ကမ္ဘာကြီးတစ်ခုလုံး ဝိညာဉ်စွမ်းအင် စတင်နှိုးထလာခြင်း၊ ဝိညာဉ်စွမ်းအင် ဒီရေပထမလှိုင်း
Vol. 2 Ch. 12
တစ်ရက်ကုန်လွန်သွားပြီးနောက်….
ဝံပုလွေဖေဖေကိုယ်တိုင် “ချုပ်လုပ်” ပေးထားသည့် နှင်းမြေခွေးသားရေစကတ်လေးများကို ဝတ်ဆင်ထားသည့် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် သစ်ပင်အိမ်လေးထဲမှ အပြင်ဘက်သို့ ခေါ်ဆောင်ခံလိုက်ရပြီး နွေးထွေးသော နေရောင်ခြည်အောက်တွင် အပန်းဖြေနေကြလေသည်။
ကြမ်းတမ်းသယောင်ထင်ရသော်လည်း လက်တွေ့မှာ အလွန်တရာနူးညံ့သော မြေခွေးသားရေတို့က သူတို့၏ နုနယ်သော အသားအရေနှင့် ထိတွေ့နေပြီး ယခင်က တစ်ခါမျှ မခံစားဖူးသည့် နွေးထွေးမှုနှင့် လုံခြုံမှုအပြည့်ရှိသော ခံစားချက်ကို ပေးစွမ်းနေခဲ့၏။
အုပ်စုထဲမှ အရွယ်မတိုင်သေးသော ဝံပုလွေပေါက်လေးအချို့မှာ သူတို့နှင့် အရောင်တူသည့် အဖြူရောင် အမွေးပွပွအလုံးလေးနှစ်လုံးကို မြင်လိုက်ရသောအခါ စူးစမ်းလိုစိတ်ဖြင့် အနားသို့ တိုးကပ်လာကြသည်။
ထိုသတ္တဝါလေးများသည် ဗီဇအရပင် ဤကလေးငယ်နှစ်ဦးကို ကာကွယ်ရမည်ဟု သိနားလည်ထားကြပုံရ၏။
ဆော့ကစားနေစဉ်အတွင်း သူတို့၏ လက်သည်းများကို သေချာသိမ်းထားကြပြီး အမွေးထူထူ ခေါင်းလေးများ၊ နှာခေါင်းလေးများဖြင့်သာ အသာအယာ ပွတ်သီးပွတ်သပ် လုပ်နေကြကာ လည်ချောင်းထဲမှလည်း ခင်မင်နှစ်လိုဖွယ် အသံလေးများ ပြုလုပ်နေကြလေသည်။
“ဒီကလေးတွေရဲ့ ဝိညာဉ်အသိစိတ်က အမှောင်ထုထဲကနေ နိုးထလာသလိုပဲ...” သူမ၏ လက်ဖဝါးကို စိုစွတ်သော နှာခေါင်းလေးဖြင့် အသာအယာ တို့ထိနေသည့် ဝံပုလွေပေါက်လေးကို ကြည့်ရင်း ရှောင်လန်၏ ရင်ထဲတွင် အံ့ဩတုန်လှုပ်ဖွယ်ရာ အမှန်တရားတစ်ခုကို ထပ်မံ တွေ့ရှိလိုက်ပြန်သည်။
ဤအကောင်လေးများမှာ သူမ၏ မှတ်ဉာဏ်ထဲရှိ အသိဉာဏ်ကင်းမဲ့ပြီး ရိုင်းစိုင်းလှသော မိစ္ဆာသားရဲပေါက်လေးများနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့၏။
“အီးယား... (ဒီလိုမျိုးကြတော့လည်း ဘ၀က... တော်တော်လေး ကောင်းနေသလိုပဲနော်...)” သစ်ရွက်များကြားမှ တိုးဝင်လာသော နေရောင်ခြည်တန်းလေးများကို ကြည့်ရင်း ခြောက်သွေ့နူးညံ့သော သားရေကော်ဇောပေါ်တွင် သူမ ကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့သည့် ဘ၀မျိုးအတွက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ယခင်ဘဝ သက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့ စစ်မှန်သော စိတ်အပန်းပြေမှုမျိုးကို သူမတစ်ခါမျှ မခံစားခဲ့ဖူးချေ။
အချိန်များမှာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့၏။ နှင်းဝံပုလွေအုပ်စု၏ အစစအရာရာ ဂရုစိုက်မှုအောက်တွင် ထိုကလေးငယ်နှစ်ဦးမှာ လက်ချောင်းလေးတစ်ချောင်းပင် လှုပ်ရှားစရာမလိုဘဲ ဘ၀ကို အေးအေးဆေးဆေး သာသာယာယာ ဖြတ်သန်းလာခဲ့ကြသည်။
ဗိုက်ဆာလျှင် ယဉ်ပါးပြီးသား နှင်းသိုးများထံမှ ပူနွေးလတ်ဆတ်သော နို့ရည်ကို သောက်ရသည်။ ချမ်းလာလျှင် ထူထဲနူးညံ့သော သားရေကော်ဇောများက အဆင်သင့်ရှိနေသည်၊ ပျင်းရိလာလျှင်လည်း ထိုအမွေးပွပွ ဝံပုလွေပေါက်လေးများက အကောင်းဆုံး ကစားဖော်များ ဖြစ်လာခဲ့ကြလေသည်။
မတော်တဆ အနှီးထုပ်ထဲဆီးသွားမိလျှင်ပင် မိခင်စိတ်အပြည့်ရှိသော ဝံပုလွေမကြီးများက စိတ်ရှည်လက်ရှည်ဖြင့် သန့်ရှင်းရေးလုပ်ပေးကာ လဲလှယ်ပေးကြပြီး သူတို့၏ လှုပ်ရှားမှုများမှာ လင်းထျန်းလုံထက်ပင် ပိုမိုနူးညံ့နေသေးသည်။
ငါးရက်အတွင်းမှာပင် သူမတို့နှစ်ဦးမှာ ဤထူးဆန်းပြီး ရိုင်းစိုင်းသယောင်ရှိသော်လည်း စနစ်တကျရှိလှသော နှင်းဝံပုလွေမိသားစုထဲသို့ လုံးဝ စီးဝင်သွားခဲ့ကြပြီပဲဖြစ်သည်။
ထိုနေ့ ညနေခင်းတွင် ၀င်လုဆဲဆဲနေမင်းကြီးထံမှ လိမ္မော်ရောင်ဖျော့ဖျော့ အလင်းတန်းများ ကြရောက်နေပြီး နှင်းလွင်ပြင်တစ်ခုလုံးကို ဆေးခြယ်မွမ်းမံထားခဲ့လေသည်။
သစ်ပင်အိမ်ရှေ့ရှိ မြက်ခြောက်များ ထူထဲစွာ ခင်းထားသော “ကစားကွင်း” ထဲတွင် ဝံပုလွေပေါက်လေးများက သူတို့၏ လက်သည်းနှင့် သွားများကို ရုပ်သိမ်းထားပြီး ကလေးငယ်နှစ်ဦးနှင့်အတူ လူးလှိမ့်ဆော့ကစားနေကြသည်။
သူတို့က မြေခွေးသားရေစကတ်လေးများကို ပါးစပ်ဖြင့် အသာအယာ ကိုက်ဆွဲရင်း အနည်းငယ်ကလေးဆန်သော်လည်း ကြည်နူးစရာကောင်းသော ကစားနည်းကို ဆော့ကစားနေခဲ့ကြ၏။
လင်းထျန်းလုံမှာမူ အနီးအနားတွင် သူ၏ ကြီးမားသော ငွေရောင်ခန္ဓာကိုယ်ကြီးဖြင့် တောင်ကုန်းတစ်ခုကဲ့သို့ တည်ငြိမ်စွာ ဝပ်နေလျက် ရေခဲပြာမျက်လုံးများဖြင့် အရာအားလုံးကို ကြင်နာစွာ စောင့်ကြည့်နေလေသည်။
လူသားကလေးငယ်နှစ်ဦး ရောက်ရှိလာခြင်းက သူ၏ဝံပုလွေဘဝထဲသို့ မကြုံစဖူး ပျော်ရွှင်မှုများနှင့်အတူ လေးလံသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးခဲ့ပြီး သူ၏ ဘုရင်တစ်ပါးအဖြစ် ရပ်တည်မှုကို “မိသားစု” ဟူသော ခံစားချက်ဆီသို့ ပိုမိုနီးကပ်သွားစေခဲ့သည်။
အချိန်တစ်ချို့ကုန််လွန်သွားပြီးနောက် ရုတ်တရက် လင်းထျန်းလုံ၏ စူးရှသော နားရွက်များ လှုပ်ခတ်သွားပြီး ခေါင်းထောင်လာခဲ့သည်။ ကောင်ကင်းပြာကြီးထဲတွင် လုံး၀န်းလှပနေသော လမင်းကြီး တိတ်တဆိတ် ထွက်ပေါ်လာပြီး နေမင်းကြီးကတော့ တိုး၀င်ပျောက်ကွယ်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင် ရှောင်လန်နှင့် ရှောင်ယင်းတို့လည်း တစ်စုံတစ်ခုကို ခံစားလိုက်ရ၏။ သူတို့၏ ခန္ဓာကိုယ်များက နုနယ်သေးသော်လည်း မြင့်မြတ်လှသော ဧကရီဝိညာဉ်များမှာ အနည်းငယ် တုန်လှုပ်သွားပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည် ။
“အီး... (လပြည့်ညပဲ...)” ရှောင်လန်တစ်ယောက် ရင်ခုန်သံများ မြန်ဆန်သွားလေသည်။
“ယားယား... (ဝိညာဉ်စွမ်းအင် ဒီရေလှိုင်းရဲ့ ပထမဆုံးအကြိမ် ရောက်လာပြီ...)” ရှောင်ယင်း၏ လေသံထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ ရောယှက်နေပြီး သူမ၏ ခရမ်းမျက်လုံးများမှာ တလက်လက် တောက်ပနေတော့သည်။
သူတို့မှာ ကလေးငယ်ဘဝတွင်သာ ရှိသေးသဖြင့် ပုံမှန်ကျင့်စဉ်များကို မကျင့်ကြံနိုင်သေးသော်လည်း သူတို့၏ အထွတ်အထိပ် ဧကရီအဆင့် အတွေ့အကြုံများကို အသုံးပြုကာ ကောင်းကင်နှင့် မြေကြီး ပေါင်းစပ်မှုမှ ထွက်ပေါ်လာသော အစင်ကြယ်ဆုံး “သဘာ၀ဝိညာဉ်စွမ်းအင်” ကိုတော့ ဆွဲယူနိုင်သေးလေသည်။ ဤသည်မှာ သူတို့၏ အရိုးအဆစ်များကို အားဖြည့်ပေးပြီး နောင်တစ်ချိန်တွင် ပြန်လည်ကျင့်ကြံမည့် လမ်းခရီးအတွက် အခြေခံကောင်းတစ်ခုကို ချမှတ်နိုင်တော့မည့်သဘောပင်။
နောက်တစ်စက္ကန့်တွင် နေမင်းကြီး၏ နောက်ဆုံးအလင်းရောင်မှာ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံမှာ ရုတ်တရက် အမှောင်အတိ ကျသွားတော့သည် ။ တောအုပ်တစ်ခုလုံးမှာလည်း အသက်ရှူသံပင် မကြားရလောက်အောင် ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့၏။
လင်းထျန်းလုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်အမွေးအမျှင်များ လှုပ်ခတ်သွားခဲ့၏။ လေထုထဲတွင် အေးမြပြီး သက်ဝင်လှုပ်ရှားနေသော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို သူသိလိုက်သည်။
အသက်တစ်ချက် ရှူသွင်းလိုက်တိုင်း အလွန်လန်းဆန်းသွားပြီး သူ၏ ပုခုံးပေါ်မှ ဒဏ်ရာဟောင်းပင်လျှင် အနည်းငယ် ယားယံလာသလို ခံစားလိုက်ရသည်။ ဝံပုလွေအုပ်စုတစ်ခုလုံးမှာလည်း ကယောက်ကယက်ဖြစ်ကာ ဂနာမငြိမ်ဖြစ်လာကြ၏။
သူသည် ဝေးလံသော နေရာသို့ လှမ်းကြည့်လိုက်သောအခါ လရောင်နှင့်အတူ မြေပြင်အောက်ခြေမှ တလိမ့်လိမ့်တက်လာသော စိမ်းဖျော့ဖျော့ မြူခိုးများ ပေါင်းစပ်သွားသည်ကို တွေ့လိုက်ရသည်။
“ဒါ... စနစ်က ပြောနေကြ ဝိညာဉ်စွမ်းအင် ဆိုတာလား...” သူ တွေးလိုက်မိသည် ။
တစ်ဖက်တွင်လည်း ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ မျက်လုံးများ ကပျာကယာမှိတ်လိုက်ကြပြီး လေထုထဲမှ သန့်စင်သော ဝိညာဉ်စွမ်းအင်များကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဂရုတစိုက် စုပ်ယူနေကြသည်။
မှုန်ဝါးဝါး လရောင်အောက်တွင် ကလေးငယ်နှစ်ဦး၏ ခန္ဓာကိုယ်မှာ မြင့်မြတ်သော အလင်းတန်းတစ်ခု ဝန်းရံထားသကဲ့သို့ ဖြစ်လာပြီး သူတို့၏ ခန္ဓာကိုယ်မှာလည်း မိုးခေါင်ရေရှားနေသော ကန္တာရပြင်ကြီးကဲ့သို့ ဝိညာဉ်စွမ်းအင်များကို အငမ်းမရ စုပ်ယူနေတော့သည်။
ကံကောင်းထောက်မစွာပင် လင်းထျန်းလုံ၏ စနစ်တကျ ကျွေးမွေးစောင့်ရှောက်မှုများကြောင့် နှင်းဝံပုလွေအုပ်စုဝင်များမှာလည်း ဝိညာဉ်စွမ်းအင် အခြေခံများ ရှိနေကြသဖြင့် ဤဝိညာဉ်စွမ်းအင် ဒီရေလှိုင်းအား ပြင်းထန်စွာ တုံ့ပြန်လာကြသည်။
“အာဝူး... အူး...!!!”
လင်းထျန်းလုံသည် ခေါင်းမော့ကာ အားမာန်အပြည့်ပါသော ဟိန်းဟောက်သံကို အရင်ဆုံး ထုတ်ဖော်လိုက်သည်။
ဤဟိန်းသံမှာ အချက်ပေးသံကဲ့သို့ပင်။ သူ၏ နောက်ကွယ်ရှိ ဝံပုလွေများအားလုံးမှာလည်း သူတို့၏ ဘုရင်ကို လိုက်၍ ကောင်းကင်ယံသို့ မော့ကာ ဝိုင်းဝန်း ဟိန်းဟောက်လိုက်ကြသည်။ ထိုအသံမှာ တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေပြီး သူတို့၏ နိုးထလာမှုကို ကမ္ဘာကြီးအား ကြေညာလိုက်သကဲ့သို့ ဖြစ်နေလေတော့သည်။
ရှောင်လန် နှင့် ရှောင်ယင်းတို့မှာ မျက်လုံးများကို တပြိုင်နက်တည်း ဖွင့်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲတွင် အမြစ်တွယ်သွားသော ဝိညာဉ်စွမ်းအင်ကို ခံစားရင်း ကျေနပ်စွာ ပြုံးလိုက်မိကြသည် ။
“အောင်မြင်ပြီ... နောက်ဆုံးတော့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်အခြေခံကို စိုက်ပျိုးနိုင်ခဲ့ပြီ...”
အခြားတစ်ဖက်တွင်တော့ လင်းထျန်းလုံ၏ စိတ်ထဲတွင် စနစ်ထံမှအကြောင်းကြားချက်များ ဆက်တိုက် ထွက်ပေါ်လာနေသည်။
[ဒင် - ကမ္ဘာတစ်ခုလုံးဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခြင်း စတင်ပါပြီ၊ ပိုင်ရှင်၏ လက်ရှိအဆင့်မှာ အဆင့် ၁၆(ထူးချွန်) သို့ တိုးမြင့်သွားပါပီ] [ဒင် - ပိုင်ရှင်သည် သွေးမျိုးဆက်ပင်ကိုစွမ်းရည် ဖြစ်သော ‘မျိုးတူ ပဲ့တင်ထပ်သံ’ကို နိုးထစေခဲ့သည်]
“နှစ်ဆင့်တောင် တက်သွားတာလား... ပြီးတော့ ပင်ကိုစွမ်းရည်သစ် တစ်ခုပါ အလကားရလိုက်သေးတယ်...” လင်းထျန်းလုံမှာ ဝမ်းသာအားရဖြင့် ချက်ချင်း စစ်ဆေးလိုက်လေသည်။
[မျိုးတူ ပဲ့တင်ထပ်သံ (ခရမ်းရောင်အဆင့်) - ဝံပုလွေဘုရင်၏ သွေးမျိုးဆက်ကသာ နိုးထနိုင်သော စွမ်းရည်ဖြစ်သည်။ အုပ်စုဝင်များနှင့် ဝိညာဉ်ချင်း ချိတ်ဆက်ထားနိုင်ပြီး အုပ်စုဝင်အားလုံး၏ စွမ်းဆောင်ရည်ကို ၁၅ ရာခိုင်နှုန်း တိုးမြင့်ပေးနိုင်သည်]
သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့၏။ ထိုစွမ်းရည်၏ အကျိုးသက်ရောက်မှုကြောင့် သူသည် အဖွဲ့ဝင်တစ်ဦးချင်းစီနှင့် ချိတ်ဆက်မိသွားသလို ခံစားလိုက်ရသည်။
ထို့နောက်တွင်မူ မိမိကိုယ်ကိုယ် ကျေနပ်နေကြသော ဧကရီနှစ်ပါးကို လုံးဝ မှင်တက်သွားစေမည့် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။ သစ်ပင်အိမ် ပတ်ဝန်းကျင်ရှိ နှင်းဝံပုလွေ အကောင် ၂၀ ကျော်လုံးမှာ ဝိညာဉ်စွမ်းအင်များ တပြိုင်နက်တည်း ပေါက်ကွဲထွက်လာကြကာ ဝိညာဉ်စွမ်းအင်အဆင့်သို့ အတူတကွ တက်လှမ်းသွားကြလေသည်။
“အီး... (တစ်အုပ်စုလုံး အဆင့်တက်သွားတာလား... အားလုံးက ဝိညာဉ်စွမ်းအင်အဆင့်ကို ရောက်သွားကြပြီ...)” ရှောင်လန်မှာ ကြောင်အမ်းအမ်းဖြစ်ကာ ပါးစပ်လေး ဟလျက် ငေးကြည့်နေမိတော့သည်။
“ယား... (ဒါ ဘယ်လိုဟာသမျိုးလဲ... လုံး၀မရယ်ရဘူး)” ရှောင်ယင်းမှာလည်း အံဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည် ။ “အောင်မြင်မှုနှုန်းက တစ်ရာရာခိုင်နှုန်းအပြည့် ရှိတာလား... ဝိညာဉ်စွမ်းအင် နိုးထတာ မိနစ်ပိုင်းပဲ ရှိသေးတယ်လေ... သူတို့တွေက ဘာလို့ အစုလိုက်အပြုံလိုက်ကြီး အဆင့်တက်သွားရတာလဲ...”
သူတို့နှစ်ဦးလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ ဝိုင်းစက်နေသော ကလေးမျက်နှာလေးများပေါ်တွင် အံ့ဩမှုနှင့်အတူ စိတ်ပျက်အားငယ်မှုအချို့ကို မြင်တွေ့လိုက်ရသည်။
ယခင်ဘဝက လူသားဧကရီနှင့် မိစ္ဆာအရှင်သခင်မကြီးများဖြစ်ခဲ့သော သူမတို့မှာ ဝိညာဉ်စွမ်းအင် အနည်းငယ်ရရန်အတွက် အသည်းအသန် ကြိုးစားခဲ့ကြရသော်လည်း ဤဝံပုလွေများမှာမူ ဘာမှပင် လုပ်စရာမလိုဘဲ အဆင့်တက်သွားကြခြင်းဖြစ်၏။
“ဒီလိုမျိုး ကံကြမ္မာမျက်နှာသာပေးမှုကို ခံထားရတဲ့ ဝံပုလွေတွေနဲ့ ယှဉ်လိုက်ရင်... ငါတို့ရဲ့ အင်ပါယာအဆင့် ပါရမီဆိုတာတွေက... ရုတ်တရက်ကြီး သနားစရာ ကောင်းသွားသလိုပဲ...” သူတို့နှစ်ဦးစလုံး စိတ်ထဲတွင် ပြိုင်တူတွေးလိုက်မိသော အတွေးကြောင့် စိတ်ဓာတ်အနည်းငယ် ကျသွားလေတော့သည်။