← Chapters

ဒီရေစီးကြောင်းတွေ စမယ်

Vol. 2 Ch. 153

ဒီရေစီးကြောင်းတွေ စမယ်

Vol. 2 Ch. 153

ပိုင်ရှောင်ချန်းအပေါ်ရှိရေကန်သည် ရေဝဲကြီးတစ်ခုဖြစ်လာကာ ပွက်ပွက်ဆူနေတော့သည်။ ရေဝဲသည် မိုးကောင်းကင်နှင့်မြေပြင်ပေါ်မှစွမ်းအင်များကို မရပ်မနားစုပ်ယူနေသည်။ အဆုံးမရှိများပြားလှသောမြေစီးကြောင်းစွမ်းအင်များရေဝဲထဲသို့စီးဝင်လာရာ ရေဝဲသည်ကြီးမားသည်ထက်ကြီးမားလာပြီး လေဆင်နှာမောင်းကြီးတစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့ထိုးတက်နေလေတော့သည်။

အဝေးမှကြည့်လျှင် လေဆင်နှာမောင်းကြီးသည် ထိတ်လန့်အံ့သြဖွယ်ကြီးမားလှလေရာ မြင်တွေ့လိုက်ရသူတိုင်း ရင်သပ်ရှုမောကြည့်ရှုနေမိကြလေသည်။

လေဆင်နှာမောင်းနှင့် အထက်ရှိမိုးကောင်းကင်တို့ထိသွားသောအချိန်တွင် ရေဝဲတစ်ခုလည်ပတ်လာရာ ဒီရေစီးကြောင်းကိုညွှန်ပြနေသည့်လက္ခဏာပင်ဖြစ်လေသည်။

"ပိုင်ရှောင်ချန်း..."

ပိုင်ရှောင်ချန်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်ရန်ကျင့်ကြံနေသည့်နေရာနှင့်မနီးမဝေးတွင် ရွှီရှောင်ရှန်းသည် လေပေါ်တွင်ရပ်တန့်ကာ မြေစီးကြောင်းစွမ်းအင်တန်းကြီး တဟုန်ထိုးရွေ့လျားနေသည်ကို ကြည့်နေလေသည်။ ဒီရေစီးကြောင်းတစ်ခုတည်းကသာလျှင် ကောင်းကင်နှင့်မြေကြီးကို ထိုသို့ဖြစ်စေနိုင်သည်။ ရွှီရှောင်ရှန်းသည် အသက်ကိုပြင်းပြင်းရှူလိုက်ကာ သူ၏မျက်လုံးများသည်တလက်လက်တောက်ပလျက်

"ဒီလိုဆို သူက မြေစီးကြောင်းဆွဲငင်သလင်းကျောက်ကိုအရင်ဆုံးပြုလုပ်နိုင်တဲ့သူပေါ့" ဟုရေရွတ်လိုက်သည်။

မြေခဓားကမ္ဘာ ၏အတွင်းပိုင်းတစ်နေရာတွင် ရှန်ကွမ်းထျန်ယုံသည် ဓားဝင်္ကပါထဲတွင်ဓားပျံကိုးချောင်းဝန်းရံကာ မတ်တပ်ရပ်နေလေသည်။ သူ၏ညာဘက်လက်မှမန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်ရာ ဓားကိုးချောင်းသည်လေကိုဖောက်ထွင်းသွားပြီး အဆင့်မြင့် အဆိပ်သားရဲ တစ်ကောင်ကိုထိုးသတ်လိုက်လေ၏။ သူ၏တာအိုပုလင်းထဲသို့စီးဝင်နေသော လက်တစ်ချောင်းစာမြေစီးကြောင်းစွမ်းအင်များကိုလျစ်လျူရှုကာ သူသည်အဝေးရှိ မြေစီးကြောင်းစွမ်းအင်စီးကြောင်းကြီးကိုငေးကြည့်နေလေ၏။

"ဘယ်သူများပါလိမ့်..." သူကတွေးလိုက်သည်။ "ချီးပဲ... ဖန်လင်းနဲ့ငါသာ အပြန်အလှန်မတိုက်ခိုက်ပဲ ဒဏ်ရာကိုယ်စီမရခဲ့ဘူးဆိုရင် ငါသေချာပေါက်ပိုမြန်မြန်ပြီးမှာပဲ" နီရဲနေသောမျက်လုံးများဖြင့် ၈၀ ရာခိုင်နှုန်းခန့်ပြည့်နေပြီဖြစ်သော သူ၏တာအိုပုလင်းကိုငုံ့ကြည့်လိုက်လေသည်။ အံကိုကြိတ်လျက် သူသည် အဆိပ်သားရဲ များကိုဆက်လက်ရှာဖွေခြင်းမပြုတော့ပဲ အခြားဂိုဏ်းကြီးသုံးဂိုဏ်းမှ ဂိုဏ်းသားများကိုလိုက်လံရှာဖွေလေတော့သည်။

အခြေခိုင်မာခြင်းအဆင့်ကိုသူ့ထက်အရင် အခြားတစ်ယောက်ကရောက်သွားတော့မည်ဟူသောခံစားချက်ကြောင့် ရှန်ကွမ်းထျန်ယုံမှာ သတ်ဖြတ်လိုစိတ်များဖြစ်ပေါ်လာသည်။

တချိန်တည်းမှာပင် မြေခဓားကမ္ဘာ ၏အခြားတစ်နေရာ၌ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားဖန်လင်းသည် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်၏ရှေ့သို့ တိတ်တဆိတ်ရောက်လာလေ၏။ ဂိုဏ်းသား၏မျက်လုံးများ စက္ကန့်ပိုင်းမျှပြူးကျယ်သွားပြီး သူ၏ခေါင်းသည်ပေါက်ကွဲထွက်သွားလေ၏။ ဖန်လင်းသည် ထိုဂိုဏ်းသား၏တာအိုပုလင်းကိုယူလိုက်ကာ မြေစီးကြောင်းစွမ်းအင်များပေါင်းစည်းသွားသည်ကိုကြည့်နေလေ၏။ သူ၏မျက်လုံးများသည်အရောင်တောက်နေလေသည်။

"လေ့ရှန်းကို အဆိပ်ဝိညာဥ် တွေကဖမ်းခေါ်သွားပြီးတဲ့နောက်မှာ သူ့ရဲ့တာအိုပုလင်းကိုငါရလိုက်တယ်။ ငါချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့လူတွေရဲ့တာအိုပုလင်းတွေကိုလည်းငါရလိုက်တယ်။ ဒါတောင်မှ ဒီကောင်ကငါ့ကိုကျော်သွားသေးတယ်။" သူသည်တာအိုပုလင်းကိုငုံ့ကြည့်လိုက်ပြီး မျက်လုံးများအရောင်လက်သွားလေ၏။ ထို့နောက်သူသည် အဝေးသို့ခပ်သုတ်သုတ် ထွက်သွားကာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံရန်နေရာတစ်ခုကိုရွေးချယ်လိုက်လေ၏။

မြေခဓားကမ္ဘာ ၏အခြားတစ်နေရာတွင်ကား ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏နံပါတ်တစ်လက်ရွေးစင် ကျုံးတာအိုရှိနေ၏။ သူ၏လက်များမှသွေးစက်စက်ကျနေပြီး သူ၏ဘေးပတ်ပတ်လည်တွင် သူကိုယ်တိုင်သတ်ဖြတ်ထားသော အလောင်းခုနှစ်လောင်း၊ ရှစ်လောင်းခန့်ရှိနေသည်။ "ဒီလောက်ဆိုတော်လောက်ပါပြီ"

တစ်ခြားတစ်ယောက်ကသာလွန်သွားခြင်းကိုစိတ်ပျက်နေကြသော လက်တစ်ဆုပ်စာလက်ရွေးစင်များအပြင် ထိုအကြောင်းကိုသိပြီးစိတ်အားတက်သွားကာ ပို၍အရှိန်တိုးမြှင့်စုဆောင်းလာကြသောဂိုဏ်းသားများလည်း မြေခဓားကမ္ဘာ ထဲတွင်ရှိနေပေသည်။

သူတို့၏အရှိန်မြှင့်တင်သောတစ်ခုတည်းသောနည်းလမ်းမှာ အခြားဂိုဏ်းသားများကိုသတ်ဖြတ်ခြင်းပင်ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ဒီရေစီးကြောင်းကြောင့် မြေခဓားကမ္ဘာ တစ်ခုလုံးသည် မိနစ်ပိုင်းအတွင်းပင်စစ်မြေပြင်တစ်ခုအဖြစ်သို့ပြောင်းလဲသွားလေသည်။ ချက်ချင်းဆိုသလိုပင် နေရာအနှံ့အပြားတွင်ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်နေကြလေသည်။

သေဆုံးသူဦးရေမြင့်တက်လာကာ ကြောက်လန့်ဖွယ်အော်ဟစ်သံများနေရာအနှံ့ကြားနေရပေသည်။

မူလက လူလေးရာခန့်ကျန်ရှိနေရာမှ ယခုအခါတွင် ထိုလူဦးရေ၏ထက်ဝက်ခန့်လျော့ကျသွားပြီဖြစ်သည်။

ဟိုယွင်ဖေးတစ်ကိုယ်လုံး သွေးချင်းချင်းနီရဲနေပြီး သူ့ဆံပင်များလည်းဖရိုဖရဲဖြစ်နေလေသည်။ မြေခဓားကမ္ဘာ ထဲတွင် သူသည်ကြီးကျယ်ခမ်းနားသောလက်ရွေးစင်တစ်ယောက်အဖြစ်သူ့ကိုယ်သူမခံယူထားပေ။ သူသည် သာမန်ဂိုဏ်းသားတစ်ယောက်သာဖြစ်လေသည်။ သို့သော်လည်း သူသည်အခြားသူများထက်တော့ကြောက်စရာမကောင်းသည်မဟုတ်ပေ။ လွန်ခဲ့သောတစ်လအတွင်း သူသည် အခြားဂိုဏ်းသားဆယ်ယောက်မက သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

အခြားစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများနှင့်ပူးပေါင်းကာ အဆိပ်သားရဲ အများအပြားကိုလည်း သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ အကျိုးဆက်အားဖြင့် သူ၏တာအိုပုလင်းသည် ၇၀ ရာခိုင်နှုန်းကျော်ပြည့်နေလေပြီ။ အဝေးမှ မြေစီးကြောင်းစွမ်းအင်များတစ်ဟုန်ထိုးရွေ့လျားနေသည်ကိုတွေ့လိုက်ရသောအခါ သူသည်အသက်ကိုပြင်းပြင်းရှူလိုက်သည်။

"ပိုင်ရှောင်ချန်းများလား... မင်းကတော့ အခြေခိုင်မာခြင်းကျင့်ကြံတာအောင်မြင်တော့မှာပဲ... ငါလည်းဒီထက်ပိုကြိုးစားမှဖြစ်မယ်။" ထိုသို့ရေရွတ်ကာ လှည့်ထွက်သွားလေ၏။

ပေဟန်လဲ့သည် မြေခဓားကမ္ဘာ ၏အလယ်ပိုင်းတစ်နေရာတွင် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့တိုက်ခိုက်လျက်ရှိသည်။ သူနှင့်လေ့ရှန်းတို့တိုက်ပွဲကြောင့် သူ၏နာမည်ကိုလူအားလုံးနီးပါးသိသွားကြလေသည်။

သူသည် ပြတ်ပြတ်သားသားအနိုင်ရခဲ့ခြင်းမရှိသော်လည်း တိုက်ပွဲကြောင့် သူ့နာမည်မှာပို၍ထင်ရှားကျော်ကြားလာရသည်။ သူသည်အခြားဂိုဏ်းကြီးသုံးဂိုဏ်းမှထင်ရှားကျော်ကြားသူများကဲ့သို့ပင် ဂိုဏ်းလေးဂိုဏ်းရှိလူများအကြားတွင် ထင်ပေါ်ကျော်ကြားနေလေတော့သည်။ သူတို့သည် သာမန်ဂိုဏ်းသားများအနေဖြင့် စိတ်ကူးယဥ်ရုံသာတတ်နိုင်သော ဂိုဏ်းသားမျိုးဖြစ်လာကြလေသည်။

ပေဟန်လဲ့တစ်ယောက် ထိုကဲ့သို့ထင်ပေါ်ကျော်ကြားလာစေရန် မည်မျှခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသည်ကိုတော့ ဘယ်သူမှမသိကြပေ။ အမှန်တကယ်မှာ ပိုင်ရှောင်ချန်းကြောင့်သာမဟုတ်ခဲ့လျှင် သူယခုကဲ့သို့အင်အားကြီးနေမည်မဟုတ်ပေ။

" ငါ အခြေခိုင်မာခြင်းအဆင့်ကိုသေချာပေါက်ရောက်အောင်လုပ်ပြီး အရှက်ရခဲ့တာတွေအားလုံးကို ဆေးကြောပစ်မယ်ကွ။" စိတ်ထဲမှအော်ဟစ်ကြိမ်းဝါးလျက် သူသည်နောက်ထပ်ဂိုဏ်းသားတစ်ယောက်ကိုရှာပြီး ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်နေသည်။

နတ်မီးလျှံစမ်းသပ်ပွဲကို ယခုအချိန်ထိကျော်ဖြတ်လာသောဂိုဏ်းသားများထဲတွင် အင်အားနည်းသူဟူ၍သိပ်မရှိပေ။ ဂိုဏ်းသားအားလုံးတွင် အစွမ်းထက်သော ပညာရပ်များနှင့်နည်းဗျူဟာများကိုယ်စီရှိကြလေရာ မကြာမီပင် တိုက်ခိုက်မှုများသည်ပိုမိုပြင်းထန်လာလေသည်။

မြေခဓားကမ္ဘာ ၏အနက်ရှိုင်းဆုံးတစ်နေရာရှိ မြူခိုးမြူခွေ့များအုံ့ဆိုင်းနေပြီး မရေမတွက်နိုင်သော အဆိပ်သားရဲ များနှင့် ကျင့်ကြံသူအများအပြားစုဝေးနေသောကွင်းပြင်တစ်ခုထဲတွင် ပုံရိပ်နှစ်ခုအပြင်းအထန်တိုက်ခိုက်နေကြသည်ကို မြင်နိုင်ပေသည်။

အနီးကပ်လေ့လာကြည့်ရှုလိုက်မည်ဆိုလျှင် ထိုပုံရိပ်နှစ်ခုလုံးသည် မိန်းမပျိုနှစ်ယောက်ဖြစ်ကြောင်းတွေ့နိုင်လေသည်။ တစ်ယောက်သည်ကုန်းစွန်းဝမ်အာဖြစ်ပြီး ကျန်တစ်ယောက်သည်ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှကျောက်ရုန်ဖြစ်လေသည်။ နှစ်ယောက်လုံးသည် သိမ်မွေ့လှပသူများဖြစ်သော်လည်း ယခုအချိန်၌မူနှစ်ယောက်လုံး ပုံပျက်ပန်းပျက်ဖြစ်နေကြသည်။ သတ်ဖြတ်လိုသောအငွေ့အသက်များနှစ်ယောက်လုံးတွင်တွေ့နေရပြီး ယခုတိုက်ခိုက်နေခြင်းသည် သူတို့နှစ်ယောက်၏ခုနှစ်ကြိမ်မြောက်တိုက်ပွဲဖြစ်သည်။

လွန်ခဲ့သောတစ်လအတွင်း သူတို့နှစ်ယောက်ဆုံမိကြတိုင်း တစ်ယောက်နှင့်တစ်ယောက်မုန်းတီးနေကြသလိုတိုက်ခိုက်လေ့ရှိသည်။ သူတို့နှစ်ယောက်သည် လက်ရည်တူနေရာ မည်သူကမှအသာစီးမရနိုင်ဖြစ်နေ၏။ တစ်ယောက်ယောက်က မြေစီးကြောင်းစွမ်းအင်များပိုမိုစုဆောင်းမိသွားလျှင်လည်း သည်းမခံနိုင်ကြပေ။

သတ်ဖြတ်တော့မည့်မျက်လုံးများနှင့်ကျောက်ရုန်က "ကုန်းစွန်းဝမ်အာ... ငါတို့နှစ်ယောက်လုံးမှာ တာအိုပုလင်းတစ်ဝက်ဆီရှိကြတယ်။ ဒီနေ့တော့ မင်းနဲ့ငါနဲ့နှစ်ယောက်ထဲက တစ်ယောက်သာ တာအိုပုလင်းအပြည့်တစ်လုံးနဲ့ အသက်ရှင်ရက်ထွက်လာရလိမ့်မယ်။" ထိုသို့ပြောကာ ထပ်မံတိုက်ခိုက်လေ၏။

ကုန်းစွန်းဝမ်အာ၏မျက်နှာမှာဖြူဖတ်ဖြူရော်ဖြစ်နေကာ သူမ၏ဖီးနစ်ငှက်သည်လည်းဒဏ်ရာပြင်းပြင်းထန်ထန်ရထားလေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ကုန်းစွန်းဝမ်အာသည် အံကိုတင်းတင်းကြိတ်ကာ တန်ပြန်တိုက်ခိုက်လေတော့၏။ သူတို့၏တိုက်ပွဲသည် သာမန်တိုက်ပွဲတစ်ခုဟုသာထင်ရသော်လည်း သူတို့နှစ်ယောက်လုံး အားပြင်းသောပုံရိပ်ယောင်မှော်အစွမ်းများထုတ်လွှတ်ကာ တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်နေကြသည်။

နှစ်ယောက်ထဲမှ တစ်ယောက်ယောက်များ ခြေလှမ်းလေးအနည်းငယ်မျှမှားလိုက်သည်နှင့် အသက်ပါဆုံးရှုံးရလိမ့်မည်ဖြစ်သည်။

မိုးကောင်းကင်တစ်ခုလုံးတုန်လှုပ်သွားပြီး မြေကြီးများတသိမ့်သိမ့်တုန်နေလေ၏။ ပိုင်ရှောင်ချန်း၏မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံမှုကြောင့် လူအများရူးသွပ်စွာတိုက်ခိုက်နေကြစဥ်တွင် ပိုင်ရှောင်ချန်းသည် ရေကန်၏အောက်ခြေတွင် ကြောက်ရွံ့မှုကြောင့်တဆတ်ဆတ်တုန်နေလေ၏။ ရေကန်၏အပေါ်တွင်ဘာတွေဖြစ်ပျက်နေသည်ကိုသူမမြင်ရသော်လည်း မြေစီးကြောင်းစွမ်းအင်စီးကြောင်းသည် ကြီးမားသော ဝဲကတော့ပုံရေဝဲတစ်ခုဖြစ်ပေါ်သွားစေမည်ကို သူအသေအချာသိနေလေသည်။

"လူတွေလာပြီးနှောက်ယှက်ဖို့ကြိုးစားနေရင်ဘယ်လိုလုပ်ရပါ့မလဲ..." ထိုသို့တွေးလိုက်မိပြီး သူ၏နဖူးမှချွေးသီးချွေးပေါက်များပင်ကျလာလေသည်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံရန်ပြင်ဆင်ခဲ့စဥ်က အကာအကွယ်များပြင်ဆင်ထားခဲ့သော်လည်း ယခုအခါမှ ထိုအကာအကွယ်များနှင့်လုံလောက်ပါ့မလားဟု တွေးကြောက်နေမိသည်။

သူ၏ကိုယ်တွင်းမှ ဝဲကတော့သည်များပြားလှသောမြေစီးကြောင်းစွမ်းအင်များကိုစုပ်ယူနေသည့်အချိန်တွင် သူသည်အံကြိတ်လျက် ထည့်စရာအိတ်ကိုသူ၏ညာဘက်လက်နှင့်လှမ်းရိုက်လိုက်သည်။ ထိုအခါ ထောင်ပေါင်းများစွာသောစက္ကူအဆောင်လက်ဖွဲ့များထွက်လာကာ သူ၏ပတ်ပတ်လည်တွင်ဝန်းရံပျံသန်းနေလေတော့သည်။

အဆောင်လက်ဖွဲ့များကိုအသက်မသွင်းလိုက်သော်လည်း လိုရမယ်ရထုတ်ထားလိုက်ခြင်းဖြစ်သည်။

နတ်ကြိုးကြာဒိုင်းကာသည်ပျံသန်းပေါ်ထွက်လာပြီး အသုံးပြုရန်အဆင်သင့်ဖြစ်နေသည်။ တချိန်တည်းမှာပင် လီချင်းဟောက်ပေးထားသော အကာအကွယ်ရတနာကိုအသက်သွင်းလိုက်ကာ သူ၏ထာဝရငွေအရေပြားကိုဖြန့်ကျက်ထားလေသည်။

ယခုထက်ပိုပြီး သူအနည်းငယ် လုပ်နိုင်သေးသည်။ အံကိုကြိတ်ကာစိတ်ထဲမှအော်ဟစ်လိုက်ရာ သူ့ကိုယ်တွင်းရှိဝဲကတော့သည် ပို၍မြန်မြန်လည်ပတ်နေလေတော့သည်။ မြေစီးကြောင်းစွမ်းအင်များ သူ့ကိုယ်ထဲသို့အဆက်မပြတ်စီးဝင်နေပြီး သူ၏ကိုယ်တွင်းစိတ်စွမ်းအင်နှင့်လည်းရောထွေးမသွားပဲ လိုက်လျောညီထွေစွာရစ်ပတ်နေလေသည်။ သူ့ကိုယ်တွင်းသို့အဆက်မပြတ်စီးဝင်နေသည်နှင့်အမျှ ဝဲကတော့သည်ပို၍အားကောင်းလာကာ ပြင်းပြင်းထန်ထန်တုန်လှုပ်လာလေတော့သည်။

ဒီရေစီးကြောင်းသည် မြေစီးကြောင်းစွမ်းအင်များကိုဖမ်းယူကာ စိတ်စွမ်းအင်နှင့်ပူးပေါင်း၍ ပြင်းထန်သောသက်ရောက်မှုကိုဖြစ်စေလေသည်။ ဒီရေစီးကြောင်းသည် ချီစွမ်းအင်လမ်းကြောင်းများကိုသာမက ဝိညာဥ်ကိုပါ အချိုးကျပေါင်းစည်းပေးသည်။

စိတ်စွမ်းအင်အစိတ်အပိုင်းတိုင်းမှာ မြေစီးကြောင်းစွမ်းအင်အစိတ်အပိုင်း ရာပေါင်းများစွာလိုအပ်လေသည်။

ထိုပြင်းထန်သောပေါင်းစည်းခြင်းသည် မြေစီးကြောင်းစွမ်းအင်အခိုးအငွေ့များကို စိတ်စွမ်းအင်ပင်လယ်တစ်ခုအဖြစ်သို့ပြောင်းလဲပေးနိုင်သည့် အရည်တစ်ခုကိုဖန်တီးပေးသည်။

စိတ်စွမ်းအင်ပင်လယ်၏ အခြားအမည်တစ်ခုမှာ တာအိုအခြေခံပင်ဖြစ်သည်။

ဒီရေစီးကြောင်းတစ်ခုပြည့်လာသည့်အခါ စိတ်စွမ်းအင်ပင်လယ်တစ်ခုနှင့်တာအိုအခြေခံ တစ်ခုဖြစ်ပေါ်လာလေသည်။ ဒီရေစီးကြောင်းကိုးခုဆိုလျှင် စိတ်စွမ်းအင်ပင်လယ်ကိုးခုနှင့် တာအိုအခြေခံကိုးခုဖြစ်ပေါ်လာသည်။ အဆင့်တစ်ဆင့်စီတက်တိုင်း ယခင်အဆင့်များထက် ပို၍ကြီးမားလာလေသည်။

အချိန်များတရွေ့ရွေ့ကုန်လွန်သွားခဲ့ပြီး နှစ်နာရီခန့်ကြာသောအခါ ပိုင်ရှောင်ချန်း၏အပေါ်ရှိရေကန်ထဲမှ ရေဝဲသည်လည်းယခင်ကထက်ပိုကြီးလာလေပြီ။ ကောင်းကင်နှင့်မြေကြီးများတုန်ခါနေစဥ်တွင် ပိုင်ရှောင်ချန်းသည် မာန်သွင်းကြုံးဝါးလိုက်ရာ ရေဝဲ၏အရွယ်မှာအဆမတန်ကြီးမားလာလေတော့သည်။ ကိုယ်တွင်းမှဝဲကတော့ ပြည့်လာသည်နှင့်အမျှ မိုးခြိမ်းသံကဲ့သို့တဝုန်းဝုန်းအသံများ ပဲ့တင်ထွက်လာလေသည်။ လွန်ခဲ့သောနှစ်နာရီလုံးလုံးစုပ်ယူထားခဲ့သည့်အရာများက သူ၏ပထမဆုံးဒီရေစီးကြောင်းအဖြစ်ပြောင်းလဲသွားလေသည်။

ပထမဒီရေစီးကြောင်းအပြီးသတ်သွားသည့်နောက်တွင် သူ၏ကိုယ်တွင်းရှိဝဲကတော့သည် အရွယ်အစားပြန်ကျုံ့သွားလေ၏။

ဝဲကတော့ကိုဖြစ်ပေါ်လာစေသော မြေစီးကြောင်းစွမ်းအင်နှင့်စိတ်စွမ်းအင်တို့ သူ၏ချီစွမ်းအင်လမ်းကြောင်းများတစ်လျှောက်ဖြတ်သန်းစီးဆင်းသွားသောအခါ ဝဲကတော့သည်ကျုံ့သွားပြီး သူ၏ကိုယ်တွင်းမှအက်ကွဲသံများပေါ်ထွက်လာလေ၏။ ဝဲကတော့သည် ခဏလေးအတွင်းမှာပင် အမဲစက်လေးတစ်စက်အဖြစ်ထိသေးငယ်သွားရာ သူ၏ချီစွမ်းအင်လမ်းကြောင်းများ၊ အသွေးအသားများနှင့် စိတ်ဝိညာဥ်ထိပါ ပြင်းပြင်းထန်ထန်လှုပ်ခါသွားလေ၏။

"ဒီရေစီးကြောင်းကွ..."

ဝုန်းဝုန်းဝုန်း..။

မြေစီးကြောင်းစွမ်းအင်နှင့် စိတ်စွမ်းအင်များပေါင်းစည်းဖြန့်ကျက်သွားသောအခါ သူ၏စိတ်ထဲတွင် တဝုန်းဝုန်းမြည်သံများပြည့်နှက်သွားလေ၏။ သူမာန်သွင်းကြုံးဝါးလိုက်သောအခါ သူ၏ချီစွမ်းအင်လမ်းကြောင်းများပို၍ကြီးမားကျယ်ပြန့်လာပြီး သူ၏အသွေးအသားတို့မှာပို၍သန်မာလာလေ၏။ သူ၏အရိုးများ၊ သူ၏စိတ်ဝိညာဥ်နှင့် သူ၏တစ်ကိုယ်လုံးပါ ပို၍အစွမ်းထက်လာလေ၏။

တချိန်တည်းမှာပင် မြေစီးကြောင်းစွမ်းအင်နှင့်စိတ်စွမ်းအင်တို့သည် ဒီရေစီးကြောင်း၏အကူအညီဖြင့် တပေါင်းတစည်းတည်းဖြစ်သွားကြပြီး စိတ်စွမ်းအင်အရည်စက်လေးတစ်ခုအဖြစ်သို့ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်တစ်လျှောက်ဖြတ်သန်းစီးဆင်းသွားလေ၏။ ထို့နောက် သူ၏ ဒန်တျန် ထဲရှိ မြူခိုးမြူငွေ့များထနေသောပင်လယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ပိုင်ရှောင်ချန်းသည် သူ့ဒန်တျန်ထဲမှာ အရာအားလုံး ပေါက်ကွဲထွက်ကာ ပင်လယ်တစ်ခုအဖြစ်သို့ပြန်လည်ပေါင်းစည်းလာခြင်းကြောင့် တဆတ်ဆတ်တုန်နေလေသည်။

သူ၏တာအိုအခြေခံ ဖြစ်တည်လာပြီဖြစ်ကာ သူ၏စိတ်စွမ်းအင်ပင်လယ် ပေါ်ထွက်လာလေပြီ။

တချိန်တည်းမှာပင် သူ၏ချီစွမ်းအင်လမ်းကြောင်းများနှင့် ဝိညာဥ်တို့သည် ပြင်းပြင်းထန်ထန်လှုပ်ခါသွားကာ လူသားဘဝ အတားအဆီးများကို ကျော်ဖြတ်နေသည်။

သို့သော်လည်း ပင်လယ်ပြင်သည်အလွန်သေးငယ်လှပြီး အကြမ်းအားဖြင့် မီတာသုံးရာခန့်သာကျယ်ဝန်းလေသည်။ ပင်လယ်ပြင်ထဲတွင် မရေမတွက်နိုင်သောမှော်သင်္ကေတများဖုံးလွှမ်းနေသော ခရမ်းရောင်ဒယ်စောက် အိုးတစ်ခုကိုတွေ့နေရလေသည်။ ထိုဒယ်အိုးပင်လယ်ထဲမှမြင့်တက်လာသောအခါ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုကိုထုတ်လွှတ်လိုက်ရာ ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းအခြေခံကို ချက်ချင်းပင်မြင့်တက်သွားစေသည်။ သို့သော်လည်း အခြေခိုင်မာခြင်းအဆင့်ထိတော့မတက်နိုင်သေးပေ။ သူ၏ကြိုဆင်ပြင်ဆင်ထားမှုများနှင့်ခက်ခက်ခဲခဲကြိုးပမ်းခဲ့မှုများသည် အရာထင်ခဲ့လေပြီ။

လူတစ်ယောက်သည်ဒီရေစီးကြောင်းဘယ်လောက်များများဖန်တီးနိုင်သည်ကို ဆုံးဖြတ်သည့်အဓိကအကြောင်းရင်းနှစ်ခုရှိလေသည်။ ပထမတစ်ခုမှာ လူတစ်ယောက်တွင်ကိန်းအောင်းနေသောပင်ကိုယ်စွမ်းရည်ဖြစ်ပြီး ဒုတိယတစ်ခုမှာ ချီစုစည်းမှုအဆင့်တွင်သူကျင့်ကြံခဲ့သောပညာရပ်များပင်ဖြစ်သည်။

ပညာရပ်များသည်ဒီရေစီးကြောင်းကိုနှိုးဆွပေးပြီး ကိန်းအောင်းနေသောပင်ကိုစွမ်းရည်သည် ဒီရေစီးကြောင်း၏စွမ်းအားကိုခံနိုင်ရည်ရှိအောင်ပြုလုပ်ပေးသည်။ ကိန်းအောင်းနေသောပင်ကိုစွမ်းရည်က အစွမ်းထက်ပါက ဒီရေစီးကြောင်းအများအပြားကို ခံနိုင်ရည်ရှိသည်။ ပင်ကိုစွမ်းရည်အားနည်းပါက ပညာရပ်များမည်မျှကျင့်ကြံထားသည်ဖြစ်စေ ထိုသို့ပြုလုပ်ရန်ခက်ခဲမည်ဖြစ်သည်။ ဒီရေစီးကြောင်းအများအပြားကိုဖန်တီးရန်ကြိုးပမ်းခြင်းသည် တာအိုအခြေခံကိုပြိုကွဲစေနိုင်ပြီး သေဆုံးသည်အထိဖြစ်စေနိုင်သည်။

ထို့အတူပင် သာမန် ပညာရပ်များသာကျင့်ကြံထားပြီး ပင်ကိုစွမ်းရည်မြင့်မားသောလူတစ်ယောက်အတွက်လည်း ခက်ခဲနိုင်သည်။

ထို့ကြောင့်ပညာရပ်များနှင့် ပင်ကိုစွမ်းရည်တို့ပေါင်းစည်း၍သာ အောင်မြင်အောင်ပြုလုပ်နိုင်မည်ဖြစ်သည်။ ထိုနှစ်ခုစလုံးကိုလိုအပ်၏။

ပိုင်ရှောင်ချန်း၏ ပထမဆုံးစိတ်စွမ်းအင်ပင်လယ်ပြင်တွင် ဒယ်အိုးတစ်လုံးပါရှိလေသည်။ ထိုဒယ်စောက်အိုးက သူကျင့်ကြံခဲ့သောပထမဆုံးပညာရပ်ဖြစ်သည့် ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်နည်းပညာရပ်ကို ကိုယ်စားပြုသည်။

All Chapters