← Chapters

ပန်းတိုင်အသစ်

Vol. 13 Ch. 127

ပန်းတိုင်အသစ်

Vol. 13 Ch. 127

လန်ယီကိုယ်တိုင်ပင် မှင်သက်သွားရသည်။ သူတို့ ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က သူမ၏အစွမ်းမှာ ကျန်းချန်ထက် များစွာသာလွန်ခဲ့သည်။

ထိုစဉ်က သခင်ကြီးခုနစ်ဦး တိုက်ခိုက်ချိန်တွင် သူမက ကျန်းချန်ကို ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခုပေးခဲ့ပြီး အရေးပေါ်အခြေအနေတွင် သူမ၏အကူအညီကိုတောင်းရန် မှာကြားခဲ့သေးသည်။ ထိုအချိန်က သူတို့နှစ်ဦးကြားရှိ အစွမ်းကွာဟချက်မှာ အလွန်ကြီးမားခဲ့သည်မှာ ထင်ရှားလှသည်။

သို့သော် ယခုအချိန်တွင် သူမသည် သူ့ကိုအထင်သေး၍မရတော့ပေ။ အစောပိုင်းက သူမဝင်မပါခဲ့လျှင်ပင် အစ်ကိုကြီးချန်သည် ထိုသုံးဦးကိုသတ်ရန် ၁၀ စက္ကန့်ပင် ကြာမည်မဟုတ်။ ဤအစွမ်းမှာ တာအိုနန်းတော်အဆင့် ၈ ရှိသည့် စုန်းဌာနအကြီးအကဲဖြစ်သူ သူမထက်ပင် များစွာသာလွန်နေလေပြီ။

ချင်းစော့နှင့် အခြားသူများမှာလည်း တုန်လှုပ်နေကြသည်။ သူတို့သည် အနာဂတ်၏ သူတော်စင်အဆင့် ပညာရှင်ကြီးတစ်ဦး၊ အင်အားအကောင်းဆုံးပညာရှင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားနေရ၏။ ဤမျှကြီးမားသောပါရမီနှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ သူတို့၏စိတ်ကူးထက် ကျော်လွန်နေသည်။

သို့သော် ၎င်းမှာ ထိုသူအသက်ရှင်နိုင်မှသာ ဖြစ်ပေလိမ့်မည်။ ဤလူသုံးဦးကို သတ်လိုက်ခြင်းသည် ပုယွီမြင့်မြတ်နယ်မြေနှင့် မပြေလည်နိုင်သောရန်ငြိုးကို ဖွဲ့တည်လိုက်ခြင်းဖြစ်ပြီး သေတပန်သက်တစ်ဆုံး တိုက်ပွဲဝင်ရတော့မည်။ ဤကိစ္စမှာ ကြီးမားသွားချေပြီ။

"အရှင်... အရှင့်အနေနဲ့ သူတို့ကိုမသတ်သင့်ခဲ့ဘူး"

"တစ်ခုခုဆိုရင် ငါတို့ထိုင်ပြီး အေးအေးဆေးဆေးဆွေးနွေးလို့ ရတာပဲ"

"ဟုတ်တယ်... အခုတော့ဒုက္ခရောက်ပြီ။ ပုယွီမြင့်မြတ်နယ်မြေက အကြီးအကျယ်ကျူးကျော်လာတော့မှာ သေချာတယ်"

"ပြီးတော့လန်ယီ... မင်းကလည်း ဘာလို့ ဒီလောက် စိတ်မြန်လက်မြန်လုပ်လိုက်ရတာလဲ"

နှလုံးသားဌာနမှအကြီးအကဲများမှာ တစ်ယောက်တစ်ပေါက် ကန့်ကွက်နေကြသော်လည်း ကျန်းချန်ကမူ ဂရုမစိုက်အားပေ။ သူအလုပ်ရှုပ်နေသည်။ တိုက်ပွဲအနိုင်ရပြီးနောက် ပစ္စည်းများကို သိမ်းဆည်းရမည်မဟုတ်ပါလား။

ဤသုံးဦးစလုံးမှာ တာအိုနန်းတော်အဆင့် ၉ များ ဖြစ်ကြသဖြင့် ၎င်းတို့၏စုဆောင်းမှုများမှာ အလွန်ကြွယ်ဝလှသည်။ ဝိညာဉ်ဆေးပင်များ၊ ဝိညာဉ်ကျောက်တုံးများနှင့် အဆင့် ၉ ဝိညာဉ်လက်နက်လေးခု ရရှိလိုက်သည်။

အမြန်တွက်ချက်ကြည့်လိုက်ရာ သူ၏အမှတ်စာရင်းထဲသို့ နောက်ထပ် အမှတ် ၃ သန်း ထပ်တိုးသွားသည်။ ထိုသုံးဦးထဲမှနှစ်ဦးမှာ သူတော်စင်အဆင့်ပါရမီရှင်များ ဖြစ်နေသောကြောင့် ထိုမျှရရှိခြင်းဖြစ်သည်။

အရာအားလုံးကို သိမ်းဆည်းပြီးမှသာ သူမော့ကြည့်လိုက်သည်။

"မင်းတို့ ကြောက်နေကြတာလား"

ချင်းစော့နှင့် သူတော်စင်အဆင့်အကြီးအကဲများမှာ မသာမယာဖြစ်သွားသည်။ အခြားသော မျိုးနွယ်စုဝင်များကမူ မနေနိုင်ဘဲ ပြန်လည်တုံ့ပြန်ကြတော့သည်။

"ဘာစကားပြောတာလဲ"

"ဒါက မင်းဖန်တီးခဲ့တဲ့ ဘေးဒုက္ခပဲ၊ ငါတို့နဲ့ဘာဆိုင်လို့လဲ"

"ဟုတ်တယ်... ငါတို့က ဘာကိုကြောက်နေရမှာလဲ"

ချင်းစော့က လက်ဝှေ့ယမ်း၍ အားလုံးကိုတားမြစ်လိုက်သည်။

"အရှင့်ရဲ့ပါရမီက ကမ္ဘာပေါ်မှာတွေ့ရခဲပါတယ်။ အကယ်၍ အရှင်သာ ဆက်လက်ကျင့်ကြံနိုင်မယ်ဆိုရင် အနာဂတ်မှာ သူတော်စင်အဆင့်ပညာရှင်ကြီးတစ်ဦးဖြစ်လာမှာ သေချာပါတယ်။ ဒါပေမဲ့ အရှင်မသိသေးတာက ပုယွီမြင့်မြတ်နယ်မြေမှာ စောင့်ကြပ်နေတဲ့ သူတော်စင်အဆင့် ပညာရှင်သုံးဦး ရှိနေတာပဲ"

သူမက ဆက်လက်ပြောကြားသည်

"အဲဒါအပြင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြားမြင့်မြတ်နယ်မြေရှစ်ခုလည်း ရှိသေးတယ်။ အရှင်ဟာ ချင်လင်နယ်မြေထဲမှာရှိနေသရွေ့ သူတို့ရဲ့အန္တရာယ်ကနေ လွတ်မြောက်မှာမဟုတ်ဘူး။ ကျွန်မအမြင်အရတော့ အရှင်ဟာ ချင်လင်နယ်မြေကနေ အမြန်ဆုံးထွက်ပြေးတာ အကောင်းဆုံးပဲ။ နောက်ထပ် နှစ်ပေါင်းထောင်ချီကြာပြီး အရှင့်ရဲ့စွမ်းရည်တွေပြည့်စုံလာမှ ပြန်လာတာလည်း နောက်မကျသေးပါဘူး"

လန်ယီက အလျင်အမြန်တောင်းပန်တိုးလျှိုးသည်

"ဂိုဏ်းချုပ်... ကျန်းချန်သာ တခြားနယ်မြေတွေကိုသွားရင် နိယာမတွေရဲ့ဖိနှိပ်မှုကို ခံရပါလိမ့်မယ်"

မျက်စိသုံးလုံးကျား ဤနယ်မြေသို့ရောက်လာစဉ်က ဖိနှိပ်ခံရသကဲ့သို့ပင်...

"ဒီကိစ္စက ပုယွီမြင့်မြတ်နယ်မြေက အနိုင်ကျင့်လွန်းလို့ဖြစ်ရတာ။ ငါတို့ဘာလို့ သူ့ကိုမကာကွယ်ပေးနိုင်ရမှာလဲ။ အဲဒီရန်သူတွေက နှလုံးသားထိုးဖောက်ကန်တော့ကို တောင့်ခံနိုင်မယ်လို့မယုံဘူး..."

"ပါးစပ်ပိတ်စမ်း"

ချင်းစော့၏နောက်ကွယ်မှ သူတော်စင်အဆင့်အကြီးအကဲတစ်ဦးက အော်ဟစ်လိုက်သည်

"ဒီကိစ္စက မင်းကြောင့်ဖြစ်တာ။ မင်းကနောင်တရရမယ့်အစား ရထားတဲ့ငြိမ်းချမ်းရေးကို ဖျက်ဆီးချင်နေတာလား"

"ကောင်းပြီ... ကောင်းပြီ... မင်းတို့ ငါ့ကိုမောင်းထုတ်ချင်နေတာ ငါသိပါတယ်"

ကျန်းချန်မှာ မိုက်မဲသူမဟုတ်ပေ။ ဤလူများသည် သူဤနေရာတွင်ဆက်ရှိနေပါက သူတို့အပေါ် ဘေးဒုက္ခကျရောက်လာမည်ကို ကြောက်ရွံ့နေကြခြင်းသာ။

"စိတ်မပူပါနဲ့... ငါ အခုပဲထွက်သွားမယ်၊ မင်းတို့ကိုဒုက္ခမပေးပါဘူး"

သူ၏ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောဆိုလိုက်သောအခါ ချင်းစော့၏မျက်နှာမှာ အနည်းငယ် အနေရခက်သွားသည်။

"အရှင်က အပိုတွေပြောနေပါပြီ၊ ကျွန်မတို့က အရှင့်အတွက်စဉ်းစားပေးတာပါ။ အရှင်ဒီမှာရှိနေရင် ပုယွီမြင့်မြတ်နယ်မြေကလူတွေ လိုက်လာမှာသေချာတယ်၊ အဲဒီအခါ အရှင် အသက်ဘေးကလွတ်မှာမဟုတ်ဘူး။ အဲဒါထက် တခြားတစ်နေရာကိုသွားတာက အကောင်းဆုံးပဲ၊ ဒါဆိုရင်သူတို့ အရှင့်ကို ရှာတွေ့မှာမဟုတ်တော့ဘူး..."

"စိမ်းလန်းတဲ့တောင်တန်းတွေရှိနေသရွေ့ ထင်းအတွက်ပူစရာမလိုပါဘူး (အသက်ရှင်နေသရွေ့ အခွင့်အရေးရှိတယ်)။ အရှင် ဒီသဘောတရားကို နားလည်ရပါမယ်"

ကျန်းချန်မှာ ဤပျော့ညံ့သောလူအုပ်စု၏ တရားဟောနေမှုကြောင့် ဒေါသထွက်လုနီးပါးဖြစ်နေ၏။ သူတို့ကို ကောင်းသည်ဟုပြောရမည်လားဆိုလျှင်လည်း ရန်သူကိုကြောက်ရွံ့၍ ဖားယားနေကြသည်။ မကောင်းဘူးဟုပြောရမည်လားဆိုလျှင်လည်း သူ့အပေါ် မကောင်းသောစိတ်ထားမရှိဘဲ မိမိကိုယ်မိမိ ကာကွယ်လိုခြင်းသာ။

အတိုချုပ်ပြောရလျှင် ဤလူများသည် မည်သည့်ဘက်ကိုမျှ မထိခိုက်စေလိုကြပေ။ တိုက်ခိုက်ဖို့ဆိုသည်မှာလည်း လုံးဝမဖြစ်နိုင်သောကိစ္စပင်။

"ကဲ... တော်ပါတော့၊ တတွတ်တွတ် မပြောပါနဲ့တော့။ ခင်များတို့ရဲ့စေတနာကို ကျေးဇူးတင်ပါတယ် ဟုတ်ပြီလား။ ဒါပေမဲ့ ကျုပ် ချင်လင်နယ်မြေကနေ ထွက်သွားမှာမဟုတ်ဘူး"

ချင်းစော့က အလျင်အမြန်ဖျောင်းဖျပြန်သည်

"အရှင်... ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးပါနဲ့..."

ကျန်းချန်က ရယ်မောလိုက်ပြီး

"ရပါတယ်။ မကြာခင်မှာ ငါ့ရဲ့ နာမည်ကျော်ကြားမှုကို ခင်များတို့ပြန်ကြားရပါလိမ့်မယ်"

ယခုမူ သူသည် ပုယွီမြင့်မြတ်နယ်မြေကို ပန်းတိုင်အဖြစ်သတ်မှတ်လိုက်ပြီဖြစ်ကာ သူ၏အကျင့်ဟောင်းများအတိုင်း ပြန်လည်လုပ်ဆောင်ရန် စိတ်လှုပ်ရှားနေမိသည်။

"မင်းရော ဘယ်လိုလဲ။ ဒီမှာပဲစောင့်နေမလား၊ ငါနဲ့လိုက်မလား"

လန်ယီကစကားမပြောသော်လည်း သူမ၏ ပျံသန်းလာကာ သူနှင့်အတူပုခုံးချင်းယှဉ်၍ရပ်လိုက်သောလုပ်ရပ်က အဖြေပေးပြီးသားဖြစ်သည်။

"လန်ယီ... နင်ဒီမှာဆက်မနေတော့ဘူးလား"

ချင်းစော့၏လေသံမှာ စိုးရိမ်စိတ်နှင့် ဝမ်းသာရိပ်အနည်းငယ် ရောယှက်နေသည်။ အခြားသော မျိုးနွယ်စုဝင်များမှာလည်း ထို့အတူပင်။

စုန်းဌာန၏ တစ်ဦးတည်းသောအနွယ်ဝင်ကို အသေမခံလိုကြသော်လည်း လန်ယီရှိနေခြင်းက ပြဿနာဖြစ်နေသည်။ သူမထွက်သွားပါက နှလုံးသားဌာနတွင် တာဝန်မရှိတော့ချေ။

"ဒီနှစ်တွေအတွင်းမှာ စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

လန်ယီကပြုံးလိုက်ရာ သူမ၏လှပသောမျက်ဝန်းများသည် ကျန်းချန်ထံ၌သာရှိနေသည်။

"ဒါပေမဲ့ အခုတော့ ကျွန်အားကိုးလို့ရတဲ့သူတစ်ယောက်ကို တွေ့သွားပြီ"

ထိုစကားများက အစ်ကိုကြီးချန်ကို အလွန်ဂုဏ်ယူသွားစေသည်။

ဒါပေမဲ့ ညီမလေး... မင်းငါ့ကိုလှည့်စားဖို့အတွက် တမင်တကာ ကောင်းတဲ့စကားတွေ ပြောနေပြန်ပြီလား...

"ဟူး... ဒါဆိုလည်းသွားကြပါတော့"

ချင်းစော့က သက်ပြင်းချလိုက်သည်

"သူ့ကို ဖျောင်းဖျပါဦး၊ နင်တို့နှစ်ယောက်လုံး ချင်လင်နယ်မြေကနေ အမြန်ဆုံးထွက်သွားတာ အကောင်းဆုံးပဲ..."

ရောက်ရှိလာစဉ်က မျှော်လင့်ထားသကဲ့သို့ ကြိုဆိုပွဲမရှိခဲ့သော်လည်း ထွက်ခွာသွားသည့်မြင်ကွင်းမှာမူ တော်တော်လေးခမ်းနားလှသည်။ နှလုံးသားဌာနရှိ လူအားလုံးမှာ လမ်းဘေးဝဲယာတွင်ရပ်လျက် သူတို့နှစ်ဦး ကောင်းကင်ရှိဝဲဂယက်အတွင်းသို့ ဝင်သွားသည်ကို ကြည့်နေကြ၏။

အားလုံးက သက်ပြင်းချလိုက်ကြသည်။ ထိုဝဲဂယက်မှ ထွက်သွားသည်နှင့် ၎င်းတို့သည် နှလုံးသားဌာနနယ်မြေမှ ထွက်ခွာသွားပြီဖြစ်သဖြင့် နောက်ပိုင်းဘာဖြစ်ဖြစ် သူတို့နှင့် မသက်ဆိုင်တော့ပေ။ ထို့အပြင် ချင်းစော့နှင့် အကြီးအကဲများမှာ အခြားကိစ္စတစ်ခုကို စိတ်ဝင်စားနေကြသည်။

ဤနေရာရှိ ဝိညာဉ်စွမ်းအားသိပ်သည်းဆက အဘယ်ကြောင့် ရုတ်တရက်တိုးလာရသနည်း။ ရတနာတစ်ခုခု ကျဆင်းလာခြင်းလော။

အကယ်၍ အမှန်တကယ်သာဖြစ်ခဲ့လျှင် နှလုံးသားဌာန ကြီးပွားတိုးတက်ရန် အချိန်ရောက်ပြီဖြစ်သည်။ ဤမျှ ဝိညာဉ်စွမ်းအားသိပ်သည်းပါက ထိပ်တန်းပညာရှင် မည်မျှပေါ်ထွက်လာမည်နည်း။

သူမကိုယ်တိုင်ပင် သူတော်စင်အဆင့်သို့ ချိုးဖျက်ရန်အခွင့်အရေး ရရှိနိုင်ပေသည်။ သူမသာ သူတော်စင်အဆင့်သို့ ရောက်ရှိသွားပါက ချင်လင်နယ်မြေ၌ ဤမျှအထိ နှိမ့်ချစွာနေရန်မလိုတော့ပေ။

ဘေးဒုက္ခတစ်ခုကို မောင်းထုတ်နိုင်ခဲ့ပြီး မျိုးနွယ်စုကြီးပွားရန် အခွင့်အလမ်းကိုရရှိလိုက်ခြင်းမှာ ဂုဏ်ပြုထိုက်သော နှစ်ထပ်ကွမ်းမင်္ဂလာပင်။

သို့သော် ဝဲဂယက်အတွင်းသို့မဝင်မီ ကျန်းချန်က တစ်စုံတစ်ခုကို ရုတ်တရက်သတိရလိုက်သည်။

"အဝါလေး... ဖေဖေ သွားတော့မယ်၊ မြန်မြန်လိုက်ခဲ့"

ထို့နောက် ချိုင့်ဝှမ်းအနက်ပိုင်းရှိ ရေတံခွန်နောက်ကွယ်မှ အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လျင်မြန်စွာပြေးထွက်လာသည်။ သူမ၏ နုနယ်သောလက်ကလေးများကို ဝှေ့ယမ်းကာ ခြေဗလာဖြင့်ပြေးလာသည်မှာ အနည်းငယ် ဟန်ချက်မညီသကဲ့သို့ပင်။

"အား... မေမေ၊ ဘာလို့ထွက်သွားတာလဲ။ သမီးက အခုမှ နေလို့ကောင်းနေတာကို"

လူတိုင်းက အံ့အားသင့်စွာကြည့်နေကြရာ ထိုမိန်းကလေးငယ်၏ကျင့်စဉ်အဆင့်ကို မည်သူမျှမသိရှိနိုင်ဘဲ နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းပြားသောအငွေ့အသက်ကိုသာ ခံစားရသည်။

"ဒီကလေးကတော့... ဘာလို့ သူများရဲ့ဝိညာဉ်သွေးကြောကို လျှောက်ပြီးအဆင့်မြှင့်ပေးနေရတာလဲ"

"ဟင်"

အဝါလေးသည် အပြစ်ကင်းစင်သောမျက်နှာဖြင့် ကျန်းချန်ထံပျံတက်လာပြီး သူ၏ပုခုံးပေါ်သို့ ကျွမ်းကျင်စွာတက်ထိုင်လိုက်သည်။

"ဒါက သမီးတို့အိမ်အသစ်လို့ ထင်လို့ပါ"

"ဒါ မဟုတ်ဘူး၊ သမီးမှားနေပြီ။ သွားကြစို့... သွားကြစို့"

ထိုသို့ပြောပြီးနောက် သူတို့သုံးဦးစလုံး ဝဲဂယက်အတွင်း ပျောက်ကွယ်သွားကြကာ ဇဝေဇဝါဖြစ်နေသော နှလုံးသားဌာနသားများကိုချန်ထားခဲ့ကြသည်။

အစောပိုင်းက သူတို့ဘာပြောသွားကြတာလဲ... ဝိညာဉ်သွေးကြောကိုအဆင့်မြှင့်ပေးတယ် ဟုတ်လား...

ချက်ချင်းဆိုသလိုပင် ချိုင့်ဝှမ်းအတွင်းရှိ ဝိညာဉ်စွမ်းအားသိပ်သည်းဆမှာ လျင်မြန်စွာလျော့နည်းသွားသည်ကို သူတို့သတိထားမိလိုက်၏။

အစောပိုင်းက ဝိညာဉ်ဆေးပင်များ ဖြစ်သွားသော အပင်များမှာ ချက်ချင်းညှိုးနွမ်းသွားပြီး မြစ်ရေမှာလည်း ထူးခြားသော အရည်အသွေးများ မရှိတော့ပေ။ ချိုင့်ဝှမ်း၏ အကျယ်အဝန်းမှာပင်ကျုံ့သွားကာ မူလအတိုင်းပြန်ဖြစ်သွားတော့သည်။

"ဒါ... ဒါ ဘာတွေဖြစ်ကုန်တာလဲ..."

ချင်းစော့မှာ အလွန်ထိတ်လန့်သွား၏၊ သူမ၏ သူတော်စင်အဆင့်သို့တက်လှမ်းရန် မျှော်လင့်ချက်များ ပျောက်ကွယ်သွားလေပြီ။ အကြီးအကဲများမှာလည်း အလွန်စိတ်ပျက်သွားကြရသည်။

"ဒါဆို... ခုနက ကလေးမလေးကလုပ်ခဲ့တာလား"

"သူမက သူ့သမီးမှန်းသာ ငါတို့ကြိုသိခဲ့ရင်..."

ရောက်ရှိနေသူတိုင်း၏ နှလုံးသားထဲတွင် ပြင်းထန်သောနောင်တတရားများ စီးဆင်းသွားသည်ကို ကျန်းချန်တို့ကမူ မသိရှိတော့ပေ။

All Chapters