အခန်း (၄၄၁-၄၄၅)
Vol. 30 Ch. 441-445
အခန်း (၄၄၁) လိပ်နက်ဘိုးဘေးကိုဓားဖြင့်ခုတ်ပိုင်းခြင်း။
"ဖျစ်!"
ချင်ယွင်သည် လျှပ်စီးလက်သလို ပစ်ဝင်လိုက်ပြီး လျင်မြန်စွာ ကျဆင်းလာနေသော ဆေဘာသွားပေါ်သို့ လက်ညှိုးဖြင့် ဆတ်ခနဲ တောက်ထုတတ်လိုက်သည်။ သူ၏ လက်ချောင်းထိပ်မှခွန်အားသည် တောင်ကြီးပြိုကျသကဲ့သို့ တဟုန်ထိုး ကျဆင်းသွားခဲ့ ပြီး ဆေဘာသည် ချက်ချင်း အစိပ်စိပ်မွှာမွှာ အက်ကွဲသွားသည်။
"ဘယ်…….ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငါ့ရဲ့စိတ်ဝိညာဉ်ဆွဲထုတ်အရိုးတိုက်စား ဆူးချွန်က မင်းကို ရှင်းရှင်းလင်းလင်း ထိမှန်ပြီးသားလေ။ မင်းက ဘယ်လိုလုပ်ပြီး ကောင်းကောင်းမွန်မွန် ရှိနေနိုင်တာလဲ" လိပ်နက်ဘိုးဘေးသည် ထိတ်လန့်သွားပြီး သူ၏မျက်လုံးထဲမှာ ထိတ်လန့်နေသည့် အကြည့်တွေနှင့်အတူ အလျှင်အမြန် နောက်ကို ဆုတ်လိုက်သည်။
ခပ်လှမ်းလှမ်းမှာရှိနေသည့် ဟောင်ကူ နှင့် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးတို့သည် လည်း အံ့အားသင့်နေသော အမူအရာများ ဖြစ်ပေါ်နေကြသည်။
"ခင်ဗျားရဲ့အဆိပ်က တကယ်ကို အစွမ်းထက်တယ်ဆိုတာ ကျုပ်ဝန်ခံပါတယ်။ ဒါပေမယ့် ခင်ဗျားက ဒီအဆိပ်လေးနဲ့ ကျုပ်ကိုသတ်နိုင်မယ်လို့ ထင်နေရင်တော့ ခင်ဗျားက ကိုယ့်ကိုကိုယ် ပိုတွက်ထားတာပဲ"
ချင်ယွင်သည် ဖြည်းညှင်းစွာ မတ်တတ်ရပ်ရင်း သရော်ဟန်ဖြင့် ပြောလိုက်သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော တိုက်ခိုက်လိုသည့်ဆန္ဒက တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက် ချင်ယွင်၏ မျက်လုံးများသည် အေးစက်လာပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် အဖြူရောင် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
လိပ်နက်ဘိုးဘေးသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ၏ပုံရိပ်သည်လည်း ချက်ချင်းပင် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲကာ နောက်သို့ ဆုတ်သွားသည်။
သူက ချင်ယွင်၏ လက်သီးစွမ်းအားကို မြည်းစမ်းဖူးပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ချင်ယွင်အား သူ၏အနားကို လုံးဝ ကပ်ခွင့်မပြုနိုင်ပေ။ ထိုသို့မဟုတ်လျှင် သူသည် ကြေကွဲဝမ်းနည်းဖွယ်ကောင်းစွာဖြင့် သေချာပေါက် သေဆုံးရလိမ့်မည်။
သို့သော်လည်း သူသည် ချင်ယွင်၏ အရှိန်အဟုန်ကို လျှော့တွက်မိနေဆဲ ဖြစ်သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ၏ အရှိန်အဟုန်သည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။ သူ၏ပုံရိပ်သည် ထက်ရှသောဓားဖြင့် ပင်လယ်ရေပြင်ကို ဖြတ်တောက်လိုက်သကဲ့သို့ အဖြူရောင်မျဉ်းကြောင်းတစ်ခုအဖြစ် ချက်ချင်း ရေးဆွဲသွားကာ လိပ်နက်ဘိုးဘေးဆီသို့ ချက်ချင်း ဖြတ်သန်းသွားတော့၏။
"ငရဲကိုသွားလိုက်တော့ !"
ချင်ယွင်က အော်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားက ချက်ချင်းဆိုသလိုပဲ သူ၏လက်သီးဆီမှာ စုစည်းသွားခဲ့ပြီး လိပ်နက်ဘိုးဘေးဆီကို တုနှိုင်းမရသည့် ကြောက်စရာကောင်းသော အငွေ့အသက်နှင့်အတူ ပစ်ဝင်သွားတော့သည်။
"ဟမ့်၊ ငါက မင်းကို တကယ်ကြောက်နေတယ်လို့ ထင်နေတာလား" လိပ်နက်ဘိုးဘေး သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏မျက်လုံးများတွင် အေးစက်သည့် အရိပ်အယောင် ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်အလင်းတန်းသည် ချက်ချင်းပင် လင်းလက်လာခဲ့ပြီး လိပ်နက်ဘိုးဘေးကို ပတ်ပတ်လည် လွှမ်းခြုံထား သည့် အစိမ်းရောင်အလင်းမှ လိပ်ခွံတစ်ခု ထွက်ပေါ်လာသည်။
ဒေါင်!
ချင်ယွင်၏ လက်သီးချက်သည် လိပ်နက်ဘိုးဘေး၏ အစိမ်းရောင် လိပ်ခွံပေါ်သို့ ကျရောက်သွားပြီး ဗုံသံကဲ့သို့ ပဲ့တင်ထပ်သည့်အသံက ထွက်ပေါ်လာသည်။
အစိမ်းရောင်လိပ်ခွံသည် ပြင်းထန်စွာ တုန်လှုပ်သွားသော်လည်း အက်ကွဲသွားခြင်း မရှိခဲ့ပေ။
ချင်ယွင်၏ လက်သီးပေါ်ရှိခွန်အားသည်လည်း ချက်ချင်း လျော့ပါးသွားခဲ့သည် ။
"ဒါက တကယ်ကို ဒီသိုင်းကွက်ပဲလား…"
ချင်ယွင်၏ မျက်လုံးများသည် ခက်ထန်သော အလင်းရောင်များနှင့်အတူ လင်းလက် သွားခဲ့သည်။ ယခင်က လိပ်နက်ဘိုးဘေး၏ သားနှင့်ရင်ဆိုင်ရာတွင် ဤသိုင်းကွက်ကို သူမြင်ဖူးသည်။ ထို့ကြောင့်၊ လိပ်နက်ဘိုးဘေးသည် ဤအခိုက်အတန့်တွင် ထိုသိုင်းကွက်ကို အသုံးပြုသည်ကို မြင်တွေ့ရခြင်းမှာ သဘာဝအတိုင်း အံ့ဩစရာ မဟုတ်တော့ပေ။
"ဟမ့်၊ ငါ့လိပ်နက်ကလန်ရဲ့ လိပ်ခွံအကာကွယ်ကို မင်းက ဘယ်လိုလုပ် လှုပ်ခါနိုင်ပါ့ မလဲ။ မင်းရဲ့ လက်သီးချက်တွေ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ငါ့လိပ်ခွံ အကာကွယ်ကို လှုပ်ခါဖို့က မဖြစ်နိုင်ဘူး။" လိပ်နက်ဘိုးဘေးက အေးစက်စွာ ပြောလိုက်သည်။ သူ၏ကိုယ်ပိုင်ခုခံကာကွယ်မှုအပေါ် သူသည် အလွန့်လွန် ယုံကြည်မှုရှိသည်။ ဒါက သူ၏ ဝှက်ဖဲလည်းဖြစ်သည်။ သူသည် ဤလိပ်ခွံ အကာကွယ်ကို ထုတ်ဖော်လိုက်သည်နှင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် နတ်ဆိုးသားရဲတွေတောင်မှ သူ့ကို ဒုက္ခမပေးနိုင်ပါဘူး။
"ကျုပ်က လက်သီးသိုင်းပညာရပ်ကိုပဲ ကျွမ်းကျင်တယ်လို့ ခင်ဗျား တကယ် ထင်နေတာ လား" ချင်ယွင်က ရယ်မောလိုက်ပြီး သူ၏ခါးမှ မြူနှင်းချောက်နက်ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ ပြင်းထန်သော ဓားဆန္ဒက ချက်ခြင်းပင် ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
"ဟမ့်၊ မင်းက ဓားသိုင်းပညာရပ်ကို သိထားတယ်ဆိုရင်ရော ဘာဖြစ်လဲ။ မင်းရဲ့ဓားက ငါ့လိပ်ခွံကို ထိုးဖောက်နိုင်မယ်လို့ မင်းထင်နေလား။ မင်း အိပ်မက်မက်လိုက်ဦး!" လိပ်နက်ဘိုးဘေးက အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
သို့သော် ချင်ယွင်သည် စကားလုံးတွေပြောပြီး အချိန်မဖြုန်းချင်တော့ပေ။ ဝိညာဉ်ချီကို မြူနှင်းချောက်နက်ဓားထဲ့သို့ ချက်ခြင်း သွန်းလောင်းလိုက်ပြီး သူ၏ပုံရိပ်က ပုံရိပ် ယောင်များအဖြစ် နောက်တကြိမ် ပြောင်းလဲသွားကာ လိပ်နက်ဘိုးဘေးဆီသို့ ပြေးဝင် ခုတ်ပိုင်းလိုက်လေသည်။
ချင်ယွင်ကို တိုက်ခိုက်မူကို ခွင့်ပြုထားရင်း လိပ်နက်ဘိုးဘေး၏ မျက်လုံးများသည် လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။
လိပ်နက်ဘိုးဘေး၏ အကာကွယ်လိပ်ခွံကို မည်ကဲ့သို့ အလွယ်တကူ ချိုးဖျက်နိုင်မည် နည်း။
"ဖတ်!"
ဓား၏ထက်ရှသော ဓားသွားသည် အစိမ်းရောင်လိပ်ခွံကို ခုတ်ပိုင်းသွားပြီး တုနှိုင်း မရလောက်အောင် လှပသောမီးပွားတစ်ခု ဖန်တီးဖြစ်ပေါ်သွားသည်။ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေပြင်သည် ကြောက်မက်ဖွယ်ကောင်းသော ဓားချီကြောင့် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
အစိမ်းရောင်လိပ်ခွံသည် ပို၍ပင် ပြင်းထန်စွာ တုန်လှုပ်သွားသော်လည်း၊ အက်ကွဲသွားခြင်း မရှိခဲ့ပေ။
"ဟား၊ ဟား၊ အသုံးမဝင်ဘူးလို့ ငါပြောသားပဲ။ မင်းရဲ့ဓားက ငါ့လိပ်ခွံကို မဖောက်နိုင်ဘူး။ ဒါကြောင့် မင်းသေသင့်တယ်" လိပ်နက်ဘိုးဘေးက ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။
"တကယ်ရော ဟုတ်လို့လား?" ချင်ယွင်၏ မျက်လုံးများသည် အပြုံးများနှင့်အတူ တောက်ပလာသည်။
အစောပိုင်းက၊ ထိုဓားချက်သည် စမ်းသပ်မှုတစ်ခုသာဖြစ်ပြီး ယခုနောက်တစ်ဆင့်ကမှ အမှန်တကယ် စတင်ခြင်းဖြစ်သည်။
ချင်ယွင်သည် သူ၏ဓားကို လက်ထဲတွင်ကိုင်ထားရင်း ရပ်နေပြီး၊ သူ၏ပုံစံက ဓားအင်မော်တယ်တစ်ပါး အလွန်သိမ်မွေ့နူးညံ့ကာ သူ၏အကြည့်တွေကလည်း ချက်ချင်း စူးရှလာသည်။
သတ်ဖြတ်လိုသည့်ဆန္ဒက လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲသွားသည့်အလား တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။
သတ်ဖြတ်လိုသည့်ဆန္ဒသည် ပင်လယ်ရေကဲ့သို့ နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ဤအခိုက်အတန့်တွင် လူတိုင်းသည် ၎င်းတို့၏ နှလုံးသားထဲတွင် ပြင်းထန်သော ရင်တုန်နှလုံးခုန်ခြင်းကို ခံစားလိုက်ရပြီး စကားမပြောနိုင်လောက်အောင် အေးစိမ့်သော အအေးဓာတ်က သူတို့၏ နှလုံးသား အနက်ရှိုင်းဆုံးအရပ်မှ ထွက်ပေါ်လာသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီကောင်လေးက ဒီလောက်ပြင်းထန်တဲ့ သတ်ဖြတ်လိုတဲ့ဆန္ဒကို ဘယ်လိုလုပ် ထုတ်လွှတ်နိုင်မှာလဲ" ပြိုင်ပွဲကို အမြဲတမ်း သတိထားစောင့်ကြည့်နေသည့် ဟောင်ကူသည် မထိန်းနိုင်ဘဲ ထိတ်လန့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏နှလုံးသားထဲမှာ ချင်ယွင်အပေါ် ကြောက်ရွံ့မှု အရိပ်အယောင်များ ရှိလာနေသည်။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ ခရမ်းရောင်မျက်လုံးများသည်လည်း အံ့အားသင့်စွာဖြင့် တဖျပ်ဖျပ် ခတ်သွားသည်။ သူမရှေ့ရှိ ချင်ယွင်သည် သူမအပေါ် ထပ်ခါထပ်ခါ နားလည်မူအသစ်တွေကို ဖြစ်ပေါ်စေခဲ့သည်။
ချင်ယွင်ကို လက်ဖဝါးတစ်ချက်ရိုက်ပြီး လိပ်နက်ဘိုးဘေးက သတ်ပစ်လိမ့်မည်ဟု သူမထင်ထားချိန်မှာ ချင်ယွင်သည် သူ၏လက်သီးကို အသုံးပြု၍ လိပ်နက်ဘိုးဘေးအား အပြင်းအထန် ဖိနှိပ်ထားပြီး ခုခံနိုင်စွမ်းပင် ကင်းမဲ့စေခဲ့သည်။
ချင်ယွင်သည် လိပ်နက်ဘိုးဘေး၏ ထူးခြားသောစွမ်းရည်ဖြစ်သည့် စိတ်ဝိညာဉ် ဆွဲထုတ် အရိုးတိုက်စားဆူးချွန်အောက်မှာ ကြေကွဲဝမ်းနည်းစွာ သေဆုံးသွားရလိမ့်မည် ဟု သူမထင်ခဲ့တုန်းကလည်း ချင်ယွင်သည် မသေရုံတင်မ အဆင်ပြေ ကောင်းမွန် နေသေး၏။
ဤတစ်ကြိမ်တွင် ချင်ယွင်သည် သူ၏ဓားဖြင့် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒ ကို ထုတ်ဖော်နိုင်ခဲ့သည်။ ယင်းက သူမစိတ်ကိုပင် အတိုင်းအတာတစ်ခုအထိ ရိုတ်ခတ်မူရှိခဲ့သည်။ သူမသည် သူမရှေ့မှာရှိနေသည့် ချင်ယွင်ကို ထွင်းဖောက်မမြင် နိုင်တော့ကြောင်း သူမ တွေ့လိုက်ရသည်။
သူမသည် ချင်ယွင်သည် လိပ်နက်ဘိုးဘေး၏လိပ်ခွံကို ချိုးဖျက်ပြီး နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်မလားဟုပင် မနေနိုင်ဘဲ တွေးမိပြီး သိချင်စိတ် ပြင်းပြ လာခဲ့သည်။
လိပ်နက်ဘိုးဘေးသည် ချင်ယွင်ထံမှ ထွက်ပေါ်လာသော ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒကို ခံစားလိုက်ရပြီး သူ၏နှလုံးသားထဲတွင် မထိန်းနိုင်ဘဲ ထိတ်လန့်တကြားဖြစ်သည့် အရိပ်အယောင်ကို ခံစားလိုက်ရသည်။
သို့သော် သူသည် သူ၏လိပ်ခွံအကာကွယ်အပေါ် ခိုင်မာသော ယုံကြည်မှုရှိသည်။ ချင်ယွင်၏ဓားသည် သူ၏လိပ်ခွံအကာကွယ်ကို ချိုးဖောက်ဝင်ရောက်နိုင်မည်ဟု သူ မယုံကြည်ပေ။
"ဟမ့်၊ မင်းရဲ့ဓားက ငါ့လိပ်ခွံကို ချိုးဖြတ်သွားနိုင်မယ်လို့ ငါ မယုံဘူး။" လိပ်နက် ဘိုးဘေးက အေးစက်သော မျက်နှာဖြင့် ပြောသည်။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန်းကွေးသွားပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒ ထွက်ပေါ်လာသည်။ သူ၏ပတ်ဝန်းကျင်မှ ပင်လယ်ရေတွေက ချက်ချင်း တုန်လှုပ်သွားသည်။
"လေက မမြင်နိုင်တဲ့ စွမ်းအင်တစ်ခုဖြစ်တဲ့အပြင် မမြင်နိုင်တဲ့လူတွေကိုလည်း သေစေနိုင်ပုံရတယ်။ ငါတို့ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။ အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း "
ချင်ယွင်က အော်ပြောလိုက်သည်နှင့် သူ၏မျက်လုံးများသည် ထက်ရှသောဓားတစ်စင် ကဲ့သို့ ချက်ချင်းပင် စူးရှလာသည်။
သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ချက်ခြင်း တုန်ခါနေပြီး စူးရှသည့် ဓားအလင်းက ဥက္ကာပျံကဲ့သို့ နက်မှောင်သော ပင်လယ်ကြမ်းပြင်ကို ဖြတ်ကျော် သွားခဲသည်။
ကြယ်ရောင်ကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေသော ပင်လယ်ရေသည် ချက်ချင်းပင် ပွင့်ထွက်လာပြီး လေဟာနယ်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
ဥက္ကာပျံကဲ့သို့ ဓားအလင်းသည် ကြယ်တံခွန်တစ်စင်း၏ ရိုက်ခတ်မှုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို သယ်ဆောင်လာရင်း လိပ်နက် ဘိုးဘေး၏လိပ်ခွံကို ပြင်းပြင်းထန်ထန် တရစပ် တိုက်ခိုက်သည်။
"ဘန်း.!"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
အနက်ရောင်သံမဏိကဲ့သို့ မာကျောသော အစိမ်းရောင်လိပ်ခွံသည် ချက်ချင်းပင် ပေါက်ကွဲသွား၏။
လိပ်နက်ဘိုးဘေးသည်လည်း ဤဓားချက်၏ ကြီးမားသော ရိုက်ခတ်မှုအောက်တွင် နောက်ပြန်ဆုတ်သွားကာ သူ့ပါးစပ်မှ သွေးများ ထွက်ကျလာသည်။
ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ အစွမ်းထက်ဆုံး ခုခံ အကာကွယ်တစ်ခုအဖြစ် လူသိများသော လိပ်နက်ဘိုးဘေး၏လိပ်ခွံသည် အမှန်တကယ်ပင် ချင်ယွင်၏ဓားချက်ကြောင့် အက်ကွဲသွားခဲ့သည်။
"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး" လိပ်နက်ဘိုးဘေး၏ ခန္ဓာကိုယ်က နောက်သို့ဆုတ်သွားပြီး သူ၏ပါးစပ်က အဆက်မပြတ် အော်ဟစ်နေရင်း သူ၏မျက်လုံးများက မယုံကြည်နိုင်သည့် အမူအယာများဖြင့် ပြည့်နေသည်။
"ခင်ဗျားရဲ့ လိပ်ခွံအကာကွယ်က ချိုးဖျက်လို့မရဘူးလို့ ခင်ဗျား ထင်နေသေးလား"
ထိုအချိန်တွင် ချင်ယွင်၏အေးစက်သော ရယ်မောသံသည် လိပ်နက်ဘိုးဘေး နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
လိပ်နက်ဘိုးဘေးသည် ရုတ်တရက် လှည့်ကြည့်လိုက်တော့ ချင်ယွင်သည် သူ့နောက်မှာ ဓားကိုင်ပြီး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက လှောင်ပြုံးလေး ပြုံးနေပြီး သူ့ကိုကြည့်နေသည်။ သူ့အကြည့်တွေက စူးရှလွန်းသည့်အတွက် လူအများကို ထိတ်လန့်သွားစေနိုင်သည် ။
“မလုပ်နဲ့… မလုပ်နဲ့…” လိပ်နက်ဘိုးဘေးက ကမန်းကတန်း အော်လိုက်သည်။
သို့သော်လည်း ချင်ယွင်သည် လိပ်နက်ဘိုးဘေး၏ စကားကို ကြားပုံမရပါချေ။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက အံ့သြစရာကောင်းသည့် လမ်းကြောင်း တစ်ခုအဖြစ် ချက်ချင်းဆွဲဝိုက်သွားပြီး လိပ်နက်ဘိုးဘေး၏ လည်ပင်းပေါ်မှာ သွေးစွန်းရာတွေ ချက်ချင်း ပေါ်လာသည်။
တိတ်ဆိတ်သွားခဲ့ပြီ။ အရာအားလုံး လုံးဝ တိတ်ဆိတ်သွားခဲ့ပြီ။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ထိုမြင်ကွင်းကိုကြည့်ပြီး အံ့သြမှင်သက်နေ၏။
တစ်ဖက်တွင် ချင်ယွင်သည် လိပ်နက်ဘိုးဘေး၏ တစ်စတစ်စ ပြိုဆင်းကျနေသော ခန္ဓာကိုယ်ကို ကြည့်ကာ သူ၏မျက်လုံးများသည် ရှေးဟောင်းရေတွင်းတစ်ခုမှ ရေကဲ့သို့ ငြိမ်သက်နေလေသည်။
အခန်း (၄၄၂) လျှို့ဝှက်ဆန်းကြယ်လိပ်နက်လှိုဏ်ဂူကို သိမ်းပိုက်ခြင်း။
နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူ၊ လျှို့ဝှက် ဆန်းကြယ်သော လိပ်ဘိုးဘေးသည် ချင်ယွင်၏ ကရုဏာကင့်မဲ့သော ဓားချက်အောက် တွင် ထိုကဲ့သို့ပင် သေဆုံးသွားခဲ့ရသည်။
ဆူးသုံးချောင်းလှိုဏ်ဂူအပြင်ဘက်ရှိ ပုစွန်တပ်သားများနှင့် ကဏန်းတပ်မှူးကြီးသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့အားလုံး အလွန်တုန်လှုပ်ခြောက်ခြားသည့် အမူအရာများ ဖြစ်ပေါ်နေကြပါသည်။ ချင်ယွင်ကို လှမ်းကြည့်နေကြသော သူတို့၏ အကြည့်များတွင် ရိုသေလေးစားသည့်အလင်းများဖြင့် လင်းလက်တောက်ပနေကြ၏။
ဟောင်ကူ၏နဖူးပြင်ရှိ မျက်ခုံးများသည် လျှိုမြောင်ကဲ့သို့ နက်ရှိုင်းစွာ တွန့်နေပါသည်။ သူ အမြဲတမ်း လျစ်လျူရှုထားခဲ့သော လင်းယွင်သည် ဘိုးဘေးလိပ်နက်ကို အမှန်တကယ် သတ်ဖြတ်နိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
အထူးသဖြင့် သိမ်မွေ့နက်နဲလှသော လိပ်ဘိုးဘေး၏ လိပ်ခွံကို ဖြတ်တောက်သွားသော ချင်ယွင်၏ ဓားချက်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ပြင်းထန်သော ဓားဆန္ဒသည် သူ့ကို ထိတ်လန့်ကြောက်ရွံ့မှုကို ဗြုန်းခနဲ ထွက်ပေါ်လာစေခဲ့ပါသည်။
ဟုတ်ပါသည်။ သူသည် သူကိုယ်ကိုင် အရင်မလှုပ်ရှားမိဘဲ သူ့ကိုယ်သူ အောင့်အီးထား နိုင်သည့်အတွက် အနည်းငယ်ပင် ပျော်ရွှင်မိပါသည်။ ထိုသို့မဟုတ်လျှင် ယခုအချိန် လဲကျနေသူမှာ သူဟောင်ကူ ဖြစ်နေနိုင်ပါသည်။
ဟောင်ကူ၏ မျက်လုံးများသည် ခက်ထန်သော အလင်းရောင်တစ်ချက် လင်းလက် သွားခဲ့သည်။ သူ၏နှလုံးသားထဲတွင် စိတ်ခံစားချက်များ ရောထွေးပြီး မနာလိုစိတ်တွေ လည်း ပြည့်နေခဲ့သည်။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ မျက်လုံးများသည် ချင်ယွင်ကို နူးညံ့သော အကြည့်ဖြင့် ကြည့်နေစဉ်မှာ လင်းလက်တောက်ပနေသည်။
သူမသည် ချင်ယွင်အား ရှာဖွေ့တွေ့ရှိသူ ဖြစ်သည်။ ချင်ယွင်၏ စွမ်းဆောင်ရည်က ပိုအားကောင်းလေ သူမနှင့် နဂါးကောင်းကင်နန်းတော်အတွက် ပိုကောင်းလေပင် ဖြစ်သည်။
"ကောင်းပြီ၊ ကာကွယ်သူ လိပ်နက်ဘိုးဘေးက သေဆုံးသွားပြီဆိုမှတော့ တပ်မှူး လင်းယွင်က ဒီရှင်ခြင်းသေခြင်းတိုက်ပွဲကို အနိုင်ရသူလို့ ငါကြေငြာတယ်။ တစ်ချိန် တည်းမှာပဲ၊ လိပ်နက်လှိုဏ်ဂူအပါအဝင် ကာကွယ်သူ လိပ်နက်ဘိုးဘေးရဲ့ပိုင်ဆိုင်မှု အားလုံးကိုလည်း တပ်မှူးလင်းယွင်က ပိုင်ဆိုရလိမ့်မယ်။ “ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ပြောလိုက်။
"အယ်?" ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။
“အရင်က ရှင်းရှင်းလင်းလင်း မပြောပြခဲ့ဘူး၊ ရှင်ခြင်းသေခြင်းစိန်ခေါ်မူ တိုက်ပွဲနဲ့ ပတ်သက်ပြီး နောက်ထပ်စည်းမျဉ်းတစ်ခု ရှိသေးတယ်။ အဲဒါကတော့ “တဖက်က ရှုံးနိမ့်သွားသူရဲ့ ပိုင်ဆိုင်မှုအားလုံးကို အနိုင်ရတဲ့လူက ပိုင်ဆိုင်ရလိမ့်မယ်။ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လိပ်နက်ဘိုးဘေးရဲ့ အကြီးမားဆုံးပိုင်ဆိုင်မှုကတော့ လျှို့ဝှက် ဆန်းကြယ်လိပ်နက်လှိုဏ်ဂူကို ကာကွယ်သူဖြစ်တဲ့ သူရဲ့ရာထူးဖြစ်တယ်။ အခု မင်းက လိပ်နက်ဘိုးဘေးကို အနိုင်ယူခဲ့တယ်။ အဲဒီတော့ အဲဒီရာထူးကို မင်းအနေနဲ့ သဘာဝ အတိုင်း ပိုင်ဆိုင်ရမှာ ဖြစ်တယ်။ သေချာတာက မင်းမှာ တပ်မှူးရာထူး ရှိပြီးသား ဖြစ်တယ်။ ဆိုတော့ မင်းက အဲဒီမှာ တစ်ယောက်တည်း သွားနေထိုင်နေဖို့မလိုဘူး။ အဲဒီကာကွယ်သူရာထူးကို တခြားလူကို ခန့်ထားနိုင်တယ်။” ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက အပြုံးလေးဖြင့် ရှင်းပြသည်။
“ကျွန်တော်က အဲဒီရာထူးအပေါ်မှာ တက်ထိုင်နေဖို့ မလိုဘဲ၊ တခြားသူကို ခန့်ထားနိုင် သေးတာလား” ချင်ယွင်က သိချင်စိတ်ဖြင့် မေးလိုက်ပါသည်။
“အင်း! ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက ခေါင်းညိတ်ပြလိုက်ပါသည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ စိတ်လှုပ်ရှားနေသည့် အမူအရာတစ်ခု ချက်ချင်း ပေါ်လာပါသည်။
"ဘာလဲ၊ မင်းမှာ သင့်တော်တဲ့ ရွေးချယ်ထားသူ တစ်ယောက် ရှိလို့လား" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ချင်ယွင်က လိပ်နက်လှိုဏ်ဂူ၏ ကာကွယ်သူ အဖြစ် မည်သူ့ကို ခန့်အပ်မလဲဆိုသည် သိချင်နေဟန်တူပါသည်။
“ဟုတ်ကဲ့ပါ။ ဒါပေမယ့် အခု သူက ဒီမှာမရှိသေးပါဘူး။ သူကလည်း ကျွန်တော့် ညီတစ်ယောက်ပါပဲ။ ကျွန်တော် သူ့ကို လိပ်နက်ဂူရဲ့ ကာကွယ်သူအဖြစ် ထားပေး ချင်တာပါ” ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်သည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့နှင့်အတူ သူ၏ ဆိတ်သုဉ်းခြင်းသားရဲလေးကောင်သည် သူ၏ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်တွင် နေထိုင်ကြသည်။ သူသည် ရှောင်ဘိုင် သို့မဟုတ် ရှောင်ကျင်းကို ကျပန်းခန့်အပ်ရန်သာ လိုအပ်သည်။ ထို့အပြင် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် မျက်လုံးသုံးလုံး နောက်ရိုးခုန်းဝေလငါးကြီးနှင့် လက်ချောင်းရှစ် ချောင်းပါ ဧရာမမွန်းစတားကြီးကို စားသောက်ခဲ့ကြသောကြောင့် ယခုအချိန်မှာ သူတို့သည် အဆင့်ငါး အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့သည် မကြာမီ နတ်ဆိုးသားရဲနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်ဖွယ် ရှိသည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် နတ်ဘုရားသားရဲသွေးမျိုးဆက်များပိုင်ဆိုင်ထား သည့် နတ်ဆိုးသားရဲများ ဖြစ်လာကြလိမ့်မည်။ သူတို့သည် အစောပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်ပြီးသည်နှင့် သူတို့၏ မွေးရာပါ နတ်ဘုရားစွမ်းရည်များသည် အလွန်တိုးတက်လာမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူတို့၏ ခွန်အားသည်လည်း အရည်အသွေးတစ်ခုအနေဖြင့် ခုန်တက်သွားမည် ဖြစ်သည်။ ဤအရာက ချင်ယွင်အတွက် အလွန်အထောက်အကူ ဖြစ်လာကြလိမ့်မည်။
ထိုအကြောင်းကိုတွေးတောရင်း ချင်ယွင်သည် မထိန်းနိုင်ဘဲ စိတ်တွေ လှုပ်ရှား လာလေသည်။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ချင်ယွင်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှား နေသော အမူအရာကို မြင်သောအခါတွင် သူမသည်လည်း သိချင်စိတ် ပြင်းပြ လာမိသည်။
လိပ်နက်ဂူ၏ကာကွယ်သူ ရာထူးကိုရသွားတဲ့အတွက် သူ အရမ်းပျော်နေတာများလား။ ထို့အပြင်၊ သူသည် ထိုရာထူးအတွက် အခြားသူတစ်ဦးကို ခန့်ထားဦးမည်။ သူတပ်မှူး ရာထူးကို ခန့်အပ်ခံရချိန်တုန်းကပင် သူ့ကို ယခုလောက်ပျော်ရွှင်နေသည်ကို သူမ တစ်ခါမှ မမြင်ဖူးသလိုပင်။
"မင်းက ဘယ်သူကို ခန့်ထားချင်လဲ ငါ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် မင်းက ငါတို့ နဂါးကောင်းကင်နန်းတော်ရဲ့ ကာကွယ်သူတစ်ဦးကို ခန့်အပ်ခြင်းဖြစ်တာကြောင့် မင်းအနေနဲ့ အဲဒီခန့်အပ်မယ့်လူကို ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့အတွက် သွေးတစ်စက်ကို သွေးစက်ကျောက်တုံးထဲ ထည့်ရလိမ့်မယ် ။" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက ပြောပြသည်။
ချင်ယွင်သည် ခေါင်းကို ထပ်ခါထပ်ခါ ညိတ်ပြလိုက်ပါသည်။ သူသည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့တို့ သူတို့၏ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးနောက်မှသာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုခံယူရန် စီစဉ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ရှောင်ဘိုင်နှင့်ရှောင်ကျင်း တို့သည် မူလကတည်းက နတ်ဆိုးသားရဲများဖြစ်ကြသည်။ သူတို့သည် အခြား မည်သည့်အင်အားစုနှင့်မျှ ပူးပေါင်းထားခြင်းမရှိသောကြောင့် စိတ်ပူစရာမလိုပေ။
"ဒါဆိုလည်း မင်းညီကို အရင် အကြောင်းကြားထားသင့်တယ်။ သူ့ကို ငါ့ရဲ့စစ်ဆေးမူကို ခံယူဖို့ အရင်လာခိုင်းလိုက်ပါ။ ပြီးမှ သူ့ကို လိပ်နက်ဂူကာကွယ်သူတစ်ဦးရဲ့အလုပ်တွေ ကို ငါသင်ပေးပါ့မယ်။" ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက ထပ်ပြောပြန်သည်။ ထိုစကားပြီးဆုံးပြီးနောက် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ပြန်လှည့်ပြီး ဆူးသုံး ချောင်းလှိုဏ်ဂူသို့ ပြန်သွားတော့မည်။
"အဲ" ချင်ယွင်ထံမှ ရုတ်တရက် အသံထွက်သွားသည်။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အနည်းငယ် အံ့အားသင့်သွားပြီး “မင်းမှာ တခြား မေးစရာများ ရှိသေးလို့လား” ဟု စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။
"အမ်... အစ်မဇီ၊ ဘိုးဘေးလိပ်နက်ရဲ့အလောင်းကို ကျွန်တော့်ကို ပေးနိုင်မလား" ချင်ယွင်က မေးလိုက်သည်။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားသည်။
အစ်မဇီလား……? ဒီနာမည်က ထူးဆန်းနေပြန်တယ်။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ချင်ယွင်ကို စိုက်ကြည့်နေ၏။ ချင်ယွင်၏ မျက်လုံးများသည် အာရုံထွေပြားခြင်းမရှိဘဲ ကြည်လင်ပြတ်သားပြီး ရိုးသားကြောင်း သူမ တွေ့ရှိရသည်။ သူ့ကို အပြစ်တင်ရန် မူလရည်ရွယ်ချက်က ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အမ်းတမ်းတမ်းအမူအယာဖြင့် ပြောလိုက်ရသည် "ဒီ လိပ်နက် ဘိုးဘေးရဲ့ အလောင်းကလည်း လိပ်နက်ဘိုးဘေး ပိုင်ဆိုင်တဲ့အရာပဲ။ ထုံးစံအတိုင်း ဒါကလည်း မင်းရဲ့ တိုက်ပွဲအောင်နိုင်ခြင်းရဲ့အကျိုးမြတ်ပဲ။ မင်း စိတ်ကြိုက် လုပ်လို့ရတယ်"။
"ကျေးဇူးတင်ပါတယ် အစ်မဇီ !" ချင်ယွင်က ချက်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက် သည်။ လိပ်နက်ဘိုးဘေး၏ အလောင်းနှင့်ဆိုလျှင် ရှောင်ဘိုင်နှင့်ရှောင်ကျင်း တို့သည် အဆင့်ငါး အထွတ်အထိပ်ကို ဖြတ်ကျော်ပြီး နတ်ဆိုးသားရဲနယ်ပယ်သို့ ဝင်ရောက် နိုင်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် နဂါးကောင်းကင် နန်းတော်၏ အင်အားစုများနှင့်ပူးပေါင်းပြီး သူတို့၏ကိုယ်ပိုင် အင်အားစုများကို ဖွဲ့စည်းကာ သူ့နောက်သို့ လိုက်နိုင်မည် ဖြစ်သည်။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အစ်မဇီ' ဟူသောအမည်ကို ထပ်မံကြားရသော အခါတွင် သူမ၏နှလုံးသည် အနည်းငယ် တုန်ယင်နေသေးသည်။ သူမသည် ချင်ယွင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချင်ယွင်သည် ပျော်ရွှင်ကျေနပ်နေသည်ကို မြင်ရပြီး တခြားဘာမှ မပြောတော့ပေ။ သူမသည် ခေါင်းကို အသာခါယမ်းပြီး လှည့်ထွက် သွားတော့သည်။
အမှန်တကယ်ဆို ချင်ယွင်က သူမကို ယခုလိုခေါ်လိုက်သည့်နာမည်ကို သူမသည် တိတ်တဆိတ် အသိအမှတ်ပြုပြီးသား ဖြစ်သွားခဲ့သည်ကို သူမကိုယ်တိုင်ပင် မသိခဲ့ပါဘူး။ ထို့အပြင်၊ သူမကို “အစ်မဇီ” “ အစ်မဇီ”ဟု တစ်ခွန်းပြီး တစ်ခွန်းခေါ်နေ သည့် သူမ၏ရှေ့မှောက်တွင်ရှိနေသော ဤလူငယ်လေးကြောင့် သူမ၏ကံကြမ္မာသည် ပြောင်းလဲသွားလိမ့်မည်ကို သူမ မသိခဲ့ပါဘူး။
ဟောင်ကူသည် ဘေးမှာရပ်နေပြီး ဤအရာအားလုံးကို ကြည့်နေခဲ့သည်။ အထူးသဖြင့် ချင်ယွင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော အကြီးအကဲကို “အစ်မဇီ”ဟုခေါ်ပြီး ထိုအကြီးအကဲကလည်း အမှန်တကယ်ပင် သူ့ကို အပြစ်တင်ရန် နည်းနည်းလေးမျှ ရည်ရွယ်ချက်မရှိသည်ကို မြင်သောအခါ သူ၏မျက်လုံးထဲတွင် ပြင်းထန်သော မလိုလားသော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
ချင်ယွင်၏ ပျော်ရွှင်မြူးတူးနေသောအမူအရာကို မြင်လိုက်ရသည်နှင့် သူ၏ နှလုံးသားထဲတွင် အမျက်ဒေါသက တောက်လောင်နေသော မီးတောက်တစ်ခုလို လောင်ကျွမ်းသွားသည်။
မူလက သူသည် ချင်ယွင်အားသတ်ရန်အတွက် လိပ်နက်ဘိုးဘေး၏လက်ကို ငှားရမ်း ကာ အရာအားလုံးကို စီစဉ်ခဲ့သည်။ သို့သော်လည်း သူသည် ချင်ယွင်ကို မသတ်နိုင်ရုံ သာမက ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ သဘောတူညီချက်ကို ရရှိအောင် ချင်ယွင်ကို ကူညီပေးသလို ဖြစ်သွားလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ ထို့အပြင် ချင်ယွင်၏အင်အားကို အပြည့်အဝ ကူညီပေးရာရောက်သည့် လိပ်နက်ဂူ၏ အုပ်ချုပ်ခွင့် အာဏာကိုလည်း ချင်ယွင် ရယူခွင့်ပေးခဲ့သည်။ သူ၏အဖြစ်က ကြက်ခိုးသော်လည်း ကြက်သားလုံးလုံးမစားရသည့် အဖြစ်နှင့် တူနေသည်။ သူသည် ဤအဖြစ်ပျက်မျိုးကို မည်ကဲ့သို့ ကျေကျေနပ်နပ်ဖြင့် လက်ခံနိုင်မည်နည်း။
"ဟမ့်၊ လင်းယွင်၊ ငါ့ကို စောင့်ပါ။ မင်းကို ဘယ်သူမှ ကုစားနိုင်မှာမဟုတ်ဘူးလို့ ငါမယုံဘူး။" ကြီးမြတ်သောကာကွယ်သူဟောင်ကူသည် အေးစက်စက် နှာခေါင်း တစ်ချက် ရှုံ့ပြီးနောက် ချင်ယွင်ကို ခက်ထန်စွာ စိုက်ကြည့်ပြီး သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ လှည့်ထွက်သွားတော့သည်။
ချင်ယွင်သည် ဒေါသတကြီး ထွက်ခွာသွားသော ဟောင်ကူကို ကြည့်ရင်း သူ၏ ပါးစပ်ထောင့်မှ အေးစက်သည့် အပြုံးတစ်ခု ပေါ်လာပါသည်။
ယခုတစ်ကြိမ်တွင် လိပ်နက်ဘိုးဘေးက သူ့ကို ရှင်ခြင်းသေခြင်းတိုက်ပွဲကို စိန်ခေါ်ရ ခြင်း၏ အကြောင်းရင်းမှာ ဟောင်ကူသည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေ ခြင်းကြောင့် ဖြစ်သည်။ ထုံးစံအတိုင်း၊ ချင်ယွင်က သူ့ကို သတ်ဖြတ်ချင်ကို လွယ်လွယ် ကူကူနှင့် လက်လွှတ်ခံမှာ မဟုတ်ပါဘူး။
"ကောင်ကူ၊ မင်းအနေနဲ့ ကိုယ့်ကန့်သတ်ချက်တွေကို ကိုယ်သိပြီး ငါ့ကို မနှောင့်ယှက်ဖို့ ငါ မျှော်လင့်တယ်။ မဟုတ်ရင် မင်းရဲ့သေခြင်းကို အရမ်းစိတ်ဆင်းစရာ ကောင်းသည် အထိ ငါ လုပ်ပေးရလိမ့်မယ်။" ချင်ယွင်က သရော်ဟန်ဖြင့် သူ့ကိုယ်သူ ပြောလိုက် သည်။
ထိုသို့ပြောပြီးနောက်၊ သူသည် လိပ်နက်ဘိုးဘေး၏ အလောင်းဆီသို့ တိုက်ရိုက် လျှောက်သွားပြီး အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ နေရာအလွတ်ထဲ့သို့ ပစ်ချကာ ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့အား စားသုံးရန်အတွက် ညွှန်ကြားလိုက်သည်။
လိပ်နက်ဘိုးဘေးသည် နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း ပါ၀င်နေသော သွေးအနှစ်သာရ စွမ်းအားသည် မယှဉ်နိုင်လောက်အောင် အစွမ်းထက်သည်။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် နတ်ဆိုးသားရဲနယ်ပယ်သို့ တက်လှမ်းနိုင်မည်ဟု သူ သေချာပြောနိုင်သည်။ ယခု ချင်ယွင် လုပ်ရမည့်အရာမှာ စောင့်ဆိုင်းခြင်းပင် ဖြစ်သည်။
အခန်း (၄၄၃) ကပ်ဘေးဒုက္ခဖြတ်ကျော်မုန်တိုင်း။
"ဘုန်း!"
ပင်လယ်ပြင်အထက် ကောင်းကင်ယံ၌ ကျယ်လောင်သော မိုးခြိမ်းသံများ ထွက်ပေါ် လာပြီး ပင်လယ်ပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့သည်။
ဆူးသုံးချောင်းလှိုဏ်ဂူ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော ကောင်းကင်ယံထက်တွင် ကြီးမားသော ကပ်ဘေးဒုက္ခတိမ်တိုက်ကြီးနှစ်ခုသည် အဆက်မပြတ် စုဝေးနေလေ သည်။ တလှိမ့်လှိမ့်တက်လာနေသော အနက်ရောင်တိမ်တိုက်ကြီးများသည် ကီလို မီတာတစ်ရာနီးပါးရှိသော အချင်းဝက်ကို ဖုံးလွှမ်းကာ ကမ္ဘာပျက်သည့်သဖွယ် ကျဆင်း လာနေပုံရသည်။
တလှိမ့်လှိမ့်တက်လာနေသော အနက်ရောင်တိမ်တိုက်ကြီးတွေထံမှ မိုးခြိမ်းသံတွေ အဆက်မပြတ် ထွက်ပေါ်လာနေသည်။ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင် တန်ခိုးအစွမ်းသည် ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးကို လွှမ်းခြုံထားသည်။ ပင်လယ်ကြမ်းပြင်၏ နက်ရှိုင်းသော အရပ်ထိပင် ကောင်းကင်ဘုံတန်ခိုးအစွမ်းကြောင့်ပင် သက်ရောက်မူ ရှိနေလေသည်။ ပင်လယ်ကြမ်းပြင်ပေါ်ရှိ ဆိတ်သုဉ်းခြင်းသားရဲများသည် ကစဉ့်ကလျား ထွက်ပြေးနေ ကြ၏။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ဖိအားလဲ။ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ချင်တဲ့ နတ်ဆိုးသားရဲတစ်ကောင်များ ရှိနေသလား။ တစ်ကောင်တောင် မကလောက်ဘူး"
ဆူးသုံးချောင်း လှိုဏ်ဂူတွင်းမှာ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ဤကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံတန်ခိုးကြောင့် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူမ၏ လှပသောမျက်နှာသည် အံ့အားသင့်သည့် အမူအယာ ထင်ရှား ပေါ်လွင်နေသည်။
"မဟုတ်ဘူး ငါသွားကြည့်ရမယ်။" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အနည်းငယ် စိုးရိမ်သွားပြီး ခရမ်းရောင်အလင်းတန်းများအဖြစ်သို့ အမြန်ပြောင်းလဲကာ လှိုဏ်ဂူထဲမှ အမြန်ထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ဟောင်ကူသည်လည်း ဤကောင်းကင်ဘုံတန်ခိုးစွမ်းအားကြောင့် ထိတ်လန့်သွားပြီး သူ၏မျက်နှာမှာလည်း အံ့သြသည့်အမူအရာ ပေါ်လာသည်။
နတ်ဆိုးသားရဲများသည် ကပ်ဘေးဒုက္ခနှင့်ပတ်သက်ပြီး သိလိုစိတ် မပြင်းပြကြပေ။ ဤသည်မှာ ဆိတ်သုဉ်းခြင်းသားရဲများကြားတွင် အလွန်အဖြစ်များသော်လည်း၊ ယခု တစ်ကြိမ်က မတူတော့ပေ။ ဤတစ်ကြိမ်တွင်၊ ကပ်ဘေးဒုက္ခနှစ်ခုသည် တစ်ပြိုင် နက်တည်း ကျဆင်းလာသည်မှာ ထင်ရှားပါသည်။ ဤဖြစ်ရပ်မျိုးက အလွန်ရှားပါး လွန်းပါသည်။ ထို့အပြင်၊ ဤကပ်ဘေးဒုက္ခနှစ်ခု၏ စွမ်းအားသည် သာမန်နတ်ဆိုး သားရဲများထက် များစွာ အားကောင်းပုံရသည်။
"နတ်ဘုရားသားရဲသွေးမျိုးဆက်နဲ့ အခြားနတ်ဆိုးသားရဲတစ်ကောင် ထွက်ပေါ် လာတာ များ ဖြစ်နေမလား။" ဟောင်ကူသည် ချက်ချင်း မျက်မှောင် ကြုတ်လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက်၊ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ လှိုဏ်ဂူထဲမှ ထွက်သွားပြီး ကောင်းကင်ကပ်ဘေးဒုက္ခကြီး၏ ဦးတည်ရာဆီသို့ ဦးတည် ပျံသန်းသွားခဲ့သည်။
ထိုမျှသာမက၊ ပတ်ဝန်းကျင်ရှိ အင်မော်တယ်လှိုဏ်ဂူအသီးသီးမှ ကျွမ်းကျင်သူ အများအပြားသည်လည်း ဤကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်မူကြီးကို ခံစား သိရှိခဲ့ကြသည်။ ဧရာမဝေလငါးနန်းတော် နှင့် လိပ်နက်နန်းတော်တို့မှ ကျွမ်းကျင်သူ အချို့သည်ပင် ဤအားကောင်းသော ကောင်းကင်တန်ခိုးကို ခံစားသိရှိခဲ့ကြသည်။
ချင်ယွင်သည် လှိုင်းထန်နေသော ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လွင့်မျောနေသည်။ သူသည် အဝေးမှာရှိနေကြသည့် ဧရာမအကောင်ကြီးနှစ်ကောင်ကို ထိတ်လန့်စွာ ကြည့်နေမိသည် ။ ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့၏ ကပ်ဘေးဒုက္ခသည် ကြီးကြီးမားမား ရုန်းရင်းဆန်ခတ် ဖြစ်မည်ကို သူ သေချာပေါက် သိထားပါသည်။ အဆုံးတွင် ဤရုန်းရင်းဆန်ခတ် ဖြစ်မှုကြီးသည် သူမျှော်လင့်ထားသည်ထက် များစွာကြီးမားမည် ဟု သူ မမျှော်လင့်ခဲ့ပေ။
" ဒြဗ်စင်ရှစ်ပါး ကောင်းကင်ကပ်ဘေးဒုက္ခ၊ သို့မဟုတ် ဒြဗ်စင်ရှစ်ပါးကောင်းကင် ကပ်ဘေးဒုက္ခ နှစ်ခု"
ချင်ယွင်သည် ကူကယ်ရာမဲ့ဖြစ်ပြီး ခေါင်းခါလိုက်မိသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်း တို့သည် သူတို့၏ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သည့်အခါ ဒြဗ်စင်ခုနှစ်ပါးကောင်းကင် ကပ်ဘေးဒုက္ခကို ဆင့်ခေါ်နိုင်ကြမည်ဟု မူလက သူထင်ထားခဲ့သော်လည်း အဆုံးတွင် သူတို့သည့် ဒြဗ်စင်ရှစ်ပါးကောင်းကင်ကပ်ဘေးဒုက္ခကို တိုက်ရိုက် ခေါ်ဆောင်လာ လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထို့အပြင်၊ သူတို့နှစ်ယောက်လုံး ဖြစ်နေခဲ့သည်။
သာမာန်အားဖြင့်၊ ဆိတ်သုဉ်းခြင်းသားရဲများသည် နတ်ဆိုးသားရဲများအဖြစ်သို့ ဖြတ်ကျော်ဝင်ရောက်သောအခါတွင် ကောင်းကင်ကပ်ဘေးဒုက္ခကို တွေ့ကြုံ ခံစားကြ ရပါလိမ့်မည်။ သို့သော်၊ အများဆုံးအနေနဖြင့် ၎င်းတို့သည် ဒြဗ်စင်ခြောက်ပါး ကောင်းကင်ကပ်ဘေးဒုက္ခကိုသာ ဆင့်ခေါ်နိုင်ကြလိမ့်မည်။ ပါရမီနှင့်စွမ်းရည် အားနည်း သော အချို့နတ်ဆိုးသားရဲများဆိုလျှင် ဒြဗ်စင်သုံးပါး ကောင်းကင်ကပ်ဘေး ဒုက္ခလည်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် ပုံမှန် အနေထားထ် ဖောက်ပြန်စွာ ဒြဗ်စင်ရှစ်ပါးကောင်းကင်ကပ်ဘေးဒုက္ခကို ဆင့်ခေါ်ခဲ့ကြသည်။ ယင်းကြောင့် ချင်ယွင်သည် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့နှင့်ပတ်သက်ပြီး မစိုးရိမ်ဘဲ မနေနိုင်တော့။
ထိုအချိန်တွင် ရှောင်ဘိုင်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ပင်လယ်ရေမျက်နှာ ပြင်ပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ လွင့်မျောနေသည်။ ရှောင်ဘိုင်သည် အမှန် တကယ်ပင် ပေသုံးရာရှည်လျားပါသည်။ အဖြူရောင်အကြေးခွံများသည် သံမဏိကဲ့သို့ တောက်ပြောင်နေကာ မြင်ရသူတိုင်းကို နှလုံးခုန် ရင်တုန်စေသည်။ သူ၏ နီမြန်းသော မျက်လုံးများသည် ကောင်းကင်ယံရှိ ကပ်ဘေးဒုက္ခတိမ်တိုက်ကြီးကို စိုက်ကြည့်နေရင်း အရှုံးမပေးလိုသော မောက်မာဝင့်ကြွားမှုကို သယ်ဆောင်ထားသည်။
ရွှေလေးသည် မကြာမီ ကျရောက်တော့မည့် ကောင်းကင်ကပ်ဘေး ဒုက္ခကြီးကြောင့် လုံးဝ ထိတ်လန့်တုန်လှုပ်ခြင်း မရှိသည့်အလား အနည်းငယ် ဆိုးသွမ်းသည့် ကလေးဆိုးကြီး တစ်ယောက်လို ဖြစ်နေသည်။
ထိုအချိန်၌ သူသည် လူသားအသွင်အပြင်ကို ရွေးချယ်ထားပြီး လေထဲတွင် တင်ပျဉ်ခွေ ထိုင်နေ၏။ ရှောင်ကျင်းသည် ကောင်းကင်ကြီးကို မျက်နှာမူထားသည့် ဟန်ဟန်ဖြင့် သူ၏ မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ သူသည် အထင်ကြီးလောက်စရာ ပုံစံမျိုးနှင့် ကျင့်ကြံနေလေသည်။ (ကပ်ဘေးဒုက္ခကို လျစ်လျူရူပြီး ကျင့်ကြံနေဟန် ဆိုလို)။
ထိုမြင်ကွင်းကိုမြင်ရလျှင် ချင်ယွင်သည် ရယ်စရာကောင်းသည်ဟု မခံစားရပေ။ ဤရှောင်ကျင်းသည် တကယ်ကို ခပ်ဆိုးဆိုးကောင်လေး တစ်ယောက်ဖြစ်သည်။ သူသည် ကောင်းကင်ကပ်ဘေးဒုက္ခ ဆင်းသက်လာချိန်မှာတောင် စိုးရိမ်ကြောက်ရွံ့ခြင်း မရှိခဲ့ပါဘူး။
ရုတ်တရက် ရှောင်ကျင်းသည် မျက်လုံးများ ပွင့်လာသည်။ အလွန်တောက်ပသော ရွှေရောင်အလင်းတန်းနှစ်ခုသည် သူ၏မျက်လုံးကြီးများမှ ဖြာထွက်သွားပြီး ကောင်းကင်ယံသို့ တည့်တည့်ထိုးဖောက်နေသော ဧရာမမီးလုံးကြီးနှစ်လုံးကဲ့သို့ ကောင်းကင်ဆီသို့ တည့်တည့်တိုးဝင်သွားကာ ဘေးတစ်ဖက်ကို လင်းထိန်သွားစေ သည်။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ ရှောင်ကျင်းသည် အရာအားလုံးကို ထီမထင်ပြုမူတတ်သည့် ကောင်ဆိုးလေး တစ်ယောက် ဟုတ်ပုံမပေါ်ပေ။ သူသည် သူ၏ အထူးမွေးရာပါ နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံနေခြင်းဖြစ်ကြောင်း သူ ချက်ချင်း နားလည်သွားခဲ့သည်။
ဝှမ်း…….!
သေချာပါသည်။၊ ရွှေရောင်လှိုင်းတွေ ပြန့်ကျဲလာသည်နှင့်အမျှ ရှောင်ကျင်း၏ ကြီးမားလှသော ဧရာမခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်း ကျုံ့သွားခဲ့သည်။ အဆုံးတွင်၊ သူသည် လူသားတစ်ဦး၏ အရွယ်အစားအထိ အမှန်တကယ် ကျုံ့သွားခဲ့သည်။
"ဒါက အင်မော်တယ်စိန်မျောက်ဝံရဲ့ တစ်လက်မအရွယ် ကောင်းကင်နဲ့ ကမ္ဘာမြေကြီး စွမ်းရည်လား?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
အင်မော်တယ်စိန်မျောက်ဝံသည် အလွန်အစွမ်းထက်သော ရှေးဟောင် နတ်ဘုရား သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းတွင် “တစ်လက်မအရွယ် ကောင်းကင်နဲ့ ကမ္ဘာ မြေကြီး”ဟုခေါ်သော အလွန်အစွမ်းထက်သော မွေးရာပါနတ်ဘုရားစွမ်းရည်ရှိသည်။ ၎င်း၏ခန္ဓာကိုယ်ကို ကြီးလိုသည်ဖြစ်စေ၊ ငယ်လိုသည်ဖြစ်စေ၊ အရာရာကို စွမ်းဆောင်နိုင်သည်။ ခြေရာလက်ရာသဲလွန်စမကျန်ဘဲ ဝင်ထွက်သွားလာနိုင်သည်ဟု ပြောလို့ရသည်။
ချင်ယွင်သည် ရှောင်ကျင်းသည် အင်မော်တယ်စိန်မျောက်ဝံ၏ စွမ်းရည်ကို လျင်မြန်စွာ နိုးထလာလိမ့်မည်ဟု မမျှော်ထားလင့်ခဲ့ပေ။ ယခုတစ်ကြိမ်တွင် သူသည် အဆင့်ငါးသို့ ဖြတ်ကျော်ရာမှ များစွာ ရရှိခဲ့ပုံပေါ်သည်။
ရှောင်ဘိုင်သည်လည်း ကောင်းကင်မျိုစပါးအုံးမြွေ၏ အခြားသော အစွမ်းထက်သည့် မွေးရာပါစွမ်းရည်များ နိုးကြားနေသလားဟု သိချင်စိတ်ဖြင့် ချင်ယွင်သည် ရှောင်ဘိုင် ဆီသို့ ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ သို့သော်လည်း ရှောင်ဘိုင်၏ကပ်ဘေးဒုက္ခကို ထိခိုက်စေမည်ကို စိုးရိမ်သောကြောင့် ယခုအချိန်တွင် ချင်ယွင်က မမေးမြန်းခဲ့ပေ။
ဝှီး…….။
ထိုအချိန်တွင် ခရမ်းရောင်အလင်းတန်းတစ်ခုသည် ပင်လယ်ရေမျက်နှာပြင်ကို ဖြတ်ကျော်ဝင်ရောက်ပြီး ရေမျက်နှာပြင်ပေါ်တွင် တိုက်ရိုက်ပေါ်လာသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ အသွင်အပြင်နှင့် ကောင်းကင်ယံရှိ ကပ်ဘေးဒုက္ခ တိမ်တိုက်များကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများသည် ဖော်မပြနိုင်သည့် အံ့အားသင့်ဖွယ် အမူအရာတစ်ခု ချက်ခြင်း ထွက်ပေါ်လာသည်။
" ဒြဗ်စင်ရှစ်ပါးကောင်းကင်ကပ်ဘေးဒုက္ခလား? အစွမ်းထက်သော နတ်ဘုရားသားရဲ သွေးမျိုးဆက်လား?"
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ ခရမ်းရောင်မျက်လုံးများသည် အနှိုင်းမဲ့ တောက်ပ နေသော အလင်းရောင်များဖြင့် တဖျပ်ဖျပ်ခတ်နေသည်။ ထင်ရှားသည်မှာ၊ သူမသည် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ကို ကြည့်ရှုစစ်ဆေးရန်အတွက် သူမ၏ ထူးဆန်းသော နတ်ဘုရားစွမ်းရည်ကို အသုံးပြုနေသည်မှာ ထင်ရှားပါသည်။
သူမ၏အမူအရာကိုကြည့်လျှင် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ ပိုင်ဆိုင်ထားသော အစွမ်းထက် နတ်ဘုရားသားရဲသွေးမျိုးဆက်ကြောင့် သူမလည်း ထိတ်လန့်သွား ပုံရသည်။
ရုတ်တရက်ဆိုသလိုပင် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် မလှမ်းမကမ်းတွင် ရပ်နေသော ချင်ယွင်ကို သတိပြုမိသွားသည်။ ထို့ကြောင် သူမသည် အလင်းတန်း တစ်ခုအဖြစ်သို့ လျင်မြန်စွာပြောင်းလဲကာ ချင်ယွင်ရှေ့မှာ ပေါ်လာသည်။
"လင်းယွင်၊ သူတို့က မင်းပြောတဲ့ လျှို့ဝှက်ဆန်းကြယ်လိပ်နက်ဂူကို ဦးစီးခိုင်းမယ်ဆိုတဲ့ ညီအကိုနှစ်ယောက် မဖြစ်နိုင်ဘူးလား" ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက မေးလိုက် သည်။
ချင်ယွင်သည် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးအပေါ် ကောင်းမွန်သော အမြင်ရှိသည်။ သူမသည် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့အတွက် ခက်ခဲတဲ့အရာတွေကို သေချာပေါက် လုပ်မှာမဟုတ်ဘူးဆိုသည်ကို သူသိသည်။ ထို့ကြောင့် သူက ပြောလိုက်ပါသည် "ဟုတ်တယ်၊ သူတို့က ကျွန်တော်ပြောဖူးတဲ့ ညီအစ်ကိုနှစ်ယောက်ပဲ၊ ကျွန်တော်က သူတို့အတွက် စီ……...."
"သူတို့က မင်းလိုပဲ နတ်ဘုရားသားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်လို့ ဘာလို့ မင်း မပြောခဲ့တာလဲ?" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ချင်ယွင်၏စကား ပြီးဆုံးသည်အထိ မစောင့်တော့ဘဲ ကြားဖြတ်ပြောလိုက်သည်။ သူမ၏စကားများသည် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ အမူအရာကိုမြင်လျှင် ချင်ယွင်သည် မျက်မှောင် မကြုတ်ဘဲ မနေနိုင်တော့ပေ။ သူက အံ့ဩခြင်းကြီးစွာဖြင့် မေးလိုက်ပါသည် "ဒါနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဘာမှမရှိဘူး မဟုတ်လား။"
ချင်ယွင်၏ အမေးကို ကြားရသောအခါ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် သူမ၏ ဆွဲမက်ဖွယ်ကောင်းသော မျက်နှာပေါ်တွင် အကူအညီမဲ့ အရိပ်အယောင်တစ်ခု ပေါ်လာပြီး ပြောသည် '"ဒါနဲ့ပတ်သက်ပြီး ဘာမှ မှားယွင်းတာမျိုး မရှိပါဘူး။ မင်းက သူတို့ကို ဒီကိုခေါ်လာမှတော့ သူတို့ နဂါးကောင်းကင်နန်းတော်ထဲ ဝင်ရောက်နိုင်ဖို့ ငါက သေချာပေါက် စီစဉ်ပေးမှာပါ။ ဒါပေမယ့် အခု သူတို့က ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီး အခုလိုကြီးမားတဲ့ ရုန်းရင်းဆန်ခတ် ဖြစ်မှုကြီးကို ဆွဲဆောင်တော့မယ်။ အရေးကြီးဆုံးက သူတို့ကို ဒီနေရာမှာ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ဖို့ ရွေးချယ်ခွင့် ပေးလိုက်တာပဲ”။
"နေရာက ဘာဖြစ်လို့လဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ဒီနေရာက ဆူးသုံးချောင်းလှိုဏ်ဂူရဲ့ နယ်မြေဖြစ်ပေမယ့်” အင်အားစုကြီးသုံးခုရဲ့ လမ်းဆုံနေရာလည်း ဖြစ်တယ်။ မင်းရဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ ကောင်းကင်ကပ်ဘေး ဒုက္ခက ကြီးမားလွန်းပြီး တခြားအင်အားစုကြီးနှစ်ခုရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်မိလိမ့်မယ်။ နတ်ဘုရားသားရဲရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ နတ်ဆိုး သားရဲများနဲ့ပတ်သက်ပြီး ဒါက အဲဒီအင်အားစုကြီးသုံးခုရဲ့အာရုံကို သေချာပေါက် ဆွဲဆောင်မိမှာပဲ။ ဒါပေမယ့် အခု မင်းနဲ့သူတို့ရဲ့ ဆက်ဆံရေးကြောင့် မင်းရဲ့ညီအစ်ကို နှစ်ယောက်က တခြားအင်အားစုတွေဝင်ဖို့ သေချာပေါက် ရွေးချယ်မှာ မဟုတ်ဘူး မလား” ဟု ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးက မေးမြန်းလိုက်သည်။
ချင်ယွင်က ခေါင်းညိတ်ပြသည်။ သူသည် နဂါးကောင်းကင်နန်းတော်ကို ဝင်ပြီးမှတော့ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည်လည်း သဘာဝအတိုင်း သူ့နောက်လိုက်ပြီး နဂါး ကောင်းကင်နန်းတော်သို့သာ ဝင်ရောက်ကြလိမ့်မည်။
“အဲဒါက မကောင်းဘူး။ တကယ်လို့ တခြားနန်းတော်တွေက သူတို့ကို ဖိတ်ကြားရာမှာ ကျရှုံးသွားခဲ့ရင် မင်းညီအစ်ကိုနှစ်ယောက် နဂါးကောင်းကင်နန်းတော်ကို ဝင်ချင် တာကြောင့် သူတို့ကို သတ်ပစ်ဖို့ ရည်ရွယ်ချက်ရှိမှာ သေချာပါတယ်။ သူတို့ကလည်း ငါတို့နဂါးကောင်းကင်နန်းတော်က နတ်ဘုရားသွေးမျိုးဆက်နတ်ဆိုးသားရဲ နှစ်ကောင် ပိုင်ဆိုင်သွားတာကို အားကိုးရာမဲ့ပြီး ကြည့်ရှုနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါ့အပြင်၊ သူတို့က ဒြဗ်စင်ရှစ်ပါးကောင်းကင်ကပ်ဘေးဒုက္ခကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အစွမ်းထက် နတ်ဘုရားသားရဲသွေးမျိုးဆက်များကို ပိုင်ဆိုင်ထားတဲ့ နတ်ဆိုးသားရဲ နှစ်ကောင်လည်း ဖြစ်နေသေးတယ်။ ဒီနည်းအတိုင်းဆိုရင် မင်းရဲ့ ညီအစ်ကို နှစ်ယောက်ရဲ့အသက်တွေ ဆုံးရှုံးရဖွယ် ရှိလာနိုင်တယ်။” ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးက လေးနက်သည်လေသံဖြင့် ပြောလိုက်ပါသည်။
“ဘာ” ချင်ယွင်၏ မျက်လုံးတွေက ချက်ချင်းဆိုသလို စူးရှလာခဲ့ပါပြီ။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် သူ၏ အိမ်မွေးတိရစ္ဆာန်များ ဖြစ်သော်လည်း သူတို့၏ အသက်ကို အကြိမ်ပေါင်းများစွာ စွန့်စားခဲ့ကြသူများ ဖြစ်သည်။ ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ တခြားအင်အားစုများ၏လက်ထဲတွင် သေဆုံးသွားမည်ကို သူ ထိုင်ကြည့်နေမည် မဟုတ်ပေ။
ချင်ယွင်၏မျက်လုံးများသည် ခက်ထန်သော အေးစက်မူနှင့်အတူ ဝင်းလက် သွားခဲ့သည်။
အခန်း (၄၄၄) သုံးပွင့်ဆိုင်ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေ။
ချင်ယွင်၏ မျက်လုံးများသည် အေးစက်မှုများနှင့် ပြည့်နှက်နေပါသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ ကပ်ဘေးဒုက္ခသည် ကြီးစွာသော ရုန်းရင်းဆန်ခတ် ဖြစ်စေမည်ကို သူသိသော်လည်း နတ်ဘုရားသားရဲသွေးမျိုးဆက်ကိုပိုင်ဆိုင်ထားသည့် နတ်ဆိုးသားရဲ ၏ ဆွဲဆောင်မှုစွမ်းအားကို သူ လျစ်လျူရှုထားမိခဲ့ပါသည်။
အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် အစွမ်းထက်သော နတ်ဘုရားသားရဲ သွေးမျိုး ဆက်ကို ပိုင်ဆိုင်ထားသော နတ်ဆိုးသားရဲများနှင့် ဆိတ်သုဉ်ခြင်းသားရဲများကိုသာ ထိန်းချုပ်လိုခြင်းကြောင့် အတိုင်းအတာတစ်ခုအထိ နတ်ဘုရားသားရဲသွေးမျိုးဆက်ပါ သားရဲများသည် အလွန်အဖိုးတန်သည်ဟု ချင်ယွင်ကို ခံစားရစေသည်။
အမှန်တကယ်တော့ ဤအရာအားလုံးသည် သူ၏ကံကောင်းမှုကြောင့်လား ဆိုသည်ကို သူလည်း မသိပါချေ။ ထျန်းယွန်တိုက်ကြီးရှိ အစွမ်းထက်သော နတ်ဘုရားသားရဲ သွေးမျိုးဆက်ပါ ဆိတ်သုဉ်းခြင်းသားရဲများအားလုံးသည် သူ၏ထိန်းချုပ်မူအောက် ရောက်ရှိသွားပြီဟုပင် ဆိုနိုင်ပါသည်။ အစွမ်းထက်သော နတ်ဘုရားသားရဲ သွေးမျိုး ဆက်ပါ ဆိတ်သုဉ်းခြင်းသားရဲများသည် တိုက်ကြီးတစ်ခုလုံးရှိ သန်းဆယ်ဂဏန်း သို့မဟုတ် သန်းရာနှင့်ချီသော နတ်ဆိုးသားရဲများစွာထဲမှ အနည်းငယ်သာ ပေါ်လာ နိုင်ပါသည်။ အစွမ်းထက်သော နတ်ဘုရားသားရဲသွေးမျိုးဆက်ပါ နတ်ဆိုးသားရဲ များသည် မည်မျှ အဖိုးတန်သည်ကို စိတ်ကူးကြည့်နိုင်ပါသည်။
အကယ်၍ အင်အားစုကြီးသုံးသည် အစွမ်းထက်သော နတ်ဘုရားသားရဲသွေးမျိုးဆက်ပါ နတ်ဆိုးသားရဲများကို အလွန်တန်ဖိုးထားကြောင်း သူသိရှိပါက၊ ချင်ယွင်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို ကပ်ဘေးဒုက္ခဖြတ်ကျော်ရန် နဂါးကောင်းကင် နန်းတော်၏ အလယ်ဗဟိုသို့ ဝင်ရောက်ပြီးမှ ခွင့်ပြုမည်မှာ သေချာပါသည်။ ဤနည်းဖြင့်၊ ဧရာမဝေလငါးနန်းတော် နှင့် လိပ်နက်နန်းတော်တို့သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်သည်ကို တွေ့ရှိခဲ့လျှင်ပင် သူတို့သည် နဂါးကောင်းကင်နန်းတော်ပိုင်နက်၏ နက်ရှိုင်းသည့်အရပ်သို မဝင်ရဲဟု ပြောလို့ရနိုင် သည်။
"အစ်မဇီ၊ ဒီနေရာက အင်အားစုကြီးသုံးခုရဲ့ လမ်းဆုံဖြစ်နေတယ်။ တခြားနန်းတော် နှစ်ခုက ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့မှန်း သိခဲ့ရင် တောင်မှ အဲဒီ ကျွမ်းကျင်ပညာရှင်တွေက အလျင်စလို ကူးလာနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့နှစ်ယောက် ဒီမှာရှိနေမှတော့ သူတို့ကို ဖြေရှင်းနိုင်သင်ပါတယ်။" ချင်ယွင် က ပြောသည်။
သို့သော် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် မျက်မှောင်ကြုတ်နေသေးသည်။ ချင်ယွင်၏ စကားကြောင့် သူမ၏ ဖြူဖွေးသော မျက်နှာပေါ်ရှိ ဆွဲငင်အားသည် လျော့ပါးမသွားခဲ့ပေ။ သူမက အသံတိုးတိုးဖြင့် မရေမရာ တုန့်ပြန်လိုက်သည် "မျှော်လင့်ရတာပဲ!"။
သို့သော်လည်း ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် စကားပြောပြီးပြီးချင်းမှာပင် အဝေးမှ လျင်မြန်သောအဟုန်ဖြင့် လေထုကိုဖြတ်သန်းလာသည့်အသံတစ်ခု ထွက်ပေါ် လာသည်။ ငွေရောင်သံချပ်ကာဝတ်လူငယ်တစ်ဦးသည် အလင်းတန်း တစ်ခုကဲ့သို့ သူမတို့ဆီသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
ချင်ယွင်နှင့် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ငွေရောင်သံချပ်ကာဝတ်လူငယ် ပေါ်လာသည်ကို မြင်သောအခါတွင် သူတို့၏ မျက်နှာများ ပြောင်းလဲသွားသည်။
"နှောင်းပိုင်းအဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူလား?" ချင်ယွင်သည် ငွေရောင်သံချပ်ကာဝတ်လူငယ်၏ ကျင့်ကြံခြင်းအခြေခံကို စုံစမ်းရန် သူ့ကိုယ်ပွား၏ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်း အသုံးပြုလိုက်သည်။ သို့သော်လည်း စုံစမ်းမှု၏ရလာဒ်သည် ချင်ယွင်ကို အလွန်တုန်လှုပ်စေခဲ့သည်။
လိပ်နက်နန်းတော်ရဲ့ မဟာတပ်မှူးကြီး ရင်ဟန်လား?" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ထိုစကားလုံးများကို ရေရွတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ချင်ယွင်သည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးအနားတွင် ရပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ဤစကားကို သဘာဝအတိုင်း ကြားလိုက်ရသည်။
"မဟာတပ်မှူးကြီးလား။ သူက တပ်မှူးရာထူးအားလုံးရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်သင့်တယ်မဟုတ်လား" ချင်ယွင်သည် သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်ရင်း သူ့အကြည့်တွေက အလွန်လေးနက်နေလေသည်။
သို့သော်၊ အနီးနားရှိ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးနှင့်ဆို၊ လိပ်နက်နန်းတော်မှ မဟာတပ်မှူးကြီး လှုပ်ရှားချင်သည်ဆိုလျှင်ပင် သူ ကြောက်ကောင်းမှ ကြောက်ပေ လိမ့်မည်။ (သိပ်မကြောက်ဘူးဟုဆိုလိုပါသည်)။
ဟုတ်ပါသည်။ ငွေရောင်သံချပ်ကာဝတ် လူငယ်သည်လည်း မနီးမဝေးနေရာမှာ ရပ်သွားပါသည်။ သူသည် အဝေးမှာ ကပ်ဘေးဒုက္ခကို ခံယူရတော့မည့် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို ဦးစွာ ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် အံ့အားသင့်သည့် အမူအယာများ ပေါ်လွင်နေသည်။ ထို့နောက် သူသည် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးကို သူမြင်လိုက်သည့်အခိုက်တွင် သူ၏ သူငယ်အိမ် များသည် ကျုံ့သွားခဲ့သည်။ သူ၏မျက်လုံးများက တုနှိုင်းမရအောင် လေးနက်သော အမူအရာ ဖြစ်ပေါ်သွားသည်။ သူသည် ဝိညာဉ်လွဲပြောင်းခြင်းအဆောင်ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး အသံကို စတင်ပို့လွှတ်လိုက်သည်။
ဤမြင်ကွင်းကို ချင်ယွင်သည် သဘာဝအတိုင်း မြင်တွေ့နေရသည်။ ဤအရာက သူမှန်းဆထားသည့်အတိုင်း ဖြစ်နေပြီး သူသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်း ချနိုင်လိုက်သည်။ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ စွမ်းအားသည် မဟာတပ်မှူးကြီး ဟုခေါ်သည့် ဤလူ၏အထက်တွင် ရှိနေသင့်၏။
ဝှီး……..!
သို့သော်၊ ချင်ယွင်သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ရှုရှိုက်လိုက်ရုံ ရှိသေး တစ်ဖက်မှ ပင်လယ်ရေမျက်နှာပြင်သည် လျင်မြန်သော အလင်းတန်း တစ်ခု ကြောင့် ပွင့်ထွက်သွားပုံရသည်။ အရပ်ရှည်ရှည် ကြံ့ခိုင်သန်မာသော အမျိုးသား တစ်ဦးလည်း ပင်လယ်မျက်နှာပြင်ကို ဖြတ်သန်းကာ ထွက်ပေါ်လာခဲ့သည်။
"နောက်ထပ် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်လား။" ချင်ယွင်၏အမူအရာသည် ချက်ချင်းပင် လေးနက်လာပြန်သည်။
အလားတူပင်၊ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ မျက်လုံးများသည်ပင် တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ သိသာထင်ရှားသည်မှာ၊ သူမသည် အနည်းငယ် ခေါင်းကိုက်သွားသည့် အနေအထားအထိ ကြီးမားလာပုံရသည်။
အရပ်ရှည်ရှည် ကြံ့ခိုင်သောအမျိုးသား ထွက်ပေါ်လာသည်နှင့် သူ၏အမူအရာသည် ယခင်က ငွေရောင်သံချပ်ကာဝတ်လူငယ်နှင့် အတူတူပင်။ အရင်ဆုံး သူသည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ ကောင်းကင်ကပ်ဘေးဒုက္ခကြောင့် ထိတ်လန့်သွားပြီး ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးကိုလည်း ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ချင်ယွင်အတွက်တော့ သူ့ကို အားလုံးက လုံးဝ လျစ်လျူရှုထားကြသည်။
ချင်ယွင်သည် ဤကိစ္စအပေါ်တွင် မကျေမနပ်ဖြစ်ခြင်းမျိုး သိပ်မရှိခဲ့ပါ။ နှောင်းပိုင်း အဆင့် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်မှ ကျင့်ကြံသူတစ်ဦးသည် သူ၏ နည်းလမ်းအားလုံးကို အသုံးပြုလိုက်မည်ဆိုလျှင်တောင် ဤနှစ်ယောက်ထဲမှ တစ်ဦးတစ်ယောက်၏ ပြိုင်ဘက်ပင် ဖြစ်လာနိုင်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေနှင့် သူသည် လက်တစ်ဖက်တည်းဖြင့် ရိုက်နှက်ခံရနိုင်သည်။
သို့သော် ချင်ယွင်သည် နားမလည်နိုင်ပေ။ ဤလူနှစ်ဦးသည် သူတို့၏ သက်ဆိုင်ရာ အင်အားစုများ၏ အဆင့်မြင့် ပုဂ္ဂိုလ်များဖြစ်ကြောင်း ထင်ရှားသည်။ သူတို့သည် ဤနေရာသို့ မည်ကဲ့သို့ အလျှင်အမြန် အပြေးအလွှား ရောက်လာနိုင်ရသနည်း။
ရုတ်တရက် ချင်ယွင်သည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ ထွက်ပေါ်လာမူကို သတိရသွားသည်။ ဆူးသုံးချောင်းလှိုဏ်ဂူမှာ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ ထွက်ပေါ်လာခြင်းသည် တိုက်ဆိုင်မှု သို့မဟုတ် ဖြတ်သွားဖြတ်လာသက်သက် မဟုတ်ကြောင်း ထင်ရှားပါသည်။ သူမမှာ တခြားရည်ရွယ်ချက်တွေ ရှိနေခဲ့ပါသည်။ ငွေရောင်သံချပ်ကာဝတ်လူငယ်နှင့် အရပ်ရှည်ရှည်ကြံ့ခိုင်သောအမျိုးသားတို့သည် လည်း ရည်ရွယ်ချက်တစ်ခုအတွက် ရောက်လာသည်မှာ ထင်ရှားသည်။ သို့သော် သူတို့သည် ယခင်က အချင်းချင်း မတွေ့ဆုံခဲ့ကြသော်လည်း ရှောင်ဘိုင်နှင့်ရှောင်ကျင်း တို့သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့ကြသောကြောင့် သူတို့သည်လည်း အချင်းချင်း ကြိုတင်ပြီး တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပေသည်။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးအပေါ် သူတို့၏ အမူအယာကိုကြည့်ပြီး ခန့်မှန်းရမည် ဆိုလျှင် နှစ်ယောက်စလုံးသည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးထက် အားနည်းသင့် ပါသည်။ သို့သော်လည်း သူတို့သည် လှည့်ထွက်ပြေးကြခြင်း မရှိခဲ့ကြပေ။ ယင်းက ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ စွမ်းအားသည် သူတို့ထက် အများကြီး မပိုသင့်ဘူး ဆိုသည်မှာ ထင်ရှားပါသည်။ အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်များသာ မှန်ကန်ပါက သူမ၏စွမ်းအားသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် တွင် ရှိနေသင့်ပါသည်။
ယခင်က ချင်ယွင်သည် ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ ဝိညာဉ်စွမ်းအားကို မစူးစမ်း ဝံ့သော်လည်း ယခုဆိုလျှင် သူမ၏ ကျင့်ကြံမှုအခြေခံကို ခန့်မှန်းနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ချင်ယွင်သည် ဤ ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ချင်ယွင်သည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ စွမ်းအားကြောင့် ထိတ်လန့်နေစဉ်မှာ အလင်းတန်းနှစ်ခုက သူတို့ဆီသို့ ဦးတည် ပျံသန်းလာခဲ့သည်။
ကံကောင်းထောက်မစွာပင်၊ ယခုတစ်ကြိမ်ရောက်ရှိလာသောလူတွေက သိပ်ပြီး မသန်မာပါဘူး။ သူတို့အားလုံးသည် နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ် ကျင့်ကြံသူသူများဖြစ်သည်။ အကယ်၍ ချင်ယွင်သာ မမှားဘူးဆိုလျှင် ၎င်းတို့သည် ဧရာမဝေလငါးနန်းတော် နှင့် လိပ်နက်နန်းတော်၏ အနီးဆုံးလှိုင်ဂူ နှစ်ခု၏ ကာကွယ်သူများ ဖြစ်သင့်ပါသည်။
"ရင်ဟန်၊ မန်ယု၊ အရင်က စည်းမျဉ်းစည်းကမ်းများအတိုင်းပဲနောက်။ နတ်ဘုရား သားရဲသွေးမျိုးဆက်ပါ နတ်ဆိုးသားရဲတစ်ကောင် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေချိန် မှာ သူ့ကို အရင်ဆုံး ကပ်ဘေးဒုက္ခ ဖြတ်ကျော်ခြင်းကိစ္စ ပြီးမြောက်သည်အထိ ခွင့်ပြုရပေးရမယ်။ ဒီနောက် သူ ဘယ်အင်အားစုနဲ့ ပူးပေါင်းမလဲ ဆုံးဖြတ်ဖို့က သူတို့အပေါ်မှာ မူတည်တယ်။ ကပ်ဘေးဒုက္ခအတွင်း ဝင်ရောက်စွက်ဖက်တာမျိုး ဘယ်သူ့ကို ခွင့်မပြုနိုင်ဘူး” ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ခပ်လှမ်းလှမ်းမှ အမျိုးသားနှစ်ယောက်သားအား ပြောလိုက် သည်။
ငွေရောင်သံချပ်ကာ ဝတ်လူငယ်နှင့် အရပ်ရှည်ရှည်ကြံ့ခိုင်သော အမျိုးသားတို့သည် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ စကားကို ကြားသောအခါတွင် လေးနက်သော အမူအရာများ ထုတ်ဖော်လာကြသည်။
သူတို့နှစ်ဦးသည်လည်း အထူးသဘောတူညီချက်တစ်ခုကို ရယူထားခဲ့သည့် ပုံစံမျိုးဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
အရပ်ရှည်ရှည်ကြံ့ခိုင်သောအမျိုးသားက "ကောင်းပြီလေ၊ ငါတို့က ဒီစည်းကမ်းကို သဘာဝအတိုင်း လိုက်နာလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ ကျင့်ကြံမူအခြေခံက ငါတို့ရဲ့ အထက်မှာ ရှိနေတယ်။ သူတို့က ငါတို့ ဧရာမဝေလငါးနန်းတော်ကို ဝင်ဖို့ ရွေးချယ်ပြီး နောက် မင်းက အဲဒါကို အတင်းအကြပ် သိမ်းပိုက်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။" ဟု မေးလိုက်လေသည်။
ငွေရောင်သံချပ်ကာဝတ် လူငယ်သည်လည်း စူးရှသော အကြည့်ဖြင့် ခရမ်းရောင်ဆံပင် နှင့်အမျိုးသမီးကို ကြည့်လိုက်လေသည် ။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သိသာ ထင်ရှားသည်မှာ၊ အရပ်ရှည်ရှည်ကြံ့ခိုင်သောအမျိုးသားက သူမအား ပြောသည့် ပုံစံကို သူမ မကျေမနပ် ဖြစ်သွားသည်။ သူမက အေးစက်စွာ ပြောလိုက် သည် "စိတ်မပူပါနဲ့။ တကယ်လို့ ဒီနတ်ဆိုးသားရဲနှစ်ကောင်က မင်းတို့ရဲ့ ဧရာမဝေလငါးနန်းတော် ဒါမှမဟုတ် လိပ်နက်နန်းတော်ကိုဝင်ဖို့ ရွေးချယ်လိုက်တယ်ရင်ဆို ငါက သေချာပေါက် ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ငါတို့နဂါးကောင်းကင် နန်းတော်ထဲဝင်ဖို့ ရွေးချယ်လိုက်ရင်ရော မင်းတို့က လုယူဖို့ ကြိုးစားမှာ မဟုတ်ဘူး မလား။ "။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီး၏ အသံသည် နှင်းခဲကဲ့သို့ အေးစက်နေပြီး သံသယ ဖြစ်စရာ နေရာမရှိပေ။
အရပ်ရှည်ရှည်ကြံ့ခိုင်သောအမျိုးသားနှင့် ငွေရောင်သံချပ်ကာဝတ် လူငယ်တို့သည် အကြည့်ချင်း ဖလှယ်ကာ ပြုံးနေကြ၏။ သူတို့သည် အခြားမည်သည့်စကားကိုမျှ မပြောကြတော့ဘဲ အဝေးမှာ ရပ်နေကြရင်း ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ ကပ်ဘေး ဒုက္ခ ဖြတ်ကျော်သည်ကို တိတ်တဆိတ် စောင့်စည်းနေကြသည်။ သူတို့သည် ကြိုတင်းပြီး တိုက်ခိုက်ကြမှာ မဟုတ်ပါဘူး။
ချင်ယွင်သည်လည်း ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ သက်ပြင်းတစ်ချက် ချလိုက်မိ သည်။ ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေစဉ်မှာ သူတို့နှစ်ဦး တိုက်ခိုက်ခံရမည်ကို သူ အမှန်တကယ် ကြောက်နေမိသည်။ ထိုအချိန်တွင် ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့သည် အန္တရာယ်ကြားထဲ အမှန်တကယ် ကျရောက်နေချိန် ဖြစ်သည်။
ကွင်းပြင်ရှိ လေထုသည် ချက်ချင်းပင် သုံးပွင့်ဆိုင်အနေထားဖြစ်နေပြီး အချင်းချင်း ကြားတွင် မတိုးသာမဆုတ်သာအခြေအနေမျိုးမှာ ရပ်တန့်သွားခဲ့သည်။
"ဘုန်း…….!"
ထိုအချိန်မှာပင် ကောင်းကင်ကြီးသည် ရုတ်တရက် ပြိုဆင်းသွားသလိုပင်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ လျှပ်စီးကပ်ဘေးဒုက္ခသည် နောက်ဆုံးတွင် ကျဆင်းတော့ မည်ဖြစ်ကာ ချင်ယွင်၏စိတ်နှလုံးသည် ချက်ချင်းပင် တုန်လှုပ် သွားခဲ့၏။
အခန်း (၄၄၅) ဒြဗ်စင်ရှစ်ပါးကောင်းကင်ကပ်ဘေးဒုက္ခ။
"ဘုန်း!"
လျှပ်စီးကြောင်းနှစ်စင်းသည် ကောင်းကင်ကို ဖြတ်၍ ဆင်းသက်လာခဲ့သည်။
ရှောင်ဘိုင်သည် ကျဆင်းလာနေသော လျှပ်စီးကြောင်းကို ကြည့်လိုက်ပြီး ဟိန်းဟောက် ၏။ သူ၏ပါးစပ်ကြီးကိုဖွင့်ပြီး လျှပ်စီးကြောင်းကို သူ့ဗိုက်ထဲသို့ တိုက်ရိုက်မျိုချ လိုက်သည်။ သူ၏ဝမ်းဗိုက်သည် အနည်းငယ်သာ တွန့်သွားခဲ့ပြီး သူသည် ပထမဆုံး လျှပ်စီးကပ်ဘေးဒုက္ခကို လွယ်လွယ်ကူကူဖြင့် ဖြေရှင်းနိုင်ခဲ့သည်။
ချင်ယွင်မှလွဲ၍ ကျန်ရှိနေသူအားလုံး အံ့အားသင့်သော အကြည့်များ ထွက်ပေါ် လာကြသည်။
ကောင်းကင်ကပ်ဘေးဒုက္ခလျှပ်စီးကို ဝါးမြိုခြင်း။ အမှန်တရားသို့ပြန်လည်ခြင်း နယ်ပယ် နတ်ဆိုးသားရဲများသည်ပင် ထိုကဲ့သို့ ပြုမူဝံ့မည် မဟုတ်ပေ။
နောက်ဆုံးတွင်၊ ၎င်းသည် နတ်ဆိုးသားရဲများဖြစ်စေ သို့မဟုတ် လူသားများပင် ဖြစ်စေ၊ သူတို့၏ အတွင်းအင်္ဂါအစိတ်အပိုင်းများသည် ပို၍ပျက်စီးလွယ်ပါသည်။ သူတို့သည် လျှပ်စီးကြောင်းကို သူတို့အစာအိမ်ထဲသို့ မျိုချခြင်းထက် ခုခံကာကွယ်ရန် ၎င်းတို့၏ ခန္ဓာကိုယ်များကို အသုံးပြုလိုကြပါသည်။
တစ်ချိန်တည်းမှာပင် ရှောင်ကျင်း၏ စွမ်းဆောင်မှုသည်လည်း အလားတူ ထူးခြားလွန်း ပါသည်။ သူသည် လူသားတစ်ဦးကဲ့သို့ တင်ပျဉ်ခွေထိုင်လျက်ပင် ရှိနေပြီး လျှပ်စီး ကြောင်းကို လုံးလုံး လျစ်လျူရှုထားသည်။
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးသည် တိုက်ရိုက်ကျလာခဲ့ပြီး သူ၏ ဦးခေါင်းကို ထိမှန်ကာ ကျယ်လောင်သော 'ဒွန်'ဟူသောအသံပင် ထွက်ပေါ်လာသည်။ သို့သော်လည်း ရှောင်ကျင်း၏ ခန္ဓာကိုယ်သည် လှုပ်ခါနိုင်စွမ်းမရှိသော နတ်တောင် တစ်ခုလို ဖြစ်နေသည်။
လူတိုင်းသည် အံ့ဩတကြီးဖြစ်ဟန်ဖြင့် အသံထွက်အောင် အော်ဟစ်မိကြသည်။ ဤ ရှောင်ကျင်း၏ ခုခံကာကွယ်မူသည် တကယ်ကို ပုံမှန်မဟုတ်ခဲ့ပါဘူး။ ကောင်းကင်ကပ် ဘေးဒုက္ခလျှပ်စီးကို လှုပ်ခါစေရန်အတွက် သူ၏ဦးခေါင်းကို ရဲရဲဝံ့ဝံ့ အသုံးပြုခဲ့သည်။ သူသည် ကောင်းကင်မိုးကြိုးလျှပ်စီးထိမှန်ပြီး အရူးတစ်ယောက် ဖြစ်သွားမှာကို မကြောက်ရွံ့ဘူးလား။
ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီး၏ မျက်လုံးများသည်ပင် တောက်ပနေခဲ့သည်။ ဤပထမဆုံးသော လျှပ်စီးကပ်ဘေးဒုက္ခ တစ်ခုတည်းမှာပင်၊ သူမတို့ရှေ့မှာရှိနေသည့် ဤနတ်ဆိုးသားရဲနှစ်ကောင် ပြသထားသော အရည်အချင်းသည် အံ့ဩဖွယ်ရာ ကောင်းသည်ဟု ဆိုနိုင်ပါသည်။
သူတို့သည် ကပ်ဘေးဒုက္ခကိုကျော်လွှာပြီး တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ထဲသို့ လုံးလုံးဝင်ရောက်ပြီးသည်နှင့်၊ သူတို့၏ ခွန်အားသည် အလယ်အလတ်အဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ် ကျွမ်းကျင်သူများနှင့် ပင် ယှဉ်နိုင်မည် ဖြစ်သည်။
ဤသို့ဖြင့် ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် အစောပိုင်းအဆင့် တာအိုအငွေ့ အရည်ဖွဲ့ခြင်းနယ်ပယ် စွမ်းအားကိုအသုံးပြုပြီး နှောင်းပိုင်းအဆင့် တာအိုအငွေ့အရည် ဖွဲ့ခြင်းနယ်ပယ်မှာ ရှိနေသော လိပ်နက်ဘိုးဘေးကို သတ်ဖြတ်ခဲ့သော ချင်ယွင်၏ ကျင့်ကြံမူနှင့်ပတ်သက်ပြီး ချင်ယွင်၏အကြောင်းကို တွေးတောမိစေသည်။
ချင်ယွင်၏ ခွန်အားသည် သူမ၏မျှော်လင့်ချက်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ ချင်ယွင်၏ညီအကိုနှစ်ယောက်သည်လည်း ဤမျှပုံမှန်မဟုတ်ဟု သူမ မမျှော်လင့်ထားခဲ့ ပေ။
“အကယ်၍ ဤညီအစ်ကိုသုံးယောက်သည် အနာဂတ်တွင် ကြီးပြင်းလာပါက သူတို့သည် ပင်လယ်နတ်ဆိုးသားရဲနယ်ပယ်တွင် ပြိုင်ဘက်ကင်း အင်အားစုတစ်ခု ဖြစ်လာမည်မှာ သေချာသည်”ဟု ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် မတွေးမိဘဲ မနေနိုင်ပေ။
ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးသည် ချင်ယွင်သူ၏ညီအစ်ကိုများ ကြီးထွားလာမှုသည် နှစ်ထောင်ပေါင်းများစွာကြာအောင် မပြောင်းမလဲတည်ရှိနေသော ဤပင်လယ်ရေပြင် ရှိ လက်ရှိ သုံးပွင့်ဆိုင်အခြေအနေကိုပင် ပြောင်းလဲသွားစေနိုင်ကြောင်း ဖျတ်ခနဲ ခံစားလိုက်ရသည်။
ထိုအချိန်တွင် ချင်ယွင်သည် သိပ်အများကြီး မစဉ်းစားခဲ့ပေ။ သူသည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို စိုးရိမ်စွာ စိုက်ကြည့်နေသေးသည်။
ယခုလေးတင် ၎င်းကပ်ဘေးဒုက္ခသည် ပထမဆုံးသော လျှပ်စီးကပ်ဘေးဒုက္ခတစ်ခုသာ ဖြစ်သည့်အတွက် ရှောင်ယွင်နှင့်ရှောင်ကျင်းတို့သည် သူတို့၏ အရှေ့ပိုင်း လျှပ်စီး ကပ်ဘေးဒုက္ခခြောက်ပါးကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြဿနာမရှိဟု ချင်ယွင်သည် ယုံကြည်ထားသည်။ သူ အမှန်တကယ် စိုးရိမ်မိသည်က နောက်ဆုံး လျှပ်စီးကပ်ဘေး ဒုက္ခနှစ်ခုဖြစ်သည့် ခုနှစ်ခုမြောက်နှင့် ရှစ်ခုမြောက်လျှပ်စီးကပ်ဘေးဒုက္ခများ ဖြစ်ပါသည်။
ကပ်ဘေးဒုက္ခခံရခြင်းနှင့်ပတ်သက်၍ သူ၏အတိတ်ကအတွေ့အကြုံများကို သုံးသပ် ကြည့်လျှင် နောက်ဆုံး ကပ်ဘေးဒုက္ခ၏ တန်ခိုးအစွမ်းသည် တုနှိုင်းမဲ့ ကြောက်စရာ ကောင်းပေလိမ့်မည်။
ဟုတ်ပါသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ လျှပ်စီးကပ်ဘေးဒုက္ခသည် မည်မျှပင် အစွမ်းထက်နေပါစေ ချင်ယွင်၏လျှပ်စီးကပ်ဘေးဒုက္ခနှင့် ယှဉ်လို့မရပါဘူး။ ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့၏ လျှပ်စီးကပ်ဘေးဒုက္ခကို ကြောက်စရာကောင်းသည်ဟု ဖော်ပြမည်ဆိုပါလျှင် ချင်ယွင်၏ လျှပ်စီးကပ်ဘေးဒုက္ခသည် လုံးဝ ပုံမှန်မဟုတ်ဘူး ဟူ၍သာ ဖော်ပြနိုင်ပါတော့မည်။
"ဘုန်း………!"
နောက်ထပ် လျှပ်စီးကပ်ဘေးဒုက္ခတစ်ခု ကျဆင်းသွားသည်၊ ၎င်း၏ စွမ်းအားသည် ပထမ လျှပ်စီးကြောင်းဒုက္ခထက် အနည်းငယ် ပို၍ ပြင်းထန်သည်။
ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် ဤလျှပ်စီးကပ်ဘေးဒုက္ခကို အလွယ်တကူ ဖြေရှင်းရန်အတွက် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အားကိုးနေကြဆဲ ဖြစ်သည်။
"ဘုန်း.. ဘုန်း…. ဘုန်း… ဘုန်း…!"
နောက်ထပ် လျှပ်စီးကပ်ဘေးဒုက္ခ လေးကြိမ်ဆက်တိုက် ကျရောက်လာခဲ့ပြီး ၎င်းတို့ တစ်ခုချင်းစီသည် ရှေ့မှကျဆင်းပြီးသာ အခြားလျှပ်စီးကြောင်းများထက် ပို၍ အားကောင်းလာခဲ့သော်လည်း၊ ရှောင်ဘိုင် သို့မဟုတ် ရှောင်ကျင်းကို အနည်းငယ်မျှ ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့ပေ။
“ဟား၊ ဟား။ အစ်ကိုကြီး၊ ကောင်းကင်ကပ်ဘေးဒုက္ခရဲ့ စွမ်းအားက အားနည်းသွား တယ်လို့ ဘာလို့ ခံစားရတာလဲ။ ငါကပဲ အရမ်းသန်မာလာလို့များလား။ ငါ့ကိုယ်ပေါ်ကို ပထမဆုံး ကျဆင်းလာတဲ့ လျှပ်စီးကပ်ဘေးဒုက္ခ ခြောက်ခုက ငါ့ကို ကလိထိုးနေသလို မျိုးပဲ။ ငါ ဘာနာကျင်မူကိုမှလည်း မခံစားရဘူး။ “ရှောင်ကျင်း၏ အသံသည် ချင်ယွင် ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ သူ့အသံက စိတ်လှုပ်ရှားမှုနှင့်အတူ မောက်မာမှု တို့ပါ ပြည့်နေသည်။
ချင်ယွင်သည် ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့ကို အနာဂတ်တွင် သူ့ကို “အစ်ကိုကြီး”ဟု တိုက်ရိုက်ခေါ်ရန် ယခင်က ညွှန်ကြားထားခဲ့သည်။ သူတို့သည် သူ့ကို “ဆရာကြီး”ဟု ခေါ်စရာ မလိုတော့ပေ။ ဤစကားက အခြားလူများ၏ သံသယတွေကို အလွယ်တကူ နှိုးဆွပေးရာ ရောက်လိမ့်မည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်ကျင်း၏ အဆင့် ချိုးဖြတ်မူသည် ယခုတစ်ကြိမ်တွင် ပိုမိုအားကောင်းလာသည်ဟု ထင်ရသည်။ သို့သော် ရှောင်ကျင်းသည် လျှပ်စီးကပ်ဘေးဒုက္ခကို အလွန်အထင်သေးနေပြီး ယင်းက ကြီးကြီး မားမား တစ်စုံတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ချင်ယွင်က အလျင်အမြန် သတိပေးစကား ပြောလိုက်သည် " ရှောင်ကျင်း ၊ မင်းက ဒီကောင်းကင်ကပ်ဘေး ဒုက္ခကို မထင်မြင်သေးတာမျိုး မလုပ်ရဘူး။ အထူးသဖြင့် နောက်ဆုံးနှစ်ခုကိုပဲ။ ဒီကပ်ဘေးဒုက္ခရဲ့ စွမ်းအားက မင်းထင်ထားသလောက် မရိုးရှင်းဘူး။ မင်း သတိမမူပဲ မနေမိစေနဲ့။"။
"အစ်ကိုကြီး၊ မင်းပြောသလို အလွန်ပုံကြီးချဲ့ရာ ရောက်မနေဘူးလား။ အခု ငါ့ခန္ဓာ ကိုယ်က ဓားတွေ၊ လှံတွေကိုတောင် မထိုးဖောက်နိုင်တော့ဘူး။ ငါ့ဘိုးဘေးတွေ ရောက်ခဲ့တဲ့ အင်မော်တယ်နယ်ပယ်ကို ငါမရောက်သေးပေမယ့်၊ ငါက အင်မော်တယ် အဆင့် ပစ္စည်းတစ်ခုနဲ့တော့ သေချာပေါက် ယှဉ်လို့ရနေပါပြီ။ ဒီကောင်းကင်ကပ်ဘေး ဒုက္ခက ငါ့အရေပြားကို လုံးဝ မချိုးဖျက်နိုင်ပါဘူး။" ရှောင်ကျင်းက ဆက်ပြီး ငြင်းသည်။
ချင်ယွင်က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ ဤအရာက ရှောင်ကျင်း အတွက် လုံးဝ မကောင်းဘူးဆိုတာ အတိအကျပင်။ သူ၏ခွန်အားသည် ရှောင်ဘိုင် ထက် အားမနည်းသော်လည်း၊ သူ၏ စိတ်နေသဘောထားက ရှောင်ဘိုင်အောက် အများကြီး နိမ့်ကျနေသေးသည်။ (မရင့်ကျက်သေးဟုဆိုလိုပါသည်)။
သေချာတာသည်မှာ ဘေးမှာရှိနေသော ရှောင်ဘိုင်သည်လည်း ထိုစကားများကို နားမထောင်ဘဲ မနေခဲ့ပါချေ။ သူက ချက်ချင်း ဒေါသတကြီး အော်ပြောလိုက်သည် "ဟဲ့ နံစော်နေတဲ့ မျောက်စုတ်ကောင်ကြီး၊ အစ်ကိုကြီးက မင်းရဲ့ကောင်းကျိုးအတွက် မင်းကို ဂရုစိုက်ဖို့ ပြောနေတာလေ။ မင်း ကျေးဇူးမကန်းစမ်းနဲ့။ ဒါ့အပြင် ဒီကောင်းကင် ကပ်ဘေးဒုက္ခက ဒီလောက်မရိုးရှင်းဘူးလို့ ငါခံစားရတယ်။ အထူးသဖြင့် မင်း နောက်ဆုံး ကောင်းကင်ကပ်ဘေးဒုက္ခနှစ်ခုမှာ ပိုပြီးဂရုစိုက်နေရင် ပိုကောင်းလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်၊ မင်း ကြီးကြီးမားမား ဆုံးရှုံးမူကြီးခံစားရမှ တခြားသူကို အပြစ်တင်လို့ မရဘူး"။
ရှောင်ကျင်းသည် ရှောင်ဘိုင်၏ ဒေါသတကြီး ပြစ်တင်ရှုတ်ချသည့်အသံကို ကြားလိုက်ရသည့်အခါ သူ၏စိတ်ထဲတွင် အနည်းငယ် အထင်သေးသွားသော်လည်း တခြားမည်သည့်စကားမှ မပြောတော့ပါဘူး။
"ဂျိမ်း…!"
ဤအခိုက်အတန့်တွင် သတ္တမမြောက် လျှပ်စီးကပ်ဘေးဒုက္ခသည် နောက်ဆုံးတွင် ဆင်းသက်တော့မည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ရောက်ရှိနေကြသည့် လူအားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။
ပြင်းထန်သောအသံ မိုးခြိမ်းသံတစ်ခုကို ကြားရပြီးနောက်၊ ကောင်းကင်ယံအများစုကို ဖုံးလွှမ်းနေသော တိမ်စိုင်တိမ်မည်းများသည် ချက်ချင်းပင် ဝင်းလက်သွားသည်။ ခရမ်းရောင်လျှပ်စီးအလင်းက ကပ်ဘေးဒုက္ခတိမ်တိုက်တစ်ခုလုံးကို ဖုံးလွှမ်းလာနေပြီး လျှပ်စီးများပြည့်နေသော တိမ်တိုက်များတွင် အဆက်မပြတ် ဝင်းလက် တောက်ပ နေကာ မိုးကြိုးနဂါးကြီးများကဲ့သို့ မည်မှောင်နေသော တိမ်တိုက်များထဲတွင် အထက်အောက်ရွေ့လျားကာ အလိပ်လိပ်ထလာနေသည်။ ၎င်းသည် အချိန်မရွေး ကျဆင်းလာနိုင်သည်။
"ဂျိမ်း……!"
တိမ်စိုင်တိမ်မည်းတွေက ချက်ချင်း ပြိုကျသွားခဲ့သည်။ ကြီးမားလှသော လျှပ်စီးနဂါးကြီးနှစ်ကောင်သည် မည်းမှောင်နေသော တိမ်တိုက်များကြားမှ ထွက်လာပြီး ကောင်းကင်ယံမှ ခုန်ဆင်းလိုက်သည်။
"နဂါးပုံသဏ္ဍာန် လျှပ်စီးကပ်ဘေးဒုက္ခလား?" ချင်ယွင်သည် မနေနိုင်ဘဲ အံ့သြတကြီး မေးလိုက်မိသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည်လည်း အံ့သြသွားကြသည်။
"မကောင်းတော့ဘူး၊ မြန်မြန်ပြန်ဆုတ်!" ခရမ်းရောင်ဆံပင်နှင့် အမျိုးသမီးသည် အလောတကြီး တိုးတိုးလေး အော်ပြောလိုက်သည်။
ချင်ယွင်၏အမူအရာလည်း ပြောင်းလဲသွားသည်။ သူသည် ပင်လယ်ရေမျက်နှာပြင်ကို ထိလိုက်ပြီးပြီး အဝေးမှာရှိနေသည့် ငွေရောင်သံချပ်ကာဝတ်လူငယ်နှင့် အရပ်ရှည်ရှည် ကြံ့ခိုင်သောအမျိုးသားတို့ကဲ့သို့ ခရမ်းရောင်ဆံပင်နှင့်အမျိုးသမီးနှင့်အတူတူ အမြန် နောက်ဆုတ်ရသည်။
"ဘုန်း!"
ချင်ယွင်နှင့် အခြားလူများ အလျင်အမြန် နောက်ဆုတ်သွားပြီးနောက်…..။
နဂါးနှစ်ကောင်သည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့နှင့် ထိပ်တိုက်ဆုံမိသွားသည်။
ကောင်းကင်ယံတစ်ခုလုံးကို ခရမ်းရောင်လျှပ်စီးအလင်းတန်းများက ချက်ချင်း ဖုံးလွှမ်း သွားခဲ့ပါသည်။ ထိုအချိန်မှာ တိမ်မည်းတွေကြောင့် မူလက မှောင်မိုက်နေသည့် ကမ္ဘာကြီးသည် နေ့ခင်းဘက်အလား လင်းထိန်သွား၏။ လေဟာနယ်ထဲတွင် အဆုံးမရှိ ခရမ်းရောင်အလင်းတန်းများဖြင့် ပြည့်နေပြီး ပင်လယ်ရေပြင်သည်ပင် တခဏအတွင်း ခရမ်းရောင်အရောင်ဆေး ဆိုးသွားပုံရသည်။
ကြောက်စရာကောင်းသည့် ထိပ်တိုက်တွေ့ဆုံမှုက ချက်ချင်းဆိုသလို မမြင်နိုင်သော ဧရာမမုန်တိုင်းကြီး ဖြစ်သွားစေခဲ့သည်။ လေဟာနယ်တစ်ခုလုံးသည် အဆုံးမရှိသော နဂါးငွေ့တန်းများနှင့်အတူ လှိုင်းလုံးများဖြင့် ပြည့်နေသည်။ ကြားလိုက်ရ မြင်လိုက်ရသည့် မြင်ကွင်းက အံ့မခန်း တုန်လှုပ်စရာပါပင်။
ချင်ယွင်သည် ကပ်ဘေးဒုက္ခကိုဖြတ်ကျော်နေကြသည့် အဖြူလေးနှင့် ရွေးလေးတို့နှင့် ဆိုလျှင် မိုင်ငါးဆယ်အကွာအဝေးမှာ ရပ်နေသည်။ သူ၏ခန္ဓာကိုယ်ကို ရိုက်ခတ်လာ သည့် မုန်တိုင်း၏ နာကျင်ကိုက်ခဲမှုကို ခံစားမိတုန်းဖြစ်သည်။ သူ၏၀တ်ရုံများသည်ပင် တဖျတ်ဖျပ်ခတ်ကာ လှိုင်းထန်နေလေသည်။
ချင်ယွင်သည် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်မိသည်။ သတ္တမမြောက် ကောင်းကင်တာအို၏ စွမ်းအားသည် သူထင်ထားသည်ထက် ပို၍ ကြောက်စရာ ကောင်းနေသည်။ ယခုအချိန်မှာ သူ၏နှလုံးသားသည် ရှုပ်ယှက်ခတ်နေပြီး သူစိတ်ထဲမှာ စိုးရိမ်မှုတွေ ပြည့်နှက်နေခဲ့သည်။
" ရှောင်ဘိုင်၊ ရှောင်ကျင်း မင်းတို့ အဆင်ပြေကြရဲ့လား" ချင်ယွင်က သူ့စိတ်ထဲမှ တဆင့် အလောတကြီး အော်မေးလိုက်သည်။
"အစ်ကိုကြီး ငါ အဆင်ပြေပါတယ်။ ဒါပေမယ့် အဲဒီမျောက်စုကြီးကတော့ ပင်လယ် ကြမ်းပြင်အောက် ပစ်ချခံရပုံပေါ်တယ်။" ခဏကြာတော့ ရှောင်ဘိုင်၏ တုန့်ပြန်သည့် အသံထွက်ပေါ်လာသည်။
ရှောင်ဘိုင်၏အသံကို ကြားသောအခါ ချင်ယွင်သည် စိတ်သက်သာရာ ရသွားသော် လည်း ရှောင်ကျင်းသည် ပင်လယ်ကြမ်းပြင်ထဲသို့ ပစ်ချခံရသည်ဟု ကြားလိုက်ရသည့် အခါတွင် သူ၏လုံးသားသည် ချက်ချင်းပင် စိုးရိမ်လာပြန်သည်။
"ရှောင်ကျင်း, ရှောင်ကျင်း " ချင်ယွင်က သူ၏စိတ်ထဲမှတဆင့် ထပ်ပြီး အော်လိုက်သည်။
"အဟွတ်၊ အဟွတ်…….အဟွတ်... အစ်ကိုကြီး၊ ငါ အဆင်ပြေပါတယ်၊ ဒါပေမယ့် ဒီလျှပ်စီးကပ်ဘေးဒုက္ခက တကယ့်ကို ကြောက်စရာကောင်းတယ်။ တကယ်ကို ငါ့သားမွေးတွေကို စုတ်ဖြဲပစ်လိုက်တယ်။" ရှောင်ကျင်းက ဒေါသတကြီးလေသံဖြင့် အသံချင်းဆက်သွယ်ကာ ပြောသည်။ တစ်ချိန်တည်းမှာပင် သူသည် ပင်လယ်ရေ မျက်နှာပြင်ကို ချိုးဖျက်ကာ လူတိုင်း၏မြင်ကွင်းထဲတွင် ပြန်ပေါ်လာသည်။
ရှောင်ကျင်း၏စကားကို ချင်ယွင်ကြားသောအခါ၊ သူသည် လုံးဝ စိတ်သက်သာရာ ရသွားသည်။ ရှောင်ကျင်းသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားပုံမပေါ်ပေ။
သို့သော်၊ အကယ်၍ သတ္တမမြောက်လျှပ်စီးကြောင်းသည်ပင် အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်ဆိုလျှင် ရှစ်ခုမြောက်လျှပ်စီးသည် ပို၍ပင် ပြင်းထန်နေပေလိမ့်မည်။