← Chapters

ခွန်အားအစစ်အမှန်

Vol. 13 Ch. 126

ခွန်အားအစစ်အမှန်

Vol. 13 Ch. 126

"ဘာတွေဖြစ်သွားတာလဲ"

ရောက်ရှိနေသူတိုင်း ထိုမေးခွန်းကိုမေးချင်နေကြသည်။ အရှင်မြတ်ကျင့်ဟွမ်း၏ ဝိညာဉ်အသိစိတ်မှာ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း လူအများစုသိရှိလိုက်ကြသော်လည်း အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်းဆိုသည်ကိုမူ လုံးဝနားမလည်နိုင်အောင် ဖြစ်နေကြရသည်။

ထင်ရှားသည်မှာ ဤသူတော်စင်အဆင့်ပညာရှင်ကြီးသည် တစ်စုံတစ်ဦးအားသတ်ဖြတ်ရန် အရှိန်အဟုန်ပြင်းစွာ ရောက်ရှိလာခြင်းဖြစ်သော်လည်း ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကိုယ် အစဖျောက်သွားခဲ့သည်။

ခစ်

လန်ယီ ရုတ်တရက်ရယ်မောလိုက်တော့သည်။ သူမသည် အရှင်မြတ်ကျင့်ဟွမ်း၏ အခက်အခဲကို ရိပ်မိသွားသဖြင့် အလွန်ရယ်ချင်နေမိသည်။

ဂုဏ်သရေရှိလှသော သူတော်စင်အဆင့်ပညာရှင်ကြီးမှာ ကျန်းချန်ကြောင့် ချောက်လှန့်ခံထားရသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။

"ဒါနဲ့... ပြီးခဲ့တဲ့အကြိမ်တုန်းက ရှင်ဘယ်လိုလုပ်လိုက်တာလဲ။ ရှင့်မှာ အဲဒီလောက်အစွမ်းထက်တဲ့ကျိန်စာတွေ ရှိတာလား"

သူမက မျှော်လင့်တကြီးဖြင့် အသံလွှင့်ကာမေးလိုက်သည်။

ကျန်းချန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး

"ပြီးခဲ့တဲ့အကြိမ်က ငါ့မှာ တစ်ခါသုံးမှော်ရတနာတစ်ခု ရှိနေလို့ပါ၊ အခုတော့မရှိတော့ဘူး။ သူက ဒီလောက်တောင် ကြောက်တတ်လိမ့်မယ်လို့ ငါလည်းမထင်ထားဘူး"

သူသည် တစ်ကြိမ်လောက်သေရမည်ဟု ထင်ထားသော်လည်း စကားတစ်ခွန်းက ပြိုင်ဘက်ကို ကြောက်လန့်တကြားဖြင့် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ငါ့ရဲ့ဂုဏ်သတင်းက ဒီလောက်တောင်ကြီးကျယ်နေတာလား။ ငါ့ရဲ့အရှိန်အဝါတွေက အပြင်ကိုယိုစိမ့်ထွက်နေလို့လား...

"ဝိုး... ရှင့်ဆီကဟာက တစ်ခါသုံးမှန်းသိရင် အဲဒီတုန်းက ငါ့ဒေါသတွေပြေသွားအောင် မင်းကိုရိုက်ပစ်လိုက်ရမှာ"

ထိုစဉ်က သူ့ကိုချီးကျူးခဲ့သည့်မြင်ကွင်းကို ပြန်တွေးမိရင်း လန်ယီက လက်လှမ်း၍ သူ့ကိုခပ်ဖွဖွ နှစ်ချက်ထိုးလိုက်သည်။ ၎င်းမှာ ချစ်သူနှစ်ဦး ကျီစယ်နေကြသကဲ့သို့ပင်။

ဂိုဏ်းချုပ်ကျန်းမှာမူ ထိုခံစားချက်ကို အလွန်သဘောကျနေမိသည်။ လန်ယီ၏အလှမှာ နှလုံးသားဌာနရှိ လှပျိုဖြူထောင်ပေါင်းများစွာကြားတွင်ပင် အနှိုင်းမဲ့နေဆဲ။

သူ အနည်းငယ်ဇဝေဇဝါဖြစ်မိသည်မှာ ဤမိန်းကလေးသည် သူ၏လူဖြစ်လာရန် ငြင်းဆန်ထားသော်လည်း အဘယ်ကြောင့် သူ့အပေါ် ပိုမိုရင်းနှီးလာရသနည်း။

ညီမလေး... မင်းဒီလိုဆက်လုပ်နေရင် ငါနားလည်မှုလွဲသွားလိမ့်မယ်နော်...

အရှင်မြတ်ကျင့်ဟွမ်း၏ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးမှုကြောင့် ပုယွီမြင့်မြတ်နယ်မြေမှ ကျန်သောပညာရှင်သုံးဦးမှာ ကြောင်တောင်တောင်ဖြစ်သွားကြသည်။

၎င်းတို့သည် အကြီးအကဲချုပ်က သူ၏နတ်ဘုရားအစွမ်းကိုပြသကာ အနှောက်အယှက်ပေးသူများအား သုတ်သင်သည်ကို မြင်ချင်ခဲ့ကြခြင်းဖြစ်သည်။ နောက်ဆုံးတွင် အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်သွားရသနည်း။

"မင်း ဘာလုပ်လိုက်တာလဲ"

"မင်းပဲ"

"မင်ရှင်းမြင့်မြတ်နယ်မြေကလူတွေပဲ ငါတို့အကြီးအကဲချုပ်ကို ထိခိုက်အောင် တားမြစ်ချက်တစ်ခုခု လုပ်ထားတာ သေချာတယ်။ မင်းတို့ ဘယ်လိုတောင် လုပ်ရဲတာလဲ"

၎င်းတို့သုံးဦးစလုံးသည် သိက္ခာထိန်းရန်အတွက် ချင်းစော့နှင့် အခြားသူများကို လက်ညှိုးထိုးကြတော့သည်။ တစ်ချက်မျှပင် မတိုက်ခိုက်ရသေးဘဲ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသွားသည်မှာ အရှက်ရဖွယ်ကိစ္စဖြစ်သဖြင့် မြင့်မြတ်နယ်မြေတစ်ခုက လျှို့ဝှက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခြင်းက အနည်းဆုံးတော့ သိက္ခာဆယ်နိုင်ပေမည်။

ထိုစွပ်စွဲချက်ကိုခံလိုက်ရသောအခါ နှလုံးသားဌာနမှလူများမှာ ပျာယာခတ်သွားကြသည်။

"ငါတို့မဟုတ်ပါဘူး"

"ငါတို့ ဘာမှမလုပ်ရပါဘူး"

"အရှင်မြတ်ကျင့်ဟွမ်းမှာ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိနေလို့လား"

"ကျေးဇူးပြုပြီး သေချာစစ်ဆေးပေးပါ၊ အစောပိုင်းက မန္တာန်လှိုင်းတစ်ခုတောင်မရှိခဲ့ပါဘူး..."

ပုယွီမြင့်မြတ်နယ်မြေမှအကြီးအကဲက အေးစက်စွာပြုံးလိုက်သည်

"မင်းတို့ ဘယ်လောက်ပဲပြောပြော အသုံးမဝင်ဘူး။ ငါတို့ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ရမယ်၊ ငါတို့ကတော့ အဖြစ်မှန်အတိုင်းပဲ တင်ပြမှာပါ။ ပြီးတော့ ဒီသူခိုးနှစ်ယောက်ကိုလည်း ငါတို့နဲ့အတူ ခေါ်သွားမယ်။ တားတဲ့သူက ပုယွီမြင့်မြတ်နယ်မြေရဲ့ရန်သူပဲ"

၎င်းတို့သုံးဦးသည် တာအိုနန်းတော်များကို လေထဲ၌ဖြန့်ကျက်ထားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များထွက်ပေါ်နေသည်။ နှလုံးသားဌာနမှ ပညာရှင်များမှာလည်း ၎င်းတို့ကိုတားဆီးရန် မဝံ့မရဲဖြစ်နေကြ၏။

ကျန်းချန်မှာ ထိုမြင်ကွင်းကိုကြည့်၍ ရယ်ချင်နေမိသည်။ အင်မော်တယ်မျိုးနွယ်များဖြစ်ကြပါလျက် အောက်လောက၌ ဤမျှအထိအားနည်းစွာ ရှင်သန်နေကြရသည်မှာ တကယ့်ကိုအရှက်ရဖွယ်ပင်။

"ဟူး... ဒီတစ်ခါတော့ ငါကိုယ်တိုင်ဝင်ပါစရာမလိုဘူးလို့ ထင်ထားတာ။ ကောင်းကင်ကြီးက ငါ့ကိုအစွမ်းပြစေချင်နေတာပဲ၊ ငါ့မှာရွေးချယ်စရာမရှိဘူး"

သူသည် ချင်းလော့ဓားကို ထုတ်ယူလိုက်သည်။ မင်ရှင်းမြင့်မြတ်နယ်မြေသို့လာစဉ်က တိုက်ပွဲဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့သဖြင့် လက်နက်နှင့် အဆောင်များကို ယူမလာခဲ့ပေ။

အစပိုင်းတွင် လန်ယီမှာ ဤနေရာ၌အကြီးအကဲဖြစ်သဖြင့် သူငယ်ချင်းတစ်ယောက်ကို လာတွေ့ရုံသာဖြစ်သည်ဟု သူထင်ခဲ့သည်။

"ကျန်းချန်... ရှင်..."

သူတိုက်ခိုက်တော့မည်ကိုမြင်သောအခါ လန်ယီ အနည်းငယ်စိုးရိမ်သွားသည်။

"ဘာလဲ... မင်းကလည်း သူတို့လိုပဲပျော့ညံ့နေတာလား"

ထိုစကားကိုချန်ထားခဲ့ပြီး ဂိုဏ်းချုပ်ကျန်းသည် သူ၏တာအိုနန်းတော်ကိုထုတ်ဖော်၍ ရဲရင့်စွာ ပြေးထွက်သွားတော့သည်။ သူ၏တာအိုနန်းတော် ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ကွင်းလုံးတိတ်ဆိတ်သွားရသည်။

"ကိုးရောင်ခြယ်တာအိုနန်းတော်"

ချင်းစော့မှာ ထိတ်လန့်တကြား အော်ဟစ်မိသည်

"ရွှေရောင် သိုင်းတာအိုမြစ်နှစ်စင်းက အင်မော်တယ်အဆင့်တွေလား"

သူမ၏နောက်ကွယ်မှ သူတော်စင်အဆင့် အကြီးအကဲတစ်ဦးမှာလည်း မယုံနိုင်စွာဖြင့်ရေရွတ်မိသည်

"ဒီလိုပါရမီရှင်မျိုး တကယ်ရှိတာလား။ ကိုးရောင်ခြယ်တာအိုနန်းတော်ဆိုတာ ဒဏ္ဍာရီလို့ပဲ ငါအမြဲထင်ခဲ့တာ..."

"သူ့ရဲ့အနာဂတ်က အကန့်အသတ်မရှိဘူး"

"လန်ယီက ဒီလိုပါရမီရှင်မျိုးနဲ့ ဘယ်လိုလုပ်ပြီးသိတာလဲ..."

လန်ယီကိုယ်တိုင်ပင် အံ့အားသင့်ကာ မှင်သက်နေမိသည်။ ကျန်းချန်တိုက်ခိုက်သည်ကို မြင်ဖူးသော်လည်း ထိုစဉ်ကသူသည် ကောင်းကင်ကံကြမ္မာအဆင့်၌သာ ရှိသေးပြီး ကိုးရောင်ခြယ်နတ်ဘုရားနန်းတော်ကိုသာ ပိုင်ဆိုင်ခဲ့သည်။ သို့သော် ယခု သူ၏တာအိုနန်းတော်၌ အင်မော်တယ်အဆင့် တာအိုမြစ်နှစ်စင်းအထိ ရှိနေချေပြီ။

မျက်နှာချင်းဆိုင်မှလူသုံးဦးမှာမူ ကျန်းချန်ကိုအထင်သေးနေကြသည်။ ကျန်းချန်၏အဆင့်မှာ တာအိုနန်းတော်အဆင့် ၄ ၌သာရှိသည်။

ဖေးရှန်ဂိုဏ်း၌နေထိုင်ခဲ့သော လအနည်းငယ်အတွင်း ကျန်းချန်မှာ ကျင့်ကြံခြင်းကို အမြဲမလုပ်ဆောင်ခဲ့သော်လည်း သူ၏ပါရမီမှာ အလွန်ကောင်းမွန်လွန်းလှသဖြင့် အကြောင်းပြချက်မရှိဘဲ တစ်ဆင့်တက်လာခဲ့၏။

တာအိုနန်းတော်အဆင့် ၄ တစ်ဦးသည် တာအိုနန်းတော်အဆင့် ၉ ပညာရှင်သုံးဦးနှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ၎င်းတို့ထဲမှနှစ်ဦးမှာ သူတော်စင်အဆင့်ပါရမီရှင်များဖြစ်ကြသည်။ ဤတိုက်ပွဲ၏ရလဒ်မှာ မေးနေစရာပင်မလိုတော့ချေ။

လက်တွေ့တွင်လည်း မေးနေစရာမလိုခဲ့ပေ။ ကျန်းချန်က ထိုသုံးဦးကို တစ်ဖက်သတ် ချေမှုန်းနေသောကြောင့်ဖြစ်သည်။

သူ၏ ကိုးရောင်ခြယ်တာအိုနန်းတော်မှ ထွက်ပေါ်လာသောအစွမ်းမှာ တိုက်ကွက်တိုင်းကို တာအိုနန်းတော်အဆင့် ၉ အစွမ်းအထိ မြင့်တက်စေသည်။

အင်မော်တယ်အဆင့်ရှိသော ဓာတ်ကြီးငါးပါးတာအိုနှင့် ချင်းလော့ဓားတို့၏ ပေါင်းစပ်မှုက သူ၏တိုက်ခိုက်ရေးစွမ်းအားကို တာအိုနန်းတော်အဆင့်ထက် ကျော်လွန်သွားစေသည်။

ထို့အပြင် အဆိပ်သူရဲကောင်းဝိညာဉ်ကြောင့် ပြိုင်ဘက်များ၏ ဝိညာဉ်စွမ်းအားနှင့် တာအိုနန်းတော်များမှာ တိုက်ခိုက်လေအားနည်းလေပင်။

တိုက်ပွဲစတင်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် အကြီးအကဲမှာ ကျန်းချန်၏ဓားချက်အောက်၌ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ပြာကျသွားတော့သည်။ ကျန်ရှိသော သူတော်စင်နှစ်ဦးမှာလည်း ထိတ်လန့်တကြားဖြင့် ကျိန်စာများကိုရွတ်ဆိုကြ၏။

"ရေခဲ"

"ပိုက်ကွန်"

ရုတ်တရက် ကောင်းကင်တစ်ခုလုံး နှင်းများနှင့် ရေခဲပြင်အဖြစ် ပြောင်းလဲသွားပြီး တောက်ပသော အပြာရောင်ပိုက်ကွန်ကြီးတစ်ခု ဆင်းသက်လာသည်။

ကျန်းချန် ဓားဖြင့်ခုတ်ပိုင်းရန် ပြင်လိုက်စဉ်မှာပင် ဘေးမှ ဓားချက်တစ်ချက် ဝင်ရောက်လာ၏။ ထိုဓားချက်သည် ရေခဲများကိုအရည်ပျော်စေပြီး ပိုက်ကွန်ကိုပြာဖြစ်သွားစေသည်။

"လန်ယီ... စိတ်မမြန်နဲ့"

ချင်းစော့တို့၏ တားမြစ်သံများ ထွက်ပေါ်လာသည်။

လန်ယီသည် ကျန်းချန်နှင့်အတူ ရင်ဘောင်တန်းတိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။ ကျန်းချန်သည် ထိုကျိန်စာများကို တစ်ယောက်တည်းဖြိုခွဲနိုင်သော်လည်း သူမ၏ကူညီမှုကြောင့် ကိစ္စများမှာ ပိုမိုလွယ်ကူသွားတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ကျန်းချန်သည် ကျန်သူတော်စင်နှစ်ဦးကို ဓားချက်အနည်းငယ်ဖြင့် သုတ်သင်လိုက်တော့သည်။ တိုက်ပွဲမှာ ၇ စက္ကန့်ပင်မကြာဘဲ ပြီးဆုံးသွား၏။ ၎င်းသည် ကျန်းချန်၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားပင်။

All Chapters