လင်ထျန်းလုံ၏ အနာဂတ်စီမံကိန်း
Vol. 2 Ch. 16
အရှေ့မြောက်ပိုင်းကျားကြီး၏ မကျေမနပ် ဟိန်းဟောက်သံကြီးသည် တောနက်ထဲသို့ တဖြည်းဖြည်း တိုး၀င်ပျောက်ကွယ်သွားပြီး ထူးချွန်အဆင့်အထွတ်အထိပ် သားရဲတစ်ကောင်၏ ဖိအားများမှာလည်း ဒီရေကဲ့သို့ ပြန်လည် ကျဆင်းသွားခဲ့သည်။
လရောင်မှာ အေးစက်စပြုနေဆဲဖြစ်နေပြီဖြစ်သော်လည်း စစ်တလင်း၏ ကြေကွဲဖွယ်ရာ မြင်ကွင်းကိုတော့ ဆေးကြောပေးနိုင်စွမ်း မရှိခဲ့ပါ။
သိုးခြံ၏ ခြံစည်းရိုးများက အင်အားသုံးဖျက်စီးခံထားရသဖြင့် ပျက်စီးယိုင်နဲ့နေပြီး နှင်းလွင်ပြင်ပေါ်တွင် ခဲနေသော သွေးကွက်များက မြင်သူတိုင်းကို ထိတ်လန့်စေနိုင်သည်။
ရေခဲဂူထဲသို့ အချိန်မီ မပြေးနိုင်ခဲ့သော နှင်းသိုးအချို့၏ အလောင်းများသည် ထိုတိုတောင်းလှသောတိုက်ပွဲ၏ ပေးဆပ်မှုကို သက်သေထူနေဟန်ပင်။ ၎င်းသည် သူတို့၏ စားနပ်ရိက္ခာ စုဆောင်းမှုအတွက် ပထမဦးဆုံးသော အရင်းအနှီးဖြစ်သလို အကြီးမားဆုံး ထိုးနှက်ချက်ကြီးပင် ဖြစ်သည်။
သစ်ပင်အိမ်အတွင်း၌ ရှောင်လန် နှင့် ရှောင်ယင်းတို့သည် တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။ အစောပိုင်းက တင်းမာနေသော သူတို့၏ ကိုယ်ခန္ဓာလေးများမှာ ဘေးကင်းသွားပြီဟူသော အသိစိတ်ကြောင့် ပျော့ခွေသွားရတော့သည်။
အရှေ့မြောက်ပိုင်းကျားကြီး သစ်ပင်အိမ်ဘက်သို့ ခုန်၀င်လာစဉ်တုန်းက သေမင်း၏ အရိပ်အယောင်ကို သူတို့ တကယ် ခံစားလိုက်ရခြင်းပဲ ဖြစ်သည် ။
"အီး... (နောက်ဆုံးတော့ အသက်ဘေးက လွတ်ခဲ့ပြီကွ...)" ရှောင်ယင်း၏ ခရမ်းမျက်ဝန်းထဲတွင် တုန်လှုပ်မှုများ မပြယ်သေးပေ။ သူမ၏ လက်ကလေးများကလည်း အောက်ရှိ သားရဲသားရေကို မသိစိတ်မှ အလိုအလျောက် ဆုပ်ကိုင်မိထားလေသည်။ မိစ္ဆာဘုရင်မကြီးတစ်ပါး၏ ဝိညာဉ်ဖြင့် ပြန်လည်မွေးဖွားလာသော်လည်း ယခုကဲ့သို့ အကူအညီမဲ့သော ကလေးဘဝတွင် ထိုကဲ့သို့ သားရဲကြီးကို ရင်ဆိုင်ရခြင်းမှာ သဘာ၀အတိုင်း ကြောက်လန့်စေလေသည်။
ရှောင်လန်မှာ ဘာမှမပြောသော်လည်း သူမ၏ တုန်ရီနေသော မျက်တောင်များနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းများက ရင်ထဲမှ စိတ်လှုပ်ရှားနေမှုကို ဖော်ပြနေသည်။
သို့ဪ သူမက တည်ငြိမ်စွာ ဆန်းစစ်အကဲဖြတ်လိုက်သေးသည်။ "ထူးချွန်အဆင့်ရဲ့ အထွတ်အထိပ်... မဟုတ်သေးဘူး ပါရမီရှင်အဆင့်ရဲ့ စဦးပိုင်းကိုတောင် ထိတွေ့နေတဲ့ကောင်ပဲ..."
တစ်ဆက်တည်းမှာပင် အကျပ်အတည်းများကြားမှ ဝံပုလွေအုပ်စု၏ ကြံ့ခိုင်မှုကိုလည်း သူမတို့ အံ့အားသင့်မိလေသည်။ "တကယ်လို့ မျိုးတူ ပဲ့တင်ထပ်သံနဲ့ အဲဒီ ရေခဲစွမ်းအင် နိုးထလာတဲ့ ဝံပုလွေသာ မရှိရင်... ဒီနေ့ ဒီအုပ်စုတစ်ခုလုံး မျိုးတုံးသွားနိုင်တယ်..."
စခန်းအတွင်း၌ လင်းထျန်းလုံသည် ကျားကြီး ထွက်သွားကြောင်း သေချာအတည်ပြုပြီးနောက် လဲကြသွားတော့သည်။ ဒဏ်ရာဟောင်းအပြင် ဒဏ်ရာအသစ်တို့ ထပ်တိုးလာသော ပခုံးနှင့် ခြေထောက်မှ နာကျင်မှုက သူ့ကို ညည်းတွားမိစေသည်။
သို့သော် သူချက်ချင်း အနားမယူသေးဘဲ ရေခဲပြာမျက်ဝန်းများဖြင့် အုပ်စုတစ်ခုလုံးကို အသေအချာ စစ်ဆေးလိုက်သည်။
ဝံပုလွေအများစုမှာ ဒဏ်ရာရထားကြပြီး အသက်ရှူသံများ ပြင်းထန်နေကြသော်လည်း သူတို့၏ မျက်ဝန်းများမှာမူ ရှုပ်ထွေးနေကြသည်။
အသက်ရှင်ခဲ့သည့်အတွက် ဝမ်းမြောက်မှု၊ ဆုံးရှုံးခဲ့ရသည့်အရာတွေအတွက် ဝမ်းနည်းမှုနှင့် မိမိတို့ ဘုရင်အတွက် စိုးရိမ်မှုများ ရောယှက်နေသည်။
သူတို့သည် လင်းထျန်းလုံအနားသို့ တိုးကပ်လာကာ သူ၏ သွေးစွန်းနေသော အမွေးများကို သူတို့၏ ခေါင်းများဖြင့် နူးညံ့စွာပွတ်သပ်၍ နှစ်သိမ့်ပေးနေကြသည်။
နောက်ဆုံးတွင် လင်းထျန်းလုံ၏အကြည့်က အေးခဲဟိန်းသံကို နိုးထခဲ့သော ဝံပုလွေထံသို့ ရောက်ရှိသွားခဲ့သည်။
ထိုဝံပုလွေမှာ ဒဏ်ရာအပြင်းအထန်ရထားသော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ သန္နိဋ္ဌာန်ပြတ်ပြတ်သားသားချထားသည့် အရိပ်အယောင်များ ရှိနေဆဲ ဖြစ်သည်။
'သူအသက်ဆက်ရှင်ရမယ်၊ သူ့ရဲ့ သစ္စာရှိမှုနဲ့ သတ္တိအတွက် ထိုက်တန်တဲ့ နာမည်တစ်ခု ပေးရအုံးမယ်' ဟု လင်းထျန်းလုံက တွေးလိုက်မိသည်။ သို့သော် ယခုအချိန်မှာ အခမ်းအနား ကျင်းပရမည့် အချိန်မဟုတ်သေးဘဲ အကျပ်အတည်းကို ဖြေရှင်းရမည့် အချိန်ဖြစ်သည်။
သူသည် နာကျင်မှုကို အံတုကာ ဆုံးရှုံးမှုများကို စာရင်းပြုစုလိုက်သည်။
“သိုးတွေက လေးကောင်သေပြီး နှစ်ကောင်ဒဏ်ရာရထားထားတယ်၊ စုဆောင်းမှုရဲ့ ထက်၀က်ကျော်လောက်ကို ဆုံးရှုံးလိုက်ရတာပဲ”
“ဝံပုလွေတွေက နှစ်ကောင်သေ၊ တစ်ကောင်အပြင်းအထန် ဒဏ်ရာရသွားတယ်၊ ခုနှစ်ကောင်လောက်က ဒဏ်ရာအသေးအမွှားလေးတွေ ရထားကြသေးတယ်၊ ဒါ ငါတို့အုပ်စုရဲ့ တိုက်ခိုက်နိုင်စွမ်း (၃၀) ရာခိုင်နှုန်းလောက် ကြဆင်းသွားတာပဲ”
“သစ်ပင်အိမ် နည်းနည်းထိခိုက်မိထားသလို သိုးခြံလည်းပျက်စီးသွားတယ်” လင်းထျန်းတစ်ယောက် အပျက်အစီး အဆုံးအရှုံးများကို ရေတွက်နေပေမဲ့ သူ၏အခြေအနေမှာလည်း ကောင်းလှသည်တော့မဟုတ်ပေ။
ရှေ့ခြေထောက်မှ ဒဏ်ရာဟာ အရိုးကိုပါမြင်နေရတဲ့အထိ ဟပ်တက်ကွဲနေပြီး၊ ဒဏ်ရာအဟောင်းများပြန်ပွင့်နေကာ သွေးထွက်လွန်ထားသဖြင့် မူးဝေနေလေသည်။
“အခုထက် ပိုအင်အားကြီးလာဖို့ လိုသေးတယ်” လင်းထျန်းလုံမှာ စိုးရိမ်တကြီး တွေးလိုက်မိသည်။
တိုက်ပွဲသံများနှင့် ဝံပုလွေအုပ်စု၏ အဆင့်တက်လှမ်းသည့် အလင်းတန်းများက တိတ်ဆိတ်နေသော တောအုပ်ထဲတွင် အချက်ပြမီးများ ထွန်းလိုက်သကဲ့သို့ ဖြစ်သွားပြီး သားကောင်ရှာနေသော အခြားသားရဲများအား ဆွဲဆောင်မိသွားမည်မှာ သေချာသလောက်ပင်။
"အာဝူး..." သူသည် ဟိန်းသံတစ်ချက်ဖြင့် အမိန့်ပေးလိုက်လေသည်။
ထိုဟိန်းသံကိုကြားသည်နှင့် ဝံပုလွေအုပ်စုက ချက်ချင်းလှုပ်ရှားလာကြသည်။ ဒဏ်ရာရသူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေကြပြီး အချို့က ကင်းလှည့်ရန် ပြင်ဆင်နေကြသည်။
လင်းထျန်းလုံသည် သူ၏ ဒဏ်ရာရထားသော ခန္ဓာကိုယ်ကြီးကို တရွတ်ဆွဲကာ ပျက်စီးသွားသော ခြံစည်းရိုးများကို စစ်ဆေးနေသည်။ အစားထိုး ပြုပြင်ရုံနဲ့ မရတော့ဘူး၊ ပိုမိုခိုင်ခံ့ပြီး ပိုမိုမြင့်မားတဲ့ အတားအဆီးတွေ လိုအပ်တယ်' ဟု သူက စဉ်းစားလိုက်မိသည်။
သူအတိတ်ဘဝတုန်းက ဇာတ်ကားများထဲတွင် မြင်ဖူးခဲ့သော ရှေးဟောင်းခံတပ် နံရံများကို ပြန်လည် အမှတ်ရလိုက်သည်။
သစ်သားတိုင်များကို ထောင်ထားရုံမဟုတ်ဘဲ သေချာသတ်မှတ်ထားသော ထောင့်ချိုးများအတိုင်း ပေါင်းစပ်ကာ သားရဲကြီးများ အလွယ်တကူမကျော်ဖြတ်နိုင်သော အတားအဆီးတစ်ခု ဖန်တီးရန် သူဆုံးဖြတ်လိုက်သည်။
သစ်ပင်အိမ်ထဲမှ ဧကရီနှစ်ပါးမှာ ဝံပုလွေဖေဖေ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည်။
"အီး... (ဝံပုလွေဖေဖေက အေးဆေးမနားသေးဘူးလား၊ သူ့ဒဏ်ရာက သွေးထွက်နေတုန်းပဲကို...)" ရှောင်ယင်းမှာ စိုးရိမ်တကြီး ပြောလိုက်လေသည်။
"(ဟင့်အင်း... နားအုံးမှာ မဟုတ်လောက်သေးဘူး သူက ဆုံးရှုံးမှုတွေကို တွက်ချက်ပြီး နောက်ထပ် လုပ်ရမယ့်အဆင့်တွေကို စီစဉ်နေတာ...)" ရှောင်လန်မှာ လေးစားမှု အနည်းငယ် ပါဝင်သော အသံဖြင့်ရှင်းပြလိုက်လေသည်။
"သူ့မျက်လုံးတွေကို သေချာကြည့်ကြည့်၊ ရန်သူကို မောင်းထုတ်လိုက်နိုင်လို့ စိတ်အေးသွားတဲ့ ပုံစံမျိုးမဟုတ်ဘူး၊ ပိုပြီး နက်နက်ရှိုင်းရှိုင်း တွေးတောနေတာ၊ သူက တစ်ခုခုကိုဆောက်ဖို့ တွက်ချက်နေတာပဲ..."
"အီး... (ဘာကို ပြန်ဆောက်မလို့လဲ၊ ခြံစည်းရိုးလား...)" ရှောင်ယင်းမှာ နားမလည်နိုင်ဖြစ်ကာ မေးခွန်းထုတ်လိုက်လေသည်။
"မဟုတ်ဘူး... အဲဒါထက် ပိုတယ်..." ရှောင်လန်မှာ သေချာထပ်မံရှင်းပြလိုက်ပြန်သည်။"သူက ပျက်စီးနေတဲ့ သစ်သားစတွေကို ကြည့်နေတာ မဟုတ်ဘူး၊ စခန်းတစ်ခုလုံးရဲ့ နယ်နိမိတ်ကို ကြည့်နေတာ၊ သူက ပိုပြီး ထိရောက်တဲ့ အကာအကွယ်တစ်ခုကို တည်ဆောက်ဖို့ စဉ်းစားနေတာပဲ၊ လူသားတွေ မြို့ရိုးမဆောက်ခင် မြေတိုင်းသလိုမျိုးပေါ့..."
အမှန်တိုင်းပြောရလျှင် ဤသုံးသပ်ချက်ကို သူမကိုယ်တိုင်တောင် အံ့အားသင့်နေဆဲပင်။ ဝံပုလွေတစ်ကောင်မှာ ခက်ခဲသည့်တိုက်ပွဲကြားမှ အသက်ရှင်လွတ်မြောက်ခဲ့ယုံသာမက 'မဟာဗျူဟာမြောက် ကာကွယ်ရေး စီမံကိန်း' ကိုပါ ချမှတ်နေခြင်းမှာ သူတို့ သိထားသော ဝိညာဉ်သားရဲများ၏ ဗီဇနှင့်ဉာဏ်ကို ကျော်လွန်နေပြီပဲ ဖြစ်သည်။
လင်းထျန်းလုံသည် ဝံပုလွေအချို့ကို ခေါ်ကာ သူ၏ ခေါင်း၊ ခြေဟန်လက်ဟန်များဖြင့် ခက်ခက်ခဲခဲ အမိန့်ပေးနေခဲ့သည်။
သူသည် နှင်းပြင်ပေါ်တွင် မျဉ်းအချို့ကို ဆွဲပြကာ သစ်သားများကို မည်သို့ စုဆောင်းရမည်၊ မည်သည့်နေရာသို့ ပို့ရမည် စသည်တို့ကို စနစ်တကျ ညွှန်ကြားနေခဲ့သည်။
"အီးယား... (မြင်လား...)" ရှောင်လန်မှာ ရှောင်ယင်းနားကပ်ကာ တိုးတိုးကလေး ပြောလိုက်သည်။ "သူလုပ်နေတာက အမိန့်ပေးနေယုံ မဟုတ်ဘူး၊ အလုပ်တွေကို ခွဲဝေပေးနေတာ၊ ဒါက အမဲလိုက်ဖို့ အဖွဲ့ဖွဲ့တာမျိုး မဟုတ်ဘဲ... ဆောက်လုပ်ရေး စီမံကိန်းတစ်ခုအတွက် လုပ်အားခွဲဝေပေးနေတာမျိုးပဲဟ..."
ရှောင်ယင်း၏ ပါးစပ်ကလေးမှာ မြေကြီးနှင့်ထိမတက်ပင် ဖြစ်သွားရလေသည်။ လရောင်အောက်တွင် နာကျင်မှုကို အံတုရင်း လုပ်ငန်းခွဲဝေပေးနေသော ထိုငွေရောင် အရိပ်ကြီးကိုကြည့်ကာ သူမ၏ရင်ထဲတွင် ဖော်ပြရခက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
၎င်းသည် သာမန်သားရဲများ၏ ဉာဏ်ရည်နှင့် အစွမ်းထက်မှုမျိုးမဟုတ်တော့ပေ။ ဤသည်ကို စကားတစ်ခွန်းဖြင့် ရည်ညွှန်းရလျှင် ‘သောက်ကျိုးနည်း’ ဆိုသည့်စကားသာ ဖြစ်ပေလိမ့်မည်။
"အီး... (သူက တကယ်ပဲ ဘယ်သူလဲ... မဟုတ်သေးဘူး.. ဘာကောင်လဲ...)" ရှောင်ယင်းမှာ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်နေမိလေသည်။
"ငါလည်း မသိဘူး..." ရှောင်လန်က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။ "ဒါပေမဲ့ တစ်ခုတော့ သေချာတယ်၊ သူ့ရဲ့တွေးခေါ်ပုံနဲ့ ပြဿနာဖြေရှင်းပုံက ငါတို့ သိခဲ့တဲ့ မိစ္ဆာမျိုးနွယ်တွေ၊သားရဲတွေနဲ့ လူသားတွေထက်တောင် ပိုပြီး စနစ်ကျနေတယ်ဆိုတာပဲ..."
ထိုအချိန်တွင် လင်းထျန်းလုံသည် ရုတ်တရက် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး အရှေ့တောင်ဘက် တောအုပ်ထဲသို့ စူးစူးရှရှ စိုက်ကြည့်လိုက်သည်။
သူ၏ အာရုံထဲတွင် လောဘဇောများဖြင့် ချောင်းမြောင်းနေသော အခြားသော ဝိညာဉ်သားရဲများ၏ အငွေ့အသက်ကို ခံစားမိလိုက်လေသည်။
သူသည် နှင်းဝံပုလွေဖိနှိပ်ခြင်းကို အသုံးပြုကာ ပြင်းထန်သော ဟိန်းသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် "စည်းကျော်လာရင် သေရမယ်" ဟူသော သတိပေးချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
ထိုအငွေ့အသက်များမှာ ရပ်တန့်သွားပြီး တဖြည်းဖြည်း ဆုတ်ခွာသွားကြတော့သည်။
လင်းထျန်းလုံမှာ သက်ပြင်းချလိုက်ရင်း သစ်ပင်အိမ်နှင့် သူ၏အုပ်စုဝင်များကို ကြည့်ကာ ကိုယ့်ကိုကိုယ် တွန်းအားပေးလိုက်သည်။ “ငါ အရှိန်မြှင့်မှရမယ်၊ မနက်ဖြန် နေထွက်တာနဲ့ အကာအကွယ်အသစ်ကို စဆောက်မယ်”
ညဉ့်နက်လာသည်နှင့်အမျှ နှင်းဝံပုလွေစခန်းအတွင်း၌ ကြောက်ရွံ့မှုများအစား ထိုထူးဆန်းလွန်းသော ၀ံပုလွေဘုရင်၏ ဦးဆောင်မှုအောက်တွင် ပိုမိုခိုင်မာသော သန္နိဋ္ဌာန်များ တိုးပွားလာနေတော့သည်။
တကယ့် စမ်းသပ်မှုကြီးမှာ ယခုမှ စတင်မည်ဖြစ်ပြီး လင်းထျန်းလုံ၏ တုံ့ပြန်မှုကတော့ ယနေ့ည၏ 'စီမံကိန်း' မှ စတင်ခြင်းပဲဖြစ်ပေလိမ့်မည်။