← Chapters

အခန်း (၄၁၆-၄၂၀)

Vol. 28 Ch. 416-420

အခန်း (၄၁၆-၄၂၀)

Vol. 28 Ch. 416-420

အခန်း (၄၁၆) အရှက်ကင်းမဲ့ခြင်း။

"ဘာလဲ၊ သူက သိုင်းဧကရာဇ်ချင်ယွင်လား ၊ မဖြစ်နိုင်ပါဘူး၊ သိုင်းဧကရာဇ်ချင်ယွင်က ဘယ်လိုလုပ် ဒီလောက်ငယ်ရတာလဲ"

အားလုံးက ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။

သိုင်းဧကရာဇ်ချင်ယွင်သည် ကောင်းကင်ဘုံအောက်ရှိ နံပါတ်တစ် သိုင်းဧကရာဇ် တစ်ပါးအဖြစ် လူသိများပြီး သိုင်းဧကရာဇ်များကြားတွင်ပင် ပြိုင်ဘက်မရှိပေ။

သိုင်းဧကရာဇ်ယုဖန်းလည်း ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်နေသည်။ သူ့ရှေ့မှာရှိနေ သည့် ဤလူငယ်သည် မကြာသေးမီကမှ ထင်ပေါ်ကျော်ကြားလာခဲ့သော သိုင်းဧကရာဇ် ချင်ယွင် ဖြစ်နေမည်ဟူ၍ သူလည်း မထင်ထားခဲ့ပေ။ ဤသိုင်းဧကရာဇ် ချင်ယွင်သည် ဤမျှ သန်မာလိမ့်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ဆဋ္ဌမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးသည် သူ၏ရှေ့တွင် ပြန်လည် တိုက်ခိုက်ရန်ပင် စွမ်းအားမရှိခဲ့ပေ။ သူကိုယ်တိုင်တောင်မှ ထိုသို့ မလုပ်နိုင်ပါဘူး။

သူကြောက်သွားပါပြီ။ ယခု သူ တကယ်ကို ကြောက်သွားခဲ့ပါပြီ။

သူ၏ရှေ့မှာရှိနေသည့် ဤလူငယ်သည် အကယ်၍ ချင်ယွင်မှန်းသာ သူသိခဲ့လျှင် ကျိဘိုင်ယုက ချင်ယွင်ကို ရန်စမိရအောင် သူတားဆီးနိုင်လိမ့်မည်။ သူသည် လူမြင်ကွင်းထဲရပ်ပြီး ချင်ယွင်ကို ပွင့်ပွင့်လင်းလင်း ရန်စလိမ့်မည်မဟုတ်ပေ။

သို့သော် ယခု သူသည် မနိုင်သည့်ကျားကိုမှ ခွစီးမိလေပြီ။ သူသည် ချင်ယွင်၏ အနှိုင်းမဲ့ ခက်ထန်သော အကြည့်များကို ရင်ဆိုင်နေရတော့သည်။

"ချင်ယွင် မင်းက အရမ်းသန်မာတယ်ဆိုတာ ငါသိတယ်၊ ဒါပေမယ့် ငါ့ရဲ့ တတိယညီငယ်လေးမှာ မင်းနဲ့ပတ်သက်ပြီး နာကျည်းစရာကောင်းလောက်အောင် ရန်ငြိုးရန်စလည်း မရှိခဲ့ဘူး၊ ပြီးတော့ မင်းက ငါ့ရဲ့ဒုတိယညီကိုလည်း ဘာလို့ ထိခိုက် နာကျင်စေခဲ့တာလဲ။ သူက ငါ့တတိယညီငယ်အတွက် လက်စားချေချင်ရုံပဲလေ။ သူက ဘယ်လိုရာဇ၀တ်မှုမျိုးကို ကျူးလွန်ခဲ့လို့လဲ။ မင်းက သူ့ကို အခုလို သတ်လိုက်တာက အလွန်လွှမ်းမိုးဗိုလ်ကျလွန်းရာ မရောက်ဘူးလား !” သိုင်းဧကရာဇ်ယုဖန်းသည် အေးစက်ပြီး ရန်လိုသည့်ဟန် ဆောင်လိုက်သည်။ သူ၏ညီငယ်များ မတရားခံရမူကို ခုခံကာကွယ်နေသလိုမျိုး သူ၏အသံက ဒေါသတွေနှင့် ပြည့်နေသည်။

သူ၏အသွင်အပြင်က ကုန်းပတ်ပေါ်မှာရှိနေကြသည့် လူတွေနှင့် တကယ်ကို လိုက်ဖက်ပါသည်။ လူတိုင်းက ချင်ယွင်ကို ကြည့်ပြီး သူ့ကို လက်ညှိုးထိုး ပြောကြသည်။

"ကြားရသလောက်ဆို ဒီသိုင်းဧကရာဇ်ချင်ယွင်က တကယ်ကို တော်တဲ့ လူတစ်ယောက် ပါ။ ပိရှစ်သိုင်းမြို့စားကို သားရဲဒီရေလှိုင်းကို တွန်းလှန်ရာမှာ ကူညီပေးခဲ့တယ်လို့ ငါကြားဖူးတယ်။ ဒါကြောင့် သူက အရမ်းရိုးသားတဲ့ လူတစ်ယောက်လို့ ထင်ထားခဲ့တာ။ သူ့ခွန်အားကိုအားကိုးပြီး အခုလို လူတွေကို ကျရာကြပန်းသတ်ဖြတ်တတ်သူလို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"

"မှန်တယ်။ ကျွန်တော်လည်း သူ့ကို စံပြတစ်ယောက်လို ဆက်ဆံဖူးပေမယ့် အခုတော့ သူနဲ့ပတ်သက်ပြီး ငါ တကယ် ရှက်မိပါတယ်"

"ဟေး၊ သူ့အကြောင်းပြောတာ တော်လိုက်ကြ။ သူက အရမ်းသန်မာတယ်၊ ငါတို့ အားလုံးကို သတ်ပစ်နိုင်တယ်။ သတိထားကြပါ။"

"မင်းက ဘာကိုကြောက်နေတာလဲ၊ သူက ငါတို့အားလုံးကို သတ်ပစ်နိုင်တယ်ဆိုတာ ငါမယုံဘူး။ ဒါ့အပြင် သိုင်းဧကရာဇ်ယုဖန်းကလည်း အရမ်းသန်မာတယ်လေ။ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ဒီသိုင်းဧကရာဇ်ချင်ယွင်က သိုင်းဧကရာဇ်ချင်ယွင်အတွက် ပြိုင်ဘက် ဟုတ်မဟုတ် တစ်ပွဲတစ်လမ်းလောက် ကြည့်လိုက်ချင်သေးတယ်"

"မှန်တယ်၊ ဒီသိုင်းဧကရာဇ်ချင်ယွင်က ဆိုးရွားတဲ့အသိတရားကို ပိုင်ဆိုင်ထားသည်။ သူက ဘယ်လိုလုပ် သိုင်းဧကရာဇ်ယုဖန်းနဲ့ ယှဉ်ပြိုင်နိုင်မှာလဲ။"

လူတိုင်းသည် အမှန်တရားဟု ထင်မြင်လာကြပြီး မခံမရပ်နိုင် ဖြစ်လာမူနှင့်အတူ ချင်ယွင်ကို စတင်အပြစ်တင်လာကြသည်။

သိုင်းဧကရာဇ်ယုဖန်းသည် လူတိုင်း၏စကားကို ကြားသောအခါတွင် သူ၏စိတ်နှလုံးထဲ တွင် ဝမ်းသာသည့် အရိပ်အယောင် ချက်ချင်း ပေါ်လာသည်။ ဟုတ်ပါသည်။ ယခု အချိန်မှာ သူလုပ်ဖို့လိုအပ်သည်က ချင်ယွင်သည် အားနည်းသူတွေကို ခွန်အား အားကိုပြီးပြီး အနိုင်ကျင့်တတ်သည် လူတစ်ဦးအဖြစ် လူတိုင်း ထင်မြင်လာအောင် ပုံဖော်ရန် ဖြစ်ပါသည်။ ဤနည်းဖြင့် ချင်ယွင်သည် သူ့အား တိုက်ခိုက်ရန် မျက်နှာ ထားမရှိတော့သည့်အတွက် သူလည်း ဤကပ်ဘေးဆိုးကြီးမှ လွတ်မြောက်နိုင်မည် ဖြစ်ပါသည်။

ချင်ယွင်၏ အမူအရာသည် မည်းမှောင်သွားသည်။ ဤသိုင်းဧကရာဇ်ယုဖန်းသည် အမှန်တကယ်ပင် အရှက်ကင်းမဲ့လွန်းသည်။ သူ သူ့ကို သတ်မသတ်ဝံ့အောင် ဖိအားတွေဖန်တီးရန်အတွက် လူထု၏အမြင်ကို အမှန်တကယ် အသုံးချချင်ခဲ့သည်။

သိုင်းဧကရာဇ်ယုဖန်းသည် ချင်ယွင်၏ မည်းမှောင်နေသည့် မျက်နှာအမူအရာကို မြင်သောအခါ၊ သူ၏မျက်လုံးများထဲတွင် ဒုက္ခပေးလိုသည့်အမူအယာ တစွန်းတစ ပေါ်လာသည်။ လူအများရဲ့ရှေ့မှာ မျက်နှာပျက်မှာစိုးသည့် ချင်ယွင်က သူ့ကို ထပ်ပြီး တိုက်ခိုက်ဝံ့ခြင်းမရှိဟု သူထင်ခဲ့သည်။

"ဟမ့်၊ ငါ့တတိယညီငယ်က မင်းနဲ့ ပြန်လည်သင့်မြတ်ရန် ရင်ကြားစေ့ဖို့ ကြင်နာစွာ ကြိုးစားခဲ့ပေမယ့် မင်း သူ့ကို ထိခိုက်နစ်နာစေခဲ့တယ်။ ငါ့ရဲ့ဒုတိယညီက မင်းနဲ့ ဘာရန်ငြိုးရန်စမှလည်း မရှိခဲ့ဘူး။ ဒါပေမယ့် မင်းက သူ့ကို သတ်ပစ်လိုက်တယ်။ ဒီလုပ်တွေနဲ့ပတ်သက်လို့ မင်း မရှက်ဘူးလား၊ ငါက သူတို့အတွက် လက်စား ချေပေးသင့်တယ်၊ ဒါပေမယ့် မင်းက ငယ်လေးလို့ ဒေါသအလျောက် မှားမိတာပါလို့ သဘောထားပြီး ငါ ဂရုမစိုက်တော့ပါဘူး။ မင်း ဒီသင်္ဘောပေါ်ကနေ ကိုယ့်ဘာသာ ထွက်သွားလိုက်ပါ။"။

"ဟုတ်တယ်၊ ဒီသင်္ဘောပေါ်ကနေ ထွက်သွားလိုက်တော့။ မင်းကို ဒီနေရာက မကြိုဆိုဘူး။"

"ထွက်သွားစမ်း ၊ သူက နံပါတ်တစ် သိုင်းဧကရာဇ်တစ်ပါး ဖြစ်နေတုန်းပဲလား၊ သူက နံပါတ်တစ် ခွေးတိရစ္ဆာန်ကောင်လို့ ငါထင်တယ်ဟေ့။ သခင်သိုင်းဧကရာဇ်ယုဖန်းက သူ့မှာ လူတွေအများကြီးရှိနေတာတောင် ဒီကောင်ကို လွှတ်ပေးလိုက်သေးတယ်။ တကယ်လို့ သူ့နေရာမှာ ငါသာဆိုရင် သူ့ကို သတ်ပစ်လိုက်ပြီ!"

"ဟင်း၊ သိုင်းဧကရာဇ်ယုဖန်းဟာ သိပ်ကို အကြင်တရား အားကြီးလွန်းပါတယ်။ သူက သည်းခံနိုင်စရာမကောင်းလောက်အောင် ဆုံးရှုံးမူတွေ ရှိခဲ့ပေမယ့် သူက သည်းခံနိုင် ခဲ့တယ်.။ တကယ်လို့ သူလှုပ်ရှားလိုက်မယ်ဆို ဒီသိုင်းဧကရာဇ်ချင်ယွင် အတွက် သိပ်ကို ဈေးပေါလွန်းရာ ကျသွားလိမ့်မယ်။"

လူတိုင်းက အော်ဟစ်ပြောဆိုနေကြပြီး၊ ချင်ယွင်ကိုကြည့်သည့် သူတို့အကြည့်တွေက ခက်ထန်မူတွေနှင့် ပြည့်နှက်နေခဲ့သည်။

သိုင်းဧကရာဇ်ယုဖန်းသည် လူတိုင်း၏စကားကို ကြားသောအခါ ရက်စက်ယုတ်မာသော အပြုံးကို မထိန်းနိုင်ဘဲ ထုတ်ဖော်လာမိသည်အထိ ဖြစ်ရသည်။ သူက စိတ်ထဲတွင် အထင်သေးဟန်ဖြင့် ပြောမိသည် "မျိုးမစစ်ကောင်၊ မင်းက ငါ့ကို တိုက်ခိုက်နိုင်ဖို့ အဝေးကြီး လိုပါသေးတယ်။ ငါ မင်းကို မရိုက်နိုင်ပါဘူး။ ဒါပေမယ့် ငါက မင်းကို ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားဖို့လည်း လုံးဝ မလိုအပ်ဘူးကွ"

ချင်ယွင်၏ မျက်လုံးများ ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်။ ဤ သိုင်းဧကရာဇ် ယုဖန်းသည် ထိုသို့သောစကားများကိုပင် ပြောဆိုနိုင်သည့်အထိ အရှက်ကင်းမဲ့ လွန်း၏။

သို့သော် သူသည် ချင်ယွင်ကို လျှော့တွက်ထားဆဲ ဖြစ်သည်။ ချင်ယွင်ကရော ဤကမ္ဘာလောကကြီး၏ အမြင်ကို ဂရုစိုက်တတ်သည့် သူစားမျိုးလား။

ဝှီး!

ချင်ယွင်၏ပုံရိပ်သည် လေလှိုင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး သိုင်းဧကရာဇ်ယုဖန်း ၏ ရှေ့သို့ ချက်ချင်းရောက်လာသည်။ သိုင်းဧကရာဇ်ယုဖန်း မတုံ့ပြန်နိုင်ခင်မှာ သူသည် သိုင်းဧကရာဇ်ယုဖန်း၏ မျက်နှာကို တိုက်ရိုက် ပါးရိုက်ပစ်လိုက်သည်။

သိုင်းဧကရာဇ်ယုဖန်း၏ ခန္ဓာကိုယ်သည် ဂျင်တစ်ခုကဲ့သို့ ချက်ချင်းပင် လှည်ပတ် သွားသည်။ သူ လည်ပတ်တာတန့်ရန် သုံးမိနစ်ခန့် အချိန်ယူခဲ့ရသည်။

သူ၏အံသွားများ ပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ရင်း သူသည် ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်နေလေသည်။

နဝမအဆင့် ကောင်းကင်အလွှာ သိုင်းဧကရာဇ်တစ်ပါးသည် ချင်ယွင်၏ ရှေ့မှောက်တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် မရှိခဲ့ပေ။ ချင်ယွင်၏စွမ်းအားသည် အလွန်ကြောက်စရာ ကောင်းသည်ဟုသာ ဆိုလိုနိုင်ပါသည်။ သူသည် သိုင်းဧကရာဇ်တစ်ပါး၏စွမ်းအားကို လုံးဝ ကျော်လွန်နေပြီ ဖြစ်သည်။

"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ လူတွေကို သတ်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားနေ တာလား။" သိုင်းဧကရာဇ်ယုဖန်းက ကမန်းကတန်း အော်လိုက်သည်။

သူ၏သတိပေးဟန်ဖြင့် အော်ဟစ်သံသည် ချက်ချင်းပင် လူအုပ်၏ဒေါသကို နှိုးဆွနိုင် ခဲ့ပြီး ပတ်ဝန်းကျင်မှ ကြည့်ရှုသူလူအများသည် သိုင်းဧကရာဇ်ယုဖန်း သတ်ဖြတ်ခံရခြင်း မှ တားဆီးရန်အတွက် ချင်ယွင်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

"ဖယ်ကြစမ်း!" ချင်ယွင်က လှမ်းအော်လိုက်ပြီး ပတ်ပတ်လည်ကို စိုက်ကြည့် လိုက်သည်။ သူ၏အရှိန်အဟုန်က တခဏအတွင်း ပေါက်ကွဲသွားခဲ့သည်။

ချင်ယွင်၏ ဒေါသပေါက်ကွဲထွက်လာသည့် အငွေ့အသက်ကြောင့် ပတ်ဝန်းကျင်ရှိ လူများအားလုံးကို ကြောက်ရွံ့ထိတ်လန့်သွားကြကာ သူတို့အားလုံး ရပ်တန့် သွားကြသည်။

သို့သော် ထိုလူများသည် လက်မလျှော့ကြသေးပေ။ အဝေးမှာရပ်နေကြပြီး သူတို့က ချင်ယွင်ကို အေးစက်စွာကြည့်ရင်း ပြောသည် " ချင်ယွင်၊ မင်းကို ငါတို့ အနိုင်မယူ နိုင်ပေမယ့် သိုင်းဧကရာဇ်ယုဖန်းကို ဒီအတိုင်းကြီး သတ်ဖြတ်မှာကိုတော့ ငါတို့က ခွင့်မပြုနိုင်ဘူး။ တကယ်လို့ မင်းသာ ဒီနေ့ သိုင်းဧကရာဇ်ယုဖန်းကို သတ်ဝံ့ရင်၊ ငါတို့အားလုံးကိုပါ တခါတည်း မသတ်ခဲ့ဘူးဆိုရင် ငါတို့အနေနဲ့ မင်းရဲ့ အကျင့် စရိုက်တွေကို သေချာပေါက် ဖြန့်ပြီး မင်းရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ရလိမ့်မယ်"

"မှန်တယ်၊ ချင်ယွင်၊ မင်း ငါ့ကို သတ်လိုက်တာက မင်းအတွက် လုံးဝ အကျိုးမရှိပါဘူး။ မင်းက သတ်ဖြတ်မူကြီးကို ကျူးလွန်တာ လုံလောက်ပါပြီ ။ မင်း နတ်ဆိုးတစ်ယောက် ဖြစ်သွားချင်သလား" သိုင်းဧကရာဇ်ယုဖန်းက လူတော်လူကောင်းတစ်ယောက်လို ဟန်ဆောင်ရင်း ဒေါသတကြီး ပြောလိုက်သည် ။

"ဟား၊ ဟား။ ငါက နတ်ဆိုးတစ်ယောက် ဖြစ်သွားမှာလား?" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သိုင်းဧကရာဇ်ယုဖန်း၏ စကားကြောင့် သူ တကယ် ဒေါသထွက်သွားခဲ့သည်။ ဒီလူ၏အရေပြားက မြို့ရိုးထက်တောင် ပိုထူသေး၏။

ရုတ်တရက် ချင်ယွင်၏ မျက်လုံးများက အေးစက်သွားကာ သူ၏အငွေ့အသက်က ပေါက်ကွဲထွက်လာသည်။ သိုင်းဧကရာဇ်ယုဖန်းအပေါ် အနှိုင်းမဲ့ကြီးမားသည့် အငွေ့အသက်တစ်ခုက သက်ရောက်သွားသည်။

"ငါက နတ်ဆိုးတစ်ယောက်လား။ ဇူယုဖန်း၊ ခင်ဗျား ဒီလိုစကားမျိုးကို မကြောက်မရွံ့ တကယ်ကို ပြောထွက်တယ်နော် ။ ခင်ဗျားရဲ့လက်ထဲမှာ မိန်းမဘယ်လောက်များများ သေသွားမှန်း ကျုပ် မသိဘူး၊ တစ်ထောင်မရှိရင်တောင် အနည်းဆုံး အမျိုးသမီး ရှစ်ရာတော့ ရှိလိမ့်မယ်။ ဟုတ်တယ်မဟုတ်လား ။ ပြီးတော့ ကျိဘိုင်ယုက ပြန်လည် သင့်မြတ်ဖို့အတွက် ကျုပ်ဆီ တကယ်လာရှာတာလား။ သူ ကျုပ်ကိုသတ်ဖို့ ဘယ်လို ပြင်ဆင်ထားလဲဆိုတာကို ခင်ဗျားက ဘာလို့ လူတိုင်းကို ပြောမပြရတာလဲ။ ပြီးတော့ သူ ကျုပ်မိန်းမကိုရယူဖို့အတွက် ကာမရာဂနိုးဆွခြင်းဆေးရည်ကို ခင်ဗျားက ဘယ်လို ပြင်ဆင်ပေးလိုက်လဲ ဆိုတာကိုရောပေါ့။ ချင်ယွင်က သိုင်းဧကရာဇ်ယုဖန်းကို ကြည့်ပြီး အထင်သေးဟန်ဖြင့် ပြောလိုက်သည် " ပြီးတော့ ခင်ဗျားက ဒါကို ဖုံးဖိထားခဲ့ပြီး ကျုပ်က ခင်ဗျားကို ဘာမှမလုပ်ရဲအောင် တွန်းအားပေးခိုင်းဖို့အတွက် လူအားလုံးနဲ့ ရန်တိုက် ပေးလိုက်သေးတယ် "။

ချင်ယွင်၏စကားသံ ပြီးဆုံးသွားသည်နှင့် ရောက်ရှိလာသူအားလုံးသည် အံ့ဩသွား ကြသည်။ သိုင်းဧကရာဇ်ယုဖန်းက သူတို့ကို လှည့်စားခဲ့တာလား။

" အဓိပ္ပာယ်မရှိလိုက်တာ ၊ မင်းက ဒါကို တမင်တကာ လုပ်ကြံဖန်တီးပြီး ပြောနေတာပဲ !" သိုင်းဧကရာဇ်ယုဖန်းက လူတိုင်းက သူ့ကို မယုံသင်္ကာစိတ်နှင့် ကြည့်နေကြသည်ကို မြင်လျှင် အလောတကြီး ပြောလိုက်သည်။

" အဓိပ္ပာယ်မရှိဘူး ဟုတ်လား " ၊ ချင်ယွင်က အထင်သေးဟန်ဖြင့် ဆက်ပြောသည် "ကျိဘိုင်ယု ရူးသွပ်သွားရတဲ့ အကြောင်းရင်းက စိတ်ကြွဆေးထဲမှာမှ အယုတ်နိမ့်ဆုံး ဖြစ်တဲ့ ကာမရာဂနိုးဆွခြင်းဆေးရည်ကို စားသုံးခြင်းကြောင့်ပဲ။ အဲဒီဆေးကို ခင်ဗျားက ပဲ သူ့ကို ပေးလိုက်တာပဲ မဟုတ်လား။

ချက်ချင်းဆိုသလို သိုင်းဧကရာဇ်ယုဖန်း၏နှလုံးသည် တစ်ချက်ခုန်သွားပြီး သူသည် ချင်ယွင်ကို ထိတ်လန့်တကြား ကြည်လိုက်သည်။

"သူ ဘယ်လိုလုပ် သိသွားတာလဲ၊ ငါ ကျိဘိုင်ယုကို ကာမရာဂနိုးဆွခြင်း ဆေးရည် ပေးတယ်ဆိုတာကို ငါတို့သုံးယောက်ပဲ သိတာပါ။ သူသိဖို့က မဖြစ်နိုင်ပါဘူး။ သူ့ကို ကျိဘိုင်ယု ပြောပြတာများ ဖြစ်နိုင်မလား" သိုင်းဧကရာဇ်ယုဖန်း၏ မျက်နှာသည် စိတ်ပျက် အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် ထိုအချိန်တွင် ချင်ယွင်သည် သူ၏ခါးပေါ်ရှိ သိုင်လှောင်အိတ်ကို ဆွဲယူလိုက်ပြီး အိတ်ထဲမှ အစိမ်းရောင်ဖန်ပုလင်းကို တိုက်ရိုက်ထုတ်လိုက်သည်။

ထိုဖန်ပုလင်းကို တွေ့လိုက်သောအခါတွင် လူတိုင်း၏မျက်နှာပေါ်တွင် ဝေခွဲမရ ဖြစ်မူများက ပို၍ ပြင်းထန်လာလေသည်။

သိုင်းဧကရာဇ်ယုဖန်း၏ မျက်နှာသည် ပြာဝေသွားသည်။

ထိုအခိုက်တန့်တွင် ချင်ယွင်က ပြုံးလိုက်ပြီး သိုင်းဧကရာဇ်ယုဖန်းကို ကြည့်လိုက်သည်။ "ဇူယုဖန်း၊ ခင်ဗျား ဒီအရသာကို မြည်းစမ်းကြည့်ချင်တယ်မလား"

အခန်း (၄၁၇) ချန်မင်ရှီ၏ ကူရာမဲ့ဖြစ်ခြင်း။

သိုင်းဧကရာဇ်ယုဖန်းသည် ချင်ယွင်၏စကားကိုကြားသောအခါ သူသည် ချက်ချင်းပင် အကြောက်လွန်ပြီး အသိဉာဏ်ကင်းမဲ့သွားသည် ။

ကျိဘိုင်ယု၏ နောက်ဆုံးပုံစံကို အရင်က သူ မမြင်ဖူးတာလည်း မဟုတ်ပါဘူး။ ကျိဘိုင်ယုသည် လုံးဝကို အရူးတစ်ယောက် ဖြစ်သွားခဲ့တယ်။ သူသည် ထိုပုံစံမျိုး ဖြစ်လိုစိတ် မည်သို့ ရှိနိုင်မည်နည်း။

"ပြေး!"

သိုင်းဧကရာဇ်ယုဖန်းသည် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိတော့သည်။ ထို့ကြောင့် သူသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်အားလုံးကို အမြန်စုစည်းလိုက်ပြီး ပင်လယ်ဘက်ဆီသို့ ပျံသန်းသွားခဲ့သည်။

အကယ်၍ သူသာ ပင်လယ်ထဲသို ထွက်ပြေးလွတ်သွားမည်ဆိုလျှင် အသက်ရှင်ရန် အခွင့်အလမ်း ရှိကောင်းရှိနိုင်သည်။ သို့သော် အကယ်၍ သူသာ ဤနေရာမှာ ဆက်ရှိနေဦးမည်ဆိုလျှင် သူ့ကို အရူးတစ်ယောက်ဖြစ်အောင် လုပ်ကြလိမ့်မည်။

သို့သော် ချင်ယွင်သည် သူ၏ ရည်ရွယ်ချက်များကို မည်သို့ မမြင်နိုင်ဘဲ ရှိမည်နည်း။ သူ သင်္ဘောကုန်းပတ်ပေါ်မှ တဟုန်ထိုး ထွက်ပြေးခါနီးမှာ ချင်ယွင်က သူ့ရှေ့မှာ ပေါ်လာပြီး သူ၏လည်ပင်းကို လှမ်းဆွဲလိုက်သည်။

သိုင်းဧကရာဇ်ယုဖန်းသည် ချက်ချင်းဆိုသလို မလှုပ်ရှားနိုင်တော့ပေ။

စကားတစ်ခွန်းမှ မပြောတော့ဘဲ ချင်ယွင်သည် ကာမရာဂနိုးဆွခြင်း ဆေးရည် တစ်ပုလင်းလုံးကို သိုင်းဧကရာဇ်ယုဖန်း၏ ပါးစပ်ထဲသို့ တိုက်ရိုက် လောင်းထည့်ချ လိုက်သည်။

သိုင်းဧကရာဇ်ယုဖန်း၏ မျက်လုံးများသည် ကြောက်ရွံ့မှုနှင့်အတူ စိတ်ပျက် အားငယ်မှု တို့ဖြင့် ပြည့်နှက်နေသည်။ သူက ချင်ယွင်ကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ် ကြိမ်းမောင်းသည် " ချင်ယွင် ၊ ငါ မင်းရဲ့မိသားစု တစ်ခုလုံးကို သတ်ပစ် ချင်……...."။

သို့သော် သူစကား တစ်ဝက်တစ်ပျက်မှာပင် သူ့မျက်လုံးတွေက ဝေဝါးလာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်ပူလောင်ပြီး ခြောက်သွေ့လာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ချင်းပင် ကျိုးကြောင်းဆင်ခြင်မူအသိဉာဏ် ပျောက်ဆုံးသွားပြီး ခွေးရူးတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။

ထိုမြင်ကွင်းကို အားလုံးမြင်လိုက်ရသည့်အခါ လူအားလုံးသည်လည်း ထိတ်လန့် တုန်လှုပ်သည် အမူအရာတွေ ပေါ်လာကြသည်။

ယခုအချိန်မှာ သူတို့သည် ချင်ယွင်၏ စကားများကို လုံးလုံး ယုံကြည်သွားကြသည်။ ထိုဖန်ပုလင်းသည် အလွန်ပြင်းထန်သော ဆေးဖက်ဝင် အာနိသင်များပါဝင်သည့် ကာမရာဂနိုးဆွဆေးရည်များဖြင့် ပြည့်နှက်နေခဲ့သည်။

"ဒါဆို ငါတို့အားလုံးက သိုင်းဧကရာဇ်ယုဖန်းရဲ့လှည့်စားခြင်းကို ခံခဲ့ရတာပေါ့။ ဒီကောင်က ဒီလောက် အရှက်ကင်းလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ သူက တခြားသူတွေကို ရင်ဆိုင်ဖို့အတွက် အခုလို စက်ဆုပ်ရွံရှာဖွယ် နည်းလမ်းတွေကို တကယ်ကို အသုံးပြုခဲ့တာပဲ ။ သိုင်းဧကရာဇ်ချင်ယွင်က သူတို့ကို သတ်ချင်နေတာ အံ့သြစရာတော့ မဟုတ်တော့ဘူး။"

"မှန်တယ်။ ကျိဘိုင်ယုဟာ သိုင်းဧကရာဇ်ချင်ယွင် သင်္ဘောပေါ်တက်ကတည်းက တားဆီးခဲ့တယ်။ အဲဒီအချိန်ကတည်းက ငါ သံသယတော့ ဖြစ်မိသား။ ဒါပေမယ့် သိုင်းဧကရာဇ်ဘိုင်ယုရဲ့ အကျင့်စရိုက်နဲ့ပတ်သက်ပြီး သိပ်ပြီးမစဉ်းစားမိတော့ ငါ သူ့ကို ယုံကြည်သွားမိတယ်။ အခု သေချာ ပြန်စဉ်းစားကြည့်တော့ သိုင်းဧကရာဇ် ယုဖန်းနဲ့ သိုင်းဧကရာဇ်ဘိုင်ယုတို့က သိုင်းဧကရာဇ်ချင်ယွင်အပေါ်မှာ အမှားလုပ်ခဲ့ကြတာပဲ။”

"မှန်တာပေါ့၊ သိုင်းဧကရာဇ်ချင်ယွင်က လူသားတွေအကျိုးအတွက် သားရဲဒီရေလှိုင်းကို တွန်းလှန်ရာမှာ ပါဝင်ကူညီပေးခဲ့တယ်။ သူလိုလူတစ်ယောက်က ဘယ်လိုလုပ် လူဆိုး တစ်ယောက် ဖြစ်လာနိုင်မှာလဲ။"

"ဟမ့်၊ ဖြစ်ပျက်ပြီးမှ နားလည်တဲ့လူတစ်စုကများ !"

ချင်ယွင်ကို အပြစ်တင်မိခြင်းအတွက် လူတိုင်းသည် ရှက်ရွံ့နေခဲ့ကြသည်။

ထိုမြင်ကွင်းကို မြင်လျှင် ချင်ယွင်သည် မည်သည့်စကားမှ ပြန်မပြောတော့ပေ။ သူသည် သူ၏လက်ထဲတွင်ရှိနေသော လိင်စိတ်ဆန္ဒ ထကြွသောင်းကျန်းနေသော ခွေးထီး တစ်ကောင်လို ဖြစ်နေသည့် သိုင်းဧကရာဇ်ယုဖန်း ကြည့်လိုက်ရင်း သူ၏ မျက်လုံးများတွင် စက်ဆုပ်ရွံရှာဖွယ် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ၏ လက်ချောင်းထိပ်မှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သိုင်းဧကရာဇ်ယုဖန်း၏ လည်ပင်းကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။ သူသည် သိုင်းဧကရာဇ်ယုဖန်း၏ အသက်ကို အဆုံးသတ်ကာ သူ၏အလောင်းကို ပင်လယ်ထဲသို့ ပစ်ချလိုက်သည်။

ချင်ယွင်သည် သိုင်းဧကရာဇ်ယုဖန်း၏ အလောင်းကို ပင်လယ်ထဲသို့ ပစ်ချပြီးနောက် နစ်မြုပ်သွားပြီး ဆိတ်သုဉ်းခြင်းသားရဲများ ကိုက်စားနေသည့် မြင်ကွင်းကို သူ့မျက်နှာပေါ်တွင် မည်သည့်သနားကြင်နာမူမှ မရှိဘဲ ကြည့်လိုက်သည်။

ဤသုံးယောက်သည် အကျင့်ပျက်နေသည့် လူများဖြစ်ကြသည်။ အကယ်၍ သူတို့ သေသွားပြီဆိုမှတော့ သေသွားပြီပေါ့။ အကယ်၍ ဤသုံးယောက်သည် သူနှင့် မတွေ့ခဲ့ဘူးဆိုလျှင်တောင် နောက်ပိုင်း အနှေးနှင့် အမြန်ဆိုသလို သေမည့်သူများ ဖြစ်ကြပါသည်။

ချင်ယွင်သည် ခေါင်းခါယမ်းလိုက်ပြီး အနည်းငယ် ညီစီစီဖြစ်လာသလို ခံစားရသည့် အတွက် ပြန်လှည့်ကာ အခန်းထဲသို့ ပြန်သွားရန် ကြံရွယ်လိုက်သည်။

ထိုအချိန်တွင် ချင်ယွင်သည် တတိယထပ်၏ တစ်ခုတည်းသောအခန်းကို ကြည့်ရန် ခေါင်းကို ရုတ်တရက် မော့လိုက်သည်။ ချန်မင်ရှီသည် ပြတင်းပေါက်ရှေ့တွင် မျက်နှာကို ဖုံးအုပ်ကာ ရပ်နေသည်ကို သူတွေ့လိုက်ရသည်။ သို့သော်လည်း ချင်ယွင်သည် ချန်မင်ရှီ၏အကြည့်သည် သူ့အပေါ်တွင် ရှိနေသည်ဟု ခံစားနိုင်သည်။

ချင်ယွင်က ပြုံးပြပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ချန်မင်ရှီကို နှုတ်ဆက် လိုက်သော်လည်း ချန်မင်ရှီသည် သူ့ကို လျစ်လျူရှုထားပုံရသည်။

ချင်ယွင်သည် တခဏကြာအောင် ကူကယ်ရာမဲ့ဖြစ်ကာ ရပ်တန့်ပြီးနောက် သူ၏ အခန်းဆီသို့ လှည့်လိုက်တော့သည်။

သို့သော် ချင်ယွင်သည် သူ၏အခန်းထဲသို့ ဝင်သွားပြီးနောက်တွင် ခါးကိုင်းနေသော အသွင်အပြင်နှင့် အဘွားအိုတစ်ဦးသည် ချန်မင်ရှီ၏ အခန်းထဲတွင် ပေါ်လာသည်။ သူမသည် ပြတင်းပေါက်တွင် ရပ်နေဆဲဖြစ်သော ချန်မင်ရှီကို စူးစူးဝါးဝါး ကြည့်ပြီး တမင်တကာ ချောင်းဟန့်လိုက်လေသည်။

"သခင်မလေး၊ သခင်မလေးက အဲဒီလူငယ်ကို ကြိုက်နေတာလား" အဘွားအို၏ ဆံပင်များသည် မီးခိုးရောင်သမ်းနေသော်လည်း သူမ၏မျက်လုံးများသည် အလွန် ကြည်လင်တောက်ပနေပါသည်။ ထိုအချိန်တွင် သူမသည် ထက်ရှသော ဓားနှစ်ချောင်း ကဲ့သို့ ချန်မင်ရှီကို ကြည့်လိုက်သည်။

"မဟုတ်ပါဘူး၊ သမီးက သူ့ကို နှစ်ကြိမ်ပဲ တွေ့ဖူးတာပါ။ မိတ်ဆွေသူငယ်ချင်း လို့တောင် သတ်မှတ်လို့ မရပါဘူး။" ချန်မင်ရှီက တည်ငြိမ်စွာ ပြောသည်။

အဘွားအိုသည် ချန်မင်ရှီကို သုံးစက္ကန့်ကြာအောင် စစ်ဆေးကြည့်ရူသည်။ ထို့နောက်မှ သူမက ခေါင်းညိတ်ပြီး တည်ငြိမ်စွာ ပြောသည် "ကောင်းတယ်။ သခင်မလေးက ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးနဲ့ လက်ထပ်ရမယ်ဆိုတာ သိထားရမယ်။ မဟုတ်ရင် ငါတို့ချန်ကလန်က ဒီအကျပ်အတည်းမှာ ရှင်သန်ဖို့ အရမ်းခက်လိမ့်မယ်။ တကယ်လို့ သခင်မလေးက အဲဒီလူငယ်အပေါ်မှာ ခံစားချက်တွေရှိနေတယ်ဆိုရင် ဒီအဘွားကြီးက ကလန်ခေါင်းဆောင်ရဲ့ အမိန့်မပါဘူးဆိုရင်တောင် သူ့ကို သတ်ပစ်ရ လိမ့်မယ်"

"အဖွားကျောက်၊ သမီး သိပါတယ်။" ချန်မင်ရှီ ခေါင်းညိတ်လိုက်သည်။

အဖွားကျောက်လည်း ခေါင်းညိတ်လိုက်သည်။ သူမသည် ဤအကြောင်းအရာကို ရပ်ထားခြင်းမရှိဘဲ ဆက်ပြောလိုက်သည် "ယခင်ကတည်းက အခုနှစ်မကုန်မီ လက်ထပ်ခွင့်ပြုရန်အတွက် ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးအထံမှ အဆိုပြုချက် ကို သဘောတူထားပြီးဖြစ်ကြောင်း ကလန်ခေါင်းဆောင်က သတင်း ပို့ပေးခဲ့ပြီး ဖြစ်တယ်။

"ဘာ၊ ကျွန်မတို့က နောက်ထပ် နှစ်နှစ်လောက် စောင့်ရမယ်လို့ မပြောခဲ့ဘူးလား။ ဘာလို့ ဒီနှစ်ကုန်ဖြစ်ရတာလဲ" ချန်မင်ရှီက ကမန်းကတန်း မေးလိုက်သည်၊ သူမ၏ မျက်ခုံးများသည် မျက်နှာကာဇာပဝါအောက်တွင် တွန့်သွားသည်။

"သခင်မလေး၊ သခင်မလေးက မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးနဲ့ လက်ထပ်ရမှာပဲလေ။ နှစ်နှစ်ထက်ပဲ စောစော၊ နှစ်နှစ်ထက်ပဲ နောက်ကျနောက်ကျ ဒီကြားထဲ ဘာကွာခြားချက်များ ရှိလို့လဲ၊ ရှောင်ယန်ဂိုဏ်းရဲ့ အကူအညီ မရှိခဲ့ဘူးဆိုရင် ငါတို့ချန်ကလန်ဟာ ဟိုးရှေးရှေးတုန်းကလည်းက နာမည်ပါ ပျောက်ကွယ်သွားခဲ့ပြီဆိုတာကို မမေ့ပါနဲ့။ ဒါက ငါတို့ချန်ကလန်ခေါင်းဆောင်ရဲ့ အမိန့်ပဲ။ သခင်မလေးလည်း အမိန့်ကို နာခံရမယ်။” အဖွားကျောက်က အေးစက်စွာ ပြောသည်။

" အိမ်ပြန်ရောက်တဲ့အခါ ကျွန်မ အဖေနဲ့ စကားပြောရမယ်" ချန်မင်ရှီက မကျေမနပ် လေသံဖြင့် ပြောလိုက်သည်။

"သခင်မလေး၊ သခင်မလေးက ရိုင်းရိုင်းစိုင်းစိုင်း လုပ်လို့မရဘူးနော်။ တကယ်လို့ သခင်မလေးက ကလန်ခေါင်းဆောင်ကို သွားတွေ့မယ်ဆိုရင်တောင် ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့က မဖြစ်နိုင်ဘူး။ သခင်မလေး သိတဲ့အတိုင်းပဲ၊ ခေါင်းဆောင်က သူ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်တဲ့လူတွေကို အမုန်းဆုံးပဲ။ နောက်ပြီး သခင်မလေး စိတ်လက်ပြေပျောက် အနားယူဖို့အတွက် ထျန်းယွန် တိုက်ကြီးကို လာချင်တယ်လို့ ပြောတုန်းက ခေါင်းဆောင်က သခင်မလေးကို သဘောတူ ခွင့်ပြုပေးခဲ့တယ်။ ခေါင်းဆောင်က ဒီကိစ္စနှင့်ပတ်သက်ပြီး သဘောကျ ကျေနပ်တယ်လို့ ထင်နေတာလား " အဖွားကျောက်က ယဉ်ကျေးမူမရှိဘဲ ပြောလိုက် သည် ။

"တော်လောက်ပြီ၊ အဘွာကျောက် ဆင်းသွားလို့ရပြီ။ ကျွန်မ ကျင့်ကြံလိုက်ဦးမယ်။" ချန်မင်ရှီက ချက်ချင်းပင် အေးစက်စွာပြောပြီး ဧည့်သည်ကို နှင်ထုတ်ရန် အမိန့်ပေး လိုက်သည်။

"သခင်မလေးက ကျင့်ကြံချင်တယ်ဆိုမှတော့ ဒီအဘွာကြီးက အရင်ထွက်သွားပါ့မယ်။ သခင်မလေးက ချန်ကလန်မှာ မွေးပြီး ချန်ကလန်အတွက်ပဲ သေဆုံးရမယ်ဆိုတာကို တော့ ဒီအဘွားကြီးက သခင်မလေးကို အကြံပေးချင်တယ်။ တကယ်လို့ ကလန်ခေါင်းဆောင်က သခင်မလေးကို ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးနဲ့ လက်ထပ်စေချင်တယ်ဆိုရင် သခင်မလေးကလည်း ရှောင်ယန်ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးအတွက်ပဲ ဖြစ်ရမယ်။" အဖွားကျောက်က ဦးညွှတ်ပြီး အခန်းထဲမှ ထွက်လာစဉ် အေးစက်စွာ ပြောလိုက်သည်။

အဖွားကျောက် ထွက်သွားသည်ကိုမြင်တော့ ချန်မင်ရှီသည် ကြေးမှန်တစ်ချပ်ကို လှမ်းကြည့်လိုက်ပြီး သူမမျက်နှာပေါ်က မျက်နှာဖုံးကာဇာပဝါကို ချွတ်လိုက်သည်။ အလွန်လှပပြီး အေးစက်စက် မျက်နှာလေးတစ်ခု ပေါ်လာလေသည်။

အလွန့်လွန်လှပသော မျက်နှာလေးသည် ရင်သပ်ရှုမောဖွယ် ကောင်းလှပါသည်။ ထိုမျက်နှာလေးပေါ်တွင် မည်သည့်အမွှေးနံ့သာအမှုန့်ကိုမျှ မလိမ်းချယ်ထား သော်လည်း၊ သူမသည် ကောင်းကင်အင်မော်တယ်နတ်သမီးတစ်ပါးနှင့်တူသည်။ သူမ၏ရုပ်ရည်အသွင်အပြင်သည် ရန်စီချီထက်ပင် ပိုပြီးလှပတင့်တယ်နေပါသည်။ သူမသည် “ရေထဲပြုတ်ကျသောငါး”၊ “ထွက်ပြေးသွားသော တောငန်းရိုင်း”၊ “လရောင်မဲ့ပန်းတစ်ပွင့်” စသောစကားလုံးများနှင့် လုံးဝထိုက်တန်ပါသည်။

သို့သော် ယခုအခိုက်အတန့်တွင် ချန်မင်ရှီ၏ အလွန်လှပပြီး လှုပ်ရှားသင်ဝင်နေသော မျက်နှာပေါ်တွင် တိတ်ဆိတ်မှု တစ်ခု ပေါ်လာသည်။ သူမ၏ပါရမီသည် အံ့ဩစရာ ဖြစ်ပြီး သူမသည် နှစ်ပေါင်းတစ်ရာအတွင်း ရှားပါးလှသည့် ပါရမီရှင်တစ်ဦး အဖြစ် ချီးကျူးခံခဲ့ရသည်။ သူမ၏ရုပ်ရည်အသွင်အပြင်သည် ကောင်းကင်အင်မော်တယ် နတ်သမီးကဲ့သို့ပင် လှပပြီး ကောင်းကင်နဂါးတိုက်ကြီး၏ တော်ဝင်အလှပိုင်ရှင် လေးဦးအနက်မှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။

သို့သော်လည်း သူမသည် သူမ၏ ကံကြမ္မာကို မထိန်းချုပ်နိုင်ခဲ့ဘဲ သူမမိသားစုအတွက် လက်ထပ်ခံအသုံးချစရာ ကိရိယာတစ်ခု ဖြစ်လာခဲ့သည်။

ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းသခင်လေးနှင့် လက်ထပ်ခြင်းရသည် ပြင်ပလူများအတွက် ဂုဏ်ယူစရာဖြစ်သော်လည်း ချန်မင်ရှီကမူ ၎င်းကို သိပ်သဘောမကျပေ။

သို့သော် ၎င်းကို သဘောမကျသော်လည်း မည်သို့ အသုံးဝင်မည်နည်း။ သူမသည် သူမအဖေ၏ အမိန့်ကို မည်သို့ ဖောက်ဖျက်နိုင်မည်နည်း။ ထို့ကြောင့်လည်း သူမရှေ့မှာ အဖွားကျောက်ရှိနေခြင်း ဖြစ်သည် ။ သူမသည် ဤနေရာ၌ ချန်မင်ရှီကို ကာကွယ်ရန် အမည်ခံအဖြစ်ထားရှိသော်လည်း လက်တွေ့မှာမူ၊ အဖွားကျောက်သည် သူမအဖေ၏ သူမကို စောင့်ကြည့်ရန် အသုံးပြုထားသော နယ်ရုပ်တစ်ခုသာ ဖြစ်သည်။

သူမ၏လှုပ်ရှားမှုတိုင်းက အဖွားကျောက်မှတဆင့် သူမအဖေ၏နားထဲကို ပြန်ရောက် သွားလိမ့်မယ်။ သူမနှင့် အနည်းငယ် ထိတွေ့ဆက်ဆံမိသူတိုင်းသည် 'သေခြင်း' သာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း ချန်မင်ရှီသည် သင်္ဘောပေါ် တက်စဉ်မှာကတည်းက ချင်ယွင်ကို ရှင်းရှင်းလင်းလင်း တွေ့ရှိခဲ့ရသော်လည်း သူ့ကို မတွေ့ချင်ဟန်ဆောင်နေခဲ့သည်။ ချင်ယွင်က ယခုလေးတင် သူမကို နှုတ်ဆက်ချိန်မှာတောင် သူ့ကို လျစ်လျူရှုထားရန် သူမ ရွေးချယ်ခဲ့တယ်။ သူမသည် အမှန်တကယ် လျစ်လျူရှုထားလိုခြင်းမရှိသော်လည်း ချင်ယွင်ကို ဤနည်းဖြင့် ကာကွယ်ပေးရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ချင်ယွင်နှင့်ပတ်သက်ပြီး သူမခံစားချက်တွေကို ပြောရရင် သူ့ကို သဘောကျနေသည် ဟု မပြောနိုင်သေးပါဘူး။ သူမသည် သူ့အပေါ် အကောင်းမြင်သည့် အရိပ်အယောင် မျှသာ ရှိပါသေးသည်။ ဤအကောင်းမြင်သည့် အရိပ်အယောင်တစွန်းတစကြောင့် သူသည် နောက်ဆုံးတွင် အညွှန့်ကျိုးပြီး ပျောက်ကွယ်သွားရပေလိမ့်မည်။

အခန်း (၄၁၈) အကြွင်းမဲ့လေသတ်ဖြတ်ခြင်း။

နောက်ရက်များသည် ချင်ယွင်အတွက် များစွာ တိတ်ဆိတ် ငြိမ်သက်သွားခဲ့ရသည်။

ချင်ယွင်သည် သိုင်းဧကရာဇ်သုံးပါးကို သတ်ဖြတ်လိုက်ခြင်းကြောင့် ကပ္ပတိန် ကိုမုတ်ဆိတ်သည် ချင်ယွင်ကို လာရောက်တွေ့ဆုံသည်။ သို့သော်၊ ယင်းက ချင်ယွင် အတွက် ပြဿနာရှာရန် မဟုတ်ပေ။ ဤတစ်ကြိမ်တွင် သူ့ကို ကာကွယ် စောင့်ကြပ် ပေးရန်အတွက် ချင်ယွင်အား ကာကွယ်စောင့်ရှောက်သူ သိုင်းဧကရာဇ် အဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ချင်ယွင်သည်လည်း သူ့ကြောင့် သေဆုံးသွားသည့် သိုင်းဧကရာဇ်သုံးပါးအကြောင်းကို အမှတ်ရသွားသည်။ ထိုလူများသည် တစ်စုံတစ်ယောက်အား ပင်လယ်ပြင်သို့ ပို့ဆောင် ရန် ပေးခံထားရသူများ ဖြစ်သည်။ ထို့ကြောင့် သူသည် သဘာဝအတိုင်း ထိုတာဝန်ကို ထမ်းဆောင်ရန် သဘောတူခဲ့သည်။

ထို့နောက်တွင် ကပ္ပတိန်ကိုမုတ်ဆိတ်သည် ချင်ယွင် နှင့် ရန်စီချီတို့အား ဒုတိယထပ်ရှိ အထူးခန်းနေရာသို့ ရွေ့ပြောင်းနေထိုင်ရန် စီစဉ်ပေးခဲ့သည်။ ရန်စီချီ သက်တောင့် သက်သာ နေနိုင်သရွေ့ ချင်ယွင်က ဤအစီအစဉ်ကို မကန့်ကွက်ခဲ့ပါဘူး။

အချိန်ဆယ်ရက်သည် တခဏအတွင်း လျင်မြန်စွာဖြင့် ကုန်ဆုံးသွားခဲ့သည်။ ဤဆယ်ရက်အတွင်း ချင်ယွင်သည် သင်္ဘောကုန်းပတ်ပေါ်တွင် နေ့စဉ်နေ့တိုင်း တင်ပျဉ်ခွေထိုင်ကာ လေတိုက်သည့် ခံစားချက်ကို ခံစားနေခဲ့သည်။

ဆိတ်သုဉ်းခြင်းသားရဲတစ်ကောင် တိုက်ခိုက်လာသည်နှင့် ချင်ယွင်သည် ၎င်းကို တိုက်ရိုက် သတ်ပစ်မည် ဖြစ်သည်။ ချင်ယွန်း ထိုင်နေသည်ကို ပတ်ဝန်းကျင်မှလူများ မြင်ကြသော်လည်း သူ့ကိုရှောင်ကွင်းသွားကြပြီး အနှောင့်ယှက်မပေးကြပါဘူး။

ဆယ့်သုံးရက်မြောက်နေ့တွင် ချင်ယွင်သည် ခါတိုင်းကဲ့သို့ သင်္ဘောကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လေစွမ်းရည်သဘောတရားများကို နားလည်ဆင်ခြင်နေခဲ့သည်။

ဤဆယ်ရက်ကြာအတွင်း အဆက်မပြတ် ကြိုးပမ်းအားထုတ်ပြီးနောက်၊ ချင်ယွင်သည် လေစွမ်းရည် သဘောတရားသုံးပါး၏ ပြီးပြည့်စုံသောနယ်ပယ်သို့ ရောက်ရှိလာခဲ့ပြီး အံ့ဖွယ်ကမ္ဘာအဆင့်သို့ ဝင်ရောက်သွားခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် သူ၏ အစွမ်းထက်ဆုံးသော ဓားသိုင်းကွက်ကို ဖန်တီးရန် အတွက် လေစွမ်းရည်သဘောတရားသုံးခုကို ပေါင်းစပ်နေသည်။

ချင်ယွင်သည် မျက်စိမှိတ်ပြီး သင်္ဘော၏လေးကိုင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက် သည်။ ပင်လယ်လေပြေလေညင်းက သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် တိုက်ခတ်နေ ပါသည်။ သို့သော်လည်း ထူးဆန်းစွာပင်၊ လေသည် သူ၏ခန္ဓာကိုယ်ကို စွဲဆောင် သွားသလိုမျိုး၊ သူ၏ပတ်ဝန်းကျင်မှ မထွက်ခွာနိုင်ဖြစ်ကာ လေပွေတစ်ခုအဖြစ် ရစ်ဝဲနေ၏။

ဤထူးဆန်းသောမြင်ကွင်းသည် သင်္ဘောကုန်းပတ်ပေါ်ရှိ လူတိုင်း၏အာရုံကို ချက်ခြင်း ဆွဲဆောင်သွားခဲ့ပြီး လူတိုင်းသည် အံ့အားသင့်သောအမူအရာများဖြင့် ကြည့်ရူနေကြ လေသည် ။

"ဘယ်လို လေစွမ်းရည်သဘောတရားအမျိုးစားလဲ၊ ဘာကြောင့် ဒီလောက် အံ့သြစရာ ကောင်းရတာလဲ"

"ကျွန်တော်လည်း အဲဒါမျိုး မမြင်ဖူးသေးဘူး။ ဒါက လေကိုအသွင်ပြောင်းလဲခြင်းနှင့် ခပ်ဆင်ဆင်တူပေမယ့် လေဝိညာဉ်လည်း ရှိဝင်နေပြန်တယ်။"

"ချပ်စ်၊၊ သိုင်းဧကရာဇ်ချင်ယွင် နားလည်သဘောပေါက်ထားတဲ့အရာကို မင်းတို့ငါတို့လို လူတွေက ဘယ်လိုလုပ် နားလည်နိုင်မှာလဲ၊ ငါ ခန့်မှန်းမိသလောက်ဆို သိုင်းဧကရာဇ် ချင်ယွင်ရဲ့နယ်ပယ်က မထင်မှတ်ထားတဲ့အဆင့်ကို ရောက်နေလောက်ပြီ"

"ငါလည်း အဲလိုထင်တယ်၊ ဒါပေမယ့် သိုင်းဧကရာဇ်ချင်ယွင်က တကယ်ကို ကြိုးစားတဲ့လူပဲ။ သူက သဘောတရားကို နားလည်ဆင်ခြင်ဖို့ နေ့စဉ်နေ့တိုင်း လေးကိုင်း ပေါ်ကို လာခဲ့တယ်။ ဒါကြောင့်လည်း သူက ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အရမ်းကို အစွမ်းထက်တာ။ ဒါက သူ့ရဲ့မြင့်မားတဲ့ ပါရမီတစ်ခုတည်းကြောင့် မဟုတ်တာ သေချာပါတယ်။"

လူတိုင်းက ချင်ယွင်ကို တိုးတိုးတိတ်တိတ် ချီးကျူးနေကြသည်။

သို့သော် ထိုအချိန်တွင် ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီးကြိုးတစ်ချောင်းမှ ထွက်ခွာသွားသော ဓားတစ်ချောင်းကဲ့သို့ ပျံထွက်သွားခဲ့သည်။ သူသည် မြူနှင်း ချောက်နက်ဓားကို သူ၏လက်ထဲမှာ ဆွဲကိုင်ထားရင်း ပင်လယ်ပြင်ရေမျက်နှာပြင် အထက်တွင် လွင့်မျောနေသည်။

ပကတိမျက်စိဖြင့် မမြင်နိုင်သော လေပွေတစ်ခုသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်ပတ်နေဆဲဖြစ်ပြီး၊ သူ၏ခြေဖဝါးအောက်ရှိ ပင်လယ်မျက်နှာပြင်ကို မှုတ်ထုတ်နေကာ သေးငယ်သော ရေဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

"ကြည့်စမ်း၊ သိုင်းဧကရာဇ်ချင်ယွင်က သူ့ဓားသိုင်းကို လေ့ကျင့်နေပြီ၊ ဒါက အခွင့်အရေးကောင်းပဲ မဟုတ်လား။"

တစ်ယောက်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ လူတိုင်းသည် သင်္ဘောလေးကိုင်းဆီသို့ ပြေးထွက်လာကြပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လွင့်မျောနေသော ချင်ယွင်ကို စိုက်ကြည့်နေကြသည်။

ချန်မင်ရှီသည်လည်း သတိထားမိသွားပြီး တတိယထပ်ရှိ အခန်းပြတင်းပေါက်တွင် ရပ်ကာ အပြင်ကို လှမ်းကြည့်လိုက်သည်။

ချင်ယွင်သည် သူ့ဓားကိုကိုင်လျက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည်ကိုမြင်လျှင် သူမ မျက်နှာပေါ်တွင် ထိတ်လန့်အံ့ဩသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားပျော့ကို ကိုင်ထားသည်။ သူ၏မျက်လုံးများက အေးစက်နေပြီး မည်သည့်အရာကိုမျှ ဂရုမစိုက် သည့်အလားပင် ။ ချင်ယွင်၏ ခန္ဓာကိုယ်မှ အနှိုင်းမဲ့ ထက်ရှသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော ဓားဆန္ဒတစ်ခု ထွက်ပေါ် လာသည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် မိုးပြာရောင်အလင်း အလွှာတစ်ခုဖြင့် တဖြည်းဖြည်း ဖုံးလွှမ်းလာခဲ့သည်။

မိုးပြာရောင်ဓားအလင်းသည် အထူးတလည် တလက်လက်တောက်ပနေခြင်းမျိုး မဟုတ်သော်လည်း ၎င်းသည် နှိုင်းယှဉ်လို့မရသည့် ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်နေသည်။ စွမ်းအင်အတက်အကျလှိုင်းသည် ရေလှိုင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။

သတ်ဖြတ်လိုသည့်ဆန္ဒ ။

ထင်ထင်ရှားရှားတည်ရှိနေသည့် သတ်ဖြတ်လိုသည့်ဆန္ဒ ။

လူတိုင်း၏ စိတ်နှလုံးသားထဲ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယခုလို သတ်ဖြတ်လိုသည့်ဆန္ဒမျိုးသည် ဆောင်းရာသီအချိန် သူတို့ခန္ဓာကိုယ်ကို တိုက်ခတ်လာ သည့် အေးစက်စက်လေနှင့် တူပြီး ခေါင်းမှ ခြေဖျားအထိ ရေခဲများဖုံးနေသကဲ့သို့ ခံစားရသည်။

"ပြင်းထန်တဲ့ဓားဆန္ဒကို လေစွမ်းရည်သဘောတရားထဲမှာ ထည့်သွင်းပေါင်းစပ် ပြီးနောက် ဓားမှထုတ်လွှတ်ကာ လေအသွင်သဏ္ဍာန်နဲ့ ပျံ့နှံ့ထွက်ပေါ်လာခြင်းလား" တတိယထပ်ရှိ အခန်းထဲတွင် ချန်မင်ရှီသည် အလွန်အံ့အားသင့်သည့် အမူအရာ ဖြစ်ပေါ်နေသည်။

သူမကိုယ်တိုင်သည်လည်း ဓားသမားတစ်ဦးဖြစ်ကာ ဓားဆန္ဒကိုလည်း နားလည် သဘောပေါက်ထားခဲ့သည်။

သို့သော်လည်း ချင်ယွင်၏ ဓားဆန္ဒအပေါ် နားလည်နိုင်စွမ်းသည် သူမထက် သာလွန် သွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

ယခုအချိန်တွင် ချင်ယွင်၏ ဓားဆန္ဒသည် သူစိတ်ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်နိုင် သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဓားဆန္ဒကို လေစွမ်းရည်သဘော တရားများနှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် ဤမျှ ကြောက်စရာ ကောင်းသည့် သတ်ဖြတ်လို သည့်ဆန္ဒကို ဖန်တီးနိုင်ခဲ့သည်။

ချန်မင်ရှီသည် ချင်ယွင်၏ နောက်ဆက်တိုက် ခုတ်ပိုင်းချက်မှာ မည်သည့် စွမ်းအားမျိုး ထွက်ပေါ်လာမည်နည်းဆိုသည်ကို မတွေးဝံ့ခဲ့ပေ။

ခပ်ဝေးဝေး ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ ချင်ယွင်ကိုကြည့်ရင်း အားလုံး အသက်ရှူ ကြပ်သလို ခံစားကြရသည်။ စိတ်လှုပ်ရှားခြင်း၊ ထိတ်လန့်ခြင်း၊ ရိုသေလေးစား ခြင်းနှင့်အတူ စိတ်ခံစားမှု အမျိုးမျိုးတို့သည် သူတို့နှလုံးသားထဲတွင် ရောယှက်ဖြစ် ပေါ်လာနေပါသည်။ ရောယှက်ဖြစ်ပေါ်လာချင်သလို ခံစားလာရပါသည်။

သူစောစောလေးက နားလည်သဘောပေါက်ထားသော လေစွမ်းရည် ပေါင်းစပ်မှု သဘောတရားကို ပြန်လည်အမှတ်ရရင်း ချင်ယွင်၏မျက်လုံးများသည် အေးစက်သွား သည်။

သူ့လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ညင်သာစွာ ကြွတက်လာပြီး ပင်လယ်ရေ မျက်နှာပြင်ဟာ ချက်ချင်းဆိုသလို သိသိသာသာ ပြောင်းလဲသွားပါတော့သည်။

သူ့ခြေဖဝါးအောက်မှ ရေဝဲဂယက်သည် ချက်ခြင်းကျယ်ပြန့်လာခဲ့ပြီး အချင်းမီတာ ရာနှင့်ချီပြီးကျယ်ပြန့်လာခဲ့ကာ အနက်မှာလည်း မီတာတစ်ထောင်အထိ တွင်း အပေါက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။

လူတိုင်း အံသြသွားကြသည်။ သူတို့ နှလုံးသားတွေ အလွန်တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ရိုးရှင်းသော လက်ကလေးတချက် လှုပ်ရှားမှုလေးကြောင့် ပင်လယ်ရေသည် မီတာရာနှင့်ချီ ရှည်လျားသော ဧရာမ ရေဝဲကို ဖြစ်ပေါ်စေခဲ့သည်။ ဤသည်မှာ သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက် ပိုင်ဆိုင်နိုင်သော စွမ်းအား ဖြစ်နိုင်ပါသလား။

သို့သော် ချင်ယွင်သည် ပတ်ဝန်းကျင်ရှိလူများ၏ အကြည့်များကို ဂရုမစိုက်ပါ။ ဤအခိုက်အတန့်တွင် သူသည် လေစွမ်းရည်သဘောတရားများအပေါ်မှာ လုံးလုံး လျားလျား စိတ်နစ်မြုပ်နေလေသည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက် ဓားသည် အဝေးရောက်သည်အထိ တုန်ခါသည့်အသံကို လွှင့်ထုတ်လိုက်ပြီး သူ့ဓားဆန္ဒနှင့်အတူ တိမ်တိုက်ထဲသို့ တိုးဝင်သွားခဲ့သည်။

ကောင်းကင်ယံရှိ တိမ်တိုက်များသည် ချက်ချင်းပင် ပြတ်တောက်သွားပုံရပြီး ကြီးမားသော အပေါက်ကြီးတစ်ခုကို ပေါ်လွင်စေကာ နေရောင်သည်ပင် တောက်ပလာ ခဲ့သည်။

"အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း!"

ထိုအချိန်မှာ ချင်ယွင်က ရုတ်တရက် အေးစက်စက် အော်လိုက်သည်။

ဓားဖြင့်တိုက်ခိုက်ခြင်း !

မိုးပြာရောင်ဓားအလင်းသည် ဓားကိုချက်ချင်း လွှမ်းခြုံသွားခဲ့ပြီး အကြွင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့်အတူ ပင်လယ်ရေမျက်နှာပြင် တစ်လျှောက်ယှက်ကာ ပျံသန်းသွားခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်သည် ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ ပင်လယ်ရေ ပြင်သည် ပေတစ်ထောင်မြင့်သော လှိုင်းလုံးများအဖြစ် နှစ်ခြမ်းကွဲသွားပါသည်။ သို့သော်လည်း ဓားအလင်းသည် အကွာအဝေးသို့ ဆက်လက် ပျံသန်းသွားဆဲဖြစ်ကာ နောက်ဆုံးတွင် မီတာတစ်သောင်းအကွာအထိရောက်ကာ ပေါက်ကွဲသွားလေသည်။ ကောင်းကင်ဘုံကိုးပါးမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့်အသံက မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

လူတိုင်းသည် အံသြသွားကြသည်။ ချင်ယွင်၏ဓားတိုက်ခိုက်မှုသည် ဤမျှ အစွမ်းထက်မည်ဟု ရှည်လျားစွာကတည်းက ခန့်မှန်းခဲ့ကြသော်လည်း ထိုမျှလောက် အစွမ်းထက်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

"ဘုန်း !"

လွင့်ပျံသွားသော လှိုင်းလုံးကြီးသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြုတ်ကျ သွားခဲ့သည်။ နောက်ထပ် တဟုန်ထိုး မြည်ဟီးသံကြီးကို ကြားလိုက်ရသည်။ လှိုင်းလုံးကြီးနှင့် မီတာထောင်ချီအဝေးမှာရှိနေသည့် သင်္ဘောကြီးတောင်မှ မှောက်လု နီးပါး ယိမ်းယိုင်သွားခဲ့သည်။ ဤဓားသည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင် သည်။

အကယ်၍ ဤဓားသည် လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားမည်ဆိုလျှင် ၎င်းတို့ကို ကြိတ်ချေထားသည့်အသားပြားအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ထိုအဖြစ် တွေးဝံ့စရာပင်မရှိချေ။

သိုင်းဧကရာဇ်ယုဖန်းသည် ဓားတစ်ချက်တည်းဖြင့် အသတ်ခံရဖို့ ထိုက်တန်ပါသည်။

ချန်မင်ရှီ၏ လှပသော မျက်လုံးများသည် အံ့အားသင့်စရာ အရိပ်အယောင်များ ပေါ်လွင်နေသည်။ သူမရှေ့မှာရှိနေသည့် ဤလူငယ်သည် အရင်ကထက် အများကြီး တိုးတက်လာခဲ့သည်။

"လေစွမ်းရည်သဘောတရားများကို ပေါင်းစပ်မှုအပြီးမှာ ဒီဓားက မမျှော်မှန်း နိုင်လောက်အောင် စွမ်းထက်လွန်းတယ်။ အစောပိုင်းအဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးရဲ့အင်အားအပြည့် တိုက်ခိုက်မှုနဲ့ ယှဉ်နိုင်တယ်။" ချင်ယွင်သည် သူဖန်တီးထားသည့် မြင်ကွင်းကိုကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။

ဤသိုင်းကွက်ကြောင့်‌ သူ၏၏ခွန်အားသည် နောက်တစ်ဆင့်သို့ မြင့်တက်လာခဲ့သည်။ အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကျွမ်းကျင်သူများသည် သူ့အား မည်သည့်ခြိမ်းခြောက်မှုမှ မပြုလုပ်နိုင်တော့ပေ။

ချင်ယွင်သည် သူ၏မြူနှင်းချောက်နက်ဓားကို ဆုတ်ကိုင်ရင်း သင်္ဘောပေါ်သို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။

" ဝူး…………….. !"

သို့သော် ထိုအချိန်တွင် ချင်ယွင်၏ ခြေအောက်ပင်လယ်ပြင်မှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

အနှိုင်းမဲ့ကြီးမားသော ဧရာမခန္ဓာကိုယ်ကြီးသည် ပင်လယ်ရေမျက်နှာပြင်ကို ချက်ချင်း ဖြတ်ကျော်လာသည်။ ချောက်နက်ကြီးနှင့်တူသော ဧရာမပါးစပ်သည် ချင်ယွင်ဆီသို့ ဦးတည်ကာ တိုက်ရိုက်မျိုချလိုက်ပြီး ဧရာမပါးစပ်ပေါ်တွင် ရူးသွပ်ဖွယ် စုပ်ယူမှု စွမ်းအားတစ်ခုလည်း ရှိနေသည်။

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူ့နောက်ကျောမှ မီးနဂါးအတောင်ပံ များသည် ချက်ချင်းပင် ဖြန့်ကားသွားကာ လေဝိညာဉ်သဘောတရားလှုပ်ရှားမူနှင့်အတူ အစီအရီ ထွက်ပေါ်လာခဲ့သည် ။ သူ၏အရှိန်အဟုန်သည် အထွတ်အထိပ် တဟုန်ထိုး မြင့်တက်သွားပြီးနောက် ဤမျှကြီးမားလှသော ပါးစပ်ကြီးကို သီသီလေး ရှောင်တိမ်း လိုက်သည်။

ဧရာမသားရဲကြီးသည် ချင်ယွင်ကို မကိုက်မိခဲ့ပေ။ ၎င်း၏ကြီးမားလှသော ခန္ဓာကိုယ် ကြီးသည် ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ကျဆင်းသွားခဲ့ပြီး ကြီးမားသော လှိုင်းလုံးကြီး တစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မီတာသုံးရာ ရှည်လျား၏။

"နတ်ဆိုးသားရဲလား ?"

ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။

အခန်း (၄၁၉) မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါး။

ချင်ယွင်သည် ဧရာမသားရဲကြီးအား သူ၏မျက်လုံးများဖြင့် နိုးနိုးကြားကြား သတိထားသည့် အမူအယာဖြင့် စိုက်ကြည့်နေသည်။

"လူသား၊ မင်း ဘာလို့ ဓားပညာကို လေ့ကျင့်ပြီး ငါ့ရဲ့လှပတဲ့ အိမ်မက်တွေကို နှောင့်ယှက်ဖို့ ငါ့နယ်မြေထဲကို ရောက်လာရတာလဲ။ မင်းလုပ်ရပ်တွေရဲ့ အကျိုးဆက်ကို မင်းသိရဲ့လား"

ထိုအချိန်တွင် ပင်လယ်ရေမျက်နှာပြင်အောက်ရှိ ဧရာမသားရဲ့ကြီးတစ်ကောင်သည် ရေထဲမှထွက်လာပြီး လူသားအသွင်ဖြင့် ချင်ယွင်ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ သူ၏မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်နေ၏။

ဤသည်မှာ စူးထွက်နေသော နဖူးနှင့် မျက်လုံးသုံးလုံးပါရှိသည့် အဝတ်မပါသော အမျိုးသားတစ်ဦး ဖြစ်သည်။ လူသားတစ်ဦး၏ အလှအပအရပြောရမည် ဆိုလျှင် အလွန်ရုပ်ဆိုးသည်ဟု ဆိုနိုင်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် အဝေးကသင်္ဘောပေါ်ရှိ လူတွေအားလုံးလည်း ထိတ်လန့်သည့် အမူအရာတွေ ပေါ်လာကြသည်။

"နတ်ဆိုးသားရဲ၊ လူသားအသွင်သဏ္ဍာန် ပြောင်းလဲနိုင်တဲ့ နတ်ဆိုးသားရဲ။ သွားပြီး။ အားလုံး အဆုံးသတ် သွားပြီ။ နတ်ဆိုးသားရဲနဲ့ လာတွေ့ရတဲ့အထိ ငါတို့ ဘာလို့ ဒီလောက် ကံမကောင်းရတာလဲ"

"လခွမ်း၊ ငါမသေချင်သေးဘူးကွ။ နတ်ဆိုးသားရဲက ဘာလို့ ပြေးထွက်လာရတာလဲ၊ နတ်ဆိုးသားရဲတွေက များသောအားဖြင့် ပင်လယ်ထဲက နက်ရှိုင်းတဲ့အရပ်မှာ နေတယ်လို့ မပြောကြဘူးလား၊ သူတို့က ဘာလို့ ငါတို့ဆီ ပြေးလာရတာလဲ။"

"စိတ်မပူပါနဲ့၊ သိုင်းဧကရာဇ်ချင်ယွင်က အဲဒီနတ်ဆိုးသားရဲကို ချေမှုန်းနိုင်ပါလိမ့်မယ်။ သူက အရမ်းအစွမ်းထက်ပါတယ်၊ သူသေချာပေါက် လုပ်နိုင်မှာပါ"

"ဒါက အသုံးမဝင်ပါဘူး။ သူဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူက သိုင်းဧကရာဇ် အဆင့် ဖြစ်နေတုန်းပဲလေ။ နတ်ဆိုးသားရဲတစ်ကောင်ကို ဘယ်လိုလုပ် ကိုင်တွယ် ဖြေရှင်းနိုင်မှာလဲ။ အဲဒါက တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနဲ့ အဆင့်တူတူပဲ"

ထိုစကားကိုကြားရလျှင် သင်္ဘောပေါ်ရှိလူတိုင်း စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ လူအနည်းစုသာ သူတို့၏နှလုံးသားထဲတွင် ချင်ယွင်အပေါ် မျှော်လင့်ချက် အရိပ် အယောင်များ ရှိကြသည်။

ပင်လယ်ထဲတွင် အဆင့်ငါး ဆိတ်သုဉ်းခြင်းသားရဲအမျိုးအစားနှင့် တွေ့ဆုံခြင်းသည် အသက်ရှင်ရန် အခွင့်အလမ်း ရှိနေဆဲဖြစ်သည်။ သို့သော်၊ နတ်ဆိုးသားရဲနှင့် ထိပ်တိုက် တွေ့ဆုံခြင်းသည် သေခြင်းတရား၏ခေါ်သံ ထွက်ပေါ်ခြင်းနှင့် နီးပါးတူညီသည်။ ထို့ကြောင့် သင်္ဘောပေါ်ရှိလူတိုင်းသည် သေခြင်းတရားကို လက်တွေ့ကျကျ စောင့်ဆိုင်း နေကြရသည်။

ချင်ယွင်သည်လည်း သူ၏ရှေ့မှာရှိနေသည့် ကိုယ်လုံးတီးနှင့် လူကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ သူ၏ဓားတိုက်ကွက်တစ်ခုက ပင်လယ်အောက်ခြေရှိ နတ်ဆိုးသားရဲများအား သတိပေးသလိုဖြစ်သွားလိမ့်မည်ဟု သူလည်း မမျှော်လင့်ခဲ့ပေ။

အမှန်တကယ်ဆို ချင်ယွင် ကံမကောင်းဘူးဟုသာ ပြောရပါလိမ့်မည်။ မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီးသည် ချင်ယွင်ရှိနေသည့် ရေပြင်အောက် မီတာတစ်ထောင် အကွာတွင် အိပ်ပျော်နေခဲ့ပြီး ချင်ယွင်ကြောင့် လန့်နိုးလာခဲ့ခြင်း ဖြစ်သည်။

မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီးသည် ဒေါသထွက်သွားခဲ့သည်။ သူသည် နိုးထလာပြီးနောက် ချင်ယွင်ကို အရှင်လတ်လတ် ဝါးမျိုချရန် ပင်လယ်ပြင်သို့ ချက်ချင်း ပြေးထွက်လာခဲ့သည်။ ယင်းကြောင့်သာ အစောပိုင်းလေးက ယခုလိုမြင်ကွင်းမျိုး ဖြစ်သွားရခြင်း ဖြစ်သည်။

"ခင်ဗျား ဘာလိုချင်လဲ?" ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။ မူလကတည်းက မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးသည် ချင်ယွင်ကို ပြစ်တင်ရှုတ်ချရန်အတွက် သာ ထွက်လာခဲ့ပါက ချင်ယွင်ကလည်း တောင်းပန်မည်ဟု ကတိပေးနိုင်သည်။ နောက်ဆုံးတော့ ဤကိစ္စသည် သူ၏အမှားကြောင့် ဖြစ်သည်။

သို့သော် အခုလေးတင်၊ မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးသည် ချင်ယွင်ကို အရှင်လတ်လတ် ဝါးမျိုချချင်နေခဲ့သည်။ ယင်းက သူ့စိတ်ထဲမှာ အနည်းငယ် ဒေါသ ဖြစ်သွားရသည်။

"ဘာလိုချင်လဲ၊ ဟုတ်လား။ ငါ မင်းကို စားချင်တယ်ကွာ။ မင်းနောက်မှာရှိတဲ့ လှေပေါ်က လူတွေအားလုံးကိုလည်း မင်းနဲ့အတူ သင်္ဂြိုဟ်ပစ်မယ်ကွာ။" မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီးသည် အထင်အမြင်သေးကာ အော်ဟစ် ပြောဆိုလိုက်သည်။

သိုင်းဧကရာဇ်တစ်ဦးသာသာဖြစ်သည့် ဤလူသေးသေးလေးသည် သူ့အား ဤကဲ့သို့ လေသံဖြင့် ပြောဆိုဝံ့သည်၊ ၎င်းသည် အမှန်တကယ်ပင် သေခြင်းတရားကို ချစ်မြတ်နိုး ၍ ဖြစ်သည်။

သူသည် နတ်ဆိုးသားရဲများကြားတွင် အနိမ့်ဆုံးအဆင့်တွင်ရှိပြီး တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာရှိသော်လည်း ၎င်းသည် နတ်ဆိုးသားရဲ ဖြစ်နေဆဲ ဖြစ်သည်။ သိုင်းဧကရာဇ်အဆင့်လူသား၏ စော်ကားခြင်းကို သူ မည်သို့ ခံနိုင်ရည် ရှိမည်နည်း။

ဆိတ်သုဉ်းခြင်းသားရဲများသည် နတ်ဆိုးသားရဲနယ်ပယ်သို့ ဖြတ်ကျော်သွားပြီးနောက် သူတို့၏အဆင့်သည်လည်း လူသားများနှင့် တူညီကြသည်။ ထိုအဆင့်များကို တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်နှင့် အင်မော်တယ် အသွင်ပြောင်းခြင်းနယ်ပယ်ဟူ၍ ပိုင်းခြားထားကြသည်။ အင်မော်တယ်သားရဲ နယ်ပယ် သို့ ရောက်ပြီးနောက်မှာလည်း ဤနည်းအတိုင်းပင် ဖြစ်သည်။ သူ့ရှေ့မှာ ရှိနေသည့် မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးသည် အစောပိုင်းအဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ်ရှိ နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ကြောင်း ထင်ရှားပါသည်။

"ငါ့ကိုစားချင်တာလား ။ မင်းမှာ အဲဒီလိုအရည်အချင်းမျိုး မရှိမှာကို ငါကြောက်မိတယ်။ အခု ထွက်သွားဖို့ ကျုပ် ခင်ဗျားကို အကြံပေးချင်တယ်။ ဒါဆို ခင်ဗျားအသက်ကို ကျုပ် ချမ်းသားပေးနိုင်တယ်" ချင်ယွင်က ရယ်မောလိုက်သည်။

အကယ်၍ အလယ်အလတ်အဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်သို့ ရောက်နေ သည့် နတ်ဆိုးသားရဲတစ်ကောင်ရောက်လာပါက၊ သူသည် အနည်းငယ် ကြောက်ရွံ့ ကြောက်ရွံ့နိုင်သော်လည်း တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့် တွင်ရှိနေသည့် ဤနတ်ဆိုးသားရဲကို သဘာဝအတိုင်း သူ ကြောက်နေမည်မဟုတ်ပေ။

"ငါ့အသက်ကို ချမ်းသားပေးမယ် ၊ ဟုတ်လား။ ငါနားကြားများ မှားသွားတာလား။ ဟား ၊ဟား မင်းက လူတုံးလူအတစ်ယောက် ဖြစ်ရမယ်။ သိုင်းဧကရာဇ်အဆင့် လူသား တစ်ယောက်က ငါ့အသက်ကို ချမ်းသားပေးမယ်လို့ ပြောနေတယ်။" အဝတ်ဗလာနှင့် လူကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

အဝေးမှာရှိနေသည့် လူတိုင်းသည် ချင်ယွင်နှင့် နတ်ဆိုးသားရဲတို့ကြားက ပြောစကားများကိုကြားပြီး မျက်ခုံးတွေ တွန့်သွားကြသည်။

"ဒီသိုင်းဧကရာဇ်ချင်ယွင်က တကယ်ပဲ မိုက်မဲနေတာလား? သူက ဒီနတ်ဆိုးသားရဲကို အခုလိုစကားမျိုး တကယ်ပဲ ပြောဝံ့တာလား"။

"ငါလည်း အဲလိုထင်တာပဲ၊ ဒီသိုင်းဧကရာဇ်ချင်ယွင်က မာနကြီးလွန်းတယ်။ သူ၏ စွမ်းအားက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတယ်လို့ သူ့ကိုယ်သူ အထင်ကြီးနေတာ။ တကယ်လို့ သူသာ စောစောလေးက သူ့ဓားသိုင်းပညာရပ်ကို အသုံးမပြုခဲ့ဘူးဆိုရင် ဒီဆိတ်သုဉ်းခြင်းသားရဲတွေကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မှာလဲ"

"ဟုတ်တယ်၊ အားလုံးက ဒီသိုင်းဧကရာဇ်ချင်ယွင်ကြောင့်ပဲ၊ သူက ငါတို့ကို ထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့လူပဲ"

သင်္ဘောပေါ်ရှိ လူတိုင်းသည် အော်ဟစ်ကျိန်ဆဲလာကြသည်။ သူတို့သည် အရင်က ချင်ယွင်ကို ချီးကျူးခဲ့ကြသော်လည်း ယခုအခါ ချင်ယွင်ကို အပြစ်တင်လာကြပြန်သည်။

အပေါ်ထပ်မှာရှိနေသည့် ချန်မင်ရှီသည် ထိုလူများ၏ စကားကိုကြားပြီး ကူရာမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။

သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ လူသားတွေဟာ သူတို့၏ ပင်ကိုယ်စရိုက်ကို ထုတ်ဖော်လာကြပါလိမ့်မည်။

သို့သော်လည်း ချန်မင်ရှီသည် ချင်ယွင်ကို စိုးရိမ်တကြီး ကြည့်နေမိသည်။ ချင်ယွင် သည် ဤမျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီး၏ ပြိုင်ဘက်မဖြစ်နိုင်ဟုလည်း သူမ ထင်ခဲ့ သည်။ အဖွားကျောက်လှုပ်ရှားလာအောင် သူမကို မည်သို့ဆွဲဆောင်နိုင်မည်နည်း ဟု သူမ တွေးနေမိသည်။

သို့သော် ထိုအခိုက်အတန့်တွင် ချင်ယွင်နှင့် မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး တို့ကြားမှာ ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ငရဲကိုသွားလိုက်တော့ လူကောင်ကောင်စုတ်လေး။ မင်းအဘိုးဝေလငါးကြီး ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ငါ မင်းကို ပြောပြမယ်။" မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီးသည် ကျယ်လောင်စွာအော်လိုက်ရင်း သူ၏ မျက်လုံးသုံးလုံးသည် ပြင်းထန်သော အလင်းရောင်နှင့်အတူ ထွက်ပေါ်လာသည်။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ တိုက်ရိုက် တက်သွားခဲ့သည်။

တခဏအကြာတွင် ချင်ယွင်ရှေ့သို့ သူ ရောက်လာသည်။ သူသည် ညာလက်ကို လက်သီးအဖြစ် တင်းကြပ်စွာဆုပ်လိုက်ပြီး ချင်ယွင်၏ခေါင်းကို တည့်တည့် ပစ်ထိုး လိုက်သည်။ သူသည် ချင်ယွင်ကို သေစေလောက်သည့် ထိုးနှက်ချက်တစ်ခု ပေးချင်ခဲ့သည်မှာ ထင်ရှားပါသည်။

ထိုမြင်ကွင်းကိုမြင်လျှင် အဝေးမှာရှိနေသည့် သင်္ဘောပေါ်မှလူအားလုံးသည် ချင်ယွင်သည် မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီး၏ သတ်ဖြတ်ခံရလိမ့်မည်ဟု တွေးပြီး ခေါင်းကို ခါယမ်းလိုက်ကြသည်။

ချင်ယွင်က အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ ခွန်အားတွေ တဟုန်ထိုး တိုးထွက်လာခဲ့သည်။

"ဘုန်း !"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူတို့နှစ်ဦးကို အလယ်ဗဟိုပြုပြီး ပတ်ဝန်းကျင် ပင်လယ်ပြင်သည် ချက်ချင်း ပေါက်ကွဲကာ စက်ဝိုင်းပုံစံလှိုင်းလုံးကြီး တစ်ခုဖြစ်လာခဲ့သည်။

ချင်ယွင် နှင့် မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးတို့သည် ပေရာပေါင်းများစွာ ဆုတ်ခွာသွားကြသည်။

"ဘာလဲ?"

လူတိုင်း တုန်လှုပ်သွားကြသည်။ ချင်ယွင်သည် အသတ်မခံရရုံသာမက မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီး၏ လက်သီးချက်ကိုတောင် ပိတ်ဆို့တားဆီးထားခဲ့သေးသည်။ ဤအခြင်းအရာသည် လက်ရည်ညီသည့် ပြိုင်ဘက်မျိုး ဖြစ်နေပုံရသည်။

ချန်မင်ရှီ၏ လှပသော မျက်လုံးများမှတဆင့် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာသည်။ ရှင်းရှင်းပြောရရင်၊ ချင်ယွင်သည် မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး၏ လက်သီးချက်ကို ခံယူနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါဘူး။

သေချာသည်မှာ။ အံ့အားအသင့်ဆုံးဖြစ်နေသူက မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါး ကြီးကိုယ်တိုင် ဖြစ်သည်။ သူသည် အနှိုင်းမဲ့ နာကျင်နေသော ညာလက်မောင်းကို ကိုက်လိုက်ရင်း သူ့မျက်လုံးများတွင် မယုံကြည်နိုင်မှု အရိပ်အယောင် ပေါ်လာသည်။

မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးနှင့် နှိုင်းယှဉ်လျှင် ချင်ယွင်၏ အမူအရာမှာ တည်ငြိမ်ပြီး ချုပ်တည်းထားနိုင်သည်။

ယခုအချိန်တွင်၊ သူ၏ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်သည် ပထမအဆင့်ဖြစ်သော တောင်ရွေ့လျားခြင်းနယ်ပယ်၏ သေးငယ်သော ပြီးပြည့်စုံခြင်း အဆင့်တွင် လုံးဝ တည်ငြိမ်သွားခဲ့ပြီ။ ရုပ်ခန္ဓာကိုယ်ခွန်အားအရ ဖြစ်စေ စွမ်းအားအရ ဖြစ်စေ ၊ သူသည် အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး၏ ခွန်အားနှင့် လုံးဝနှိုင်းယှဉ်နိုင်သည်။ ထို့ကြောင့် ယခုလေးတင် သူသည် ထိုလက်သီးချက်တွင် သူ၏ စွမ်းအားထက်ဝက်ကိုသာ အသုံးပြုထားခဲ့သည်။

"ဘယ်လိုလဲ။ ခင်ဗျား ဆက်တိုက်ခိုက်ချင်သေးလား။ ခင်ဗျား အခုချိန် ထွက်သွားမယ် ဆိုရင် ပိုကောင်းလိမ့်မယ်လို့။ မဟုတ်ရင် ကျုပ်လက်အောက်ငယ်သားလို ဆက်ဆံ တော့မှ အကြင်နာမဲ့တယ်ဆိုပြီး ကျုပ်ကို အပြစ်မတင်နဲ့" ချင်ယွင်က အထင်သေး ဟန်ဖြင့် ပြောလိုက်သည်။

မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီး၏ အမူအရာမှာ အလွန်မှုန်မှိုင်းနေပြီး သူ၏ မျက်လုံးသုံးလုံးသည် အနှိုင်းမဲ့ ဒေါသမီးတောက်မီးလျှံများ ထွက်ပေါ်လာသည်။

သူလိုကြီးကျယ်ခမ်းနားသော နတ်ဆိုးသားရဲ တစ်ကောင်သည် အမှန်တကယ်ပင် သိုင်းဧကရာဇ်အဆင့် လူသားတစ်ဦး၏ မထီမဲ့မြင်ပြုခြင်းကို ခံနေရသည်။ ဤအရာကို သူ မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

"ငါ မင်းကို သတ်မယ်!" မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးသည် ဒေါသတကြီး အော်ဟစ်သည်။ သူ၏ အငွေ့အသက်သည် ချက်ချင်း မြင့်တက်လာပြီး သူ၏ မျက်လုံးသုံးလုံးသည် ချင်ယွင်ကို အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် စိုက်ကြည့် နေလေသည်။

သူပြောပြီးသည်နှင့် သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်လာပြီး ပစ်ဝင်သွားကာ ပင်လယ်ရေမျက်နှာပြင်ကို တိုက်ရိုက် ဖြတ်ကျော်သွားသည်။ ငြိမ်သက်နေသော ပင်လယ်ရေပြင်သည် ပင်လယ်ရေမျက်နှာပြင်ကို ဖြတ်ကျော်ဝင်ရောက်လာသော လျင်မြန်လွန်းလှသော သူ၏အရှိန်အဟုန်ကြောင့် ငါးများ ခေါက်တုန့်ခေါက်ပြန် အလျင်အမြန် သွားလာနေသကဲ့သို့ လှိုင်းနှစ်ခုရိုတ်ခတ်သည့်အသွင် ဖြစ်ပေါ်ခဲ့သည်။

"ခင်ဗျားက မထွက်သွားချင်ဘူးဆိုမှ​​တော့ ဒီည ကျုပ်ရဲ့ညစာအဖြစ် ချက်ပြုတ်ခံဖို့ နေခဲ့လိုက်တော့"

ချင်ယွင်သည် သူ့အနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီးကို ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြန်သည်။

အခန်း (၄၂၀) မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးကို သတ်ဖြတ်ခြင်း။

"ငရဲကို သွားလိုက်တော့ !" မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးသည် ဒေါသတကြီး ဟိန်းဟောက်သည်။

သူ၏ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်သည် ချင်ယွင်၏ ရှေ့မှာ တိုက်ရိုက်ပေါ်လာခဲ့ပြီး သူ၏ကြီးမားသော လက်သီးကြီးက ချင်ယွင်၏မျက်နှာဆီသို့ တိုက်ရိုက် ထိုးလိုက်သည်။

လက်သီးကြီးသည် အလွန်လျင်မြန်ပြီး ပြင်းထန်လွန်းကာ ပတ်ဝန်းကျင်မှ ပင်လယ်ရေများပင် နှစ်ခြမ်းကွဲသွားသည်။

ချင်ယွင်သည် သူ့မျက်နှာဆီသို့ လျင်မြန်စွာတိုးဝင်လာ လက်သီးကြီးအား ကြည့်လိုက် ရင်း သူ၏ပါးစပ်ထောင့်စွန်းက တွန့်ကွေးသွားသည်။ စူးရှသော အလင်းတန်းတစ်ခုက သူ၏မျက်လုံးထဲတွင် လင်းလက်တောက်ပလာပြီး သူ၏လက်သီးက ပုံရိပ်ယောင်တစ်ခု လို ချက်ခြင်း ထွက်လာခဲ့သည်။

"ဘန်း……!"

ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးသည် ပုဇွန်တစ်ကောင်ကဲ့သို့ ချက်ချင်း ကွေးညွှတ်သွားသည်။ ချင်ယွင်၏မျက်နှာကို တရစပ်ထိုးနှက်တိုက်ခိုက်တော့မည့် လက်သီးကြီးသည် မည်သည့်ခွန်အားမှ မရှိတော့ပေ။ ပါးစပ်မှ သွေးများ ထွက်လာပြီး သူ၏ ခန္ဓာကိုယ်သည် ပင်လယ်ရေမျက်နှာပြင်တစ်လျှောက် ချက်ချင်း နောက်ပြန် လွင့်ထွက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ပင်လယ်ရေမျက်နှာပြင်ကို ချိုးဖျက်သွား ကာ လှိုင်းလုံးများ ဖန်တီးဖြစ်ပေါ်လာခဲ့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

အဝေးမှာရှိနေသည့် သင်္ဘောကြီးပေါ်ရှိ လူတိုင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရ သောအခါ အံ့အားသင့်သွားကြသည်။ မူလကတည်းက ချင်ယွင်၏ မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီးကို တားဆီးနိုင်ခဲ့သည့် အစွမ်းက သူတို့ကို အနှိုင်းမဲ့ တုန်လှုပ် စေခဲ့ပြီး ဖြစ်သော်လည်း ယခုအခါတွင်မူ မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးကို လက်သီးချက်တစ်ချက်တည်းဖြင့် ထိုးလွှတ်လိုက်ခြင်း ဖြစ်သည်။ ယင်းက ရိုးရိုးရှင်းရှင်း တွေးကြည့်လို့ မရတော့ပါဘူး။

မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးကြီးသည် အလျင်အမြန် နောက်ပြန် ဆုတ်သွားခဲ့ရသည်။ သူ၏ရင်ဘတ်ရှိ ပြင်းထန်သော နာကျင်မှုက သူ့မျက်နှာပေါ်တွင် ဖော်ပြလို့မရသည့် နာကျင်သည့်အမူအရာတစ်ခု ပေါ်လာစေခဲ့ပြီး သူ၏ မျက်လုံးများ သည် မယုံကြည်နိုင်သည့် အမူအယာများဖြင့် ပြည့်နှက်နေသည်။

သို့သော် နောက်တစ်စက္ကန့်အကြာတွင် သူသည် လုံးဝ ထိတ်လန့်သွားခဲ့ရသည်။

ချင်ယွင်၏ခြေချောင်းများသည် ပင်လယ်မျက်နှာပြင်ကို တစ်ချက်ထိလိုက်ပြီး ပုစဉ်းတစ်ကောင်လို လျင်မြန်စွာ ပြေးလွှားသွားခဲ့သည်။ သူလျှောက်လှမ်းလိုက်သော ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းသည် ပေတစ်ရာအကွာတွင် ရှိနေသည်။ သူ၏ ခြေထောက်က ပင်လယ်ရေမျက်နှာပြင်ကို တစ်ချက်ထိလိုက်တိုင်း သူ၏အရှိန်အဟုန် က အမှတ်တစ်ခုအနေဖြင့် တိုးလာခဲ့ပြီး မျက်လုံးသုံးလုံးကျောရိုးခုန်းဝေလငါးကြီးကို အလျင်အမြန် ဖမ်းမိသွားခဲ့သည်။

မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးသည် ချက်ချင်းပင် ဒေါသ ထွက်သွားသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ ၎င်း၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် တွန့်လိမ်လိုက်ပြီး ချင်ယွင်ကို တိုက်ရိုက် ကန်သည်။

ချင်ယွင်သည် တဟားဟား ရယ်မောရင်း သူ၏ခန္ဓာကိုယ်ထဲရှိ ခွန်အားတွေက ချက်ချင်း တိုးမြှင့်လာကာ သူကလည်း ပြန်လည် ကန်ထုတ်ပစ်လိုက်သည်။

"ဖျစ်… ဖျစ်!"

အရိုးအက်ကွဲသံက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့သည်။

သနားစဖွယ်ကောင်းသည့် စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးသည် သူ၏ခြေထောက်ကို ပွတ်သပ်ကာ ဝံပုလွေတစ်ကောင်၏ အူသံမျိုး ထုတ်ဖော်လိုက်သည်။

မည်မျှ ရယ်စရာကောင်းလိုက်သနည်း?။ ချင်ယွင်နှင့် အပြိုင်ကန်ထုတ်ခြင်းက သူသည် သူ၏ခြေထောက်များကို အမှန်တကယ် နှိပ်စက်ညှဉ်းပန်းခံရမူကို ရှာဖွေနေခြင်း ဖြစ်ပါလိမ့်မည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ဖရိုဖရဲအစိမ်းရောင်ကြာပန်း ရုပ်ခန္ဓာကိုယ်တစ်ခု ဖြစ်ရုံ သာမ 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်မှာလည်း သူသည် တိုးတက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော နယ်ပယ်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အကယ်၍ အသင်သည် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေသည်ဆိုလျှင်ရော ဘာအရေးနည်း။ အကယ်၍ သင်သည် ချင်ယွင်၏ခန္ဓာကိုယ်နှင့် ရင်ဆိုင် တိုက်ခိုက် မည်ဆိုလျှင် သင်ကိုယ်တိုင်သာ နှိပ်စက်ညှဉ်းပန်းခြင်း ခံရရုံသာ ရှိပေလိမ့်မည်။

နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်ကိုပိုင်ဆိုင်ထားပြီး အသားအရေပြားအရာမှာ (ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်းလမ်းစဉ်)မှာ ကျွမ်းကျင်သော နတ်ဆိုးသားရဲများမှလွဲ၍ ချင်ယွင်၏တိုက်ခိုက်မှုကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။

ချင်ယွင်၏အငွေ့အသက်သည်လည်း ချက်ချင်း ပေါက်ကွဲသွားသည်။

သူ၏ခန္ဓကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်လာပြီးနောက် နောက်တစ်ကြိမ် ပစ်ဝင်သွား ခဲ့ပြီး သူ၏လက်သီးက ကြွေကျသွားသော ကြယ်တစ်စင်းကဲ့သို့ မျက်လုံးသုံးလုံး ကျောရိုးခုန်းဝေလငါးကြီးရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့သည်။

မျက်လုံးသုံးလုံးကျောရိုး ခုန်းဝေလငါးကြီး၏ ရင်ဘတ်အရိုးများသည် အစိတ်အပိုင်း ဒါဇင်ပေါင်းများစွာ ကျိုးပဲ့သွားခဲ့ပြီး သူ၏အတွင်းအင်္ဂါများပင် ကွဲအက်သွားခဲ့သည်။ သူ၏ပါးစပ်မှ သွေးများ စီးထွက်လာသည်။

သူသည် ပင်လယ်ထဲသို့ ကျသွားပြီး ပျောက်ကွယ်သွားခဲ့သည်။

သင်္ဘောပေါ်ရှိလူများသည် စကားလုံးဝ မပြောနိုင်ကြတော့ပေ။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် သူတို့အား အနှိုင်းမဲ့ စစ်နတ်ဘုရားတစ်ပါးဖြစ်ကြောင်း ခံစားချက်ကို ပေးနေခဲ့သည်။

ယခုတော့ ချင်ယွင်ကို ကမ္ဘာပေါ်တွင် နံပါတ်တစ် သိုင်းဧကရာဇ်ဟု တင်စား ခေါ်ဝေါ်ခြင်းကို နောက်ဆုံးတွင် သူတို့ နားလည်လာကြသည်။

အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရှိ နတ်ဆိုးသားရဲတွေတောင် သူ၏ရှေ့မှာ အရိုက်အနှက်ခံရသည်။ ဤလိုပုဂ္ဂိုလ်မျိုးက ကမ္ဘာပေါ်မှာ နံပါတ်တစ် သိုင်းဧကရာဇ်တစ်ပါး မဖြစ်နိုင်ဘူးလား?

ယခုအချိန်တွင် ချင်ယွင်သည် သိုင်းဧကရာဇ်တစ်ပါးသာ ဖြစ်နေဆဲဖြစ်ပြီး သိုင်းဧကရာဇ်နယ်ပယ်၏ တတိယအဆင့် ကောင်းကင်အလွှာတွင်သာ ရှိသေးသည်။ အကယ်၍ သူသည် သိုင်းဧကရာဇ်နယ်ပယ်၏ နဝမအဆင့် ကောင်းကင်အလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့မည်ဆိုပါလျှင်၊ သူသည် မည်မျှ အစွမ်းထက်လိုက် မည်နည်း။

"ဝူး…………….!"

ထိုအချိန်တွင် ပင်လယ်နက်ကြီးထဲမှ ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

သိသာထင်ရှားသည်မှာ ဤမျက်လုံးသုံးလုံးကျောရိုး ခုန်းဝေလငါးကြီးသည် သူ၏ပုံစံ အစစ်အမှန်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"ဘန်း !"

ကျယ်လောင်သော ဆူဆူညံညံ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

ပင်လယ်ရေမျက်နှာပြင်မှ ကြီးမားသော ရေတိုင်လုံးကြီးတစ်ခုကို ပစ်လွှင့်သွားသည်။ ၎င်းရေတိုင်လုံးကြီးသည် အချင်းဆယ်မီတာကျယ်ပြီး အလွန် အစွမ်းထက်သည်။ ဧရာမသင်္ဘောကြီးသည် ဤရေတိုင်လုံး၏ တရစပ်ထိုးနှက်မူအောက်တွင် ချက်ခြင်း ပြိုကွဲသွားမည်ဟုပင် ခန့်မှန်းရသည်။

ချင်ယွင်သည် သတိကြီးစွာ ထားနေသည့်ကြားမှ ရေတိုင်လုံးကြီးက ကောင်းကင်တိုင်ကြီးတစ်ခုပမာ ချင်ယွင်၏ ရင်ဘတ်ကို ထိမှန်သွားခဲ့သည်။

ချင်ယွင်သည် ချက်ချင်းပင် လွင့်ထွက်သွားခဲ့သည်။

သူ၏ရင်ဘတ်မှ ခပ်အုပ်အုပ်အသံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

"ဘန်း !"

နောက်ထပ် ရေတိုင်လုံးကြီးတစ်တိုင်က ချင်ယွင်ဆီသို့ တရစပ် ထိုးကျသွားသည်။

ချင်ယွင်၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာပြီး မြူနှင်းချောက်နက်ဓားက သူ၏လက်ထဲတွင် ချက်ချင်းပေါ်လာသည်။

သူသည် “အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း” ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

သူ့တစ်ကိုယ်လုံးသည် အနှိုင်းမဲ့ စူးရှထက်မြက်သည့် ဓားအလင်းတန်းတစ်ခုကို သယ်ဆောင်ထားရင်း ရေတိုင်လုံးကြီးတွေနှင့် အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်သည်။

"ဖတ်!"

တုနှိုင်းမရနိုင်လောက်အောင် အင်အားကြီးမားသော ရေတိုင်လုံးကြီးသည် ချင်ယွင်၏ ဓားဖြင့် တစ်ဝက်တစ်ပျက် ခွဲပိုင်းခြင်း ခံလိုက်ရသည်။

ဓားအလင်းသည် ရေပြင်တစ်လျှောက် လျင်မြန်စွာ ဆင်းသက်သွားခဲ့ပြီး ပင်လယ်ထဲသို့ တိုက်ရိုက် ကျဆင်းသွားသည်။

"ဝူး………………!"

ကြေကွဲဝမ်းနည်းဖွယ် စူးစူးဝါးဝါးအော်ဟစ်သံက ပင်လယ်အောက်ခြေမှ ထွက်ပေါ် လာသည်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းမှ လှောင်ရယ်သံ ထွက်ပေါ်လာသည်။ သူသည် ရပ်တန့် မနေတော့ဘဲ မြူနှင်းချောက်နက်ဓားကို ဆွဲကိုင်လျက် ပင်လယ်ကြမ်းပြင် အောက်သို့ တိုက်ရိုက် ထိုးဆင်းသွားခဲ့သည်။

ပင်လယ်ရေမျက်နှာပြင်အောက်မှာ၊ မျက်လုံးသုံးလုံးကျောရိုး ခုန်းဝေလငါးကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ပင်လယ်ထဲတွင် ပုန်းအောင်းနေပါသည်။ သူ၏ ကြီးမားသော မျက်လုံးကြီးသုံးလုံးသည် မီးပုံးကြီးသုံးလုံးနှင့်တူပြီး အလင်းရောင် ဖျော့ဖျော့ လင်းလက်နေ၏။ ချင်ယွင်သည် ပင်လယ်ကြမ်းပြင်ထဲသို့ ဝင်လာသည်ကို မြင်သောအခါတွင် သူ၏မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင် များ ပေါက်ကွဲထွက်လာခဲ့သည်။

"ဝူး……….!

မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးသည် သူ၏ပါးစပ်ကြီးကိုဖွင့်ပြီး အရူးအမူး ဝါးမြိုလိုက်သည့်အခိုက် ဒေါသတကြီးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

အရူးအမူး စုပ်ယူခြင်းစွမ်းအားတစ်ခုက သူ့ပါးစပ်တစ်ဝိုက်မှာ လျင်မြန်စွာ ပျံ့နှံ့ လာခဲ့ သည်။ ပတ်ဝန်းကျင်ရှိ ဆိတ်သုဉ်းခြင်း သားရဲငယ်လေးများသည် သူ၏ နတ်ဆိုး ပါးစပ်ကြီးမှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ အားလုံး ဝါးမျိုခံလိုက်ရသည်။

ချင်ယွင်သည်လည်း ဤရူးသွပ်ဖွယ် စုပ်ယူခြင်းစွမ်းအားကို ခံစားလိုက်ရသည်။ ပင်လယ်ရေ မျက်နှာပြင်အောက်မှာ သူသည် ဤကြောက်မက်ဖွယ်ကောင်းသော စုပ်ယူခြင်းစွမ်းအားကို သူ တောင့်ခံနိုင်ခြင်းမရှိခဲ့ပေ။

မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးသည် ချင်ယွင်ကို တောင့်မခံနိုင် ဖြစ်နေ သည်ကို မြင်လိုက်ရသည့်အခါ သူ၏မျက်လုံးများသည် ပျော်ရွှင်သည့် အမူအရာ ချက်ချင်း ထွက်ပေါ်လာသည်။ သူသည် ချင်ယွင်ကို သူ၏ဗိုက်ထဲသို့ လုံးလုံးလျားလျား မျိုချလိုစိတ်ဖြင့် ပို၍ပင် အရူးအမူး စုပ်ယူတော့သည်။

ချင်ယွင်၏ မျက်လုံးများတွင် အေးစက်စက် အမူအရာ ပေါ်လာသည်။ သူသည်လည်း ၎င်းစုပ်ယူခြင်းစွမ်းအားကို ခုခံနေခြင်းကို အမှန်တကယ်ပင် စွန့်လွှတ်ထားလိုက်သည်။ ထိုတင်မကသေးဘဲ ချင်ယွင်သည် သူ၏ လှုပ်ရှားမှုပညာရပ်ကို အလျင်အမြန် အသုံးပြုပြီး သူ၏အရှိန်အဟုန်ကို ချက်ခြင်းပင် အထွတ်အထိပ်အထိ တိုးမြှင့်လိုက် သည်။ ဥက္ကာပျံကဲ့တစ်ခုသို့ သူသည် မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး၏ တွင်းနက်ကြီးကဲ့သို့ ပါးစပ်ဆီသို့ ပြေးသွားခဲ့သည်။

ချင်ယွင်သည် မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး၏ မျိုချခြင်းကို ခံရတော့မည့် အချိန်တွင် သူသည် ရုတ်တရက် အော်ဟစ်လိုက် " အကြွင်းမဲ့လေဓား သတ်ဖြတ်ခြင်း!"

တခဏအတွင်းမှာပင်၊ ပင်လယ်ရေပြင်တစ်ခုလုံးသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသည့် ဓားချီဖြင့် မွှေနှောက်လှုပ်ခတ်သွားခဲ့ပြီး ချက်ချင်းဆိုသလို မနှိုင်းယှဉ် သာအောင် ထက်ရှသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ မျက်လုံးသုံးလုံး ကျောရိုးခုန်း ဝေလငါးကြီး၏ မေးရိုးအပေါ်ပိုင်းဆီသို့ တိုက်ရိုက် တိုးဝင် သွားခဲ့သည်။

"မဟုတ်ဘူး!" မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ ပြင်ပခုခံအား မည်မျှပင် မာကြောနေပါစေ သူ့ခံတွင်း၏ ခုခံစွမ်းအားသည် အလွန်နူးညံ့ ပျော့ပျောင်းဆဲ ဖြစ်သည်။ သူသည် ချင်ယွင်၏ ထက်ရှသောဓားချီကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။

ဓားအလင်းသည် မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး၏ ဦးခေါင်းကို ချက်ခြင်း ထိုးဖောက် ဝင်ရောက်သွားပြီး ဓားအလင်းအတွင်းပါရှိသော ကြောက်မက်ဖွယ်ကောင်း သည့် လေထုဖြတ်တောက်ခြင်း စွမ်းရည်ကြောင့် သူ၏ ဦးခေါင်းတစ်ခုလုံးကို ချက်ချင်းပင် အက်ကွဲသွားလေသည်။

မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီး၏ မျက်လုံးများတွင် ဖော်မပြနိုင်လောက်ပင် စိတ်ပျက်လက်ပျက်ဖြစ်သည့် အမူအရာ ပေါ်လာသည်။ ဤအခိုက်အတန့်တွင်၊ သူသည် ချင်ယွင်၏စကားများသည် သူ၏အသက်ကို ကယ်တင်ရန်အတွက် မည်မျှ တန်ဖိုးရှိ သည်ကို နားလည်လာခဲ့သည်။ သို့သော် ယခု သူနောင်တရချိန်မှာ အချိန် နှောင်းနေပြီ ဖြစ်သည်။ သူသည် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

သင်္ဘောပေါ်ရှိလူတိုင်းသည် တိတ်ဆိတ်ငြိမ်သက်သွားသော ပင်လယ်မျက်နှာပြင်ကို မကြာခဏ ကြည့်ရှုနေကြပြီး ဤအရာအားလုံးကို စိုးရိမ်စိတ်ကြီးစွာဖြင့် သတိထားကာ ကြည့်ရှုနေကြသည်။ တိုက်ပွဲ၏နောက်ဆုံးရလာဒ်မှာ မည်သို့မည်ပုံ ဖြစ်လာမည်ကို သူတို့ မသိကြသေးပေ။

ချန်မင်ရှီသည် သူမမျက်လုံးထဲတွင် စိုးရိမ်သည့်အရိပ်ဖြင့် အဝေးကိုလှမ်းကြည့်နေရင်း သူမ၏စိတ်နှလုံးထဲတွင် စိုးရိမ်စိတ် အပြည့်ရှိနေသည်။

"ဘန်း!"

ထိုအချိန်တွင် ပင်လယ်ပြင်မှ ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ချင်ယွင်သည် မျက်လုံးသုံးလုံးကျောရိုးခုန်း ဝေလငါးကြီးကို သူ၏လက်ဖြင့် ဆွဲကိုင်ရင်း ပင်လယ်ထဲမှ ပြေးထွက်လာခဲ့ကာ ကောင်းကင်နတ်ဘုရားတစ်ပါးကဲ့သို့ သင်္ဘောကြီး၏ ဦးတည်ရာဆီသို့ ပျံသန်းလာနေသည် ။

ထိုမြင်ကွင်းကို အားလုံးမြင်လိုက်ရသည့်အခိုက် လုံး၀ တုန်လှုပ်သွားကြ၏။

ဤယခုအချိန်တွင်၊ အစောပိုင်းလေးက “ယနေ့ည ဝေလငါးအသားစားမည်ဟု” ပြောဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ချင်ယွင်၏စကားများသည် ရယ်စရာမဟုတ်ကြောင်း သူတို့ နောက်ဆုံး နားလည်လာခဲ့သည်။

အခန်းထဲတွင် ရပ်နေသော ချန်မင်ရှီ၏ မျက်လုံးများသည်လည်း တဖျပ်ဖျပ် တောက်ပ နေသည်။

"ကံကြမ္မာရဲ့ ချည်နှောင်မှုတွေကို ဖယ်ရှားပစ်ဖို့ သူ ငါ့ကို ကူညီပေးနိုင်လောက်တယ်။"

သူမသည် စိတ်ထဲတွင် ကြောက်စရာကောင်းသော အတွေးတစ်ခု ထွက်ပေါ်လာပြီး သူမ၏ နှလုံးသားသည်လည်း ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ရိုက်ခတ်သွားခဲ့ သည်။ သူမသည် အချိန်အတော်ကြာသည်အထိ တည်ငြိမ်အောင် မလုပ်နိုင်ဘဲ ဖြစ်နေ သည်။

စာစဉ် (၂၈) ပြီးပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters