နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးပြန်ပြီလား
Vol. 13 Ch. 125
ဝါးအိမ်အတွင်းမှ နှလုံးသားမျိုးနွယ်စုဝင်သောင်းနှင့်ချီ၍ ပျံသန်းထွက်လာ၏။ လူတိုင်းမှာ မြင်တွေ့နေရသည့် မြင်ကွင်းကြောင့် အံ့အားသင့်နေကြရသည်။
"ဟေး... ဘာတွေ ဖြစ်ကုန်တာလဲ"
"ငါတို့နေတဲ့နေရာက နတ်ဘုရားနယ်မြေတစ်ခုလို ဖြစ်သွားတာလား"
"ဝိညာဉ်စွမ်းအားတွေက အရမ်းသိပ်သည်းလွန်းတယ်၊ ငါ အကုန်လုံးတောင် မစုပ်ယူနိုင်တော့ဘူး"
"ဒါကမယုံနိုင်စရာပဲ၊ ဂိုဏ်းချုပ်ကဖန်တီးလိုက်တာလား"
"ဖြစ်နိုင်တယ်..."
ကောင်းကင်ထက်၌ မရေမတွက်နိုင်သောလူများက စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။ ကျန်းချန်တစ်ချက်ကြည့်လိုက်ရာ နှလုံးသားမျိုးနွယ်စုတွင် အမျိုးသမီးဦးရေမှာ ၇၀ ရာခိုင်နှုန်းခန့်အထိ ရှိနေသည်ကို တွေ့လိုက်ရ၏။
မကြာမီမှာပင် ဂိုဏ်းချုပ်ကပြုလုပ်ခြင်းဖြစ်သည်ဟု ခန့်မှန်းနေကြသူများမှာ မှားယွင်းကြောင်း သက်သေပြခြင်းခံလိုက်ရသည်။
"ဘာတွေဖြစ်ခဲ့တာလဲ"
အသက် ၃၀ ခန့်အရွယ်ရှိသော လှပသည့်အမျိုးသမီးတစ်ဦးသည် အလယ်ဗဟိုရှိ သစ်သားနန်းတော်အတွင်းမှ ပျံသန်းထွက်လာပြီး သူမ၏နောက်တွင် ပညာရှင်အုပ်စုကြီး လိုက်ပါလာသည်။
"ဂိုဏ်းချုပ်"
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
"ဒါကို ဂိုဏ်းချုပ်လုပ်လိုက်တာမဟုတ်ဘူးလား"
"မဟုတ်ဘူး"
ထိုလှပသောအမျိုးသမီးသည် သူမ၏နတ်ဘုရားအာရုံကိုဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သော်လည်း ပြင်ပလူဖြစ်သည့်ကျန်းချန်မှလွဲ၍ ထူးခြားမှုကိုမတွေ့ရှိရပေ။ လန်ယီသည် ကျန်းချန်ထံသို့ လျှို့ဝှက်၍စိတ်ချင်းဆက်သွယ်လိုက်သည်။
"သူမက နှလုံးသားမျိုးနွယ်စုရဲ့အကြီးအကဲ ချင်းစော့ပဲ၊ သူတော်စင်အဆင့် ၉ မို့ သူမကို သွားမဆွမိပါစေနဲ့"
လန်ယီ၏နှလုံးသားထဲတွင် ပျားရည်ဖြင့်လိမ်းကျံထားသကဲ့သို့ အတိုင်းအဆမရှိချိုမြိန်နေ၏။ (မင်းတို့အားလုံးက သိချင်နေကြတုန်းပဲ၊ ဒါပေမဲ့ ငါ့လူက ဒါကို ငါတစ်ယောက်တည်းအတွက် ပြင်ဆင်ပေးထားတာဆိုတာ မင်းတို့မသိကြဘူး။)
ချင်းစော့ မရောက်လာမီမှာပင် သူမ၏နောက်ကွယ်မှ အေးစက်သောအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ်ချင်းစော့... လန်ယီက ဒီမှာမရှိဘူးလို့ ခင်ဗျားဘာလို့ပြောခဲ့တာလဲ"
"ဟွန်း... ခင်ဗျားတို့ရဲ့ မင်ရှင်းမြင့်မြတ်နယ်မြေက ဒီကိစ္စအတွက် ရှင်းလင်းချက်ပေးရလိမ့်မယ်"
လန်ယီက ကျန်းချန်အား တိုးတိုးလေးပြောပြသည်
"ဒုက္ခပဲ... ဂိုဏ်းချုပ်နောက်ကလူအိုကြီးနဲ့ လူငယ်နှစ်ယောက်က ပုယွီမြင့်မြတ်နယ်မြေကလူတွေပဲ"
လန်ယီသည် နောက်သို့ပြန်လည်ပုန်းကွယ်ချင်သော်လည်း နောက်ကျသွားလေပြီ။ ချင်းစော့သည် လူအုပ်စုနှင့်အတူပျံသန်းလာရုံမှအပ အခြားနည်းလမ်းမရှိပေ။
ပုယွီမြင့်မြတ်နယ်မြေမှလူများက တစ်စုံတစ်ဦးကိုတောင်းဆိုရန် ရောက်လာခြင်းဖြစ်ပြီး သူမသည် လန်ယီကိုကာကွယ်ပေးရန်အတွက် နောက်တောင်ကုန်းရှိ တားမြစ်နယ်မြေအတွင်း၌ ဖုံးကွယ်ပေးထားကာ လန်ယီပြန်မရောက်သေးကြောင်း အကြောင်းပြချက်ပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုကဲ့သို့ လူမိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"လန်ယီ... မင်းက မြင့်မြတ်သားတော်နှစ်ဦးဖြစ်တဲ့ ယွီလျန်နဲ့ ဟန်ဟွာယွမ်ကို သတ်ခဲ့တယ်၊ မင်းရဲ့အပြစ်က အကြိမ်ပေါင်းတစ်သောင်းသေသင့်တာ"
"ဂိုဏ်းချုပ်ချင်းစော့... အခုတော့ ခင်ဗျားဘာပြောဦးမလဲ"
ကျန်းချန်သည် ထိုလူသုံးဦးကို အကဲခတ်ကြည့်လိုက်ရာ ၎င်းတို့၏အဆင့်အတန်းများကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်လိုက်သည်။
အားလုံးမှာ တာအိုနန်းတော်အဆင့် ၉ များ ဖြစ်ကြပြီး သူတော်စင်အဆင့်ပင် မဟုတ်ကြချေ။ ၎င်းတို့သည် သူတော်စင်အဆင့် ၉ ရှိသူကို မျက်နှာချင်းဆိုင်၍ ပြန်လည်မေးခွန်းထုတ်ဝံ့နေသည်မှာ အံ့ဩဖွယ်ပင်။
သို့သော်လည်း ချင်းစော့မှာ ဒေါသမထွက်နိုင်ပေ။ သူမက တည်ငြိမ်သောမျက်နှာဖြင့်သာ မျက်မှောင်ကြုတ်လိုက်သည်။
"လန်ယီက အဲဒီသားတော်နှစ်ဦးကို သတ်တယ်ဆိုတဲ့ကိစ္စမှာ ထူးဆန်းတာတွေအများကြီးရှိတယ်၊ သူမရဲ့အစွမ်းနဲ့ ဒါကိုဘယ်လိုလုပ်နိုင်မှာလဲ။ နားလည်မှုလွဲတာပဲဖြစ်ရမယ်"
"နားလည်မှုလွဲတာ ဟုတ်လား"
ပုယွီမြင့်မြတ်နယ်မြေမှ မုတ်ဆိတ်နက်နှင့် အကြီးအကဲက အေးစက်စွာပြုံးလိုက်သည်
"လန်ယီက ချန်ရှင်းမင်းဆက်မှာ ပြဿနာရှာနေတယ်ဆိုတဲ့သတင်းရလို့ ငါတို့ကပုန်ကန်မှုကို နှိမ်နင်းဖို့သွားခဲ့တာ။ အဲဒီနောက်မှာ သားတော်နှစ်ဦးလုံးသေဆုံးသွားခဲ့ပေမဲ့ သူမကတော့ ဒီမှာအသက်ရှင်လျက်ရှိနေတယ်"
"ဂိုဏ်းချုပ်ချင်းစော့... ခင်ဗျားတို့ရဲ့ မင်ရှင်းမြင့်မြတ်နယ်မြေကို လေးစားမှုပြသခဲ့ပြီးပြီ၊ ဒါပေမဲ့ ဒါက ငါတို့ပုယွီမြင့်မြတ်နယ်မြေရဲ့ဂုဏ်သိက္ခာနဲ့ဆိုင်နေလို့ ညှိနှိုင်းလို့မရဘူး"
အစ်ကိုကြီးချန်က ရယ်ချင်စိတ်ကို အနိုင်နိုင်အောင့်ထားရသည်၊ (ဒါကို မင်းတို့က လေးစားမှုလို့ခေါ်တာလား။ ဒါဆိုရင် မင်းတို့မလေးမစားလုပ်တဲ့အခါ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ ငါတကယ်ကိုမြင်ချင်မိပါရဲ့။)
နှလုံးသားမျိုးနွယ်စုဝင်အချို့မှာမူ မတရားမှုကိုမခံချင်စိတ်ဖြင့် တစ်ခုခုပြောဆိုလိုကြသည်။ အစောပိုင်းကလမ်းပြပေးခဲ့သော အမျိုးသမီးနှစ်ဦးကဲ့သို့ပင်။
သို့သော် ဂိုဏ်းချုပ်နှင့် အကြီးအကဲများရှေ့တွင် စကားပြောပိုင်ခွင့်မရှိပေ။
အချို့ကမူ မိမိတို့နှင့် မသက်ဆိုင်သကဲ့သို့ အေးစက်စွာကြည့်နေကြသည်။ လန်ယီမှာ ၎င်းတို့၏နှလုံးသားမျိုးနွယ်စုဝင်မဟုတ်သဖြင့် သူမကိုကာကွယ်ပေးရန်မလိုအပ်ဟု ယူဆနေကြ၏။
"မင်းတို့ သုံးယောက်... ဒီကိစ္စအတွက် ခိုင်လုံတဲ့သက်သေမရှိဘူး၊ အခုလိုကောက်ချက်ချဖို့က စောလွန်းပါသေးတယ်"
ချင်းစော့သည် ယုတ္တိရှိရှိဖြင့် ဆက်လက်ငြင်းခုံနေဆဲဖြစ်သည်။ ဤအချက်က ကျန်းချန်ကို စိတ်ထဲ၌ ခေါင်းခါမိစေသည်။ အချို့သောကိစ္စရပ်များကို ယုတ္တိရှိရှိငြင်းခုံရုံဖြင့် မဖြေရှင်းနိုင်ပါချေ။
သူ ထရပ်ရန်ပြင်လိုက်စဉ်မှာပင် ပုယွီမြင့်မြတ်နယ်မြေမှ သားတော်တစ်ဦးက ရယ်မောလိုက်သည်ကို တွေ့လိုက်ရသည်။
"ခင်ဗျားက သက်သေလိုချင်တာလား"
"ငါတို့ရဲ့ အကြီးအကဲချုပ် အရှင်မြတ်ကျင့်ဟွမ်းဟာလည်း အဲဒီအချိန်က ချန်ရှင်းမင်းဆက်မှာ သူ့ရဲ့ဝိညာဉ်အသိစိတ် ရှိနေခဲ့တယ်ဆိုတာ ပြောဖို့မေ့သွားတယ်၊ သူက ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့တာ"
"ဘာ"
ချင်းစော့မှာ ထိတ်လန့်သွားပြီး ကျန်သောနှလုံးသားမျိုးနွယ်စုဝင်များမှာလည်း အံ့အားသင့်ကာ စတင်ဆွေးနွေးကြတော့သည်။
"ကျင့်ဟွမ်းကလည်း အဲဒီအချိန်မှာရှိနေခဲ့တာလား"
"ဒါဆိုလန်ယီက အဲဒီတုန်းက ဘယ်လိုအသက်ရှင်ခဲ့တာလဲ"
"ဟုတ်တယ်... သူရှိနေပါလျက်နဲ့ သားတော်နှစ်ဦးက ဘယ်လိုအသတ်ခံလိုက်ရတာလဲ"
"အကြီးအကဲချုပ်ရဲ့ ဝိညာဉ်အသိစိတ်ကို ပင့်ဖိတ်ပေးပါ"
ထိုသို့ပြောပြီးနောက် ပုယွီမြင့်မြတ်နယ်မြေမှ လူသုံးဦး ဝိုင်းဖွဲ့လိုက်ကြသည်။ သားတော်တစ်ဦးက ကြည်လင်သော ဘောလုံးနှင့်တူသည့်ရတနာတစ်ခုကိုထုတ်ယူ၍ ကောင်းကင်သို့ မြှောက်တင်လိုက်သည်။
၎င်းတို့သုံးဦးစလုံးသည် မိမိတို့၏တာအိုနန်းတော်များကို တစ်ပြိုင်နက်ထုတ်ဖော်လိုက်ရာ ထိုရတနာသည် ကောင်းကင်၌ဝဲပျံနေပြီး အလင်းများဖြာထွက်လာသည်။
မီးခိုးငွေ့တစ်ခုထွက်ပေါ်လာပြီး ထိုမီးခိုးငွေ့၏အထက်တွင် ပုံရိပ်ယောင်တစ်ခုပေါ်လာသည်၊ ထိုသူမှာ အရှင်မြတ်ကျင့်ဟွမ်းပင်။
"အကြီးအကဲချုပ်ကို ဂါရဝပြုပါတယ်"
၎င်းတို့သုံးဦးစလုံး တစ်ပြိုင်နက်ဒူးထောက်လိုက်ကြသည်။ ချင်းစော့နှင့် နှလုံးသားမျိုးနွယ်စု အကြီးအကဲများမှာလည်း သူ့ကိုအလျင်အမြန်ဂါရဝပြုကြသည်။
"အရှင်မြတ်ကျင့်ဟွမ်း... အရှင်လည်းရောက်လာတာပဲ"
"မတွေ့ရတာကြာပြီနော်"
"ဒါက ကိစ္စအသေးအမွှားလေးပါ၊ အရှင်ကိုယ်တိုင် လာဖို့မလိုပါဘူး"
လန်ယီပြောသည်မှာ မှန်ပေသည်၊ နှလုံးသားမျိုးနွယ်စုသည် ပုယွီမြင့်မြတ်နယ်မြေထက် သန်မာသော်လည်း ပြင်ပရှိ မြင့်မြတ်နယ်မြေကိုးခုကိုမူ မယှဉ်နိုင်ပေ။
ထို့အပြင် သူတော်စင်အဆင့်နောက်ခံရှိသူများကို ပို၍ပင်မယှဉ်ဝံ့ကြချေ။ ချင်လင်နယ်မြေ၌ ရှင်သန်နိုင်ရန်အတွက် ၎င်းတို့၏မင်ရှင်းမြင့်မြတ်နယ်မြေမှာ အမြဲတမ်း စိုးရိမ်ထိတ်လန့်စွာနေထိုင်ခဲ့ရသည်။
အရှင်မြတ်ကျင့်ဟွမ်းက အေးစက်စွာနှာခေါင်းရှုံ့လိုက်၏။
"ငါသာပေါ်မလာရင် မင်းတို့က လန်ယီကို လျှို့ဝှက်ပြီးလွှတ်လိုက်တော့မှာမဟုတ်လား..."
ချင်းစော့နှင့် အခြားသူများ ဆက်လက်၍ ယုတ္တိရှိရှိငြင်းခုံရန် ပြင်နေစဉ်မှာပင် အရှင်မြတ်ကျင့်ဟွမ်း၏ မျက်နှာထားမှာ ရုတ်တရက် ပြင်းထန်စွာပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
"မင်း... မင်းပါ ဒီမှာရှိနေတာလား"
သူ၏အကြည့်မှာ ကျန်းချန်ထံသို့ တိုက်ရိုက်ရောက်ရှိသွားပြီး သူ့ကိုအပေါက်များဖြစ်အောင် ထိုးဖောက်ကြည့်နေသကဲ့သို့ပင်။ ပြီးခဲ့သည့်အကြိမ်က နန်းတော်အတွင်းမှတိုက်ပွဲမှာ သူ၏ဘဝတွင် အကြီးမားဆုံးအရှက်ရမှုဖြစ်ခဲ့သည်။
ဂုဏ်သိက္ခာရှိသော သူတော်စင်အရှင်မြတ်တစ်ဦးမှာ စကားတစ်ခွန်းကြောင့် နေရာအနှံ့ လူးလှိမ့်ခဲ့ရသည် မဟုတ်ပါလား။
အမှန်အတိုင်းပြောရလျှင် သားတော်နှစ်ဦးဖြစ်သော ယွီလျန်နှင့် ဟန်ဟွာယွမ်တို့မှာ ထိုအချိန်က မသေဆုံးခဲ့လျှင်ပင် ပြန်ရောက်လာသည့်အခါ အကြီးအကဲချုပ်ဖြစ်သည့် သူကိုယ်တိုင်က သတ်ပစ်မည်မှာသေချာသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သူ၏အရှက်ရဖွယ်မြင်ကွင်းကို တွေ့မြင်ခဲ့သောကြောင့် နှုတ်ပိတ်ရပေမည်။ ဤကိစ္စမှာ အရှင်မြတ်ကျင့်ဟွမ်းအတွက် နှလုံးသားထဲက နတ်ဆိုးတစ်ခုဖြစ်လာခဲ့ပြီး ၎င်းကိုမဖယ်ရှားနိုင်ပါက သူ၏ကျင့်စဉ်အဆင့်မှာ ဘယ်သောအခါမျှ တိုးတက်လာတော့မည်မဟုတ်ပေ။
ဤတစ်ကြိမ်တွင် လန်ယီ၏နောက်သို့လိုက်လာရခြင်းမှာ သူမအား ပြင်ပလောကရှိနေရောင်ခြည်ကို ဆက်လက်မမြင်တွေ့စေရန်အတွက်ဖြစ်သည်။ ပြဿနာကိုစတင်ခဲ့သည့် ကျန်းချန်ကိုမူ...
သူသည် ကျန်းချန်အား မည်သို့လွှတ်ပေးနိုင်မည်နည်း။ ကျန်းချန်၏အသားကိုစားပြီး အရေခွံကိုခင်းအိပ်ချင်မိ၏။
သို့သော် သူသည် ကျန်းချန်ကိုမမှတ်မိခဲ့ပေ၊ ကျန်းချန်မည်သူဖြစ်သည်ကို သူလုံးဝမသိခဲ့ပါချေ။ ချင်လင်နယ်မြေမှာ အလွန်ကျယ်ပြောလှသဖြင့် ကျန်းချန်ကိုရှာဖွေရန် အလွန်ခက်ခဲလှသည်။
ယနေ့တွင်မှ ရုတ်တရက်ဆုံတွေ့လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
"မင်းပေါ်လာဝံ့သေးတာပဲ"
"ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်းတယ်"
သူသည် ဘောလုံးပုံစံရတနာကို ဖြည်းညင်းစွာဝဲပျံစေလိုက်ရာ သူ၏ သူတော်စင်အဆင့်အရှိန်အဝါမှာ အလွန်ခိုင်မာလှပြီး ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို ပိတ်ဆို့လိုက်သည်။
ကျန်းချန်မှာ ဝိညာဉ်စွမ်းအား အစအနလေးမျှပင် မလှုပ်ရှားနိုင်တော့ကြောင်း ခံစားလိုက်ရ၏။ သူတော်စင်အဆင့်မှာ မိမိကိုယ်ပိုင်နယ်ပယ်တစ်ခုကို တည်ဆောက်နိုင်ပြီဖြစ်ရာ ထိုနယ်ပယ်အတွင်းရှိ နိယာမများမှာ ပြင်ပလောကနှင့် လုံးဝကွဲပြားသည်။
ဤအဆင့်သို့ရောက်ရှိပြီးပါက သူတော်စင်အဆင့်အောက်ရှိ အရာအားလုံးမှာ ပုရွက်ဆိတ်များသာဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ ဝိညာဉ်အသိစိတ်မျှသာ ဖြစ်သော်လည်း တာအိုနန်းတော်အဆင့် ၉ ကျင့်ကြံသူအားလုံးကို သေတွင်းသို့ပို့ဆောင်ရန်လုံလောက်၏။
"လန်ယီ... သူ့အနားကနေအမြန်ခွာလိုက်"
"အရှင်မြတ်ကျင့်ဟွမ်း... ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ၊ နားလည်မှုလွဲတာပဲဖြစ်မှာပါ..."
ချင်းစော့နှင့် အခြားသူများမှာ သူတိုက်ခိုက်တော့မည်ကို မြင်သောအခါ ထိတ်လန့်သွားကြသည်။ ၎င်းတို့မှာ အခြေအနေကိုငြိမ်သက်အောင်ပြုလုပ်ရန်နှင့် လန်ယီကိုကာကွယ်ပေးရန် စဉ်းစားနေကြဆဲဖြစ်သည်။
၎င်းတို့အား ပို၍စိုးရိမ်စေသည့်အချက်မှာ လန်ယီသည် ထွက်မပြေးသည့်အပြင် သူမ၏ဓားကို ဖြည်းညင်းစွာထုတ်ယူ၍ ကျန်းချန်နှင့် ပိုမိုနီးကပ်စွာရပ်တည်လိုက်ခြင်းပင်။
အစ်ကိုကြီးချန်မှာလည်း အလွန်အံ့အားသင့်သွားရသည်။
ဒီမိန်းကလေးက ဒီလောက်တောင်သစ္စာရှိတာလား...
ဒါပေမဲ့ညီမလေး... ငါဒါကိုမလိုအပ်ဘူး...
ငါတစ်ခါလောက်သေပြီး ပြန်ရှင်လာရုံနဲ့ ဒီလူအိုကြီးကို အလွယ်တကူသတ်နိုင်တာပဲ၊ ဘာကို ကြောက်နေရမှာလဲ...
သူ ပြုံးပြီးမတ်တတ်ရပ်လိုက်သည်။
"ဘာလဲ... ခင်များက နောက်တစ်ခါ လူးလှိမ့်ချင်သေးလို့လား"
သူသည်လည်း ပြဿနာရှာတတ်သူဖြစ်ရာ ကျင့်ဟွမ်း၏အနာဟောင်းကို တမင်တကာထိုးဆွလိုက်သည်။
ဒေါသထွက်ပြီး ရူးသွပ်လုနီးပါးဖြစ်နေသော အရှင်မြတ်ကျင့်ဟွမ်းမှာ ရုတ်တရက်ရပ်တန့်သွားသည်။ သူသည် အလွန်အရေးကြီးသောကိစ္စတစ်ခုကို စဉ်းစားမိသွားသည်
ငါသူ့ကိုသတ်နိုင်ပါ့မလား...
သူ့ကိုသတ်ရမည်မှာ မလွဲမသွေပင်၊ သို့သော် သူ၏ဝိညာဉ်အသိစိတ်က ထိုသို့ပြုလုပ်နိုင်မည်မဟုတ်။ အကယ်၍ ဤကလေးက လူးလှိမ့်ရမည့်မြင်ကွင်းကို နောက်တစ်ကြိမ်ဖန်တီးလိုက်လျှင်...
ဤတစ်ကြိမ်တွင် ကြည့်ရှုနေကြသည့် နှလုံးသားမျိုးနွယ်စုဝင်သောင်းနှင့်ချီ၍ ရှိနေသည်၊ ထိုအရှက်ရဖွယ်မြင်ကွင်းကို မည်သို့မျှ ဖုံးကွယ်နိုင်တော့မည်မဟုတ်။
အရှက်ကွဲမခံနိုင်...
ဝုန်း
အားလုံး၏ရှေ့မှောက်မှာပင် လူအိုကြီး၏ဝိညာဉ်အသိစိတ်သည် ပြတ်သားစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက်လေ၏။