← Chapters

စစ်မှန်သော နာမည်

Vol. 2 Ch. 17

စစ်မှန်သော နာမည်

Vol. 2 Ch. 17

အရုဏ်မတက်မီ အမှောင်ထုက တောအုပ်တစ်ခုလုံးကို လွှမ်းမိုးထားသော်လည်း နှင်းဝံပုလွေများ၏ နယ်မြေတွင်မူ အေးချမ်းမှုနှင့် ဝေးကွာနေဆဲ ဖြစ်သည်။

အရှေ့မြောက်ပိုင်းကျားကြီး ဆုတ်ခွာသွားခြင်းမှာ စိတ်အေးရမည့် အခြေအနေမျိုး မဟုတ်ဘဲ ထိုသည်မှာ ပိုမိုပြင်းထန်သော အကျပ်အတည်းတစ်ခု၏ ရှေ့ပြေးနိမိတ်သာ ဖြစ်သည်။

လင်းထျန်းလုံသည် တစ်ညလုံး အိပ်စက်ခြင်း မရှိခဲ့ချေ။ သူ၏ပခုံးနှင့် ရှေ့ခြေထောက်မှ ဒဏ်ရာများမှာ ဝံပုလွေမျိုးနွယ်တို့၏ သဘာဝ ကုသနိုင်စွမ်းနှင့် ဝိညာဉ်စွမ်းအင်တို့ကြောင့် သွေးတိတ်သွားပြီ ဖြစ်သော်လည်း နာကျင်မှုကတော့ ကျန်ရှိနေဆဲဖြစ်ကာ လက်တွေ့ဘဝ၏ ရက်စက်မှုကို သတိပေးနေသကဲ့သို့ပင်။

သူသည် သစ်ပင်အိမ်အပြင်ဘက်တွင် ဝပ်နေရင်း သူ၏ ရေခဲပြာမျက်ဝန်းများဖြင့် တောအုပ်စပ်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။

ညဉ့်နက်ပိုင်းတွင် မရင်းနှီးသော အနံ့အသက်များ နယ်မြေအနီးသို့ သုံးကြိမ်တိုင်တိုင် ချဉ်းကပ်လာသည်ကို သူခံစားမိလိုက်သည်။

နှင်းဝံပုလွေဖိနှိပ်ခြင်းဖြင့် ၎င်းတို့အား နှင်ထုတ်နိုင်ခဲ့သော်လည်း အမှောင်ထဲမှ ချောင်းမြောင်းကြည့်ရှုနေသော ထိုအနံ့အသက်များကြောင့် သူ၏စိတ်ထဲတွင် တင်းမာနေခဲ့သည်။

'ငါ ဒီအတိုင်း ထိုင်စောင့်နေလို့တော့ မဖြစ်သေးဘူး' ဟူသော အတွေးက သူ၏ ရင်ထဲတွင် မီးတောက်တစ်ခုအလား လောင်ကျွမ်းလာခဲ့ပြီး သူ၏ စိတ်ထဲတွင် ရေးဆွဲထားသော ကာကွယ်ရေး စီမံကိန်းများမှာလည်း ပိုမို ရှင်းလင်းလာခဲ့သည်။

နေရောင်ခြည် အလင်းတန်းလေးများ စတင်ထွက်ပေါ်လာချိန်တွင် လင်းထျန်းလုံ မတ်တပ်ထရပ်လိုက်သည်။ သူသည် အလုပ်များအား ချက်ချင်းမစတင်သေးဘဲ အုပ်စုထဲရှိအလျင်မြန်ဆုံးသော ဝံပုလွေနှစ်ကောင်ကိုခေါ်ကာ နယ်မြေအနားသတ်များကို ကိုယ်တိုင် သွားရောက် စစ်ဆေးလေသည်။

အခြားသားရဲကြီးများ၏ ခြေရာများ၊ မြေခွေးနှင့် ဝံပုလွေစိမ်းတို့၏ ခြေရာများကို နယ်မြေပတ်ပတ်လည်တွင် တွေ့ရှိလိုက်ရသည် ။ ၎င်းသည် ယမန်နေ့ညက တိုက်ပွဲကြောင့် သူတို့၏ နယ်မြေမှာ အားလုံး၏ပစ်မှတ် ဖြစ်သွားပြီဆိုသည့် အချက်ကို အတည်ပြုပေးလိုက်ခြင်းပင်။

သူတို့၏ နယ်မြေမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာနေပြီဖြစ်သလို နေရာပျောက်ဖို့ရာ အချိန်လည်း သိပ်မကျန်လောက်တော့ပေ။

စခန်းအတွင်းသို့ ပြန်ရောက်လာသောအခါ လင်းထျန်းလုံသည် မောပန်းနေသော်လည်း အားတင်းထားကြဆဲဖြစ်သော အုပ်စုဝင်များကို ကြည့်လိုက်သည်။

ထို့နောက် တစ်ညလုံး သတိမေ့နေခဲ့ပြီး ယခုမှသာ အသက်ရှူသံမှန်လာသည့် ဝံပုလွေထံသို့ လျှောက်သွားသည်။

ထို၀ံပုလွေ၏ သစ္စာရှိမှုနှင့် အနစ်နာခံမှုအတွက် ဆုလာဘ်ပေးရန် လိုအပ်သကဲ့သို့ အခြေခံအုတ်မြစ်ကိုလည်း တစ်ခါတည်းခိုင်မာအောင် လုပ်ပေးဖို့လိုသည်ဟု သူတွေးလိုက်မိသည်။

"အားဝူး..." သူသည် ပုံမှန်နှင့်မတူဘဲ လေးနက်တည်ကြည်လွန်းသော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။

၎င်းသည် အမဲလိုက်ရန် ခေါ်ယူခြင်း မဟုတ်ဘဲ တိုက်ပွဲအတွက်ပြင်ဆင်ရန် ကြေညာလိုက်ခြင်းပင်။

လင်းထျန်းလုံသည် ကြီးမားသော သစ်ပင်တစ်ပင်ထံသို့ လျှောက်သွားကာ သူ၏ ဓားလက်သည်းအား အသုံးပြု၍ ခုတ်ထစ်လိုက်သည် ။

"ရွှတ်... ရွတ်..."

သူ၏ လှုပ်ရှားမှုများမှာ ပရမ်းပတာဖြစ်မနေဘဲ တိကျသေချာသော အင်ဂျင်နီယာတစ်ယောက်အလား စနစ်တကျ ရှိနေလေသည်။

သူ၏ လက်သည်းများမှာလည်း ထောပတ်ကို ဓားဖြင့် လှီးနေသကဲ့သို့ သစ်သားတိုင်များကို လိုချင်သော အရှည်အတိုင်း တိတိကျကျ ဖြတ်တောက်နိုင်သည်။

သူသည် သစ်သားတိုင်များ၏ ထိပ်ကို ချွန်လိုက်ပြီး သူစိတ်ကူးထားသော စီမံကိန်း၏ အဓိက နေရာများသို့ ပို့ဆောင်ရန် အချက်ပြလိုက်သည်။

ဝံပုလွေအုပ်စုမှာလည်း လင်ထျန်းလုံ၏ ဦးဆောင်မှုအောက်တွင် အထိရောက်ဆုံးသော ဆောက်လုပ်ရေး အဖွဲ့ကြီးအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် လင်ထျန်းလုံက ခဏတာထွက်ခွာသွားပြီး ပြန်ရောက်လာခဲ့သည်။ သစ်ပင်အိမ်အတွင်းမှ ရှောင်လန် နှင့် ရှောင်ယင်းတို့မှာ ဤမြင်ကွင်းကို အံ့ဩတကြီး ကြည့်နေကြသည်။

"အီးယား... (သူက အခြေအနေကို အရင်ဆုံး သွားစစ်တာပဲ)" ရှောင်လန်မှာ လင်ထျန်းလုံလုပ်ချင်သည်ကို နားလည်သွားသေ အသံဖြင့် ဆိုလိုက်သည်။ "(သူက ရန်သူတွေ ဘယ်လောက်အထိ များနေပြီလဲဆိုတာကို အရင် အတည်ပြုနေတာ)"

"အီး... (ဒါက ပြုပြင်ယုံတင် မဟုတ်ဘူး၊ ကာကွယ်ရေး စနစ်တစ်ခုလုံးကို အသစ်ပြန်လုပ်နေတာပဲ)" ရှောင်ယင်းကလည်း အံ့ဩတကြီး ပြောလိုက်လေသည် ။ "သူရွေးလိုက်တဲ့ နေရာတွေက.... ဒါက သားရဲတစ်ကောင်ရဲ့ ဗီဇမျိုးထက် ကျော်လွန်နေတယ်၊ ဒါက… စစ်ဗျူဟာ ခင်းနေတာနဲ့တူတယ်"

သူတို့ ဆွံ့အနေစဉ်မှာပင် လင်းထျန်းလုံသည် သတိပြန်ရလာသော ဝံပုလွေငယ်ထံသို့ လျှောက်သွားခဲ့သည်။ သူသည် ဝံပုလွေငယ်လေး၏ နဖူးကို ခေါင်းဖြင့် နူးညံ့စွာထိတွေ့လိုက်ပြီး ဒဏ်ရာများကို လျက်ပေးလိုက်သည်။

၎င်းသည် နှင်းဝံပုလွေမျိုးနွယ်တို့၏ အမြင့်မားဆုံးသော အသိအမှတ်ပြုမှုပင် ဖြစ်သည်။

မျိုးတူ ပဲ့တင်ထပ်သံမှတစ်ဆင့် ထိုဝံပုလွေငယ်၏ သစ္စာရှိမှုကို သူပိုမိုခံစားမိလိုက်ပြီး သူ၏ရင်ထဲတွင် ကျေးဇူးတရားနှင့် တာဝန်ယူလိုစိတ်တို့ ပြင်းထန်လာသည်။

သူသည်စိတ်ထဲတွင် ကြိုတင် စဉ်းစားထားသော နာမည်တစ်ခုကို ထိုဝံပုလွေ၏ ဝိညာဉ်ထဲသို့ ရိုက်နှိပ်ပေးလိုက်သည် - "ရန့်မြဲ့" ။ ၎င်းသည် သူ၏ရေခဲစွမ်းအင်အသစ်ကို ကိုယ်စားပြုသကဲ့သို့ ရန်သူအားလုံးအား အမြစ်ပြတ် ချေမှုန်းနိုင်စွမ်းကိုလည်း ရည်ညွှန်းသည်။

"ရန့်မြဲ့..." ဟူသော အဓိပ္ပာယ်ပါဝင်သည့်အသံကို သူက ထပ်ခါတလဲလဲ ဟိန်းဟောက်၍ အသိအမှတ်ပြုပေးလိုက်လေသည်။

နာမည်ပေးခြင်း ခံရသော ဝံပုလွေငယ်လေးမှာ တုန်ရီသွားပြီး သူ၏ မျက်ဝန်းများကို ချက်ချင်းဖွင့်လိုက်လေသည်။

သူ၏ မျက်ဝန်းထဲတွင် ယခင်ကထက် ပိုမိုပြင်းထန်သော စိတ်ဓာတ်နှင့် ၀မ်းသာမှုများ တောက်လောင်လာတော့သည်။

သူသည် အားယူ၍ သူကြည်ညိုလေးစားရသော ဘုရင်ကြီးအား ပြန်လည် အသံပေးလိုက်လေသည်။

သစ်ပင်အိမ်ထဲမှ ဧကရီနှစ်ပါးမှာတော့ မှင်တက်နေကြသည်။ "အီးယား... (သူက နာမည် ပေးလိုက်တာလား)" ရှောင်လန်မှာ မယုံကြည်နိုင်ဖြစ်ကာ "ဝံပုလွေငယ်လေးရဲ့ ဝိညာဉ်စွမ်းအင်အဆင့်က တစ်ခုခု ပြောင်းလဲသွားသလိုပဲ၊ သူက ဝံပုလွေငယ်လေးနဲ့ ထူးခြားတဲ့ ကတိကဝတ်တစ်ခုကို ပြုလုပ်လိုက်တာပဲဟ"

"ဟုတ်တယ်... သူက 'စစ်မှန်တဲ့နာမည်' ကို ပေးလိုက်တာ၊ စွမ်းအားနဲ့ လေးနက်တဲ့အဓိပ္ပာယ်တွေ ပါဝင်တဲ့ နာမည်မျိုးပေါ့၊ ဒီဝံပုလွေက... နောင်တစ်ချိန်မှာ ထူးချွန်တဲ့သူ ဖြစ်လာမှာသေချာတယ်၊" ရှောင်ယင်းကလည်း ရှောင်လန်၏အပြောကို ထောက်ခံလိုက်လေသည်။

နာမည်ပေးပြီးနောက် လင်းထျန်းလုံသည် အကာအကွယ် တည်ဆောက်ရေး စီမံကိန်းကြီးအား ဆက်လက် လုပ်ဆောင်လေသည်။ သူသည် သစ်သားတိုင်များကို မြေကြီးထဲတွင် ခိုင်မာစွာ စိုက်ထူထားပြီး နွယ်ပင်များနှင့် တိရစ္ဆာန် သားရေများအား ကြိုးအဖြစ်အသုံးပြု၍ ခိုင်ခံ့အောင် သေချာချည်လိုက်သည်။

နေထွက်လာချိန်- နှင်းဝံပုလွေစခန်း၏ အဝင်လမ်းများ၀ယ်.. ကြောက်မက်ဖွယ်ကောင်းသော ဆူးချွန်အတားအဆီးများမှာ ပုံပေါ်လာပြီပဲဖြစ်သည်။

လင်းထျန်းလုံသည် ထိုအတားအဆီးများ နောက်တွင်ရပ်ကာ တောအုပ်ကို ဝေ့ဝဲကြည့်လိုက်သည်။

ယခုအချိန်မှာ အစပျိုးရုံသာ ရှိသေးသော်လည်း ဤနယ်မြေတွင် အရှင်သခင် ရှိကြောင်းနှင့် အသက်ပေး၍ ကာကွယ်မည် ဖြစ်ကြောင်းပြတ်သားစွာ ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

သစ်ပင်အိမ်ထဲတွင် ရှောင်ယင်းမှာ သက်ပြင်းချကာ "အီး... (အမှန်အတိုင်း ပြောရရင် ဝံပုလွေဖေဖေက အရမ်းတော်လွန်းလို့ သာမန်အမြင်နဲ့ကြည့်လို့ မရတော့ဘူး)"

ရှောင်လန်ကတော့ ပိုမိုလေးနက်စွာ တွေးတောနေခဲ့လေသည်။ "(ဟုတ်တယ်... ဒါပေမဲ့… ဘာလို့လဲ၊ ငါတို့အတိတ်ဘဝတုန်းက မှတ်တမ်းတွေထဲမှာ ဒီလို နှင်းဝံပုလွေအုပ်စုမျိုး၊ ဒီလို ဝံပုလွေဘုရင်မျိုး ရှိခဲ့တဲ့အစအနတောင် ရှာမတွေ့ခဲ့တာ ဘာလို့လဲ)”

"ငါတို့ ပြန်လည်မွေးဖွားလာလို့ အပြောင်းအလဲတွေ ဖြစ်ကုန်တာလား... ဒါမှမဟုတ် အတိတ်ဘဝမှာ ဒီအုပ်စုက အင်အားမကြီးလာခင်မှာပဲ တစ်ယောက်ယောက်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတာလား..."

ထိုအတွေးကြောင့် သူတို့နှစ်ဦးစလုံး စိုးရိမ်စိတ်အပြည့်ဖြင့် အပြင်မှ ငွေရောင်အရိပ်ကြီးကို ကြည့်လိုက်မိကြသည်။

"(ဘာပဲဖြစ်ဖြစ်... ဒီဘဝမှာတော့ ငါတို့ သူနဲ့ တွေ့ခဲ့ပြီးပြီပဲ၊ အတိတ်တုန်းကလိုမျိုးတော့ လုံး၀မဖြစ်စေရတော့ဘူး)" ရှောင်လန်မှာ အခိုင်အမာ ‌သစ္စာဆိုလိုက်လေသည်။

"မှန်တယ်... ဒီဘဝမှာတော့ ငါ ရှိနေတယ်၊ ဝံပုလွေဖေဖေကို ဘယ်သူပဲလာထိထိ... ငါ့အလောင်းကို အရင် ကျော်သွားနိုင်မှရမယ်၊" ရှောင်ယင်းကလည်း နောက်မှထောက်ခံလိုက်ရင်း သူမ၏ ခရမ်းမျက်ဝန်းများထဲတွင် ပူပြင်းသောမီးတောက်များ တောက်လောင်လာတော့သည်။

နေရောင်ခြည်မှာ အသစ်စက်စက် တည်ဆောက်ထားသော အတားအဆီးများကို အလင်းပေးလိုက်သလို လင်းထျန်းလုံ၏ မျက်ဝန်းထဲမှ ဆုံးဖြတ်ချက်ပြတ်သားမှုကိုလည်း ပိုမိုထင်ရှားစေခဲ့သည်။

လောကကြီး၏ စမ်းသပ်မှုတိုင်းကို အန်တုရန် ပထမဆုံးသော‌ခြေလှမ်း၊ စခန်းအတွက် အကာကွယ်ကို သူတို့ စိုက်ထူလိုက်နိုင်ပြီပဲဖြစ်သည်။

All Chapters