← Chapters

မင်ရှင်းမြင့်မြတ်နယ်မြေ

Vol. 13 Ch. 123

မင်ရှင်းမြင့်မြတ်နယ်မြေ

Vol. 13 Ch. 123

"သမီးလေး... နေရာပြောင်းရအောင်နော်"

"ဒီမှာကပျော်စရာကောင်းတယ်မေမေ... သမီးမသွားချင်ဘူး"

ထိုစကားကိုကြားသောအခါ ကျန်းချန်စိတ်သက်သာရာရသွားသည်။ မှန်ပေသည်၊ အဝါလေးသည် အစောပိုင်းက တားမြစ်နယ်မြေအတွင်း၌ပင် အသက်ရှင်နိုင်ခဲ့ရာ နေရာပြောင်းရွှေ့ခြင်းမှာ သူမအတွက် ကိစ္စအသေးအမွှားမျှသာ။

"ငါတို့ ဒီထက်သာလွန်တဲ့နေရာကို ပြောင်းကြမယ်လေ။ အဲဒီမှာရှိတဲ့ ဝိညာဉ်သွေးကြောတွေက ဒီမှာထက်တောင် ပိုပြီးကောင်းသေးတယ်"

မိမိကိုယ်ကိုယ် အသိဉာဏ်မရှိသော မိန်းကလေးငယ်ကို ဖြားယောင်းသွေးဆောင်နေသည့် ထူးဆန်းသောဦးလေးကြီးတစ်ယောက်ကဲ့သို့ ခံစားနေရသော်လည်း အခြားနည်းလမ်းမရှိပေ။ နောင်တစ်ချိန် အင်မော်တယ်နယ်မြေသို့တက်လှမ်းသည့်အခါ သူမအား ဤနေရာ၌ တစ်ယောက်တည်း ထားရစ်ခဲ့၍မဖြစ်နိုင်ပါချေ။

"တကယ်လား... မေမေက ပိုကောင်းတဲ့ဝိညာဉ်သွေးကြောတွေကို ရှာပေးနိုင်လို့လား"

"ဒါပေါ့"

ဖေးရှန်ဂိုဏ်း၏ လက်ရှိ အဆင့် ၅ ဝိညာဉ်သွေးကြောမှာ အဝါလေး၏ ကိုယ်ပိုင်အစွမ်းဖြင့် အတင်းအဓမ္မမြှင့်တင်ထားခြင်းကြောင့် ဤအဆင့်ရှိနေခြင်းဖြစ်သည်။ ထိုမတိုင်မီကမူ ဤနေရာမှာ အဆင့် ၂ ဝိညာဉ်သွေးကြောလေးသာဖြစ်ပြီး ရတနာမြေဟုပင်မသတ်မှတ်နိုင်ပေ။ ကျန်းချန်၏ လက်ရှိအစွမ်းဖြင့်ဆိုလျှင် အဆင့် ၂ ထက်သာလွန်သောနေရာတစ်ခုရှာရန်မှာ လွန်စွာလွယ်ကူလှသည်။

"ဒါဆို မြန်မြန်သွားကြစို့"

ခုနကပင် မသွားချင်ဟုငြင်းဆန်နေသော ကလေးမလေးမှာ ယခုမူ သူ့ထက်ပင်လောနေတော့သည်။ သူမသည် ဝိညာဉ်သွေးကြောနှင့် သုံးမိုင်ခန့်ဝေးကွာသွားသည်နှင့် ဖေးရှန်ဂိုဏ်း၏ ဝိညာဉ်စွမ်းအားများမှာ သိသိသာသာလျော့နည်းသွားပြီး ဝိညာဉ်သွေးကြော၏အဆင့်မှာလည်း တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ မကြာမီမှာပင် မူလအတိုင်း အဆင့် ၂ သို့ ပြန်လည်ရောက်ရှိသွားတော့သည်။

"ဟေ့လူ... ဘာတွေဖြစ်ကုန်တာလဲ"

မျက်စိသုံးလုံးကျား ပျံသန်းရောက်ရှိလာသည်။ ၎င်းသည် ဖေးရှန်ဂိုဏ်း၌အသားကျလာရခြင်းမှာ ဤနေရာ၏ ဝိညာဉ်စွမ်းအားသိပ်သည်းဆ မြင့်မားလာခြင်းကြောင့်လည်းပါဝင်သည်။

"ဘာမှမဟုတ်ပါဘူး... ငါတို့နေရာရွှေ့မလို့"

"နေရာရွှေ့မယ်... ဘယ်ကိုလဲ"

မျက်စိသုံးလုံးကျားက နှုတ်ခမ်းမဲ့ကာမေးမြန်းသည်။

"မြောင်လော့တောင်၊ မင်ရှင်းမြင့်မြတ်နယ်မြေကို"

ဤနေရာမှာ လန်ယီနှင့်မခွဲခွာမီက ချိန်းဆိုထားခဲ့သောနေရာဖြစ်သည်။

ဟင်းလင်းပြင်အင်မော်တယ်နယ်မြေပွင့်မည့်အချိန် နီးကပ်လာပါက လန်ယီက ဖေးရှန်ဂိုဏ်းသို့လာရောက်ရှာဖွေရန် သို့မဟုတ် ကျန်းချန်က မင်ရှင်းမြင့်မြတ်နယ်မြေသို့ သွားရောက်ရှာဖွေရန် သဘောတူထားခြင်းဖြစ်သည်။

မည်သည့်နေရာသို့သွားမည်ကို ကြားလိုက်ရသည်နှင့် မျက်စိသုံးလုံးကျားသည် ချက်ချင်းပင် လေသံပြောင်းသွားတော့သည်။

"ဟေ့ကောင်... မြင့်မြတ်နယ်မြေဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို မင်းသိရဲ့လား"

"ဘာလဲ"

"အဲဒီမှာ အနည်းဆုံး သူတော်စင်အဆင့်ပညာရှင်တွေ စောင့်ကြပ်နေတယ်လို့ ဆိုလိုတာကွ"

ကျန်းချန်က သိပ်ဂရုမစိုက်ဟန်ဖြင့်

"မင်းက နတ်ဆိုးဘုရင်မဟုတ်ဘူးလား... သူတော်စင်တွေကိုနှိမ်နင်းဖို့က မင်းအတွက်လွယ်ကူမှာပါ"

"ငါက သူတော်စင်တွေကို ကြောက်တာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလိုနေရာမျိုးမှာတိုက်ခိုက်မိရင် သူတော်စင်အဆင့်ပညာရှင်အများအပြား ဝိုင်းလာနိုင်တယ်၊ အဲဒါက တကယ်ကိုဒုက္ခများတယ်"

မျက်စိသုံးလုံးကျားသည် အခြားနေရာများဆိုလျှင် ဂရုစိုက်မည်မဟုတ်။ နတ်ဆိုးဘုရင်အစွမ်းနှင့်ဆိုလျှင် ဤအောက်လောက၌ သူ့ကိုကြောက်လန့်အောင်လုပ်နိုင်သည့်နေရာ အလွန်ရှား၏။

သို့သော် သူတော်စင်အဆင့်ပညာရှင်များမှာ တစ်မျိုးဖြစ်သည်။ ထိုသူတို့မှာ ၎င်းနှင့်အဆင့်တူတည်ရှိမှုများ ဖြစ်ကြသည်။

ထို့အပြင် သူသည် နယ်မြေဖြတ်ကျော်လာသူဖြစ်၍ သူ၏အစွမ်းကို လောကနိယာမများက အတိုင်းအတာတစ်ခုအထိဖိနှိပ်ထားရာ အဆင့်တူချင်းဆိုလျှင် အားနည်းချက်ရှိနိုင်ပေသည်။

ကျီယွမ်မြင့်မြတ်နယ်မြေမှ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုလုယူစဉ်က မည်သူ့ကိုမျှမသတ်ရဲခဲ့ခြင်းမှာလည်း ဤအကြောင်းကြောင့်ပင်။ နယ်မြေဖြတ်ကျော်လာသော နတ်ဆိုးဘုရင်တစ်ပါး ပြဿနာရှာပါက ဝိုင်းဝန်းတိုက်ခိုက်ခံရရန် လွယ်ကူပေသည်။

"မင်းကြောက်နေတာလား"

ကျန်းချန်က ပြုံး၍မေးလိုက်သည်။ မျက်စိသုံးလုံးကျား မျက်လုံးပြူးသွားကာ

"ငါက..."

"အေး... တကယ်ကြောက်တယ်"

၎င်းသည် မြေခွေးအိုကြီးဖြစ်၍ မည်သည့်အချိန်တွင်ရှောင်ရမည်ကို ကောင်းစွာသိရှိသည်။

"စိတ်မပူပါနဲ့... မင်ရှင်းမြင့်မြတ်နယ်မြေမှာ ငါ့အသိတွေရှိတယ်၊ ငါတို့ရန်မဖြစ်ပါဘူး"

"တကယ်လား"

မျက်စိသုံးလုံးကျား၏မျက်နှာတွင် မယုံကြည်မှုများ ပြည့်နှက်နေသည်။ ဤလူငယ်သည် ယခုအခါ တာအိုနန်းတော်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ၎င်းတို့သိကျွမ်းလာသည်မှာ သိပ်မကြာသေးပေ။

အစောပိုင်းက ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်မျှသာရှိသောသူက မြင့်မြတ်နယ်မြေမှပုဂ္ဂိုလ်များနှင့် သိကျွမ်းသည်ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ဟု ၎င်းကယူဆထားသည်။

"ဒါပေါ့... ငါ့သူငယ်ချင်းက မင်ရှင်းမြင့်မြတ်နယ်မြေရဲ့ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ပဲ"

မင်ရှင်းမြင့်မြတ်နယ်မြေမှာ စုန်းမျိုးနွယ်၏ အခြေစိုက်စခန်းဖြစ်ရပေမည်။ လန်ယီက သူမသည် စုန်းမျိုးနွယ်၏ခေါင်းဆောင်ဟု ပြောကြားခဲ့ဖူးသည်။ ခေါင်းဆောင်ဆိုမှတော့ ရာထူးအာဏာကြီးမားပေလိမ့်မည်။

"ငါ့ကို လိမ်ဖို့မကြိုးစားနဲ့ဦး"

"မင်းကြောက်ရင် ဒီမှာပဲနေခဲ့လေ... ငါတို့ကတော့သွားပြီ"

ပြောဆိုပြီးနောက် ကျန်းချန်သည် မိုချန်အသွင်ပြောင်းထားသည့် သွေးပြောင်းလဲခြင်းဓားကို သိမ်းဆည်းကာ သမီးဖြစ်သူကိုပုခုံးပေါ်တင်၍ တည်နေရာရွှေ့ပြောင်းခြင်းကို စတင်လိုက်၏။ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ဖြင့် လူသယ်ဆောင်လိုပါက မိမိနှင့်တိုက်ရိုက်ထိတွေ့နေရန် လိုအပ်သည်။

မျက်စိသုံးလုံးကျားသည် အစကမသွားလိုသော်လည်း ကျန်းချန်၏ ပါရမီမြှင့်တင်ပေးနိုင်သည့် အင်မော်တယ်မှော်ပညာကို တွေးမိသောအခါ အမှန်တကယ်ပင် လိုက်လိုစိတ်ဖြစ်လာသည်။ ယခုဆိုလျှင် ၎င်းသည် ကျန်းချန်ကို လုံးဝမခွဲနိုင်တော့ပေ။ အနည်းဆုံးတော့ ဤလူငယ်ထံမှ အကျိုးအမြတ်တစ်ခုခုရရှိပြီးမှသာ ထွက်ခွာသင့်သည်မဟုတ်ပါလား...

"မင်း ဘယ်လိုသွားမှာလဲ... ငါ ကြိုပြောထားမယ်နော်... မင်းကို ငါ့ကျောပေါ်တင်ပြီး ခရီးသွားစေချင်ရင် အခြေအနေတစ်ခုကို သဘောတူရမယ်..."

နတ်ဆိုးဘုရင်တစ်ပါးအနေဖြင့် ၎င်း၏အရှိန်မှာ အလွန်မြန်ဆန်၏။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မရှိလျှင်ပင် တစ်နေ့လျှင်မိုင်သန်းပေါင်းများစွာ ပျံသန်းနိုင်စွမ်းရှိသည်။

"အဲဒီလိုလား... ဒါဆိုရင်တော့ မင်းဘာသာမင်း ဖြည်းဖြည်းချင်းပျံခဲ့တော့"

မျက်စိသုံးလုံးကျားစကားမဆုံးမီမှာပင် ကျန်းချန်သည် တည်နေရာရွှေ့ပြောင်းခြင်းကို အသက်သွင်းလိုက်ရာ လေဟုန်စီးသံနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် မိုင်ပေါင်း ၁၀ သန်းကျော် ခရီးနှင်ခဲ့ပြီးဖြစ်၏။ ယခုအခါ တည်နေရာရွှေ့ပြောင်းခြင်းမှာ အဆင့် ၄ သို့ ရောက်ရှိနေပြီဖြစ်၍ တစ်နေ့လျှင်လေးကြိမ် အသုံးပြုနိုင်သည်။ ၎င်းစွမ်းရည်ကို ကုန်ဆုံးအောင်အသုံးပြုပြီးချိန်၌ မြောင်လော့တောင်နှင့် သိပ်မဝေးသောနေရာသို့ ရောက်ရှိနေလေပြီ။

ဖေးရှန်ဂိုဏ်း၌ကျန်ရစ်ခဲ့သော မျက်စိသုံးလုံးကျားမှာမူ ကြောင်အမ်းအမ်းဖြစ်နေတော့သည်။ ၎င်း၏ဝိညာဉ်အာရုံကို မည်မျှဖြန့်ကျက်စေကာမူ ကျန်းချန်၏အရိပ်အယောင်ကို ရှာမတွေ့တော့ပေ။

"တောက်... ဒီကောင် တကယ်ပဲအင်မော်တယ်ပညာရပ်တွေကို တတ်ကျွမ်းထားတာလား"

၎င်းသည် ချန်ရှင်းမင်းဆက်၏ နယ်နိမိတ်အတွင်းမှ ပျံထွက်လာချိန်၌ ကျန်းချန်သည် မင်ရှင်းမြင့်မြတ်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ဤနေရာသို့ ရောက်ရှိသောအခါ ဝိညာဉ်စွမ်းအားပေါများနေသည်မှအပ ခမ်းနားထည်ဝါသော တောင်တံခါးများကိုမူ မတွေ့ရှိရပေ။

၎င်းသည် အနားသို့မကပ်နိုင်မီမှာပင် အထက်ရှိဧရာမသစ်ပင်ကြီးနှစ်ပင်ပေါ်မှ အမျိုးသမီးနှစ်ဦး ရုတ်တရက်ဆင်းလာ၏။

"ရပ်လိုက်... မင်းကဘယ်သူလဲ"

"မင်ရှင်းမြင့်မြတ်နယ်မြေကို ကျူးကျော်ခွင့်မရှိဘူး"

သို့ဖြစ်ရာ သူနေရာမမှားခဲ့ပေ။ လန်ယီ၏နေရာဖြစ်သဖြင့် ကျန်းချန်သည် အတော်လေးယဉ်ကျေးပျူငှာစွာ ဆက်ဆံသည်။

"မင်္ဂလာပါ... ကျွန်တော် လန်ယီကိုလာရှာတာပါ။"

"အစ်မတော် လန်ယီကိုလား"

"မင်းက သူမနဲ့ ဘယ်လိုပတ်သက်လို့လဲ... ဘာကိစ္စရှိလို့လဲ"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်

"ကျွန်တော့်နာမည်က ကျန်းချန်ပါ။ သူမရဲ့ အခင်ဆုံးသူငယ်ချင်းပေါ့။ သူမကို ထွက်လာပြီး ကျွန်တော့်ကို ကြိုဆိုခိုင်းလိုက်စမ်းပါ... လိမ္မာတယ်"

အမျိုးသမီးနှစ်ဦးမှာ ဤကဲ့သို့စကားပြောဆိုပုံမျိုးကို တစ်ခါမျှကြုံဖူးပုံမရသည့်အတွက် မျက်နှာများမှာ ချက်ချင်းတင်းမာသွားကြသည်။ တစ်ဦးက ဆူပူလိုက်သည်

"ဒီလူက ဘယ်ကလာတာလဲ... မြင့်မြတ်နယ်မြေမှာ ရိုင်းစိုင်းစွာပြောဆိုနေတာပဲ..."

အခြားတစ်ဦးကမူ သူမအား လက်မြှောက်၍တားဆီးလိုက်သည်။

"နေဦး"

"သူလိမ်နေတာမဟုတ်ဘူး... သူကတကယ်ပဲ အစ်မတော်လန်ယီရဲ့ သူငယ်ချင်းကောင်းပဲ"

"ဟင်"

"အစ်မတော်လန်ယီမှာ ဒီလိုသူငယ်ချင်းမျိုးရှိတာလား"

"ငါတို့နှစ်ဦးလုံး ဒီလူရဲ့အစွမ်းကို ထွင်းဖောက်မမြင်နိုင်ဘူး၊ သူ သန်မာမှာသေချာတယ်"

၎င်းတို့စကားပြောဆိုရာ၌ ကျန်းချန်ကို ရှောင်တိမ်းခြင်းမရှိကြပေ၊ ဤသည်မှာ သူ့အား ထူးဆန်းစေသည်။ ခုနကပင် တင်းမာစွာလမ်းပိတ်ဆို့နေသော်လည်း ယခုမူ ၎င်းတို့၏သဘောထားမှာ ချက်ချင်းပျော့ပြောင်းသွား၏။ ထို့အပြင် သူလိမ်ညာခြင်းမရှိကြောင်း ၎င်းတို့ မည်သို့သိရှိသွားသနည်း...

"မင်းက အစ်မတော်လန်ယီကိုကူညီဖို့ လာတာမဟုတ်လား... ကျေးဇူးပြုပြီး အထဲဝင်ပါ"

"ငါတို့နဲ့ လိုက်ခဲ့ပါ"

အမျိုးသမီးနှစ်ဦးမှာပြုံးရွှင်နေပြီး အလွန်ခင်မင်ပျူငှာ၏။ ကျန်းချန်သည် ၎င်းတို့ထဲမှတစ်ဦး ဖြစ်သွားသကဲ့သို့ပင်။ ဤသည်မှာ ကျန်းချန်ကိုအံ့အားသင့်စေသည်။

သူသည် အထဲသို့ဝင်ရောက်ရန်အတွက် မိမိ၏အစွမ်းများကိုပြသကာ အတင်းအဓမ္မဝင်ရမည်ဟု ထင်မှတ်ထားခြင်းဖြစ်သည်။

အမျိုးသမီးနှစ်ဦးနောက်မှ တစ်လမ်းလုံးလိုက်ပါသွားသောအခါ သူ အမှန်တကယ်ပင် အထင်ကြီးသွားခဲ့သည်။ လမ်းတစ်လျှောက်တွင် အုတ်၊ ကျောက်တို့ဖြင့် တည်ဆောက်ထားသော အဆောက်အအုံများမရှိဘဲ သစ်ပင်များသာရှိ၏။

သို့သော် ဤသစ်ပင်များမှာ မယုံနိုင်လောက်အောင်မြင့်မားလှပြီး သစ်တောများမှာ မိုင်ပေါင်းများစွာ ကျယ်ပြန့်သည်။ အချို့သစ်ပင်များပေါ်၌ဆိုလျှင် လှပသောရွာငယ်လေးများပင် ရှိနေသည်။

သစ်ပင်များပေါ်တွင် လူများနေထိုင်နေကြသည်ကို သူမြင်တွေ့နိုင်သည်။ တစ်ခါတရံ၌ လူများက သစ်ပင်များပေါ်မှ ခေါင်းပြူထွက်ကာ အမျိုးသမီးနှစ်ဦးကို လက်လှမ်းပြကြ၏။

အဝတ်အစားနှင့် ရုပ်ရည်မှလွဲလျှင် ဤနေရာ၏ပုံစံမှာ သူအစောပိုင်းကကြားဖူးသည့် နတ်သူငယ်များ၏နေထိုင်မှုနှင့် တူညီနေသည်ဟု ကျန်းချန်က စိတ်ထဲကျိတ်၍ဝေဖန်မိသည်။

မိုင်ပေါင်းများစွာလမ်းလျှောက်ပြီးနောက်၌ မီတာသိန်းချီကြီးမားပြီး တိမ်တိုက်များထဲအထိ ရောက်ရှိနေသော ဧရာမသစ်ပင်ကြီးတစ်ပင်သည် သူ၏ရှေ့၌ပေါ်လာတော့သည်။

"ကျေးဇူးပြုပြီး"

ပြောဆိုပြီးနောက် အမျိုးသမီးနှစ်ဦးသည် သစ်ပင်ကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွား၏။

သူတို့ဘာလုပ်နေကြတာလဲ...

သို့သော် သူတို့သည် သစ်ပင်ကြီးအတွင်းသို့ ရေထဲဆင်းသွားသကဲ့သို့ ဖြတ်ကျော်ဝင်ရောက်သွားသည်ကို သူတွေ့ရှိလိုက်ရသည်။ ကျန်းချန် အသေအချာ အာရုံခံကြည့်သော်လည်း ဤနေရာ၌ မည်သည့်အစီအရင်မျှမရှိ။

သူ နောက်မှလိုက်ဝင်ရောက်သွားသောအခါ စည်ကားလှပသောမြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရပါတော့သည်။

All Chapters