တက်လှမ်းသူများနှင့် ဒေသခံများ
Vol. 13 Ch. 122
အကယ်၍ အင်မော်တယ်အဖြစ်တက်လှမ်းခြင်းသည် လုံးဝမဖြစ်နိုင်တော့ပါက ဟင်းလင်းပြင်အင်မော်တယ်နယ်မြေမှတစ်ဆင့် အင်မော်တယ်နယ်မြေထဲသို့ခိုးဝင်ရန် လိုအပ်လာပေလိမ့်မည်။ ၎င်းသည် ကျန်းချန်ကိုယ်တိုင်အတွက်သာမက သူ၏ တပည့်တစ်သိုက်အတွက်ပါ အရေးကြီး၏။
"ဂိုဏ်းချုပ်... ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော် ကောင်းကောင်းနားမလည်ဘူး"
ကျန်းချန်၏စကားများကို ကြားသောအခါ မိုချန်မှာ ဝေခွဲမရဖြစ်သွားသည်။
ကျန်းချန်သည် လန်ယီပြောပြခဲ့သော အကြောင်းအရာများကို ပြန်လည်ပြောပြလိုက်သည်။
ဘာပဲဖြစ်ဖြစ် မိုချန်သည် သူ၏လူယုံတစ်ဦးဖြစ်နေပြီဖြစ်ရာ ပြောပြရန်ဝန်မလေးပေ။ စစ်မှန်သော အင်မော်တယ်တစ်ဦးဖြစ်သည့်တိုင် မိုချန်သည် ထိုအကြောင်းများကို ကြားပြီးနောက် မှင်သက်သွားရတော့သည်။
"ဒီလိုမျိုးရှိတာလား... ကျွန်တော် တစ်ခါမှမကြားဖူးဘူး"
"ခင်ဗျားက အင်မော်တယ်တစ်ယောက်မဟုတ်ဘူးလား... ဗဟုသုတ နည်းလှချည်လား..."
ကျန်းချန်မှာ အတော်လေး စိတ်ပျက်သွားသည်။ ဤအင်မော်တယ်ဟောင်းထံမှ အကြံဉာဏ်ကောင်းအချို့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း မိုချန်သည်လည်း သူနှင့်အတူ အမှောင်ထဲတွင် စမ်းတဝါးဝါးဖြစ်နေ၏။
"ဂိုဏ်းချုပ် မသိလို့ပါ။ ကျွန်တော်က လွန်ခဲ့တဲ့နှစ်ပေါင်းသန်းချီက အင်မော်တယ်နယ်မြေတိုက်ပွဲကြီးမှာ သေဆုံးခဲ့တာ။ အဲဒီတုန်းက ဟင်းလင်းပြင်အင်မော်တယ်နယ်မြေဆိုတာ ရှိတောင်မရှိသေးဘူး ထင်တယ်"
"အဲဒီအချိန်ကစပြီး ကျွန်တော်က ဒီသွေးပြောင်းလဲခြင်းဓားထဲမှာပဲ မနည်းအသက်ဆက်နေခဲ့ရတာဆိုတော့ ပြင်ပလောကအခြေအနေကို ဘာမှမသိတော့ဘူး"
"အင်းလေ... ထားပါတော့"
ကျန်းချန် သက်ပြင်းချလိုက်သည်။ သူ၏ ကိုယ်ပိုင်စူးစမ်းမှုအပေါ်မှာသာ အားကိုးရတော့မည်။
မိုချန်သည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် ရုတ်တရက် ရေရွတ်လိုက်သည်
"တကယ်လို့ အောက်လောကကနေ အင်မော်တယ်အဖြစ်တက်လှမ်းလို့ မရတော့ဘူးဆိုရင်၊ အင်မော်တယ်နယ်မြေက လူအများစုအတွက်တော့ ဒါက သတင်းကောင်းဖြစ်လိမ့်မယ်"
"ဘာကိုဆိုလိုတာလဲ"
"ဂိုဏ်းချုပ် မသိလို့ပါ။ အင်မော်တယ်နယ်မြေက အင်အားကြီးအဖွဲ့အစည်းတွေဟာ အောက်လောကကနေ တက်လာတဲ့သူတွေကို သိပ်ပြီးမကြိုဆိုကြဘူး"
"ဘာလို့လဲ"
"အဲဒါက ပြောရရင်အရှည်ကြီးပဲ"
မိုချန်၏ရှင်းပြချက်အရ ကျန်းချန်သည် အခြေအနေကို စတင်နားလည်လာခဲ့သည်။
အင်မော်တယ်နယ်မြေ၏ ပထမဆုံးအင်မော်တယ်အစုအဖွဲ့မှာ လွန်ခဲ့သော ကမ္ဘာပျက်ကပ်များစွာကတည်းက တက်လှမ်းခဲ့ကြသူများဖြစ်သည်။
နောက်ပိုင်းတွင် တက်လှမ်းသူများ များပြားလာသည်နှင့်အမျှ ထိပ်တန်းအင်အားကြီး အဖွဲ့အစည်းများ၊ မျိုးနွယ်စုကြီးများနှင့် ဂိုဏ်းကြီးများ ပေါ်ပေါက်လာခဲ့သည်။
အင်မော်တယ်နယ်မြေသည် အလွန်ကျယ်ပြောလှသော်လည်း အောက်လောကကဲ့သို့ပင် အာဏာလုမှုများနှင့် အရင်းအမြစ်အငြင်းပွားမှုများ ရှိနေဆဲပင်။ အရင်းအမြစ် မည်မျှပေါများပါစေ၊ လူရှိသည့်နေရာတွင် နှိုင်းယှဉ်မှုနှင့် ပဋိပက္ခများ ရှိစမြဲသာ။
နောက်ပိုင်းမှတက်လှမ်းလာသူများသည် အကောင်းဆုံးသော ကျင့်ကြံရာနေရာများနှင့် ရတနာများကို အစောပိုင်းကတည်းက အင်အားကြီးသူများ သိမ်းပိုက်ထားသည်ကို တွေ့ကြရသည်။ အင်မော်တယ်နယ်မြေ၏ နေရာအနှံ့သို့ သွားလာရန်ပင် အင်မော်တယ်ကျောက်တုံးများဖြင့် အခွန်ပေးရသည့် အခြေအနေမျိုးဖြစ်၏။
သူတို့၏ အစပိုင်းခရီးလမ်းမှာ အလွန်ခက်ခဲသည်။
သို့သော်လည်း တစ်ဖက်တွင်မူ တက်လှမ်းလာသူများ၏ ကိုယ်ပိုင်အရည်အချင်းမှာ အင်မော်တယ်နယ်မြေမှ ဒေသခံများထက် များစွာသာလွန်လေ့ရှိသည်။ အင်မော်တယ်နယ်မြေတွင် လူဦးရေအများဆုံးမှာ ထိုအစောပိုင်းအင်မော်တယ်များ၏ သားစဉ်မြေးဆက်များဖြစ်၏။ သူတို့သည် အင်မော်တယ်နယ်မြေ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသည်။
ဤဒေသခံများသည် ငယ်စဉ်ကတည်းက အင်မော်တယ်နယ်မြေတွင်နေထိုင်ကာ အင်မော်တယ်စွမ်းအင်များကို ရှူရှိုက်ပြီး၊ အင်မော်တယ်ကျောက်တုံးများနှင့် ဆေးလုံးများကို အသုံးပြုခွင့်ရကြသူများဖြစ်သည်။ အဆင်းရဲဆုံးသူပင်လျှင် သူတော်စင်အဆင့် လက်နက် သို့မဟုတ် ဆေးလုံးများကိုရရှိရန် မခက်ခဲပေ။
မိုချန်၏အဆိုအရ လော့ယွမ်၏မူလပါရမီ (အဆင့်မမြှင့်မီက ပါရမီ) နှင့်ဆိုလျှင်ပင် အင်မော်တယ်နယ်မြေတွင်နေထိုင်ပါက တစ်နေ့တွင် အင်မော်တယ်ဖြစ်လာမည်မှာမလွဲပေ။ အကြောင်းမှာ သူတို့၏အရင်းအမြစ်နှင့် အခြေအနေမှာ အလွန်ကောင်းမွန်လွန်းသောကြောင့်ဖြစ်သည်။ သို့သော် ထိုဒေသခံများထဲတွင် ထိပ်တန်းပါရမီရှင်မှာ အနည်းငယ်သာရှိသည်။
အပြန်အလှန်အားဖြင့် တက်လှမ်းလာသူများမှာမူ လုံးဝဆန့်ကျင်ဖက်ဖြစ်သည်။ တက်လှမ်းနိုင်သူတိုင်းမှာ ခြွင်းချက်မရှိ သူတို့၏သက်ဆိုင်ရာအောက်လောက နယ်မြေများတွင် ထိပ်တန်းပါရမီရှင်များဖြစ်၏။ အောက်လောက၏ နည်းပါးလှသော အရင်းအမြစ်များဖြင့် အင်မော်တယ်ဖြစ်အောင် ကျင့်ကြံနိုင်သူများဖြစ်ရာ သူတို့၏ပါရမီ မည်မျှကောင်းမွန်မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ခန္ဓာကိုယ်လေ့ကျင့်ခြင်းမှစ၍ အတားအဆီးပေါင်းများစွာကို ကျော်ဖြတ်ကာ ကျင့်ကြံသူ သန်းထောင်ချီထဲမှ ထူးချွန်ထွက်ပေါ်လာသူများဖြစ်ကြသည်။ ထိုသို့လုပ်နိုင်သူတိုင်းမှာ မယိုင်လဲသောစိတ်ဓာတ်ကို ပိုင်ဆိုင်ကြသူများဖြစ်သည့်အပြင် သူတို့သည် အောက်လောကတွင် ဂိုဏ်းချုပ် သို့မဟုတ် အကြီးအကဲများကဲ့သို့ အာဏာရှိသူများဖြစ်ခဲ့ကြသဖြင့် သူတို့၏ အတွေးအခေါ်၊ မဟာဗျူဟာနှင့် အမြင်မှာ အခြားသူများထက်သာလွန်သည်။
ဤကဲ့သို့သောလူများကို မည်သည့်နေရာသို့ ပစ်ချထားပါစေ၊ နောက်ဆုံးတွင် သူတို့သည် ကြီးကျယ်သောအရာများကို လုပ်ဆောင်ပြကြမြဲပင်။
အင်မော်တယ်နယ်မြေသို့ စတင်ဝင်ရောက်ချိန်တွင် သူတို့၏အခြေအနေမှာ နိမ့်ကျနေနိုင်သော်လည်း အသက်ရှင်သရွေ့ သူတို့သည် ဒေသခံများကိုကျော်တက်ကာ ပြန်လည်ဦးမော့လာကြလေ့ရှိသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၃၇၀ တုန်းက အောက်လောကမှာ လင်းရွှမ်ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။ သူအင်မော်တယ်အဖြစ် တက်လှမ်းပြီးတဲ့အခါ ကံမကောင်းစွာနဲ့ တောင်ဘက်ကမ်းပါး ကောင်းကင်နယ်မြေက မျိုးနွယ်စုကြီးတစ်ခုရဲ့ အင်မော်တယ်ကျောက်တွင်းထဲကို ရောက်သွားခဲ့တယ်"
"နောက်ဘာဖြစ်လဲဆိုတာ ဂိုဏ်းချုပ်သိလား"
"ဘာဖြစ်လို့လဲ... သူက အဲဒီကျောက်တုံးတွေကို အကုန်သိမ်းကျုံးယူသွားလို့လား"
"အဟွတ်... အဟွတ်..."
မိုချန်သည် ကျန်းချန်၏ ထူးဆန်းသောအတွေးများကို လိုက်မမီဖြစ်နေရသည်။
"သူက အဲဒီတုန်းက စစ်မှန်သောအင်မော်တယ်အဆင့် ၁ ပဲ ရှိသေးတာ။ အဲဒီမျိုးနွယ်စုမှာ ကောင်းကင်အင်မော်တယ်အဆင့် ၃ တွေတောင် ရှိတာဆိုတော့ သူမယှဉ်နိုင်ဘူး။ ဒါကြောင့် သူအဖမ်းခံရပြီး ဝိညာဉ်တံဆိပ်ခတ်နှိပ်ခံရပြီး ကျောက်မိုင်းတူးကျွန်အဖြစ် နေ့ရောညပါ ခိုင်းစေခံခဲ့ရတယ်"
"အဲဒီလောက်တောင် သနားစရာကောင်းတာလား"
"ဟုတ်တယ်။ ဒါပေမဲ့ ဒီလူက အဲဒီမျိုးနွယ်စုကဖိနှိပ်ထားနိုင်တဲ့သူ မဟုတ်ဘူး။ နှစ်ပေါင်းသုံးသောင်းအတွင်းမှာတင် သူက ကောင်းကင်အင်မော်တယ်အဆင့် ၉ ဖြစ်လာခဲ့တယ်"
"ပြီးတော့ရော"
"ပြီးတော့ သူက ဝိညာဉ်တံဆိပ်ကို တိတ်တဆိတ်ချိုးဖျက်ပြီး အဲဒီမျိုးနွယ်စုတစ်ခုလုံးကိုသတ်ပြီး ရတနာတွေကို လုယူသွားခဲ့တယ်"
မိုချန်က ဖြည်းဖြည်းချင်းဆက်ပြောသည်...
"ဒီကိစ္စက အဲဒီအချိန်က တစ်နယ်လုံးကိုတုန်လှုပ်စေခဲ့တယ်။ ပတ်ဝန်းကျင်က ဂိုဏ်းကြီးတွေ၊ မျိုးနွယ်စုတွေ အကုန်ဝိုင်းရှာကြပေမဲ့ သူ့ကိုရှာမတွေ့တော့ဘူး"
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ သန်းလောက် ရောက်မှ အင်မော်တယ်ဘုရင်ရွှမ်လော့ဆိုတဲ့အမည်နဲ့ သူပြန်ပေါ်လာပြီး အဲဒီ ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေ အကုန်လုံးကို နှိမ်နင်းသတ်ဖြတ်ပစ်လိုက်တယ်"
"ပြီးတော့..."
"နောက်ပိုင်းမှာ သူက တခြားအင်မော်တယ်ဘုရင်တွေရဲ့ လိုက်လံတိုက်ခိုက်မှုကို ခံရပေမဲ့၊ တိုက်ပွဲတိုင်းမှာ ပိုပြီးသန်မာလာခဲ့တယ်။ နောက်ဆုံး နှစ်ပေါင်း သန်း ၃၀ ရောက်တဲ့အခါ သူဟာ အင်မော်တယ်ဧကရာဇ်ဖြစ်လာခဲ့ပြီး ဘယ်သူမှ သူ့ကိုမထိရဲတော့ဘူး"
"အဲဒါ တကယ်အထင်ကြီးစရာပဲ..."
အစ်ကိုကြီးချန်သည် ထိုပုဂ္ဂိုလ်ကို အဝေးကနေပင်ချီးကျူးလိုက်မိသည်။
အင်မော်တယ်နယ်မြေမှ ဒေသခံများသည် တက်လှမ်းသူများကို အဘယ်ကြောင့် မကြိုဆိုကြသည်ကိုလည်း သူနားလည်သွားသည်။ တက်လှမ်းလာသူများ တိုးတက်လာသည်နှင့်အမျှ အရင်းအမြစ်များကို ခွဲဝေယူထားသော ဒေသခံများနှင့် ပဋိပက္ခဖြစ်လာရန် သေချာသည်။
အဆင့်နိမ့်တိုက်ပွဲများမှာ ကိစ္စမရှိသော်လည်း အင်မော်တယ်ဧကရာဇ်ရွှမ်လော့ကဲ့သို့သော ပုဂ္ဂိုလ်မျိုးပေါ်လာပါက အင်မော်တယ်နယ်မြေ၏ လက်ရှိအခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပေသည်။
ဒေသခံများသာမက အစောပိုင်းကတည်းကတက်လှမ်းပြီး နေရာရနေသူများသည်ပင် နောက်ထပ် ပြိုင်ဘက်သစ်များပေါ်လာမည်ကို မလိုလားကြပေ။
ကျန်းချန် ရုတ်တရက် အတွေးတစ်ခုရလာသည်။
" ဒီဟင်းလင်းပြင်အင်မော်တယ်နယ်မြေဆိုတာက အင်မော်တယ်နယ်မြေကလူတွေ တမင်ဖန်တီးထားတာဖြစ်နိုင်မလား"
မိုချန် မှင်သက်သွားသည်။ ထိုအတွေးမှာ အလွန်ပင်ရဲတင်းလွန်းသည်ဟု ပြောချင်သော်လည်း သေချာစဉ်းစားကြည့်လျှင် အမှန်တကယ်ဖြစ်နိုင်ခြေရှိသည်။ အောက်လောကမှ အင်မော်တယ်အသစ်များ တက်မလာတော့ပါက အင်မော်တယ်နယ်မြေမှ ဒေသခံများအတွက် အကျိုးကျေးဇူးကြီးပေလိမ့်မည်။
"အောက်လောကရဲ့ နယ်မြေပေါင်းတစ်သောင်းကနေ အင်မော်တယ်တက်လှမ်းမယ့် လမ်းကြောင်းတွေကို ပိတ်ဆို့ပစ်ဖို့ဆိုတာက တကယ့်ကိုကြီးကျယ်တဲ့အစီအစဉ်ပဲ"
"အင်မော်တယ်ဧကရာဇ် အနည်းငယ် ဒါမှမဟုတ် နယ်မြေအနည်းငယ်နဲ့တော့ မဖြစ်နိုင်ဘူး"
မိုချန်သည် ခေါင်းကိုဖြည်းဖြည်းချင်းမော့ကာ ကောင်းကင်ကိုကြည့်လိုက်သည်
"ကျွန်တော်ထင်တယ်... အင်မော်တယ်နယ်မြေရဲ့ ထိပ်တန်းအင်အားကြီးအဖွဲ့အစည်းအကုန်လုံး ဒီကိစ္စမှာပါဝင်နေလိမ့်မယ်"
"ဂိုဏ်းချုပ်... ကျွန်တော်တို့ ဒီဟင်းလင်းပြင်အင်မော်တယ်နယ်မြေကို သွားမှဖြစ်မယ်။ မဟုတ်ရင် နောက်ထပ်အခွင့်အရေးရှိတော့မှာမဟုတ်ဘူး"
ကျန်းချန် သဘောတူလိုက်သည်။ လန်ယီနှင့် ချိန်းဆိုထားသော အချိန်သို့ရောက်ရန် ငါးလသာလိုတော့သဖြင့် ခရီးစတင်ရန်အချိန်ကျလေပြီ။ ထို့အပြင် ယခုတစ်ကြိမ်တွင် သူ၏တပည့်အားလုံးကိုပါခေါ်သွားရန် ရည်ရွယ်ထားသည်။
"ကြည့်ရတာ ငါတို့ဖေးရှန်ဂိုဏ်းက နေရာသစ်တစ်ခုကို ပြောင်းရွှေ့ရတော့မယ်ထင်တယ်"
ဖေးရှန်ဂိုဏ်းကို ပြောင်းရွှေ့ရန်မှာ အလွန်ပင်လွယ်ကူလှသည်။ တပည့်အားလုံးမှာ ရွှမ်ကျီရုပ်ပုံထဲတွင်ရှိနေသဖြင့် ဒီအတိုင်းသယ်သွားရုံသာ။ မိုချန်သည်လည်း သွေးပြောင်းလဲခြင်းဓား အသွင်ပြောင်းကာ သူနှင့်အတူပါလာနိုင်သည်။ မျက်စိသုံးလုံးကျားမှာ နတ်ဆိုးဘုရင်ဖြစ်သဖြင့် လိုက်လာရန်မခက်ခဲပေ။
သူအခုပိုပြီးစိုးရိမ်နေသည်မှာ သူ၏သမီးတော် အဝါလေးအတွက်ဖြစ်သည်။ သူမကိုပါ တစ်ပါတည်းခေါ်သွား၍ ရနိုင်မလားဆိုသည်ကို သူမသိသေးပေ။