ဘယ်လိုဖြစ်ပြီး ဒီလောက်သနားစရာကောင်းသွားရတာလဲ
Vol. 13 Ch. 124
ရှေ့တွင် ကျယ်ပြန့်သောချိုင့်ဝှမ်းကြီးတစ်ခု တည်ရှိနေသည်။ ညင်သာသော လေပြေညင်းက တိုက်ခတ်နေပြီး ဝိညာဉ်မြက်ပင်များမှာ စိမ်းစိုနုနယ်နေကာ စီးဆင်းနေသောမြစ်ရေသည် စိတ်ကို ကြည်လင်လန်းဆန်းစေ၏။
ချိုင့်ဝှမ်း၏အထက်တွင် သစ်သားအိမ်ငယ်များမှာ စွန်များကဲ့သို့ လွင့်မျောနေကြသည်။ အချို့မှာ ခမ်းနားထည်ဝါပြီး အချို့မှာ သေးငယ်လှပကာ တိမ်တိုက်များကြားတွင် တစ်ဝက်တစ်ပျက် ဖုံးကွယ်နေကြရာ တစ်ချက်ကြည့်ရုံဖြင့် အရေအတွက်ကိုမခန့်မှန်းနိုင်ပေ။
ဤချိုင့်ဝှမ်း၏ ဝိညာဉ်စွမ်းအားသိပ်သည်းဆမှာ မယုံနိုင်လောက်အောင်မြင့်မားလှပြီး ဖေးရှန်ဂိုဏ်း၏ ယခင် အဆင့် ၅ ဝိညာဉ်သွေးကြောထက် များစွာသာလွန်သည်။
သူတို့ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အဝါလေးသည် သူ၏ပုခုံးပေါ်မှခုန်ဆင်းသွားတော့သည်။
"မေမေ... သမီးတွေ့ပြီ"
ကျန်းချန် ခန့်မှန်းကြည့်စရာပင်မလိုပေ၊ သူမသည် ဝိညာဉ်သွေးကြောကို ဆိုလိုခြင်းဖြစ်သည်။ ထိုကလေးမလေး၏အရှိန်မှာ ယုန်တစ်ကောင်ထက်ပင်မြန်ဆန်လှရာ သူဖမ်းမမိလိုက်ဘဲ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။
သူမအားလွှတ်ထားရန်သာရှိတော့သည်၊ အကယ်၍ သူမသည် ဝိညာဉ်သွေးကြောကို အမှန်တကယ်တွေ့ရှိသွားလျှင်ပင် မည်သည့်အန္တရာယ်မှပြုမည်မဟုတ်ပေ။
ကျန်းချန်သည် အမျိုးသမီးနှစ်ဦးက သူ့အား ကောင်းကင်၌လွင့်မျောနေသော အကြီးဆုံးသစ်သားနန်းတော်ဆီသို့ ခေါ်ဆောင်သွားမည်ဟု မျှော်လင့်ထားသော်လည်း ၎င်းတို့သည် ထိုနေရာကိုကျော်ဖြတ်ကာ တောင်ကုန်းတစ်ခု၏နောက်ကွယ်ရှိ ဝါးအိမ်ငယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားကြသည်။
အိမ်ကလေး၏ရှေ့တွင် ရေတံခွန်တစ်ခုစီးဆင်းနေပြီး တောင်ပေါ်ပန်းများပွင့်လန်းနေကာ လှပသောရှုခင်းရှိသော်လည်း နေရာမှာ အလွန်ပင်သေးငယ်လှသည်။
အစ်ကိုကြီးချန်က စိတ်ထဲကျိတ်၍ဝေဖန်မိသည်မှာ
ခေါင်းဆောင်တစ်ယောက်က ဒီလောက်အထိ ရိုးရှင်းစွာ နေထိုင်သလား... ခမ်းနားထည်ဝါမှုတွေက ဘယ်မှာလဲ...
"အစ်မတော်လန်ယီ... အစ်မရဲ့သူငယ်ချင်း ရောက်လာပြီ"
ထို့နောက် ရင်းနှီးသောပုံရိပ်တစ်ခု သူ၏ရှေ့၌ပေါ်လာတော့သည်။
"ကျန်းချန်... နင်လာပြီလား"
သူမ၏မျက်ဝန်းများတွင် ဝမ်းသာရိပ်များပြည့်နှက်သွားသည်။
"ငါတို့ ချိန်းထားကြတာမဟုတ်လား"
"အင်း... အထဲကိုမြန်မြန်ဝင်ပါ၊ လူအများကြီး သတိမထားမိပါစေနဲ့"
ထိုစကားကြောင့် ကျန်းချန် အလွန်ဇဝေဇဝါဖြစ်သွား၏။
"မင်းက ဒီမှာ ခေါင်းဆောင်မဟုတ်ဘူးလား။ ဘာကိုစိုးရိမ်နေတာလဲ"
"အဲဒါက..."
လန်ယီသည် ထွက်ခွာသွားသောအမျိုးသမီးနှစ်ဦး၏ကျောပြင်ကို အားနာစွာကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်
"ကျွန်မက စုန်းဌာနရဲ့ အကြီးအကဲပါ၊ ဒီနေရာက စုန်းဌာနမဟုတ်ဘဲ နှလုံးသားဌာနဖြစ်နေတယ်"
"ဟမ်"
လန်ယီက ခါးသီးစွာပြုံးလိုက်သည်
"စုန်းဌာနက လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ တိုက်ခိုက်မှုတွေတစ်ခုပြီးတစ်ခုခံခဲ့ရတယ်၊ အခုတော့ ကျွန်မတစ်ယောက်တည်းပဲ ကျန်တော့တာ။ စုန်းဌာနနဲ့ နှလုံးသားဌာနဟာ အရင်ကရင်းနှီးခဲ့ကြလို့ ကျွန်မပြန်လာတိုင်း ဒီမှာပဲတည်းခိုရတာပါ"
ကျန်းချန်မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရသည်။ ခမ်းနားသော ကြိုဆိုမှုများ၊ မြင့်မြတ်သော ဧည့်ခံမှုများနှင့် ခေါင်းဆောင်၏ ရင်းနှီးသောသူငယ်ချင်းအဖြစ် လူအများ၏အာရုံစိုက်ခံရမှုများမှာ လုံးဝဖြစ်မလာခဲ့ပေ။
သူမသည် အထီးကျန်ဝိညာဉ်တစ်ခုဖြစ်နေကြောင်း သိလိုက်ရတော့သည်။ အလွန်ငယ်ရွယ်သောသူတစ်ဦးက ခေါင်းဆောင်ဖြစ်နေရခြင်းမှာလည်း မဆန်းတော့ပေ။
"ဒါဆိုမင်းက ဒီလောက်တောင်အခြေအနေဆိုးနေတာပေါ့"
"ဟုတ်တယ်... တကယ်တော့ နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်မ ရှင့်ကိုလာရှာဖို့စီစဉ်ထားတာ၊ ကျွန်မ ဒီမှာဆက်နေလို့မရတော့ဘူး"
"ဘာဖြစ်လို့လဲ"
"ပုယွီမြင့်မြတ်နယ်မြေ ကလူတွေရောက်လာပြီး ရှင်းလင်းချက်တောင်းနေကြတယ်"
"ဟင်"
ကျန်းချန်၏မျက်နှာမှာ မယုံနိုင်လောက်အောင်ဖြစ်သွားသည်။ ပုယွီမြင့်မြတ်နယ်မြေကို သူမှတ်မိသည်၊ ချန်ရှင်းမင်းဆက်တိုက်ပွဲကြီးတွင် ၎င်းတို့၏သူတော်စင်နှစ်ဦးကို သူသုတ်သင်ခဲ့သည်မဟုတ်ပါလား။ (အသံမဲ့ကနေ ပုယွီအဖြစ်ပြောင်းသွားပါတယ်)
နောက်ဆုံးတွင် အရှင်မြတ်ကျင့်ဟွမ်း၏ ဝိညာဉ်အသိစိတ်ကိုပင် သူကကျီစယ်ခဲ့သေးသည်။ သူက ၎င်းတို့ကို သွားရောက်မချေမှုန်းရသေးခင် ၎င်းတို့က လာရောက်၍ ရှင်းလင်းချက် တောင်းဝံ့သည်လား။
"ပုယွီမြင့်မြတ်နယ်မြေ က အဲဒီလောက်တောင် မျက်နှာပြောင်သလား။ နှလုံးသားဌာနကလည်း မြင့်မြတ်နယ်မြေတစ်ခုပဲမဟုတ်လား၊ သူတို့ကို ကြောက်နေစရာမလိုပါဘူး"
လန်ယီက ခေါင်းညိတ်ပြသည်
"နှလုံးသားဌာနမှာစောင့်ကြပ်နေတဲ့ သူတော်စင်အဆင့်အကြီးအကဲငါးဦးရှိတယ်၊ ကျွန်မတို့ရဲ့အင်အားက ပုယွီမြင့်မြတ်နယ်မြေထက် သာလွန်ပါတယ်။ ကျွန်မတို့မှာ အမွေအနှစ်မှော်ရတနာဖြစ်တဲ့ နှလုံးသားထိုးဖောက်ကန်တော့လည်းရှိတယ်၊ အဲဒါနဲ့ဆိုရင် သူတော်စင်အဆင့်ရန်သူတွေ ကျူးကျော်လာရင်တောင် တိုက်ခိုက်နိုင်စွမ်းရှိပါတယ်"
"ဒါဆို ဘာကိုကြောက်နေတာလဲ... သူတို့ကို ချေမှုန်းပစ်လိုက်လေ"
အစ်ကိုကြီးချန်က အမြဲတမ်း ပြတ်သားစွာပြောဆိုတတ်သည်။
လန်ယီက ခါးသီးစွာပြုံးလိုက်သည်
"ပုယွီမြင့်မြတ်နယ်မြေ တစ်ခုတည်းကတော့ ကြောက်စရာမဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့မှာ မဟာမိတ်တွေရှိနေပြီး သူတို့ရဲ့နောက်ကွယ်မှာ သူတော်စင်ပီဖုန်းက ကြိုးကိုင်နေတာ။ နှလုံးသားဌာနရဲ့ မင်ရှင်းမြင့်မြတ်နယ်မြေက ကိုယ့်လူမျိုးကိုသာလက်ခံတာဖြစ်လို့ ပြင်ပကမြင့်မြတ်နယ်မြေတွေနဲ့မတူဘူး"
သူမ၏ရှင်းပြချက်ကိုကြားပြီးနောက် ကျန်းချန်နားလည်သွားသည်။
ချင်လင်နယ်မြေရှိ ကျန်သောမြင့်မြတ်နယ်မြေကိုးခုမှာ ကာလရှည်ကြာစွာ အမျိုးတော်စပ်နေကြပြီး တစ်ခုနှင့်တစ်ခု ပတ်သက်နေကြသည်။ ပုံမှန်အားဖြင့် ပဋိပက္ခဖြစ်ပွားလေ့ရှိကြသော်လည်း ပြင်ပရန်သူပေါ်လာပါက စည်းလုံးသွားကြသည်။
ပြီးခဲ့သည့်အကြိမ်က ကျီယွမ်မြင့်မြတ်နယ်မြေကို မျက်စိသုံးလုံးကျား ပြဿနာရှာစဉ်ကပင် မြင့်မြတ်နယ်မြေအများအပြားသည် လျှို့ဝှက်အစည်းအဝေးများ ချက်ချင်းပြုလုပ်ခဲ့ကြသည်။
အင်မော်တယ်မျိုးနွယ်တို့၏ နှလုံးသားဌာနဖြစ်သော မင်ရှင်းမြင့်မြတ်နယ်မြေမှာမူ မည်သည့်ပြင်ပလူကိုမျှလက်မခံဘဲ တစ်သီးပုဂ္ဂလရပ်တည်နေသဖြင့် ပြင်ပမြင့်မြတ်နယ်မြေများနှင့် မည်သည့်ဆက်ဆံရေးမျှမရှိပေ။
အကယ်၍ ပုယွီမြင့်မြတ်နယ်မြေနှင့် အမှန်တကယ်တိုက်ခိုက်ပါက ကျန်သောမြင့်မြတ်နယ်မြေရှစ်ခုမှာ ပုယွီမြင့်မြတ်နယ်မြေကိုကူညီမည်မှာ သေချာသည်။ နှလုံးသားဌာနသည် ဝိုင်းဝန်းတိုက်ခိုက်ခံရပေလိမ့်မည်။
"မင်းတို့ရဲ့ အင်မော်တယ်မျိုးနွယ်တွေက ဒီလောက်တောင် အခြေအနေဆိုးနေတာလား"
အစ်ကိုကြီးချန်က မကျေမနပ်ပြောဆိုမိသည်မှာ
"မင်းတို့က အင်မော်တယ်တွေရဲ့ သားစဉ်မြေးဆက်တွေအဖြစ်စတင်ခဲ့ပြီး အမွေအနှစ်မှော်ရတနာတွေလည်းရှိပါလျက်နဲ့ ဒီလိုအခြေအနေမျိုးရောက်ရတာလား"
ဌာနတစ်ခုမှာ အားနည်းသောမြင့်မြတ်နယ်မြေ၏ ဖိနှိပ်မှုကိုခံနေရပြီး ကျန်ဌာနတစ်ခုမှာမူ တစ်ဦးတည်းသာ ကျန်ရှိတော့သည်အထိ သုတ်သင်ခံထားရသည်။
"မင်းတို့မှာ တခြားဌာနခုနစ်ခု ရှိသေးတယ်မဟုတ်လား"
လန်ယီက ခေါင်းခါပြသည်
"ကျန်တဲ့ ဌာနခုနှစ်ခုက ချင်လင်နယ်မြေမှာရှိတာမဟုတ်ဘူး၊ ပြီးတော့ အင်မော်တယ်မျိုးနွယ်စုကိုးခုကလည်း တစ်ခုနဲ့တစ်ခု သိပ်ပြီးမသင့်မြတ်ကြဘူး။ ပြောရရင် ပုယွီမြင့်မြတ်နယ်မြေက ကျွန်မရဲ့ရန်သူတော်ပဲ၊ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သူတို့က ကျွန်မတို့စုန်းဌာနရဲ့ နောက်ဆုံးကျန်တဲ့လူသုံးရာကို သုတ်သင်ခဲ့ကြတာ"
သူမပြောလိုက်စဉ်မှာပင် သူမ၏ခရမ်းရောင်မျက်ဝန်းများအတွင်း၌ နာကျည်းမှုမီးလျှံများ ပြည့်နှက်သွားသည်။
"ဘာ... တကယ်လား။ ငါ ကျောင်းမှာစာသိပ်မလုပ်ခဲ့ဘူးဆိုပေမဲ့ ငါ့ကိုမလိမ်နဲ့နော်"
ကျန်းချန် မျက်လုံးပြူးသွားသည်။ ရန်သူတော်ရောက်ရှိလာသော်လည်း နှလုံးသားဌာနက လက်စားချေရန်မကူညီသည့်အပြင် ၎င်းတို့ကို ဂုဏ်သရေရှိဧည့်သည်များအဖြစ် ဆက်ဆံနေသည်လော။ ၎င်းသည် သူ၏စိတ်ကူးကို လုံးဝပျက်စီးစေခဲ့သည်။
"ကျွန်မက ဘာလို့လိမ်ရမှာလဲ... ပုယွီမြင့်မြတ်နယ်မြေက ဂါထာမန္တန်အတတ်ပညာတွေကို ကျင့်ကြံတာဖြစ်ပြီး စုန်းအတတ်ရဲ့ကိုင်းခွဲတစ်ခုပဲ။ တစ်နည်းနည်းနဲ့ သူတို့က ကျွန်မတို့စုန်းဌာနရဲ့ မြေဝိညာဉ်စုန်းကျမ်းစာအကြောင်းသိသွားပြီး အဲဒါကိုလိုချင်တပ်မက်ခဲ့ကြတာ။ အကြီးအကဲက လွှဲပြောင်းပေးဖို့ငြင်းဆန်ခဲ့လို့ နောက်ဆုံးမှာ ကျွန်မတို့ကို ဝိုင်းတိုက်ခဲ့ကြတယ်... ကျွန်မတစ်ယောက်တည်းပဲ ထွက်ပြေးလွတ်မြောက်ခဲ့တာ"
ပြီးခဲ့သည့်အကြိမ်က ထိုသူတော်စင်နှစ်ဦးသည် လန်ယီကို အဘယ်ကြောင့်သိနေသနည်းဆိုသည်ကို ကျန်းချန် ရုတ်တရက်နားလည်သွားသည်။ အရှင်မြတ်ကျင့်ဟွမ်းက လန်ယီအား တပည့်အဖြစ် အဘယ်ကြောင့်လက်ခံလိုသနည်းဆိုသည်မှာလည်း သူမ၏စစ်မှန်သောစုန်းအတတ်ကိုသင်ယူရန် အကြောင်းပြချက်တစ်ခုသာဖြစ်ပေလိမ့်မည်။
"အဲဒီသူတော်စင်ပီဖုန်းဆိုတာက ဘယ်လိုနောက်ခံရှိတာလဲ။ သူတော်စင်အဆင့်ပဲလား"
လန်ယီက ဝန်လေးစွာဖြင့် ခေါင်းညိတ်ပြသည်
"အင်း... လွန်ခဲ့တဲ့နှစ်သန်းချီက သူက ကျွန်မတို့စုန်းဌာနရဲ့ အရိုးချေဖျက်အလံကို လိမ်ယူသွားခဲ့တာ"
"ငါ ရှုံးပေးလိုက်ပါပြီ..."
ကျန်းချန် ကောင်းကင်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ သူဘာပြောရမှန်းပင်မသိတော့ပေ။
သူသည် သနားစရာကောင်းသောအခြေအနေများကို မြင်ဖူးသော်လည်း ဤမျှအထိဆိုးရွားသည်ကို မမြင်ဖူးခဲ့ပေ။
"ဒီနှလုံးသားဌာနကလူတွေက အသုံးမကျဘူး။ ထားလိုက်ပါတော့... သွားကြစို့၊ ဒီမှာနေရတာ ပျော်စရာမရှိဘူး"
သူသည် တိုက်ရိုက်ပင် ထွက်ခွာရန်ပြင်လိုက်သည်။
လန်ယီက နောက်မှလိုက်ပါလာရင်း သက်ပြင်းသာသာချလိုက်သည်
"သူတို့မှာလည်း အစွမ်းမရှိကြပါဘူး၊ မြင့်မြတ်နယ်မြေကိုးခုရဲ့ စောင့်ကြည့်မှုအောက်မှာ အသက်ရှင်ရတာမလွယ်ကူဘူး။ အကယ်၍ သူတို့က ကျွန်မကို ဒီနှစ်တွေအတွင်း ခိုလှုံခွင့်မပေးခဲ့ရင် ပုယွီမြင့်မြတ်နယ်မြေက ကျွန်မကိုဖမ်းမိသွားတာကြာပါပြီ"
သူမ၏စကားအဆုံးမှာပင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးသည် ပြင်းထန်စွာ ပြောင်းလဲသွား၏။ ချိုင့်ဝှမ်းသည် သက်ရှိတစ်ခုကဲ့သို့နိုးထလာပြီး အရပ်မျက်နှာအသီးသီးသို့ လျင်မြန်စွာကျယ်ပြန့်လာသည်။
မြေပြင်ပေါ်ရှိ ဝိညာဉ်မြက်ပင်များမှာ မြင့်မားလာပြီး အရည်အသွေးမြင့် ဝိညာဉ်ဆေးပင်များအဖြစ် မျက်စိရှေ့၌ပင် ပြောင်းလဲသွားကြသည်။ မြစ်ရေပြင်သည် ကျယ်ပြန့်လာပြီး ရေစက်တိုင်းတွင် ဝိညာဉ်စွမ်းအားများပြည့်နှက်နေကာ ထိုရေတစ်ငုံသောက်ရုံဖြင့် သာမန်လူတစ်ဦးအတွက် အသက်ရှည်စေနိုင်မည့်အခြေအနေသို့ ရောက်ရှိသွားသည်။
"ဘာ... ဘာတွေဖြစ်နေတာလဲ"
လန်ယီသည် ဤမြင်ကွင်းမှာရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သူမ ရုတ်တရက် သတိရလိုက်သည်မှာ ဖေးရှန်ဂိုဏ်း၌လည်း ယခင်က ဝိညာဉ်စွမ်းအားများ ဤကဲ့သို့ မြင့်တက်လာမှုမျိုး ကြုံတွေ့ခဲ့ဖူးသည်။
သို့သော် ယခုအကြိမ်မြှင့်တင်မှုမှာ ပိုမိုကြီးမား၏။ မင်ရှင်းမြင့်မြတ်နယ်မြေ၏ ဝိညာဉ်သွေးကြောမှာ အဆင့် ၇ မှ အဆင့် ၈ သို့ ခုန်တက်သွားပုံရသည်။
"မှန်တယ်... ငါ လူတစ်ယောက်ကိုခိုင်းလိုက်တာ၊ ဒါက မင်းအတွက်လက်ဆောင်ပဲ"
ယခုတစ်ကြိမ်တွင် ကျန်းချန်သည် ကျေးဇူးအားလုံးကိုမယူတော့ဘဲ အဝါလေးတွင်လည်း အခွင့်အရေးရှိသည်ဟု ယူဆလိုက်သည်။ သူ၏ ပေါ့ပေါ့ပါးပါးပြောဆိုလိုက်သောစကားမှာ အံ့ဖွယ်များကိုဖန်တီးလိုက်သကဲ့သို့ပင်။
သူမအတွက် အထူးလက်ဆောင်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ စိတ်ဓာတ်ကျနေခဲ့သောလန်ယီမှာ အလွန်စိတ်လှုပ်ရှားသွားပြီး မျက်ဝန်းများနီမြန်းလာ၏။
"ကျေးဇူးတင်ပါတယ်..."
ကျန်းချန်စိတ်ထဲ၌ လျှို့ဝှက်စွာညည်းတွားနေသည်ကို သူမ မသိ...
သမီးလေးရေ... ဒါကငါတို့အိမ်မဟုတ်ဘူး၊ သူတို့ဝိညာဉ်သွေးကြောကို အဆင့်မြှင့်ပေးဖို့မလိုဘူး