← Chapters

လာပါ... ငါ့ခေါင်းကိုပုတ်ပေးပါ

Vol. 13 Ch. 121

လာပါ... ငါ့ခေါင်းကိုပုတ်ပေးပါ

Vol. 13 Ch. 121

နောက်တစ်နေ့တွင် လူတိုင်း၏မျက်စိရှေ့မှောက်မှာပင် ကျန်းချန်သည် စာရင်း၏ထိပ်ဆုံးတွင်ရှိသော လူဖန်းကို နောက်ထပ် ပါရမီတစ်ဆင့်မြှင့်တင်ပေးလိုက်၏။ ထိုသို့ဖြင့် လူဖန်း၏ပါရမီမှာ အဆင့် ၄ သို့ ရောက်ရှိသွားပြီး အင်မော်တယ်မိုချန်နှင့် တန်းတူဖြစ်သွားတော့သည်။

အကြီးအကဲမိုခမျာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်တော့ပေ။ သူ နိမိတ်တစ်ခုရနေသည်...

ဤတပည့်တစ်သိုက်သာ အင်မော်တယ်နယ်မြေသို့ တက်လှမ်းသွားကြပါက ဂိုဏ်းချုပ်ရှေ့တွင် သူ၏အခွင့်ထူးခံအနေအထားမှာ တစ်သက်လုံး ပျောက်ကွယ်သွားပေတော့မည်။ သို့သော်လည်း လက်ရှိတွင် သူတို့ကိုလမ်းညွှန်ပြသနေသည့် ဆရာတစ်ဦးဖြစ်နေသေးသည်ကို တွေးမိသောအခါမှသာ စိတ်သက်သာရာရသွားသည်။

ထိုသူတော်စင်ဆေးလုံးကို ချေဖျက်ယူပြီးနောက် သူ၏ပျက်စီးနေသောဝိညာဉ်မှာ သိသိသာသာ ပြန်လည်စုစည်းလာ၏။ သူ၏ခွန်အားအချို့ကို ပြန်လည်ရရှိလာသော်လည်း အထွတ်အထိပ်ကာလနှင့်ယှဉ်လျှင်မူ ဝေးနေသေးသည်။

ကျန်းချန် စနစ်ဖြင့်စစ်ဆေးကြည့်ရာ လူအိုကြီး၏တန်ဖိုးမှာ မူလက အမှတ် ၁၀,၀၀၀ ရှိရာမှ အမှတ် ၁၅၀,၀၀၀ အထိ တက်လာသည်ကို တွေ့ရသည်။ မိုချန်၏အခြေအနေ ကောင်းမွန်လာလေလေ၊ စနစ်က သူ့တန်ဖိုးကိုမြှင့်တင်ပေးလေလေ ဖြစ်ပုံရသည်။

နောက်ပိုင်းကာလများတွင် ဖေးရှန်ဂိုဏ်းတစ်ခုလုံးသည် ပေါက်ကွဲထွက်မတတ် တိုးတက်မှုအရှိန်အဟုန်ထဲသို့ ရောက်ရှိသွား၏။ ကျိလင်းဟန်၊ လင်းနင်၊ လော့ယွမ်နှင့် အခြားသူများသည် ရွှမ်ကျီရုပ်ပုံအတွင်းသို့ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်သွားကြသည်။

ပါရမီအဆင့်မမြှင့်ရသေးသော ကျန်တပည့်များမှာမူ အပြင်တွင်ကျန်ရစ်ကာ အကြီးအကဲမို၏ သင်ကြားမှုများကိုနာယူကြ၏။ အဆင့်မြှင့်ပြီးသည်နှင့် ကျန်းချန်က သူတို့ကို ရွှမ်ကျီရုပ်ပုံထဲသို့ ကန်ထည့်လိုက်တော့သည်။

မိုချန်မှာမူ အံ့ဩစရာ မကျန်တော့ပေ။ အင်မော်တယ်နယ်မြေတွင်လည်း အချိန်ကိုထိန်းချုပ်နိုင်သော ရတနာများရှိသည်။ အချိန်စီးဆင်းမှု အဆတစ်ရာမြန်စေခြင်းမှာပင် အထွတ်အထိပ်ရတနာဟု သတ်မှတ်ခံရပြီး နယ်ပယ်၏ အတော်ဆုံးပုဂ္ဂိုလ်များသာ ပိုင်ဆိုင်ကြသည်။

ထိုရတနာများ၏ ထူးခြားချက်မှာ အလုပ်လုပ်ရန်အတွက် အင်မော်တယ်ကျောက်တုံး အမြောက်အမြားကို အဆက်မပြတ် လောင်ကျွမ်းစေရခြင်း ဖြစ်သည်။ မည်သည့်ကုန်ကျစရိတ်မျှမရှိဘဲ အချိန်ကိုအဆပေါင်းထောင်ချီမြန်စေနိုင်သောဂိုဏ်းချုပ်မျိုးမှာ တစ်ကမ္ဘာလုံးတွင်မရှိနိုင်ပေ။

သို့သော်လည်း ကောင်းကင်သားတော်ဆိုသည့် ကံကြမ္မာကြောင့်...

အားလုံးကပုံမှန်ပါပဲလေ။ စိတ်အေးအေးထားပါ... စိတ်အေးအေးထား...

နှစ်လကြာပြီးနောက် တပည့်အားလုံးကို အဆင့်မြှင့်တင်ပေးပြီးချိန်တွင် ကျန်းချန်က လော့ယွမ်ကို အပြင်သို့ပြန်ခေါ်လိုက်သည်။ လော့ယွမ်ထွက်လာသည့်အခိုက်တွင် ကျန်းချန်ပင်လန့်သွား၏။

ဤကောင်လေးမှာ ကောင်းကင်ကံကြမ္မာအဆင့် ၂ သို့ ရောက်နေလေပြီ။

သို့သော် ပြန်တွက်ကြည့်လျှင် ယုတ္တိရှိ၏။ လော့ယွမ်သည် အတွင်းတွင် ရက်ပေါင်း ၇၀ ခန့် ကုန်ဆုံးခဲ့သည်။ ရွှမ်ကျီရုပ်ပုံ၏ အဆ ၃,၆၀၀ မြန်သော အချိန်နှုန်းနှင့်ဆိုလျှင် ၎င်းမှာ နှစ်ပေါင်း ၆၉၀ နှင့်ညီမျှသည်။

"ဂိုဏ်းချုပ်"

နှစ်ပေါင်း ၆၉၀ အကြာတွင် ပြန်လည်ဆုံတွေ့ရသဖြင့် လော့ယွမ်သည် ဒူးထောက်ကာ ငိုယိုတော့သည်။

"ကျွန်တော် ဂိုဏ်းချုပ်ကိုပြန်တွေ့ရပြီ..."

"အထဲမှာ လူတွေအများကြီးရှိနေတာပဲ။ မင်း မပျင်းရပါဘူး"

"ဂိုဏ်းချုပ်မရှိတဲ့နေ့ရက်တွေက ဖျော့တော့ပြီး အဓိပ္ပါယ်မရှိပါဘူးဗျာ"

နှစ်ပေါင်း ၆၉၀ ကြာသွားသော်လည်း လော့ယွမ်၏မြှောက်ပင့်နိုင်စွမ်းမှာ မပျက်စီးသေးပေ။

"ကဲ... တော်တော့။ ငါက ယောက်ျားချင်းစိတ်မဝင်စားဘူး။ မင်းကိုခေါ်လိုက်တာက ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲမှု လုပ်ပေးဖို့ပဲ"

လော့ယွမ်သည် လက်ရှိတွင် ကောင်းကင်ကံကြမ္မာအဆင့်၌ အဆင့်တစ်ခုတက်တိုင်း အမှတ် ၂၂,၀၀၀ ပေးသော်လည်း ကျန်းချန်အတွက်မူ ထိုပမာဏမှာ မလုံလောက်သေးပေ။ ကျိလင်းဟန်က အမှတ် ၃၀၀,၀၀၀ ပေးနိုင်ပြီး၊ လင်းနင်ကမူ အမှတ် ၅၀၀,၀၀၀ အထိ ပေးနိုင်သည်။

"ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲမှု... အဲဒါက ဘာလဲဟင်"

"ဘာမှမဟုတ်ပါဘူး... မကြာခင် မင်းသိလာမှာပါ"

ထိုသို့ပြောပြီး ကျန်းချန်က လော့ယွမ်၏ခေါင်းကို နောက်တစ်ကြိမ်ပုတ်လိုက်သည်။ ချက်ချင်းပင် လော့ယွမ်၏ပါရမီမှာ အဆင့် ၄ သို့ မြင့်တက်သွား၏။ စနစ်ထဲတွင်စစ်ဆေးကြည့်ရာ နောက်ပိုင်းအဆင့်တက်တိုင်း အမှတ် ၇၅,၀၀၀ ရရှိမည် ဖြစ်သည်။

"ငါ့ရဲ့ပါရမီက ထပ်ပြီးအဆင့်တက်သွားပြန်ပြီလား"

လော့ယွမ်ကိုယ်တိုင်ပင် မယုံနိုင်အောင်ဖြစ်နေသည်။ အရာအားလုံးက အိပ်မက်တစ်ခုလိုပင်။

သို့သော် သူ၏ဝိညာဉ်စွမ်းအားကို ခံစားနိုင်စွမ်း၊ စုပ်ယူနိုင်စွမ်းနှင့် နိယာမများကို နားလည်နိုင်စွမ်းတို့မှာ မိုးထိုးမတတ်ပြောင်းလဲသွားသည်မှာ အစစ်အမှန်ဖြစ်သည်။

"ဂိုဏ်းချုပ်..."

သူသည် သစ္စာရှိကြောင်းနှင့် စိတ်လှုပ်ရှားစရာစကားများ ပြောရန်ပြင်လိုက်သော်လည်း အစ်ကိုကြီးချန်က သူ့ကို ရွှမ်ကျီရုပ်ပုံထဲသို့ နောက်တစ်ကြိမ် ကန်ထည့်လိုက်သည်။

ပါရမီတိုးတက်သွားပြီဆိုတော့ မြန်မြန်သွားပြီးကျင့်ကြံတော့လေ...

ဤဖြစ်စဉ်တစ်ခုလုံးကိုကြည့်နေသော မိုချန်၏ကမ္ဘာကြီးမှာ နောက်တစ်ကြိမ်ပျက်စီးသွားရပြန်သည်။

ဤအဆင့်မြှင့်တင်မှုက လူတစ်ယောက်တည်းကို နှစ်ကြိမ်လုပ်ပေးလို့ရတာလား...

အင်းလေ... ကောင်းကင်သားတော်ပဲ... နားလည်ပေးလို့ရပါတယ်... ပုံမှန်ပါပဲ...

ယခုအခါ သူ လုံးဝထုံထိုင်းသွားလေပြီ။ အရာအားလုံးကို ကောင်းကင်သားတော်နှင့် လွှဲချတတ်သွား၏။

ထိုအချိန်တွင် ပျောက်ချက်သားကောင်းနေသော မျက်စိသုံးလုံးကျား ရုတ်တရက်ပေါ်လာသည်။

"ဟေ့ကောင်... မင်းဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

၎င်းက ကျန်းချန်အနားသို့ ဖော်လံဖားအပြုံးဖြင့်ကပ်လာသည်။

"ငါ့ကိုလည်း အဲဒီလို တစ်ကြိမ်လောက်လုပ်ပေးလို့ရမလား"

၎င်းသည် မကြာသေးမီက ငြိမ်နေသော်လည်း ဖေးရှန်ဂိုဏ်းထဲက ဖြစ်ပျက်သမျှကို အကုန်သိသည်။

ပထမအကြိမ် ကျန်းချန်က လော့ယွမ်ကို အဆင့်မြှင့်စဉ် ကျားဘုရင်၏ဂုဏ်သိက္ခာကို ထိန်းနိုင်သေးသည်။ ယခု တပည့်တိုင်းအဆင့်တက်သွားပြီး လော့ယွမ်မှာ နှစ်ကြိမ်အဆင့်တက်သွားသည်ကို မြင်သောအခါ မနေနိုင်တော့ပေ။

ကျန်းချန် စနစ်ဖြင့် စကန်ဖတ်ကြည့်လိုက်သည်။

ပစ်မှတ်- မျက်စိသုံးလုံးကျား

ပါရမီ- အဆင့် ၂

အဆင့်မြှင့်နိုင်သောအဆင့်- အဆင့် ၁

ကုန်ကျမည့်မှတ်- ၉,၅၀၀,၀၀၀,၀၀၀ (၉.၅ ဘီလီယံ)

ဟာ... ဒီအရှက်မရှိတဲ့ကျားစုတ်က ပါရမီက အဆင့် ၂ တောင် ရှိတာလား...

ကျန်းချန် မှင်သက်သွား၏။ ဤကျား၏ပါရမီမှာ ကျိလင်းဟန်နှင့် လင်းနင် ပေါင်းထားသည်ထက်ပင် သာလွန်နေသည်။

ဤမျှ ကောင်းမွန်သောပါရမီရှိပါလျက် သူ့ထံတွင်သစ္စာမခံထားသဖြင့် သူ့လူမဟုတ်သေးချေ။ သို့မဟုတ်ပါက ၎င်းအဆင့်တက်တိုင်း ကျန်းချန်သည် အမှတ်ပေါင်း ဘီလီယံချီနှင့်၍ရနိုင်မည်ဖြစ်သည်။

နှမြောစရာကြီးကွာ...

မျက်စိသုံးလုံးကျားသည် နတ်မိစ္ဆာနယ်မြေ၏ မိစ္ဆာဘုရင် ၁၂ ပါးထဲတွင် အောက်ဆုံးအဆင့် ဖြစ်သော်လည်း ၎င်းသည် အမြဲတမ်းပျော်ပါးနေပြီး ကျင့်ကြံခြင်းကို ကျန်းချန်ကဲ့သို့ပင် ပျင်းရိစွာ လုပ်ဆောင်ခဲ့သူဖြစ်သည်။

ဤကဲ့သို့ ကောင်းကင်ကိုဆန့်ကျင်သောပါရမီမရှိပါက ၎င်းသည် နှစ်ပေါင်းတစ်သောင်းအတွင်း ကျားဘုရင်အဆင့်သို့ မည်သို့ရောက်နိုင်ပါမည်နည်း။

ကုန်ကျမည့် အမှတ် ၉.၅ ဘီလီယံကိုကြည့်ပြီး ကျန်းချန် ပြောချင်စိတ်ပင်မရှိတော့ပေ။

"ငါ့ရှေ့မှာ ကျားဘုရင်လို့သုံးနေတုန်းလား။ သွား... တခြားမှာသွားကစားချေ"

ယခင်ကဆိုလျှင် ကျားကြီးမှာပြန်ခံပြောပေလိမ့်မည်။ သို့သော် ယခုမူ အောင့်အည်းသည်းခံနေရှာသည်။

"မျက်နှာသာပေးပါဦးကွာ... ဂိုဏ်းစောင့်နတ်သားရဲသန်မာလာရင် မင်းလည်းမျက်နှာပွင့်တာပေါ့ မဟုတ်ဘူးလား"

ကျန်းချန်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်

"မင်းက သုံးနှစ်ပဲနေမယ်လို့ပြောထားတာလေ။ အမြဲတမ်းဂိုဏ်းစောင့်နတ်သားရဲမှ မဟုတ်တာ"

"ခေါင်းလေးပုတ်ရုံတင်လေ... ဘာမှလည်းမကုန်ဘဲနဲ့။ အရမ်းမတွန့်တိုပါနဲ့ကွာ"

အကျိုးအမြတ်ရှေ့တွင် ကျားကြီးမှာ သိက္ခာကိုလုံးဝမငဲ့တော့ပေ။

"လာပါ... ငါ့ခေါင်းကို ပုတ်ပေးပါ"

၎င်းက ကျန်းချန်၏လက်ဖဝါးထဲသို့ ဦးခေါင်းဖြင့်တိုးဝှေ့လိုက်သည်။

"ဟဲဟဲ... မင်းကြိုက်တယ်ဆိုရင် ငါ့ဖင်ကိုပုတ်ရင်လည်းရတယ်နော်"

မိုချန် တိတ်တဆိတ်ကဲ့ရဲ့လိုက်သည်

ကျားဖင်ကိုမထိရဘူးဆိုတဲ့စကားက ဘယ်ရောက်သွားတာလဲ...

ကျန်းချန်မှာ စိတ်ပျက်လက်ပျက်ဖြင့် ရယ်မိတော့သည်။

"အမှတ် ၉.၅ ဘီလီယံ ကုန်မှာကွ။ ငါ့မှာ အခု အမှတ် ၉၅ သန်းတောင် မရှိဘူး"

"ဘယ်သူက ဘာမှမကုန်ဘူးပြောလဲ... မင်း ငါ့ရဲ့ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ဖြစ်လာတဲ့အခါမှ ပြန်ပြောကြတာပေါ့"

သူသည် လက်တစ်ချက်ဝှေ့ကာ ထိုအရှက်မရှိသောကျားကို လွင့်ထွက်သွားအောင်လုပ်လိုက်၏။

ချော့၍မရသောအခါ မျက်စိသုံးလုံးကျားမှာ ဒေါသထွက်သွားသည်။

"ဟေ့ကောင်... မင်းအရမ်းလွန်လာပြီနော်။ ကျားဘုရင်တစ်ပါးကို မင်းရဲ့အိမ်မွေးတိရစ္ဆာန်လုပ်ချင်တာလား... မင်း ထိန်းနိုင်ပါ့မလား"

ကျန်းချန်က ပုခုံးတွန့်ပြသည်

"မင်း သဘောမတူရင်လည်း နေပေါ့... ဘယ်သူမှ အတင်းမတိုက်တွန်းပါဘူး"

ထိုစကားကြောင့် ကျားကြီးမှာ လေလျှော့သွားရပြန်သည်။ ၎င်းသည် ထိုကောင်လေးကို ဖိအားပေးရန် နည်းလမ်းရှာမရဖြစ်နေ၏။

ပြီးတော့ ယခင်ကသဘောမတူခဲ့သော မိုချန်သည်ပင် အခုဆိုလျှင် နေ့တိုင်းကျေနပ်ပျော်ရွှင်နေသည် မဟုတ်ပါလား။ ၎င်းသည်လည်း မိုချန်၏ခြေရာကို လိုက်ရတော့မည်လော...

နောက်ထပ် နှစ်လအတွင်း ကျန်းချန်သည် ကျန်တပည့်များကို ဒုတိယအကြိမ် အဆင့်မြှင့်တင်ပေးခဲ့သည်။ နောက်ဆုံးတွင် တပည့်တိုင်းမှာ အဆင့် ၄ ပါရမီကို ပိုင်ဆိုင်သွား၏။

သူတို့သာ အသက်ရှင်နေသရွေ့ တစ်နေ့တွင် အင်မော်တယ်ဖြစ်လာကြမည်မှာသေချာသည်။

ထို့နောက်တွင် ဖေးရှန်ဂိုဏ်းမှာ တိတ်ဆိတ်ခြောက်ကပ်သွားသည်။ မျက်စိသုံးလုံးကျားကို တစ်နေ့လုံး မမြင်ရတော့သလို၊ အဝါလေးမှာလည်း ဝိညာဉ်သွေးကြောထဲတွင် အမြဲတမ်းအိပ်ပျော်နေတတ်သည်။

လန်ယီကို ပေးထားသောကတိကိုသတိရကာ ကျန်းချန်သည် အင်မော်တယ်ဟောင်းမိုချန်ကို သွားရှာလိုက်သည်။

"တစ်ခုမေးချင်လို့။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းအတွင်းမှာ အင်မော်တယ်အဖြစ်တက်လှမ်းမယ့်လမ်းကြောင်းက လုံးဝပြတ်တောက်သွားခဲ့တာလား"

All Chapters