခုလေးတင် ခြေသည်းတစ်ချောင်း၏ အသွင်အပြင်ကြောင့် သူတို့သည် ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။ အကယ်၍ ထိုအရာသာ သူ၏ အစစ်အမှန် အသွင်သဏ္ဍာန်ဆိုလျှင် မည်မျှလောက် အစွမ်းထက်လိုက်မည်နည်း။
"ဖြစ်နိုင်တာက " ချင်ယွင်၏မျက်နှာသည်လည်း အံ့သြသည့်အမူအရာတစ်ခု ပေါ်နေပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမသတ္တဝါကြီး၏ အသွင်အပြင်က သူ၏စိတ်ထဲမှာ မထင်ပေါ်ဘဲ မနေခဲ့ပေ။
"ဝေါင်း………!"
ထိုအချိန်တွင် အခိုးအငွေ့များကြားမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး အက်ကွဲသွားသကဲ့သို့ ဟိန်းဟောက်သံသည် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေခဲ့၏။ လူတိုင်း၏စိတ်ဝိညာဉ်များ တုန်လှုပ် သွားကာ အနှိုင်းမဲ့ ခိုင်ခံ့မာကြောလှသည့် ကျောက်စိမ်းရေမြို့တော်၏ မြို့ရိုးမျှော်စင် သည် မခံနိုင်ဘဲ အက်ကြောင်းကြီးအဖြစ် ပွင့်ထွက်သွားသည်။
ဤကြောက်မက်ဖွယ် ဟိန်းဟောက်သံများကြားတွင် အခိုးအငွေ့များက ချက်ချင်း လွင့်စင်သွားကာ ဧရာမတောင်ကြီးနှင့်တူသော ဧရာမရုပ်အသွင်အပြင်ကြီးတစ်ခု ပေါ်လာလေသည်။
အနှိုင်းမဲ့ ခန့်ညားထည်ဝါသည့် ခြင်္သေ့သားရဲကြီး တစ်ကောင်ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနီရောင်ရင့်ရင့်ဖြစ်သော်လည်း ခရမ်းရောင်အလင်းများ တဖျပ်ဖျပ် တောက်ပနေသည့် ခရမ်းရောင်သင်္ကေတပုံစံများဖြင့် ဖုံးအုပ်ထားသည်။ ၎င်း၏ခန္ဓာကိုယ်သည် အနက်ရောင်မီးလျှံနတ်ဆိုးနွားထီးကြီးထက်ပင် ပိုကြီးမားသည်။ ထိုအခိုက်အတန့်တွင် ၎င်း၏ကြီးမားသော ခရမ်းရောင်မျက်လုံးကြီး တစ်စုံသည် အနှိုင်းမဲ့ ချောမောမှုခန့်ညားမူအပြည့်ဖြင့် ချင်ယွင်ကို စိုက်ကြည့်နေသည်။
ဧရာမခြင်္သေ့ပုံစံ သားရဲထွက်ပေါ်လာမူနှင့်အတူ၊ ခြင်္သေ့သားရဲ၏ ကိုယ်ခန္ဓာမှ ထွက်ပေါ် လာသော အစွမ်းထက်သော ရှေးဟောင်းအငွေ့အသက်များသည် ကျောက်စိမ်းရေ မြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ လူတိုင်းသည် သူတို့နှလုံးသားထဲမှ ကြောက်ရွံ့သည့် ခံစားချက်ကို ခံစားလိုက်ရသည်။
အဝေးမှာ ရွှေတောင်ပံဂဠုန်ငှက်ကြီးနှင့် တိုက်ခိုက်နေသည့်ရှန်ဟိုင်လည်း တိုက်ပွဲကို ရပ်လိုက်သည်။ သူသည် အနှိုင်းမဲ့ ချောမောခန့်ညားသည့် ခြင်္သေ့သားရဲကြီးကို အံ့သြစွာ ကြည့်လိုက်သည်။
"ဒီဆိတ်သုဉ်းခြင်းသားရဲက ဘယ်လို အမျိုးစားလဲ၊ ဘယ်လိုလုပ်ပြီး အခုလို အစွမ်းထက်သည့် အငွေ့အသက်မျိုး ရှိနိုင်မှာလဲ" ရှန်ဟိုင်က ထိတ်လန့်စွာ ပြောသည်။
ရွှေတောင်ပံဂဠုန်ငှက်ကြီးသည်လည်း ခြင်္သေ့သားရဲကြီးရှိရာသို့ ရိုကျိုးသော အကြည့်ဖြင့် လှည့်ကြည့်ရင်း နောက်သို့ ပြန်ပြေးသွားသည် ။
ဤမြင့်မြတ်ထည်ဝါပြီး ချောမောခန့်ညားသည့် သားရဲကြီးကြောင့် လူတိုင်း ကြောက်ရွံ့ သွားကြသည်။
"မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်က ခရမ်းရောင်မျက်လုံးစွမ်နီ ဖြစ်နေလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ တကယ့်ကို အံ့သြစရာပဲ" ချင်ယွင်က အံ့ဩသည့်အမူအရာဖြင့် သူ့ရှေ့မှ နတ်တောင်နှင့်တူသော သားရဲကြီးကို ကြည့်လိုက်သည်။
"မင်းက ငါ့ အစစ်အမှန်ခန္ဓာကိုယ်ကို တကယ်သိနေတာပဲ။ မင်းကို ငါ တကယ် လျှော့တွက်ခဲ့ပုံရတယ်။" ခရမ်းရောင်မျက်လုံးစွမ်နီသည် ခေါင်းလောင်းထိုးလိုက် သကဲ့သို့ ကျယ်လောင်သော အသံကြီးဖြင့် လူသားစကားများကို ပြောဆိုလိုက်သည်။
နဂါးဘုရင်ကိုးယောက်အနက်မှ ပဉ္စမမြောက်မှာ ခရမ်းရောင်မျက်လုံးစွမ်နီ ဖြစ်သည်။
သေချာသည်မှာ ဤနေရာတွင်ရှိနေသည့် နဂါးများသည် နဂါးအစစ်များ မဟုတ်ကြပေ။ နဂါးကိုးကောင်ဟူသည် ရှေးခေတ်က တည်ရှိခဲ့သော နတ်နဂါးများကို ဆိုလိုပါသည်။
တစ်နည်းဆိုရသော် သူ၏ရှေ့မှာရှိနေသည့် ဤဧရာမသားရဲကြီးသည် ရှေးဟောင်း နတ်နဂါး၏ ပဉ္စမမြောက်သားတော် စွမ်နီ၏ မျိုးဆက်ဖြစ်သင့်သည်။ သို့သော် သူက အဘယ့်ကြောင့် ဤသေမျိုးကမ္ဘာမှာ ပေါ်လာရသနည်း။
ယုတ္တိဗေဒအရပြောရလျှင် ဤခရမ်းရောင်မျက်လုံးစွမ်နီသည် ရှေးဟောင်းနတ်နဂါးများ မှ ဆင်းသက်လာသူ ဖြစ်သည်။ သဘာဝအားဖြင့်၊ သူ့ကိုလည်း နတ်ဘုရား သားရဲများထဲမှ တစ်ကောင်ဟု ယူဆနိုင်သည်။ သူသည် ရှေးဟောင်းခေတ်မှာသာ ထွက်ပေါ်လာသည့် အရာမဟုတ်ပါလော။
သို့သော်၊ ဤသေမျိုးကမ္ဘာငယ်လေးတွင် အဘယ်ကြောင့် ပေါ်လာရသနည်း။ ထို့အပြင်၊ ဒဏ္ဍာရီလာ ခရမ်းရောင်မျက်လုံး စွမ်နီသည် အလွန်အစွမ်းထက်သင့်သည်။ ဤခရမ်းရောင် မျက်လုံးစွမ်နီ၏အစွမ်းက မဆိုးသော်လည်း အစစ်အမှန် ခရမ်းရောင် မျက်လုံးစွမ်နီ နတ်ဘုရားသားရဲနှင့် နှိုင်းစားလျှင် ကီလိုမီတာ တစ်သိန်းရှစ်ထောင် ကျော်လောက် ကွာနေပါသေးသည်။
ဤအရာအားလုံးကို ရှင်းပြနိုင်သည့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိပေမည်။
အဲဒါက မျိုးရိုးလက္ခဏာပြန်ပေါ်လာခြင်း ဖြစ်လိမ့်မည်။
တစ်နည်းဆိုရသော်၊ ဤခရမ်းရောင်မျက်လုံးစွမ်နီသည် နတ်ဘုရားသားရဲ ခရမ်းရောင် မျက်လုံးစွမ်နီ၏ သွေးမျိုးဆက်အမွေကို ဆက်ခံနိုင်ခဲ့သည်။ အထူးအကြောင်းအရင်း တစ်ခုခုကြောင့် သူ၏သွေးမျိုးဆက်သည် လုံးလုံးလျားလျား နိုးထလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ခရမ်းရောင်မျက်လုံးစွမ်နီနှင့် အလွန် နီးစပ်နေခြင်း ကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို နတ်ဘုရားသားရဲ ခရမ်းရောင်မျက်လုံးစွမ်နီဟု မယူဆနိုင်တော့ပေ။
သို့ရာတွင်၊ သူ၏သွေးမျိုးဆက်သည် လုံး၀ နိုးထလာပြီးဖြစ်သောကြောင့် သူ၏ ခွန်အား သည် နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားသည့် အခြား ဆိတ်သုဉ်းခြင်း သားရဲများထက် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီ။
ဥပမာအနေဖြင့် အဖြူလေးသည် ကောင်းကင်မျိုစကားအုံးမြွေ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော်လည်း ၎င်း၏သွေးမျိုးဆက်စွမ်းအားသည် တပိုင်းတစသာ နိုးထလာ သေးသည်။ သူသည် အပြည့်အဝ မနိုးထသေးသောကြောင့် သူ၏စွမ်းရည်သည် ဤခရမ်းရောင်မျက်လုံး စွမ်နီနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
"ဝေါင်း……။ လူသား၊ မင်းက ငါ့ကို ငါရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ပြရတဲ့အထိ ဖိအားပေးနိုင်ခဲ့တယ်။ မင်း ဒီနေ့ သေရမယ်!" ခရမ်းရောင်မျက်လုံး စွမ်နီက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ကြီးမားသော မီးပုံးကြီးနှင့်တူသော မျက်လုံးတစ်စုံသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေပြီး ၎င်း၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်၏ မျက်နှာသည်လည်း လေးနက်မှု အရိပ်အယောင်ကို ပေါ်လွင်နေသည်။ ဤ ခရမ်းရောင် မျက်လုံးစွမ်နီသည် နတ်ဘုရားသားရဲ အစစ်မဟုတ်သော်လည်း၊ နောက်ဆုံး တွင်၊ သူ၏ခန္ဓာကိုယ်ရှိ သွေးမျိုးဆက်များသည် အပြည့်အဝနိုးထလာခဲ့ပြီး သူ၏ ခွန်အားမှာ အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသည်။
အကယ်၍ သူသာ ဆက်လက်ကြီးထွားနေမည်ဆိုပါက မကြာမီ သို့မဟုတ် နောက်ပိုင်း တွင် နတ်ဘုရားသားရဲအစစ်နှင့် ယှဉ်နိုင်မည် ဖြစ်သည်။
အမှန်တော့၊ ဤ ခရမ်းရောင်မျက်လုံးစွမ်နီသည် နတ်ဘုရားသားရဲအစစ် ဖြစ်လျှင်ပင် ချင်ယွင်က မကြောက်ပါဘူး။
"ဟမ့်၊ ငါ့ကိုသတ်ရအောင် မင်း အလှည့်မဟုတ်သေးဘူး၊ အယုတ်တမာကောင် သားရဲ" ချင်ယွင်က အေးစက်စွာ ဟစ်အော်ပြီး ခရမ်းရောင်မျက်လုံးစွမ်နီကို စိုက်ကြည့်နေသည်။
"ဝေါင်း……….!"
ခရမ်းရောင် မျက်လုံးစွမ်နီသည် ဒေါသတကြီးဖြစ်ကာ ကောင်းကင်ယံကိုပင် လှုပ်ခါစေသည့် ဟိန်းဟောက်သံ ထွက်လာသည်။ သူ၏ ကြီးမားချွန်ထက်သော ခြေသည်းကြီးများက ချင်ယွင်ဆီသို့ ချက်ချင်း ရိုက်ချလာပြီး သူ့ကို မြေပြင်ပေါ်မှာ လုံးလုံးပြားကပ်အောင် ရိုက်သတ်ပစ်ချင်နေသည်။
ချင်ယွင်သည်လည်း ဤအရာကို အလွယ်တကူ အောင်မြင်အောင် မည်သို့ ခွင့်ပြုနိုင် မည်နည်း။ သူက ချက်ချင်းပင် အလင်းတန်းတစ်ခု ပြောင်းလဲသွားပြီး ရှောင်ထွက် သွားသည်။
"ဘုန်း!"
ခရမ်းရောင်မျက်လုံးစွမ်နီ၏ခြေသည်းများမှာပါရှိသည့် စွမ်းအားသည် ကြောက်စရာ ကောင်းလွန်းသည်။ မြေပြင်သည် စက္ကူကြီးတစ်ချပ်အလား ချက်ခြင်း ပေါက်ကွဲ သွားပြီး အနှိုင်းမဲ့ကြီးမားသည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။
ဝှီး !
ခရမ်းရောင်မျက်လုံးစွမ်နီ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် အလွန် လျင်မြန်သည်။ သူ၏လက်သည်းများက ချင်ယွင်ကို အဆက်မပြတ် ဝှေ့ယမ်း တိုက်ခိုက်သည်။ ချွန်ထက်သော ခြေသည်းများပေါ်ရှိ အေးစက်စက် အလင်းရောင်ကြောင့် လူတိုင်း၏ နှလုံးသားများ တုန်လှုပ်သွားစေသည်။
"ဘုန်း !"
ခရမ်းရောင်မျက်လုံးစွမ်နီသည် သူ၏ခြေသည်းများဖြင့် အဆက်မပြတ် ရိုက်နှက်နေပြီး ချင်ယွင်သည်လည်း အဆက်မပြတ် နောက်ပြန် ဆုတ်သွားရသည်။
သူတို့ခြေထောက်အောက်မှာရှိသည့် မြေပြင်က ပျက်စီးနေသည်မှာ ကြာခဲ့ပါပြီ။ ကံကောင်းစွာဖြင့်၊ ဤနေရာသည် နေရာလွတ်တစ်ခု ဖြစ်နေပါသည်။ ထိုသို့မဟုတ်ဘဲ မြို့တော်မြေပြင်သာဖြစ်နေခဲ့မည်ဆိုလျှင် ခရမ်းရောင်မျက်လုံးစွမ်နီ၏ ကြီးမားသည့် ခြေသည်းကြီးအောက်မှာ ပြာပုံကြီးအဖြစ် လုံး၀ ပြိုကျသွားပါလိမ့်မသည်။
"ဘုန်း !"
သို့သော်လည်း ခရမ်းရောင်မျက်လုံးစွမ်နီသည် ချင်ယွင်ကို ဘာမျှမလုပ်နိုင်ဟု လူတိုင်းထင်နေကြသည့်အချိန်မှာ ထူးဆန်းသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ချင်ယွင်သည် ခရမ်းရောင်မျက်လုံးစွမ်နီ၏ ခြေသည်းရိုက်ချက်ကို ရှင်းရှင်းလင်းလင်း ရှောင်ရှားခဲ့သော်လည်း ခရမ်းရောင်မျက်လုံးစွမ်နီ၏ ခြေသည်းရိုက်ချက်ကြောင့် သူ လွင့်ပျံသွားရဆဲ ဖြစ်သည်။
ချင်ယွင်၏ အစွမ်းထက်သော ခန္ဓာကိုယ်သည်ပင် ခရမ်းရောင်မျက်လုံးစွမ်နီ၏ တိုက်ခိုက်ခြင်းကို ခံရသောအခါ ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။
ချင်ယွင်သည် မြေတွင်းနက်ကြီးထဲ၌ လဲလျောင်းနေပြီး သူ့ရင်ဘတ်ရှိ အရိုးများ ကြေမွသွားပုံရပြီး အလွန်နာကျင်နေပါသည်။
"လခွမ်း ၊ ဘာဖြစ်နေတာလဲဟ၊ မရှောင်နိုင်ခဲ့ဘူးလား" ချင်ယွင် နာကျင်မှုကို တောင့်ခံပြီး မတ်တပ်ထရပ်လိုက်သည်။ သူ့စိတ်ထဲမှာ မနေနိုင်ဘဲ ကျိန်ဆဲ လိုက်မိ သည်။
"ဘန်း!"
သို့သော်လည်း ချင်ယွင်မတ်တပ်ရပ်ခါနီးတွင် ထူးဆန်းသော အနက်ရောင် အရိပ်တစ်ခုက အပေါ်စီးမှ ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။
"ဒါက ခရမ်းရောင်မျက်လုံးစွမ်နီရဲ့ အမြီးပဲ။"
ချင်ယွင်သည် လျင်မြန်စွာ တုံ့ပြန်လိုက်သော်လည်း နောက်ကျနေပြီ ဖြစ်သည်။ ဤအမြီးနှင်တံဖြင့် ရိုက်နှက်ခံရခြင်းကြောင့် သူသည် တိုက်ရိုက် လွင့်ပျံသွားသည်။
ချင်ယွင်သည် ဤအမြီးရိုက်ချက်မှ ထွက်ပေါ်လာသည့် ကြီးမားလှသော စွမ်းအားကို ဖယ်ရှားပစ်နိုင်သည်အထိ ပေထောင်ပေါင်းများစွာ လွင့်ပျံသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ် ရှိ အရိုးများသည် ဖရိုဖရဲပြန့်ကျဲသွားသည့်အလား အလွန်နာကျင်လှသည်။
ချင်ယွင်သည် ခရမ်းရောင်မျက်လုံးစွမ်နီကို အဝေးမှ လှမ်းကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ပေါ်လွင်နေသည်။
အစောပိုင်းလေးက ခရမ်းရောင်မျက်လုံးစွမ်နီ၏ တိုက်ခိုက်မှုများသည် ထူးဆန်း လွန်းသည်။ သူသည် ခရမ်းရောင်မျက်လုံးစွမ်နီနှင့် ပေတစ်ရာ အကွာဝေးကွာမှာ ထင်ရှားရှိနေသော်လည်း ခရမ်းရောင်မျက်လုံးစွမ်နီ၏ အမြီးကြာပွတ်က အဘယ့်ကြောင့် သူ့ကို ထိမှန်ခဲ့ရသနည်း။
ယခင်တိုက်ခိုက်မှုမှာလည်း အလားတူပင် ဖြစ်သည်။ သူသည် သေချာပေါက် ရှောင်တိမ်းနိုင်ခဲ့ပြီး ဖြစ်သော်လည်း အဆုံးသတ်မှာ ခရမ်းရောင် မျက်လုံးစွမ်နီ၏ တိုက်ခိုက်မှုက သူ့အပေါ်ကို ကျရောက်လာဆဲဖြစ်သည် ။
"ဟဲ့ ကောင်စုတ်လေး၊ အဲဒါက သူ့ရဲ့လေဟာနယ် စွမ်းအားကြောင့်ပေါ့။ သူ အရင်တုန်းက လူသားပုံစံနဲ့ လေဟာနယ်စွမ်းအား အသုံးပြုခဲ့တာကို မေ့သွားပြီလား။ သူက အစစ်အမှန်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်လို့ မသုံးနိုင်တော့ဘူးလို့ ထင်နေ တာလား။" ရှေးဟောင်းတာအိုဆရာသခင်၏ စကားများက ချင်ယွင်၏ စိတ်ထဲတွင် လျှပ်စီးလက်သလို ရိုတ်ခတ်လာခဲ့သည်။
ချင်ယွင် ရုတ်တရက် ဤအဖြစ်ပျက်ကို နားလည်သွားသည်။ သူခရမ်းရောင်မျက်လုံး စွမ်နီ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရခြင်း၏ အကြောင်းရင်းမှာ ခရမ်းရောင်မျက်လုံး စွမ်နီ ဖမ်းဆုပ်နားလည်ထားသော ထူးဆန်းသော လေဟာနယ်စွမ်းအားကြောင့် ဖြစ်သည်။
ဝှီး..!
ချင်ယွင်သည် နောက်ဆုံးတွင် ဖြစ်ပျက်နေသည့်အရာများကို နားလည်သဘောပေါက် သွားချိန်မှာ၊ အနှိုင်းမဲ့ကြီးမားသော သားရဲခြေသည်းသည် လေဟာနယ်ထဲမှ ထိုးဖောက် ဝင်ရောက်လာပြီး သူ့ဆီသို့ ပြင်းပြင်းထန်ထန် ဆောင့်ကန်လိုက်သည်။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ အကယ်၍ သူသည် ဤသားရဲ၏ ခြေသည်းဖြင့် ထိမှန် ခံရပါက၊ သူသည် မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရပေလိမ့်မည်။
ထို့ကြောင့် သူသည် နဂါးအတောင်ပံကို ချက်ချင်း အသက်သွင်းလိုက်ပြီး သူ၏ အရှိန် အဟုန်သည်လည်း ချက်ချင်းမြင့်တက်လာကာ ဤခြေသည်းကြီးကို ကျဉ်းမြောင်းသည့် အနေထားဖြင့် ရှောင်တိမ်းလိုက်ရသည်။
အခန်း (၄၀၅) အချီးအနှီးတိုက်ခိုက်ခဲ့ရခြင်း။
"ဘန်း!"
ခရမ်းရောင်မျက်လုံးစွမ်နီ၏ ခြေသည်းကြီးများက မြေပြင်ပေါ်သို့ ထိုးကျသွားခဲ့ပြီး မြေပြင် တခုလုံးကို တုန်ခါသွားစေသည်။
ချင်ယွင်သည် လေထဲတွင် လွင့်ပျံနေခဲ့ပြီး သူ့နောက်တွင် နဂါးအတောင်ပံများကို ဖြန့်ကားထားသည်။ နဂါးအတောင်ပံများမှ နဂါးအငွေ့အသက်များ ထွက်ပေါ်နေသည်။
"နဂါးတစ်ကောင်ရဲ့ စွမ်းအားလား။ မင်းကလည်း ဆိတ်သုဉ်းခြင်းသားရဲလား။"
ခရမ်းရောင်မျက်လုံးစွမ်နီသည် သူ၏ကြီးမားလှသော ခရမ်းရောင်မျက်လုံးတစ်စုံဖြင့် ချင်ယွင်ကို စိုက်ကြည့်နေကာ အလွန်အံ့အားသင့်နေသည့် အမူအရာ ဖြစ်ပေါ်နေသည်။
သူသည် လူသားတစ်ဦးထံမှ နဂါးမျိုးနွယ်၏ သွေးမျိုးဆက် အငွေ့အသက်ကို အမှန်တကယ် ခံစားသိရှိနိုင်ခဲ့သည်။ သူသည် မည်သို့ မအံ့ဩဘဲ နေမည်နည်း။
"မဟုတ်ဘူး၊ မင်းက လူသားပဲ၊ ဒါပေမယ့် ဘာလို့ မင်းမှာ နဂါးတစ်ကောင်ရဲ့ အငွေ့အသက်တွေ ရှိနေရတာလဲ" ခရမ်းရောင်မျက်လုံးစွမ်နီက သူ၏မျက်လုံးများတွင် စူးရဲတောက်ပသည့် အလင်းများဖြင့် ပြည့်နှက်နေပြီး မေးလိုက်သည်။
ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးအငွေ့အသက်ကို သူ ခံစားနိုင်သော်လည်း ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ လူသားများ၏အငွေ့အသက်က ပို၍ပင် အားကောင်း နေပါသည်။ ထို့ကြောင့် ချင်ယွင် စကားပြန်မပြောမီ သူ၏ ယခင်စကားများကို ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
"ငါ့အတွက် နဂါးတစ်ကောင်ရဲ့အငွေ့အသက်ကို ပိုင်ဆိုင်ရတာက ထူးဆန်းနေ လို့လား။ မင်းလည်း လူသားတစ်ယောက် ဖြစ်မလာနိုင်ဘူးလား။" ချင်ယွင်က လှောင်ပြောင် ရယ်မောလိုက်သည်။ ခရမ်းရောင်မျက်လုံးစွမ်နီ၏ ယခင် တိုက်ခိုက်မှုနှစ်ခုက သူ့ကို အလွန် မပျော်မရွင်ဖြစ်စေခဲ့သည်။ သူသည် စွမ်နီ၏ ထူးဆန်းသော လေဟာနယ် စွမ်းအားကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမလဲဆိုသည်ကို တွေးတောနေခဲ့သည်။
သို့သော် သူသည် ခေါင်းကိုက်အောင် စဉ်းစားနေသော်လည်း ကောင်းမွန်သည့် နည်းလမ်းတစ်ခုကိုမှ မစဉ်းစားနိုင်သေးပေ။
"ဟမ့်၊ မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!" ခရမ်းရောင်မျက်လုံးစွမ်နီသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ ချင်ယွင်၏ လေသံက သူ့ကို အလွန် စိတ်မချမ်း သာစေခဲ့ပါ။ သူသည် အမြဲတမ်း မာနကြီးခဲ့သူဖြစ်သည်။ လူသားတစ်ဦးက သူ့ကို အလွန် မရိုမသေဆက်ဆံခြင်းကို သူ မည်သို့ သည်းခံနိုင်မည်နည်း။
ဝှီး……..!
ကြီးမားချွန်ထက်သော ခြေသည်းကြီးက လေဟာနယ်ကို တိုက်ရိုက် ဆုတ်ဖြဲသွားပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဆွဲကုတ်လာသည်။
ဓါးအလင်းကဲ့သို့ ထက်ရှသော ခြေသည်းကြီးသည် တုနှိုင်းမရလောက်အောင် ကြောက်စရာကောင်းသည်။ အကယ်၍ ချင်ယွင်သည် ဤခြေသည်းကြီးဖြင့်သာ၊ ကုတ်ဖြဲခံလိုက်ရပါက သူသည် အသွေးအသားအတုံးကြီးအဖြစ် ကွဲထွက်သွား လိမ့်မည်မှာ သေချာပါသည်။
"တော်လောက်ပြီ!"
ချင်ယွင်လည်း အလွန်ဒေါသထွက်သွားသည်။ သူ့အငွေ့အသက်တွေက တဟုန်းဟုန်း မြင့်တက်လာခဲ့သည်။ သူသည် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ရပ်ကို ချက်ချင်း အသုံးပြုလိုက်သည်။ ရွှေရောင်အလင်လွှာတစ်ခုက ချင်ယွင်၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသလိုပင်၊ သူ၏ခွန်အားသည် ချက်ချင်းဆိုသလို တိုးမြင့် လာခဲ့သည်။
ချွင်!
ချင်ယွင်သည် သူ၏လက်များကို ဆန့်ထုတ်လိုက်ပြီး ခရမ်းရောင်မျက်လုံးစွမ်နီ၏ ချွန်ထက်သော ခြေသည်းကြီးကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်လိုက်သည်။ သူသည် ခရမ်းရောင် မျက်လုံးစွမ်နီ၏ ကြောက်မက်ဖွယ်ကောင်းသော ရိုက်နှက်မှုကို အပြင်းအထန် တားဆီးခဲ့ရသည်။
ချင်ယွင်သည် ခရမ်းရောင်မျက်လုံးစွမ်နီ၏ချွန်ထက်သောခြေသည်းများကို တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်လိုက်သည့်အခါ လူတိုင်း အံ့အားသင့်သွားကြသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ခရမ်းရောင်မျက်လုံးစွမ်နီ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို လေဟာနယ်ထဲမှ ဆွဲထုတ်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ချလိုက်သည်။
မြေပြင်တစ်ခုလုံးသည် တောင်များနှင့် ပင်လယ်ပြင်များ ချက်ချင်းပြိုကျသွားသကဲ့သို့ မြေပြင်ပေါ်တွင် ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။
“ဒါ…”
မြို့ရိုးမျှော်စင်ပေါ်ရှိ လူတိုင်းသည် အဝေးမှ တိုက်ပွဲကို ကြည့်နေကြပြီး စကားမပြောဘဲ မှင်သက် အံ့ဩသွားကြသည်။
ချင်ယွင်သည် သားရဲဘုရင်ကြီးကို ပုခုံးပေါ်တင်ကာ ပစ်ချခဲ့သည်။ ထိုသို့သော စွမ်းဆောင်မူကို ပြီးမြောက်ရန်အတွက် မည်မျှကြောက်စရာကောင်းသည့် ခွန်အားမျိုး လိုအပ်မည်နည်း။
ခရမ်းရောင်မျက်လုံးစွမ်နီသည် ချင်ယွင်၏ ပစ်ပေါက်ခြင်းကြောင့် မူးဝေသွားသည်။
သူ သတိပြန်ဝင်လာသည့်အခါ ဒေါသပေါက်ကွဲတော့မည်။
သို့သော်လည်း ချင်ယွင်က သူ့ကို မည်သို့ အသက်ရူခွင့်ပေးမည်နည်း။ သူသည် သူ့နောက်ကျောမှ နဂါးအတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ ပျံသန်းလာပြီး ခရမ်းရောင် မျက်လုံးစွမ်နီ၏ ရင်ဘတ်ရှေ့ကို ချက်ခြင်း ရောက်လာကာ ပြင်းထန်စွာ ရိုက်နှက်လိုက်သည် ။
သူ့လက်သီးချက်တွေက ခရမ်းရောင်မျက်လုံးစွမ်နီရင်တတ်ကို မုန်တိုင်းတစ်ခုကဲ့သို့ အကြင်နာကင်းမဲ့စွာ နှုတ်ဆက်လိုက်သည်။ လက်သီးတစ်ချက်ချင်းစီက တောင်ထိပ် တစ်ခုကိုပင် ဖြိုခွဲပစ်နိုင်သည့် ကြောက်စရာကောင်းသော စွမ်းအားများပါဝင်ပြီး ခရမ်းရောင် မျက်လုံးစွမ်နီသည် အသည်းအသန် အော်ဟစ်နေရသည်။
အဝေးက စစ်သားတွေက ဒီမြင်ကွင်းကို မြင်တော့ အားလုံး အံ့သြသွားတယ်။ လူသား တစ်ဦးသည် သားရဲဘုရင်ကို လက်တုံ့ပြန်ရန် မတတ်နိုင်သည့်အထိ အောင်နိုင်ခဲ့သည်။ ဒါက ရိုးရိုးရှင်းရှင်း မထင်မှတ်ထား လောက်အောင်ပါပဲ။
"ဝေါင်း…………!"
ခရမ်းရောင်မျက်လုံးစွမ်နီသည် ဒေါသထွက်နေသည်။ သူသည် လက်တုံ့ပြန်ချင်ပြီး သူ့ရှေ့မှာရှိသည့် ဤလူသားကို ပြာဖြစ်သည်အထိ နင်းချေပစ်ချင်သော်လည်း သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေသည့် ပြင်းထန်သော နာကျင်မှုတွေကို ခံနိုင်ရည် ရှိအောင် ကြိုးစားနေရသည်။
"ငါ မင်းကို သတ်မယ်!"
ခရမ်းရောင် မျက်လုံးစွမ်နီသည် ဒေါသတကြီး ဟိန်းဟောက်ကာ သူ၏မျက်လုံးများတွင် အနှိုင်းမဲ့ ဒေါသမီးတောက်မီးလျှံများ ပြည့်နှက်နေသည်။
"ဟမ့်၊ မင်းက ငါ့ကိုသတ်ချင်နေမှတော့ ငါ မင်းကို အရင်သတ်ပစ်မယ်!"
ချင်ယွင်က ဒေါသတကြီး အော်လိုက်သည်၊ သူ၏မျက်လုံးတွေက အေးစက်ပြီး ရက်စက် ကြမ်းကြုတ်သည့် အလင်းတန်းများဖြင့် တဖျပ်ဖျပ်တောက်ပနေကာ သူ့လက်ထဲမှာ အနှိုင်းမဲ့ ထက်ရှသော လျှပ်စီးလှံတစ်လက် ပေါ်လာသည်။
"ဖတ်!"
လျှပ်စီးလှံသည် ခရမ်းရောင်မျက်လုံးခြင်္သေ့၏ ကိုယ်ထဲသို့ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွားသည်။
ခရမ်းရောင်မျက်လုံးစွမ်နီသည် ကြေကွဲဝမ်းနည်းဖွယ် ညည်းတွားသံကို ထုတ်အော် လိုက်သည်။ ပြင်းထန်သော နာကျင်မှုက သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကို အဆက်မပြတ် လှုပ်ခါယမ်းသွားစေခဲ့သည်။
ချင်ယွင်သည် ထိုနေရာမှာတင် ရပ်တန့်ခြင်းမရှိပါဘူး။ လျှပ်စီးလှံတစ်လက်တည်းဖြင့် ဤကောင်ကြီးကို မသတ်နိုင်ပါဘူး။
ထို့ကြောင့် သူသည် ချက်ချင်းပင် ကောင်းကင်ယံသို့ ပျံသန်းသွားပြီး မိုးကြိုးနတ်ဘုရား လေးကို ထုတ်ယူလိုက်သည်။ လျှပ်စီးမြှားများကို တစ်စင်းပြီးတစ်စင်း ပစ်ခတ် ပြီးနောက် လျှပ်စီးမြှားများသည် ခရမ်းရောင်မျက်လုံးစွမ်နီ၏ ဝမ်းဗိုက်ထဲသို့ အပြင်းအထန် ထိုးဖောက်ဝင်ရောက်သည်။
ခရမ်းရောင်မျက်လုံးစွမ်နီ၏ ဝမ်းဗိုက်သည် အနူးညံ့ဆုံးနေရာ ဖြစ်သောကြောင့် လျှပ်စီးမြှားများသည် ခရမ်းရောင်မျက်လုံးစွမ်နီ၏ ခန္ဓာကိုယ်အတွင်းသို့ လွယ်ကူစွာ ထိုးဖောက်သွားနိုင်သည်။
"ဝှီး.. ဝှီး…… ဝှီး…!"
ချင်ယွင်သည် ရှည်လျားသော လျှပ်စီးမြှားများကို တစ်စင်းပြီးတစ်စင်း ပစ်ခတ်နေခဲ့ပြီး ခရမ်းရောင်မျက်လုံးစွမ်နီအား ခရမ်းရောင်မျက်လုံးစွမ်နီအား အသက်ရှုခွင့်ရပြီး နောက်တကြိမ် ပြန်တိုက်ခိုက်နိုင်ရန် အခွင့်အရေး မပေးတော့ပေ။ ဤကောင်ကြီးကို အခွင့်အရေးပြန်ပေးလိုက်သည်နှင့် ရလာဒ်သည် သူ စိတ်ကူးမယဉ်နိုင်သည်အရာများ ဖြစ်ပေါ်လာနိုင်ကြောင်း သူသိသည်။
သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားကို မြှင့်တင်ခြင်း၏ လျှို့ဝှက်ပညာရပ်သည် ကြာရှည်ခံမည် မဟုတ်ပေ။ ထို့ကြောင့် ခရမ်းရောင်မျက်လုံးစွမ်နီ အခွင့်အရေးပြန်ရသွားသည့်အခါ ဤတိုက်ပွဲတွင် အနိုင်ကျင့်ခံရမည့်သူမှာ သူချင်ယွင် ဖြစ်လာလိမ့်မည်။
"ဘုန်း…..!"
လျှပ်စီးမြှားပေါ်ရှိ ပြင်းထန်သောမိုးခြိမ်းများက ဆက်လက်ပေါက်ကွဲပြီး ကျယ်လောင် သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ခရမ်းရောင်မျက်လုံးစွမ်နီ၏ ဝမ်းဗိုက်သည် ကွဲကြေသွားကာ သွေးစိမ်းများ အဆက်မပြတ် ထွက်လာသည်။ ပြင်းထန်သော နာကျင်မူကြောင့် ခရမ်းရောင် မျက်လုံးစွမ်နီသည် အားအင်ကုန်ခမ်းကာ မောပန်းနေပြီ ဖြစ်သည်။
ချင်ယွင်သည် လျှပ်စီးမြှားတစ်ရာကျော်ကို ဆက်တိုက် ပစ်လွှတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်သည်လည်း နည်းနည်းလေးမှ ထိန်းမထား နိုင်လောက် အောင်ပင် အားနည်းလာခဲ့သည်။
"ဘုန်း!"
ခရမ်းရောင်မျက်လုံးစွမ်နီသည် မတ်တပ်ထရပ်ချင်သော်လည်း ဝမ်းဗိုက်တွင် နာကျင်မှု ကြောင့် ခြေလက်များ ထုံကျင်သွားကာ မတ်တပ်ရပ်ထလိုက်သော ခန္ဓာကိုယ်ကြီးသည် လဲကျသွားပြန်သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။ ခရမ်းရောင် မျက်လုံးစွမ်နီသည် လက်တုံ့ပြန်ရန် စွမ်းအားမရှိတော့သည်အထိ အရိုက် နှက်ခံထားရသည်ကို သူသိသည်။
သူသည် မြူနှင်းချောက်ဓားကို ခါးကြားမှဆွဲထုတ်ပြီး ခရမ်းရောင်မျက်လုံးစွမ်နီအား သူ၏အသက်နှင့်ပတ်သက်ပြီး သေသေချာချာ နားလည်ရန်အတွက် သေစေလောက် သည့် တိုက်ခိုက်မူတစ်ချက်ဖြင့် အဆုံးသတ်ပေးရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ချင်ယွင်သည် ငိုချင်လုမတတ် ဖြစ်သွားရသည်။
သူ၏ရင်ဘတ်ပေါ်ရှိ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်သည် ဤအခိုက်အတန့်တွင် အမှန်တကယ်ပင် တောက်ပလာနေပါသည်။
ထိုကဲ့သို့ ရင်းနှီးသော မြင်ကွင်းကြောင့် ချင်ယွင်သည် အဖြစ်အပျက်ကို မည်သို့ မသိနိုင်ဘဲ နေမည်နည်။ သူသည် သူ၏နှလုံးသားထဲတွင် မျက်ရည်များကျသည်အထိ ချက်ချင်းပင် ငိုချင်လာမိသည်။
"အစ်ကိုကြီး ကြာပန်းစည်းတံဆိပ်ရယ်၊ မင်းက သူ့ကို မယူချင်ခဲ့ဘူး မဟုတ်လား၊ တကယ်လို လိုချင်တယ်ဆိုရင်လည်း အမြန်ဆုံး ယူသင့်တယ်လေ။ ဘာလို့ အခု အချိန်အထိ တိုက်ခိုက်နေရမှာလဲ" ချင်ယွင်သည် ဒေါသကြောင့် ရူးသွပ်တော့မည်။
ဤတိုက်ပွဲသည် အလဟဿ ဖြစ်ခဲ့ရသည်။ သူတို့သည် အပြန်ပြန် အလှန်လှန် တိုက်ခိုက်ခဲ့ကြသော်လည်း နောက်ဆုံးတွင်၊ ၎င်းသည် သူ့အလိုလို ဖြစ်လာခဲ့ရသည်။ သူသည် အမှန်တကယ်ပင် ပြောစရာစကားမဲ့သွားခဲ့ရသည်။
မျှော်လင့်ထားသည့်အတိုင်း အစိမ်းရောင်ကြာပန်းစည်း တံဆိပ်၏အလင်းရောင် ထွက်ပေါ်လာသည်နှင့် ခရမ်းရောင်မျက်လုံးစွမ်နီ၏ ကြီးမားလှသော ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးနောက် ၎င်းကို အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ လေဟာနယ် နေရာလွတ်တစ်ခုတွင် သိမ်းဆည်းထားလိုက်သည်။
ခရမ်းရောင်မျက်လုံးစွမ်နီသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သို့ ဝင်ရောက်လာစဉ် ချင်ယွင်၏ စိတ်ထဲတွင် သခင်ကျွန်စာချုပ်တစ်ခု ပေါ်လာသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ နောက်ဆုံးမှာတော့ သားရဲဘုရင်သည် သူ့ကိုယ်ပိုင် ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင် ဖြစ်လာခဲ့ပါပြီ။
"ဟမ့် ၊ မင်းက ငါ့ကို ထိန်းချုပ်နိုင်ရင်တောင် မင်းကို ငါ့သခင်အဖြစ် ငါအသိအမှတ် မပြုဘူး ။"
သို့သော်လည်း ထိုအချိန်တွင် ခရမ်းရောင်မျက်လုံးစွမ်နီ၏ စကားများက ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် သူ၏နှလုံးသားထဲမှာ လှောင်ရယ်နေခဲ့သည်။ ဒီခရမ်းရောင်မျက်လုံး စွမ်နီသည် တော်တော်လေး မာနကြီးပုံရသည်။ သူ ထိန်းချုပ်ခံရပြီး ဖြစ်နေချိန်မှာ တောင် အရှုံးကိုဝန်ခံရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ သေချာသည်မှာ သူ့ကို မှန်မှန်ကန်ကန် သင်ကြားပေးရန် လိုအပ်နေပုံရသည်။
အတွေးတစ်ချက်ဖြင့် ခရမ်းရောင်မျက်လုံးစွမ်နီသည် ပြင်ပကမ္ဘာတွင် တစ်ဖန် ပြန်ပေါ် လာသည်။ ဟုတ်ပါသည်၊ ယခုအချိန်မှာ သူသည် လူသားပုံစံအဖြစ် ပြောင်းလဲနေပါပြီ။
"ဟမ့်၊ ငါ့ကို အသိမှတ်ပြုတာ အသိမှတ်မပြုတာ မင်းသဘောတိုင်း လုပ်လို့မရဘူး "
ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ ခရမ်းရောင်မျက်လုံးစွမ်နီ၏ စိတ်ထဲတွင် မိုးကြိုးပစ်သလိုမျိုး ကြီးမားသော ဖိအားကြီးတစ်ခု ပေါက်ကွဲသွားသည်။ ခရမ်းရောင် မျက်လုံးစွမ်နီ၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်လိုက်သည်။
စာစဉ် (၂၇)ပြီးပြီ။
ဘာသာပြန်သူ နေဇင်။