← Chapters

ဟိန်းသံတစ်ချက်ဖြင့် သားရဲများအား ကြောက်လန့်စေခြင်း

Vol. 2 Ch. 13

ဟိန်းသံတစ်ချက်ဖြင့် သားရဲများအား ကြောက်လန့်စေခြင်း

Vol. 2 Ch. 13

လရောင်အောက်၀ယ် နှင်းဝံပုလွေအုပ်စု တစ်စုလုံး တစ်ပြိုင်နက်တည်း အဆင့်တက်လှမ်းသွားသည့် မြင်ကွင်းမှာ ဆန်းကြယ်လွန်းလှသဖြင့် ဧကရီနှစ်ပါးမှာ ခေတ္တမျှ ဆွံ့အသွားကြရသည်။

သူမတို့ အစောပိုင်းက မူလဝိညာဉ်စွမ်းအင် အနည်းငယ်ကို စုပ်ယူနိုင်ခဲ့၍ ဖြစ်ပေါ်နေသော ကျေနပ်မှုကလေးမှာလည်း ‘တစ်မိသားစုလုံး အတူတကွ နတ်ဘုရားဖြစ်ခြင်း’ ဟုပင် တင်စားရမည့် ဤမြင်ကွင်းရှေ့တွင် လုံးဝဥဿုံ ပျောက်ကွယ်သွားရတော့သည်။

“ဒါ... ဒါက ကောင်းကင်ဘုံရဲ့ နိယာမတွေကိုတောင် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေတာပဲဟ၊ ငါတို့ နားလည်ထားခဲ့သမျှတွေအားလုံး တစ်လွဲတွေဖြစ်ကုန်ပြီ...” ရှောင်လန်က ပိုမိုအစွမ်းထက်လာသော ဝံပုလွေအုပ်စုကို ကြည့်ကာ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။

ရှောင်ယင်း ကလည်း သူမ၏ ခရမ်းမျက်ဝန်းများထဲတွင် မနာလိုမှုနှင့် အားကျမှုများ ရောယှက်နေလျက် “ဒီကောင်တွေနဲ့ ယှဉ်ရင် ငါတို့ရဲ့ ပြန်လည်မွေးဖွားပြီး၊ ကျင့်ကြံဖို့ရာ အစပျိုးမှုကြီးက လုံးဝကို အရှုံးကြီး ရှုံးနေတာပဲ...” ဟု ညည်းတွားလိုက်မိသည်။

သို့သော် တိတ်ဆိတ်မှုမှာ ကြာရှည်မခံလိုက်ချေ။ နှင်းဝံပုလွေအုပ်စု၏ အောင်ပွဲခံဟိန်းဟောက်သံများက ငြိမ်သက်နေသော ညဉ့်နက်ပိုင်း လေထုကို ရိုက်ခတ်သွားပြီး တောအုပ်အတွင်းရှိ ၀ိညာဥ်စွမ်းအင်နိုးထစပြုနေသော အခြားသားရဲများအား နိုးဆော်လိုက်သကဲ့သို့ ဖြစ်သွားသည်။

“အားဝူး...”

“ဝေါင်းး...”

“ရွှီး...”

အရပ်မျက်နှာအနှံ့မှ အသံပေါင်းစုံထွက်ပေါ်လာပြီး အမှောင်ထဲတွင် ဝိညာဉ်သားရဲများ၏ မျက်လုံးများက ကြယ်တာရာများအလား လင်းလက်လာကြသည်။ လင်းထျန်းလုံ၏ ရေခဲပြာမျက်ဝန်းများက ရုတ်ချည်း ကျဉ်းမြောင်းသွားပြီး ကြွက်သားများ တင်းမာသွားလေသည်။

သူ၏ အာရုံထဲတွင် အန္တာရယ် အငွေ့အသက်ပေါင်းများစွာ တိုးဝင်လာနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ “မကောင်းတော့ဘူး၊ ငါတို့အုပ်စုရဲ့ အဆင့်တက်တဲ့ ဆူညံသံက မှောင်မိုက်တဲ့ညမှာ မီးပြတိုက်တစ်ခုလို ဖြစ်သွားပြီး သားရဲတွေကို ဆွဲဆောင်လိုက်မိသလို ဖြစ်သွားတယ်” သူက ချက်ချင်း သတိကပ်သွားခဲ့သည်။ သူကိုယ့်သူ မစိုးရိမ်ရသော်ငြား သစ်ပင်အိမ်ထဲက ကလေးငယ်နှစ်ဦးနှင့် အုပ်စုဝင်များ၏ ဘေးကင်းရေးကို စိုးရိမ်ရသေးသည်။

သစ်ပင်အိမ်အတွင်းတွင်လည်း ရှောင်လန်၏ မျက်နှာကလေးမှာ ဖြူလျော့သွားပြီး စိုးရိမ်တကြီး ပြောလိုက်လေသည်။ “အီးယား... (အပြင်မှာ ဝိညာဉ်သားရဲ အငွေ့အသက်တွေ အများကြီးပဲ၊ အနည်းဆုံး အကောင်တစ်ရာလောက် ရှိမယ် ထင်တယ်...)”

ရှောင်ယင်းကလည်း ပျာပျာသလဲဖြင့် “သွားပြီ... သွားပြီ၊ ငါတို့ ဒီတစ်ခါတော့ ပျားအုံကို တုတ်နဲ့ ထိုးမိပြီထင်တယ်၊ ဝံပုလွေဖေဖေ ဘယ်လောက်ပဲ တော်တော်... ဒီလောက်အများကြီးကို ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး၊ ငါတို့ ရွှေထုတ်ကြီးနဲ့ ခုမှတွေ့ကာစရှိသေးတယ်... လက်လွှတ်လိုက်ရတော့မှာလား...”

လရောင်အောက်တွင် လင်းထျန်းလုံသည် လေကို တစ်ဝကြီးရှူသွင်းလိုက်ပြီးနောက် သစ်ပင်အိမ်ထဲမှ ကြောက်လန့်နေသော ကလေးငယ်နှစ်ဦးကို ကြည့်ရင်း သူကိုယ့်သူ အားပေးကာ စိတ်ဓာတ်မြင့်တင်လိုက်လေသည်။

‘ငါ့ကလေးတွေကို ဘယ်သူ့ကမှ ခြောက်လန့်ခွင့် မပေးနိုင်ဘူး’ ဟူသော အတွေးက သူ၏ ရင်ထဲတွင် ဟုန်းခနဲ တောက်လောင်လာခဲ့သည်။

နောက်တစ်ခဏတွင် သူသည် နောက်ခြေထောက်များဖြင့် မြေကြီးပေါ်တွင် ခိုင်မာစွာ ထောက်လိုက်ပြီး သူ၏ ငွေရောင်ကိုယ်ထည်ကြီးဖြင့် မတ်တပ်ရပ်လိုက်လေသည်။ ထို့နောက် လေတစ်၀ကြီးရှူသွင်းကာ နှင်းဝံပုလွေဖိအားနှင့် မျိုးတူ ပဲ့တင်ထပ်သံ စွမ်းရည်တို့ကို အစွမ်းကုန် ထုတ်ဖော်လိုက်လေသည် ။ “အားဝူး... ဝူးးး...” စွမ်းအားကြီးလွန်းသော ထိုဟိန်းသံကြီးမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားတော့သည်။

ယခုတစ်‌ခေါက် ဟိန်းဟောက်သံသည် သူ၏ ထူးချွန်အဆင့် ၀ိညာဥ်စွမ်းအင်သာမက သူ့နောက်ရှိ ဝံပုလွေအုပ်စု တစ်စုလုံး၏ ဝိညာဉ်စွမ်းအင်များကိုပါ စုစည်းထုတ်လွှတ်လိုက်ခြင်းပဲဖြစ်သည်။

သစ်ပင်အိမ်ထဲမှ ဧကရီနှစ်ပါးမှာ ဤစွမ်းအင် လှိုင်းလုံးကြီးကို ခံစားမိလိုက်သည်နှင့် အတိတ်ဘဝ မှတ်ဉာဏ်များမှတစ်ဆင့် ထိုစွမ်းရည်ကို မှတ်မိသွားကြလေသည်။ “အီးယား... (ဒါက မျိုးတူ ပဲ့တင်ထပ်သံပဲ၊ ဝံပုလွေဖေဖေက ဒီစွမ်းရည်ကိုတောင် တတ်မြောက်ထားတာလား...)” ရှောင်လန်တစ်ယောက် အံဩတကြီး ရေရွတ်လိုက်မိသည်။ဘေးမှ ရှောင်ယင်းမှာလည်း မျက်လုံးများ တောက်ပနေလျက်“ဟုတ်တယ်... ဒါက မျိုးတူ ပဲ့တင်ထပ်သံပဲ၊ ဝံပုလွေမျိုးနွယ်စုတွေရဲ့ စစ်ပွဲဆိုင်ရာ အဓိကစွမ်းရည်လေ၊ ဒီစွမ်းရည်အကျိုးသက်ရောက်မှုက တကယ့်ကို အားကောင်းလွန်းတယ်...”

ဟိန်းသံ ပျံ့လွင့်သွားသည်နှင့် တစ်ပြိုင်နက် တောအုပ်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ စောစောက ဆူညံနေသော သားရဲများ၏ အသံများမှာ ရုတ်ချည်းရပ်တန့်သွားပြီး အမှောင်ထဲမှ လင်းလက်နေ‌သော မျက်လုံးများမှာလည်း ကြောက်လန့်တကြား ဆုတ်ခွာသွားကြတော့သည်။ လင်းထျန်းလုံသည် သူ၏ စွမ်းအင်များကို ပြန်လည် ထိန်းချုပ်လိုက်ပြီး သစ်ပင်အိမ်ဘက်သို့ နူးညံ့ညှင်သာမှု အပြည့်ပါသော အကြည့်မျိုးဖြင့် လှည့်ကြည့်လိုက်ရင်း ‘ဒီပင်ကိုစွမ်းရည်အသစ်ရဲ့ အာနိသင်က ငါထင်ထားတာထက်တောင် ပိုပြီးအားကောင်းနေပါလား’ သူသည် အသစ်ရရှိထားသော ပင်ကိုစွမ်းရည်အသစ်အပေါ် စိတ်ထဲမှ ကျေနပ်စွာ မှတ်ချက်ပေးလိုက်လေသည်။

“အီးယား... (ဝံပုလွေဖေဖေ သုံးသွားတဲ့ ‘မျိုးတူ ပဲ့တင်ထပ်သံ’က ငါတို့ အတိတ်ဘဝမှာတုန်းင တွေ့ခဲ့တဲ့ ဝံပုလွေဘုရင်တွေထက်တောင် ပိုပြီး လေးနက်နေသလိုပဲ၊ ဒါက စွမ်းအင်ချင်း ဆက်သွယ်တာတင် မဟုတ်တော့ဘဲ စိတ်ဆန္ဒချင်းပါ တစ်သားတည်း ဖြစ်သွားတာမျိုး...)” ရှောင်လန်မှာ လင်ထျန်းလုံအသုံးပြုသွားသည့် မျိုးတူ ပဲ့တင်ထပ်သံကို လေ့လာအကဲဖြတ်နေခဲ့သည်။ ရှောင်ယင်း ကလည်း စိတ်လှုပ်ရှားစွာဖြင့် “ဟုတ်တယ်... ဟုတ်တယ်၊ ဝံပုလွေဖေဖေရဲ့ ပါရမီက ကြောက်စရာကြီးပဲ၊ သာမန်အဆင့်ပဲရှိတဲ့ စွမ်းရည်တစ်ခုကယတောင် သူ့လက်ထဲရောက်ရင် အဆင့်မြင့် စွမ်းရည်တစ်ခုလို ဖြစ်သွားတယ်၊ ငါတို့ ဒီတစ်ခါတော့ တကယ့်ကို အားကိုးရမဲ့ ပေါင်လုံးကြီးကို ဖက်ထားမိပြီထင်တယ်...” ဟု အားပါးတရ ပြောနေလေသည်။

သို့သော် ထိုအခြေအနေမှာ ခဏတာသာဖြစ်သည်။ တောအုပ်အတွင်းပိုင်းထဲမှ အစောပိုင်းက အကောင်များထက် ပိုမိုအစွမ်းထက်ပြီး ရန်လိုသော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။ “ဝေါင်းး...” ထိုဟိန်းသံက လင်းထျန်းလုံ ၏ ဟိန်းသံကို ပြန်လည်စိန်ခေါ်လိုက်ခြင်းပင်။

ထိုအသံကြောင့် ရှောင်လန်၏ မျက်နှာကလေး ပြန်လည်တင်းမာသွားပြီး “အီးယား... (သေရမှာကို မကြောက်တဲ့ကောင်မျိုး ရှိနေသေးတာလား၊ ဒီ… ဒီအသံက...)

ရှောင်ယင်းကလည်း ချက်ချင်းပင် သတိပြန်ကပ်သွားပြီး အသံတိုးတိုးဖြင့် “အသံက အတော်ဝေးဝေးကဆိုပေမယ့် အားတော်တော်ကောင်းတယ်လို့ ငါခံစားရနေတယ်၊ ဒါက ကြောင်မျိုးနွယ်၀င် သားရဲကြီး တစ်ကောင်ပဲ ဖြစ်ရမယ်၊ အစွမ်းကလည်း မသေးလောက်ဘူး...”

အမှောင်ထဲမှ မြစိမ်းရောင် မျက်လုံးတစ်စုံ ပေါ်ထွက်လာပြီး လေးမီတာကျော် ရှည်လျားသော အရှေ့မြောက်ပိုင်းကျားကြီးတစ်ကောင် လမ်းလျှောက်ထွက်လာသည် ။ သူ၏ နဖူးပေါ်ရှိ ‘ဘုရင်’ ဟူသော အမှတ်အသားကလည်း သဘာဝအရှိန်အဝါများဖြင့် ပြည့်နက်နေခဲ့သည်။

၎င်းသည် လင်းထျန်းလုံ ၏ ဟိန်းသံကြောင့် ကြောက်လန့်မသွားဘဲ တိုက်ခိုက်လိုစိတ်များ ပို၍ပင်ပြင်းထန်လာခဲ့ခြင်းပဲ ဖြစ်သည် ။

“အီးယား... (ဒါက အရှေ့မြောက်ပိုင်းကျားပဲ၊ ထူးချွန်အဆင့် မှာ ရှိနေရုံတင် မကဘူး... အနက်ရောင် ဝံပုလွေဘုရင်ထက် ပိုအစွမ်းထက်တယ်...)” ရှောင်လန်က ထွက်ပေါ်လာသည့် သားရဲကြီးကိုကြည့်ကာ ခန့်မှန်းလိုက်သည်။

လင်းထျန်းလုံ၏ မျက်လုံးများမှာလည်း တည်ကြည်လေးနက်သွားပြီး ဤကျားကြီးမှာ ယခုအထိ သူရင်ဆိုင်ခဲ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံး ပြိုင်ဘက်ဖြစ်ကြောင်း နားလည်လိုက်သည်။

သူသည် တိုက်ခိုက်ဟန်ပြင်လိုက်ပြီး ဝံပုလွေအုပ်စုကိုလည်း သစ်ပင်အိမ်အား ကာကွယ်ရန် စိတ်ချင်း ဆက်သွယ်ကာ အမိန့်ပေးလိုက်လေသည်။

သစ်ပင်အိမ်အတွင်းရှိလေထုမှာ ရေခဲကဲ့သို့အေးစက်သွားပြီး “အီး... (ဝံပုလွေဖေဖေ နိုင်ပါ့မလား...)” ရှောင်လန် တိုးတိုးကလေး ရေရွတ်လိုက်မိသည်။

ရှောင်ယင်းကလည်း ရှောင်လန်၏အမေးကို စိုးရိမ်တကြီး ပြန်ဖြေလိုက်သည်။ “ပြောရခက်တယ်... ဒီကောင်ကြီးက တကယ့်ကို အန္တရာယ်များတဲ့ အငွေ့အသက်တွေ ပေးနေတာပဲ...”

သူတို့၏ ကောင်းမွန်လှသော နေ့ရက်များမှာ ဤစိန်ခေါ်မှုကြီးကြောင့် ပြန်လည်တုန်လှုပ်စပြုလာလေတော့သည်။

All Chapters