← Chapters

မျှော်လင့်ချက်မဲ့ခြင်း အခြေအနေကြားမှ အလှည့်အပြောင်း

Vol. 2 Ch. 14

မျှော်လင့်ချက်မဲ့ခြင်း အခြေအနေကြားမှ အလှည့်အပြောင်း

Vol. 2 Ch. 14

အောင်ပွဲခံနေသော နှင်းဝံပုလွေများ၏ နယ်မြေအတွင်းသို့ ရိုင်းစိုင်းမောက်မာလွန်းသော ကျားဟိန်းသံကြီးသည် အလွန်လေးလံသော တူကြီးတစ်လက်ဖြင့် ရိုက်ချလိုက်သကဲ့သို့ တိုး၀င်လာခဲ့သည်။

အရှေ့မြောက်ပိုင်းကျားကြီးသည် သာမန်ထက် အဆပေါင်းများ‌စွာ ကြီးမားနေသောကိုယ်ထည် နှင့် ကျောက်တုံးကဲ့သို့ ခိုင်မာတောင့်တင်းသော ကြွက်သားများရှိလေသည်။

ဟိန်းသံအဆုံးတွင် ထိုကျားကြီးမှာ အမှောင်ထဲမှ ခန့်ညားစွာ လမ်းလျှောက်ထွက်ပေါ်လာခဲ့သည်။ ရွှေ၀ါရောင်နှင့် အနက်ရောင် ရောယှက်နေသော သူ၏အမွေးအမျှင်များမှာ လရောင်အောက်၀ယ် သတ္တုများကဲ့သို့ ဝင်းလက်နေပြီး ပယင်းရောင် မျက်ဝန်းများမှာလည်း လင်းထျန်းလုံအား သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် စိုက်ကြည့်နေလေသည်။

သစ်ပင်အိမ်အတွင်းရှိ ရှောင်လန် နှင့် ရှောင်ယင်းတို့၏ မျက်နှာလေးများမှာလည်း ချက်ချင်း တင်းမာသွားကြသည်။

“အီးယား... (ဒီသတ်ဖြတ်ခြင်း အငွေ့အသက်က တကယ့်ကို ပြင်းထန်လွန်းတယ်...)” ရှောင်လန်က တုန်တုန်ရီရီဖြင့် ပြောလိုက်လေသည်။

“အဲ့ကောင်ကြီးရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ စွမ်းအင်အတက်အကျကို ကြည့်သလောက်... ဒါက အနက်ရောင် ဝံပုလွေဘုရင်နဲ့ ယှဉ်လို့ရတဲ့ အဆင့်မျိုးမဟုတ်တော့ဘူး၊ ထူးချွန်အဆင့် အထွတ်အထိပ်ကို ရောက်နေတာပဲ...”

“ဟုတ်တယ်... ငါတို့တော့ ပြဿနာအကြီးကြီး တက်ပြီထင်တယ်...” ရှောင်ယင်းကလည်း ခရမ်းမျက်ဝန်းများထဲတွင် စိုးရိမ်ရိပ်များအပြည့်ဖြင့် ထောက်ခံလိုက်လေသည်။

“ဒီသားရဲရဲ့ ပါရမီက တစ်ကယ်ကောင်းလွန်းတယ်၊ သူ့ရဲ့ ခွန်အားက တခြား အဆင့်တူ သားရဲတွေထက် အဆပေါင်းများစွာ သာနေလိမ့်မယ်၊ ဝံပုလွေဖေဖေက မြန်ပေမယ့် ထိပ်တိုက်ရင်ဆိုင်ရင်တော့ သေချာပေါက် အရှုံးပေးရမှာပဲ...”

လင်းထျန်းလုံ၏ ရေခဲပြာမျက်ဝန်းများမှာ ယခင်ကထက် ပိုမိုတည်ကြည်နေခဲ့သည်။ စနစ်၏ အသိပေးချက်အရ ရန်သူသည် အဆင့် ၁၈ မှာ ရှိနေပြီး ခွန်အား မြှင့်တင်ခြင်း (အဖြူ) နှင့် မြေကမ္ဘာတုန်ဟီး လက်သည်းရိုက်ချက် (အဖြူ) တို့ကို ပိုင်ဆိုင်ထားသည်။

၎င်းသည် လင်ထျန်းလုံ တိုက်ခိုက်ဖူးသမျှထဲတွင် အခက်ဆုံး ရန်သူပဲဖြစ်လေသည်။

‘ငါ သူ့ကို ထိပ်တိုက်ရင်ဆိုင်လို့မဖြစ်ဘူး၊ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ပြီးတော့ပဲ အားနည်းချက်ရှာရမယ်... အဓိကကတော့ သစ်ပင်အိမ်ကို ကာကွယ်ဖို့ပဲ’ သူက ချက်ချင်း ဗျူဟာချလိုက်ပြီး ဝံပုလွေအုပ်စုကို ကာကွယ်ရေး တင်းကြပ်ရန် အချက်ပြလိုက်လေသည်။

တိုက်ပွဲ စတင်လေပြီ၊

အရှေ့မြောက်ကျားကြီးသည် ဧရာမ ကိုယ်ထည်ကြီးရှိသော်လည်း မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်နေခဲ့ကာ လင်းထျန်းလုံ ထံသို့ ချက်ချင်း ခုန်အုပ်လိုက်လေသည်။ သူ၏ ထက်ရှသော လက်သည်းများက လေထုကိုခွင်းကာ တိုး၀င်လာတော့သည်။

လင်းထျန်းလုံသည် 【အရှိန် မြှင့်တင်ခြင်း (အပြာ)】ကို အသုံးပြုကာ ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ဓားလက်သည်းဖြင့် တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

သို့သော် ကျားကြီး၏ တိုက်ပွဲဝင်ဗီဇမှာ အလွန်အားကောင်းပြီး သူ၏ ထူထဲသော အမွေးအမှင်များနှင့် ကျွမ်းကျင်သော ခုခံမှုများကြောင့် ဒဏ်ရာ ကြီးကြီးမားမား မရရှိခဲ့ပေ။

“အီးယား... (ဝံပုလွေဖေဖေက သူ့ကို လှည့်ပတ်တိုက်နေပေမယ့် သိပ်အသုံးမ၀င်သလို ဖြစ်နေတယ်...)” ရှောင်လန် က ရင်တထိတ်ထိတ်ဖြင့် ကြည့်ရင်း ဆိုလိုက်သည်။

“ဒီကျားမိစ္ဆာရဲ့ ခုခံကာကွယ်နိုင်စွမ်းက အရမ်းအားကောင်းလွန်းတယ်၊ သာမန် လက်သည်းရိုက်ချက်တွေက သူ့ကို ဘာမှလုပ်နိုင်မှာမဟုန်ဘူး...”

“အင်း... သူက ဉာဏ်လည်းအရမ်းကောင်းတယ်၊ ဝံပုလွေဖေဖေ ပတ်ပြေးမရအောင် ချောင်ပိတ်ဖို့ ကြိုးစားနေတာ...” ရှောင်ယင်းကလည်း တိုက်ပွဲ၏ အခြေအနေကို သုံးသပ်ပြနေသည်။

အပြန်အလှန် တိုက်ခိုက်နေကြသည်မှာ အချိန် အတော်အတန် ကြာလာခဲ့ပြီးနောက် အရှေ့မြောက်ကျားကြီးသည် လင်းထျန်းလုံ ၏ လျင်မြန်သော အရှိန်ကြောင့် စိတ်တိုလာကာ 【 ခြောက်လှန့်ခြင်း ကျားဟိန်းသံ (အဖြူ)】ပင်ကိုစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။

ကြောက်မက်ဖွယ် အသံလှိုင်းများကြောင့် အနားရှိ ဝံပုလွေအချို့မှာ ကြောက်လန့်တကြားဖြစ်ကာ ခြေလက်များ တုန်ရီလာပြီး ကာကွယ်ရေးပုံစံမှာ ပျက်ပြားသွားတော့သည်။

လင်းထျန်းလုံ၏ နားထဲတွင်လည်း တဝီဝီ မြည်သွားပြီး သူ၏ လှုပ်ရှားမှုများ ခဏတာ နှေးကွေးသွားလေသည်။ ထိုအခိုက်အတန့်အား ကျားကြီးက အခွင့်ကောင်းယူကာ သူ၏ ဧရာမလက်ဖဝါးကြီးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

လင်းထျန်းလုံသည် အသည်းအသန် ခုခံလိုက်သော်လည်း မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားသော ခွန်အားကြောင့် သူ၏ ရှေ့ခြေနှစ်ဖက်လုံး ထုံကျင်သွားပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။

ထိုရိုက်ချက်ကြောင့် ပခုံးပေါ်ရှိ ဒဏ်ရာဟောင်းမှာလည်း ပြန်ပွင့်ထွက်သွားကာ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

“အီးယား... (မကောင်းတော့ဘူး...)” ရှောင်လန်က အထိန့်တလန့် အော်လိုက်မိသည်။

ရှောင်ယင်းကလည်း တိုက်ပွဲကိုကြည့်ရင်း ချွေးစေးများ ထွက်လာခဲ့သည်။ “ခွန်အားချင်းက အရမ်းကွာနေတယ်..”

ကျားကြီးသည် အခွင့်အရေးကို လက်လွှတ်မခံဘဲ ပိုမိုပြင်းထန်စွာ တိုက်စစ်ဆင်လာခဲ့သည်။ လင်းထျန်းလုံသည် ရှောင်တိမ်းရင်းသာ အချိန်ကုန်နေရပြီး သူ၏ စွမ်းအင်များမှာလည်း အလွန်အမင်း ကုန်ခမ်းလာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူ၏ခုခံကာကွယ်နိုင်စွမ်းမှာ အားနည်းလာခဲ့သည်။

ကျားကြီးသည် လင်းထျန်းလုံအား တိုက်ခိုက်တော့မည့် ဟန်ပြင်နေရင်းမှ ရုတ်တရက် လမ်းကြောင်းပြောင်းကာ သူ့နောက်ရှိ သစ်ပင်အိမ်ဆီသို့ ဦးတည်ကာ ခုန်အုပ်လိုက်လေသည်။

“အစကတည်းကပစ်မှတ်က ငါမဟုတ်ဘူးပဲ...” လင်းထျန်းလုံမှာ ကျားကြီးအကြံကို သိလိုက်သော်လည်း နောက်ကျနေချေပြီ။ “အီးယား... (သူ အိမ်ဘက်ကို လာနေပြီ...)” ရှောင်လန် နှင့် ရှောင်ယင်း တို့မှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်တကြားဖြစ်ကာ အသက်ရှူပင် မှားသွားကြလေသည်။

ဝံပုလွေအုပ်စုမှာ တားဆီးရန် ကြိုးစားသော်လည်း ကျားကြီး၏ အားကုန်ပြေး၀င်လာသော အရှိန်အောက်တွင် ဘယ်သူမှမတားလိုက်နိုင်ပဲ လွင့်ထွက်သွားကြသည်။

ဧရာမ ကျားလက်သည်းကြီးက သစ်ပင်အိမ်နှင့် ကလေးငယ်နှစ်ဦးကို အပိုင်းပိုင်း ချေမှုန်းတော့မည့် အခိုက်အတန့်တွင်…

“အဲ့လိုဖြစ်လို့မရဘူး၊ လုံးဝ မဖြစ်စေရဘူး…” အတွေးတစ်ခုတည်းက လင်းထျန်းလုံ၏ ရင်ထဲတွင် တောက်လောင်လာခဲ့လေသည်။

သူသည် ပခုံးမှ နာကျင်မှုကို လျစ်လျူရှုကာ ငွေရောင် လျှပ်စီးတန်းတစ်ခုအလား ကျားကြီး၏ ကိုယ်ထည်ကို နောက်ဘက်မှ အစွမ်းကုန် ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။

“ဘုန်း...”

ကျောက်တောင်ကြီးနှစ်ခု တိုက်မိသကဲ့သို့ အသံကြီးတစ်သံထွက်ပေါ်လာခဲ့သည်။ လင်းထျန်းလုံသည် သံမဏိနံရံကြီးတစ်ခုကို တိုက်မိသကဲ့သို့ ခံစားလိုက်ရပြီး ပါးစပ်ထဲတွင်လည်း သွေးများ ပြည့်လျှံသွားလေသည်။

သို့သော် သူ၏ အသက်စွန့် တိုက်ခိုက်မှုကြောင့် ကျားကြီးမှာ လမ်းကြောင်းလွဲချော်သွားပြီး သစ်ပင်အိမ်ကို မထိဘဲ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည် ။

သစ်ပင်အိမ်အတွင်းရှိ ရှောင်လန် နှင့် ရှောင်ယင်းတို့မှာ တုန်လှုပ်ချောက်ချားနေကြဆဲ‌ဖြစ်သည်။

လက်ရှိအခြေအနေမှာ သေမင်းနှင့် လက်တစ်လုံးအကွာမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ကျားကြီးသည် ပစ်မှတ်လွဲသွားသဖြင့် အမျက်ဒေါသ ချောင်းချောင်းထွက်ကာ ဟန်ချက်ပျက်နေသော လင်းထျန်းလုံကို လှည့်၍ ကိုက်ခဲလိုက်သည် ။ လင်းထျန်းလုံက အတတ်နိုင်ဆုံး ရှောင်လိုက်သော်လည်း တစ်စက္ကန့်မျှ နောက်ကျသွားလေသည်။ ဓားမြှောင်ကဲ့သို့ ထက်ရှလွန်းသော ကျားစွယ်ကြီးများက သူ၏ ရှေ့ခြေတစ်ဖက်ကို အရိုးထိအောင် နက်ရှိုင်းစွာ ဒဏ်ရာရစေခဲ့ပြီး သွေးများ နှင်းပြင်ပေါ်တွင် ရဲရဲနီသွားခဲ့သည်။

“အာဝူး...” လင်းထျန်းလုံသည် နာကျင်စွာ ညည်းတွားလိုက်ပြီး ကိုယ်ဟန်ပျက်ကာ အနောက်သို့ ဆုတ်လိုက်ရပြီး သူ၏အရှိန်အဝါမှာလည်း ထပ်မံကျဆင်းလာခဲ့သည်။

“အီးယား... (ဝံပုလွေဖေဖေ...)” ရှောင်လန် နှင့် ရှောင်ယင်းတို့မှာ လင်ထျန်းလုံ ဒဏ်ရာအကြီးအကျယ် ရသွားသည်ကိုမြင်ပြ ရင်ကွဲမတတ် အော်ဟစ်လိုက်ကြသည်။

သူသည် သူတို့ကို ကယ်တင်ရန်အတွက်ကြောင့်သာ ဤမျှ ပြင်းထန်သော ဒဏ်ရာကို ရရှိခဲ့ခြင်းပဲဖြစ်သည် ။

ကျားကြီးသည် သွေးနံ့ရလိုက်သည်နှင့် သူ၏ မျက်ဝန်းများထဲတွင် သွေးဆာမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ သူသည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဟု ထင်ရသော လင်းထျန်းလုံထံသို့ တစ်လှမ်းချင်း တိုးကပ်လာနေသည်။

အောင်ပွဲမှာ သူနှင့် လက်တစ်ကမ်းအလိုတွင် ရှိနေပြီဟုလည်း ထင်မှတ်ထားခဲ့သည်။

သို့သော် သစ်ပင်အိမ်ထဲမှ ဧကရီနှစ်ပါးမှာမူ ထိတ်လန့်နေရမည့်အစား ထိုမယိုင်မလဲ တည်တံ့နေသော ငွေရောင်ကျောပြင်ကြီးကို ကြည့်ရင်း မျှော်လင့်ချက်အသစ်များ အစားထိုး၀င်ရောက်လာခဲ့သည်။

“အီးယား... (သူလဲကျသွားမှာမဟုတ်ဘူး...)” ရှောင်လန်မှာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်‌သည်။ “သူက ဒီလို သစ်ပင်အိမ်မျိုးကို ဆောက်နိုင်တယ်၊ ဆေးရည်တွေလည်း ဖော်စပ်နိုင်တယ်၊ လောကနိယာမတွေကိုတောင် ကျော်လွန်ပြီး တစ်အုပ်စုလုံးကို အဆင့်တက်စေနိုင်ခဲ့တယ်... သေချာတယ် သူ.. သူဒီတစ်ခါလည်း အံ့ဖွယ်တစ်ခု ဖန်တီးဦးမှာပဲ...”

“ဟုတ်တယ်... ဝံပုလွေ ဖေဖေကို သာမန်အတိုင်း တိုင်းတာလို့ မရဘူး၊ ဒီလို အကျပ်အတည်းတွေက သူ့အတွက် စွမ်းရည်တွေပိုပြီး ပေါက်ကွဲထွက်လာမယ့် အခွင့်အရေး...” ရှောင်ယင်းကလည်း ထောက်ခံလိုက်လေသည်။

သူတို့၏ ယုံကြည်မှုများက လင်းထျန်းလုံ ထံသို့ ရောက်ရှိသွားသကဲ့သို့ပင်... ကျားကြီးမှ နောက်ဆုံးတိုက်ကွက်ကို ထုတ်ဖော်တော့မည့် အချိန်တွင် အခြေအနေများမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

စောစောက ကျားကြီးကြောင့် လွင့်ထွက်သွားခဲ့သော ဝံပုလွေတစ်ကောင်... လင်းထျန်းလုံ ဆေးရည်ဖြင့် အသက်ကယ်ထားခဲ့ဖူးသော ဝံပုလွေသည် သူ၏ ခေါင်းကို အားယူကာ မော့လိုက်လေသည်။

သူတို့ကို ကာကွယ်ပေးရင်း သွေးအလိမ်းလိမ်း ဖြစ်နေသော ဘုရင်ကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းလာလေသည်။ သူ၏ ကိုယ်ထဲတွင် ကျန်ရှိနေသော ဆေးစွမ်းများ၊ မူလဝိညာဉ်စွမ်းအင်များနှင့် မျိုးတူ ပဲ့တင်ထပ်သံ မှတစ်ဆင့် ရရှိလာသော ဝံပုလွေဘုရင်၏ စိတ်ဆန္ဒတို့က တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာခဲ့သည်။

သူသည် ကိုယ်ပိုင် ကန့်သတ်ချက်များကို ကျော်လွန်ကာ ညအမှောင်ထုကို ခွင်း၍ ဟိန်းဟောက်လိုက်လေတော့သည်။

“အာဝူး...”

ထိုဟိန်းသံသည် သာမန် ဝံပုလွေတစ်ကောင်၏ ဟိန်းသံမျိုးမဟုတ်တော့ဘဲ အသံလှိုင်းများကြားတွင် အရိုးထဲထိ အေးစိမ့်သွားစေမည့် ရေခဲအငွေ့အသက်များ ပါဝင်လာခဲ့လေသည်။

All Chapters